← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇) အမှန်တရားနှင့်ဆန့်ကျင်ဖက်

လော့ဂိုဏ်း၏အကြီးအကဲများသည် မျက်မှောင်ကျုံ့သွားကြသည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့တိမ်ခွင်းရထားလုံးလား”

“ရန်သူကို ဖြေရှင်းဖို့ပြင်ဆင်ကြ”

တစ်ပြိုင်နက်တည်း လှုပ်ရှားမှုတို့က ပျာယာခတ်ကုန်တော့၏။

တိမ်ခွင်းရထားလုံးကို စိုက်ကြည့်နေကြသည့် တပည့်များက မဟာရန်သူတော်ကြီးကို ရင်ဆိုင်နေရသည့်ပမာ တွေးထင်နေကြသည်။

“ဒါမဟုတ်သေးဘူး ... တိမ်ခွင်းရထားလုံးက အရံအတားတွေကို ဘယ်လိုလုပ် ဖြတ်ကျော်လာနိုင်တာလဲ” ရှန့်ယွင်ကျန်းက ရှေ့တိုးလိုက်၏။

“ထူးဆန်းလိုက်တာ တကယ်ပါပဲ အစီအရင်ကို ဖြတ်ကျော်တဲ့လမ်းကြောင်းမှန်ကို ပင်မတပည့်တွေပဲ သိတာလေ ... မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ”

“တွေးနေဖို့အချိန်မရှိဘူး ... ထျန်းနဲ့ ယွင်ဂိုဏ်းက လူတွေရောက်လာပြီလား”

တပည့်များထဲမှ တစ်ယောက်ကဖြေလိုက်၏။ “သူတို့ လမ်းမှာပါ”

လော့ဂိုဏ်း၏အကြီးအကဲများကလည်း ကျန်သည့်အထွတ်အမြတ်မြေများကို ကြည့်လိုက်၏။ ဝေ့တက်နေသော တိမ်တိုက်များသည် သူတို့၏အမြင်အာရုံကိုဟန့်တားထားသည်။

တိမ်ခွင်းရထားလုံးသည် အရံအတားများကို ဖြတ်ကျော်ပြီးဖြစ်ရာ ယခုလော့ဂိုဏ်း၏ အထွတ်အမြတ်မြေထဲသို့ ရောက်လာလေပြီ။

အခြေအနေကို မြင်သောအခါ တစ်စုံတစ်ယောက်က လက်မြှောက်ပြီးပြောလိုက်သည်။

"လောက်လေးခွတွေပြင်ထား”

ထိုစဉ် ရထားလုံးပျံထဲကနေ အသံတစ်သံပေါ်ထွက်လာ၏။

“ငါက လုဖင်းပဲ ... ရပ်ကြ” သူ၏အသံသည် အထွတ်အမြတ်မြေအထက် ဝေဟင်ထဲ၌ ပေါ်ထွက်လာ၏။

လော့ဂိုဏ်း၏တပည့်များသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးပျံကို ဒီနေရာကို ဦးဆောင်လာတဲ့သူက အကြီးအကဲလုလား။

ကျန်သည့်အကြီးအကဲများက ဇဝေဇဝါဖြစ်သွား၏။ လုဖင်းထံမှ ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းကို ဤနေရာသို့ ဦးဆောင်ခေါ်လာသည့်သူကလည်း လုဖင်းပဲဖြစ်၏။ ယင်းက မည်သည်ကို ဆိုလိုသနည်း။

ဝှစ် ... ဝှစ် ... ဝှစ် ...

ကနဦးချီက ရထားလုံးပျံ၏ကိုယ်ထည်ကို ရစ်ပတ်လိုက်၏။ ၎င်းက အရပ်မျက်နှာပြောင်းကာ ပထမနှင့် ဒုတိယတောင်ထွတ်ကြားတွင် တည်ရှိပြီး ပထမအထွတ်အမြတ်မြေသို့ ဦးတည်သွား၏။ ယင်းက ထိုနေရာ၌ ရပ်ရန်ပဲဖြစ်သည်။

ဂိုဏ်းသုံးဂိုဏ်း၌ အထွတ်အမြတ်မြေနှစ်ဆယ် တောင်ထွတ်ဆယ်ခုရှိ၏။ ယွင်ဂိုဏ်းက အထွတ်အမြတ်မြေသုံးခုနှင့် တောင်ထွတ်ခြောက်ခုရှိ၏။ ထန်ဂိုဏ်းက အထွတ်အမြတ်မြေသုံးခုနှင့် တောင်ထွတ်ခြောက်ခုရှိ၏။ လော့ဂိုဏ်းက အထွတ်အမြတ်မြေလေးခုနှင့် တောင်ထွတ်ရှစ်ခုရှိ၏။

အရေအတွက်တစ်ခုတည်းကနေ လော့ဂိုဏ်းမည်မျှအစွမ်းထက်ကြောင်းအလွယ်လေး ပြောနိုင်ပေ၏။ လော့ဂိုဏ်းက ပိုင်ဆိုင်သောအထွတ်အမြတ်မြေအပြင် ထျန်းသယ်ဟုလည်း ခေါ်သည်။ ဂိုဏ်းသုံးဂိုဏ်းက အမည်ပေးထားတာပဲဖြစ်သည်။ တောင်ထွတ်နှစ်ခုက ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေလေသည်။ ထိုနေရာက ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေသော အထွတ်အမြတ်မြေပဲဖြစ်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏တိမ်ခွင်းရထားလုံးသည် လေထဲသို့ပျံတက်လာ၏။

လုဖင်းက လှည့်ကြည့်လိုက်သည်။ သူက မင်ရှစ်ရင်ကို အနူးအညွတ်တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်၏။

မင်ရှစ်ရင်က ရှေ့တစ်လှမ်းတိုးကာ ရထားလုံးကိုထိန်းရန် ဤနေရာကိုယူလိုက်၏။ ရထားလုံးပျံသည် ပထမအထွတ်အမြတ်မြေထက်ရပ်တန့်သွားတော့သည်။

အထွတ်အမြတ်မြေပေါ်သို့ ပထမဆုံးခုန်ဆင်းလာသူက လုဖင်းပဲဖြစ်သည်။

လော့ဂိုဏ်း၏အကြီးအကဲများသည် လုဖင်းကိုမြင်တွေ့သည့်အချိန်၌ ဇဝေဇဝါဖြစ်သွားသည်။

“အကြီးအကဲလု ဒါဘာအဓိပ္ပာယ်လဲ”

လုဖင်းက အမြန်ပင်ဖြေရှင်းချက်များ တသီတတန်းကြီး ပြောပေးတော့၏။ ရှန့်ယွင်ကျန်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကျုံ့ပြီး ပြောလိုက်တော့၏။

“ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေသေးတုန်းပဲ ဒါမသင့်တော်ဘူးမလား”

“ငါပြောတာ အဲဒါပဲလေ” လုဖင်းက ကူကယ်ရာမဲ့နေ၏။

သူတို့နှစ်ယောက်သည် မိစ္ဆာဝေဟင်မျှော်နန်းမည်မျှအစွမ်းထက်ကြောင်း မျက်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူတို့မောက်မာထောင်လွှားစွာမပြုရဲပေ။ တဖက်တွင်မူ အကြီးအကဲများစွာက ယုံကြည်ချက် ရှိနေပြီး အကြောက်တရားကင်းမဲ့နေ၏။

ဆိုရလျှင် ဤနေရာက လော့ဂိုဏ်း၏ပထမအထွတ်အမြတ်မြေဖြစ်သည်။ ပင်မတပည့်များနှင့် အကြီးအကဲများသာ ဤနေရာတွင်ရှိနေ၏။ သူတို့ကို ဖယ်ရှားရှင်းလင်းပစ်ရန် သူတို့၌ အရံအတားများ အစီအရင်များရှိနေ၏။ မိစ္ဆာဝေဟင်မျှော်နန်းက အမှန်တကယ် အစွမ်းထက်သော်ငြား သူတို့ ခယဝပ်တွားနေရမည်ဟု မဆိုလိုပေ။

လုကျိုးက အထွတ်အမြတ်မြေပေါ်၌ စုဝေးနေသောတပည့်များကိုကြည့်လျက် ဆိတ်ဆိတ်နေလေ၏။

မင်ရှစ်ရင်က သတိရသွားသည်။ ကြည်လင်သောအသံဖြင့် သူကပြောလိုက်သည်။

“ငါ့ရဲ့ရှစ်စွင်းက ခေါင်းဆောင်ယွင်ကို သိတယ် ... သူ့ကို မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီ ဆုံးဖြတ်ချမချခင် သတင်းပါးပေးဖို့မျှော်လင့်တယ်"

ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ကျင့်ဝတ်ထုံးစံနှင့် မညီပေ။ သို့သော်ငြား မင်ရှစ်ရင်က အနည်းငယ် စိတ်မကျေမနပ် ဖြစ်နေ၏။ သူ့နည်းသူ့ဟန်သာဆိုလျှင် သူက ခုန်ဆင်းပြီး မိဘများကို ငိုယိုတမ်းတသည်အထိ ရိုက်နှက်မှာပဲဖြစ်သည်။ သူက သက်ပြင်းချလိုက်၏။ အာ့ရှစ်ရှိုးသာ ဒီမှာရှိနေရင် သူက ဒါမျိုးတွေကို ဖြေရှင်းဖို့ပိုသင့်တော်မှာ ...

အကြီးအကဲများက ဇွဲကောင်းလွန်း၏။

“ကျုပ်တောင်းပန်ပါတယ် ဂိုဏ်းချုပ်က တံခါးပိတ်မကျင့်ကြံခင် အမိန့်ပေးခဲ့တယ် ... သူက ဘယ်သူပဲဖြစ်ဖြစ် ဘယ်ဧည့်သည်မှလက်ခံမှာမဟုတ်ပါဘူး”

“ဟေ့ ... ငါလုံလောက်အောင် ယဉ်ကျေးပြပြီးပြီ ... အခုမင်းတို့အဘိုးကြီးကို ထွက်လာခိုင်းလိုက်”

မင်ရှစ်ရင်သည် ထိုသို့ပြောနေရတာကို အင်မတန်စိတ်ပျက်လာ၏။ သူ၏ပြောနေကျလေသံအတိုင်း ထုတ်ပြောမိတော့၏။ အထွတ်အမြတ်မြေပေါ်၌ သူ၏အသံက ကြည်လင်စွာပေါ်ထွက်လာ၏။

ထိုစကားကို ကြားသည့်သူများက အကြည့်ချင်းဖလှယ်ကြ၏။ မင်ရှစ်ရင်က ပေါက်ကွဲပြီးနောက် နေထိုင်ရပိုကောင်းသွားသည်။

ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တစ်ယောက်ပြုမူသင့်တဲ့ အပြုအမူပဲ။

သို့သော် ကျန်သည့်သူများ သူ့ကိုကြည့်နေသည့် ထူးထူးဆန်းဆန်းအကြည့်ကို ခံစားမိသောအခါ သူက ခေါင်းကုတ်လျက်ပြော၏။

“အမ်း ... ကျုပ်ကိုယ်ကျုပ် မထိန်းနိုင်လို့လေ ဒီလူတစ်စုကိုယဉ်ကျေးပြနေဖို့မှမလိုတာ ... ဒါ့အပြင် ယွင်ဂုဏ်းနဲ့ စာရင်းတောင်မရှင်းရသေးဘူး။”

ဟွားဝူတောက်က လက်မထောင်ပြလိုက်၏။ လုကျိုး၏အမူအရာက ခါတိုင်းကဲ့သို့တည်ငြိမ်နေကာ သူက ဘာမှမပြောပေ။

မင်ရှစ်ရင်က စိတ်သက်သာရာရသွားသည်။ ဆိတ်ဆိတ်နေခြင်းသည် ထောက်ခံခြင်းမည်၏။

လေထဲ၌ ပျံဝဲနေသောအကြီးအကဲက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းက ဘာကြောင့်များ နိုင်လိုမင်းထက်ပြုမူနေရတာလဲ ... လော့ဂိုဏ်းက တောင်းပန်ဖို့အတွက် မိစ္ဆာဝေဟင်မျှော်နန်းဆီကို ဂိုဏ်းသားတွေထပ်တလဲလဲပို့ပြီးပြီ ဒါက မလုံလောက်သေးဘူးလား”

“အချိန်ဖြုန်းနေတာပဲ”

ဝှစ် ...

မင်ရှစ်ရင်က သူ၏ခွဲခွာချိတ်ကောက်ကို ထုတ်လိုက်သည်။

ကျန်သည့်သူများက နောက်တွင်ရှိနေလေရာ မင်ရှစ်ရင်ကရဲတင်းလာကာ မျက်နှာပြောင်တိုက်ကာ လှုပ်ရှားတော့သည်။

ကောင်းကင်အဆင့်လက်နက်သည် အရှိန်ဖြင့်ပေါ်ထွက်လာပြီး ပေါက်ကွဲတော့သည်။

ဖုန်း ....

သူက အငိုက်မိသွားသည်။ သူက စွမ်းအင်ထုတ်ဖော်ပြီး ခွဲခွာချိတ်ကောက်ကို ဟန့်တားလိုက်၏။ သူက နောက်ဆုတ်နေစဉ်ကြောက်ရွံ့သည့်အမူအရာဖြင့်မော့ကြည့်လာသည်။

ခွဲခွာချိတ်ကောက် မင်ရှစ်ရင်လက်ထဲပြန်ရောက်သွားသည်။

ထိုတိုက်ကွက်၏တိုက်ခိုက်မှုဖြင့်လော့ဂိုဏ်း၏တပည့်များနှင့် အကြီးအကဲများသည် လေထဲ တပြိုင်နက်တည်း ပျံတက်လာ၏။ အချိန်မရွေး တိုက်ပွဲကြီးတစ်ပွဲ ပေါ်ထွက်လာမည့်ပုံပေါ်သည်။

“မဟုတ်ဘူး ... မဟုတ်ဘူး ... မဟုတ်ဘူး ...” လုဖင်းက မျက်ရည်များ ကျခါနီးပြီဖြစ်သည်။ သူက ကျန်သည့်သူများကိုဟန့်တားရန်လက်ဝေ့ယမ်းလိုက်၏။

စတုတ္တအကြီးအကဲသည် လုဖင်းကြောင့်မကျေမနပ်ဖြစ်သွားသည်။ သူကပြောလိုက်တော့သည်။

“အကြီးအကဲလု ဘာလုပ်နေတာလဲ”

လုဖင်းက သူ့ကိုယ်သူ စိုးရိမ်ပူပန်လာလေသည်။ သူကအမြန်အော်ပြောလိုက်သည်။ “အရူးတွေ”

အကြီးအကဲများက အကြည့်ချင်း ဖလှယ်လိုက်တော့သည်။ လုဖင်းသည် အပြင်လူကိုကာကွယ်ပြီး သူ့လူများကို ကျိန်ဆဲနေလေ၏။ သူ စိတ်လွတ်သွားလေသလော ...။

လုဖင်းက စိတ်စောစွာပြောလိုက်၏။

“ငါပြောတာ နားထောင် ရထားလုံးပျံပေါ်က လူတွေက သူတို့တွေက ငါတို့ဘောင်ကျော်နိုင်တဲ့လူတွေမဟုတ်ဘူး”

အဲ့လောက်ကြီးတဲ့လား ...

အမှန်တကယ်ပင် လော့ဂိုဏ်းက ရန်သူအသစ် မဖွဲ့ချင်ပေ။ သို့သော်ငြား သူတို့သည် အလွန်အကျွံကြူးလွန်ရသည့် လက်အောက်ခံများမဖြစ်ချင်ပေ။

“ဂိုဏ်းချုပ်က ဒီမှာရှိနေသေးတယ် ... လုဖင်း မင်းရဲ့ဂိုဏ်းကို အထင်သေးပြီး ရန်သူကို အထင်ကြီးရဲတာပဲ” အကြီးအကဲများထဲမှတစ်ယောက်က မကျေမချမ်းပြောလိုက်၏။

ထိုစဉ် ရထားလုံးပျံထဲကနေ အက်ရှရှအသံတစ်ခုပေါ်ထွက်လာ၏။ “လုဖင်းက အတော်တွေးတတ်တယ်လို့ ပြောရမှာပဲ ... သူက အသိတရားရှိတယ်”

လန်လော့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး လေထဲပေါ်ထွက်လာ၏။ သူ၏ကျင့်ကြံဆင့်သည် အပြည့်အဝပြန်မကောင်းသေးသော်ငြား လေပေါ်ပျံရန်ပြဿနာမရှိပေ။

လန်လော့သည် ရထားလုံးပျံ၏ရှေ့၌ လေထဲပျံဝဲနေ၏။ သူ၏စိတ်သဘောထားကို အနည်းငယ်နှိမ့်ချလျက် လက်နောက်ပစ်ထားသည်။ သူ၏အနက်ရောင်ဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးတို့က ရာသီဥတု မအေးသည့်တိုင် ကျန်သည့်သူများကိုအေးစိမ့်သွားစေ၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းချုပ်လား” အထွတ်အမြတ်မြေပေါ်ရှိတပည့်များက ကြောက်လန့်နေကြ၏။

လန်လော့က ရယ်မောပြီးပြောလိုက်သည်။

"မင်းက မျှော်နန်းသခင်ကို စကားပြောဖို့မထိုက်တန်ဘူး ... ဒီနားမှာရှိတဲ့သူတွေကို ငါပဲပြောမယ်”

လုဖင်းက မိတ်ဆက်ပေးလိုက်၏။

“ဒါက လွန်ခဲ့တဲ့အနှစ်သုံးရာတုန်းက ပေနက်လွှာရဲ့ထိပ်တန်းစာရင်းမှာ ရှိခဲ့ဖူးတဲ့သူ လန်လော့ပဲ”

အကြီးအကဲများသည် မျက်လုံးများ ပြူးကျယ်ကုန်၏။ အစောတုန်းက အဖွဲ့ကို သူတို့ တိုက်ခိုက်ခဲ့သည့်အကြောင်းကို တွေးမိချိန်၌ သူတို့ကျောချမ်းသွားကြသည်။ သူတို့က လက်များတုန်ကုန်၏။ ကပ်သီးလေးပဲ ...။

အရိပ်တစ်ခုသည် ဒုတိယတောင်ထွတ်ကနေလျှင်မြန်စွာပျံသန်းလာ၏။ ၎င်းသည် အရံအတားများက ဝေဟင်ကိုဖြတ်ကျော်လျက် အထွတ်အမြတ်မြေ၏မြင့်မားသော သစ်ပင်များကိုကျော်ကာ အထွတ်အမြတ်မြေအထက်သို့ ချက်ချင်းရောက်လာ၏။

အင်မတန်မြန်ဆန်ပြီး နက်နဲသိမ်မွေ့သည့်ကျင့်ကြံဆင့်ဖြစ်၏။ တစ်ဖက်သူ၏မျက်နှာကို ထူထဲသောမုတ်ဆိတ်များဖြင့်ကာထားလျက် သူ၏မျက်လုံးက မီးလျှံများဖြင့်တောက်နေပုံပေါ်၏။

လော့ဂိုဏ်း၏အကြီးအကဲများက သူ့ကို ကြည့်ပြီး အော်ခေါ်လိုက်၏။

“မဟာအကြီးအကဲ ရောက်လာပြီ”

“နှုတ်ခွန်းဆက်ပါတယ် မဟာအကြီးအကဲ”

တပည့်များက အရိုအသေပေးလိုက်၏။

တပည့်များက ဝတ်ရုံရှည်ဝတ်ထားပြီး မုတ်ဆိတ်ဖြင့်လူသည် လော့ဂိုဏ်း၏ဘိုးဘေးအကြီးအကဲ ချူးနန်ပဲဖြစ်သည်။

ချုးနန်သည် လော့ဂိုဏ်းတပည့်များ အထက်၌ပျံဝဲနေလေ၏။ လော့ဂိုဏ်း၏ ပထမအထွတ်အမြတ်မြေက တိတ်ဆိတ်သွားတော့သည်။

အားလုံး၏အကြည့်က ယခုအချိန်တွင် ချူးနန်ဆီတွင်သာရှိနေ၏။

ချူးနန်၏အကြည့်က ဖျတ်လတ်တက်ကြွမှုတို့ဖြင့်ပြည့်နေသည်။ သူက လက်သီးဆုပ်ထားလျက် ပြောလိုက်သည်။ “လော့ဂိုဏ်းရဲ့အကြီးအကဲချူးနန်က ချန်းပေ့လန်ကို နှုတ်ခွန်းဆက်ပါတယ်”

လန်လော့က ပြောလိုက်၏။

"ချူနန်းလား ... ရာစုနှစ်တစ်စုရှိသွားပြီး မင်းက လော့ဂိုဏ်းရဲ့မဟာအကြီးအကဲ ဖြစ်လာတာကိုး”

“ကံကောင်းလို့ပါပဲ ... မိစ္ဆာဝေဟင်မျှော်နန်းရောက်လာတာ ကျွန်တော် ကြားမိပါတယ် ... ဒါပေမဲ့ မျှော်နန်းသခင်ကို နှုတ်ခွန်းဆက်ဖို့ ကျွန်တော်ထိုက်တန်တယ်လို့မထင်ဘူး” ချူနန်းက ပြော၏။

“သိပ်ကောင်းတယ်” လန်လော့ကပြောလိုက်သည်။ နက်ရှိုင်းရှတသောအသံဖြင့်ပြောလိုက်သည်။

….

အခန်း (၃၆၈) လူအိုကြီးများ၏ ခြိမ်းခြောက်မှု

ချူးနန်က ဦးညွှတ်ကာ “ အဝေးကြီးလာခဲ့ရတာပဲ။ လော့ဂိုဏ်းက ပျူငှာစွာ ဧည့်ခံတာ ဖြစ်သင့်ပါတယ်။ ဒီမှာနေတုန်း ကျုပ်တို့ဘက်က ဧည့်ခံပေးခံပေးပါရစေ”

သူက ထိုလူများကို စိတ်အနှောင့်အယှက် မပေးလိုသည်မှာ ပုံမှန်သာ ဖြစ်၏။

လန်လော့ ပေါ်ထွက်လာမှုက တခြားသူများအား အံ့ဩသင့်စေခဲ့သည်။

ကံဆိုးစွာဖြင့် လန်လော့က မင်ရှစ်ရင်နှင့် တူလေသည်။ သူတို့က ရှုပ်ထွေးကာ ပြင်ဆင်ထားသည့် အပေါ်ယံ အာလာပသလ္လာပကို မကြိုက်ကြပေ။

သူက ပြောလိုက်သည်။ “ ငါ ထပ်ပြောလိုက်မယ်။ မင်းမှာ မျှော်နန်းသခင်နဲ့ စကားပြောခွင့် မရှိဘူး ”

ချူးနန်က နည်းနည်းကြောင်အမ်းသွားသည်။ သူက လော့ဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်၏။ လန်လော့က သူ့ကို ငြင်းပယ်သည်ဟု တွေးမိလိုက်လျှင် “ ဂိုဏ်းချုပ်က တံခါးပိတ်လေ့ကျင့်နေလို့ ဧည့်သည် လက်မခံနိုင်ပါဘူး ”

တတိယအကြီးအကဲ လုဖင်းက သူ့တွင် စကားပြောခွင့်ရှိကြောင်း ခံစားမိ၍ ကျယ်လောင်စွာ ဝင်ပြောလိုက်သည်။

“အကြီးအကဲချုပ် ဂိုဏ်းချုပ်ကို လေ့ကျင့်တာကနေ ထွက်လာဖို့ တောင်းဆိုပေးလိုက်ပါ။ ဒါက အရေးကြီးတယ်။ ဟာသ မဟုတ်ဘူး ”

ဝုန်း

ချူးနန်က လက်ဝါးချက် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးတံဆိပ်က ပြင်းထန်လှပြီး လုဖင်းဆီ အလျင်အမြန် ဝင်ရောက်သွားလေသည်။

လုဖင်းက အလန့်တကြား ထခုန်လိုက်သည်။ သူက အကြီးအကဲချုပ်သည် သူ့လူကို ပြန်ထိခိုက်အောင် လုပ်လိမ့်မည်ဟု မထင်ထားမိပေ။ သူက လက်မြှောက်လိုက်၏။

ဘန်း

စွမ်းအားအချင်းချင်း ထိပ်တိုက်တွေ့သွားလေသည်။

လုဖင်းက လဲကျသွားသောကြောင့် ညည်းလိုက်သည်။ သူက ဖြူဆုတ်နေ၏။ သူက အကြီးအကဲချုပ်အတွက် ပြိုင်ဘက် မဟုတ်ပေ။ ထိုတိုက်ကွက်တစ်ခုတည်းက အကြီးအကဲချုပ်က သာလွန်နေကြောင်း ဆုံးဖြတ်ပေးနိုင်သည်။

“သောက်ပါးစပ် ပိတ်ထားစမ်း … ” ချူးနန်က ပြောလိုက်သည်။ ထို့နောက် သူက လန့်လောဘက်လှည့်ကာ အပြုံးလေးဖြင့် “ ကျုပ် အားနာပါတယ်။ လူငယ်တွေက မသိတတ်ကြဘူးလေ။ ချန်းပေ့လန်ကို ဒီလိုမျိုး ပြသရတာ ရှက်ဖွယ်ပါပဲ”

သူ့သဘောထားအရ သူ့စကားထဲ ဆူးများဝှက်ကာ ယဉ်ကျေးမှုကို ထိန်းသိမ်းထားလေသည်။

“ တကယ်ကို အံ့ဩစရာပဲ” မင်ရှစ်ရင်က လှောင်လိုက်သည်။

ချူးနန်က တိမ်ခွင်းရထားလုံးပျံပေါ်မှ မင်ရှစ်ရင်အား ကြည့်လိုက်ကာ “ ဒါက အကြီးတွေကြားက စကားဝိုင်းပဲ။ အငယ်တွေအတွက် နေရာမရှိဘူး”

ထိုစကားတွင် ဆူးများအပြည့် ဖြစ်၏။ သူက လုဖင်းကို အပြစ်ပေးဆုံးမရုံသာမက မင်ရှစ်ရင်ကိုလည်း ရည်ရွယ်နေခြင်း ဖြစ်သည်။

မင်ရှစ်ရင်က ဒေါသထွက်တော့မည့်ဆဲဆဲတွင် လန်လော့က ညာဘက်လက် မြှောက်လိုက်သည်။ မင်ရှစ်ရင်က ထိုအခါမှ တည်ငြိမ်သွားပြီး ဘာဆက်ဖြစ်မလဲ ကြည့်နေလိုက်သည်။

လန်လော့က ရှေ့ထွက်လာပြီး “ မင်းက အငယ်တွေကို အနိုင်ကျင့်ရတာ သဘောကျတာလား”

“ချန်းပေ့လန် ဒါက ဘာကိုပြောတာလဲ”

“ငါ ကမ္ဘာအနှံ့ လျှောက်သွားနေတုန်း မင်းက မင်းအမေဗိုက်ထဲပဲ ရှိဦးမယ် …”

ဘုန်း

ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည်။

ထိုအရာ ပေါ်ထွက်လာသည်နှင့် ရွှေကြာရှိ ပွင့်ချပ်ရှစ်လွှာက အလျှင်အမြန် လည်လာသည်။ ထိုအရာက ရေအောက်ထဲ ဂျင်လည်နေသလိုမျိုး ဖြစ်၏။ စွမ်းအားများက ရေစက်များသဖွယ် ထွက်ပေါ်လာသည်။ အသက်တစ်ရှိုက်စာအတွင်း ပြန်ပျောက်ကွယ်သွား၏။

ချူးနန်က အနီးဆုံးရပ်နေသောကြောင့် သက်ရောက်အား ခံစားလိုက်ရကာ လွင့်ထွက်သွားသည်။ ဤသည်က အင်အားအနည်းငယ် ပြလိုက်ရုံမျှ ဖြစ်၏။

ယခု ချူးနန် မျက်နှာအထက် ကြောက်လန့်နေသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

“ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ..”

“သူ့ဆီမှာ ဒီလိုမျိုး အားကောင်းတဲ့ ကျင့်ကြံဆင့်မျိုး ရှိနေရင် ဘာလို့ မိစ္ဆာဝေဟင်မျှော်နန်းမှာ နေနေရတာလဲ ”

တော်ဝင်နယ်မြေရှိ အကြီးအကဲများက မစဉ်းစားဘဲ မနေနိုင်ကြတော့ပေ။ သူတို့က ပို၍ အံ့ဩသွားသလို ပို၍ စိုးရိမ်လာကြသည်။

ချူးနန်က ပွင့်ချပ်ခုနှစ်လွှာအဆင့်သာ ရှိသေးလေသည်။ ဒုတိယအကြီးအကဲဖြစ်သည့် ပွင့်ချပ်ခြောက်လွှာအဆင့် ပိုင်ရှင် ရှန့်ယွင်ကျန်းအကြောင်း ထည့်ပြောဖို့ပင် မလိုတော့ပေ။ သူတို့က ပွင့်ချပ်ရှစ်လွှာအတွက် ပြိုင်ဘက် မဟုတ်ပေ။ တခြားသူများအား ထည့်ညွှန်းဆိုဖို့ပင် မလိုချေ။

အင်အားပြသပြီးနောက် လန်လော့နှင့် မည်သူကမှ ရင်မဆိုင်ရဲတော့ပေ။

အမည်မသိ အကြောင်းအရင်းတချို့ကြောင့် လုဖင်းက မခံမရပ်နိုင်ဖြစ်မှုတချို့ လျော့ပါးသွားသလို ခံစားလိုက်ရသည်။

လန်လော့က ပြောလိုက်သည်။ “မိစ္ဆာဝေဟင်မျှော်နန်းက စကားပြောဖို့ ရောက်လာတာ … ငါ့ကို တိုက်ခိုက်ရအောင် လာမလုပ်နဲ့”

တော်ဝင်နယ်မြေက သင်္ချိုင်းကုန်းအလား တိတ်ဆိတ်သွားလေသည်။ လေထုက အနည်းငယ် တင်းကျပ်လာပြီး အေးစက်စက် ဖြစ်လာသည်။

မည်သူကမှ ပွင့်ချပ်ရှစ်လွှာအဆင့်နှင့် ရင်မဆိုင်ရဲကြပေ။

ဝှစ်

ထိုစဉ် တော်ဝင်နယ်မြေအထက် ဝေဟင်ထဲ ပုံရိပ်များစွာ ပေါ်ထွက်လာသည်။ သူတို့က အဖွဲ့အသေးလေးများအလိုက် ရောက်လာကြခြင်း ဖြစ်၏။ တချို့က သူတို့ဓားများပေါ် ရပ်နေကြပြီး တချို့က ထူးထူးဆန်းဆန်း ပုံစံလက်နက်များပေါ် ရပ်နေကြသည်။ သားရဲများ စီးနင်းလျက် ရောက်လာသူများလည်း ရှိသည်။ ဖြည်းဖြည်းချင်းက သူတို့က ကောင်းကင်တခွင် ပြည့်နှက်လာသည်။

အသစ်ရောက်လာသူများက ဝတ်စုံ အရောင်ကွဲ သုံးရောင်ကို ဝတ်ဆင်ထားကြသည်။ အဖြူရောင် ဝတ်ရုံရှည်နှင့် အစိမ်းရောင် ဝတ်ရုံရှည်များ ဖြစ်၏။

“ယွင်ဂိုဏ်းနဲ့ ထျန်းဂိုဏ်းလည်း ရောက်လာပြီ” ချူးနန်က တည်ငြိမ်သွားကာ တခြားအကြီးအကဲများနှင့် အနေအထားညှိလိုက်ရင်း “ လော့ဂိုဏ်းရဲ့ ချူးနန်က ယွင်ဂိုဏ်းနဲ့ ထျန်းဂိုဏ်းရဲ့ အကြီးအကဲတို့ကို ကြိုဆိုပါတယ် ”

ကျင့်ကြံဆင့် အားနည်းသည့် တပည့်များက လေထဲ ပျံဝဲကာ အမိန့်ကို စောင့်နေကြသည်။

ယွင်နှင့် ထျန်းဂိုဏ်း၏ အကြီးအကဲများက လေထဲ လျှောက်လှမ်းလာသည်။ သူတို့က နှုတ်ဆက်သည့်အနေနှင့် လက်နှစ်ဖက်ယှက်ထားကြသည်။ ထို့နောက် သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ရထားလုံးပျံနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

တကယ်ကို အံ့ဩလောက်ဖွယ် တန်းစီထားမှုမျိုး ဖြစ်လေသည်။ သူတို့တွင် အရေအတွက် ရှိသည် မဟုတ်ပါလော။ လော့ဂိုဏ်းက ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ထားသည်မှာ သိသာလှသည်။

ရထားလုံးပျံပေါ်တွင် ထိုင်နေသည့် လုကျိုးက ဘာမှမစိုးရိမ်ပေ။ သူက ယွင်ထျန်းလော့ကို မြင်ချင်ရုံသာ ဖြစ်၏။ သူက ယွင်ထျန်းလော့သည် သူကိုယ်သူ အလွယ်လေး ထုတ်ဖော်ပြသမည် မဟုတ်ကြောင်း မျှော်လင့်ထားပြီးသား ဖြစ်၏။

လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့က ထိုလူများနှင့် ရင်ဆိုင်ဖို့ လုံလောက်သည်ထက် ပိုပေသည်။ သူ့အနေနှင့် ဘာမှလုပ်စရာ မလိုပေ။

ယခု အသေရိုက်ချက် ကတ်ဈေးက ကုသိုလ်ရမှတ် သုံးထောင် ဖြစ်နေလေပြီ။ သူ့လက်ထဲ နှစ်ကတ် ကျန်ရှိသေး၏။ သူ ဘယ်လောက်သုံးသုံး သူ့ဘက်မှ အရှုံး ဖြစ်နေသည်။ သူက ကောင်းကင်ကျမ်း စွမ်းအားကို သုံးကြိမ် အသုံးပြုနိုင်သည်။ အကယ်၍ သူတို့ သေသည့်အထိ တိုက်ခိုက်ကြမည်ဆိုလျှင် မိစ္ဆာဝေဟင်မျှော်နန်းက ကြားညှပ်သွားနိုင်သည်။ ပြောရလျှင် လန်လော့နှင့် ဖန်လီထန်းတို့၏ ကျင့်ကြံဆင့်က အပြည့်အဝ ပြန်မကောင်းသေးပေ။ ထို့ကြောင့် သူတို့ကို ခြောက်လန့်လိုက်သည်က အကောင်းဆုံး ဖြစ်၏။

“ယွင်ဂိုဏ်းရဲ့ အကြီးအကဲချုပ် ကျောင်းကျီက နှုတ်ခွန်းဆက်သပါတယ်” ကျောင်းကျီက လက်နှစ်ဖက်ယှက်လိုက်သည်။

“ယွင်ဂိုဏ်းရဲ့ ဒုတိယအကြီးကဲ စွင်းဟုန်ကလည်း နှုတ်ခွန်းဆက်သပါတယ် ”

“ယွင်ဂိုဏ်းရဲ့ ခြောက်ယောက်မြောက် အကြီးအကဲ တင်း… တင်းဖန်ချိုးက ဂါရဝပြုပါတယ်”

တင်းဖန်ချိုး၏ အသံက ယုံကြည်ချက် ပျောက်ဆုံးနေလေသည်။

မင်ရှစ်ရင်က တင်းဖန်ချိုးအား လက်ဝေ့ပြလိုက်ကာ “ဟေး တင်းဖန်ချိုး … ကျုပ်တို့ ထပ်တွေ့ပြန်ပြီ။ အရင်တစ်ခေါက် တွေ့တုန်းကထက် ဝလာတာပဲ”

တင်းဖန်ချိုးက ဆွံအသွားမိသည်။ သူက ထျန်းကျန့်မြစ်၌ ကျိထျန်းတောက် အယောင်ဆောင်သည့် ကိစ္စကို ပြန်လည်အမှတ်ရသွားသည့်အခါ နေရခက်လာပြီး သူ့မျက်နှာကား နီရဲလာသည်။

တကယ့် လူကိုယ်တိုင် ဒီမှာရှိနေ၍ သူ့အနေနှင့် မောက်မောက်မာမာ မပြုမူရဲပေ။

“ထျန်းဂိုဏ်းရဲ့ အကြီးအကဲချုပ် ဖန်းဝမ်ရှန့်ကလည်း နှုတ်ခွန်းဆက်သပါတယ်” ထျန်းဂိုဏ်းမှ အကြီးအကဲတစ်ယောက်တည်း ရောက်နေသည်။

အခြားသူများက တပည့်များ ဖြစ်ကြသည်။ သို့သော်လည်း လုံလောက်ပေသည်။ ထိုအရေအတွက်ဖြင့် သူတို့က အားအရမ်းနည်းမနေတော့ပေ။

ထို့အပြင် လော့ဂိုဏ်း၏ တော်ဝင်နယ်မြေကို အစီအရင်များ၊ အကာအရံများ ခင်းကျင်းထားလေသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆွေးနွေးဖို့အတွက် ယုံကြည်ချက်ရှိလာကြသည်။

ချူးနန်က လန်လော့နှင့် ရင်ဆိုင်လိုက်ကာ “ချန်းပေ့လန် ဒေါသကို ထိန်းပါ။ ယွင်ဂိုဏ်းနဲ့ ထျန်းဂိုဏ်းရဲ့ အကြီးအကဲတွေလည်း ရောက်နေပါပြီ။ မျှော်နန်းသခင် ပြောချင်တာကို ကျုပ်ဆီ ပြောလို့ရပါတယ် ”

ချူးနန် စကားအဆုံးတွင် ရထားလုံးပျံထဲမှ တစ်ခုခု ပျံထွက်လာသည်။ ထိုအရာက သေးငယ်ပေါ့ပါးလှသည်။

အကြီးအကဲအားလုံးက ထိပ်တန်းအဆင့်များ ဖြစ်သည့်အတွက် မျက်စိလျှင်ကြသည်။ သူတို့က မြင်လိုက်ရသည့်အရာကြောင့် အံ့ဩသွားကာ “သေရည်အိုးလား … ”

သာမန်ပုံစံ သေရည်အိုးက ချူးနန်ဆီ တရှိန်ထိုး ပြေးဝင်လာသည်။

ချူးနန်က ထူးဆန်းသည်ဟု ထင်မိ၏။ သူက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

မိစ္ဆာလမ်းစဉ်ကတော့ မိစ္ဆာလမ်းစဉ်ပါပဲ … တော်ဝင်နယ်မြေမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်နေတာပဲ။

ဆိုးလိုက်တဲ့ စရိုက်တွေ …

သူက လက်ဝေ့လိုက်ပြီး သေရည်အိုးဆီ စွမ်းအားရိုက်ခတ်စေလိုက်သည်။

ဝှစ်

သေရည်အိုးက လွင့်စဉ်မသွားပေ။ ထိုအရာက ချူးနန်ဆီ တည့်တည့်ကြီး ဝင်လာလေ၏။ ထိုအရာက ငှက်မွေးလေးအလား ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။

“ဟမ်” ထိုအခါမှ ချူးနန်က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ၍ လက်ကို ထပ်မြောက်လိုက်သည်။ ဤတစ်ကြိမ် သူက စွမ်းအားမထုတ်လွှင့်တောဲ့ စွမ်းအားစည်းတံဆိပ်တစ်ခု ဖော်ဆောင်လိုက်သည်။ လက်ဝါးစည်းတံဆိပ် လွှင့်ထွက်လာ၏။

ဘန်း

လက်ဝါးစည်းတံဆိပ်က သေရည်အိုးနှင့် ထိပ်တိုက် တွေ့သွားသည်။ သေရည်အိုးက စတင်လည်လာပြီး အရှိန်မြင့်လာသည်။

သေစမ်း … အဲဒါလက်နက်ပဲ …

ချူနန်က လက်နှစ်ဖက်မြောက်ကာ လက်ဝါးစည်းတံဆိပ်များစွာ ထုတ်ဖော်လိုက်သည်။

“နောက်ကျသွားပြီ” တိမ်ခွင်းရထားလုံးပျံပေါ်မှ အသံ ထွက်ပေါ်လာသည်။

သေရည်အိုးက ရုတ်ခြည်း ပွင့်ထွက်လာကာ ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။ ထို့နောက် ချူးနန်ဆီ တည့်တိုးဝင်သွားသည့် ရွှေရောင်သေရည်အိုးအဖြစ် ပြောင်းလဲသွားသည်။

ချူးနန်က အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ အပေါ်မှ သေရည်အိုး၏ ထုနှက်ချက်ကို ခံယူခဲ့ရသည်။

ဘုန်း

ချူးနန်က ထိုးနှက်ချက်ပြင်းပြင်း ခံယူလိုက်ပြီး လဲကျသွားသည်။

ဝုန်း

သူက စကျင်ကျောက် ကြမ်းပြင်ကိုပင် အက်လာစေသည်။ ကြမ်းပြင်တွင် လူသားပုံစံ တွင်းကြီး ကျန်နေခဲ့၏။

“အကြီးအကဲ ”

“အကြီးအကဲချုပ် ”

အားလုံးက တုန်လှုပ်သွားကြသည်။

ထိုစဉ် ဖန်လီထန်းက ရထားလုံးပျံပေါ်မှ ထွက်လာသည်။ သူက အရည်မူးကာ ပင်ပန်းနေသည့်အလား ဖြစ်၏။ သူက အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည်။

“ အသုံးမကျတဲ့ အမှိုက် … မင်းနေရာ မင်းသိစမ်း … ငါက ရှောင်ဖို့ပဲ သိတဲ့ လန်လော့ မဟုတ်ဘူး ”

ဂေ့ …

ဖန်လီထန်းက လေချဉ်တက်ကာ ထပ်ပြောလိုက်သည်။ “ ငါ့သေရည်အိုးလေးလည်း နာသွားနိုင်တယ် ”

…

အခန်း (၃၆၉) ဂိုဏ်းချုပ်

ဖန်လီထျန်း၏ တိုက်ခိုက်မှုက လူတိုင်းကို ထိတ်လန့်သွားစေ၏။

မင်ရှစ်ရင်၊ ဟွားဝူတောက်နှင့် ရှောင်ယွမ်အာကတောင် ဖန်လီထျန်း ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ ဖန်လီထျန်းသည် စစ်မှန်သော တာအိုကျင့်စဉ်များကို ကျင့်ကြံနေတာ ဖြစ်ပြီး ကိုယ်ပျောက်တာအိုကဲ့သို့ ထွက်ပြေးသည့် ကျင့်စဉ်များကို မကျင့်ပေ။ ထို့ကြောင့် ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင် သူ၏တိုက်ပွဲဝင်ခွန်အားက လန်လော့ထက် ပိုကောင်း၏။ ထို့ကြောင့် လန်လော့သည် သူနှင့် ဘယ်တော့မှ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း မပြုပေ။

လန်လော့သည် ဖန်လီထျန်းက သူ့ကို အနည်းငယ် ဆန့်ကျင်လျက် တိုက်ခိုက်ခဲ့တာကို မြင်သောအခါ သူက ပြန်ပက်လိုက်၏။

“တချို့လူတွေက အားနည်းတဲ့လူတွေကို သူတို့လက်နက်နဲ့ အနိုင်ကျင့်နေတဲ့အချိန် ဘယ်လိုများ ဂုဏ်ယူဝင့်ကြွားနိုင်သလဲ ဆိုတာ ငါ နားမလည်ဘူး”

ဖန်လီထျန်းက ရယ်မောလျက် လေချဉ်တက်ကာ ပြောလိုက်တော့သည်။

“အင်း ဒါ ငါ့မှာ ရှိတာပဲလေ”

လော့ဂိုဏ်း၏ အထွတ်အမြတ်မြေတွင် ဖြစ်သည်။ အကြီးအကဲများသည် ချူးနန်၏ ဒဏ်ရာကို စစ်ဆေးကြည့်ရန် ချူးနန်ဆီသို့ ကမန်းကတမ်း ပြေးသွားကြ၏။

စွမ်းအင်လှိုင်းများစွာက ချူးနန်ဆီ တစ်ပြိုင်နက်တည်း ရောက်လာကာ လမ်းကြောင်းရှင်းလိုက်၏။

“အကြီးအကဲချုပ်၊ အကြီးအကဲချူး..”

ချူးနန်က ပက်လက်လန်ကျသွားတာပဲ ဖြစ်၏။ သူ၏မျက်လုံးက အပြူးသား ပွင့်နေသည်။ သူ၏မျက်နှာက နီရဲနေကာ အချိန်အတော်ကြာ အသက်အောင့်ထားရသည့်ပမာ ဖြစ်နေ၏။ ခဏကြာပြီးနောက် သူသည် ခံနိုင်ရည် မရှိတော့ပုံပေါ်ကာ သွေးတစ်ပွက်အန်တော့၏။ သူ၏သွေးများက မြေပြင်ပေါ်တွင် စွန်းထင်းသွားသည်မှာ အနီရောင်မက်မွန်ပန်း၏ ပွင့်ချပ်များနှင့် ဆင်တူလှသည်။ အသက်ပြင်းပြင်း တစ်ချက် ရှုပြီးနောက် သူက ညာလက်ဖြင့် ခဲရာခဲဆစ် လက်ညှိုးထိုးလိုက်၏။

“မင်း .. မင်း.. မင်း”

ဖန်လီထျန်းသည် ချူးနန်က အသက်ရှင်လျက် ရှိနေသေးတာကို အံ့ဩသွားပုံပေါ်ကာ သူ့လက်ထဲရှိ သေရည်ဘူးသီးခြောက်ဖြင့် ဆော့ကစားနေလေ၏။

လန်လော့က ရယ်မောလျက် ပြောလိုက်သည်။

“အဲဒါက မင်းပြောတဲ့ သေစေနိုင်တယ် ဆိုတဲ့ဟာလား။ ဒါ ဘာမှမဟုတ်ဘူးပဲ”

“ငါ့ရဲ့ကျင့်ကြံဆင့်က အပြည့်အဝ ပြန်မကောင်းသေးဘူးလေ။ ငါ မှားယွင်း တွက်ချက်မိတာ”

ဖန်လီထျန်းက မလုံမလဲ မျက်နှာထားဖြင့် ပြောလိုက်လေ၏။ မျှော်နန်းဆောင်အိုကြီး၏ အဖွဲ့ဝင်နှစ်ယောက်သည် လေထဲတွင် ပျံဝဲနေလေ၏။ သူတို့တည်ရှိမှုကတင် ဂိုဏ်းသုံးဂိုဏ်း၏ လက်ရွေးစင်များကို ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်သည်။ ဂိုဏ်းသုံးဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည် ပေါ်လာကာစ အဘိုးအိုကို ကြည့်လိုက်၏။ ဖန်လီထျန်း၏ ဆံပင်က မသေမသပ် ဖြစ်နေသည်။ အသားအရေကလည်း သစ်ပင်အို၏ အခေါက်ပမာ တွန့်ရှုံ့နေသည်။ ဒီအဘိုးကြီးက ဘယ်သူလဲ။ သူက အကြီးအကဲချုပ် ချူးနန်ကို တစ်ချက်တည်းနဲ့ ရိုက်နိုင်တယ် ဆိုတော့ သူ့နာမည်ကလည်း ကျော်ကြားမှာပဲ မဟုတ်လား။ နောက်ဆုံးတွင် ထျန်းဂိုဏ်း၏ အကြီးအကဲချုပ် ရှောင်ဝမ်ရှန်းက လက်သီးဆုပ်မိုးလျက် မေးလိုက်သည်။

“ချန်ပေ့ကို ဘယ်လို နာမည်တပ်ခေါ်ရမလဲ”

ဖန်လီထျန်းက ပျင်းရိစွာ ပြောလိုက်၏။

“ဘာ.. ဘယ်သူက ငါ့နာမည်ကို မေးဖို့ ကြိုးစားနေတာလဲ။ နောင်ကျ လက်စားချေနိုင်အောင် လာရှာမလို့လား”

လန်လော့က ခေါင်းခါပြီး‌ ပြောလိုက်၏။

“ဖန်လီထျန်း... မှန်ကန်ဖြောင့်မတ်တဲ့လူတစ်ယောက်က သူ ဘာပဲလုပ်လုပ် သူ့နာမည်ကို ဘယ်တော့မှ မဖုံးကွယ်သင့်ဘူး။ မင်း ကြောက်နေတာလား”

လန်လော့သည် ဖန်လီထျန်း၏အမည်ကို ထုတ်ပြောလိုက်သည်နှင့် လှိုင်းတစ်ခုက လူအုပ်ကြီးထဲ ဖြတ်သွားပုံရသည်။ တည်ငြိမ်နေသော ရေအိုင်ထဲသို့ ကျောက်ခဲတစ်ခဲ ပစ်ထည့်လိုက်သည့်ပမာပင်။

အကြီးအကဲများက ဆွေးနွေးကြတော့၏။ ဖန်လီထျန်းက ကျင့်မင်တာအိုဂိုဏ်း၏ အသန်မာဆုံး လက်ရွေးစင်ပဲ ဖြစ်သည်။ သူသည် လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာက ကျိမင်ဂိုဏ်းကနေ ထွက်လာခဲ့ပြီး ပျောက်ဆုံးသွားခဲ့၏။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းသို့ မည်ကဲ့သို့ ဝင်ရောက်သွားခဲ့သနည်း။ အကြီးအကဲများက ထိတ်လန့်ပြီး မယုံနိုင် ဖြစ်နေကြသည်။ သူတို့ စိုးရိမ်ပူပန်နေတာ သဘာဝကျ၏။ သူတို့အဖို့ မိစ္ဆာဝေဟင်မျှော်နန်းကို ဤလူများဖြင့် မောင်းထုတ်ရန် မဖြစ်နိုင်မှန်း သိလိုက်သည်။

ထျန်းဂိုဏ်းက အနှောင့်အယှက် ဖြစ်နေပုံမရ၊ သို့သော် ယွင်ဂိုဏ်းမှ လူများကမူ သုန်မှုန်သည့် အမူအရာများ ရှိနေ၏။ ဆိုရလျှင် ယွင်ဂိုဏ်းသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် အငြိုးအတေးတစ်ခု ရှိပြီးသားဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့ကို သတ်ရန် ဆုံးဖြတ်ထားလျှင် သူတို့ ဘာလုပ်ရမည်နည်း။ ပိုအရေးကြီးတာက သူတို့ ဘာတတ်နိုင်မည်နည်း။

ယွင်ဂိုဏ်း၏ အကြီးအကဲချုပ် ကျောက်ကျီက နောက်ဆုံးတွင် ပြောလိုက်သည်။

“သိပြီ။ ဒီတော့ အကြီးအကဲဖန်ကိုး..”

“မင်းနဲ့စကားတွေပြောမနေချင်ဘူး။ သွား.. မင်းတို့ဂိုဏ်းချုပ်ကို အခုသွားပြော.. ငါက စိတ်ရှည်တဲ့သူ တစ်ယောက် မဟုတ်ဘူး”

ဖန်လီထျန်းက ပြန်ပြောလိုက်၏။ သူ၏သေရည်ဘူးသီးခြောက်ကို လွှတ်လိုက်ရာ သူ့နား၌ ရစ်ပတ်သွားပြီး ရွှေရောင်စွမ်းအင်ဖျော့ဖျော့က လေထဲ၌ ပေါ်ထွက်လာ၏။ ကျောက်ကျီ၏အမူအရာက ချဉ်တူးသွားတော့သည်။

ထိုစဉ် ဟွားဝူတောက်က ရှေ့တိုးလာပြီး ကျောက်ကျီကို ကြည့်လိုက်၏။

“ကျောက်ကျီ..”

ကျောက်ကျီက မျက်မှောင်ကြုတ်လိုက်၏။

“အကြီးအကဲဟွားလား..”

ယွင်ဂိုဏ်းရှိ လူတိုင်းက ဟွားဝူတောက်သည် မိစ္ဆာဝေဟင်မျှော်နန်းရှိ ကျိထျန်းတောက်ကို စိန်ခေါ်ရန် ယွင်ဂိုဏ်းကနေ ထွက်သွားကြောင်း သိထားပြီးသား ဖြစ်သည်။ သူ၏အတွင်းနတ်ဆိုးကို ကျော်လွှားနိုင်ရန်အတွက် ယွင်ဂိုဏ်းက ထောက်ပံ့ပေးခဲ့သည်။ သို့သော် သူတို့တွေးထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက် သူသည် မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ ဝင်သွားခြင်းဖြင့်သာ အဆုံးသတ်သွားလေ၏။ ယင်းက ယွင်ဂိုဏ်း၏လူများကို ဒေါသထွက်သွားစေတာ သဘာဝကျသည်။ အားလုံးက သူ့ကို ဆန့်ကျင်လျက် ဂိုဏ်းကို သူက သိက္ခာကျစေသည်ဟု ထင်ခဲ့ကြသည်။

ဟွားဝူတောက်က ကျောက်ကျီကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့ဂိုဏ်းချုပ် ထွက်လာဖို့ ပြောလိုက်”

“ဟွားဝူတောက် မင်း ဘယ်လိုလုပ်..”

ဝှစ်..

ဟွားဝူတောက်က ခုန်ဆင်းလာ၏။ သူ ဆင်းသက်လာသည်နှင့် သူ၏လျို့ဟယ်တာအိုစည်းတံဆိပ် သင်္ကေတကိုးခုကို ထုတ်ဖော်လိုက်သည်။ ပါးကွနှင့် သင်္ကေတကိုးခုက အပြင်သို့ ပြန့်ကားသွား၏။ ရွှေရောင်သင်္ကေတများက တောက်ပပြီး တလက်လက် ဖြစ်နေ၏။ သူသည် ယခုအချိန်တွင် တိုက်ခိုက်ရန် တိုက်ကွက်အနေဖြင့် ၎င်းကို မသုံးခဲ့ပေ။ ယခင်က မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ပါဝူ၏ အဆိပ်ငွေ့များကို ဖယ်ရှားရန် ၎င်းကို သုံးခဲ့၏။ ယခု သူက ကျန်သည့်သူများကို ချိန်းခြောက်ရန်သာ သုံးနေတာ ဖြစ်သည်။ ဆိုရလျှင် ထိုကျင့်စဉ်သည် ခမ်းနားသော ပြသမှုအတွက် ပြုလုပ်ထားတာပဲ ဖြစ်သည်။ သူသည် ခဏတာအတွက် သူ၏စွမ်းရည်ကို ထုတ်ပြနိုင်ရုံသာ ရှိသော်ငြား သူ့၌ကျင့်ကြံဆင့် နက်နဲကြောင်း သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။

“သင်္ကေတကိုးခု လျို့ဟယ်တာအိုစည်းတံဆိပ်.. ပွင့်ချပ်ခုနှစ်လွှာလား..”

ကျောက်ကျီ၏ မျက်လုံးထဲ၌ မယုံနိုင်မှုများ ပြည့်နေသည်။ လော့ဂိုဏ်း၏ အကြီးအကဲများက သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်း၏သခင်နှင့် စကားပြောရန် မထိုက်တန်ကြောင်း သူတို့ ပြောရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ထိုလူများက ဂိုဏ်းသုံးဂိုဏ်းထက် သာလွန်နေပြီးသားဖြစ်သည်။ ဤနေရာ၌ ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များ ရှိမနေပေ။ သူတို့၌ မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်နှင့် မည်သို့ စကားပြောပိုင်ခွင့် ရှိမည်နည်း။ သူတို့က ဂိုဏ်းချုပ်များ မရှိခြင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ရင်ဆိုင်ရာ၌ မလေးစားသည့် လုပ်ရပ်တစ်ခုဆိုတာ သိသာနေသည်။

ဟွားဝူတောက်သည် ပထမအထွတ်အမြတ်မြေ၏ ရင်ပြင်အလယ်သို့ ဆင်းသက်လိုက်သည်။ သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ပြောလိုက်တော့၏။

“သွား.. မင်းတို့ ဂိုဏ်းချုပ်ကို သွားပြော.. ဆရာကြီးတွေရှေ့မှာ ဒီလို သေးနုတ်တဲ့ အကြံအစည်ကို ပြရတာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား”

ဂိုဏ်းသုံးဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားလေ၏။

ဟွားဝူတောက်သည် အစတည်းက ယွင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ ဝင်သွားခဲ့သော်ငြား ယွင်ဂိုဏ်း၏လူများသည် ဒေါသထွက်နေသည့်တိုင် သူ့ကို လေးစားနေသေး၏။ သူတို့အရိုးစွဲနေတာလည်း ပါသည်။ ထို့အပြင် သူ၏စကားများက အဓိပ္ပာယ်ရှိ၏။ ကျိထျန်းတောက်၊ လန်လော့၊ ဖန်လီထျန်း၊ ဟွားဝူတောက်.. သူတို့အားလုံးသည် အတွေ့အကြုံရှိပြီး ဗဟုသုတ ကြွယ်ဝသည့် ဆရာကြီးများဖြစ်သည်။ သူတို့က မြေပြင်ကို လှည့်လည်သွားလာနေချိန်၌ သူတို့အားလုံးက သူတို့အမိဝမ်းထဲတွင်သာ ရှိသေး၏။ ထိုလူများကို ရင်ဆိုင်ရာ၌ သူတို့ အကြံအစည်များသုံးရန် ကြိုးစားနေခြင်းက သူတို့ကိုယ်သူတို့ အရှက်ခွဲရာ ရောက်နေပြီဖြစ်သည်။

ထိုစဉ် တိမ်ခွင်းရထားလုံးနန်းတွင် ရှိနေသည့် လုကျိုးက နောက်ဆုံးတွင် ပြောလိုက်၏။

“ယွင်ထျန်းလော့ ထွက်လာခဲ့”

သူ၏အသံက နက်ရှိုင်းပြီး ကျယ်လောင်၏။

ပြီးနောက် ထူးဆန်သည့်အရာ ဖြစ်သွားပြီး သူ၏အသံသည် ကွဲပြားထင်ရှားသော လှိုင်းတစ်ခု အသွင်ဖြင့် ကျန်သည့် အထွတ်အမြတ်မြေကိုးခုဆီသို့ ဦးတည်သွား၏။ အလင်းစက်ကွင်းများစွာက ရထားလုံးပျံထဲကနေ ပေါ်ထွက်လာသည်။

ဂိုဏ်းသုံးဂိုဏ်း၏ လူများက မော့ကြည့်လိုက်၏။ ထိတ်လန့်မှု အံ့ဩမှု မယုံနိုင်မှုတို့က သူတို့မျက်လုံးထဲ၌ ရောထွေးနေကာ အသံလှိုင်းကို ကြည့်နေကြ၏။ သူတို့က စတင်စဉ်းစားဆင်ခြင်တော့သည်။ လုကျိုးသည် အမှန်တကယ် ပွင့်ချပ်ရှစ်လွှာအဆင့်တွင်သာ ရှိသေးပြီး ထိုထက်မမြင့်တာ မှန်ပါရဲ့လား။ ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ရှိသည့် လန်လော့နှင့် ဖန်လီထျန်းတောင် ထိတ်လန့်သွားပုံပေါ်၏။ ထိုကျင့်စဉ်ကို မည်သည့်ဂိုဏ်းက ပိုင်မှန်း သူတို့မသိပေ။ ကွန်ဖြူးရှပ်နှင့် ဗုဒ္ဓဂိုဏ်းသည် အသံကျင့်စဉ်၌ ပိုအစွမ်းထက်ပြီး တာအိုဂိုဏ်းများကမူ ထိုအပိုင်း၌ သိပ်မကျွမ်းပေ။ အသံလှိုင်းများနောက်ရှိ စွမ်းအားက မသန်မာပေ။ အမှန်တကယ်တွင် အားနည်းသည်ဟုတောင် သတ်မှတ်၍ ရ၏။ သို့သော် အသံလှိုင်း၏ ထိုးဖောက်အားက ကြီးမား၏။ ၎င်းသည် အရံအတားများနှင့် အစီအရင်များကို ကျော်ဖြတ်ပြီး တောင်တန်းများကို ဖြတ်ကျော်သွား၏။

ဂိုဏ်းသုံးဂိုဏ်း၏ အကြီးအကဲများနှင့် လေထဲတွင် ပျံဝဲနေသော တပည့်ရာချီက ကောင်းကင်ကောင်းချီးကို ကြည့်နေကြ၏။ ယင်းက သူတို့ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံသည့်နေရာဖြစ်သည်။

တိမ်များကွဲသွားပြီး မြူများ လွင့်သွားကာ မိုးပြာရောင်ကောင်းကင်ကို ယခု မြင်နိုင်ပြီဖြစ်သည်။

ကောင်းကင်ကံကြမ္မာနားရှိ တိမ်တိုက်များနှင့် မြူများက ဆန်းကျယ်သောလေက ဝေ့တိုက်သွားသည့်ပမာ ကွဲထွက်သွားတော့၏။

မကြာမီ၌ ကောင်းကင်ကံကြမ္မာအလယ်ကနေ အသံလှိုင်းပေါ်ထွက်လာ၏။ ယင်းက နက်ရှိုင်းပြီး အစွမ်းထက်သည်။ သူ၏လေသံထဲ၌ စိတ်ပျက်လက်ပျက် စိတ်ပျက်နေသံကို ကြားရသည်။

“မင်းတို့ ပါးစပ်တွေကို ရိုက်လိုက်”

ယွင်ဂိုဏ်း၏လူများသည် ယင်းက မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များကို ရည်ရွယ်သည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သူတို့ရင်ထဲ၌ ပျော်ရွှင်သွားတော့မည့် အချိန်၌ အသံလှိုင်း၏ ကနဦးချီက စွမ်းအင်အပြည့်ဖြင့် သိပ်သည်းလာ၏။ လက်ဝါးသဏ္ဌာန်စွမ်းအင်များက ဂိုဏ်းသုံးဂိုဏ်းမှ လူတိုင်း၏ပါးကို ရိုက်သွားတော့သည်။

“သက်ညှာပေးပါ ဂိုဏ်းချုပ်”

“သက်ညှာပေးပါ ဂိုဏ်းချုပ်”

ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များက ဒူးထောက်လျက် တညီတညွှတ်တည်း အော်လိုက်တော့သည်။

All Chapters