← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း(၃၄၀) ပွင့်ချပ်ကိုးလွှာ မဟုတ်ဘူးလား

ယွီရှန်းရုန်က ရှစ်စွင်း တစ်ယောက်ယောက်ဆီ ဦးညွှတ်သည်ကို မမြင်ဖူးပေ။ ဤနှစ်တွေထဲ သူ့ရှစ်စွင်းက မြင့်မြတ်ပြီး တခြားသက်ရှိများအပေါ် ငုံ့ကြည့်နေသည့် တည်ရှိမှုမျိုး ဖြစ်လေသည်။

သူ့ရှစ်စွင်းက ဘာလို့ ဒီစကားမျိုး ပြောရတာလဲ …

သူ့ရှစ်စွင်း၏ စကားက သူ့ကို အံ့ဩသွားစေသည်။ သူက ချက်ချင်းဆိုသလို ဒူးတစ်ဖက်ထောက်လိုက်ပြီး မြေပေါ် လက်သီးဖြင့် ထောက်ထားလိုက်သည်။ သူ့အကြည့်များက မြေပေါ်၌သာ စူးစိုက်ထားသည်။ သူ့ရှစ်စွင်းက သူ့အား ဦးညွှတ်သည့်အတွက် ဂုဏ်ယူမှုမျိုး ခံစားမိသော်လည်း သူ့အနေနှင့် လက်မခံနိုင်ပေ။

လုကျိုးက မလှုပ်ပေ။ သူက ဒူးတစ်ဖက်ထောက်ထားသည့် ယွီရှန်းရုန်ကို ကြည့်လိုက်ပြီး မုတ်ဆိတ်သပ်ကာ “ တခါတလေ မလိုလားအပ်တဲ့ မာန်မာနက မင်းကို နာကျင်စေလိမ့်မယ် ”

“ အေးစက်ပြီး မောက်မာတာက ဓားသဘာဝပါ ” ယွီရှန်းရုန်က ပြန်ဖြေလေသည်။ သူ့အကြည့်များက မြေပေါ်တွင်သာ မြဲမြံနေဆဲ ဖြစ်၏။

“ယုံကြည်ချက်လွန်ကဲတာက မာနကြီးတာက မတူဘူး။ မာန်မာနက မင်းကို မျက်ကန်းဖြစ်သွားစေလိမ့်မယ်။ မင်းရဲ့ ဓားအရည်အချင်းက ပြိုင်ဘက်ကင်းတယ်လို့ ထင်လား”

လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“ ကျွန်တော် အဲလိုမပြောရဲပါဘူး” ယွီရှန်းရုန်က အသံတိုးကာ ပြောလိုက်သည်။

“ မဟုတ်ဘူး .. မင်းက အဲလိုပဲ”လုကျိုးက အသံမြင့်ပြောလိုက်သည်။

လုကျိုးက အသံမြှင့် ပြောလိုက်သည့်အခါ သူတို့စိတ်နှလုံးသား တင်းကျပ်သွားသလို ခံစားလိုက်ရသည်။ သူတို့က အသက်ပြင်းပြင်း မရှုရဲပေ။ သူတို့က မိစ္ဆာအိုကြီးသည် သူ့တပည့်ကို ဘယ်လိုဆုံးမမည်ကို သိချင်နေကြသည်။ သူတို့က ဒီဓားပါရမီရှင်ကို မည်သို့သင်ကြားပေးမည်ကို သိချင်နေကြသည်။

“ ကျွန်တော် မလုပ်ရဲပါဘူး” ယွီရှန်းရုန်က အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။

“ ထပြီး ပြော ”

ယွီရှန်းရုန်က အနည်းငယ် ကြောင်သွားလေသည်။ သူ့ရှစ်စွင်း၏ ယခင်ဒေါသအရ သူ အပြင်းအထန် အပြစ်ပေးခံရလောက်သည်။

ရှစ်စွင်းက ဘာလို့ ပြောင်းလဲသွားတာလဲ …။

သူ့ချီရှစ်တိ ပြောတာကို ရုတ်တရက် အမှတ်ရလိုက်မိသည်။ သူ့စိတ်ထဲ မေးခွန်း တစ်ရာလောက် ပေါ်လာသည်။ သူက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

လုကျိုးက ပြောလိုက်သည်။ “ မင်းရဲ့ ဓားကို ဒီယူခဲ့”

သူက အမည်မဲ့ကို မသုံးလိုပေ။ သူက ညာဘက်လက်ကို မြှောက်ကာ ဓားကို စောင့်နေသည်။

အခြားလူများက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ကျိုးကျစ်ဖုန်းကသာ ဓားအသုံးပြုသူ ဖြစ်၏။ အကယ်၍ သူသာ လိမ္မာပါးနပ်မှုအနည်းငယ်မျှ မရှိလျှင် သူ့တစ်ဘဝလုံး အလကား ကုန်ဆုံးခဲ့သလို ဖြစ်ပေမည်။ သူက ဓားကို မြန်မြန်ထုတ်ကာ လုကျိုးလက်ထဲ ထည့်ပေးလိုက်သည်။

လုကျိုးက ဓားကို မြှောက်လိုက်သည့်အခါ နေရောင်က ဓားပေါ် လက်ခနဲ ဖြစ်သွားသည်။

“ မင်းက ငါ့ကို ရှစ်စွင်းလို့ ခေါ်မှတော့ ငါ့တပည့် ဘယ်လောက်တိုးတက်လာလဲ ကြည့်ရမယ် ”

ယွီရှန်းရုန်၏ မျက်နှာအထက် လန့်ဖျပ်သွားသည့် အမူအရာ ပေါ်ထွက်လာသည်။ သူက သက်တော်ရှည်ဓားကို မထုတ်ရဲပေ။

လုကျိုးက ယွီရှန်းရုန် မလှုပ်မယှက်ဖြစ်နေသည်ကို မြင်သည့်အခါ အော်ကာ ဓားဖြင့် ထိုးလိုက်သည်။ သူက ချီစွမ်းအားကို အသုံးပြုမထားပေ။ သူ့ဓားက ကခုန်နေသည့် နဂါးလိုမျိုး လှုပ်ရှားသွားလေသည်။ ဓား၏ အဆင့်နိမ့် သတ္တုကြောင့် လုကျိုး ဝှေ့ယမ်းလိုက်သည့်အခါ အနည်းငယ် ပျက်စီးလွယ်နေပုံပေါ်၏။ သို့သော်ငြား သူ့လှုပ်ရှားမှုများက မည်မျှရှုပ်ထွေးပြီး ခန့်မှန်းရခက်သည်ကို မြင်ပြီး မည်သူမှ ရှုတ်ချရဲမည် မဟုတ်ပေ။

ယွီရှန်းရုန်၏ အမူအရာက မည်းမှောင်လာသည်။ သူက အားလုံးကို လျော့တွက်သော်လည်း ရှစ်စွင်း မပါပေ။ သူက ရှစ်စွင်း၏ လှုပ်ရှားကွက်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ဤသည်က သူ အကျွမ်းကျင်ဆုံးဖြစ်သည့် ကွေ့ယွမ်နည်းစနစ်မှ တိုက်ကွက်တစ်ခု ဖြစ်ပေသည်။

နောက်ဆုတ် … မြန်မြန်နောက်ဆုတ်လိုက်

သူက သက်တော်ရှည်ဓားဆီ လက်ရောက်သွားပြီး ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်အဆင့် လက်နက်နှင့် အဆင့်နိမ့် လက်နက် တွေ့ဆုံသည့်အခါ ရလဒ်က တစ်ခုတည်းသာ ရှိ၏။

ချွမ်

လုကျိုး၏ ဓားက တုန်ခါလာကာ သက်တော်ရှည်ဓားကို မူမမှန်သည့် ထောင့်ဘက်မှ ရှောင်လိုက်သည်။

“ သွား ”

သူက ဓားပျံ ပစ်လွှတ်လိုက်သည်။

ဘန်း

ထိုအရာက ယွီရှန်းရုန်လည်ပင်း လက်မဝက်အကွာမှ ဖြတ်သန်းသွားပြီး သူ့အနောက်ဘက်ရှိ နံရံထဲ ထိုးစိုက်သွားလေသည်။ သူ့ရှစ်စွင်းက တစ်ကွက်တည်းဖြင့် သူ့ကို အနိုင်ပိုင်းခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးက အသက်ရှိုက်စာအနည်းငယ်သာ ကြာမြင့်လိုက်၏။ သူတို့ကြားရှိ ခြားနားချက်မှာ စိတ်ကူးကြည့်မရနိုင်လောက်အောင် ကြီးမားနေသည်။

ယွီရှန်းရုန်အနေနှင့် လက်ခံဖို့ အခက်တွေ့နေသည်။ သူ့လက်ချောင်းများက သက်တော်ရှည်ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်ဆစ်များပင် ဖြူဖျော့လာသည်။

ယွီရှန်းရုန်ကို ဓားဖြင့် အနိုင်ပိုင်းလိုက်ခြင်းက သူ့မာန်မာနကို ရိုက်ချိုးလိုက်သလိုမျိုး ဖြစ်၏။ ထိုထက် သက်ရောက်မှု ပြင်းတာ မရှိတော့ပေ။ ဤသည်က လုကျိုး၏ ရည်ရွယ်ချက် ဖြစ်၏။

ဟွားဝူတောက်က ခေါင်းညိတ်ကာ “အတွေ့အကြုံအရ မျှော်နန်းသခင်က သာတာပေါ့။ နည်းစနစ်အရ မျှော်နန်းသခင်က ပိုအားကောင်းနေသလိုပဲ။ ဒုတိယတပည့်က သူ့သက်တော်ရှည်ဓားပေါ် အရမ်းမှီခိုလွန်းတယ်။ သူက လက်နက်ကို ချိုးနိုင်မယ် ထင်တာ … ဒါပေမဲ့ သူ မှားသွားခဲ့တယ် ”

လန်လော့က ပြောလိုက်သည်။ “အဲဒါအကုန် မဟုတ်သေးဘူး။ လက်နက်နဲ့ ပြန်ခံနိုင်ဖို့က … ဓားက ဓားသာတင် မကဘူး။ သင့်တော်တဲ့အချိန်မှာ ဓားမော့လည်း ဖြစ်နိုင်သလို လျှို့ဝှက်လက်နက်လည်း ဖြစ်နိုင်တယ်”

လုကျိုးက ဓားကို ပစ်လွှတ်လိုက်ခြင်းဖြင့် လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုခဲ့သည်။ ပြဿနာမှာ ကျင့်ကြံသူအများစုက သူတို့လက်နက်များကို ချီစွမ်းအားဖြင့်သာ ထိန်းချုပ်ကြ၏။ ထို့ကြောင့် သူတို့အနေနှင့် ဒီလိုအခြေအနေမျိုး ကြုံတွေ့ရနိုင်ခြေ မရှိပေ။ ယွီရှန်းရုန်တွင် တိုက်ရည်ခိုက်ရည် အတွေ့အကြုံများစွာ ရှိသောကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲများနှင့် မစိမ်းသက်ပေ။ သူ လိုအပ်နေသည့် တစ်ခုတည်းသော အတွေ့အကြုံမှာ ဒီလိုမျိုး တိုက်ပွဲ ဖြစ်၏။ သူ ရှုံးနိမ့်သွားသည်မှာ ပုံမှန်သာ ဖြစ်လေသည်။

ယွီရှန်းရုန်ကို အနိုင်ယူပြီးနောက် လုကျိုးက လက်နောက်ပစ်ကာ မေးလိုက်သည်။

“ဒါက မင်းဓားလမ်းစဉ်လား ”

ယွီရှန်းရုန်က ဘာမှပြန်မပြောနိုင်ပေ။ သူက စောစောလေးက တိုက်ခိုက်မှုသည် ဟာကွက်အပြည့် ဖြစ်နေကြောင်း ခံစားမိလိုက်၏။ သူ့တွင် ပြန်တုံ့ပြန်စရာ နည်းလမ်းထောင်ချီ ရှိသော်လည်း အတုံးအဆုံး နည်းကို ရွေးလိုက်မိသည်။ သူ ရှုံးနိမ့်မည်မှန်း သိထားသော်လည်း ဒီလိုအရိုးရှင်းဆုံးဖြင့် ရှုံးနိမ့်သွားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့ရှစ်စွင်းက အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သည့်အပြင် အဆင့်နိမ့် လက်နက်ကို အသုံးပြုထားသေးသည်။ သို့သော်လည်း သူ့ရှစ်စွင်းက သူ သက်တော်ရှည်ဓားကို အသုံးပြုနေစဉ် အလွယ်လေး အနိုင်ပိုင်းသွားခဲ့သည်။ သူ့ရှစ်စွင်း၏ အရည်အချင်းက သူ့ထက်သာလွန်နေသည်မှာ သိသာလှသည်။

ကျူးဟုန်ကုန်းက စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။

“ ရှစ်စွင်းက တကယ်ကို အကန့်အသတ်မရှိလောက်အောင် ကျွမ်းကျင်မှုတွေ များပြာလိုက်တာ … ဓားအရည်အချင်းကလည်း ပြိုင်ဘက်ကင်းပဲ။ အဲဒီနှစ် …” သူ့စကားမဆုံးခင် လူအုပ်ကြီးဆီမှ ထူးထူးဆန်းဆန်း အကြည့်များကို လက်ခံရလိုက်သည်။ သူတို့က သူ့အား အရူးတစ်ယောက်လိုမျိုး ကြည့်နေကြသည်။

ယွီရှန်းရုန်က လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်း ပြောတာ မှန်ပါတယ် ”

“တင်း … ယွီရှန်းရုန်ကို ဆုံးမနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ငါးရာ ရရှိပါတယ် ”

ဆုလာဘ်က လုကျိုး တခြားတပည့်များဆီမှ ရခဲ့သည့် အမှတ်ထက် များပေသည်။

လုကျိုးက အပြစ်မဆိုနိုင်ပေ။ ယွီရှန်းရုန်က အမှန်တကယ် မာနကြီးလွန်းသည်။ သူက သက်တော်ရှည်ဓားကို ကြည့်ကာ မေးလိုက်သည်။ “မင်း ဘယ်တုန်းက ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်ခဲ့တာလဲ ”

“ ကျွန်တော် မမှတ်မိတော့ဘူး ” ယွီရှန်းရုန်က ခဏတာ စဉ်းစားလိုက်ပြီး “ ရာစုနှစ်တစ်ခုစာလောက်တော့ ရှိပြီထင်တယ် ”

အခြားလူများက ထိုအရာကို ကြားကာ အံ့ဩသွားကြသည်။

ယွီရှန်းရုန်က ငယ်ရွယ်ပုံပေါ်လေသည်။ အခြားလူများက အားကျလေးစားနေကြသည်။ ထို့နောက် သူတို့က မျှော်နန်းဆောင်၏ ဂိုဏ်းသားများကို ကြည့်လိုက်ကြသည်။

ဟူး …

ကိုယ့်ဘာသာ တခြားလူနှင့် နှိုင်းယှဉ်မိတာက ဒေါသထွက်စေနိုင်သည်။ ဟွားဝူတောက်က မျက်နှာအပူမိဆုံး ဖြစ်၏။ သွင်ပြင်အရ သူက လန်လော့နှင့် ဖန်လီထန်းထက်ပင် အသက်ကြီးဟန်ပေါ်နေသည်။ သို့သော်လည်း သူက ပွင့်ချပ်ခုနှစ်လွှာအဆင့်သာ ရှိသေး၏။ ပွင့်ချပ်ရှစ်လွှာအဆင့်က သူ့အတွက် လက်လှမ်းမမီနိုင်သည့် ရည်မှန်းချက်လို ဖြစ်နေသည်။

အပြင်ဘက်လောကမှ တခြားလူများက မိစ္ဆာဝေဟင်မျှော်နန်း တပည့်ကိုးယောက်သည် အံ့လောက်ဖွယ် ပါရမီကောင်းကြောင်း ပြောကြသည်။ ကြည့်ရသည်မှာ အမှန်ဖြစ်နေပုံပေါ်၏။ သူတို့က တမူထူးခြားသည့် နဝမသခင်မလေး ရှောင်ယွမ်အာနှင့် တူသည်။ သူမက မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်သည်မှာ ခြောက်နှစ်မျှသာ ရှိသေးသော်လည်း သူမ၏ တိုးတက်နှုန်းအရ ဝါစဉ်ကြီးသူများကို ကျော်လွန်သွားကာ အားအကောင်းဆုံး ဖြစ်လာလိမ့်မည်။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။ သူက ယွီရှန်းရုန်ကို ကြည့်လိုက်သည်။

“ မင်း ဘာလို့ ပွင့်ချပ်ကိုးလွှာအဆင့်ကို မရောက်သေးတာလဲ”

သူက သေချာစဉ်းစားပြီးမှ ထုတ်မေးလိုက်ခြင်း ဖြစ်၏။

ယွီရှန်းရုန်၏ ပါရမီဖြင့် နှစ်တစ်ရာအချိန်ကာလအတွင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်လေသည်။

ယွီရှန်းရုန်က ပြန်ဖြေလိုက်၏။

“ကျွန်တော် အသက်ရှင်ချင်လို့ပါ ”

လုကျိုးက ကုန်းယွမ်တု၏ စကားများကို အမှတ်ရလိုက်သည်။ သူက စဉ်းစားလိုက်မိသည်။

ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်တို့ နှစ်ယောက်လုံး ပွင့်ချပ်ရှစ်လွှာအဆင့်ဆိုတော့ သူတို့ တူညီတဲ့ ဆုံးဖြတ်ချက် ချခဲ့ကြတာပဲ …

တိမ်တောက်ရှိုးနွီကျောင်းမှ ကျင်းယန် သေဆုံးမှုက ပွင့်ချပ်ကိုးလွှာအဆင့် မည်မျှ စိတ်မချရလဲ ပြသနေသည်။

“ပွင့်ချပ်ကိုးလွှာအဆင့်က လူတစ်ယောက်ရဲ့ သက်တမ်းကို လျော့ကျသွားစေတယ် … မင်းက ယွီကျန့်ဟိုင်လိုမျိုး ကျင့်ကြံဆင့်ကို ချိုးနှိမ်ထားတာလား” လုကျိုးက ယွီရှန်းရုန်ကို ကြည့်လိုက်သည်။

ယွီရှန်းရုန်က ထိုအကြောင်းကြားသည့်အခါ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး “ ဒီကမ္ဘာမှာ ကန့်သတ်ချက်ကို ကျော်လွန်နိုင်တဲ့သူ မရှိဘူး။ ပွင့်ချပ်ကိုးလွှာအဆင့်က မိုးကောင်းကင်က ချမှတ်ထားတဲ့ အတားအဆီးတစ်ခုအပြင် မပိုဘူး။ အဲဒီအတားအဆီးကို ချိုးဖောက်ဖို့ ကြိုးစားသူတိုင်း သူတို့အသက်နဲ့ ပေးဆပ်ရလိမ့်မယ်။ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တဲ့နေ့ကတည်းက သိခဲ့တာ … ရှစ်စွင်း ဘာလို့များ အဲဒါကို သည်းကြီးမည်းကြီး ကြိုးစားနေရတာလဲ ”

အခြားလူများက အံ့ဩသွားကြသည်။

လုကျိုးက သူ နတ်ဒေဝါဦးတည်နယ်ပယ်ရှိ တာအိုအသွင်ပြောင်းအဆင့်တွင်သာ ရှိသေးကြောင်း သူတစ်ဦးတည်း သိလေသည်။ သို့သော်လည်း အများအမြင်၌ လုကျိုးက ပွင့်ချပ်ရှစ်လွှာရှိ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူအစစ်အမှန် ဖြစ်လေသည်။ သူ့အတွက် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ကြိုးစားနေသည်က ပုံမှန်သာ ဖြစ်၏။

ဒီစကားတွေက … တပည့်က ဆရာကို အချည်းနှီးဖြစ်မဲ့ဟာ မလုပ်ဖို့ ဖျောင်းဖျနေသလိုပဲ … ဘယ်သူက အမှန်တရားကို စိန်ခေါ်နိုင်မှာလဲ။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“ ငါ့အပြုအမူနဲ့ ပတ်သက်ပြီး မင်းရဲ့ ထင်မြင်ချက် ဘယ်တုန်းက တောင်းလို့လဲ ”

“ ဒီတပည့် မလုပ်ရဲပါဘူး” ယွီရှန်းရုန်က သူ့ကိုယ်သူ တပည့်ဟု သုံးစွဲလိုက်ပြန်သည်။

“ မင်းတို့ …” လုကျိုးက ပြောလိုက်သည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ရှေ့တိုးလာ၏။

“သက်တော်ရှည်ဓားကို ယူသွားလိုက်ကြ ” လုကျိုးက ပြောလိုက်သည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းပင် ဆွံ့အမိသွားသည်။ ဤနေရာရှိ လူများအနက် သူတို့နှစ်ယောက်၏ အဆင့်အတန်း မမြင့်သလို ငယ်လည်း ငယ်ရွယ်ကြသေးသည်။ ထို့ကြောင့် သူတို့အနေနှင့် အသေးအဖွဲ့ကိစ္စလေးများ လုပ်သည်မှာ ပုံမှန် ဖြစ်ပေသည်။

သို့သော်လည်း ယွီရှန်းရုန်ကို စိတ်အနှောင့်အယှက်ပေးခိုင်းလိုက်တာက … သူတို့အသက်ကို လက်လွှတ်ခိုင်းလိုက်တာနဲ့ အတူတူ မဟုတ်ဘူးလား …

…

အခန်း (၃၄၁) စိတ်နေသဘောထားက မင်းဓားရဲ့အမြင့်ကို ဆုံးဖြတ်ပေးတယ်

သို့သော်ငြား ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းနှစ်ယောက်လုံးက တစ်စက္ကန့်မျှသာ တွေဝေသွား၏။ သူတို့သည် သူတို့နေရာကိုသိသည်။ နှစ်ယောက်လုံးသည် တစ်လှေတည်းစီး ညီအစ်ကိုများသဖွယ် ဖြစ်နေ၏။ တစ်ယောက်ကိုတစ်ယောက် အားပေးသည့်အကြည့်ဖြင့် ကြည့်ပြီးနောက် လျှောက်လာတော့သည်။

သူတို့က ယွီရှန်းရုန်ဆီ လျှောက်သွားသည့်အချိန်၌ ဖန်ကျုံးက ပြောလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် ဒုတိယသခင်လေး”

ဓားလမ်းစဉ်ကို အမြင့်ဆုံးအထိ လိုက်ခဲ့သည့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ဓားက အသက်နှင့် မခြားပေ။ ယွီရှန်းရုန်က ၎င်းကို ဘယ်တော့မှသဘောတူမှာမဟုတ်ပေ။

“ရှစ်စွင်း ကျေးဇူးပြုပြီး ... ဘာမဆိုရတယ် ဒါပေမဲ့ ကျွန်တော့်ဓားကတော့ ...”

ယွီရှန်းရုန်က ဒူးထောက်လိုက်ပြန်၏။ သူက သက်တော်ရှည်ဓားကိုမြေကြီးပေါ်ထိုးစိုက်မိသွားသည်။ ကျန်သည့်သူများက ပင့်သက်ရှိုက်မိသွား၏။ ဂုဏ်ယူဝင့်ကြွားတတ်သော သိုင်းပညာရှင် ယွီရှန်းရုန်သည် သူ၏ဓားကြောင့် ထိုမျှနှိမ့်ချနေလိမ့်မည်ဟု သူတို့မထင်ထားမိပေ။ သို့သော်ငြား ယွီရှန်းရုန်ကို အရာအားလုံး သင်ပေးခဲ့သည့်သူက သူ၏ဆရာဖြစ်ကြောင်း သူတို့ ပြန်တွေးမိသွားသည်။ လုကျိုးသည် ထိုနှိမ့်ချမှုပြသရန် ထိုက်တန်တာထက်ပိုသည်။ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ယွီရှန်းရုန်ဆီက ဓားကိုမလုရဲချေ။ သူတို့က သူ့ကို ကူကယ်ရာမဲ့ကြည့်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။ သူတို့က လုကျိုးကိုလှည့်ကြည့်ပြီး ဆက်လမ်းညွှန်မှာကို စောင့်နေ၏။ တွန်းအားထပ် ပေးမည်ဆိုလျှင် သူတို့က အားသုံးပြီး ယူရတော့မည်။

တကယ်ပင် ဓားတစ်လက်က အရေးပါ၏။ သို့သော်ငြား ထိုကဲ့သို့ တုံ့ပြန်မှုကြီးတစ်ခု ဖြစ်ရန် မလိုအပ်ချေ။

လုကျိုးက ဒူးထောက်နေသော ယွီရှန်းရုန်ကို ကြည့်ပြီးပြောလိုက်တော့၏။ “မင်းက မင်းရဲ့သက်တော်ရှည်ဓားကို အားကိုးလွန်းတယ်။ ဒါကြောင့် ဓားနဲ့မင်းရဲ့ဖြစ်စဉ်က ရှေ့ဆက်မတိုးနိုင်တော့တာပဲ”

ယွီရှန်းရုန်က မြေပြင်ကို ကြည့်ပြီး ပြောလိုက်တော့၏။

“ကျွန်တော့်ရဲ့ဓားလမ်းစဉ်က လက်နက်နဲ့ ကန့်သတ်ထားတာ မဟုတ်ဘူး ... ဒါပေမဲ့ ကျွန်တော့်ရဲ့ ရွှေကြာနဲ့ပဲ။ ရှစ်စွင်း ... ကျေးဇူးပြုပြီး ဘာမဆိုရတယ်။ ဒါပေမဲ့ ကျွန်တော့်ဓားကတော့ ...”

သူ၏အသံအရ သူ၏စိတ်ခံစားမှုများက လှုံ့ဆောင်ခံနေရတာသိသာနေ၏။

လုကျိုးက ယွီရှန်းရုန်ကို ကြည့်ပြီးပြောလိုက်သည်။

“မင်းကို နောက်ထပ်အခွင့်အရေးပေးမယ်။ မင်းသာ အကောင်းဆုံးကြိုးစားနိုင်ရင် ဒီဓားကိုပေးမယ်”

ကျန်သည့်သူများက ခေါင်းခါလိုက်၏။ ယွီရှန်းရုန်သည် လုကျိုးကို မည်ကဲ့သို့ စိတ်ကျေနပ်စေနိုင်မည်နည်း။ သူတို့ကြားရှိ ကွာဟချက်က ဖြတ်ကျော်၍ မရသော ချောက်နက်ကြီးပဲ ဖြစ်သည်။ ယင်းက အခွင့်အရေးတစ်ခုမဟုတ် ယွီရှန်းရုန်ကို ငြင်းပယ်ရန် နောက်ထပ် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။

ယွီရှန်းရုန်က သူ၏သက်တော်ရှည်ဓားကို ကြည့်လိုက်သည်။ သူက ၎င်းကိုကိုင်ထား၏။ လက်ရှိခံစားချက်သည် တွမ့်မူရှန်းယခင်က ခံစားခဲ့ရသည်နှင့်မခြားပေ။ သူကျရှုံးမည်မှန်း သိနေ၏။ သို့သော် မည်သည့်နည်းနှင့်မဆို သူကြိုးစားရပေမည်။ ဓားကို လက်ထဲကိုင်ထားပြီး တဟုန်ထိုး တက်သွားတော့သည်။ သူက အရိုးရှင်းဆုံးနှင့် အတိကျဆုံးသိုင်းကွက်ကိုသုံးပြီး လျှပ်ပြက်သည့်အရှန်ဖြင့် ရှေ့ကိုတိုးသွားလိုက်သည်။

ကနဦးချီကို အသုံးမပြုဘဲ ၎င်းကသိုင်းပညာစစ်စစ်ကိုယှဉ်ပြိုင်ခြင်းသာဖြစ်သည်။

ယွီရှန်းရုန်သည် ဓားကိုရှေ့သို့ထိုးစိုက်လိုက်၏။ လုကျိုးက သူ၏လက်ဖဝါးဖြင့် ဓားပြားကို ရိုက်ချလိုက်၏။

ဖုန်း ... ထောက်

ထိုးစိုက်သည်... ရိုက်နှက်သည် ... ချိန်ရွယ်သည် ... ပင့်မြှောက်သည် ... ခုတ်ပိုင်းသည်

ယွီရှန်းရုန်သည် သူတွေးမိသမျှ ဖြစ်နိုင်ခြေရှိသည့် သိုင်းကွက်အားလုံးကိုထုတ်ဖော်၏။ သူ၏လှုပ်ရှားမှုအားလုံးက ဝေဝါးနေသည်။ သူ၏လှုပ်ရှားမှုသက်သက်ဖြင့် သိမ်မွေ့သောလေပြေကို မွှေနှောက်သွားသည်။ သူက ယုံကြည်ချက်ရှိပြီး ကြော့ရှင်းပုံပေါ်၏။ ကွေ့ယွမ်ဓားသိုင်း၏ ကျင့်စဉ်သည် ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ထင်ဟပ်လာတော့သည်။

အစကဓားသည် အရိပ်ပမာဖြစ်နေ၏။ ပြီးနောက် ၎င်းက လေနှင့်တူသွားသည်။ အဆုံးတွင် သူကမိုးသက်မုန်တိုင်း ဖြစ်သွားတော့၏။

လုကျိုးက သူ့လက်ဖဝါးဖြင့်ရိုက်ချလိုက်စဉ် တည်ငြိမ်နေလေ၏။ သူ၏ မှတ်ဉာဏ်ထဲရှိ နှစ်တစ်ထောင်ကျင့်ကြံမှုကို သူကိုယ်တိုင်တွေ့ကြုံရသည့်ပမာဖြစ်နေတော့သည်။ သူက ယွီရှန်းရုန်ကို ကွေ့ယွမ်ဓားသိုင်းသင်ပေးခဲ့သူဖြစ်သောကြောင့် သူသည်ထိုကဏ္ဍ၌ ယွီရှန်းရုန်ထက် မနိမ့်တာသဘာဝကျ၏။ သူသည် ကျင့်စဉ်မျိုးစုံ၏အားသာချက်များအကြောင်းသိသည်။ သူက ထိန်းသိမ်းထားရမည့်ဂုဏ်သတ္တိများကိုလည်းသိပေ၏။ သူကအသက်ကြီးပြီ ဖြစ်သော်ငြား သူ့အသက်အရွယ်ရှိ လူများနှင့်ယှဉ်လျှင် သူ၏လှုပ်ရှားမှုက မြန်ဆန်သည်။ ယွီရှန်းရုန်က မြန်ဆန်သော်ငြား လုကျိုးက ပိုမြန်၏။ ယွီရှန်းရုန်က နှေးသွားချိန် လုကျိုးကလည်း အရှိန်လျှော့လိုက်၏။

လုကျိုး၏လက်ဖဝါးတိုင်းက သက်တော်ရှည်ဓားသွားကို ရိုက်မိသွားသည်။

တိုက်ခိုက်မှုက ကျယ်လောင်သည့်အသံဖြစ်ပေါ်စေ၏။

ကျန်သည့်သူများက ခေါင်းခါလိုက်ကြသည်။ သူတို့က သက်ပြင်းမချဘဲမနေနိုင်တော့ချေ။

“မျှော်နန်းသခင်က ကွေ့ယွမ်ဓားသိုင်းကိုကောင်းကောင်းသိလွန်းတယ်။ ဒုတိယသခင်လေးရဲ့ အကွက်တိုင်းက မျှော်နန်းသခင်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာ”

ကျန်သည့်သူများက ထောက်ခံကြောင်းခေါင်းညိတ်လိုက်သည်။

ကွေ့ယွမ်ဓားသိုင်းအပေါ်လုကျိုး၏နားလည်သဘောပေါက်မှုက ယွီရှန်းရုန်ထက်မနိမ့်တာ သိသာနေ ၏။ လုကျိုးကတန်ပြန်တိုက်ခိုက်ခြင်းမပြုသော်ငြား ယွီရှန်းရုန်၏တိုးတက်လာမှုအားလုံးကို သူဖြည့်ဆည်းနိုင်သည်။

“ဒုတိယသခင်လေးက တိုက်ခိုက်တဲ့အချိန်မှာပဲ ရှုံးနိမ့်နေပြီ” ဟွားဝူတောက်က သက်ပြင်းချပြီးပြောလိုက်၏။

“အစတည်းက သူက မျှော်နန်းသခင်ရဲ့ အရည်အချင်းကိုမယှဉ်နိုင်ဘူး ... အခု သူ့ရဲ့အရှိန်အဝါ၊ ယုံကြည်ချက်၊ သဘောထားအားလုံးဖိနှိပ်ခံလိုက်ရပြီ သူက ထက်သင့်သလောက်မထက်ဘူး ဖြစ်နေတယ်”

ဘန်း .....

လုကျိုးက ယခုအခေါက်တွင် သူ့ကိုယ်သူခိုင်မြဲအောင်တည်ဆောက်ထား၏။ သူကဖိအားပိုသုံးပြီး ဓားသွားကို ပြင်းထန်စွာရိုက်ချလိုက်၏။

ယွီရှန်းရုန်က ဆုပ်ကိုင်နိုင်စွမ်း ကင်းမဲ့သွားပြီး ဓားက လက်ထဲမှ လွတ်ကျသွားသည်။ မြေကြီးပေါ် ထန်းကနဲမြည်သံကြီးဖြင့် ပြုတ်ကျသွားတော့၏။ တိုက်ပွဲကအဆုံးသတ်သွားချေပြီ။

လုကျိုးက သူ့လက်ဖဝါးကိုပြန်ရုတ်လိုက်သည်။ သူက လက်နောက်ပစ်ထားလျက် သက်တော်ရှည်ဓားကို ထူးမခြားနားကြည့်လိုက်လေ၏။

ပြန်လည်သုံးသပ်ရေးဂူက တိတ်ဆိတ်သွားတော့သည်။

ကနဦးချီမပါသည့် တိုက်ပွဲတစ်ပွဲသာဖြစ်သော်ငြား လုကျိုးသည် သူ၏နည်းစနစ်ဖြင့် အနိုင်ရခဲ့သည်။ သူက ကနဦးချီအသုံးပြုခဲ့ပင်လျှင် ယွီရှန်းရုန်သည် သေသည်အထိ တိုက်ခိုက်ရသည့် တိုက်ပွဲ ဖြစ်ခဲ့လျှင် ရပ်နိုင်ရန်အခွင့်အရေးရှိမှာမဟုတ်ပေ။ မျှော်နန်းသခင်က သူ၏ကျင့်ကြံမှုကိုတောင် စည်းပိတ်ထားလေ၏။ မည်သည့်နည်းလမ်းဖြင့် ယွီရှန်းရုန်က သူ့ကိုရင်ဆိုင်နိုင်မည်နည်း။

ယွီရှန်းရုန်၏ ဂုဏ်သိက္ခာတို့ ချီးမွမ်းခံလိုက်ရသည်။

“ရှစ်စွင်း ... ပြန်လာ ဝင်ရောက် ဝိညာဉ်သုံးပါး အဲဒါကို ထိန်းထားတာလား” ယွီရှန်းရုန်က မေးလိုက်၏။

“မင်း သွားရမဲ့လမ်းခရီးစဉ်က အရှည်ကြီးရှိသေးတယ်။ မင်းရဲ့ဓားလမ်းစဉ်မှာ ပြီးမြောက်ဖို့ လိုသေးတယ်” လုကျိုးက မုတ်ဆိတ်သပ်လိုက်လျက် လက်ကိုဝေ့ယမ်းကာပြောလိုက်တော့သည်။ “ယွီကျန့်ဟိုင်အတွက်လည်း တူတူပဲ”

ယွီရှန်းရုန် “...” ရှုံးနိမ့်သူက အနိုင်ရသူကို အညံ့ခံရမည်။ ရှုံးနိမ့်ခြင်းအတွက် ဆင်ခြေဆင်လက်မရှိပေ။ အနိုင်ရသူ ပြောသမျှအားလုံး မှန်ပေ၏။ သို့သော်ငြား ယွီရှန်းရုန်သည် ယင်းကို လက်ခံရန် မလိုလားမှန်း သူကပြောနိုင်၏။ ထို့ကြောင့် သူကပြောလိုက်သည်။

"ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါး သူ့မှာ မူလရောင်ခြည်၊ ခမ်းနားခြင်းဝိညာဉ်နဲ့ ငရဲအဆီအနှစ်ပါတယ်။ မူလရောင်ခြည်က ခန္ဓာကိုယ်ရဲ့စွမ်းအားထဲမှာရှိပြီး ခမ်းနားခြင်းဝိညာဉ်က စိတ်စွမ်းအားထဲမှာ နေထိုင်တယ်။ စိတ်စွမ်းအားနဲ့ ဝိညာဉ်မှာနေထိုင်ပြီး ငရဲအဆီအနှစ်က သေတာလည်းမဟုတ်ဘူး။ ရှင်တာလည်းမဟုတ်ဘူး။ ဝူကျိရဲ့လမ်းကြောင်းမှာ ဝိညာဉ်က ယင်ဖြစ်ပြီး ခန္ဓာကိုယ်က ယန်ပဲ” ထိုအဆင့်တွင် ယွီရှန်းရုန်က ပြောလိုက်တော့သည်။

“ကျွန်တော် ဒါတွေအားလုံးကို အလွတ်မှတ်ထားပါတယ်” သူက ဂုဏ်ယူဝင့်ကြွားနေသေးသည်။ သူထိုအရာအားလုံးကို မှတ်မိသည့်အတွက် ဂုဏ်ယူနေ၏။

ယွီရှန်းရုန်ကို မည်သူမျှသံသယမဝင်ချေ။ ဆိုရလျှင် ဓားလမ်းစဉ်၌ သူရောက်သည့်အတိုင်းအတာထိ ရောက်နိုင်သည့်သူ များစွာမရှိပေ။

“မင်းက ဒါကိုလက်မခံခြင်းဘူးဆိုတော့ ဓားလမ်းစဉ်အစစ်ဆိုတာ ဘာလဲမင်းကိုပြမယ်”

လုကျိုးသည် သူမကူးပြောင်းခင်က သင်ယူခဲ့သောအရာအားလုံးကိုမှတ်မိသွား၏။ သူ၏မှတ်ဉာဏ်နှစ်ခုလုံးက သဟဇာတဖြစ်သွားပြီးနောက် သူက ၎င်းကိုတောင် ပိုသဘောပေါက်သွားသည်။ ထိုပေါင်းစည်းမှုက သူ့ကို ကျင့်ကြံခြင်း၌ အမြင်အသစ်များပေးခဲ့သည်။ ယွီရှန်းရုန်က ဂုဏ်မောက်လွန်းသည်။ သူ၏ဂုဏ်မောက်မှုကို လုကျိုးမလျော့ချပေးနိုင်ပါက နောင်ကျ တန်ကြေးပေးဆပ်ရပေလိမ့်မည်။

အချိန်အတိုင်းအတာတစ်ခုအထိ သူ့ဖာသာသူရေရွတ်ပြောပြီးနောက် လုကျိုးက မုတ်ဆိတ်သပ်လျက် တည်ငြိမ်စွာ ပြောလိုက်တော့သည်။

“ဓားလမ်းစဉ်ရဲ့အမြင့်ဆုံးအမှတ်က ဓားမပါတာက အကောင်းဆုံးပဲ”

ဓားမပါတာအကောင်းဆုံးတဲ့လား ...

ရှိနေသည့်သူများ မဆိုထားနှင့် ယွီရှန်းရုန်တောင် ထိုစကားများကြောင့် ဇဝေဇဝါဖြစ်သွား၏။

တစ်ဖက်တွင် တွမ့်မူရှန်းသည် အရံအတား ပြိုကွဲသွားချိန်က မြင်လိုက်ရသည့်အရာကို ရုတ်တရက် မှတ်မိသွားသည်။ သူ၏ရှစ်စွင်းသည် မပြည့်စုံသော နတ်ဒေဝါဖြန်ဖြေခြင်း၏ ဓားလမ်းစဉ်ကို သူ့အားပြသခဲ့၏။ ထိုစဉ်က ရှစ်စွင်းသူ့ကိုပြသရန်ကြိုးစားနေတာကို အပြည့်အဝနားလည် သဘောပေါက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူသည် ယခုအခေါက်တွင် ကျန်သည့်သူများထက် ပိုအလေးထားနားထောင်ခဲ့၏။

မျှော်နန်းဆောင်အိုကြီး၏ အကြီးအကဲသုံးယောက်လည်း ရှိနေသည်။ သူတို့က ချက်ချင်းပင် ဖျတ်လတ်တက်ကြွသွားတော့သည်။ မျှော်နန်းသခင်ပြောမည့်အရာကို သူတို့နားထောင်ချင်နေ၏။

ကျန်သည့်သူများက အသက်ကျယ်ကျယ်မရှုရဲတော့ချေ။ သူတို့က ဤအရာကနေ အသိအမြင်တချို့ရရန် မျှော်လင့်နေကြသည်။

လုကျိုးကပြောလိုက်သည်။ "ဓားမှာသုံးဆင့်ရှိတယ်။ ပထမအဆင့်က သာမန်လူရဲ့ဓား ... သာမန်လူကနေပြီးတော့ မင်းသားတွေ အဆင့်ထိ အသုံးပြုနိုင်တယ်။ ဒါဘာမှမဟုတ်ဘူး။ ရက်စက်ကြမ်းကြုတ်မှုနဲ့ လျှပ်ပြက်မှုကို ယှဉ်ပြိုင်တာပဲ။ ဒုတိယအဆင့်က သူတော်စင်ရဲ့ဓား ... ရဲရင့်မှုက သူ့အစွမ်းကို ဓားသွားအနေနဲ့ထမ်းဆောင်ပေးပြီး သစ္စာရှိမှုက သူရဲ့အဓိက၊ ဓားလမ်းစဉ်က သူ့အကြံပြုချက်။ တတိယအဆင့်က ဘုရင့်ရဲ့ဓား ... တိုင်းပြည်က သူ့ရဲ့ဓားသွားအဖြစ် ဆောင်ရွက်ပေးပြီး ပင်လယ်နဲ့တောင်တန်းတွေက သူ့ရဲ့ထက်မြိမှုဖြစ်လာတယ်။ အဲဒါက ဓာတ်ကြီးလေးပါးကို ဖော်ဆောင်နိုင်ပြီး ယင်နဲ့ယန်ကိုဖွင့်တယ်။ နွေနဲ့နွေဦးကိုပိုင်ဆိုင်တယ်။ ဆောင်းနဲ့ဆောင်းဦးကို ရွေ့လျားတယ်။ ဒါက ပြိုင်ဖက်ကင်းပြီး ကမ္ဘာကြီးက သူ့ရှေ့မှာဒူးထောက်ရတယ်။ ဒါက ဓားမော့အတွက်လည်း တူတူပဲ”

လူတိုင်းက တက်တက်ကြွကြွနားထောင်နေစဉ် တိတ်ဆိတ်နေ၏။

လုကျိုး၏အသံတစ်ခုသာလျှင် ပြန့်နေလေတော့သည်။

“ဒါကတာအိုရှုထောင့်က အမြင်ပဲ ... မင်းက ဓားလမ်းစဉ်ကို မင်းရဲ့ဓားအကြံပြုချက်အနေနဲ့ သုံးနေတာ ဒါက အလွန်ဆုံးမှ ဒုတိယအဆင့်ပဲ"

ယွီရှန်းရုန်၏မျက်နှာထက်၌ ရှုပ်ထွေးသည့် အမူအရာများ ပေါ်လာသည်။ ထိုစကားများအပေါ် နားလည်သဘောပေါက်မှုအရ သူ၏တာ့ရှစ်ရှိုး ယွီကျန့်ဟိုင်သည် နယ်မြေများကို အုပ်စိုးချင်သည်။ သူ့ရှစ်ရှိုး၏ဓားမော့က တတိယအဆင့်တွင်ရှိသည်ဟု ဆိုလိုသည်လော ...

လုကျိုးသည် ယွီရှန်းရုန်၏ အမူအရာ ပြောင်းလဲသွားတာကိုမြင်လိုက်ရသည်။ ယွီရှန်းရုန်၏ စိတ်ထဲရှိတာကို သူသိနေ၏။ သူက “ယွီကျန့်ဟိုင်က တိုင်းပြည်ကို သူ့ရဲ့ဓားသွားအနေနဲ့သုံးပြီး သူ့ရှေ့မှာ မြေတွေကို ဝပ်တွားစေချင်တယ်။ ဒါပေမဲ့သူက စွမ်းရည်မပြိုင်ဆိုင်သေးဘူး။ အလွန်ဆုံးမှ ဒုတိယအဆင့်ပဲရှိသေးတယ်”

ယွီရှန်းရုန်၏ သိချင်စိတ်က ချက်ချင်းပေါ်ပေါက်လာ၏။ သူကမေးလိုက်သည်။ “ဒါဆို တတိယအဆင့်မှာ ဘယ်သူရှိတာလဲ”

…

အခန်း(၃၄၂) ယွီရှန်းရုန်ကို လမ်းညွှန်ပြသခြင်း

“ မြောက်ဘက်မြို့တော် ဓားပါရမီရှင် ကုန်းယွမ်တုက အရှင်ဘုရင်ဓားကို ကိုင်တယ်လို့ ပြောလို့ရတယ် …” လုကျိုးက မုတ်ဆိတ်သပ်ရင်း ပြောလိုက်သည်။

“ ဧကရာဇ်လျိုကောလည်း အရှင်ဘုရင် ဓားကို ကိုင်တယ် … ”

မျှော်နန်းမှ လူများ ကြားသည့်အခါ သူတို့က နားမလည်ဖြစ်သွားကြသည်။ သူတို့က ကုန်းယွမ်တု၏ ဓားအရည်အချင်းကို မြင်ဖူးကြလေသည်။ ကုန်းယွမ်တုက အမှန်တကယ် အံ့ဩလောက်ဖွယ် ကောင်းလှ၍ ပါရမီရှင်ကြားမှ ပါရမီရှင် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ထိုသို့ဆိုလျှင်ပင် ကုန်းယွမ်တုသည် ယွီရှန်းရုန်ကို အနိုင်ပိုင်းနိုင်လိမ့်မည်ဟု မထင်ပေ။ သူသည် ထိပ်တန်း ပါရမီရှင် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

မျှော်နန်းသခင်က ကုန်းယွမ်တုကို တတိယအဆင့် လူအဖြစ် ဘာလို့ သတ်မှတ်နေရတာလဲ …

ဧကရာဇ်လျိုကောက သူ့ဓားဖြင့် နယ်မြေများကို အုပ်စိုးခဲ့လေသည်။ သူက အရှင်ဘုရင်ဓားကို ကိုင်ဆောင်သည်မှာ အမှန်ဖြစ်၏။ သို့သော်လည်း ထိုလူနှစ်ယောက်လုံးက သေဆုံးသွားကြလေပြီ။

သေလူကို အသက်ရှင်နေသူနှင့် နှိုင်းယှဉ်ခြင်းက လွန်လွန်သွားသည် မဟုတ်ပါလော။ အတိတ်တုန်းက သူရဲကောင်းများစွာ ရှိခဲ့ဖူးလေသည်။ အသက်ရှင်နေသည့် မည်သူက သူတို့က ပိုသာသည်ဟု ပြောရဲမည်နည်း။

ယွီရှန်းရုန်က ပြန်မဖြေခင် ဟွားဝူတောက် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဝင်မေးလိုက်သည်။

“မျှော်နန်းသခင် ဒီလိုဆိုရင် လက်ရှိ ဧကရာဇ် ချန်လွီလည်း ရှင်ဘုရင်ဓား ကိုင်ဆွဲတယ် ဖြစ်မနေဘူးလား”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ခေါင်းခါလိုက်သည်။ “အဲလိုအတိအကျတော့ မဟုတ်ဘူး”

“ မျှော်နန်းသခင် ကျုပ်တို့ကို သင်ပြပေးပါဦး” ဟွားဝူတောက်က ဦးညွှတ်လိုက်သည်။

“ ဧကရာဇ်လျိုကောက တိုင်းပြည်ကို အုပ်စိုးပြီး တာ့ယန်ကို တည်ထောင်ခဲ့တဲ့သူပဲ။ အခုဧကရာဇ်က ပလ္လင်ကို ဆက်ခံထားရုံလောက်ပဲ။ သူ့ကို ရှင်ဘုရင်ဓား ကိုင်ဆွဲတယ်လို့ မသတ်မှတ်နိုင်ဘူး ”

“ ကျုပ် နားလည်ပြီ” ဟွားဝူတောက်က နောက်ဆုတ်လိုက်သည်။

လန်လော့က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“ မြောက်ပိုင်းမြို့တော်က ကုန်းယွမ်တုကို ထိပ်တန်းပညာရှင်အဖြစ် သတ်မှတ်ထားတာ မှန်ပေမဲ့ သူက တိုင်းပြည်ကို မအုပ်စိုးဖူးသလို တိုင်းပြည်ကိုလည်း မတည်ထောင်ဖူးတဲ့ လေလွင့်ကျင့်ကြံသူသက်သက်ပဲလေ။ သူ မပျောက်ကွယ်သွားခင် ရာစုနှစ်တစ်ခုလုံးစာ ခေါင်းတလားထဲ ပုန်းနေခဲ့တာလေ။ သူ့ကို အရှင်ဘုရင်ဓား ကိုင်ဆွဲတယ်လို့ ဘာလို့သတ်မှတ်ရတာလဲ ”

အားလုံးကလည်း ထိုမေးခွန်းကို တွေးမိကြသည်။ သူတို့က လုကျိုးဆီမှ အဖြေအား မျှော်လင့်စောင့်စားရင်း ကြည့်လိုက်ကြသည်။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ မိုးမြေကို ဆန့်ကျင် … ကိုယ့်ဘဝအတွက် တိုက်ခိုက်ပြီးတော့ သေခြင်းတရားကို အကြောက်တရား ကင်းမဲ့လာတဲ့သူလေ”

သူက တခြားသူများကို မထူးမခြားနား ကြည့်လိုက်ရင်း လေသံက ပြောင်းလဲသွားလေသည်။

အဲဒါဆို သူတို့တွေက ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘာလို့မရောက်ခဲ့ကြတာလဲ … သူတို့သာ ရောက်ခဲ့ရင် ဉာဏ်အလင်းပွင့်သွားပြီးတော့ အရှင်ဘုရင်ဓား ကိုင်ဆွဲဖို့ ထိုက်တန်တယ်လို့ မှတ်ယူကြမည်မလား…

သို့သော်လည်း ကုန်းယွမ်တုက ထိုလမ်းစဉ် ကျရှုံးသွားသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ နှစ်သန်းချီအတွင်း ပါရမီရှင်အများစုလည်း ထိုလမ်းစဉ်၌ သေဆုံးသွားကြရသည်။

ဖန်လီထန်းက မေးလိုက်သည်။

“ သူတို့ဘဝအတွက် မိုးမြေနဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့လူ အများကြီးရှိတယ်လေ။ သူတို့အားလုံးကို ရှင်ဘုရင်ဓား ကိုင်ဆွဲတယ်လို့ သတ်မှတ်တာပဲလား”

လုကျိုးက မုတ်ဆိတ်သပ်ကာ ဒွိဟဖြစ်စွာ ခေါင်းညိတ်လိုက်သည်။

အခြားလူများလည်း ပထမ ကြောင်အမ်းသွားကြသည်။ ထို့နောက် သူတို့က လုကျိုး စကားကို သဘောပေါက်သွားကြသည်။

ယွီရှန်းရုန်က ထိုအကြောင်းကြားသည့်အခါ ခေါင်းငုံ့ထားလိုက်မိသည်။ သူ ဂုဏ်ယူနေသည့် ဓားလမ်းစဉ်သည် သူ့ရှစ်စွင်း၏ အမြင်၌ တတိယအဆင့်ပင် မရှိချေ။ သူက ထိုအတွက် ပြန်လည်မချေပနိုင်ပေ။ သူ့ရှစ်စွင်း ပြောသည်က မှန်ပေသည်။

အဆုံးသတ်၌ သူ့ဓားက သူ့ဓားအရည်အချင်းကို ကြွားလုံးထုတ်ဖို့ ပစ္စည်းတစ်ခုသာ ဖြစ်နေသည်။ သူက သိုင်းပညာရှင်နှင့် ဘာမှမကွာပေ။

လုကျိုးက ယွီရှန်းရုန်ကို ကြည့်လိုက်သည်။

မင်းက လူငယ်ပဲ … ငါ မင်းကို မကိုင်တွယ်နိုင်ရင် ငါ အချိန်တွေကို အလကားဖြတ်သန်းလာသလို ဖြစ်သွားမှာပေါ့ …

သူက ဆက်ပြောလိုက်သည်။ “ တာအိုဂိုဏ်းပဲ ဖြစ်ဖြစ်၊ ကွန်ဖြူးရှပ်ကျောင်းပဲ ဖြစ်ဖြစ် သူတို့ အကြီးမြတ်ဆုံး နယ်ပယ် မဟုတ်ဘူး ”

အခြားလူများက လုကျိုးကို နားမလည်စွာ ကြည့်လိုက်သည်။ ဓားလမ်းစဉ်ကို သုံးဆင့်ခွဲထားသော်လည်း သူတို့က မျှော်နန်းသခင်၏ အမြင်၌ အကြီးမြတ်ဆုံး မဟုတ်သေးပေ။

“ ဓားမရှိတာက ဓားကိုင်ဆောင်ထားတာထက် ကောင်းတယ်။ စိတ်ထဲက တွေးသမျှ ဓားအဖြစ် ပြောင်းနိုင်တယ်။ ရေက အရာအားလုံးကို အကျိုးပြုပေမဲ့ သဟဇာတဖြစ်လွယ်တယ်။ သူ့အနားက အရာအားလုံးနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်တယ်”

လုကျိုးက ယွီရှန်းရုန်ကို ကြည့်ပြီးနောက် ညာဘက်လက်ကို မြောက်လိုက်သည်။ သူ့လက်ညိုးနှင့် လယ်ခလယ်ကြား စွမ်းအားဓားသဏ္ဌာန် ဖြစ်တည်လာသည်။ ထိုဓားစွမ်းအားဓားက နှစ်ပိုင်း ကွဲသွားကာ ပွားလာသည်။ ပြန်လည်သုံးသပ်ရေးဂူရှေ့ရှိ သစ်ပင်လည်း တုန်ခါသွားကာ အရွက်များ ကြွေကျလာသည်။

ဝှီး ဝှီး ဝှီး

သစ်ရွက်များက မြေကြီးထဲ ထိုးစိုက်သွားလေသည်။

ထိုအရာက အဆုံးသတ် မဟုတ်ပေ။

အားလုံးက သစ်ရွက်လွင့်လာစေသည့် လေကို ခံစားမိလိုက်ကြသည်။ လေပင် ဓားသွားလို ဖြစ်ကာ တိုက်ခတ်သည့်အခါ စပ်ဖျင်းဖျင်း ဖြစ်စေသည်။ ကံကောင်းစွာဖြင့် သူတို့က ခန္ဓာတည်ဖွဲ့ခြင်း အဆင့်ကို ဖြတ်ကျော်ထားသည့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ သူတို့ အားနည်းသည့် စွမ်းအားလောက်ကို ခံနိုင်ရည်ရှိလေသည်။ ထိုသို့ဆိုလျှင်ပင် မျှော်နန်းသခင်၏ ဟန်ရေးပြမှုက ဓားမရှိခြင်းက ဓားရှိခြင်းထက် ပိုကောင်းသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားစေသည်။ သူတို့က နောက်ကွယ်မှ သဘောတရားကို နားမလည်သော်လည်း လူမည်မျှကများ ဒီလိုလုပ်ဆောင်နိုင်မည်နည်း။

ထိုအရာက တိကျသည့် ချီစွမ်းအား ထိန်းချုပ်နှုန်းကို လိုအပ်ရုံသာမက ချီများကို စုစည်းနေစဉ် သစ်ရွက်များနှင့် လေကိုလည်း လှုံ့ဆော်နိုင်စွမ်း ရှိရပေမည်။ ထိုအရာက နှစ်တစ်ရာလောက် မလေ့ကျင့်ဘဲ ဖြစ်မလာနိုင်ပေ။

ယွီရှန်းရုန်က သက်တော်ရှည်ဓားကိုသာ မှီခိုကာ ဒီလိုမျိုး မလေ့ကျင့်ဖူးခဲ့ပေ။ ထို့ကြောင့် သူက သူ့ရှုံးနိမ့်မှုကို လက်ခံလိုက်ရသည်။

လူတစ်ယောက်၏ သဘောထားကို ဓားအမြင့်နှင့် ဆုံးဖြတ်နိုင်လေသည်။ လူတစ်ယောက်၏ ဓားလမ်းစဉ် အင်အားကို ဓားအပေါ် နားလည်နိုင်စွမ်းနှင့် ဆုံးဖြတ်နိုင်၏။ လုကျိုး၏ လက်ရှိသင်ခန်းစာက ယွီရှန်းရုန်၏ အမြင်များကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။

လုကျိုးက သူ့ရှစ်စွင်း ဖြစ်နေသောကြောင့် သဘာဝကျပေသည်။

“ မင်း ဒါကို လက်ခံနိုင်လား” လုကျိုးက သူ့အား စိုက်ကြည့်လိုက်သည်။

“ ကျွန်တော် အသိအမြင်အသစ် တိုးခဲ့ရပါတယ်” ယွီရှန်းရုန်က သူ့စိတ်ထဲ ခံစားချက်ရောပြွန်းနေသည်။ သူ့ရှစ်စွင်းက ဘယ်လိုတွေးကြောင်း စဉ်းစားနေမိ၏။ သူ့ရှစ်စွင်းသည် သူတို့ မျှော်နန်းထဲ ဝင်ရောက်စဉ်ကတည်းက စိတ်ရှည်လက်ရှည် မသင်ကြားပေးဖူးပေ။

သူ့ရှစ်စွင်းကလွဲ၍ မည်သူကများ ဒီလိုအရာများကို ပြောပြနိုင်မည်နည်း။

“တင်း … ယွီရှန်းရုန်ကို သင်ကြားဆုံးမပြုပြင်နိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ငါးရာ ရရှိပါတယ် ”

“တင်း … တွမ့်မူရှန်းကို သင်ကြားပေးပါ။ ဆုလာဘ် - ကုသိုလ်ရမှတ် ၂၀၀ ”

လုကျိုးက စနစ်မှ စကားအသုံးအနှုန်း ကွဲပြားမှုကို သတိထားမိလိုက်သည်။ တစ်ယောက်ကို သင်ကြားဆုံးမပြုပြင်သည်ဟု သုံးစဉ် နောက်တစ်ယောက်ကို သင်ကြားသည်ဟု သုံးသွားသည်။

လုကျိုးက မေ့လျော့နေသည့် သူ့မှတ်ဉာဏ်တစ်ခုကို ပြန်လည် အမှတ်ရလာသည်။ ယွီရှန်းရုန်၏ မေးခွန်းနှင့် စိုးရိမ်မှုများက သူ ယွီရှန်းရုန်ကို သတ်ပစ်နိုင်လောက်သည့် ကိစ္စနှင့် ပတ်သက်နေပုံရသည်။ ယွီရှန်းရုန်က အတိတ်အတိုင်း ပြန်ဖြစ်လာမည်ကို စိုးရိမ်သည့်အလား အတိတ်အကြောင်း ဘာမှမပြောပေ။ သူက အတင်းဖိအားပေးနေစရာ မလိုကြောင်း သိလေသည်။ သူက အတွေးထဲ နစ်မျောသွားကာ “ မင်းဘာသာ ပြန်လည်သုံးသပ်ရေးဂူထဲမှာ ပြန်သုံးသပ်ချည် ”

လုကျိုးစကားအဆုံးတွင် လက်နောက်ပစ်လျက် မိစ္ဆာဝေဟင်မျှော်နန်းဘက် ပြန်လာလိုက်သည်။ သို့သော်လည်း သူက ယွီရှန်းရုန်၏ သက်တော်ရှည်ဓားကို သူနှင့်အတူ ယူမလာပေ။

“အကြီးအကဲလန်၊ အကြီးအကဲဟွား၊ အကြီးအကဲဖန် … ”

လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့က လက်နှစ်ဖက်ယှက်ပြီး နောက်မှ လိုက်လာကြသည်။

လေးယောက်သား ထွက်သွားပြီးနောက် လေထုတင်းကျပ်မှု လျော့နည်းလာသည်။

အခြားလူများက သက်ပြင်းချလိုက်ကြ၏။

ယွီရှန်းရုန်က ရှစ်စွင်း၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ ထိုစဉ် သူ့လက်ဖဝါးတွင် ဘယ်အချိန်က ချွေးများစို့နေကြောင်း မသိတော့ပေ။

ကျူးဟုန်ကုန်းက ခေါင်းငုံ့ထားလိုက်သည်။

ကျူးဟုန်ကုန်းက ထွက်သွားတော့မည့်ဆဲဆဲတွင် ယွီရှန်းရုန်က လေသံအတက်အကျမရှိ ပြောလာသည် “လောင်ပါ့ ”

“ဟင် ” ကျူးဟုန်ကုန်းက တုံံ့တုံ့ဆိုင်းဆိုင်းရပ်လိုက်သည်။

“ဒီလာခဲ့ ”

“ အာ့ရှစ်ရှိုး … ကျွန်တော် … တော်က အခု တောင်ဘက်မျှော်နန်းဆီ ရောက်သွားပြီ ”

ယွီရှန်းရုန်က ပြန်လည်သုံးသပ်ရေးဂူထဲ ဝင်ဖို့ အလျှင်မလိုပေ။ ထို့အစား သူက ကျူးဟုန်ကုန်းဆီ လျှောက်လာကာ “ စိတ်ပူနေဖို့ မလိုဘူး”

သူ့လေသံက ပုံမှန်အတိုင်း ညင်သာနေသည်။ အလင်းခွင်းတိမ်တိုက်တောအုပ်အတွင်း သူ့ရှစ်စွင်းက နတ်ခြင်္သေ့ကျောပေါ်တွင် ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး တိုက်ကွက် ထုတ်ဖော်ခဲ့ကြောင်း ပြန်လည်အမှတ်ရသွားပြီး မေးလိုက်သည်။

“ငါ့ကို အမှန်အတိုင်းပြော … ရှစ်စွင်းက အခုပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားပြီလား ”

“ဟမ်” ကျူးဟုန်ကုန်းပင် ကြောင်အမ်းသွားသည်။

ပွင့်ချပ်ကိုးလွှာအဆင့်လား …

ယွီရှန်းရုန်က ထိုအရာကို အကြောင်းမဲ့သပ်သပ် မေးလိုက်ခြင်း မဟုတ်ပေ။ သူ့ကိုယ်ပိုင်နားလည်နိုင်စွမ်းနှင့် ဓားလမ်းစဉ် ကျွမ်းကျင်မှုအကြောင်း သေချာသိထားလေသည်။ သူက သူ့ရှစ်စွင်းအတွက် ပြိုင်ဘက် မဟုတ်သော်လည်း ဒီလိုမျိုး ရှုံးနိမ့်မည်တော့ မဟုတ်ပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။ သူ့ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားခြင်းသာ ဖြစ်ရမည်။

“အဲလိုတော့ မဖြစ်နိုင်ပါဘူး … အာ့ရှစ်ရှိုး ပွင့်ချပ်ကိုးလွှာအဆင့်မျိုးက မရှိဘူးလေ။ ကျွန်တော် ဘာမှမသိဘူး။ အဲလိုမကြည့်ပါနဲ့။ ကျွန်တော် တကယ် ဘာမှမသိဘူးရယ် ” ကျူးဟုန်ကုန်းက လက်ယမ်းရင်း ပြောလိုက်သည်။

ယွီရှန်းရုန်က တိတ်တဆိတ် စဉ်းစားနေသည်။

လူတစ်ယောက်၏ ဘဝအတွက် မိုးမြေကို ဆန့်ကျင်တိုက်ခိုက်ခြင်းက ရှင်ဘုရင်ဓား ကိုင်ဆွဲသည့် တစိတ်တပိုင်း ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း အသက်မဆုံးရှုံးဘဲ တတိယအဆင့်ကို ဘယ်လိုတက်လှမ်းနိုင်မှာလဲ။

သူက စီးဝူယာ့၏ စကားများကို ပြန်လည် အမှတ်ရလိုက်သည်။ သူ့ရှစ်စွင်းက ကန့်သတ်ချက်ကို ကျော်လွန်နိုင်နည့် နည်းလမ်း ရှာတွေ့သွားဟန်ပေါ်သည်။ ထို့ကြောင့်သာ ရှစ်စွင်းက ဒီလိုမျိုး ဉာဏ်အလင်းပွင့်မှုမျိုး ရလာခြင်း ဖြစ်လိမ့်မည်။

မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်ထဲ၌ လုကျိုး၊ လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့သာ ရှိလေသည်။ လုကျိုးက ခန်းမထဲ လျှောက်သွားပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူက ပြောလိုက်၏ “ထိုင်ကြပါ ”

အခြားသုံးယောက်လည်း ထိုင်လိုက်ကြသည်။

“ ခင်ဗျားတို့တွေက ဗဟုသုတကြွယ်ဝတဲ့ အကြီးအကဲတွေဆိုတာ ယုံတယ်။ မုရှီးကို သိကြလား ”

လန်လော့က ပြောလာသည် “ ကျုပ် ကြားဖူးပါတယ်။ မုရှီးက ဆားဓာတ်များတဲ့ တောင်ပေါ်မှာ ပေါက်ရောက်တယ်လို့ ပြောကြတယ်။ တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းနေတာမလို့ တခြားမျိုးစိတ်တွေ မပေါက်ရောက်နိုင်ကြဘူး ”

All Chapters