အခန်း (၅၆)
Vol. 4 Ch. 56
အခန်း (၅၆) - မစ္စတာဆုန်း၏ အလည်အပတ်ခရီး
ညစာစားချိန် အရောက်တွင် ဝမ်မေဖုန်းနှင့် သူမ၏ သားဖြစ်သူ ယန်ကွေ့ပေါင်တို့သည် နီမိသားစု၏ အိမ်သို့ မမျှော်လင့်ဘဲ ရောက်ရှိလာကြ၏။ အချိန်ကိုက် ရောက်ရှိလာကြသဖြင့် နီယန်သည် သူတို့ သားအမိနှစ်ယောက်အား နွေးထွေးစွာ ဖိတ်ခေါ်လိုက် ပြီးနောက် အတူတကွ ညစာဝင်စားစေခဲ့လေသည်။
ဤသည်မှာ နီယန်၏ လက်ရာအား ဝမ်မေဖုန်း ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်ပေသည်။ သူမသည် နီယန်အား မချီးကျူးဘဲ မနေနိုင်တော့ချေ။
"ယန်ယန်ရေ သမီးရဲ့ ဟင်းချက်လက်ရာက တကယ့်ကို ထူးခြား ပြောင်မြောက်လွန်းလိုက်တာကွယ် နာမည်ကြီး စားသောက်ဆိုင်တွေက ကျွမ်းကျင် စားဖိုမှူး တစ်ယောက် ထက်တောင် ပိုကောင်းနေသေးတယ်"
ထိုသို့ အလွန်အကျွံ ရွှန်းရွှန်းဝေအောင် ချီးကျူးခံလိုက်ရသဖြင့် နီယန်ခမျာ အနည်းငယ်ပင် နေရခက်သွားရရှာလေသည်။ အချိန်ကြာလာသည်နှင့်အမျှ နီယန် အပေါ်ထားရှိသည့် ဝမ်မေဖုန်း၏ ယုံကြည်မှုမှာလည်း တိုးပွားလာခဲ့ပြီး ဖြစ်ကာ နီမိသားစုအိမ်သို့ မကြာခဏဆိုသလို ဝင်ထွက်သွားလာလေ့ ရှိလာခဲ့သည်။
လွန်ခဲ့သည့် တစ်လအတွင်း ယန်ကွေ့ပေါင်၏ ရောဂါဖောက်ပြန်မှုမှာလည်း တဖြည်းဖြည်း လျော့နည်းသည်ထက် လျော့နည်းလာခဲ့၏။ ယခင်အချိန်များတွင် သုံးရက်တစ်ခါ ဖြစ်ပွားလေ့ရှိရာမှ ယခုအခါ တစ်ပတ်လျှင် တစ်ကြိမ်သာ ဖြစ်လာတော့သည်။
သို့သော်လည်း ဝမ်မေဖုန်းသည် အိမ်သို့ ပြန်သွားရန် အစီအစဉ် မရှိသေးချေ။ သူမသည် နောက်ထပ် သုံးလခန့်ကြာမှ ပြန်ရန် ရည်ရွယ်ထားခဲ့ကာ ထိုအချိန်ရောက်လျှင် ယန်ကွေ့ပေါင်အား မြို့တော်ရှိ ဆေးရုံသို့ခေါ်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးအား စစ်ဆေးမှု ခံယူစေမည် ဖြစ်သည်။
ဆေးရုံမှ ကျန်းမာရေးစစ်ဆေးချက် အဖြေလွှာနှင့်တကွ ပြန်သွားမှသာလျှင် ယန်မိသားစုသည် သူမဖြတ်သန်းခဲ့ရသည့် အခက်အခဲများအား ယုံကြည်ကြမည်ဖြစ်ကာ သူမ၏ နာကြည်းမှုများကိုလည်း နားလည်ပေးနိုင်ကြပေလိမ့်မည် ဖြစ်သည်။
ထိုအခါကျမှသာလျှင် သူတို့သားအမိနှစ်ယောက်အား ယန်မိသားစုမှ အမှန်တကယ် လက်ခံလာနိုင်လိမ့်မည် ဖြစ်သည်။ ညစာစားပြီးကြသောအခါ ဝမ်မေဖုန်းမှ ပန်းကန်ဆေးပေးရန် ကမ်းလှမ်းသော်လည်း နီယန်သည် ချက်ချင်းပင် ငြင်းပယ်လိုက်လေသည်။
"လုံးဝ မလုပ်ပါနဲ့ အဒေါ်ဝမ် အဒေါ်က သမီးတို့ရဲ့ ဧည့်သည်လေ ပန်းကန်တွေကို အဒေါ့်ကို ဆေးခိုင်းလို့ ဘယ်လိုလုပ်ဖြစ်မလဲ"
သို့သော်လည်း ဝမ်မေဖုန်းမှအတင်းအကျပ် ပြောဆိုလေသည်။
"အဒေါ်က ကျေးဇူးတင်လွန်းလို့ပါ ဘယ်လို ကျေးဇူးဆပ်ရမယ်မှန်းလည်း မသိတော့ ပန်းကန် နည်းနည်းပါးပါး ဆေးရတာက အပန်းမကြီးပါဘူးကွယ် သမီးသာ ဆက်ငြင်းနေအုန်းမယ်ဆိုရင် နောက်နောင် သမီးတို့အိမ်ကို လာလည်ရင် အဒေါ် နေရခက်သွားလိမ့်မယ်"
နီယန်သည် ဤမျှ နှုတ်မြိန်ကာ အရသာရှိလှသည့် ညစာအား ပြင်ဆင် ချက်ပြုတ် ပေးထားပါလျက်နှင့် စားပြီးသား ပန်းကန်ခွက်ယောက် အပုံလိုက်ကြီးအား နီယန် တစ်ယောက်တည်း ဆေးကြောစေရန် ထားရစ်ခဲ့မည်ဆိုပါက ယုတ္တိမရှိရာ ကျပေလိမ့်မည်။
ဝမ်မေဖုန်းသည် စာနာစိတ် ကင်းမဲ့တတ်သူတစ်ဦး မဟုတ်ချေ။ ဝမ်မေဖုန်း၏ ဆုံးဖြတ်ချက် ခိုင်မာပုံအား မြင်လိုက်ရချိန်တွင် နီယန်သည် မလွှဲသာ မရှောင်သာတော့ဘဲ သဘောတူ လိုက်ရလေတော့သည်။
"ကောင်းပါပြီ ဒါဆိုလည်း ပန်းကန်သုတ်တဲ့နေရာတော့မှာ သမီး ကူပေးပါ့မယ်"
မီးဖိုချောင်ထဲတွင် ဝမ်မေဖုန်းနှင့် နီယန်တို့သည် ပန်းကန်များအား အတူတကွ ဆေးကြော နေကြလေသည်။ ထိုအချိန်တွင် နီချန်ကွေ့သည် ဧည့်ခန်းထဲ၌ နီချွေ့ဟွာနှင့် စကားစမြည် ပြောဆိုနေကြသည်။ နီယွန်လေးအား ကြည့်လျှက် သူမ ပြုံးလိုက်ကာ ပြောလိုက်သည်။
"ဒီကလေးက ကြီးထွားတာ မြန်လိုက်တာ ချွေ့ဟွာရေ ညည်းက ကံကောင်းပါတယ်အေ ဒီလို တော်ပြီး ချစ်ဖို့ကောင်းတဲ့ သမီးလေးတွေကို ပိုင်ဆိုင်ထားတာ ငါ့မှာတော့ လိမ္မာရေးခြားမရှိတဲ့ သမီးတစ်ယောက်ပဲ ရှိတယ် အိမ်ထောင်ကျပြီး ဝေးလံတဲ့နေရာကို ပြောင်းရွှေ့သွားခဲ့လေရဲ့"
စကားပြောနေရင်းဖြင့် နီချန်ကွေ့၏ မျက်ဝန်းအိမ်၌ မျက်ရည်များ ပြည့်လျှံလာခဲ့လေသည်။ သူမ၏ ဘဝသည် အလွန် ကြမ်းတမ်းလှပေသည်။ အသက်လေးဆယ် မပြည့်မီမှာပင် ခင်ပွန်းဖြစ်သူအား ဆုံးရှုံးခဲ့ရကာ တစ်ဦးတည်းသော သမီးဖြစ်သူမှာလည်း ဝေးလံသည့် အရပ်ဒေသမှ မိသားစုနှင့် အိမ်ထောင်ကျသွားခဲ့ပေသည်။ ဤ အခြေအနေများကြောင့် သားအမိချင်း တွေ့ဆုံရန်ပင် ခက်ခဲလှသည်။ သူမ အသက်ကြီး ရင့်လာချိန်တွင် မည်သူ့ကိုမျှ အားကိုးနိုင်လိမ့်မည် မဟုတ်ဟု တွေးနေမိလေသည်။
ထိုအတွေးများ ဝင်ရောက်လာချိန်တိုင်း နီချန်ကွေ့သည် ကြီးမားလှသည့် ဝမ်းနည်းပူဆွေးမှုများအား ခံစားရလေ့ရှိပေသည်။ နီချွေ့ဟွာသည် သက်ပြင်း တစ်ချက်ချလိုက်ပြီးနောက် နီချန်ကွေ့အား နှစ်သိမ့်ရန် စကားလုံးများအား ဂရုတစိုက် ရွေးချယ်လိုက်သည်။
"အစ်မက နောက်အိမ်ထောင်ပြုဖို့များ စဉ်းစားဖူးလား အစ်မက ငယ်ပါသေးတယ် တစ်ဘဝလုံး တစ်ယောက်တည်း နေသွားလို့ ဘယ်ဖြစ်မလဲ"
နီချန်ကွေ့မှ ခါးသီးစွာ ရယ်မောလိုက်လေသည်။
"ငါ့သမီးတောင် ကလေးမွေးတော့မယ် အခုအချိန်မှ ငါက နောက်ယောက်ျား ယူလိုက်ရင် သူများ ရယ်စရာကြီး ဖြစ်မနေဘူးလား"
ထိုခေတ်ကာလသည် ယခုခေတ်သစ်ကာလလောက် တိုးတက်ပြောင်းလဲမှု မရှိသေးချေ။ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းသည် ဆုံးပါးသွားပါက တစ်သက်လုံး မုဆိုးမအဖြစ်သာ နေထိုင်သွားကြလေ့ ရှိသည်။
ထိုစကားအား ကြားလိုက်ချိန်တွင် နီချွေ့ဟွာသည် နှုတ်ဆိတ်သွားပြီးနောက် ရင်ခွင်ထဲမှ ကလေးငယ်အား တင်းကျပ်စွာ ဖက်ထားလိုက်မိလေသည်။ သူမ၏ နှုတ်ဖျားမှ မည်သည့်စကားမျှ ထွက်မလာတော့ချေ။
မီးဖိုချောင်ထဲတွင်မူ....
ဝမ်မေဖုန်းသည် နောက်ဆုံးကျန်သော ပန်းကန်တစ်ချပ်အား ဆေးကြောပြီးနောက်တွင် နီယန်ကို လှမ်းကြည့်လိုက်မိသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က သမီးပေးလိုက်တဲ့ ဆေးကြောင့် ကော်ပေါင်ရဲ့ အခြေအနေက အများကြီး တိုးတက်လာခဲ့တယ် သူ ရောဂါထ မလာတာတောင် တစ်ပတ်ကျော်နေပြီ ဒါနဲ့ စကားမစပ် ပြီးခဲ့တဲ့တစ်ခေါက်က သမီးကို မေးဖို့ မေ့သွားလို့ ဆေးသောက်နေတဲ့အချိန်မှာ ရှောင်ရန်ဆောင်ရန်တွေများ ရှိလား သူ ဘာတွေ စားလို့ရတယ် ဘာတွေ စားလို့မရဘူး ဆိုတာမျိုးလေ"
နီယန်မှ ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။
"အစားအသောက် ရှောင်ရန် ဆောင်ရန်ရယ်လို့တော့ သီးသီးသန့်သန့် သိပ်မရှိပါဘူး ဆေးအာနိသင်ကို လျော့ကျစေမယ့် ငှက်ပျောသီးတို့ နာနတ်သီးတို့လို အစားအစာမျိုးလောက်ပဲ ရှောင်လိုက်ရင် ရပါပြီ"
ထိုအသီးအနှံများသည် တိုင်းရင်းဆေးနှင့် တွဲဖက်မစားသုံးသင့်သော်လည်း ကျေးလက် ဒေသများတွင်မူ အလွန်ရှားပါးကာ တန်ဖိုးရှိလှသည့် အရာများ ဖြစ်ကြသည်။ ကျေးလက်ဒေသများတွင် စားသုံးရန် မဆိုထားနှင့် မြင်တွေ့ရရန်ပင် ခဲယဉ်းလှ၏။ ဝမ်မေဖုန်းမှ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ပြီ အဒေါ် မှတ်ထားပါ့မယ် ယန်ယန် ကျေးဇူးပါပဲကွယ်"
နီယန်သာ မရှိခဲ့လျှင် ယန်ကွေ့ပေါင်သည် ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။ လွန်ခဲ့သည့် တစ်လအတွင်း ယန်ကွေ့ပေါင်၏ ကျန်းမာရေးသည်သာ သိသိသာသာ တိုးတက် ကောင်းမွန် လာရုံသာမက သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် အကျင့်စရိုက်များသည်လည်း လွန်ခဲ့သော တစ်လနှင့် ယှဉ်လိုက်လျှင်မူ ကြီးမားလှသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့လေသည်။
ပေကျင်းတွင် ရှိနေစဉ်မူ ယန်ကွေ့ပေါင်၌ မိုဟူတျယ် ဟူသည့် သူငယ်ချင်းတစ်ယောက်သာ ရှိခဲ့ဖူးလေသည်။ ဟူတျယ်လေး နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေချိန်မှစ၍ အခြား မည်သည့် ကလေးများကမှ ယန်ကွေ့ပေါင်နှင့် ကစားလိုခြင်း မရှိတော့ပေ။ သို့သော် ဤနေရာတွင်မူ ယန်ကွေ့ပေါင်သည် နီယန်မှ တစ်ဆင့် သူငယ်ချင်းများစွာ ရရှိလာခဲ့သည်။
ယန်ကွေ့ပေါင်မှ ထုတ်ဖော်မပြောသည့် တိုင်အောင် သူမ၏ သားဖြစ်သူသည် ယခု ရက်ပိုင်း အတွင်း အမှန်တကယ် ပျော်ရွှင်နေကြောင်း မိခင်ဖြစ်သည့် သူမမှ ကောင်းစွာ သိရှိနေခဲ့သည်။
**
နောက်တစ်နေ့ ယုထစ်လမ်းရှိ မနက်ခင်းဈေးတန်းတွင် ဖြစ်သည်။
ဟင်းရွက်ချဉ်များ ပြောင်းလဲ အသုံးပြု လိုက်ခြင်းကြောင့်ပေလား မသိချေ။ ချဉ်စပ်ခေါက်ဆွဲများမှာ အလွန်ပင် အရောင်းသွက်နေခဲ့သည်။ မနက် ၁၀ နာရီပင် မထိုးသေးသော်လည်း နီယန်သည် ဆိုင်သိမ်းရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် အနက်ရောင် ကားတစ်စီးသည် လမ်းဘေးတွင် ဖြည်းညှင်းစွာ ထိုးရပ်လိုက်လေသည်။ လီကုန်းချန်သည် ယာဉ်မောင်းဘက်ခြမ်းမှ ထွက်လာပြီးနောက် ခရီးသည်ဘက်ခြမ်းသို့ လျှောက်သွားလိုက်ကာ လေးစားစွာဖြင့် ကားတံခါးအား ဖွင့်ပေးလိုက်လေသည်။
"ဒုတိယသခင်လေး ကျွန်တော်တို့ ရောက်ပါပြီ"
ကားတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ခြေထောက် တစ်ဖက် လှမ်းထွက်လာသည်အား မြင်တွေ့လိုက်ရသည်။ ပထမဆုံး မျက်စိဖမ်းစားသွားမိသည့်အရာသည် ပြောင်လက်နေသော သားရေဖိနပ်တစ်ရန် ဖြစ်နေခဲ့လေသည်။ အပေါ်သို့ ဆက်ကြည့်လိုက်လျှင် ထိုအမျိုးသားသည် ကိုယ်တိုင်းဖြင့် ချုပ်ထားသည့် လက်ဖြစ် ဝတ်စုံပြည့်အား ဝတ်ဆင်ထားခဲ့ကာ လည်စည်းကိုလည်း သပ်ရပ်စွာ စည်းနှောင်ထားသည်အား တွေ့ရမည် ဖြစ်သည်။ သူ၏ ဖီးနစ် မျက်ဝန်း တစ်စုံကိုမူ ရွှေကိုင်း မျက်မှန် နောက်ကွယ်တွင် ဖုံးကွယ်ထားခဲ့သည်။ သူသည် ကားပေါ်မှ ဆင်းလိုက်ပြီးသည် နှင့် တစ်ပြိုင်နက် လမ်းကြားလေးဘက်သို့ အကြည့်ပို့လိုက်လေတော့သည်။
"ဒီနေရာလား"
သူ၏ လေသံတွင် မယုံကြည်နိုင်မှုများ ပါဝင်နေခဲ့သည်။ မိုမိသားစုမှ အဘွားဖြစ်သူမှ အသည်းအသန် ချီးကျူးပြောဆိုနေခဲ့သည့် ခေါက်ဆွဲသည် ဤမျှလောက် ယိုယွင်း ပျက်စီးနေသော လမ်းကြားလေးထဲမှ ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။ လီကုန်းချန်မှ လေးစားသမှုဖြင့် ပြန်ဖြေကြားလိုက်လေသည်။
"ဟုတ်ပါတယ် ဒုတိယသခင်လေး ဒီနေရာပါပဲ"
ဆုန်းပေချန်မှ ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ပြောလိုက်လေသည်။
"လမ်းပြပါ"
"ဟုတ်ကဲ့ပါ ဒုတိယသခင်လေး ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ"
လီကုန်းချန်မှ ရှေ့မှ ဦးဆောင် လျှောက်သွားခဲ့လေသည်။
"ရှောင်နီ"
လီကုန်းချန်မှ ဆုန်းပေချန်အား နီယန်၏ ဆိုင်ရှေ့သို့ ခေါ်ဆောင်သွားခဲ့ကာ သူမအား လှမ်းခေါ်လိုက်လေသည်။
"မစ္စတာလီ"
နီယန်မှ အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အပြုံး ရေးရေးလေး တစ်ခု ပေါ်ပေါက်လာခဲ့သည်။ နီယန်သည် နေမင်းအား ကျောခိုင်းထားခဲ့လေသည်။ သူမ ခေါင်းလှည့်လိုက်သည့် အချိန်တွင် နေရောင်အောက်၌ သူမ၏ အပြုံးတစ်ခုတည်းသာ ကျန်ရှိတော့သကဲ့သို့ ထင်မှတ်ရကာ ကြယ်တာရာ မြစ်တစ်စင်းပမာ တောက်ပနေခဲ့ပြီး ကျန်ရှိနေသည့် အရာအားလုံးမှာ နောက်ခံကားချပ်များသဖွယ် မှေးမှိန်သွားခဲ့လေတော့သည်။
ခေါက်ဆွဲလုပ်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ဆုန်းပေချန် ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် ဤမျှ ငယ်ရွယ် နေလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
ဆုန်းပေချန်၏ စိတ်ကူးထဲတွင် ဤမျှ အရသာရှိလှသည့် ခေါက်ဆွဲအား ပြုလုပ်နိုင်သူမှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသည့် အသက်ကြီးပိုင်း စားဖိုမှူးတစ်ဦးသာ ဖြစ်တန်ရာ၏ ဟု တွေးထင်ထားခြင်း ဖြစ်သည်။
ဆုန်းပေချန်တစ်ယောက် အံ့သြနေသည်မှ သတိပြန်ဝင်၍ မဆုံးနိုင်သေးခင်မှာပင် လီကုန်းချန်မှ နီယန်နှင့် မိတ်ဆက်ပေးလိုက်လေသည်။
"ရှောင်နီ ဒါ ကျွန်တော့်ရဲ့ သူဌေးပါ ဒုတိယသခင်လေး ဒါကတော့ ခေါက်ဆွဲဆရာမလေး ရှောင်နီပါ"
ပထမစကားမှာ နီယန်အား ပြောပြခြင်းဖြစ်ကာ နောက်စကားမှာမူ ဆုန်းပေချန်အတွက် ဖြစ်ပေသည်။ ဆုန်းပေချန်သည် အလျင်အမြန်ပင်သူ၏ စိတ်အား ပြန်လည်ထိန်းချုပ်လိုက်ကာ နီယန်ဘက်သို့ လက်ကမ်း ပေးလိုက်လေသည်။
"မင်္ဂလာပါ မိန်းကလေးနီ ကျွန်တော်က ဆုန်းပါ"
လက်ကမ်းလိုက် ပြီးနောက်တွင်မှ ဆုန်းပေချန် နောင်တအနည်းငယ် ရသွားခဲ့သည်။ သူသည် စီးပွားရေးလောကတွင် လက်ဆွဲနှုတ်ဆက်ခြင်းအား အကျင့်ပါနေသူ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ငယ်ရွယ်လွန်းလှသည့် မိန်းကလေးတစ်ဦးနှင့် ဆက်ဆံနေရခြင်း ဖြစ်ပေသည်။ လက်ဆွဲနှုတ်ဆက်ခြင်းသည် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ကြောင်း သူမ နားလည်ပါ့မည်လော။
ထိုအချိန်တွင် တရုတ်ပြည်သည် နိုင်ငံခြားမှ ပွင့်လင်းသော ဓလေ့ထုံးစံများအား လက်ခံကျင့်သုံးခြင်း မရှိသေးသကဲ့သို့ လက်ဆွဲနှုတ်ဆက်ခြင်း အလေ့အထမှာလည်း ကျယ်ပြန့်ခြင်း မရှိသေးချေ။ အကယ်၍ ဤမိန်းကလေးသာ အထင်လွဲပြီး သူ့အား မတော်တရော် ပြုမူသည်ဟု ထင်သွားခဲ့လျှင်မူ အတော်လေး ရှက်စရာကောင်းပေလိမ့်မည် ဖြစ်သည်။
ထိုသို့ အကျပ်ရိုက်နေစဉ်တွင် အတွင်း ဆုန်းပေချန်သည် သူ၏လက်အား ပြန်ရုတ်သိမ်းရမည်လား လေထဲတွင် ယခုလို အတိုင်း ထားလိုက်ရမည်လား ဟူ၍ မဝေခွဲတတ်အောင် ဖြစ်နေခဲ့ရလေသည်။
ဆုန်းပေချန် နေရခက်ကာ တွေဝေနေသည့် အချိန် အတွင်းမှာပင် နီယန်သည် ယဉ်ကျေးစွာ ပြုံးလိုက်ပြီးနောက် သူ ကမ်းပေးထားသည့် လက်ချောင်းများအား ဖွဖွလေး ဆုပ်ကိုင် လှုပ်ယမ်းလိုက်လေသည်။
"မင်္ဂလာပါ သူဌေးဆုန်း ကျွန်မကို ရှောင်နီလို့ပဲ ခေါ်နိုင်ပါတယ်"