အခန်း (၁၃၈-၁၄၀)
Vol. 9 Ch. 138-140
အခန်း ၁၃၈
- အပိုင်း ၂၇ - ဖတ်မရနိုင်သော (၂)
လူတိုင်းတွင် မိမိတို့အပေါ် လွှမ်းမိုးမှုရှိသော စကားလုံးအချို့ ရှိကြသည်။ လီဟန်းဆောင်အတွက်လည်း ထိုကဲ့သို့ပင် ဖြစ်၏။ ဥပမာအားဖြင့် လီဟန်းဆောင် တက္ကသိုလ်ကျောင်းသား ဘဝတုန်းက ဆရာဖြစ်သူထံမှ အများဆုံး ကြားခဲ့ရသည့် စကားများမှာ -
'အားလုံးပဲ၊ တီထွင်ကြံဆနိုင်စွမ်း ရှိကြစမ်း'
'တခြားသူတွေ မတွေးနိုင်တဲ့အရာကို တွေးကြည့်ကြစမ်း'
'မင်းတို့တွေ ဒီဘောင်ထဲကနေ ရုန်းထွက်နိုင်ရမယ်'
ထိုစဉ်က လီဟန်းဆောင်သည် 'ဒါဆို ငါ ဘယ်လိုလုပ်ရမှာလဲ' ဟု တွေးခဲ့မိသည်။
ကလေးဘဝကတည်းက ကျောင်းတက်၊ ထမင်းစား၊ အိပ်စက်ခြင်းဖြင့်သာ ကျင့်သားရနေခဲ့သော လီဟန်းဆောင်အတွက် လူ့အဖွဲ့အစည်း၏ တောင်းဆိုချက်များမှာ ရုတ်တရက်ဆန်လွန်းလှပေသည်။
ယခင်က မည်သို့လှုပ်ရှားရမည်ကို အမြဲညွှန်ကြားခံခဲ့ရသော်လည်း၊ ယခုတွင်မူ သူ တစ်ခါမျှ မလုပ်ဖူးသောအရာကို လုပ်ရန် အတင်းအကျပ် ခိုင်းစေခံနေရခြင်းပေလော။
တီထွင်ကြံဆနိုင်စွမ်း ဆိုသည်မှာ အဘယ်နည်း။ တခြားသူများ မတွေးနိုင်သော အကြံဉာဏ်ကို တွေးခြင်းဆိုသည်မှာကော အဘယ်နည်း။ အဘယ်ကြောင့် ဤကဲ့သို့ လုပ်ဆောင်ရမည့် ကမ္ဘာကြီး ဖြစ်သွားရသနည်း။ ထိုသို့ဆိုလျှင် သူ ယခင်က ဘာတွေ လုပ်နေခဲ့မိသနည်း။
လီဟန်းဆောင်သည် တက္ကသိုလ်တက်နေစဉ်တစ်လျှောက်လုံး လမ်းပျောက်နေခဲ့ပြီးနောက် စစ်တပ်ထဲသို့ ဝင်ခဲ့သည်။
'မင်းက စစ်သားဖြစ်ဖို့ မွေးဖွားလာတဲ့ ဗီဇရှိပုံပဲ။ အဆင့်မြင့်အရာရှိအဖြစ် လျှောက်ကြည့်ပါလား'
ထိုစဉ်က စီမံခန့်ခွဲသူ၏ စကားကို မကြားခဲ့ရပါက သူ၏ဘဝသည် ယခုအချိန်၌ မည်သို့ ဖြစ်နေမည်နည်း။ သိနိုင်ရန် မဖြစ်နိုင်တော့ပေ။
သူ ရွေးချယ်မထားသော အနာဂတ်နှင့် ပတ်သက်၍ သူ သိထားသောအရာ ဘာမျှမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် စစ်သားတစ်ဦး ဖြစ်လာခဲ့ပြီး သူ၏ရွေးချယ်မှုအပေါ် နောင်တမရဘဲ နေထိုင်ခဲ့သည်။ လူ့အဖွဲ့အစည်းနှင့် အသားကျရန် ခက်ခဲသော လူတစ်ယောက်အတွက် စစ်တပ်မှာ အတော်အတန် သက်သောင့်သက်သာ ရှိလှသည်။
စီမံခန့်ခွဲသူသည် လီဟန်းဆောင်အား အဆင့်မြင့်အရာရှိ စာမေးပွဲအောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့ပြီး ဤသို့ ပြောခဲ့၏။
'ဗိုလ်လေးလီ… မင်း တစ်ခုခုကို မသေချာရင် လမ်းညွှန်စာအုပ်ထဲကအတိုင်းသာ လိုက်လုပ်။ ဒါဆိုရင် အနည်းဆုံးတော့ လူတွေက မင်းကို တာဝန်ရှိတယ်လို့ အပြစ်တင်မှာ မဟုတ်ဘူး'
သူသည် ဂုဏ်ပြုစကားများအစား ဤစကားကို ကြားခဲ့ရခြင်း ဖြစ်သည်။ ထိုမှတ်ဉာဏ်မှာ လွန်ခဲ့သော တစ်ပတ်က စားခဲ့သည့် နေ့လယ်စာကဲ့သို့ပင် ရှင်းလင်းနေဆဲ ဖြစ်၏။ သို့သော်လည်း ထိုစီမံခန့်ခွဲသူနှင့် ပြန်လည် ဆုံတွေ့နိုင်ပါက သူ တစ်ခုလောက် မေးချင်ပေသည်။
'စီမံခန့်ခွဲသူ၊ ကျုပ် အခု ဘာလုပ်သင့်သလဲ'
လီဟန်းဆောင်သည် တိုးဝင်လာသော ငရဲမီးလျှံ ပင်လယ်ကြီးကို ကြည့်ရင်း သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
'ဒီလို အခြေအနေမျိုးအတွက် ကျုပ်မှာ လမ်းညွှန်စာအုပ် မရှိဘူး'
စစ်သားကဲ့သို့ အော်ဟစ်လိုက်ခြင်းက ပို၍ လွယ်ကူလိမ့်မည်ဟု တွေးတောရင်း လီဟန်းဆောင်က အော်ပြောလိုက်၏။
"ယောင်ဟီဝန်။ ကျေးဇူးပြုပြီး သတိပြန်ဝင်လာပါဦး။ တောင်းဆိုပါတယ်"
စစ်သားတစ်ယောက်၏လေသံက စစ်သည်တို့၏ နှလုံးသားကို မလှုပ်ကိုင်နိုင်သကဲ့သို့ပင် သူ၏အသံမှာလည်း ယောင်ဟီဝန်ထံ မရောက်ရှိခဲ့ချေ။
ဝေါဝေါ
မြေပြင်ကို ဖုံးလွှမ်းသွားသော ငရဲမီးလျှံများကြောင့် ကိုယ်စားလှယ်များမှာ နာကျင်စွာ လောင်ကျွမ်းနေကြစဉ် သူသည် အဆောက်အဦးတစ်ခု နောက်ကွယ်သို့ ကပ်သီးကပ်သတ် ပုန်းကွယ်လိုက်ရသည်။
"အားးး"
"ကယ်ကြပါဦး"
လီဟန်းဆောင်သည် သူတို့ထဲမှ မည်သူ့ကိုမျှ မကယ်နိုင်ခဲ့ချေ။ သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော သေဆုံးမှုများကို ကြည့်ရင်း သူ၏စိတ်အတွင်း၌ အိပ်မောကျနေသော 'တရားမျှတမှု' ဆိုသည်မှာ လမ်းညွှန်စာအုပ် တစ်ခုမျှသာ ဖြစ်ကြောင်း နောက်တစ်ကြိမ် ထပ်မံ သိရှိသွားရပေသည်။
ယောင်ဟီဝန်၏ ပုံရိပ်မှာ ဝေဝါးနေသော အပူရှိန်များကြားမှ တိုးဝင်လာနေသည်။
[‘သံမဏိသခင်’ နက္ခတ်သည် သင့်ကို ကြည့်နေပါသည်။]
လီဟန်းဆောင်သည် တိတ်ဆိတ်သော ထိုအကြည့်ကို ခံယူရင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
'ဒေါ့ဂျာ။ ကျုပ် ဘာလုပ်ရမလဲ'
သူ တိုက်ခိုက်သင့်သလော။ ယောင်ဟီဝန်ကို သူ တားဆီးနိုင်ပါမည်လော။
လီဟန်းဆောင်သည် တိုးဝင်လာသော ယောင်ဟီဝန်ကို ကြည့်ရင်း သူ၏လက်သီးများ တုန်ခါနေခဲ့သည်။ ဤတုန်ခါမှုက ဘာကို ဆိုလိုသည်၊ အဘယ်ကြောင့် သူ တွေဝေနေရသည်၊ အဘယ်ကြောင့် ဤနေရာမှ သူ ထွက်မပြေးနိုင်ရသည်ကို လီဟန်းဆောင် ကိုယ်တိုင်လည်း မသိရှိချေ။
ခက်ခဲနေသည်မှာ ကမ္ဘာကြီး မဟုတ်ဘဲ လီဟန်းဆောင် ကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
'ဒေါ့ဂျာ။ ကျေးဇူးပြုပြီး ကျုပ်ကို အဖြေတစ်ခုလောက် ပေးပါဦး'
မဖြစ်နိုင်မှန်း သိနေသော်လည်း လီဟန်းဆောင်မှာ ရာသီဥတုကြောင့် လေ့ကျင့်ရေး ဖျက်သိမ်းပေးပါရန် ဆုတောင်းနေသော အရန်တပ်ဖွဲ့ဝင်တစ်ဦးကဲ့သို့ စိတ်အားထက်သန်စွာ ဆုတောင်းနေမိသည်။ ထိုစဉ် အံ့ဩစရာကောင်းလောက်အောင်ပင် သူ စောင့်မျှော်နေခဲ့သော အသံကို ကြားလိုက်ရ၏။
– လီဟန်းဆောင်
သူသည် နောက်ပြောင်နေခြင်းဟု ထင်မိသွားသည်။
– ကျနော့်စကား ကြားရရဲ့လား
သို့သော် နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထိုအသံထွက်ပေါ်ရာ ရင်းမြစ်ကို မတွေ့ရချေ။ တစ်နည်းအားဖြင့်ဆိုရသော် ထိုအသံမှာ သူ၏ ဦးခေါင်းအတွင်း၌ ကြားနေရခြင်း ဖြစ်သည်။
"ဒေါ့ဂျာ"
ဤသည်က ရန်သူ၏ ထောင်ချောက်လော။ ထိုသို့ဖြစ်နေလျှင်တောင် ရန်သူ၏ လှည့်ကွက်ဖြစ်နေပါစေဦး၊ သူ ယုံကြည်ချင်နေမိသည်။
– ထွက်ပြေးရင်းနဲ့ပဲ စဉ်းစားကြတာပေါ့။ နည်းလမ်း နှစ်မျိုး ရှိတယ်
လီဟန်းဆောင်သည် ဗီဇအရပင် ရုတ်တရက် ထရပ်ကာ ပြေးတော့၏။ ဤသည်က ထောင်ချောက် မဟုတ်ပေ။ ဤကဲ့သို့ စကားပြောနိုင်သူမှာ တစ်ဦးတည်းသာ ရှိပေသည်။
ယောင်ဟီဝန်သည် သူ၏နောက်မှ လိုက်ပါလာနေသော်လည်း သူ မကြောက်တော့ချေ။ သူ၏ အသက်ရှူသံမှာ တည်ငြိမ်သွားပြီး အမိန့်သစ်များကို လက်ခံရန် အသင့်ဖြစ်နေလေပြီ။ အသက်ပြင်းပြင်း ရှူလိုက်သည်နှင့်အမျှ သူ၏ ကြွက်သားများမှာလည်း တင်းမာလာခဲ့သည်။
– ပထမနည်းလမ်းကတော့ ယောင်ဟီဝန်ကို သတ်ပစ်ဖို့ပဲ
"...ဒါက ကျုပ်အတွက် ရင်းနှီးပြီးသား ရွေးချယ်မှုတစ်ခုပါ"
ကင်ဒေါ့ဂျာသည် အမြဲတမ်း ဤသို့ပင် ဖြစ်၏။ သူတို့ စတင်ဆုံတွေ့ခဲ့စဉ်ကတည်းက ထိုသို့သာ ဖြစ်ခဲ့သည်။ သူသည် အမြဲတမ်း အန္တရာယ်အကင်းဆုံးနှင့် အကြမ်းတမ်းဆုံး အဖြေကိုသာ အရင်ဆုံး ထုတ်ပေးတတ်စမြဲ ဖြစ်သည်။ ထိုအခါ အဖွဲ့ဝင်များက ထိုလွယ်ကူသောအဖြေကို ငြင်းပယ်ကြ၏။
"ဒုတိယနည်းလမ်းက အခုလိုပဲ ဆက်ပြီး ထွက်ပြေးနေဖို့လား"
– ...ဟုတ်တယ်
"ဒါဆိုရင် ကျုပ်တို့ တတိယမြောက်နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့"
ကင်ဒေါ့ဂျာ၏ အဖြေမှာ တတိယမြောက်နည်းလမ်းသာ အမြဲ ဖြစ်ခဲ့သည်။ သူသည် အခြေအနေတစ်ခု၏ တတိယမြောက် ရလဒ်ကို အမြဲတွေးတောတတ်သူ ဖြစ်၏။ ထိုသူမှာ ကင်ဒေါ့ဂျာပင် ဖြစ်သည်။ ထို့ကြောင့်လည်း လီဟန်းဆောင်က သူ့ကို ယုံကြည်နေခြင်း ဖြစ်၏။
သို့ပေသိ...
– လီဟန်းဆောင်။ ဒီတစ်ကြိမ်မှာတော့ တတိယမြောက်နည်းလမ်း မရှိဘူး
………………………………………………………………………………………….
မည်သို့ပင်ဆိုစေကာမူ ကျနော့်ထံတွင် တတိယမြောက်နည်းလမ်း ရှိပေသည်။ သင့်တော်သော အချိန်ကိုသာ ကျနော်စောင့်ဆိုင်းရန် လိုအပ်၏။
[အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃ အသက်ဝင်ပါပြီ။]
[အရံဇာတ်ကောင်အနေဖြင့်ကိုယ်တွေ့မြင်ရသောရှုထောင့်' မှာ လက်ရှိတွင် မပြည့်စုံသေးပါ။]
ယောင်ဟီဝန်သည် ငရဲမီးလျှံ တောက်လောင်ခြင်းကို အသုံးပြုနေလေပြီ။ ရန်သူက မည်မျှပင် အဆင့်အတန်းနိမ့်ပါစေ ဤစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မည်သူပင်ဖြစ်စေကာမူ ဤဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"...ဘာလို့ ခင်ဗျားက အမြဲ ဒီလိုပဲ ပြောနေရတာလဲ"
လီဟန်းဆောင်သည် အသက်ကို ပြင်းပြင်းရှူရင်း ဟစ်အော်လိုက်၏။ ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်ကြောင့် ငရဲမီးလျှံ၏ အပူရှိန်ကို ကျနော်ပါ ခံစားနေရသည်။
ယောင်ဟီဝန်သည် ဆိုးလ်မြို့တစ်ခုလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲပစ်တော့မည့်အလား ဓါးကို လွှဲယမ်းလိုက်၏။ အမှန်တကယ်တော့ ကျနော်တင်ပြခဲ့သည့် ပထမနှင့် ဒုတိယနည်းလမ်းများမှာ ရလဒ်ချင်း တူညီနေပေသည်။
လီဟန်းဆောင်အနေဖြင့် ယောင်ဟီဝန်ကို သတ်ပစ်ရမည် သို့မဟုတ် ထွက်ပြေးရမည် ဖြစ်သည်။ အကယ်၍ သူသာ ထွက်ပြေးသွားပါက ယောင်ဟီဝန်မှာ မှော်စွမ်းအင်များ ကုန်ဆုံးကာ သေဆုံးသွားပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့ထဲမှ တစ်ဦးဦးမှာ သေဆုံးရမည်သာ ဖြစ်၏။ ဤသည်မှာ ‘နာဗားနား’ ၏ အော့နှလုံးနာဖွယ် ဇာတ်ဝင်ခန်းပင် ဖြစ်သည်။
"ဟီဝန်ကို သတ်ရမယ် ဟုတ်လား။ ခင်ဗျားက ကျုပ်ကို အဲ့ဒီလို အကြံပေးဖို့ ရောက်လာတာလား"
ယောင်ဟီဝန်သည် နီးကပ်လာနေပြီ ဖြစ်၏။ မိတ်ဆွေများအဖြစ် ရှိနေစဉ်ကနှင့် မတူဘဲ ရန်သူဖြစ်လာသည့်အခါမှသာ ယောင်ဟီဝန် မည်မျှ အင်အားကြီးသည်ကို ကျနော် သေချာပေါက် သိလိုက်ရသည်။
ဖျက်ဆီးခြင်း၏ တရားသူကြီး၊ ယောင်ဟီဝန်မှာ အလွန်တရာ အင်အားကြီးမားလှပေသည်။ သူသည် တရားစီရင်ချိန်ကို အသုံးမပြုသည့်တိုင် မိစ္ဆာသုတ်သင်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ ထို့အပြင် ယူရီအယ်၏ အထူးစွမ်းရည်ဖြစ်သော ငရဲမီးလျှံ တောက်လောင်ခြင်းလည်း ရှိနေသေးသည်။
သူသည် ကျနော့်အဖွဲ့ဝင်များထဲတွင် အင်အားအကြီးဆုံးသူများထဲမှ တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ထသောင်းကျန်းနေသော ယောင်ဟီဝန်ကို မသတ်ဘဲနှင့် ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ကျုပ် ဒီနည်းလမ်းကို လက်မခံနိုင်ဘူး"
ဤသည်မှာ မည်သို့သော သတ္တိမျိုးပါနည်း။ လီဟန်းဆောင်သည် ယောင်ဟီဝန်ထံသို့ ဦးတည်ကာ ပြေးသွားတော့၏။
– ခဏလေး။ လီဟန်းဆောင်
"ယောင်ဟီဝန်။ သတိထားစမ်း"
လီဟန်းဆောင်သည် ယောင်ဟီဝန်ထံသို့ ဆက်တိုက် ပြေးဝင်သွားသည်။ သူသည် ကျနော့်ကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ လမ်းညွှန်ချက်စာအုပ်ကိုလည်းကောင်း ယုံကြည်ခဲ့မိသည့်အတွက် ဒေါသထွက်နေသည့်အလား တိုးဝင်သွား၏။ လီဟန်းဆောင်၏ မဟာတောင်ဖြိုတွန်းအားနှင့် ယောင်ဟီဝန်၏ ငရဲမီးလျှံ တောက်လောင်ခြင်းတို့မှာ ထိပ်တိုက်ရင်ဆိုင်မိကြလေပြီ။
သို့သော်လည်း တောင်တစ်လုံးကိုပင် တွန်းလှန်နိုင်သည့် လက်ဝါးများမှာ နတ်ခေါင်ချုပ်၏ မီးလျှံများကို ဖောက်ထွက်ရန် ခဲယဉ်းနေပေသည်။ သူ၏ ညာဘက်လက်မောင်းမှာ ဖြူစင်သော အလင်းတန်းများအောက်တွင် အရည်ပျော်စပြုလာ၏။
"ယောင်ဟီဝန်"
လီဟန်းဆောင်သည် နာကျင်မှုနှင့် စိတ်ပျက်အားလျော့မှုတို့ ရောပြွမ်းနေသော အသံဖြင့် အော်ဟစ်လိုက်သည်။ လီဟန်းဆောင်သည် သူ၏ ညာဘက်လက်မောင်းကို ဆုံးရှုံးလိုက်ရပြီးနောက် သူ၏ ဘယ်ဘက်လက်ဖြင့် လှမ်းကိုင်ရန် ကြိုးစားနေပြန်သည်။ ကျနော်လည်း အလန့်တကြား အော်ပြောလိုက်မိ၏။
– လီဟန်းဆောင်။ ခင်ဗျားသာ ထွက်ပြေးလိုက်ရင် ခင်ဗျားတို့ထဲက အနည်းဆုံး တစ်ယောက်တော့ အသက်ရှင်နိုင်ဦးမှာဗျ
"ကျုပ် အဲ့လိုမလုပ်ချင်ဘူး"
– ခင်ဗျား ထွက်ပြေးသွားရင်တောင် ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ပါဘူး
"ကျုပ် အဲ့လိုမလုပ်ချင်ဘူးလို့ ပြောနေတယ်လေ"
– ခင်ဗျားက ကျနော့်ကို လမ်းညွှန်ချက်စာအုပ်လို သဘောထားတာ မဟုတ်ဘူးလား။ ဒါဆိုရင် ကျနော့်စကားကို နားထောင်စမ်းပါ
"အဲ့ဒီလို လမ်းညွှန်ချက်စာအုပ်မျိုးကို ကျုပ် မယုံကြည်ဘူး"
လီဟန်းဆောင်၏ အဖြေမှာ ထင်မှတ်မထားသော အရာဖြစ်သလို၊ တစ်ချိန်တည်းမှာပင် လီဟန်းဆောင်နှင့် အလိုက်ဖက်ဆုံး အဖြေလည်း ဖြစ်နေပေသည်။
လူတိုင်းမှာ ဆန့်ကျင်ဘက် အသွင်အပြင်များ ရှိကြစမြဲပင်။ လမ်းညွှန်ချက်အတိုင်း လိုက်နာတတ်သူမှာ အမှန်တကယ်တော့ လမ်းညွှန်ချက်ကို မည်သူထက်မဆို ပို၍ မုန်းတီးနေသူ ဖြစ်၏။ သူသည် စနစ်အောက်တွင် မည်သူထက်မဆို ပိုမို လက်အောက်ခံနေရသော်လည်း တီထွင်ဖန်တီးနိုင်စွမ်းရှိသူ တစ်ဦးလည်း ဖြစ်သည်။ ဤဆန့်ကျင်ဘက် အခြေအနေကို ဖောက်ထွက်နိုင်သည့် အချိန်မှသာ သူ၏ ဇာတ်လမ်းမှာ စတင်နိုင်ပေလိမ့်မည်။
"ရလဒ်တွေက မကောင်းရင်တောင် ကျုပ် အရှုံးမပေးနိုင်ဘူး။ ဒီမှာတင် သေသွားရမယ် ဆိုရင်တောင် ကိစ္စမရှိဘူး"
လီဟန်းဆောင်မှာ မည်မျှပင် ခံနိုင်ရည်ရှိပါစေ၊ ရှင်ယူဆောင်းကိုပင် အရည်ပျော်စေခဲ့သည့် ငရဲမီးလျှံ တောက်လောင်ခြင်းကို ခုခံရန်မှာ မဖြစ်နိုင်သော အရာဖြစ်နေလေသည်။ သူ၏ ဘယ်ဘက်လက်မောင်းမှာအရည်ပျော်သွားခဲ့ပြီး ထို့နောက်တွင်တော့ သူ၏ ညာဘက်ခြေထောက်တို့မှာ အရည်ပျော်လာခဲ့သည်။
သို့ပေသိ လီဟန်းဆောင်မှာ ဆက်လက် ခုခံနေဆဲပင်။ မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံတစ်ကောင်ကဲ့သို့ပင် သူသည် ယောင်ဟီဝန်ထံသို့ ရောက်အောင် ကြိုးစားနေလေသည်။ သူ၏ ညာဘက်ဒူးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူသည် ယိုင်တိုင်တိုင် ဖြစ်နေတော့၏။ ထို့နောက်တွင်တော့ သူ့ကို ကျနော်ပြောလိုက်သည်။
– အင်း။ ခင်ဗျား ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်
လီဟန်းဆောင်မှာ စကားပြန်မပြောချေ။ ကျနော်ကတော့ ခါးသီးစွာ ပြုံးလိုက်မိ၏။
– ဒါက တတိယမြောက်နည်းလမ်းပဲ
တတိယမြောက်နည်းလမ်းမှာ သူ့ကို ကျနော် ပြောပြ၍ ရနိုင်သော အရာမဟုတ်ပေ။ လီဟန်းဆောင် ကိုယ်တိုင် ဆုံးဖြတ်ရမည့် အရာသာ ဖြစ်သည်။ ထိုနည်းလမ်းက အလုပ်ဖြစ်မည်ဟုပင် ကျနော် အသေအချာ မသိခဲ့ချေ။ သို့သော်လည်း လီဟန်းဆောင်သည် ယောင်ဟီဝန်ကို မြင်လိုက်ရသည့် ခဏ၌ သူ၏စိတ်ထဲတွင် ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးမှုများကို တွေ့ရှိခဲ့သည့်အတွက် ကျနော် ဤလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
– ခင်ဗျားက လမ်းညွှန်ချက်စာအုပ် မပါဘဲနဲ့ ကိုယ့်လမ်းကိုယ် ရှာတွေ့သွားတာပဲ
လီဟန်းဆောင်သည် မီးလျှံများထဲတွင် လဲကျသွားရင်း ရယ်မောလိုက်၏။
"ဒေါ့ဂျာ။ ကျေးဇူးတင်ပါတယ်"
လီဟန်းဆောင်၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာသော ကြည်နူးမှု အာရုံကို ကျနော် ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ လူသားတစ်ဦးသည် ဆန့်ကျင်ဘက် အခြေအနေကို ဖောက်ထွက်ပြီး သေမင်းထံမှ အဖြေတစ်ခုကို ရရှိလိုက်သည့်အခါ ခံစားရသော စိတ်လှုပ်ရှားမှုမျိုး ဖြစ်၏။
ဤခံစားချက်မှာ နာဗားနား ရောက်ရှိလိုသော လက်တွေ့ဘဝမျိုး ဖြစ်နိုင်ပေသည်။ နာဗားနားသာ ဤအခြေအနေကို မြင်တွေ့နိုင်လျှင် အလွန် ကောင်းလေမည်။ လက်ရှိတွင် ယောင်ဟီဝန်မှာ ကူးစက်ခံထားရသော်လည်း လီဟန်းဆောင်မှာမူ မည်သူထက်မဆို ပစ္စုပ္ပန်၌ ပိုမို ရှင်သန်နေသူ ဖြစ်ပေသည်။
– ကျေးဇူးတင်ပါတယ်။ အခုမှ စတာပါ
ဤသည်မှာ ဇာတ်လမ်း၏ အစပင် ဖြစ်၏။ ဤဇာတ်လမ်း၏ အဆက်ကို ဆုံးဖြတ်ရန်မှာ ပရိသတ်များ၏ တာဝန်သာ ဖြစ်သည်။ လီဟန်းဆောင်ကို မည်သူထက်မဆို ပို၍ ဂရုတစိုက် ကြည့်ရှုနေသည့် တည်ရှိမှုတစ်ခု ရှိပေသည်။
– သံမဏိသခင်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာ အခိုင်မာဆုံး တည်ရှိမှုတွေထဲက တစ်ဦး
ကျနော်က နှေးကွေးစွာ ပြောလိုက်သည်။
– ခင်ဗျား ဘယ်အချိန်ကျမှ လှုပ်ရှားမှာလဲ
['သံမဏိသခင်' နက္ခတ်သည် သင်၏ စကားများကို နားထောင်နေပါသည်။]
‘သံမဏိသခင်’ နက္ခတ်။ စကြဝဠာထဲတွင် အမာကျောဆုံး ဂြိုဟ်ဖြစ်သော အော်ရီချယ်လ်ကမ်၏ သခင်ဖြစ်ပြီး၊ သံမဏိဓါး လီဟန်းဆောင်၏ ထောက်ပံ့သူ ဖြစ်၏။ လိုရင်းကိုသာ ကျနော် ပြောလိုက်သည်။
– ခင်ဗျားရဲ့ ကိုယ်စားလှယ်ကို အခွင့်အရေးတစ်ခု ပေးလိုက်စမ်းပါ
[‘သံမဏိသခင်’ နက္ခတ်သည် တိတ်ဆိတ်နေပါသည်။]
– ခင်ဗျား ဘာကို ကြောက်နေလဲဆိုတာ ကျနော် သိတယ်။ ဖြစ်နိုင်စွမ်းကို ကြောက်နေတာ မဟုတ်လား
[‘သံမဏိသခင်’ နက္ခတ်သည် သူ၏ မျက်လုံးများကို ပိတ်ထားပါသည်။]
– ဒါပေမဲ့ ခင်ဗျား ဘေးနားက နက်ဗျူလာတွေကို ဘယ်တော့မှ သတိထားမိမှာလဲ။ ဒီဇာတ်ဝင်ခန်း ပြီးဆုံးသွားတဲ့အထိ စိတ်ကူးယဉ် အိမ်မက်ပဲ မက်နေတော့မှာလား
လီဟန်းဆောင်သည် လုံလောက်အောင် လုပ်ဆောင်ပြီးလေပြီ။ ယခုအခါတွင်မူ သူ၏ ထောက်ပံ့သူအပေါ်၌သာ မူတည်တော့၏။
[‘သံမဏိသခင်’ နက္ခတ်သည် ကိုယ်စားလှယ် ‘လီဟန်းဆောင်’ ၏ သတ္တိကို အသိအမှတ်ပြုပါသည်။]
[ယခုအချိန်သည် အချိန်မတန်သေးကြောင်း ‘သံမဏိသခင်’ နက္ခတ်က ပြောကြားပါသည်။]
ကျနော် မျှော်လင့်ထားပြီးသား ဖြစ်၏။ အမှန်တကယ်တော့ လီဟန်းဆောင်မှာ နိုးထမှုအတွက် အလွန်အမင်း အားနည်းနေသေးပေသည်။
[ကိုယ်စားလှယ် ‘လီဟန်းဆောင်’ အနေဖြင့် သူ၏ ဒဏ္ဍာရီကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ဟု ‘သံမဏိသခင်’ နက္ခတ်က ယူဆနေပါသည်။]
သံမဏိ၏ ဒဏ္ဍာရီမှာ မာကျောပြီး လေးလံလှပေသည်။ လီဟန်းဆောင်သည် ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သူ တစ်ကိုယ်တည်းသာ ခံယူမည် ဆိုလျှင်ပေါ့။
– ကျနော် သူနဲ့အတူတူ ခံယူပေးပါ့မယ်
[‘သံမဏိသခင်’ နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]
သံမဏိသခင်သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံ ရ၏။ ခဏအကြာတွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်က ခေါင်းညိတ်လိုက်ပါသည်။]
ထို့နောက်တွင်တော့ ပတ်ဝန်းကျင်၌ မီးပွားများ ဖုံးလွှမ်းသွား၏။
[ဇာတ်ကောင် ‘လီဟန်းဆောင်’ သည် သူ၏ ဝိသေသ လက္ခဏာ ဆင့်ကဲပြောင်းလဲမှုအတွက် ပြင်ဆင်နေပါသည်။]
[ဝိသေသ လက္ခဏာ ဆင့်ကဲပြောင်းလဲရန်အတွက် ဒဏ္ဍာရီတစ်ခု လိုအပ်ပါသည်။]
[‘သံမဏိသခင်’ နက္ခတ်သည် ဒဏ္ဍာရီကို စမ်းသပ်မှု ပြုလုပ်နေပါသည်။]
[‘သံမဏိ၏ သက်သေ’ ဒဏ္ဍာရီ စတင်ပါပြီ။]
လီဟန်းဆောင်၏ ခန္ဓာကိုယ်မှ ငွေရောင်အလင်းတန်းများ ပန်းထွက်လာ၏။ ထိုတောက်ပသော အလင်းတန်းကို ကြည့်ရင်း Ways of Survival ထဲမှ အခန်းတစ်ခန်းကို ကျနော် သတိရသွားသည်။
ဇာတ်ကောင်တစ်ဦးက ယူဂျွန်ဟော့ကို မေးခွန်းတစ်ခု မေးခဲ့ဖူး၏။
「 "လီဟန်းဆောင်ကို ဘာလို့ သံမဏိဓါးလို့ ခေါ်တာလဲ။ ဦးလေးကြီးက ဓါးမှ မသုံးတာ" 」
Ways of Survival မူရင်းဇာတ်လမ်းထဲတွင် လီဟန်းဆောင်သည် ဓါးကို လုံးဝ မသုံးခဲ့ချေ။ သို့ပေသိ လီဟန်းဆောင်၏ အမည်ပြောင်မှာ သံမဏိဓါး ဖြစ်နေခဲ့သည်။
「 "လီဟန်းဆောင်က ဓါး မလိုဘူး" 」
အရည်ပျော်နေသော လီဟန်းဆောင်၏ လက်မောင်းများနှင့် ခြေထောက်များမှ သံမဏိများ စတင်ထွက်ပေါ်လာ၏။ ငါးအကြေးခွံများကဲ့သို့ပင် ထိုသံမဏိများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ လီဟန်းဆောင်၏ ခန္ဓာကိုယ်သည် ဓါးအကြီးစားကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
[ဇာတ်ကောင် ‘လီဟန်းဆောင်’ သည် အထူးစွမ်းရည် ‘သံမဏိအသွင်ပြောင်းခြင်း’ ကို အသက်သွင်းလိုက်ပါသည်။]
မည်သည့်စမ်းသပ်မှုမျိုးတွင်မဆို မကျိုးပဲ့နိုင်သော ဓါးတစ်လက်။ အကယ်၍ ယူဂျွန်ဟော့သာ ဤနေရာ၌ ရှိနေပါက သူသည် ရှင်းရှင်းလင်းလင်း ပြောပေလိမ့်မည်။
「 "အဲ့ဒီလူက ဓါးပဲ" 」
အခန်း ၁၃၉
- အပိုင်း ၂၇ - ဖတ်မရနိုင်သော (၃)
အရေပြားအသစ်မှာ သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ လီဟန်းဆောင်၏ ခန္ဓာကိုယ်သည် အခြားမျိုးစိတ်တစ်ခုကဲ့သို့ ပြန်လည် ပုံဖော်ခံနေရသည်။
သံမဏိအသွင်ပြောင်းခြင်း။
ပထမအဆင့်ဖြစ်သော 'ချပ်ဝတ်တန်ဆာ' သာ အသက်ဝင်သေးသော်လည်း ၎င်းကိုယ်တိုင်ကပင် ပုံမှန်စွမ်းအား မဟုတ်ချေ။ အဆင့်တစ်ကို ကျွမ်းကျင်ပိုင်နိုင်သော လီဟန်းဆောင်သည် ဂုံဖီဒူ၏ လက်နက်ခံတပ်သခင်ထက်ပင် ပို၍ မာကျောပြီး ယူဂျွန်ဟော့၏ ကောင်းကင်ခွဲဓါးဖြင့် ခုတ်လျှင်ပင် သေဆုံးမည် မဟုတ်ပေ။
"ရှင်... ရှင်သန်..."
ပြဿနာမှာ အဆင့်တစ်သည် အပြည့်အဝ အသက်မဝင်သေးခြင်းပင် ဖြစ်၏။
– ဒါက လီဟန်းဆောင်စီ အမှန်တကယ် သင်ယူဖို့ လိုအပ်တဲ့ အထူးစွမ်းရည်ပဲ
လီဟန်းဆောင်သည် အခြေအနေကို သတိပြုမိသွားပြီး အမြန် နောက်ဆုတ်လိုက်သည်။
[သံမဏိအသွင်ပြောင်းခြင်းမှာ အပြည့်အဝ မပြီးမြောက်သေးပါ။]
[အထူးစွမ်းရည်ကို ဒဏ္ဍာရီတစ်ခု ပိုင်ဆိုင်ထားသူများသာ အသုံးပြုနိုင်ပါသည်။]
ထောက်ပံ့သူ အားလုံးသည် သူတို့၏ ကိုယ်စားလှယ်များကို အထူးစွမ်းရည် တစ်ခုစီ ပေးအပ်ကြသည်။ လက်ဆောင်အဖြစ် ပေးအပ်သော အထူးစွမ်းရည်များ ရှိသကဲ့သို့ ခက်ခဲသော အခြေအနေများတွင်မှသာ အသုံးပြုနိုင်သည့် အထူးစွမ်းရည်များလည်း ရှိပေသည်။
သံမဏိသခင်၏ သံမဏိအသွင်ပြောင်းခြင်းမှာ ခက်ခဲသော အထူးစွမ်းရည်များထဲမှ တစ်ခု ဖြစ်၏။
[‘သံမဏိ၏ သက်သေ’ ဒဏ္ဍာရီ စတင်ပါပြီ။]
အဘယ်ကြောင့်ဆိုသော် ဤအထူးစွမ်းရည်မှာ နက္ခတ်ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်များကို သွယ်ဝိုက်သောနည်းဖြင့် 'သက်သေပြရန်' လိုအပ်သောကြောင့် ဖြစ်၏။
[သံမဏိ၏ သက်သေ]
၁။ 「 စစ်မှန်သော သံမဏိသည် သောင်းချီအောင် အကြိမ်ပေါင်းများစွာ အရည်ကျိုခြင်းမှ မွေးဖွားလာခြင်း ဖြစ်သည်။ 」
ထိုစာသားမှာ ဇာတ်ဝင်ခန်းထဲသို့ ပစ်ထည့်လိုက်သော မကြင်နာလှသည့် စာသားတစ်ခု ဖြစ်ပေသည်။ လီဟန်းဆောင်မှာ ဇဝေဇဝါ ဖြစ်နေပုံ ရ၏။
"ဒါက ဘာကို ဆိုလိုတာလဲ"
– အရည်ကျိုခြင်းရဲ့ အခြေခံက အပူပြင်းပြင်းပေးပြီးမှ ပြန်အေးအောင် လုပ်ရတာပဲ
"ဒါဆိုရင် ကျုပ်ကို..."
– အဲ့ဒါက မှန်မယ်ထင်တယ်။ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါ
တစ်နည်းအားဖြင့်ဆိုရလျှင် ယောင်ဟီဝန်မှာ လီဟန်းဆောင်၏ ပြိုင်ဘက် ဖြစ်နေခြင်းမှာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ လီဟန်းဆောင်၏ မျက်နှာမှာ ဖြူလျော်သွား၏။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ဤကမ္ဘာ၏ ဒဏ္ဍာရီကို စိတ်ဝင်စားနေပါသည်။]
[‘ခံစစ် သခင်’ နက္ခတ်သည် သူ၏ ခွန်အားနှင့် မည်သို့ ကွာခြားမည်နည်းဟု သိချင်နေပါသည်။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် စိုးရိမ်တကြီးဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပါသည်။]
နက္ခတ်များ၏ မက်ဆေ့ချ်များနှင့်အတူ တောက်လောင်နေသော ငရဲမီးများမှာ အပြာရောင်သို့ ပြောင်းလဲသွား၏။ ယောင်ဟီဝန်၏ ငရဲမီးလျှံ တောက်လောင်ခြင်းမှာ တစ်ဆင့် မြင့်တက်သွားခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်၊ အဘယ်ကြောင့်ဆိုသော် မီးလျှံများမှာ ပို၍ နက်ရှိုင်းကာ ပြင်းထန်လာသောကြောင့် ဖြစ်၏။
အဖြူရောင် မီးလျှံများကြောင့် အညစ်အကြေးများ ရောနှောနေသော ကတ္တရာစေးများမှာ အရည်ပျော်ကျကုန်ပြီး အပူရှိန်ကြောင့် ၎င်းတို့မှာ သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာသည်။
ငွေရောင် ချပ်ဝတ်တန်ဆာမှာ ချက်ချင်းပင် စတင် အရည်ပျော်လာပြီး လွင့်စင်လာသော အညစ်အကြေးများမှာ ကျည်ဆန်များကဲ့သို့ ချပ်ဝတ်တန်ဆာကို ထိုးဖောက်ကာ လီဟန်းဆောင်၏ အတွင်းပိုင်းကို ထိခိုက်စေသည်။ အရည်ပျော်သွားသော နေရာများတွင် သံမဏိအသစ်များ ပြန်လည် ထွက်ပေါ်လာသော်လည်း ထိခိုက်မှု မရှိဘဲတော့ မဟုတ်ချေ။
"အု..."
လီဟန်းဆောင်၏ ပါးစပ်မှ သွေးများ ထွက်လာသည်။
သူ၏ သံမဏိအသွင်ပြောင်းခြင်းသာ ပြည့်စုံပါက ငရဲမီးလျှံ တောက်လောင်ခြင်းကို ခုခံနိုင်လိမ့်မည် ဖြစ်သော်လည်း ယခုမှာမူ မပြည့်စုံသေးချေ။ မည်သို့ပင်ဆိုစေကာမူ ငရဲမီးလျှံ တောက်လောင်ခြင်းမှာ မီးဓာတ်တွင် အမြင့်ဆုံးအဆင့်ရှိသော အထူးစွမ်းရည် ဖြစ်ပေသည်။ သူ လဲကျမသွားခြင်းမှာပင် အံ့ဩစရာ ကောင်းလှ၏။
လီဟန်းဆောင်သည် နောက်သို့ တစ်လှမ်းဆုတ်ကာ အော်ဟစ်လိုက်သည်။ ဤမြင်ကွင်းကို ကြည့်ရသည်မှာ စိတ်နာကျင်ရသော်လည်း အချိန်မတန်သေးချေ။ လီဟန်းဆောင်၏ သံမဏိများမှာ နီရဲစွာ တောက်လောင်နေ၏။
နောက်ထပ် နည်းနည်းပဲ၊ နောက်ထပ် နည်းနည်းပဲ...
[အပူချိန်မှာ သတ်မှတ်ထားသော စံနှုန်းထက် ကျော်လွန်သွားပါပြီ။]
ဒါပဲ။
[အရည်ကျိုခြင်း လုပ်ငန်းစဉ် စတင်ပါပြီ။]
သံမဏိ၏ အခြေခံမှာ အရည်ကျိုခြင်း ဖြစ်၏။ ဤဒဏ္ဍာရီ၏ အဓိက အချက်မှာ ခန္ဓာကိုယ်အား ပြည့်စုံသော သံမဏိ ဖြစ်လာသည်အထိ သတ်မှတ်ထားသော စံနှုန်းထက် ကျော်လွန်သည့် အပူရှိန်ဖြင့် လောင်မြိုက်ခံရန် ဖြစ်သည်။
– တောင့်ခံထား။ ခင်ဗျား လုပ်နိုင်ပါတယ်
ကံကောင်းသည်မှာ လီဟန်းဆောင်သည် 'မိစ္ဆာ' မဟုတ်ခြင်း ဖြစ်၏။
ငရဲမီးလျှံ တောက်လောင်ခြင်းမှာ 'မီး' နှင့် 'မြင့်မြတ်ခြင်း' ဝိသေသများ ရှိသော အထူးစွမ်းရည် ဖြစ်သည်။ အကယ်၍ လီဟန်းဆောင်သာ 'မိစ္ဆာ' ဖြစ်ခဲ့လျှင် သူသည် ငရဲမီးလျှံ တောက်လောင်ခြင်းကြောင့် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်ပေလိမ့်မည်။
လီဟန်းဆောင် တောင့်ခံနေစဉ်အတွင်း ယောင်ဟီဝန်၏ အချက်အလက်များကို ကျနော် အမြန် စစ်ဆေးလိုက်သည်။
[ဇာတ်ကောင် ‘ယောင်ဟီဝန်’ သည် လက်ရှိတွင် ‘စိတ်ကူးကူးစက်ခြင်း’ ခံစားနေရပါသည်။]
[ဇာတ်ကောင် ‘ယောင်ဟီဝန်’ သည် မိမိကိုယ်ကိုယ် ပျောက်ဆုံးနေသော အခြေအနေတွင် ရှိနေပါသည်။]
[ဇာတ်ကောင် ‘ယောင်ဟီဝန်’ ၏ စိတ်ဒဏ်ရာမှာ အပြည့်အဝ ပွင့်ဟသွားပါပြီ။]
...
...နာဗားနားသည် လူတစ်ယောက်၏ စိတ်ဓာတ်ကို အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ဆောင်သွားခဲ့ချေပြီ။
「သူတို့ကို ခွင့်မလွှတ်နိုင်ဘူး... 」
နာဗားနား၏ စိတ်ကူးကူးစက်ခြင်းသည် လက်ရှိကာလတွင် အခြေချနိုင်ရန်အတွက် လူတစ်ယောက်၏ စိတ်ထဲမှ အမှောင်ဆုံး အစိတ်အပိုင်းအားလုံးကို မျက်နှာပြင်ပေါ်သို့ ဆွဲတင်လိုက်ခြင်း ဖြစ်၏။
「သူတို့ကို သတ်ပစ်ရမယ်။ 」
အနာဂတ် ပျောက်ကွယ်သွားပြီး ချောက်ကမ်းပါးအစွန်ကိုရောက်နေကာ လက်တွေ့ဘဝနှင့် ရင်ဆိုင်ရသော လူသားများသည် များသောအားဖြင့် မျှော်လင့်ချက် ကင်းမဲ့သွားတတ်ကြ၏။ ထိုလက်တွေ့ဘဝမှာ ကြောက်မက်ဖွယ်ကောင်းနေလျှင် ပို၍ပင် ဆိုးရွားလှပေသည်။
ထိုလုပ်ငန်းစဉ်တွင် တစ်စုံတစ်ယောက်က စိတ်ပျက်အားငယ်ကာ ပြိုလဲသွားနိုင်သော်လည်း၊ အခြားတစ်ယောက်မှာမူ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မရပ်မနားနိုင်သော အလိုရမ္မက်များကို ထုတ်လွှတ်ပေလိမ့်မည်။ အချို့မှာမူ ဒေါသတကြီး ခုခံရင်း သူတို့၏ ချင့်ချိန်နိုင်စွမ်းများကို ဆုံးရှုံးသွားကြသည်။ ထိုသို့ လက်လျှော့အရှုံးပေးခြင်းမျိုး ထပ်တလဲလဲ ဖြစ်လာပါက သူတို့မှာ မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်အတွက် 'ကယ်တင်ရှင်' တစ်ဦးကို ရှာဖွေကြပေလိမ့်မည်။ သူတို့သည် ကြီးမြတ်သော 'ပစ္စုပ္ပန်' ရှေ့မှောက်တွင် သူတို့၏ သာမန်ဘဝလေးများကို စတေးကာ ထိုကယ်တင်ရှင်အတွက် အာဇာနည်များ ဖြစ်လာကြပေမည်။
「 ယောက်ျားတွေအားလုံးကို သတ်ပစ် 」
ယောင်ဟီဝန်၏ စိတ်ဒဏ်ရာမှာ ဘာလဲဆိုသည်ကို ကျနော် သိလိုက်ရသလိုပင်။ ယောင်ဟီဝန်၏ ကနဦး ဝိသေသလက္ခဏာဖြစ်သော 'သားလောင်းသွင်ပြင်လက္ခဏာ' မှာ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုအပေါ် အခြေခံထားခြင်း ဖြစ်၏။ ယောင်ဟီဝန်အား ကျနော် ပထမဆုံး စတင်တွေ့ရှိခဲ့သည့် အချိန်ကို ပြန်စဉ်းစားကြည့်လျှင် 'ယောက်ျားများ' အပေါ် ပြင်းထန်သော ရန်လိုမုန်းတီးမှု ရှိနေခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ချေ။
"ဒါ... ဒါက ဟီဝမ်ရဲ့ နှလုံးသားလား"
တောက်လောင်နေသော မီးလျှံများထဲမှနေ၍ လီဟန်းဆောင်က မေးမြန်းလိုက်သည်။
– ခင်ဗျားက ယောင်ဟီဝန် ပြောတာကို ကြားနိုင်လို့လား
"အဲ့ဒါက... နည်းနည်းတော့ ကြားရပါတယ်..."
လီဟန်းဆောင်က 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' မှ မက်ဆေ့ချ်များကို ကြားနိုင်လိမ့်မည်ဟု ကျနော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ကျနော်က အရံဇာတ်ကောင်အနေဖြင့် ကိုယ်တိုင်တွေ့မြင်ရသော ရှုထောင့်ထဲတွင် နစ်ဝင်နေသောကြောင့်လော။ ကျနော်က လီဟန်းဆောင်ကို နားလည်သကဲ့သို့ လီဟန်းဆောင်ကလည်း ကျနော့်၏ ခံစားချက်များကို ခံစားနေရခြင်းလော။
လီဟန်းဆောင်သည် အပူရှိန်ကို မေ့လျော့နေသကဲ့သို့ စကားပြောလာသည်။
"ဒါက ဒေါ့ဂျာရဲ့ စွမ်းရည်လား"
– ဟုတ်ပါတယ်။ ဒါ ကျနော့်ရဲ့ စွမ်းရည်ပါ
ဤနေရာတွင် လိမ်ညာနေခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမှ ရလာမည်မဟုတ်သောကြောင့် ကျနော် ဝန်ခံလိုက်ရသည်။
– အခုထိ ဖုံးကွယ်ထားခဲ့တဲ့အတွက် တောင်းပန်ပါတယ်
သို့သော်လည်း လီဟန်းဆောင်မှာ စိတ်ဆိုးနေပုံ မရချေ။
"ကျုပ် နည်းနည်းတော့ ရှက်မိသား။ ကျုပ်ရဲ့ နှလုံးသားကို..."
သူ စကားမဆုံးခင်မှာပင် ဒုတိယလှိုင်း ရောက်ရှိလာခဲ့သည်။ ပြင်းထန်သော အပူရှိန်က ပတ်ဝန်းကျင်ရှိ ကိုယ်စားလှယ်များကို အရည်ပျော်စေပြီး ထိုနေရာတစ်ခုလုံးမှာ ချော်ရည်များဖြင့် ပြည့်နှက်သွားချေပြီ။
ပြင်းထန်သော အပူရှိန်ကြောင့် မြေပြင်တစ်ခုလုံးမှာ အရည်ပျော်သွား၏။ အဆောက်အဦးများသည် မြေပြင်နှင့်အတူ နစ်မြုပ်ကုန်သည်။ ယခုတော့ ကျနော် ဆုံးဖြတ်ချက် တစ်ခု ချရပေတော့မည်။
– ခင်ဗျားအနေနဲ့ နှိမ်နင်းဖို့ ဦးတည်ပြီး သွားသင့်တယ်
"ကျုပ်ကြောင့် ဟီဝန် ထိခိုက်သွားနိုင်လား"
လီဟန်းဆောင်မှာ အခြေအနေမဟန် ဖြစ်နေသော်လည်း အခြားတစ်ယောက်အတွက် စိုးရိမ်ပေးနေဆဲ ဖြစ်သည်။ သို့သော်လည်း လီဟန်းဆောင်၏ စကားမှာ မမှားပေ။
– ယောင်ဟီဝန်ရဲ့ နှလုံးသားက ထိခိုက်နာကျင်နေရတာပါ
အသိသာဆုံးသော အဖြေမှာ နာဗားနားကို သတ်ပစ်ရန် သို့မဟုတ် ယောင်ဟီဝန်၏ စိတ်ဒဏ်ရာကို ဖြေရှင်းပေးရန်ပင် ဖြစ်၏။ နာဗားနားကိုသတ်ပစ်ရန်မှာမူ ယခုအချိန်တွင် မဖြစ်နိုင်သကဲ့သို့၊ ယောင်ဟီဝန်၏ စိတ်ဒဏ်ရာကို ဖြေရှင်းပေးရန်ကလည်း...
အကယ်၍ ယောင်ဟီဝန်သာ မူရင်းဝတ္ထုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ဇာတ်ကောင်တစ်ဦး ဖြစ်ခဲ့လျှင် ကျနော် ဤမျှအထိ စိုးရိမ်နေမည် မဟုတ်ချေ။
ယောင်ဟီဝန်မှာ အသစ်ရှာဖွေတွေ့ရှိထားသော လူတစ်ယောက် ဖြစ်ပြီး သူ့အကြောင်းကို ကျနော် ကောင်းကောင်းမသိသေးချေ။ ကျနော် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ခံစားနေရသောလက္ခဏာများကိုသာ ကုသပေးနိုင်ခြင်း ဖြစ်ပေသည်။
"ဒေါ့ဂျာ"
– စမ်းကြည့်ကြရအောင်
ကျနော်တို့တွေ တပြိုင်ထဲ ခေါင်းညိတ်လိုက်ကြသည်။ ယောင်ဟီဝန်မှာ အနည်းငယ် နောက်ဆုတ်သွားသောကြောင့် ယခုအချိန်တွင် ကျနော်တို့နှင့် အလှမ်းဝေးကွာနေချေပြီ။ ဤနည်းလမ်းကို စမ်းသပ်ရန်အတွက် ကျနော်တို့တွေ ယောင်ဟီဝန်နှင့် နီးကပ်စွာ ရှိနေရမည် ဖြစ်သည်။
သံမဏိအသားအရေမှာ လီဟန်းဆောင်၏ မျက်နှာကို ဖုံးလွှမ်းရန် ထွက်ပေါ်လာသည်။ လီဟန်းဆောင်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တလှုပ်လှုပ် ဖြစ်နေ၏။ သံမဏိများက သူ၏ ခန္ဓာကိုယ်ကို စနစ်တကျ ဖုံးလွှမ်းသွားသောအခါ သူသည် ငွေရောင်စစ်သူကြီးတစ်ဦးနှင့် တူသွားချေပြီ။ ငွေရောင်စစ်သူကြီးသည် မီးလျှံများထဲမှနေ၍ ပြေးထွက်လိုက်သည်။
ထိုသို့ ပြေးထွက်လိုက်သည်နှင့်အမျှ မီးလျှံတံတိုင်းမှာ ပို၍ မြင့်တက်လာသည်။ ထိုတံတိုင်းမှာ အနီးသို့ မလာရန် သတိပေးချက်တစ်ခု ဖြစ်၏။ သူသည် ဤနေရာသို့ ဝင်ရောက်ရန် ခွင့်ပြုချက် မရရှိထားချေ။
"ဝူးးးးးး"
လီဟန်းဆောင်သည် လေ့ကျင့်ခန်း လုပ်နေသကဲ့သို့ သဘောထားကာ မီးလျှံများထဲသို့ တည့်တည့်တိုးဝင်သွားသည်။ သူသည် အကြိမ်ကြိမ် အလောင်ခံရ၏။ သံမဏိအပိုင်းအစများ အရည်ပျော်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွား၏။ အပူရှိန်ကြောင့် သူ၏ မျက်လုံးများမှာ ဝေဝါးလာချေပြီ။
"ဟီဝန်။ ခင်ဗျားကို ကယ်ပါ့မယ်"
ပထမဆုံး ခြေလှမ်း။
"ကျုပ်တို့... က..."
နောက်ထပ် ခြေလှမ်း တစ်လှမ်း။
"ဟီဝန်"
လီဟန်းဆောင်ကို ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။ အခြားလူများ၏ နှလုံးသားကို ကြားနိုင်နေသောကြောင့် ကျနော် ခဏတာ မေ့လျော့နေခဲ့၏။ လူတစ်ယောက်၏ နှလုံးသားထဲသို့ ဝင်ရောက်နိုင်ရန်မှာ ခက်ခဲပြီး နာကျင်စရာကောင်းသော အရာတစ်ခု ဖြစ်သည်။
လီဟန်းဆောင်နှင့် ကျနော်သည် ကမ္ဘာကြီးကို မျက်လုံးတစ်စုံတည်းဖြင့် မြင်တွေ့နေရသည်မှာ ရှင်းလင်းသော်လည်း ကျနော်တို့ မြင်တွေ့နေရသည်မှာ တစ်ခုတည်း မဟုတ်ချေ။ လီဟန်းဆောင်၏ ခံစားချက်များဖြင့် ပြည့်နှက်နေသော နှလုံးသားမှာ သက်သေပင် ဖြစ်သည်။
တကယ်ကို ထူးဆန်းသော ခံစားချက်တစ်ခုပင်။ မူလဇာတ်လမ်းအတိုင်းဆိုပါက ဤသို့ ဖြစ်လာစရာ အကြောင်းမရှိပေ။ ကျနော့်ကြောင့်သာ ဇာတ်လမ်းက ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
"အူးးး... ဂူးးး"
ခြေလှမ်း ဆယ်လှမ်းခန့် အကွာအဝေးသို့ ရောက်သောအခါ လီဟန်းဆောင်၏ ဒူးများမှာ ခွေယိုင်သွား၏။
[ဇာတ်ကောင် ‘လီဟန်းဆောင်’ သည် သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှု အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ။]
ဝေဝါးနေသော အမြင်အာရုံကြောင့် ကျနော် နိုးထလာခဲ့ချေသည်။ ဇာတ်လမ်းက ပြောင်းလဲသွားလျှင်ပင် ဤအရာမှာ Ways of Survival ဖြစ်နေဆဲပင်။
[‘သံမဏိသခင်’ နက္ခတ်သည် သူ၏ ကိုယ်စားလှယ်အား ဝမ်းနည်းသော မျက်ဝန်းများဖြင့် ကြည့်ရှုနေပါသည်။]
ဇာတ်ကောင်အားလုံးမှာ အစွန်းကုန် စိတ်ပျက်အားငယ်မှုထဲတွင် ရုန်းကန်နေကြရ၏။ ဤအရာမှာ Ways of Survival ပင် ဖြစ်ပေသည်။
– ဟန်းဆောင်
သို့ပေသိ Ways of Survival ကို ဖတ်ရှုနေစဉ်တွင် ကျနော် တစ်ခါတစ်ရံ သိချင်မိသည်။ Ways of Survival ၏ စာရေးဆရာမှာ သူဖန်တီးခဲ့သော ‘ဇာတ်သိမ်း’ အတွက် နောင်တရခဲ့ပါသလော။
– ကျနော့်ကို ခဏလောက် ထိန်းချုပ်ခွင့်ပေးပါ
[သီးသန့်စွမ်းရည် ‘Fourth Wall’ တုန်ခါနေပါသည်။]
[‘အရံဇာတ်ကောင်အနေဖြင့် ကိုယ်တိုင်တွေ့မြင်ရသော ရှုထောင့်’သည် အစွန်းကုန် အသက်ဝင်လာပါသည်။]
လီဟန်းဆောင်၏ အသိစိတ်မှာ တုန်လှုပ်သွားပြီး ကျနော့်၏ အသိစိတ် ဝင်ရောက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်မှာ ကူးပြောင်းလာပြီး တစ်ကိုယ်လုံးရှိ အာရုံခံစားမှုများမှာ ပြင်းထန်စွာ အသက်ဝင်လာချေပြီ။
လီဟန်းဆောင်မှာ ဤနာကျင်မှုဒဏ်ကို ခံစားနေရခြင်း ဖြစ်၏။ ထိုခံစားချက်မှာ သူ့ကို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။ တစ်ကိုယ်လုံးမှာ မီးလျှံများထဲတွင် လောင်မြိုက်နေပြီး အရည်ပျော်နေသော အရိုးအဆစ်များနှင့် အကြောများကြောင့် ကျနော့် ခြေလက်များ ဖြတ်တောက်ခံထားရသကဲ့သို့ ခံစားရသည်။
လီဟန်းဆောင်၏ အသံကို အသုံးပြုကာ ယောင်ဟီဝန်ကို ကျနော် အော်ပြောလိုက်သည်။
"ယောင်ဟီဝန်။ ဒီအတိုင်း ဆက်သွားရင် နင် သေလိမ့်မယ်"
ယောင်ဟီဝန်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိချေ။ ယောင်ဟီဝန်မှာ ငရဲမီးလျှံများကိုသာ ဆက်တိုက် ထုတ်လွှတ်နေခဲ့သည်။
"လီဟန်းဆောင်လည်း သေလိမ့်မယ်။ နင်က လီဟန်းဆောင်ကို သတ်ချင်တာလား"
လီဟန်းဆောင်၏ ခြေထောက်များကို ကျနော် အစွန်းကုန် ခွန်အားစိုက်ထုတ်ကာ မြှောက်လိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။
တစ်လှမ်း၊ နှစ်လှမ်း၊ ပြီးတော့... ချီး။ အရမ်းကို ပူလိုက်တာ။
နာကျင်မှုကြောင့် ကျနော့် ဒူးများ ကွေးညွတ်သွားစဉ် အသံတစ်ခုကို ကြားလိုက်ရသည်။
‘ဒေါ့ဂျာ။ ကျုပ် လုပ်ပါ့မယ်’
ထိုအသံပိုင်ရှင်မှာ လီဟန်းဆောင်၏ အသံ ဖြစ်၏။
‘ကျုပ် လုပ်မှ ဖြစ်မယ်’
[သံမဏိဆန္ဒက တုံ့ပြန်လိုက်ပါပြီ။]
ကျနော် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကျနော်သည် ‘စာဖတ်သူ’ တစ်ဦး ဖြစ်ပေသည်။ ကျနော့် တာဝန်ကို မေ့လျော့၍ မဖြစ်ချေ။ ကျနော့် အသိစိတ် ထွက်ခွာသွားပြီး လီဟန်းဆောင်က သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြန်သည်။ လီဟန်းဆောင်၏ ခန္ဓာကိုယ်မှာ ပြီးပြည့်စုံသော သံမဏိပုံသဏ္ဌာန်ကို ပြန်လည် ရရှိလာချေပြီ။
"ဟီဝန်"
တောက်လောင်နေသော ငရဲမီးများက ယောင်ဟီဝန်၏ မျက်နှာကို ညှိုးနွမ်းသွားစေသည်။ ဤမီးမှာ နောက်ဆုံးတွင် ယောင်ဟီဝန်ကို ဝါးမြိုသွားပေလိမ့်မည်။ ယောင်ဟီဝန်၏ မျက်ရည်များမှာ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ခြောက်သွေ့သွားကြ၏။
လီဟန်းဆောင်မှာ ထင်မှတ်မထားသော လုပ်ရပ်ကို လုပ်ဆောင်လိုက်သည်။
"စိတ်မရှိပါနဲ့"
လီဟန်းဆောင်သည် နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်ပြီး ယောင်ဟီဝန်ကို ပွေ့ဖက်လိုက်ချေသည်။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အပေါင်းအဖော်များအကြားရှိ ထင်မှတ်မထားသော အချစ်ဇာတ်လမ်းကြောင့် အနေရခက်နေပါသည်။]
ယောင်ဟီဝန်၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ လီဟန်းဆောင်၏ ကျယ်ပြန့်သော ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။ သူ၏ ရင်ခွင်မှာ ကျယ်ပြောလွန်းလှသဖြင့် ယောင်ဟီဝန်ကို မထိမိစေဘဲ ပွေ့ချီထား၍ပင် ရနေလေသည်။ ယောင်ဟီဝန်မှာ ရှောင်တိမ်းမည့်အစား မီးလျှံများကို ပို၍ ပြင်းထန်အောင် ပြုလုပ်လိုက်သည်။ ထိုမီးလျှံများမှာ ယောင်ဟီဝန်၏ ခံစားချက်များဖြင့် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်နေသကဲ့သို့ပင်။
တဂျိဂျိအသံနှင့်အတူ လီဟန်းဆောင်၏ လက်မောင်းများ ပတ်ပတ်လည်တွင် သံမဏိတံတိုင်းများ စတင် ဖြစ်ပေါ်လာခဲ့သည်။ ထိုတံတိုင်းမှာ လူတစ်ယောက်ကို ကမ္ဘာကြီးမှ ကင်းဝေးစေမည့် တံတိုင်းတစ်ခု ဖြစ်ပေသည်။ မီးလျှံများကို ငြှိမ်းသတ်ရန်အတွက် အောက်ဆီဂျင်ကို ဖြတ်တောက်ရမည် ဖြစ်၏။
လီဟန်းဆောင်မှာ ဤအချက်ကို သိရှိထားပြီး ယောင်ဟီဝန်အတွက် တံတိုင်းတစ်ခု ဖြစ်လာစေရန် မိမိကိုယ်ကိုယ် စတေးလိုက်ခြင်း ဖြစ်သည်။ သူသည် ကမ္ဘာကြီး၏ ကိုယ်စား ယောင်ဟီဝန်၏ ဒေါသကို ခံယူပေလိမ့်မည်။
ကျနော် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူတို့နှစ်ဦးကို ကြည့်ရှုနေရန်သာ ဖြစ်သည်။ စကားမပြောနိုင်သော ယောင်ဟီဝန်၏ နှလုံးသားထဲသို့ လီဟန်းဆောင် ရောက်ရှိနိုင်ပါစေဟုသာ ကျနော် ဆုတောင်းနေမိသည်။
အချိန်မည်မျှ ကုန်ဆုံးသွားပါသနည်း။
[‘သံမဏိ၏ သက်သေ’ဇာတ်လမ်း ပြီးမြောက်သွားပါပြီ။]
နောက်ဆုံးတွင် ယောင်ဟီဝန်၏ မီးလျှံများ ငြှိမ်းသတ်သွားချေပြီ။
………………………………………………………………………………………..
လီဟန်းဆောင်ကို နှိုးလိုက်သည်မှာ ရင်းနှီးနေသော အမျိုးသမီးအသံတစ်ခု ဖြစ်၏။
"အသက်ရှူ ကျပ်လိုက်တာ..."
သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ယောင်ဟီဝန်၏ မျက်နှာကို မြင်လိုက်ရသည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်နေလေပြီ။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သံမဏိများမှာ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားရင်း ယောင်ဟီဝန်ကိုပါ ဖုံးအုပ်ထားခြင်း ဖြစ်၏။
"အာ...စိတ်မရှိပါနဲ့။ အခုချက်ချင်း ပြန်လွှတ်ပေးပါ့မယ်"
အရည်ပျော်နေသော သံမဏိတံတိုင်းမှာ ခဲသွားသောကြောင့် ဖြစ်ပေလိမ့်မည်၊ သံမဏိတံတိုင်းမှာ လွယ်လွယ်ကူကူနှင့် ပြန်မပွင့်လာချေ။ လီဟန်းဆောင် ဇဝေဇဝါ ဖြစ်နေစဉ်တွင် ယောင်ဟီဝန်၏ နဖူးမှာ လီဟန်းဆောင်၏ ရင်ဘတ်ကို ထိကပ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
သံမဏိပေါ်သို့ နူးညံ့သော အထိအတွေ့ ကျရောက်လာသောကြောင့် လီဟန်းဆောင်မှာ ခေါင်းယမ်းလိုက်၏။
"...မလိုပါဘူး"
သေးငယ်သော အပြုအမူလေးတစ်ခု ဖြစ်သော်လည်း လုံလောက်လှပေသည်။ သူ၏ နှလုံးသားမှာ ရှင်းလင်းစွာ ကူးစက်သွားခဲ့ချေပြီ။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ဤအပေါင်းအဖော်ပတ်သက်မှုကို မုန်းတီးနေပါသည်။]
"ဒါနဲ့ ဟန်းဆောင်။ ဒီမှာ တခြားဘယ်သူရှိသေးလဲ"
"ဗျာ။ အဲဒါက..."
လီဟန်းဆောင်၏ တွေဝေနေမှုကို ကြည့်ကာ ယောင်ဟီဝန်မှာ စိတ်ကောက်နေသည့် ပုံစံ ဖြစ်သွားခဲ့သည်။
"ရပါတယ်။ အရေးမကြီးပါဘူး။ အဲဒါထက် သူများကို မြန်မြန်လွှတ်ပေးဦး။ အချိန်မရှိတော့ဘူး"
"...ဗျာ။ တစ်ခုခု ဖြစ်လို့လား"
ယောင်ဟီဝန်က လီဟန်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်ယံသို့ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"ကင်ဒေါ့ဂျာ။ အခု နားထောင်နေလား။ ယူဆန်းအာ အန္တရာယ်ရှိနေပြီ"
အခန်း ၁၄၀
- အပိုင်း ၂၇ - ဖတ်မရနိုင်သော (၄)
[ပြင်းထန်သော တုန်ခါမှုကြောင့် သင်၏ ခန္ဓာကိုယ် နိုးထလာပါသည်။]
[‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ ပိတ်သွားပါပြီ။]
ကျနော့် အသိစိတ်များ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်နှင့် အာရုံခံစားမှုများလည်း တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။ သို့သော် တစ်ခုခုတော့ ထူးဆန်းနေသည်။
…ပြန်လည်ရှင်သန်ခြင်း မက်ဆေ့ချ်ကို ဘာလို့ မမြင်ရတာလဲ။
[‘အရံဇာတ်ကောင်အနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်’ ၏ ချိတ်ဆက်မှု မတည်ငြိမ်ခြင်းကြောင့် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ အတွက် ဆုလာဘ်ကို သင် ရရှိနိုင်မည်မဟုတ်ပါ။]
မမျှော်လင့်ထားသော ထိုမက်ဆေ့ချ်ကြောင့် ကျနော် အံ့အားသင့်သွားစဉ်တွင် ခန္ဓာကိုယ်၏ နာကျင်မှုနှင့် လေးလံမှုကို တဖြည်းဖြည်း ခံစားလာရသည်။ တစ်ခုခုတော့ မှားနေချေပြီ။
ကျနော့်ကို စိုက်ကြည့်နေသော ယူဂျွန်ဟော့ကို မြင်လိုက်ရသည်။
ချီး။ လန့်လွန်းလို့ သေတော့မှာပဲ။
"ကင်ဒေါ့ဂျာ၊ မင်း သေသွားပြီလား"
ဘာတွေဖြစ်နေလဲဆိုတာကို ကျနော် အနည်းငယ် ရိပ်မိလိုက်သည်။ ပြန်လည်ရှင်သန်ခြင်း မက်ဆေ့ချ် ဘာလို့ တက်မလာတာလဲ၊ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ အတွက် လျော်ကြေး ဘာလို့ မရတာလဲဆိုတာကို ကျနော် နားလည်သွား၏။
ငါက သေမှမသေခဲ့တာပဲ။
"ကင်ဒေါ့ဂျာ"
ကျနော်က ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရရုံသာ ဖြစ်သည်။
မအေဘေး။ ဘာလို့ ငါ့ကို မသတ်လိုက်တာလဲ။ ငါက အသတ်ခံချင်နေပါပြီဆိုမှ ဒီလူယုတ်မာက မသတ်ဘူး...
「 ...အစကတည်းက သူ့ကို သတ်လိုက်သင့်တာလား 」
မမျှော်လင့်ထားသော အတွေးတစ်ခုကို ကြားလိုက်ရသဖြင့် ကျနော် ပါးစပ်ပိတ်သွားသည်။ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ က အလိုအလျောက် အသက်ဝင်လာခြင်း ဖြစ်၏။ ယူဂျွန်ဟော့၏ အတွေးများမှာ ရေတံခွန်တစ်ခုကဲ့သို့ စီးဆင်းဝင်ရောက်လာသည်။
「 ဒီလူကြောင့် အရာအားလုံးက လွဲချော်ကုန်ပြီ 」
「 ဒါက အရင် နောက်ပြန်ဆုတ်ခဲ့တဲ့ အကြိမ်တွေနဲ့ မတူဘူး။ ရနိုင်တဲ့ အချက်အလက်တွေက အရမ်း နည်းလွန်းတယ်။ ဒီအတိုင်းဆို ကမ္ဘာကြီးကို ငါ မကယ်တင်နိုင်ဘူး 」
ဒါက ဘာလဲဟ။
「 ကယ်တင်ခြင်းအသင်းကြောင့် ငါ ဒဏ်ရာရခဲ့တာက နောက်ဆုံးအကြိမ်မှာ အချိန်တွေ အများကြီး သုံးခဲ့မိလို့ပဲ။ အဲ့ဒီတုန်းက နှစ်ပေါင်း ၁၀၀ လောက် လေ့ကျင့်ခဲ့မိတာက မှားသွားတယ်။ ငါ့ရဲ့ စိတ်က လုံးဝကို ထိခိုက်ပျက်စီးသွားခဲ့ပြီ 」
「 ‘အကြွင်းမဲ့ပလ္လင်’ ကို မယူခဲ့တာက မှားသွားတာလား မသိဘူး 」
「 ငါ အစကနေ ပြန်စဦးမယ်... 」
သောက်ကျိုးနည်း။
‘နောက်ပြန်ဆုတ်သူ၏ စိတ်ဓာတ်ကျခြင်း’ စတင်နေချေပြီ။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြောင့်လော။ သူ မည်သည့် ဆုံးဖြတ်ချက်ကိုချလိုက်မလဲဆိုသည်ကို စိုးရိမ်သဖြင့် ကျနော် အော်ဟစ်လိုက်သည်။
"ငါ နာနေတယ်လေကွာ။ မအေဘေးရဲ့"
ယူဂျွန်ဟော့က ကျနော်၏ ရန်စမှုကို လှည့်ကြည့်လာပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်၏။
"...မင်းကိုယ်တိုင်ပဲ ငါ့ကို သတ်ခိုင်းခဲ့တာ မဟုတ်လား။ ကိစ္စက ပြေလည်သွားပြီလား"
"အကြမ်းဖျင်းတော့ ပြေလည်သွားတယ်။ မီးကို အရေးပေါ် ငြှိမ်းသတ်လိုက်နိုင်တယ်လေ"
ယူဂျွန်ဟော့၏ မျက်နှာအမူအရာမှာ မကြည်လင်သဖြင့် ကျနော်၏ နာကျင်နေသော ဝမ်းဗိုက်ကို ကိုင်ရင်း ကျနော် သိထားသည်များထဲမှ အချို့ ပြောပြလိုက်သည်။
လီဟန်းဆောင်က ယောင်ဟီဝန်ကို မည်သို့ ကယ်တင်ခဲ့လဲကို ကျနော် ပြောပြလိုက်ခြင်းပေ။ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကနေ ကျနော် ကြည့်နေခဲ့ခြင်းကိုတော့ ထည့်မပြောခဲ့ပေ။
ပုံမှန်ဆိုရင်တော့ ပေါက်ကရ ဇာတ်လမ်းတွေပါ ကျနော်ထည့်ပြောမိမှာ ဖြစ်သော်လည်း စိတ်မပါလက်မပါ ဖြစ်နေသော ယူဂျွန်ဟော့က မှိုင်တွေသော မျက်နှာဖြင့် ခေါင်းညိတ်ပြသည်။
"အဲ့ဒီလို ဖြစ်ခဲ့တာလား။ ဒါဆို အခု မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"မဆုံးဖြတ်ရသေးပေမဲ့ အခြေအနေကတော့ အတော်လေး အကောင်းမြင်စရာ ရှိပါတယ်"
"ယူဆန်းအာလို့ ခေါ်တဲ့ အမျိုးသမီးက မင်းအတွက် အရေးကြီးပုံရတယ်။ အဲ့ဒီအမျိုးသမီးကို မင်း အရင်ဆုံး ရှာချင်နေမှာပဲ။ သူ့ကို ကယ်တင်ခြင်းအသင်း ခေါင်းဆောင်က ဖမ်းသွားတာလား"
"ဟုတ်လောက်မယ်လို့ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ငါကတော့ မျှော်လင့်ချက် ထားနေတုန်းပဲ"
"...ဘာကြောင့် မင်းက အဲ့ဒီလောက် မျှော်လင့်ချက် ထားနေရတာလဲ"
"ဂျွန်ဟော့… ကမ္ဘာကြီးကို ငါတို့တွေ ကယ်တင်နိုင်မှာပါ။ မင်းလည်း အဲ့ဒါကို သိပါတယ်။ ဟုတ်တယ်မလား"
ယူဂျွန်ဟော့က ကျနော်ကို စိုက်ကြည့်လာ၏။
"မင်း ဘာတွေ ပြောနေတာလဲ"
သိသာလွန်းနေပြီဟု ထင်သဖြင့် ဆင်ခြေတစ်ခုကို ကျနော် ထပ်ထည့်လိုက်သည်။
"အင်း... ဒီလိုပါပဲ။ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ‘နာဗားနား’ က ယူဆန်းအာကို ထိမှာ မဟုတ်ဘူး။ ငါသိတဲ့ နာဗားနားသာ ဆိုရင်ပေါ့"
"...မင်းက ‘ပြန်လည်မွေးဖွားသူ’ ကို သိနေတာလား"
ယူဂျွန်ဟော့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကျနော်တို့ကို မနှောင့်ယှက်ချင်သဖြင့် ငြိမ်နေသော မင်ဂျီဝန်က နောက်ဆုံးတွင် ကြားဖြတ်ပြောလာ၏။ မင်ဂျီဝန်က အံ့အားသင့်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်မှာ -
"ရှင်တို့ နှစ်ယောက်က အတော်လေး ရင်းနှီးကြတာပဲ"
"ငါက ဖော်ဖော်ရွေရွေ နေတတ်တဲ့သူမို့ပါ။ ဒါနဲ့ နင်ရော အဆင်ပြေရဲ့လား"
"...ရှင်တို့ ကျေးဇူးကြောင့်ပါ။ ကျမ ကယ်တင်ခြင်းအသင်းတော်ထဲကို ဝင်မိတော့မလို့"
နာဗားနားနှင့် တွေ့ဆုံခဲ့ရမှုမှာ ကြီးမားသော စိတ်ဒဏ်ရာ ဖြစ်သွားခဲ့သဖြင့် မင်ဂျီဝန်မှာ တုန်ယင်နေ၏။ ကံမကောင်းစွာဖြင့် မင်ဂျီဝန်၏ အခြေအနေကို ထည့်တွက်ပေးနေဖို့ ကျနော့်တွင် အချိန်မရှိချေ။
"အလှဘုရင်မ။ ငါအကူအညီလိုနေပြီ "
…………………………………………………………………………………………..
အလှဘုရင်မ၏ ဟွာရန်းများကို ကျနော်အသုံးပြု၍ ပြန့်ကျဲနေသော လူစုကို စတင်စုစည်းလိုက်သည်။
အရေးကြီးဆုံးမှာ နာဗားနား၏ ‘စိတ်ကူးကူးစက်ခြင်း’ ကြောင့် ထပ်မံ၍ ထိခိုက်မှုမရှိအောင် တားဆီးရန် ဖြစ်၏။ အထူးသဖြင့် လီဂျီဟယ်သာ ထူးဆန်းသော အတွေးများ ကူးစက်ခံရလျှင် ကပ်ဘေးကြီး ဆိုက်ပေလိမ့်မည်။ ထိုသို့ဖြစ်ပါက ဟန်မြစ်ပေါ်ရှိ ‘တစ္ဆေစစ်သင်္ဘောအုပ်စု’ သည် ဆိုးလ်မြို့ကြီးကို အမှိုက်ပုံအဖြစ် ပြောင်းလဲပစ်မည် ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် လီဂီယောင်နှင့် ရှင်ယူဆောင်းတို့မှာ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် ရှိနေကြပြီး အဆောက်အဦတစ်ခုကို သိမ်းပိုက်ထားသော ဂုံဖီဒူကို ရှာဖွေရသည်မှာလည်း မခက်ခဲလှပေ။ ဂုံဖီဒူက ညည်းညူနေလေ၏။
"ငါ အဲ့ဒီနယ်မြေမှာပဲ ဆက်နေချင်ခဲ့တာ"
"ငြိမ်းချမ်းမြေကိုပြောတာလား"
"ချီးပဲ..."
ဂုံဖီဒူမှာ ယခင်ဇာတ်ဝင်ခန်း ပြီးဆုံးသွားခြင်းကို နှမြောနေပုံရသည်။ ထိုသို့ဖြစ်နေခြင်းမှာလည်း မဆန်းချေ၊ ဂုံဖီဒူသည် ထိုနေရာတွင် ဘုရင်တစ်ပါး ဖြစ်ခဲ့သည် မဟုတ်ပါလော။ ဟန်ဆိုယောင်းမှာလည်း နတ်ဘုရားမတစ်ပါး ဖြစ်ခဲ့ဖူးသဖြင့် ယခုအချိန်တွင် ဟန်ဆိုယောင်း မည်သို့ခံစားနေရမည်ကို ကျနော် သိချင်မိသည်။
"လေးစားအပ်ပါသော အမြင့်မြတ်ဆုံးဘုရင်ကြီး။ ကျနော့်ကို လက်ခံပေးပါ"
"ကျနော် ခင်ဗျားကို ကြည်ညိုပါတယ်"
ဇာတ်ဝင်ခန်းထဲသို့ အသစ်ဝင်ရောက်လာသော ကိုယ်စားလှယ်များထံမှ နားထောင်ရခက်သော မြှောက်ပင့်စကားများ ထွက်ပေါ်လာသည်။ ကျနော်တို့ ‘ငြိမ်းချမ်းမြေ’ မှ ပြန်လာသည့် ကောလဟာလမှာ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်၏။ ကျနော် ဘေးကို လှည့်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်နေသော ယူဂျွန်ဟော့ကို မြင်လိုက်ရသည်။
「 ဒီလူတွေက ကားအစီး ၁၀၀ နဲ့ တိုက်ရင်တောင် ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး 」
「ငါရွေးချယ်ရမယ့်အဖြေက ‘နောက်ပြန်ဆုတ်ခြင်း’ ပဲ... 」
"ကဲ…ကဲ… ငါတို့ အမြင့်မြတ်ဆုံးဘုရင်က အခု စိတ်ကြည်မနေဘူး၊ အဲ့ဒါကြောင့် ဖယ်ကြစမ်း။ သေချင်လို့လား"
စိတ်ဓာတ်ကျစရာ အကြောင်းရင်းများကို ဖယ်ရှားရန် ကျနော်ကိုယ်တိုင် ရှေ့ထွက်လိုက်သည်။
ကိုယ်စားလှယ်အသစ်များမှာ နာမည်ကြီးတစ်ဦး၏ မန်နေဂျာက မောင်းထုတ်ခံရသော ပရိသတ်များကဲ့သို့ ကျနော်ကို စိုက်ကြည့်လာကြ၏။
"ဒီကောင်က ဘယ်သူလဲ"
"သူက ‘အရုပ်ဆိုးဆုံးဘုရင်’ လေ"
မအေဘေးတွေ။ ကျနော် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ထားဘဲ ယူဂျွန်ဟော့က ပြောလာသည်။
"မင်းတို့ ငါ့လက်အောက် ဝင်ချင်ရင် ငါ့ကို ကူညီနိုင်တဲ့သူ ဖြစ်အောင် အရင်လုပ်ကြ"
ပုံမှန်နှင့်မတူဘဲ သူ၏ အေးစက်သော အသံထဲတွင် ပြင်းထန်သော စိတ်ဓာတ်ကျမှုများ ရောယှက်နေ၏။ သူ၏စကားများမှာ စော်ကားသော စကားလုံးများ ဖြစ်သော်လည်း ပရိသတ်များမှာတော့ တကယ့်ကို ထူးခြားပေသည်။
"ရှီး... မိုက်လိုက်တာ... အဲ့ဒီလို နုပျိုပြီး မဟူရာဆန်တဲ့ အသံမျိုးက ရူးလောက်စရာပဲ..."
ကျား၊ မ မရွေး ကိုယ်စားလှယ်များမှာ မိန်းမောသွားကြသည်။
"အရမ်း မိုက်တာပဲ။ ကျမ ပိုပြီး သန်မာအောင် လုပ်ပါ့မယ်။ ကျမ သေချာပေါက် အသုံးဝင်တဲ့သူ ဖြစ်လာစေရမယ်"
လောကကြီးက ဘာလို့ ဒီလောက် မတရားရတာလဲ။ ဒါနဲ့ သူတို့က ဘာလို့ ယူဂျွန်ဟော့ကိုပဲ ရှာနေကြတာလဲ။ ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်ကို နှိမ်နင်းခဲ့တာက ငါဆိုတာကို သူတို့အားလုံး မေ့သွားကြပြီလား။
ထိုအချိန်တွင် လူတစ်ယောက်က ပြောလိုက်သည်။
"ဟေ့… ခုနက ငါမြင်တာတော့ ‘အရုပ်ဆိုးတဲ့ဘုရင်’ က ပိုပြီး အစွမ်းထက်သလိုပဲနော်"
"ဟမ်။ အဲ့ဒါ တကယ်လား"
တကယ်ဟုတ်မဟုတ်တော့ ကျနော် မသိသော်လည်း ကျနော်က အတော်လေးတော့ သန်မာပါသည်။
"မင်း မျက်လုံးက နောက်စိမှာ ရောက်နေတာလား။ အမြင့်မြတ်ဆုံးဘုရင်က သူ့ကို တစ်ချက်တည်းနဲ့ နှိမ်နင်းလိုက်တာလေ"
"အဲ့ဒါ ဟုတ်လို့လား"
ကျနော်၏ တုန်ယင်နေသော လက်များမှာ လေးလံလာပြီး၊ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့က ကျနော့် လက်များကို ဆွဲကိုင်ထားသည်အား သတိပြုမိလိုက်သည်။
"သမီးကတော့ ဦးလေးက ပိုချောတယ်လို့ ထင်ပါတယ်"
"အစ်ကိုကြီး။ မျက်နှာက အဓိက မဟုတ်ပါဘူး"
ကျနော်ဘက်မှာ ရှိတာဆိုလို့ ကလေးတွေပဲ...
မဟုတ်သေးဘူး၊ ရှင်ယူဆောင်း တစ်ယောက်ပဲ ရှိတာပါ။ ဒါနဲ့ ‘အရုပ်ဆိုးတဲ့ဘုရင်’ ဆိုတာက ဘာလဲ။ အဲ့ဒါက ငါ့ရဲ့ အမည်ပြောင် ဖြစ်သွားပုံပဲ။
ကျနော် တကယ်ကို နားမလည်နိုင်ပေ။ ကမ္ဘာပျက်သွားသည်အထိ ကျနော်ကို ‘ရုပ်ဆိုးတယ်’ လို့ ခေါ်ကြတာ တစ်ခါမှ မကြားဖူးခဲ့ချေ။
ယူဂျွန်ဟော့က စိတ်ဓာတ်ကျနေသော်လည်း ဒုက္ခရောက်နေရသည်မှာ ကျနော် ဖြစ်နေ၏။
"အရုပ်ဆိုးဆုံးဘုရင်ဟုတ်လား။ အဟားဟား။ အဲ့ဒါက တကယ်ကို လိုက်ဖက်တာပဲ"
ရယ်သံကြားရာသို့ ကျနော် ခေါင်းလှည့်ကြည့်လိုက်ရာ လီဂျီဟယ်ကို မြင်လိုက်ရသည်။ အတော်လေး ခပ်ကွာကွာရပ်နေသော ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့မှလွဲ၍ ကျနော့် အဖွဲ့သားအားလုံးနီးပါး စုမိနေကြပြီ ဖြစ်သည်။
ဒါဆို ငါ အခု ဘာလုပ်သင့်လဲ။ ငါ့ ခေါင်းတောင်ခဲလာပြီ။
ထိုအချိန်တွင် တစ်နေရာရာမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ယူဂျွန်ဟော့က အရင်ဆုံး တုံ့ပြန်လိုက်သည်။
"...အဆင့်မြင့် မိစ္ဆာမျိုးစိတ်ပဲ။ ဆဌမအဆင့် ရှိတယ်"
"ဒီနေရာမှာ ဇာတ်ဝင်ခန်း တစ်ခုခု ရှိနေတာလား"
လီဂျီဟယ် ပြောတာ မှန်သည်။ သတ္တမမြောက် ဇာတ်ဝင်ခန်း ‘မိစ္ဆာအမဲလိုက်ခြင်း ’ သည် ‘ငြိမ်းချမ်းမြေ’ သို့ မသွားခဲ့သော ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်အသစ်များအတွက် ပွဲတစ်ခု ဖြစ်၏။
...သတ္တမမြောက် ဇာတ်ဝင်ခန်းမှာ ဆဌမအဆင့် မိစ္ဆာတွေက ပေါ်နေပြီလား။
ကျနော် သိလိုသည်များကို မင်ဂျီဝန်က ဖြေကြားပေးခဲ့သည်။
"စိတ်မကောင်းပါဘူး။ သတ္တမမြောက် ဇာတ်ဝင်ခန်းက ပြီးသွားပါပြီ"
"...အခု မရှိတော့ဘူးလား"
"ရှင်တို့က ဆုလာဘ်တွေ ပေးနေတဲ့ အချိန်လောက်မှာ ရောက်လာတာလေ။ အခြေအနေတွေက အားလုံး ပြီးသွားပါပြီ။ ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်က အမြင့်ဆုံးဆုကို ရသွားတယ်"
မျှော်လင့်ထားတဲ့အတိုင်းပင်။ ပြောရမယ်ဆိုလျှင် ကယ်တင်ခြင်း ခေါင်းဆောင်နှင့် စတွေ့တုန်းကလည်း ကယ်တင်ခြင်းအသင်းတော်က မိစ္ဆာတွေကို အမဲလိုက်နေပုံရသည်။
"ဒါဆို ဒီမိစ္ဆာတွေက ဘယ်ကနေ ရောက်လာတာလဲ"
"အသင့်ပြင်ကြ။ တစ်ကောင်တည်း မဟုတ်ဘူး"
ယူဂျွန်ဟော့က ‘ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း’ ဓါးကို မြှောက်လိုက်ပြီး ကျန်အဖွဲ့သားများကလည်း ၎င်းတို့၏ လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြသည်။
ဆဌမအဆင့် ‘အမဲလိုကခွေကြီးများ’ များ ပေါ်လာပြီး အဆောက်အဦများကို ၎င်းတို့၏ ကြီးမားသော လက်သည်းခွံကြီးများဖြင့် ဖျက်ဆီးပစ်လိုက်ကြသည်။ အရေအတွက်မှာ ဆယ်ကောင်ထက်မက ရှိနေလေသည်။
"ဆဌမအဆင့် မိစ္ဆာတွေက ဒီလိုမျိုး အုပ်စုလိုက် မလှုပ်ရှားသင့်ဘူးလေ။ ဒီကောင်တွေက ဘာဖြစ်နေကြတာလဲ"
ကျနော်တို့သည် မိစ္ဆာများကို လက်နက်များဖြင့် လွှဲယမ်းတိုက်ခိုက်လိုက်ကြသည်။ လီဂျီဟယ်က ‘မိစ္ဆာသုတ်သင်ခြင်း’ ကို အသုံးပြုပြီး ဂုံဖီဒူက ‘လက်နက်ခံတပ်’ ကို အသုံးပြုသည်။ ထို့အပြင် ယူဂျွန်ဟော့၏ ‘ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း’ နှင့် ရှင်ယူဆောင်း၊ လီဂီယောင်တို့၏ ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ တို့လည်း ရှိနေ၏။ ကျနော်တို့ အဖွဲ့ဝင်များမှာ တကယ်ကို သန်မာကြပေသည်။
ကျနော်တို့သည် ဆဌမအဆင့် မိစ္ဆာ ဆယ်ကောင်ကို မျက်စိတစ်မှိတ်အတွင်း ရှင်းလင်းလိုက်သော်လည်း အခြေအနေမှာ ပြေလည်မသွားခဲ့ပေ။
ဂုံဖီဒူက အော်ဟစ်လိုက်သည်။
"သူတို့ ထပ်လာနေကြပြန်ပြီ"
"အားလုံးပဲ…. ဒီဘက်ကို လာကြ"
ထိခိုက်မှုကို လျှော့ချရန်အတွက် ကိုယ်စားလှယ်အသစ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလိုက်ပြီး ‘ယုံကြည်မှု’ ဓါးဖြင့် အမဲလိုက်ခွေးကြီး၏ ခေါင်းကို ဖြတ်ချလိုက်သည်။ ထို့နောက် လဲကျသွားသော မိစ္ဆာများထံမှ အူတိုင်များကို စုဆောင်းရန်လည်း မေ့မထားခဲ့ပေ။
[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ် က သင်၏ ချင့်ချိန်နိုင်စွမ်းကို သိချင်နေပါသည်။]
သို့သော်လည်း တစ်ခုခုတော့ အဆင်မပြေဖြစ်နေ၏။ ဤဖြစ်ရပ်မျိုးမှာ မူရင်းဝတ္ထု၏ တတိယမြောက် ‘နောက်ပြန်ဆုတ်ခြင်း’ တွင် မပါဝင်ခဲ့ပေ။ စတုတ္ထ၊ ပဉ္စမ... သို့မဟုတ် ဒသမမြောက် နောက်ပြန်ဆုတ်ခြင်းတွင်ပင် မပေါ်ခဲ့ဖူးချေ။
အရေးကြီးသော ကိစ္စတစ်ခုခုကို လွဲချော်နေသလို ကျနော်ခံစားနေရသည်။
စဉ်းစားစမ်း၊ ကင်ဒေါ့ဂျာ။ ဒီဇာတ်ဝင်ခန်းက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။
[သင်၏ သီးသန့်ဝိသေသလက္ခဏာ အကျိုးသက်ရောက်မှုကြောင့် သင်ဖတ်ခဲ့သော စာအုပ်များမှ မှတ်ဉာဏ်များ ပိုမိုအားကောင်းလာပါသည်။]
...မဟုတ်မှလွဲရော
[ဆိုးလ်ဒေသရှိ ကိုယ်စားလှယ်အားလုံးကို အသိပေးလိုပါတယ်]
ထို့စဉ် ဒိုကဲဘီ၏ မက်ဆေ့ချ် ရောက်လာသည်။ ထိုဒိုကဲဘီမှာ ဘီဟွန်းမဟုတ်ဘဲ ပထမဆုံးအကြိမ် ကြားဖူးသော အသံတစ်ခု ဖြစ်၏။
[ရုတ်တရက် ပေါ်လာတဲ့ မိစ္ဆာတွေကြောင့် အံ့ဩသွားကြလား။ ဟူး... မင်းတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခု စတင်လိုက်ပါပြီ။ ငါတို့လည်း မင်းတို့ကို နားချိန်ပေးချင်ခဲ့တာပါ... ဒါပေမဲ့ ဝမ်းနည်းစရာပါပဲ။ ဒီဇာတ်ဝင်ခန်းက ဒိုကဲဘီတွေ ဖန်တီးထားတာ မဟုတ်ဘဲ အလိုအလျောက် ပေါ်လာတဲ့ ဇာတ်ဝင်ခန်း ဖြစ်နေလို့ပါ]
[ဇာတ်ဝင်ခန်း အသစ်တစ်ခု ရောက်ရှိလာပါပြီ။]
[အဓိက ဇာတ်ဝင်ခန်း # ၈ - ‘အစွမ်းထက်ဆုံး စတေးမှု’ စတင်ပါပြီ။]
ဇာတ်ဝင်ခန်း၏အမည်မှာ ကျနော် သိထားသော အဋ္ဌမမြောက် ဇာတ်ဝင်ခန်းနှင့် အမည် မတူပေ။ ဇာတ်ဝင်ခန်း၏ အကြောင်းအရာကို ကျနော်ဖွင့်ကြည့်လိုက်သည်။
[အဓိက ဇာတ်ဝင်ခန်း # ၈ - အစွမ်းထက်ဆုံး စတေးမှု]
အမျိုးအစား - အဓိက
ခက်ခဲမှု - S
ပြီးမြောက်ရန်အခြေအနေ
မိစ္ဆာများ၏ တိုက်ခိုက်မှုလှိုင်းကို တောင့်ခံထားရန်။ (ဤဇာတ်ဝင်ခန်းတွင် မိစ္ဆာများ၏ အဆင့်မှာ လေးနာရီခြားတစ်ခါ မြင့်တက်လာမည် ဖြစ်သောကြောင့် သတိထားရန် လိုအပ်ပါသည်)။
အချိန်သတ်မှတ်ချက်
မရှိ
ဆုလာဘ်
???
ကျရှုံးမှု
သေဆုံးခြင်း
ထပ်ဆောင်း ပြီးမြောက်ရန်အခြေအနေများလည်း ရှိပါသည်။
အရိပ်အမြွက်ကို လေးနာရီခြားတစ်ခါ ပေးအပ်မည် ဖြစ်ပါသည်။
[အာ… မင်းတို့ သိအောင် ပြောရရင် ဆဌမအဆင့် ကနေ စမှာပါ။ နောက် လေးနာရီကြာရင် ပဉ္စမအဆင့် မျိုးစိတ်တွေ ထွက်လာမှာ ဖြစ်ပြီး အဲ့ဒီနောက် လေးနာရီကြာရင် စတုတ္ထအဆင့်မျိုးစိတ်တွေ ထွက်လာမှာပါ။ အဲ့ဒီနောက် လေးနာရီကြာရင်တော့... ဟူးဟူး… အင်း... မင်းတို့လည်း သိမှာပါ]
ကိုယ်စားလှယ်တစ်ဦးက အော်ဟစ်ကာ မေးမြန်းလိုက်သည်။
" အလိုအလျောက် ဇာတ်ဝင်ခန်းဆိုတာ ဘာကြီးလဲ"
"ဟမ်…. အချိန်သတ်မှတ်ချက်လည်း မရှိဘူးလား"
[အချိန်သတ်မှတ်ချက်လား။ ဟားဟား။ အဲ့ဒီလိုအရာမျိုး မရှိဘူး]
ထိုစကားများမှာ အမှန်ဖြစ်ကြောင်း ကျနော် သိနေသည်။ နာဗားနား ပေါ်လာပြီး ယူဂျွန်ဟော့၏ အဖွဲ့မှာ မူရင်း တတိယမြောက် ‘နောက်ပြန်ဆုတ်ခြင်း’ ထက် ပိုမိုသန်မာနေခဲ့၏...
ဘာတွေ ဖြစ်နေသလဲဆိုတာကို ကျနော် ခန့်မှန်းမိသွားသည်။ ဤဖြစ်ရပ်မျိုးမှာ ‘Ways of Survival’ တွင် ပါဝင်ခဲ့ဖူးသည်။
[မင်းတို့ အားလုံးက အရမ်း သန်မာနေကြလို့ပဲ။ အို... ကိုရီးယား ကိုယ်စားလှယ်တွေက မျှခြေကို ကျော်လွန်ပြီး အရမ်း သန်မာလာကြတယ်။ မင်းတို့ နည်းနည်းတော့ လောဘကြီးလွန်းတယ် မဟုတ်ဘူးလား။ ဒါက သတ်မှတ်ထားတဲ့ ဒေသတွေက ကိုယ်စားလှယ်တွေ အရမ်း သန်မာလာတဲ့အခါ အလိုအလျောက် ပေါ်လာတတ်တဲ့ ဇာတ်ဝင်ခန်းပဲ]
ဆိုးလ်ရှိ ကိုယ်စားလှယ်များမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
[ပြောခဲ့သလိုပဲ… ဒီဇာတ်ဝင်ခန်းကို ဖြေရှင်းဖို့ နည်းလမ်း နှစ်မျိုး ရှိတယ်]
ထပ်ဆောင်း အခြေအနေများ ကောင်းကင်ယံတွင် ပေါ်လာသည်။
ထပ်ဆောင်း ပြီးမြောက်ရန်လိုအပ်သော အခြေအနေများ
(၁ ခု ရွေးရန်):
၁။ ဆိုးလ်ဒေသရှိ ကိုယ်စားလှယ် ထက်ဝက် သေဆုံးခြင်း။
လက်ရှိ ကိုယ်စားလှယ် အရေအတွက် (၁၀၇,၆၂၄)
ဒိုကဲဘီက အထင်ကြီးအားကျစွာဖြင့် ပြောလိုက်သည်။
[ဟင်း… လူတွေ အများကြီး ရှိနေသေးတာပဲလား။ စုံကိန်း ဖြစ်နေတာတော့ ကောင်းတာပေါ့]
"ချီး… အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"
"မင်းတို့က ငါတို့ကို သေခိုင်းနေတာလား။ ဒိုကဲဘီ အောက်တန်းစားတွေ"
ဒိုကဲဘီက ပြုံးလိုက်ပြီး ထပ်ပြောသည်။
[ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ ဒုတိယ အခြေအနေလည်း ရှိပါသေးတယ်]
ထပ်ဆောင်း ပြီးမြောက်ရန်လိုအပ်သော အခြေအနေများ
(၁ ခု ရွေးရန်):
၁။ ဆိုးလ်ဒေသရှိ အစွမ်းထက်ဆုံး ကိုယ်စားလှယ် သေဆုံးခြင်း။
ကျနော် နားလည်သွားသည်။
...ဤဇာတ်ဝင်ခန်း၏ အမည်မှာ ‘အစွမ်းထက်ဆုံး စတေးမှု’ ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုသော် ဆိုးလ်မြို့သား ထက်ဝက်ကို မသေဆုံးစေလိုပါက အစွမ်းထက်ဆုံး ကိုယ်စားလှယ် သေဆုံးမှသာ ဤဇာတ်ဝင်ခန်း ပြီးဆုံးပေလိမ့်မည်။
ကိုယ်စားလှယ်များက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြသည်။
"အစွမ်းထက်ဆုံး ကိုယ်စားလှယ်ဟုတ်လား။ ဘာလဲဟ။ အဲ့ဒါ ဘယ်သူ့ကို ပြောတာလဲ"
"အဲ့ဒါ ဘယ်သူလဲဆိုတာ ငါတို့ကို ပြောပြစမ်း!"
[ဟားဟား၊ အဲ့ဒါကိုတော့ ငါ မပြောပြနိုင်ဘူး။ ပြောပြလိုက်ရင် ဘာပျော်စရာ ရှိတော့မှာလဲ။ ကဲ… သူက အစွမ်းထက်ဆုံး ဆိုတော့ သူ့ဘာသာသူ အသိဆုံး ဖြစ်မှာပါ]
ဒိုကဲဘီက ဆက်ပြောသည်။
[ဒါဆိုရင် အစွမ်းထက်ဆုံးလူ ရှာဖို့ ကြိုးစားကြပေါ့။ ဒါမှမဟုတ်ရင်တော့ မင်းတို့လည်း သိပြီးသားပါ။ ဖြစ်နိုင်တာကတော့ အစွမ်းထက်ဆုံး ကိုယ်စားလှယ်ဆိုတာ မင်းတို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးမယ့် တရားမျှတမှု သူရဲကောင်း ဖြစ်မှာပေါ့။ အာ... ငါ နည်းနည်း ပျင်းလာလို့ အရိပ်အမြွက် တစ်ခု ပေးလိုက်မယ်။ ဇာတ်လမ်းရဲ့ ကောင်းချီးတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်]
[အရိပ်အမြွက် ၁]
ဆိုးလ်ဒေသရှိ ဒသမမြောက် အစွမ်းထက်ဆုံး ကိုယ်စားလှယ်မှာ ‘ပင်လယ်စစ်သူကြီး လီဂျီဟယ်’ ဖြစ်သည်။
"ဟာ… ဘာကြီးလဲ။ အဓိပ္ပာယ်မရှိတာ။ ကျမက ၁၀ ယောက်မြောက်ပဲလား"
လီဂျီဟယ်က မကျေမနပ် ညည်းညူလိုက်သည်။
သို့သော်လည်း မည်သူမျှ လီဂျီဟယ်ကို မလှောင်နိုင်ကြပေ။ လူတိုင်းက လူတစ်ယောက်ကိုသာ စိတ်ရှုပ်စွာ စိုက်ကြည့်နေကြသည်။ သူသည် ကျနော် ယခုပင် စိတ်ချင်းဆက်သွယ်ပြီး နားထောင်နေသော လူသား ဖြစ်၏။
「 အရာအားလုံးက အရမ်း လွဲချော်ကုန်ပြီ 」
「 ငါ မသိတဲ့ ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာပြီ 」
အာ…တောင်းဆိုပါတယ်... ယူဂျွန်ဟော့ရယ်...
「 ဒါကို ပြင်ဆင်ဖို့ နည်းလမ်း ငါ မစဉ်းစားနိုင်တော့ဘူး။ ငါ ‘နောက်ပြန်ဆုတ်’ လိုက်သင့်လား... 」
ချီးပဲလေ။ သူသာ နောက်ပြန်ဆုတ်သွားရင် ငါဘာဖြစ်သွားမလဲ။
ကျနော် ဘာမှမသိဘဲ သူနဲ့အတူ သေဆုံးသွားရမှာကို လုံးဝ လက်မခံနိုင်ပေ။ ရှေ့တွင် ရှိနေသော ယူဂျွန်ဟော့ကို စိုက်ကြည့်ကာ လက်သီးကို ကျနော် တင်းတင်းဆုပ်လိုက်မိတော့သည်။