အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း(၃၅၂) မင်းက လူမှားရွေးမိပြီ
လန်လော့က လက်မြှောက်ကာ တခြားသူများကို တိတ်တိတ်နေခိုင်းလိုက်သည်။
“ကျုပ် သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဆိုတော့ သူ ဝေးဝေးမရောက်နိုင်ဘူး ”
ဖန်လီထန်းက အေးဆေးလှသည်။ သူက သေရည်တစ်ငုံ သောက်လိုက်ရင်း “ရှောင်အိုက် ဘာမှစိတ်ပူစရာမလိုဘူး။ သူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
“ဘယ်သူကို ရှောင်အိုက် ခေါ်နေတာလဲ။ ကျုပ်နာမည်က ကျန်းအိုက်ကျန့် ”
“ အဲဒီလူက တခြားမျိုးနွယ်တွေရဲ့ ကိုယ်ပျောက်တာအိုကို ကျင့်ကြံထားတာ ဖြစ်ရမယ်” လန်လော့က ပြောလိုက်သည်။
“ သူတို့ရဲ့ ရွှေရောင်ခေတ်တုန်းက တခြားမျိုးနွယ်စုဝင်တွေက တာ့ယန်ရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြတယ်။ အဲဒီကျင့်စဉ်အမျိုးမျိုးကြားမှာ တခြားမျိုးနွယ်တွေက ကိုယ်ပျောက်တာအိုကို အထူးပြုထားတဲ့ လွတ်မြောက်ရေးနည်းစနစ်ကို ဖန်တီးနိုင်ခဲ့ကြတယ်”
“အဲလိုဆို သူ ထွက်ပြေးသွားပြီ မဟုတ်ဘူးလား” ကျန်းအိုက်ကျန့်က မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။ ထိုလူက သူ့ကို သတ်ဖို့ရောက်လာခြင်း ဖြစ်၏။ အခြားသူများက စိတ်အေးနေသော်လည်း ကျန်းအိုက်ကျန့်ကတော့ ထိုသို့မဟုတ်ချေ။
“ သူ မထွက်ပြေးနိုင်ပါဘူး …”ဖန်လီထန်းက ရယ်လိုက်ကာ “ အဲဒီကြွက်စုတ်ကို ဘယ်သူအရင်ဖမ်းနိုင်မလဲ ကြည့်ကြတာပေါ့ ”
ဟွားဝူတောက်က ပြောလိုက်သည်။
“ အကြီးအကဲလန်က သူ့ကို ပြင်းပြင်းရိုက်လိုက်တာဆိုတော့ ပေတစ်ရာအမြင့် စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့ ချီပေါက်ကွဲမှုအောက်မှာ သူ ဘယ်လိုလုပ် ချက်ချင်း ထွက်ပြေးနိုင်မှာလဲ။ ဒီလိုကြွက်စုတ်မျိုးကို ဖမ်းဖို့ ပျင်းစရာကောင်းတယ်” သို့သော် သူ့စကားနှင့် ကွဲပြားစွာ သူ့လျို့ဟယ်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရင်း အဝေးတစ်နေရာသို့ ရောက်နေလေပြီ။
လန်လော့က လေထဲမှ ဟွားယွဲ့ရှင်းကို ကြည့်ကာ “လေက မင်းပိုက်နက်ပဲ။ မင်းဆီ အပ်ခဲ့ပြီ ”
ဟွားယွဲ့ရှင်းက စိတ်အားတက်ကြွလာလေသည်။ သူမက လက်နှစ်ဖက်ယှက်ကာ “အကြီးအကဲလန် စိတ်ချထားလိုက်ပါ။ သူ လေထဲကနေ ပေါ်လာရဲမလား ကြည့်ရတာပေါ့ ”
လန်လော့က လက်နောက်ပစ်ကာ ရှေ့တိုးလာပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
ကျန်းအိုက်ကျန့်က သူ့ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ဆွံ့အသွားသည်။
ရောင်းရင်းတို့ ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့တန်တန်ထားကြတာလဲ … ကျုပ်က ခင်ဗျားတို့အပေါ် မှီခိုနေတာလေ။ နည်းနည်းလောက် အလေးအနက်ထားပေးလို့ မရဘူးလား။
မင်ရှစ်ရင်က သူ့ပခုံးကို အသာပုတ်ကာ မျက်လုံးဝေ့ကြည့်လိုက်ပြီး “မင်းက ပွင့်ချပ်ငါးလွှာအဆင့်မဟုတ်ဘူးလား ”
ငါက ပွင့်ချပ်ငါးလွှာအဆင့် ဖြစ်တော့ ဘာဖြစ်တုံး … ပွင့်ချပ်ငါးလွှာအဆင့်က မကြောက်ရဘူးတဲ့လား …
ကျန်းအိုက်ကျန့်က စိတ်ထဲမှ ညည်းတွားလိုက်သည်။ အပြင်ဘက်၌မူ သူက ပြောလိုက်၏။
“ ညီအစ်ကိုမင် ပြောတာ မှန်တယ်။ သတိပေးတာ ကျေးဇူးပါပဲ ”
“ သွားတော့ ငါ့အနားကပ်မနေနဲ့။ မင်းက ပါ့ရှစ်တိနဲ့ စကားကောင်းကောင်း ပြောနိုင်မယ် ထင်တယ်။ မင်းနဲ့ငါက အမျိုးအစားမတူဘူး။ မင်းဆီမှာ ရဲရင့်တဲ့စိတ်ဓာတ်မျိုး မရှိဘူး ” မင်ရှစ်ရင်က ပြောပြီးနောက် ပျောက်ကွယ်သွားလေသည်။
တောင်အနောက်ဘက်၊ ပြန်လည်သုံးသပ်ရေးဂူ အပြင်ဘက်၌ ညအမှာင်ထုထဲတွင် ဘာမှရှင်းရှင်းလင်းလင်း မမြင်ရပေ။
အနက်ရောင်ပုံရိပ်တစ်ခုက ပြန်လည်သုံးသပ်ရေးဂူဘက် လှမ်းကြည့်ရင်း ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်သည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးနေ၏။ သူ တစ်ယောက်တည်းဖြစ်နေမှန်း သေချာသည့်အခါ ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလိုက်သည်။
ထိုစဉ် လေထဲ ရွှေရောင်သေရည်အိုး မျောလွင့်လာသည်။
အနက်ရောင် ပုံရိပ်က မြေကြီးအထိ ဝပ်လိုက်ကာ အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။ ထိုရွှေရောင်သေရည်အိုး ပျောက်ကွယ်သွားသည့်အခါမှ မော့ကြည့်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ အင်အားကို လျော့တွက်မိခဲ့သည်။ သူ့ပတ်ပတ်လည် ထွက်ပြေးရာလမ်းကြောင်းတိုင်း အားကောင်းသည့် စွမ်းအားများ ခြုံလွှမ်းနေသည်ကို သတိထားမိလေသည်။ တောင်အနောက်ဘက်သာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်၏။
အနက်ရောင် ပုံရိပ်က အရှိန်မမြင့်ခင် သူ့ချီနှင့် သွေးများကို တတ်နိုင်သမျှ ဖိနှိပ်ထားလိုက်သည်။ ထိုစဉ် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်နေသည့် ယွီရှန်းရုန်က သူ့အခြေအနေကို ထိန်းညှိလိုက်ရင်း နားရွက်လှုပ်ခတ်သွားကာ “ ဘယ်သူလဲ”
ဝှီး
ပုံရိပ်က အကာအရံထဲ ဝင်ကာ ယွီရှန်းရုန်ဘေး ရောက်လာသည်။
ကျန်းလျန်က အချိန်အများစုကို အံ့ဖွယ်မြို့တော်၌သာ နေခဲ့ပြီး တာဝန်ရှိသည့်အခါမှ ထွက်လာလေ့ရှိသည်။ ထို့ကြောင့် သူ့အနေနှင့် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း တစ်ခု၊ နှစ်ခုမျှသာ သိထား၏။ ကံဆိုးစွာဖြင့် သူက သူ့ရှေ့မှ လူကို မသိထားပ။ သူ့ရှေ့မှ လူက ဒီနေရာတွင် အကျဉ်းချခံထားရသောကြောင့် ထိုလူက မိစ္ဆာဝေဟင်မျှော်နန်း၏ ရန်သူ ဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။
“အသံမထွက်နဲ့ မဟုတ်ရင် အသေပဲ ” ကျန်းလျန်က ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်ပြီး ယွီရှန်းရုန်ကို ကြည့်လိုက်သည်။ သူ့ရှေ့မှ လူကို လေ့လာလိုက်ရင်း သံသယဖြစ်ဖွယ် အမူအရာတို့ ပေါ်လာသည်။ သူက ထိုလူ့ဆီမှ ကမ္ဘာဦးချီစိုးစဉ်းမျှ မခံစားမိသောကြောင့် စိတ်အေးမိသွားသည်။
“ရောင်းရင်း ထိခိုက်ထားတာပဲ” ယွီရှန်းရုန်၏ အသံက ပုံမှန်အတိုင်း ညင်သာလှသည်။
ကျန်းလျန်က မျက်မှောင်ကြုတ်ကာ “ ခင်ဗျားကိုလည်း မိစ္ဆာဝေဟင်မျှော်နန်းက ဖမ်းထားတာလား ”
“ ဟုတ်တယ်” ယွီရှန်းရုန်က အရိုးသားဆုံး ဖြေလိုက်သည်။
“ဘာလို့ ထွက်မပြေးရတာလဲ” ကျန်းလျန်က မေးလိုက်သည်။
“ထွက်ပြေးဖို့လား ” ယွီရှန်းရုန်က ခေါင်းခါကာ အပြုံးလေးဖြင့် “ထွက်ပြေးနိုင်ရင် ဟိုးကတည်းက လုပ်ပြီးပြီပေါ့။ ဘာလို့ အခုချိန်အထိ စောင့်နေတော့မှာလဲ”
ကျန်းလျန်က ခေါင်းညိတ်လိုက်ကာ “ ကြည့်ရတာ ကျုပ်တော့ မိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်မိသွားတဲ့ပုံပဲ … ”
ယွီရှန်းရုန်က ထရပ်တော့မည့်ဆဲဆဲတွင် ကျန်းလျန်က ဖြတ်ပြောလိုက်သည်။
“မလှုပ်နဲ့ ”
“ကြောက်နေတာလား ”
“ ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းက အဆင့်မြင့် ကျင့်ကြံသူတွေကို အသိပေးလိုက်သလို ဖြစ်သွားတော့ အခုနေ ဘာလှုပ်ရှားမှုမျိုးပဲဖြစ်ဖြစ် သူတို့အာရုံဖမ်းစားသွားလိမ့်မယ်။ ကျုပ် သေရင် ခင်ဗျားကိုပါ ဆွဲခေါ်သွားမယ်” ကျန်းလျန်က ပြောလိုက်သည်။
ယွီရှန်းရုန်က အပြင်ဘက်မှ မဟူရာကောင်းကင်ကြီးကို ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ကျုပ်ကို သတ်ချင်တာလား”
ကျန်းလျန်က ယွီရှန်းရုန်ကို ထပ်မံ သုံးသပ်လိုက်သည်။
ယွီရှန်းရုန် မျက်နှာအပေါ် လရောင်ဖြာကျလာသည်။
ကျန်းလျန်က ယွီရှန်းရုန်သည် ညင်သာသိမ်မွေ့သည်ဟု ထင်ကာ “ ကျုပ်ဘာသာ ကယ်တင်ဖို့ လုပ်နေတာမလို့ ကျုပ်ကို အပြစ်မတင်နဲ့ ”
“ရောင်းရင်း ကြောက်နေဖို့မလိုဘူး … တကယ်လို့ အတိတ်မှာသာဆိုရင် ခင်ဗျား ကျုပ်ရှေ့ အသက်တစ်ရှိုက်စာတောင် နေနိုင်မှာ မဟုတ်ဘူး” ယွီရှန်းရုန်က ပြောလိုက်သည်။
“ …” ကျန်းလျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သရော်ကာ “ ကျုပ် သတိမမူမိလို့ ရလာတဲ့ ဒဏ်ရာတွေကြောင့်သာ မဟုတ်ရင် ကျုပ် ထွက်ပြေးနိုင်တယ် ”
ယွီရှန်းရုန်က ခေါင်းခါကာ “ ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်နေတာပဲ”
“ဘာပြောချင်တာလဲ”
“ကျုပ် ကျင့်ကြံဆင့် ရှိနေသေးရင်တောင် ဒီနေရာကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျားလိုမျိုးဆို ထည့်မပြောနဲ့တော့ ” ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ကျန်းလျန်က သဘောမတူပေ။
“အဲဒါက ခင်ဗျားအမြင်လေ”
“ယုံကြည်ချက်လွန်ကဲတာနဲ့ ဘဝင်မြင့်တာက ကျရှုံးစေတဲ့ အကြောင်းအရင်းတွေပဲ” ယွီရှန်းရုန်က သူ့ရှစ်စွင်း၏ စကားများကို အမှတ်ရလိုက်မိသည်။ သူ့ရှစ်စွင်း စကားများက အဓိပ္ပာယ်ရှိ၏။
ကျန်းလျန်က အပြင်ဘက်ကို သတိထားကာ လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
“ ခင်ဗျားလိုမျိုး နိမ့်ကျတဲ့ အကျဉ်းသားက ကျုပ်နဲ့ မယှဉ်နိုင်ပါဘူး။ ကျုပ်တို့က တစ်လေတည်း ရှုနေတာ မဟုတ်ဘူး ”
ယွီရှန်းရုန်က ပြုံးကာ ထရပ်လိုက်သည်။ “ အားနာပါတယ်”
“ဟမ်”
“မင်း လူမှားရွေးမိပြီ” ယွီရှန်းရုန်၏ စကားများက ရိုးရှင်းလှသည်။
ကျန်းလျန်က ယွီရှန်းရုန် စကားများကြောင့် ခေါင်းရှုပ်သွားလေသည်။
ယွီရှန်းရုန်က ရှေ့တိုးလာ၏။
ကျန်းလျန်က ဆတ်ခနဲ လှမ်းထိုးလိုက်စဉ် သူ့ဓားမြောင်က လက်ခနဲ ဖြစ်သွားသည်။
ထိုစဉ် ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ထုတ်လိုက်ပြီး ၄၅ ဒီဂရီစောင်းကာ ခုတ်ချလိုက်သည်။
ချွမ်
ဓားက ဓားအိမ်ထဲ ပြန်ရောက်သွားလေပြီ။
ပေါ့ပါးသွက်လက်သည့် လှုပ်ရှားမှုများက ရေလိုမျိုး ချောမွေ့နေသည်။
တိုက်ပွဲက အဆုံးသတ်သွားလေပြီ။
ကျန်းလျန်၏ ဓားမြောင်က ထက်ပိုင်းကျိုးသွားလေ၏။ တစ်ဝက်က မြေပေါ် ပြုတ်ကျသွားကာ တစ်ဝက်က သူ့လက်ထဲ ကျန်ရှိနေသည်။ သူ့အကြည့်များထဲ အကြောက်တရားအပြည့် ဖြစ်နေသည်။ သူ့ချီပင်လယ် ထိုးဖောက်ခံလိုက်ရမှန်း ခံစားမိလိုက်သည်။ ထို့အပြင် သူ့ဝမ်းဗိုက်အောက်ပိုင်းမှ ညာဘက်ပခုံးအထိ ပိုင်းဖြတ်ခံရသလို ခံစားလိုက်မိသည်။ သူ့ချီပင်လယ်ကို ဖြတ်သွားသည့် ဓားချက်လေးက တဖြည်းဖြည်းပြန့်လာသည်။ ထိုလူက ကမ္ဘာဦးချီပင် မသုံးလိုက်ပေ။
သူက ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်နဲ့ လုပ်သွားတာလား …
ကျန်းလျန်က အသက်ရှည်ဓားကို လှည့်ကြည့်လိုက်သည်။ ထိုအရာမှ အနီဖျော့ဖျော့ အလင်းရောင်တချို့ ထုတ်လွှင့်ပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထိုဓားက ကောင်းကင်အဆင့် လက်နက်ဖြစ်မှန်း သိသာလှသည်။
ယွီရှန်းရုန်က အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် ခေါင်းယမ်းလိုက်သည် “ ပုံမှန်အခြေအနေဆိုရင် မင်း တန်းသေလောက်ပြီ။ မင်းရဲ့ နာကျင်မှုကို အချိန်ဆွဲမိတာ အားနာပါတယ် … ”
ကျန်းလျန်၏ အဝတ်တွင် သွေးများစွန်းလာကာ “ ငါသာ ဒဏ်ရာမရထားရင် မင်း … မင်း ငါ့ကို ထိနိုင်မှာ မဟုတ်ဘူး ”
“မင်း ဒဏ်ရာမရထားရင်လား …” ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ သူက နဂိုနေရာပြန်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် သူက ဘာမှဆက်မပြောတော့ပေ။
ကျန်းလျန်၏ အသက်ဓာတ်က စိမ့်ထွက်နေပြီး ဝုန်းခနဲအသံနှင့်အတူ မြေပေါ် လဲကျသွားသည်။ သူ့ချီပင်လယ် ပိုင်းဖြတ်ခံလိုက်ရသည်နှင့် သူ့ကမ္ဘာဦးချီကို ထုတ်သုံးနိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် သူက ဒဏ်ရာရထားသေး၏။ သူ့အနေနှင့် သေခြင်းတရားကိုသာ စောင့်နေနိုင်သည်။ သူက ဒီရလဒ်မျိုး မမျှော်လင့်ထားမိပေ။
သူက သေမင်းခံတွင်းဝ ရောက်နေသည့်အချိန် သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည့် လူကို ကြည့်လိုက်ရင်း မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ … ကျုပ်ကို … ကျုပ်ကို … သတ်တဲ့လူ နာမည်ကို မှတ်ထားရမယ် … ”
ယွီရှန်းရုန်က မျက်လုံးအသာဖွင့်လိုက်ပြီး ကျန်းလျန်အား ကြည့်လိုက်ကာ “ငါ့နာမည်က ယွီရှန်းရုန် ”
ကျန်းလျန်က စိတ်ထဲမှ ရယ်လိုက်မိသည်။
သူ ဒဏ်ရာမရထားရင်တဲ့လား …
အခု သူ ဒဏ်ရာမရထားလျှင်ပင် ဘာမှပြောင်းလဲသွားမည် မဟုတ်ကြောင်း သိလိုက်သည်။ သူက ဒဏ်ရာမရထားသလို ယွီရှန်းရုန်လည်း ကျင့်ကြံဆင့် ပိတ်ဆို့မခံထားရလျှင် သူ ဆိုးဆိုးရွားရွား သေဆုံးသွားနိုင်သည်။
ထိုစဉ် ကျန်းလျန်ခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ နောင်တ၊ စိတ်ဓာတ်ကျမှု သို့မဟုတ် လွတ်မြောက်ခွင့် တစ်ခုမှ အရေးမပါတော့ပေ။ သူ နောက်ဆုံးထွက်သက်ကို မရှုရှိုက်ခင် နောက်ဆုံးစကားကို ရေရွတ်လိုက်သည်။
“ကောင်းတယ် ..”
သူ့ခေါင်းက တစ်ဖက်သို့ စောင်းကျသွားပြီး နောက်ထပ် အသက်ထပ်မရှုတော့ပေ။
ညက တိတ်ဆိတ်နေဆဲ ဖြစ်ကာ လရောင်ကလည်း ဖြာကျနေဆဲ ဖြစ်၏။
အချိန်မည်မျှကြာမှန်း မသိတော့သည့်အချိန်တွင် လရောင်က ပြန်လည်သုံးသပ်ရေးဂူအတွင်း အလင်းပေးနေသည်။ ထိုစဉ် ယွီရှန်းရုန်၏ ဆံပင်ရှည်များက အဖြူရောင်တစ်ဝက် ဖြစ်နေလေပြီ။
…
အခန်း (၃၅၃) လျိုရှစ်ကျဲက ပိုဖြူ
ယွီရှန်းရုန်က မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သူ၏ပခုံးပေါ်ရှိဆံပင်များကို ကြည့်လိုက်သည်။ ထိုအရာကြောင့် သူ မထိတ်လန့်သွားပေ။ မျက်လုံးထပ်မှိတ်လိုက်တော့သည်။
ပြန်လည်သုံးသပ်ရေးဂူအပြင်၌ စွမ်းအင်လှိုင်းကြီးတစ်ခုရှိနေသည်။
ခဏအကြာတွင် ဂူအပြင်ဖက်က အသံတစ်သံထွက်ပေါ်လာ၏။ အသံက စူးရှပြီးကြည်လင်သည်။
“အာ့ရှစ်ရှိုး” ယွီရှန်းရုန်က ခပ်ရေးရေးပြုံးကာ ပြောလိုက်တော့၏။
“ရှောင်ရှစ်မေ့” သူက ဖြည်းဖြည်းချင်းထရပ်ကာ သူ၏အသက်ရှည်ဓားကိုကိုင်လျက် ပြန်လည်သုံးသပ်ရေးဂူ အပြင်ဘက်သို့သွားလိုက်သည်။
ရှောင်ယွမ်အာသည် လရောင်အောက်ရှိဂူအပြင်ဖက်၌ ရပ်နေလေ၏။ သူမသည် ပျော်ရွှင်နေခဲ့တာ ဖြစ်သော်ငြား ယွီရှန်းရုန်၏ငွေရောင်ဆံပင်များကို မြင်တွေ့သည့်အချိန်၌ ထိတ်လန့်ပြီးစိုးရိမ်သွား၏။ သူမက “အာ့ရှစ်ရှိုး ... ရှစ်ရှိုးရဲ့ ဆံပင် ... ဆံပင်တွေ”
“ငါ အဆင်ပြေတယ်” ယွီရှန်းရုန်က ရှောင်ယွမ်အာဆီလျှောက်သွား၏။ သူက ကြယ်စုံသောကောင်းကင်နှင့် လရောင်ကို သိမ်မွေ့စွာ မော့ကြည့်လိုက်၏။ ပြီးနောက် ရှောင်ယွမ်အာဆီ အကြည့်က ရောက်လာတော့သည်။ “မင်း အရပ်ပိုမြင့်လာတဲ့ပုံပဲ”
ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။
“လူတွေကြီးပြင်းလာတာ သဘာဝပဲလေ”
“ဟုတ်တယ် လူတွေကြီးပြင်းလာတာ” ယွီရှန်းရုန်က ပြောလိုက်သည်။
“အကြီးအကဲသုံးယောက်ရဲ့ စစ်ရှစ်ရှိုးက အလုပ်ရှုပ်နေကြတာလေ ဘာမှလုပ်စရာမရှိလို့ ညီမ ရှစ်ရှိုးဆီ လာလည်ဖို့ ဆုံးဖြတ်လိုက်တာ" ရှောင်ယွမ်အာက ပြော၏။
ထိုစဉ် ဟွားဝူတောက်သည် သူ၏ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် လျှို့ဟယ်တာအို စည်းတံဆိပ်ဖြင့် ကောင်းကင်ကနေ ပျံသန်းလာလေ၏။ သူက ပြန်လည်သုံးသပ်ရေးဂူ၌ လှုပ်ရှားမှုအချို့ကို အာရုံခံမိသည့်အချိန်၌ လေထဲတွင် ပျံဝဲနေလျက် အောက်ငုံ့ကြည့်လိုက်သည်။
ယွီရှန်းရုန်က မော့တောင်မကြည့်ဘဲ ဖြေလိုက်လေ၏။
“သူ သေသွားပြီ ... သူ ပြန်လည်သုံးသပ်ရေးဂူထဲမှာ”
ဟွားဝူတောက်က အနည်းငယ်ထိတ်လန့်သွားပြီးနောက် ဆင်းသက်လိုက်သည်။ သေနေသော ကျန်းလျန်ကို မြင်သောအခါ သူထိတ်လန့်သွား၏။ ကျန်းလျန်၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကို စစ်ဆေးရန် သွားလိုက်၏။ ဓားကြောင့်ရသည့်ဒဏ်ရာဆိုတာ အတည်ပြုပြီးသည့်အချိန်၌ သူက ကြောက်လန့်မှုများ ပြည့်သွားတော့သည်။
ယွီရှန်းရုန်၏ကျင့်ကြံဆင့်က ချိတ်ပိတ်ခံထားရသည်။ ကျန်းလျန်သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင်တစ်ဦးဆိုတာ ကျန်းလျန်သိထားပေ၏။ သူဒဏ်ရာရထားပင်လျှင် ကျင့်ကြံဆင့်မရှိသည့်လူတစ်ယောက် သတ်တာခံရမည့်လူတစ်ယောက် မဟုတ်လောက်ပေ။ ယွီရှန်းရုန် မည်ကဲ့သို့ သတ်ခဲ့သနည်း။
ဟွားဝူတောက်က လှည့်လာပြီး လရောင်ကို ကျောပေးထားသော ယွီရှန်းရုန်ကို ကြည့်လိုက်၏။
ယွီရှန်းရုန်၏ဆံနွယ်တစ်ဝက်က အဖြူရောင် ပြောင်းသွားပြီဖြစ်သည်။ သို့သော် သူ၏အမူအရာက တည်ငြိမ်နေလျက် ဘာမှမထူးခြားသည့်ပမာဖြစ်နေသည်။
ဟွားဝူတောက်သည် အမြီးမှန်းခေါင်းမှန်းမဆုံးဖြတ်နိုင်သောကြောင့် ခန့်မှန်းနေတာကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ ခဏအကြာတွင် သူက ပြန်လည်သုံးသပ်ရေးဂူကနေ ထွက်သွားပြီးနောက် အလောင်းကိုရွေ့ရန် ကျန်သည့်သူများကိုပြောလိုက်၏။ ရှောင်ယွမ်အာကလည်း အလောင်းမြင်တွေ့သည့်အခါ သူမလည်း ထိတ်လန့်သွားကာ ပြောလိုက်တော့သည်။
“အာ့ရှစ်ရှိုး သူ့ကိုသတ်လိုက်တာလား”
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။
သူပြန်ရောက်လာသည့်အချိန်တွင် ဟွားဝူတောက်က လက်သီးဆုပ်မိုးပြီး ပြောလိုက်တော့၏။
“ကျုပ်မေးပါရစေ ဒုတိယသခင်လေး ကျန်းလျန်ကို ဘယ်လိုသတ်လိုက်တာလဲ”
“ကျုပ်ဓားရဲ့စွမ်းဆောင်ရည်ရှိတဲ့လွှဲယမ်းမှုတစ်ချက်နဲ့ပေါ့” ယွီရှန်းရုန်က ဖာသိဖာသာ ဖြေလိုက်၏။
“…” ထိုအဖြေ၌ ဟာကွက်မရှိပေ။
ဒဏ်ရာကို စစ်ဆေးပြီးနောက် ယခုသူ၏မေးခွန်းက အဓိပ္ပာယ်မဲ့သည်ဟု ခံစားရသည်။
“ကျုပ် ဉာဏ်အလင်းပွင့်သွားပါပြီ" ဟွားဝူတောက်သည် လက်သီးအနည်းငယ်ဆုပ်မိုးလျက် လှည့်ထွက်သွားတော့သည်။
ရှောင်ယွမ်အာက ယွီရှန်းရုန်ကို လက်မထောင်ပြလိုက်တော့သည်။ သူမက ရယ်မောလျက် ပြောလိုက်သည်။
“အံ့ဩဖို့ကောင်းလိုက်တော အာ့ရှစ်ရှိုး ... အာ့ရှစ်ရှိုး ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတာလဲ”
ထိုမေးခွန်းက ယွီရှန်းရုန်ကို မှင်တက်မိသွားစေ၏။ ခဏတာစဉ်းစားပြီးနောက် ရိုးရိုးသားသားဖြေလိုက်သည်။
“ငါက ရှစ်စွင်းလောက် နည်းနည်းလျော့ပြီး အံ့ဩဖို့ကောင်းတာများလား”
“နည်းနည်းလျော့တာလား”
“အင်း ... နည်းနည်းလေးပိုလျော့တာနေမယ်”
“ဒီတော့ ဘယ်လောက်လဲ” ရှောင်ယွမ်အာက သူ့ကိုကြည့်နေပြီး သူမကို သူ ရှင်းရှင်းလင်းလင်း အဖြေပေးသည့်အချိန်အထိ လက်လျှော့မှာမဟုတ်ပေ။
“ဒါ အရေးမကြီးဘူး” ယွီရှန်းရုန်သည် လရောင်အဝေးကို လျှောက်သွားလျက် သစ်ပင်အရိပ်များဆီသွားလိုက်၏။
ယင်းက ရှောင်ယွမ်အာကို လူတစ်ယောက်အားသတိရသွားစေသည်။ ထို့ကြောင့် သူမက ပြောလိုက်တော့သည်။ “အာ့ရှစ်ရှိုး ... လျှို့ရှစ်ကျဲရဲ့ဆံပင်တွေက ရှစ်ရှိုးထက်ပိုဖြူတယ်”
ယွီရှန်းရုန်က လှည့်ကြည့်လာပြီးပြောလိုက်၏။ "ယဲ့ထျန်းရှင်းလား"
ရှောင်ယွမ်အာသည် ယဲ့ထျန်းရှင်းအကြောင်း တွေးမိသည့်အချိန်၌ ချက်ချင်း စိတ်ပျက်အားငယ်သွား၏။ သူမက ပြောသည်။
“ရှစ်ကျဲထျန်းရှင်းက ခက်ခဲတာပဲ ... သူ့ကို ရှစ်စွင်းက မောင်းထုတ်လိုက်တာလေ”
ယွီရှန်းရုန်က ပြုံးလိုက်၏။ “မင်းရဲ့ဒီလိုကြင်နာမှုမျိုးက ရှားပါးလိုက်တာ ... ရှောင်ရှစ်မေ့”
“ကျေးဇူးပါ အာ့ရှစ်ရှိုး” ရှောင်ယွမ်အာကပြောလိုက်၏။
ယွီရှန်းရုန်သည် သူမ၏အဝတ်အစားများ တစ်ခုခုမှားနေသည်ကို သတိပြုမိသည့်အချိန်၌ ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။
“တိမ်ယံငှက်မွေးဝတ်စုံက မကောင်းလို့လား”
“မဟုတ်ဘူး ... ကောင်းပါတယ် ဒါပေမဲ့ ရှစ်စွင်းက ညီမကို ဝတ်ခွင့်မပေးဘူး အဲ့ဒါက ညီမရဲ့တိုးတက်မှုနဲ့ ကျင့်ကြံမှုကို ထိခိုက်စေတယ်လို့ပြောတယ်” ရှောင်ယွမ်အာက ပြန်ပြေလိုက်သည်။
“ရှစ်စွင်းပြောတာမှန်တယ်"
ရှောင်ယွမ်အာက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်တော့၏။ “နောက်ပိုင်းမှာ ညီမ တိုးတက်မှုကြီးကြီးမားမားတွေရလာခဲ့တယ် အာ့ရှစ်ရှိုး ... လက်ရည်ချင်းယှဉ်ရအောင် အဲ့ဒီတုန်းက ရှစ်ရှိုးကို ညီမထိတောင်မထိနိုင်ပေမဲ့ အခုထိနိုင်ပြီဆိုတာသေချာတယ်”
ယွီရှန်းရုန် “...”
သူပြန်မပြောနိုင်သေးခင် ရှောင်ယွမ်အာ၏နောက်၌ ဆယ်ပေခန့်ရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ ယင်းက သခင်ကဲ့သို့ပင် သွက်လက်ပြီးချစ်စဖွယ်ကောင်း၏။
ယွီရှန်းရုန်သည် စိတ်ဝိညာဉ်သဏ္ဌာန်ကို အနည်းငယ်ထိတ်လန့်သောအမူအရာဖြင့်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်၏။
“ဂုဏ်ပြုပါတယ် ရှောင်ရှစ်မေ့”
သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ဝင်ပြီး အချိန်တိုအတွင်း ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖန်တီးနိုင်ခဲ့တာပဲ။ ပွင့်ချပ်တစ်လွှာတောင်ပေါက်ပြီးနိုင်ခဲ့ပြီ။ နောင်ကျ ရှောင်ရှစ်မေ့က ကျင့်ကြံခြင်းလောကရဲ့ထိပ်ကို တကယ်ရောက်လောက်တယ်။ သူ့အနာဂတ်ကလည်း မျှော်ကြည့်စရာပဲ။
တစ်ဖက်တွင် ယွီရှန်းရုန်က သူ၏ ကျင့်ကြံဆင့် အပြည့်အဝဆုံးရှုံးသွားပြီဖြစ်၏။ သူခေါင်းခါလိုက်တော့သည်။
ထိုစဉ် မာန်ပါသည့်အသံတစ်သံကလေထဲပေါ်ထွက်လာတော့သည်။ “ယွမ်အာ သိက္ခာရှိရှိနေ”
ရှောင်ယွမ်အာက အမြန်လှည့်လာ၏။ လရောင်အောက်၌ လက်နောက်ပစ်ထားလျက် သူတို့ဆီလျှောက်လာသော ရှစ်စွင်းကိုတွေ့လိုက်ရသည်။ သူမက အမြန်အရိုအသေပေးလိုက်သည်။
“ရှစ်စွင်း”
ယွီရှန်းရုန်က အနည်းငယ် အံ့ဩထိတ်လန့်သွား၏။ သူကရှောင်ရှစ်မေ့ဘေးသို့ လျှောက်သွားပြီးနောက် အရိုအသေပေးလိုက်သည်။
လုကျိုးက ယွီရှန်းရုန်၏ဆံပင်များကိုကြည့်လိုက်သည်။ သူကရှောင်ယွမ်အာဖက်လှည့်ပြီးနောက် ပြောလိုက်၏။
“ယွမ်အာ ... ဆရာက မင်းရဲ့အာ့ရှစ်ရှိုးနဲ့ပြောစရာရှိသေးတယ်။ ငါတို့ကို နေရာပေးဦး”
“ဪ” ရှောင်ယွမ်အာသည် အနည်းငယ်စိတ်မပါသော်ငြား ပြောသည့်အတိုင်း အမြဲတမ်း လုပ်လေ့ရှိသည်။ သူမက ယွီရှန်းရုန်ဖက်တချက်လှည့်ကြည့်ပြီး တာ့တာ့ပြကာ ပြောလိုက်၏။
"အာ့ရှစ်ရှိုး နောင်ကျလက်ရည်ယှဉ်ကြတာပေါ့ ညီမ အခု သွားတော့မယ်”
“အင်း” ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။
ရှောင်ယွမ်အာထွက်သွားပြီးနောက် လုကျိုးသည် သူ့လက်ကိုဆန့်တန်းကာ လေသံအတက်အကျမရှိ ပြောလိုက်၏။ “သက်တော်ရှည်ဓား”
ယွီရှန်းရုန်က သူ မခုခံနိုင်မှန်း သိ၏။ ထို့ကြောင့်သူက အနည်းငယ်တွေဝေနေသည့်တိုင် နောက်ဆုံးတွင် သူ့ရှစ်စွင်းလက်ထဲသို့ ဓားကိုထည့်လိုက်သည်။
လုကျိုးသည် သက်တော်ရှည်ဓားကို ထိမိလိုက်သည့်အချိန်၌ အတွင်းရှိစွမ်းအင်ကို တိုင်းတာလိုက်လေ၏။ ယင်းက မရှိတော့ပေ။
လုကျိုးက ဓားကိုယွီရှန်းရုန်အားပြန်ပေးပြီးပြောလိုက်တော့သည်။
“မင်းနောင်တမရဘူးလား ... မင်းနောက်ထပ် အနှစ်နှစ်ရာလောက်အသက်ရှင်နိုင်တာ” ယွီရှန်းရုန်သည် ဓားအတွင်းရှိ ကျန်ရှိသောစွမ်းအားကိုသုံးပြီး ကျန်းလျန်ကိုသတ်ခဲ့တာသေချာသည်။
သက်တော်ရှည်ဓားဟူသည် ၎င်း၏အမည်အတိုင်းပင် ... လူတစ်ယောက်၏အသက်ကို ရှည်စေနိုင်ပြီး သေခြင်းတရားကို ခဏတာထိန်းထား၏။
ယွီရှန်းရုန်က တည်ငြိမ်ပုံပေါ်ကာပြောလိုက်၏။
“ကျွန်တော့်ဓားချက်တွေကို ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး ... အတိတ်တုန်းကပဲဖြစ်ဖြစ် ပစ္စုပ္ပန်မှာပဲဖြစ်ဖြစ် အနာဂတ်မှာပဲဖြစ်ဖြစ် ဘယ်တော့မှ နောင်တရမှမဟုတ်ဘူး”
လုကျိုးက မေးလိုက်တော့၏။ “ဒီလိုဆိုရင် ငါ မင်းကိုသတ်ဖို့ကြိုးစားနေတာလို့တွေးနေတုန်းလား”
ယွီရှန်းရုန်က ကြက်သေသေသွား၏။ သူတို့သည် အလင်းခွင်းတိမ်တိုက်တောအုပ်ထဲ၌ တွေ့ချိန်မှစပြီး စကားများများမပြောသည့်တိုင် သူ့ရှစ်စွင်းပြောင်းလဲသွားတာကို ခံစားမိ၏။ ခဏတာ စဉ်းစားပြီးနောက် သူကပြောလိုက်သည်။ “နောင်ကျ ဘာဖြစ်လာမလဲဆိုတာ အာမခံချက်မရှိပါဘူး။”
“အနာဂတ်မှာလား ... မင်း ဘယ်လောက်ကြာအောင် အသက်ရှည်မှာလဲ။ မင်းပြောနေတဲ့ အနာဂတ်က ဘာလဲ” လုကျိုးက ပြန်ပက်လိုက်၏။
ယွီရှန်းရုန်က နင် သွားတော့၏။ ခဏအကြာတွင် သူကပြောလိုက်တော့၏။ “ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့တံခါးကို ကန်ချမယ်လို့ပြောတာပဲ”
လုကျိုးက ကောင်းကင်ကိုမော့ကြည့်ပြီးနောက် တောက်ပစွာလင်းထိန်နေသော လကိုကြည့်လိုက်၏။ သူက သက်ပြင်းချကာ ခေါင်းခါပြီးနောက်ပြောလိုက်တော့သည်။
“အရင်တုန်းက ငါဘာပဲလုပ်လုပ်ခဲ့ အားလုံးက အတိတ်ပဲ”
ယွီရှန်းရုန်သည် ဘာပြောရမှန်းမသိပေ။ ထိုစကားကိုကြားသည့်အချိန်၌ အတိတ်တုန်းက သူခံစားရသည့်မလိုမုန်းတီးမှုတို့က ထပ်မံပေါ်ပေါက်လာကာ အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည်ကို သူ့အားသတိပေးနေခဲ့ပြီး အဆုံးတွင်မူ သူက ဆိတ်ဆိတ်သာနေရန်ရွေးချယ်လိုက်သည်။
ထိုစဉ် လုကျိုးက ဖြည်းဖြည်းချင်းလှည့်လာပြီး ယွီရှန်းရုန်ကို ကြည့်လိုက်တော့၏။
“အရင်တုန်းက မင်းကို သတ်ဖို့ကြိုးစားခဲ့ရတာ အကြောင်းရင်းတစ်ခုရှိမှာပဲ ... ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့တပည့်ဖြစ်နေသေးတုန်းပဲ ... မင်းရဲ့ဆံပင်တွေဖြူနေပြီ၊ မင်း တွေးခေါ်တတ်တယ်ဆိုရင် အရှေ့ဖက်မျှော်နန်းကိုလာခဲ့”
သူသည် ယွီရှန်းရုန်၏အကြောင်းပြန်မှုကို စောင့်မနေဘဲ ပြောပြီးသည်နှင့် ပြန်လည်သုံးသပ်ရေးဂူကနေ လှည့်ထွက်သွား၏။ အတော်ကြာသည့်တိုင် လရောင်က သူ၏ခန္ဓာကိုယ်ပေါ် တောက်ပနေပြီး ယွီရှန်းရုန်က တုန်ယင်နေသော လက်ချောင်းများဖြင့် သက်တော်ရှည်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ပြန်လည်သုံးသပ်ရေးဂူထဲသို့ ပြန်ဝင်သွားလိုက်သည်။
…
အခန်း(၃၅၄) ညတွင်းချင်း ဆံပင်ဖြူသွားခြင်း
“တင်း … ယွီရှန်းရုန်ကို သင်ကြားညွှန်ပြပေးပါ။ ဆုလာဘ် - ကုသိုလ်ရမှတ် ၅၀၀ ”
နောက်တစ်ရက် မနက်စောစော၌ ပုံမှန်အတိုင်း နေမင်းက အရှေ့အရပ်မှ ထွက်ပေါ်လာသည်။
မနက်ခင်း အလင်းရောင်က ပြန်လည်သုံးသပ်ရေးဂူအတွင်း ဖြာကျသွားသည့်အခါ ရှောင်ယွမ်အာက အဝင်ဝနား လွှားခနဲ ရောက်လာသည်။ သူမက လှမ်းခေါ်လိုက်သည်။
“ အာ့ရှစ်ရှိုး … ”
“ရှောင်ရှစ်မေ့ … မင်္ဂလာ မနက်ခင်းလေးပါ” ယွီရှန်းရုန်က လက်ထဲတွင် အသက်ရှည်ဓား ကိုင်ဆောင်ကာ ပြန်လည်သုံးသပ်ရေးဂူထဲမှ ထွက်လာလေသည်။ ထိုစဉ် ယွီရှန်းရုန်၏ ဆံပင်များက တစ်ဝက်လောက်သာ ဖြူနေခြင်း မဟုတ်တော့ပေ။ အားလုံး အဖြူပြောင်းသွားလေပြီ။
ရှောင်ယွမ်အာက အလန့်တကြား ဖြစ်သွားလေသည်။ သူမက လက်ညိုးထိုးလိုက်ကာ “ အာ့ရှစ်ရှိုးရဲ့ ဆံပင်က …”
“ အဆင်ပြေပါတယ်” ယွီရှန်းရုန်က နေမင်းကို မော့ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ ရှစ်စွင်းကို သွားရှာလိုက်မယ် ”
“ မလိုဘူး” ယွီရှန်းရုန်က လျှောက်လှမ်းလာသည်။
ရှောင်ယွမ်အာက ရပ်တန့်လိုက်သည်။
ယွီရှန်းရုန်က သူမဆီ လျှောက်လာပြီး ပြုံးကာ “ရှောင်ရှစ်မေ့ ငါက ငါ့ကျင့်ကြံဆင့်အားလုံး ဆုံးရှုံးသွားပြီ။ တကယ်လို့ ငါနဲ့ လက်ရည်စမ်းချင်ရင် ငါ့ကို လျှော့ပေးရမှာနော် ”
“ ညီမ လျော့ပေးပါ့မယ်” ရှောင်ယွမ်အာက ပြန်ပြောဖို့ပင် အခက်တွေ့နေသည်။
ယခု ပြန်လည်သုံးသပ်ရေးဂူတွင် လူအုပ်နည်းနည်းများလာလေပြီ။
ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်း၊ ကျောင်းယွဲ့၊ မင်ရှစ်ရင်၊ ကျူးဟုန်ကုန်နှင့် အမျိုးသမီး တပည့်များလည်း စုဝေးကာ ယွီရှန်းရုန်ကို စောင့်ကြည့်နေကြသည်။ သူတို့က ယွီရှန်းရုန်သည် သူ့ကျင့်ကြံဆင့် စည်းပိတ်ခံထားရလျက်ဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ကျင့်ကြံသူကို သတ်ခဲ့ကြောင်း ကြားခဲ့ရသည်။ သူတို့က သူ့ဆံပင်များ အဖြူရောင် ပြောင်းသွားသည့်အကြောင်းလည်း ကြားခဲ့ရသည်။ သို့သော်လည်း ယခု သူတို့ သူ့ကို မြင်လိုက်သည့်အခါမှ သူ့ဆံပင်သည် လုံးဝဖြူဆွတ်နေကြောင်း သိလိုက်ရသည်။ သူ့ဆံပင်များသည် ညတွင်းချင်း အဖြူရောင် ပြောင်းသွားခဲ့၏။ သူတို့က ယွီရှန်းရုန်၏ မျိုးနွယ်အကြောင်း သိထားကြပြီး သူတို့ဘာသာ တီးတိုးပြောနေကြသည်။
မုရှီးက မဟာနွယ်တိုင်းပြည်တွင် ပေါက်ရောက်ပြီး မနက်ခင်း၌ ပွင့်လန်းပြီး ညဘက် ညှိုးနွမ်းသွားတတ်သည်။
ယွီရှန်းရုန်က အခြားလူများကို တစ်ချက်ကြည့်လိုက်သည်။ သူက တင့်တယ်သော အပြုအမူဖြင့် နှုတ်ဆက်လိုက်သည် “မင်္ဂလာ မနက်ခင်းလေးပါ”
အားလုံးက လက်နှစ်ဖက်ယှက်ကာ “ ဒုတိယသခင်လေး မင်္ဂလာ မနက်ခင်းလေးပါ”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ အာ့ရှစ်ရှိုး ညီမ ရှစ်စွင်းဆီ အကူအညီသွားတောင်းလိုက်မယ်။ ရှစ်စွင်းက နည်းလမ်းရှိမှာ သေချာတယ်”
“ငါနဲ့ လက်ရည်လာစမ်းတာ မဟုတ်ဘူးလား” ယွီရှန်းရုန်က မေးလိုက်သည်။
“အဲဒါက …” ရှောင်ယွမ်အာက ခဏတာ စဉ်းစားလိုက်ပြီးနောက် “ ဟုတ်ပါတယ် ”
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်းဆောင်အတွင်း …
လုကျိုးက တစ်ညတာလုံး ကောင်းကင်ကျမ်းကို လေ့လာဆင်ခြင်နေလေသည်။ သူက ယခု စိတ်ဓာတ်တက်ကြွမှုအပြည့် ဖြစ်နေ၏။ သူက ခြေလက်ဆန့်လိုက်ရင်း အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။
ထိုစဉ် လီယွင်ကျောက်နှင့် ကျန်းအိုက်ကျန့်တို့က ရောက်လာသည်။ သူတို့နှစ်ယောက်က ဦးညွှတ်လိုက်ကြ၏။
လီယွင်ကျောက်က ပြောလိုက်သည်။
“မယ်တော်ကြီးကိုယ်စား ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ ဆရာကြီး ကုသပေးပြီးတဲ့နောက်မှာ မယ်တော်ကြီးက ပိုနေကောင်းလာပါတယ်။ ကျုပ်တို့ ဒီနေ့ ပြန်တော့မလို့ လာနှုတ်ဆက်တာပါ”
ကျန်းအိုက်ကျန့်လည်း ဦးညွှတ်လိုက်ကာ “ ကျွန်တော် သူတို့ကို လိုက်ပို့လိုက်ဦးမယ် ”
လုကျိုးက ကျန်းအိုက်ကျန့် စိတ်ထဲမှ အတွေးကို သိ၍ ပြောလိုက်သည် “လီယွင်ကျောက် မင်း အံ့ဖွယ်မြို့တော်ဆီ ပြန်ရောက်တဲ့အခါ သူတို့ကို ကျန်းအိုက်ကျန့် သေပြီလို့ ပြောလိုက် … ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းကို ဒါကို မှတ်ထားမယ်လို့ အိမ်ရှေ့စံကိုပါ ထည့်ပြောလိုက်”
လီယွင်ကျောက်က တောင်းပန်ဖို့ ချက်ချင်း ဦးညွှတ်လိုက်သည်။
သို့သော်လည်း ကျန်းအိုက်ကျန့်က ဝင်ပြောလိုက်သည် “ ထားလိုက်ပါ … ဒါက လောင်ချန်းပေ့ရဲ့ ပုံစံပဲလေ။ သွားတော့ ”
“ အာ …” လီယွင်ကျောက်က တော်ဝင်မိသားစုမှ လူဖြစ်ပေသည်။ ထို့ကြောင့် သူ့အနေနှင့် တော်ဝင်မိသားစုအတွက် ပြောပေးသည်မှာ ပုံမှန်သာ ဖြစ်၏။ သို့သော်လည်း ကျန်းအိုက်ကျန့်ကလည်း တော်ဝင်မိသားစုဝင် ဖြစ်၏။ လျိုဟွမ်နှင့် လျိုကျစ်တို့က သူ့ညီအစ်ကိုများ ဖြစ်သော်လည်း သူက သူတို့ကို ဂရုမစိုက်ပေ။
လုကျိုးက ကျန်းအိုက်ကျန့်တစ်ယောက် လီယွင်ကျောက်ကို ဆွဲခေါ်သွားသည်ကိုသာ ကြည့်နေလိုက်သည်။ သူက သက်ပြင်းချလိုက်ကာ “ အိုး ဧကရာဇ်ခင်ဗျာ ဆက်ခံသူကောင်းကောင်း မရှိရှာဘူးပဲ”
လီယွင်ကျောက်က ထိုစကားကို ကြားသည့်အခါ မှားယွင်းကြောင်း တွေးလိုက်မိသည်။ စတုတ္ထမင်းသား လျိုပင်းက နယ်စပ်မှ စစ်သူကြီးတစ်ယောက် ဖြစ်၏။ သူက အောင်မြင်မှုများစွာနှင့် လူတစ်ယောက် ဖြစ်ပေသည်။ ပဥ္စမမင်းသား လျိုဟုန်က ရှက်ကြောက်တတ်သော်လည်း မိုက်မဲသူ မဟုတ်ပေ။ သူက တတိယမင်းသား လျိုချန် တစ်ဖြစ်လည်း ကျန်းအိုက်ကျန့်သည်လည်း မကောင်းဆိုးဝါး မဟုတ်ကြောင်း မေ့သွားတော့မလို ဖြစ်သွားခဲ့သည်။
ထိုစဉ် ငရဲဂိုဏ်းမှ ဂိုဏ်းခွဲတစ်ခုအတွင်း …
ယွီကျန့်ဟိုင်က ရှေ့နောက်လျှောက်နေသည်။ သူက ဘေးရှိ ထိုင်ခုံတွင် ထိုင်နေသည့် စီးဝူယာ့ကို ကြည့်ကာမေးလိုက်သည်။
“ ချီရှစ်တိဆီမှာ အကြံကောင်းရှိလား ”
စီးဝူယာ့က ခေါင်းခါကာ “ ကျွန်တော်လည်း ကျန်းအိုက်ကျန့်က ဒီလိုလှုပ်ရှားလိမ့်မယ်လို့ မထင်ထားမိဘူး။ အခု သူက မိစ္ဆာဝေဟင်မျှော်နန်းထဲ ပုန်းနေပြီဆိုတော့ ကျွန်တော့်လူတွေက သူ့ကို မထိနိုင်တော့ဘူး ”
“ သူ့ကို ဖမ်းမှ ဖြစ်မှာလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ကျန်းအိုက်ကျန့်က တာ့ယန်ရဲ့တတိယမင်းသားပဲ။ သူ့ကို မယ်တော်ကြီးက အချစ်ဆုံးဆိုတော့ ကျွန်တော်တို့သာ သူ့ကို ဖမ်းနိုင်ရင် ငရဲဂိုဏ်းမှာ ဝှက်ဖဲတစ်ခု ရှိလာလိမ့်မယ် … ဒါပေမဲ့ သူက အရမ်းဉာဏ်များလွန်းတယ်” စီးဝူယာ့က ပြန်ဖြေလိုက်သည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံက မရှိတော့ဘူး။ မင်းဆီမှာ ကြွက်ငါးကောင်လိုမျိုး အဆင့်မြင့် ပညာရှင်တွေလည်း ရှိနေတာကို သူတို့က ခိုးဝင်ပြီး ကျန်းအိုက်ကျန့်ကို မသတ်နိုင်ဘူးလား ”
“မဖြစ်နိင်ဘူး ” စီးဝူယာ့က အပြာရောင်ကြာပန်းအကြောင်း ပြန်လည်အမှတ်ရသွားသည်။
“ ကျွန်တော်တို့ ကျန်းအိုက်ကျန့်ကို သတ်ဖို့ မဖြစ်ဘူး။ ရှစ်စွင်းက သူ့ကို ကာကွယ်ပေးနေတာ … ပြီးတော့ အိမ်ရှေ့စံဘက်မှာ ထည့်ထားတဲ့ သူလျှိုဆီက အိမ်ရှေ့စံက သူ့ကို သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူ လွှတ်လိုက်တယ်တဲ့ ”
“ အိမ်ရှေ့စံက တတိယမင်းသားကို သတ်ချင်နေတာလား ”
“အိမ်ရှေ့စံက ကျန်းအိုက်ကျန့်က တတိယမင်းသားမှန်း မသိလောက်ဘူး။ သူက ဂုဏ်သတင်းကောင်းရအောင် လျိုဟွမ်အတွက် လက်စားချေပေးဖို့ လုပ်နေတာပဲ နေမယ်” စီးဝူယာ့က ပြောလိုက်သည်။
ထိုအရာကို ကြားပြီး ယွီကျန့်ဟိုင်က တက်ကြွလာသည်။ သူက ရယ်မောလိုက်ပြီး စီးဝူယာ့ ပခုံးကို အသာရိုက်လိုက်သည်။
စီးဝူယာ့က နားမလည်သလို ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“တစ်ခါတစ်လေ မင်း နန်းတော်ထဲ အဆက်အသွယ်တွေ ဘယ်လိုရလာလဲ သိချင်မိသား”
စီးဝူယာ့ “ … ”
“ ရှက်မနေပါနဲ့။ ငါ မရယ်ပါဘူး ”ယွီကျန့်ဟိုင်က ပြောလိုက်သည်။
စီးဝူယာ့က နေရခက်စွာဖြင့် တိတ်ဆိတ်နေသည်။
“ အဲဆိုတော့ တကယ်ကြီး မင်းသမီးယုံနဉ်လား ”
မင်းသမီးယုံနဉ်အကြောင်း ထည့်ပြောလိုက်သည့်အခါ စီးဝူယာ့က ခေါင်းခါကာ “တာ့ရှစ်ရှိုး အထင်မှားနေပြီ။ ကျွန်တော်တို့ကြားမှာ ဘာမှမရှိဘူး ”
ယွီကျန့်ဟိုက်က အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး “ ဟန်ယုယွမ်က မင်းကိုထိဖို့ ကြောက်နေတာ မဆန်းတော့ဘူး။ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ မိန်းမပျိုလေးလဲ … ဒါတောင် မင်းက မကျေနပ်သေးဘူး။ ရှစ်တိ မင်းရဲ့ စံနှုန်းကို နည်းနည်းနိမ့်ပြီး စဉ်းစားသင့်တယ်”
စီးဝူယာ့က ဆွံ့အသွားလေသည်။ သူက စကားလမ်းကြောင်းလွှဲပြောလိုက်သည်။
“ ငရဲဂိုဏ်းရဲ့ နောက်အစီအစဉ်တွေပဲ ပြောကြရအောင်ပါ ”
“ကောင်းပြီ … ငါလည်း အဲဒါကို လိုချင်တာ” ယွီကျန့်ဟိုင်က ချက်ချင်း လန်းဆန်းလာကာ ချစ်ရေးကြိုက်ရေး အရှုပ်အထွေးများကြား အပျော်ရှာမနေတော့ပေ။
စားပွဲတစ်လုံး ပြင်လိုက်ပြီး မြေပုံ ဖြန့်လိုက်သည်။
စီးဝူယာ့က လျန့်စီရင်စုရှိရာကို ထောက်ပြလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ခုနှစ်ရက် ကုန်ဆုံးသွားလေသည်။
စနစ်မှ “ကျေးဇူးတင်ပါသည်” ဟူသော စာတန်းဆယ်ကြိမ်တိုင်တိုင် ရရှိပြီးနောက် လုကျိုးက အခန်းထဲမှ ထွက်လာလိုက်သည်။ သူက လေကောင်းလေသန့် ရှုရှိုက်ချင်သည်။ ထင်ထားသည့်အတိုင်း ကံစမ်းမဲပေါ်တွင် မျှော်လင့်ချက်မြင့်မြင့် မထားသင့်ပေ။ အဆုံးသတ်၌ ပစ္စည်းတစ်မျိုးမျိုး ရလာသည်က ကိစ္စတစ်ခုဖြစ်ပြီး သူ ပိုင်ဆိုင်ထားသမျှ အားလုံး ပျောက်ဆုံးသွားလျှင် ကွဲပြားသွားလိမ့်မည်။
သူက ခြေလက်ဆန့်နေစဉ် ရှောင်ယွမ်အာက ပေါ်လာကာ “ရှစ်စွင်း ရှစ်စွင်း … အာ့ရှစ်ရှိုးက ပြန်လည်သုံးသပ်ရေးဂူထဲ နေနေတာကြာပြီဆိုတော့ တပည့် အာ့ရှစ်ရှိုးကို စိုးရိမ်မိတယ်။ ရှစ်စွင်း သူ့ကို တစ်ချက်လောက်သွားကြည့်ပေးလို့ ရမလား ”
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
ခုနှစ်ရက် ရှိသွားပြီလေ … သူက အခုထိ အတွေးတွေနဲ့ ရုန်းကန်နေတုန်းလား …
“ အခြေအနေက ဘယ်လိုလဲ ”
“သူ့ဆံပင်က လုံးဝဖြူဆွတ်သွားပြီ။ အခု သူက အခြေအနေဆိုးနေတယ်။ သူ ဓားတောင် မြောက်နိုင်တော့မယ် မထင်ဘူး ”
လုကျိုးက ဖြည်းဖြည်းချင်း လှည့်လာလိုက်သည်။
ထိုစဉ် မင်ရှစ်ရင်၊ ကျောင်းယွဲ့၊ ကျူးဟုန်ကုန်း၊ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်းနှင့် အမျိုးသမီး တပည့်များက အရှေ့ဘက်မျှော်နန်းဆောင်ဆီ လာနေကြသည်။ သူတို့က တစ်ပြိုင်နက် ဒူးထောက်လိုက်ကြသည်။
သူတို့က အကြိုလေ့ကျင့်ထားသည်မှာ သိသာလှသည်။
“ ရှစ်စွင်း တစ်ခုခုလုပ်ပါဦး ”
လုကျိုးက အားလုံးကို ကြည့်လိုက်ပြီး မုတ်ဆိတ်သပ်လိုက်ကာ “ မင်းတို့က သစ္စာဖောက်ကိုယ်စား သနားခံနေကြတာလား ”
မင်ရှစ်ရင်က ပြောလိုက်သည်။ “ အာ့ရှစ်ရှိုးက အမှားလုပ်ထားပေမဲ့ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တဲ့သူအများကြီးကို သတ်ပေးခဲ့တာပါ။ ရှစ်စွင်း တစ်ခုခု လုပ်ပေးပါဦး”
အခြားလူများလည်း ဦးညွှတ်လိုက်ကြသည်။
လုကျိုးက ခေါင်းခါကာ “ တကယ်လို့ သနားခံမယ်ဆိုရင် သနားခံတဲ့သူက သူပဲ ဖြစ်သင့်တယ်”
“ ရှစ်စွင်း ”
“ တိတ်စမ်း” လုကျိုးက အသံနက်နက်ဖြင့် ပြောလိုက်သည် “ တကယ်လို့ ငါသာ သက်ညှာပေးနေရင် မိစ္ဆာဝေဟင်မျှော်နန်းက ဒီနေ့လိုနေရာမျို ရောက်နေမယ် ထင်လား။ သူ သေချင်ရင် သေခိုင်းလိုက်မယ် ”
လုကျိုးက အင်္ကျီလက်ဖျားကို ခါလိုက်ပြီး အရှေ့ဘက်မျှော်နန်းဆောင်ဆီ ပြန်သွားလေသည်။ သူက မင်ရှစ်ရင် မဟုတ်သလို ကျောင်းယွဲ့လည်း မဟုတ်ပေ။ သူက တပည့် မဟုတ်ပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ဆရာ ဖြစ်၏။
အခြားလူများက နေရာမှာတင် ကျောက်ချထားသည့်အလား မြဲမြဲ ရပ်နေကြသည်။
လုကျိုး၏ စကားများက နားထဲပဲ့တင်နေသည်။ အကယ်၍ သူသာ သနားညှာတာနေလျှင် မိစ္ဆာဝေဟင်မျှော်နန်း ဖျက်ဆီးခံလိုက်သည်မှာ ကြာလောက်လေပြီ။ အကယ်၍ အားလုံးက ဒီလိုမျိုး ပြုမူနေကြလျှင် နောက်သစ္စာဖောက်အတွက် မည်သူက တာဝန်ယူပေးမည်နည်း။
သူတို့ရှစ်စွင်း ပြောသည်က မှန်ပေသည်။ အကယ်၍ ရှစ်စွင်းက သစ္စာဖောက်ကိုယ်စား သူတို့တောင်းဆိုမှုကို လက်ခံလိုက်လျှင် ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ယနေ့လိုမျိုး ထိန်းထားနိုင်မည် မဟုတ်ချေ။ ထို့အပြင် ယွီရှန်းရုန်က သူတို့တာ့ရှစ်ရှိုးနဲ့ တိုက်ခိုက်ခဲ့ပြီး မိစ္ဆာဝေဟင်မျှော်နန်း ဝိုင်းတိုက်ခိုက်ခံရစဉ်အခါက ဘေးထွက်နေခဲ့သည်။ သူက အမှားမရှိသည့်သူ မဟုတ်ပေ။ သူတို့ရှစ်စွင်းက ဒီလောက် သည်းခံထားခြင်းဖြင့် တာဝန်ကို ထိန်းသိမ်းထားပြီးပြီ ဖြစ်၏။