အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
အခန်း(၃၆၄) ဂိုဏ်းကြီး တစ်ဂိုဏ်း၏ သဘောထား
ထွက်ပေါ်လာသည့် စွမ်းအားက ဖန်လီထန်း၏ အာရုံကို ဖမ်းစားလိုက်သည်။ သူက လှည့်ကြည့်လိုက်လေသည်။ သူက ကျန်းအိုက်ကျန့်လိုမျိုး အတွေ့အကြုံမရှိ ငယ်ရွယ်နေခြင်း မဟုတ်ပေ။ သူက အတွေ့အကြုံများပြားပြီး ဗဟုသုတကြွယ်ဝသည့်အတွက် ကျန်းအိုက်ကျန့်ထက် အမြင်သာလွန်နေသည်။
သူက အရှေ့ပိုင်းမျှော်နန်းဆောင်အတွင်း ဂယက်ရိုက်မှုအကြောင်းအရင်းကို နားမလည်စဉ် ဤတစ်ကြိမ် တောင်ပိုင်းမျှော်နန်းဆောင်မှ စွမ်းအားထွက်ပေါ်လာသည့်အကြောင်း သူ့ခန့်မှန်းချက်ကို သံသယမရှိပေ။ သူက ချက်ချင်း ပြောလိုက်သည်။
“နဝမသခင်မလေး ပြောတာ မှန်တယ်။ မင်းက တကယ်ကို အရှက်မရှိဘူးပဲ ”
ကျန်းအိုက်ကျန့်က သူ့မျက်နှာနှင့် မေးစေ့ကို ထိလိုက်ပြီးနောက် ပြောလိုက်သည်။ “ကျွန်တော်တော့ အဲလိုမထင်မိဘူး။ လူတစ်ယောက်က ဘယ်လောက်အရှက်မဲ့မဲ့၊ အရည်ထူထူ မုတ်ဆိတ် ရှုပ်နေတာကိုတော့ မတားနိုင်ပါဘူး”
ဖန်လီထန်းက မျက်လုံးဝေ့ကြည့်လိုက်သည်။ သူက တောင်ဘက်မျှော်နန်းဆောင်ဆီ လှမ်းကြည့်လိုက်ပြီး ချီးကျူးမှုအပြည့်ဖြင့် ပြောလိုက်သည်။ “ လေပူလေအေးတွေ အစားထိုးလာပြီး ဒေါင်လိုက် လှည့်ပတ်နေတယ်။ တိမ်တွေလည်း လှုပ်ရှားနေပြီးတော့ လှိုင်းလုံးရာချီ ပေါ်ထွက်နေတယ်။ အဲဒါ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကနေ ဒုက္ခမိုင်တစ်ရာ ရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်အထိ အဆင့်တက်သွားတဲ့ပုံစံပဲ”
ကျန်းအိုက်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် “ ကျွန်တော့်ကို တစ်ယောက်ယောက် လာသတ်တယ် ထင်နေတာ။ တစ်ယောက်ယောက် အဆင့်တက်နေတာတဲ့လား။ ဘယ်သူများလဲ”
“ငါ့ငတုံးမြေးလေးလား ” ဖန်လီထန်းက အကြည့်တို့ တောက်ပလာသည်။
“ဆုတောင်းလေ … ဖန်ကျုံးက အနောက်ပိုင်းမျှော်နန်းဆောင်မှာနေတာ။ တောင်ဘက်မှာ မဟုတ်ဘူး ”
ဖန်လီထန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ မိစ္ဆာဝေဟင်မျှော်နန်းတပည့်တွေထဲ ဒုက္မရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန် မရှိသေးတာ ကျောင်းယွဲ့ပဲ …”
ကျန်းအိုက်ကျန့်က အပြုံးလေးဖြင့် “ ကျွန်တော့်ညီမလေးက တကယ်ကို ကံကောင်းတာပဲ ”
စွမ်းအားထွက်ပေါ်လာမှုက နာရီဝက်မျှသာ ကြာမြင့်လေသည်။ နောက်ဆုံး တည်ငြိမ်သွားသည့်အခါ တောင်ဘက် မျှော်နန်းဆောင်က တဖန် တိတ်ဆိတ်သွားသည်။
ဖန်လီထန်းက သူ့သေရည်အိုးကို မြှောက်ကာ “တတိယမင်းသားနဲ့ တော်ဝင်မိသားစုကနေ စွန့်ပစ်ခံထားရတဲ့ မိဘမဲ့တစ်ယောက် … ကြည့်ရတာ တာ့ယန်တော်ဝင်မိသားစုထဲ တခြားမိသားစုဝင်ထဲ အသင့်တော်ဆုံးက အရှင့်သား စတုတ္ထမင်းသားပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက အရိုက်အရာဆက်ခံဖို့ ကံမပါလာဘူး။ သူက နယ်စပ်နဲ့ ကံစပ်နေတယ် … ”
“ သူက ခင်ဗျားကို ကယ်ခဲ့ဖူးတယ်ဆိုတော့ သူ့ကို အကောင်းမြင်တာ ပုံမှန်ပါပဲ။ သူ လျိုဟွမ်ကို ဖားနေတုန်းက မျက်နှာကို မြင်လိုက်ရမှာ။ သူတို့ပခုံးဖက်မတတ် ဖြစ်နေကြတာလေ ”ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“ ဒါတွေအားလုံးက အသက်ရှင်ဖို့အတွက်ပဲလေ … မင်းလည်း အတူတူပဲ မဟုတ်ဘူးလား” ဖန်လီထန်းက ပြန်လည်ချေပလိုက်သည်။
ကျန်းအိုက်ကျန့်က ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဖန်လီထန်း မပြောခင်အထိ တိတ်ဆိတ်မှုကြီးစိုးနေသည်။
“စတုတ္ထမင်းသားက ကျုပ်အသက်ကို ကယ်ခဲ့တာ ဟုတ်ပါတယ်။ ကျုပ် သူ့ကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ တပ်ထဲ ဆယ်စုနှစ်များစွာ ရန်သူများစွာကို သတ်ဖြတ်ပေးခဲ့တယ်။ အဆုံးသတ်ကျ ကျုပ် ကျင့်ကြံဆင့် ဆုံးရှုံးသွားတယ်လေ။ အဲဒါကြောင့် အဲဒီအကြွေးကို ပြန်ပေးဆပ်ပြီးပြီလို့ ယူဆလို့ရပြီ ထင်တာပဲ ”
“ပြန်လည်ပေးဆပ်တာ ကြင်နာတဲ့ အပြုအမူပဲ။ ခင်ဗျားက ကျင့်ဝတ်ရှိသားပဲ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
………….
နောက်တစ်ရက် မနက်ခင်း၊ မိစ္ဆာဝေဟင်မျှော်နန်း အရှေ့ပိုင်း မျှော်နန်းဆောင်၌
လုကျိုးက ကောင်းကင်ကျမ်းကို ဆင်ခြင်သုံးသပ်နေစဉ် ကျောင်းယွဲ့ အသံကို ကြားလိုက်ရသည်။
“ ရှစ်စွင်း .. တပည့် ရှစ်စွင်းကို စိတ်မပျက်စေရဘဲနဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်သွားပါပြီ ”
လုကျိုးက မျက်လုံးအသာဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူက လက်နောက်ပစ်လျက် အရှေ့ပိုင်းမျှော်နန်းဆောင်မှ ထွက်လာသည်။
ကျောင်းယွဲ့က အမှန်တကယ် စိတ်လှုပ်ရှားနေမိသည်။ သူက အသာဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ ရှစ်စွင်း ”
လုကျိုးက သူမကို ကြည့်လိုက်ပြီး မုတ်ဆိတ်သပ်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် “ကောင်းတယ်”
“ရှစ်စွင်း မနေ့က ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ဖန်ပြန်စုစည်းနေတယ်လို့ ကြားတော့ မနှောင့်ယှက်ချင်လို့ပါ” ကျောင်းယွဲ့က ပြောလိုက်သည်။
“ အဟောင်းတွေကို သုံးသပ်ပြီး အသစ်တွေကို သင်ယူရတယ်။ မင်းလည်း မင်းကျင့်ကြံရေးမှာ ဒါကို အသုံးချလို့ရတယ်” လုကျိုးက ခပ်တည်တည် ပြောလိုက်သည်။ သူ့တပည့်များက အမှန်တကယ် ပါရမီထူးကဲလှသည်။ သူတို့သိထားပြီးသားတွေကို သုံးသပ်ပေးရုံမျှဖြင့် အကောင်းတွေချည်း ထွက်လာလေသည်။
“ဟုတ်ကဲ့ပါ ရှစ်စွင်း ” ကျောင်းယွဲ့က အတော်လေး စိတ်အခြေအနေကောင်းနေသည်။
“အဲဆိုတော့ မင်း ပြောင်မြောက်ခြင်း ကျောက်စိမ်းကျင့်စဉ်အကြောင်း အကုန်နားလည်သွားပြီလား”
လုကျိုးက မေးလိုက်သည်။
“ဟုတ်ကဲ့ ”
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ “ပြောင်မြောက်ခြင်း ကျောက်စိမ်းကျင့်စဉ်က ယင်နဲ့ ယန်လိုမျိုး အအေးဓာတ်နဲ့ နွေးထွေးမှုကို လဲလှယ်တဲ့အကြောင်းပဲ။ မင်းနဲ့ ကိုက်ညီတယ် ”
“ ရှစ်စွင်းကိုယ်တိုင် သင်ကြားပြသပေးတာ ခံရတာ တပည့် ကံကောင်းလို့ပါ။ တပည့် ရှစ်စွင်းရဲ့ ကြင်နာမှုကို အလုံအလောက် ပြန်မပေးဆပ်နိုင်လောက်ဘူး” ကျောင်းယွဲ့က ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။
လုကျိုးက သူမသစ္စာရှိနှုန်း မြင့်တက်လာကြောင်း သတိထားမိလိုက်သည်။ ၈၀ ရာခိုင်နှုန်း ကျော်လွန်သွားလေပြီ။ ဤသည်က သူ လတ်တလော လုပ်ပေးခဲ့သည့် ကိစ္စနှင့် သက်ဆိုင်နေ၏။ ထို့အပြင် သူက မယ်တော်ကြီးကိုလည်း ကုသပေးခဲ့သည် မဟုတ်ပါလော။ ဒီလောက်က မျှော်မှန်းထားသလို ဖြစ်၏။
လုကျိုးက ညာဘက်လက်ကို အသာမြောက်လိုက်သည်။ သူ့လက်ဖဝါးထဲ အစိမ်းရင့်ရင် ဓားမြောင်တစ်ချောင်း ပေါ်လာသည်။ သူက လက်အသာဝေ့လိုက်သည့်အခါ ဓားမြောင်က ကျောင်းယွဲ့ဆီ ပျံသန်းသွားလေသည်။
ကျောင်းယွဲ့က ကြောင်နေမိသည်။ သူမဆီ ဓားမြောင် ပျံသန်းလာသည်ကို မြင်သည့်အခါ အလျှင်စလို ဖမ်းလိုက်မိသည်။ ထိုအရာနှင့် ထိတွေ့မိလိုက်သည့်အခါ အေးစက်စက် ဖြစ်နေသည်။ သူမက သေချာကြည့်လိုက်သည့်အခါ လက်ရာမြောက်ကာ သေသပ်လှသည့် ဓားမြောင်က လုံးဝကို အစိမ်းရင့်ရင့် ဖြစ်နေလေသည်။
“အစတုန်းက မင်းကို မျက်ရည်စွန်း လက်ဝှေ့လက်အိတ် ပေးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ မင်းက မိန်းကလေးဆိုတော့ အဲဒါကို လောင်ပါ့ဆီ ပေးလိုက်တာ … ဒီဓားမြောင်က သေးပေမဲ့ လက်နက်ကောင်းလေးပဲ။ မင်းကို ဒီကောင်းကင်ဓားမြောင် ပေးလို့ ကန့်ကွက်ချင်တာ ရှိလား” လုကျိုးက မေးလိုက်သည်။
မင်း မလိုချင်ရင် ငါ ပြန်ယူမယ် …
ကျောင်းယွဲ့က သတ္တုများဖြင့် ဖုံးထားသည့် လောင်ပါ့၏ သွင်ပြင်ကို ရုတ်ချည်း အမှတ်ရသွားလေသည်။ သူမက တုန်ယင်သွားပြီး “တပည့် ဘာကန့်ကွက်စရာမှ မရှိပါဘူး။ ဒီဓားမြောင်ကို အရမ်းကြိုက်ပါတယ် ”
မျက်ရည်စွန်း သေတ္တာကား အကျည်းတန်လွန်းသည်။
“ကောင်းပြီ … အဲဆိုရင် မင်းဆီ ဒီဓားမြောင် ပေးလိုက်မယ်။ မင်း ကောင်းကောင်း အသုံးပြုမယ်လို့ မျှော်လင့်ထားမယ်” လုကျိုးက ပြောလိုက်သည်။
“ ရှစ်စွင်း ကျေးဇူးပါ” ကျောင်းယွဲ့က လုကျိုးထံ ကန်တော့လိုက်ပြီး အတော်လေး ပျော်နေမိသည်။ ထို့နောက် သူမက အချိန်မဖြုန်းတော့ဘဲ ကောင်းကင်ဓားမြောင်ကို အသက်သွင်းလိုက်သည်။ ထိုအရာက သူမကို သခင်အဖြစ် အသိအမှတ်ပြုလာသည်။ သူမက ကောင်းကင်ဓားမြောင် ပိုင်ဆိုင်ထားရ၍ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
“ တင်း … ကောင်းကင်ဓားမြောင်ကို အသက်သွင်းလိုက်ပါတယ်။ အဆင့် - ကောင်းကင်အဆင့်၊ ပိုင်ရှင် - ကျောင်းယွဲ့၊ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”
လုကျိုးက ထိုအသိပေးချက်ကို မျှော်လင့်ထားမိပြီးသား ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူက မျက်ရည်စွန်းလက်ဝှေ့ထိုး လက်အိတ် အသက်မဝင်လာကြောင်း သတိရသွားသည်။
ထိုစဉ် အမျိုးသမီးတစ်ဦးက ပေါ်လာသည်။ သူမက ဦးညွှတ်လိုက်ပြီး “မျှော်နန်းသခင် လော့ဂိုဏ်းက ဧည့်သည်တွေ ရောက်နေပါတယ်။ စတုတ္ထသခင်လေးက သူတို့ကို တောင်ပေါ် ဝင်ခွင့်ပြုထားလိုက်ပါတယ် ”
“ကောင်းပြီ” လုကျိုးက အင်္ကျီလက်ဖျားကို ခါလိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ဆီ ဦးတည်လိုက်သည်။
“ ရှစ်စွင်း ကောင်းကောင်းသွားပါ” ကျောင်းယွဲ့က ဦးညွှတ်လိုက်သည်။
အကယ်၍ တခြားအချိန်ဖြစ်ခဲ့လျှင် သူမလည်း ရှစ်စွင်းနောက်မှ ခန်းမကျယ်ဆီ လိုက်လာမည် ဖြစ်၏။ သို့သော် ယခု ကောင်းကင်ဓားမြောင်၏ ဆွဲဆောင်အားက ကြီးမားလွန်းနေသည်။ သူမက ထိုအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ပေ။
……………
မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်အတွင်း
ကျောင်းယွဲ့နှင့် အကြီးအကဲများကလွဲ၍ ကျန်သူအားလုံး ရောက်နေကြသည်။ လုကျိုးက သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လော့ဂိုဏ်းမှ လူများကို ကြည့်လိုက်သည်။
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ် ”
လော့ဂိုဏ်းမှ လူဆယ်ယောက်ကျော် ရောက်လာကြသည်။ ငါးယောက်တည်းကသာ တခြားသူတွေရှေ့ ရပ်နေလေ၏။
လုကျိုးက ဦးဆောင်လာသည့် လူငယ်လေးကို ကြည့်ကာ မေးလိုက်သည် “မင်းက လော့ဂိုဏ်းရဲ့ တတိယအကြီးအကဲလား ”
“ဟုတ်ပါတယ် ” လော့ဂိုဏ်းမှ အငယ်ဆုံးအကြီးအကဲအနေနှင့် လုဖင်းက ဂုဏ်မောက်သည်မှာ ပုံမှန် ဖြစ်ပေသည်။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ သူ့ရှေ့မှ လူကို အကဲဖြတ်လိုက်သည်။
ထိုစဉ် တွမ့်မူရှန်းက အေးစက်စက် ပြောလသည် “ဒူးထောက်စမ်း ”
လုဖင်းက ကြောင်သွားလေသည်။ လော့ဂိုဏ်းမှ တခြားလူများလည်း ကြောင်အမ်းသွားကြ၏။
ရှန့်ယွင်ကျန်း ပြောတော့ မျှော်နန်းသခင်က ဖော်ရွေတတ်တယ်ဆို … သူတို့သဘောထားက ဘာလို့ ဒီလောက်ဆိုးနေရတာလဲ
“ငါ ရှင်းရှင်းမပြောမိဘူးလား” တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ ကြမ်းပြင်ပေါ် စိုက်ချလိုက်သည်။
ချွမ်
လုဖင်းက အလျှင်စလို ဒူးထောက်လိုက်သည်။ အခြားလူများလည်း လိုက်လုပ်လိုက်ကြသည်။
လုဖင်းက ဒုတိယအကြီးအကဲ ရှန့်ယွင်ကျန်းကို အကြိမ်တစ်ရာလောက် ကျိန်ဆဲနေလေသည်။ သူက လက်နှစ်ဖက်ယှက်ကာ “လောင်ချန်းပေ့ကို နှုတ်ခွန်းဆက်သပါတယ် ”
လုကျိုးက ပြောလိုက်သည် “မင်းက စီးတော်သားရဲ ပါဝူကို အမိန့်ပေးပြီး ဒီနေရာမှာ အဆိပ်ဖြန့်ခဲ့တယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းအရ မင်းက အခု သေလူ ဖြစ်နေသင့်ပြီ ”
လုဖင်းက ထိုအရာကိုကြားသည့်အခါ တုန်လှုပ်သွားပြီး “လောင်ချန်းပေ့ အဲဒီစီးတော်သားရဲက ကျုပ်အပိုင် မဟုတ်ပါဘူး။ ကျုပ် မာနကြောင့် တစ်ယောက်ယောက် လိမ်တာ ခံလိုက်ရတာပါ။ တစ်ယောက်ယောက်က ကျုပ်ကို ချောက်ချဖို့ ကြိုးစားနေတာပါ ”
လုကျိုးက နောက်ကွယ်မှ တရားခံသည် ပါမာဖြစ်ကြောင်း သိထားလေသည်။ သို့သော်လည်း သူက မသိနားမလည်သလို ဟန်ဆောင်နေသည်။
“ရှန့်ယွင်ကျန်းက ပါးနပ်တော့ သူမကို သက်ညှာပေးခဲ့တယ် … မင်းကရော ငါ့သက်ညှာမှုကို ဘယ်လိုရယူမလဲ” လုကျိုးက ရှေ့တိုးလာပြီး လုဖင်းအား မကျေမနပ် ကြည့်လိုက်သည်။
အခြားလူများက တုန်ယင်လာကြသည်။ သူတို့က စကားပင် မပြောရဲကြပေ။
လုဖင်းက လက်နှစ်ဖက်ယှက်ကာ “ကျုပ် … ကျုပ် နစ်နာကြေးအနေနဲ့ ပစ္စည်းတစ်ခု ယူလာပါတယ် …”
သူက အလျင်အမြန် လက်ဝှေ့လိုက်သည်။
သူ့နောက်မှ လူငါးယောက်က ပစ္စည်းများ ထုတ်ယူလာကြသည်။
ထိုအရာများက သန့်စင်ထားသည့် ဆေးပေါင်းအိုးများ၊ တူမား၊ ညှပ်များနှင့် ပြန်လည်သန့်စင်ရေး ကျောက်တုံး၊ အဆီအနှစ် သံမဏိ၊ ဖွဲ့စည်းရေးကျောက်တုံးလိုမျိုး အဖိုးတန်ပစ္စည်းများ ဖြစ်နေသည်။
အခြားလူများက မနေနိုင်ဘဲ ကြည့်လိုက်ကြသည်။
ကျန်းအိုက်ကျန့်က ဝင်ပြောလိုက်သည် ။ “တကယ်ကို လော့ဂိုဏ်းက ဂိုဏ်းကြီးဆိုတဲ့အတိုင်းပဲ … တကယ်ကို ချမ်းသာကြတာပဲ။ ငါတော့ လောင်ချန်းပေ့ကို ဒီလိုမျိုး တံစိုးလက်ဆောင် ပေးနိုင်မယ် မထင်ဘူး ”
…
အခန်း (၃၆၅) ဘဝ၌ အမှန်တရားလမ်းစဉ်
လုကျိုးသည် ပစ္စည်းများ စုဆောင်းထားမှုကို ကြည့်လိုက်၏။ သူသည် ထိုပစ္စည်းများထဲမှ အချို့ကို မှတ်မိသည်။ မုတ်ဆိတ်သပ်လျက် သူတို့ကို စဉ်းစားလိုက်တော့သည်။ လုဖင်းက ဤနေရာ၌ တောင်းပန်ရန် ရောက်လာတာ ဖြစ်သည်။ ထိုပစ္စည်းများကို အဘယ်ကြောင့် ယူလာသနည်း။
သူ မမေးရသေးခင် လုဖင်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“လောင်ချန်ပေ့ကျိ ဒီလေးယောက်က လော့ဂိုဏ်းမှာ ကျွန်တော့်ရဲ့အယုံကြည်ရဆုံး ကူညီပေးသူတွေပါ။ သူတို့က လက်နက်သန့်စင်ရာမှာ ကျွမ်းကျင်တယ်။ ရှန့်ယွင်ကျန်းက မိန်းကလေး ဟွားယွဲ့ရှင်းကို လော့ယွဲ့လေးကိုင်းပေးထားတယ်လို့ ကျွန်တော် ကြားမိတယ်”
ထန်း..
“အဲမှာ ရပ်လိုက်”
တွမ့်မူရှန်းက နယ်ရှင်လှံကို ကိုင်ထားလျက် ရှေ့သို့ တစ်လှမ်းတိုးကာ လုဖင်းကို ဖြတ်ပြောလိုက်၏။ သူ၏ကြွက်သားများ ပြည့်နေသော ခန္ဓာကိုယ်ဖြင့် လမ်းလျှောက်လာစဉ် လေကို ဝေ့သွားပုံပေါ်သည်။ လုဖင်းက ယင်းကို မြင်သောအခါ စိုးရိမ်ပူပန်မှု တိုးလာ၏။ သူသည် လော့ဂိုဏ်း၏ တတိယအကြီးအကဲ ဖြစ်သည်။ သို့သော်ငြား မိစ္ဆာဝေဟင်မျှော်နန်းထဲတွင်မူ အမိန့်ပေးပိုင်ခွင့် မရှိပေ။
“မင်းရဲ့အမှားကို ပြင်ပေးရမယ်။ ရှန့်ယွင်ကျန်းက ဟွားယွဲ့ရှင်းကို လေးကိုင်းပေးတာ မဟုတ်ဘူး။ လေးကိုင်းက မူလပိုင်ရှင်ဆီ ပြန်ရောက်သွားတာ”
တွမ့်မူရှန်းက လုဖင်းကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ် မိန်းကလေးဟွားကို ပြန်ပေးတာပါ”
လုဖင်းက သူ၏နဖူးကို ရိုက်လိုက်၏။ သူက စိတ်ထဲ၌ ရှန့်ယွင်ကျန်းကို အကြိမ်တစ်ရာ ကျိန်ဆဲပြီး ဖြစ်သည်။
“လော့ယွဲ့လေးကိုင်းက ရှန့်ယွင်ကျန်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ် ပြုထားပြီးသား ကျွန်တော်ရဲ့ညီနောင်လေးယောက်နဲ့ ကျွန်တော်က လော့ယွဲ့လေးကိုင်းကို ထပ်ပြီး သန့်စင်ပေးနိုင်တယ်”
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။ သူ့ဘာသာသူ တွေးလိုက်သည်။ ငါ ကံစမ်းမဲနှိုက်တာကနေ သန့်စင်ခြင်း အဆောင် မရနိုင်ဘူးဆိုတော့ သူတို့ကို ကြိုးစားခိုင်းကြည့်ရမယ်။
လက်နက်သန့်စင်ခြင်းသည် ကျင့်ကြံခြင်းလောက၌ ရှားပါးသော စွမ်းရည်တစ်မျိုး ဖြစ်၏။ လော့ဂိုဏ်း၌ ထိုကဲ့သို့ အရည်အချင်း ရှိနေတာ မထူးဆန်းပေ။
“မင်းမှာ ယုံကြည်ချက် ဘယ်လောက်ရှိလဲ”
လုကျိုးက မေးလိုက်၏။
“၆၀ရာခိုင်နှုန်းကျော်..”
လုဖင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ယင်းက အောင်မြင်နှုန်း မြင့်မားပေ၏။ ကျရှုံးခဲ့လျှင်ပင် နောက်ထပ်ကြိုးပမ်းရန်သာ လိုအပ်သည်။ သန့်စင်မှုက အောင်မြင်သွားလိမ့်မည်။
“ဘယ်လောက်ကြာမလဲ”
“ဆယ်ရက်”
ဆယ်ရက်က အမှန်တကယ်ပင် အလွန်မြန်ဆန်သည်။ သို့သော် သူတို့က လိုအပ်သည့် ကုန်ကြမ်းများ ရှိလျှင် ဖြစ်သည်။ ကုန်ကြမ်းများ မရှိပါက လအနည်းငယ်အတွင်း ပြီးမြောက်အောင် သန့်စင်ဖို့က ခက်ခဲနေလိမ့်မည်။
လိုအပ်သည့် ကုန်ကြမ်းများက ရှားပါးနေလျှင် အချိန်ပိုတောင် ကြာလိမ့်မည်။ ပြီးနောက် လုဖင်းက ဆက်ပြောလိုက်၏။
“ကျွန်တော့်ရဲ့ တောင်းပန်မှုကို စိတ်ရင်းမှန်နဲ့ ပြသဖို့ ဒီကို ရောက်လာတာပါ။ ကျွန်တော့်ရဲ့အမှားအတွက် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ လောင်ချန်ပေ့”
လုကျိုးက ခြေထောက်ကြွပြီးနောက် အောက်သို့ ဆင်းလိုက်၏။ သူက ပစ္စည်းပုံဘေး၌ ရပ်ကာ လက်နောက်ပစ်ထားလျက် မေးလိုက်တော့သည်။
“အဲဒီစုန်းအတတ် ကျင့်ကြံသူကို မင်း ဘယ်လို သိတာလဲ”
သူသည် အဆီအနှစ်သံမဏိနှင့် ကနဦးစုစည်းခြင်း ကျောက်တုံးကို ကောက်ယူလိုက်သည်။ သူက ၎င်းတို့ကို အကြမ်းဖျင်း အကဲဖြတ်ပြီးနောက် ပြန်ချထားလိုက်သည်။
“ကျွန်တော် လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက အံ့ဖွယ်မြို့တော်မှာ ရှိနေခဲ့ပြီး သူနဲ့ မိတ်ဆွေဖွဲ့ခဲ့တာပါ။ အလကားရတဲ့ စီးတော်ယာဉ်ကို လက်ခံခဲ့မိတာ ကျွန်တော့်အမှားပါပဲ”
လုဖင်းက ပြောလိုက်၏။
“အဲဒီလူက ဘယ်မှာလဲ”
လုကျိုးက မေးလိုက်သည်။
“အံ့ဖွယ်မြို့တော်မှာ ရှိလောက်အုံးမှာပါ”
လုဖင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်တော့၏။
“စီးတော်သားရဲကို ဆုံးရှုံးသွားပြီးတော့ သူ့ကို လိုက်မမီတော့ပါဘူး”
လုကျိုးသည် ထိုလူက အံ့ဖွယ်မြို့တော်တွင် ရှိနေအုံးမည်ဟု မထင်ပေ။ ဒုတိယမင်းသားက သေပြီ။ မော့လီက သေလေပြီ။ သူ့အဖို့ အံ့ဖွယ်မြို့တော်၌ နေစရာ အကြောင်းမရှိတော့ပေ။
လုဖင်းက ထပ်ပြောလိုက်၏။
“ဒီကိစ္စကို ကျေးဇူးပြုပြီး စစ်ဆေးပေးပါ လောင်ချန်ပေ့”
“မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဒါပေမဲ့ ငါ့ရဲ့မေးခွန်းကို ရိုးရိုးသားသား ဖြေပေးရမယ်”
လုကျိုးက ပြောလိုက်၏။ လုဖင်းက အမြန်အရိုအသေပေးလိုက်တော့သည်။
“ကျွန်တော် သိသမျှ အရာအားလုံး ဘာမဆို ပြောပြပါ့မယ်”
“သိပ်ကောင်းတယ်”
လုကျိုးသည် ခဏတာ ရပ်တန့်ပြီးနောက် လက်နောက်ပစ်ထားလျက် နောက်ဆုံးတွင် မေးလိုက်တော့သည်။
“အခု ယွင်ထျန်းလော့ ဘယ်မှာလဲ”
တခြားသူသာ ဆိုလျှင် လုဖင်းက ထိုမေးခွန်းကြောင့် ဒေါသထွက်နေမှာပဲ ဖြစ်သည်။ သို့သော် လုကျိုးက ဂိုဏ်းချုပ်နှင့် မျိုးဆက်တူညီ၏။ လုကျိုးသည် ဂိုဏ်းချုပ်ကို အမည်အတိုင်း တပ်ခေါ်ဝေါ်နိုင်သည့် တစ်ဦးတည်းသော သူ ဖြစ်နိုင်သည်။ သူက ရိုးသားစွာ ဖြေလိုက်၏။
“ဂိုဏ်းချုပ်က အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေပါတယ်”
“သူ အဆင့်တက်ချင်တာလား”
လုကျိုးက မေးလိုက်၏။
“ဒါက..”
လုဖင်းက စကားထစ်နေ၏။ ယင်းက လော့ဂိုဏ်း၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သို့သော်ငြား လုကျိုး၏ တင်းမာခက်ထန်နေသော အမူအရာကို မြင်သောအခါ သူက ရွေးချယ်စရာ မရှိဘဲ ဖြေလိုက်၏။
“ဟုတ်ပါတယ်”
“ယွင်ထျန်းလော့က ပွင့်ချပ်ရှစ်လွှာအဆင့်မှာ အတော်ကြာပြီ။ သူက ဒီလောက်ကြာပြီးတာတောင် ပွင့်ချပ်ကိုးလွှာအဆင့်ကို မရောက်သေးဘူးလား”
လုဖင်းက ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ကြားချိန်၌ ထိတ်လန့်သွားလေ၏။
“ဒီလို ပြက်လုံးမျိုး မလိုအပ်ပါဘူး လောင်ချန်ပေ့။ ပွင့်ချပ်ကိုးလွှာအဆင့်ကို အဆင့်တက်ဖို့ဆိုတာ အင်မတန် ခက်ခဲလှပါတယ်”
လုကျိုးတောင် ပွင့်ချပ်ကိုးလွှာအဆင့်ကို မရလေရာ ဂိုဏ်းချုပ်ဆိုလျှင် ပိုတောင်မရကြောင်း ပြောချင်လှသည်။ သို့သော်ငြား မည်သူကိုမျှ သူ ရန်မစချင်ပေ။ ထို့ကြောင့် ထိုစကားများကို သူ ပြန်မျိုချလိုက်တော့၏။
“ယွင်ထျန်းလော့ရဲ့ မဟာအကန့်အသတ်က ဘယ်လောက်လဲ”
လုကျိုးက အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
ယွင်ထျန်းလော့၏ သက်တမ်းက ဆန်းကျယ်မှုတစ်ရပ် အမြဲတမ်း ဖြစ်ခဲ့သည်။ ကျိထျန်းတောက်က ယွင်ထျန်းလော့ထက် အနှစ်တစ်ရာ ပိုကြီး၏။ ပွင့်ချပ်ကိုးလွှာအဆင့်သည် လူတစ်ဦး၏ သက်တမ်းကို အမှန်တကယ် ထိခိုက်စေသည် ဆိုပါက ယွင်ထျန်းလော့သည် မကြာမီ၌ သူ၏အဆုံးသတ်ကို ကြုံရနိုင်ချေများသည်။
လုဖင်းသည် အခက်တွေ့နေလေ၏။ မိစ္ဆာဝေဟင်မျှော်နန်းက ထိုအရေးကိစ္စကို စုံစမ်းလိမ့်မည်ဟု သူ မထင်ထားပေ။
လုကျိုးက သူတွေဝေနေတာကို မြင်သောအခါ သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“ယွင်ထျန်းလော့ကို ငါသိတယ်။ စိုးရိမ်စရာ မလိုဘူး”
လုဖင်းက အဓိပ္ပာယ်ရှိကြောင်း သိလိုက်သည်။ ကျိထျန်းတောက်၏ မဟာအကန့်အသတ်က နီးနေပြီဖြစ်သည်။ သူက စိတ်တောင်လှုပ်ရှားမနေပေ။ လော့ဂိုဏ်းသည် သူတို့ဂိုဏ်းချုပ်အကြောင်း အဘယ်ကြောင့် ပူပန်နေရမည်နည်း။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့လျှင် ရှေးယခင်တည်းက တိုက်ခိုက်ခဲ့ပြီးလောက်ပြီဖြစ်သည်။ အချိန်ဆွဲနေရန် အကြောင်းမရှိပေ။
“အနှစ်သုံးဆယ် ဝန်းကျင်လောက်”
လုဖင်းက ပြန်ပြောလိုက်၏။
အနှစ်သုံးဆယ်.. လုကျိုးက စိတ်ထဲ၌ တွေးတောနေလိုက်သည်။ ကုန်းယွမ်တုသည် သူ့သက်တမ်း နှစ်တစ်ရာခန့်ကို သုံးပြီးနောက် ကျရှုံးခဲ့၏။
ယွင်ထျန်းလော့က သက်တမ်းခုနှစ်ဆယ်ကို သုံးခဲ့ပြီး သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို မရောက်သေးပေ။ တစ်နည်းအားဖြင့် ကျင့်ကြံသူတစ်ဦးအတွက် အနည်းဆုံး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရှိအောင် ကြိုးပမ်းဖို့ အနည်းဆုံး အနှစ်တစ်ရာ လိုအပ်သည်။ ကံဆိုးသည်မှာ သူ၏သီအိုရီကို အတည်ပြုရန်အတွက် ဥပမာက နည်းလွန်းနေ၏။ လုကျိုးက ထပ်မေးလိုက်သည်။
“ဒီတော့ ယွင်ထျန်းလော့က တံခါးပိတ်ကျင့်ကြံနေသေးတုန်းလား”
“ဟုတ်ပါတယ်”
လုကျိုးက လက်နှောက်ပစ်ထားလျက် သက်ပြင်းချကာ ပြောလိုက်သည်။
“ခေါင်းမာတဲ့သူ၊ သူ့အားစိုက်ထုတ်မှုက အချည်းနှီးပဲ”
သူက နှစ်သုံးဆယ်ပဲ ကျန်တာ။ ဘာကြောင့်များ ကြိုးစားနေရတာလဲ။ လုဖင်းက အရိုအသေပေးလျက် မဝံ့မရဲ ပြောလိုက်တော့သည်။
“ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ရှိတဲ့လူတိုင်းက စမ်းကြည့်ကြမယ်လို့ ခန့်မှန်းမိတာပဲ။ မဟုတ်ဘူးလား လောင်ချန်ပေ့”
လုကျိုးက လုဖင်းကို တစ်ချက် ကြည့်လိုက်ရာ လုဖင်း၏ရင်ထဲ အကြောက်တရား ဖြစ်ပေါ်သွားစေ၏။
လုဖင်းပြောတာ အမှန်ဆိုလျှင် ထိုစဉ်က ကျိထျန်းတောက်၏ သေဆုံးခါနီးကာလသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ရန် ကြိုးပမ်းရာ၌ ကျရှုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။ ကျိထျန်းတောက်နှင့် ထိပ်သီးဆရာကြီးဆယ်ဦးကြား တိုက်ပွဲသည် သရေဖြစ်ခဲ့သော်ငြား သူသည် ဒဏ်ရာရခဲ့သေး၏။ ထိပ်သီးဆရာကြီး ဆယ်ဦးက ထပ်မံတိုက်ခိုက်ခဲ့လျှင် ကျိထျန်းတောက်က တိုက်ခိုက်မှုကနေ အသက်ရှင်ချင်ပါက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်အောင် ကြိုးပမ်းရပေမည်။ ယင်းက ယုတ္တိအရှိဆုံး ဖြေရှင်းနည်း ဖြစ်နေ၏။ ရှက်စရာကောင်းလိုက်တာ။
လုကျိုးက စိတ်တည်ငြိမ်သွားပြီးနောက် ပြောလိုက်တော့၏။
“မင်းကို အခွင့်အရေးတစ်ခု ပေးမယ်”
လုဖင်းက အပျော်လွန်သွား၏။ သူက တစ်ခါတည်း ပြောလိုက်သည်။
“ကျေးဇူးပါ လောင်ချန်ပေ့”
“ကျွန်တော် ဆယ်ရက်အတွင်းမှာ လော့ယွဲ့လေးကိုင်းကို သေချာပေါက် သန့်စင်ပြီး ပိုင်ရှင်မဲ့ အနေအထားအထိ ရောက်အောင် ပြန်ပြောင်းပေးပါ့မယ်”
“ဆယ်ရက်က မလုံလောက်ဘူး”
“ဟမ်..”
ကျန်းအိုက်ကျန့်က လက်ပိုက်လျက် ရှေ့တိုးလိုက်သည်။ သူက လုဖင်းကို ကြည့်ကာ ပြောလိုက်၏။
“မင်း ဘယ်လိုလုပ် ဒီလောက်တုံးရတာလဲ။ ပါ့မားက သူ့ရဲ့စီးတော်သားရဲကိုတောင် စွန့်ပစ်ပြီး လော့ဂိုဏ်းနဲ့ မိစ္ဆာဝေဟင်မျှော်နန်းကြား အငြင်းပွားမှု ဖြစ်စေချင်နေတာ။ မင်း ပြန်သွားခဲ့မယ် ဆိုရင် ခရီးစဉ်တောက်လျှောက် မင်းကို သတ်မှာ သေချာတယ်”
လုဖင်းက ထိတ်လန့်သွားလေ၏။ ထိုအကြောင်းကို သူ တွေးမိသောအခါ ကျောများ စိမ့်သွားမိသည်။ သူ အမြန်ပြောလိုက်၏။
“သတိပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ရောင်းရင်း ကျေးဇူးပါ လောင်ချန်ပေ့”
“သူ့ကို လိုက်ပို့ပေးလိုက်”
လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။ လုဖင်းက မှင်တက်သွားတော့၏။ ပြီးနောက် သူက အနေခက်စွာ ပြောလိုက်သည်။
“လောင်.. လောင်ချန်ပေ့..”
“ဘာလဲ”
“ကျွန်တော်.. မထွက်သွားခင် ဘယ်လောက်ကြာအောင် မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ နေရမှာလဲ”
လုဖင်းသည် ဤနေရာ၌ အချိန်ကြာမြင့်စွာ နေခဲ့လျှင် ဆိုးရွားတာ တစ်ခုခု ဖြစ်လာမည်ဟု ခံစားမိနေသည်။ လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်တော့၏။
“စဉ်းစားကြည့်ရင် ယွင်ထျန်းလော့နဲ့ ငါ မတွေ့တာ တော်တော်ကြာပြီပဲ”
ထိုစကားကို ကြားသောအခါ လုဖင်းက စတွေးတော့သည်။ လုကျိုးရဲ့စကားက ဘာကို ဆိုလိုတာလဲ။ သူ၏မျက်ဝန်းများ ပြူးကျယ်သွားတော့၏။
ကျန်းအိုက်ကျန့်က ပြုံးလျက် ပြောတော့သည်။
“မင်း ဂုဏ်ယူသင့်ပြီ။ လောင်ချန်ပေ့က မင်း လော့ဂိုဏ်းကို ပြန်တဲ့ခရီးစဉ်အတွင်းမှာ မင်းကို ကာကွယ်ပေးလိမ့်မယ်”
“…”
လုဖင်းက မျက်ရည်များ ကျလုနီးပါး ဖြစ်လာ၏။
“စိတ်လှုပ်ရှားဖို့ မလိုဘူး။ ငါက ယွင်ထျန်းလော့နဲ့ အတော်ရင်းနှီးတယ်။ ငါ ပြဿနာ ရှာချင်တယ် ဆိုရင် ရှန့်ယွင်ကျန်းကို ပြန်ခွင့်ပေးမှာတဲ့လား”
လုကျိုးက ပြောလိုက်၏။ လုဖင်းက ခေါင်းကုပ်လိုက်သည်။ မှန်ပေ၏။ သူ အတွေးလွန်နေတာပဲ ဖြစ်သည်။
အစက လုကျိုးသည် လော့ဂိုဏ်းသို့ သွားရန် မရည်ရွယ်ထားပေ။ သို့သော် သူက ပွင့်ချပ်ကိုးလွှာအဆင့်နှင့် အသက်အကြား ဆက်နွယ်မှုကို အတည်ပြုရန် သွားရောက်ရမည့်ပုံပေါ်၏။ သူသည် ယွင်ထျန်းလော့ဆီကနေ အရေးကြီးတာ တစ်စုံတစ်ခုကို သိရှိနိုင်လောက်သည်။
ယွင်ဂိုဏ်းသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့်အငြင်းပွားမှုတွင် ဂိုဏ်းသုံးဂိုဏ်းနှင့် ကွဲထွက်နေသော တစ်ခုတည်းသော ဂိုဏ်းဖြစ်သည်။ သို့သော် ယွင်ဂိုဏ်း၏ အင်အားစုများက ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူတို့က ထျန်းနှင့် လော့ဂိုဏ်းနှင့် အတော်လေး လွှမ်းနေ၏။ သူတို့ကို လျစ်လျူရှုထားနိုင်သည်။
ယွင်ထျန်းလော့သည် ရှင်သန်နေထိုင်ရန် အနှစ်သုံးဆယ်သာ ကျန်၏။ ထိုသို့တိုင် သူက တံခါးပိတ်ကျင့်ကြံနေသေးသည်။ မနက်ဖြန်၌ သူ အခွင့်အရေးတောင် ရှိလောက်သည်။ လုကျိုးအဖို့ သူ တတ်နိုင်သမျှ မြန်မြန်သွားလည်တာက ပိုကောင်းလိမ့်မည်။
ဆယ်ငါးရက်ကြာပြီးနောက် လော့ဂိုဏ်းတွင် ဖြစ်၏။
လော့ဂိုဏ်း၏ မွန်မြတ်သောမြေ၏ အစည်းအဝေးခန်းမထဲတွင် ဖြစ်သည်။ အကြီးအကဲများက စိတ်အခြေအနေ ကောင်းပုံမပေါ်သည့် ရှန့်ယွင်ကျန်းကို ကြည့်ပြီး ပြောလိုက်သည်။
“စိုးရိမ်နေဖို့ မလိုပါဘူး။ ဒုတိယအကြီးအကဲ လုဖင်းက သတိကြီးတဲ့သူ ဒီခရီးစဉ်အတောအတွင်း ပြဿနာ ရှိမှာ မဟုတ်ဘူး”
ရှန့်ယွင်ကျန်းက သက်ပြင်းချပြီး ပြောလိုက်၏။
“ဂိုဏ်းချုပ်က ငါတို့ကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရန်သူ ဘယ်တော့မှ မလုပ်ရဘူးလို့ ပြောထားတယ်။ အခု တွေးကြည့်မိတော့..”
သူမက တစ်ဝက်တွင် ရပ်ချလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းဆီ သွားလည်ပြီးတော့ ဘာကြောင့်ရှုံးနိမ့်တဲ့ပုံ ပေါ်နေတာလဲ”
ကျန်သည့်အကြီးအကဲများက ရယ်မောလိုက်၏။
ရှန့်ယွင်ကျန်းသည် လုကျိုး၏အံ့ဩဖွယ်မြားပစ်ချက်ကို တွေ့သောအခါ သူမစိတ်ထဲ တုန်လှုပ်ခဲ့သည်။ ထိုစဉ် အပြင်ဘက်မှ တပည့်တစ်ယောက်သည် အစည်းအဝေးခန်းမထဲ ရောက်လာ၏။
“နှုတ်ခွန်းဆက်ပါတယ်။ အကြီးအကဲတို့.. အကြီးအကဲလုက သတင်းပါးလိုက်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းသခင်က ဒီနေရာကို ကိုယ်တိုင်လာမယ်တဲ့”
တပည့်သည်လည်း ပျာယာခတ်နေပုံပေါ်၏။
“ဘာ..”
အကြီးအကဲများက ထရပ်ကုန်၏။ သူတို့မျက်နှာထက်၌ ကြောက်လန့်သည့် အမူအရာကို မြင်တွေ့နိုင်သည်။
….
အခန်း (၃၆၆) မျှော်နန်းဆောင်အိုကြီး
လော့ဂိုဏ်း အကြီးအကဲများ မအံ့ဩ၊ မတုန်လှုပ်ဘဲနေဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ ရှန့်ယွင်ကျန်းက မယုံနိုင်စွာ ပြောလသည်။
“စာကို ယူခဲ့”
တပည့်က စာကို သူမဆီ လှမ်းပေးလိုက်သည်။
ရှန့်ယွင်ကျန်းက စာကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ဖတ်ပြီးသွားသည့်အခါ တခြားအကြီးအကဲများဆီ ပေးလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းက အနိုင်ကျင့်နေတာပဲ ”
“လော့ဂိုဏ်း တောင်းပန်တာ မလုံလောက်သေးလို့လား”
“ သူ လာမယ်ဆိုရင် ထွက်မသွားနိုင်အောင် လုပ်ရမှာပေါ့။ ငါတို့တော်ဝင်နယ်မြေ အကာအရံက ဟန်ပြသပ်သပ် မဟုတ်ဘူး။ ပြီးတော့ ယွင်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ အမြဲတမ်း မတည့်နေတာဆိုတော့ ဒီကိစ္စကို ယွင်ဂိုဏ်းဆီပါ သတင်းပို့လိုက်”
“ ယွင်ဂိုဏ်းနဲ့တင် မလုံလောက်သေးဘူး။ ထျန်းဂိုဏ်းကိုလည်း အကြောင်းကြားတာ အကောင်းဆုံးပဲ။ ငါတို့သုံးဂိုဏ်းလုံးက ဇာစ်မြစ်အတူတူပဲလေ။ ငါတို့ အတူတူပေါင်းစည်းပြီး မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ရမယ်”
အကြီးအကဲများက ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။
မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်ထဲ …
လုကျိုးက လော့ဂိုဏ်းဆီ ဘယ်သူ့ကို ခေါ်သွားရမလဲ ဆုံးဖြတ်ပြီးသွားလေပြီ။
သူတို့က ခန်းမကျယ်ထဲ စောင့်ဆိုင်းနေကြ၏။
“ မင်ရှစ်ရင် … ရထားလုံးပျံ ပြင်ဆင်တာ ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။
စီးတော်သားရဲများဖြင့် သွားလာဖို့ လူဦးရေများလွန်နေသည်။
မင်ရှစ်ရင်က ရှေ့တိုးလာကာ “ ရှစ်စွင်း တိမ်ခွင်းရထားလုံးပျံကို အကုန်ပြင်ပြီးသွားပါပြီ”
လုကျိုးက ခေါင်းညိတ်ကာ “အကြီးအကဲဟွား ပြောစရာရှိသေးလား”
ပြောရလျှင် ဟွားဝူတောက်က ဂိုဏ်းသုံးဂိုဏ်းအနက် ယွင်ဂိုဏ်းမှ မဟုတ်ပါလော။ သူက ထိုနေရာတွင် အနည်းဆုံး ရင်းနှီးပြီးသား မျက်နှာအဖြစ် ရှိနေပေလိမ့်မည်။
“ ဘာမှကန့်ကွက်စရာ မရှိပါဘူး ”
“လုဖင်း” လုကျိုးက လုဖင်းအား ကြည့်လိုက်သည်။
“ဟုတ် လောင်ချန်းပေ့” လုဖင်းက ဦးညွှတ်လိုက်သည်။
“ လော့ယွဲ့လေးကိုင်း ပြန်လည်သန့်စင်တာ ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။
“လောင်ချန်းပေ့ရဲ့ မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် အဆင်ပြေချောမွေ့နေပါတယ်” လုဖင်းက အစကတည်းက ပြန်လည်မွမ်းမံသန့်စင်ရာ၌ ကျွမ်းကျင်လှသည်။ ထို့ကြောင့် သူက ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။
ဟွားယွဲ့ရှင်းက လော့ယွဲ့လေးကိုင်းကို ကိုင်ထားပြီး လုကျိုးဆီ ယူလာသည်။ သူမက ပြောလိုက်၏။
“မျှော်နန်းသခင် ကြည့်ကြည့်ပါ ”
လုကျိုးက ဟွားယွဲ့ရှင်း လက်ထဲမှ လော့ယွဲ့လေးကိုင်းကို ကြည့်လိုက်သည်။ ရေးထွင်းထားသည့် စာလုံးများက ယခင်ထက် ပိုမိုထင်ရှားလာသည်။ ကြည့်ရသည်မှာ ယခင်ထက် ပိုမိုသစ်လွင်သွားဟန် ပေါ်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ဟွားယွဲ့ရှင်းဆီ ပြန်ပေးလိုက်ကာ “ ဒါက အကောင်းဆုံး ကောင်းကင်အဆင့် လက်နက် မဟုတ်ပေမဲ့ မင်း ကောင်းကောင်းအသုံးပြုမယ်ဆိုရင် ပြောင်းလဲလာနိုင်တယ် ”
“ မျှော်နန်းသခင် သတိပေးတာ ကျေးဇူးတင်ပါတယ်” ဟွားယွဲ့ရှင်းက တက်တက်ကြွကြွ ပြောလိုက်သည်။ ထိုစဉ် လုကျိုးအပေါ် သူမ အမြင်က မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်သွားလေပြီ။ သူမက ဘီလုံးမျှော်စင်တွင် ဖြစ်ပျက်ခဲ့သည့်အရာကို ရုတ်ခြည်း အမှတ်ရသွားသည်။
ထိုစဉ် ကျန်းအိုက်ကျန့်က သူမကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ဖို့ အကြံပြုခဲ့သည်။ သူမက ထိုအကြံပြုချက်ကို ငြင်းဆန်ခဲ့လေသည်။ နောက်ပိုင်းမှသာ သူမ မည်မျှရူးမိုက်မိမှန်း သဘောပေါက်လာခဲ့၏။
လုကျိုးက လက်နောက်ပစ်ကာ လှေကားမှ ဆင်းလာသည်။ အခြားလူများလည်း သူ့နောက်မှ လိုက်လာကြသည်။
ရွှေနန်းဥယျာဉ်တောင်တွင် အကာအရံ မရှိတော့သောကြောင့် လုကျိုးက ကြွက်များကို စောင့်ကြည့်ခိုင်းဖို့ ပိအန်းအား တောင်ပေါ်တွင် နေခိုင်းထားသည်။
တိမ်ခွင်းရထားလုံးပျံပေါ်တွင် …
ဟွားဝူတောက်နှင့် ဟွားယွဲ့ရှင်းတို့က ဝဲဘက်တွင် နေရယူကာ ဖန်လီထန်းနှင့် လန်လော့တို့က ညာဘက်မှ နေရာယူထားကြသည်။
ထိုစဉ် မင်ရှစ်ရင်က ရှေ့မှ ပဲ့ထိန်းနေရသည်။
တိမ်ခွင်းရထားလုံးပျံသည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာလေသည်။ ထိုအရာက ကြယ်တာရာပျံအလား နောက်တွင် ပုံရိပ်သာ ချန်ထားရစ်ခဲ့သည်။
“ ငါတို့တွေ လူနည်းနေတယ် မထင်ဘူးလား” ဖန်လီထန်းက သေရည်သောက်ရင်း ပြောလိုက်သည်။ သူတို့က လူများများခေါ်လာသင့်ကြောင်း ခံစားနေမိ၏။
လန်လော့က သူ့အား စိုက်ကြည့်ကာ “ မိစ္ဆာဝေဟင်မျှော်နန်းကို ကာကွယ်ပေးထားတဲ့ အကာအရံ မရှိတော့ဘူးလေ။ လူတချို့ ကျန်ရစ်နေခဲ့တာ ပုံမှန်ပါပဲ ”
လုဖင်းက တုန်ယင်နေသည်။ သူက ဘယ်ကြည့်လိုက် ညာကြည့်လိုက် ဖြစ်နေသည်။ သူ မိစ္ဆာဝေဟင်မျှော်နန်းတွင် နေစဉ်တစ်လျှောက်လုံး မျှော်နန်းဆောင်အိုကြီးမှ ချန်းပေ့တချို့၏ နာမည်ကို ကြားသိခဲ့ရသည်။ သို့သော်လည်း သူက လူကိုယ်တိုင် မမြင်ခဲ့ရပေ။ ယခု သူတို့ကို ရထားလုံးပျံပေါ် တွေ့ပြီဖြစ်ရာ သူက သေးနုပ်သွားသလို ခံစားလာရသည်။
သူတို့အားလုံးက ခေါင်တွေချည်းပဲ … ငါတော့ ဥခွံ့ပေါ် လျှောက်နေရသလိုပဲ …
ဖန်လီထန်းက ရယ်မောကာ “ငါ စိုးရိမ်နေတာက ဟိုနတ်ဆရာ ပါမာ … ”
“နတ်ဆရာကြီး ဖြစ်တော့ ဘာဖြစ်လဲ။ သူ့စီးတော်သားရဲ သေပြီလေ။ သူ တန်ပြန်သက်ရောက်မှုတော့ ခံစားရမှာ အသေအချာပဲ။ ပြီးတော့ ကျန်းအိုက်ကျန့်၊ တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ ကျူးဟုန်ကုန်းနဲ့ အခြားလူတွေ မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြပ်ပေးနေကြတယ်လေ” လန်လော့က ပြန်လည်ချေပလိုက်သည်။
“ တွမ့်မူရှန်းက အဆင်ပြေတယ်။ ကျောင်းယွဲ့နဲ့ ကျူးဟုန်ကုန်းရဲ့ ကျင့်ကြံဆင့်က လိုအပ်နေသေးတယ်။ ပြီးတော့ ကျန်းအိုက်ကျန့်က ငကြောက် … နတ်ဆရာကြီး ထိခိုက်ထားရင်တောင် သူ့ကို လျှော့တွက်လို့ မဖြစ်ဘူး။ သူတို့က စုန်းအတတ် အစီအရင်တွေပေါ် မှီခိုတဲ့သူတွေကွ ” ဖန်လီထန်းက ပြောလိုက်သည်။
“စုန်းအတတ် အစီအရင်တွေက ကြိုတင်ပြင်ဆင်ထားရတာလေ။ ငါတို့မျက်စိရှေ့ အစီအရင် လာခင်းနိုင်ရလောက်အောင် ငါတို့က ကန်းနေလို့လား။ ပြီးတော့ မျှော်နန်းသခင်ရဲ့ စီးတော်သားရဲ ပိအန်းက သာမန် သားရဲ မဟုတ်ဘူး” လန်လော့က လှောင်ရင်း ပြောလိုက်သည်။
သူတို့ အငြင်းပွားမှုက ပိုဆိုးလာသည်။
လုဖင်းက သူတို့ကို ဖျောင်းဖျချင်သော်လည်း ထိုနှစ်ယောက်ကြား ဝင်ပါဖို့ သတ္တိမရှိပေ။ သူသာ သူတို့ကို မတော်တဆ ရန်စမိသွားလျှင် အဆုံးသတ်သွားနိုင်သည်။
“တော်ပြီ” လုကျိုးက အသံအနိမ့်အမြင့်မရှိဘဲ ပြောလိုက်သည်။ သူ့အသံက ရထားလုံးပျံတစ်ခုလုံး ဟိန်းထွက်လာသည်။
လန်လော့နှင့် ဖန်လီထန်းတို့က စကားများတာ ရပ်လိုက်ကြပြီး လုကျိုးအား အတူတူ ဦးညွှတ်လိုက်ကြသည်။
လုဖင်းက ထိုအရာကိုကြည့်ကာ ပိုမို တုန်လှုပ်လာမိသည်။
မျှော်နန်းသခင်က ဘယ်လောက်တောင် စွမ်းအားကြီးနေလို့ ဒီလိုခေါင်းဆောင်နှစ်ယောက်က သူ့ဆီ လိုလိုလားလား အညံ့ခံတာ ဖြစ်မလဲ …
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး တောင်နှင့် မြစ်များ၏ ရှုခင်းကို ရှုစားနေသည်။
သူက ပြောလိုက်သည်။ “အကြီးအကဲလန် ”
“ဟုတ် မျှော်နန်းသခင် ” လန်လော့က ဖြေလိုက်သည်။
“ ခင်ဗျား ပွင့်ချပ်ရှစ်လွှာအဆင့်ရောက်တာ ဘယ်လောက်ရှိပြီလဲ” လုကျိုးက မေးလိုက်၏။
လန်လော့က ခဏစဉ်းစားလိုက်ပြီး “ နှစ်သုံးရာလောက်တော့ ရှိပြီ ထင်တယ် ”
လုဖင်းက မျက်လုံးအပြူးသား ဖြစ်သွားကာ သူ့အပေါင်းအပါများအား ကြည့်လိုက်သည်။
ဒါက ခေါင်တွေ နေ့စဉ်ဆွေးနွေးကြတဲ့ဟာလား ….
“ ပွင့်ချပ်ရှစ်လွှာမှာ အကြာကြီးရှိနေတာဆိုတော့ ပွင့်ချပ်ကိုးလွှာ ရောက်ဖို့ရော မစဉ်းစားဖူးဘူးလား” လုကျိုးက ထပ်မေးလိုက်သည်။
လန်လော့က ဖြေလိုက်သည်။
“ ကျုပ်က ကိုယ်ပျောက်တာအိုနည်းကို ကျင့်ကြံတာဆိုတော့ အဲဒီတာအိုရဲ့ ထိပ်ဆုံးကို ရောက်ဖို့ ခက်ပါတယ်။ အဲဒါကြောင့် ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ အခွင့်အရေး မရသေးပါဘူး ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ လန်လော့ ပြောသည်က အဓိပ္ပာယ်ရှိလေသည်။
“အကြီးအကဲဖန်ရော ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။
ဖန်လီထန်းက သေရည်အိုးကို လက်ကနေ ချလိုကပြီး ပြောလိုက်သည် “ ကျုပ်က လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က အခွင့်အရေးတစ်ခု ရခဲ့တယ်။ ဒါပေမဲ့ မြင်ကွင်းက ခဏလေးပဲ … ”
“ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်သလိုမျိုး တကယ့်ပြတင်းပေါက် မဟုတ်ဘူးပေါ့ ” လန်လော့က ပြောလိုက်သည်။
“ ဟုတ်တယ်။ ကျုပ် မငြင်းဘူး ”
လုကျိုးက ပုံမှန်အတိုင်း ပြောလိုက်သည်။ “ ခင်ဗျားတို့အမြင်အရ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်တယ် ထင်လဲ ”
ပွင့်ချပ်ကိုးလွှာလား …
လန်လော့က ပြောလိုက်သည်။ “ ကျုပ် သိသလောက် ကျင့်ကြံသူက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နိုင်ဖို့ ပွင့်ချပ်ရှစ်လွှာ ထိပ်ဆုံးမှာ ဖြစ်ဖို့ လိုတယ်။ ကျန်တဲ့အခြေအနေတွေကိုတော့ ကျုပ်လည်း မသိဘူး ”
“ ကျုပ်ရောပဲ ”
နှစ်ယောက်သား ဒီတစ်ကြိမ် တစ်ယောက်နှင့် တစ်ယောက် သဘောတူနေကြသည်။
ဟွားဝူတောက်က လက်နှစ်ဖက်ယှက်ကာ “ ဒီကိစ္စကို ဘယ်သူကမှ မျှော်နန်းသခင်ထက် ပိုမသိလောက်ဘူး ထင်တာပဲ”
သူ ပြောတာ မှန်ပေသည်။ သက်တမ်းရင့် မျှော်နန်းဆောင်မှလူများသည် လုကျိုးအဆင့်ကို မရောက်ကြသေးပေ။
လုကျိုးက ပြောလိုက်သည်။ “ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး ”
လန်လော့ “ … ”
ဖန်လီထန်း “ … ”
ဟွားဝူတောက် “ … ”
မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့လည်း အံ့ဩသွားကြသည်။ လုဖင်းနှင့် အခြားလူများက မျက်လုံးအပြူးသား ဖြစ်နေကြ၏။
ပွင့်ချပ်ကိုးလွှာအဆင့်သည် ကောင်းကင်မှ တားမြစ်ထားသော နယ်ပယ်အဆင့် ဖြစ်ပေသည်။
တကယ်ကြီး အခွင့်အရေး ရှိနေတာလား …
တိမ်ခွင်းရထားလုံးပျံတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။
တစ်နေ့နှင့် တစ်ညတာ ပျံသန်းပြီးနောက် တောင်နှင့် မြစ်များကို ဖြတ်ကာ မိုင်ထောင်ချီ ဖြတ်သန်းလာပြီးလေပြီ။ ထို့နောက် တောင်ထိပ်များကို မြင်ရသည့် မြင်ကွင်းဆီ ရောက်လာကြ၏။
မင်ရှစ်ရင်က ပြောလိုက်သည်။ “ ရှစ်စွင်း … အဲဒါ ယွင်ထျန်းလော့ရဲ့ တောင်ထွတ်နှစ်ဆယ်ကျော်ပါ ”
အမြင့်တစ်နေရာမှ ကြည့်လိုက်လျှင် တောင်ထွတ်နှစ်ဆယ်သည် တိမ်တိုက်ထဲ ထိုးထွက်နေသည့် သစ်ပင်ကြီး ၂၀ နှင့် တူသည်။ သူတို့က တိမ်တိုက်ကြား လွင့်မျောနေသည့်အလား ဖြစ်၏။ ယွင်ထျန်းလော့က သူ့ဂိုဏ်းကို တာ့ယန်၏ တောင်ဘက်တွင် တည်ထောင်ခဲ့လေသည်။
“လုဖင်း လမ်းပြ ”
အကယ်၍ ပတ်ဝန်းကျင်နှင့် မရင်းနှီးသူ ဦးဆောင်လျှင် တိမ်တိုက်များကြား အလွယ်တကူ လမ်းပျောက်သွားနိုင်သည်။
ထိုစဉ် လုဖင်းက သိုးအုပ်ထဲ ဝံပုလွေအုပ် ဦးဆောင်လာမိသလို ခံစားမိနေသည်။ ထိုခံစားချက်က လန်လော့နှင့် ဖန်လီထန်းတို့လို အကျော်အမော်များကို ကြည့်လိုက်သည့်အခါ ပို၍ ပြင်းထန်လာသည်။ ဂိုဏ်းသုံးဂိုဏ်းက မည်မျှအားကောင်းစေကာမူ သူတို့က ထိုလူများနှင့် ရန်သူ မဖြစ်စေချင်ပေ။ နောက်ဆုံးတွင် သူက မင်ရှစ်ရင်ဆီ လျှောက်လာလိုက်ပြီး “ ကျုပ် ဦးဆောင်လိုက်မယ် ”
မင်ရှစ်ရင်က လုဖင်းကို ပဲ့ထိန်းခွင့် ပြုလိုက်သည်။
တိမ်ခွင်းရထားလုံးပျံက ဂိုဏ်းအကာအရံများကို ဖြတ်ကာ လော့ဂိုဏ်းတည်ရှိရာ တောင်ထိပ်ဆီ ပျံသန်းလာသည်။
ဝှီး
သူတို့ အကာအရံတစ်ခု ဖြတ်သန်းသွားသည့်အခါတိုင်း တဝီဝီအသံက လေထဲ တုန်ခါထွက်ပေါ်လာသည်။ အသံက ပထမတော်ဝင်နယ်မြေမှ လော့ဂိုဏ်းရှိ ဌာနချုပ်ဆီ ရောက်ရှိသွားသည်။
အကြီးအကဲများနှင့် တပည့်များက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့က အကာအရံများကို ဖြတ်ခွင်းလာသည့် ဥက္ကာပျံနှင့် တူသည့် ရထားလုံးပျံကြီးကို မြင်လိုက်ရသည်။