← Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈) - သူမသည် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးလိုသူ ဖြစ်သည်

ထိုစကားအား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဆုန်းပေချန် ချက်ချင်းပင် မျက်လုံးလှန်လျှက် နီယန်အား ကြည့်လိုက်ရာတွင် သူ၏အကြည့်များတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

နီယန်သည် သူနှင့် သူငယ်ချင်း မဖြစ်ချင်သည့် ပထမဆုံးလူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အခြားလူများဆိုလျှင် သူ့ထံမှ မျက်နှာသာရရန် အတွက် ခေါင်းချင်းဆိုင်လျှက် ကြိုးစားနေကြရသည့်အပြင် နည်းနည်းလေး မျက်နှာသာရလျှင်ပင် ကျေနပ်နေကြခြင်း ဖြစ်သည်။

သို့သော် ဤမိန်းကလေးမှာမူ သူ့အား ပြောင်ပြောင်တင်းတင်း ယတိပြတ် ငြင်းပယ်လိုက်လေသည်။ ဆုန်းပေချန်၏ ရင်ထဲတွင် မွန်းကျပ်မှု လှိုင်းလုံးတစ်ခု ပိတ်ဆို့နေသကဲ့သို့ပင် မချင့်မရဲ ခံစားလိုက်ရကာ အလွန်အမင်း နေရခက်နေလေတော့သည်။

မဖြစ်နိုင်ချေ ယနေ့ မည်မျှပင် ပေးဆပ်ရပါစေ ဤ ခေါင်းမာလှသည့် မိန်းကလေးအား သူ အနိုင်ယူပြနိုင် ရမည် ဖြစ်သည်။

သူမသည် ကိုယ့်တန်ဖိုးကိုယ် မြှင့်ချင်သည့် အတွက် ယခုလို လုပ်ပြနေခြင်း ဖြစ်နိုင်ပေသည်။

ကောင်းပြီလေ....

သူ အလိုက်သင့် နေပေးလိုက်ပါ့မယ်...

သူ ထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားခဲ့ပြီ ဆိုသည်အား ဆုန်းပေချန် သိသော်ငြားလည်း ထိုအထဲသို့ ခုန်ဆင်းရန်ပင် ရွေးချယ်လိုက်လေသည်။ နှစ်ပေါင်းများစွာ သူသည် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သော်လည်း ယနေ့တွင် နီယန်ကဲ့သို့ စိတ်အနှောင့်အယှက် ပေးသူနှင့် လာတွေ့နေရလေသည်။

ပရိဘောဂပစ္စည်းများ ချထားပြီးနောက် နီယန်သည် ဆက်လက် ထွက်ခွာသွားရာ ဆုန်းပေချန်သည်လည်း ဇွဲမလျှော့ဘဲ သူမနောက်သို့ လိုက်ပါသွားလေတော့သည်။

သူ၏ ဈေးကြီးလှသည့် လက်ချုပ်ဝတ်စုံသည် လမ်းကြားထဲမှ လူများ၏ အာရုံစိုက်မှုအား ဆွဲဆောင်နေရုံသာမက ညစ်ပတ်ပေရေနေသည့် လမ်းကျဉ်းလေးနှင့်လည်း လုံးဝ လိုက်ဖက်ညီမှု မရှိလှချေ။ စက်ဘီး တွန်းနေသော နီယန်သည် ဆုန်းပေချန်အား ကြည့်လိုက်လေသည်။

"သူဌေးဆုန်း ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ လို့ ထင်ပါတယ် ရှင် ပိုက်ဆံ ဘယ်လောက် ပေးပေး ကျွန်မ သဘောတူမှာ မဟုတ်ဘူး အခု ကျွန်မ အိမ်ပြန်တော့မှာမို့ နောက်က လိုက်မလာပါနဲ့တော့"

သို့သော် ဆုန်းပေချန်မှ ခေါင်းမာစွာဖြင့် စက်ဘီးလက်ကိုင်အား လက်တင် အတင်းလှမ်းကိုင်ကာ ဟန့်တားလိုက်သည့် အတွက် နီယန်သည် စက်ဘီးအား တွန်းမရပဲ ဖြစ်သွားခဲ့လေတော့သည်။ သူသည် သူမဘက်သို့ အနည်းငယ် ကိုင်းညွှတ်လိုက်ပြီးနောက် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မိန်းကလေးနီ ခင်ဗျား သဘောတူမယ်ဆိုရင် ကြိုက်တဲ့ဈေးခေါ်လိုက်"

ဤစကားမှာ အလွန်အမင်း အနိုင်ယူဗိုလ်ကျလိုကာ အာဏာရှင်ဆန်လွန်းသည့် သဘော သက်ရောက်နေခဲ့သည်။

ဤသည်မှာ လူချမ်းသာတို့၏ အခွင့်ထူးပင် ဖြစ်သည်။

သူတို့နှစ်ဦးသည် အလွန်နီးကပ်စွာ ရပ်နေကြကာ ဝင်သက် ထွက်သက်လေများ ရောနှောနေလျှက် တစ်ယောက်ကို တစ်ယောက် ခန္ဓာကိုယ်မှ သင်းပျပျရနံ့များ ရရှိနေကြလေသည်။ ဆုန်းပေချန်သည် နီယန်အား လက်မောင်းဖြင့် တစ်ဝက်တစ်ပျက် ပွေ့ဖက်ထားသကဲ့သို့ ဖြစ်နေခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲများထဲမှ ရင်းနှီးကျွမ်းဝင်လှသည့် ဇာတ်ဝင်ခန်း တစ်ခန်းအား အမှတ်ရစေမိသွားလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာမူ သူတို့နှစ်ဦးကြားတွင် စက်ဘီးတစ်စီး ခံနေခြင်းပင် ဖြစ်သည်။

အနည်းငယ် ဝေဝါးကာ မရှင်းမလင်း ဖြစ်နေသည့် တိုင်အောင် ရုပ်သံဇာတ်လမ်းတွဲထဲမှ ဇာတ်ဝင်ခန်း တစ်ခုကဲ့သို့ပင် ထိုမြင်ကွင်းမှာ လှပနေခဲ့ကာ ရိုမန်းတစ်ဆန်လွန်းနေခဲ့သည်။

ယခင်ဘဝတွင်ဖြစ်စေ လက်ရှိဘဝတွင်ဖြစ်စေ နီယန်သည် အမျိုးသားတစ်ဦးနှင့် ဤမျှ နီးကပ်စွာ မနေဖူးခဲ့ချေ။ သူမ နေရခက်စွာ မျက်မှောင်ကြုတ်လိုက်မိလေတော့သည်။

"သူဌေးဆုန်း ရှင်က ဂုဏ်ရှိသရေရှိ လူတန်းစားတစ်ယောက်ပါ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် နေထိုင်ဖို့ အရေးကြီးပါတယ် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပေး နိုင်မလားရှင်"

ဆုန်းပေချန်မှာ နီယန်အား ဆက်လက် စိုက်ကြည့်နေခဲ့ကာ သူ၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။

"မိန်းကလေးနီ ကျွန်တော် ခင်ဗျားကို အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ် စဉ်းစားဖို့ သုံးစက္ကန့် အချိန်ရမယ်"

နီယန်သည် ဆုန်းပေချန်အား တွန်းထုတ်လိုက်ကာ အေးစက်စွာ ပြန်ပြောလိုက်သည်။

"ရှင်ဘာသာ တစ်သန်းပေးပေး ဆယ်သန်းပေးပေး နောက်ဆုံး ဆုန်းမိသားစု ပိုင်ဆိုင်မှုအားလုံးကို ပုံပေးမယ်ဆိုရင်တောင် ကျွန်မ စဉ်းစားမှာ မဟုတ်ဘူး အဲဒါဆို ရှင်းရဲ့လား"

ရုတ်တရက် တွန်းလိုက်သော အားကြောင့် ဆုန်းပေချန် နောက်သို့ လန်ကျမတတ် ဖြစ်သွားခဲ့ကာ နောက်ဘက်ရှိ တိုင်တစ်တိုင်အား အမှီပြုလိုက်ရသဖြင့် သက်သာသွားခြင်း ဖြစ်ပေသည်။

မိန်းကလေးတစ်ယောက်သည် အဘယ်ကြောင့်များ ယခုလောက် အားသန်နေရသနည်း။

ဆုန်းပေချန် မျက်လုံးများအား ပင့်လျှက် နီယန်အား ကြည့်လိုက်မိပြီးနောက် ဆက်ပြောလိုက်သည်။

"မိန်းကလေးနီ လူဆိုတာ ရည်မှန်းချက်ကြီးဖို့ လိုသလို ကိုယ့်ရဲ့ ပတ်ဝန်းကျင်အခြေအနေကိုလည်း သတိပြုမိသင့်တယ် အလားအလာကောင်းတဲ့ အနာဂတ်ကို စွန့်လွှတ်ပြီးတော့ ဘာလို့ ဒီလိုပုံစံမျိုးနဲ့ ဘဝကို နေထိုင်ဖို့ ရွေးချယ်ရတာလဲ"

သူ၏ စကားများသည် အနည်းငယ် ကြမ်းတမ်းနေသည့်တိုင်အောင် နီယန် စိတ်မဆိုးသွားခဲ့ပေ။သို့သော် သူမ ပြန်ဖြေလိုက်လေသည်။

" 'ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ' ဆိုတဲ့ စကားကို ရှင် ကြားဖူးမလားတော့ မသိဘူး ဒါကြောင့် ရှင် အတင်း ဇွတ်ပေးချင်နေတဲ့ အလှူအတန်းကို ကျွန်မ လက်မခံနိုင်ပါဘူး သူဌေးဆုန်း တစ်နေ့ကျရင် အချိန်က ကျွန်မလိုချင်တာ မှန်သမျှကို ပေးလာပါလိမ့်မယ်"

သူ၏ရင်ထဲမှ မကျေနပ်ချက်များအား မဖြေဖျောက်နိုင်သဖြင့် ဆုန်းပေချန်သည် မက်လောက်စရာ လစာကောင်းကောင်းပေးကာ သူမအား ငှားရမ်းရန် ဇွတ်အတင်း ကြိုးစားနေခြင်း ဖြစ်ပေသည်။ ဤသည်မှာ အလှုအတန်း လုပ်နေသကဲ့သို့ ပေးကမ်းစွန့်ကြဲနေခြင်း မဟုတ်ပေလော......

ဆုန်းပေချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ကာ နီယန်အား ကြည့်သည့် အကြည့်များတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ဆီမှ ဤကဲ့သို့သော အဓိပ္ပာယ် ပြည့်ဝလှသည့် စကားမျိုး ကြားရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။

ထိုအစား ဘဝ၏ အနိမ့်အမြင့် အတက်အကျများအား မြည်းစမ်းဖူးသူ တစ်ယောက်၏ စကားနှင့် ပိုတူနေလေသည်။ ဤ မိန်းကလေးတွင် သတ္တိနဲ့ ရည်မှန်းချက် ရှိပုံရသည်။ သူမသည် အရင်အချိန်များတွင် သူတွေ့ဖူးခဲ့သည့် နူးညံ့လှသည့် အထက်တန်းလွှာ မိန်းကလေးတွေများနှင့် တခြားစီပင် ဖြစ်သည်။

သူမတွင် ဆူးများ ဝန်းရံလျှက် ရှိနေသည့် တိုင်အောင် ငြင်းဆန်၍ မရနိုင်သည့် ငြို့ငင် ဆွဲဆောင်မှု တစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့သည်။

စိတ်ဝင်စားစရာ ကောင်းလှသည့် မိန်းကလေး တစ်ယောက်ပင် ဖြစ်ချေသည်။ တစ်ခဏတာမျှ ဆုန်းပေချန်၏ မျက်ဝန်းအိမ်များတွင် လေးနက်ဟန်များ နက်နက် ရှိုင်းရှိုင်း ပေါ်ထွက်သွားခဲ့လေတော့သည်။

နီယန်မှာမူ ဆုန်းပေချနတွင် မည်ကဲ့သို့သော အတွေးများ တွေးနေသည် ဆိုသည်ကို လုံးဝ ဂရုစိုက်ခြင်း မရှိခဲ့ချေ။ သူမသည် ပုံမှန် အတိုင်း စက်ဘီးနင်းလျှက် ထွက်ခွာ သွားလေတော့သည်။

ထိုအချိန်တွင် နီချွေ့ဟွာသည် ဘူတာရုံ၌ သူမအား စောင့်နေလောက်ပြီ ဖြစ်သည်။ သူမသည် သူ၏ အမေအား သွားကြိုနိုင်ရန် အမြန်သွားရန် လိုအပ်ပေသည်။

နီချွေ့ဟွာ၏ မီးနေသည်ကာလ ပြီးဆုံးသွားပြီ ဖြစ်၍ နီယန်သည် သူမအား အပြင်သို့ ခေါ်ထုတ်သွားလိုခြင်း ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း သူမအား ပြင်ပလောကကြီးအား မြင်တွေ့စေချင်ခဲ့ပြီး အခြားတစ်ဖက်တွင်မူ နီချွေ့ဟွာနှင့် နီယွန်လေးအတွက် အဝတ်အစားသစ်များနှင့် နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူပေးချင်သောကြောင့် ဖြစ်သည်။

သူတို့သားအမိသည် ပေကျင်းရောက်နေသည်မှာ တစ်လ ကျော်နေပြီ ဖြစ်သည့်တိုင် အဝတ်အစား အသစ်များ မဝယ်ရသေးချေ။ နီယန်သည် အိမ်မှ စောစောစီးစီး ထွက်လာခဲ့ရသဖြင့် နီချွေ့ဟွာအား ၁၀ နာရီခွဲ ရထားဖြင့် လာခဲ့ရန် ပြောထားခဲ့ခြင်း ဖြစ်သည်။

နီယန် ဘူတာရုံသို့ ရောက်ရှိသွားချိန်တွင် ကလေးအား ပွေ့ထားကာ ယုံကြည်မှုအသစ်များဖြင့် ကွဲပြားခြားနားနေသည့် နီချွေ့ဟွာ ရပ်နေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရလေသည်။

"အမေ"

နီယန်သည် စက်ဘီးအား တွန်းလျှက် နီချွေ့ဟွာထံသို့ လျှောက်သွား လိုက်လေသည်။

"ယန်ယန်"

နီယန်အား မြင်သော် နီချွေ့ဟွာမှ ပြုံးပြလိုက်လေသည်။

"အမေ စောင့်နေရတာ ကြာပြီလား"

နီယန်မှ မေးလိုက်လေသည်။

နီချွေ့ဟွာမှ ရယ်မောလျှက် ပြန်ဖြေလိုက်သည်။

"မကြာပါဘူး အမေ ရထားပေါ်က ဆင်းတာနဲ့ သမီး ရောက်လာတာပဲ"

သားအမိနှစ်ယောက်သည် စည်ကားလှသည့် လမ်းမများပေါ်သို့ ရောက်ရှိလာကြကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာကြီးအား မြင်တွေ့လိုက်ရချိန်တွင်မူ နီချွေ့ဟွာမှ အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

"မြို့ကြီးက အရမ်း သက်ဝင် လှုပ်ရှားနေတာပဲ ကျေးလက် တောရွာတွေနဲ့ ယှဉ်လို့မရဘူး"

"အမေ ဒီမှာနေရတာ ကြိုက်လား"

နီယန်မှ ပြုံးရင်း မေးလိုက်သည်။

"ကြိုက်တာပေါ့"

နီချွေ့ဟွာ မှ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"မြို့ကို မကြိုက်တဲ့သူ ဘယ်ရှိပါ့မလဲ"

နီယန် ဆက်ပြောလိုက်လေသည်။

"ဒါဆို နောင်ကျရင် ဒီမှာ အိမ်ကြီးကြီးတစ်လုံး ဝယ်လိုက်မယ် ပြီးတော့ အမတို့ မိသားစုရယ် အတူတူ သမီးတို့ ပျော်ပျော်ရွှင်ရွှင် နေကြမယ်လေ"

"ကောင်းတာပေါ့"

နီချွေ့ဟွာမှ ဝမ်းသာအားရ ခေါင်းညိတ်လိုက်လေသည်။ ဤဆန္ဒမှာ ပြည့်ဝရန် ခက်ခဲမည်အား သိသော်လည်း သူမ တောင့်တမိနေဆဲပင် ဖြစ်သည်။

"အမေ ဒီမှာ ခဏစောင့်နော် သမီး စက်ဘီး သွားထားလိုက်ဦးမယ် ပြီးရင် ကုန်တိုက်ဘက် သွားကြတာပေါ့"

"သွားလေ အမေ ဒီမှာ စောင့်နေမယ်"

နီယန်သည် စက်ဘီးအား တွန်းရင်း အခြားတစ်ဖက်သို့ လျှောက်သွားလိုက်ရာ လမ်းတွင် ခမ်းနားထည်ဝါလှသည့် ကော်ဖီဆိုင်တစ်ဆိုင်အား ဖြတ်ကျော်သွားမိလေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပေကျင်းမြို့သည် အနောက်တိုင်း စားသောက်ဆိုင်များ ဘားများနှင့် ကပွဲရုံများ နေရာအနှံ့ ပေါ်ပေါက်လာခဲ့ ပြီ ဖြစ်ကာ ခေတ်မီတိုးတက်နေပြီဟု ဆိုနိုင်ပေသည်။

လမ်းပေါ်ရှိ အမျိုးသားများနှင့် အမျိုးသမီးများသည်လည်း အလွန်ခေတ်ဆန်ကြပြီ ဖြစ်ကာ တစ်ခါတစ်ရံတွင် အနာဂတ်သို့ ရောက်ရှိနေသကဲ့သို့ စိတ်ကူးယဉ်ဆန်လှသည့် ခံစားမှုအား ပေးစွမ်းနေလေသည်။

အမှန်စင်စစ် နောက်ပိုင်း ခေတ်စားလာသည့် ဖက်ရှင်ရေစီးကြောင်း အများအပြားသည် ရှစ်ဆယ်ခုနှစ်များမှ ဖက်ရှင်များနှင့် ထပ်တူကျနေလေ့ ရှိပေသည်။

ခေတ်ဆန်စွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကော်ဖီဆိုင်၏ ပြတင်းပေါက်ဘေး ခုံတစ်ခုံတွင် ထိုင်နေခဲ့လေသည်။ သူမသည် နောက်ဆုံးပေါ် ခေတ်မီလှသည့် ကောက်သား ဆံပင်ပုံစံ စေ့စပ်သေချာသော မိတ်ကပ် မိုးမခရွက်သဏ္ဌာန် မျက်ခုံးမွှေး တောက်ပသော နှုတ်ခမ်းနီရဲရဲ လက်လက်ထနေသော စိန်နားကပ် လက်ကောက်ဝတ်ရှိ တန်ဖိုးကြီး နာရီနှင့် လှပသည့် လက်သည်းနီတို့အား ဆင်ယင် ခြယ်သထားခဲ့လေသည်။

သူမ၏ အရာရာတိုင်းသည် "သူဌေးသမီး" ဟု ကြွေးကြော်နေသကဲ့သို့ ဖြစ်နေချေသည်။

"သူ ဘာလို့ မရောက်လာသေးတာလဲ"

သူမသည် လက်ပတ်နာရီအား တကြည့်ကြည့် လုပ်နေခဲ့ကာ စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

မိုမိသားစု၏ တတိယသခင်လေးသည် ထူးဆန်းလှသည့် စိတ်နေသဘောထား ရှိကာ အေးစက်တည်ငြိမ်၍ ချဉ်းကပ်ရခက်သည် ဟု သူမ ကြားဖူးထားသည်။ ကောလာဟလများသည် မှန်ကန်ပုံရလေသည်။

သို့သော် သူမသည် မဖြစ်နိုင်သည့် စိန်ခေါ်မှုများအား နှစ်သက်သူ မဟုတ်ပေလော။

မိုမိသားစုရဲ့ တတိယသခင်လေး ဟုတ်လား.....

သူမ သူ့ကို အနိုင်ယူပြမယ်.....

ယုံကြည်မှုအပြည့်ရှိသည့် အပြုံးတစ်ခု ထိုသူဌေးသမီး၏ မျက်နှာပေါ်တွင် ပေါ်ထွက်လာခဲ့တော့သည်။

မဒမ်မို၏ အတင်းအကျပ် တိုက်တွန်းမှုကြောင့်သာ မိုဘိုင်ချွမ်းသည် ဤမိန်းကလေးနှင့် တွေ့ဆုံရန် မလိုလားဘဲ သဘောတူခဲ့ရခြင်း ဖြစ်ပေသည်။ သူ ဘယ်လောက်တောင် မသွားချင်သည်မှာ ထုတ်ပြောလို့၍ပင် မရနိုင်ချေ။

ကားမောင်းပေးနေသည့် ယာဉ်မောင်းခမျာ အသက်ပြင်းပြင်းပင် မရှူရဲရှာပေ။ ကားထဲမှ လေထုအခြေအနေမှာ အလွန်အမင်း လေးလံမွန်းကျပ်နေခဲ့သည်။ မစ္စတာမိုအား မရည်ရွယ်ဘဲ စိတ်အနှောင့်အယှက် ပေးမိမည်ကို ယာဥ်မောင်း ဖြစ်သူမှာ အလွန် ကြောက်ရွံ့နေမိခဲ့သည်။

All Chapters