← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄) အတိတ်တုန်းက ငါ မင်းကို ဘယ်လိုသင်ပေးခဲ့လဲ

အမှန်တော့ လုကျိုးက အနီးရောက်နေသည်မှာ ခဏတာ ကြာမြင့်နေလေပြီ။ ကတ်နားချိန် ပြီးဆုံးဖို့ ဆယ်မိနစ်ခန့်သာ လိုတော့၍ သူ့အနေနှင့် စောစောစီးစီး ထုတ်ဖော်လိုက်ခြင်းက အဓိပ္ပာယ်မရှိပေ။ လုကျိုးက နေရာတစ်ဝိုက် လျှောက်သွားနေပြီး စီးဝူယာ့ကို ရှာနေသည်။ သို့သော်လည်း စီးဝူယာ့ကို ရှာမတွေ့ခဲ့ပေ။ သူက လော့ချန်ချင်းသည် ယွီရှန်းရုန်အား ရုတ်ခြည်း တိုက်ခိုက်သည်ကို မြင်လိုက်သည့်အခါ စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။ သူက မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရ၍ ဘာဖြစ်မှန်း တန်းသိလိုက်သည်။

ယွီရှန်းရုန်နှင့် လော့ချန်ချင်းတို့လည်း ကြောင်အမ်းသွားကြသည်။ လော့ချန်ချင်းက အတိတ်နမိတ်ကောင်းသည့် အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည့် နတ်ခြင်္သေ့ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

ဒီအချိန် ဘယ်အဆင့်မြင့် ကျင့်ကြံသူ ရောက်လာတာလဲ …

ယွီရှန်းရုန်လည်း ဖြည်းဖြည်းချင်း လှည့်ပြီး မော့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က မသိမသာ တုန်ယင်လာပြီး စိတ်ထဲလည်း ဗလာကျင်းသွားလေသည်။ သူ့ကို အားလုံးက ကြောက်ရွံ့ကြပြီး ဓားနတ်ဆိုးဟု အမည်ပေးထားကာ သူ့အနေနှင့်လည်း အတိတ်တုန်းက အဆင့်မြင့် ကျင့်ကြံသူများစွာကို စိန်ခေါ်ခဲ့ပြီး အကြောက်တရားကင်းမဲ့ခဲ့သော်လည်း ယခု လူအိုကြီးကို မြင်သည့်အခါ သူ့နှလုံးသားက ရင်ဘတ်မှ ခုန်ထွက်တော့မလို ခံစားနေရသည်။ သူ့နှုတ်ခမ်းဖျားပင် တုန်ရီလာကာ “ ရှစ် … ရှစ်စွင်းလား ”

လော့ချန်ချင်းက ယွင်ဂိုဏ်း၌ တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းဆီ တစ်ခေါက်ရောက်ခဲ့ဖူး၍ ကျိထျန်းတောက်အား အဝေးမှ တစ်ခါ လှမ်းမြင်ဖူးသည်။ ထို့အပြင် နှစ်များစွာကြာမြင့်နေပြီ ဖြစ်၏။

ထိုလူအိုကြီးသည် လက်တစ်ဖက် နောက်ပစ်ကာ လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးသပ်နေသည်။ ထိုလူအိုကြီးက မိစ္ဆာလမ်းစဉ်မှ လူနှင့် မတူဘဲ စာပေကျမ်းဂန် နှံ့စပ်သည့် ပညာရှိလူအိုကြီးပုံစံ ပေါက်နေသည်။ ထို့ကြောင့် သူက ယွီရှန်းရုန်၏ စကားကို ကြားလိုက်သည့်အခါ အတော်လေး အံ့ဩသွားလေသည်။ ပို၍အရေးကြီးသည်က သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။

ဒါက မိစ္ဆာဝေဟင်မျှော်နန်းသခင်လား …တစ်မိုးအောက်က အကြီးမြတ်ဆုံး မိစ္ဆာကြီးလား …

လုကျိုးက စနစ်မှ လက်ကျန်အချိန်ကို ကြည့်လိုက်ပြီး ကျေနပ်သွားလေသည်။ စက္ကန့်ပိုင်းသာ ကျန်ရှိတော့၏။ သူက လော့ချန်ချင်းအား ငုံ့ကြည့်လိုက်ပြီး “ မင်းက သူတစ်ပါး အထိနာနေတဲ့အချိန် ရိုက်ချချင်တဲ့ လူစားမျိုးပဲ။ အဲဒါကို မင်းက ဖြောင့်မတ်တဲ့ပုံနဲ့ ပြောနေတာပါ့လား … မင်းလိုလူမျိုးကို ဘယ်လိုလုပ် လက်လွှတ်ပေးရမှာလဲ ”

လုကျိုးက နတ်ခြင်္သေ့ကျောပေါ် ခြေဖျားလေးဖြင့် အသာထောက်ကာ လေထဲ ခုန်ဆင်းလိုက်သည်။ သူက လက်ကို မြောက်လိုက်သည့်အခါ အမည်မဲ့က သူ့လက်ထဲ ပေါ်လာသည်။ အမည်မဲ့၏ ဓားသွားပေါ် နေအလင်းရောင်က တလက်လက်တောက်နေ၏။

လော့ချန်ချင်းနှင့် ယွီရှန်းရုန်တို့က အသက်အောင့်ထားလိုက်ကြသည်။ ထိုစဉ် သူတို့က တိုက်ပွဲအလယ် ရောက်နေကြောင်း မေ့လျော့သွားဟန်ပေါ်၏။ သူတို့အကြည့်များက လေထဲမှ ခုန်ဆင်းလာသည့် လုကျိုးအပေါ်သာ ရောက်ရှိနေသည်။

လုကျိုးက အမည်မဲ့ကို ဝေ့ယမ်းလိုက်သည်။ သူက ထူးခြားအံ့ဖွယ်စွမ်းအား၏ ငါးပုံနှစ်ပုံသာ ပြန်ရထားသော်လည်း ဒီတိုက်ကွက်ကို ထုတ်သုံးဖို့ လုံလောက်ပေသည်။ သူက ကောင်းကင်ကျမ်း စွမ်းအားကို ထုတ်လွှင့်ရင်း သူ့မှတ်ဉာဏ်ထဲမှ ကွေ့ယွမ်ဓားတိုက်ကွက်အတိုင်း ထုတ်ဖော်လိုက်သည်။

ဗလာနတ္ထိကနေ စတင်လာတယ်။ သံသရာစက်ဝန်းထဲကနေ နေထိုင်ပြီး သင်ယူရမယ် … ဒါက အတိတ်ဘဝရဲ့ စွမ်းအားပဲ

ဘယ်ဘက်၊ အလယ်နှင့် ညာဘက်တို့မှ ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။

ဤသည်မှာ ယွီရှန်းရုန်၏ နာမည်ကျော်ဓားသိုင်းကွက် ဖြစ်သည့် ကွေ့ယွမ်ဓားပညာရပ်မှ ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါး ဖြစ်လေသည်။

လော့ချန်ချင်းက အလျင်စလို ‌နောက်ဆုတ်ရင်း ပျာယာခတ်နေသည်။ သူ့လက်ထဲမှ ဓားတွင် စွမ်းအားများ စုဝေးလာသည်။ စွမ်းအားဓားထောင်ချီက လုကျိုးဆီ ဦးတည်သွားကြ၏။

လော့ချန်ချင်းက အိပ်မက်ထဲ ရောက်သွားသည့်အလား အမြင်အာရုံ ဝေဝါးသွားလေသည်။

ပုံရိပ်သုံးခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေ၏။

အရာအားလုံးက ရုတ်ခြည်းဆိုသလို ပြီးဆုံးသွားသည်။

အမည်မဲ့က စွမ်းအားဓားသွားများကို ဖြတ်ကျော်ပြီး လော့ချန်ချင်း၏ လက်ကို ဖြတ်ကာ ရင်ဘတ်ထဲ ထိုးစိုက်သွားသည်။

လုကျိုး၏ လှုပ်ရှားမှုများက စီးဆင်းနေသည့် ရေအလား ချောမွေ့နေသည်။ ပြင်းထန်သည့် ချီစွမ်းအား ပေါက်ကွဲမှုမျိုး မရှိသလို မျက်စိနောက်စရာ အပြုအမူမျိုးလည်း မပါရှိပေ။ အားလုံးက ဓားချက်တစ်ချက်တည်းဖြင့် ပြီးဆုံးသွားလေသည်။

အဆုံးသတ်သွားလေပြီ။

လုကျိုးက လော့ချန်ချင်းနောက် ရောက်လာသည်။

လော့ချန်ချင်းက မျက်လုံးအပြူးသား ဖြစ်နေသည်။ သူ့စွမ်းအားဓားများ ပျောက်ကွယ်သွားသည့်အခါ သူ့မျက်လုံးနှင့် အမူအရာတို့က ဗလာဖြစ်သွားသည်။ သူက ခေါင်းတစ်ဖက် စောင်းကျသွားပြီးနောက် လက်ထဲမှ ဓားလွတ်ကျသွားကာ မြေပေါ် လဲကျသွားသည်။ သူက ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ရင်ဘတ်မှ သွေးများစီးထွက်နေသည့် ဧရာမ ဓားရာကြီးကို မြင်လိုက်ရ၏။ သူ့အသက်ဓာတ်က ကြောက်ခမန်းလိလိ အရှိန်ဖြင့် ဆုတ်ယုတ်နေသည်။ သူက မျက်လုံးဖွင့်ထားဖို့ အကောင်းဆုံး ကြိုးစားထားရ၏။ သူက မီတာအနည်းငယ်အကွာတွင် ရှိနေသည့် ယွီရှန်းရုန်အား လှမ်းကြည့်လိုက်မိသည်။

ယွီရှန်းရုန်က မျက်မှောင်ကြုတ်ထားလေသည်။ သူ့အကြည့်တို့၌ ဖိနှိပ်ထားသော အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။

လော့ချန်ချင်းက ဘယ်ဘက်လက်ကို မြောက်ကာ ယွီရှန်းရုန်အား ညွှန်လိုက်ပြီး “ကယ် … ”

ဝုန်း

လော့ချန်ချင်း၏ လက်က ပြန်ပြုတ်ကျလာသည်။

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၅၀၀ ရပါတယ် ”

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီး လှည့်လာလိုက်သည်။ သူက ယွီရှန်းရုန်ကို ထပ်ကြည့်လိုက်သည်။ သူက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအား အားလုံးကို သုံးပြီးသွားလေပြီ။ သို့သော်လည်း ပစ္စည်းကတ်များက နားချိန် မဟုတ်တော့ပေ။ သူ့ကတ်များက ရွှေရောင်တဖြတ်ဖြတ် လက်နေ၏။ အသုံးပြုဖို့ အဆင့်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြနေသည့် လက္ခဏာ ဖြစ်ပေသည်။

“ရှစ် … ရှစ်စွင်းလား” သူ့မျက်နှာအထက် မယုံကြည်နိုင်သည့် အမူအရာမျိုး ပေါ်ထွက်နေသည်။ သူက သူ့ရှစ်စွင်း ဒီအလင်းခွင်းတိမ်တိုက်တောအုပ်အတွင်း ရောက်နေသည့်အကြောင်းအရင်းအား နားမလည်ပေ။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီး ယွီရှန်းရုန်အား ကြည့်လိုက်ကာ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။

“ငမိုက်သား ”

“ ဘ .. ဘာကိုလဲ ” ယွီရှန်းရုန်က စိတ်ခံစားချက် အတက်အကျ ရှိနေဟန်ပေါ်သည်။

“ငါ မင်းကို အရင်တုန်းက ဘယ်လိုသင်ပေးထားခဲ့လဲ။ မှတ်မိသေးလား” လုကျိုးက ယွီရှန်းရုန်ဆီ လျှောက်လာရင်း ပြောလိုက်သည်။

ခြေသံမှန်မှန်က ယွီရှန်းရုန်အား စိတ်မတည်မငြိမ် ဖြစ်စေသည်။ သူက နောက်ဆုတ်လိုက်သည်။

“ မင်းက မိစ္ဆာဝေဟင်မျှော်နန်းက ဖြစ်ပြီးတော့ အစ်ကိုကြီးနဲ့ တိုက်တယ်ပေါ့လေ ” လုကျိုးက အံကြိတ်ကာ ပြောလိုက်သည်။

ချွမ

ယွီရှန်းရုန်၏ အသက်ရှည်ဓားက သူ့နောက်ကျောဘက်မှ လွင့်ထွက်လာသည်။ သူက မေးလိုက်သည်။

“ ရှစ်စွင်း ကျွန်တော့်ကို ထပ်သတ်မလို့လား ”

ထပ်ပြီးတော့တဲ့လား …

လုကျိုးက ရပ်လိုက်သည်။ သူက ယွီရှန်းရုန်အား ကြည့်လိုက်ပြီး “မင်းကို မသတ်သင့်ဘူးလား”

ယွီရှန်းရုန်က သူ့ဒဏ်ရာပြင်းထန်မှုကို တွက်ချက်လိုက်သည်။ ထို့နောက် သူ့မျက်နှာထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ သူက ကျောမတ်မတ်ရပ်ကာ ပြောလိုက်သည်။

“ ကျွန်တော့်ဇာတိမှာ အချက်ပြရနံ့လို့ခေါ်တဲ့ အပင်တစ်မျိုး ရှိတယ်။ အဲဒါက နေ့ဘက်မှာ ပွင့်ပြီး ညအခါမှာ သေတယ်။ မနက်ခင်းမှာ ရနံ့ရှုရှိုက်နိုင်ပေမဲ့ နေဝင်သွားရင် ညှိုးနွမ်းသွားတယ် … တစ်ခါတလေ ကျွန်တော်တို့က အဲဒီအပင် သေရမှာ သိထားရက်နဲ့ ဘာလို့များ အပင်တွေကို ဂရုစိုက်နေရသေးတာလဲလို့ တွေးမိတယ်”

မွေးဖွားခြင်း၊ ရှင်သန်မှု၊ နာမကျန်းမှုနှင့် သေခြင်းတရားတို့က ဘဝသံသရာ ဖြစ်၏။

လုကျိုးက ထိုအကြောင်းကြားသည့်အခါ ခေါင်းအသာခါလိုက်သည်။

ငမိုက်သားကတော့ ငမိုက်သားပဲ …

ကမ္ဘာပေါ်က အားလုံးလည်း တစ်ရက်တော့ သေဆုံးရမှာပဲ…

အားလုံးသာ သူ့သဘောတရားအတိုင်းဆိုရင် သူတို့ မမွေးခင်ကတည်းက အသက်ကို အဆုံးသတ်ပစ်သင့်ရမှာ ဖြစ်မနေဘူးလား … သူ့အကျိုးအကြောင်းမသင့်တဲ့ အတွေးတွေက ဘယ်က သင်ထားတာလဲ။

လုကျိုးက ရှေ့တိုးလာကာ “ရှင်သန်ခြင်းကိုက အကြောင်းပြချက်ပဲ ”

“အားလုံးက အသက်ရှည်ရှည် နေချင်ကြတာပဲ။ ဒါပေမဲ့ ဘယ်သူမှ သေမျိုး အတားအဆီး အနှောင်အဖွဲ့ကနေ မလွတ်မြောက်နိုင်ဘူး ” ယွီရှန်းရုန်၏ အကြည့်များက ပိုရှုပ်ထွေးလာသည်။

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်ကာ “ အဓိပ္ပာယ်မရှိလိုက်တာ .. အဲဆို မင်း အမှားလုပ်ထားတာ ဝန်ခံမှာလား ”

ယွီရှန်းရုန်က ခေါင်းခါကာ “ ရှစ်စွင်းက ကျွန်တော့်အတွက် အဖေလိုပဲ။ ဒါပေမဲ့ ရှစ်စွင်းနဲ့အတူ ပြန်မလိုက်နိုင်တဲ့အတွက် ဒီတပည့်ကို ခွင့်လွတ်ပါ …”

ဒီတစ်ခါ သူ့ဘာသာ တပည့်ဟု သုံးစွဲသွားလေသည်။

“မင်းက ထွက်ပြေးနိုင်မယ် ထင်နေလား”

“ ရှစ်စွင်းက လျှော့တွက်လွန်းတယ်။ ရှစ်စွင်း ဘာမှမလုပ်ရင်တောင် လော့ချန်ချင်းက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး …” ယွီရှန်းရုန်က အသက်ရှည်ဓားဖြင့် ပေါ့ပါသွက်လက်စွာ ခုန်လိုက်သည်။ သူ့က ဓားဖြင့် ပျံသန်းလိုက်သည်။

သူ့နှင့် အသက်ရှည်ဓားကြား ပတ်သက်ဆက်နွယ်မှု မြင့်မားနှုန်းကြောင့် သူက ပျံသန်းမှုအရှိန် မြင့်လိုက်သည့်အခါတွင်ပင် ချီသုံးစွဲမှုကို လျှော့ချထားနိုင်သည်။

ကံဆိုးစွာဖြင့် တော်တော်များများ မလုပ်နိုင်ကြပေ။ ကောင်းကင်အဆင့် လက်နက်က အစကတည်းက အဖိုးတန်ပစ္စည်း မဟုတ်ပါလော။ ထို့အပြင် သူတို့က သဟဇာတ ဖြစ်နေဖို့ လိုအပ်သေး၏။

လုကျိုး၏ အမူအရာက မထူးမခြားနားပေ။ သူက လက်မြောက်ကာ အော်ပြောလိုက်သည် “ငမိုက်သား ထွက်ပြေးနေတာလား ”

အဆင့်မြင့် ချုပ်နှောင်ရေးလှောင်ချိုင့်ကတ်က ရွှေရောင်အလင်းများဖြင့် သူ့လက်ထဲ ကြေမွသွားသည်။ နာရီပြောင်းပြန် လည်ပတ်နေသည့် ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။

ယွီရှန်းရုန်က ဓားဖြင့် အလင်းခွင်းတိမ်တိုက်တောအုပ်အတွင်း အရှိန်အပြည့်ဖြင့် ထွက်ပြေးနေသည်။

ဝှီး

ရွှေရောင်စွမ်းအားက ချုပ်နှောင်ရေး စာလုံးသင်္ကေတကြီး ဖြစ်ပေါ်လာသည်။ ကောင်းကင်တခွင် ဖြတ်ကျော်လာသည့် ဥက္ကာပျံအလား ယွီရှန်းရုန်ဆီ တည့်တိုးဝင်ရောက်သွားသည်။

ဘန်း

ယွီရှန်းရုန်က ညည်းတွားလိုက်သည်။ သူ့ချီများက ချက်ချင်း ကန့်သတ်ခံလိုက်ရ၍ တုံ့ဆိုင်းသွားကာ ပြုတ်ကျလာသည်။ အသက်ရှည်ဓားလည်း မြေကြီးထဲ ထိုးဆင်းလာသည်။ သူက တအံ့တဩ ရေရွတ်လိုက်သည်။

“ချုပ်နှောင်ရေး မန္တန်လား” သူ့ချီပင်လယ်က ဗလာဖြစ်နေပြီး ဆက်လက် မပျံသန်းနိုင်တော့ပေ။ သူက မြေပေါ် ချက်ချင်း ပြုတ်ကျလာသည်။

သစ်ပင်အရိပ်များမှ သွမ့်ရှင်းက မိစ္ဆာဘုရားကျောင်း၏ တပည့်များကို ဦးဆောင်ကာ ယွီရှန်းရုန်ကို ဝိုင်းထားလိုက်ကြသည်။

“အနီးမကပ်ကြနဲ့ … အဲဒါ ဓားနတ်ဆိုး။ လောင်ချန်းပေ့ကို စောင့်လိုက် ” သွမ့်ရှင်းက လက်မြောက်ကာ တခြားလူများအား တားလိုက်သည်။

ရှပ် ရှပ် ရှပ်

လုကျိုးက လက်နောက်ပစ်လျက် လျှောက်လှမ်းလာသည်။

…

အခန်း (၃၃၅) ဟိုမှာတောက်ပတဲ့လတစ်စင်းရှိတယ်

“တင်း ... လူလိမ်လူကောက်ယွီရှန်းရုန်ကို ဖမ်းမိပါပြီ ... ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင်”

ယခုအချိန်တွင် လုကျိုးအတွက်လောနေရန်မလိုအပ်တော့ချေ။

ချုပ်နှောင်ခြင်းမန္တန်၏လွှမ်းမိုးမှုအောက်၌ ယခုတွင် ယွီရှန်းရုန်က သူ၏ကျင့်ကြံဆင့်မရှိတော့ပေ။ သူမည်သည့်နေရာကို ပြေးနိုင်မည်နည်း။

ပိန်လှီနေသော သစ်ကုလားအုတ်က မြင်းတစ်ကောင်ထက်ထွားသေးသည်။ တွမ့်ရှင်းနှင့် ကျန်သည့်သူများက အကွာအဝေး ထိန်းထားရသည့်အကြောင်းအရင်းကို လုကျိုးနားလည်၏။ ဆိုရလျှင် သူတို့ရှေ့ရှိလူက ဓားနတ်ဆိုးဖြစ်သည်။ သူသည် လောကကြီးထဲရှိဓားလက်ရွေးစင်များကို စိန်ခေါ်ရန်သာ သိသူဖြစ်၏။ ရန်စတာမဟုတ်ပေ ... သူနှင့်ယှဉ်လျှင် မိစ္ဆာဘုရားကျောင်းတပည့်များက ယင်ကောင်များသာ ဖြစ်နေ၏။

တွမ့်ရှင်းက တံတွေးမျိုချပြီးနောက် လက်သီးဆုပ်မိုးလျက်ပြောလိုက်တော့၏။

“နှုတ်ဆက်ပါတယ် ... စီနီယာဓားနတ်ဆိုး”

ကျန်သည့်သူများက အရိုအသေပေးပြီးနောက် မလှုပ်ရဲတော့ချေ။

ယွီရှန်းရုန်က မြေကြီးပေါ်လဲသွားပြီးနောက် မိစ္ဆာဘုရားကျောင်းမှလူများကိုတွေ့လိုက်ရသည်။ ချုပ်နှောင်ခြင်းမန္တန်၏ ထူးဆန်းပုံကြောင့် သူအံ့ဩနေတာ ဖြစ်သည်။ သူက ထထိုင်ပြီး သက်တော်ရှည်ဓားကို ဆွဲကိုင်လိုက်၏။ ၎င်းကို မြေကြီးဆီထိုးစိုက်ပြီး ထရပ်ရန်ကြိုးစားလိုက်သည်။ သူ၏အမူအ‌ရာကမပြောင်းလဲပေ။

ယွီရှန်းရုန်က တွမ့်ရှင်းနှင့်ကျန်သည့်သူများကိုမကြည့်ပေ။ သူတို့အဆင့်ရှိသူများက သူနှင့် လက်ဆုံပြောနိုင်ဖို့ အရည်အချင်းမမှီပေ။ သူက အသက်အနည်းငယ်ရှူပြီးနောက် သူ့ဆီသို့ လျှောက်လာနေသော သူ၏ရှစ်စွင်းကို ကြည့်လိုက်သည်။ သူ့ရှေ့ရှိ အဘိုးကြီးသည် သူ စွမ်းအားကင်းမဲ့မှု အရိပ်အယောင်ကို ထုတ်ဖော်နိုင်စွမ်းရှိသည့် တလောကလုံးရှိ တစ်ဦးတည်းသောသူဖြစ်သည်။

လုကျိုးသည် ယွီရှန်းရုန်နှင့် မီတာအနည်းငယ်ကွာသည့်အချိန်၌ ရပ်တန့်လိုက်လေ၏။

အလင်းခွင်းတိမ်တိုက်တောအုပ်သည် ယခုအချိန်တွင် သေလုနီးပါး တိတ်ဆိတ်သွားတော့သည်။

လုကျိုးက ယွီရှန်းရုန်ကို တိတ်တိတ်ဆိတ်ဆိတ် တည်ငြိမ်စွာ ကြည့်လိုက်လေ၏။

ဒေါင် … ဒေါင် ... ဒေါင်

တိမ်တောက်ရှိုးနွီကျောင်းတော်၏ ခေါင်းလောင်းသံက ပေါ်ထွက်လာပြီးတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။

လုကျိုးက အံ့အားသင့်သွားလေ၏။ တိမ်တောက်ရှိုးနွီကျောင်းတော်၌ သူနေထိုင်စဉ်အတွင်း မိုးသောက်ခေါင်းလောင်းသံနှင့် ကြေးစည်သံကို သူအသားကျနေပြီးဖြစ်၏။ သို့သော် တောအုပ်က ယခုအချိန်တွင် မရှိတော့ဘဲ ရှိုးနွီများကလည်းအဝေးသို့ရောက်နေပြီဖြစ်၏။ ခေါင်းလောင်းသံက မည်သည့်နေရာကနေ ပေါ်ထွက်လာသနည်း။ နောက်ဆုံးတွင် သူက မေးလိုက်တော့၏။ “ငမိုက်သား စီးဝူယာ့ဘယ်မှာလဲ”

ယွီရှန်းရုန်က ခေါင်းခါလိုက်၏။ “သူထွက်သွားပြီ”

လုကျိုးသည် ယွီရှန်းရုန်၏မျက်လုံးထဲရှိ မလိုလားမှုကို မြင်သောအခါ မေးလိုက်လေ၏။ “ငါ မင်းရဲ့ကျင့်ကြံဆင့်ကိုပေးခဲ့တာ မင်းရထားတာ ဒါအကုန်ပဲလား”

ယွီရှန်းရုန်က ဇဝေဇဝါဖြစ်သွားသည်။ သူ့ရှစ်စွင်းဆိုလိုတာကို သိချင်၏။ သို့သော်ငြား သူဘာမှမပြောပေ။

အနိုင်ရသူက ဘုရင်ဖြစ်ပြီး အရှုံးသမားက အရှုံးဝန်ခံရုံသာရှိသည်။ ယင်းက အချိန်မမှတ်နိုင်သည့် ကာလတည်းက ခက်ခဲသောအမှန်တရားပဲဖြစ်သည်။

“သူ့ကိုခေါ်သွား” လုကျိုးက လက်ဝေ့ယမ်းလိုက်၏။

တွမ့်ရှင်းက အရိုအသေပေးလိုက်တော့သည်။ “နားလည်ပါပြီ”

ယွီရှန်းရုန်သည် တွမ့်ရှင်းနှင့် ကျန်သည့်သူများကို ကြည့်လိုက်သည်။ သူ့လက်တွင် ခွန်အားအချို့ထည့်လျက် ထရပ်လိုက်သည်။ သူက ပြောလိုက်၏။

“ငါ့ဖာသာငါ လမ်းလျှောက်နိုင်တယ်”

တွမ့်ရှင်းနှင့်ကျန်သည့်သူများနောက်ဆုတ်သွား၏။ သူတို့က ခေါင်းငုံ့ထားကာ မော့မကြည့်ရဲပေ။ တွမ့်ရှင်းက အသုံးမကျသလိုခံစားရ၏။ ယွီရှန်းရုန်က ယခုအချိန်တွင် အကျဉ်းသားတစ်ဦး ဖြစ်နေသည့်တိုင် သူက တွမ့်ရှင်းဖြေရှင်းလို့ရသည့်သူ မဟုတ်ပေ။ သို့သော်ငြား ယွီရှန်းရုန်ကဲ့သို့ ပြိုင်စံရှားတစ်ယောက်ကို သူ့ဆရာဖမ်းလိုက်တာ မျက်မြင်တွေ့ရတာ ကံကောင်းသည်ဟု ခံစားမိသည်။ အဘိုးကြီးတစ်ယောက်ဖြစ်လာချိန်၌ ထိုအကြောင်း မျက်မြင်တွေ့ခဲ့တာကို ကြွားကောင်းကြွားနိုင်လိမ့်မည်။ တစ်ချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ပထမနှင့် ဒုတိယတပည့်ကြားရှိ တိုက်ပွဲ အံ့ဩဖွယ်ကောင်းပုံ၊ ခမ်းနားကြီးကျယ်ပုံကိုလည်း သူပြန်ပြောနိုင်၏။ သူ၎င်းကို ဘယ်တော့မှမေ့မှာမဟုတ်ပေ။

ယွီရှန်းရုန်သည် လက်တစ်ဖက်ဖြင့် သူ၏သက်တော်ရှည်ဓားကို သယ်ဆောင်ထား၏။ ဘာမှမဖြစ်သလိုပင်သယ်ဆောင်သွားသည်။

လုကျိုးက ကျန်သည့်သူများကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။

“အခုတော့ တိမ်တောက်ရှိုးနွီကျောင်းတော်ကို ပြန်ကြဦး”

ယွီရှန်းရုန်က ဆွံ့အသွားလေ၏။ ဆိုလိုတာက သူ့ရှစ်စွင်းက တစ်ချိန်လုံး တိမ်တောက်ရှိုးနွီကျောင်းမှာ စောင့်နေတာလား ... ဒီလိုသာဆိုရင် သူ့ရဲ့ရှစ်စွင်းက သူ့ဖာသာသူပုန်းနေပြီး တတိယလူရဲ့ အကျိုးအမြတ်ကို ဘာကြောင့်ရိတ်သိမ်းလိုက်တာလဲ ... ကံဆိုးတာက အခုအချိန်မှာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူးလေ။ သူရွေးချယ်စရာမရှိဘဲ တိမ်တောက်ရှိုးနွီကျောင်းတော်သို့သွားရန် လုကျိုးနောက်လိုက်သွားရသည်။

ကျန်သည့်သူများထွက်သွားပြီးနောက် အလင်းခွင်းတိမ်တိုက်တောအုပ်၏ အတွင်းပိုင်း၌ စီးဝူယာ့က သက်ပြင်းချလိုက်သည်။ ၎င်းကို သူမြန်မြန်ဆန်ဆန်သတိမပြုမိလျှင် သူလည်းအဖမ်းခံရမှာပဲဖြစ်၏။ သူက သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားလိုက်သည်။ အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်ပြီးနောက် ရေရွတ်ပြောလိုက်တော့သည်။

“သနားဖို့ကောင်းလိုက်တဲ့ အာ့ရှစ်ရှိုး ... ကျွန်တော်အခုဘာလုပ်သင့်လဲ”

စီးဝူယာ့က ခေါင်းခါလိုက်သည်။ ထိုချုပ်နှောင်ခြင်းမန္တန်ကိုတွေးမိချိန်၌ သူမျက်မှောင်ကျုံ့သွား၏။ တူညီသောနည်းလမ်းက ထပ်ဖြစ်လာပြန်၏။ ယင်းက အစောတုန်းက သူ၏တွက်ချက်မှုကို သတိပေးခဲ့သည်။ သူ၏ရှစ်စွင်းက အသက်အကန့်အသတ်ကိုကျော်လွှားရန် နည်းလမ်းတစ်ခု ရှာတွေ့ပြီဖြစ်သည်။

ထိုအကြောင်းကို တွေးမိသောအခါ စီးဝူယာ့က ခြောက်ကပ်ကပ်ပြုံးလျက် ခေါင်းခါလိုက်တော့သည်။

“သွင်ပြင်ကိုထိန်းဖို့အတွက် ကိုယ့်ဖာသာကိုပဲ ငရဲကနေဖြတ်ကျော်ဖို့ကြိုးစားနေတာ ဒဏ်ရာ ရထားတဲ့အချိန်မှာတောင် မာရေကျောရေနေနေသေးတယ်။ ဒီလိုလုပ်လို့ဘာရမှာလဲ” သူ၏ အာ့ရှစ်ရှိုးကသာ သူ၏ဂုဏ်သိက္ခာကို အရေးမထားခဲ့လျှင် သူက ဖမ်းချုပ်ခံရခြင်းမှ လွတ်မြောက်နိုင်၏။ ယင်းက ကံကြမ္မာဖြစ်လောက်သည်။

တိမ်တောက်ရှိုးနွီကျောင်းရှိ တိမ်တောက်တောင်ထွတ်ပေါ်တွင်ဖြစ်သည်။

သစ်ရွက်တရာရေကန်နှင့်မျက်နှာချင်းဆိုင်အခန်းတွင် လုကျိုးက လက်နောက်ပစ်ထားလျက် ပြတင်းပေါက်ဘေးသို့ထွက်သွားလိုက်သည်။ သူက ပျက်စီးသွားသော သစ်ရွက်တစ်ရာရေကန်ကို ကြည့်လိုက်လေ၏။

ယွီရှန်းရုန်က သူ့နောက်တွင် မျက်နှာသေဖြင့်ရပ်နေလေ၏။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် လုကျိုးက ပြောလိုက်တော့သည်။ “ထိုင်”

ထန်း

သက်တော်ရှည်ဓားက ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။ ဤအဆင့်တွင် ယွီရှန်းရုန်က သူ၏သွင်ပြင်အကြောင်း ဂရုမစိုက်တော့ပေ။ သူက ဓားကိုတခါတည်းကောက်လိုက်၏။ ကျန်သည့်အချိန်တွင်သာဆိုလျှင် သက်တော်ရှည်ဓားက ဘယ်တော့မှ ပြုတ်ကျမှာမဟုတ်ပေ။ သူနှင့် သက်တော်ရှည်ဓားနှင့် ဆက်နွယ်မှုက ပြီးပြည့်စုံနေပြီဖြစ်သည်။ သူ၏ကနဦးချီသည် သူ၏စေ့ဆော်မှုမပါဘဲ ရုပ်သိမ်းသွား၏။

လုကျိုးက ယွီရှန်းရုန်၏လက်ထဲရှိသက်တော်ရှည်ဓားကိုကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်ပြီးပြောလိုက်၏။

"မင်း မျှော်နန်းမှာ နှစ်ပေါင်း ၂၇၅ နှစ် ရှိလာခဲ့တာ ငါ မင်းကိုပြောထားတဲ့ပထမဆုံးစည်းမျဉ်းကို မှတ်မိသေးလား”

ယွီရှန်းရုန်က ပြတင်းကပေါက်နေဖြတ်လျက် သစ်ရွက်တရာရေကန်ကိုကြည့်လိုက်လေ၏။ သူ့ရှစ်စွင်း၏မေးခွန်းကြောင့် အနည်းငယ် ကြောင်အသွားသည်။ ပြီးနောက် သူက ဖြေလိုက်တော့သည်။

“အချင်းချင်းရန်မဖြစ်ရဘူး”

“ဒါတောင် မင်းက အဲဒီစည်းမျဉ်းကိုချိုးဖောက်ခဲ့တယ်”

“တာ့ရှစ်ရှိုးနဲ့ ကျွန်တော်က လက်ရည်ချင်းယှဉ်နေရုံ” ယွီရှန်းရုန်က ပြန်ပြောသည်။

“လက်ရည်ယှဉ်တယ်လား” လုကျိုးက တဖက်သို့ တဖြည်းဖြည်းလှည့်သွား၏။ သူက ခုံပေါ်တွင် ထိုင်လိုက်သည်။ ယွီရှန်းရုန်၏သက်တော်ရှည်ဓားကိုစိုက်ကြည့်ပြီးပြောလိုက်၏။ “ငါက မင်းကို ကျင့်ကြံဆင့်နဲ့လက်နက်တွေကို ချီးမြှင့်ခဲ့တဲ့သူဆိုတော့ အဲ့တာတွေကို ပြန်ယူနိုင်တယ်” ထိုစကားကို ယွီရှန်းရုန်ကြားသောအခါ စိတ်လေးသွားလေ၏။ သူသည် အလိုလိုပင် သက်တော်ရှည်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်မိ၏။ သူ၏ရှစ်စွင်းမှအပ မည်သူ့ကိုမှ သူတစ်ခါမှ မကြောက်ဖူးပေ။ သူ၏ ဂုဏ်သိက္ခာ၊ ခွန်အားတို့သည် သူ၏ရှစ်စွင်းရှေ့၌ ပြက်လုံးတစ်ခုပမာထင်မှတ်ရ၏။ သူက မတရားခံရသော ကလေးတစ်ယောက်ပမာ တိတ်ဆိတ်နေတော့သည်။

လုကျိုးသည် ယွီရှန်းရုန်ကို ကြည့်ပြီးမေးလိုက်တော့၏။

“မင်း မိစ္ဆာဝေဟင်မျှော်နန်းကနေ ဘာကြောင့်ထွက်သွားတာလဲ”

ယွီရှန်းရုန်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်တော့၏။ သူက မော့ကြည့်ပြီးမေးလိုက်တော့သည်။

“ရှစ်စွင်း တကယ်မမှတ်မိဘူးလား”

လုကျိုးသည် သူ၏ပျောက်ဆုံးသွားသောမှတ်ဉာဏ်များကိုပြန်တွေးလိုက်၏။ အတော်ကြာ တွေးခဲ့တာဖြစ်သည်။ အမှန်အတိုင်းဖြေလိုက်တော့၏။

“ငါ မေ့သွားပြီ” ယင်းက အမှန်တရားပဲဖြစ်သည်။ သူ၏မှတ်ဉာဏ်တချို့ဆုံးရှုံးသွားခဲ့သည်။

ယွီရှန်းရုန်သည် သူ့ရှေ့ရှိအဖိုးအိုကို စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ရှုပ်ထွေးသောအကြည့်တို့ဖြင့် ပြောလိုက်သည်။ “ချီရှစ်တိက ခင်ဗျားပြောင်းလဲသွားပြီလို့ပြောခဲ့တာ ... ဒါပေမဲ့ အစတုန်းက ကျွန်တော်မယုံခဲ့ဘူး”

ဖြစ်နိုင်သည်မှာ အချိန်အတော်ကြာပြီးမှ သူ၏ရှစ်စွင်းကို ကြုံတွေ့ရတာ ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့် ယွီရှန်းရုန်သည် အတိတ်တုန်းက ကိစ္စရပ်များစွာကို ရုတ်တရက် ပြန်တွေးမိသွား၏။ သူ၏မိစ္ဆာဝေဟင်မျှော်နန်းသို့ဝင်ကာစ၌ ကောင်ငယ်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ သူတောင် မသိလိုက်ခင် ရာစုနှစ်သုံးစု ကုန်ဆုံးသွားပြီဖြစ်သည်။ ယခုဆို သူ၏နာမည်ကို ကြားသူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် ဓားနတ်ဆိုးဖြစ်လာခဲ့သည်။ တစ်ဖက်တွင်မူ သူ၏ရှစ်စွင်းက အသက်ဓာတ်ကုန်ခါနီးပြီ ဖြစ်၏။ သူက စိတ်ခံစားချက်များ ပြည့်လာလေ၏။

“ဒါက အရေးမကြီးဘူး” လုကျိုးက အသံအတက်အကျမရှိ ပြောလိုက်တော့၏။

ယွီရှန်းရုန်က ပြောလိုက်တော့၏။

“အဲဒါကိုမေ့သွားတာလဲကောင်းပါတယ်”

“မင်း ... ငမိုက်သား” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ သူ၏ အသံက ကြည်ပြီးကျယ်လောင်၏။ သူက လက်နောက်ပစ်ထားလျက် လျှောက်လာလိုက်သည်။

ယွီရှန်းရုန်က ချက်ချင်းဒူးထောက်လိုက်သည်။ သို့သော်ငြား သူက ဆိတ်ဆိတ်နေမြဲသာနေ၏။

အော်ဟစ်လိုက်ပြီးနောက် လုကျိုးက ယွီရှန်းရုန်ကို စိုက်ကြည့်တော့သည်။

“မင်း စကားမပြောဘူးလား”

ယွီရှန်းရုန်က ကြမ်းပြင်ကိုစိုက်ကြည့်နေလျက်ပြောလိုက်သည်။

"အဲဒါက ရှစ်စွင်းကောင်းဖို့အတွက်ပဲ ... အဲ့ဒီအကြောင်းမေ့သွားတာ အကောင်းဆုံးပဲ”

လုကျိုးက လက်မြှောက်လိုက်သည်။ စွမ်းအင်လှိုင်းက ပေါ်ထွက်လာ၏။ ယင်းက ပြင်းလည်းမပြင်း ပျော့လည်းမပျော့ပေ။

ဘန်း ................

ယွီရှန်းရုန်က မရှောင်ပေ။ သူ့ခေါင်းက တစ်ဖက်သို့လည်ထွက်သွား၏။ ရိုက်ချက်က စူးသည်။

“တင်း ... ယွီရှန်းရုန်ကို အပြစ်ပေးပြီးပါပြီ ... ဆုလာဘ်ကုသိုလ်မှတ်သုံးရာ"

“ငါ့မှာ လောကကြီးအတွက် အချိန်အားလုံးရှိနေတာ” လုကျိုးက ဟောက်လိုက်၏။ “လူတွေ...”

…

အခန်း(၃၃၆) မိတ်ဆွေဟောင်းနှင့် တွေ့ဆုံသလိုမျိုး

တွမ့်ရှင်းက ဒီလိုအရာမျိုး မျှော်လင့်ထားဟန်ပေါ်သည်။ သူက ချက်ချင်း ပြန်ဖြေလိုက်၏။

“ လောင်ချန်းပေ့ ကျွန်တော့်ကို ခေါ်လား။ ကျွန်တော် ဒီမှာပါ … ကျွန်တော် ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ပါတယ်။ လောင်ချန်းပေ့ ပြောသာပြောလိုက်ပါ”

“သူ့ကို ခေါ်သွားလိုက် ”

ချွမ်

လုကျိုးက လက်အသာဝေ့လိုက်သည်။ လေတစ်ချက်အဝှေ့က တံခါးကို ပွင့်သွားစေသည်။ သူက လက်နောက်ပစ်လျက် ထွက်လာပြီး အသာရေရွတ်လိုက်သည်။ “နတ်ခြင်္သေ့ ”

နတ်ခြင်္သေ့က တိမ်တိုက်ပေါ်မှ ရောက်လာကာ ခြံဝန်းထဲ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ လုကျိုးက နေမင်းကြီးကို မော့ကြည့်လိုက်မိသည်။

နေမွန်းတည့်ချိန်တောင် ရောက်နေလေပြီ။

ထိုစဉ် တွမ့်ရှင်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ရုတ်ခြည်း မေးလာသည်။

“ လောင် … လောင်ချန်းပေ့ ကျွန်တော် ဘယ်သူကို ခေါ်သွားပေးရမှာလဲ”

ယွီရှန်းရုန်က အခန်းထဲမှ ထွက်လာသည်။ သူ့သွင်ပြင်နှင့် ပုံစံအနေအထားက မည်သူမှ မထိတွေ့နိုင်သည့်အလား ပြသနေသည်။ သူက အားလုံးကို အလှမ်းခွာထားသည့် လေထုမျိုး ထုတ်လွှင့်ထားသည်။

တွမ့်ရှင်းက ယွီရှန်းရုန်အနား မကပ်ရဲသည်မှာ ပုံမှန်သာ ဖြစ်၏။

လုကျိုးက လှည့်မေးလိုက်သည်။

“ မင်း ကြောက်နေလား ”

တွမ့်ရှင်းက ကြောင်သွားလေသည်။ သူက သူ့ဘာသာ အားပေးဖို့ ကြိုးစားရင်း ပြောလိုက်သည်။

“ မကြောက်ပါဘူး။ လောင်ချန်းပေ့ တစ်ယောက်လုံး ရှိတာပဲ။ ကျွန်တော် ကြောက်စရာ မရှိပါဘူး”

“ကောင်းတယ် ”

တွမ့်ရှင်းက ယွီရှန်းရုန်ဆီ လျှောက်လာလိုက်သည်။

ယွီရှန်းရုန်က တွမ့်ရှင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် တခြားနေရာဆီ အကြည့်လွှဲသွားလေသည်။

တွမ့်ရှင်းက မျက်ရည်ဝဲလုမတတ် ဖြစ်နေရှာသည်။

သူက ဘယ်လိုလုပ် မကြောက်ဘဲနေမှာလဲ … မဖြစ်နိုင်တာ

လုကျိုးက နတ်ခြင်္သေ့ပေါ် တက်စီးလိုက်သည်။ သူတို့က တိမ်တောက်ရှိုးနွီကျောင်းအထက် ကောင်းကင်ယံတွင် ဝဲပျံနေလေ၏။ အစပိုင်းတွင် သူက အတိတ်ကို ပြန်လည်အောက်မေ့ရင်း ရက်နည်းနည်း နေဖို့ စိတ်ကူးထားခဲ့သည်။ ရှိုးနွီကျောင်းကို ကြည့်မိသည့်အခါ အတိတ်နှင့် နောင်တများကို ပြန်လည်မြင်ယောင်လာခဲ့သည်။ သို့သော်လည်း သူ့တွင် လုပ်စရာများ ရှိနေသေး၏။ သူ့အနေနှင့် ပြန်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

လေထဲ ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာပြန်သည်။

တိမ်တောက်ရှိုးနွီကျောင်းက တောင်ပေါ်မှာ ဘယ်လောက်တောင်ဝေးလိုက်သလဲ … တောနင်းလမ်းပင် မကျန်ခဲ့ပေ။

လုကျိုးက တိမ်တောက်ရှိုးနွီကျောင်းမှ ထွက်သွားဖို့ ပြင်လိုက်သည့်အချိန် ဗုဒ္ဓအရှင် ရွှမ်ကျင်း ပေါ်လာသည်။ သူမက လက်အုပ်ချီကာ လုကျိုးအား ပြောလိုက်သည်။

“ အောမိတောဖော … ဒကာကြီးကျိ လမ်းခရီးဂရုစိုက်ပါ ”

လုကျိုးက သက်ပြင်းချလိုက်သည်။ သူက ရွှမ်ကျင်းတွင် ကျင်းယန်၏ အငွေ့အသက်များကို ပြန်နေရသည်။

ခေါင်းမာပြီး သီးခြားဆန်ပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာတဲ့သူ …

ဒီလှပတဲ့ နေရာလေးကို စွန့်ပစ်ခဲ့လျှင် နောင်တရပြီး နှမြောစရာ ဖြစ်နေပေမည်။

ဤနေရာက အရှုပ်အထွေးများကြားမှ သီးခြားခွဲထွက်နေသည်။ အပူရှောင်ကာ ပြန်လည်အားဖြည့်ဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်သာ ဂိုဏ်းတည်ထောင်ပြီး တပည့်များ ခေါ်မည်ဆိုလျှင် ကျင့်ကြံရေးအတွက်လည်း နေရာကောင်း ဖြစ်လာလိမ့်မည်။ အကယ်၍ နောင်အခါ သူ့တွင် လုပ်စရာမရှိဘဲ အနားယူချင်လာလျှင် ဒီနေရာကိုတော့ တွေးမိလိမ့်မည်။

လုကျိုးက ထိုအတွေးဖြင့် ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “ စာကြည့်ခန်းထဲက ငါ့ပုံတူထဲမှာ ဗုဒ္ဓကျင့်စဉ်တစ်ခု ချန်ခဲ့တယ်။ မင်း ကောင်းကောင်းလေ့ကျင့်ပြီးတော့ တစ်ဝက်တစ်ပျက် လက်မလျှော့ဖို့ မျှော်လင့်တယ်။ တိမ်တောက်ရှိုးနွီကျောင်းက နေရာကောင်းပါ ”

ရွှမ်ကျင်းက ထိုအကြောင်းကြားသည့်အခါ သူမ၏ မှေးမှိန်နေသည့် မျက်ဝန်းများက ပြန်လည်အသက်ဝင်လာသည်။ သူမက ဒူးထောက်ကာ “ ဒကာကြီးကျိ ကျေးဇူးတင်ပါတယ်။ ဆရာကိုယ်စားလည်း ကျေးဇူးတင်ပါတယ်”

“ကိုယ့်ဘာသာ ဂရုစိုက်ပါ” လုကျိုးက နတ်ခြင်္သေ့ကျောပေါ်တက်ကာ တိမ်ပင်လယ်ထဲ ပျံသန်းသွားတော့သည်။

တွမ့်ရှင်းက ယွီရှန်းရုန်အား စွမ်းအားဖြင့် သယ်ကာ လုကျိုးနောက်မှ လိုက်သွားလိုက်သည်။

“ ဂိုဏ်းချုပ် ကောင်းကောင်းသွားပါ။ ကျွန်တော်တို့ မိစ္ဆာဘုရားကျောင်းကနေ စောင့်နေပါ့မယ် ”

……………….

မိစ္ဆာဝေဟင်မျှော်နန်း၌

နေဝင်ခါနီးအချိန်တွင် ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က ကွင်းပြင်ထဲ လက်ရည်စမ်းနေကြသည်။ သူတို့က တိမ်ပင်လယ်ကြားမှ နတ်ခြင်္သေ့ကို မြင်လိုက်ရသည်။

“မျှော်နန်းသခင် ပြန်ရောက်လာပြီ”

ဖန်ကျုံးက တွမ့်ရှင်းတစ်ယောက် နတ်ခြင်္သေ့နောက်မှ ယွီရှန်းရုန် ခေါ်လာသည်ကို မြင်လိုက်သည့်အခါ စိတ်ရှုပ်သွားဟန်ဖြင့် “အဲနှစ်ယောက်က ဘယ်သူတွေလဲ ”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ကျင့်မင်တာအိုဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်း အသီးသီးမှ ဖြစ်ခဲ့ပြီး ဝါစဉ်နုကြသေးသူများ ဖြစ်၏။ အလွန်ဆုံး သူတို့က ယွီရှန်းရုန်၏ ဇာတ်ကြောင်းများကိုသာ ကြားဖူးကြသည်။ သူ့ကို မမှတ်မိသည်မှာ ပုံမှန်သာ ဖြစ်၏။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့သာ မကပေ။ နာမည်ကျော် အများစုလည်း ယွီရှန်းရုန်ကို မသိကြပေ။

ဖန်ကျုံးက လေ့လာလိုက်ကာ “ ကြည့်ရတာ သူက အသစ်ထင်တယ် ”

“ ဟုတ်လောက်တယ်” နှစ်ယောက်သား ယခင်အမှားများမှ သင်ယူထားကာ လေးစားရိုကျိုးပြီး နှိမ့်ချနေဖို့သာ ဆုံးဖြတ်ထားကြသည်။ မည်သူဖြစ်ဖြစ် သူတို့က သိုသိုသိပ်သိပ်နေသည်က ပိုကောင်းသည် မဟုတ်ပါလော။ ပြောရလျှင် မျှော်နန်းသခင်က သာမန်လူများကို ဘယ်တော့မှ စိတ်မဝင်စားခဲ့ဖူးပေ။

ခဏအကြာတွင် နတ်ခြင်္သေ့က ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

လုကျိုးက နတ်ခြင်္သေ့ကျောပေါ်မှ ခုန်ချကာ အင်္ကျီလက်ဖျားကို ခါလိုက်ပြီး “သူ့ကို ပြန်လည်သုံးသပ်ရေးဂူထဲ ပိတ်ထားလိုက်”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က အနည်းငယ် အံ့ဩသွားကြသည်။

သူက လူသစ် မဟုတ်ဘူးလား …

ဖန်ကျုံးက ယခင်က ဖြစ်ခဲ့ဖူးသလိုမျိုး ခံစားလိုက်ရသည်။ သူက ကျူးဟုန်ကုန်း မိစ္ဆာဝေဟင်မျှော်နန်းဆီ ပထမဆုံး ပြန်ခေါ်လာစဉ်ကဖြစ်ရပ်ကို ပြန်လည် အမှတ်ရသွားလေသည်။ သူ့နှလုံးခုန်နှုန်းပင် မြန်သွားမိ၏။

ဒီလူယဉ်ကျေး အမျိုးသားက မျှော်နန်းသခင်ရဲ့ တပည့်ထဲက တစ်ယောက်ပဲလား …

သူက ပထမသခင်လေးလား ဒုတိယသခင်လေးလား …

မည်သို့ပင်ဆိုစေကာမူ သူတို့က သူ တွေ့နိုင်မည့် လူမျိုး မဟုတ်ပေ။

ဖန်ကျုံးက ကျိုးကျစ်ဖုန်းကို တံတောင်ဖြင့် တွတ်လိုက်သည်။ သူက နတ်ဘုရားလို ပြိုင်ဘက်မျိုးကို မကြောက်ဘဲ ဝက်လို အသင်းဖော်မျိုးကိုသာ ကြောက်လေသည်။ ကျိူးကျစ်ဖုန်း တစ်ယောက် ကရောသောပါး မလုပ်မိဖို့သာ မျှော်လင့်မိ၏။

နှစ်ယောက်လုံးက ပြိုင်တူပြောလိုက်ကြသည်။ “နားလည်ပါပြီ ”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ယွီရှန်းရုန်နှင့် တွမ့်ရှင်းဆီ လျှောက်လာကာ “ဒီဘက်ကို ကြွပါ ”

သူတို့အပြုအမူများက ရိုကျိုးပြီး အနေအထားကအစ မှန်မှန်ကန်ကန် ရှိ၏။ သူတို့လေသံနှင့် အမူအရာပင် ဟာကွက် မရှိပေ။ သူတို့က သူတို့ဘာသာ ကျေနပ်နေကြသည်။

လုကျိုးက သူတို့ဘက် လှည့်ကြည့်လာပြီး “ မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ”

“ဟမ် ”

တွမ့်ရှင်းက လက်ဝေ့ကာ “ ကျုပ်က ဧည့်သည်ပါ … ကျုပ် မဟုတ်ဘူး ”

သူက ယွီရှန်းရုန်ကို လက်ညှိုးထိုးပြလိုက်သည်။ ယွီရှန်းရုန်က သူတို့အပြုအမူများသည် ရယ်စရာကောင်းကြောင်း တွေးမိကာ အသာပြုံးလိုက်ရင်း “ ငါ့ဘာသာ လမ်းလျှောက်နိုင်တယ်။ မင်းတို့ အလုပ်ရှုပ်ဖို့ မလိုဘူး”

သူက ယဉ်ကျေးသိမ်မွေ့ကာ တောင်အနောက်ဘက်ဆီ ဦးတည်သွားလိုက်သည်။

တောင်အနောက်ဘက်ရှိ ပြန်လည်သုံးသပ်ရေးဂူဝ၌ အကာအရံတစ်ခု ထားရှိလေသည်။ အထဲဝင်နိုင်သော်လည်း ပြန်မထွက်လာနိုင်ပေ။

ယွီရှန်းရုန်က ကျင့်ကြံဆင့် ဆုံးရှုံးထားပြီ ဖြစ်၍ အကာအရံထဲ ဖြတ်ကျော်လိုက်သည်နှင့် ပြန်ထွက်လာဖို့ မဖြစ်နိုင်သလောက်ပင်။

ကျိုးကျစ်ဖုန်းက ယွီရှန်းရုန်နှင့်အတူ ပါလာပြီး ပြန်လည်သုံးသပ်ရေးဂူဆီ ပို့လိုက်သည်။

ထိုစဉ် လုကျိုးက ဖန်ကျုံးအား ကြည့်လိုက်ကာ “လောင်စစ်ရော မရှိဘူးလား ”

“စတုတ္ထသခင်လေးနဲ့ နဝမသခင်မလေးတို့က ပြန်မရောက်သေးပါဘူး။ ဒါပေမဲ့ စတုတ္ထသခင်လေးက မနက်ဖြန် ပြန်လာမယ်လို့တော့ စာပို့ထားပါတယ်” ဖန်ကျုံးက ပြန်ဖြေလိုက်သည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းဘက် ပြန်လာလိုက်သည်။

တွမ့်ရှင်းက ဘာလုပ်ရမှန်း မသိတော့ပေ။

ဖန်ကျုံးက တွမ့်ရှင်းအား အဓိပ္ပာယ်ပါစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဒီကလူကြီးမင်းကို ဘယ်လိုခေါ်ရမလဲ ”

“မိစ္ဆာဘုရားကျောင်းက တွမ့်ရှင်း” တွမ့်ရှင်းက လက်နှစ်ဖက်ယှက်လိုက်သည်။

“ အဲဒီယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသားက ဘယ်သူများလဲ” ဖန်ကျုံးက မေးလိုက်သည်။

“ ဒုတိယတပည့် ယွီရှန်းရုန် ” တွမ့်ရှင်းက ပြန်ဖြေလိုက်သည်။

ဖန်ကျုံးက အသက်ပြင်းပြင်းရှုလိုက်မိသည်။

တော်သေးတယ် …ငါလေးက သောက်ရမ်းဉာဏ်ကောင်းသွားလို့။

ကျိုးကျစ်ဖုန်းက ယွီရှန်းရုန်နောက်မှ ပြန်လည်သုံးသပ်ရေးဂူဆီ လိုက်လာလိုက်သည်။ သူက ရယ်မောကာ ခေါင်းညွှတ်လိုက်ရင်း “ ဒီဘက်ပါ ဒီဘက်ပါ ”

ယွီရှန်းရုန်က မနေနိုင်ဘဲ ခေါင်းခါလိုက်မိသည်။ သူက ကျိုးကျစ်ဖုန်းအား လှည့်ကြည့်ကာ “ နှိမ်တာတော့ မဟုတ်ပေမဲ့ ရှစ်စွင်းရဲ့ စံနှုန်းက အတော်လေး လျော့ကျသွားပုံပဲ ”

တခြားနည်းဖြင့်ဆိုရလျှင် လုကျိုးက ယွီရှန်းရုန်ကို ဘယ်သူမှန်း မသိဘဲ ပင့်မြောက်လိုမှုဖြင့်သာ ပြည့်နေသည့် လူတစ်ယောက်ကို ခွင့်ပြုပေးထားသောကြောင့် လုကျိုးတွင် ပြောလောက်စရာ စံနှုန်းမျိုး မရှိတော့ကြောင်း ဆိုလိုနေသည်။

ကျိုးကျစ်ဖုန်းက ခေါင်းညိတ်ကာ “ ဟုတ်တယ် ”

ခဏအကြာ ပြန်လည်သုံးသပ်ရေးဂူဆီ ရောက်လာသည့်အခါ ကျိုးကျစ်ဖုန်းက လက်နှစ်ဖက်ယှက်ကာ “အဋ္ဌမသခင်လေး”

“ ဘာကိစ္စလဲ မြန်မြန်ပြော … မင်းအဘိုးကျူးက ဒီမှာ ကျင့်ကြံဖို့ ကြိုးစားနေတယ်။ အရေးကြီးကိစ္စ မဟုတ်ရင် ငါ့ကို လာမနှောင့်ယှက်နဲ့” ကျူးဟုန်ကုန်း၏ အသံက ဂူထဲမှ ထွက်လာသည်။

“မျှော်နန်းသခင်က ပြန်လည်သုံးသပ်ရေးဂူဆီ တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်လို့ပါ။ အဋ္ဌမသခင်လေး စိတ်ထဲမထားလို့ မျှော်လင့်ပါ … ”

ကျိုးကျစ်ဖုန်းက ကျူးဟုန်ကုန်းသည် စိတ်တိုနေသည့်အသံဖြင့် ပြန်ဖြေလာသောကြောင့် ပြောလက်စပင် ရပ်တန့်သွားလေသည်။ “ထွက်သွား။ သူ့ကို အပြင်ဘက်မှာ အိပ်ဖို့ ပြောလိုက်။ ပြီးတော့ အခု ရေခပ်လာပြီး ငါ့ခြေထောက်ကို လာဆေးခိုင်းလိုက်ဦး ”

ကျိုးကျစ်ဖုန်း “ …”

သူက နှလုံးခုန် မြန်လာမိသည်။ သူက ထိုအမျိုးသား ဘယ်သူမှန်း မသိထားသော်လည်း သူ စိတ်အနှောင့်အယှက်‌ ပေး၍ ရနိုင်သည့်သူ မဟုတ်ကြောင်း ကောင်းကောင်းသိထားသည်။ သို့သော်လည်း ဂူထဲရှိ လူကလည်း သူ စိတ်အနှောင့်အယှက် ပေးနိုင်မည့်သူ မဟုတ်ချေ။

ငါ ဘာလုပ်ရမလဲ …

ကျိုးကျစ်ဖုန်းက ပါးစပ်ဟကာ တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် ယွီရှန်းရုန်က သူ စိတ်ထဲမထားကြောင်း လက်ခါပြလာသည်။

“ဒီဘက်ပါ ”

All Chapters