← Chapters

အခန်း (၁၂၉-၁၃၁)

Vol. 9 Ch. 129-131

အခန်း (၁၂၉-၁၃၁)

Vol. 9 Ch. 129-131

အခန်း ၁၂၉

- အပိုင်း ၂၅ - နတ်ဘုရားတစ်ပါးကို ရင်ဆိုင်သူများ (၃)

ဗာရိုနီကာ ရဲတိုက် ၏ မြင့်မားသော တံတိုင်းများ။ ကုန်းမြင့်အောက်ရှိ လွင်ပြင်များတွင် ဘီလူးကြီးများ ပြည့်နှက်နေလေသည်။ သူတို့သည် တစ်ချိန်က လူသားများ ဖြစ်ခဲ့သော်လည်း ယခုမူ ကပ်ဘေးများ ဖြစ်နေကြလေပြီ။ ရဲတိုက်ပေါ်ရှိ အမြောက်စင်များအားလုံး ပစ်ခတ်နေစဉ် ဂုံဖီဒူ က ဟိန်းဟောက်လိုက်၏။

"မအေဘေးတွေ။ ဒါက ငါ့နယ်မြေကွ"

လွင်ပြင်ကို ဖြတ်ပြေးလာသော ဂျပန်လူမျိုး ၅၀ ခန့် ရှိလေသည်။ ဤမျှလောက်သော အင်အားသည် ငြိမ်းချမ်းမြေ ရှိ ကပ်ဘေးများ၏ ထက်ဝက်ကျော် စုဝေးရောက်ရှိနေခြင်းဟု ပြော၍ပင် ရ၏။

ဒက် ဒက် ဒက် ဒက် ဒက်

"ထွက်သွားကြစမ်း―"

ဂုံဖီဒူ သည် အနည်းငယ် စိတ်တိုနေပြီး အမြောက်များကို ပစ်ခတ်နေလေသည်။ သူသည် ဤကဲ့သို့သော အခြေအနေမျိုးထဲ မည်သို့ရောက်သွားမှန်း မသိခဲ့ချေ။ အစိမ်းရောင်ဇုန် များကို ကင်ဒေါ့ဂျာ ဖျက်ဆီးခဲ့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ကျန်ရှိနေသေးသည်ဟု လီဂျီဟယ် က ထင်မြင်နေမိလေသည်။

လီဂျီဟယ် သည် ကပ်ဘေးများ၏ စစ်အင်အားကြီးကို ကြည့်ရင်း လက်ချောင်းများ တုန်ယင်လာသည်။

"ချီး။ ရေအိုင်တစ်ခုလောက်သာ ငါတို့ကြားမှာ ရှိနေရင် ကောင်းမှာပဲ…"

"ကျုပ်တို့ တတ်နိုင်သလောက် လုပ်ကြရအောင်"

ကင်းထောက်မျှော်စင်ပေါ်မှ လီဟန်းဆောင် လမ်းလျှောက်လာပြီး လီဂျီဟယ် ၏ အနားတွင် ရပ်လိုက်သည်။ လီဂျီဟယ် က လှည့်ကြည့်လိုက်သောအခါ လီဘုတ်ဆွန်း ကို မြင်လိုက်ရ၏။ လီဂျီဟယ် ၏ မျက်လုံးများ တောက်ပသွားသည်။

"အဖွား၊ အဖွားရဲ့ ထောက်ပံ့သူ ဆီက စွမ်းအားကို ငှားလို့ရမလား"

"ဟီးဟီး။ ငါ့ရဲ့ ဘိုးဘေးကို ဆက်ပြီး အမှုထမ်းစေချင်တာလား"

"အာ… တကယ်ပါပဲ… စစ်သားဦးလေးကြီး။ အမဟီဝန်တို့အဖွဲ့ အခုထိ ရောက်မလာသေးဘူးလား"

လီဟန်းဆောင် က လေးလံစွာ ခေါင်းညိတ်ပြလိုက်သည်။

"နောက်တစ်ဖွဲ့ဆီက ဘာသတင်းမှ မရှိသေးဘူး။ ဒေါ့ဂျာ ထွက်မသွားခင်က ပြောခဲ့တာတော့ သူတို့တွေ အပိုဆုကြေး ဇာတ်ဝင်ခန်း တစ်ခုကို လုပ်နေလိမ့်မယ်တဲ့…"

"ချီး။ ဒါဆိုရင်တော့ ကျမတို့ပဲ တားထားရတော့မှာပေါ့"

ထိုအချိန်တွင် ကောင်းကင်ယံ၌ အရိပ်မည်းများ ပေါ်လာလေသည်။ လီဂျီဟယ် သည် ကောင်းကင်တွင် ပြည့်နှက်နေသော ပိုးကောင်ငယ်လေးများကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွား၏။

"အမလေး"

ထိုပိုးကောင်များထဲတွင် ပျံသန်းနိုင်သော မိစ္ဆာအမျိုးမျိုး ရောနှောပါဝင်နေလေသည်။ လီဂီယောင် နှင့် ရှင်ယူဆောင်း တို့သည် သားရဲနှင့် ပိုးကောင်တပ်ဖွဲ့ကို ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်၏။ လီဂီယောင် သည် နဂျီကောင်နှင့် တူသော ပိုးကောင်တစ်ကောင်ပေါ်တွင် ထိုင်နေပြီး လက်ဝှေ့ ယမ်းပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ကပ်ဘေးများသည် ရဲတိုက်သို့ ရောက်ရှိလာပြီး တံတိုင်းများကို စတင်ဖြိုဖျက်နေကြလေပြီ။

လီဟန်းဆောင် က တင်းမာသော အသံဖြင့် ပြောလိုက်သည်။

"…သူတို့ လာနေပြီ"

အပြည့်အဝ ဝိုင်းရံတိုက်ခိုက်မှု စတင်လေပြီ။

ဒက် ဒက် ဒက် ဒက် ဒက်

တစ်ဖက်တွင် ဂုံဖီဒူ က အမြောက်ဖြင့် ပစ်ခတ်နေပြီး အခြားတစ်ဖက်တွင်မူ လူသေးသေးလေးများက အော်ဟစ်နေကြသည်။

"တိုက်ကြ"

"ဗာရိုနီကာ အတွက် တိုက်ဟေ့"

ကပ်ဘေးများ၏ ကန်ချက်ကြောင့် တံတိုင်းများ တဖြည်းဖြည်း ပြိုကျပျက်စီးလာစဉ် ထိုအော်ဟစ်သံများက ရဲတိုက်အတွင်း ပဲ့တင်ထပ်နေလေသည်။ ယခုမူ 'ကပ်ဘေး' ဆိုသည့် အသုံးအနှုန်းသည် ဤလူသားများနှင့် တကယ်ပင် ကိုက်ညီနေပေတော့သည်။

'ငါသာ ကပ်ဘေးဖြစ်ဖို့ ရွေးချယ်ခဲ့ရင် ငါလည်း အဲ့လိုမျိုး ဖြစ်နေမှာလား'

လီဂျီဟယ် သည် ကင်ဒေါ့ဂျာ ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အဖြေကတော့ ယခုထိ မသိနိုင်သေးချေ။

အဖွဲ့သားများသည် ထင်ထားသည်ထက် ပိုမို ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။

ဂုံဖီဒူ ၏ အမြောက်များရှိသလို၊ လီဟန်းဆောင် ၏ မဟာတောင်ဖြိုတွန်းအား ကလည်း ကပ်ဘေးများကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့၏။ အမြောက်အမြားရှိသော ပိုးကောင်များနှင့် မိစ္ဆာများကလည်း အချိန်ဆွဲပေးနိုင်ခဲ့သည်။

ဤအတိုင်းဆိုလျှင် ရဲတိုက်ကို ကာကွယ်နိုင်လိမ့်မည်ဟု လီဂျီဟယ် ထင်မြင်နေမိလေသည်။ မဟူရာတိမ်တိုက် များ မိုးကုတ်စက်ဝိုင်းကို ဖုံးလွှမ်းသွားသည့် အချိန်အထိပေါ့။

"အဲ့ဒါက ဘာကြီးလဲ"

လီဂျီဟယ်သည် ကိုယ့် မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားလေသည်။

[ကပ်ဘေးများ၏ ဘုရင်သည် ဇာတ်ဝင်ခန်း အပိုဆုကြေး အကျိုးသက်ရောက်မှုကို ရရှိခဲ့ပါသည်။]

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ် ၏ ဖြစ်နိုင်စွမ်း ကန့်သတ်ချက်အချို့ကို ဖယ်ရှားလိုက်ပါသည်။]

"ရူးချင်စရာပဲ။ ကျမတို့ ဘယ်လို အနိုင်တိုက်ရမှာလဲ"

ခံတပ်ကြီးတစ်ခုမျှ အရွယ်အစားရှိသော တစ်စုံတစ်ခုက လီဂျီဟယ်ဘက်သို့ လာနေလေသည်။ ထိုအရာတွင် ခေါင်းရှစ်လုံးနှင့် အမြီးတစ်ခု ပါရှိ၏။

'ဦးလေးကြီး။ မြန်မြန် လာခဲ့ပါတော့'

လီဂျီဟယ် သည် စိတ်ထဲမှနေ၍ အော်ဟစ်နေမိလေတော့သည်။

………………………………………………………………………………………..

ကျနော်တို့သည် ကိုင်ရီယော့စ် ၏ နယ်မြေမှ ထွက်ခွာခဲ့ပြီး ကျောက်ဆောင်ထူထပ်သော ဒေသကို ဖြတ်ကျော်ကာ လွင်ပြင်များဆီသို့ ဦးတည်ရွေ့လျားခဲ့ကြသည်။

အာဆုခါ လန် က ပြောလိုက်၏။

"ခေါင်းရှစ်လုံး၏ အရှင်သခင် က စတင်လှုပ်ရှားနေပြီလို့ ထင်တယ်။ ဒီနယ်မြေမှာတော့ သူ့ရဲ့ ဆင့်ခေါ်မှုကို မခံစားရတော့ဘူး"

"လန်။ အဆင်ပြေရဲ့လား"

"ကျမရဲ့ ထောက်ပံ့သူ ကြောင့် အတိုင်းအတာတစ်ခုအထိတော့ ခုခံနိုင်ပါတယ်။ ဒါပေမဲ့ ထောက်ပံ့သူ အားနည်းတဲ့ ကိုယ်စားလှယ်တွေကတော့ လွင်ပြင်တွေဆီကို စုပြုံရောက်ရှိသွားကြပြီ"

အကြွင်းမဲ့ပလ္လင် ၏ ကိစ္စတွင် အကွာအဝေးပေါ် မူတည်၍ အမိန့်ပေးနိုင်စွမ်း ပြင်းအား ကွဲပြားမှု ရှိပေသည်။ ကြည့်ရှုသူများ အလိုအရ ‘အကြွင်းမဲ့’ ဟု ဆိုသော်လည်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် အကြွင်းမဲ့ဆိုသောအရာ မရှိပေ။

လမ်းတစ်လျှောက်တွင် လူသေးသေးလေးများ၏ အလောင်းများကို တွေ့ခဲ့ရသည်။ အာဆုခါ လန် က ခါးသီးသော အမူအရာဖြင့် ပြောလိုက်၏။

"…ဂျပန်လူမျိုးတိုင်းက ကပ်ဘေးဖြစ်ဖို့ ရွေးချယ်ခဲ့ကြတာ မဟုတ်ပါဘူး"

"ငါ သိပါတယ်"

ကျနော်က မူရင်းဝတ္ထုကို ဖတ်ရှုထားသူဖြစ်သဖြင့် ရှင်းရှင်းလင်းလင်း ပြောနိုင်ပေသည်။ အာဆုခါ လန် မှလွဲ၍ ‘လူသေးသေးလေး’ ဖြစ်သွားသော ဂျပန်လူမျိုးများကို မတွေ့ရခြင်းမှာ သူတို့သည် သေဆုံးသွားခြင်း သို့မဟုတ် ဤကမ္ဘာ၏ တစ်နေရာရာတွင် ပုန်းအောင်းနေကြသောကြောင့် ဖြစ်သည်။

"တကယ်တော့ ကပ်ဘေးဖြစ်ဖို့ ရွေးချယ်တဲ့ ဂျပန်လူမျိုးတွေကိုလည်း ဆိုးတယ်လို့ ငါ မထင်ဘူး။ သူတို့က သာမန်လူတွေပဲလေ"

မူရင်းဝတ္ထုထဲတွင် ကိုရီးယားကိုယ်စားလှယ် အတော်များများကလည်း ကပ်ဘေးဖြစ်ရန် ရွေးချယ်ခဲ့ကြသည်။ ဤသည်မှာ သာမန်လူသားများအတွက် ပုံမှန်ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။ ဟန်ဆိုယောင်း ကလည်း သဘောတူလေသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ရှင်က လူသေးသေးလေးဖြစ်ဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ကင်ဒေါ့ဂျာ ရဲ့ ရည်မှန်းချက်ကလည်း လူသေးသေးလေးတွေကို ကာကွယ်ဖို့ မဟုတ်ဘူးလေ"

ဟန်ဆိုယောင်း ၏ စကားများက ထက်ရှလှပေသည်။

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် သင့်ကို ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်နေပါသည်။]

လူသေးသေးလေးတွေအတွက်ပဲဖြစ်ဖြစ်၊ ကပ်ဘေးတွေအတွက်ပဲ ဖြစ်ဖြစ် နောက်ဆုံးတွင် ဤနေရာမှ တိုက်ပွဲသည် ဖျော်ဖြေပွဲတစ်ခုသာ ဖြစ်ပေသည်။

လူသားတို့သည် မိမိတို့၏ အခန်းကဏ္ဍတွင် စိတ်နှစ်ဝင်စားသွားကြပြီး ဤအမှန်တရားကို မေ့လျော့သွားကြသည်။ သူတို့သည် ငွေရှာရန်အတွက် မိမိတို့၏ အသက်ကို ရောင်းချကြသည်။ ထို့နောက်တွင်တော့ ထိုငွေကို အခြားသော ပုံပြင်များကို ဝယ်ယူရန် အသုံးပြုကြလိမ့်မည်။ လူသားတို့သည် အမြဲတမ်း ဤသို့ပင် နေထိုင်ခဲ့ကြခြင်း ဖြစ်လောက်သည်။

ထိုစဉ် ကျောက်ဆောင်ဒေသမှ ကြီးမားသော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ အတန်ငယ် ဝေးကွာသော နေရာဖြစ်သော်လည်း ဤနေရာမှပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ခံစားနေရသည်။

"ကိုင်ရီယော့စ် သတိထားမိသွားပြီ။ မြန်မြန်သွားရအောင်"

ကျနော်က သူ့ကို သင်ကြားပေးရန် တောင်းဆိုပြီးနောက် ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ အဖမ်းခံရပါက ကျနော် အလွန်အမင်း နာကျင်ခံစားရပေလိမ့်မည်။ ကျနော်တို့သည် ဗာရိုနီကာဆီသို့သွားရာ လွင်ပြင်ကို ဖြတ်၍ စတင်ပြေးလွှားခဲ့ကြသည်။

ပြေးနေစဉ်အတွင်း အာဆုခါ လန် သည် ကျောက်ဆောင်ဒေသဘက်သို့ ခဏခဏ လှည့်ကြည့်နေလေသည်။ ဟန်ဆိုယောင်း က လန် ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

"စိတ်မကောင်းဖြစ်လို့လား"

"ဟမ်။ မဟုတ်ပါဘူး"

"ထူးဆန်းတယ်လို့ မခံစားရဘူးလား။ နင်ဖန်တီးထားတဲ့ ဇာတ်ကောင်ကို နင်ဟာ ပထမဆုံးအကြိမ် မြင်ဖူးတာမလား"

"…ဟုတ်ပါတယ်"

"ဒါ့အပြင် သူက ချောလည်း ချောတယ်လေ"

ကျနော် အရင်က မပြောခဲ့သော်လည်း ကိုင်ရီယော့စ် သည် ချောမောလှပေသည်။ Ways of Survival ထဲတွင် ချောမောသူတစ်ဦးကို ‘ယူဂျွန်ဟော့ နှင့် နှိုင်းယှဉ်နိုင်သူ’ ဟု ဖော်ပြလေ့ရှိပြီး ဤသည်မှာ ကိုင်ရီယော့စ် ကို ဖော်ပြရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

ပြဿနာမှာ သူ၏ အရပ်အမြင့်နှင့် သူ၏ ဒေါသကြီးတတ်မှုပင် ဖြစ်သည်။

မိမိဖန်တီးထားသော လူတစ်ယောက် အသက်ရှူနေပြီး စကားပြောနေသည်ကို မြင်ရသည်မှာ မည်သို့ခံစားရမည်နည်း။ Ways of Survival ၏ စာရေးဆရာသာ တစ်နေရာရာတွင် အသက်ရှင်နေပါက ယူဂျွန်ဟော့ ကို မြင်ရသောအခါ ဤကဲ့သို့ ခံစားချက်မျိုး ခံစားရမည် မဟုတ်ပေလော။

အာဆုခါ လန် က ကျနော့်ကို စကားပြောလာသည်။

"ဟုတ်သားပဲ ဒေါ့ဂျာ။ ကျမ မေးစရာတစ်ခု ရှိလို့ပါ"

"ဟုတ်ကဲ့"

"ကိုင်ရီယော့စ် ရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုရခဲ့တာလဲ"

"သူ့ရဲ့ မျက်နှာသာပေးမှု ဟုတ်လား"

"ကိုင်ရီယော့စ် က ဒေါ့ဂျာကို သဘောကျနေတယ်လို့ ကျမ ခံစားမိလို့ပါ"

"…ဗျာ"

"ကိုင်ရီယော့စ် က တစ်စုံတစ်ယောက်ကို သဘောကျရင် စိတ်ဆိုးသလိုမျိုး ဟန်ဆောင်တတ်တာလေ"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က နားထောင်နေပါသည်။]

ထိုစကားက ကျနော့်ကို သတိရသွားစေသည်။ ကျနော့်မှာ ပါရမီမရှိသော်လည်း ကိုင်ရီယော့စ် က ကျနော့်ကို အတော်လေး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ကျနော့်ကို ဆဲဆိုခဲ့သမျှ အကြိမ်ပေါင်းများစွာ ရှိသော်လည်း…

"ဒေါ့ဂျာ"

လန် ၏ စကားကြောင့် ကျနော် နောက်လှည့်ကြည့်လိုက်သောအခါ ကျနော့် အမူအရာသည် အမျိုးသမီး နှစ်ဦးနှင့်အတူ တင်းမာသွားခဲ့သည်။ ကျနော် ကြည့်နေသော နေရာမှ မီးခိုးအမည်းများ ထွက်ပေါ်နေလေသည်။ ထိုနေရာသည် ဗာရိုနီကာ ရဲတိုက် တည်ရှိရာဘက်ဖြစ်၏။ ကျနော်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး စတင်ပြေးလွှားခဲ့ကြသည်။

မကြာမီ ဗာရိုနီကာ ရဲတိုက် ၏ စစ်မြေပြင်ကို မြင်တွေ့လိုက်ရသည်။ လဲကျနေသော မိစ္ဆာများ၏ အလောင်းများသာမက နင်းခြေခံထားရသော လူသေးသေးလေးများ၏ အလောင်းများကိုလည်း တွေ့ရလေသည်။ ဦးခေါင်းများ ကြေမွနေသော လူများကိုလည်း တွေ့ခဲ့ရ၏။ ဤသည်မှာ လီဟန်းဆောင် ၏ လက်ချက် ဖြစ်နိုင်ပေသည်။

နီးကပ်လာသည်နှင့်အမျှ လူသေးသေးလေးများ၏ အလောင်းများ ပိုမိုများပြားလာပြီး ဂျပန်ကိုယ်စားလှယ်များ၏ အလောင်းများမှာ နည်းပါးသွားသည်။

မဖြစ်နိုင်ဘူး။ ငါ နောက်ကျလို့ မဖြစ်ဘူး။

ခဏအကြာတွင် ပျက်စီးနေသော ရဲတိုက်နောက်ဘက်၌ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ကျနော်တို့ မျက်မြင်တွေ့လိုက်ရသည်။

ဒက် ဒက် ဒက် ဒက်

ဂုံဖီဒူ ၏ အမြောက်များ ပစ်ခတ်နေဆဲပင်။

ကံကောင်းထောက်မစွာဖြင့် အဖွဲ့သားများ အားလုံး ဘေးကင်းကြ၏။ လီဟန်းဆောင် က ပြင်းထန်စွာ ဒဏ်ရာရထားပြီး လီဂျီဟယ် နှင့် ကလေးများမှာ နွမ်းလျနေကြသော်လည်း သူတို့၏ အသက်များမှာ ဘေးကင်းနေဆဲ ဖြစ်ပေသည်။ သို့ပေသိ အခြေအနေမှာ အန္တရာယ်ရှိလှသည်။ သူတို့ တိုက်ခိုက်နေကြသည်မှာ…

"ရူးနေတာလား"

ဟန်ဆိုယောင်း က အော်ဟစ်လိုက်ပြီး ကျနော့်ဘက်သို့ နောက်ဆုတ်လိုက်သည်။

"အား… အိဇုမိ…"

အာဆုခါ လန် သည် နားထင်ကို ကိုင်ကာ နာကျင်စွာ ညည်းတွားရင်း လဲကျသွားသည်။ ဂျပန်လူမျိုး အယောက်နှစ်ဆယ်သည် မိစ္ဆာတစ်ကောင်၏ ပတ်လည်တွင် စုစည်းနေကြသည်။

မျက်ကွင်းများ မည်းမှောင်နေသော အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ် နောက်ကွယ်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကြီးမားသော မိစ္ဆာကြီး၏ အရိပ်တစ်ခု ရှိနေလေသည်။ ခေါင်းများနှင့် အမြီးမှာ သွေးရောင်လွှမ်းသော ချောက်ကမ်းပါးကြီးတစ်ခုနှင့် တူလှသည်။ ကပ်ဘေးများ၏ ဘုရင်သည် ပုံသဏ္ဌာန် ပြောင်းလဲနေလေပြီ။

ရုတ်တရက် ခေါင်းတစ်ခုက အနီးဆုံးရှိ လူသေးသေးလေးတစ်ဦးထံသို့ ငုံ့ဆင်းသွားသည်။ ထိုလူသေးသေးလေးမှာ ကြောက်လန့်တကြားဖြင့် မျက်နှာဖြူလျော့သွားပြီး မြွေကြီးက သူ့ကိုကြည့်ကာ ပြုံးလိုက်၏။ ဂျွတ်ကနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုလူသေးသေးလေး၏ အောက်ပိုင်းခန္ဓာကိုယ်သာ ကျန်ရစ်တော့သည်။

"ကယ်— ကယ်ကြပါဦး။ ကယ်ပေးကြပါ"

လူသေးသေးလေး၏ အသားစများမှာ မြွေနီကြီး၏ ပါးစပ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ မည်သူမျှ တားဆီးနိုင်ခြင်း မရှိချေ။ ကျနော့်အဖွဲ့သားများ အပါအဝင် လူသေးသေးလေးအားလုံးမှာ တောင့်တင်းနေသော အရုပ်များကဲ့သို့ ရပ်နေကြပြီး ထိုမြင်ကွင်းကို ကြည့်နေကြရသည်။

သိပ်မကြာခင်တွင် ကျနော် သတိထားမိလိုက်သည်။ ကျနော့်အဖွဲ့သားများမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသောကြောင့် ထိခိုက်ဒဏ်ရာ မရခြင်း မဟုတ်ပေ။ အမြောက်သံများ ဆက်တိုက်ထွက်ပေါ်နေသော်လည်း ဂုံဖီဒူ ၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်ထက် လက်လျှော့လိုသော စိတ်များသာ ပြည့်နှက်နေလေသည်။ လီဟန်းဆောင်၊ လီဂျီဟယ် နှင့် အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့ အသက်ရှင်နေရသည့် အကြောင်းရင်းမှာ ဒဏ္ဍာရီလာအဆင့် နက္ခတ်အတွက် အစာများ ဖြစ်နေသောကြောင့်သာ ဖြစ်၏။

မြွေကြီး၏ ပါးစပ်ပွင့်လာတိုင်း လူသေးသေးလေးအနည်းငယ်မှာ ပျောက်ကွယ်သွားကြသည်။

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် နာကျင်မှုကြောင့် ရုန်းကန်နေပါသည်။]

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် အော်ဟစ်နေပါသည်။]

ဟန်ဆိုယောင်း က တိုးတိုးလေး ရေရွတ်လိုက်၏။

"ချီး… ဒါက အတော်ကိုဆိုးတဲ့အခြေအနေပါကွာ"

ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ဗီလိန်သုံးဦးထဲမှ တစ်ဦး၊ ရှူတန်ဒိုဂျီ၏ ဖခင်၊ သားရဲတွေကို ထိန်းချုပ်နိုင်သည့် ဒဏ္ဍာရီလာ မိစ္ဆာ။ ထိုမိစ္ဆာကြီးမှာ ‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ ယာမာတာ နို အိုရိုချိ ပင် ဖြစ်လေသည်။ သူ့ကို ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက ကျနော်လည်း သူ၏ သွားများကြားတွင် အစိပ်စိပ်အမွှာမွှာ အကိုက်ခံရပေလိမ့်မည်။

"မ— မတိုက်ပါနဲ့။ ကျမတို့ လုံးဝ မနိုင်နိုင်ဘူး"

အာဆုခါ လန် က တိုးတိုးလေး ပြောလိုက်ပြီး မိန်းမောနေသော ဟန်ဆိုယောင်း က ကျနော့်ကို လှမ်းဆွဲလိုက်သည်။

"ကင်ဒေါ့ဂျာ။ ငါတို့ အဲဒီအကောင်ကြီးကို တကယ်ကြီး တိုက်မလို့လား။ ထွက်ပြေးရအောင် "

ကျနော် ပြန်မဖြေခဲ့ပါ။ ကြီးမားသော ခေါင်းကြီးက လူသေးသေးလေးများအပေါ်သို့ နောက်တစ်ကြိမ် ဝဲပျံလာပြန်သည်။ ငါးကန်ထဲမှ ငါးများကို ဆယ်ယူနေသကဲ့သို့ သဘာဝကျလှသော လှုပ်ရှားမှုပင်။

ဟန်ဆိုယောင်း က ကျနော့်ကို ဆက်တိုက် တိုက်တွန်းနေလေသည်။

"မနောက်ကျသေးပါဘူး။ အခုဆိုရင် ကလေးတွေကို ကယ်လို့ရသေးတယ်။ သူတို့ကို မြန်မြန်ခေါ်ပြီး ပြေးကြရအောင်…"

ဂျွတ်

"အား"

"ကင်ဒေါ့ဂျာ။ သူတို့အားလုံး သေကုန်တော့မယ်!"

ကျနော် ခေါင်းခါလိုက်သည်။

"ခဏလေး ထပ်စောင့်ရအောင်"

ကျနော် အခုလှုပ်ရှားလိုက်လျှင် ထိုလူက မည်သည့်အခါမှ လှုပ်ရှားလာတော့မည် မဟုတ်ပေ။

ခဏလေးပဲ ထပ်စောင့်ရအောင်…

ထိုစဉ် မြွေကြီး၏ ပါးစပ်က လီဂျီဟယ် ဘက်သို့ ဦးတည်သွားသည်။

ချီး။

ကျနော် မသိစိတ်ဖြင့် ထရပ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားမိသည်။ သို့ပေသိ မြွေကြီး၏ ခေါင်းက လီဂျီဟယ် ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်နေပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုက ကျနော့်ထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားသွားသည်။ မြွေကြီး၏ ခေါင်းတစ်ခုမှာ နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ဖုန်မှုန့်များ လွင့်စင်သွားသောအခါ မြွေကြီး၏ ခေါင်းပေါ်တွင် ရပ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရ၏။ သူက ကျနော့်ကို ထူးခြားသော အေးစက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။

"…ကင်ဒေါ့ဂျာ"

ဟုတ်တာပေါ့၊ သူက ဘာလို့ အမြဲတမ်း နောက်ကျမှ ရောက်လာရတာလဲ။

ကျနော် သူ့ကို ပြုံးပြလိုက်သည်။

"မင်း နောက်ကျတယ်၊ ယူဂျွန်ဟော့"

သူသည်လည်း ကျနော့်ကဲ့သို့ပင် လူသေးသေးလေး ဖြစ်နေသော်လည်း ယူဂျွန်ဟော့ ထံမှ ပြင်းထန်သော စွမ်းအင်များကို ခံစားနေရလေသည်။ ဤလူသည် ခရမ်းရောင်တောက်ပြောင်နေသော အလှဆင်ထားသည့် ဓါးတစ်လက်ကို ကိုင်ဆောင်ထားသည်။ မျှော်လင့်ထားသည့်အတိုင်း သူ ထိုဓါးကို ရရှိသွားခဲ့ပြီ ဖြစ်၏။

ကျနော်တို့ စကားမပြောဘဲ အချင်းချင်း စိုက်ကြည့်နေကြပြီးနောက် တစ်ပြိုင်နက်တည်း ကပ်ဘေးကြီးဘက်သို့ လှည့်လိုက်ကြသည်။

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ်က သင်တို့၏ သွေးကို အလိုရှိနေပါသည်။]

ယာမာတာ နို အိုရိုချိ ၏ ထမင်းစားချိန်မှာ အနှောင့်အယှက် ခံလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ စတင်ဖောင်းပွလာသည်။

"ဖယ်နေစမ်း ကင်ဒေါ့ဂျာ။ ဒီကောင်ကို ငါပဲ ကိုင်တွယ်လိုက်မယ်"

"မဟုတ်ဘူး။ ဒီတခါတော့ မင်းမကိုင်တွယ်ရဘူး"

ယူဂျွန်ဟော့ ဆီသို့ ကျနော်ခြေတစ်လှမ်း တိုးလိုက်သည်။

[သီးသန့်စွမ်းရည် ‘စာမှတ်’ ကို ယခု အသက်သွင်းနိုင်ပါပြီ။]

ကျနော့် နှလုံးသားထဲတွင် ပြင်းထန်သော စွမ်းအင်များ ပွက်လောရိုက်နေသည်ကို ခံစားလိုက်ရသည်။

"ဒီတစ်ခါတော့ သူ့ကို ငါကိုယ်တိုင် အမဲလိုက်မယ်"

ဤ ဇာတ်ဝင်ခန်း တွင် ကျနော် အမြဲတမ်း ထိန်းသိမ်းထားခဲ့သော လူမသတ်ခြင်း အခြေခံမူကို ချိုးဖောက်ရပေတော့မည်။

အခန်း ၁၃၀

- အပိုင်း ၂၅ - နတ်ဘုရားတစ်ပါးကို ရင်ဆိုင်သူများ (၄)

ယူဂျွန်ဟော့ က ကျနော့်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ စွမ်းရည်တွေနဲ့ဆိုရင် အခုလိုလုပ်နေတာက အရမ်းကို ကျိုးကြောင်းဆီလျော်မှု မရှိဘူး"

မက်ဆေ့ချ်များစွာမှာ တရဟော ကျလာ၏။

[ကိုရီးယားကျွန်းဆွယ်ကို မုန်းတီးသော နက္ခတ်များ က ရန်ငြိုးများ ပြသနေပါသည်။]

[အကြမ်းဖက်မှုနှင့် သတ်ဖြတ်ခြင်းကို မုန်းတီးသော နက္ခတ်များ မှာ ရူးသွပ်နေကြပါသည်။]

[ကိုရီးယားကျွန်းဆွယ်ကို မုန်းတီးသော နက္ခတ်များ က သင်၏ သေဆုံးမှုကို အလိုရှိနေပါသည်။]

ဂျပန် ကိုယ်စားလှယ်များ ကို ကျနော်ကြည့်လိုက်သည်။ သူတို့၏ ထောက်ပံ့သူများမှာ ကျနော် သိနေသော လူများသာ ဖြစ်၏။ အဆိုပါနက္ခတ်တို့မှာ ဘီဟွန်း ၏ ရုပ်သံလိုင်းထဲသို့ ဝင်ရောက်လာကြပြီး ကျနော် သိကျွမ်းသူ တစ်ယောက်ကို သေသည်အထိ တွန်းပို့ခဲ့ကြသူများ ဖြစ်ပေသည်။

"ငါ ကတိတစ်ခု ပေးထားတာရှိတယ်။ ဒါကြောင့် သူ့ကို ငါကိုယ်တိုင် ဖမ်းရမယ်"

"ကတိဟုတ်လား"

ပထမဆုံး ကတိမှာ ဒိုကဲဘီ ကို သတ်ရန်ဖြစ်ပြီး ဒုတိယ ကတိမှာ ထိုမိန်းကလေးကို ပြန်လည် အသက်သွင်းရန် ဖြစ်သည်။ နောက်ဆုံး တတိယမြောက် ကတိမှာမူ ဤအရာပင် ဖြစ်၏။

"သူ့ကို သတ်ခဲ့တဲ့ နက္ခတ်တွေကို လက်စားချေပေးမယ်လို့ ငါ ကတိပေးခဲ့တယ်"

ယူဂျွန်ဟော့ မှာ ဤစကားလုံးများဖြင့်တင် နားလည်သွားပေလိမ့်မည်။ ဤကမ္ဘာတွင် ယူဂျွန်ဟော့ တစ်ယောက်သာလျှင် နားလည်နိုင်မည်ဖြစ်သည်။ ယူဂျွန်ဟော့ က ပြန်ဖြေ၏။

"အဲဒီအတွက်ကြောင့်နဲ့တော့ ငါ အလျှော့မပေးနိုင်ဘူး"

"…ဒီကောင်ကတော့ တကယ်ကို နားမလည်နိုင်တဲ့ ကောင်ပဲ"

ကျနော်တို့ စကားပြောပြီးသည်နှင့် စတင် လှုပ်ရှားလိုက်ကြသည်။ ကျနော်တို့ ရပ်နေသော နေရာမှာ ပျက်စီးသွားခဲ့ပြီး ဧရာမ မြွေကြီး၏ ခေါင်းက ကျနော်တို့ကို စိုက်ကြည့်နေလေသည်။

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ်မှာ အလွန်အမင်း ဒေါသထွက်နေပါသည်။]

ဧရာမမြွေကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်ပေသည်။ အဆိုပါမြွေကြီးသည် ခန္ဓာကိုယ်သက်သက်တင် ကြောက်စရာကောင်းသည် မဟုတ်ဘဲ နက္ခတ် ၏ ‘အရိပ်’လည်း ဖြစ်၏။ ထိုကြောင့်မလို့လည်း ဖြစ်နိုင်စွမ်း ကန့်သတ်ချက် အနည်းငယ်သာ ပွင့်နေသေးသော်လည်း ဤမျှလောက်အထိ စွမ်းအားများ ထွက်ပေါ်နေခြင်း ဖြစ်၏။

ဤသည်မှာ ဒဏ္ဍာရီလာအဆင့် ၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ကျနော် ဘယ်သောအခါမျှ ရင်မဆိုင်နိုင်သော ပြိုင်ဘက်မျိုး ဖြစ်ပေသည်။

「 ယာမာတာ နို အိုရိုချိ။ ရှေးဟောင်း ဂျပန် ဒဏ္ဍာရီများတွင် သူ့ကို မိစ္ဆာဝိညာဉ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ယခုအချိန်တွင် သူ့ကို ရင်ဆိုင်နိုင်မည့် နည်းလမ်း တစ်ခုတည်းသာ ရှိသည်။ 」

ယူဂျွန်ဟော့ ၏ ဓါးကို ကျနော်အကဲခတ်လိုက်ပြီး ပြောလိုက်သည်။

" ‘တိုဆွတ်ခ နို ဆွတ်လုဂိ’ ကို မင်းက ရလာတာပဲ"

မူရင်းဇာတ်လမ်းထဲရှိ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့ မှာ ထိုဓါးကို မရရှိခဲ့ပေ။ ဤအလှည့်တွင် ယူဂျွန်ဟော့ မှာ ပိုမိုသန်မာလာသောကြောင့် ဖြစ်ပေလိမ့်မည်။

ယူဂျွန်ဟော့က အံ့ဩနေလေသည်။

"…မင်းက ဒီဓါးအကြောင်းကို သိနေတာပဲ"

"သိတာပေါ့။ အဲ့ဒါက နာမည်ကျော် ဓါးတစ်လက်ပဲလေ"

တိုဆွတ်ခ နို ဆွတ်လုဂိဆိုသည်မှာ ဆူဆာနိုး မှ ယာမာတာ နို အိုရိုချိ ကို ခုတ်ပိုင်းရာတွင် အသုံးပြုခဲ့သော ဓါးဖြစ်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ရှေးဟောင်းပုံပြင်တစ်ပုဒ်တွင် ယာမာတာ နို အိုရိုချိ ကို ဤဓါးဖြင့် တစ်ကြိမ် အနိုင်ယူခဲ့ဖူးလေသည်။

ထိုပုံပြင်ဇာတ်လမ်းမှာ ဂယဲဘတ် နှင့် အီတို တို့၏ အဖြစ်အပျက်နှင့် အတူတူပင် ဖြစ်သည်။ ‘ရှုံးနိမ့်ခြင်း’ သမိုင်းကြောင်းမှာ ဇာတ်လမ်းများဖြင့် တည်ဆောက်ထားသော တည်ရှိမှုများအားလုံးအတွက် သေစေနိုင်သော အားနည်းချက်တစ်ခု ဖြစ်၏။ ခေါင်းရှစ်လုံးစလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သွေးမျက်ရည်များ ကျဆင်းလာခဲ့သည်။

[ရဲတင်းလှတဲ့… ပိုးကောင်တွေ…]

ရူးနေတာလား… သူက အသံအစစ်ကို အသုံးပြုနေတာလား။

[သီးသန့်စွမ်းရည် ‘Fourth Wall’ မှာ ပြင်းထန်စွာ အသက်ဝင်လာပါသည်။]

စကားတစ်ခွန်းတည်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျက်စီးသွားခဲ့သည်။ ထိုအသံကို ကြားလိုက်ရသော လူသေးသေးလေးများ၏ ထက်ဝက်ကျော်မှာ ကိုယ်တွင်းအင်္ဂါများ ပေါက်ပြဲကာ သေဆုံးကုန်ကြသည်။ လီဂျီဟယ် နှင့် လီဂီယောင် တို့မှာလည်း သွေးများ အန်ထုတ်ကာ လဲကျသွားကြသည်။ ထိုစကားလုံးများကို ကြားလိုက်ရပြီးနောက် သွေးထွက်ကုန်ကြသည့် ကပ်ဘေးများပင် ရှိလေသည်။

ကျနော့်တွင်မူ ‘Fourth Wall’ ရှိပြီး ယူဂျွန်ဟော့ ၏ စိတ်အကာအရံမှာလည်း အဆင့်မြင့်သောကြောင့် ကျနော်တို့နှစ်ယောက်မှာ ခံနိုင်ရည် ရှိကြ၏။

" စကားကိုကောင်းကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထားလိုက်စမ်း"

ကျနော် လှောင်ပြောင်လိုက်သည်။

သို့ပေသိ မြွေကြီးမှာ အသံစစ်ကို ထပ်မံ အသုံးမပြုတော့ပေ။ သူ့ထံတွင် လုံလောက်သော ခွင့်ပြုချက်များ မရှိသောကြောင့် အသံစစ်ကို အသုံးပြုခြင်းမှာ ဖြစ်နိုင်စွမ်းပမာဏ အမြောက်အမြားကို ကုန်ဆုံးစေသည်။ ထို့ကြောင့် သူ၏ ဒေါသမှာ ပေါက်ကွဲထွက်လာလေတော့သည်။

ခေါင်းရှစ်လုံးမှာ တစ်ပြိုင်နက်တည်း မီးများ မှုတ်ထုတ်လိုက်ကြရာ နေရာတစ်ခုလုံးမှာ မီးဖိုကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။ ကျနော်တို့မှာ တံတိုင်းတစ်ခု၏ နောက်ကွယ်သို့ အမြန် ပြေးဝင်လိုက်ကြသည်။ ဦးဆောင် လှုပ်ရှားလိုက်သူမှာ ယူဂျွန်ဟော့ပင် ဖြစ်သည်။

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ သည် ‘ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်း အဆင့် ၂’ ကို အသုံးပြုလိုက်ပါသည်။]

မျှော်လင့်ထားသည့်အတိုင်း ဤစွမ်းရည်မှာလည်း သူ့ထံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျနော်လည်း ဤစွမ်းရည်ကို သင်ယူရမည်ဟု တွေးလိုက်မိသည်။

ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှာ ဖောင်းပွလာပြီး ကောင်းကင်ယံသို့ ခုန်တက်လိုက်သည်။ ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်းမှာ ခန္ဓာကိုယ်၏ ငုပ်လျှိုးနေသော စွမ်းအားများကို ယာယီအားဖြင့် ပေါက်ကွဲစေပြီး ဘီလူးတစ်ကောင်၏ စွမ်းအားကို တုပသည့် နည်းစနစ်တစ်ခု ဖြစ်သည်။

ခဏလေးအတွင်း ယူဂျွန်ဟော့ ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လူသေးသေးလေး ဖြစ်မသွားခင်ကထက်ပင် ပိုမို သန်မာလာပေလိမ့်မည်။ ပြဿနာမှာ ထိုစွမ်းရည်၏ ကြာချိန်မှာ ငါးမိနစ်သာ ရှိခြင်း ဖြစ်၏။

ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း မှာ ‘တိုဆွတ်ခ နို ဆွတ်လုဂိ’ဓါး အတွင်းသို့ ပြည့်နှက်သွားသည်။ ယူဂျွန်ဟော့ က တံတိုင်းမှ ကန်ထွက်ကာ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။ ကောင်းကင်ခွဲထုတ်ခြင်းမှာ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားပြီး အီသာဓါးသွားထံမှ တိုးထွက်လာခဲ့သည်။

ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ဓါးသိုင်း။

ပျောက်ကွယ်သွားစမ်း။

ကောင်းကင်စွမ်းအားခွဲထုတ်ခြင်း - ဖျက်ဆီးခြင်း။

ယူဂျွန်ဟော့ ၏ ဓါးမှ ထွက်ပေါ်လာသော အလင်းတန်းမှာ ဒါဇင်ပေါင်းများစွာသော အကိုင်းအခက်များအဖြစ် ကွဲထွက်သွားပြီး မြွေကြီးကို ထိမှန်သွားခဲ့သည်။ တိုဆွတ်ခ နို ဆွတ်လုဂိ ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှ စက်ဆုပ်ဖွယ်ကောင်းသော သွေးမည်းများ ထွက်လာပြီး ခေါင်းရှစ်လုံးထဲမှ တစ်လုံးမှာ စတင် ပုပ်ပွလာခဲ့သည်။

ဤဓါးမှာ ယာမာတာ နို အိုရိုချိ ကို သတ်နိုင်သည့် တစ်ခုတည်းသော ဓါးဖြစ်သည်။ ယူဂျွန်ဟော့ မှာ နက္ခတ် တစ်ပါး မဟုတ်သောကြောင့် ဇာတ်ခုံအသွင်ပြောင်းခြင်း မဖြစ်ပေါ်ခဲ့ပေ။ သို့ပေသိ ထိုဓါးမှာ ထိရောက်မှုရှိသည်မှာ သိသာလှသည်။

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ်မှာ ဟိန်းဟောက်နေပါသည်။]

ခေါင်းတစ်လုံး ပြတ်တောက်သွားသော်လည်း ယာမာတာ နို အိုရိုချိ မှာ ပုံမပျက်သေးပေ။ သူ့ကို သတ်ရန်အတွက် ခေါင်းရှစ်လုံးစလုံးကို ဖြတ်တောက်ပစ်ရမည် ဖြစ်သည်။

ယူဂျွန်ဟော့ က မတွန့်ဆုတ်ဘဲ ဒုတိယမြောက် ခေါင်းဆီသို့ ခုန်တက်သွားခဲ့သည်။ တိုက်ပွဲမှာ အလွန်ပင် ခမ်းနားလွန်းသဖြင့် မည်သူမျှ ကြားဖြတ် မနှောင့်ယှက်နိုင်ကြပေ။ ယူဂျွန်ဟော့ က ခေါင်းများနှင့် အမြီးကို ရှောင်တိမ်းရန် ဟိုယိမ်းဒီယိမ်းပုံစံဖြင့် လှုပ်ရှားနေသည်မှာ အံ့သြဖွယ်ကောင်းလှသည်။

အဓိကဇာတ်ကောင်မှာ အဓိကဇာတ်ကောင် ဖြစ်ရခြင်းတွင် အကြောင်းပြချက် ရှိပေသည်။ သို့ပေသိ ဤကဲ့သို့သော လူမျိုးပင် Ways of Survival ထဲတွင် အကြိမ်ပေါင်း တစ်ရာကျော် သေဆုံးခဲ့ဖူး၏။ သေချာပြန်စဉ်းစားကြည့်လျှင် ဤကမ္ဘာကြီးမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

"ကင်ဒေါ့ဂျာ။ မင်းက ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား။ သူ့ကို ဖမ်းမယ်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား"

ယူဂျွန်ဟော့ က ခေါင်းသုံးလုံးကို မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်လိုက်ပြီး အမောတကောဖြင့် ကျနော့်ဘက်သို့ လှမ်းအော်လိုက်သည်။

သူ စွမ်းအင်တွေ ကုန်ခမ်းလာသလိုပဲ။

ကျနော်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

"အာ… ငါက နောက်ဆုံး ပွဲသိမ်းတိုက်ကွက်ကိုပဲ တိုက်မယ်လို့ ပြောတာပါ"

"မအေဘေး"

ကျနော်က အေးအေးလူလူပင် ခွန်အားကို ထိန်းသိမ်းထားရင်း စောင့်ဆိုင်းနေခဲ့သည်။ အချိန်မတန်သေးပေ။

အခြားတစ်ဖက်တွင်မူ ယူဂျွန်ဟော့ မှာ အလောတကြီး ဖြစ်နေပြီး ကျန်ရှိနေသော ခေါင်းများကို တိုက်ခိုက်ရန် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားအားလုံးကို တစ်ပြိုင်နက်တည်း ညှစ်ထုတ်လိုက်သည်။ စတုတ္ထမြောက် ခေါင်းကို ဖြတ်တောက်နေစဉ်မှာပင် ယူဂျွန်ဟော့ ၏ ‘ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်း’ မှာ ပျက်ပြယ်သွားခဲ့သည်။

မြွေကြီး၏ ခေါင်းများထံမှ မီးလျှံများနှင့် အဆိပ်များမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ယူဂျွန်ဟော့ က လျှင်မြန်သော လှုပ်ရှားမှုများဖြင့် ရှောင်တိမ်းလိုက်သော်လည်း အမြီး၏ ရိုက်ခတ်မှုမှ မလွတ်မြောက်ခဲ့ပေ။

[ဇာတ်ကောင် ‘ယူဂျွန်ဟော့’ သည် ‘အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်မှု အဆင့် ၉’ ကို အသုံးပြုလိုက်ပါသည်။]

အမြီးဖျားကသာ သူ့ကို ထိမိသွားခြင်း ဖြစ်သော်လည်း ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှာ ရဲတိုက်တံတိုင်းဆီသို့ လွင့်စင်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖုန်မှုန့်များထဲမှ သွေးသံရဲရဲ ဖြစ်နေသော ယူဂျွန်ဟော့ ထွက်လာခဲ့သည်။

"ကင်ဒေါ့ဂျာ။ မင်းရဲ့ အကူအညီ…"

"အခု ငါ စတော့မှာပါ"

"စောက်ရူး။ မင်းတစ်ယောက်တည်း မလုပ်နိုင်ဘူးဟ။ အခု ဆုတ်လိုက်ဦး။ ပြီးမှ―"

"မင်း တော်တော် ပင်ပန်းသွားပြီ။ အခုက မင်းက ငါ့ကို ထိုင်ကြည့်ရမယ့် အလှည့်ပဲ"

ကျန်ရှိနေသော ခေါင်းလေးလုံးက ကျနော့်ကို စိုက်ကြည့်လာသည့် ခဏတွင် ကျနော်က မြေပြင်ပေါ်မှ တိုဆွတ်ခ နို ဆွတ်လုဂိ ကို ကောက်ကိုင်လိုက်ပြီး အိုရိုချိ ဆီသို့ ပြေးဝင်လိုက်သည်။

[စာမှတ် နံပါတ် ငါး ကို အသက်သွင်းလိုက်ပါသည်။]

[အသက်ဝင်ချိန် - သုံးမိနစ်]

[သင်၏ ဇာတ်ကောင်အပေါ် နားလည်မှုမှာ နိမ့်ပါးနေသဖြင့် ဇာတ်ကောင်၏ စွမ်းရည် တစ်စိတ်တစ်ပိုင်းကိုသာ အသက်သွင်းလိုက်ပါသည်။]

ကိစ္စမရှိပေ။ ဤမျှဆိုလျှင်ပင် လုံလောက်၏။

[ဤစွမ်းရည်ကို ‘လူသေးသေးလေး’ သာ အသုံးပြုနိုင်ပါသည်။]

[သင်၏ လက်ရှိ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ဇာတ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် ဆင်တူနေပါသည်။]

ဘာပဲဖြစ်ဖြစ် ကျနော့်အတွက် စွမ်းရည်တစ်ခုသာ လိုအပ်သည်။

[ဇာတ်ကောင်၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် စွမ်းရည်အဆင့်ကို အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိပါ။]

[အသက်ဝင်လာမည့် စွမ်းရည်အဆင့်ကို အတင်းအကျပ် ညှိယူလိုက်ပါသည်။]

[သီးသန့်စွမ်းရည် ‘လျှပ်စီးစွမ်းအင် အဆင့် ၁၀’ ကို အသက်သွင်းလိုက်ပါသည်။]

「 အသိစိတ်၏ အတိမ်အနက်က တည်ရှိမှု၏ အတိုင်းအတာကို ဆုံးဖြတ်သည်။ ထို့ကြောင့် အသေးငယ်ဆုံးသော တည်ရှိမှုက အကြီးကျယ်ဆုံးသော စကြဝဠာကို မြင်တွေ့နိုင်ရန် ဖြစ်နိုင်ချေရှိပေသည်။ 」

Ways of Survival ထဲတွင် ကိုင်ရီယော့စ် ချန်ထားခဲ့သော စကားစုများက ကျနော့်ခေါင်းထဲတွင် ဖြတ်ပြေးသွားပြီး ကျနော့်ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင် စီးဆင်းမှုများမှာ ပြောင်းလဲသွားခဲ့သည်။ မှော်စွမ်းအင်များမှာ မကြာမီ အမှုန်အမွှားများ ဖြစ်လာပြီး တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသော အီလက်ထရွန်များမှာ ပြင်းထန်စွာ တုန်ခါလာကြသည်။

「 တည်ရှိမှုတိုင်းတွင် အစပျိုးခြင်း ရှိသည်။ ထို့ကြောင့် အသေးငယ်ဆုံးသည် အကြီးကျယ်ဆုံး ဖြစ်ပေသည်။ 」

ကျနော့်စိတ်၏ အနက်ရှိုင်းဆုံးနေရာမှ တစ်ခုခု ပေါက်ကွဲသွားသည့် အသံကို ကြားလိုက်ရသည်။ ၎င်းမှာ မဟာပေါက်ကွဲမှု၏ အေးမြမှုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ကျနော် မျက်လုံးဖွင့်လိုက်သည့်အခါ အပြာရောင်၊ အဖြူရောင် လျှပ်စီးများ ဖုံးလွှမ်းနေသော ကျနော့်ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ ကျနော်ကိုယ်တိုင် လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ခန့်မှန်းရခက်သော စွမ်းအားများမှာ ကျနော့်အတွင်း၌ လှုပ်ရှားနေသည်။ ကျနော် ဘာမဆို လုပ်နိုင်သည်ဟု ခံစားလိုက်ရသည်။ ကောင်းကင်ကို ထိုးဖောက်ချင်လျှင်ပင် ထိုးဖောက်နိုင်လောက်ပေမည်။​ ပင်လယ်ကို ခွဲပစ်ချင်လျှင်လည်း ကျနော်ခွဲပစ်နိုင်လောက်၏။ သို့ဖြစ်၍ ဤမြွေကြီး၏ ခေါင်းကို ဖြတ်ချင်လျှင်လည်း ကျနော် ဖြတ်နိုင်ပေမည်။

ပထမခြေလှမ်းကို ကျနော်လှမ်းလိုက်ချိန်တွင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဒုတိယခြေလှမ်းတွင် မြွေကြီး၏ လည်ပင်းရှေ့တည့်တည့်သို့ ကျနော်ရောက်ရှိသွားခဲ့သည်။ တတိယခြေလှမ်းတွင် ထိုနေရာတစ်ဝိုက်၌ အဖြူရောင်လျှပ်စီးများ စူးရှစွာ ထွက်ပေါ်လာပြီး စတုတ္ထခြေလှမ်းတွင်မူ…

အိုရိုချိ ကို ကျနော် ကျော်ဖြတ်သွားပြီးနောက် မုန်တိုင်းတစ်ခုကို ချန်ရစ်ခဲ့သည်။ ကျနော့်ခြေထောက်များမှာ လျှပ်စီးများကြောင့် ထိခိုက်သွားပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။ ကျနော့်ခန္ဓာကိုယ်မှာ ဓာတ်လိုက်ခံရသကဲ့သို့ ယိမ်းထိုးနေခဲ့သည်။

ကျနော် ပြန်လှည့်ကြည့်လိုက်သည့်အခါ မြွေခေါင်းသုံးလုံး မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်ကို မြင်လိုက်ရသည်။ မှော်စွမ်းအင်ပြန်လည်ဖြည့်ဆည်းပေးသော ဆေးရည်ကို ကျနော် သောက်လိုက်ရာ ကျနော့်ထံတွင်ဖြစ်ပေါ်နေသော ရောင်ရမ်းမှုများမှာ လျော့ပါးသွားခဲ့သည်။

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ်သည် သင်၏ ဓါးရေးကျွမ်းကျင်မှုကြောင့် အံ့အားသင့်နေပါသည်။]

ခဏလေးအတွင်းမှာပင် အိုရိုချိ တွင် ခေါင်းတစ်လုံးသာ ကျန်ရှိတော့ပြီး နာကျင်မှုကြောင့် လူးလွန့်နေခဲ့သည်။

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ်သည် ဇာတ်ဝင်ခန်း၏ မျှတမှုအပေါ် မေးခွန်းထုတ်နေပါသည်။]

ကျယ်လောင်စွာ ကျနော် ရယ်မောလိုက်သည်။

"…ခင်ဗျားက မျှတမှုရှိဖို့ကို တောင်းဆိုနေတာတဲ့လား"

လျှပ်စီးစွမ်းအင်၏ ကြာချိန်မှာ သုံးမိနစ်ဖြစ်သော်လည်း ယခုအချိန်တွင် ကျနော့်ခန္ဓာကိုယ်မှာ သုံးလှမ်းထက်ပိုပြီး မလှမ်းနိုင်တော့ပေ။ တစ်နည်းအားဖြင့်ဆိုရသော် ကျနော်သည် သူ့ကို သုံးလှမ်းအတွင်း ပွဲသိမ်းသတ်ဖြတ်ရမည် ဖြစ်သည်။

လေထုထဲတွင် လျှပ်စစ်မီးပွားများ ပြည့်နှက်သွားပြီးနောက် နားမခံသာသော အသံကို တစ်ဖန် ပြန်ကြားလိုက်ရသည်။

[ဟူး… မြင့်မြတ်တဲ့ သွေးမျိုးရှိတဲ့သူက ကြည့်ရတာ တော်တော် ရုပ်ဆိုးတာပဲ]

ဒီအသံကို ကြားရလိမ့်မည်ဟု ကျနော် ထင်ထားခဲ့သည်။ အလယ်အလတ်အဆင့် ဒိုကဲဘီ ဂါနူးလ် က ဤနေရာကို ငုံ့ကြည့်နေခြင်း ဖြစ်သည်။

[…အာ…. တကယ်ပါပဲ။ ငါကတော့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး။ ဒါက ပြဿနာအကြီးကြီးပဲ]

သူသည် ပြောသည့်အတိုင်း ဝင်ရောက်စွက်ဖက်ချင်ပုံ မရပေ။

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နက္ခတ်မှာ ဒေါသတကြီး အော်ဟစ်နေပါသည်။]

[ဟင်း… မဖြစ်နိုင်တဲ့ တောင်းဆိုမှုမျိုး မလုပ်သင့်ဘူး။ မြင်တဲ့အတိုင်းပဲ။ မင်းက ဒီဇာတ်ဝင်ခန်းမှာ ခွင့်ပြုထားတဲ့ ဖြစ်နိုင်စွမ်း အားလုံးကို သုံးစွဲပြီးသွားပြီ။ 'သူတို့' က မင်းကို စွမ်းအားတွေ ထပ်ပြီး မငှားပေးနိုင်တော့ဘူးကွ]

ယာမာတာ နို အိုရိုချိ ၏ ဟိန်းဟောက်သံမှာ ငြိမ်းချမ်းမြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ဤသည်မှာ ဒဏ္ဍာရီလာအဆင့် ယာမာတာ နို အိုရိုချိ ကြုံတွေ့ဖူးသမျှထဲတွင် ပထမဆုံးသော အရှက်ရမှု ဖြစ်ပေလိမ့်မည်။

တစ်စုံတစ်ယောက်သည် အမြဲတမ်း ပွဲကြည့်ပရိသတ် ဖြစ်နေခဲ့သော်လည်း ယခုမူ ထိုပွဲ၏ သားကောင်မှာ သူကိုယ်တိုင် ဖြစ်လာခဲ့သည်။ သူသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ခေါင်းတစ်လုံးသာ ကျန်တော့သော်လည်း အိုရိုချိ ၏ ခွန်အားမှာ ပိုမိုတိုးပွားလာနေလေသည်။

"ဘုရင်ကြီးကို ကာကွယ်ကြ"

စိတ်ရှုပ်ထွေးနေသော ဂျပန် ကိုယ်စားလှယ်များမှာ ရှေ့သို့ ပြေးထွက်လာကြသည်။ ဤသည်မှာ အကြွင်းမဲ့ပလ္လင် ၏ စွမ်းအားပင် ဖြစ်သည်။

ကျနော့်ခေါင်းထဲတွင် ဒိုကဲဘီ ယောင်ကီ ထံမှ မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရသည်။

–ဒေါ့ဂျာ။ ချန်နယ်က ပေါက်ကွဲတော့မယ်။ သွယ်ဝိုက်သော မက်ဆေ့ချ်တွေကို ခဏလောက် ပိတ်ထားလိုက်မယ်နော်

လက်ရှိတွင် ကိုင်ရီယော့စ် ၏ စွမ်းအားကို အသုံးပြုနေခြင်းဖြစ်သဖြင့် နက္ခတ်မျိုးစုံမှာ ကျနော့်ကို လာရောက်ကြည့်ရှုနေကြခြင်း ဖြစ်ပေလိမ့်မည်။

"ရပ်လိုက်စမ်း"

ကျနော့်အဖွဲ့သားများမှာ သတိပြန်ဝင်လာကြပြီး ကပ်ဘေးများကို တားဆီးရန် ပြေးထွက်သွားကြသည်။ လီဟန်းဆောင် က သွေးသံရဲရဲ ဖြစ်နေသော သူ၏ ခန္ဓာကိုယ်ကို မနည်းထူမတ်နေစဉ်တွင် ဂုံဖီဒူ က ပစ်ခတ်မှုများဖြင့် သူတို့ကို ထောက်ပံ့ပေးနေခဲ့သည်။

ထိုအတောအတွင်း ယာမာတာ နို အိုရိုချိ မှာ နောက်ဆုံးအဆုံးသတ် တန်ပြန်တိုက်စစ်အတွက် ပြင်ဆင်နေလေသည်။

[မဟုတ်ဘူး။ ခဏနေဦး… ဟေ့…နက္ခတ်ကြီး။ ဘာလုပ်နေတာလဲ…]

ယာမာတာ နို အိုရိုချိ ၏ ကိုယ်စားလှယ်ဖြစ်သော အိဇုမိ ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နိမိတ်မကောင်းသော လျှပ်စီးလှိုင်းများ ပေါ်လာခဲ့သည်။ ၎င်းမှာ ဖြစ်နိုင်စွမ်း မုန်တိုင်း၏ လက္ခဏာပင် ဖြစ်သည်။ ထိတ်လန့်သွားသော ဒိုကဲဘီ က အော်ဟစ်လိုက်သည်။

[နား-နားထောင်ကြစမ်း။ ပြန်ဆုတ်ကြတော့။ ဒါက အရေးပေါ် အခြေအနေပဲ]

ထိုမုန်တိုင်းမှာ ကျနော့်ကို ရှုံးနိမ့်လိုခြင်းမရှိသော ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် တကယ့်ကပ်ဘေးတစ်ခု ဖြစ်ပေသည်။ ဒိုကဲဘီ က စနစ်ထိန်းချုပ်မှုကို အသုံးပြုခဲ့သော်လည်း ကံမကောင်းစွာဖြင့် အချိန်နှောင်းသွားခဲ့လေပြီ။

ကျယ်ပြောသော မိုးကောင်းကင်တွင် မဟာတွင်းနက်ကြီး ပွင့်လာခဲ့သည်။

အိုရိုချိ သည် စည်းကျော်သွားပြီဖြစ်ကြောင်း ကျနော် သတိပြုမိလိုက်သည်။ သူသည် အထွတ်အထိပ် တည်ရှိမှုက အကြွင်းမဲ့ပလ္လင်ထံ အပ်နှင်းထားသော ဖြစ်နိုင်စွမ်းကိုပင် ချေးယူခဲ့ခြင်း ဖြစ်သည်။

"အား"

လူတိုင်းက မိုးကောင်းကင်ကို စိုက်ကြည့်ရင်း အသက်ရှူနေခြင်းပင် ရပ်တန့်သွားကြသည်။

[တစ်စုံတစ်ယောက်သည် ဇာတ်ဝင်ခန်း စနစ်ကို ဝင်ရောက်စွက်ဖက်လိုက်ပါသည်။]

မဟာတွင်းနက်ကြီးထဲမှ ဂနာမငြိမ်သော ခံစားချက်များ တိုးထွက်လာနေသည်။ ပရမ်းပတာဖြစ်မှု။ ကစဉ့်ကလျားဖြစ်မှု။ ဟင်းလင်းပြင် အစရှိသောတည်ရှိမှုတို့မှာ ကြောက်ရွံ့မှု အားလုံး၏ အစမူလပင် ဖြစ်သည်။ ဤတည်ရှိမှုမှာ သူ၏ ဖြစ်နိုင်စွမ်းကို ယာမာတာ နို အိုရိုချိ ထံ ငှားရမ်းပေးနေခြင်း ဖြစ်သည်။

ကျန်ရှိနေသော မြွေခေါင်း၏ အရိပ်မှာ ဖြစ်နိုင်စွမ်းကြောင့် ပိုမိုကြီးထွားလာခဲ့သည်။ ပို၍ ပို၍ပင် ကြီးမားလာ၏။ မြွေခေါင်းသည် ရဲတိုက်နှင့် ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ကြီးထွားလာပေလိမ့်မည်။

[တိုင်းတာခြင်း… ဓါး…]

ကိုယ်စားလှယ်များ ဖြစ်စေ၊ လူသေးသေးလေးများ ဖြစ်စေ တည်ရှိမှုအားလုံးမှာ မြေပြင်ပေါ်သို့ ပြိုလဲသွားကြပြီး သွေးများ အန်ထုတ်ရင်း ညည်းညူနေကြသည်။ ကြောက်မက်ဖွယ် ကောင်းသော ကွာဟချက်မှာ ကျနော့်ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဖိနှိပ်ထားသည်။ ကျနော့်ဒူးများမှာ မြေပြင်ပေါ်သို့ အတင်းအကျပ် ထောက်သွားခဲ့သည်။ အရာအားလုံးမှာ အဆိုးဆုံး ဖြစ်နေလေသည်။

[သာမန်… လူ… သားတွေက… မဟာ… နက္ခတ်တစ်ပါးကို… ဆန့်ကျင်… နေတာလား]

ကျနော့်စိတ်ထဲ အလိုလိုသိလိုက်သည်။ လျှပ်စီးစွမ်းအင်ကို သုံးလျှင်ပင် ကျနော် မနိုင်နိုင်ပေ။ ကျနော့်အဆင့်နှင့်ဆိုလျှင် သေပြီးသားသူကို ပြန်ထခိုင်းလျှင်ပင် ကျနော် မနိုင်နိုင်ပေ။

သို့ပေသိ ကျနော်က ရယ်မောလိုက်သည်။

"ခင်ဗျားက အဆိုးဆုံး အမှားကို လုပ်လိုက်တာပဲ"

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုဆိုသည်မှာ မျှခြေပေါ်တွင် တည်ရှိခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဖြစ်နိုင်စွမ်းကို ဖျက်ဆီးလိုက်လျှင် အခြားတစ်စုံတစ်ယောက်က ၎င်းကို ရရှိသွားပေလိမ့်မည်။ ထို့ကြောင့် ယခုအခါတွင် မျှခြေမှာ ပြန်လည်ညှိနှိုင်းပေးရပေတော့မည်။

အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုမှာ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။ ထိုအရှိန်အဝါမှာ ယာမာတာ နို အိုရိုချိ သို့မဟုတ် မဟာတွင်းနက်ကြီး၏ အခြားတစ်ဖက်မှ အမည်မသိ နတ်ဘုရား မဟုတ်ပေ။ သို့သော်လည်း ဤနေရာရှိ မည်သူမျှ မာနထောင်လွှားသော အဆိုပါတည်ရှိမှုကို လျစ်လျူမရှုနိုင်ကြပေ။

[ဘယ်အချိန်ကတည်းက အခြားကမ္ဘာက နတ်ဘုရားတစ်ပါးက ဇာတ်ဝင်ခန်းထဲမှာ ဝင်ရောက်စွက်ဖက်နိုင်သွားတာလဲ]

သူသည် ဤဂြိုဟ်ပေါ်တွင် မွေးဖွားလာသော အကြွင်းမဲ့ တည်ရှိမှုပင် ဖြစ်သည်။

[ငါ့ရဲ့ ဇာတ်လမ်း စတင်ခဲ့တဲ့ နေရာမှာ ငါနဲ့ ထိပ်တိုက်မတွေ့ချင်ဘူးဆိုရင် ငါ့ဂြိုဟ်ရဲ့ ကိစ္စတွေမှာ ဝင်မပါနဲ့]

ဖြူစင်သော အလင်းတန်း… ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်။

[ဒီကမ္ဘာရဲ့ မိစ္ဆာကောင်။ ထွက်သွားစမ်း]

ကိုင်ရီယော့စ် က ကောင်းကင်သို့ ပျံတက်သွားစဉ် လျှပ်စီးများမှာ ဖြာထွက်သွားခဲ့သည်။ ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ခု၏ စွမ်းအားနှင့် ယှဉ်လျှင်ပင် အစွမ်းမနိမ့်သော စွမ်းအားပြင်းလှသော အင်အားတစ်ခု ဖြစ်ပေသည်။

ကိုင်ရီယော့စ် က သူ၏ တကယ့်ခွန်အားကို ထုတ်ဖော်လိုက်ပြီး ရေဘဝဲလက်တံများကို ထိုးဖောက်ကာ မဟာတွင်းနက်ကြီး၏ အကူးပြောင်းမုခ်ဝကို အတင်းအကျပ် ပိတ်ပစ်လိုက်သည်။ ထို့နောက်တွင်တော့ အိုရိုချိ ၏ စွမ်းအားမှာ ထိုးဆင်းသွားခဲ့လေပြီ။

[ဒါက… အား… အား… မင်း…]

ဤအခွင့်အရေးကို ကျနော်လက်လွတ်မခံဘဲ ကျန်ရှိနေသော ခြေလှမ်းသုံးလှမ်းကို အသုံးပြုလိုက်သည်။ ကျနော့်ခန္ဓာကိုယ်ရှိ မှော်စွမ်းအင် အားလုံးမှာ တိုဆွတ်ခ နို ဆွတ်လုဂိ ဆီသို့ စီးဝင်သွားခဲ့သည်။

ထို့နောက်တွင်တော့ ယာမာတာ နို အိုရိုချိ ၏ ကိုယ်စားလှယ်မှာ ကျနော့်ကို ပြုံးပြနေသည်အား မြင်လိုက်ရတော့သည်။ ထိုအပြုံးမှာ ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသော လွတ်မြောက်မှုကို ကြိုဆိုသည့် အမူအရာမျိုး ဖြစ်ပေသည်။

အခြားလူများ၏ အသက်ကို ကယ်တင်ရန်အတွက် လူတစ်ယောက်ကို သတ်ဖြတ်ခြင်း။ တစ်ကိုယ်ကောင်းဆန်သော ဓါးမှာ လှုပ်ရှားသွားပြီး တစ်စုံတစ်ခုမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သည်။

[သင်သည် လူတစ်ယောက်ကို သတ်လိုက်ပါသည်။]

[သင့်ထံမှ ‘လူမသတ်ဘုရင်’ ဘွဲ့ကို ရုပ်သိမ်းလိုက်ပါသည်။]

ပြင်းထန်သော ဒဏ်ချက်ကြောင့် ယာမာတာ နို အိုရိုချိ ၏ နက္ခတ်မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံနှင့်အတူ နက္ခတ်၏ အရိပ်မှာ ပြာများအဖြစ်သို့ ပြန့်ကျဲသွားခဲ့လေပြီ။

[မယုံနိုင်စရာကောင်းသော စွမ်းဆောင်ချက်တစ်ခုကို ပြီးမြောက် အောင်မြင်ခဲ့သည်။]

[သင်သည် ပထမဆုံးအကြိမ်အဖြစ် ‘ကပ်ဘေးတို့၏ ဘုရင်’ ကို အမဲလိုက်နိုင်ခဲ့သည်။]

[ဤဇာတ်ဝင်ခန်းတွင် ‘ကပ်ဘေးတို့၏ ဘုရင်’ ရှုံးနိမ့်သွားမည့် ဇာတ်ညွှန်းကို မျှော်လင့်မထားခဲ့ပါ။]

[သင်သည် မဖြစ်နိုင်သော စွမ်းဆောင်ချက်တစ်ခုကို အောင်မြင်ခဲ့ပါသည်။]

[မဖြစ်နိုင်သော ဇာတ်လမ်းတစ်ခုကို ပြီးမြောက်ခဲ့ခြင်းကြောင့် ဆိုးလ်ဒေသ နှင့် တိုကျိုဒေသရှိ ဒိုကဲဘီ အားလုံးမှာ အရေးပေါ် အစည်းအဝေး ပြုလုပ်တော့မည် ဖြစ်ပါသည်။]

ကောင်းကင်တွင် တောက်ပနေသော နက္ခတ်များကို ကျနော် မော့ကြည့်လိုက်သည်။ သူတို့အားလုံးမှာ သိကြလိမ့်မည် မဟုတ်ပေ။ ယခုခံစားနေမိသည်က လူတစ်ယောက်က အစပျိုးရာနေရာသို့ ရောက်ရှိရန်အတွက်သာ ပြင်းထန်စွာ ပြေးလွှားနေရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။

[ဂုဏ်ယူပါသည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က သင်၏ အဆင့်ကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါသည်။]

[သင်သည် စုစုပေါင်း ဇာတ်လမ်း လေးခုကို ပြီးမြောက်ခဲ့ပါသည်။]

ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်း၏ အဆုံးသတ်။ နောက်ဆုံးတွင် ကျနော်လိုချင်သော အဆုံးသတ်ဆီသို့ သွားမည့် အစပျိုးရာနေရာသို့ ကျနော်ရောက်ရှိခဲ့လေပြီ။

[ယခုအခါ သင်သည် နက္ခတ်တစ်ပါး ဖြစ်လာရန်အတွက် သင်၏ နောက်ဆုံးဇာတ်လမ်းကို တည်ဆောက်ရမည် ဖြစ်ပါသည်။]

အခန်း ၁၃၁

- အခန်း (၂၆) - ဇာတ်ဝင်ခန်း ဖျက်ဆီးသူ၊ ၁

[သင်၏ အောင်မြင်မှုအတွက် လျော်ကြေးအဖြစ် ဒင်္ဂါး ၂၀၀,၀၀၀ ရရှိပါသည်။]

[အဓိက ပါဝင်ကူညီသူများအတွက် လျော်ကြေးကို လောလောဆယ် ဆွေးနွေးနေပါသည်။]

ယာမာတာ နို အိုရိုချိ ၏ ကိုယ်စားလှယ်ဖြစ်သူ အိဇုမိ သေဆုံးသွားပြီးနောက် ဂျပန်လူမျိုးများသည် ချက်ချင်း လက်နက်ချခဲ့ကြသည်။ အကြွင်းမဲ့ပလ္လင် ပြိုလဲသွားခြင်းက သူတို့ကို ထိန်းချုပ်ထားသည့် စွမ်းအားကို လျော့ရဲသွားစေပြီး ပုန်းအောင်းနေသည့် ကပ်ဘေးဆန့်ကျင်ရေးသမားများ ပေါ်ထွက်လာကြသည်။

"ကျေးဇူးတင်ပါတယ်။ ကင်ဒေါ့ဂျာ"

စကားပြောသူ၏ မျက်နှာကို ကျနော် မှတ်မိသည်။ ထိုသူမှာ အာဆုခါ လန် ကို ကျနော် ရှာဖွေသကဲ့သို့ ယူဂျွန်ဟော့ သွားရောက်တွေ့ဆုံခဲ့သည့် ဂျပန်လူမျိုးများထဲမှ တစ်ဦးပင် ဖြစ်သည်။ ကျနော် ခေါင်းညိတ်ပြရင်း ထိုသူကို နှုတ်ဆက်လိုက်သည်။

"ခိဇုခိ ဟိလိုရှိ"

"ငါ့ကို သိတာလား"

"မင်းက လျှို့ဝှက်ဇာတ်ဝင်ခန်းတစ်ခုမှာ တိုဆွတ်ခ နို ဆွတ်လုဂိ ကို ရခဲ့တာလေ"

"အို… ဟုတ်သားပဲ။ ယူဂျွန်ဟော့ ဆီက ကြားခဲ့တာ ထင်တယ်"

အမှန်စင်စစ် ယူဂျွန်ဟော့ ဆီက ကြားခဲ့ခြင်း မဟုတ်ပေ။ မူရင်းဝတ္ထုကို ဖတ်ထားဖူးသောကြောင့် ကျနော် သိနေခြင်း ဖြစ်သည်။ ကျနော်မှတ်မိသလောက် ထိုသူ၌ ဆူဆာနိုး နှင့် ယာမာတာ နို အိုရိုချိ တို့၏ ဒဏ္ဍာရီများနှင့် ဆက်စပ်နေသော ထောက်ပံ့သူတစ်ဦး ရှိ၏။

"မင်းက ခေါင်းရှစ်လုံး၏ အရှင်သခင် ကို သတ်နိုင်ခဲ့တယ်… မင်းကြောင့် အရာရာ အဆင်ပြေသွားခဲ့တာပါ။ ဒီကျေးဇူးကို ငါ သေချာပေါက် ပြန်ဆပ်ပါ့မယ်"

ခိဇုခိ သည် ကျန်ရှိနေသော ဂျပန်လူမျိုးများကို ဦးဆောင်ကာ ပျောက်ကွယ်သွားခဲ့သည်။

ကပ်ဘေးများ ဖြစ်လာရန် ရွေးချယ်ခဲ့သည့် ဂျပန်လူမျိုးများသည် ဇာတ်ဝင်ခန်း ကျရှုံးလျှင်ပင် သေဆုံးမည်မဟုတ်ဟူသော အချက်ကို အသုံးချခဲ့ကြခြင်း ဖြစ်သည်။ အိဇုမိ မှာ ယာမာတာ နို အိုရိုချိ ၏ ကိုယ်စားလှယ် ဖြစ်သော်လည်း ခိဇုခိ မှာလည်း အစွမ်းထက်ပြီး ထက်မြက်သော ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ သူသည် တိုကျိုဒေသသို့ ပြန်ရောက်ပြီးနောက် ကိုယ်စားလှယ်များကို ခဏတာ ကောင်းမွန်စွာ ဦးဆောင်နိုင်ပေလိမ့်မည်။

[ပင်လယ်နှင့် မုန်တိုင်းမှ မွေးဖွားလာသော နက္ခတ်တစ်ပါးက သူ၏ ဘွဲ့အမည်ကို ထုတ်ဖော်လိုက်ပါသည်။]

[ ‘မြွေခုတ်ဖြတ်သူ’ နက္ခတ်သည် သင့်အပေါ် အလွန်အမင်း စိတ်ဝင်စားမှု ရှိနေပါသည်။]

‘မြွေခုတ်ဖြတ်သူ’ နက္ခတ်မှာ SSS အဆင့်ရှိ ‘တိုဆွတ်ခ နို ဆွတ်လုဂိ’၏ မူလသခင် ဆူဆာနိုး ဖြစ်သည်။

ယူဂျွန်ဟော့ ထံ ပြန်ပေးလိုက်သော ‘တိုဆွတ်ခ နို ဆွတ်လုဂိ’ ကို ကျနော်လှမ်းကြည့်လိုက်သည်။ ထိုဓါးမှာ အတော်အတန် ပျက်စီးနေလေပြီ။ ယာမာတာ နို အိုရိုချိ ကို သတ်ပြီးနောက် ကျိုးသွားသည်က ထူးဆန်းသောအရာတော့ မဟုတ်ပေ။

ယူဂျွန်ဟော့ သည် ကျနော့်ကို တစ်ချက်ကြည့်ပြီးနောက် အဲလိန်းတောအုပ်၏ဇီဝစွမ်းအား ကို စားပြီး အိပ်ပျော်နေကြသည့် အဖွဲ့သားများကို ကြည့်လိုက်သည်။

"အာ…ဒီတစ်ခါတော့ တကယ် သေပြီလို့ ထင်နေတာ"

လီဂျီဟယ် က နိုးလာပြီးနောက် ခေါင်းခါရင်း နဖူးကို ဖိထားသည်။ ယာမာတာ နို အိုရိုချိ ၏ တကယ့်အသံကို တိုက်ရိုက်ကြားလိုက်ရသည့် ဒဏ်ကြောင့် ထိခိုက်မိခဲ့ခြင်း ဖြစ်ပေသည်။

"မဟုတ်သေးပါဘူး။ ဘာဖြစ်သွားတာလဲဟ။ စကားလုံး အနည်းငယ်လောက်ပဲ ကြားလိုက်ရတာကိုကွာ"

"တပ်မှူးကြီး အလစ်အငိုက် လာတုန်းကတောင် ဒီလို ခံစားချက်မျိုး မရခဲ့ဘူး…"

လီဟန်းဆောင် က စကားပြောနေရင်း သူ၏ နောက်ကွယ်မှ အသံကို ကြားလိုက်ရသည့်အခါ တောင့်တင်းသွားခဲ့သည်။

"မင်း အသက်ရှင်နေသေးသားပဲ။ လီဟန်းဆောင်"

"ယူ-ယူဂျွန်ဟော့"

"ငါ့အဖွဲ့နောက်ကို လိုက်ခဲ့ဖို့ မင်းကို ပြောထားတယ် မဟုတ်လား။ ဘာလို့ စကားမနားထောင်တာလဲ"

"အဲ့-အဲ့ဒါက…"

လီဟန်းဆောင် သည် တုန်တုန်ရင်ရင်ဖြင့် ကျနော့်ဘက်ကို လှမ်းကြည့်သည်။ ကျနော့်ကို တစ်ခုခုလုပ်ပေးရန် တောင်းဆိုနေသည့် မျက်နှာဖြစ်သော်လည်း ကျနော် မလုပ်ပေးနိုင်ပေ။ ယူဂျွန်ဟော့ သည် လီဟန်းဆောင် ကို ခဏတာ စိုက်ကြည့်နေပြီးနောက် လှည့်ထွက်သွားခဲ့သည်။

"ဦးလေး"

ကျနော် လှည့်ကြည့်လိုက်သည့်အခါ ရှင်ယူဆောင်း က ကျနော့်ကို ဖက်ထားသည်အား မြင်လိုက်ရသည်။ ထိုကလေးမမှာ ချီလိုက်စေချင်သည့်ပုံစံဖြင့် ကျနော့်ကို မော့ကြည့်နေသည်။

ရှင်ယူဆောင်း ၏ ကျောကို သာသာလေး ကျနော်ပုတ်ပေးလိုက်သည်။

"ပင်ပန်းသွားလား။ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ တော်တယ်"

ကျနော် ပိုပြီး လေးနက်သော စကားလုံးမျိုး ပြောချင်သော်လည်း ကျနော့်ဆီတွင် ဤစကားလုံးများသာ ရှိသည်။ ရှင်ယူဆောင်း က ကျနော့်ရင်ခွင်ထဲတွင် ရှိနေရင်း ခေါင်းခါပြသည်။

"အကိုကြီး။ သိပ်မပင်ပန်းပါဘူး"

လီဂီယောင် က ကြားဖြတ်ပြောရင်း ရှင်ယူဆောင်း ကို ကျနော့်ရင်ခွင်ထဲမှ တွန်းထုတ်လိုက်သည်။ ရန်ဖြစ်နေကြသော်လည်း ကလေးနှစ်ယောက်မှာ အတော်လေး ရင်းနှီးနေကြပုံရသည်။ မျှော်လင့်ထားသည့်အတိုင်း ကလေးများကို ကလေးများကသာ အကောင်းဆုံး နားလည်နိုင်ကြလေသည်။ ထိုနှစ်ယောက်ကို အတူတူ ထားခဲ့ရခြင်းမှာ မှန်ကန်ခဲ့၏။

"ခင်ဗျားက ကလေးတွေကြားမှာ ရေပန်းစားတာပဲ"

ကျနော် စကားပြောသူ လူသေးသေးလေးကို ကြည့်လိုက်သည်။

နေဦး။ သူ့နာမည်က ဂီလီမီယမ် ဆိုလားပဲ။

"ဒီညနေကျရင် တော်ဝင် စားသောက်ပွဲ ရှိပါမယ်။ ရဲတိုက်က ပြိုလဲလုနီးပါး ဖြစ်နေပြီး စားသောက်ပွဲက အတော်လေး သေးငယ်မှာ ဖြစ်ပေမဲ့… ခင်ဗျားတို့ကို တက်ရောက်ဖို့ ဖိတ်ကြားချင်ပါတယ်"

ကျနော် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

[ဇာတ်ဝင်ခန်း အဆုံးသတ်ရန် ကျန်ရှိသော အချိန် - ၂၇ ရက်]

[ကပ်ဘေးများက ဇာတ်ဝင်ခန်းကို လက်လျှော့လိုက်သဖြင့် ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းကို သတ်မှတ်ထားသည်ထက် စောစီးစွာ အဆုံးသတ်ရန် စီစဉ်ထားပါသည်။]

တစ်ကမ္ဘာလုံးတွင် ကပ်ဘေးများ ပျံ့နှက်နေသောကြောင့် အချိန်အနည်းငယ် ကြာနိုင်ပေသည်။ သို့ပေသိ ဟီရိုရှီ က ငြိမ်းချမ်းမြေ တစ်ခွင် လှည့်လည်ပြီးသွားလျှင် ဇာတ်ဝင်ခန်းမှာ အလိုအလျောက် ပြီးဆုံးသွားမည်ဖြစ်၏။

စားသောက်ပွဲ…

ပျော်ပျော်ပါးပါး သောက်စားဖို့လား။ အာ…. ဒါဆိုရင်…

"နားလည်ပါပြီ။ ငါတို့ တက်ရောက်ပါ့မယ်"

………………………………………………………………………………………….

"ရှင်က သောက်ရတာကို တော်တော်ကြိုက်တဲ့ပုံပဲ"

"အင်း… အခုရက်ပိုင်း ဒါမျိုးမြင်ရဖို့ ခဲယဉ်းသွားပြီနော်"

ဂီလီမီယမ် ၏ အကူအညီဖြင့် ဂိုဒေါင်ထဲတွင် ကျန်ရှိနေသော ပေါင်းခံအရက် အမြောက်အမြားကို ကျနော် ထုတ်ယူခဲ့သည်။ ငြိမ်းချမ်းမြေ ၏ အရက်များမှာ အယ်လ်ကိုဟောပါဝင်မှု အလွန်နည်းပါးလှသဖြင့် ကျနော် အလိုရှိသော အရက်ကို ဖော်စပ်ရန်အတွက် အများအပြား လိုအပ်သည်။

[‘မြွေခုတ်ဖြတ်သူ’ နက္ခတ်သည် သင်၏ အရက်ချက်လုပ်ပုံကို စိတ်ဝင်စားနေပါသည်။]

လူတစ်ကိုယ်စာခန့်ရှိသော ပုံးထဲသို့ အရက်များ လောင်းထည့်လိုက်ပြီးနောက် ကျနော့်ထံတွင် ရှိသမျှ ပါဝင်ပစ္စည်းအားလုံးကို ပစ်ထည့်ကာ စတင်မွှေနှောက်လိုက်သည်။

[ခေါင်းရှစ်လုံး၏ အရှင်သခင် ၏ ရှစ်ခုမြောက် ဦးခေါင်း]

[ခေါင်းရှစ်လုံး၏ အရှင်သခင် ၏ ခုနစ်ခုမြောက် အမြီး]

ဤပစ္စည်းများမှာ ယာမာတာ နို အိုရိုချိ ကို အနိုင်ယူစဉ်က ရရှိခဲ့သော ပစ္စည်းများ ဖြစ်သည်။ စစ်မှန်သော ကိုယ်ထည် ပေါ်ထွက်လာခြင်း မဟုတ်သောကြောင့် ရရှိခဲ့သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများမှာ အစစ်အမှန်များဆိုသည်ထက် အပိုင်းအစများသာ ဖြစ်နေလေသည်။ သို့သော်လည်း ထိုအရာများတွင် နက္ခတ် ၏ စွမ်းအားအချို့ ကိန်းအောင်းနေ၏။

ကျနော် ဘာလုပ်တော့မည်ကို ရိပ်မိသူမှာ ယူဂျွန်ဟော့ တစ်ယောက်သာ ရှိသည်။

"မင်းက ဒီလျှို့ဝှက်ချက်ကို သိနေတာပဲ"

"ငါက ပရောဟိတ်ပဲလေ။ ကဲ…မင်းရဲ့ ဓါးကို ပေးပါဦး"

ယူဂျွန်ဟော့ သည် ကျနော် ဘာလုပ်မည်ကို သိရှိပြီး ကျနော့်ထံသို့ သူ၏ ဓါးကို အလိုက်သင့် ကမ်းပေးလာသည်။ ယူဂျွန်ဟော့ ထံမှ ရရှိသော ‘တိုဆွတ်ခ နို ဆွတ်လုဂိ’ ကို အရက်ပုံးထဲသို့ ကျနော် ပစ်ထည့်လိုက်သည်။ မူလက ဤကဲ့သို့ ပြုလုပ်ရခြင်း မဟုတ်သော်လည်း ကျနော်က ဖြတ်လမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ‘တိုဆွတ်ခ နို ဆွတ်လုဂိ’ သည် အရက်ထဲတွင် အရည်ပျော်ဝင်သွားသည်။

[ပုံပြင်ဇာတ်လမ်းနှစ်ခုက သင်၏ လုပ်ဆောင်ချက်အတိုင်း ဓါတ်ပြုနေပါသည်။]

[‘ခေါင်းရှစ်လုံး၏ အရှင်သခင်’ နှင့် ‘မြွေခုတ်ဖြတ်သူ’ တို့၏ ဒဏ္ဍာရီများ ပေါင်းစပ်သွားပါသည်။]

[လွဲမှားသော လက်ဆင့်ကမ်းမှုကြောင့် ပုံပြင်၏ အချို့အစိတ်အပိုင်းများ ပျက်စီးသွားပါသည်။]

ပျက်စီးသွားသော အစိတ်အပိုင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း မတတ်နိုင်ပေ။

[‘အာမဲ နို မုလခုမို နို ဆွတ်လုဂိ’ ၏ ဒဏ္ဍာရီ ထွက်ပေါ်လာပါသည်။]

ပုံပြင်ဇာတ်လမ်းများအရ ‘အာမဲ နို မုလခုမို နို ဆွတ်လုဂိ’ မှာ မူးယစ်နေသော ယာမာတာ နို အိုရိုချိ ၏ အမြီးထဲမှ ထွက်လာသည့် ဓါးဖြစ်သည်။ သို့သော်လည်း ဖြတ်လမ်းကို အသုံးပြု၍ အဆိုပါဓါးကို ရယူရန်က ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ကျနော့်အတွက် သောက်ပစ်ရုံသာ လိုအပ်သည်။

လီဂျီဟယ် က သံသယဖြင့် မေးလာသည်။

"အဖိုးတန်တဲ့ အရက်ထဲကို ဘာလို့ ဓါးကြီး ပစ်ထည့်လိုက်တာလဲ"

"ခဏလောက် စောင့်ကြည့်လိုက်ပါဦး"

ခဏအကြာတွင် အရက်ထဲမှ ဆန်းကြယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး စင်ကြယ်သော အဖြူရောင်အလင်းတန်းများ ဝန်းရံထားသည့် ဓါးတစ်လက် ထွက်ပေါ်လာသည်။

[ကြယ်အမွေအနှစ် ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး’ ပေါ်ထွက်လာပါသည်။]

မျှော်လင့်ထားသည့်အတိုင်း ပေါ်လာခဲ့လေပြီ။ Ways of Survival ထဲက နည်းလမ်းမှာ မှားယွင်းမှု မရှိပေ။

ယူဂျွန်ဟော့ က လက်လှမ်းလိုက်သည်။

"ဒါ ငါ့ဟာပဲ"

"ဟေ့…မြွေကို ငါတို့ အတူတူ ရင်ဆိုင်ခဲ့တာလေ"

"သူ့ကို ငါကိုယ်တိုင် တိုက်ခိုက်ခဲ့တာကွ"

ပုံမှန်ဆိုလျှင် ကျနော် ငြင်းခုံမိမည် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ယူဂျွန်ဟော့ ၏ မျက်လုံးများမှာ အတည်ပေါက် ဖြစ်နေလေသည်။

ဒီခွေးမသားကတော့ကွာ…

အမှန်စင်စစ် ဤအမွေအနှစ်ကိုရရှိဖို့က ကျနော့် ပန်းတိုင်မဟုတ်သော်လည်း ကျနော့်ရှေ့တင် ကြယ်အမွေအနှစ် ကို အလုခံလိုက်ရခြင်းမှာ စိတ်ပျက်စရာ ကောင်းလှသည်။ ဤနေရာတွင် သူနှင့် တိုက်ခိုက်၍ မဖြစ်သောကြောင့် ဓါးကို ကျနော် လက်လျှော့လိုက်၏။

[ကြယ်အမွေအနှစ် ‘မြက်ဖြတ်ဓါး’ ပေါ်ထွက်လာပါသည်။]

အရက်ထဲမှ ဓါးမြှောင်တစ်လက် ထပ်မံ ထွက်ပေါ်လာသည်။

…ဟင်

Ways of Survival ထဲက အကြောင်းအရာများ ကျနော့်ခေါင်းထဲတွင် အလျှိုလျှို ပေါ်လာ၏။

「 အမည်နာမများက ဒဏ္ဍာရီများကို မွေးဖွားပေးပြီး ဒဏ္ဍာရီများသည် လက်တွေ့ဘဝတွင် ပြန်လည် ပေါ်ထွက်လာသည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု လောကတွင် ‘အာမဲ နို မုလခုမို နို ဆွတ်လုဂိ’ ၌ စုစုပေါင်း အမည် ငါးခု ရှိသည်။ တစ်နည်းအားဖြင့် ဆိုရသော် ‘အာမဲ နို မုလခုမို နို ဆွတ်လုဂိ’ ဆိုသည်မှာ ‘ဓါးတစ်လက်’ထဲ မဟုတ်ပေ။ 」

ကျနော် ယခုမှ သဘောပေါက်သွားသည်။ ‘အာမဲ နို မုလခုမို နို ဆွတ်လုဂိ’ ဟူသော အမည်ကို စုစုပေါင်း အရာဝတ္ထု ငါးခုအတွက် အသုံးပြုထားခြင်း ဖြစ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် ဓါးတစ်လက်ကို Ways of Survival တွင် ဖော်ပြထားပြီး ကျန်လေးလက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဓါးမြှောင်ကို ကျနော် အမြန်ဖမ်းဆုပ်လိုက်သည်။

"ဒါဆို ဒါက ငါ့ဟာပဲ။ ဘာကန့်ကွက်စရာ ရှိသေးလဲ"

"အဲ့ဒါက…"

ယူဂျွန်ဟော့ သည် မျက်မှောင်ကြုတ်လျက် ကျနော့်ကို စိုက်ကြည့်နေပြီးနောက် လှည့်ထွက်သွားခဲ့သည်။

"မင်းသဘောပဲ"

ကျနော် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကျနော့်လက်ထဲရှိ ဓါးမြှောင်၏ လက်ကိုင်ပုံစံကို ကျနော် သဘောကျမိသည်။ ဤအရာမှာ ‘အာမဲ နို မုလခုမို နို ဆွတ်လုဂိ’ ထဲမှ ဒုတိယမြောက် လက်နက်ဖြစ်သော မြက်ဖြတ်ဓါး ဖြစ်သည်။ ဤဓါးတွင် နဂါးသတ်စွမ်းအား ကိန်းအောင်းနေသောကြောင့် နောင်တွင် မည်သည့် နဂါးမျိုးစိတ်နှင့်မဆို ရင်ဆိုင်ရပါစေ ကျနော် ကြောက်လန့်နေရန် မလိုတော့ပေ။

လီဂျီဟယ်က ဘေးမှ ကြည့်နေရင်း နှုတ်ခမ်းဆူလိုက်သည်။

"သဘောထားသေးတဲ့ ယောက်ျားတွေပဲ ဓါးတွေ ရသွားကြတယ်…"

လီဂျီဟယ် က စနောက်ပြီးနောက် အရက်အိုးကို ပုတ်ကြည့်လိုက်သည်။

"ဒါကို အခု သောက်လို့ရပြီလား။ အနံ့ကတော့ ရှယ်ပဲနော်"

"နင်က အသက်မပြည့်သေးဘူးလေ…"

လီဂျီဟယ် တစ်ယောက်တည်း မဟုတ်ပေ။ ကျန်လူများသည်လည်း ရွှေရောင်အရက်ပုံးဆီသို့ စုပြုံရောက်ရှိလာကြသည်။ လူတိုင်း အရက်ကို ဆာလောင်နေကြပုံရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့မှာ အနံ့ရုံရုံဖြင့်ပင် မူးသွားနိုင်လေသည်…

"အားလုံးပဲ သောက်ကြပါ"

ကျနော် ခွင့်ပြုလိုက်ပြီးနောက် ကျန်လူများမှာ အရူးအမူး စတင်သောက်သုံးကြတော့သည်။

"အို…. ဘယ်လိုလုပ်ပြီး ဒီလိုအရသာမျိုး ရှိနေတာလဲ"

"နတ်သုဒ္ဓါအရည်ပဲ"

လူတိုင်း ရွှေရောင်အရက်ကို သောက်သုံးရင်း ဝမ်းသာအားရ အော်ဟစ်နေကြသည်။ အရက်မှာ နက္ခတ် ၏ မှော်စွမ်းအင်ဖြင့် အချဉ်ဖောက်ထားခြင်း ဖြစ်သောကြောင့် အရသာကောင်းမွန်သည်က သဘာဝပင်။ အမှန်တကယ်တွင် ထိုအရက်ထဲရှိ အယ်လ်ကိုဟောပါဝင်မှုမှာ သိပ်မများသော်လည်း စွမ်းရည်အလုံးစုံကို တိုးမြင့်စေသော အာနိသင် ရှိ၏။

"မင်း မသောက်ဘူးလား"

ယူဂျွန်ဟော့ ကို ကျနော်မေးလိုက်သည်။ ကျနော် အနီးကပ် ကြည့်လိုက်သည့်အခါ ယူဂျွန်ဟော့ မှာ ရိုးရှင်းသော ဟင်းလျာတစ်ခုကို ချက်ပြုတ်နေသည်အား တွေ့လိုက်ရ၏။

သူသည် အသားနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်၍ ကင်နေလေသည်။ ပြင်ပပါတီပွဲတစ်ခု ဖြစ်သောကြောင့် လူသေးသေးလေးများ ယူဆောင်လာသည့် အစားအသောက် ပါဝင်ပစ္စည်းများမှာ ထိုနေရာတွင် ပုံနေလေသည်။ သို့သော်လည်း ယူဂျွန်ဟော့ ၏ ချက်ပြုတ်မှုမှာ…

ယူဂျွန်ဟော့ က အေးစက်သော လေသံဖြင့် ပြောလာသည်။

"ငါက သူများချက်တာကို မစားဘူး"

"အဆိပ်မိမှာ ကြောက်လို့လား"

"အရသာမရှိလို့"

"မင်းချက်တဲ့ အစားအစာကရော ဘယ်လောက်တောင် အရသာရှိလို့လဲ"

ကျနော် ထိုသို့ ပြောလိုက်သော်လည်း ယူဂျွန်ဟော့ ချက်နေသည့် ဟင်းလျာကို တစ်လုပ် အမြန်မြည်းကြည့်လိုက်သည်။

ထို့နောက်…

စောက်ကျိုးနည်း။ ဒါက ဘာကြီးလဲဟ။

ယူဂျွန်ဟော့ ကို အနီးအနားတွင် ကူညီပေးနေသော လီဆောဟွာ က ပြုံးရင်း ကျနော့်ကို မေးလာသည်။

"အရသာရှိလား"

"…အင်း"

ချီး။ အရမ်း အရသာရှိတာပဲ။ တကယ်ကို အရသာရှိတာ။ မဟုတ်ဘူး၊ ဒါက ငါ စားဖူးသမျှထဲမှာ အကောင်းဆုံး ဟင်းလျာပဲ။ ဒီအသားကင်က ဘာကြီးလဲဟ။

မည်သည့်ခံစားချက်မှ ဖော်ပြခြင်းမရှိသော ယူဂျွန်ဟော့ ၏ နှုတ်ခမ်းတစ်ဖက်မှာ ကွေးတက်သွားသည်။

ချီး။ ဒီကောင်က နောက်ပြန်ဆုတ်သူ ဖြစ်ရင်တောင်မှ ဘယ်လိုလုပ်ပြီး ဟင်းချက်တာမှာ ဒီလောက် တော်နေရတာလဲ။

ကျနော် တတွတ်တွတ် ရေရွတ်ရင်း ထိုနေရာမှ ထွက်လာခဲ့သည့်အခါ တူရိယာသံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံမှာ အလွန်တည်ငြိမ်ပြီး လေးနက်သော အကောင်းစား တေးဂီတသံ ဖြစ်၏။

ထိုအသံနောက်သို့ ကျနော်လိုက်သွားခဲ့ရာ ရဲတိုက်၏ အပေါ်ဆုံးတွင် ထိုင်နေသော အရုပ်တစ်ရုပ်ကို တွေ့လိုက်ရလေသည်။ အရုပ်ဟု ထင်ရသောထိုအရာမှာ ယူဂျွန်ဟော့ ကဲ့သို့ ခန့်ညားချောမောသော လူသေးသေးလေးပင်။

ထိုလူသေးသေးလေးမှာ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ပင် ဖြစ်သည်။ သူသည် ရဲတိုက်အစွန်းတွင် ထိုင်ကာ ဝေးကွာသော ကောင်းကင်ယံကို စိုက်ကြည့်ရင်း တယောကို တီးခတ်နေသည်။ တေးသံမှာ သာယာငြိမ့်ညောင်းလှသလို တစ်ခါတစ်ရံတွင်မူ ဝမ်းနည်းဖွယ် ကောင်းလှသည်။ ထိုအသံထဲတွင် အားနည်းသော လွမ်းဆွတ်မှုများ ပြည့်နှက်နေ၏။ ဆူညံနေသော လူအုပ်ကြီးမှာ တစ်ယောက်ပြီးတစ်ယောက် တိတ်ဆိတ်သွားကြပြီး ဂီတသံကို နားထောင်နေကြသည်။ အုတ်အော်သောင်းနင်း ဖြစ်နေသော အရှိန်အဝါများမှာလည်း ငြိမ်သက်သွားခဲ့သည်။

ထို့နောက်တွင်တော့ တစ်စုံတစ်ယောက်၏ မျက်လုံးများ နီမြန်းလာခဲ့သည်။ နောက်တစ်ယောက်မှာ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။ ထိုအရာမှာ ကူးစက်တတ်ပုံရပြီး သူတို့အားလုံး စတင်ငိုကြွေးကြတော့သည်။ ငိုကြွေးခြင်းကို လွမ်းဆွတ်နေကြသကဲ့သို့ လူတိုင်းမှာ အားပါးတရ ငိုကြွေးနေကြ၏။ ငြိမ်းချမ်းမြေ ရှိ နေထိုင်သူများသည်လည်း ဇာတ်ဝင်ခန်းများကို တွေ့ကြုံခဲ့ရသူများ ဖြစ်သည်။ ဤဂီတမှာ သူတို့ကို နှစ်သိမ့်ပေးနေသော ဂီတပင်။

တေးသွားကို နားထောင်ရင်း အရက်ကို အနည်းငယ် ကျနော် သောက်လိုက်သည်။ ထိုစဉ် အာဆုခါ လန်သည် ကျနော့်ထံသို့ ရောက်လာသည်။ ထိုအမျိုးသမီးသည် ဂျပန်အဖွဲ့နှင့် သွားရောက်ပူးပေါင်းခြင်း မရှိပေ။

ကျနော်က အာဆုခါ လန်ကို မေးလိုက်သည်။

"လန်။ ဟန်ဆိုယောင်း ကို တွေ့မိသေးလား"

"အဲ… ကျမ သူ့ကို အချက်အလက်အချို့ ရှင်းပြနေတုန်း သူက ရုတ်တရက် သွားစရာရှိတယ်ဆိုပြီး ပြောသွားတယ်"

နားလည်ပေပြီ။ ဟန်ဆိုယောင်းမှာ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေရန် ထွက်သွားခဲ့ပုံရသည်။

ဒီမိန်းမကတော့ကွာ…

တယောသံမှာ ပျက်စီးနေသော ရဲတိုက်တစ်လျှောက် ပျံ့လွင့်နေပြီး အာဆုခါ လန် ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ခုကို ကျနော် သတိရသွားသည်။ ရှည်လျားသော အိမ်မက်၏ အဆုံးသတ်သို့ ရောက်ရှိသွားသူတစ်ဦးမှာ ဤကဲ့သို့သော မျက်နှာမျိုး ရှိတတ်၏။

ယခုဆိုလျှင် ကျနော် မေးလို့ရပြီဟု ထင်မိသည်။

"ဘယ်လို ခံစားရလဲ"

"…ထူးဆန်းနေတယ်"

အာဆုခါ လန်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။

"ကျမ လက်မလျှော့ခဲ့သင့်ဘူးလို့ တွေးနေမိတယ်"

အာဆုခါ လန် ပြောလိုသည်ကို ကျနော် ချက်ချင်း နားလည်လိုက်သည်။ အာဆုခါ လန်သည် စိုစွတ်နေသော နှုတ်ခမ်းလွှာနှစ်ခုကို ဟလိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်သည်။

"ကျမရဲ့ မန်ဂါကို ဖတ်တုန်းက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိလောက်ဘူး"

"တစ်စုံတစ်ယောက်ကတော့ သေချာပေါက် တွေးမိမှာပါ"

အာဆုခါ လန် သည် ဝမ်းနည်းစွာ ပြုံးလိုက်ပြီး လက်များကို ငုံ့ကြည့်လိုက်သည်။ အာဆုခါ လန်၏ နီမြန်းနေသော ပါးပြင်များအရ အရက်အတော်များများ သောက်ထားကြောင်း သိသာလှသည်။

"ကျမ ရုတ်တရက် အတွေးတစ်ခု ဝင်လာတယ်။ ကျမက တစ်စုံတစ်ယောက် ရေးဆွဲထားတဲ့ ကမ္ဘာကြီးရဲ့ အဖွဲ့ဝင်တစ်ယောက်များ ဖြစ်နေမလားမသိဘူးနော်"

ကျနော် ခဏမျှ တုန့်ဆိုင်းသွားပြီး ပြောလိုက်သည်။

"အဲ့ဒါက အရေးမပါတဲ့ ကမ္ဘာတစ်ခု ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ"

"ဟမ်"

"ပြီးခဲ့တဲ့ အခေါက်က ငါ နားထောင်ချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်လို့ ပြောခဲ့တာကို မှတ်မိလား"

အာဆုခါ လန် နားမလည်သည်ကို ကျနော် သတိပြုမိသဖြင့် အနည်းငယ် ထပ်မံ ရှင်းပြလိုက်သည်။

အာဆုခါ လန် က ပြောသည်။

"အာ… အဲဒီ စီးရီး ပြီးဆုံးပြီး မကြာခင်မှာပဲ အီးမေးလ်တစ်စောင် ရောက်လာခဲ့တယ်။ အီးမေးလ်မှာပါတာက ကျမရဲ့မန်ဂါထဲက အချက်အလက်တွေကို ငှားသုံးချင်တယ်လို့ပြောခဲ့တာပါ…"

မမျှော်လင့်ထားသော စကားလုံးများကြောင့် ကျနော် အနည်းငယ် အံ့အားသင့်သွားသည်။ Ways of Survival ထဲတွင် ဤကဲ့သို့သော အရာမျိုး မရှိခဲ့ပေ။

"အချက်အလက်တွေကို ငှားသုံးမယ် ဟုတ်လား"

"ဟုတ်တယ်။ အဲဒီတုန်းကတော့ ကျမ သိပ်ပြီး ဂရုမစိုက်မိခဲ့ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဒီအခြေအနေတွေ ဖြစ်လာတော့တာပဲ…"

"တိတိကျကျလေး မှတ်မိတာမျိုးရှိလား။ ဥပမာ- အီးမေးလ်လိပ်စာ ဒါမှမဟုတ်…"

"ကျမ အဲဒီအီးမေးလ်ကို ပြန်စာပို့လိုက်တာနဲ့ ဆက်စပ်နေတဲ့ အီးမေးလ်တွေ အားလုံးက ရုတ်တရက် ပျောက်သွားတာပဲ။ ဒါကြောင့် အီးမေးလ်လိပ်စာကတော့…"

"နားလည်ပါပြီ"

ကျနော့် လေသံကြောင့် အာဆုခါ လန် မှာ အားနာသွားပုံရသည်။ အာဆုခါ လန်သည် တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလိုက်သည်။

"…အဲဒါကလေ…. အင်း။ ကျမ သေချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ အီးမေးလ်လိပ်စာက ‘t’ နဲ့ စတယ်လို့ ထင်တာပဲ"

tဟုတ်လား။

ကျနော် မိန်းမောသွားပြီး အလိုအလျောက် ပြန်မေးလိုက်မိသည်။

"အဲ့ဒီလိပ်စာက… tls123များလား"

All Chapters