← Chapters

အခန်း (၁၂၆-၁၂၈)

Vol. 9 Ch. 126-128

အခန်း (၁၂၆-၁၂၈)

Vol. 9 Ch. 126-128

အခန်း ၁၂၆

- အပိုင်း ၂၄ - ပြောင်းလဲနိုင်သည့် အရာများ (၆)

ထိုအရာကို မြင်လိုက်ရသဖြင့် ကျနော် အနည်းငယ် အံ့အားသင့်သွားသည်။ ကျနော်မြင်နေရသောအရာမှာ 'လက်နက်ဇုန်' မဟုတ်ဘဲ 'လက်နက်ခံတပ်' ဖြစ်နေ၏။ ဂုံဖီဒူ၏ အထူးစွမ်းရည်မှာ အဆင့် ၁၀ ကို ကျော်လွန်သွားပြီး နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

[ သင်သည် ပုဂ္ဂလိကပိုင် နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်နေပါသည်။ ]

အံ့ဩစရာပင်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ဤစနစ်မက်ဆေ့ချ်မှာ ကြိုဆိုဖွယ်ရာ ဖြစ်နေသည်။

"အား… နာတယ်… ဒါက ဘာကြီးလဲ"

ရာနှင့်ချီသော စက်အမြောက်များက တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သဖြင့် ဂျပန်လူမျိုးများမှာ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ကျည်ဆန်တစ်ချက်ချင်းစီ၏ ဒဏ်ရာမှာ မပြင်းထန်သော်လည်း ရာနှင့်ချီသော ကျည်ဆန်များ မိုးရွာသကဲ့သို့ ကျရောက်လာချိန်တွင်မူ ပျက်စီးမှုမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ထိုသူများ၏ လှုပ်ရှားမှုကို ကန့်သတ်ထားသဖြင့် ထိခိုက်မှုမှာ ပို၍ပင် ကြီးမားနေ၏။

ဒက် ဒက် ဒက် ဒက်

ကျည်ဆန်များ ထိမှန်မှုကြောင့် ဂျပန်လူမျိုးများ၏ ခန္ဓာကိုယ်မှ သွေးများ စီးကျလာသည်။

"မျက်လုံးကန်းပါပြီ… ငါ့မျက်လုံးတွေကန်းပါပြီ"

"ဘာလဲဟ။ ဒါက ဘာကြီးလဲ"

ကျည်ဆန်များမှာ မရပ်မနား ပျံသန်းလာနေသည်။ ဂျပန်လူမျိုးများမှာ အော်ဟစ်ကာ ထိုင်ချလိုက်ကြ၏။

"အားလုံး ရှေ့တိုးကြ"

တောအုပ်အဝင်ဝတွင် ပုန်းအောင်းနေသော လူသေးသေးလေးများ တပ်ဖွဲ့ကလည်း ပါဝင်လာကြသည်။ မူလကဆိုလျှင် မျှော်လင့်ချက် မရှိနိုင်သော်လည်း ယခုမူ ဂျပန်လူမျိုးများ၏ အခြေအနေကြောင့် အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကျည်ဆန်ရာများကြောင့် ဖြစ်ပေါ်လာသော အပေါက်များထဲသို့ ဓါးငယ်လေးများက ထိုးစိုက်ဝင်သွားသဖြင့် ဂျပန်လူမျိုးများမှာ ဆက်တိုက်ဆိုသလို အော်ဟစ်နေကြ၏။ ထို့နောက် ခန့်ညားသော အသံတစ်ခုကို ကြားလိုက်ရသည်။

"ငါ့ရဲ့ ပုဂ္ဂလိကပိုင် နယ်မြေကို ကျူးကျော်မလာနဲ့။ ဒါ ငါ့မြေပဲ"

'လက်နက်ခံတပ်သခင်' ထံမှ မျှော်လင့်ထားသည့်အတိုင်းပင်။ သူသည် ဤကမ္ဘာသို့ ရောက်လာလျှင်ပင် ပုဂ္ဂလိကပိုင် နယ်မြေကို သတ်မှတ်ထားလေ၏။

ဒဏ်ရာရထားသော ဂျပန်လူမျိုးများမှာ ထရပ်ကာ အော်ပြောလိုက်ကြ၏။

"ဆ-ဆုတ်ကြ။ ပြန်ဆုတ်ကြစို့"

ကောင်းလှပေသည်။ ဂုံဖီဒူ၏ စက်သေနတ်များမှာ အရွယ်အစား သေးငယ်သော်လည်း ကပ်ဘေးသုံးခုကို ဆုတ်ခွာသွားစေရန် လုံလောက်သော စွမ်းအား ရှိပေသည်။

ကျနော် လှည့်ကြည့်လိုက်သောအခါ မြေပြင်မှ ထွက်ပေါ်လာသော ခံတပ်ငယ်တစ်ခုကို မြင်လိုက်ရသည်။ ထိုခံတပ်ငယ်ကို စနစ်ကျသော ခံတပ်တစ်ခုဟု ခေါ်ရန် ခက်ခဲသော်လည်း ဂုံဖီဒူကို အဘယ်ကြောင့် 'လက်နက်ခံတပ်သခင်' ဟု ခေါ်သည်ကို ကျနော် နားလည်သွား၏။

"ယေးးး"

"ငါတို့ နိုင်ပြီ။ ကပ်ဘေးတွေကို အနိုင်ယူလိုက်ပြီ"

ပျော်ရွှင်နေကြသော လူသေးသေးလေးများမှာ စုရုံးရောက်ရှိလာကြပြီး အောင်ပွဲအတွက် အော်ဟစ်နေကြသည်။ ခံတပ်၏ အပေါ်တွင် ရပ်နေသူ နှစ်ဦးရှိ၏။ တစ်ယောက်မှာ ဂုံဖီဒူ ဖြစ်သည်။ ကျန်တစ်ယောက်မှာမူ...

"ဒါက ဘာလို့ ရှင့်မြေ ဖြစ်ရမှာလဲ။ ဒီနေရာက ပုဂ္ဂလိကပိုင် နယ်မြေအဖြစ် အသိအမှတ်ပြုထားတဲ့ နေရာ မဟုတ်ဘူး"

"ကောင်မလေး။ ဘာတွေ လာပြောနေတာလဲ..."

"ဟွန်း… ဒီနတ်ဘုရားမကို ဒီထက်ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံသင့်တယ်လို့ ရှင်မထင်ဘူးလား "

...ဒီအသံက

လူသေးသေးလေးများက တစ်ဖန် ပြန်လည် အော်ဟစ်ကြပြန်သည်။

"နတ်ဘုရားမလေး။ ဟေးးးးး။ ယေးးး"

...နတ်ဘုရားမတဲ့လား

ခံတပ်အပေါ်မှ အမျိုးသမီးသည် ကျနော့်ကို မြင်သွားကာ ခုန်ဆင်းလာသည်။ ထိုအမျိုးသမီး၏ ဂါဝန်တိုလေးမှာ လေထဲတွင် လွင့်ခါသွားပြီး မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည့် အသံ ထွက်ပေါ်လာ၏။ ထိုအမျိုးသမီးတွင် ထူးခြားသော မာနကြီးသည့် အသွင်အပြင် ရှိလေသည်။ သူကတော့ တကယ်ကို မပြောင်းလဲသေးပေ။

မောရှေ(မိုးဆက်)ရှေ့တွင် ပင်လယ်လှိုင်းများ ကွဲသွားသကဲ့သို့ လူသေးသေးလေးများမှာ ထိုအမျိုးသမီးရှေ့မှ လမ်းဖယ်ပေးလိုက်ကြသည်။ ကျနော် ပြုံးလိုက်ပြီး စကားစလိုက်၏။

"နင် တော်တော်လေး အောင်မြင်နေတာပဲနော်"

ဟန်ဆိုယောင်းက အနားသို့ ချဉ်းကပ်လာကာ ကျနော့်မေးစေ့ကို လက်ချောင်းများဖြင့် ပင့်မလိုက်သည်။

"မတွေ့တာ ကြာပြီနော် ကင်ဒေါ့ဂျာ။ နင်ကတော့ ရုပ်ဆိုးတုန်းပဲ"

ငြိမ်းချမ်းမြေ၏ နတ်ဘုရားမ ဟန်ဆိုယောင်းနှင့် တစ်ဖန် ကျနော် ပြန်လည် ဆုံတွေ့ခဲ့လေပြီ။

………………………………………………………………………………

ရဲတိုက်ဆီသို့ ကျနော်တို့ဦးတည်ခဲ့ကြချိန်တွင် ဟန်ဆိုယောင်းထံမှ ဖြစ်ပျက်ခဲ့သမျှကို ကြားသိခဲ့ရသည်။

"ငါ လမ်းလျှောက်နေတုန်း ရှင်သန်ကျန်ရစ်သူတွေ အပြည့်ပါလာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ တိုက်မိသွားတာ"

"အဲ့ဒီနောက်မှာရော"

"နိုးလာတော့ ဒီကို ရောက်နေတာပဲ"

"အဲ့ဒါက ဖြစ်နိုင်ပါ့မလား။ ဂုံဖီဒူကရော"

"ငါကတော့ ဟန်မြစ်ထဲ ပြုတ်ကျသွားတာ။ မျက်လုံးဖွင့်လိုက်တော့ ဒီကို ရောက်နေတာပဲ"

ကျနော် မယုံကြည်နိုင်ဖြစ်သွားသည်။

" စိတ်ကူးယဉ်ဝတ္ထုထဲက အကြောင်းတွေလာပြောနေတာလား"

"ငါတို့ အခု ဘယ်ရောက်နေလဲဆိုတာ နင်မေ့သွားပြီလား"

ဒါကတော့ သူတို့ပြောခဲ့သည့် စကားများပင်။

အမှန်စင်စစ် သူတို့ပြောစကားမှာ အဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း 'Ways of Survival' ထဲတွင်လည်း အလားတူအရာမျိုး ဖြစ်ပျက်ခဲ့ဖူးသည်။ ဟန်မြစ်ထဲ ပြုတ်ကျပြီးနောက် သို့မဟုတ် ဘတ်စ်ကားတိုက်ခံရပြီးနောက် အခြားကမ္ဘာသို့ ရောက်ရှိသွားသည့် 'ပြန်လာသူ' များစွာ ရှိခဲ့ဖူး၏။ သို့သော်လည်း ဇာတ်ဝင်ခန်းတစ်ခုအတွင်း ထိုကဲ့သို့အရာမျိုးကို ကိုယ်တိုင်ကြုံတွေ့ရသည်မှာမူ အတော်ကို မယုံနိုင်စရာ ကောင်းလွန်း၏။

ဒိုကဲဘီအစုတ်ပလုတ်တွေ ဘာတွေလုပ်နေကြသနည်း။ ကျနော် မေးလိုက်သည်။

"ဒါဆို နင်က ဘာလို့ နတ်ဘုရားမ ဖြစ်နေရတာလဲ။ အဲ့ဒီလိုခေါ်ခိုင်းတာလား"

ဟန်ဆိုယောင်းက ခေါင်းခါယမ်းကာ ညည်းညူလိုက်သည်။

"ချီး။ နင့်ကို ကယ်ပေးခဲ့တာကို ငါ့ကို ဒီလိုမျိုး ဆက်ဆံတယ်ပေါ့လေ"

"ဘာတွေလဲ။ ငါ့ကို ပြောပြဦး"

"ငါက ဘယ်သူလဲဆိုတာ နင်မေ့သွားပြီလား"

"ဟမ်"

"နင့်ခေါင်းက သေးသွားလို့ ဉာဏ်ရည်တွေပါ လျော့သွားတာလား"

စဉ်းစားကြည့်လျှင် ကျနော့်မေးခွန်းမှာ တုံးအသော မေးခွန်းတစ်ခုသာ ဖြစ်သည်။ ဟန်ဆိုယောင်းသည် ဆိုးလ်ဒေသထဲတွင် ကျန်ရှိနေသည့် တစ်ဦးတည်းသော ပရောဟိတ် ဖြစ်လေသည်။

ထို့အပြင် ကမ္ဘာမြေ၏ တစ်ရက်သည် ငြိမ်းချမ်းမြေတွင် သုံးရက်နှင့် ညီမျှသည်။ ကျနော်တို့ လူစုကွဲနေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ရာ ဟန်ဆိုယောင်း ငြိမ်းချမ်းမြေတွင် ကုန်ဆုံးခဲ့သည့်အချိန်မှာ သုံးပတ်ခန့် ရှိနေပြီဖြစ်၏။

ဟန်ဆိုယောင်း သည် အနာဂတ်ကို သိရှိသူဖြစ်သည့်အပြင် အချိန် သုံးပတ်လည်း ရရှိထားခဲ့သည်။ ဟန်ဆိုယောင်း တစ်ယောက် အခြားကမ္ဘာတစ်ခု၏ နတ်ဘုရားမ ဖြစ်လာသည်မှာ မဆန်းတော့ပေ... မဟုတ်သေး၊ အနည်းငယ်တော့ ဆန်းနေသေးသည်။ ဟန်ဆိုယောင်း က အဘယ်ကြောင့် ဘုရင်မ မဟုတ်ဘဲ နတ်ဘုရားမ ဖြစ်နေရသနည်း။

"နင်တို့ နှစ်ယောက်က တော်တော် ခင်နေကြတာပဲနော်"

ကျနော် လှည့်ကြည့်လိုက်သောအခါ မကျေမနပ်ဖြစ်နေသော မျက်နှာပေးဖြင့် ကြည့်နေသည့် ဂုံဖီဒူကို မြင်လိုက်ရသည်။

ကျနော် ခဏတာ ဝေခွဲမရဖြစ်နေမိသော်လည်း ပြောသင့်သည့်အရာတစ်ခု ရှိနေသဖြင့် ကျနော်ပြောလိုက်သည်။

"ဂုံဖီဒူ"

"ဘာလဲ"

"ကျုပ်တောင်းပန်ပါတယ်"

"ဘာတွေ ပြောနေတာလဲ"

"ခင်ဗျားကို ဂရုမစိုက်နိုင်ခဲ့လို့ ကျုပ် တောင်းပန်ပါတယ်"

"...ဘယ်သူက မင်းကို ဂရုစိုက်ပေးဖို့ တောင်းဆိုလို့လဲ"

"ကျုပ် တကယ် တောင်းပန်ပါတယ်။ ကျုပ်ကို ကယ်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်"

ယခုတစ်ကြိမ်တွင် ကျနော် တကယ်ပင် နောင်တရနေမိသဖြင့် ယဉ်ကျေးသော အသုံးအနှုန်းကို သုံးလိုက်မိခြင်း ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွင်း ကျနော် အလွန်အလုပ်ရှုပ်နေသဖြင့် ဂုံဖီဒူကို ဂရုမစိုက်နိုင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင်မူ ကျနော့်အသက် အန္တရာယ်နှင့် ကြုံနေရစဉ် သူက ကယ်တင်ပေးခဲ့သည်။ 'ခံစစ် သခင်' ၏ ထောက်ပံ့သူဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုရန်ပင် ရှက်ဖို့ကောင်းလှ၏။

[ 'ခံစစ် သခင်' နက္ခတ်က သင်၏ တောင်းပန်မှုကို လှောင်ပြောင်နေပါသည်။ ]

"ချီး"

သူတို့နှစ်ဦးမှာ အတော်ကိုလိုက်ဖက်ကြပေသည်။

[ သင်သည် 'ခံစစ် သခင်' ကို ဒင်္ဂါး ၅,၀၀၀ ထောက်ပံ့လိုက်ပါသည်။ ]

[ 'ခံစစ် သခင်' နက္ခတ်က မလိုလားသော်လည်း ခေါင်းညိတ်ပြလိုက်ပါသည်။ ]

ဂုံဖီဒူက ကျနော့်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်သည်။

"ဒါဆို နောက်တစ်ခါကျရင်တော့ သေချာလုပ်"

မာနအလွန်ကြီးသော ထိုလူကို ကြည့်ရသည်မှာ ရယ်စရာပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးလုံး လူသေးသေးလေးများ ဖြစ်သွားသော်လည်း အသက်ရှင်နေကြသဖြင့် ကျနော် ဝမ်းသာမိသည်။

ဟမ်။ နေဦး။ သူတို့က ဘာလို့ လူသေးသေးလေးတွေ ဖြစ်နေတာလဲ...

ထိုနှစ်ဦးကို ခဏတာ ကျနော်ကြည့်လိုက်မိသည်။ သူတို့သည် ဘာကြောင့် ကပ်ဘေးအဖြစ် ရှိနေရန် ငြင်းဆန်ခဲ့ကြသနည်း။ သူတို့နှစ်ယောက်လုံးက ထိုသို့လုပ်မည့် လူမျိုးများ မဟုတ်ကြပေ။

"ကျေးဇူးတင်စကား ပြောဖို့အတွက် ဒီကို လာခဲ့တာပါ"

ကျနော် လှည့်ကြည့်လိုက်သောအခါ လီဟန်းဆောင်နှင့် အခြားသူများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူတို့သည် ဗာရိုနီကာသို့ ပိုးကောင်များကို စီးနင်းကာ သွားနေစဉ် ဂုံဖီဒူတို့ အဖွဲ့နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

"မလိုပါဘူး။ ငါက လုပ်သင့်တာ ငါ လုပ်ခဲ့တာ"

ဟန်ဆိုယောင်းက အနည်းငယ် ပြုံးပြကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ မင်းသားခေါင်းဆောင်းထားသော ဘီလူးဟူသည့် စကားကို ကျနော်ယခုမှပင် သဘောပေါက်မိတော့သည်။

လီဂျီဟယ်က ဟန်ဆိုယောင်းကို ကြည့်ကာ ပြောလိုက်၏။

"ဒါနဲ့... ရှင်က ဘယ်သူလဲ"

ထိုအခါမှ ကျနော် သတိရသွားသည်။ လူတိုင်းသည် ဟန်ဆိုယောင်း၏ ကိုယ်ပွား မဟုတ်သော ဟန်ဆိုယောင်း၏ မူလရုပ်သွင်ကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင်အဖွဲ့ဝင်များမှာ ဟန်ဆိုယောင်းသည် ပထမဆုံးသော တမန်တော်ဖြစ်ကြောင်း လုံးဝမသိကြပေ။

ဟန်ဆိုယောင်းက ကျနော့်ကို တစ်ချက် ကြည့်လိုက်သဖြင့် ဟန်ဆိုယောင်းကိုယ်စား ကျနော် ဖြေလိုက်သည်။

"အာ… အဲ့ဒါကလေ..."

ဟန်ဆိုယောင်းသည် ပထမဆုံးသော တမန်တော်ဖြစ်ကြောင်း သိသွားလျှင် လီဂျီဟယ်ကတော့ တည်ငြိမ်နေမည် မဟုတ်ပေ။ တမန်တော်များက ချွန်မူရိုကို တိုက်ခိုက်စဉ်က လီဂျီဟယ်သည် ထိခိုက်မှု အများဆုံး ခံခဲ့ရသူ ဖြစ်သည်။

ဟန်ဆိုယောင်း မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားပါက အဖွဲ့ကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်ပြီး သွေးထွက်သံယို ရန်ပွဲများပင် ဖြစ်ပွားနိုင်သည်။ နောက်ဆုံးတွင်မူ ကျနော် မျက်စိမှိတ်ကာ သိက္ခာကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

"သူက ကျနော် သိတဲ့ သူငယ်ချင်း တစ်ယောက်ပါ"

'သူငယ်ချင်း' ဆိုသည့် စကားလုံးကို သုံးလို့ရမလား ကျနော် မသေချာပေ။ မည်သို့ပင်ဖြစ်စေ ကိစ္စမရှိချေ။ ကျနော့်မှာ သူငယ်ချင်းလည်း မရှိသလို ဟန်ဆိုယောင်း၏ မျက်နှာကို မြင်လည်း မမြင်ရပေ။

"တောင်းပန်ပါတယ်... ကျမ တစ်ခုလောက် မေးလို့ရမလား"

နေရခက်သော အခြေအနေကို ဖြိုခွဲလိုက်သူမှာ ကျနော် လှောင်အိမ်ထဲမှ ကယ်တင်ခဲ့သည့် ဂျပန်လူမျိုး အာဆုခါ လန် ဖြစ်သည်။

ဟန်ဆိုယောင်းက ကျနော်နှင့် ထိုဂျပန်လူမျိုးကြားကို ကြည့်လိုက်သည်။ လီဂျီဟယ်ကလည်း ထိုနည်းတူစွာပင်။

"... ဒီဂျပန်လူမျိုးကရော ဘယ်သူလဲ။ သူကလည်း သူငယ်ချင်းပဲလား"

စကားလုံးများမှာ အနည်းငယ် ရွဲ့တဲ့တဲ့ဖြစ်နေ၏။

ချီးထုတ်မကတော့ကွာ။

"သူ့နာမည်က အာဆုခါ လန်... သူက ဂျပန်က လာတဲ့ ကိုယ်စားလှယ်ပါ။ သူငယ်ချင်းတော့ မဟုတ်ဘူး။ ငါ ကယ်တင်ခဲ့တဲ့ အကျဉ်းသား"

"သူ့ကို ဘာလို့ ကယ်ဖို့ လိုတာလဲ။ သူက ဂျပန်လူမျိုးလေ"

"ဒီတိုက်ပွဲက ဂျပန်နဲ့ တောင်ကိုရီးယား တိုက်နေတာ မဟုတ်ဘူး။ လူသေးသေးလေးတွေနဲ့ ကပ်ဘေးတွေ တိုက်နေတာ"

လီဂျီဟယ်မှာ မကျေနပ်သလို ရှိသော်လည်း လက်ခံသွားခဲ့သည်။

ဟန်ဆိုယောင်းက ကျနော့်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။

"ဒါက ဘာကြီးလဲ။ ဒီလူက မူရင်းဝတ္ထုထဲမှာ ပါလို့လား"

"နင် မသိဘူးလား"

ဟန်ဆိုယောင်းသည် စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းအထိ ဖတ်ဖူးပေလိမ့်မည်။

ဒါပေမဲ့အာဆုခါ လန်ကို မသိတာလား။ အဲ့ဒီအချိန်တုန်းက အာဆုခါ လန်က လှုပ်ရှားမှု မရှိသေးလို့လား။

အာဆုခါ လန်သည် ဟန်ဆိုယောင်းနှင့် ကျနော့်ကို စိုးရိမ်တကြီး ကြည့်နေပြီးနောက် စကားပြောလာလေသည်။

"တဆိတ်လောက်။ မေးချင်တာလေးရှိလို့ပါ"

"အာ၊ ပြောလေ"

"ရှင်တို့က ငြိမ်းချမ်းမြေရဲ့ ထောက်ခံမှုကို ဘယ်လိုလုပ်ပြီး အဲ့လောက်မြန်မြန် ရခဲ့တာလဲ"

မှန်ပေသည်။ အာဆုခါ လန်အနေဖြင့် သိချင်စိတ်ပြင်းပြနေသည်မှာ သဘာဝကျလှ၏။ ဟန်ဆိုယောင်းက မေးလာသည်။

"ကင်ဒေါ့ဂျာ၊ သူ ဘာပြောနေတာလဲ"

"နင် ဘယ်လိုလုပ်ပြီး နတ်ဘုရားမ ဖြစ်လာတာလဲလို့ သူက မေးနေတာ"

"အာ… အဲ့ဒါလား"

အခြားသူများလည်း ထိုမေးခွန်းကို နောက်ကျမှ နားလည်သွားကြပြီး ဟန်ဆိုယောင်းကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။ ကျနော်လည်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိချင်နေမိသည်။ ဟန်ဆိုယောင်း မည်မျှပင် လျင်မြန်စွာ တိုးတက်လာပါစေ၊ သုံးပတ်အတွင်း အားကောင်းလာခြင်းနှင့် နိုင်ငံတစ်ခု၏ နတ်ဘုရားမ ဖြစ်လာခြင်းမှာ လုံးဝကွာခြားလှပေသည်။

"ငါ ပြောပြသားပဲ။ ငါတို့ အရင်ဆုံး ကျခဲ့တဲ့နေရာက မြောက်ဘက်မှာ။ ငါနဲ့ ဦးလေးကြီးက ဗာရိုနီကာကို တိုက်ခိုက်နေတုန်း အလယ်တည့်တည့်ကို ပြုတ်ကျသွားတာ"

"တိုက်ခိုက်နေတဲ့ အချိန်ကြီးမှာလား"

"ဂျပန်အဖွဲ့ထဲက ပထမအသုတ်က ဗာရိုနီကာကို တိုက်ခိုက်နေတာလေ"

"အဲ့ဒီတော့"

"အာ… ဂျပန်အဖွဲ့ထဲက ကောင်တစ်ယောက်က ငါတို့ကို ကြည့်ပြီး တစ်ခုခု ပြောလိုက်လို့လေ။ ငါလည်း စိတ်တိုတိုနဲ့ သူ့ကို သတ်လိုက်တာ"

ကျနော် ခဏတာ စကားပင် မဆိုနိုင်ဖြစ်သွားသည်။ ဘယ်လိုအခြေအနေမျိုး ဖြစ်သွားမည်ကို ကျနော် အကြမ်းဖျင်း သိလိုက်ပေပြီ။ ဗာရိုနီကာ နိုင်ငံသည် ကပ်ဘေးကြောင့် ပျက်သုဉ်းတော့မည့် အခြေအနေသို့ ရောက်နေခဲ့သည်။ ထိုစဉ် လူနှစ်ယောက် ရုတ်တရက် ပြုတ်ကျလာပြီး ကပ်ဘေးများကို သတ်ပစ်လိုက်၏။ လူသေးသေးလေးများ၏ ရှုထောင့်မှကြည့်လျှင် ဟန်ဆိုယောင်းနှင့် ဂုံဖီဒူတို့မှာ နတ်ဘုရားများဟုသာ ထင်မှတ်သွားပေလိမ့်မည်။

"အင်း... ငါသာ လူသေးသေးလေး ဖြစ်သွားမယ်မှန်း သိရင်တော့ သူ့ကို သတ်မှာ မဟုတ်ဘူး"

"နင် ဒီဇာတ်ဝင်ခန်းကို မဖတ်ထားဘူးလား"

"ငါ လမ်းလျှောက်နေတုန်း ရုတ်တရက် တစ်နေရာကို ကူးပြောင်းခံလိုက်ရတာ။ ဒါက ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်း နယ်မြေမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ"

...ဒါကြောင့်မို့ ဂျပန်တွေက ငါတို့ကို မြင်တာနဲ့ တိုက်ခိုက်ခဲ့ကြတာပဲ။ ဒီနှစ်ယောက်မွှေထားတဲ့ပြဿနာကြောင့်ကိုး။

"နင်တို့ကြောင့် ငါတို့တွေ..."

"အာ… ဟိုမှာ မြင်နေရပြီ"

လွင်ပြင်၏ အလှမ်းဝေးရာတွင် စွန့်ပစ်ခံထားရသော ဤကမ္ဘာ၏ ရဲတိုက်ကို မြင်တွေ့လိုက်ရသည်။ ထိုရဲတိုက်ကို ကျနော်တို့လှမ်းကြည့်လိုက်ကြသည်။ ထိုရဲတိုက်မှာ ကျိုးပဲ့ပျက်စီးနေသော ရဲတိုက်တစ်ခု ဖြစ်၏။ ပျက်စီးနေသော ရဲတိုက်တံတိုင်းများတွင် ကပ်ဘေး၏ အကြွင်းအကျန်များကို မြင်တွေ့နိုင်ပေသည်။ ပျက်စီးနေသော နိုင်ငံတော်အတွင်း လူများ ငိုကြွေးနေကြ၏။

"နတ်ဘုရားမကြီး"

"နတ်ဘုရားမ ပြန်လာပြီ..."

ကြီးမားလွန်းသော ကပ်ဘေးတစ်ခုရှေ့တွင် ဘာမှမဟုတ်တော့သည့် လူသေးသေးလေးများ။ ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးသည် ကျနော်တို့ကို ကြိုဆိုရန် ထွက်လာကြသည်။

ဟန်ဆိုယောင်းက ခါးသီးသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"...အရာအားလုံး ပြီးဆုံးသွားပြီ။ အစုတ်ပလုတ်ငြိမ်းချမ်းမြေကြီး"

ဟန်ဆိုယောင်း၏ စကားများကို နားထောင်ရင်း ကျနော် ထပ်မံသတိပြုမိလိုက်သည်။ ကျနော် ယခုအချိန်ထိ ကံကောင်းခဲ့သော်လည်း နောက်တိုက်ပွဲတွင်မူ ထိုကံကောင်းမှုများ ကုန်ဆုံးသွားပေလိမ့်မည်။ ကပ်ဘေးများနှင့် ရုန်းကန်ရမှုမှာ ယခုမှ စတင်ခြင်းဖြစ်ပြီး ကျနော်တို့သည် ရှုံးနိမ့်မည့် တိုက်ပွဲတစ်ခုကို ဆက်လက် တိုက်ခိုက်နေရဦးမည် ဖြစ်သည်။

ကျနော်တို့ဆီ လာနေကြသော လူများကို ကျနော်စိုက်ကြည့်လိုက်သည်။ ဤကမ္ဘာမှ လူများသည် ယခင် ကမ္ဘာဟောင်းနှင့် ဆင်တူလှသည်။ ဓါးသခင်များ မရှိ၊ အဆင့်မြင့် မှော်သားရဲများ မရှိသည့်အပြင် 'စနစ်' ကို အသုံးပြုနိုင်စွမ်းမှာပင် ကန့်သတ်ထားခြင်း ခံထားရသည်။ 'စစ်မှန်သော စိတ်ကူးယဉ်လောက' ဟု ခေါ်ဆိုကြသော လူများသည် ကျူးကျော်သူများကို မည်မျှပင် ကြိုးစားတားဆီးပါစေ တားဆီးနိုင်မည် မဟုတ်ပေ။ ထို့အပြင် ဤကမ္ဘာသည် မည်သူ၏ 'လက်ရာ' ဖြစ်ကြောင်း ကျနော် သိရှိနေလေသည်။

"အာဆုခါ လန်"

ထိုအလှပဂေးမလေးမှာ တုန်လှုပ်သွားပြီး ကျနော့်ကို လှည့်ကြည့်၏။ သူသည် ဤဇာတ်ဝင်ခန်းတွင် အနိုင်ရရန်အတွက် သော့ချက်ပင် ဖြစ်သည်။ ကျနော်သည် Ways of Survival ကို ဖတ်ရှုခဲ့သူ ဖြစ်သော်လည်း အာဆုခါ လန်သည် ဤကမ္ဘာကို ကျနော့်ထက် ပိုမိုသိရှိထားသူ ဖြစ်၏။

"တောင်ကိုရီးယား အဖွဲ့နဲ့ ပူးပေါင်းပါ။ နင့်ရဲ့ အကူအညီ ငါတို့ လိုအပ်တယ်"

အခန်း ၁၂၇

- အပိုင်း ၂၅ - နတ်ဘုရားတစ်ပါးကို ရင်ဆိုင်သူများ (၁)

ကျနော့်အဖွဲ့သည် ဗာရိုနီကာ ရဲတိုက်သို့ ရောက်ရှိပြီး တစ်ရက်တာ အနားယူခဲ့ကြသည်။ နောက်တစ်နေ့ နံနက်တွင် ကျနော် အရင်ဆုံး ထပြီး ရဲတိုက်အဝင်ဝတွင် ရပ်ကာ အဖွဲ့သားများကို ကျနော့်အစီအစဉ်အကြောင်း အသိပေးလိုက်သည်။ လီဟန်းဆောင်က မေးလာ၏။

"တကယ်ပဲ တစ်ယောက်ထဲ သွားမလို့လား"

"ကျနော် တစ်ယောက်ထဲ မဟုတ်ပါဘူး။ အဲ့ဒီနှစ်ယောက်နဲ့ အတူသွားမှာပါ"

ဟန်ဆိုယောင်းနှင့် အာဆုခါ လန်ကို ကျနော်ညွှန်ပြလိုက်သည်။

ထို့နောက် လီဂျီဟယ်က သိချင်စိတ်ဖြင့် မေးလာသည်။

"ဦးလေးကြီး မရှိတဲ့အချိန်မှာ ကျမတို့က ဘာလုပ်ရမှာလဲ"

"နင်နဲ့ ဟန်းဆောင်က ဗာရိုနီကာရဲ့ တံတိုင်းတွေကို စောင့်ကြပ်ဖို့ တာဝန်ယူရမယ်။ အဆင့်မြှင့်တင်လိုက်တဲ့ ဇာတ်ဝင်ခန်းကို စစ်ပြီးပြီလား"

"...ဇာတ်ဝင်ခန်း သတ်မှတ်ချိန် ကုန်ဆုံးတဲ့အထိ ဗာရိုနီကာ ရဲတိုက်ကို ကာကွယ်ရမှာလား"

"ဟုတ်တယ်။ အဲ့ဒါ နင်တို့ရဲ့ တာဝန်ပဲ"

"ဒါပေမဲ့..."

"လုပ်ပါ"

"...နားလည်ပါပြီ"

ကျနော် လီဟန်းဆောင်ကို ကြည့်လိုက်သည်။

"ဂုံဖီဒူ ရှိပေမဲ့ လက်နက်ခံတပ် တစ်ခုထဲနဲ့ ကပ်ဘေးတွေကို တားဆီးဖို့ ခက်ခဲလိမ့်မယ်။ တားဆီးဖို့တာဝန်ကို ခင်ဗျားဆီမှာ ပုံအပ်ခဲ့ရတာ အားနာပေမဲ့..."

"မစိုးရိမ်ပါနဲ့။ အခြေစိုက်စခန်းတစ်ခုကို ကာကွယ်တာက ကျုပ်ကျွမ်းကျင်တဲ့အရာပါ"

သူ၏ ပြတ်သားသော စကားများကြောင့် ကျနော် စိတ်အေးသွားမိသော်လည်း အခြေအနေမှာ ထင်သလောက် လွယ်ကူမည်မဟုတ်ကြောင်း ကျနော် သိနေလေသည်။ လွယ်ကူသော အလုပ်ဟု ထင်ရသော်လည်း ဤဇာတ်ဝင်ခန်းတွင် ရှင်သန်နိုင်ရန်မှာ ကျနော်နှင့်အတူ လိုက်ပါလာခြင်းထက် ပိုမိုခက်ခဲလိမ့်မည်။

"တကယ်လို့ ပထမအဖွဲ့ရဲ့ 'မြွေ' ကို တွေ့ရင် သူ့ကို ထိပ်တိုက် မရင်ဆိုင်ပါနဲ့။ လိုအပ်ရင် ဗာရိုနီကာ ရဲတိုက်ကနေ စွန့်ခွာပြီး ထွက်ပြေးပါ။ ကျနော့်ကို ဒါကိုတော့ ကတိပေးနိုင်မလား"

"ကျုပ် ကတိပေးပါတယ်"

သူတို့၏ တာဝန်မှာ ကျနော် ပြန်မလာမချင်း ရဲတိုက်ကို ကာကွယ်ရန် ဖြစ်သည်။ လီဂီယောင်နှင့် ရှင်ယူဆောင်းကို ကျနော်အမိန့်ပေးလိုက်သည်။

"ပိုးကောင်တွေနဲ့ သားရဲတွေကို တတ်နိုင်သမျှ များများ ရှာထားကြ။ မင်းတို့ရဲ့ တာဝန်က အချိန်ဆွဲပေးဖို့ပဲ"

လီဂီယောင်နှင့် ရှင်ယူဆောင်းတို့က ခေါင်းညိတ်ပြကြသည်။

" မင်းတို့တွေ မြောက်ဘက်တောအုပ်ကို သွားရင် ဒီကမ္ဘာမှာပဲ ရှိတဲ့ ထူးခြားတဲ့ သားရဲတွေကို အများကြီး တွေ့လိမ့်မယ်။ သွားပြီးတော့ အဲ့ဒီသားရဲတွေကို ယဉ်ပါးအောင် လုပ်လိုက်ကြ"

"ဟုတ်ကဲ့။ အကိုကြီး"

"နားလည်ပါပြီ။ ဦးလေး"

များပြားလှသော သားရဲများသည် ကပ်ဘေးများနှင့် ယှဉ်ပြိုင်ရာတွင် အစွမ်းကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။ ထိုသို့ဖြည့်ဆည်းပေးရင်းဖြင့် ကလေးများ၏ စွမ်းရည်များမှာလည်း သိသိသာသာ တိုးတက်လာပေလိမ့်မည်။ ဗာရိုနီကာ ရဲတိုက်မှ ကျနော်ထွက်လာခဲ့သည်။ ဟန်ဆိုယောင်းသည် နောက်ကွယ်မှ ကျနော်တို့ကို ကြည့်နေသော လူများကို မြင်သွားပြီး မေးလာသည်။

"အဲ့ဒီတော့ ငါတို့ ဘယ်ကို သွားမှာလဲ"

"အရှေ့ဘက် ကျောက်ဆောင်ဇုန်ကိုသွားမယ်"

ထိုစကားကြောင့် လန့်သွားသော အာဆုခါ လန်က ပြောလာသည်။

"အဲ့ဒီနေရာကို ဂျပန်တွေက သိမ်းပိုက်ထားပြီးသားလေ"

"ငါ သိပါတယ်"

ကျနော် အာဆုခါ လန်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။ အာဆုခါ လန်တွင် ပျော့ပျောင်းပြီး လိပ်နေသော ငွေရောင် ဆံပင်များ ရှိသည်။ သူ၏ မျက်နှာမှာ ကာတွန်းဆရာတစ်ယောက်က သေသေချာချာ ဆွဲထားသည့်အလား ထင်ရှားပြတ်သားလှပြီး အလှအပထက် စစ်သူရဲတစ်ယောက်၏ ခံစားချက်ကို ပိုမိုပေးစွမ်းသော မျက်နှာမျိုး ဖြစ်သည်။

ကျနော် အာဆုခါ လန်ကို ပြောလိုက်သည်။

"ဒါကြောင့်မလို့လည်း နင့်ကို ခေါ်လာတာပေါ့"

"ရှင်က ကျမကို ယုံလို့လား"

"နင့်ကို မယုံပါဘူး။ နင့်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ တန်ဖိုးကိုပဲ ပြန်လိုချင်တာပါ"

"...နားလည်ပါပြီ"

အာဆုခါ လန်အား ကြင်နာမှုဖြင့် သိမ်းသွင်းရန် ကြိုးစားခြင်းထက် ဤသို့ပြောဆိုခြင်းက ပိုမိုလွယ်ကူပေသည်။ အမှန်စင်စစ် အာဆုခါ လန်သည် တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။ အာဆုခါ လန်၏ အခက်အခဲများ ပြီးဆုံးသွားသည့်အခါ အာဆုခါသည် သတင်းအချက်အလက်များကို ကျနော်သိအောင် အလေးအနက် ပြောပြပေလိမ့်မည်။

ကျနော်တို့သည် ကျောက်ဆောင်များဖြင့် ပြည့်နှက်နေသော ဒေသဆီသို့ လွင်ပြင်ကို ဖြတ်ကျော်ကာ ခရီးနှင်ခဲ့ကြသည်။ ဤခရီးမှာ နှစ်ရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသော်လည်း ကျနော်တို့ မြန်မြန်သွားလျှင် တစ်ရက်အတွင်း ရောက်ရှိနိုင်ပေသည်။

ဟန်ဆိုယောင်းက မေးလာသည်။

"အစီအစဉ်က ဘာလဲ"

"ငါတို့နဲ့မတူတာက ဂျပန်မှာ အကြွင်းမဲ့ ပလ္လင် ရှိတယ်။ တစ်နည်းပြောရရင် သူတို့အားလုံးကို အမိန့်ပေးနိုင်တဲ့ 'အကြွင်းမဲ့ ဘုရင်' တစ်ယောက် ပထမအဖွဲ့ထဲမှာ ရှိနေတယ်"

ဟန်ဆိုယောင်းက ကျနော့်စကားကို ချင့်ချိန်ကြည့်လိုက်သည်။

"...နင် ပြောချင်တာက အဲ့ဒီဘုရင်ကို ဖမ်းမလို့လား"

ဟန်ဆိုယောင်းက အခြေအနေကို လျင်မြန်စွာ နားလည်သွားသည်။ ကျနော် ခေါင်းညိတ်ပြလိုက်သည်။

ဟန်ဆိုယောင်းက ရေရွတ်လိုက်၏။

"ကောင်းပြီလေ။ နင့်ရဲ့ အတွေးက မှန်ပါတယ်။ အကြွင်းမဲ့ ပလ္လင်ရဲ့ သခင် သေသွားရင်တော့ တစ်ဖွဲ့လုံးအပေါ် သိသိသာသာ သက်ရောက်မှု ရှိသွားမှာပဲ..."

"အေး။ ဘုရင်ကို သတ်ရုံနဲ့ သူတို့အားလုံးကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒါက ဇာတ်ဝင်ခန်း ပြီးဆုံးတဲ့အထိ ငါတို့ကို တောင့်ခံနိုင်အောင် ကူညီပေးလိမ့်မယ်"

"ဟင်း…. ဒါဆို နင်က အစကတည်းက လူဆိုးဆရာကြီးကိုပဲ သေချာ ချိန်ထားတာပေါ့လေ။ နင့်ရဲ့ ရည်မှန်းချက်ကို ငါ သဘောကျတယ်"

ထိုစဉ် အာဆုခါ လန်က ကြားဖြတ်ပြောလာသည်။

"အခု ဂျပန်ရဲ့ ဘုရင်က ဘယ်သူလဲဆိုတာ ရှင် သိလို့လား"

"သူက ခေါင်းရှစ်လုံးရဲ့ အရှင်သခင် မဟုတ်ဘူးလား"

ခေါင်းရှစ်လုံးရဲ့ အရှင်သခင်။ ၎င်းကို 'မြွေ' ဟုလည်း ခေါ်ဆိုကြသည်။

"ဘ-ဘယ်လိုလုပ်ပြီး သိနေရတာလဲ"

အာဆုခါ လန်သည် အံ့အားသင့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ ထိုသို့ဖြစ်သွားခြင်းမှာ သဘာဝပင်။ အာဆုခါ လန်သည် ပထမအုပ်စုဝင်တစ်ဦးဖြစ်ပြီး ခေါင်းရှစ်လုံး၏ အရှင်သခင်က မည်ကဲ့သို့သော တည်ရှိမှုမျိုးဖြစ်ကြောင်း သိထားသည်။

ပြောရမည်ဆိုလျှင် ခေါင်းရှစ်လုံး၏ အရှင်သခင်ဆိုသည်မှာ ဂျပန်ဘုရင်၏ အမည်ပြောင်မဟုတ်ဘဲ သူ၏ ထောက်ပံ့သူ ၏ အမည်သာဖြစ်သည်။ ထိုဘုရင်တွင် အမည်ပြောင်ဟူ၍ မရှိပေ။ အကြောင်းမှာ အမည်ပြောင်ရှိရန်မှာ အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်သည်။

" သူ့ရဲ့ အမည်ကို တစ်နေရာရာကနေ ရှင် ကြားဖူးတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက ရှင်ထင်သလောက် မလွယ်ဘူး..."

"ငါ သိပါတယ်။ သူက ယာမာတာ နို အိုရိုချိ မဟုတ်လား"

ကျနော့်စကားကြောင့် ကောင်းကင်ကြီးမှာ မှောင်မည်းသွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ထိုသူသည် ကျနော်ပြောသည်ကို ကြားသွားခြင်း ဖြစ်နိုင်ပေသည်။ ပတ်ဝန်းကျင်အခြေအနေ ပြောင်းသွားခြင်းမှာ နက္ခတ်များ၏ အစွမ်းထက်သော စွမ်းအားတစ်ခုဖြစ်၏။

"...အိုရိုချိဟုတ်လား။ အဲ့ဒါက ဂျပန်ဒဏ္ဍာရီထဲက သားရဲနာမည် မဟုတ်ဘူးလား"

"ဟုတ်တယ်။ အခုတော့ သူက ဂျပန်ရဲ့ ဘုရင်ပေါ့"

"ဒါဆို ဘာလို့ သူ့ကို သူ့ထောက်ပံ့သူရဲ့ နာမည်နဲ့ ခေါ်နေကြတာလဲ။ သူ့မှာ အမည်ပြောင် မရှိဘူးလား"

"အဲ့ဒါက အဓိပ္ပာယ်မရှိလို့လေ။ အဲ့ဒီ ကိုယ်စားလှယ်က အခု စိတ်မမှန်တော့ဘူး။ ဇာတ်ဝင်ခန်း ခြောက်ခုအတွင်းမှာ သူက ခေါင်းရှစ်လုံးရဲ့ အရှင်သခင်နဲ့ မဖြစ်နိုင်တဲ့ ကတိကဝတ်တစ်ခုကို လုပ်ခဲ့ပြီး သူ့ရဲ့ ဝိညာဉ်က ခိုးယူခံလိုက်ရတယ်"

ကျနော့်စကားကို ကြားလိုက်ရသည့်အခါ အာဆုခါ လန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အခြားနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက သူ့ထက်ပင် အခြေအနေများကို ပိုမိုသိရှိနေသည့်အတွက် အံ့သြသွားခြင်း ဖြစ်၏။

"ဒါဆို သူက ကျောက်ဆောင်ဇုန်မှာ ရှိနေမှာပေါ့နော်"

"ဟုတ်တယ်။ ဒါပေမဲ့ ငါတို့တွေ သူ့ကို အခုချက်ချင်းတော့ မဖမ်းနိုင်သေးဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်။ ကျောက်ဆောင်ဇုန်မှာ တခြားတစ်ယောက်နဲ့ ငါတို့သွားတွေ့ရမယ်"

"တစ်ယောက်ယောက်နဲ့ တွေ့မလို့လား။ သွားတွေ့မယ်လူက... ယူဂျွန်ဟော့လား"

"ငါတို့တွေ့မယ့်လူက ယူဂျွန်ဟော့ထက် ပိုကောင်းတာပေါ့"

"...သူ့ထက် ပိုကောင်းတဲ့သူ ရှိသေးလို့လား"

"ရှိနိုင်တာပေါ့"

"ဘယ်သူလဲ"

"ငြိမ်းချမ်းမြေက အစွမ်းထက်တဲ့သူ တစ်ယောက်ပါ"

ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ငြိမ်းချမ်းမြေက ဟုတ်လား။ နင် အခု နောက်နေတာလား"

ဟန်ဆိုယောင်းမယုံမကြည်ဖြစ်နေခြင်းကို နားလည်ပေး၍ရသည်။ ဤအချက်အလက်မှာ ပထမအခန်း ၁၀၀ အတွင်းတွင် မပါဝင်ခဲ့ပေ။

"ဒီကမ္ဘာက လူတွေဟာ ဘယ်လောက် အားနည်းသလဲဆိုတာ နင် မသိဘူးလား"

ဟန်ဆိုယောင်းက ကျနော့်ကို ပြန်ပြောခွင့်ပင်မပေးဘဲ အော်ဟစ်လိုက်သည်။ သူသည် ဒေါသထွက်လာသည့်အခါတိုင်း ပို၍ စိတ်လှုပ်ရှားတတ်လေသည်။

"ဒီမှာက ဓါးသခင်ရှိဖို့ နေနေသာသာ၊ တတိယတန်းစား ဓါးသမားတောင် မရှိဘူး။ ဒီကလူတွေ သုံးနိုင်တဲ့ တစ်ခုထဲသော မှော်ပညာက မီးဖိုပေါ်မှာ မီးတောက်အောင် လုပ်တာပဲ ရှိတယ်"

ထိုအချက်ကို ကျနော် သိပေသည်။

"ဒါက ဘိုးတော်ဘုရားလေးဖက်သွားတဲ့ခေတ်က စိတ်ကူးယဉ်ဝတ္ထုလည်း မဟုတ်ဘဲနဲ့... တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ အားနည်းတဲ့သူတွေကိုပဲ စုထားသလိုပဲ။ မဟုတ်ဘူး၊ ငါ နားမလည်နိုင်ဘူး။ ဘာလို့ ဒိုကဲဘီတွေက ဒီကမ္ဘာကို ဇာတ်ခုံအဖြစ် ဖန်တီးခဲ့တာလဲ။ ဒါက ဒင်္ဂါးတွေပေးဖို့အတွက် အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုလား"

ဟန်ဆိုယောင်း ဘာကြောင့် စိတ်ပျက်နေရသည်ကို ကျနော် နားလည်သည်။ ဤမိန်းကလေးမှာ ခိုးချသူတစ်ဦး ဖြစ်သော်လည်း နာမည်ကြီး စိတ်ကူးယဉ်ဝတ္ထုရေးဆရာတစ်ဦး ဖြစ်၏။

"စိတ်အေးအေးထားပါ။ ဒီကမ္ဘာကို ဒိုကဲဘီတွေ ဖန်တီးခဲ့တာ မဟုတ်ဘူး"

"ဘာ"

ကျနော် နောက်ကို လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အမျိုးသမီးတစ်ဦးမှာ မျက်နှာနီမြန်းလျက် ငုံ့ကြည့်နေသည်။ သူ၏ပုံစံမှာ ဝါရင့်စာရေးဆရာတစ်ဦးရှေ့တွင် ရပ်နေသော စာရေးဆရာအသစ်တစ်ဦးကဲ့သို့ ခံစားရစေသည်။

အာဆုခါ လန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဦးညွှတ်လိုက်သည်။

"ကျမ တောင်းပန်ပါတယ်"

ဟန်ဆိုယောင်းက တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။

"နေဦး။ မဟုတ်မှလွဲရော"

အာဆုခါ လန်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

"...ငြိမ်းချမ်းမြေ ဆိုတာ ကျမ ဖန်တီးခဲ့တဲ့ ကမ္ဘာပါ"

…………………………………………………………………………………………

အာဆုခါ လန်အနေနဲ့ ဒါကို မပြောခဲ့သင့်တာလည်း ဖြစ်နိုင်သည်။

ပထမတော့ ဟန်ဆိုယောင်းက အတော်လေး အံ့အားသင့်သွားပြီး ဒါက တကယ်ကြီးလားဆိုပြီး မယုံနိုင်ဖြစ်နေခဲ့၏။ ငါးမိနစ်လောက်ကြာတော့မှ ဟန်ဆိုယောင်းက တိုးတိုးလေး ရေရွတ်သည်။

"အင်း... ဝတ္ထုက လက်တွေ့ဖြစ်လာတာပဲ"

နောက်ထပ် ငါးမိနစ် ထပ်ကြာတဲ့အခါမှာတော့ ဟန်ဆိုယောင်းသည် အာဆုခါ လန်ကို စတင်ပြီး ဆူပူကြိမ်းမောင်းပါတော့သည်။

"ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ"

"..."

"ဟမ်။ ဘာလို့လဲ။ ဖြေစမ်းပါဦး။ စာရေးဆရာမရဲ့။ ဘာလို့ ဒီလိုကမ္ဘာမျိုးကို ဖန်တီးခဲ့တာလဲ"

အာဆုခါ လန်က ရှိုက်ကြီးတငင် ငိုတော့မလို ဖြစ်နေရှာသည်။

" ဂျပန်မှာက ခေတ်စားနေတဲ့ စိတ်ကူးယဉ်ကမ္ဘာတွေ အများကြီး ရှိတယ်လေ။ ဒါကြောင့်မလို့...."

"ဪ။ အဲ့ဒီလို ခေတ်စားနေတဲ့ ကမ္ဘာတွေကို တော်လှန်ဖို့ ဒီကမ္ဘာကို ဖန်တီးခဲ့တာပေါ့လေ"

"ကျ-ကျမက စာရေးဆရာတစ်ယောက်အနေနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်နေတဲ့ ဇာတ်လမ်းမျိုးတွေကို မရေးသင့်ဘူးလို့ ထင်ခဲ့လို့ပါ"

"အစုလိုက်ထုတ်လုပ်တာ ဟုတ်လား"

မပြောသင့်သည်ကို ပြောမိသွားပုံရသည်။ ဟန်ဆိုယောင်းက ကြေညာလိုက်၏။

"နင့်ရဲ့ လက်ရာက အစုလိုက်အပြုံလိုက် ထုတ်ဖို့တောင် မတန်ပါဘူး"

"...ဟင်"

ဟန်ဆိုယောင်းက အာဆုခါ လန်ကို သနားစဖွယ် ကြည့်လိုက်ပြီး ကျနော့်ကို လှမ်းပြောသည်။

"ဟေ့… ကင်ဒေါ့ဂျာ။ ဒါပဲလား။ ဗာရိုနီကာ ရဲတိုက်မှာ ရက်အနည်းငယ် ကြာအောင် ငါနေခဲ့တယ်။ ဒီကမ္ဘာမှာက မြို့စားက နယ်စားကို အတင်းပြောနေတာပဲ ရှိတာ။ ပြီးတော့ သူရဲကောင်းတွေကလည်း ကပ်ပါးကောင်တွေလိုပဲ… ဝေခွဲမရဖြစ်နေတတ်တာပဲ သိကြတယ်..."

အာဆုခါ လန်က "ခ-ခဏလေးပါ" လို့ ပြော၏။

"ပါးစပ်ပိတ်ထား။ အခု ငါတို့ နင့်ကြောင့် ဒုက္ခရောက်နေရတာ"

"ကျမ ဖန်တီးခဲ့တာ မှန်ပေမဲ့ ရှင့်တို့ကို ဒီကို ခေါ်ခဲ့တာ ကျမ မဟုတ်ဘူး"

"ဒီဟာမကို ကြည့်စမ်းပါဦး။ ဒိုကဲဘီတွေက နင့်ဆီကနေ ဒါကို ဝယ်ပြီး နင့်ရဲ့ ကမ္ဘာကို လက်တွေ့ဖြစ်အောင် လုပ်လိုက်တာလေ။ မန်ဂါလောကက အရာအားလုံးကို ကမ္ဘာတစ်ခုထဲ ပစ်ထည့်ပြီး သတ်ပစ်ကြရမယ်လို့ နင် တွေးပြီး ဆုတောင်းခဲ့လို့ 'နင့်ရဲ့ ဆန္ဒတွေကို ငါ နားထောင်ပေးမယ်' ဆိုတဲ့ မက်ဆေ့ချ်မျိုး ရခဲ့တာ မဟုတ်လား"

ဒီလို တီထွင်ကြံဆတတ်တဲ့ အတွေးအခေါ်မျိုးကို ကျနော် ပထမဆုံး ကြားဖူးခြင်း ဖြစ်ပေသည်။ ဟန်ဆိုယောင်းက တကယ့်ကို စာရေးဆရာမ တစ်ယောက်ပီသလှချေသည်။

"မ-မဟုတ်ဘူး။ အဲ့ဒါ မဖြစ်နိုင်ဘူးလေ"

"ဒါဆို ဘာလဲ"

သူ့စကားကို ကြားလိုက်ရသည့်အခါ ကျနော် သိချင်စိတ် ဖြစ်လာမိသည်။ Ways of Survival ထဲမှာ ဘာကြောင့် အာဆုခါ လန်၏ ငြိမ်းချမ်းမြေကို ဇာတ်ဝင်ခန်းအဖြစ် ရွေးချယ်ခဲ့သလဲဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။ Ways of Survival ၏ စာရေးဆရာအကြောင်း အရိပ်အမြွက် တစ်ခုခု ရနိုင်မလားဟု တွေးမိသောကြောင့် ငြိမ်းချမ်းမြေနှင့်ပတ်သတ်ပြီး ထပ်မံသိရှိလိုပေသည်။

"အဲ့ဒါက..."

အာဆုခါ လန် က နောက်သို့ တစ်လှမ်းဆုတ်လိုက်သည့်အချိန်တွင် ဟန်ဆိုယောင်း က ဓါးကို ဆွဲထုတ်လိုက်သည်။ သူတို့ကြားထဲ ကျနော် ဝင်တားလိုက်၏။

"ငါ တကယ် သိချင်ပေမဲ့ အခုတော့ နားထောင်ဖို့ အချိန်မရှိဘူး ထင်တယ်"

"ဟင်"

"ပြေးကြတော့"

ကျနော်တို့ ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကျနော်တို့ ရပ်နေခဲ့သည့် နေရာကို ထက်မြက်သည့် ဓါးများက ခုတ်ပိုင်းလိုက်လေပြီ။

အာဆုခါ လန် သည် မျက်နှာဖြူလျော်ကာ အသည်းအသန် ပြေးတော့သည်။ ဟန်ဆိုယောင်း က မေး၏။

"ချီး။ သူတို့ ဘယ်တုန်းက ငါတို့နောက်ကို လိုက်လာတာလဲ"

"သူတို့က ကိုယ်ရောင်ဖျောက်တာမှာ တော်ကြတယ်"

"ဘယ်နှစ်ယောက်လဲ"

"လေးယောက်"

သူတို့သည် ကျနော်တို့ကို အထင်မသေးဘဲ လုပ်ကြံရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ကျနော်တို့တွင် အခွင့်အရေး မရှိချေ။

အာဆုခါ လန် က အမောတကောဖြင့်ပြောသည်။

"လေအရိပ် တပ်ဖွဲ့ ဖြစ်မယ်ထင်တယ်။ သူတို့က ခေါင်းရှစ်လုံး၏ အရှင်သခင်ရဲ့ လက်အောက်ငယ်သားတွေပါ"

"ဒီချာတိတ်တွေရဲ့ နာမည်တွေက ထူးဆန်းလိုက်တာ"

ယခုအချိန်သည် ကျနော့်နောက်ကို သူတို့တွေ လိုက်ရမည့် အချိန်မဟုတ်ပေ။ အိုရိုချိ ၏ နာမည်ရင်းကို ပြောလိုက်မိခြင်းမှာ မှားသွားပုံရသည်။ ကျောက်ဆောင်နယ်မြေထဲ ရောက်သွားသည်နှင့် ကျနော်တို့၏ လှုပ်ရှားနိုင်သည့် အတိုင်းအတာမှာ ပိုကောင်းလာ၏။

ထိုသို့ဖြစ်ရခြင်းမှာ အာဆုခါ လန် ၏ လမ်းပြမှုကြောင့်ပင်။ တစ်ဖန် ပြန်ပြောရလျှင် ကမ္ဘာကို ဖန်တီးခဲ့သည့်သူမှာ ထူးခြားသူ ဖြစ်ပေသည်။

သို့ပေသိ လေအရိပ် တပ်ဖွဲ့ က ကျနော်တို့နောက်ကို လိုက်လာသဖြင့် အကွာအဝေးမှာ ကျဉ်းမြောင်းလာသည်။

ဟန်ဆိုယောင်း က ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သလိုမျိုး ပြော၏။

"အာ... ငါတော့ မသိတော့ဘူး။ ကင်ဒေါ့ဂျာ… နင် အရင်သွား။ ငါ အချိန်နည်းနည်း ဆွဲထားပေးမယ်"

"နင် အဆင်ပြေပါ့မလား"

"နင် ငါ့အကြောင်း မသိဘူးလား။ ငါက သေတဲ့နေရာမှာ ဆရာကြီးပဲ"

"ဒါဆို နင့်ကို ယုံလိုက်မယ်"

အာဆုခါ လန် ကို ဆွဲပြီး ကျနော်ပြေးတော့သည်။

"လန်… အချိန်မရှိတော့ဘူး။ မြန်မြန် သူ့ကို ရှာတော့"

"ကျ-ကျမ ရှင် ဘာပြောနေတာလဲ မသိဘူး"

"ပြန်လာသူ ကိုင်ရီယော့စ် ကို ရှာတော့"

"ဟမ်"

ပျံသန်းလာသည့် ဓါးတစ်လက်ကို ရှောင်ရင်း ကျနော် အော်လိုက်သည်။ ဟန်ဆိုယောင်း က လူအချို့ကို လွတ်သွားစေပုံရ၏။

"ကိုင်ရီယော့စ် ဘယ်မှာလဲ ပြောစမ်း"

"...အဲ့ဒါ ဘယ်သူလဲဆိုတာ ကျမ မသိဘူး"

မသိဟုပြောမည်ကို ကျနော် ခန့်မှန်းထားပြီးသား ဖြစ်သည်။ Ways of Survival ထဲတွင် ကိုင်ရီယော့စ် က ဒီမှာ ရှိနေသည်ဟုသာ ဖော်ပြထားပြီး တိုက်ရိုက် ထွက်မလာခဲ့ပေ။

"ကျမ တကယ် မသိတာ။ အဲ့ဒီလို လူမျိုးကို ကျမ မဖန်တီးခဲ့ဘူး"

"မဟုတ်ဘူး။ နင်သိတယ်။ သူက ငြိမ်းချမ်းမြေ ၏ တစ်ဦးထဲသော အင်အားကြီးသူပဲ"

"ကျမရဲ့ မန်ဂါထဲမှာ အဲ့ဒီလိုလူ မပါဘူး။ ပြီးတော့ ကျမရဲ့မန်ဂါထဲက ဇာတ်ကောင်တွေက အားနည်းကြတယ်"

ထို့စဉ် ဓါးတစ်လက်က ကျနော်တို့ဆီသို့ ထိုးစိုက်လာသည်။ ကျနော် အမြန် လှည့်ရှောင်ပြီး ရပ်လိုက်၏။ ကျနော် ဒီလို မလုပ်ချင်သော်လည်း အာဆုခါ လန်ကို အနာပေါ်တုတ်ကျအောင် လုပ်ရပေတော့မည်။

"နင့်ရဲ့ ငြိမ်းချမ်းမြေမန်ဂါက ၁၁ ပိုင်းမြောက်မှာတင် စောစောစီးစီး ရပ်ဆိုင်းခံလိုက်ရတယ်။ အဲ့ဒီနောက်မှာလည်း နင့်ရဲ့ စာအုပ် တစ်အုပ်တောင် ထွက်မလာခဲ့ဘူး"

"ဘ-ဘယ်လိုလုပ်ပြီး သိတာလဲ"

"နင့်ရဲ့ စိတ်ထဲမှာ စစ်မှန်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို လိုချင်ခဲ့မှန်း ငါ သိတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ နင့်ရဲ့ မန်ဂါက တကယ်ရော စစ်မှန်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ဟုတ်ရဲ့လား"

လေအရိပ် တပ်ဖွဲ့ မှ လူနှစ်ယောက် မီးခိုးများကြားမှ ထွက်လာလေသည်။ ကျနော့် ပုံမှန် အစွမ်းဖြင့်ဆိုလျှင် သူတို့ကို ရင်ဆိုင်နိုင်သော်လည်း အခုတော့ တစ်ယောက်ကို တားရန်တောင် ခက်ခဲနေလေ၏။​ ကာတာနာဓါးကို ကျနော် ဖယ်ထုတ်လိုက်သော်လည်း ကျနော့် လက်ကောက်ဝတ် ကျိုးသွားလေသည်။

အသန့်စင်ဆုံးဓါးစွမ်းအင်ကို အသက်သွင်းပြီး တည်ငြိမ်စွာ ကျနော်အော်လိုက်သည်။

"တစ်ကြိမ်ပဲ ဖြစ်ဖြစ်၊ စာဖတ်သူတွေရဲ့ တုံ့ပြန်မှုကို မြင်ပြီး နင် ဒေါသထွက်ခဲ့တဲ့အချိန်မှာ လူတစ်ယောက်ပုံကို နင်ဟာ ဆွဲခဲ့တယ်"

"ဘ-ဘာတွေ ပြောနေတာလဲ"

"သူက ငြိမ်းချမ်းမြေ နဲ့ မကိုက်ညီတဲ့ အင်အားကြီးသူ တစ်ယောက်ပဲ။ အဲ့ဒီလို လူမျိုးကို ဆွဲပြီး လူထု အကြိုက်လိုက်ခဲ့မိတဲ့အတွက် နင်ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားခဲ့ရတယ်။ အဲ့ဒီ အပြစ်ရှိစိတ်က နင့်ရဲ့ ငြိမ်းချမ်းမြေ ကို ဖျက်ဆီးခဲ့တာပဲ"

"မဟုတ်ဘူး။ ကျမ အဲ့ဒီလို မလုပ်ခဲ့ဘူး"

"ကျေးဇူးပြုပြီး အဆုံးအထိ တာဝန်ယူပေးပါ။ ဒီကမ္ဘာကို ကြည့်နေတဲ့ စာဖတ်သူက တစ်ယောက်တည်းပဲ ရှိရင်တောင်မှ အဆုံးအထိ တာဝန်ယူပေးပါ"

"အား... အား..."

ဓါးချက်များကို ရှောင်တိမ်းရန် ကျနော့်အတွက် ပိုပိုပြီး ခက်ခဲလာသည်။ ထိတ်လန့်သွားသည့် အာဆုခါ လန် မှာမူ လုံးဝ တောင့်တင်းနေလေပြီ။ ကာတာနာ ဓါးနှစ်လက်က ကျနော့် အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဦးတည်ပြီး ပျံဝဲလာ၏။

ချီး။ ငါမှားသွားတာလား။

"...တောင်းပန်ပါတယ်၊ တကယ် တောင်းပန်ပါတယ်"

ထို့နောက် အသံတစ်ခု ကြားလိုက်ရတော့သည်။

"ရှင် ပြောတာ မှန်တယ်။ ကျမက တကယ်ကို..."

ခဏလေးအတွင်းမှာပင် ပတ်ဝန်းကျင်၏ လေထုမှာ ပြောင်းလဲသွားသည်။ အေးစိမ့်လွန်းသဖြင့် ကျနော့်၏ ခြေလက်များ တောင့်တင်းသွားသလို ခံစားလိုက်ရ၏။ ထို့နောက် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။

[မင်းက ဘယ်သူလဲ]

ကျနော် နောက်လှည့်မကြည့်သော်လည်း ဒါက နက္ခတ်များ နှင့် တန်းတူညီမျှသည့် တည်ရှိမှုမျိုးဆိုသည်မှာ သိသာလှသည်။ မဟုတ်လျှင် ကျနော့်၏ Fourth Wall က ဒီလောက် တုန်ခါနေမည် မဟုတ်ပေ။

ကျနော် ရှေ့သို့ ကြည့်လိုက်သည့်အခါ ဂျပန်လူမျိုးများမှာ ကျောက်ရုပ်များလို ရပ်နေကြသည်ကို တွေ့ရသည်။ ကောင်းကင်မှ ဖြူစင်သည့် လျှပ်စီးများ သူတို့ဆီသို့ ကျဆင်းလာသဖြင့် သူတို့ စကားတောင် မပြောနိုင်ကြချေ။ အင်အားကြီးသည့် ကပ်ဘေးများသည် လျှပ်စီးများကြောင့် ပြာအဖြစ် ပြောင်းလဲသွားလေပြီ။

လျှပ်စီးများကို ဖြစ်ပေါ်စေသည့် တိမ်တိုက်များ ပျောက်ကွယ်သွားသည့်အခါတွင်မူ အရုပ်လေးတစ်ရုပ်က လွင့်မျောနေလေသည်။ မယုံနိုင်စရာပင်။ လေထဲတွင် လွင့်မျောနေသည့် အင်အားကြီး တည်ရှိမှုမှာ တကယ်တော့ လူသေးသေးလေးတစ်ယောက် ဖြစ်နေလေ၏။

...ငါ ခင်းတဲ့ ထောင်ချောက်ထဲကို ဒီကောင်သေချာ တိုးဝင်လာပြီ။

[ငါ ထပ်မေးမယ်။ မင်းက ဘယ်သူလဲ]

"တွေ့ရတာ ဝမ်းသာပါတယ်၊ ကိုင်ရီယော့စ်"

ငြိမ်းချမ်းမြေ ၏ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်သည် Ways of Survival ထဲတွင် အင်အားအကြီးဆုံး ပြန်လာသူများထဲမှ တစ်ယောက်ပင် ဖြစ်လေသည်။

အခန်း (၁၂၈)

-အပိုင်း ၂၅ - နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ကြသူများ (၂)

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု အတွင်းရှိ အင်အားအကြီးဆုံး တည်ရှိမှုများကို 'နက္ခတ်များ' ဟု ခေါ်လေ့ရှိကြသည်။ ထိုသူတို့သည် ကမ္ဘာတိုင်း၏ ဇာတ်လမ်းများကို အထက်မှနေ၍ စောင့်ကြည့်နေကြသူများ ဖြစ်၏။

သို့ပေသိ ကျနော် ယခင်က ပြောခဲ့ဖူးသကဲ့သို့ နက္ခတ်များကို ပြန်လည်ရင်ဆိုင်နိုင်သူမှာ နက္ခတ်များ သာလျှင် ရှိသည်မဟုတ်ချေ။ နက္ခတ်များ ဖြစ်မည့်လမ်းစဉ်ကို ငြင်းပယ်ပြီး နတ်ဆိုးဘုရင်များ ဖြစ်လာသူများ သို့မဟုတ် မွေးကတည်းက မိစ္ဆာအားလုံး၏ အထက်တွင် စိုးမိုးထားသည့် နဂါးများလည်း ရှိကြပေသည်။

သို့ဆိုလျှင် လူသားများကရော မည်သို့နည်း။ လူသားဘဝ၏ လမ်းစဉ်အတိုင်း မလျှောက်လှမ်းဘဲ နက္ခတ်များကို ဆန့်ကျင်နိုင်သည့် အဆင့်အထိ ရောက်ရှိနိုင်သည့် လူသားများ ရှိနိုင်ပါသလော။

ထိုမေးခွန်း၏ အဖြေမှာ ယခု ကျနော့်ရှေ့တည့်တည့်တွင် ရှိနေလေပြီ။

[စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းက တခြားဂြိုဟ်တစ်ခုအတွက်နဲ့ မင်းရဲ့ တည်ရှိမှုကို စတေးခဲ့တာလား]

ကိုင်ရီယော့စ် က ကျနော့်၏ မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်လေသည်။ ထို့နောက် ကျနော့်ဘေးတွင် ကြောက်လန့်နေသည့် အာဆုခါ လန် ကို တစ်ချက် ဝေ့ကြည့်လိုက်၏။

[မင်းရဲ့ သတ္တိကို ကြည့်ပြီး ဒီတစ်ကြိမ်တော့ ငါ ခွင့်လွှတ်ပေးလိုက်မယ်။ အဲ့ဒီ အမျိုးသမီးကို ခေါ်ပြီး ထွက်သွားတော့]

ပြန်လာသူဆိုသည်မှာ အထူးပါရမီများနှင့် မွေးဖွားလာသူများဖြစ်ပြီး ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ ကောင်းချီးကြောင့် လူသားအဆင့်အတန်းထက် ကျော်လွန်သွားသူများ ဖြစ်ကြသည်။

ပြန်လာသူများထဲတွင် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် သည် အထူးခြားဆုံး တည်ရှိမှုတစ်ခု ဖြစ်၏။ သူသည် ပြန်လာသူများထဲတွင် အလွန်အမင်း အင်အားကြီးမားပြီး ဒိုကဲဘီ များ ဖန်တီးထားသည့် ဇာတ်လမ်းများထဲသို့ ဆွဲသွင်းမခံရရုံမျှမက ငွေကြေး အမြောက်အမြားကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် Ways of Survival ထဲတွင် မည်သည့်အခါမျှ အသုံးမချခံခဲ့ရသည့် ပြန်လာသူတစ်ဦးလည်း ဖြစ်ပေသည်။

"ကျနော် ခင်ဗျားကို ပြောစရာ ရှိတယ်"

[...ပြောစရာ ဟုတ်လား]

သာမန်အဆင့်ထက် ကျော်လွန်နေသည့် စွမ်းရည်များက ထွက်ပေါ်လာပြီး ကျနော့်ဆီသို့ သူ၏ တည်ရှိမှုကို ထုတ်ဖော်ပြသလာလေသည်။ ထိုအရာသည် တည်ရှိနေရုံမျှဖြင့် သာမန်လူသားများကို ဖျက်ဆီးပစ်နိုင်သည့် နက္ခတ် တစ်ပါး၏ ဖိအားမျိုးပင် ဖြစ်သည်။

[မင်းက ငါနဲ့ စကားပြောနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ထင်လို့လား]

ကျနော့်တစ်ကိုယ်လုံးတွင် ရှိသမျှ အရည်များ အပြင်သို့ ထွက်လာသလား ထင်ရလောက်အောင်ပင် ကျောပြင်မှာ ချွေးများဖြင့် စိုရွှဲသွားရသည်။

[မင်းက ဘတ်ချွန်းကိုတောင် ဆန့်ကျင်ရဲတာလား]

သူသည် အလွန်ပင် သန်မာလှသည်။ လူသေးသေးလေးတစ်ယောက်က ဤမျှအထိ မည်သို့ သန်မာနေရသနည်းဟု တွေးမိသည့်အခါ ကျောချမ်းသွားရ၏။

[သီးသန့်စွမ်းရည် 'Fourth Wall' အသက်ဝင်လာပါသည်။]

သို့ပေသိ ကျနော့်တွင် 'အကာအရံ' ရှိလေသည်။ အကာအရံ၏ အပြင်ဘက်တွင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ရှိနေပါစေ ကျနော် ထိုစည်းကို မကျော်သရွေ့ ကျနော့်ကို ထိခိုက်စေနိုင်မည် မဟုတ်ချေ။

[ဇာတ်ကောင် 'ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်' သည် သင့်အပေါ် စိတ်ဝင်စားမှု ရှိလာပါသည်။]

ကိုင်ရီယော့စ် သည် ထူးဆန်းသည့် အချက်တစ်ခုကို သတိထားမိသွားပုံရသည်။

[...မင်းက တောင့်ခံနိုင်တာလား။ ဘယ်လိုလုပ်ပြီးတောင့်ခံနိုင်ရတာလဲ။ မင်းမှာ ပိုမိုမြင့်မြတ်တဲ့ တည်ရှိမှုတစ်ခုရဲ့ ကာကွယ်မှု ရှိနေတာလား]

တခြားအရာတွေကို သူ စိတ်မဝင်စားသွားခင် ကျနော် အမြန်ပင် ပြောလိုက်ရသည်။

"ကိုင်ရီယော့စ်၊ ဒီကမ္ဘာက ခင်ဗျားရဲ့ အကူအညီကို လိုအပ်နေတယ်"

ကိုင်ရီယော့စ် ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

[ဒါကြောင့် မင်းက ငါ့ကို လာရှာတာလား]

"ဟုတ်ပါတယ်"

[လူသေးသေးလေးတွေရဲ့နက္ခတ်က အကူအညီတောင်း နေတာမလား...]

ထိုစဉ် 'လူသေးသေးလေး'တွေ၏နက္ခတ် က ပြန်လည် တုံ့ပြန်လာလေသည်။

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်ကို မျက်ရည်လည်ရွဲဖြင့် ကြည့်နေပါသည်။]

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်ကို ၁၀ ဒင်္ဂါး ထောက်ပံ့ပေးလိုက်ပါသည်။]

ကိုင်ရီယော့စ်က မျက်မှောင်ကြုတ်လိုက်၏။

[ငါ့ကိုထောက်ပံ့ပေးဖို့ မလိုဘူး]

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် အလွန်အမင်း တုန်လှုပ်သွားပါသည်။]

ကလေးငယ် တစ်ယောက် သေးပေါက်ချသကဲ့သို့ မိုးစက်အချို့ ကောင်းကင်မှ ကျဆင်းလာသည်။

[...ကမ္ဘာတိုင်းမှာ ပျက်စီးရမယ့် အချိန်ရှိသလို ဇာတ်လမ်းတိုင်းမှာလည်း အဆုံးသတ် ရှိတာပဲ။ ဒီဂြိုဟ်အတွက်တော့ အဲ့ဒီအချိန်က အခုပဲ]

အဝေးသို့ ငေးကြည့်နေသည့် ကိုင်ရီယော့စ် ၏ မျက်လုံးများတွင် မည်သည့် ခံစားချက်မျှ မရှိချေ။ သို့ပေသိ ကျနော် သိသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးအပေါ် မည်မျှပင် ထုံထိုင်းသွားပါစေ၊ မိမိကိုယ်တိုင်၏ ဇာတ်လမ်း ဘောင်အတွင်းမှ လွတ်မြောက်နိုင်သူ မည်သူမျှ မရှိချေ။

"ဒါဆို ခင်ဗျား ဘာလို့ ဒီကို ပြန်လာတာလဲ။ ခင်ဗျားက ငြိမ်းချမ်းမြေ ကနေ ထွက်သွားခဲ့တာ ကြာလှပြီပဲ"

[...တစ်ခုခုက ငါ့ကို ခေါ်နေသလိုဖြစ်နေလို့လေ]

ကျနော့်မျက်လုံးများက ကိုင်ရီယော့စ် ကို စိုက်ကြည့်နေသည့် အာဆုခါ လန် ဆီသို့ ရောက်သွားသည်။ ကိုင်ရီယော့စ် ဘာကို ခံစားနေရသလဲဆိုသည်ကို ကျနော် ခန့်မှန်းမိ၏။

"ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့။ ခင်ဗျားရဲ့ အိမ်ကို ကာကွယ်ဖို့ ပြန်လာတာ မဟုတ်ဘူးလား"

[ဒီမှာ ကောင်းတဲ့ အမှတ်တရတွေ မရှိဘူး။ ဒီနေရာက...]

"ဒီနေရာက ခင်ဗျားကို 'အားနည်းသူ' တစ်ယောက်အဖြစ် မွေးဖွားခဲ့တဲ့ နေရာမို့လို့လား"

ကိုင်ရီယော့စ် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သွားသည်။

"ခင်ဗျားရဲ့ အမေက ကျိန်စာသင့်တဲ့ ခန္ဓာကိုယ်ကို ပေးခဲ့လို့လား"

[…မင်းက ငါ့အကြောင်းကို တော်တော်လေး သိထားတာပဲ၊ ဇာတ်ဝင်ခန်းရဲ့ ကိုယ်စားလှယ်ကြီး။ ဒါဆို ငါ ဒါပဲ ပြောမယ်။ ထွက်သွားတော့။ ငါ မင်းကို တတိယအကြိမ် ထပ်မပြောဘူး…]

"ခင်ဗျား ကြောက်နေတာလား"

[ဘာ]

"ခင်ဗျား ကြောက်နေတာလားလို့ ကျနော် မေးတာ။ ဒါက ခင်ဗျားရဲ့ ကမ္ဘာပဲ။ ပြီးတော့ နက္ခတ်တွေ က ဒီကမ္ဘာကို ဖျက်ဆီးနေကြတာ။ ခင်ဗျားက ဟိုမြွေကို ကြောက်နေတာလား"

ထိုခဏတွင် ကျနော့်မျက်လုံးများ ထွက်ကျမတတ် ဖြစ်သွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကျနော့်ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်လာ၏။

[မင်း သေချင်နေတယ်ဆိုရင် ငါ သတ်ပေးမယ်]

ကျနော် အသက်ရှူရ ခက်ခဲနေသော်လည်း စကားပြောခြင်းကို မရပ်တန့်ခဲ့ချေ။

"ခင်ဗျား ဘာကြောင့် ဒီကို လာခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ် သည် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ၏ အပြုအမူအပေါ် မကျေမနပ် ဖြစ်နေပါသည်။]

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ၏ တရားမျှတမှုကို ဝေဖန်နေပါသည်။]

[‘ကောင်းကင်ဘုံ၏ စာရေးတော်’ နက္ခတ် သည် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ၏ ဇာတ်ဝင်ခန်းအတွင်း ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ဝေဖန်နေပါသည်။]

သွယ်ဝိုက်သော မက်ဆေ့ချ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကိုင်ရီယော့စ် ၏ စွမ်းအင်များ လျော့ပါးသွား၏။

[ထူးဆန်းတဲ့လူတွေက မင်းနောက်ကို လိုက်နေကြတာပဲ။ မျောက်မင်းနဲ့ နတ်ခေါင်ချုပ်ပါ ပါတာလား။ ဒါက ထူးဆန်းတယ်။ သူတို့က မာန အလွန်ကြီးကြတာလေ…]

ကျနော် သွေးများကို ထွေးထုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"ကျနော်ပြောတာကိုပဲ အာရုံစိုက်ပါ။ ခင်ဗျားက ဒီဂြိုဟ်ရဲ့ အဆုံးသတ်ကို ကြည့်ဖို့ လာခဲ့တာလား"

[ငါ ဒီဂြိုဟ်ကို မကူညီနိုင်ဘူး]

သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အပြာရောင် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်။ ထိုအရာသည် ဖြစ်နိုင်စွမ်း မုန်တိုင်းပင် ဖြစ်၏။ ထိုမုန်တိုင်းမှာ လေအရိပ် အဖွဲ့ဝင် နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ဇာတ်ဝင်ခန်းမှ ဖိတ်ခေါ်ထားသည့် တည်ရှိမှုမျိုး မဟုတ်သဖြင့် နက္ခတ်များလောက် မပြင်းထန်သော်လည်း ဖြစ်နိုင်စွမ်း ၏ ကန့်သတ်မှုကို ခံနေရခြင်း ဖြစ်လေသည်။

လျှပ်စစ်စပတ်တစ်ခုကို ခိုင်မြဲစွာ ဖမ်းဆုပ်လိုက်ပြီး ကိုင်ရီယော့စ် ပြောလိုက်၏။

[ငါသာ လှုပ်ရှားလိုက်ရင် ဒီဂြိုဟ်ရဲ့ ပျက်စီးမှုကို ပိုပြီး မြန်ဆန်စေရုံပဲ ရှိလိမ့်မယ်]

သူ ဘာကို ဆိုလိုသည်ကို ကျနော် နားလည်လေသည်။ ဖြစ်နိုင်စွမ်း ဆိုသည်မှာ နက္ခတ်များ အတွက် ချိန်ခွင်တစ်ခုနှင့် တူ၏။ အကယ်၍ တစ်ဖက်ဖက်က ခိုင်လုံသော ဖြစ်နိုင်စွမ်း မရှိဘဲ ဇာတ်လမ်း၏ စီးဆင်းမှုကို ပြောင်းလဲလိုက်ပါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ နိယာမက ထိုမျှခြေကို အတင်းအဓမ္မ ပြန်လည်ပြင်ဆင်ပေလိမ့်မည်။

[ငါသာ ဇာတ်ဝင်ခန်းထဲ ဝင်ရောက်စွက်ဖက်ရင် ဇာတ်ဝင်ခန်းကို စောင့်ကြည့်နေတဲ့ တခြား နက္ခတ်တွေ ကလည်း လှုပ်ရှားလာနိုင်တယ်။ ငါ လုပ်နိုင်တာက… ငါ့အိမ်ရဲ့ အဆုံးသတ်ကို စောင့်ကြည့်ဖို့ပဲ…]

ကျနော် မှတ်မိသွားသည်။ ဤအရာမှာ ကျနော် သိထားသည့် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ၏ စစ်မှန်သော 'ပုံရိပ်' ပင် ဖြစ်၏။ သူသည် သူ၏ အိမ်ကို စွန့်ခွာသွားခဲ့ပြီး ရေတွက်၍မရနိုင်သော စမ်းသပ်မှုများကို ကျော်ဖြတ်ကာ ပြန်လာခဲ့သော်လည်း သူ၏ အင်အားကြီးမားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သူ၏ အိမ်ကို မကယ်တင်နိုင်ခဲ့ချေ။

ဤသူမှာ ရှေ့နောက်မညီသော ဘတ်ချွန်း၊ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ပင် ဖြစ်လေသည်။

"ခင်ဗျား ကိုယ်တိုင် လက်နဲ့ လှုပ်ရှားစရာ မလိုပါဘူး"

သို့ပေသိ ကျနော်သာ လွယ်လွယ်လက်လျှော့တတ်မည်ဆိုပါက ကိုင်ရီယော့စ် ကို လာတွေ့နေမည်ပင် မဟုတ်ချေ။

"ခင်ဗျားရဲ့ အဖြူရောင်စွမ်းအင်ရဲ့ အဆင့်မြင့် လျှို့ဝှက်နည်းစနစ်ကို သင်ယူဖို့ တပည့်တစ်ယောက် မလိုဘူးလား"

တည်ငြိမ်နေသည့် ကိုင်ရီယော့စ် မှာ ကျနော့်စကားကြောင့် အလွန်အမင်း တုန်လှုပ်သွား၏။

"ကျနော့်ကို ခင်ဗျားရဲ့ တပည့်အဖြစ် လက်ခံပေးပါ။ ကျနော် ငြိမ်းချမ်းမြေ မှာ ခင်ဗျားရဲ့ ကိုယ်စားလှယ် ဖြစ်ပေးပါ့မယ်"

သို့သော်လည်း ထိုတုန်လှုပ်မှုမှာ ခဏတာသာ ဖြစ်ပေသည်။

[…ငါက ပြင်ပလူတွေကို တပည့်အဖြစ် လက်မခံဘူး။ ပြီးတော့ မင်းရဲ့ ခွန်အားက အရည်အချင်း ပြည့်မီဖို့အတွက် အားနည်းလွန်းနေသေးတယ်]

ကျနော့် မာနမှာ အနည်းငယ် ထိခိုက်သွားရ၏။ အကယ်၍ ယူဂျွန်ဟော့သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ကိုင်ရီယော့စ် က သူ့ကို တပည့်အဖြစ် လက်ခံရန် တွန့်ဆုတ်နေပါဦးမည်လော။

"ဒီလောက်ဆိုရင်ရော ကျနော်က အရည်အချင်း မပြည့်မီသေးဘူးလို့ ထင်သေးလား"

အနီးအနားရှိ သစ်ကိုင်းတစ်ခုကို ကျနော်ကောက်ယူလိုက်သည်။ ကျနော့် မှော်စွမ်းအင်များကို အသန့်စင်ဆုံးဓါးစွမ်းအင်က စုပ်ယူသွားပြီး သစ်ကိုင်း၏ ထိပ်ဖျားတွင် မာဏာလှိုင်းတစ်ခု ဝင်းလက်သွား၏။ ၎င်းမှာ စွမ်းအား အားနည်းနေသော်လည်း ကျနော့်၏ လုပ်ဆောင်နိုင်စွမ်းကို ပြသရန် လုံလောက်ပေသည်။

ကိုင်ရီယော့စ် က အံ့အားသင့်စွာဖြင့် စောင့်ကြည့်နေ၏။ ဒုတိယမြောက် ဇာတ်ဝင်ခန်းတွင် ကျနော် ပထမဆုံး ဝယ်ယူခဲ့သည့်အရာမှာ ဤဖုံးကွယ်ထားသည့် စွမ်းရည်ပင် ဖြစ်သည်။ အသန့်စင်ဆုံးဓါးစွမ်းအင် ဆိုသည်မှာ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ၏ ကျော်ကြားသော နည်းစနစ် ဖြစ်၏။

"ကျနော် ထပ်ပြီး ပြောပါရစေ။ ပြင်ပလူ ကင်ဒေါ့ဂျာ က ဘတ်ချွန်းဂိုဏ်းရဲ့ သခင်ဆီမှာ ကျနော့်ကို လက်ခံပေးဖို့ တောင်းဆိုပါတယ်"

.

.

နာရီအနည်းငယ် ကြာပြီးနောက် ကိုင်ရီယော့စ်က ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။

သူသည် ဘတ်ချွန်း ၏ တောက်လောင်နေသော စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး လူသားတစ်ယောက်၏ အသံဖြင့် ပြောလိုက်သည်။

"ငါ ထွက်သွားပြီးတဲ့နောက် ဘတ်ချွန်းဂိုဏ်း က ပျက်သုဉ်းသွားခဲ့ပြီ။ ဂိုဏ်းက ရှိနေသေးလားဆိုတာကို ငါ မသိဘူး"

သူသည် ဤစကားကို ပြောရန်အတွက် ကျနော့်ကို နှစ်နာရီတိုင်တိုင် စောင့်ခိုင်းထားခဲ့ခြင်း ဖြစ်၏။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ အင်အားကြီးသူများသည် ရှည်လျားလှသော နှစ်ပေါင်းများစွာအတွင်း သူတို့၏ ကိုယ်ပိုင်အသိစိတ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် 'ထူးခြားသော အချိန်ဇုန်' တစ်ခုတွင် ရှင်သန်ကြလေသည်။

"ကောင်းပြီ။ ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်"

ကိုင်ရီယော့စ် သည် ကျနော် မည်သို့ကြောင့် အသန့်စင်ဆုံးဓါးစွမ်းအင် ကို သိနေရသနည်း၊ သူ၏ လျှို့ဝှက်နည်းစနစ်အကြောင်းကို မည်သို့ သိနေရသနည်းအစရှိသည်တို့ကို မမေးခဲ့ချေ။ ထို့နောက်တွင်တော့ လေ့ကျင့်မှုများ စတင်ခဲ့လေပြီ။

…………………………………………………………………………………………….

「 …ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် သည် 'မူရင်(သိုင်းလောက)လောကမှ ပြန်လာသူ' တစ်ဦး ဖြစ်သည်။ သူ့ထံတွင် လူသေးသေးလေးများ၏ မွေးရာပါ ကန့်သတ်ချက်များ ရှိနေသော်လည်း ကိုယ်ခံပညာ အများအပြားကို ကျွမ်းကျင်အောင် သင်ယူခဲ့ပြီး စနစ်၏ အကူအညီ မပါဘဲ သူ၏ မျိုးစိတ်ကို ကျော်လွန်ကာ အောင်မြင်ခဲ့သူ ဖြစ်သည်။ ပထမမူရင်သို့ သူသည် တက်လှမ်းခဲ့ပြီး ခေါင်းဆောင်အဖြစ် အုပ်စိုးခဲ့သည့် သူ၏အကြောင်း ဒဏ္ဍာရီများစွာလည်း ရှိပေသည်။ သူသည် သူ့ထက် အရပ်ရှည်သော ရန်သူအားလုံးကို သတ်ဖြတ်ခဲ့ပြီး၊ သူ၏ အရပ်အမောင်းကို လှောင်ပြောင်သည့် အရက်သမားတစ်ဦး၏ လိင်အင်္ဂါကို ဖြတ်တောက်ပစ်ခဲ့ဖူးသည့်အပြင် နာမည်ကျော် နက္ခတ် တစ်ဦးဖြစ်သည့် 'မြွေ' နှင့်လည်း ပတ်သက်မှု ရှိနေလေသည်… 」

"နင့်ရဲ့ စမတ်ဖုန်းကလည်း သေးသွားတာလား"

ဟန်ဆိုယောင်း ၏ အသံကို ကြားလိုက်ရသဖြင့် ကျနော် စမတ်ဖုန်းကို ပိတ်လိုက်သည်။

" အနန္တနယ်ပယ် အာကာသဝတ်ရုံ ထဲကို ထည့်လိုက်လို့ ဒီလို ဖြစ်သွားတာ"

"ချီး… နင်ကတော့ ကောင်းတာမှန်သမျှ အကုန် တစ်ယောက်ထဲ သိမ်းထားတာပဲ"

ဟန်ဆိုယောင်း သည် လေအရိပ် တပ်ဖွဲ့ ကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ကျနော်တို့နှင့် ပြန်လည် ပူးပေါင်းနိုင်ခဲ့သည်။ လေအရိပ်အဖွဲ့သားတို့သည် ကျနော့်တုန်းကလိုပင် 'သေဆုံးနေသော ရန်သူ'အကွက်ဖြင့် လှည့်စားခံခဲ့ရပုံ ရပေသည်။ ဟန်ဆိုယောင်းက ရေရွတ်လိုက်၏။

"ပထမမူရင်လောက ရဲ့ အသန်မာဆုံးလူ ကိုင်ရီယော့စ် က ငြိမ်းချမ်းမြေ က ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"

"အသန်မာဆုံးလူကိုတော့ ဖုံးကွယ်ထားလို့ မရဘူးလေ၊ သူက အသန်မာဆုံးနဲ့ နီးစပ်တဲ့သူပဲ။ ဒါနဲ့ နင်က ဒီနာမည်ကို ဘယ်လို သိနေတာလဲ"

"ဝတ္ထုရဲ့ ပထမပိုင်းမှာ ဒီနာမည် ပါခဲ့ဖူးတယ်။ ငါကိုယ်တိုင် မြင်ဖူးတာကတော့ ဒါ ပထမဆုံးပဲ"

"ဒါက ငါ့အတွက်လည်း ပထမဆုံးမြင်ဖူးတာပဲ။ ဘာပဲဖြစ်ဖြစ် အာဆုခါ လန် ရဲ့ အနားမှာ ခဏ စောင့်နေပေးဦး"

ကျောက်ဆောင်ထူထပ်သော နေရာတွင် ကိုင်ရီယော့စ် ထံမှ ကျနော်သင်ယူခဲ့သည်။ ကျနော့် ရည်မှန်းချက်မှာ နှစ်ပတ်အတွင်း ကိုင်ရီယော့စ် ၏ လျှို့ဝှက်နည်းစနစ်ကို သင်ယူပြီး ဗာရိုနီကာ သို့ ပြန်ရန် ဖြစ်သည်။ အကယ်၍ ဇာတ်လမ်းက မူရင်းအတိုင်း စီးဆင်းသွားမည်ဆိုပါက ဤအချိန်သည် ဂျပန်ဘုရင်ဖြစ်သူ ခေါင်းရှစ်လုံး၏ အရှင်သခင် က နိုင်ငံ လေးနိုင်ငံလုံးကို နင်းခြေရန် လှုပ်ရှားလာမည့် အချိန် ဖြစ်ပေသည်။

ဟုတ်ပေသည်။ အရာအားလုံးက ထင်သလောက် မလွယ်ကူခဲ့ချေ။ ပထမဆုံးနေ့တွင် ကိုင်ရီယော့စ် ကျနော့်ကို ပေးခဲ့သော တာဝန်မှာ ဤအရာပင် ဖြစ်သည်။

"ဒါကို အကြိမ် တစ်သန်း ထပ်ခါတလဲလဲ လုပ်"

"…အကြိမ် တစ်သန်းဟုတ်လား"

"ဟုတ်တယ်။ တစ်သန်း။ ငါ စောနက ပြလိုက်တာကို သေချာ မြင်လိုက်ရဲ့လား"

ကျနော် သေချာ မြင်လိုက်ရပါသည်။ ကိုင်ရီယော့စ် သည် ကျနော့်ရှေ့တွင် ရပ်ကာ သူ၏ ဓါးကို ဆန့်ထုတ်လိုက်သည်။ ထိုဓါးကွက်မှာ အခြေခံ 'ထိုးချက်' ပုံစံ ဖြစ်၏။

"ဘာလို့ ဒါကို…"

"တပည့်တိုင်းက ဒီကနေပဲ စရတယ်။ အသေးငယ်ဆုံး အချက်အခြာကို ဦးတည်ပြီး တိုက်ခိုက်နိုင်ဖို့က အရေးကြီးတယ်။ အစွမ်းကုန် အာရုံစိုက်ပြီး လေ့ကျင့်ထားတဲ့ 'အမှတ်' တစ်ခုထဲမှာပဲ စတင်ရမယ်"

"…ကျနော် နားလည်ပါပြီ"

သူ ဘာကို ဆိုလိုသလဲဆိုတာကို အမှန်တိုင်းပြောရလျှင် ကျနော်မသိချေ။

"မင်းက ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့လို့ သေးငယ်ခြင်းရဲ့ အဓိပ္ပာယ်ကို မသိတာ"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် တစ်ခုခုက ကျနော့်ခေါင်းထဲသို့ ဝင်လာသည်။ Ways of Survival အရ ကိုင်ရီယော့စ် သည် သူ၏ အရပ်အမောင်းနှင့် ပတ်သက်ပြီး စိတ်အားငယ်မှု ရှိလေသည်။ သူ့ကို ကျနော်ပြောလိုက်၏။

"လူသားတွေကလည်း အဲ့လောက်ကြီး မကြီးမားပါဘူး"

"ဟုတ်တယ်။ ငါ ပြောချင်တာက အဲ့ဒါပဲ။ နောက်ဆုံးတော့ ငါတို့ အားလုံးက စကြဝဠာရဲ့ အမြင်မှာဆိုရင် ဖုန်မှုန့်လေးတွေပဲ။ ဒါကြောင့် လူသေးသေးလေးကို လူသေးသေးလေးလို့ ခေါ်တာက မှားတယ်။ လူသားတွေရော လူသေးသေးလေးတွေရောက နောက်ဆုံးတော့ ဖုန်မှုန့်တွေပဲလေ"

သူသည် သူ၏ ပုပြတ်သော အရပ်ကို ဆင်ခြေပေးနေသကဲ့သို့ပင်။

"ဒါပေမဲ့ ဖုန်မှုန့်အကြီးက ဖုန်မှုန့်အသေးနဲ့ မတူဘူး မဟုတ်လား"

"အရေးကြီးတာက စကြဝဠာရဲ့ အရွယ်အစားပဲ၊ ဖုန်မှုန့်ရဲ့ အရွယ်အစား မဟုတ်ဘူး။ မင်းက ဖုန်မှုန့်စလေး တစ်ခုပဲ ဖြစ်နေရင်တောင် စကြဝဠာ ဘယ်လောက် ကြီးသလဲဆိုတဲ့ အပေါ် မူတည်ပြီး မင်းရဲ့ တည်ရှိမှု အတိုင်းအတာက ကွဲပြားသွားနိုင်တယ်။ မဟုတ်ဘူး၊ ဖုန်မှုန့်စက သေးလေလေ စကြဝဠာရဲ့ မူလအစနဲ့ နီးစပ်လေလေပဲ။ ဒါက အနှစ်သာရကို နားလည်ဖို့ ပိုလွယ်ကူစေတယ်"

ကျနော်ကတော့ နားထောင်လို့ ကောင်းသည်ဟု ထင်မိသည်။

"ဪ"

"မင်း နားလည်လား"

"အဲ့ဒါက ဓါးနဲ့ ထိုးတာနဲ့ ဘာဆိုင်လို့လဲ"

ကိုင်ရီယော့စ် က ကျနော့်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး ပြောလိုက်၏။

"ဒါကြောင့်ပဲ လူတွေက ခန္ဓာကိုယ် အကြီးကြီးနဲ့ မမွေးသင့်တာ။ ဓါးထိုးတာကိုပဲ ကြိုးစားပြီး လုပ်စမ်း"

ထို့နောက်တွင်တော့ ကိုင်ရီယော့စ် ပျောက်ကွယ်သွားတော့သည်။ သူ ကျနော့်အပေါ် စိတ်ပျက်သွားပုံ ရ၏။ ထိုသို့ဖြစ်ခြင်းမှာ သဘာဝကျပေသည်။ လေ၏လမ်းစဉ်ကတည်းက ကျနော့်၏ ညံ့ဖျင်းလှသော ပါရမီကို သက်သေပြခဲ့ပြီးသားပင် ဖြစ်လေသည်။ လျှို့ဝှက်နည်းစနစ်ကို သင်ယူရန် နှစ်ပတ်အစား ဆယ်စုနှစ် နှစ်ခုလောက် ကြာနိုင်လောက်သည်။

လေးရက် ကုန်ဆုံးသွား၏။

"တည့်တည့်လုပ်စမ်း။ သေသေချာချာ လုပ်ဖို့ မကြိုးစားဘူးလား"

ငါးရက် ကုန်ဆုံးသွား၏။

"ဒါကြောင့်ပဲ ခန္ဓာကိုယ် အကြီးကြီးနဲ့ မွေးလာတဲ့သူတွေက…"

တစ်ပတ် ကုန်ဆုံးသွား၏။ လူကောင်ကြီးသူများအပေါ် ကိုင်ရီယော့စ် ၏ မုန်းတီးမှုက မရပ်တန့်ခဲ့ချေ။

" ပိုးကောင်အဖြစ် မွေးဖူးလား။ ပိုးဟပ်တွေတောင် မင်းထက် ပိုပြီး မြန်မြန် သင်ယူနိုင်လိမ့်မယ်"

"အဲ့လို ပိုးဟပ်မျိုး ရှိတယ်ဆိုရင် ကျနော် သူ့ကို ဆရာအဖြစ် တင်မြှောက်ချင်ပါတယ်"

"မင်း သေချင်နေတာလား"

နောက်ဆုံးတွင်တော့ ဒုတိယမြောက် သီတင်းပတ်၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။ ဓါးထိုးရသည်ကို ငြီးငွေ့လာပြီး ကျနော် လဲကျသွား၏။

"မင်းကတော့ကွာ…"

စွမ်းရည်ကို ကျနော်မသင်ယူနိုင်သေးချေ။ ကိုင်ရီယော့စ် သည် ကျနော့်ပါရမီအပေါ် အလွန်အမင်း စိတ်ပျက်သွားပြီးမကြာမီ ပျောက်ကွယ်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် ခဏတာ တိုက်ခတ်သွားသည့် လေပြေလေးတစ်ခုနှင့် တူပေသည်။

ကိုင်ရီယော့စ် လုံးဝ ထွက်ခွာသွားသည်နှင့် အနီးအနားတွင် စောင့်နေသည့် အာဆုခါ လန် နှင့် ဟန်ဆိုယောင်း တို့ကို ကျနော် တွေ့လိုက်ရသည်။

"ကဲ… ထွက်ပြေးကြရအောင်"

"ဘာဖြစ်တယ်။ နင် အကုန် သင်ယူပြီးပြီလား။ ကြည့်ရတာ နင် ဘာမှ မလုပ်နိုင်ခဲ့တဲ့ ပုံစံပဲကို"

"ငါက ခိုးယူခဲ့တာ"

ကျနော် ငြိမ်သက်စွာ မျက်လုံးမှိတ်လိုက်ပြီး တစ်စုံတစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သိပ်မကြာခင်တွင် ပြင်းထန်သော အဖြူရောင် လျှပ်စီးများ ကျနော့်ပတ်ပတ်လည်တွင် ခုန်ပေါက်လာ၏။ ကိုင်ရီယော့စ် ၏ လျှို့ဝှက်နည်းစနစ်ဖြစ်သော လျှပ်စစ်ဓာတ်သွင်းခြင်းပင် ဖြစ်လေသည်။

"ဟမ်။ ဒါက ဘာကြီးလဲ။ နင်က သေသေချာချာ လုပ်နိုင်ခဲ့တာမဟုတ်ဘူးလေ…"

"ငါ ပြောပြီးပြီလေ။ ခိုးယူခဲ့တာပါဆို"

[‘ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်’ ကို ပဉ္စမမြောက် စာမှတ် ထဲသို့ ထည့်သွင်းလိုက်ပါပြီ။]

ဒါက ကျနော့် မူလရည်ရွယ်ချက်ပင်။ အသန်မာဆုံး ပြန်လာသူ ကိုင်ရီယော့စ် ကို ကျနော့်၏ စာမှတ် စွမ်းရည်ထဲသို့ ထည့်သွင်းလိုက်ပြီး သူနှင့် ပတ်သက်သည့် နားလည်မှုကို အတတ်နိုင်ဆုံး မြှင့်တင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။

ပြောရမည်ဆိုလျှင် ကိုင်ရီယော့စ်ကိုယ်တိုင်က ကျနော့်ကို သေသေချာချာ သင်ပေးရန် ဆန္ဒမရှိခဲ့ချေ။ ကိုင်ရီယော့စ် ကဲ့သို့သော သန်မာသည့် လူများသည် မြှောက်ပင့်စကား ပြောရုံဖြင့် သူတို့၏ လျှို့ဝှက်နည်းစနစ်များကို ပေးအပ်မည့်သူမျိုး မဟုတ်ကြပေ။

သူ၏ ရည်ရွယ်ချက်မှာ ဇာတ်ဝင်ခန်း ပြီးဆုံးသည်အထိ ကျနော့်ကို ဤနေရာတွင် ထိန်းသိမ်းထားရန်နှင့် ဇာတ်ဝင်ခန်း ပြီးဆုံးသွားသည့်အခါ ကျနော် သိထားသမျှကို စုံစမ်းရန်အတွက် ကျနော့်ကို နှိပ်စက်ရန်တို့ ဖြစ်ပေသည်။

"ဒါကြောင့်မလို့လည်း ငါတို့ ထွက်ပြေးရမှာ"

"အေးပါ။ ငါ နားလည်ပြီ"

ဟန်ဆိုယောင်း က တတွတ်တွတ် ညည်းညူလိုက်၏။ ကျနော်တို့ ပြင်ဆင်မှုများ ပြီးဆုံးသည့် အချိန်တွင် အဝေးတစ်နေရာမှ နေရောင်ခြည်က စတင် လင်းလက်လာခဲ့သည်။

အရုဏ်ဦး၏ နွေးထွေးမှုက ကျနော်တို့ကို ဝန်းရံထား၏။ ငြိမ်းချမ်းမြေသည် နှစ်ပတ်လျှင် တစ်ကြိမ် ရာသီဥတု ပြောင်းလဲလေသည်။ လေ့ကျင့်မှု စတင်ချိန်က ဆောင်းရာသီ ဖြစ်သော်လည်း ယခုအခါ နွေဦးရာသီ ရောက်ရှိလာခဲ့ပြီ။

အာဆုခါ လန် က ရုတ်တရက် မျက်နှာ ပျက်သွားသည်။

"ခေါင်းရှစ်လုံး၏ အရှင်သခင် လှုပ်ရှားလာပြီ"

"တကယ်လား"

"သူက အကြွင်းမဲ့ဘုရင် ပလ္လင်ကို သုံးပြီး ဂျပန် ကိုယ်စားလှယ် တွေကို စုစည်းနေတယ်"

အချိန်ကျလာပြီ။ နွေဦးရာသီသည် ဆောင်းခိုနေသည့် မိစ္ဆာများ တစ်ကောင်ပြီးတစ်ကောင် နိုးထလာသည့် ရာသီ ဖြစ်၏။

'မြွေအမဲလိုက်ခြင်း' ရာသီသည် မကြာမီ ရောက်ရှိလာပေတော့မည်။

All Chapters