← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁) အနောက်အရပ်ကိုကြည့်ပြီး ဝေဟင်က ဝံပုလွေကိုပစ်ခွင်း

လုကျိုးက စီးတော်သားရဲကို လေ့လာလိုက်၏။ ၎င်းကို မည်သည့်နေရာတွင် မြင်ဖူးသနည်း။ ၎င်း၏ အငွေ့အသက်က အလွန်ရင်းနှီးလှပေ၏။

ဟွားယွဲ့ရှင်းသည် သူမ၏အရည်အချင်းကို အနည်းငယ် အရှက်ရမိသော်ငြား ရှန့်ယွင်ကျန်းသည် စီးတော်သားရဲကို တိုက်ခိုက်ရန် ထိုကဲ့သို့ အားစိုက်ထုတ်မှုကြီးပြုလုပ်တာကို မြင်သည့်အချိန်၌ သူမက သတ္တိမဲ့မနေတော့ပေ။ သူမ၏စွမ်းအင်လေးကိုင်းကို ထပ်မံဆွဲထုတ်လျက် စီးတော်သားရဲဆီသို့ မြားများပစ်ခွင်းလိုက်၏။ မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ သူမ ပထမဆုံး ဝင်ရောက်လာချိန်၌ လုကျိုးသည် လျင်မြင်စွာ သိပ်သည်းခြင်းနည်းလမ်းကို သူမကို လေ့ကျင့်ပေးခဲ့၏။ ထို့ကြောင့် သူမ၏မြားများကို ပစ်ခွင်းရာ၌ အင်မတန်မြန်ဆန်သည်။ မြန်ဆန်လွန်းသောကြောင့် ကျန်သည့်သူများကို ဆံပင်မွှေးများထောင်ထသွားစေသည်။ ဖြစ်နိုင်သည်က ရှန့်ယွင်ကျန်း၏ တည်ရှိမှုကြောင့် ရှန့်ယွင်ကျန်းသည် သူမကို ဂိုဏ်းကနေ ဖယ်ရှားခဲ့မှုကြောင့် သူမ၏ပြိုင်ဆိုင်လိုစိတ်က ယခုအချိန်တွင် ပေါ်ထွက်လာတာ ဖြစ်နိုင်သည်။

ဟွားယွဲ့ရှင်း၏ မျက်လုံးက ဆုံးဖြတ်ချက်ချထားပြီးပုံဖြင့် တောက်ပနေကာ ဆက်တိုက်ပစ်ခွင်းလိုက်၏။ ‘တွက်ဆမှုနဲ့စွမ်းရည်အရာမှာ ရှင့်ကို မယှဉ်နိုင်ပေမဲ့ အရှိန်အဝါတောင် မသတ်မှတ်ထားနိုင်ပေမဲ့ ကျွန်မ ရှင့်ထက်သာတဲ့အရာရှိတယ်ဆိုတာ သေချာတယ်’

စွမ်းအင်မြားများသည် သူမ၏လက်ချောင်းများကြား၌ ညှပ်ထားလိုက်၏။ သူမက လေးညှို့ကို နောက်သို့ဆွဲလိုက်သည်။

ထန်း ... ထန်း ... ထန်း

သူမ၏ပစ်ချက်သည် ဝေဟင်ထဲရှိစီးတော်သားရဲဆီသို့ တန်းတန်းမတ်မတ်ရောက်သွားလေ၏။ လေးသည်တော်တစ်ဦး၏ အားသာချက်မှာ တာဝေးတိုက်ခိုက်မှုသာ မဟုတ်ပေ။ လေးသည်တော်၏ တိကျမှုသည် သေစေနိုင်မှုကိုပါ ထပ်ပေါင်းထည့်နိုင်၏။ သူတို့သည် မြို့ရိုးပေါ်၌ထားသော လောက်လေးခွများ သို့မဟုတ် စစ်သည်များအသုံးပြုသည့် သာမန်လေးများကဲ့သို့ မဟုတ်ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများသည် စွမ်းအင်လေးနှင့် မြားများဖွဲ့တည်နိုင်ကြ၏။ စွမ်းအင်လေးဖြင့် ပစ်ခွင်းသော စွမ်းအင်မြားသည် သန့်စင်သော စွမ်းအင်ဓားသွားများထက် ပိုအစွမ်းထက်၏။ မြားများက အကွာအဝေး ပိုကျယ်ပြီး ပိုမြန်ဆန်သည့်အရှိန်ရှိသည်။

ဟွားယွဲ့ရှင်းသည် တစ်ပြိုင်နက်တည်း စွမ်းအင်မြားသုံးစင်း ပစ်ခွင်းနိုင်သည်။ သူမ၏ လက်ချောင်းများ ကြား၌ မြားကိုညှပ်ထားလျက် ဖြေလျှော့လိုက်သည်။ သုံးကြိမ်ဆက်တိုက် ပစ်သည်က သူမ၏ ပွင့်ချပ်နှစ်လွှာအဆင့်အတွက် အကန့်အသတ်ဖြစ်သည်။ တနည်းဆိုရလျှင် သူမက စွမ်းအင်မြား ကိုးစင်းပစ်နိုင်၏။ သို့သော် လျင်မြန်စွာသိပ်သည်းခြင်းနည်းလမ်းကို သုံးပြီးနောက် သူမသည် အင်မတန်တိုတောင်းသည့်အချိန်အတိုင်းအတာတစ်ခုအတွင်း အသက်တစ်ရှိုက်စာထဲ၌ လေးကြိမ်မှ ငါးကြိမ်ပစ်နိုင်သည်။ အစက ထိုအရှိန်သည် ပွင့်ချပ်ငါးလွှာနှင့်အထက် နတ်လေးရှင်များသာ လုပ်နိုင်တာဖြစ်သည်။

အစက ရှန့်ယွင်ကျန်းသည် ၎င်းကို သတိမပြုမိပေ။ သူမဘေး၌ မီးစများကိုမြင်လိုက်ရတော့မှ သဘောပေါက်သွားပုံပေါ်ကာ ၎င်း၏လားရာကိုကြည့်လိုက်၏။ သူမက ထိုမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်သွား၏။ ဒီကောင်မလေးက ဘယ်လိုလုပ်ဒီလောက်မြန်ရတာလဲ ...

ဆက်တိုက်ပစ်ခွင်းမှုသည် အသုံးမဝင်တာမဟုတ်ပေ စီးတော်သားရဲသည် ၎င်း၏ထူထဲသော မြားများကြိမ်ဖန်များစွာ ပစ်တာခံရပြီးနောက် နာကျင်စွာအော်လိုက်တော့သည်။ ၎င်း၏အော်သံက ရွှေနန်းဥယျာဉ်တောင်ထဲ၌ ပျံ့နှံ့နေလေ၏။

လုကျိုးသည် ဝေဟင်ရှိအဆိပ်ငွေ့များကိုမော့ကြည့်လိုက်သည်။ သူက ပြောလိုက်သည်။ “အကြီးအကဲဟွား လျှို့ဟယ်တာအိုစည်းတံဆိပ်"

ဟွားဝူတောက်က ခေါင်းညိတ်ပြီး ရှေ့သို့တလှမ်းတိုးလိုက်သည်။ သူ၏ခြေထောက်က မြေပြင်ကို ထိချိန်၌ သူ၏ခြေထောက်အောက်၌ ပါကွတစ်ခုပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ်ထဲကနေ အက္ခရာခြောက်ခု ပေါ်ထွက်လာ၏။ ပြီးနောက် ကျန်ရှိသော အက္ခရာသုံးခုက လေထဲ၌ ဖွဲ့တည်လာသည်။ မဟာအက္ခရာကိုးခု ... ကောင်းကင်၊ မြေကြီး၊ ရှင်ခြင်း၊ သေခြင်း၊ ရေ၊ မီး၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ ခွဲခွာခြင်းတို့က ပေါ်ထွက်လာ၏။ ဟွားဝူတော်ကက်ကိုဗဟိုထားလျက် လျှို့ဟယ်တာအို စည်းတံဆိပ်သည် အပြင်ဖက်သို့ပြန့်ကားသွားတော့၏။ အရွယ်အစားအားဖြင့် တဖြည်းဖြည်း ကြီးလာကာ ပါးလှသည့်အလွှာတစ်ခုကိုဖန်တီးလိုက်သည်။ ထိုအကွက်က ခုခံမှုအတွက် သုံးတာမဟုတ် ထိုအစားအဆိပ်ငွေ့များကို လွင့်ပြယ်သွားစေရန်ဖြစ်သည်။

ပူပေါင်းများ ပြန့်ကားလာသည့်ပမာ ခရမ်းရောင်အဆိပ်ငွေ့များသည် လျှို့ဟယ်တာအိုစည်းတံဆိပ်ကြောင့်မိုးကုပ်စက်ဝိုင်းဆီသို့ တွန်းထုတ်ခံလိုက်ရ၏။

ဝေါငျးးးးးးးးးးးးးးးးးး

စီးတော်သားရဲသည် ၎င်း၏အဆိပ်ငွေ့များ တွန်းထုတ်ခံလိုက်ရတာမြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ ၎င်း၏ရူးသွပ်သွားသော အခြေအနေက ပိုတင်းမာလာပုံရသည်။ လေထဲသုံးကြိမ်ခုန်ပြီးနောက် ကြမ်းတမ်းစွာဟိန်းဟောက်ကာ နောက်ထပ်အဆိပ်ငွေ့လှိုင်းများကို မှုတ်ထုတ်တော့၏။

“ရှစ်စွင်း ... အဲဒါကို ဖြေရှင်းဖို့ ပိအန်းကို ထုတ်လိုက်လေ” အနားရှိ စီးတော်သားရဲကို လက်တစ်ဖက်ဖြင့် လက်ညှိုးထိုးပြီး ရှောင်ယွမ်အာက ကျန်လက်တဖက်က ခါးထောက်ထားလေ၏။ သူမ၏အကြံပြုချက်က ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ပိအန်းသည် ထိုသားရဲကို ဖြေရှင်းရာ၌ ပြဿနာရှိမှာ မဟုတ်ပေ။

လုကျိုးက ပိအန်းကို ဆင့်ခေါ်တော့မည့်အချိန်၌ ရှန့်ယွင်ကျန်းက အော်ဟစ်ကာ လေထဲခုန်တက်လိုက် ၏။ သူမ၏မျက်ဝန်းထဲ၌ စူးရှမှုများဖြင့် လေထဲ၌ မီတာအနည်းငယ် ပျံသန်းလိုက်သည်။

“တိရစ္ဆာန်ကောင်”

သူမက မြားတစ်စင်း ထုတ်ဖော်လိုက်၏။ သူမလက်ထဲတွင် မြို့ရိုးပေါ်ရှိ လောက်လေးခွခန့် ထူသည့် လေးတစ်စင်းကို ကိုင်ထား၏။ စွမ်းအင်မြားထိပ်ဖျားက အပူဖြင့် နီရဲနေပုံပေါ်သည်။

ကျန်သည့်သူများသည် ထိုစွမ်းအင်မြားကိုမြင်သောအခါ ထိတ်လန့်သွားသည်။ ယင်းက သူမသည် ဤကဲ့သို့ စွမ်းအင်မြားကိုသုံးနိုင်သောကြောင့် ပွင့်ချပ်ခြောက်လွှာအဆင့်က စစ်မှန်ကြောင်း ပြသနေတာပဲဖြစ်သည်။

ရှန့်ယွင်ကျန်းသည် သူမ၏လက်ချောင်းကိုလွှတ်လိုက်လေ၏။

ဖုန်း

စွမ်းအင်မြားက လေထဲပေါ်ထွက်လာသည်။ သားရဲသည် အန္တရာယ်ကို အာရုံခံမိဟန်တူ၏။ ၎င်းက အဆိပ်ငွေ့များကို လေထဲမှုတ်ထုတ်တာ ချက်ချင်းရပ်တန့်ပြီးထွက်ပြေးတော့၏။ သားရဲက အဝေးသို့ရောက်သွားလျှင်ကျင့်ကြံသူများက လိုက်ဖမ်းနိုင်တော့မှာ မဟုတ်ပေ။

ကံကောင်းသည်မှာ စွမ်းအင်မြားက ၎င်းကိုလိုက်မီနေပြီးဖြစ်သည်။

ဘန်း

ပစ်ချက်က စီးတော်သားရဲပေါ်ကျရောက်သွား၏။

ဝေါငျးးးးးးးးးးးးးးးးးး

စီးတော်သားရဲသည် နာကျင်မှုကို ခံစားရပြီး စတင်အူတော့သည်။ စွမ်းအင်များက တစဆီဖြစ်သွား၏။

“ဒီစီးတော်သားရဲရဲ့ ခုခံခြင်းစွမ်းအားက ဘယ်လောက်ကြောက်ဖို့ကောင်းတာလဲ” ဟွားဝူတောက်က တအံ့တဩ ထုတ်ပြောလိုက်သည်။

ရှန့်ယွင်ကျန်းသည် ထိုစွမ်းအင်မြားနောက်ကွယ်၌ သူမ၏စွမ်းအားအကုန်ကို သုံးခဲ့တာဖြစ်သည်။ ထိုသို့တိုင် သူမ၏စွမ်းအင်မြားက စီးတော်သားရဲကို ခြေရာမျှသာ ထင်စေပြီး ၎င်းကို မသတ်နိုင်ခဲ့ပေ။

ရှန့်ယွင်ကျန်းကလည်း အကြံကုန်နေပြီဖြစ်၏။ လော့ဂိုဏ်းကလည်း ဤကိစ္စကို ထောင်ချောက်ဆင်ထားတာ မဟုတ်ကြောင်း သက်သေပြရန် စီးတော်သားရဲကို သူမသတ်ရမည်မှန်း သိနေ၏။ သူမက ဆင်းသက်ကာ လုကျိုးရှေ့ လက်သီးဆုပ်မိုးပြီးပြောလိုက်တော့၏။

“ကျေးဇူးပြုပြီး ကျွန်မကို လက်နက်ငှားပါ မျှော်နန်းသခင်” သူမက ပရိယာယ်ရှိရှိပဲ ငှားဟူသောစကားလုံးကို အသုံးပြုလိုက်၏။ လော့ယွဲ့လေးကိုင်းကို ငှားချင်နေတာသိသာသည်။

လော့ယွဲ့လေးကိုင်းဖြင့် သူမ၏အကွာအဝေးက ကျယ်လာမည်ဖြစ်ကာ သူမ၏တိုက်ခိုက်မှု စွမ်းဆောင်ရည်ကလည်းပိုပြင်းထန်လာလိမ့်မည်။ မြား၏အရှိန်ကလည်း ပိုကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လာလိမ့်မည်။

လုကျိုးက ခေါင်းခါပြီးပြောလိုက်တော့၏။ “တစ်ယောက်ယောက်က ဒီစီးတော်သားရဲကို ထိန်းချုပ်နေတယ်”

စီးတော်သားရဲသည် ဝေဟင်ထဲ၌ သူတို့အထက်၌ ပျံဝဲနေလေ၏။ အစွမ်းထက်သော တိုက်ကွက်ကို တွေ့ကြုံပြီးဖြစ်သောကြောင့် ထိုတိုက်ကွက်သည် သူ့ကို မသတ်နိုင်မှန်းသဘောပေါက်သွားဟန်တူ သည်။ ထို့ကြောင့် ၎င်းက အဝေးကနေအဆိပ်ငွေ့များကို ထပ်မံမှုတ်ထုတ်ပြန်၏။

လေသည် အဆိပ်ငွေ့များကို မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ထပ်မံသယ်ဆောင်လာ၏။

“ဒီလောက်ပါးနပ်နေတာ အံ့ဩစရာမရှိဘူးပဲ ... တစ်ယောက်ယောက်က ထိန်းချုပ်ထားတာကို”

ဖန်ကျုံးက တအံ့တဩထုတ်ပြောလိုက်၏။

ရှန့်ယွင်ကျန်းက မျက်မှောင်ကျုံ့ပြီးပြောလိုက်တော့သည်။

“အကြီးအကဲလု ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဒီစီးတော်သားရဲရဲ့နာမည်က ပါဝူ၊ လို့လန်လက်‌ရွေးစင်မော့လီရဲ့ ရှစ်ရှိုးရဲ့ စီးတော်သားရဲပဲ ပဒုမ္မာစင်မြင့်ပေါ်မှာ အဲ့ဒါနဲ့ တစ်ခေါက်တိုက်ခိုက်ခဲ့ဖူးတယ်” မင်ရှစ်ရင်၊ တွမ့်မူရှမ်း၊ ရှောင်ယွမ်အာတို့က ပဒုမ္မာစင်မြင့်ထက်၌ ကြားခဲ့ရသည့်သတင်းများကို စုဆောင်းထားပြီးသား ဖြစ်၏။ သူတို့ရှစ်စွင်း၏ ကြည်ညိုဖွယ်ကောင်းချက်ကြောင့် ထိတ်လန့်ခဲ့၏။

လုကျိုးသည် မုတ်ဆိတ်သပ်လျက် ကောင်းကင်ထဲရှိ စီးတော်သားရဲပါဝူကိုကြည့်လိုက်တော့၏။ ထိုစီးတော်သားရဲသည် ကြာပြာ၏ရိုက်ခတ်မှုစွမ်းအားကို ခံနိုင်ရည်ရှိဟန်ရှိသည်။ အမှန်တကယ်ပင် ၎င်း၏ခုခံခြင်းစွမ်းအားက ထိတ်လန့်ဖွယ်ကောင်း၏။ ပိအန်းကို ဆင့်ခေါ်ခြင်းက အကောင်းဆုံး အကြံဉာဏ် မဟုတ်လောက်ပေ။ ၎င်းကိုတစ်စုံတစ်ယောက်က ထိန်းချုပ်နေသောကြောင့် ပါဝူသည် လူသားတစ်ယောက်ကဲ့သို့ဖြစ်နေ၏။ ယင်းက ဂါထာတောင်ရွတ်ဆိုနိုင်လောက်သည်။

“မျှော်နန်းသခင်ကျေးဇူးပြုပြီး လက်နက်ငှားပေးပါ” ရှန့်ယွင်ကျန်းက ပြောလိုက်သည်။

လုကျိုးက လက်နက်ပေးပြီးပြောလိုက်၏။

"လော့ဂိုဏ်းက ကိုယ့်အရှုပ်ကိုဖြေရှင်းရမယ်”

အမှန်တကယ်တွင် ပါဝူ၏ခုခံမှု မည်မျှအစွမ်းထက်ကြောင်း သူမြင်ချင်နေတာဖြစ်သည်။ ၎င်းကို သတ်ရန် ကောင်းကင်ကျမ်းစာ၏စွမ်းအားကို မည်မျှသုံးရန်လိုအပ်ကြောင်း သူ ဆုံးဖြတ်ချင်နေတာ ဖြစ်၏။ အလုပ်မဖြစ်လျှင် သူက အသေရိုက်ချက်ကတ်ကို သုံးရမှာပဲဖြစ်သည်။

ရှန့်ယွင်ကျန်းသည် သူမလက်ထဲ၌ လော့ယွဲ့လေးကိုင်းရှိနေလေရာ ယုံကြည်ချက်ပိုပြင်းထန်လာတာ သိသာ၏။ သူမသည် ဘယ်လက်၌ လော့ယွဲ့လေးကိုင်းကို ကိုင်ထားလျက် မြားကို ထပ်ပစ်လိုက် သည်။ လော့ယွဲ့လေးကိုင်းနား၌ စွမ်းအင်အလွှာများရစ်ပတ်နေ၏။ ရွှေရောင်အလင်းလွှာဖြင့် လွှမ်းခြုံထားပုံပေါ်သည်။ ရွှေရောင်အလင်းဖြင့်တောက်ပနေသော လော့ယွဲ့လေးကိုင်းသည် အရွယ်အစားပိုကြီးမားလာပုံပေါ်၏။ လေးကဖြာထွက်နေသော စွမ်းအင်သည် ရှန့်ယွင်ကျန်းလောက် နီးနီးမြင့်မား၏။ မကြာမီ၌ လော့ယွဲ့လေးကိုင်းကို ပစ်လိုက်တော့သည်။

ဟွားယွဲ့ရှင်းကလည်း စူးစိုက်ငေးမော ကြည့်နေလေသည်။ သူမက မြားပစ်တာကို လက်လျှော့လိုက်၏။ သူမဆောင်ရွက်ချက်မည်မျှကောင်းစေကာမူ လော့ယွဲ့လေးကိုင်းဖြင့် ရှန့်ယွင်ကျန်းကို မယှဉ်နိုင်ပေ။

အနေအထားက တင်းမာနေလေ၏။ ရှန့်ယွင်ကျန်းသည် အသက်အောင့်ထားပြီး အာရုံစိုက်လိုက် သည်။ သူမ၏စူးရှသောမျက်ဝန်းများက ရစ်ဝဲနေသော ပါဝူဆီ၌သာ ရှိနေ၏။ စွမ်းအင်မြားကလည်း အပြည့်အဝဖွဲ့တည်ပြီးဖြစ်သည်။

ဘန်း

သူမ၏လက်ချောင်းများကိုလွှတ်လိုက်၏။ လော့ယွဲ့လေးကိုင်းက လိမ်တွန့်သွားတော့သည်။

လေးညှို့ကပြေလျော့သွားသည်နှင့် စွမ်းအင်မြားကလည်း၎င်း၏ ပစ်မှတ်ဆီသို့ ဦးတည်သွားတော့သည်။

ပါဝူသည် အစောပိုင်းတုန်းက ကဲ့သို့ ခြိမ်းခြောက်မှုတစ်ရပ်ကို အာရုံခံမိသွား၏။ ၎င်းက ရုတ်တရက်ရပ်တန့်ကာ ထူးကဲသည့်လှုပ်ရှားမှု ပြုလုပ်လိုက်သည်။ ဖြူကောင်တစ်ကောင်ကဲ့သို့ သူ့ကိုယ်သူရစ်ပတ်လိုက်၏။ ၎င်း၏အမွှေးများက ထောင်လာတော့သည်။

ဘန်း

စွမ်းအင်များ နေရာအနှံ့ လွင့်စဉ်သွားသည်။ စွမ်းအင်မြားက ပါဝူကိုထိသွား၏။ အော်ညည်းသံတစ်သံက ကောင်းကင်ထဲ၌ပေါ်ထွက်လာတော့သည်။ ခရမ်းရောင်စွမ်းအင်သည် ပါဝူ၏ခန္ဓာကိုယ်ကနေ လွင့်ပြယ်နေလေ၏။

“နာသွားပြီ” ဖန်ကျုံးက ပြော၏။ “ကံဆိုးတာက မသေဘူး ထွက်ပြေးဖို့ရည်ရွယ်နေတာပဲ”

ပါဝူကယခုကြောက်ရွံ့သွားပြီဖြစ်သည်။ အစွမ်းထက်သည့်နတ်လေးရှင်တစ်ဦးက ရွှေနန်းဥယျာဉ် တောင်၌ ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ၎င်း၏သခင်က မူလအစီအစဉ်ကို ပြောင်းလဲလိုက်ပုံ ပေါ်၏။ အမြီးကုပ်ကာ အမြန်ဆုံးအရှိန်ဖြင့်ထွက်ပြေးတော့သည်။

ရှန့်ယွင်ကျန်းက သူမ၏ပစ်ချက်ကိုမကြေနပ်ပေ။ သူမအမြင်တွင် ၎င်းက ပါဝူက မသတ်နိုင်ပင်လျှင် ပြင်းပြင်းထန်ထန် ဖြစ်စေသင့်၏။ လေးကြိုးကို ထပ်ဆွဲပြီးနောက် နောက်ထပ်စွမ်းအင်မြား မီးညှိလိုက်သည်။

ဘန်း

ပါဝူသည် အဝေးသို့ရောက်သွားပြီဖြစ်၏။ မြားက ပစ်မှတ်ပေါ်ထပ်မံကျရောက်ချိန်၌ ယခင်ပြင်းအားထက်လျော့သွားသည်။ “တိရစ္ဆာန်ကောင်” ရှန့်ယွင်ကျန်းက ဖိအားများလာ၏။ သူမက ပျာယာခတ်လေလေ သူမ၏ခွန်အားများကို ထုတ်ဖော်ရာ၌ ခက်လေဖြစ်၏။ သူမ၏အရှိန်အဝါနှင့် ကနဦးချီကို အသုံးပြုမှုက ပရမ်းပတာဖြစ်လာပြီး စည်းချက်များ ချို့ယွင်းလာတော့၏။

“ဆိုးလိုက်တာ ထွက်သွားပြီ”

ပါဝူက ဒဏ်ရာရသွား၏။ ခရမ်းရောင်တိမ်တိုက်များကြား အဝေးသို့ရစ်ဝဲသွားတော့သည်။

ရှန့်ယွင်ကျန်းသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ သို့သော် သူမက အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ ထိုတိရစ္ဆာန်ကောင်သည် အဆိပ်ငွေ့ထုတ်တာရပ်တန့်လိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ ပြဿနာရှာတာ ရပ်တန့်လိုက်သရွေ့ သူမက အခြေအနေကို အဖက်ဆယ်ရန် အခွင့်အရေးရှိသေးသည်။ သူမက ပါ၀ူ ထွက်သွားတာကို ကြည့်ပြီးပြောလိုက်၏။

"ဒီစီးတော်သားရဲက ထူးကဲတယ် ကျေးဇူးပြုပြီး ဒါကိုထည့်တွက်ပေးပါ မျှော်နန်းသခင်”

“လော့ဂိုဏ်းက ဘယ်အချိန်ကစပြီး လို့လန်ရဲ့လူတွေနဲ့ ပူးပေါင်းသွားတာလဲ” လုကျိုးက လက်အနည်းငယ် မြှောက်လိုက်ပြီး ပြောလိုက်၏။ စွမ်းအင်တစ်ချက်ဖြင့် ရှန့်ယွင်ကျန်း၏ ဖမ်းဆုပ်မှုထဲမှ လော့ယွဲ့လေးကိုင်းသည် လုကျိုး၏လက်ထဲ ပြန်ရောက်သွားသည်။

ရှန့်ယွင်ကျန်းသည် စွန့်ခွာရန် တွန့်ဆုတ်နေတာဖြစ်သည်။ တစ်ချိန်ထဲတွင် လုကျိုးက လေထဲ ခုန်တက်လိုက်၏။ သူ၏လှုပ်ရှားမှုများက မမြန်ပေ။ အမှန်တကယ်ပင် မထင်မရှားဖြစ်လွန်းသည်ဟု သတ်မှတ်၍ရသည်။

“မျှော်နန်းသခင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ကျန်သည့်သူများက လုကျိုးကို မျှော်လင့်တကြီးကြည့်နေ၏။

လုကျိုးက သူ၏ဘယ်ဖက်လက်ဖြင့် လော့ယွဲ့လေးကိုင်းကို ကိုင်လိုက်သည်။ ပြီးနောက် အနောက်မြောက်အရပ်ကို ကြည့်လိုက်၏။ လော့ယွဲ့လေးက လှုပ်ခါသွားချေပြီ။

…

အခန်း (၃၆၂) မဆုံးဖြတ်ရသေးသော

လုကျိုး၏ အကြည့်များက မီးလျှံများအလား တောက်ပနေသည်။ သူက အဝေးကို ပျံထွက်သွားသည့် လက်တစ်ဝါးအရွယ်လောက်နှင့် တူသော ပါဝူကို ကြည့်နေမိသည်။ ထိုအရာက စက္ကန့်နှင့်အမျှ ပို၍ သေးငယ်သွားလေ၏။ သူက လော့ယွဲ့ လေးကိုင်းကို မြောက်ကာ သူ့စိတ်ထဲ ကောင်းကင်ကျမ်း၏ တတိယမြောက် စွမ်းအားက ပေါ်ထွက်လာသည်။

ဗလာမှ အစပြုလာသော်လည်း တစ်ချိန်တည်းဆိုသလို အရာအားလုံးမှ ဖြစ်တည်လာသည်။ သံသရာအတွင်း နေထိုင်ပြီး သင်ယူသည်။ ဤသည်မှာ အတိတ်ဘဝ၏ စွမ်းအား ဖြစ်၏။

ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအား ထွက်ပေါ်လာသည့်အခါ သူ့လက်ချောင်းကြားမှ အပြာဖျော့ဖျော့ အလင်း စတင်ထွက်လာသည်။

လုကျိုး ထိုစွမ်းအား အသုံးပြုဖူးသည်ကို မြင်ဖူးကြသည့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက မနေနိုင်ဘဲ စိတ်လှုပ်ရှားလာကြသည်။

ရှန့်ယွင်ကျန်းက စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ သူမက ထူးချွန်သည့် လေးသမား တစ်ဦး ဖြစ်ပေသည်။ သူမ အသိပညာအရ ဒီလောက်အကွာအဝေးအထိ သားရဲထွက်ပြေးသည့်အခါ ပစ်ကွင်း မိမည် မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် သတ်ဖို့ မဆိုထားနှင့် ထိမှန်ဖို့ပင် မဖြစ်နိုင်ပေ။ သူမက ခေါင်းအသာယမ်းလိုက်၏။

ထိုစဉ် လော့ယွဲ့ လေးကိုင်းက ပိုမို၍ အပြင်းအထန် တုန်ခါလာသည်။

ယခု ပါဝူက ပဲစေ့လောက်သာ ရှိတော့လေသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း မိုးကုတ်စက်ဝန်းအတွင်း အပြီးတိုင် ပျောက်ကွယ်သွားတော့မည် ဖြစ်၏။

လုကျိုးက ညာဘက်လက်ကို လေးကြိုးပေါ် တင်လိုက်ပြီး မျက်လုံးအသာမှိတ်ကာ ခဏကြာမှ ပြန်ဖွင့်လိုက်သည်။ သူ့လက်ညိုးနှင့် လက်ခလယ်ကြား အပြာရောင်စွမ်းအား မြားတစ်ခု ဖြစ်ပေါ်လာသည်။

ရှန့်ယွင်ကျန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူမက စိတ်ထဲ ကျောချမ်းသွားသလို ဖြစ်သွားသည်။

ဒီစွမ်းအားမြားက ငါ့ဟာနဲ့ ဘာလို့ ကွက်တိတူနေတာလဲ …

ဤသည်မှာ သူမကိုယ်တိုင် ဖန်တီးထားသည့် နည်းစနစ် ဖြစ်၏။ သူမက မည်သူကိုမှ မသင်ပေးဖူးပေ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

သူမက မယုံနိုင် ဖြစ်နေမိသည်။ ဖြစ်နိုင်ခြေကား တစ်ခုတည်းသာ ရှိ၏။ သူမ စောစောလေးက ထိုနည်းစနစ်ကို အသုံးပြုစဉ် လုကျိုးက မြင်လိုက်ပြီး ချက်ချင်း သင်ယူလိုက်ခြင်း ဖြစ်ပေသည်။ သူမက တကယ်ကို တအံ့တဩ ဖြစ်နေမိသည်။

“ ယွဲ့ဟို့လျို့ရှင်းလား” ရှန့်ယွင်ကျန်းက ထိုနည်းစနစ်နာမည်ကို ရေရွတ်ရင်း စွမ်းအားမြားကို ကြည့်လိုက်သည်။ သူမက ထိုနည်းစနစ်ကို ယွဲ့ဟို့လျို့ရှင်းဟု အမည်ပေးခဲ့သည်။ နာမည်အတိုင်း မြားပစ်လွှတ်လိုက်သည့်အခါ လရောင်နောက် လိုက်သည့် ကြယ်တာရာနှင့် တူ၍ ဖြစ်သည်။ ထို့အပြင် လော့ယွဲ့ လေးကိုင်းနှင့်လည်း လိုက်ဖက်ညီလှသည်။

ဝှီး

လော့ယွဲ့ လေးကိုင်း၏ ကြိုးလှုပ်သွားလေသည်။ အပြာရောင်စွမ်းအားက လော့ယွဲ့ လေးကိုင်းကို လွှမ်းခြုံသွားပြီး ပိုမိုကြီးမားလာစေသည်။ ယခု လူတစ်ယောက် အရပ်၏ နှစ်ပြန်စာ ဖြစ်နေလေသည်။ ယခုအခါ ဧရာမ လေးနှင့်မြား ဖြစ်ပေါ်လာသည်။

အခြားလူများလည်း အံ့ဩနေကြသည်။

သို့သော်လည်း ရှန့်ယွင်ကျန်းက ထိုစွမ်းအားမြားသည် ပိုသေးသွားကြောင်း သတိပြုမိလိုက်သည်။

ဆင့်ကဲတိုးတက်သွားတာလား …

သူမက လုကျိုး မည်သို့ပြောင်းလဲလိုက်ကြောင်း စဉ်းစားနေစဉ် အသံကျယ်ကြီး တစ်သံကို ကြားလိုက်ရသည်။

လုကျိုးက မြားကို ပစ်လွှတ်လိုက်၏။

ထိုစဉ် အားလုံးက တိုက်ကွက်အပေါ် အာရုံအပြည့်အဝ စိုက်ထားကြသည်။

အပြာရောင်စွမ်းအားမြားက လေဟုန်ခွင်းသွားသည့် ကြယ်တာရာပျံအလား နှမ်းစေ့လောက်သာ မြင်ရသည့် ပါဝူဆီ ပြေးဝင်သွားသည်။

မြားက အဲဒီလောက်အကွာအဝေးကို ထိမှန်နိုင်ပါ့မလား …

စွမ်းအားမြားက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ထွက်သွားသည်။

အားလုံးက အသက်ရှုအောင့်လိုက်ကြပြီး မျက်တောင်မခတ် လိုက်ကြည့်လိုက်ကြသည်။ သူတို့ခေါင်းက ညာမှဘယ် စောင်းကာ မြားလားရာအတိုင်း လိုက်ကြည့်နေကြ၏။

လယ်ကွင်းတွေမှာ အလုပ်လုပ်ကြသည့် သာမန်သေမျိုးများ၊ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများနှင့် ခပ်နိမ့်နိမ့် ပျံသန်းနေသည့် ကျင့်ကြံသူများက ထိုထူးခြားသည့် အသံကြောင့် အာရုံစိုက်မိသွားကြသည်။ အားလုံးက စွမ်းအားမြားကို မော့ကြည့်လိုက်ကြသည်။

“အဲဒါဘာကြီးလဲ ”

“မိစ္ဆာဝေဟင်မျှော်နန်းကနေ တစ်ခုခု ပျံထွက်လာပုံပဲ … ထူးဆန်းလိုက်တာ ”

“ကိုယ့်ဒုက္ခ ကိုယ်မရှာကြနဲ့၊ မိစ္ဆာဝေဟင်မျှော်နန်းကနေ အခုတလော ဘာမဆို ပျံထွက်လာနိုင်တယ် …”

သေမျိုးများက ဉာဏ်ကောင်းကြလေသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူလို့ မသတ်မှတ်ထားကြပေ။ ထို့ကြောင့် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းအနီးအနား နေကာ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေးလုပ်ရင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြသည်။ သူတို့အတွက် မိစ္ဆာဆိုသည့်အရာမှာ ခေါင်းစဉ်သပ်သပ်သာ ဖြစ်၏။ သူတို့က သမာသမတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ကြား မျဉ်းမခွဲထားပေ။ သူတို့ကို မထိခိုက်စေသရွေ့ မိစ္ဆာဟု ယူဆမည် မဟုတ်ပေ။ သူတို့အများစုက မိစ္ဆာဝေဟင်မျှော်နန်းနှင့် အသားကျနေကြလေပြီ။ မျှော်နန်းအတွင်း ဖြစ်ပျက်သမျှကို ကြည့်တာက ပုံမှန်လို ဖြစ်နေလေသည်။

တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ ရှောင်ယွမ်အာနှင့် အခြားလူများက ကောင်းကောင်းကြည့်နိုင်ရန်အတွက် ကောင်းကင်ထဲ ပျံတက်ကာ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ကြသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းလည်း အပါအဝင် ဖြစ်၏။

သူတို့၏ သိချင်စိတ်ကြောင့် ဟွားဝူတောက်၊ ဟွားယွဲ့ရှင်းနှင့် ရှန့်ယွင်ကျန်းလည်း လေထဲ ရောက်လာကြသည်။ ထိုစဉ် သူတို့မြင်ကွင်းရှေ့ ထူးကဲလှသည့် မြင်ကွင်းကို မြင်လိုက်ရသည်။

စွမ်းအားမြားက အဝေးတစ်နေရာတွင် မီးပန်းလိုမျိုး ပေါက်ကွဲထွက်သွားကာ ခရမ်းရောင်အငွေ့များ ထွက်လာသည်။ သို့သော် ထိုအရာက ဝေးလွန်းသည့်အတွက် သူတို့က အသံကို စက္ကန့်ပိုင်းနောက်ကျပြီးမှ ကြားလိုက်ရသည်။

ဝုန်း

အသံက တိုတောင်းလှသည်။

“ ထိသွားပြီ “

“ ရှစ်စွင်းရဲ့ စွမ်းအားက တကယ်ကို အတိုင်းအဆမဲ့တာပဲ”

“ မဖြစ်နိုင်တာ … တကယ်လား”

တုန်လှုပ်မှု၊ အံ့ဩမှုနှင့် မယုံကြည်နိုင်မှု …

ရှန့်ယွင်ကျန်းက တုန်လှုပ်နေမိသည်။ သူမက ပွင့်ချပ်ခြောက်လွှာအဆင့် ဖြစ်၏။ ပါဝူက အဝေးကြီးရောက်သွားသည်ကို မြင်သည့်အခါ သူမက ထိမှန်ဖို့ မဖြစ်နိုင်ကြောင်း ယူဆခဲ့သည်။ သို့သော် လက်တွေ့ကား စကားထက် သက်သေပြသွားခဲ့သည်။ လုကျိုး ပစ်လွှတ်လိုက်သည့် မြားက သူမ ထင်ထားသလို မဟုတ်ဘဲ ပါဝူအား ထိမှန်သွားခဲ့လေသည်။

ပတ်ဝန်းကျင်ဆီ ခရမ်းရောင်လှိုင်းလုံးထသွားလေသည်။ ထိုအရာက မပျောက်ကွယ်သွားခင် ခဏမျှသာ ကြာမြင့်ခဲ့သည်။

“တင်း … စီးတော်သားရဲကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”

လုကျိုးက စီးတော်သားရဲကို သတ်လိုက်နိုင်၍ ဆုလာဘ်ရသည့်အတွက် အလွန်ကျေနပ်အားရနေမိသည်။ သို့သော်လည်း သူ့အမူအရာကား မပြောင်းမလဲကျန်ရှိနေဆဲ ဖြစ်သည်။ သူ့အပြာရောင်စွမ်းအားများက ပျောက်ကွယ်သွားပြီ ဖြစ်၏။သူက လက်ကျန် ကောင်းကင်ကျမ်းစွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ သူက သုံးပုံတစ်ပုံမျှသာ အသုံးပြုခဲ့သည်။

ယခု ကောင်းကင်ကျမ်း၏ သုံးပုံတစ်ပုံ စွမ်းအားက ယခင် ပဒုမ္မာစင်မြင့်ပေါ် စွမ်းအားပေါက်ထွက်မှုလောက် အားမပြင်းပေ။ ထိုအရာပေါ် အခြေခံ၍ သူက သိုလှောင်ထားသည့် စွမ်းအားပမာဏဖြင့် စွမ်းအားသုံးကြိမ်တိုင်တိုင် ပစ်လွှတ်နိုင်ကြောင်း သိလိုက်သည်။ အကယ်၍ သူ့ပြိုင်ဘက်က အားကောင်းလွန်းနေခဲ့လျှင် စွမ်းအားကို အကုန်တစ်ခါတည်း လွှတ်ထုတ်နိုင်သည်။ နောက်ဆုံးတွင် သူက အမိန့်ပေးလိုက်၏ “အလောင်း ပြန်ယူခဲ့ ”

လောင်ပါ့ ကျူးဟုန်ကုန်းက အလျှင်စလို ပြောလိုက်သည် “ ကျွန်တော် လုပ်လိုက်မယ် … အားလုံး မလုပ်နဲ့နော် ”

တခြားလူများက ကျူးဟုန်ကုန်းအား နားမလည်စွာ ကြည့်လိုက်သည်။

“ တစ်ဂိုဏ်းတည်းသားတွေကို ဒီလိုအသေးအမွှားအလုပ် ဘယ်လုပ်ခိုင်းနိုင်ပါ့မလဲ … ကျွန်တော် သွားလိုက်မယ်။ ခင်ဗျားတို့ဒါကို မသိလောက်ပေမဲ့ စီးတော်သားရဲတွေက ညစ်ပတ်တယ်။ သူတို့သားရေက ကြမ်းတမ်းပြီးတော့ အသားက ထူတယ်။ အဲကြောင့် တော်တော်လေးတယ် ”

အခြားလူတွေက ခေါင်းညိတ်လိုက်ကြသည်။

လောင်ပါ့ လုပ်ထားကွ …

အဋ္ဌမသခင်လေးက တကယ်ကို ရေလိုက်ငါးလိုက် နေတတ်လိုက်တာ …

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်ပြီး “အဲဆို သွားချေ … စုန်းအတတ်လည်း သတိထားဦး”

ကျူးဟုန်ကုန်းက လေထဲ ပျံသန်းလိုက်သည်။ သူက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်ကို ထုတ်ဖော်ကာ ပါဝူရှိရာဆီ ပျံသန်းသွားလိုက်သည်။

ထိုစဉ် မည်းမှောင်မှောင် အခန်းအတွင်း …

ဖူး …

ပါမာက မျက်လုံးပွင့်လာသည်။ သူက သွေးတစ်ပွက် အန်လိုက်ရသည်။

“မဖြစ်နိုင်တာ ”

သူက စီးတော်သားရဲကို အဝေးမှ ထိန်းချုပ်နေခြင်း ဖြစ်၏။ သူနှင့် စီးတော်သားရဲ တစ်သားတည်းဟုပင် ယူဆနိုင်သည်။ သူ့စီးတော်သားရဲ သေဆုံးသွားသည့်အခါ သူလည်း တန်ပြန်ခံစားရသည်။ ဤသည်မှာ စုန်းအတတ်၏ ဆိုးကျိုး ဖြစ်၏။

ထိုစဉ် ပါမာ၏ မျက်နှာပေါ် ယုံရခက်သည့် အမူအရာ ရှိနေသည်။ သူက ဒီကိစ္စကို အချိန်အကြာကြီး စီစဉ်ထားခဲ့ရသည်။ ဤလှုပ်ရှားမှုဖြင့် သူက မိစ္ဆာဝေဟင်မျှော်နန်းနှင့် လော့ဂိုဏ်းတို့ကြား ရန်ငြိုးကို စပေးနိုင်လိမ့်မည်ဟု မှတ်ယူထားခဲ့သည်။ သူ့အတွက် အမြတ်ချည်း ဖြစ်၏။ သို့သော်လည်း သူက မိစ္ဆာဝေဟင်မျှော်နန်း၏ အင်အားကို လျော့တွက်လိုက်မိဟန်ပေါ်သည်။

ပါမာက လက်မြှောက်ကာ ရင်ဘတ်ကို ဖိထားလိုက်သည်။ သူ့အသံက မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။

“ ရှန့်ယွင်ကျန်းက အဲလောက်စွမ်းအားကြီးဖို့ မဖြစ်နိုင်တာ … သူမ ဘယ်လိုများလုပ်လိုက်တာလဲ”

သူက ပါဝူ၏ ခုခံအားကို တခြားသူများထက် ပိုသိလေသည်။ ပွင့်ချပ်ခုနှစ်လွှာ သို့မဟုတ် ရှစ်လွှာအဆင့်ပင် ပါဝူကို အချိန်တိုအတွင်း သတ်ဖို့ ခက်လိမ့်မည်။ ထို့အပြင် ပါဝူက စောစောလေးက အရှိန်အပြည့်ဖြင့် ထွက်ပြေးနိုင်ခဲ့သည်။ စီးတော်သားရဲ အမြင်မှတဆင့် သူက မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရွှေနန်းဥယျာဉ်တောင်တို့အား ခပ်ဝါးဝါးသာ မြင်ရတော့သည့်အထိ အလှမ်းကွာနေခဲ့ပြီးသား ဖြစ်ကြောင်း သိ၏။

ပွင့်ချပ်ခြောက်လွှာ ရှန့်ယွင်ကျန်းက ဒီလောက်အားကောင်းတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

သူက မယုံနိုင်ပေ။

ပါမာ၏ မျက်နှာထားက တစ္ဆေတစ်ကောင်အလား ဖြူဖျော့လာသည်။ သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သူ့စီးတော်သားရဲ သေဆုံးသွားခြင်းက သူ့အတွက် ထိနှက်ချက်ကြီး ဖြစ်၏။ သူ့ရှေ့တွင် အဝေးထိန်း အစီအရင်က မည်းနက်လာသည်။

သူက အံ့ကြိတ်ရင်း မုန်းတီးစွာ ရေရွတ်လိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်း ”

………..

လုကျိုးက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ထိုစဉ် ရှန့်ယွင်ကျန်းက သူ့ဆီ လျှောက်လာကာ ပြောလိုက်သည် “ မျှော်နန်းသခင်ရဲ့ မြားပစ်စွမ်းရည်က ကျွန်မအမြင်ကို ကျယ်သွားစေပါတယ်။ အဲဒီမြားက … ဘာလဲဆိုတာ သိခွင့်ရမလားရှင့် ”

လုကျိုးက လက်မြှောက်ကာ သူမကို တားလိုက်သည်။

…

အခန်း (၃၆၃) ရွေ့လျားနေသော တိမ်တိုက်များ

“မင်းက ငါ့ဆီက သင်ယူပိုင်ခွင့်ရှိတယ်လို့ထင်နေတာလား”

ထိုဖော်ပြချက်၌ မှားယွင်းမှုမရှိပေ။

ဖန်ကျုံးက ဝင်ပြောလိုက်၏။ “အဟုတ်ပဲ မင်းက မျှော်နန်းသခင်ရဲ့တပည့်မှမဟုတ်တာ ... မင်းကို သူက ဘာကြောင့်သင်ပေးရမှာလဲ”

“ကျုပ်တို့မှာတောင် အဲ့လိုဂုဏ်မျိုး မရှိဘူး ... ဒါတောင် ကျုပ်တို့တွေက မိစ္ဆာဝေဟင်မျှော်နန်းမှာ နေနေတာ” ကျိုးကျစ်ဖုန်းက တည်ကြည်စွာဝင်ပြော၏။

“ဒီကိုလာပြီး မျှော်နန်းသခင်ရဲ့အံ့ဩဖွယ်ခွန်အားသုံးတာကို မျက်မြင်တွေ့ခွင့်ရတာပဲ ကျေးဇူးတင်သင့်နေပြီ” နှစ်ယောက်သားက တစိတ်တဝမ်းတည်း ပြောလိုက်လေ၏။ ကျန်သည့်သူများကလည်း ထိုစကားကြောင့်အနည်းငယ်ယိမ်းယိုင်သွားသည်။

လုကျိုးကလည်း ရှန့်ယွင်ကျန်းကို မကြည့်တော့ပေ။ သူက လက်နောက်ပစ်ထားလျက် လော့ယွဲ့လေးကိုင်းကိုပစ်လိုက်၏။

လေးကိုင်းက ဟွားယွဲ့ရှင်းဆီပျံသန်းသွားသည်။ သူမက အမြန်ဖမ်းလိုက်တော့၏။ သူမက မျက်နှာသာပေးခံမှုရကြောင့် အနည်းငယ်လွှမ်းမိုးခံလိုက်ရပြီး သူမက မဝံ့မရဲမေးလိုက်တော့၏။

“မျှော်နန်းသခင် ဆိုလိုတာက ...”

“လော့ယွဲ့လေးကိုင်းက အစတည်းက မင်းအပိုင်ပဲ ငါက မင်းအတွက်အမှန်တရားတစ်ခုပေးရုံပဲ ... လော့ယွဲ့လေးကိုင်းက ပိုင်ရှင်အမှန်ဆီ ပြန်ရောက်သွားတာ” လုကျိုးက ပြန်ပြောလိုက်၏။ ဟွားယွဲ့ရှင်းသည် ထိုစကားကိုကြားသည့်အချိန်၌ စိတ်လှုပ်ရှားသွားသည်။ သူမက လော့ယွဲ့လေးကိုင်းကိုကိုင်ထားလျက် ဒူးထောက်ကာ လုကျိုးက အရိုအသေပေးလိုက်သည်။

“ကျေးဇူးပါ မျှော်နန်းသခင်"

ရှန့်ယွင်ကျန်းက စိတ်မကျေမနပ်ဖြစ်နေတာ သိသာ၏။ ဟွားယွဲ့ရှင်းက သူမ၏တပည့်ဖြစ်သည်။ လော့ယွဲ့လေးကိုင်းက သူမနှင့် ရှိနေခဲ့သင့်၏။ ကိစ္စများက ဤအတိုင်းဖြစ်သွားလိမ့်မည်ဟု မထင်ထားပေ။ သူမရင်ထဲ၌ အမျိုးမျိုးသော အငြင်းပွားသည့်ခံစားချက်များ တက်လာသော်ငြား ထုတ်မပြနိုင်ပေ။

ဟွားယွဲ့ရှင်းက လော့ယွဲ့လေးကိုင်းကိုကိုင်ထားပြီးနောက် ၎င်းကိုလေ့လာရန်ဘေးသို့ သွားလိုက်သည်။ လေးကိုင်းပေါ်၌ သူမ နာမည်ထွင်းထုထားလေ၏။

ဟွားဝူတောက်က ရယ်မောလျက်ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ်”

“သတ္တိပေးတာအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဟွား”

“အားရား ... ဒီလော့ယွဲ့လေးကိုင်းက ဟွားယွဲ့ရှင်းကို သခင်အဖြစ်အသိအမှတ်ပြုထားပြီးသား သူ့အလားအလာကို ထုတ်ဖော်ချင်တယ်ဆိုရင် ထပ်ပြီးသန့်စင်ရမယ်” ဟွားဝူတောက်က လေးကို ကြည့်ပြီးနောက်ပြောလိုက်တော့၏။

ပိုင်ရှင်ဟူသည့် စကားလုံးကိုကြားလိုက်ရသည့်အချိန်၌ ရှန့်ယွင်ကျန်း၏မျက်နှာထက်၌ အနေခက်သည့် အမူအရာပေါ်လာ၏။ သူမ ဘာမှမပြောရဲတော့ချေ။

လုကျိုးက ရှန့်ယွင်ကျန်းကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ငါက အတိတ်တုန်းက ယွင်ထျန်းလော့နဲ့ ရင်းနှီးခဲ့ဖူးတယ် သူ့ရဲ့ မြားပစ်စွမ်းရည်က မင်းထက် အများကြီးသာတယ်”

ရှန့်ယွင်ကျန်းသည် ထိုစကားကို ကြားသည့်အခါ ထိတ်လန့်သွား၏။ သူ၏နဖူး၌ ချွေးသီး ချွေးပေါက်များ ပေါ်လာပြီး သူမကပြောလိုက်တော့၏။

“မျှော်နန်းသခင်က ဂိုဏ်းချုပ်နဲ့ ရင်းနှီးဖူးတယ်ဆိုတာ ကျွန်မ မသိပါဘူး ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”

လုကျိုးက ရှန့်ယွင်ကျန်းကိုကြည့်ပြီး မုတ်ဆိတ်သပ်လိုက်လေ၏။

“စီးတော်သားရဲ ပါဝူကို ဘယ်သူပိုင်တာလဲ”

ရှန့်ယွင်ကျန်းက ပြော၏။ “တတိယအကြီးအကဲလုဖင်းပါ”

“ငါ သူ့ကိုတွေ့ချင်တယ်လို့ပြောလိုက်”

“နားလည်ပါပြီ” ရှန့်ယွင်ကျန်းက အပျော်လွန်သွား၏။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်းသည် သူမကို အသက်ချမ်းသာပေးသည်ဟု ဆိုလိုတာပဲဖြစ်သည်။ လုဖင်းအတွက်ကကော ... လုဖင်းဘာဖြစ်မည်ဆိုတာကို သိပ်ဂရုမစိုက်ပေ။ ထို့အပြင် လုဖင်းကသာလျှင် သူမကို စီးတော်သားရဲ ငှားပြီး သူမကို ဒုက္ခရောက်စေတာဖြစ်ခဲ့တာကို တွေးမိချိန်၌ သူမဒေါသထွက်သွား၏။ ထိုအကြောင်းရင်းကြောင့် မိစ္ဆာဝေဟင်မျှော်နန်းသည် လုဖင်းကို မြင်တွေ့ချင်နေကြောင်း သူမ ကြားသည့်အချိန်၌ ပျော်ရွှင်သွားသည်။

လုကျိုးက အင်္ကျီလက်ကိုဝေ့ယမ်းလိုက်၏။ ပြီးနောက် ရှန့်ယွင်ကျန်းသည် သူမ၏ လက်အောက်ငယ်သား လေးယောက်နှင့်အတူ မိစ္ဆာဝေဟင်မျှော်နန်းကနေ ကမန်းကတန်း ထွက်သွားတော့၏။

အချိန်တချို့ကြာပြီးနောက် ကျူးဟုန်ကုန်းသည် စီးတော်သားရဲပါဝူကိုထမ်းလျက်ပျံသန်းလာ လေ၏။

ဖုန်း

သူက မြေကြီးပေါ်သို့အလောင်းကိုပစ်ချလိုက်၏။ ကျန်သည့်သူများကထိုအရာဆီ လျှောက်လာကြသည်။

သူတို့သည် ဝံပုလွေကဲ့သို့ ပါဝူကိုမြင်လိုက်ရ၏။ ၎င်း၌ ခရမ်းရောင်အမွှေး၊ ဖောင်းအစ်နေသော မျက်လုံးနှင့် ချွန်ထက်သောသွားစွယ်တို့ရှိသည်။ ကြည့်ရတာကြောက်မက်ဖွယ်ကောင်းလွန်းပေ၏။

“ရုပ်ဆိုးလိုက်တာ” ရှောင်ယွမ်အာသည် အော်လိုက်ပြီးနောက် သူမမျက်နှာသည် မနှစ်မြို့သည့် အမူအရာဖြင့် ရှုံ့မဲ့သွားတော့သည်။

“ရှောင်ရှစ်မေ့ စီးတော်သားရဲတွေက ပုံမှန်ဆိုဒီလိုပုံပဲ ဒါ့ထက်ရုပ်ဆိုးတဲ့ စီးတော်သားရဲတွေ အများကြီးပဲ”

ကျုးဟုန်ကုန်းက ပြုံးပြီးပြောလိုက်၏။

ကျန်သည့်သူများက စီးတော်သားရဲကို ဆက်လေ့လာကြပြီး ပါဝူကသေသွားပြီဖြစ်သော်ငြား သူတို့က ထိုကဲ့သို့စီးတော်သားရဲ၏ပက်ပင်းကြုံခဲ့ရမည်ဟုတောင်ဆိုရပေမည်။ ယင်းက သူတို့ ဗဟုသုတထဲ ထည့်မှတ်ရပေမည်။

“ရှစ်စွင်း ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချမှတ်ပေးပါ” ကျူးဟုန်ကုန်းက အရိုအသေပေးပြီးနောက် ဖိတ်ခေါ်သည့်လက်ဟန်ပြုလိုက်တော့သည်။

လုကျိုးက ပါဝူ၏သွင်ပြင်ကိုလေ့လာပြီးနောက် မုတ်ဆိတ်သပ်လိုက်၏။

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“ရှစ်စွင်း ဒီစီးတော်သားရဲက အနောက်တောင်ဖက်က ကောင်းကင်ကျုံးတောအုပ်ကနေ လာတာပဲဖြစ်ရမယ်။ သူ့မှာ အအေးဒဏ်ကိုခံနိုင်ရည်ရှိတဲ့ အမွှေးထူထူတွေရှိတယ်။ သူ့ရဲ့အမွှေးကို အနည်းဆုံးငွေ ကတ္တီတစ်ထောင်နဲ့ ရောင်းလို့ ရလောက်တယ်။ အစွယ်တွေကတော့ ရှားပါးတဲ့လက်နက်တွေ ဖြစ်လာလောက်တယ်။ သူတို့ကို ဆေးဖော်ဖို့လည်း သုံးလို့ရပြီး ကတ္တီငါးရာလောက်နဲ့ ရောင်းလို့ရတယ်။ အသားတွေကတော့ တန်ကြေးသိပ်မရှိဘူး ဒီလိုသားရဲရဲ့အသားက မာကျောလွန်းပြီး ညှီနံ့ပြင်းလွန်းတယ်”

ကျန်သည့်သူများက ကျူးဟုန်ကုန်းကို သံသယဖြင့်ကြည့်လိုက်၏။ သူတို့က သူဘာပြောနေမှန်း မသိကြပေ။

သူ့ဆီသို့ရောက်လာသည့် ထူးထူးဆန်းဆန်းအကြည့်များကို အာရုံခံမိသည့်ကျူးဟုန်ကုန်းက ခေါင်းကုတ်လိုက်၏။

“အလေ့အကျင့်အရပါ ... တောင်းပန်ပါတယ်”

မိစ္ဆာဝေဟင်မျှော်နန်းက ဒါတွေကိုလိုအပ်မှာတဲ့လား ...

ကျူးဟုန်ကုန်းက ထပ်ပြောလိုက်သည်။

"ရှစ်စွင်း အဲ့ဒီမြားပစ်ချက်က မိုးနဲ့မြေကို ထိတ်လန့်သွားစေတယ်။ တစ္ဆေတွေနဲ့နတ်ဘုရားတွေရဲ့ အော်ဟစ်ငိုယိုသံတွေကိုတောင် ကျွန်တော်ကြားရပါတယ်”

“တော်လောက်ပြီ” လုကျိုးက လက်ဝှေ့ယမ်းလျက်ပြောလိုက်သည်။

“မီးရှို့ပြီးမြှုပ်လိုက်တော့”

“ဟုတ်ကဲ့ ရှစ်စွင်း” ကျူးဟုန်ကုန်းသည် တစက္ကန့်တောင်တွေးမနေတော့ဘဲ သူ၏စွမ်းအားကို ထုတ်ဖော်လိုက်၏။ သူကစီးတော်သားရဲကိုထမ်းသွားပြီးနောက် ၎င်းက ဘာအလေးချိန်မှ မရှိသည့်ပမာ တောင်အနောက်ဆီသို့ ထမ်းသွားလိုက်သည်။

လုကျိုးက လှည့်ထွက်သွားတော့မည့်အချိန်၌ ဟွားယွဲ့ရှင်းက အရိုအသေပေးပြီးမေးလိုက်၏။

“မျှော်နန်းသခင် မျက်နှာသာပေးခွင့်တောင်းလို့ရမလား”

“ဘာလဲ”

“ကျွန်မ ... ယွဲ့ဟို့လျှို့ရှင်းကို သင်ယူခွင့်ရမလား"

လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်၏။ “အဲ့တာက အဆင့်မြင့်တဲ့ မြားစွမ်းရည်မဟုတ်ဘူး” အနောက်ဖက်နဲ့မြောက်ဖက်မျှော်နန်းက စာအုပ်တွေထဲမှာ ပိုကောင်းတဲ့စွမ်းရည်တွေရှိတယ် ... မင်း ပွင့်ချပ်ငါးလွှာရောက်တဲ့အချိန် မင်းရဲ့ကိုယ်ပိုင်မြားစွမ်းရည်သုံးလို့ရပြီ”

ဟွားယွဲ့ရှင်းက ထိုစကားကိုကြားသည့်အချိန်တွင်ပြောလိုက်၏။ "ဉာဏ်အလင်းဖွင့်ပေးတာအတွက် ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”

“ငါ အချိန်ရလာပြီဆိုတာနဲ့ မင်းရဲ့လော့ယွဲ့လေးကိုင်းကို သန့်စင်ဖို့ မင်းကို ကူညီပေးမယ်” လုကျိုးက ပြောပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းဆီပြန်သွားတော့သည်။

ဟွားယွဲ့ရှင်းသည် လုကျိုး၏စကားကြောင့် အနည်းငယ်မှင်သက်သွားလေ၏။

ဟွားဝူတောက်က လုကျိုး၏ထွက်သွားသည့်နောက်ကျောကိုကြည့်နေစဉ် သူက ဟွားယွဲ့ရှင်းကိုယ်စား အမြန်ပြောလိုက်သည်။

“ကျေးဇူးပါ မျှော်နန်းသခင်”

လက်နက်တစ်ခု သန့်စင်ခြင်းက အသေးအမွှားလုပ်ရပ်မဟုတ်ပေ။

“ဂုဏ်ပြုပါတယ်ကွာ”

ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့က လက်သီးဆုပ်မိုးလျက် ဂုဏ်ပြုစကားပြောကြား၏။ သူတို့က ဟွားယွဲ့ရှင်း၏ လက်ထဲရှိ လေးကိုင်းကို ကြည့်မိသည့်အချိန်၌ အားကျမှု မနာလိုမှုများပြည့်နေသည်။ သူတို့၏ကိုယ်ပိုင်လက်နက်ရမည့်နေ့ကို အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည်။

တွမ့်မူရှန်းက ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့စိတ်ထဲတွေးနေတာကို သိ၏။ သူ၏ နယ်ရှင်လှံကို မြေပြင်ပေါ်လေးလံစွာ ဆောင့်ချလိုက်၏။ ထန်း ... မြေပြင်က အက်ကွဲသွားသည်။

“မင်းတို့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်တဲ့အချိန်မှ မင်းတို့ရဲ့လက်နက်တွေအကြောင်း တွေးလို့ရမှာ”

“တတိယသခင်လေးပြောတာမှန်တယ်”

ဟွားဝူတောက်က ထောက်ခံကြောင်းခေါင်းညိတ်လိုက်၏။

“အခုတော့ ဒီလောက်ပဲ။ အကြီးအကဲလန်မှာ လက်နက်မရှိသေးဘူး ... မင်းတို့ လက်နက်တစ်ခု ပိုင်ဆိုင်ဖို့ ဘာကြောင့် အတင်းစိတ်အားထက်သန်နေမှာလဲ” ဟွားဝူတောက်၏ စကားကို ကြားသောအခါ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက နေထိုင်ရသက်သာသွားသည်။ ပိုမြင့်သည့် အဆင့်အတန်းရှိပြီး သူတို့ထက်ကျင့်ကြံဆင့် ပိုမြင့်သည့်အကြီးအကဲတစ်ယောက်က လက်နက်တစ်ခုတောင် မရှိသေးလျှင် အငယ်များအနေဖြင့် သူတို့က စောဒကမတက်သင့်ပေ။ ထို့အပြင်လော့ယွဲ့လေးကိုင်းက အစတည်းက ဟွားယွဲ့ရှင်း၏လက်နက်ဖြစ်သည်။ သူမနှင့် အကောင်းဆုံးကိုက်ညီသည်။

……………………………………….

မျှော်နန်းထဲတွင်ဖြစ်သည်။

လုကျိုးက စနစ်မျက်နှာပြင်ကိုဖွင့်ပြီး သူ၏ကုသိုလ်မှတ်များကိုထပ်ကြည့်လိုက်၏။

ကုသိုလ်မှတ် ...... ၃၃၂၀၀

ထိုအကြောင်းကို စဉ်းစားပြီးနောက် လုကျိုးသည် ကံစမ်းမဲနှိုက်ပြီး ကံစမ်းရန်ဆုံးဖြတ်လိုက်၏။ သူသည် ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကိုရခဲ့မယ်ဆိုလျှင် သူ့နေ့ဖြစ်သွားလိမ့်မည်။

မဲနှိုက်မယ်

“တင်း ... ကုသိုလ်မှတ်ငါးဆယ်သုံးလိုက်ပါပြီ ... အကြောင်းပြန်လှန်ကတ်တစ်ကတ်ရရှိပါတယ်"

အစကောင်းပဲ ... သူ့၌ ကံကောင်းမှု အချို့ရှိနေသည်။ သို့သော်ငြား နောက်ထပ်ဆယ်ခု ဆက်တိုက်သည် ‘ကျေးဇူးတင်ပါသည်’ ဟူသောစာများသာပြည့်နေ၏။ လုကျိုးက သူ၏ကံကောင်းမှတ်ကိုကြည့်ပြီးနောက် ရေရွတ်ပြောလိုက်၏။

‘ကံစမ်းမဲ’

“တင်း ... ကုသိုလ်မှတ်ငါးဆယ်နဲ့ ကံကောင်းမှတ်ဆယ်မှတ်သုံးလိုက်ပါပြီ ... အကြောင်းပြန်လှန်ကတ် ဆယ်ကတ်ရရှိပါတယ်”

လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ စနစ်က အကြောင်းပြန်လှန်ကတ်တွေနဲ့ပဲ ပူးပေါင်းလိမ်လည် ထားတာလား ဖြစ်နိုင်တာ စနစ်က သူ့ကိုသဲလွန်စပေးနေတာလား ... ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမရတာထက်ပိုကောင်းပါတယ်လေ”

လုကျိုးက နောက်ထပ်ကံစမ်းမဲနှစ်ဆယ်နှိုက်လိုက်တော့၏။ သူသည် ‘ကျေးဇူးတင်ပါသည်’ ဟူသည့်စကားများကို ရသည့်အချိန်၌ အံ့ဩသွား၏။ နောက်ဆုံးတွင် သူက ကံစမ်းမဲနှိုက်ချင်စိတ် မရှိတော့ပေ။

အချိန်တချို့ကြာ သူ့ဖာသာသူရေရွတ်ပြောနေပြီးနောက် လုကျိုးသည် အသုံးပစ္စည်းရောင်းသည့် နေရာကိုဖွင့်လိုက်၏။ သူက ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကိုဝယ်လိုက်၏။ “တင်း ... ဆယ်ကမ္ဘာ စိတ်ဝိညာဉ်သဏ္ဌာန်ရရှိပါပြီ ... ကုသိုလ်မှတ်သုံးသောင်းသုံးလိုက်ပါပြီ တပ်ဆင်ရန် ဆန္ဒရှိပါသလား”

လုကျိုးက ချက်ချင်းမတပ်ဆင်ခဲ့ပေ။ သူက ဒုက္ခရှုကွင်းမိုင်တရာစိတ်ဝိညာဉ်သဏ္ဌာန်၏တန်ကြေးကို ကြည့်ခဲ့၏။

ဒုက္ခရှုကွင်းမိုင်တရာ ... တသိန်း

“...” ကျန်ရှိသည့်ကုသိုလ်မှတ်ကို ကြည့်လိုက်သည့်အချိန်၌ သူက ကျိန်ဆဲလုနီးပါးဖြစ်သွားသည်။

ထောင်ချောက်လား ....

ကံစမ်းမဲကနေ သူသည် သန့်စင်ခြင်းအဆောင်များမရနိုင်တာ နှမြောစရာကောင်းလှ၏။ ယင်းက ကျန်သည့်အသုံးပစ္စည်းကတ်များကဲ့သို့ ဝယ်လို့ရသည့်အရာမဟုတ်ပေ။ သူက လော့ယွဲ့လေးကိုင်းကို သန့်စင်ချင်သည်ဆိုလျှင် သူကံပိုကောင်းလာမည့်အချိန်၌ ထပ်မံကြိုးစားရမည်။ သူ၏ ကျန်ရှိသည့် ကုသိုလ်မှတ်များဖြင့် ဘာကိုမှ မဝယ်နိုင်ပေ။ အသေရိုက်ချက်ကတ် တစ်ကတ်ဝယ်ရန်တောင် မလုံလောက်ချေ။

လုကျိုးသည် သူ၏ဆင်းရဲမွဲတေမှုကြောင့် ပူဆွေးသောကရောက်နေစဉ် “တင်း ... ပစ်မှတ်တစ်ယောက် သတ်လိုက်ပါပြီ ... ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”

လုကျိုးသည် ထိုအသိပေးသံများကြောင့်မအံ့ဩသွားတော့ပေ ... မည်သည့်ဂိုဏ်း၏အကြီးအကဲကို ယွီရှန်းရုန် ပစ်မှတ်ထားနေလဲဆိုတာ သူသိချင်မိ၏။ နာမည်စာရင်းပေါ်ရှိ အမည်များကို သူ မှတ်မိသည်။ သူတို့အကြောင်းကို တွေးမိလျှင်တောင် မည်သူကမှ ကရုဏာထားခံရရန် ထိုက်တန်သူများ မဟုတ်ကြပေ။

နောက်ဆုံးတွင် သူကပြောလိုက်တော့သည်။ “တပ်ဆင်မယ်”

ခဏအကြာတွင် သူ၏သွေးကြောများထဲစွမ်းအားသစ်တစ်ခုတိုးဝင်လာတာကိုခံစားမိ၏။ ယင်ယန်အသွင်ပြောင်းခြင်းကိုးပါး စိတ်ဝိညာဉ်သဏ္ဌာန်က မှိန်ဖျော့သွားပြီးနောက် ဆယ်ကမ္ဘာ စိတ်ဝိညာဉ်သဏ္ဌာန်က အစားထိုးလာ၏။

ညအချိန်တွင်ဖြစ်သည်။

အရှေ့ဖက်မျှော်နန်းအပြင်ဖက်ရှိခေါင်မိုးပေါ်တွင် ဖန်လီထန်းနှင့် ကျန်းအိုက်ကျန့်တို့က သေရည်သောက်ပြီးစကားပြောနေ၏။

“မင်းက တတိယမင်းသားဆိုတာ မယ်တော်ကြီးကို ဘာကြောင့်မပြောတာလဲ" ဖန်လီထန်းက ကောင်းကင်ထက်ရှိလကိုကြည့်ပြီးမေးလိုက်၏။

“အကြီးအကဲဖန် ... ဖန်ကျုံးကို ခင်ဗျားက သူ့ရဲ့စတုတ္တမျိုးဆက် ဘိုးဘေးဆိုတာ ဘာကြောင့် မပြောပြတာလဲ” ကျန်းအိုက်ကျန့်က ရယ်မောလျက်ပြောလိုက်လေ၏။

ဖန်လီထန်းက ချက်ချင်း ခါးမတ်သွားကာပြောလိုက်တော့၏။

“ဟမ် ... ငါက မင်းကို မေးခွန်းတစ်ခုမေးနေတာလေ ... အမေးတစ်ခုနဲ့ဘာကြောင့်တုန့်နှင်းနေတာလဲ နေပါဦး ... ဒီဟာကွက် မင်းဘယ်လိုရှာတွေ့သွားတာလဲ”

ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်၏။ "လွယ်ပါတယ် ... ခင်ဗျားက အနောက်ဖက်တောင်တန်းတွေမှာတုန်းက စတုတ္ထမင်းသားနဲ့ရင်းနှီးခဲ့တဲ့သူပဲ အဲ့ဒီတုန်းက ခင်ဗျားနောက်ကြောင်းကို စစ်ဆေးခဲ့ဖူးတယ်”

“ကောက်ကျစ်လိုက်တဲ့ကောင် ...”

နှစ်ယောက်သားက နှစ်ခြိုက်စွာစကားပြောဆိုနေစဉ် အရှေ့ဖက်မျှော်နန်း၌ စွမ်းအားတစ်ခု ဝေ့တက်လာ၏။

ကျန်းအိုက်ကျန့်က မိစ္ဆာဝေဟင်မျှော်နန်းသို့ရောက်ခါစဖြစ်သည်။ ယင်းကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်၏။

“တစ်ယောက်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းကို ကျူးကျော်နေတာလား”

ဖန်လီထန်းက ခေါင်းခါပြီးနောက် ယင်းကို မြင်တွေ့နေကျဟူသော လေသံဖြင့်ပြောလိုက်သည်။

“မင်း ဒါကို အသားကျသွားမှာပါ ... မျှော်နန်းသခင်က အဲ့ဒီထူးဆန်းတဲ့ကိစ္စတွေကို သူကိုယ်တိုင် စမ်းကြည့်ရတာကိုသဘောကျတယ်”

“အဲ့လိုလား”

ဖုန်း

စွမ်းအားဖြည့်ဆည်းမှုက ပြီးဆုံးသွား၏။ အရှေ့ဖက်မျှော်နန်းက ထပ်မံတိတ်ဆိတ်သွားသည်။

ကျန်းအိုက်ကျန့်က လှည့်လာ၏။ သူတို့စကားဆက်ပြောတော့မည့်အချိန်၌ နောက်ထပ် ပြင်းထန်သည့်စွမ်းအားက ပေါ်ထွက်လာသည်။

ဖုန်း … ဖုန်း …

ထိုအသံသည် အရှေ့ဖက်မျှော်နန်းရှိ ယခင် ရုတ်ရုတ်သဲသဲဖြစ်တာထက်ပိုကျယ်လောင်၏။

“ကြည့်ရတာ ဒီတစ်ခေါက် ရန်သူတစ်ယောက်ရှိတဲ့ပုံပဲ” ကျန်းအိုက်ကျန့်က ပြောပြီးခေါင်းကုတ်လိုက်၏။

“ဒီအပိုင်းတွေမှာ ကျုပ်က အတော်လေးနာမည်ကြီးတဲ့ပုံပဲ။ ကျုပ်သေသွားပြီးတောင်မှ ကျုပ်ကို တစ်ယောက်ထဲ မထားချင်တဲ့သူတွေရှိနေသေးတယ် ... နာကျင်စရာကောင်းလိုက်တာ”

All Chapters