အခန်း (၅၉)
Vol. 4 Ch. 59
အခန်း (၅၉) - အထက်စီးဆန်သူအား တုံ့ပြန်ခြင်း
ထိုအချိန်တွင် ချောမွေ့စွာ မောင်းနှင်လာသည့် ကားသည် ရုတ်တရက် ချိုင့်ခွက်ကြီး တစ်ခုအပေါ်သို့ ကျသွားခဲ့သည်။
‘ဗွမ်း’ ခနဲ အသံနှင့်အတူ ညစ်ပတ်နေသည့် ရေပုပ် ရေညစ်များသည် လေထဲသို့ လွင့်စဉ်တက်လာခဲ့ကာ ကားအတွင်းပိုင်းကိုလည်း လှုပ်ခါသွားစေခဲ့သည်။
နောက်ခန်းတွင် ထိုင်နေသော မိုဘိုင်ချွမ်းမှာမူ ထိုက်ဆန်းတောင်ကြီးပမာ တည်ငြိမ်နေဆဲ ဖြစ်သည်။
(** ထိုက်ဆန်းတောင် ဆိုသည်မှာ တရုတ်နိုင်ငံ ရှန်တုံးပြည်နယ်တွင် တည်ရှိသည်။ ထို့အပြင် တရုတ်လူမျိုးများ၏ အထွတ်အမြတ်ထားရာ တောင်(၅) လုံးထဲတွင် အရေးပါဆုံး တောင်တစ်လုံး ဖြစ်သည်။ ရှေးခေတ် တရုတ်ဧကရာဇ်မင်းများ နန်းတက်ပွဲ အခမ်းအနားများနှင့် ဘုရားဝတ်ပြုခြင်းမျာအား ထို တောင်ပေါ်တွင် သာ ပြုလုပ်လေ့ရှိပေသည်။ **)
တစ်ဖက်တွင်မူ ရုတ်တရက် လှုပ်ခါသွားသည့် အရှိန်ကြောင့် ကားဆရာ၏ ခေါင်းသည် စတီယာရင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားခဲ့ကာ မျက်လုံးထဲတွင် ကြယ်လများ မြင်သွားရလေတော့သည်။
နီယန်မှာမူ ညစ်ပတ်သည့် ရေများ တစ်ကိုယ်လုံး စိုရွှဲသွားသဖြင့် လုံးဝ ကြောင်အသွားရှာရတော့သည်။
ဒီနေ့ ဘာတွေများ ဖြစ်ပျက်နေတာလဲ....
ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်သွားနေလို့များလား....
ပထမဆုံး ရူးကြောင်ကြောင် ဖြစ်ကာ ငွေဂုဏ် မောက်နေသည့် ဆုန်းပေချန် ဆိုသော သူနှင့် တွေ့ခဲ့ရပြီး ဖြစ်ကာ ယခုတွင်လည်း ရေပုပ်ရေညစ်များ စိုရွှဲသွားရပြန်ပြီ ဖြစ်သည်။
သူမသည် စိတ်အား တည်ငြိမ်အောင်ထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း အသက်ပြင်းပြင်း ရှူလိုက်လေသည်။
ဒေါသထွက်လျှင် အိုစာတတ်သည်လေ....
သူမသည် ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲရန် မသင့်ပေ....
ထိုအချိန်တွင် ကားမောင်းသူဘက်မှ တံခါးပွင့်လာခဲ့ကာ လူငယ်တစ်ဦး ကားပေါ်မှ ဆင်းလာခဲ့လေသည်။ သူသည် နီယန်ရှိရာသို့ လျှောက်လာလိုက်ကာ ရိုးသားစွာ တောင်းပန်လိုက်လေတော့သည်။
"ရဲဘော်ရေ အဆင်ပြေရဲ့လားဗျ တကယ်ပဲ တောင်းပန်ပါတယ်ဗျာ ကျွန်တော်က ဒီကလမ်းအခြေအနေကို မကျွမ်းကျင်လို့ ဒီနားမှာ ချိုင့်ခွက်ရှိမှန်း မသိလိုက်လို့ပါ အဆင်ပြေရဲ့လားဗျ"
နီယန်သည် ယနေ့တွင် ကြယ်သီးတပ် ရှပ်အင်္ကျီဖြူ လက်တိုနှင့် အနက်ရောင် ခြေပွ ဘောင်းဘီရှည်အား ဝတ်ဆင်ထားခဲ့သည်။ သူမ၏ ဝတ်စားဆင်ယင်မှုသည် လမ်းပေါ်ရှိ ခေတ်ဆန်သော အမျိုးသမီးများနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။ သို့သော် သူမ၏ ရှေးဆန်လှသည့် ဝတ်စုံဖြင့်ပင် သက်ဝင်လှုပ်ရှားနေသည့် အငွေ့အသက်မျိုး ပေးစွမ်းနိုင်လေခဲ့သည်။
ဘောင်းဘီရှည်မှာ အနက်ရောင် ဖြစ်သောကြောင့် သိပ်မဆိုးလှသော်လည်း အင်္ကျီမှာမူ ညစ်ပတ်နေသည့် ရေများ စွန်းထင်းသွားသဖြင့် ကြည့်ရဆိုးနေခဲ့သည်။
သို့သော် ရေပုပ်ရေညစ်များ စိုရွှဲနေသော်လည်း သူမသည် ဖရိုဖရဲ ဖြစ်မနေခဲ့ဘဲ ထူးခြားစွာဖြင့် ကျက်သရေရှိနေခဲ့ကာ သမ္မတနိုင်ငံ ခေတ်ဦးမှ ကောလိပ်ကျောင်းသူတစ်ဦးကဲ့သို့ ဖြူစင်နေပြီး ချစ်စဖွယ်ကောင်းသည့် အငွေ့အသက်အား ပေးစွမ်းနေခဲ့သည်။
ဤသည်မှာ ‘ကျောက်စိမ်းရိုင်းလေးပမာ အလှတရား’ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ရချေမည်။ ယာဉ်မောင်းမှာ အမှန်တကယ် နောင်တရနေသည်အား မြင်လိုက်ရသဖြင့် နီယန်သည် ဆက်လက် အပြစ်မတင်လိုတော့ဘဲ ပါးစပ်ဟကာ ပြောလိုက်တော့သည်။
"ကျွန်မ အဆင်ပြေပါတယ် အဝတ်အစားတွေပဲ ညစ်ပတ်သွားရုံပါ"
နီယန်၏ စကားမဆုံးသေးမီမှာပင် နောက်ခန်းမှ ကားပြတင်းပေါက် တဖြည်းဖြည်း ပွင့်လာခဲ့ကာ သူမ၏စကားအား ဖြတ်ပြောလိုက်ခြင်း ခံလိုက်ရသည်။
"ရှောင်ကျောက် မင်း ဒီလိုလူမျိုးတွေနဲ့ တစ်ခါမှ မဆက်ဆံဖူးဘူးလား ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာ ခုထိ မသိသေးဘူးလား"
ထိုအေးစက်သည့် အသံထဲတွင် ကြီးမားလှသည့် ဖိအားများ ပါဝင်နေခဲ့သည်။
သူ ဒေါသထွက်နေချေပြီ....
သခင်လေး ဒေါသထွက်နေပြီ ဆိုသည်အား သိသည့် ယာဉ်မောင်းဖြစ်သူ ရှောင်ကျောက်သည် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားခဲ့ကာ နီယန်အား အလျင်အမြန် ဦးညွှတ်လိုက်ကာ ဆက် ပြောလိုက်သည်။
"တကယ်ပဲ တောင်းပန်ပါတယ် ရဲဘော်ရေ ဒီပိုက်ဆံကို ယူပြီး အဝတ်အစားသစ် ဝယ်ဝတ်လိုက်ပါဗျာ ကျွန်တော်တို့ အရေးကြီးကိစ္စလေး ရှိနေလို့ အခုသွားမှ ဖြစ်မှာမို့ပါ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် အိတ်ကပ်ထဲမှ ငွေစက္ကူအကြီးစား တစ်ရွက်အား ထုတ်ယူလိုက်ကာ နီယန်အား ပေးလိုက်ပြီးနောက် ကားပေါ်ပြန်တက်ရန် လှည့်ထွက်သွားတော့သည်။
ရိုးရိုးသားသား ပြောရလျှင်မူ ရှောင်ကျောက်သည် မိုဘိုင်ချွမ်းနှင့် အတူနေလာသည်မှာ ကြာပြီဖြစ်၍ ဤကဲ့သို့သော အခြေအနေမျိုးအား မကြာခဏ ကြုံဖူးလေသည်။ ပေကျင်းတွင် သူ့သခင်၏ အာရုံစိုက်မှုအား ရရှိနိုင်ရန် နည်းလမ်းပေါင်းစုံ သုံးကြသည့် အထက်တန်းလွှာ မိန်းကလေးများစွာ ရှိပေသည်။ သို့သော် နီယန်သည် ထိုသူများနှင့် မတူကြောင်း သူ ခံစားမိခဲ့သည်။
သူမ၏ မျက်ဝန်းများသည် ဖြူစင်နေခဲ့ကာ ကောက်ကျစ်စဉ်းလဲမှု အရိပ်အယောင် လုံးဝ မရှိပေ။ ထို့အပြင် နီယန်သည် ကိုယ့်ကိုယ်ကိုယ် ရည်ရွယ်ချက်ရှိရှိ ရေစိုအောင် လုပ်မည့်သူမျိုးလည်း သေချာပေါက် မဟုတ်ချေ။
ရှောင်ကျောက်သည် ယာဉ်မောင်းတစ်ဦး ဖြစ်သော်လည်း ဤအခြေအနေတွင် မည်သူသည် ကြံစည်သူဖြစ်ကာ မည်သူမှာ သားကောင်ဖြစ်သည်အား ခွဲခြားသိမြင်နိုင်စွမ်း ရှိသေးပေသည်။
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလေ့ရှိသည့် တတိယသခင်လေးမိုသည် ယနေ့တွင် အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်နေပုံရလေသည်။
နီယန်သည် အစပိုင်းတွင် အမှန်တကယ် စိတ်မဆိုးခဲ့သော်လည်း နောက်ခန်းမှ ထွက်ပေါ်လာသည့် အေးစက်သည့် အသံကြောင့် ဒေါသထွက်လာရလေတော့သည်။ သူမသည် ကားတံခါးနားသို့ လျှောက်သွားကာ တံခါးအား ဆွဲဖွင့်လိုက်ပြီးနောက် ပြန်ပက်လိုက်တော့သည်။
"ဒီမှာ ရှင် ဘယ်သူလဲတော့ မသိပေမယ့် 'ဒီလိုလူမျိုး' ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးလို့ ရမလားရှင်"
ထိုအမျိုးသားသည် ဖြည်းညှင်းစွာ မော့ကြည့်လိုက်လေရာ တခဏအတွင်းမှာပင် နီယန်၏ အကြည့်များသည် နက်ရှိုင်းပြီး အေးစက်လှသည့် ဖီးနစ်မျက်ဝန်းတစ်စုံထဲတွင် ပိတ်မိသွားခဲ့လေသည်။
'ထူးခြားပြောင်မြောက်လှသော ရုပ်ရည်သွင်ပြင်ဖြင့် မွေးဖွားလာသူ' ဟူသည့် စကားစုသည် ထိုသူအတွက် သီးသန့် တီထွင် ဖန်တီးထားခြင်း ဖြစ်ရပေမည်။
အနည်းငယ် စေ့ထားသော နှုတ်ခမ်း မြင့်မားသော နှာတံ အေးစက်မှုများအား ထုတ်လွှတ်နေသည့် အပြစ်ကင်းစင်သည့် ဖီးနစ်မျက်ဝန်းများ သူ၏ သေသပ်လှပသည့် မျက်နှာသွင်ပြင် တစ်ခုချင်းစီသည် ဘုရားသခင် ကိုယ်တိုင် ထုဆစ်ထားသကဲ့သို့ ဖြစ်နေခဲ့ကာ အားလုံး ပေါင်းစပ်လိုက်ချိန်တွင် သူ၏ ပတ်လည်တွင် အစွမ်းထက်ကာ ဆွဲဆောင်မှုရှိသော အော်ရာတစ်ခုအား ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေခဲ့သည်။ ပူပြင်းလှသည့် နွေရာသီ အလယ်တွင်ပင် သူသည် လူများအား အေးခဲသွားအောင် စွမ်းဆောင်နိုင်သူ ဖြစ်ပေသည်။
ဤသည်မှာ အန္တရာယ်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ ထို့အပြင် ရင်းနှီးလှသည့် အမျိုးသားတစ်ဦးလည်း ဖြစ်နေခဲ့သည်။
နီယန်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားခဲ့ကာ သူ့အား ချက်ချင်းပင် မှတ်မိလိုက်သည်။ ပြီးခဲ့တဲ့အကြိမ်တွင် ဒမ်ကျေးရွာ၌ တွေ့ခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်သော လူ မဟုတ်ပါလား။
ကမ္ဘာကြီးသည် ကျဉ်းလွန်းလှချေသည်.....
ယနေ့ ဤနေရာတွင် ထိုသူနှင့် ပြန်တွေ့ရလိမ့်မည် ဟု သူမ ထင်မှတ်မထားခဲ့ပေ။ အနည်းငယ် တုန်လှုပ်သွားသော်လည်း နီယန်သည် သူမ၏ မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မျှ မပေါ်လာစေခဲ့ပေ။
မိုဘိုင်ချွမ်း၏ မျက်လုံးများမှာ သူမအား ကြည့်နေစဉ် နက်ရှိုင်းနေပြီးနောက် နှုတ်ခမ်းအနည်းငယ် ပွင့်ဟကာ ပြောလိုက်လေသည်။
" 'အဲဒီလို' လူမျိုး ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ ငါ အတိအကျ ရှင်းပြနေရဦးမှာလား"
သူ၏ အသံမှာမူ အမြဲတမ်းလိုလို အေးစက်နေဆဲပင် ဖြစ်သည်။
မိုဘိုင်ချွမ်း၏ အမြင်တွင် ဤမတော်တဆမှုသည် တိုက်ဆိုင်မှု သက်သက်သာ မဟုတ်ဘဲ နီယန်မှ ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားခြင်း ဖြစ်သည်ဟု ယုံကြည်နေခဲ့သည်။
ရေများသည် သူမအပေါ်ကိုမှ အထူးသဖြင့် သူ့ကားကြောင့် စင်သွားရသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့အပြင် ဖြူစင်ရိုးရှင်းလှသည့် ဝတ်စုံအား ဝတ်ဆင်ထားသည့် နီယန်သည် မဆင်မခြင် နေတတ်လွန်းနေသည် မဟုတ်ပါလား။ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ယခုလို အဝတ်အစားမျိုး ဝတ်လို့ရလေသလား။
သူမ အိမ်ထောင်ကျပြီးပြီဆိုလျှင် အဘယ်ကြောင့် အေးအေးချမ်းချမ်းဖြင့် နှိမ့်ချစွာ မနေထိုင်နိုင်ရလေသနည်း။ တစ်ခြားလူတစ်ယောက်နှင့် ရိုးရိုးသားသား ဖြင့် ဘဝအား ရှင်သန် နေထိုင်သွားသင့်သည် မဟုတ်ပါလော။
တစ်ဖက်လူသည် လူကြီးတစ်ယောက် ဖြစ်နေလျှင်တောင် ဤသည်မှာ သူမ၏ ရွေးချယ်မှုပင် ဖြစ်သည်။ ထို့အပြင် နီယန်သည် သူ့နာရီအား အဘယ်ကြောင့်များ ခိုးယူသွားခဲ့သည် ဆိုတာအား မိုဘိုင်ချွမ်း နားမလည်နိုင်သေးချေ။
အထက်ပါအချက်များ အားလုံးကို ထည့်သွင်း စဉ်းစားလိုက် ပြီးနောက်တွင် အထူးသဖြင့် နီယန်သည် အိမ်ထောင်သည် ဖြစ်နေခြင်းကြောင့် မိုဘိုင်ချွမ်းသည် သူမအား အထင်မကြီးဘဲ ထိုသို့ ရိုင်းစိုင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။
ထို့အပြင် သူမအား မြင်လိုက်ရချိန်တိုင်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လျော့နည်းသွားသကဲ့သို့ ခံစားရသဖြင့် သူ တစ်ခါမှ မတွေ့ဖူးသည့် ထိုအဘိုးကြီးကိုပင် မနာလို ဖြစ်မိလာခဲ့သည်။ နီယန်သည် သူ့အား မမှတ်မိပုံရလေသည်။ သူမ မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်မ ခန့်မှန်းကြည့်ရမလား ရှင့်ကားက ရေတွေ ကျွန်မအပေါ် စင်သွားတာက ကျွန်မအမှားလို့ ပြောချင်တာ မဟုတ်လား"
ပြီးခဲ့သော တစ်ခေါက်တွင် သူမသည် အမှန်တကယ်ပ လူယုတ်မာတစ်ယောက်အား ကယ်မိလိုက်ခြင်း ဖြစ်ပေမည်။ ရိုင်းစိုင်းကာ ဆင်ခြင်တုံတရား မရှိဘဲ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည့် သူ တစ်ဦး ဖြစ်ပေမည်။ သူ၏ အနားတွင် မည်သူမှ မရှိသလို ပြုမူနေလိုက်ပုံများသည် မည်သည့် မိသားစုမှ ပျက်စီးနေသော ကောင်စုတ်တစ်ယောက် မှန်း မသိချေ။
ချောမောတဲ့ မျက်နှာလေး ကတော့ နှမြောစရာပဲ....
မိုဘိုင်ချွမ်းမှ သူမအား ပုံမှန် အေးစက်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
"မင်း ဒီလမ်းကို ရွေးချယ်မိတာ မှားသွားပြီ ပြီးတော့ ငါ့ကို လုံးဝ ရန်မစခဲ့သင့်ဘူး"
နီယန်၏ စိတ်ထဲတွင် ကျယ်လောင်စွာ အော်ရယ်ပစ်ချင်စိတ်သာ ပေါ်ပေါက်လာခဲ့သည်။
ဒီလူ ဘာမှားနေတာလဲ....
အရူးထောင်က ဂိတ်တံခါးပိတ်ဖို့ မေ့သွားလို့လား.....
ကိုယ့်အမှားအတွက် တောင်းပန်ဖို့ နေနေသာသာ အကြီးအကဲ တစ်ယောက်လို ပြုမူနေလိုက်တာများ....
သူမက သူ့ကို ရန်စတယ် ဟုတ်လား.....
စိတ်ဝင်စားစရာပဲ.....
သူ့ကိုယ်သူ ယွမ်ငွေစက္ကူလို နေရာတကာ အသုံးဝင်တယ်လို့ ထင်နေတာလား.....
ပေါက်ကရတွေ....
နီယန်မှ မဲ့ပြုံး ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။
"အဲဒီစကားကို ကျွန်မက ရှင့်ကို ပြန်ပြောရမှာလို့ ထင်တယ် ရှင်ကမှ ကျွန်မကို လုံးဝ ရန်မစခဲ့သင့်တာ"
ပြောပြောဆိုဆိုနှင့်ပင် နီယန်သည် လက်လှမ်းလိုက်ကာ မိုဘိုင်ချွမ်း၏ ကော်လာအား ဆွဲကိုင်လျှက် အားကုန် ဆွဲချလိုက် ပြီးနောက်တွင် သူမ၏ တံတောင်ဆစ်ဖြင့် သူ၏ ရင်ဘတ်တည့်တည့်အား တွယ်ထည့်လိုက်လေတော့သည်။
"ဒုန်း" ခနဲ ကျယ်လောင်လှသည့် အသံနှင့်အတူ မိုဘိုင်ချွမ်းသည် ကားပေါ်မှ ပြုတ်ကျလာခဲ့သည်။
ရေများ ပတ်ဝန်းကျင်သို့ လွင့်စဉ်ကုန်သည်။
မိုဘိုင်ချွမ်းသည် နီယန်မှ လက်တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သလို သူမသည် သူ့အား ရေအိုင်ထဲသို့ ဆွဲချလိမ့်မည်ဟုလည်း လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူသည် မယုံကြည်နိုင်စွာဖြင့် ရေအိုင်ထဲတွင် လဲလျောင်းနေမိလေသည်။
ယာဉ်မောင်းဖြစ်သူ ရှောင်ကျောက်သည်လည်း ထိတ်လန့်သွားလေတော့သည်။ ဤမြင်ကွင်းအား မည်သို့ တုံ့ပြန်ရမည်ကို သူ မသိတော့ပေ။
ဂုဏ်သရေရှိလှသော မစ္စတာမိုအား မိန်းကလေးငယ်တစ်ဦးမှ ပြင်းထန်စွာ ထိုးလိုက်ကာ ကားပေါ်မှ ဆွဲချလိုက်ခြင်း ဖြစ်ပေသည်။
သူ အိပ်မက်မက်နေတာများလား....
ရှောင်ကျောက်သည် မျက်လုံးများအား ပွတ်သပ်ကြည့်လိုက်သော်လည်း သူ့ရှေ့မှ မြင်ကွင်းမှာ ပြောင်းလဲသွားခြင်း မရှိပေ။ နီယန်သည် မိုဘိုင်ချွမ်းကို အထက်စီးမှ ငုံ့ကြည့်လိုက်ကာ ငွေစက္ကူအထပ်လိုက်အား သူ့အပေါ်သို့ ပစ်ချလလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ရော့.. ရှင့်အတွက် ပိုက်ဆံ အဝတ်အစားသစ် ဝယ်ဝတ်လိုက် ကျွန်မ သွားစရာ ရှိသေးတယ်"
သူမထံမှ အာဏာနှင့် လွှမ်းမိုးနိုင်မှု အော်ရာများ ဖြာထွက်နေခဲ့သည်။ ထိုစကား ပြောပြီးသည်နှင့် သူမသည် ဟန်ပါပါဖြင့် လျှောက်ထွက် သွားတော့သည်။
အခြားသူများအား ဂရုမစိုက်သော ဤကဲ့သို့ နာစစ်ဆစ် (အတ္တလွန်ကဲခြင်း) ဆန်ကာ မာနကြီးသည့် လူမျိုးများအား ‘ကိုယ်မကြိုက်တာ သူများအား မလုပ်နဲ့’ ဆိုသည့် သဘောတရား အား နားလည်သွားစေရန် အတွက် တစ်ဖက်သတ် ပြန်လည် တုံ့ပြန်မှ ရပေမည်။
(** နာစစ်ဆစ် ဆိုသည်မှာ ဂရီဒဏ္ဍာရီများထဲမှ နာစစ်ဆပ် ဆိုသည့် လူချောလေး တစ်ဦးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူသည် ရေကန်ထဲတွင် ပေါ်နေသည့် သူ၏ အရိပ်အား ငေးကြည့်ရင်းဖြင့် သေဆုံးသွားခဲ့ရာမှ စတင်၍ ဤ ဝေါဟာရ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဓိပ္ပာယ်မှာမူ ‘ငါ’ စွဲကြီးခြင်း ကို့ကိုယ်ကို အထင်ကြီးလွန်းခြင်း ကိုယ်ချင်းစာ တရားခေါင်းပါးခြင်း အမြတ်ထုတ်လိုခြင်း ချီးကျူးခံလိုစိတ် ပြင်ပြခြင်း ဟူ၍ အဓိပ္ပာယ်များ သက်ရောက်ပါသည်။ **)
မိုဘိုင်ချွမ်းသည် ထွက်ခွာသွားသည့် နီယန်၏ ပုံရိပ်အား လှမ်းကြည့်လိုက်ခြင်းဖြင့် သူ၏ နက်မှောင်လှသည့် မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်သွားခဲ့လေတော့သည်။ နီယန်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားချိန် ရောက်မှသာ ရှောင်ကျောက်သည် မိုဘိုင်ချွမ်းအား ထူပေးရန် လက်ကမ်းပေးလိုက်ပြီးနောက် တုန်ရီသော အသံဖြင့် မေးမြန်းလိုက်သည်။
"သခင်လေး အဆင်ပြေရဲ့လား"
မိုဘိုင်ချွမ်းသည် ပုံမှန် အေးစက်သော မျက်နှာထားဖြင့် ဗွက်အိုင်အတွင်းမှ ဖြည်းညှင်းစွာ ထလိုက်ကာ ညင်သာစွာ ပြန်ပြောလိုက်သည်။
"ငါ အဆင်ပြေတယ်"