← Chapters

အခန်း (၁၃၂-၁၃၄)

Vol. 9 Ch. 132-134

အခန်း (၁၃၂-၁၃၄)

Vol. 9 Ch. 132-134

အခန်း ၁၃၂

- အပိုင်း (၂၆) - ဇာတ်ဝင်ခန်း ဖျက်ဆီးသူ (၂)

tls123မှာ Ways of Survival ဝတ္ထုရေးသူ၏ အိုင်ဒီ (ID) ဖြစ်သည်။

အာဆုခါ လန် ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။

"အယ်…. tls123ဟုတ်လား…"

အာဆုခါ လန် ကို ကျနော်အလောတကြီး မေးလိုက်သည်။

"မှတ်မိပြီလား"

"မှတ်မိ… အယ်"

"ဘာဖြစ်လို့လဲ"

အာဆုခါ လန် သည် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးများမှာ ခေတ္တမျှ မိန်းမောသွားခဲ့သည်။ အာဆုခါ လန် ၏ ကိုယ်ပေါ်တွင် အားနည်းသော လျှပ်စစ်မီးပွားလေးများ ပေါ်ထွက်လာခဲ့သည်။

"… ■■■…■■ …"

ဟမ်

ကျနော် တုန်လှုပ်သွားပြီး မေးလိုက်မိသည်။

"ခုနက ဘာပြောလိုက်တာလဲ"

"…ဟမ်"

"ခုနက ပြောလိုက်တဲ့ စကားလေ…"

"ဘာကို ဆိုလိုတာလဲ။ ကျမ ဘာများ…"

အာဆုခါ လန် ၏ မျက်နှာမှာ ဘာမှမသိကြောင်း ဖော်ပြနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ရှေ့ပြေးနိမိတ်တစ်ခုကို ကျနော် ခံစားလိုက်ရ၏။ ဇာတ်ကောင်စာရင်းကို ကျနော် အသက်သွင်း ကြည့်လိုက်သည်။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ ကို အသက်သွင်းလိုက်ပါပြီ။]

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည်

အာဆုခါ လန်

အသက်

၃၁ နှစ်

ထောက်ပံ့သူ

နိတန် အိချူး-ရူး ၏ သခင်

ဝိသေသလက္ခဏာများ

ငြိမ်းချမ်းမြေ ကို ဖန်တီးသူ (ဒဏ္ဍာရီလာ)၊ မန်ဂါရေးဆွဲသူ (ရှားပါး)

သီးသန့် စွမ်းရည်များ

ကန်ဒို အဆင့် ၇၊ မဟူရာ ကလောင်ထိပ် အဆင့် ၄၊ ဆီလျော်သော ဂုဏ်သိက္ခာနှင့် နိယာမများ အဆင့် ၅၊ စိတ်ကူးစိတ်သန်း လှုံ့ဆော်မှု အဆင့် ၄…

အထူးစွမ်းရည်

နိတန် အိချူး-ရူး အဆင့် ၃

စွမ်းရည်အလုံးစုံ

ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၅၅ (လက်ရှိ အဆင့် ၁၇)၊ ခွန်အား အဆင့် ၅၅ (လက်ရှိ အဆင့် ၁၇)၊ လျှင်မြန်မှု အဆင့် ၄၉

(လက်ရှိ အဆင့် ၁၁)၊ မှော်စွမ်းအင် အဆင့် ၅၄

(လက်ရှိ အဆင့် ၁၆)

ခြုံငုံအကဲဖြတ်ချက်

ခြုံငုံအကဲဖြတ်ခြင်းမှာ ဆောင်ရွက်ဆဲ ဖြစ်သည်။

Ways of Survival ထဲတွင် ကျနော် မြင်တွေ့ခဲ့ရသလိုပင် ဤအမျိုးသမီးမှာ ငြိမ်းချမ်းမြေ ကို ဖန်တီးခဲ့သူ ဖြစ်လေသည်။

သို့ဆိုလျှင်…

■■■ဆိုသည့်အရာမှာ ‘တည်းဖြတ်ခံရခြင်း’များလော။ နောက်တစ်စက္ကန့်အကြာတွင် ကျနော့် မျက်စိရှေ့၌ ဇာတ်ကောင်စာရင်း ဇယားတစ်ခုလုံး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ သဲပွင့်များကဲ့သို့ပင် စာလုံးများမှာ ကျနော့် ရှေ့မှောက်၌ တစ်လုံးချင်း လွင့်စင်သွားခဲ့သည်။

သီးသန့် ဝိသေသလက္ခဏာ - မန်ဂါရေးဆွဲသူ (ရှားပါး)

ကျနော့် ကျောရိုးတစ်လျှောက် ကြက်သီးများမှာ အလွန်နှေးကွေးစွာ ထလာခဲ့သည်။ အဘယ်ကြောင့် ‘ငြိမ်းချမ်းမြေ ကို ဖန်တီးသူ’ ဆိုသည့် အချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။ မည်သည့် နက္ခတ် ကမျှ ဤကဲ့သို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပေ။

အာဆုခါ လန် သည် ကျနော့်ကို ကြည့်ကာ မေးလိုက်သည်။

"စိတ်မရှိပါနဲ့။ ကျမတို့ ဘာအကြောင်း ပြောနေကြတာလဲဟင်"

"လန် ရဲ့ လက်ရာအကြောင်း ပြောနေကြတာပါ"

"ကျမရဲ့ လက်ရာဟုတ်လား"

အာဆုခါ လန် သည် ဘာမှမမှတ်မိတော့သည့် မျက်နှာမျိုး ပြုလုပ်လိုက်သည်။ အာဆုခါ လန် သည် သူကိုယ်တိုင် ဖန်တီးခဲ့သော ငြိမ်းချမ်းမြေ၏ အချက်အလက်များကို ဘာတစ်ခုမျှ မမှတ်မိနိုင်တော့ပေ။

「 ထိုအခိုက်အတန့်တွင် ဤကမ္ဘာကြီးသည် လက်ထဲမှ လုံးဝ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း အာဆုခါ လန် သိရှိလိုက်ရသည်။ 」

ကျနော့် ခေါင်းထဲ၌ တဆစ်ဆစ် နာကျင်လာခဲ့သည်။ Ways of Survival ထဲတွင် ဤကဲ့သို့သော စာကြောင်းမျိုး ရှိခဲ့ပါသလော။ ကျနော် မသိပေ။

သို့ပေသိ အချက်တစ်ချက်မှာမူ သေချာလှသည်။

ခြောက်ကပ်သော ညဉ့်ဦးယံတွင် တီးခတ်နေသည့် တယောသံ။ လူသေးသေးလေးများ၏ ငိုကြွေးသံများ။ ခံစားချက်များကြောင့် ပိုမိုပြင်းထန်လာသည့် ဝမ်းနည်းဖွယ် ကောင်းသောအငွေ့အသက်။ ဤအရာမှာ ငြိမ်းချမ်းမြေ ဟု ခေါ်ဆိုသော ကမ္ဘာကြီး ပြီးပြည့်စုံသွားသည့် အခိုက်အတန့်ပင် ဖြစ်သည်။

ဤဇာတ်လမ်းထဲတွင် ထပ်မံဖြည့်စွက်ရန် ယခု ဘာမှမကျန်တော့ပေ။ နောက်ဆုံးတွင် ဇာတ်လမ်းတစ်ပုဒ်မှာ ဖန်တီးသူထံမှ လုံးဝ လွတ်မြောက်ကာ သီးခြားရပ်တည်နိုင်သွားခဲ့လေပြီ။

အာဆုခါ လန် ထံမှ ဝိသေသလက္ခဏာတစ်ခု အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း ဆိုသည်ကို ကျနော် နားလည်သွားခဲ့သည်ဟု ရုတ်တရက် တွေးမိလိုက်သည်။ ကမ္ဘာကြီး ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် ဖန်တီးသူမှာ ဖန်တီးသူဟူသော နေရာမှ ဆင်းပေးရမည်သာ ဖြစ်သည်။

ကျနော် ရုတ်တရက် သိချင်လာခဲ့သည်။ ပြီးဆုံးသွားသော ဇာတ်လမ်းမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

[သင်သည် ငြိမ်းချမ်းမြေဂြိုဟ်ကို သိရှိသွားပါပြီ။]

[ငြိမ်းချမ်းမြေ နှင့် ဆက်စပ်နေသော သက်ရှိများအားလုံးသည် သင်၏ အကြည့်ကို အနည်းငယ် သတိပြုမိသွားကြပါပြီ။]

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ် သည် သင်၏ တည်ရှိမှုအပေါ် ဝမ်းမြောက်နေပါသည်။]

[ငြိမ်းချမ်းမြေ ရှိ သက်ရှိများသည် သင့်အကြောင်း ဒဏ္ဍာရီများကို စတင် ရေးသားနေကြပါပြီ။]

ရယ်စရာကောင်းသည့် အချက်မှာ ထိုသို့ဖြစ်လာရန် ကျနော် မတောင်းဆိုခဲ့ခြင်းပင်။

…ငါနားလည်ပြီ။ ဖန်တီးသူထံကနေ ထွက်ခွာသွားတဲ့ဇာတ်လမ်းရဲ့ လားရာကို အစကတည်းက သတ်မှတ်ပြီးသားပဲ။

ထို့နောက်တွင်တော့ ကျနော်သည် မုသားထောက်လှမ်းနိုင်စွမ်းကို အသုံးပြုပြီး အာဆုခါ လန် ကို နောက်ထပ် အချက်အလက်အချို့ ထပ်မံမေးမြန်းခဲ့သည်။ သို့ပေသိ အာဆုခါ လန်သည် တကယ်ပင် ဘာမှမမှတ်မိတော့ချေ။

"ကျမ တကယ်ပဲ မသိတော့လို့ စိတ်မရှိပါနဲ့။ ကျမ ဖတ်ဖူးတဲ့ မန်ဂါတစ်ခုလိုပဲ ဖြစ်နေလို့ပါ…"

အာဆုခါ လန်သည် ကိုယ်ပိုင်ဇာတ်လမ်းကို ပြန်ဖတ်နေရသူနှင့် တူနေလေသည်။ မည်သို့ပင်ဆိုစေကာမူ ကျနော် စိတ်ဓာတ်ကျသလို ခံစားလိုက်ရ၏။

အာဆုခါ လန် သည် ခေတ္တမျှ မျက်လုံးများကို မှိတ်ထားလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ဒီဇာတ်လမ်းကို ဖတ်ရတာကို ကျမ သဘောကျခဲ့တယ်လို့ ထင်ပါတယ်။ တကယ်ပါ…"

ဝမ်းနည်းစရာကောင်းသည်မှာ ကျနော် အနည်းငယ်သာ သိခွင့်ရခဲ့သည့် Ways of Survival ရေးသားသူနှင့် ပတ်သက်သော အချက်အလက်များမှာ ဤနေရာတွင်ပင် ရပ်တန့်သွားခဲ့ခြင်းပင်။ Ways of Survival ရေးသားသူမှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်ပြီး မည်သည်ကို အလိုရှိသည်ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးချေ။

သို့သော်လည်း အနည်းဆုံး တစ်ချက်ကတော့ ဝေဝေဝါးဝါး ရှင်းလင်းနေလေ၏။ Ways of Survival ရေးသားသူသည်လည်း ကျနော့်ကဲ့သို့ပင် လက်ရှိဇာတ်သိမ်းကို ကျေနပ်ပုံမရချေ။ ထို့ကြောင့် ကမ္ဘာပျက်မည့်အချိန်မတိုင်မီ ကျနော့်ထံသို့ ထိုစာအုပ်ကို ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့သာဆိုလျှင် ဇာတ်သိမ်းပြောင်းလဲခြင်း မျှော်လင့်ချက်ကို ကျနော်ဖြည့်ဆည်းပေးရမည်သာ။

ရှုခင်းများကို ကြည့်ရှုခံစားနေသည့် အာဆုခါ လန် ထံမှ ကျနော် ခွာလိုက်ပြီး ဆေးရည်အတောင့်တစ်ခုကို ထုတ်လိုက်သည်။

[ရှေးဟောင်းမြွေ၏ သန့်စင်သော သွေး]

ဤအရာမှာ နက္ခတ် အစိတ်အပိုင်းများနှင့်အတူ ရရှိခဲ့သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ကျနော် အချက်ပေးလိုက်ရာ အဝေးတွင်ရှိနေသည့် လီဟန်းဆောင် က ခေါင်းညိတ်ပြပြီး အနားသို့ ချဉ်းကပ်လာခဲ့သည်။ လီဟန်းဆောင် သည် အရက်သောက်မနေချေ။ အားနာမိသော်လည်း ယနေ့တွင် သူ့ကို လုပ်ခိုင်းစရာ အလုပ်အချို့ ရှိနေလေ၏။

"ကျနော် အခု ခင်ဗျားရဲ့ အကူအညီ လိုအပ်တယ်"

"ကျုပ်ကူညီပါမယ်"

လီဟန်းဆောင် ကို ကျနော့် အစောင့်အဖြစ် တာဝန်ပေးအပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျနော် ခေတ္တမျှ သတိလစ်သွားတော့မည် ဖြစ်သောကြောင့်ပင်။ ရှေးဟောင်းမြွေ၏ သန့်စင်သော သွေး ကို ဖန်ခွက်ထဲသို့ ကျနော်လောင်းထည့်လိုက်ရာ ရွှေရောင်အရက်မှာ နီမှောင်သော အရောင်သို့ ပြောင်းလဲသွားခဲ့သည်။

[သင်သည် ရှေးဟောင်းမြွေ၏ သန့်စင်သော သွေး ဖြင့် ပြုလုပ်ထားသည့် အရက်ကို သောက်သုံးလိုက်ပါသည်။]

[လောဘကြီးသော မြွေသည် သင့်၏ စိတ်စွမ်းအားကို စမ်းသပ်ပါလိမ့်မည်။]

ဤအရာမှာ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့ပင် မသိခဲ့သည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ယာမာတာ နို အိုရိုချိ ၏ အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသော အရက်နှင့် သန့်စင်သော သွေး တို့ကို ရောစပ်လိုက်မှသာ ပြုလုပ်နိုင်သည့် အခမ်းအနားတစ်ခု ဖြစ်လေသည်။ ဤအရာသာ မရှိခဲ့လျှင် ‘လူမသတ်ဘုရင်’ ကဲ့သို့ ထူးကဲသော ဝိသေသလက္ခဏာကို ကျနော် စွန့်လွှတ်ခဲ့မည် မဟုတ်ချေ။

[မြွေသည် သင့်ထံတွင် ‘နဂါးသတ်သမား’ ဖြစ်ရန် အရည်အချင်းရှိကြောင်း အတည်ပြုလိုက်ပါပြီ။]

[ဝိသေသလက္ခဏာအသစ် ‘အသက်ရှစ်ပါး’ ကို ပြင်ဆင်နေပါသည်။]

…ကောင်းတယ်။

ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ရာ ကျနော် ပြန်နိုးလာသည့်အခါ ဝိသေသလက္ခဏာအသစ် တစ်ခုကို ရရှိထားလောက်ပေမည်။

အလုပ်တစ်ခု ပြီးသွားပြီ ဖြစ်ရာ ကျန်ရှိနေသည်မှာ…

ကျန်ရှိနေသော အရက်များကို ပါးစပ်ထဲသို့ ကျနော်လောင်းထည့်လိုက်သည်။ ကျနော် ခေါင်းမူးလာပြီး ချာချာလည်လာသလို ခံစားလိုက်ရသည်။ သို့ပေသိ ကျနော် ချက်ချင်း အိပ်ပျော်သွား၍ မရသေးချေ။ မြေပြင်ပေါ်တွင် ကျနော်ထိုင်လိုက်ပြီး မက်ဆေ့ချ်တစ်ခု ရေးလိုက်သည်။

‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’

အဘယ်ကြောင့်ထိုသို့ရေးရသနည်း။ ဒီယွန်နီဆပ် သည် ပျော်ရွှင်စရာ ကောင်းသော လေထု ရှိနေသော်လည်း ဘာမှ တုံ့ပြန်ခြင်း မရှိချေ။ ပါစီဖုန်း သည်လည်း ထို့အတူပင်။

အခြေအနေမှာ ခက်ခဲသော အခြေအနေတစ်ခု ဖြစ်နေလေသည်။ ကျနော့်တာဝန်ကို ပြီးမြောက်အောင် ကျနော်ထမ်းဆောင်ခဲ့သော်လည်း ကျနော့်ကို မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားမည့်သူ မရှိချေ။

ငါ ယူဆန်းအာ ကို ခေါ်လိုက်ရမလား။ ယူဆန်းအာသာ ရှိနေမယ်ဆိုရင် အိုလံပတ်စ် နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိနေမယ်ဆိုတာနဲ့ ငါ ချက်ချင်း အချက်ပြနိုင်မှာပဲ။

‘ကြွယ်ဝသော ည၏ ဖခင်’

ဟေးဒီးစ် ၏ ဘွဲ့နာမကို ရေးလိုက်သည့်အခါ ထိုသို့ ဖြစ်ပျက်သွားခဲ့သည်။ ကျနော့် ကိုယ်ပေါ်သို့ ထူးဆန်းသော စွမ်းအင်တစ်ခု ဖြတ်စီးသွားခဲ့လေသည်။

အန်ချင်စိတ်များ ပြည့်နှက်သွားခဲ့ပြီး မျက်လုံးများကို ကျနော် ပြန်ဖွင့်လိုက်သည့်အခါ မြေအောက်ကမ္ဘာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျနော်သိလိုက်ရသည်။ ဤကဲ့သို့ အနှောက်အယှက်ဖြစ်စေပြီး မနှစ်မြို့ဖွယ်ကောင်းသော လေထုကို မြေအောက်ကမ္ဘာတွင်သာ ခံစားနိုင်လေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တာတာရပ်စ် ထဲသို့ မကျသွားသဖြင့် ကံကောင်းသည်ဟု တွေးမိလိုက်၏။ ကျနော့်ရှေ့တွင် တစ်စုံတစ်ယောက် ရပ်နေလေသည်။

[ယခုအချိန်မှာ မြေအောက်ကမ္ဘာထဲကို မင်းမဝင်ခဲ့သင့်ဘူး]

ထိုသူမှာ ဟေးဒီးစ်လည်းမဟုတ်သလို၊ ပါစီဖုန်းလည်း မဟုတ်ချေ။ တမန်တော်နှင့် တူသော ဝတ်စုံကို မြင်လိုက်သည်နှင့် ကျနော် သိလိုက်ရသည်။

"တရားသူကြီး"

ဤတရားသူကြီးက ယခင်တစ်ခေါက် ကျနော့်ကို လမ်းညွှန်ခဲ့သည့် တရားသူကြီး မဟုတ်ချေ။ သူ့ကို ကျနော် စကားပြောလိုက်သည်။

" ဘုရင်မ ပေးထားတဲ့ တာဝန် ပြီးမြောက်ပြီ ဖြစ်ကြောင်း လာသတင်းပို့တာပါ"

[ငါသိတယ်။ ငါထပ်ပြီးပြောရမယ်။ နန်းတော်ထဲကို မင်းဝင်လို့မရဘူး]

"…ဘာဖြစ်လို့လဲ"

[ဘာလို့လဲဆိုတာကို ပြောပြလို့ မရဘူး]

တရားသူကြီးသည် စိတ်ရှုပ်သည့်အလား လက်ကို ဝေ့ယမ်းလိုက်သည်။

[ပြန်သွားတော့။ ဖခင်ရဲ့အစွမ်းကို မင်းကို ဆင့်ခေါ်ခဲ့တာဖြစ်ပေမဲ့ မင်းဟာ နန်းတော်ထဲဝင်ဖို့ မဖြစ်နိုင်ဘူး]

" ဘုရင်မနဲ့ ချိန်းဆိုထားတာ ရှိလို့ပါ။ ကျနော် ဝင်သွားမှ ဖြစ်ပါမယ်"

[အခု မရဘူး။ ပြန်သွားတော့]

သောက်အဓိပ္ပါယ်မရှိတာတွေလာပြောနေတာပဲ။

တရားသူကြီးတွင် မြင့်မားသောအစွမ်းရှိသော်လည်း ပါစီဖုန်း နှင့် နှိုင်းယှဉ်ပါက သာမန်ညောင်ညအဆင့်သာ ရှိလေ၏။ သို့ပေသိ ခေါင်းမာစွာဖြင့် နှင်လွှတ်နေခြင်းကြောင့် ကျနော်တစ်ခု တွေးမိသွားသည်။

"…သူတို့ နှစ်ယောက်လုံး မရှိကြလို့လား"

တရားသူကြီးသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်ပြသည်။

[ဟုတ်တယ်]

"ဘာတွေ ဖြစ်နေတာလဲ…"

ဟေးဒီးစ် နှင့် ပါစီဖုန်း တို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း မရှိကြချေ။ ဘာဖြစ်နေမှန်း ကျနော် မသိသော်လည်း ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပွားနေနိုင်သည့် ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားလှသည်။ အကယ်၍ အိုလံပတ်စ် ၏ နတ်ဘုရား ၁၂ ပါး အရေးပေါ် အစည်းအဝေး ဖြစ်နေမည်ဆိုပါက အခြေအနေမှာ ပေါ့သေးသေးမဖြစ်နိုင်တော့ချေ… သို့သော်လည်း ဤအချိန်တွင် ထိုသို့အရေးပေါ် ဆင့်ခေါ်ရလောက်သည့်အထိ အရေးကြီးသော ကိစ္စမျိုး ရှိပါသလော။

"သူတို့တွေ ကျနော့်အတွက် တစ်ခုခု ချန်ထားခဲ့တာ ရှိလား။ ကျနော် ရောက်လာရင် ယူသွားလို့ရမယ့် အရာမျိုးပေါ့…"

[အဲ့ဒီလို အရာမျိုး ရှိရင်တောင် မင်းကို ငါက ဘာလို့ ပြောပြရမှာလဲ]

တရားသူကြီးတွေမှာ မတူညီသော ပင်ကိုယ်စရိုက်တွေ ရှိကြမှန်း ကျနော် သိထားသော်လည်း ယခုလို ပြောရဆိုရခက်ခဲတဲ့သူမျိုးနှင့် တိုးလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ချေ။ သူ၏ ပြောဆိုပုံအရ တစ်ခုခုတော့ ရှိနေတာ သေချာသည်။ စေ့စပ်သေချာသော ပါစီဖုန်း က ဒီအတိုင်း ထွက်သွားမည်မဟုတ်လောက်ချေ။

မည်သို့ပင်ဆိုစေကာမူ တခြားနည်းလမ်း မရှိတော့ချေ။

"ခင်ဗျား ကျနော့်ကို ကူညီရင် ဒါကို တစ်ငုံလောက် သောက်ခွင့်ပေးမယ်"

ဝတ်ရုံထဲက ပုလင်းထဲမှာ ထည့်ထားတဲ့ ယာမာတာ နို အိုရိုချိ အရက်ကို ကျနော် ထုတ်လိုက်သည်။ အဖုံးကို ဖွင့်လိုက်တဲ့အခါ ချိုမြိန်သော အချဉ်ဖောက်ထားသည့်အရက်နံ့က ပျံ့လွင့်သွားခဲ့၏။

[အဲ့ဒါ… အဲ့ဒါက…]

တရားသူကြီးသည် တုန်လှုပ်သွားခဲ့သည်။ အချိန်အကြာကြီး နေထိုင်ခဲ့ရတဲ့သူတစ်ယောက်အတွက် အရက်ဆိုတာ မူးယစ်ဆေးဝါးလိုပင်။ အရက်သည် ရှည်လျားလှသော နှစ်တွေ၏ အနိဋ္ဌာရုံတွေကို မေ့ပျောက်ဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပေသည်။ ဤအရာက သာမန်အရက် မဟုတ်ဘဲ နက္ခတ်၏အစိတ်အပိုင်းတွေဖြင့် ပြုလုပ်ထားသော အရက် ဖြစ်နေသည်က သာ၍ပင် ထူးနေတော့သည်။

[ဟင်း… ဟင်း…]

"ခင်ဗျား မကြိုက်ဘူးဆိုရင်လည်း ကျနော် သွားတော့မယ်"

[နေ… နေပါဦး။ ငါ နားလည်ပါပြီ။ ဘုရင်မ ချန်ထားခဲ့တဲ့ အရာကို ငါ ပေးပါ့မယ်]

သူသည် ငါးစာကို ဟပ်လိုက်လေပြီ။ ဤသူက ကျနော် ယခင်က တွေ့ခဲ့သော ပြတ်သားသည့် တရားသူကြီးနှင့် လုံးဝကို ကွဲပြားနေလေသည်။

[ဟာ… ကောင်းလိုက်တာ…]

တရားသူကြီးသည် အရက်ကို တစ်ငုံသောက်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်ပြီး အဝါရောင် ပုတီးစေ့လေး တစ်စေ့ကို ထုတ်ပေးခဲ့သည်။

[ရော့… ဒါကို ယူပြီး သွားတော့]

ထိုပုတီးစေ့သည် တောက်ပသော အဝါရောင် ပုတီးစေ့လေး ဖြစ်သည်။ ကျနော် အပူတပြင်း ရှာဖွေနေခဲ့သည့် ရှင်ယူဆောင်း၏ ဝိညာဉ် ဖြစ်ကြောင်း ကျနော်သိလိုက်ရသည်။ ပုတီးစေ့လေးကို အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ရာ အားနည်းသော အလင်းရောင်လေး တောက်ပလာပြီး လေထဲမှာ ဝဲပျံသွားတော့သည်။ ပုတီးစေ့ပေါ်သို့ လက်တင်လိုက်ပြီး ကျနော်တွေးလိုက်မိသည်။

‘စိတ်မရှိပါနဲ့။ ငါ နောက်ကျသွားလားမသိဘူး’

ပုတီးစေ့လေးဆီကနေ အော်ဟစ်သံသာ ထွက်ပေါ်လာခဲ့သည်။ ရှင်ယူဆောင်းသည် ဘာသာစကား အသုံးအနှုန်း အများစုကို ဆုံးရှုံးသွားခဲ့ရသည့်ပုံပင်။

[အား… အား။]

စကားလုံးတွေနဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့ရတဲ့ အမျိုးသမီး။ ဇာတ်ဝင်ခန်းအတွက် ဘဝကို ပေးဆပ်ခဲ့သော်လည်း ကျန်ရစ်ခဲ့သည်ကတော့ နာကျင်စရာကောင်းသော သမိုင်းဆိုးတွေသာ ဖြစ်သည်။ ဤအခြေအနေမျိုးကို သာမန်လူတစ်ယောက်မြင်ပါက ဤသို့သာ ပြောပေလိမ့်မည်။

‘နင် အလုံအလောက် ပေးဆပ်ခဲ့ပြီးပြီမို့လို့ နားနားနေနေပဲ နေပါတော့’

သို့ပေသိ ရှင်ယူဆောင်း သည် အနားယူလို့ မရသေးချေ။ ဒီကမ္ဘာမှာ သူမ လုပ်ဆောင်ရမယ့် အလုပ်တွေ ကျန်ရှိနေသေးသည်။

[ဦး… လေး…လား]

ဝိညာဉ်သည် အချိန်အတော်ကြာမှ တုန်လှုပ်လာခဲ့သည်။

[တကယ်… တကယ်ပဲ ဦးလေးလား…]

‘အင်း’

[ဘာလို့လဲ…]

‘ဒီကမ္ဘာမှာ နင် လုပ်စရာတွေ ကျန်နေသေးလို့လေ’

ရှင်ယူဆောင်းကို သနားသဖြင့် ဤနေရာကို ကျနော်ရောက်လာခဲ့ခြင်း မဟုတ်ချေ။ ရှင်ယူဆောင်း၏ အကူအညီကို လိုအပ်လို့သာ ကျနော် ရောက်လာခြင်းဖြစ်သည်။ ရှင်ယူဆောင်း အချိန်အကြာကြီး တည်ဆောက်ခဲ့သော ဇာတ်လမ်းဖြင့်သာ လုပ်ဆောင်နိုင်မည့် အရာတစ်ခု ရှိနေလေ၏။ ရှင်ယူဆောင်း သည် အနည်းငယ် ကြောက်လန့်စွာဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။

[ကျမ… ကျမ ဘာလုပ်ပေးရမှာလဲဟင်]

ရှင်ယူဆောင်း၏ဝိညာဉ်ကို ကျနော်ထိတွေ့လိုက်ပြီး ကျနော့် အတွေးအချို့ကို ပြသလိုက်သည်။ ရှင်ယူဆောင်း သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်လေသည်။

[ဟားဟား၊ ဟား… ရက်စက်တဲ့သူပဲ။ ဦးလေးက… ပြောရရင် ဦးလေးက ခေါင်းဆောင်ထက်တောင် ပိုပြီး ရက်စက်တယ်…]

‘စိတ်မရှိပါနဲ့’

[ဒါပေမဲ့… ကောင်းပြီလေ။ ကျမ လက်ခံပါတယ်။ မဟုတ်ဘူး… ကျမ လုပ်ချင်ပါတယ်။ ဒါက ကျမ အလိုရှိတဲ့ အရာပဲ။ ဒီတစ်ခါတော့ ဒီကမ္ဘာရဲ့ ‘ဇာတ်သိမ်း’ ကို ကျမ မြင်တွေ့ချင်ပါတယ်]

‘နင့်ရဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားနိုင်တယ်နော်။ နင် သည်းခံနိုင်ပါ့မလား’

ရှင်ယူဆောင်း သည် ခေါင်းညိတ်ပြ၏။

[ကျမ မကြောက်ပါဘူး။ ဦးလေး… ဦးလေး ပြောခဲ့တဲ့ အရာကို ကျမ ယုံကြည်မှာပါ]

နောက်ဆုံးတွင် ရှင်ယူဆောင်း၏ဝိညာဉ်သည် ပုတီးစေ့ထဲသို့ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ရှင်ယူဆောင်းသည် အချိန်အတော်ကြာ ထွက်လာလိမ့်မည် မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်အသစ် ရရှိပြီးသည့် အချိန်မှသာ ကျနော်တို့တွေ ပြန်လည်ဆုံတွေ့ကြရမည် ဖြစ်သည်။

တရားသူကြီးသည် ကျနော်တို့ကို ကြည့်ပြီး စကားပြောလိုက်သည်။

[မင်း သိတဲ့အတိုင်းပဲ။ ဝိညာဉ်ကို ကမ္ဘာထဲကနေ ထုတ်ယူလိုက်ရုံနဲ့ ခန္ဓာကိုယ်က ပြန်ပြီး ရှင်သန်မလာနိုင်ဘူး။ ပြီးတော့ အချိန်အတော်ကြာပြီးတဲ့နောက်မှာ ဝိညာဉ်တစ်ခုက ခန္ဓာကိုယ်အသစ်မှာ အခြေချဖို့ဆိုတာ မဖြစ်နိုင်ဘူး]

တရားသူကြီးသည် တဟားဟား ရယ်မောလိုက်၏။

[ဝင်စားခြင်း နည်းလမ်းမျိုးတော့ ရှိပေမဲ့ ဒီဝိညာဉ်က အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တာမို့လို့ လူသားအဖြစ် ပြန်ပြီး မွေးဖွားလာမှာ မဟုတ်ဘူး။ တကယ်လို့ ဒီမိန်းမကို လူသားအဖြစ် ပြန်မွေးဖွားစေချင်ရင် ဝိညာဉ်မှာရှိတဲ့ ဇာတ်လမ်းတွေ အားလုံးကို စွန့်ပစ်ရလိမ့်မယ်။ အဲ့လိုစွန့်ပစ်လိုက်ရင်တော့ သူက မင်းသိတဲ့သူ ဖြစ်တော့မှာ မဟုတ်ဘူး]

"ကျနော် သိပါတယ်"

ပါစီဖုန်း ပြောခဲ့သလိုပင် ဝိညာဉ်ဆိုသည်မှာ ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ယခုအချိန်မှာတောင် ရှင်ယူဆောင်း၏ ဝိညာဉ်သည် ‘ရှင်ယူဆောင်း မဟုတ်တော့တဲ့သူ’ ဖြစ်လာနေလေပြီ။ သို့ပေသိ ၎င်းသည် ရှင်ယူဆောင်း အတွက် တစ်ခုတည်းသော လမ်း မဟုတ်ချေ။

တစ်စုံတစ်ယောက်ကို ကျနော် ချက်ချင်း ခေါ်လိုက်သည်။

‘ဘီဟွန်း’

ပတ်ဝန်းကျင်က တိတ်ဆိတ်နေလေသည်။ ဘီဟွန်း ပြန်လည် တုံ့ပြန်သည်အထိ ပုတီးစေ့လေးကို ငုံ့ကြည့်ပြီး ကျနော် စောင့်ဆိုင်းနေခဲ့သည်။ မြင့်မားသော တန်ဖိုးရှိသည့် တည်ရှိမှုတွေသာ ဝိညာဉ်တစ်ခု ပြန်လည် ဝင်စားမယ့် ခန္ဓာကိုယ်ကို ရွေးချယ်နိုင်လေသည်…

ရှင်ယူဆောင်းသည် ယခုအချိန်အထိ ဇာတ်လမ်း၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသော်လည်း ယခုတော့ ဇာတ်လမ်း၏ အုပ်စိုးသူအဖြစ် ပြန်လည် မွေးဖွားလာတော့ပေမည်။ ထို့နောက်တွင်တော့ ဘီဟွန်း၏ချန်နယ်ကို ကျနော် အာရုံခံမိလိုက်တော့သည်။

‘ငါ မင်းရဲ့ အကူအညီ လိုတယ်’

—ဘာ အကူအညီလဲ

ကျနော် ပြန်မဖြေခဲ့ချေ။ ဘီဟွန်း သည် ကျနော့်ကို တစ်လှည့်၊ ရှင်ယူဆောင်း၏ ဝိညာဉ်ကို တစ်လှည့် ကြည့်ပြီး တိတ်ဆိတ်နေခဲ့သည်။ သူသည် ကျနော့် စကား၏အဓိပ္ပာယ်ကို မကြာခင်မှာပင် သတိပြုမိသွားခဲ့သည်။

—တကယ်ကြီး… မင်း… မင်းက ငါ့ကို ‘အဲ့ဒီအရာ’ကို လုပ်စေချင်တာလား

ကျနော် ခေါင်းညိတ်လိုက်သည်။

—ဟေ့…. စဉ်းစားပါဦး။ အဲ့ဒါက မင်းထင်သလို မလွယ်ကူဘူး။ ဒီမိန်းမ ဒီနေရာမှာပဲ ပျောက်ကွယ်သွားတာက ပိုပြီး ကောင်းလိမ့်မယ်…

‘မင်းရဲ့ ချန်နယ်ကို ဖျက်ဆီးပစ်ချင်လို့လား’

—ချီး။ ဟေ့… ဒါက တကယ်ပဲ… ငါ ဒါမျိုး တစ်ခါမှ မလုပ်ဖူးဘူး

‘အရာရာတိုင်းမှာ ပထမဆုံးဆိုတာ ရှိတာပဲ’

—လီးပဲလေ

ဘီဟွန်း သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ကျနော့်ကို ရွှေရောင်ဥတစ်လုံး ပေးခဲ့သည်။ အကြီးကျယ်ဆုံး ‘ကြယ်တာရာ ဇာတ်လမ်း’ ဆီကနေ ဥတစ်လုံး ဆင်းသက်လာခဲ့လေပြီ။

ရှင်ယူဆောင်း၏ ဝိညာဉ်ကို ထိုဥထဲသို့ ကျနော်ထည့်လိုက်သည်။ ဥသည် တုန်ခါသွားပြီး တောက်ပသော အလင်းရောင်တွေ ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ပြန်လည် ပျံတက်သွားခဲ့သည်။

ဘီဟွန်း သည် အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်နေပြီးမှ အဓိပ္ပာယ်မရှိသောစကားများကိုပြောသည့်အလား ရေရွတ်လိုက်သည်။

—ငါ ဒီနည်းလမ်းနဲ့ ‘ကလေး’ ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး…

ကျနော့် ရန်သူတွေက ဇာတ်ဝင်ခန်းတွေထဲမှာတင် ရှိနေခြင်း မဟုတ်ချေ။ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းက ရှင်ယူဆောင်းသည် ဒီတစ်ချီတွင် ကျနော့်အတွက် တစ်ဦးတည်းသော ‘ထုတ်လွှင့်သူ(Streamer)’ ဖြစ်လာပေလိမ့်မည်။

အခန်း ၁၃၃

- အပိုင်း ၂၆ - ဇာတ်ဝင်ခန်း ဖျက်ဆီးသူ (၃)

ဘီဟွန်းနှင့် ညှိနှိုင်းမှုများ ပြီးဆုံးသွားသည့်အခါ တရားသူကြီးက ကျနော့်ကို တိုက်တွန်းလေသည်။

[ပြီးသွားပြီဆိုရင် ပြန်တော့]

တရားသူကြီးသည် ကျနော့် အရက်ပုလင်းကို ငေးမောကြည့်ရှုနေပြန်သည်။ သူသည် သောက်ရသည်ကို အားမရသေးပုံရ၏။

ခဏနေပါဦး။ ဟေးဒီးစ်နဲ့ ပါစီဖုန်းတို့ အခု ဒီနေရာမှာ မရှိဘူးလို့ သူ ပြောခဲ့တာ မဟုတ်ဘူးလား။

"ဟေ့… တရားသူကြီး။ နောက်ထပ် တစ်ခုလောက် တောင်းဆိုချင်တယ်"

[ဒီတစ်ခါတော့ ဘာလဲဆိုတာ မသိပေမဲ့...]

"ကျနော် ဒီပုလင်းကို ပေးခဲ့ပါ့မယ်"

ကျနော့်စကားကြောင့် တရားသူကြီး၏ မျက်လုံးများ တောက်ပသွားသည်။

"ကျနော့်ကို တာတာရပ်စ်ဆီ နောက်တစ်ခေါက်လောက် ပြန်ပို့ပေးပါဦး"

………………………………………………………………………………………

အချိန်မရှိသဖြင့် တာတာရပ်စ်သို့ ဆင်းသွားပြီးနောက် ချက်ချင်းပင် ကျနော်ပြန်တက်လာခဲ့သည်။ ခဏတာမျှသာ ကြာမြင့်ခဲ့သော်လည်း တရားသူကြီးမှာမူ မူးနေလေပြီ။

[ဒါဆို မင်းလုပ်စရာရှိတာ အားလုံးပြီးပြီလား]

"ဟုတ်ကဲ့"

ဟေးဒီးစ်နှင့် ပါစီဖုန်းတို့ မရှိခြင်းမှာ ကျနော့်အတွက် နတ်ကောင်းနတ်မြတ်မစခြင်းပင် ဖြစ်သည်။ အချက်အလက် အနည်းငယ်ကိုသာ ကျနော် ပေးခဲ့ခြင်း ဖြစ်သော်လည်း ကင်နမ်ဝန်အတွက် ကျနော်ပေးခဲ့သောအချက်အလက်ကပင် ကြီးမားသော ခြားနားချက်ကို ဖြစ်ပေါ်စေလိမ့်မည်။ တစ်နေ့တွင် ရောက်ရှိလာမည့် ဂိုင်ဂန်တိုမာခီယာကို ကျနော် မျှော်လင့်နေမိ၏။

[ဘုရင်မ ချန်ထားခဲ့တဲ့ စကားတစ်ခု ရှိတယ်]

"ဘုရင်မကလား"

[ဟုတ်တယ်။ ငါ တိုက်ရိုက် ရွတ်ပြမယ်]

တရားသူကြီးသည် ပါစီဖုန်း၏ စကားများကို လေးနက်သော အသံဖြင့် ပြန်လည်ပြောကြားလေသည်။

[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ နင်ဟာ တာဝန်ကို တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းနဲ့ အဆုံးသတ်ခဲ့တာပဲ]

"..."

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲက နက်ဗျူလာ အများအပြားဟာ အခု နင့်ကို စောင့်ကြည့်နေကြပြီ။ အဲ့ဒီထဲက အများစုဟာ နင့်အပေါ် ရန်လိုနေကြတယ်]

အမှန်စင်စစ် ဤဇာတ်ဝင်ခန်းသည် နက္ခတ်များ၏ အာရုံစိုက်မှုကို အလွန်အကျွံ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

[နင် ပြင်ဆင်ထားသင့်တယ်]

နားထောင်ပြီးနောက် ကျနော် အနည်းငယ် စိုးရိမ်လာမိသည်။ ဤသည်မှာ ဟေးဒီးစ်နှင့် ပါစီဖုန်းတို့ ထွက်ခွာသွားခြင်းနှင့် ဆက်စပ်နေသလော။ အခြားသော နက်ဗျူလာကြီးများထံမှ မက်ဆေ့ချ်များမှာ လွန်ခဲ့သော အချိန်အတန်ကြာကတည်းက သိသိသာသာ လျော့နည်းသွားခဲ့၏။

အထူးသဖြင့် ယူရီအယ်လ်ပင် ဖြစ်သည်။ ယူရီအယ်လ်သည် 'အေဒင်' နက်ဗျူလာ၏ အစိတ်အပိုင်းတစ်ခုပင်။

[ 'ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် ဝမ်းနည်းနေပါသည်။]

[ 'လျှို့ဝှက်ကြံစည်သူ' နက္ခတ်က 'ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်ကို နှစ်သိမ့်ပေးနေပါသည်။]

ဤသူများမှာမူ ရှိနေကြဆဲပင်။

[ဒါဆို ကောင်းကောင်းသွားတော့]

ကျနော် ခေါင်းငြိမ့်ပြလိုက်သည်။ ယခုအချိန်တွင် ထိုအကြောင်းကို စိုးရိမ်နေ၍လည်း အပိုပင် ဖြစ်၏။ အရေးကြီးဆုံးမှာ ကျနော်၏ ဒဏ္ဍာရီများကို တည်ဆောက်ရန်သာ ဖြစ်သည်။ ပါစီဖုန်း ပြောသကဲ့သို့ အချို့သော နက်ဗျူလာများက ကျနော့်ကို မုန်းတီးကြလိမ့်မည် ဖြစ်သော်လည်း အားလုံးတော့ မဟုတ်ပေ။

အဝေး၌ လေပွေတစ်ခု ဖြစ်ပေါ်လာပြီး ကျနော့် မြင်ကွင်းမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ မူလနေရာသို့ ကျနော်ပြန်ရောက်နေလေပြီ။

"ဒေါ့ဂျာ"

ထိုအသံထဲတွင် ထူးဆန်းသော တင်းမာမှုတစ်ခု ပါဝင်နေသည်။ ကျနော် သတိပြန်ဝင်လာစေရန် ပါးကို ခပ်ဖွဖွ ရိုက်လိုက်၏။ ထို့နောက် လီဟန်းဆောင်၏ စိုးရိမ်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

ကျနော်တို့ ပတ်ဝန်းကျင်ရှိ လူများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ လီဂျီဟယ်နှင့် အခြားသူများမှာ နေရာတစ်ခုတွင် စုပြုံနေလေသည်။ လေထုထဲ၌မူ ပုံပျက်နေသော အာကာသ အမှတ်အသားများ ပေါ်ပေါက်နေ၏။

ကူးပြောင်းမုခ်ဝ။ ကျနော်နှင့် ကျနော့်အပေါင်းအဖော်များ ဖြတ်သန်းလာခဲ့သည့် လမ်းကြောင်းပင်။

အဲ့ဒါက ဘာကြောင့် ပွင့်နေရတာလဲ။ ဇာတ်ဝင်ခန်းက ပြီးသွားပြီ မဟုတ်ဘူးလား။

လီဟန်းဆောင်က ရှင်းပြသည်။

" တောင်ကိုရီးယားရဲ့ ဒုတိယအဖွဲ့ ရောက်လာပြီ"

ဒုတိယအဖွဲ့လား။ သူတို့က အခုမှ ရောက်လာတာလား။

"ကျုပ်လည်း သေချာတော့ မသိဘူး..."

ဒုတိယအဖွဲ့ ရောက်ရှိလာသည်မှာ အလွန်နောက်ကျလွန်းသည်ဟု ခံစားရ၏။ ပုံမှန်အားဖြင့် ဒုတိယအဖွဲ့သည် ပထမအဖွဲ့ ရောက်ရှိပြီး တစ်ပတ်အကြာတွင် ပေါ်လာလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ဇာတ်ဝင်ခန်း ပြီးဆုံးသည်အထိ အင်အားဖြည့်တင်းမှု မရှိခဲ့ပေ။ ဂျပန်နိုင်ငံ၏ တတိယအဖွဲ့ ချက်ချင်း ရောက်ရှိလာခြင်းနှင့်ယှဉ်လျှင် အလွန်ကွာခြားလှသည်။

လီဟန်းဆောင်နှင့် ကျနော်သည် ကူးပြောင်းမုခ်ဝဆီသို့ ဦးတည်သွားလိုက်ကြသည်။

"ဦးလေးကြီး။ ဒီဘက်မှာ"

လီဂျီဟယ်၏ အသံလာရာဘက်သို့ သွားလိုက်သည့်အခါ ကူးပြောင်းမုခ်ဝထဲမှ အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ မီးလောင်ထားသကဲ့သို့ မီးသွေးခဲများလို ဖြစ်နေလေသည်။

"အာ..."

ဤအမျိုးသားမှာ ကျနော် သိသောသူ ဖြစ်သည်။ ကျနော် အံ့အားသင့်သော မျက်နှာပေးဖြင့် မေးလိုက်၏။

"ဂျန်မင်ဆော့ပါလား ဒါက ဘယ်လိုဖြစ်တာလဲ..."

ဂျန်မင်ဆော့သည် တမန်တော်များနှင့် ကျနော် တိုက်ခိုက်နေစဉ်က ကျနော့်ဘက်တွင် ရှိခဲ့သော စာဖတ်သူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ ဘုရင်များ၏ စစ်ပွဲအပြီးတွင် သူ့ကို မတွေ့ရတော့သဖြင့် သေဆုံးသွားပြီဟု ကျနော် ထင်ခဲ့မိ၏။ သူက အဘယ်ကြောင့် ဒီကို ရောက်နေရသနည်း။

လီဆောဟွာ ရောက်ရှိလာပြီး ဂျန်မင်ဆော့ကို စတင်ကုသပေးလေသည်။ သို့ပေသိ နောက်ကျသွားခဲ့လေပြီ။ ဂျန်မင်ဆော့သည် ကျနော့်မျက်လုံးများကို ကြည့်ကာ တိုးတိုးလေး ပြောခဲ့၏။

"... ပြန်...မ…. လာ... နဲ့..."

ထိုသည်မှာ ဂျန်မင်ဆော့၏ နောက်ဆုံးစကားများပင်။

………………………………………………………………………………………..

[သင်သည် ငြိမ်းချမ်းမြေ၏ ငြိမ်းချမ်းရေးကို ကာကွယ်ခဲ့ပါသည်။]

ကြီးမားသော စာကြောင်းကြီးတစ်ခုမှာ လေထုထဲတွင် တောက်ပနေ၏။ ပျော်ရွှင်ဖွယ်ရာအငွေ့အသက်များ ရှိနေဆဲ ဖြစ်သော်လည်း ကျနော့်အဖွဲ့ဝင်များ၏ မျက်နှာများမှာမူ မူမမှန်တော့ပေ။ လီဂျီဟယ်က ဝေခွဲမရသော အသံဖြင့် ရေရွတ်သည်။

"ဒါက ဘာကြီးလဲ"

ဇာတ်ဝင်ခန်းမှာ လုံးဝပိတ်သိမ်းခြင်း မရှိသေးသဖြင့် အင်အားအသစ်များ ထပ်မံစေလွှတ်ခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ သို့ပေသိ ထပ်တိုးအင်အားများသည် စတင်ရောက်ရှိကတည်းက ဒဏ်ရာများ ရနေကြ၏။

"ဂျပန်မှာရော ဒီလိုမျိုး ဖြစ်ခဲ့ဖူးလား"

လီဟန်းဆောင်၏ မေးခွန်းကို အာဆုခါ လန်က ခေါင်းခါပြသည်။

"ဖြစ်နိုင်တာကတော့ သူတို့တွေ ကူးပြောင်းမုခ်ဝကို ဖြတ်ကျော်လာတဲ့အချိန် တစ်ခုခုရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာလား..."

"အဲ့ဒါက ဖြစ်နိုင်လို့လား"

ကူးပြောင်းမုခ်ဝထဲတွင် နေထိုင်တတ်သည့် နယ်ပယ်ခြား မျိုးစိတ်များ ရှိတတ်သည်မှာ အမှန်ပင်။ သို့ပေသိ ကျနော့်မှတ်မိသလောက် ဤဇာတ်ဝင်ခန်းတွင် ထိုသို့ မဖြစ်နိုင်ပေ။

ထို့နောက် လီဂျီဟယ်က သူ၏ အမြင်ကို ပြောပြ၏။

"ကျန်ခဲ့တဲ့ လူတွေက အချင်းချင်း ပြန်တိုက်နေကြတာများလား"

ထိုသို့ မဖြစ်စေလိုသော်လည်း ဤသည်မှာ လက်တွေ့အကျဆုံး ခန့်မှန်းချက်ဖြစ်နေလေသည်။ အာဆုခါ လန်က ခေါင်းငြိမ့်ကာ ထပ်လောင်းပြောကြား၏။

"တောင်ကိုရီးယားဘက်မှာ အကြွင်းမဲ့ဘုရင် မရှိတော့ဘူး မဟုတ်လား"

"ဟုတ်ပါတယ်"

"ဒါဆိုရင်တော့ မဖြစ်နိုင်ဖို့ များပါတယ်"

ဂျပန်နိုင်ငံသည်လည်း လက်ရှိတွင် အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။ အကြွင်းမဲ့ဘုရင်၏ သြဇာလွှမ်းမိုးမှု မရှိသော နိုင်ငံများတွင် အဖွဲ့တစ်ခု၏ ခေါင်းဆောင်များသည် မကြာခဏ ပြောင်းလဲလေ့ရှိသည်။ Ways of Survival ထဲတွင်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုး အကြိမ်အနည်းငယ် ဖြစ်ပွားခဲ့ဖူးကြောင်း ကျနော် သိရှိထားသည်။

သို့ပေသိ ဤအခြေအနေမှာ အနည်းငယ် အံ့သြစရာ ကောင်းနေ၏။ ယခုအချိန်သည် ဇာတ်ဝင်ခန်း၏ အစောပိုင်း အဆင့်များသာ ရှိသေးသည်။ အကယ်၍ အထီးကျန်နေသူများ စုစည်းမိကြလျှင်ပင် သူတို့၏ အင်အားမှာ ထိုမျှအထိ မြင့်မားဦးမည် မဟုတ်ချေ။ ထို့ပြင် ဆိုးလ်တွင်လည်း ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်များ ရှိနေခဲ့သည်။ ယူဆန်းအာ၊ ယောင်ဟီဝန် နှင့် 'လေလွင့်သူများ၏ဘုရင်' ဖြစ်သော ကျနော့်မိခင်တို့ ရှိနေကြလေသည်။

သူတို့တွေ ထိုနေရာတွင် ရှိနေသရွေ့ ခေါင်းဆောင်အသစ်တင်ထားသော အဖွဲ့သစ်တစ်ခု ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။ အဖွဲ့သားများ၏ မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေကြ၏။

"ဖြစ်နိုင်တာက... အဲ့လိုတော့ မဖြစ်နိုင်ပါဘူးလေ"

စီစဉ်ထားသော ဒုတိယအဖွဲ့ဝင်များထဲမှ တစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ပေ။ ဂျန်မင်ဆော့ တစ်ဦးတည်းသာ အသက်လုနေရသော အခြေအနေဖြင့် ရောက်ရှိလာခဲ့ပြီး 'ပြန်မလာနဲ့' ဟူသော သတင်းစကားကိုပင် ပါးသွားခဲ့သည်။ ဖြစ်နိုင်ခြေ အချို့ကို ကျနော် ခန့်မှန်းနိုင်သော်လည်း...

"ပြန်မသွားကြည့်ဘဲနဲ့တော့ သေချာ သိနိုင်မှာ မဟုတ်ဘူး"

ဒီကောင်ဘယ်အချိန်ထဲက ရောက်နေတာလဲဟ။

ယူဂျွန်ဟော့က ကျနော့်အနီးမှ စကားပြောလိုက်ခြင်း ဖြစ်သည်။

သူ့စကားကို ကျနော် ခေါင်းငြိမ့်ထောက်ခံလိုက်၏။

"မင်း ပြောတာ မှန်တယ်။ ပြန်သွားပြီး စစ်ဆေးကြည့်ကြတာပေါ့"

ထို့နောက်တွင်တော့ ဇာတ်ဝင်ခန်း မက်ဆေ့ချ် ထွက်ပေါ်လာတော့သည်။

[အဓိက အကျိုးပြုသူများအတွက် ထပ်ဆောင်း ဆုလာဘ်များ ရောက်ရှိလာပါပြီ။]

[အဓိက အကျိုးပြုသူများ - ကင်ဒေါ့ဂျာ၊ ယူဂျွန်ဟော့]

နောက်ဆုံးတွင်တော့ အဓိက ဇာတ်ဝင်ခန်း၏ ဆုလာဘ်များ ရောက်ရှိလာပြီဖြစ်သည်။

[ဆုလာဘ် မှတ်တမ်းကို စစ်ဆေးလိုပါသလား]

ကျနော် ခေါင်းငြိမ့်လိုက်သည်။

[ဆုလာဘ်စာရင်း]

၁။ လမင်းလှိုင်း ခေါက်ယပ်တောင် (SSS-အဆင့်)

၂။ နဂါးပြာဓါး (SSS-အဆင့်)

၃။ မှော်ဘုရင်၏ လက်ကောက် (SS-အဆင့်)

၄။ အောက်ပါ A-အဆင့် စွမ်းရည်များထဲမှ တစ်ခုကို ရွေးချယ်နိုင်ပါသည်။

စုစုပေါင်း ဆုလာဘ် လေးခု ဖြစ်သည်။ ဇာတ်ဝင်ခန်းမှာ အလွန်ခက်ခဲခဲ့သဖြင့် ဆုလာဘ်စာရင်းမှာလည်း အတော်အတန် များပြားလှ၏။

လမင်းလှိုင်း ခေါက်ယပ်တောင် နှင့် နဂါးပြာဓါး ကဲ့သို့သော ပစ္စည်းများသည် တဖြည်းဖြည်း အဆင့်မြှင့်တင်သွားပါက ကြယ်အမွေအနှစ်များနှင့် ယှဉ်နိုင်သော စွမ်းအားကို ပြသနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မည်သို့မျှ အရှုံးမရှိနိုင်ပေ။ ထို့ပြင် မှော်ဘုရင်၏ လက်ကောက် လည်း ရှိသေး၏။ ထိုအရာမှာ မှော်စွမ်းအင်သုံး ပြန်လာသူများ၏ အခြေခံနှင့် အလယ်အလတ် မှော်စာလုံးများကို ခုခံရန် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်သည်။

သို့ပေသိ ကျနော့်တွင် မြက်ဖြတ်ဓါး ရှိနှင့်နေပြီ ဖြစ်ရာ ပထမဆုံး ပစ္စည်းနှစ်ခုမှာ ကျနော့်အတွက် သိပ်ပြီး အကျိုးမရှိလှပေ။ မှော်ဘုရင်၏ လက်ကောက် မှာ စိတ်ဝင်စားစရာ ကောင်းသော်လည်း ပြန်လာသူတစ်ဦးနှင့် မဆုံမချင်း ယင်းလက်ကောက်၏ တန်ဖိုးမှာ လျော့နည်းနေဦးမည် ဖြစ်သည်။ ထို့ကြောင့် အဖြေမှာ အစကတည်းက သတ်မှတ်ပြီးသားပင်။

" စတုတ္ထမြောက် ရွေးချယ်မှုကို ယူမယ်"

ကျနော့်ရှေ့တွင် စွမ်းရည်စာရင်းတစ်ခု ပေါ်လာသည်။ အဆင့်Aဆိုပြီး အဆင့်သတ်မှတ်ချက် မြင့်မားနေရခြင်းမှာ ပေါ်လာသော စွမ်းရည်အများစုမှာ မူရင်စနစ်(ကိုရီးယားသိုင်းလောက)မှ ဖြစ်နေသောကြောင့် ဖြစ်၏။

သဘာဝတရား၏ ဖြစ်တည်မှု စွမ်းဆောင်ချက်အသစ်

ယန်ဓါးငယ်

ထိုက်ကျိ ဝေဝါးလက်ဝါးအား

...

စွမ်းရည်စာရင်းထဲတွင် ရှောင်လင်ဂိုဏ်း၏ ဂန္ဓဝင် တိုက်ကွက်များ သို့မဟုတ် နာမည်ကျော်ဇော်သည့် မက်မန်း ၂၄ ပွင့် ဓါးရေး ကဲ့သို့သော စွမ်းရည်များ ပါဝင်နေလေသည်။ တစ်ခုချင်းစီမှာ ကျနော် မက်မောရသည့် စွမ်းရည်များ ဖြစ်သော်လည်း ရွေးချယ်ခွင့် တစ်ခုသာ ရှိသဖြင့် သေချာရွေးချယ်ရမည် ဖြစ်၏။

ယခင်က ကျနော် ပြောခဲ့ဖူးသကဲ့သို့ စွမ်းရည်တစ်ခု၏ အဆင့်နှင့် မသက်ဆိုင်ဘဲ အချို့သော စွမ်းရည်များသည် ရရှိရန် အလွန်ခက်ခဲလှသည်။ မူရင်စွမ်းရည်များကို ရရှိနိုင်မည့် အခွင့်အရေးမှာ နောက်ထပ် ရှိဦးမည် ဖြစ်သော်လည်း ယခုအခွင့်အရေးကို လက်လွှတ်လိုက်ပါက မည်သည့်အခါမျှ ရတော့မည် မဟုတ်သော စွမ်းရည်တစ်ခု ရှိနေလေသည်။ ဥပမာအားဖြင့် ငြိမ်းချမ်းမြေတွင်သာ ကန့်သတ်ထားသော 'A-အဆင့် စွမ်းရည်' မျိုး ဖြစ်၏။

"A-အဆင့် စွမ်းရည်ဖြစ်တဲ့ 'သေးငယ်စေခြင်း' ကို ရွေးတယ်"

ကျနော့် ရွေးချယ်မှုကို မြင်လိုက်ရသည့်အခါ လီဂျီဟယ်က အော်ဟစ်တော့သည်။

"ဦးလေးကြီး ရူးသွားပြီလား"

"ဘာဖြစ်လို့လဲ"

"ဘာလို့ အဲ့လိုအရာမျိုးကို ရွေးရတာလဲ။ သေးသေးလေး ဖြစ်နေရတာက တော်တော် စိတ်ညစ်ဖို့ ကောင်းတာကို... အဲ့ဒီအစား နဂါးပြာဓါးကို ရွေးပြီး ကျမကို ပေးလိုက်တာကမှ တော်ဦးမယ်"

လီဟန်းဆောင်သည်လည်း အံ့အားသင့်နေပုံ ရသည်။ ကလေးများမှာမူ ဂရုမစိုက်ကြဘဲ တစ်ဦးနှင့်တစ်ဦး ဆော့ကစားနေကြ၏။ တစ်ဖက်တွင်မူ လူသေးသေးလေးများမှာ ထူးဆန်းစွာပင် စိတ်လှုပ်ရှားနေကြသည်။ ကျနော်သည် သူတို့ကို အမှတ်ရနေစေရန် ဤစွမ်းရည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ထင်မှတ်နေကြပုံရ၏။

[ဆုလာဘ်ပေးတာတွေ ပြီးဆုံးသွားပြီဆိုတော့ ပြန်ရမယ့်အချိန် ရောက်ပြီ။ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ တွယ်နေကြမယ်ဆိုတာ ငါ သိပေမဲ့လည်း နှုတ်ဆက်လိုက်ကြပါဦး]

ဒိုကဲဘီက ကြေညာလိုက်ပြီးနောက် လေထုထဲတွင် ကြီးမားသော ကူးပြောင်းမုခ်ဝတစ်ခု ပေါ်လာသည်။ ဂီလီမီယမ် နှင့် လူသေးသေးလေးများသည် ကျနော်တို့ ပတ်ပတ်လည်တွင် စုရုံးလာကြ၏။

"ဂရုစိုက်ပြီး သွားကြပါ"

"ကျေးဇူးတင်ပါတယ်။ မင်းတို့ကို အမြဲ မှတ်မိနေမှာပါ"

လူသေးသေးလေးများသည် ကျနော်တို့အတွက် နှုတ်ဆက်ခြင်း တေးသီချင်းတစ်ပုဒ်ကို သီဆိုပေးကြသည်။ အာဆုခါ လန်၏ မျက်ဝန်းများ နီမြန်းလာ၏။ ဂျပန်အဖွဲ့သည်လည်း ကူးပြောင်းမုခ်ဝထဲသို့ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ကျနော့်အဖွဲ့သားများသည် နောက်ဆုံးမှ ထွက်ခွာမည့်သူများ ဖြစ်ကြသည်။ လူသေးသေးလေးများ၏ သီချင်းသံမှာ ဆက်လက် ထွက်ပေါ်နေဆဲပင်။

ကျနော် နားထောင်နေရင်း သီချင်းစာသားအချို့ကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

—ငြိမ်းချမ်းမြေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီး။

သူ့ရဲ့ နာမည်က ဒိုကုဂျာ မဟုတ်ဘူး

ဒေါ့ဂျာ

အိုး... နာမည်က ဒေါ့ဂျာပါ။

ချီး... ဒါတွေက ဘယ်လိုသီချင်းစာသားတွေလဲကွာ။

[ငြိမ်းချမ်းမြေရဲ့ သက်ရှိတွေသည် သင်၏ ဒဏ္ဍာရီနဲ့ ချိတ်ဆက်သွားပါပြီ။]

[ဤအောင်မြင်မှုကို နက္ခတ်တစ်ပါး ဖြစ်လာပြီးနောက်မှသာ ကြည့်ရှုနိုင်ပါသည်။]

ခေါင်းလောင်းမျှော်စင်၏ အပေါ်ဘက်တွင် ကျနော့်ကို လှမ်းကြည့်နေသည့် ကိုင်ရီယော့စ်ကို မြင်လိုက်ရ၏။ ဇာတ်ဝင်ခန်းပြီးဆုံးသွားပါက သူသည် ကျနော့်ဆီသို့ ပြေးလာပြီး ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူသည် ငြိမ်သက်စွာသာ ကြည့်နေခဲ့သည်။

အာဆုခါက ကျနော့်ကို ပြောလာ၏။

"သူက ရှင်ကို လေးစားသွားတာလို့ ကျမ ထင်တယ်"

"ဗျာ"

"ဒါက ကျမရဲ့ ခံစားချက်သက်သက်ပါ။ ဘာကြောင့်လဲဆိုတာတော့ ကျမလည်း မသိဘူး"

အာဆုခါ လန်က ကျနော့်ကို ပြုံးပြသည်။ ဖန်တီးသူ တစ်ယောက်အနေဖြင့် အာဆုခါ လန်သည် အရည်အချင်းများ ဆုံးရှုံးသွားသော်လည်း စာရေးဆရာဆိုသည်မှာ စာဖတ်သူများထဲမှ တစ်ဦးပင် ဖြစ်နေဆဲ ဖြစ်၏။

"အသက်ရှင်အောင် နေကြပြီး ပြန်ဆုံကြတာပေါ့။ တောင်ကိုရီးယားက လူတို့"

အာဆုခါ လန်သည် ဦးညွှတ်နှုတ်ဆက်ပြီး ကူးပြောင်းမုခ်ဝထဲသို့ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကျနော်တို့လည်း အတွင်းသို့ ဝင်ခဲ့ကြ၏။ ကျနော့်၏ မြင်ကွင်းများ ဝေဝါးသွားပြီး သတိပြန်ဝင်လာသည့်အခါတွင်တော့ ကျနော့်ခြေထောက်များက မြေပြင်ပေါ်သို့ ထိနေပြီ ဖြစ်သည်။ ဤအတွေ့အကြုံကို တစ်ကြိမ် ကြုံဖူးပြီးသား ဖြစ်သဖြင့် သိပ်ပြီး ခေါင်းမူးမနေတော့ချေ။

[အဓိက ဇာတ်ဝင်ခန်း ပြီးဆုံးသွားပါပြီ။]

ဆိုးလ်မြို့၏ မြင်ကွင်းက ကျနော့်မျက်စိထဲသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ယူဂျွန်ဟော့ တစ်ဦးတည်းသာ ကျနော်နှင့် တစ်နေရာတည်းသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ တစ်ခုတည်းသော ကူးပြောင်းမုခ်ဝသို့ ကျနော်တို့အတူတူ ဝင်ခဲ့ကြသော်လည်း ထွက်ပေါက်များမှာမူ ကွဲပြားနေခဲ့သည်။ သို့ပေသိ အဘယ်ကြောင့် ဒီလူနှင့် အတူတူ ဖြစ်နေရသနည်း...

"ကင်ဒေါ့ဂျာ။ ဖယ်စမ်း"

ယူဂျွန်ဟော့ စကားပြောလိုက်သည့် ခဏတွင် ကျနော်တို့ ရပ်နေသည့် မြေပြင်က ပေါက်ကွဲသွားတော့သည်။ ပျံသန်းလာသော မှော်ကျည်ဆံများက ထိုနေရာတစ်ခုလုံးကို ပျက်စီးသွားစေ၏။

"အမြင့်မြတ်ဆုံးဘုရင်"

"မထိတ်လန့်ကြနဲ့။ ပစ်ကြ"

"သူတို့က ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်တည်း မဟုတ်ဘူး။ အမြင့်မြတ်ဆုံးဘုရင်ကို ထားခဲ့ပြီး လူမသတ်ဘုရင်ကိုပဲ ပစ်မှတ်ထားကြ"

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မျှော်လင့်ထားပြီးသား ချုံခိုတိုက်ခိုက်မှုတစ်ခုပင်။ ဖုန်မှုန့်တိမ်တိုက်များ၏ အလွန်တွင် လူပေါင်း ဒါဇင်ချီ စုဝေးနေကြ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့တွင် ကောင်းမွန်သော လက်နက်ပစ္စည်းများ ရှိနေပြီး ထောက်ပံ့သူများလည်း ရှိထားကြောင်း သိသာလှသည်။

ပါစီဖုန်း ကျနော့်ကို သတိပေးခဲ့သလိုမျိုး အခြားသော နက်ဗျူလာများမှ ကိုယ်စားလှယ်များလော။ အဖြေကိုမူ မသိရသေးချေ။

"သူက ဘယ်သူ့ကိုမှ သတ်လို့မရဘူး။ သူ သတ်လိုက်တာနဲ့ အပြစ်ပေးမှု ခံရလိမ့်မယ်။ အဲ့ဒါကြောင့် မတွန့်ဆုတ်ကြနဲ့"

"သူက ရမှတ်တွေ စုထားပြီး ပြန်ရှင်လာနိုင်ခြေ ရှိတယ်။ ရှင်သန်လာမယ့် အချိန်ကို မလွတ်စေနဲ့။ သူ့ကို သတ်ပစ်ကြ"

...ထိုသတင်းအချက်အလက်တွေက မည်သည့်အချိန်ကတည်းက ပေါက်ကြားသွားရသနည်း။ သူတို့က 'လူမသတ်ဘုရင်'နှင့် ပတ်သက်သော အချက်အလက်တွေကိုတောင် သိနေကြသည်။ ခဏအကြာတွင်တော့ သူတို့ကို ဦးဆောင်လာသူက ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာ၏။

"ကင်ဒေါ့ဂျာ။ မင်းရဲ့ လက်နက်ကို ဖြည်းဖြည်းချင်း ချထားပြီး ဒီဘက်ကို လာခဲ့စမ်း"

သူစကားပြောနေသည်ကို ကျနော် နားထောင်နေလိုက်သည်။ သူတို့ အနီးသို့ ရောက်လာသည့်အခါတွင်မှ လက်နက်ဆင်ယင်ထားပုံကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ တစ်ဦးချင်းစီက A-အဆင့် လက်နက်ပစ္စည်းများကို ဝတ်ဆင်ထားကြပြီး စွမ်းရည်အလုံးစုံမှာလည်း ထူးကဲလှသည်။

ကျနော့်မိခင် ဦးဆောင်သော လေလွင့်သူများ အဖွဲ့နှင့် ယှဉ်လျှင်ပင် သူတို့က နိမ့်ကျလိမ့်မည် မဟုတ်ချေ။ ဤလူတွေက ဘယ်ကနေ ရောက်လာကြသနည်း။ ခေါင်းဆောင်ဖြစ်သူက အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်မှတ်ကာ ကျနော့်ကို လှောင်ပြုံး ပြုံးပြနေ၏။

ကျနော် သူ့ကို ပြုံးပြလိုက်ပြီး မေးလိုက်သည်။

"မင်းက ငါ့အချက်အလက်တွေကို ဘယ်ကရတာလဲ"

"မင်းက ဘာလုပ်မလို့လဲ"

"တစ်ခု မှားနေတယ်ဆိုတာကို သိအောင် လုပ်ပေးမလို့ပါ"

"ဘာ"

[ယုံကြည်မှုဓါးကို အသက်သွင်းလိုက်ပါပြီ။]

ယုံကြည်မှုဓါးကို ဆွဲထုတ်လိုက်ပြီး ကျနော့်ကို ဝိုင်းထားသည့် ခေါင်းဆောင်နှင့် သူ့လူများကို ချက်ချင်းပင် ခုတ်ပိုင်းလိုက်လေတော့သည်။

အခန်း ၁၃၄

- အပိုင်း ၂၆ - ဇာတ်ဝင်ခန်း ဖျက်ဆီးသူ၊ (၄)

"အ-အာ..."

ရှေ့ဆုံးမှ လူများ၏ ဦးခေါင်းများ ပြတ်ကျသွားပြီး ပတ်ဝန်းကျင်ရှိ လူများမှာမူ ကြောက်လန့်တကြား နောက်ဆုတ်သွားကြ၏။

"သူ သတ်လိုက်ပြီ။ အဲ့ဒီလူက သတ်လိုက်တာ"

"သူက လူမသတ်ဘုရင် မဟုတ်ဘူးလား။ ငါတို့ ကြားထားတာနဲ့ တခြားစီပဲ"

ထိတ်လန့်သွားကြသော လူများသည် သူတို့၏ လက်နက်များကို ကိုင်ဆောင်ကာ အလျင်အမြန် ပြေးထွက်လာကြသည်။ ဤဖားလောင်းလေးများကို ဖမ်းရန် ကျနော့်အတွက် အထူးစွမ်းရည်များ မလိုအပ်ချေ။ ယုံကြည်မှုဓါးကို အသုံးပြု၍ ပြေးဝင်လာသူများကို ခုတ်ပိုင်းလိုက်ရုံသာလုပ်ဖို့လိုပေသည်။

"အားးးး"

ကျနော့်ကို ဝိုင်းထားသော ပတ်ပတ်လည်ရှိအတားအဆီးများကို သေသပ်စွာ ဖျက်ဆီးလိုက်၏။ နောက်ဆုံးကျန်ရှိနေသော လူမှာမူ ကိုယ်ခန္ဓာ တစ်ဝက်ပြတ်သွားချိန်တွင် စတင်အော်ဟစ်လေ တော့သည်။ ရုန်းကန်နေသော ထိုလူ့ထံသို့ ကျနော့်ဓါးကို ထိုးစိုက်လိုက်၏။ ထိုအပြုအမူတွင် မည်သည့်တွန့်ဆုတ်မှုမှ မပါဝင်ချေ။

"သူက ဒီလောက်အထိ စွမ်းလိမ့်မယ်လို့ ငါတို့ကိုမပြောထားဘူးကွ..."

"ထွက်ပြေးကြတော့"

ယခင်က ကျနော့်ကို မည်သူကပင် လာရောက်တိုက်ခိုက်စေကာမူ မသတ်ရန်သာ ကြိုးစားခဲ့သည်။ အမှန်စင်စစ် 'လူမသတ်ဘုရင်' ဆုကို မဆုံးရှုံးလိုခြင်းလည်း ပါဝင်၏။ ဤကဲ့သို့ အပြုအမူများကို ထပ်တလဲလဲ ပြုလုပ်ခဲ့သဖြင့် ကျနော့်တွင် မသတ်ဘဲ ရှောင်ရှားတတ်သော အလေ့အထ စွဲမြဲလာခဲ့သည်။

ယခုမူ ထိုသို့မဟုတ်တော့ချေ။ ကျနော်က ယခုထက် ပို၍ ပြင်းပြင်းထန်ထန် မတုံ့ပြန်ပါက ကျနော့်အတွက် အားနည်းချက်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအားနည်းချက်ကြောင့် နောင်တွင် အခွင့်အရေးချောင်းနေသော ဝံပုလွေအုပ်များစွာ ပေါ်ထွက်လာနိုင်သည်။ ကျနော် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျနော့်လက်များတွင် မည်သည့်တွန့်ဆုတ်မှုမှ ရှိမနေတော့ပေ။

ကျန်ရှိနေသော ဝံပုလွေအုပ်မှာ ခဏအတွင်းမှာပင် လဲပြိုသွားတော့သည်။ တစ်ယောက်သာ ကျန်ရှိတော့၏။

"မင်းက နှေးလိုက်တာ"

ဓါးသံတစ်ခု ကြားလိုက်ရပြီး ယူဂျွန်ဟော့က သူ၏ ဓါးကို ပြန်သိမ်းနေသည်ကို မြင်လိုက်ရသည်။ ကျနော့်ထက် လူပေါင်းများစွာကို ပိုမိုသတ်ဖြတ်ထားသော ယူဂျွန်ဟော့၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ ဖော်ပြမနေချေ။

"အာ...... အမြင့်မြတ်ဆုံးဘုရင်က သူနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ သေချာပြောထားခဲ့ကြတာ မဟုတ်ဘူးလား..."

ကျန်ရှိနေသော အမျိုးသားတစ်ဦးသည် ခြေဖျားလက်ဖျားများ တုန်ရင်နေလျက် နောက်သို့ ဆုတ်သွား၏။

ကျနော်က သူ့ကို မေးလိုက်သည်။

"မင်းတို့ကို ဘယ်သူ ခိုင်းတာလဲ"

"အဲ့ဒါက..."

[ဇာတ်ကောင် 'ဆိုးလ်အင်ဂူ' သည် ဝေခွဲမရဖြစ်မှုထဲသို့ နက်ရှိုင်းစွာ ကျရောက်နေပါသည်။]

ခဏအကြာတွင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျနော့်ထံသို့ ရုတ်တရက် ပြေးဝင်လာတော့သည်။

"အားးးးး"

ဤကဲ့သို့ ဖြစ်မလာသင့်ချေ။ ဤသည်မှာ ထူးဆန်းလှ၏။ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိသည်ကို သိပါလျက်နှင့် အဘယ်ကြောင့် အသေခံရန် ပြေးဝင်လာရသနည်း။ ကျနော့်စိတ်ထဲတွင် အေးစက်စက် ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက် ထိုလူက အော်ဟစ်လိုက်၏။

"လူသားမျိုးနွယ် လွတ်မြောက်ရေးအတွက်…"

သူ့တွင် အာဇာနည်တစ်ဦးကဲ့သို့ အသွင်အပြင် ရှိနေလေသည်။

...လူသားမျိုးနွယ် လွတ်မြောက်ရေးဟုတ်လား။

ယူဂျွန်ဟော့၏ ဓါးက လှုပ်ရှားသွားပြီး ထိုလူ၏ ဦးခေါင်းက ပြတ်ကျသွားတော့သည်။

"ဘာကို ငေးကြည့်နေတာလဲ။ ငတုံးကောင် "

ယူဂျွန်ဟော့၏ ဒေါသတကြီး အော်သံကြောင့် ကျနော် လုံးဝ သတိဝင်လာသည်။

"တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား"

"ဒီလောက်အထိ ခိုင်မာတဲ့ သစ္စာရှိမှုမျိုး ရှိခဲတာတော့ အမှန်ပဲ"

"မင်း သိတဲ့အတိုင်း လူသားတွေက ဒီလောက်အထိ သစ္စာရှိတဲ့ မိစ္ဆာတွေ မဟုတ်ဘူး။ ပိုပြီးတော့ လက်ရှိအခြေအနေမှာဆိုရင်..."

ယူဂျွန်ဟော့က ကျနော့်ကို ငေါက်ငမ်းလိုက်၏။

"မင်း အချိန်ဆွဲနေလို့ ပုန်းနေတဲ့ကောင်တွေ ထွက်ပြေးကုန်ပြီ"

ဤခွေးမသားနှင့် စကားပြော၍ မဖြစ်တော့ချေ။ ထွက်ပြေးသွားသော လူများ၏ နောက်သို့ လိုက်ရန် ကျနော်တို့ဆုံးဖြတ်လိုက်ကြသည်။ ကျနော်က မေးလိုက်၏။

"...ဒါနဲ့ မင်းက ငါနဲ့ ဆက်သွားနေဦးမှာလား"

"..."

"င့ါကို တိုက်ခိုက်ဖို့ အခွင့်အရေးကို မင်းက ချောင်းနေတာများလား"

ယူဂျွန်ဟော့သည် သူ့တွင်သာ ရှိသော ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် ကျနော့်ကို စိုက်ကြည့်လာပြီးနောက် ဖြည်းဖြည်းချင်း စကားပြောလာ၏။

"မင်းကိုယ်တိုင် ငါ့ကိုသတိပေးလိုက်တာပဲ။ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"...မင်းသာ မေ့လက်စနဲ့ ဆက်ပြီး မေ့နေပေးမယ်ဆိုရင် ငါ ပိုပြီး ကျေးဇူးတင်မိမှာပါ"

ကျနော် သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ဤနေရာမှာ ဆိုးလ် မြေအောက်ရထားလမ်း အမှတ် (၅) ၏ ကချီဆန် ဘူတာရုံ အနီးတွင် ဖြစ်သည်။

ယူဂျွန်ဟော့က ဝေခွဲမရသော အမူအရာဖြင့် ပြောလာ၏။

"...ထူးဆန်းတယ်။ ဆိုးလ်ဒေသထဲမှာ မုဆိုး ဇာတ်ဝင်ခန်းတွေက စတင်သင့်နေပြီ"

"ငါလည်း မသိတော့ဘူး။ တကယ်တမ်းကျတော့ အဲ့ဒီ အမဲလိုက်မှုက ဖြစ်မနေတာလည်း ဖြစ်နိုင်တယ်"

ယူဂျန်ဆန် ဘူတာရုံ၊ ရှင်ဂျောင် ဘူတာရုံ နှင့် မုတ်ဒေါင်း တို့ အပါအဝင် ကချီဆန်သို့ ဦးတည်သော လမ်းများအားလုံးသည် ကိုယ်စားလှယ်များ၏ သွေးများဖြင့် ဖုံးလွှမ်းနေ၏။ လမ်းမပေါ်တွင် အလောင်းများ ပြန့်ကျဲနေလေသည်။ ယခင်ကလည်း အလောင်းများစွာ ရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြဿနာက သတ်ဖြတ်ထားသည့် နည်းလမ်း ဖြစ်၏။

ယူဂျွန်ဟော့သည် ဒဏ်ရာများကို ကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

"ဒီဒဏ်ရာတွေက လူသားတွေရဲ့လက်ချက်ကြောင့်ရထားတာပဲ "

အကယ်၍ မိစ္ဆာအမဲလိုက် ဇာတ်ဝင်ခန်းများသာ အမှန်တကယ် စတင်နေခဲ့ပါက အလောင်းများပေါ်ရှိ ဒဏ်ရာအားလုံးမှာ မိစ္ဆာများ၏ အကိုက်ခံရသော ဒဏ်ရာများ သို့မဟုတ် လက်သည်းရာများသာ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ဤလူများသည် ထင်ရှားစွာပင် ထက်မြက်သော လက်နက်များ သို့မဟုတ် မှော်ကျည်ဆံများကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။

တစ်နည်းအားဖြင့် ဆိုရသော် ဤနေရာတွင် ဇာတ်ဝင်ခန်းနှင့် မသက်ဆိုင်ဘဲ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်းပင်။ မကြာမီတွင် ထွက်ပြေးလာသော လူတစ်ဦးကို ကျနော်တို့ ရှာတွေ့ခဲ့ကြ၏။

"ဟိုမှာ"

ကျနော်တို့ အနီးသို့ မချဉ်းကပ်နိုင်မီမှာပင် ထိုအမျိုးသားသည် တစ်နေရာမှ ပစ်လွှတ်လိုက်သော မြားတစ်စင်း၏ ထိုးစိုက်ခြင်းကို ခံလိုက်ရသည်။ ရန်သူအသစ်ကို ရင်ဆိုင်ရန် ဓါးကို ကျနော် ဆွဲထုတ်လိုက်သော်လည်း မမျှော်လင့်ထားသော အဖွဲ့တစ်ခုနှင့်သာ ဆုံတွေ့လိုက်ရတော့သည်။ သူတို့မှာ ဟွာရန်းများပင် ဖြစ်၏။ သူတို့သည် သေဆုံးသွားသော လူနှင့် ပတ်သက်ပြီး စတင် ပြောဆိုနေကြသည်။

"သံသယဖြစ်စရာ မလိုတော့ဘူး။ ဒါက ကယ်တင်ရှင်ရဲ့ အကြွင်းအကျန်တွေပဲ"

"သူ့ကို အဆုံးသတ်လိုက်တော့"

သူတို့မှာ ရန်သူများ မဟုတ်ကြောင်း အတည်ပြုပြီးနောက် ကျနော် သူတို့ထံသို့ ပြေးသွားလိုက်၏။

"ခဏလောက် စောင့်ပါဦး"

ထိုအခါ အရှေ့တွင်ရှိနေသော အမျိုးသမီးက ကျနော့်ကို လှည့်ကြည့်လာသည်။ ထိုအမျိုးသမီး၏ မျက်နှာမှာ တိုက်ပွဲများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် အသွင်ရှိ၏။

"ကင်ဒေါ့ဂျာ"

ထိုအမျိုးသမီးမှာ မင်ဂျီဝန် ဖြစ်လေသည်။

………………………………………………………………………………………..

မင်ဂျီဝန်ထံမှ မမျှော်လင့်ထားသော သတင်းစကားကို ကျနော်တို့ ကြားလိုက်ရ၏။

"...ဘုရင်တွေရဲ့ အုပ်စုတွေ လူစုကွဲသွားတယ် ဟုတ်လား"

"ပထမဆုံးအနေနဲ့ မေတ္တေယျဘုရင်ရဲ့ အင်အားစုတွေ တိုက်ခိုက်ခံခဲ့ရတယ်၊ အဲ့ဒီနောက်မှာတော့ လေလွင့်သူများဘုရင်ပေါ့"

ကျနော် မှင်သက်သွားမိသည်။ ခဏလောက် စိတ်ထဲတွင် မူးဝေနောက်ကျိသော ခံစားချက်ကြီး စွဲထင်သွား၏။

"လေလွင့်သူများဘုရင် သေသွားပြီလား"

"အဲ့ဒီဘုရင်မ ဘယ်ရောက်နေလဲဆိုတာ ကျမ မသိဘူး။ လက်ရှိမှာ ပျောက်ဆုံးနေတာတော့ သေချာတယ်။ ကြားနေဘုရင် ယောင်အီဒိုကတော့ တခြားတစ်ဖက်နဲ့ ပူးပေါင်းသွားပြီ"

ကြားနေဘုရင်သာဆိုလျှင် ထိုသို့ဖြစ်နိုင်ချေ အမှန်ပင် ရှိပေသည်။ တစ်ခါတစ်ရံတွင် 'ကြားနေ' ဆိုသော စကားလုံးမှာ အကြောက်တတ်ဆုံးလူများကို ရည်ညွှန်းလေ့ ရှိ၏။

ကျနော့်စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ ကျနော့်အမေသာ တိုက်ခိုက်ခံရသည်ဆိုလျှင် ယောင်ဟီဝန် သို့မဟုတ် ယူဆန်းအာတို့လည်း ဘေးကင်းမည်ဟု အာမမခံနိုင်တော့ချေ။ တိုက်ခိုက်သူတွေက ဘယ်သူတွေပါလိမ့်။

ကျနော် မေးလိုက်၏။

"တိုက်ခိုက်သူတွေက ကျနော်တို့ အရင်ကတွေ့ခဲ့တဲ့ ယောအီဒို အင်အားစုလား"

"မဟုတ်ဘူး။ အသစ်ပေါ်လာတဲ့ အင်အားစုတစ်ခုပဲ။ အဲ့ဒီလူယုတ်မာတွေက သူတို့ကိုယ်သူတို့ ကယ်တင်ခြင်းအသင်းတော်လို့ ခေါ်ကြတယ်... ပြီးတော့ အခု ယောအီဒိုကလည်း သူတို့လက်ထဲမှာပဲ ရှိနေတယ်"

...ကယ်တင်ခြင်းအသင်းတော်ဟုတ်လား။

ထိုနာမည်ကို ကျနော် ကောင်းကောင်း သိသည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းအသင်းတော်သည် မူရင်းဝတ္ထုထဲတွင် အရေးကြီးသော နေရာမှ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့်ပင်။

သို့ပေသိ တစ်ခုခုတော့ မှားနေ၏။ မူရင်းထဲ၌ ကယ်တင်ခြင်းအသင်းတော်သည် ဆိုးလ်မြို့လွတ်မြောက်ရေး ဇာတ်ဝင်ခန်းပြီးနောက် ဒသမမြောက် ဇာတ်ဝင်ခန်းတွင်မှ ပေါ်လာရမည် ဖြစ်သည်။

"ရှင်တို့ ထွက်သွားတဲ့နေ့မှာပဲ ကယ်တင်ခြင်းအသင်းတော်က ရုတ်တရက် ပေါ်လာတာ။ သူတို့က လူသားမျိုးနွယ်ကို ဇာတ်ဝင်ခန်းတွေထဲကနေ ကယ်တင်ပေးမယ်လို့ ပြောတယ်... သူတို့ကို ဆန့်ကျင်တဲ့ အင်အားစုတွေကိုတော့ ဘာမှမစဉ်းစားဘဲ ဖယ်ရှားပစ်ခဲ့တာပဲ"

ယူဂျွန်ဟော့က မေးလိုက်၏။

"အဲ့ဒီလို အင်အားစုမျိုးက ဘယ်မှာ ပုန်းနေခဲ့တာလဲ။ ဆိုးလ်မှာရှိတဲ့ အင်အားကြီးတွေ အားလုံးက ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်း အစမှာတင် စုမိနေကြတာလေ"

"...သူတို့က ဆိုးလ်က မဟုတ်ဘူး"

မင်ဂျီဝန် ဆိုလိုသည့်အရာကို ကျနော် ချက်ချင်းပင် နားလည်လိုက်၏။ ကျနော်တို့ရှေ့တွင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ ကျဆင်းလာသော အလင်းတန်းမှာ တစ်ခု နှစ်ခုမကပေ။ ကောင်းကင်ဘုံမှ မီးမောင်းထိုးလိုက်သကဲ့သို့ ထိုအလင်းတန်းများနှင့်အတူ လူသားများ ပေါ်ထွက်လာကြသည်။ သူတို့ထဲမှ တစ်ဝက်မှာ ရူးသွပ်နေပုံရသော်လည်း ကျန်တစ်ဝက်မှာမူ အလွန်ပင် တည်ငြိမ်ကြည်လင်သော မျက်လုံးများ ရှိကြ၏။

ထို့နောက် စနစ်မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။

[လူသစ်များ ဇာတ်ဝင်ခန်းနယ်မြေထဲသို့ ဝင်ရောက်လာပါပြီ။]

[သတ္တမမြောက် အဓိကဇာတ်ဝင်ခန်းသည် လက်ရှိတွင် ဆိုးလ်ဒေသ၌ စတင်နေပါပြီ။]

စတုရန်းကွင်းပြင်ထဲသို့ လူပေါင်း ၉၀၀ ကျော် ပေါ်ထွက်လာ၏။ လူတိုင်းသည် တိုက်ခိုက်ရေး ဝတ်စုံများ မဟုတ်ဘဲ သာမန်အရပ်ဝတ်အရပ်စားများကိုသာ ဝတ်ဆင်ထားကြ၏။

ယူဂျွန်ဟော့က ရေရွတ်လိုက်သည်။

"လူသစ်တွေ ထပ်တိုးရမယ့် အချိန်ကို ရောက်နေပြီကိုး"

လက်ရှိတွင် အဓိကဇာတ်ဝင်ခန်းများသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ မြို့တော်များတွင်သာ စတင်နေဆဲ ဖြစ်သည်။ ဇာတ်ဝင်ခန်းများကို ဖြတ်သန်းလာသည်နှင့်အမျှ ကိုယ်စားလှယ်များစွာ သေဆုံးခဲ့ကြ၏။ ထိုသို့သော အခြေအနေမျိုးတွင် စီမံခန့်ခွဲရေးဌာနသည် ပြည်တွင်းစည်းမျဉ်းများနှင့်အညီ လူသားပမာဏ အချို့ကို ထပ်မံခေါ်ယူလေ့ရှိသည်။ အများစုမှာ တစ်နိုင်ငံလုံးရှိ နေရာအသီးသီးမှ ကျပန်းခေါ်ယူခံရသူများပင်။

ယခုကဲ့သို့ပင် ဖြစ်၏။

"အ-အာ..."

လူအများစုမှာ ကြောက်လန့်နေကြသော်လည်း ကိုယ်စားလှယ် အတော်များများကမူ ပတ်ဝန်းကျင်ကို စတင် လေ့လာနေကြပြီ ဖြစ်သည်။ သူတို့၏ ပုံစံများကို ကြည့်ရသလောက် ပထမဆုံး ဇာတ်ဝင်ခန်းကို ဖြတ်သန်းကာစပုံ ရ၏။

ယူဂျွန်ဟော့၏ မျက်လုံးများ မှေးစပြုလာသည်။

"ကယ်တင်ခြင်းအသင်းတော်က သူတို့လိုမျိုးပဲ ခေါ်ယူခံခဲ့ရတာလား"

"ဟုတ်တယ်"

"ဒါက အဓိပ္ပာယ်မရှိဘူး။ အခုမှ ခေါ်ယူခံရတဲ့လူတွေက အရင်ရှိပြီးသား ကိုယ်စားလှယ်တွေကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

ယူဂျွန်ဟော့၏ စကားမှာ မှန်ကန်သည်။ အမှန်စင်စစ် အသစ်ခေါ်ယူခံရသူများသည် ဟန်ချက်ညီစေရန်အတွက် ပိုမိုကောင်းမွန်သော ဆုလာဘ်များကို ရရှိကြပေလိမ့်မည်။ သို့ပေသိ ထိုအရာတစ်ခုတည်းနှင့် ယခင်ကတည်းက ရှိနေသော ကိုယ်စားလှယ်များကို အနိုင်ယူရန် မလုံလောက်ချေ။

မင်ဂျီဝန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် ပြောလိုက်၏။

"ကယ်တင်ခြင်းအသင်းတော်ရဲ့ အရှင်သခင်က အစကတည်းက အားကြီးနေတာ"

မင်ဂျီဝန်၏ ပခုံးများ တုန်ရင်နေခြင်းမှာ ထိတ်လန့်မှု အစစ်အမှန် ကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်ကြောင်း ပြသနေလေသည်။

"အမြင့်မြတ်ဆုံးဘုရင်။ ရှင် စွမ်းအားကြီးတယ်ဆိုတာ ကျမ သိပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ လုံးဝ မတိုက်ခိုက်ပါနဲ့။ သူ့ရဲ့ အစွမ်းနဲ့ အမြော်အမြင်က လူသားအဆင့်ကို ကျော်လွန်နေပြီ။ သူက လူသား မဟုတ်တော့ဘူး။ တခြား မိစ္ဆာတစ်ကောင်လိုပဲ..."

ထို့နောက် ဆူညံနေသော လူများအကြားတွင် ဒိုကဲဘီ ပေါ်လာတော့သည်။

[ကဲ… အားလုံးပဲ။ မထိတ်လန့်ကြပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ဒီကို ကြည့်ကြပါဦး]

ကိုယ်စားလှယ်သစ်များသည် လိမ္မာသော ကလေးငယ်များကဲ့သို့ ဒိုကဲဘီကို အာရုံစိုက်လိုက်ကြ၏။

[မင်းတို့က အခုမှ ခေါ်ယူခံရတာဆိုတော့ မိခင်ပျောက်နေတဲ့ ကြက်ကလေးတွေနဲ့ တူနေတာပေါ့။ အမှန်တော့ ကောင်းမွန်တဲ့ ထောက်ပံ့သူကို ရွေးချယ်ပြီးသား လူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ဒီကမ္ဘာမှာ ရှင်သန်ဖို့က မလွယ်ဘူးဆိုတာ သိထားသင့်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် 'အုပ်စု' တစ်ခုခုကို ရှာဖွေရလိမ့်မယ်။ အဲ့ဒီအုပ်စုက မင်းတို့ကို အားကြီးတဲ့ ကိုယ်စားလှယ်တစ်ယောက် မဖြစ်လာခင်အထိ ကာကွယ်ပေးမယ့် 'မိခင်' ဖြစ်လာလိမ့်မယ်]

ထိုအချိန်တွင် ကိုယ်စားလှယ်အချို့က အော်ဟစ်လိုက်ကြ၏။

"တခြားဘာမှ မရှိတော့ဘူးလား။ ဒီသတင်းအချက်အလက်တွေက သိထားပြီးသားပဲလေ"

"ပြောစရာရှိတာ ပြောပြီးရင် ဒီကနေ ထွက်သွားတော့"

ဒိုကဲဘီ၏ စကားမဆုံးမီမှာပင် ကိုယ်စားလှယ်များသည် စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။ ပရောဟိတ်များနှင့် ပတ်သက်သော အဖြစ်အပျက်များ ရှိခဲ့သလို အင်တာနက် အစွမ်းဖြင့်လည်း အတွင်းသတင်းများကို ကိုယ်စားလှယ်များက ဖြန့်ဝေခဲ့ကြ၏။ သူတို့ထဲမှ အတော်များများမှာ ကြိုတင်ပြင်ဆင်ထားပုံ ရသည်။

"အမြင့်မြတ်ဆုံးဘုရင်…. ငါ အမြင့်မြတ်ဆုံးဘုရင်ရဲ့ ဘက်မှာပဲ နေရမယ်"

"ဟုတ်တယ်။ အားအကောင်းဆုံး ကိုယ်စားလှယ်က အမြင့်မြတ်ဆုံးဘုရင်ပဲ"

သနားစရာကောင်းသော ထိုလူများသည် သူတို့ဘာသာ သေတွင်းထဲသို့ ဦးတည်နေကြခြင်းပင်။ ကျနော် သူတို့၏ ဝိညာဉ်များအတွက် ဆုတောင်းပေးလိုက်မိသည်။

"အလှဘုရင်မက သဘောကောင်းတယ်လို့ ကြားတယ်"

"ဘာတွေ လုပ်နေတာလဲ။ သူက အားနည်းတယ်လေ"

"သူက မယုံနိုင်လောက်အောင် လှတာပဲ"

"...သူ့ကို အရင်သွားတွေ့ကြည့်ရမလား"

မှန်ပေသည်။ လှသည်ဟုပြောခံရခြင်းက မင်ဂျီဝန်ကို စိတ်သက်သာရာ ရစေကောင်း ရနိုင်ပေလိမ့်မည်။ အခြားတစ်ဖက်တွင်မူ အချို့လူများက ပို၍ သတိကြီးကြသည်။

"ငတုံးတွေပဲ။ တကယ့် အင်အားက အမြင့်မြတ်ဆုံးဘုရင်ရော၊ အလှဘုရင်မရော မဟုတ်ဘူး"

တည်ငြိမ်သော မျက်လုံးများရှိသည့် လူစုလူဝေးထံမှ စကားသံအချို့ကို ကျနော် ကြားလိုက်ရ၏။

"လူမသတ်ဘုရင် ဒါမှမဟုတ် ထာဝရရှင်သန်သူဘုရင်က အကောင်းဆုံးပဲ"

"လူမသတ်ဘုရင် ဟုတ်လား"

"သူက အသတ်ခံရရင်တောင် မသေဘူးလို့ ပြောကြတယ်"

"ဝိုး။ အံ့သြစရာပဲ"

"တကယ်တော့ အမြင့်မြတ်ဆုံးဘုရင်နဲ့ အလှဘုရင်မတို့တောင် သူ့ကို ရှုံးခဲ့တယ်လို့ ကောလဟာလတွေ ရှိတယ်။ သူ့နောက်ကို လိုက်နေတဲ့ အမျိုးသမီးတွေလည်း အများကြီးပဲတဲ့"

ဟမ်... အဲ့ဒါ ဟုတ်လို့လား

"တကယ်လား။ အဲ့ဒါ ဘယ်သူလဲ။ အဲ့ဒီဘုရင်ရဲ့ နာမည်က ဘာတဲ့လဲ"

"ငါလည်း သေချာမသိဘူး..."

"ချီး။ အဲ့ဒါဆို ငါတို့ က သူ့ကို ဘယ်လို ရှာရမှာလဲ"

"အရုပ်ဆိုးဆုံး ဘုရင်ကို ရှာရင်တွေ့မယ်လို့တော့ ကြားတာပဲ"

ကျနော် ရုတ်တရက် အကြည့်တစ်ခုကို ခံစားလိုက်ရသဖြင့် ကြည့်လိုက်ရာ ယူဂျွန်ဟော့က ကျနော့်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူ ဘာကို ကြည့်နေတာပါလိမ့်။

"မဟုတ်ဘူး။ အခုလတ်တလောမှာ..."

ကိုယ်စားလှယ်များ၏ စကားဝိုင်းမှာ ဆက်လက် ရှိနေကြဆဲပင်။ မည်သည့်ဘုရင်က ပိုကောင်းသနည်း။ မည်သူ့လက်အောက်ကို ဝင်ရမည်နည်း ဆိုသည်များကို ပြောနေကြာခြင်းဖြစ်သည်။ အကြွင်းမဲ့ပလ္လင်ကို ကျနော် ဖျက်ဆီးခဲ့သည်အား ပြန်စဉ်းစားမိပြီး စိတ်ပျက်မိသွားသည်။

ထိုစဉ် အဝေးတစ်နေရာမှ ခရုသင်းသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာ၏။ မင်ဂျီဝန်မှာ ဆတ်ခနဲ တုန်သွားပြီး တုန်ရီလာတော့သည်။

"ကျမတို့ ထွက်ပြေးရမယ်"

မင်ဂျီဝန် စကားမဆုံးမီမှာပင် အသံတစ်ခုကို ကြားလိုက်ရသည်။

"အဆင့်မြင့် မိစ္ဆာတွေရဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ ကစားနေရတဲ့ သနားစရာ လူသားတွေ"

ထိုအသံမှာ အလွန်ကျယ်လောင်ပြီး ပဲ့တင်ထပ်သွား၏။ သူတို့သည် ဧရာမဆင်ကြီးနှင့် တူသော မိစ္ဆာမျိုးစိတ်ကြီးတစ်ခုပေါ်တွင် ပေါ်လာကြသည်။ ကယ်တင်ခြင်းအသင်းဝင်များသည် ထိုဆင်ကြီးပေါ်တွင် တစ်စုံတစ်ခုကို ဖျော်ဖြေနေသကဲ့သို့ ရေရွတ်နေကြ၏။ အံ့ဖွယ် မြင်ကွင်းတစ်ခုကဲ့သို့သော ဤချီတက်ပွဲကြီးက ကိုယ်စားလှယ် အားလုံးကို လွှမ်းမိုးသွားခဲ့သည်။

"ငါတို့ တွေ မင်းတို့ကို ကယ်တင်ဖို့ လာခဲ့ပြီ"

ဤသည်မှာ ကယ်တင်ခြင်းအသင်းတော် ပေါ်ထွက်လာခြင်းပင်။ သို့သော်လည်း ထိုအုပ်စု၏ အလယ်ဗဟိုကို စိုက်ကြည့်နေသော ယူဂျွန်ဟော့၏ မျက်နှာအမူအရာမှာ ထူးဆန်းနေ၏။

"သူက ဒီဘဝမှာလည်း ငါ့နောက်ကို လိုက်လာဦးမယ်လို့ မထင်ထားခဲ့ဘူး"

All Chapters