← Chapters

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇) - မိုးထိအောင် မြင့်မားသော ကမ်းလှမ်းချက်

ထိုမိန်းကလေး၏ လက်မှာ ချောမွေ့ နူးညံ့ သွယ်လျကာ အနည်းငယ် အေးစက်နေခဲ့သည်။ ထိုအထိအတွေ့သည် သူ၏ နှလုံးသားဆီသို့ တိုးဝင်သွားသကဲ့သို့ ထူးဆန်းလှသည့် ခံစားမှုကို ပေးစွမ်းနေခဲ့ပြီး ခေါင်းမူးဝေ သွားသလိုပင် ခံစားလိုက်ရလေသည်။

ဆုန်းပေချန်အား ပို၍ အံ့သြသွားစေသည်မှာ ဤမိန်းကလေးသည် လက်ဆွဲ နှုတ်ဆက်တတ် နေခြင်းပင် ဖြစ်သည်။ ထို့အပြင် သူမသည် ဤလုပ်ထုံးလုပ်နည်းအား ကောင်းစွာ နားလည်ထားပုံလည်း ရလေသည်။ သူမသည် သူ၏လက်အား ဖွဖွလေးသာ ဆုပ်ကိုင်လိုက်ပြီးနောက် အလျင်အမြန်ပင် ပြန်လွှတ်ပေးလိုက်ရာ အနေရခက်ခြင်း မရှိစေဘဲ ယဉ်ကျေးမှုအား ဖော်ပြနေသကဲ့သို့ ရှိနေသည်မှာ ပရော်ဖက်ရှင်နယ် လေ့ကျင့်မှု ရယူထားသူ တစ်ဦးကဲ့သို့ပင် ဖြစ်ပေသည်။

အကယ်၍ သူမသည် အထက်တန်းလွှာ လူကုံထံ အသိုင်းအဝိုင်းမှ ဖြစ်နေလျှင် တစ်မျိုးတစ်မည် တွေးကောင်း တွေးမိနိုင်သော်ငြားလည်း သူမသည် ခေါက်ဆွဲရောင်းသူ တစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလော...

လက်အား လွှတ်လိုက်ပြီးနောက် နီယန်မှ မေးမြန်းလိုက်လေသည်။

"မစ္စတာဆုန်း ဒီကို လာရတဲ့ အကြောင်းရင်းကို ကျွန်မ သိခွင့်ရှိမလား"

ဆုန်းပေချန်မှ ဖြည်းညှင်းစွာ စတင်ပြောဆို လိုက်လေသည်။

"မိန်းကလေးနီ ကျွန်တော် ဘာလို့လာသလဲဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိနေမှာပါ"

ထိုခေတ်ကာလတွင် 'မိန်းကလေး' ဟူသော အသုံးအနှုန်းထက် 'ရဲဘော်' ဟူသည့် အသုံးအနှုန်းမှာ ပိုမို၍ ရေပန်းစားသော်ငြားလည်း ဆုန်းပေချန်သည် စီးပွားရေးသမားတစ်ဦး ဖြစ်သည့်အပြင် နိုင်ငံတကာ အမြင်ရှိသူ ဖြစ်သည့်အားလျော်စွာ သူ၏ တွေးခေါ်ပုံမှာ လူအများစုထက် များစွာ ခေတ်ရှေ့ပြေးနေခဲ့ပေသည်။

နီယန်သည်လည်း လိမ်မာ ပါးနပ်သူ တစ်ဦး ဖြစ်သဖြင့် ဆုန်းပေချန် ဆိုလိုသည့် အဓိပ္ပာယ်အား သိနားလည်ပေသည်။ သူမ၏ နှုတ်ခမ်းနီနီလေး အနည်းငယ် ပွင့်ဟသွားပြီးနောက် ညင်သာစွာ ငြင်းပယ်လိုက်လေသည်။

"မစ္စတာဆုန်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် အကယ်၍ ရှင်က အဲဒီကိစ္စအတွက် လာတာဆိုရင်တော့ ကျွန်မ တောင်းပန်ပါတယ် ရှင့်ကို စိတ်ပျက်စေသလို ဖြစ်သွားပါလိမ့်မယ်"

ဆုန်းပေချန်မှ ပြန်လည် ပြုံးပြ လိုက်ပြီးနောက် ပြောလိုက်သည်။

"မိန်းကလေးနီ မင်း တကယ်ပဲ ထပ်မစဉ်းစားတော့ဘူးလား"

နီယန်မှ ခေါင်းအား အသာအယာ ခါယမ်းလိုက်ကာ ဆက်လက် ဖြေကြားလိုက်သည်။

"မလိုတော့ပါဘူး"

မျက်လုံးများအား တစ်ဝက်ခန့် မှေးစင်းလိုက်ရင်း ဆုန်းပေချန်သည် လေသံတိုးတိုးဖြင့် ထပ်မံ၍ ပြောဆိုလိုက်လေသည်။

"မိန်းကလေးနီရဲ့ စီးပွားရေးက အရမ်းကောင်းတယ်လို့ ကျွန်တော် ကြားထားပါတယ် မနက်တိုင်း လူတွေက မင်းရဲ့ ခေါက်ဆွဲဝယ်ဖို့ တန်းစီနေကြတာလေ အကယ်လို့ ခင်ဗျားက နေ့တိုင်း ခေါက်ဆွဲ ပန်းကန် ၆၀၀ လောက် ရောင်းရပြီးတော့ တစ်ပွဲကို ၃ ပြားနှုန်းနဲ့ဆိုရင်တောင် အရင်းအနှီးတွေအပါ တစ်ရက်ကို ယွမ် ၁၈၀ လောက် ဝင်ငွေရှိမှာပေါ့ တစ်လဆိုရင် ၅၄၀၀ ယွမ် ရှိမယ် ဒီပမာဏနဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်တော် ကမ်းလှမ်းခဲ့တဲ့ လစာ ၁၀၀ ယွမ် ဆိုတာက တကယ်ပဲ နည်းလွန်းနေခဲ့ပါတယ်"

တွက်ချက်ကြည့် ပြီးနောက်မှသာလျှင် ကိန်းဂဏန်းများမှာ ထိတ်လန့်ဖွယ် ကောင်းနေကြောင်း သူ သဘောပေါက်သွားခြင်း ဖြစ်ပေသည်။ ဤမိန်းကလေးမှာ အသက်အရွယ် ငယ်ရွယ်သေးသည့် တိုင်အောင် သူမ၏ ငွေရှာနိုင်စွမ်းမှာမူ သာမန်မဟုတ်ခဲ့ချေ။

အစောပိုင်းတွင် သူ စတင် ကမ်းလှမ်းခဲ့သည့် လစာ ၁၀၀ ယွမ်အား သူမ လှောင်ပြောင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ သူမသည် ငွေမမက်မောခြင်းကြောင့် မဟုတ်ဘဲ သူမ၏ လိုချင်တပ်မက်မှုနှင့် ယှဉ်လျှင် သူ၏ ကမ်းလှမ်းချက်မှာမူ နည်းပါးနေသည့် အတွက်ကြောင့်သာ ဖြစ်ပုံရသည်။ ဆုန်းပေချန်သည် နီယန်အား ကြည့်လျှက် ဆက်ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အရင်ကမ်းလှမ်းချက်မှာ စေတနာမပါသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် မိန်းကလေးနီ အခုတော့ ခင်ဗျားရဲ့ လက်ရှိ လစဉ်ဝင်ငွေထက် နှစ်ဆပေးပြီး ငှားရမ်းဖို့ ကျွန်တော် ဆန္ဒရှိပါတယ် ဘယ်လိုသဘောရပါလဲ"

ထိုစကားအား ကြားလိုက်ရသောအခါ လီကုန်းချန်ပင် မှင်သက်သွားရလေသည်။

ဝင်ငွေ နှစ်ဆတဲ့လား....

နီယန်သည် တစ်လလျှင် ယွမ် ၅၄၀၀ ရရှိကြောင်း ဒုတိယသခင်လေး ကိုယ်တိုင် ခုနက ပြောခဲ့သည်....

ဒါဆိုရင် နှစ်ဆဆိုတာ ဘယ်လောက်တောင်လဲ.....

လီကုန်းချန်သည် စိတ်ထဲတွင် အလျင်အမြန် တွက်ချက် လိုက်ပြီးနောက် အဖြေထွက်လာချိန်တွင် နီယန်အား မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်မိလေသည်။

နီယန် ခေါက်ဆွဲရောင်းပြီး တစ်လ အတွင်း ယွမ် ၅၄၀၀ တောင် ဝင်ငွေရနေတာလား....

ပြီးတော့ ဒုတိယသခင်လေးက...

ခေါက်ဆွဲချက်တဲ့ စာဖိုမှူးတစ်ယောက်ကို ငှားဖို့ ယွမ်တစ်သောင်းကျော် ပေးမယ်ဆိုတာ တကယ်ပဲလား......

အကယ်၍ ဒုတိယသခင်လေးသည်သာ နောက်ပြောင်နေခြင်း မဟုတ်ခဲ့ပါလျှင် သူသည် အမှန်တကယ် ရူးသွပ်သွားခြင်း ဖြစ်ရပေမည်။ မည်မျှပင် ချမ်းသာပါစေ ငွေကြေးဆိုသည်မှာ ဤကဲ့သို့ ပေါ့ပေါ့ဆဆ သုံးစွဲမှဒအား ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

နီယန်၏ မျက်နှာထားမှာမူ ဆုန်းပေချန်၏ ကမ်းလှမ်းမှုအား ဂရုမစိုက်သည့်အလား တည်ငြိမ်နေဆဲပင် ဖြစ်သည်။

"မစ္စတာဆုန်း ရှင့်ကို စိတ်ပျက်စေရတဲ့အတွက် တောင်းပန်ပါတယ် ကျွန်မရဲ့ အဖြေက အရင်တိုင်းပါပဲ"

ယွမ်တစ်သောင်း မဆိုထားနှင့် တစ်လလျှင် ယွမ်တစ်သိန်း ပေးမည် ဆိုလျှင်ပင် နီယန် စဉ်းစားလိမ့်မည် မဟုတ်ချေ။ ဆုန်းပေချန်၏ ကမ်းလှမ်းချက်မှာ အမှန်တကယ် မက်လောက်စရာ ဖြစ်သော်လည်း သူမတွင် ကိုယ်ပိုင်အိပ်မက်များနှင့် ရည်မှန်းချက်များ ရှိနေသေးသည်။ တည်ငြိမ်လှသည့် လစာတစ်ခုအတွက် သူတစ်ပါး၏ လက်အောက်တွင် အလုပ်လုပ်ရခြင်းမှာမူ သူမနှင့် မကိုက်ညီခဲ့ချေ။

သို့သော်လည်း ဝန်ခံရမည်ဆိုလျှင် ဆုန်းပေချန်သည် အတော်လေး ခေါင်းမာသူ ဖြစ်သည်။ စာဖိုမှူးတစ်ယောက် ငှားရမ်းရန်အတွက် ယွမ် ၁၀၀၀၀ အထိ ပေးရန် ဝန်မလေးခဲ့ချေ။ မည်သည့်ခေတ်ကာလတွင်မဆို ဆင်းရဲ ချမ်းသာ ကွာဟမှုမှာ အလွန်အမင်း ကြီးမားနေဆဲပင် ဖြစ်လေသည်။

ဆင်းရဲသည့် လူအချို့သည် ပေါက်စီတစ်လုံးအတွက် တစ်ပြားတစ်ချပ်လောက်အား သက်သာစေရန် အသည်းအသန် ဈေးဆစ်နေရချိန်တွင် သူဌေးများကမူ ၎င်းတို့၏ ခံတွင်းတွေ့နိုင်စေရန်အတွက် စားဖိုမှူးတစ်ယောက်အား ငှားရမ်းရန် ယွမ်သောင်း နှင့်ချီ၍ သုံးစွဲရန် ဝန်မလေးကြချေ။

သူမသည် သူဌေးများ၏ ကမ္ဘာအား နားမလည်နိုင်အောင် ဖြစ်ရလေသည်။ သို့သော်လည်း အရာရာ ပြောင်းလဲနေပါစေ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများမှာမူ အတူတူပင် ဖြစ်လေသည်။

ကံကြမ္မာသည် ကြိုးစား အားထုတ်သူများအား လိမ်ညာလှည့်ဖြားလိမ့်မည် မဟုတ်ပေ။ အချိန်ကာလ တစ်ခုသည် မိမိလိုချင်သောအရာ အားလုံးကို ပေးစွမ်းလာလိမ့်မည် ဖြစ်သည်။ နီယန်သည် ကံကြမ္မာကိုလည်း မယုံကြည်သလို မည်သူ့ကိုမျှလည်း မယုံကြည်ပေ။ သူမသည် ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်ပေသည်။

"ငြင်းလိုက်တာလား"

ဆုန်းပေချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် မကျေမနပ် ဖြစ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ သူ ဆက်လက်၍ ပြောဆိုလိုက်သည်။

"မိန်းကလေးနီ ဒီလစာက နည်းတဲ့ပမာဏ မဟုတ်ဘူးနော် ပေကျင်းတစ်မြို့လုံးမှာ ခင်ဗျားကို ဒီလောက်ငွေပေးပြီး ငှားချင်တာ ကျွန်တော် တစ်ယောက်ပဲ ရှိကောင်း ရှိလိမ့်မယ်"

သူမသည် တစ်သောင်းနှင့် မကျေနပ်နိုင်သည်လား။ ဤမိန်းကလေးသည် ရိုးရိုးကုပ်ကုပ်လေး ဟု ထင်ရသော်လည်း လောဘ အတော်ကြီးပုံ ရလေသည်။ နီယန်မှ ညင်သာစွာ ပြုံးလျှက် ပြန်ဖြေလိုက်သည်။

"မစ္စတာဆုန်း ရှင် နားလည်မှုလွဲနေပြီ ဒါက ပိုက်ဆံကိစ္စ မဟုတ်ပါဘူး"

နီယန် စကားမဆုံးခင်မှာပင် ဆုန်းပေချန်မှ ဖြတ်၍ ပြောလိုက်လေသည်။

"နှစ်သောင်း"

ငွေဖြင့် ဖြားယောင်း၍ မရသော သူရယ်လို့ မရှိနိုင်ပေ....

နီယန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိခဲ့ချေ။

"မစ္စတာဆုန်း ကျွန်မ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ ဒါက ပိုက်ဆံကိစ္စ မဟုတ်ဘူးလို့ ရှင့်ဘက်က တစ်သိန်းပေးပေး နှစ်သိန်းပေးပေး ကျွန်မဘက်ကတော့..."

"ငါးသောင်း"

ဆုန်းပေချန်မှ နောက်တစ်ကြိမ် ထပ်မံ၍ ဖြတ်ပြောလိုက်ပြန်သည်။ ငွေကြေးဆိုသည်မှာ သူ၏ မျက်လုံးထဲတွင် ကိန်းဂဏန်းမျှသာ ဖြစ်ကြောင်း ပြသနေသည့်အလား သူ့လေသံမှာ အရေးမစိုက်သည့်ပုံ ပေါက်နေခဲ့သည်။

ဆုန်းပေချန်သည် ပုံမှန်အားဖြင့် မာနကြီးသည့် သူတစ်ဦး ဖြစ်ပေသည်။ စီးပွားရေးလောကတွင် ဖျံကျတတ်သော နိုင်ငံခြားသားများနှင့်ပင် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့သူ တစ်ဦး ဖြစ်ပေရာ ဤကဲ့သို့ မိန်းကလေးငယ် တစ်ယောက်ပင် သူ စည်းရုံးသိမ်းသွင်း၍ မရနိုင်သည်မှာ မဖြစ်နိုင်ချေ။

ယောက်ျားများ၏ သဘာဝအလျောက် လွှမ်းမိုးလိုစိတ် ရှိတတ်ကြကာ အောင်နိုင်သူ ဖြစ်လိုကြသည် မဟုတ်ပါလော....

အရာအားလုံးကို သိမ်းပိုက်အနိုင်ယူလိုကြလေသည်။

နီယန်မှ အနည်းငယ် ပြုံးလျှက် ပြတ်ပြတ်သားသား ပြောချလိုက်လေတော့သည်။

"ကျွန်မတို့နှစ်ယောက် သဘောထားချင်း မတိုက်ဆိုင်မှတော့ ဆက်ဆွေးနွေးနေတာ အလကားပါပဲ မစ္စတာဆုန်း တောင်းပန်ပါတယ် ကျွန်မ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ပါ"

ပြောပြောဆိုဆိုနှင့်ပင် သူမသည် ထိုင်ခုံအား ကောက်ကိုင်လိုက်ပြီးနောက် ဘေးကပ်လျက် ဆိုင်ဆီသို့ လျှောက်သွားလိုက်လေတော့သည်။

"မိန်းကလေးနီ"

ဆုန်းပေချန်မှ သူ့ခြေတံရှည်ကြီးဖြင့် လှမ်းလိုက်ပြီးနောက် နီယန်၏ လမ်းကြောင်းအား ပိတ်ရပ်လိုက်လေသည်။

"အခု ကျွန်တော် အလေးအနက် ပြောနေတာပါ ခင်ဗျားနဲ့ နောက်ပြောင်နေတာ မဟုတ်ဘူး"

နီယန်မှ သူ့အား မော့ကြည့်လိုက်မိသည်။

"ကျွန်မလည်း ရှင်နဲ့ နောက်ပြောင်မနေပါဘူး မစ္စတာဆုန်း ရှင် နားလည်ထားသင့်တဲ့ အခြေခံသဘောတရားတစ်ခု ရှိတယ်"

ဆုန်းပေချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

"ဘာသဘောတရားလဲ"

နီယန်မှ ပြုံးလိုက်ပြီးနောက် ရှင်းလင်းပြတ်သားစွာ ပြောလိုက်လေသည်။

"ရိုးသားဖြူစင်မှုကို ရွှေနဲ့ဝယ်လို့မရဘူး ဆိုတာပါပဲ"

ထိုစကားအား ပြောပြီးသည်နှင့် သူမသည် ဆုန်းပေချန်အား ကျော်ဖြတ်ကာ ဘေးကပ်လျက် ဆိုင်ဆီသို့ ဆက်လက် ထွက်ခွာသွားတော့သည်။

ဆုန်းပေချန်စည် တစ်ခဏမျှ ရပ်တန့်နေခဲ့ပြီးနောက် နီယန်နောက်သို့ အမှီလိုက် သွားလိုက်လေသည်။ လီကုန်းချန်မှာမူ ထိတ်လန့်တုန်လှုပ်စွာ ကျန်ရစ်ခဲ့လေတော့သည်။

နီယန်ဘက်မှ ယတိပြတ် ငြင်းပယ်လိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ...

ယွမ်ငါးသောင်းတောင်.....

သာမန်လူတစ်ယောက်သည် နှစ်ပေါင်းများစွာ ရှာဖွေရလျှင်ပင် မရနိုင်မည့် ငွေပမာဏ ဖြစ်သည်။

ဘေးကပ်လျက်ဆိုင်တွင်မူ...

ထုံးစံအတိုင်း လျှိုဝေသည် တံခါးရှေ့တွင် ထိုင်လျှက် စာအုပ်ဖတ်နေခဲ့လေသည်။ နီယန် လာနေသည်အား မြင်သောအခါ သူသည် အလျင်အမြန် မတ်တတ်ရပ်လိုက်ကာ ပြုံးပြလိုက်သော်ငြားလည်း သူမနောက်မှ လိုက်လာသည့် ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် အမျိုးသားအား မြင်လိုက်ရချိန်တွင် သူ၏အပြုံးများ အနည်းငယ် ပျောက်ကွယ်သွားခဲ့ရလေသည်။

ထိုသူသည် အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နှင့် ဂုဏ်သရေရှိပုံ ပေါက်နေခဲ့သည်။ နီယန်၏ ဘေးတွင် သူ့အား မြင်လိုက်ရသောအခါ လျှိုဝေ၏ စိတ်ထဲတွင် သူတို့နှစ်ယောက်အား လိုက်ဖက်ညီလှသည့် စုံတွဲတစ်တွဲအဖြစ် ခံစားလိုက်ရကာ သူ့ကိုယ်သူ သိမ်ငယ်သလို ခံစားလိုက်ရလေတော့သည်။

သို့သော် ဤမျှ ပြည့်စုံ ကောင်းမွန်လှသည့် အမျိုးသားတစ်ယောက်သည် နီယန်အား အဘယ်ကြောင့် သဘောကျနေရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရလေသည်။

ရုပ်ရည်ချောမောခြင်းမှလွဲ၍ နီယန်တွင် အခြားသော မည်သည့် အားသာချက်များမှ ရှိပုံမရချေ။

ပညာအရည်အချင်းလည်း မရှိ မိသားစု နောက်ခံလည်း မရှိချေ။

သူတို့၏ ပတ်သက်မှုသည် သူထင်ထားသကဲ့သို့ မဟုတ်တာမျိုးလည်း ဖြစ်နိုင်ပေသည်။ ထိုသို့ တွေးလိုက်မိချိန်တွင် လျှိုဝေသည် စိတ်သက်သာရာ ရသွားခဲ့ကာ နီယန်ရှိရာ ဆီသို့ လျှောက်သွားလိုက်ပြီးနောက် ထိုင်ခုံအား လှမ်းယူပေးလိုက်လေသည်။

"နီယန် ရောက်လာပြီလား"

"အင်း"

နီယန်မှ ခေါင်းအနည်းငယ် ညိတ်လိုက်သော်လည်း ထိုင်ခုံအား သူ၏ လက်အတွင်းသို့ မထည့်ပေးပေ။

"ကျွန်မဘာသာ လုပ်လိုက်ပါ့မယ်"

ဆိုလိုသည်မှာ လျှိုဝေနှင့် သူမ၏ ဆက်ဆံရေးသည် သူမအတွက် ပစ္စည်းများ သယ်ပေးရလောက်သည့် အဆင့်အထိ မရောက်ရှိသေးဟု ဆိုလိုခြင်း ဖြစ်ပေသည်။ ။

လျှိုဝေ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွား ပြီးနောက် မေးလိုက်လေသည်။

"နီယန် အဲ့လူက နင့်သူငယ်ချင်းလား"

"မဟုတ်ဘူး"

နီယန်မှ ခေါင်းအနည်းငယ် ခါယမ်း ပြလိုက်လေသည်။

All Chapters