← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀) - သူမရဲ့ အချက်အလက်အားလုံးကို ငါ လိုချင်တယ်

ရိုးရှင်းလှသည့် စကားလုံး သုံးလုံးသာ ဖြစ်သော်လည်း ရေခဲတမျှ အေးစက်နေခဲ့ကာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များအား ပျံ့နှံ့စေခဲ့သည်။

ရှောင်ကျောက်သည် မိုဘိုင်ချွမ်းအား နောက်ခန်းသို့ ဂရုတစိုက် တွဲပို့ပေးလိုက်ပြီးနောက် အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။ သို့မဟုတ်ပါက သူ့အား မရည်ရွယ်ဘဲ ထပ်မံ စိတ်ဆိုးစေမည်အား စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်သည်။

"ဘိုစံအိမ်ကို ပြန်မယ်"

မိုဘိုင်ချွမ်းမှ ညွှန်ကြားလိုက်သည်။ သူ၏ နက်ရှိုင်းလှသည့် အသံတွင် မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။

"ဟုတ်ကဲ့"

ရှောင်ကျောက်မှ တုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်ပြီးနောက် သတိထားကာ ထပ်မံ၍ မေးမြန်းလိုက်သည်။

"ဒါဆို မိန်းကလေးကျိုးကရော ဘယ်လိုလုပ်မလဲ"

သူ ဝင်မရှုပ်ချင်သည့်တိုင် မေးမှဖြစ်ပေမည်။ သို့မဟုတ်ပါက အိမ်ပြန်ရောက်လျှင် သခင်မကြီးအား မည်သို့ ရှင်းပြရမည်နည်း။ မိန်းကလေးကျိုးသည် ကော်ဖီဆိုင်တွင် မိုဘိုင်ချွမ်း ရောက်လာမည့် အချိန်အထိ စောင့်နေရှာလေသည်။

ကိစ္စများသည် မည်ကဲ့သို့ ယခုလို ရှုပ်ထွေးသွားရလေသနည်း....

မိုဘိုင်ချွမ်းသည် မျက်လုံးများအား အနည်းငယ် ပင့်ကြည့် လိုက်လေရာ နောက်ကြည့်မှန်ထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားခဲ့သည်။ လန့်ဖျပ်သွားသော ရှောင်ကျောက်သည် သူ၏ ပါးစပ်အား ချက်ချင်း ပိတ်လိုက်ကာ နောက်ထပ် တစ်ခွန်းမျှပင် မဟရဲတော့ချေ။

လီဗာအား နင်းလိုက်သည်နှင့် ကားလေးသည် မြားတစ်စင်းပမာ ပြေးထွက်သွားလေသည်။ မိုဘိုင်ချွမ်းသည် နောက်ခန်းတွင် တစ်ဝက်ခန့် မှီထိုင်နေခဲ့ကာ မျက်လုံးများကိုလည်း တစ်ဝက် မှိတ်ထားလိုက်သည်။ သူ မည်သည်အား တွေးနေသည် ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

သူ တိတ်ဆိတ်နေသော်လည်း ကြီးမားသော ဘေးဒုက္ခတစ်ခု ဆိုက်ရောက်တော့မည့် နိမိတ် လက္ခဏာများ ပေါ်ထွက်နေခဲ့သည်။ အနောက်တိုင်းစတိုင် အိမ်လေးတစ်လုံးရှေ့တွင် ကားထိုးရပ်သွားတော့သည်။ ရှောင်ကျောက်သည် ဂရုတစိုက် ကားပေါ်မှ ဆင်းကာ ခရီးသည်ဘက်ခြမ်း တံခါးအား ဖွင့်ပေးလိုက်သော်လည်း မိုဘိုင်ချွမ်းမှ ဆင်းရန် အရိပ်အယောင် မပြသေးချေ။ သူသည် ဤအတိုင်း ဆက်ထိုင်နေခဲ့သည်။ နောက်ဆုံးတွင် ရှောင်ကျောက် သတ္တိမွေးလျှက် ပြောလိုက်ရတော့သည်။

"သခင်လေး ရောက်ပါပြီ"

ထိုအခါမှ မိုဘိုင်ချွမ်းသည် သူ့ဘက်သို့ အာရုံ ပြန်စိုက်လာခဲ့သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများသည် လုံးဝ မည်းနက်နေခဲ့ကာ အမိန့်ပေးလိုက်သည်

။

"ဒီနေ့ တွေ့ခဲ့တဲ့ ကောင်မလေးရဲ့ အချက်အလက်အားလုံးကို ငါ လိုချင်တယ် မှတ်ထား အားလုံးနော် သူ့ဘိုးဘွားစဉ်ဆက် အကြောင်းတွေပါ မကျန်စေနဲ့ ဒီည ၇ နာရီ နောက်ဆုံးထားပြီး ငါ့ဆီ ရောက်ရမယ်"

လီရှန်းရှန်းသည် ထိုအကြောင်း စုံစမ်းသည်မှဦ သိပ်မပြည့်စုံဟု သူ အမြဲ ခံစားနေရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နီယန်သည် သူထင်ထားသကဲ့သို့ ဟုတ်မနေသည့် အတွက် ဖြစ်သည်။ ရှောင်ကျောက် မတ်မတ်ရပ်လိုက်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

ဘုရားရေ....

သူ၏ သခင်လေးသည် ရက်စက်လွန်းပေသည်။ မိန်းကလေးမှ သူ့အား တစ်ခါလောက် ပြန်လုပ်လိုက်ရုံဖြင့် သူသည် ညှာတာမှုမရှိဘဲ သူမ၏ ဘိုးဘွားစဉ်ဆက်ကိုပါ အလွတ်မပေးတော့ချေ။ ထွက်ခွာသွားသော မိုဘိုင်ချွမ်းအား ကြည့်ရင်း ရှောင်ကျောက်သည် စိုးရိမ်တကြီးဖြင့် နဖူးမှ ချွေးများအား သုတ်လိုက်မိတော့သည်။

**

နီယန်သည် ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာပြီးနောက် လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားတစ်စုံအား ပေါ့ပါးစွာ ရွေးချယ်လျှက် ငွေချေပြီးနောက် နီချွေ့ဟွာရှိရာသို့ အမြန်သွားလိုက်လေသည်။

နီချွေ့ဟွာသည် နီယန် ရောက်လာသည်အား မြင်သည်နှင့် သူမလက်အား ဆွဲကိုင်လိုက်သည်။ သူမသည် စိတ်လောနေသဖြင့် နီယန် အဝတ်အစား လဲလာသည်ကိုပင် သတိမထားမိဘဲ ချက်ချင်း ပြောလိုက်တော့သည်။

"ယန်ယန်ရေ အမေ ခုနကပဲ ညည်းဦးလေးကို တွေ့လိုက်သလိုပဲ"

နီချွေ့ဟွာတွင်လည်း ကိုယ်ပိုင် မိသားစုရှိခဲ့သည်။ သူမ၏ မိသားစုတွင် နီတကျူး အမည်ရှိ အစ်ကိုကြီးတစ်ယောက် ရှိပြီး သူသည် လွန်ခဲ့သော နှစ်များတွင် ပညာတတ် မိန်းမပျိုတစ်ဦးနှင့် အိမ်ထောင်ကျခဲ့လေသည်။

မူဝါဒများ ပြောင်းလဲသွားပြီးနောက် သူနှင့် သူ့ဇနီးသည် မြို့သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ နီတကျူး မြို့သို့ ထွက်ခွာသွားစဉ် ကတည်းမှစ၍ နီယန်သည် သူမ၏ ဦးလေးနှင့် သူ့မိသားစုအား မတွေ့ရတော့ပေ။ ထိုကာလများအတွင်း အဆက်အသွယ်လည်း သိပ်မရှိခဲ့ချေ။ နီတကျူး ဘယ်သို့ ရောက်သွားသည် ဆိုသည်အားလည်း မည်သူမှ မသိကြပေ။

"အမေ သေချာ မြင်လိုက်တာ ဟုတ်ရဲ့လား ဦးလေးဆိုတာ သေချာလို့လား"

နီယန်မှ မျက်မှောင်အနည်းငယ် ကြုတ်လျှက် မေးလိုက်သည်။ နီချွေ့ဟွာမှ ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်ပြလိုက်သည်။

"သေချာ မြင်လိုက်တာပါအေ အဲဒါ သမီးဦးလေး အစစ်ပါ သမီးပြန်လာရင် အမေ့ကို မတွေ့လို့ စိတ်ပူနေမှာ စိုးလို့သာ မဟုတ်ရင် အမေ နောက်က လိုက်သွားလိုက်ပြီ "

နီချွေ့ဟွာ မျက်စိမှုန်နေခြင်း မဟုတ်ပေ။ ထို့အပြင် သူမ၏ အစ်ကိုအရင်း အားလည်း မှားရန် အကြောင်း မရှိချေ။

"ဦးလေး ဘယ်ဘက်ကို သွားတာ မြင်လိုက်လဲ"

နီယန်မှ ဆက်မေးလိုက်လေသည်။

"ဟိုဘက်ကို"

နီချွေ့ဟွာမှ လမ်းတစ်ဖက်အား ညွှန်ပြလိုက်သည်။

"သမီး ဦးလေး ဟိုဂိတ်ပေါက်ထဲ ဝင်သွားတာ တွေ့လိုက်တယ်"

"ဒါဆို သွားမေး ကြည့်ကြတာပေါ့"

နီယန်မှာမူ သူမ၏ အမေလက်ကို ဆွဲရင်း ပြောလိုက်သည်။ သားအမိနှစ်ယောက် ထိုဘက်သို့ ဦးတည်သွားကြသည်။ စည်ကားနေသော လမ်းမများနှင့် မတူဘဲ ဤနေရာသည် စက်ရုံဝန်ထမ်းများ နေထိုင်ရာ ရပ်ကွက် ဖြစ်နေခဲ့သည်။

ဂိတ်ပေါက်တွင် အစောင့်တစ်ယောက် ရှိနေခဲ့ပြီး စက်ရုံဝန်ထမ်း မဟုတ်ဘဲ ဝင်ထွက်သွားလာသူ မည်သူမဆို စာရင်းသွင်းရန် လိုအပ်လေသည်။

ထိုအချိန်တွင် စက်ရုံ အများစုသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြကာ အလွန် စနစ်တကျ ရှိလှပေသည်။ အလုပ်သမားများကိုလည်း အဆောင်များ ချထားပေးရုံသာမက အကျိုးခံစားခွင့်များလည်း ကောင်းမွန်စွာ ပေးထားသေးသည်။ အနာဂတ်ကမ္ဘာမှ ဝန်ထမ်းများကဲ့သို့ပင် ဖြစ်ချေသည်။ မိသားစုထဲတွင် စက်ရုံ လုပ်သားတစ်ဦး ရှိလျှင်ပင် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်သည်။

ကောလိပ်တက်ရသည် ထက်ပင် ပိုပြီး ဂုဏ်ရှိလေသည်။

"ယန်ယန် ဒါ ဘယ်နေရာလဲ"

နီချွေ့ဟွာမှ ဂိတ်ပေါက်အား ကြည့်လျှက် စူးစမ်းစွာ မေးမြန်းလိုက်သည်။ နီယန်မှ နီချွေ့ဟွာအား ရှင်းပြလိုက်သည်။ ရှင်းပြချက်အား ကြားပြီးနောက်တွင်မူ နီချွေ့ဟွာ အာမေဋိတ် ပြုလိုက်မိလေတော့သည်။

"ဘုရားရေ ဒါဆို သမီးပြောပုံအရ ညည်းဦးလေးက အခု စက်ရုံလုပ်သား ဖြစ်နေပြီပေါ့"

နီယန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပုံရတယ်"

နီချွေ့ဟွာမှ ထိတ်လန့်စွာ ပြောလိုက်သည်။

"ညည်းဦးလေးက ငယ်ငယ်တုန်းက တကယ့် လူရိုးလူအကြီးပါအေ အခုတော့ သူ လူရာဝင်နေပြီ ဆိုတာ မယုံနိုင်စရာပဲ နောက်ဆုံးတော့ ငါတို့ နီမိသားစုထဲက တစ်ယောက်ယောက် အောင်မြင်သွားပြီပေါ့ သွားရအောင် ညည်းဦးလေးနဲ့ အဒေါ်ကို သွားရှာကြမယ်"

နီယန်မှ ဆက်ပြောလိုက်သည်။

"ချက်ချင်း မဝင်နဲ့ဦး အမေ ဂိတ်စောင့်ဆီမှာ သမီး အရင် အတည်ပြု လိုက်ဦးမယ်"

"အေးအေး"

နီချွေ့ဟွာမှ အလျင်စလို ပြန်ဖြေလိုက်သည်။

"ဒါဆို မြန်မြန်သွားမေးချေ"

နီယန်သည် ဂိတ်စောင့်အနားသို့ လျှောက်သွားလိုက်သည်။ ဂိတ်စောင့်သည် အလွန် ဖော်ရွေကာ နီတကျူး၏ အခြေအနေမှန်အား နီယန်အား အသေးစိတ် ပြောပြပေးခဲ့သည်။

နီတကျူးသည် လွန်ခဲ့သော သုံးနှစ်ကတည်းက ဤနေရာတွင် အမြဲတမ်းဝန်ထမ်း ဖြစ်လာခဲ့သည်။ သူသည် ဇနီးဖြစ်သူ လျှိုကျွမ်း သမီးဖြစ်သူ လျှိုရှန်းရှန်း တို့နှင့်အတူ ဤနေရာတွင် နေထိုင်ခဲ့ခြင်းသည်။ ထို့အပြင် နီတကျူးသည် မိန်းမကြောက်ရသူ ဖြစ်ကာ ဇနီးသည်၏ ရှေ့တွင် ကြွက်ကလေးတစ်ကောင်လို ကျုံ့နေတတ်ကြောင်း ဂိတ်စောင့်မှ ဖြည့်စွက် ပြောပြလေသည်။

လျှိုရှန်းရှန်း.....

နီယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

သူမ ဝမ်းကွဲညီမနာမည်မှာ နီရှန်းရှန်း မဟုတ်လား။ ဘယ်တုန်းက လျှိုရှန်းရှန်း ဖြစ်သွားရတာလဲ...

နီတကျူးသည် မယားနေအိမ် လိုက်နေတာများလား....

"ဘာဖြစ်လို့လဲ မိန်းကလေး နီတကျူးနဲ့ ဘယ်လို ပတ်သက်တာလဲ"

ဂိတ်စောင့်မှ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ နီယန်မှ ပြုံးပြပြီးနောက် ပြန်ဖြေလိုက်သည်။

"သူက ကျွန်မ ဦးလေးပါ"

ဂိတ်စောင့်မှ ရယ်မောလိုက်သည်။

"အံ့ဩစရာပဲ နီတကျူးမှာ ဒီလောက် ချောမောလှပတဲ့ တူမလေး ရှိနေတာကိုး"

ထို့နောက် သူ ခေါင်းကုတ်လျှက် စဉ်းစားနေမိသည်။

"နီတကျူးမှာ တူမရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး"

အထူးသဖြင့် ဒီလောက် လှပတဲ့ တူမလေး ရှိတယ်လို့လေ....

တူ တူမများသည် ဦးလေးနှင့် တူတတ်ကြသည် ဟု လူများ ပြောကြစမြဲ ဖြစ်သည်။ သို့သော် နီယန်၏ နူးညံ့သိမ်မွေ့လှသည့် မျက်နှာသွင်ပြင်အား ကြည့်လိုက်လျှင်မူ နီတကျူး၏ ကြမ်းတမ်းကာ ဝဖိုင့်ဖိုင့်ပုံစံနဲ့ လုံးဝ မတူချေ။

ဒါ တကယ်ပဲ ထူးဆန်းတယ်....

နီယန်မှ အနည်းငယ် ပြုံးပြပြီး ဂိတ်စောင့်အား ကျေးဇူးတင်စကား ပြောလျှက် နီချွေ့ဟွာ ရှိရာသို့ ပြန်သွားလိုက်သည်။

"အမေ ဦးလေးနဲ့ အဒေါ် ဒီမှာနေတာ ဟုတ်တယ် ဒါပေမယ့်..."

"သွားရအောင် ဦးလေးနဲ့ အဒေါ်ကို သွားရှာကြမယ်"

နီချွေ့ဟွာသည် နီယန် စကားမဆုံးခင်မှာပင် သူမအား အထဲသို့ ဆွဲခေါ်သွားလေတော့သည်။

"အမေ ခဏလောက် သူတို့အတွက် လက်ဆောင်လေး ဘာလေး ဝယ်သွားကြမလား"

နီယန်မှ အကြံပြုလိုက်လေသည်။ နီချွေ့ဟွာသည် သူမ၏ အစ်ကိုအား တွေ့ချင်ဇောဖြင့် နီယန်အား အတင်းဆွဲခေါ်သွားလျှက် ငြင်းပယ်လိုက်တော့သည်။

"ယန်ယန် ညည်းဦးလေးနဲ့ အမေက မောင်နှမအရင်းတွေပါအေ အဲဒီလို အခမ်းအနားတွေ မလိုပါဘူး လက်ဆောင်ကိစ္စ နောက်မှထား အမေ ညည်းဦးလေးကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ"

နီချွေ့ဟွာသည် သူမ၏ တစ်သက်တာတွင် နီတကျူးအား နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ယခုအချိန်တွင် သူမ၏ ခေါင်းထဲ၌ အစ်ကိုဖြစ်သူအား တွေ့ရန်ကလွဲလျှင် အခြား ဘာမှ မရှိတော့ချေ။

ဂိတ်စောင့်မှ သူတို့နောက်မှ စိတ်အားထက်သန်စွာ လှမ်းအော်ပြောလိုက်သည်။

"မိန်းကလေးရေ နီတကျူးက အဆောက်အအုံအမှတ် ၆၈ အခန်း ၁၀၁ မှာ နေတာနော် မမှားစေနဲ့"

နီယန်မှ ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ကျေးဇူးပါပဲ ဦးလေး"

"ရပါတယ်ကွ"

ဂိတ်စောင့်မှ ရွှင်မြူးစွာ လက်ပြလိုက်သည်။ ဂိတ်စောင့်၏ အကူအညီဖြင့် နီယန်သည် နီတာကျူး၏ နေအိမ်အား အလွယ်တကူ ရှာတွေ့သွားလေသည်။ ဝန်ထမ်းအဆောင်သည် ခေတ်ကာလ၏ အငွေ့အသက်များ လွှမ်းခြုံထားပြီး သက်ဝင်လှုပ်ရှားနေခဲ့သည်။ ကလေးများသည် ခြံဝင်းထဲတွင် ဆော့ကစားနေကြကာ လူကြီးများမှာမူ အဝတ်လျှော်ရင်း စကားစမြည်ပြောလျှက် ရယ်မောနေကြသည်။ အလွန် စည်ကား သက်ဝင်လွန်းလှပေသည်။

သူစိမ်းများ လာနေသည်အား မြင်သော် သူတို့အားလုံး စူးစမ်းသည့် အကြည့်များဖြင့် လှမ်းကြည့်ကြလေသည်။

"ဘယ်အခန်းကို လာတာလဲ"

ဟင်းသီးဟင်းရွက် ဆေးကြောနေသည့် အမျိုးသမီးတစ်ဦးမှ မေးမြန်းလိုက်သည်။ ကလေးပွေ့ထားသည့် နီချွေ့ဟွာမှ ပြုံးလျှက် ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။

"ကျွန်မတို့ နီတကျူးကို လာရှာတာပါ ကျွန်မက သူ့ညီမပါ"

"ညီမ ဟုတ်လား"

ဟင်းရွက်ဆေးနေသော အမျိုးသမီးမှ အံ့သြစွာ ပြောလိုက်လေသည်။

"တကျူးက တစ်ကောင်ကြွက် တစ်မျက်နှာလို့ ထင်ထားတာ ဘယ်ကနေ ညီမ ပေါ်လာတာလဲ"

All Chapters