အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း (၃၇၀) ပွင့်ချပ်ကိုးလွှာအဆင့်၏ တကယ့်ကွာဟချက်
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဆံဖြူနှင့် လူအိုကြီးက သူတို့ဆီ လေထဲမှ လျှောက်လှမ်းလာသည်။ သူက တစ်ခြေလှမ်းတည်းဖြင့် ပေရာချီ ဖြတ်ကျော်လာသည်။ သူ့ခြေလှမ်း လှမ်းလိုက်တိုင်း အလင်းစက်ဝန်း ထွက်ပေါ်လာသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူက လော့ဂိုဏ်း၏ ပထမအထွတ်အထိပ်မြေအပေါ် လေထုထဲ ရောက်လာသည်။
ဂိုဏ်းသုံးဂိုဏ်းမှ ဒူးထောက်နေကြသည့် တပည့်များလည်း ထိုလူအိုကြီးကို သံပြိုင်နှုတ်ဆက်လိုက်ကြသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
ထိုစဉ် ပုံရိပ်သုံးခုက လျှပ်တစ်ပြက်အတွင်း ပျံသန်းသွားသည်။ သူတို့က မဟာနည်းစနစ်များဖြင့် ရောက်လာကြသည်။ ပုံရိပ်သုံးခုက ရောက်ရောက်ချင်း ဒူးထောက်လိုက်ကြသည်။
“ယွင်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင် ယွင်ဝူကျိက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
“ထျန်းဂိုဏ်းရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင် နန်ကုန်းဝေက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
“လော့ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင် ဖန်းယီကျစ်က ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
ပေါ်ထွက်လာသော အားကောင်းသည့် ကျင့်ကြံသူသုံးဦးမှာ ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြလေသည်။ ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များက ဂိုဏ်းချုပ်ကို နှုတ်ဆက်နေစဉ် သူတို့က ဘယ်လိုလုပ် မပေါ်ထွက်လာဘဲ နေလို့ ဖြစ်မည်နည်း။
မုတ်ဆိတ် ခြေထောက်အထိရှည်နေသည့် အဖြူဝတ် လူအိုကြီးက ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ် ယွင်ထျန်းလော့ ဖြစ်၏။ သူက ဂိုဏ်းသုံးဂိုဏ်း ကိုယ်စား လုကျိုးနှင့် စကားပြောဆိုဖို့ ထိုက်တန်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
ယွင်ထျန်းလော့က လက်ကို ဝေ့လိုက်သည်။ စွမ်းအားစည်းတံဆိပ် သုံးခုက ယွင်ဝူကျိ၊ နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့ဆီ ထိမှန်သွားလေသည်။
ဝုန်း ဝုန်း ဝုန်း
စွမ်းအားစည်းတံဆိပ်များက မလွဲသွားသလို သုံးယောက်လုံးကလည်း ရှောင်ဖို့ မကြိုးစားကြပေ။ သူတို့က ပါးရိုက်ခံလိုက်ရသည်။ သူတို့ပါးပြင်များက နီရဲလာပြီး မျက်နှာအထက် ချဉ်တူးတူး အမူအရာပင် မြင်နေရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့တတ်နိုင်သည့်အရာ မရှိပေ။ သူတို့က အဆင့်အတန်း မြင့်မားသော်လည်း ဂိုဏ်းချုပ်ရှေ့တွင် ဘာမှမဟုတ်တော့ပေ။
ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များလည်း ကြောင်သွားကြသည်။ သူတို့က ဂိုဏ်းချုပ် သူတို့မျက်နှာကို အဘယ်ကြောင့် ရိုက်မှန်း မသိပေ။
ယွင်ထျန်းလော့က သူတို့အား တစ်ချက်ပင် မကြည့်လာဘဲ “ ဒီလိုဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်လာတာကို မင်းတို့က ဧည့်ဝတ်ကျေပွန်မှု နှောင့်နှေးနေတယ်ပေါ့လေ ”
ထိုအရာပေါ် မူတည်၍ ဂိုဏ်းသုံးဂိုဏ်းမှ လူများ သိချင်နေသည့် အကြောင်းအရင်းအား ရှင်းသွားလေပြီ။ သူတို့က စတင်ထိတ်လန့်လာကာ ဂိုဏ်းချုပ်ပင် သူတို့ကို လှိုက်လှိုက်လှဲလှဲ ပျူငှာနေရသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်း၏ ကြီးမားမှုကို သဘောပေါက်လာကြသည်။
“ကျွန်တော်တို့ အမှားလုပ်မိသွားပါတယ်” ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များက ဦးညွှတ်လိုက်ရင်း နောင်တရလာကြသည်။
ယွင်ထျန်းလော့က ရှေ့ထွက်လာသည်။
ထိုအရာကို မြင်ကာ လန်လော့၊ ဖန်လီထန်းတို့က လက်နှစ်ဖက်ယှက်ကာ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
တစ်ပေအရွယ်လက်ဆောင်က ဆယ်ပေ ပြန်ရောက်လာသည်။
ယွင်ထျန်းလော့က မျက်ခုံးပင့်ကာ “အစ်ကိုကျိ … အခု လူအိုကြီး ဖြစ်နေပြီပဲ။ တောင်ပေါ်မှာပဲ နေတာ မဟုတ်ဘဲ ဘာလို့ ဒီရောက်လာရတာလဲ”
“ယွင်ထျန်းလော့ … မင်းလည်း သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီပဲ။ ငါသာ နောက်ကျမှ ရောက်လာမိရင် မင်းတော့ အရိုးစု ဖြစ်နေလောက်ပြီ” လုကျိုးက ထိုင်ခုံလက်တန်းပေါ် ရိုက်ကာ ပြောလိုက်သည်။ ထို့နောက် ရထားလုံးပျံထဲမှ ထွက်လာလိုက်သည်။ သူက လက်နောက်ပစ်လျက် ယွင်ထျန်းလော့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေလိုက်သည်။
ယွင်ထျန်းလော့၏ မျက်နှာထက် ယုံရခက်သည့် အမူအရာ ပေါ်လာပြီး သက်ပြင်းချကာ “ခင်ဗျား ငယ်သွားသလိုပဲ … ကျုပ်တော့ ဒါကို ထိန်းထားနိုင်မယ် မထင်တော့ဘူး ”
လုကျိုးက လက်တစ်ဖက် နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လိုက်ပြီး “ဒီမှာ ငါ့ကို မကြိုဆိုဘူးလား”
ယွင်ထျန်းလော့က လက်ဝှေ့ကာ “ မိတ်ဆွေဟောင်းကြီး လာလည်တာကို ဝမ်းသာရမှာပေါ့။ မသိတတ်တဲ့ ကျုပ်တပည့်တွေကိုယ်စား တောင်းပန်ပါတယ်”
သူက ပြောရင်း လုကျိုးကို ဦးညွှတ်လိုက်သည်။
ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များက ထိုအပြုအမူကြောင့် ထိတ်လန့်နေကြသည်။ သူတို့က သူတို့ဂိုဏ်းချုပ် တခြားသူရှေ့ ခေါင်းငုံ့သည်ကို မမြင်ဖူးကြပေ။ သူတို့က ထိုသို့အတွေးမျိုး တွေးပင် မတွေးရဲကြပေ။
“ဒီဘက်မှာပါ ”ယွင်ထျန်းလော့က ဖိတ်ခေါ်သည့် လက်ဟန်လုပ်လိုက်သည်။
လုကျိုးက သူ့ဖိတ်ခေါ်မှုကို လက်ခံကာ ဆင်းလာလိုက်သည်။ လန်လော့နှင့် ဖန်လီထန်းလည်း နောက်မှ လိုက်ပါလာကြသည်။
“ရှစ်စွင်း တပည့်လည်း သွားချင်တယ်” ရှောင်ယွမ်အာက အောက်ဆင်းဖို့ တက်ကြွနေသည်။ သူမက ရထားလုံးပျံပေါ် နေရသည်မှာ ပျင်းလာလေပြီ။ သူမက ရထားလုံးပျံမှ အလျင်စလို ဆင်းကာ လုကျိုးဆီ ပျံသန်းလာ၏။
ယွင်ထျန်းလော့က ရှောင်ယွမ်အာကို ခဏလေ့လာလိုက်ပြီးနောက် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။ “ပါရမီကောင်းလေးပဲ … အခြေခံလည်း ကောင်းတယ်။ ဒီလိုလူမျိုး ရှာတွေ့ဖို့ ခက်ခဲတယ် ”
ရှောင်ယွမ်အာက ပြုံးကာ လုကျိုးဘေးနား ရောက်လာသည်။
လုကျိုးက ခေါင်းခါလိုက်ပြီး “ မင်းလည်း တပည့်တွေအများကြီး ရှိတာပဲ ”
ယွင်ထျန်းလော့က ရယ်ကာ “ ဒါပေမဲ့ ခင်ဗျားတပည့်တွေကို မမှီသေးပါဘူး ”
“ ဖြောင့်မတ်ခြင်း လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ကြား ကွာခြားချက်တော့ ရှိတာပဲ” လုကျိုးက ဖြေလိုက်သည်။
“ ကျုပ်လည်း အဲလိုပဲ ထင်တယ် ”
သူတို့ ဆင်းသက်လာသည့်အခါ ကျောက်စားပွဲများနှင့် ထိုင်ခုံများကို အထွတ်အထိပ်မြေအလယ်တွင် ပြင်ဆင်ထားပြီးလေပြီ။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။ အခြားလူများက အကွာအဝေးတစ်ခု ခြားကာ မတ်တတ်ရပ်နေကြသည်။
ယွင်ထျန်းလော့က လန်လော့နှင့် ဖန်လီထန်းကို ကြည့်ပြီးနောက် အဝေးတစ်နေရာတွင် ရပ်နေသည့် ဟွားဝူတောက်ကို ကြည့်လိုက်သည်။
သူက မေးလိုက်၏။ “အစ်ကိုကျိ ဒီအထိရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ ”
လော့ဂိုဏ်းမှ တပည့်များက လုကျိုးနှင့် ယွင်ထျန်းလော့ စကားပြောနေတုန်း သစ်သီးနှင့် လက်ဖက်ရည်ကြမ်းအား ဧည့်ခံလာသည်။ ယွင်ထျန်းလော့က ထိုအရာကို မြင်ကာ လက်ဝှေ့လိုက်သည်။
ဝှစ်
တည့်ခင်းထားသည့် ပစ္စည်းများက လော့ဂိုဏ်းသားများဆီ ပြန်လွင့်စဉ်လာကာ “ ရိုင်းလိုက်တာ ”
လော့ဂိုဏ်းမှ တပည့်များက တုန်တုန်ယင်ယင်ဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြသည်။
ယွင်ထျန်းလော့က ပြောလိုက်သည် “ ဒီလိုအပြုအမူအတွက် အားနာပါတယ် … လူငယ်တွေက တည့်ခင်းမှုကို မသိကြဘူး ”
သူတို့အဆင့်ဖြင့် သစ်သီးနှင့် လက်ဖက်ရည်ကြမ်းလို အစားအစာများက ဧည့်ခံတည့်ခင်းဖို့ မသင့်တော်တော့ပေ။
လုကျိုးက အသေးအဖွဲ့ကိစ္စလေးဖြင့် စိတ်ရှုပ်တတ်သည့်သူ မဟုတ်ချေ။
“ ကိစ္စမရှိပါဘူး။ ဒီကို မင်းဆီ လာတွေ့တာ။ မင်းတပည့်တွေကို ဘယ်လိုပြုမူရတယ်ဆိုတာ လာသင်ပေးဖို့ မဟုတ်ဘူး”
“ ခင်ဗျား ပြောတာလည်း ဟုတ်တာပဲ ”
“ အဆင်ပြေပါတယ်”
နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြသည်။
သူတို့အဆင့်မျိုး စကားဝိုင်းက ဘေးလူများ၏ သိချင်စိတ်ကို နိုးဆွပေးနိုင်သည်။ သူတို့က သူတို့နှစ်ယောက် ဘာပြောမှာလဲဟု သိချင်နေကြသည်။
ဂိုဏ်းချုပ်နှစ်ယောက် မျက်နှာချင်းဆိုင်ပြောမည့်အရာက ဘယ်လောက်တောင် အရေးကြီးနေလိုက်မလဲ။
လန်လော့က လက်အသာဝေ့လိုက်သည်။ သူတို့ကြား စွမ်းအားအကာအကွယ်တစ်ခု ပေါ်လာကာ လူအုပ်နှင့် သူတို့ကြား ပိုင်းခြားထားလိုက်သည်။
ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များက စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့က အပြင်ဘက်မှ ကြည့်နေရုံသာ တတ်နိုင်လေသည်။ ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များပင် ဒီလိုမဆက်ဆံကြပေ။
“ မင်းကန့်သတ်ချက် ရောက်ဖို့ နှစ်သုံးဆယ်ပဲ ကျန်တော့တာလား ” လုကျိုးက မေးလိုက်သည်။
ယွင်ထျန်းလော့က သက်ပြင်းချကာ “အကြမ်းဖျင်းပေါ့ … အစ်ကိုကျိ ခင်ဗျားကြည့်ရတာ ကျုပ်ထက် အချိန်ပိုနည်းမဲ့ပုံပဲ”
သူက သီးသန့်ကျင့်ကြံနေသော်လည်း ကျင့်ကြံရေးလောကမှ သတင်းများကို ရံဖန်ရံခါ ကြားနေရသည်။
လုကျိုးက မငြင်းပေ။ ကျင့်ကြံရေးလောကနှင့် သူ့လက်တွေ့ အခြေအနေအရ သူ့ကန့်သတ်ချက်မှ မနက်ဖြန်ပင် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ “ ဟုတ်တယ် ”
“ဆိုတော့ ဒီကို သက်တမ်းဆွဲဆန့်မဲ့ နည်းလမ်း လာရှာတာလား” ယွင်ထျန်းလော့က မေးလိုက်သည်။ ထိုသို့မေးပြီးနောက် သူက ခေါင်းခါကာ “ အစ်ကိုကျိ နောက်နေတာမလား။ တကယ်လို့ ခင်ဗျားတောင် အဖြေမသိရင် ကျုပ်က ဘယ်လိုလုပ် သိမှာလဲ ”
“ မင်း ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ မကြိုးစားဘူးလား” လုကျိုးက မုတ်ဆိတ်သပ်ရင်း မေးလိုက်သည်။
“ကျုပ် လက်လျှော့လိုက်ပြီ ” ယွင်ထျန်းလော့က သက်ပြင်းချလိုက်သည်။
“ ကျုပ် ကန့်သတ်ချက်မရောက်ခင် ကျုပ် သွေးအဆီအနှစ်ရဲ့ နှစ် ၇၀ စာ ဆုံးရှုံးထားပြီးပြီ။ အဲဒီနောက် ကျုပ် ကျင့်ကြံရေးကလည်း ဆုတ်ယုတ်လာတယ်။ ပွင့်ချပ်ကိုးလွှာအဆင့် တက်ဖို့ အခွင့်အရေး မရှိတော့ဘူး ”
လန်လော့နှင့် ဖန်လီထန်းတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
လုကျိုးက ပြောလိုက်၏။ “ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြိုးစားတာ မင်းရဲ့ သက်တမ်းကို လျော့ကျစေတယ်လို့ တွေးမိသေးလား ”
ယွင်ထျန်းလော့က မျက်မှောင်ကြုတ်လိုက်သော်လည်း အကြည့်များက တောက်ပလာသည်။ သူ့လှုပ်ရှားမှုများက ရုတ်ခြည်း အေးခဲသွားဟန်ပေါ်၏။ သူက အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် အဖြေကို လိုက်ရှာနေခဲ့သည်။
ထိုကိစ္စကို ဆွေးနွေးဖို့ ဘယ်သူမှလည်း မရှိပေ။ အကယ်၍ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိနိုင်မည့်သူ ရှိလာလျှင် ထိုသူက ကျိထျန်းတောက်သာ ဖြစ်လိမ့်မည်။ သူက လုကျိုး၏ အတွေးအမြင်များကို အလွန်စိတ်ဝင်စားနေမိသည်။
သူက မေးလိုက်၏။ “ အစ်ကိုကျိရော စမ်းကြည့်ဖူးလား ”
လုကျိုးက မုတ်ဆိတ်သပ်ကာ “ အင်း …. ငါ့သက်တမ်းက အလျင်အမြန် ကုန်ဆုံးသွားတယ်။ ကြည့်ရတာ နောက်တစ်ရက်ပဲ မြေမြှုပ်ခံရပြီးတော့ ရွံ့တုံး ဖြစ်သွားနိုင်တယ်မလား ” လုကျိုးက သူ့ဘာသာ လှောင်ပြောင်ရင်း ဖြေလိုက်သည်။
လန်လော့နှင့် ဖန်လီထန်းတို့က ထိုထုတ်ဖော်ချက်ကြောင့် အံ့ဩသွားကြသည်။ သူတို့က လူအိုကြီးနှစ်ယောက် စကားဝိုင်းကို နားထောင်ရင်း ကမ္ဘာခြားတစ်ခုအကြောင်း အက်ကြောင်းလေးမှ ချောင်းကြည့်ခွင့်ရလိုက်သလိုမျိုး ဖြစ်၏။ သို့သော်လည်း ထိုတံခါးချပ်နောက်ကွယ်တွင် အမှောင်ထုကလွဲ၍ ဘာမှရှိပုံမပေါ်ပေ။
ယွင်ထျန်းလော့လည်း အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက သက်ပြင်းချကာ “အစ်ကိုကျိ စိတ်မပူနဲ့ … ခင်ဗျားနောက်မှာ ကျုပ် လိုက်လာမှာပါ ”
…
အခန်း (၃၇၁) သေခြင်းတရားပေါ် ထိုးထွင်းသိမြင်မှု။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်ကာ ယွင်ထျန်းလော့ကို မျက်နှာသေဖြင့် ကြည့်လိုက်လေသည်။
“မင်း အဆင်သင့် ဖြစ်ပြီလား”
“ဘာအတွက်လဲ”
“သေဖို့ပေါ့”
လုကျိုး၏စကားက ပွင့်လင်းပြီး တည်ငြိမ်လှပေ၏။
ယွင်ထျန်းလော့သည် လုကျိုးကို နှစ်ပေါင်းများစွာ ကျော်ဖြတ်မြင်ခဲ့ပြီးသည့် သူ၏မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လုကျိုးကို သူ ကြည့်မိလေလေ တစ်စုံတစ်ခု လွဲချော်နေလေလေဟု သူ ပိုခံစားရလေလေ ဖြစ်သည်။ နောက်ဆုံး၌ သူ မေးလိုက်၏။
“ခင်ဗျားက အစ်ကိုကျိ မဟုတ်ဘူးလား”
သူတို့နှစ်ယောက်လုံးသည် သင်္ချိုင်းကုန်းထဲ ခြေတစ်ဖက်လှမ်းနေသည့် အဘိုးကြီးများ ဖြစ်သည်။ သူတို့အတွက် သေဟူသည့် စကားကို ပြက်ရယ်ပြုသော အပြုအမူဖြင့် ပြောဖို့က မသင့်တော်တာ ဖြစ်နိုင်သည်။ သို့သော်ငြား ယွင်ထျန်းလော့က ထိုအကြောင်းကို ပိုတွေးမိလေ ထုံးစံမဲ့လေဟု ခံစားရမိလေ ဖြစ်သည်။ အကြောင်းမှာ သူတို့အသက်များက ယခုအချိန်တွင် သေခြင်းတရားအကြောင်း ဤနည်းဖြင့် ပြောနိုင်သည့် အသက်အရွယ် ရောက်နေပြီ ဖြစ်သည်။
လုကျိုးက ဘာမှမပြောဘဲ ခေါင်းခါလိုက်ရာ ယွင်ထျန်းလော့က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ သူက အနည်းငယ် ရွှင်ပျသွားပုံပေါ်သည်။ သူက လုကျိုး၏ မဟာအကန့်အသတ်သည် သူနှင့်ယှဉ်လျှင် မကြာမီ ရောက်လာတော့မည် ဖြစ်ကြောင်း ထုတ်ပြောချင်၏။ အဆုံးတွင် သူက မေးလိုက်သည်။
“ဒီကို စကားပြောဖို့ ရောက်လာရုံတင် မဟုတ်ဘူး မဟုတ်လား။ အစ်ကိုကျိ..”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“အမှန်အတိုင်း ပြောရရင် မင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူဖို့ ကြိုးပမ်းတဲ့အချိန်တုန်းက မင်းရဲ့ထိုးထွင်းဉာဏ်နဲ့ အတွေ့အကြုံကို မေးဖို့ ဒီရောက်လာတာပဲ”
ယွင်ထျန်းလော့သည် လုကျိုးကို ရှုပ်ထွေးသော အကြည့်များဖြင့် စေ့စေ့စပ်စပ် စိုက်ကြည့်လေ၏။ လုကျိုးသည် ထိုအကြောင်းအရင်းကို ရုတ်တရက် အဘယ်ကြောင့်မေးမှန်း သူ မသိပေ။ ဆိုရလျှင် ဤရှုထောင့်၌ ကျိထျန်းတောက်နှင့် သူ မယှဉ်နိုင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းသခင်၏ စွမ်းဆောင်ရည်အကြောင်းကို တစ်လောကလုံးရှိ လူတိုင်း သိကြသည်။ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်၏ အကန့်အသတ်၌ ရှိနေခဲ့တာ ကြာနေပြီဖြစ်၏။ နောက်ဆုံးတွင် သူက သက်ပြင်းချပြီး ပြောလိုက်၏။
“အဲဒါက မဖြစ်နိုင်တဲ့ ကိစ္စသာ မဟုတ်ရင် အစ်ကိုကျိက ပွင့်ချပ်ကိုးလွှာအဆင့်ကို အရင်ဆုံးရအောင် ကြိုးပမ်းနိုင်တဲ့သူဆိုတာ ကျုပ်ယုံတယ်”
“အဲလို မဟုတ်ဘူး”
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်၏။
“ဘာကြောင့် ဒီလို ပြောတာလဲ”
“ငါတို့ထက် အရည်အချင်းပိုရှိတဲ့ တစ်စုံတစ်ယောက်က ရှိတာပဲ။ ကမ္ဘာလောကကြီးထဲကနေ သူတို့ဘာသာ ပုန်းနေဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ပညာရှင်တွေ မရှိဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ”
လုကျိုးက ခဏတာ ရပ်တန့်လိုက်၏။ ပြီးနောက် သူက ပေါ့ပါးသော လေသံဖြင့် ထပ်ပြောလိုက်သည်။
“ဒါ့အပြင် အဲဒါ မဖြစ်နိုင်ဘူးလို့ ဘယ်သူက ပြောလဲ”
ယွင်ထျန်းလော့က ထိတ်လန့်အံ့အားသင့်သွား၏။ လုကျိုး၏ ရင့်ရော်သော မျက်နှာပေါ်၌ နွေးထွေးသော အပြုံးတစ်ပွင့် ပေါ်လာလေ၏။
အမှန်တရားသည် မကြာခဏ ရှိနေသေးပြီး လက်ဆုပ်လက်ကိုင်မပြနိုင်တာက စိတ်ကို ရှုပ်ထွေးစေသည်။ ယင်းကို နားမလည်နိုင်သော်ငြား ရှာဖွေခြင်းကနေ မည်သူမျှ မဟန့်တားနိုင်ပေ။
“အစ်ကိုကျိနဲ့ စကားပြောရတာက စာအုပ်တွေ ဆယ်နှစ်ကျော် လေ့လာဖတ်ရှုရတာထက် ပိုကောင်းနေတာပဲ။ ကျုပ် ဉာဏ်အလင်းပွင့်ပါရဲ့”
ယွင်ထျန်းလော့က လက်ဝေ့ယမ်းလိုက်၏။ ယခင်က လန်လော့ ချမှတ်ထားသည့် အရံအတားသည် ပျောက်ကွယ်သွား၏။ သူ့နောက်ကို ကြည့်ကာ ပြောလိုက်တော့သည်။
“ငါ့ရဲ့စစ်တုရင်ခုံကို ယူလာခဲ့”
လော့ဂိုဏ်း၏ အကြီးအကဲ ဖုန်းယီကျစ်က အရိုအသေပေးပြီး ပြောလိုက်၏။
“တစ်ခါတည်း..”
မကြာမီ၌ ထူးကဲသည့် စစ်တုရင်ခုံကို သယ်ဆောင်လာတော့သည်။
ဖုန်းယီကျစ်သည် ကျောက်စားပွဲပေါ်၌ စစ်တုရင်ခုံကို တလေးတစား ချပေးပြီး ယွင်ထျန်းလော့ဘေး၌ ရပ်နေ၏။ ယွင်ထျန်းလော့က ပြောသည်။
“အစ်ကိုကျိ ကျုပ်ရဲ့ကျင့်ကြံဆင့်က အကန့်အသတ် ရှိတယ် ဆိုမှတော့ ကျုပ်တို့တွေ စစ်တုရင်တစ်ပွဲလောက် ဆော့ရအောင်လား..”
လုကျိုးက မုတ်ဆိတ်သပ်လျက် စစ်တုရင်ခုံကို ကြည့်လိုက်သည်။ သူ၏မှတ်ဉာဏ်ထဲ၌ ကျိထျန်းတောက်၏ စစ်တုရင်စွမ်းရည်က ကောင်းမွန်၏။ သို့သော်ငြား လုကျိုးသည် ယခင်ဘဝ၌ သူက ဂိုဆော့နည်းကိုသာ သိခဲ့တာ ဖြစ်သည်။ ထို့အပြင် သူသည် ၎င်းကို တစ်ခါမှ မဆော့ခဲ့ဖူးပေ။ သူ မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။ စစ်တုရင်ခုံကို အကဲဖြတ်ကြည့်ပြီးနောက် သာမန်စစ်တုရင်ခုံများနှင့် မတူညီပုံရ၏။
ဒေါင်လိုက်နှင့် အလျားလိုက်မျဉ်း ၁၉ခု ရှိသည်။ စစ်တုရင်ခုံပေါ်၌ ပါးလျသည့် အစီအရင်သွေးကြောများလည်း ထွင်းထုထားလေ၏။
“ကြည့်ရတာ မင်းရဲ့ကျင့်ကြံဆင့်က ယိုယွင်းနေပြီးပုံပဲ”
လုကျိုးက ပြောလိုက်၏။ မဟာအကန့်အသတ်နား နီးနေသည့် ကျင့်ကြံသူတစ်ယောက်အဖို့ ကျင့်ကြံဆင့် ဆုံးရှုံးမည် ဆိုတာက မလွဲမသွေပဲ ဖြစ်သည်။ ကျင့်ကြံခြင်းအရာတွင် လုကျိုးကို အကောင်းဆုံးယှဉ်ပြိုင်ဖို့က ယွင်ထျန်းလော့အတွက် အတော်လေး မဖြစ်နိုင်ပေ။ ယွင်ထျန်းလော့က ခေါင်းညိတ်၏။
“ခင်ဗျားလည်း တူညီတဲ့ကံကြမ္မာကို ခံစားရလိမ့်မယ်လို့ ထင်နေတာ။ ကျုုပ်ထင်ထားတာထက် အစ်ကိုကျိ အဆင်ပြေနေတာ မြင်တော့ အံ့ဩမိပါရဲ့”
သူတို့နှစ်ယောက်လုံးက အရူးများ မဟုတ်ပေ။ သူတို့သည် နှစ်တစ်ထောင်နီးပါး ရှင်သန်နေထိုင်လာခဲ့သူများ ဖြစ်၏။ ယွင်ထျန်းလော့က လုကျိုး၌ အသက်ဓာတ်များ ပြည့်နေတာကို မြင်တွေ့နိုင်သည်။ လူတစ်ယောက်က အတွေ့အကြုံ ဗဟုသုတ လုံလုံလောက်လောက် ရှိသွားသည်နှင့် ထိုးထွင်းသိမြင်သည့် မျက်ဝန်းရှိလာလိမ့်မည်။
“စကြမလား”
ယွင်ထျန်းလော့က အနက်ရောင်ကျောက်တုံးကို ရွေးချယ်လိုက်၏။
“ဘယ်သူက ဘယ်အရောင်ရွေးမလဲ။ ဘယ်သူက အရင်စမလဲဆိုတာ မဆုံးဖြတ်တော့ဘူးလား”
လုကျိုးက ကျောက်တုံးများကို ကြည့်လိုက်၏။
“ခင်ဗျားက ကျုပ်ထက် အသက်ပိုကြီးပါတယ် အစ်ကိုကျိ စိတ်မရှိဘူး မဟုတ်လား”
ယွင်ထျန်းလော့က ပြောပြီးနောက် ဘယ်ဘက်အပေါ်ထောင့်၌ ကျောက်တုံးကို ချထားလိုက်သည်။
ဆက်ထားသော အစီအရင်သွေးကြောများ တောက်လျှောက် ရွှေရောင်စွမ်းအင်က စီးဆင်းပြီး တောက်ပလာလေ၏။ စစ်တုရင်ခုံပေါ်ရှိ အစီအရင်သွေးကြောများသည် ကျောက်တုံးကြောင့် အသက်ဝင်သွားသည်။
လုကျိုးက နားလည်သွား၏။ စစ်တုရင်ခုံနောက်၌ တစ်စုံတစ်ခု ရှိနေသည်။ စွမ်းအင်က အစီအရင်သွေးကြောတောက်လျှောက် စီးဆင်းနေ၏။ ထိုစဉ် လုကျိုးသည် အဖြူရောင်ကျောက်တုံးကို ကောက်ယူပြီးနောက် ညာဘက်အောက်ထောင့်၌ ထားလိုက်သည်။
ထောက်..
ကျောက်တုံးများသည် တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် ဖြစ်သွားသည်။ မွန်မြတ်သောမြေသည် ထိုစဉ်၌ တောက်ပလာလေ၏။ ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များအားလုံးက နောက်ဆုတ်သွားသည်။ သူတို့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုကို ထိတ်လန့်နေသော အမူအရာဖြင့် လှည့်ကြည့်လိုက်ကြသည်။
“ကောင်းတယ်”
ယွင်ထျန်းလော့က ချီးကျူးလိုက်လေသည်။
နောက်ထပ် ကျောက်တုံးတစ်တုံး ချထားလိုက်သည်။ စွမ်းအင်များ ဝေ့တက်လာ၏။ ထိုအကွက်ဖြင့် အထွတ်အမြတ်မြေအထက်၌ မရေမတွက်နိုင်သော စွမ်းအင်ဓားသွားများ လှည့်ပတ်သွားသည်။
လုကျိုး၏အမူအရာက တည်ငြိမ်နေသည်။ ဘာတွေဖြစ်နေမှန်း သူ နားလည်သွား၏။ ဤစစ်တုရင်ခုံသည် အရံအတား၏ အစီအရင်ကို ဖွင့်ပေးသော သော့ပဲ ဖြစ်သည်။ အဖွင့်အပိတ် စစ်တုရင်စွမ်းရည်က ဤနေရာတွင် မလိုအပ်ချေ။ သူ့အတွက် အရေးကြီးဆုံးအရာက အစီအရင်ကို ဘယ်လို ဖြိုခွဲမလဲဆိုတာ ထုတ်ဖော်ရန်ပဲ ဖြစ်သည်။
လုကျိုးသည် စစ်တုရင်ခုံပေါ်ရှိ အစီအရင်ကြောများကို အာရုံစိုက်ကြည့်လိုက်၏။ သူသည် မျဉ်း၁၉ခုကို အပြည့်အဝ လျစ်လျူရှုထားသည်။ စွမ်းအင်က အစီအရင်သွေးကြောကို ကာစီးထားသည်။ ထိုစွမ်းအင်သည် အထွတ်အမြတ်မြေအထက်၌ ပေါ်နေသည့် ဓားသွားစွမ်းရည်နှင့် ဆင်တူပုံရသည်။
“စစ်တုရင်ခုံက ကမ္ဘာပဲ”
ထပ်..
လုကျိုးက နောက်ထပ်ကျောက်တုံးတစ်တုံး ထားလိုက်သည်။
ဝေဟင်ရှိ စွမ်းအင်ဓားသွားများသည် ကြီးမားသော လက်ကြီးတစ်ဖက်ဖြင့် သိမ်းကြုံးလှည်းကျင်း ခံလိုက်ရပုံပေါ်၏။
ယွင်ထျန်းလော့က နောက်ထပ် ကျောက်တုံးတစ်တုံး ထားလိုက်သည်။
အစီအရင်က တောက်ပစွာ လင်းထိန်လာ၏။ များစွာသော စွမ်းအင်ဓားသွားများက လည်ပတ်လာပြီးနောက် သေသပ်သော အခင်းအကျင်းဖြင့် လုကျိုးဆီသို့ တိုးဝင်လာသည်။
“နောက်ဆုတ်..”
လန်လော့၊ ဖန်လီထျန်းနှင့် ရှောင်ယွမ်အာတို့သည် အထွတ်အမြတ်မြေ၏ အစွန်သို့ နောက်ဆုတ်သွားကြသည်။ လော့ဂိုဏ်း၏အကြီးအကဲ ဖုန်းယီကျစ်က သူတို့အဝေးသို့ ခုန်ထွက်သွားပြီးနောက် လူအုပ်ကြားထဲ ဆင်းသက်လိုက်သည်။
လူတိုင်းက စွမ်းအင်ဓားသွားများကို ထိတ်လန့်နေသော အမူအရာများဖြင့် ကြည့်နေလေ၏။
ဖုန်း ဖုန်း ဖုန်း..
လုကျိုးသည် သူ၏ကျောက်တုံးကို ထားလိုက်ချိန်၌ အထွတ်အမြတ်မြေ၏ အရှေ့ဘက်ကနေ စွမ်းအင်ဓားသွားများ ပိုမိုပေါက်ကွဲလာ၏။
သူတို့၏စွမ်းအင်ဓားသွားများ တိုက်မိကုန်သည်။ အချိန်တချို့ ကြာပြီးနောက် စွမ်းအင်ဓားသွားများသည် လေထဲ၌ ရုတ်တရက် မှိန်ဖျော့သွား၏။
ယွင်ထျန်းလော့က သူ၏တိမ်ဝဲသော မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူက လုကျိုးကို ကြည့်ပြီးနောက် အထိတ်တလန့်ဖြင့် ဆူညံသံပြုလိုက်၏။
“ဟမ်..”
လုကျိုးသည် လက်ချောင်းနှစ်ချောင်းကြား၌ ကျောက်တုံးတစ်တုံးကို ကိုင်ထားသည်။ သူက စစ်တုရင်ခုံပေါ်ရှိ အစီအရင်သွေးကြောကို အာရုံစိုက်နေ၏။ ယွင်ထျန်းလော့သည် သူ့ရင်ထဲ၌ မျိုသိပ်ထားရပုံပေါ်သည့် အချည်းနှီးဖြစ်မှုက ကွယ်ပျောက်သွားတာကို ခံစားလိုက်ရပြီး သဘောပေါက်သွား၏။
“ကျုပ်သိပြီ”
“ဘာကို ဆိုလိုတာလဲ”
လုကျိုးက မော့မကြည့်ပေ။
“ရွေ့လျားမှု ချို့တဲ့တာက အကောင်းဆုံးအကွက်ပဲလေ။ ဘယ်ကျောက်တုံးကမှ သူတို့ရှိနေတာထက် ပိုမကောင်းဘူး။ အစ်ကိုကျိက အခြေအနေတွေအောက်က မျဉ်းတွေနဲ့ လွှမ်းမိုးမခံလိုက်ရတာ အထင်ကြီးမိပါရဲ့”
ယွင်ထျန်းလော့က ပြန်ပြောလိုက်သည်။ လုကျိုးသည် စစ်တုရင်ခုံပေါ်ရှိ အစီအရင်ကြောကို ကြည့်နေသေးဆဲ ဖြစ်၏။ ငါက မျဉ်းတွေကို လျစ်လျူရှုထားတာ မဟုတ်ဘူး။ ဘယ်လို ကစားရမလဲတောင် မသိဘူးဟ။
ယွင်ထျန်းလော့က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူက ကျောက်တုံးတစ်တုံးကို ယူပြီး စစ်တုရင်ခုံပေါ် ထားလိုက်၏။
ထပ်..
နောက်ထပ် အသံသဲ့သဲ့ လေထဲ ပေါ်ထွက်လာသည်။
ယခုအခေါက်တွင် ယွင်ထျန်းလော့က ခုံ၏အလယ်တွင် ချထားလိုက်တာ ဖြစ်သည်။ အစီအရင်သွေးကြောများသည် မျဉ်း၁၉ခုနှင့် ရုတ်တရက် ဆက်နွယ်သွား၏။ မျက်စိကျိန်းလောက်အောင် တောက်ပသည့် အလင်းသည် အထွတ်အမြတ်မြေပေါ်၌ ထွန်းလင်းလာပြီး လူတိုင်း၏ အမြင်အာရုံကို ဟန့်တားလိုက်၏။
လုကျိုးက မျက်ခုံးတစ်ဖက် ပင့်လျက် မော့ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် မျက်မှောင်အနည်းငယ် ကြုတ်နေတာကို မြင်တွေ့နိုင်၏။ ယွင်ထျန်းလော့က ပျောက်ကွယ်သွားပုံရသည်။ သူ၏နေရာ၌ ထူးဆန်းသည့် မြင်ကွင်းရှိနေပြီး လူငယ်လေးတစ်ဦးက လျင်မြန်စွာ ကြီးပြင်းလာ၏။ သူ၏ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ကျေနပ်ခြင်း၊ ခက်ခဲသည့်အချိန်၊ ကောင်းမွန်သည့်အချိန်တို့က လုကျိုး၏ မျက်စိရှေ့၌ ပေါ်ပေါက်လာ၏။ လူငယ်လေးက ကြိုးစားပမ်းစား ကျင့်ကြံနေလေ၏။ ယင်းက ယွင်ထျန်းလော့၏ အသိစိတ်ပဲ ဖြစ်သည်။
သူ၏ဆုံးရှုံးသွားသော မှတ်ဉာဏ်များကလည်း တူညီသည့်သလင်းထဲ၌ ချိပ်ပိတ်ခံထားရတာ ဖြစ်နိုင်သည်ဟု လုကျိုး ခန့်မှန်းမိသည်။ ယင်းကို ယွီရှန်းရုန်ထံကနေ သူ အတည်ပြုခဲ့၏။
ယွင်ထျန်းလော့က ပွင့်ချပ်ကိုးလွှာအဆင့်ကို ကြိုးပမ်းနေချိန် စစ်တုရင်ခုံထဲမှာ သူ့ရဲ့အသိစိတ်နဲ့ ချိတ်တွယ်ခဲ့တာလား။
မြင်ကွင်းက ပြောင်းလဲသွား၏။ နေလတို့က ကောင်းကင်ကို ဖြတ်ကျော်နေ၏။ နေ့ည တစ်လှည့်စီ ဖြစ်ပေါ်နေ၏။
ယွင်ထျန်းလော့သည် စွမ်းအင်များဖြင့် ပြည့်နေသော ကမ္ဘာတွင် ထိုင်နေ၏။
လုကျိုးသည် ယွင်ထျန်းလော့၏ ချီပင်လယ်စွမ်းအင်ဗဟိုချက်၌ စုဝေးနေသော များပြားလှသည့် စွမ်းအားပမာဏကို မြင်လိုက်ရသည်။
“ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ် လက်ရွေးစင်ရဲ့စွမ်းအား”
လုကျိုးသည် ထိုစွမ်းအား မည်မျှ အစွမ်းထက်ကြောင်း အာရုံခံနိုင်ပြီဖြစ်သည်။ ၎င်းက အင်မတန် မြန်ဆန်သော အရှိန်ဖြင့် ပြန့်ကားပြီး ကြီးပြင်းနေ၏။
ဒါက ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ ကြိုးပမ်းတာလား။
“ဟမ်”
ယွင်ထျန်းလော့အောက်ရှိ ရွှေရောင်ကြာပွင့်သည် လေပွေပမာ စွမ်းအင်အားလုံးကို တိတ်တဆိတ် စုပ်ယူနေကြောင်း မြင်တွေ့လိုက်ရ၏။ ဒုက္ခရွှေကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်သာလျှင် ရွှေရောင်ကြာပွင့်ကို ထုတ်လုပ်နိုင်သည်။ ရွှေရောင်ကြာပွင့်သည် သစ်ရွက်များ ကြီးထွားရန်အတွက် စွမ်းအင်များ ထောက်ပံ့ပေးရသည့် သစ်ပင်၏အမြစ်ကဲ့သိုပင်။ သို့သော် ယခုအချိန်၌ ရွှေရောင်ကြာပွင့်က စွမ်းအား စုပ်ယူနေ၏။ ယွင်ထျန်းလော့က ၎င်းကို သတိမပြုမိပုံရသည်။ လုကျိုးက ၎င်းကို ယုံကြည်နိုင်ရန် ခက်ခဲနေ၏။ သူ တွေးမိသွားသည်။ ဒါက သူ့ရဲ့ကျင့်ကြံဆင့် ယိုယွင်းရခြင်း အကြောင်းအရင်းလား။ စွမ်းအားက ပြိုကွဲသွား၏။ ရွှေရောင်ကြာပွင့် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ကလည်း သူတို့မူလအနေအထားအတိုင်း ပြန်ရောက်သွားသည်။
ယွင်ထျန်းလော့သည် သူ၏လက်ချောင်းကြား၌ အနက်ရောင်ကျောက်တုံးကို ကိုင်ထားလျက် စစ်တုရင်ခုံထက်သို့ လက်က ကျသွား၏။ လုကျိုးက တူညီသည့်ပုံစံအနေအထားအတိုင်း ရှိနေသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြတော့သည်။
…
အခန်း (၃၇၂) မျက်စိတစ်မှိတ်အတွင်း နှစ် ၂၀
လုကျိုးက သူ့ကျောက်တုံးကို စစ်တုရင်ခုံပေါ် မတင်လိုက်ပေ။ ထို့အစား သူက မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယွင်ထျန်းလော့ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းတို့က စိတ်ခံစားချက် ကင်းမဲ့နေဟန်ပေါ်သည်။
တိတ်ဆိတ်ကာ ငြိမ်သက်နေ၏။
ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များကလည်း လူအိုကြီးနှစ်ယောက် စစ်တုရင်ထိုးနေသည်ကိုသာ မြင်လိုက်ကြရသည်။ ကောင်းကင်မှ စွမ်းအားဓားများ ပျောက်ကွယ်သွားသည့်အခါ သူတို့က ထူးထူးဆန်းဆန်း ပုံစံဖြင့် အချိန်အတော်ကြာရှိနေသည်ကို မြင်လိုက်ရ၏။
ဆက်လက်၍ ဖြစ်နေဆဲ ဖြစ်သည်။
သူတို့က ယွင်ထျန်းလော့၏ လက်ညှိုးနှင့် လက်ခလယ်တို့က စတင်တုန်ယင်လာသည်ကို တွေ့လိုက်ရသည်။ သူ့လက်ချောင်းကြားမှ အနက်ရောင် ကျောက်တုံးလေးက ချော်ထွက်သွားကာ စစ်တုရင်ခုံပေါ် ကျရောက်သွားသည်။
ဒေါက် …
စစ်တုရင်ခုံပေါ်ရှိ အစီအရင်သွေးကြောများက မှေးမှိန်လာသလို ရွှေရောင်အလင်းတန်းလည်း ကွယ်ပျောက်လာသည်။
စစ်တုရင်ခုံပေါ်ရှိ ကျောက်တုံးများက လေတိုက်စားခံလိုက်ရသလို ဖြစ်သွားသည်။ မျဉ်းကြောင်း ၁၉ ကြောင်းကို အထင်အရှား မြင်နေရသော်လည်း အစီအရင်သွေးကြောက ပျောက်ကွယ်သွားလေပြီ။
“ဂိုဏ်းချုပ် ”
လော့ဂိုဏ်း ဖုန်းယီကျစ်က ထိုအရာကို မြင်ကာ စိတ်ပူပင်လာပြီး ဂိုဏ်းချုပ်ဘေးနား အပြေးအလွှား သွားချင်မိသည်။
ယွင်ထျန်းလော့က အသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“နန်ကုန်းဝေ ”
“ဟုတ် ဂိုဏ်းချုပ် ”
“ ငါတို့နား ကပ်လာတဲ့သူ မှန်သမျှ ဂိုဏ်းသုံးဂိုဏ်းရဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်နဲ့ စီရင်လိုက်”
ယွင်ထျန်းလော့က ပြော၏။
နန်ကုန်းဝေလည်း အံ့ဩသွားပြီး ကြောင်အမ်းသွားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဦးညွှတ်ကာ
“ဂိုဏ်းချုပ်အမိန့်အတိုင်းပါ ”
နန်ကုန်းဝေက လူအိုကြီးများရှေ့ ကာရပ်လိုက်သည်။
ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲယွီက ရပ်လိုက်ကြပြီး သက်ပြင်းချကာ ခေါင်းခါလိုက်ကြသည်။
ယွင်ထျန်းလော့က လုကျိုးကို ကြည့်ကာ “ ကျုပ် ရှုံးသွားပြီ”
သူက ခေါင်းအသာယမ်းလိုက်သည်။ သူ့စိတ်အခြေအနေက ယခင်ထက် ပိုဆိုးလာပုံပေါ်သည်။
“ဒီကစားပွဲကို ခင်ဗျားနဲ့ ကစားတာ အကြောင်းအရင်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက အစ်ကိုကျိနဲ့ လက်ရည်ယှဉ်ဖို့ … ဒါပေမဲ့ ၁၉ ကြောင်းမှာတောင် သက်ရောက်မှု မရှိဘူး။ ဒုတိယတစ်ခုက ဒီစစ်တုရင်ခုံကနေ ဘာတွေပိတ်ဆို့နေလဲ မြင်ချင်လို့ … ကျုပ် ရှင်းရှင်းလင်းလင်း မမှတ်မိတော့တာတွေ အများကြီးပဲ။ အစ်ကိုကျိအတွက် အကူအညီ ဖြစ်ပါ့မလားတော့ မသိဘူး” သူက သူ့ဘာသာ လှောင်ပြောင်ဟန်ဖြင့် “ အခု အစ်ကိုကျိအလှည့် ”
လုကျိုးက ယွင်ထျန်းလော့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး “ မင်း ငါ့ကို ပြချင်တာ မြင်ပြီးပြီ။ ဒီကစားပွဲ ဆက်ဆော့ဖို့ လိုသေးလို့လား”
“ ကစားပွဲရှုံးတာ လက်ခံရမှာပေါ့ … နှစ်သုံးဆယ်က ကျောက်တုံးတစ်တုံးချလိုက်တုန်း ကုန်ဆုံးသွားတာပဲ” ယွင်ထျန်းလော့က ပြောလိုက်သည်။ အတိအကျဆိုရလျှင် သူက စစ်တုရင်ခုံထဲ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းမှုနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ပိတ်ဆို့ထားလေသည်။ နောက်ဆုံးတွင် သူက စစ်တုရင်ဆော့ကာ ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ မှတ်ဉာဏ်ပြန်ဖြေသည့် တန်ကြေးကား သူ့အသက် ဖြစ်ပေသည်။
လုကျိုးက ယွင်ထျန်းလော့၏ သိသိသာသာ ပင်ပန်းလာမှုကို မြင်ကာ မှန်းဆမိလိုက်သည်။
“ ငါ့ကျောက်တုံး ဘယ်မှာချချ မင်း တန်ကြေးကို ပေးဖို့ လိုလားရဲ့လား” လုကျိုးက ယွင်ထျန်းလော့ကို လေ့လာရင်း မေးလိုက်သည်။
“ကျုပ် အရှုံးက သေချာနေပါပြီ။ ခင်ဗျား ကျောက်တုံးချချ မချချ ရလဒ်က အတူတူပဲ” သူ့အကြည့်ထဲ အသနားခံသည့် အရိပ်အယောင်များ ရှိနေသည်။
“ ခင်ဗျား ကစားရင် ကျုပ်အသက်ရှင်နိုင်ခြေ ရလာနိုင်တယ်”
လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။
သူကလည်း ကုန်းယွမ်တုလို ရူးနေတာပဲ …။
သို့သော်လည်း ကွဲပြားချက်မှာ ကုန်းယွမ်တုက သေခြင်းတရားကို လိုက်လံရှာဖွေနေစဉ် ယွင်ထျန်းလော့က အသက်ရှင်ချင်လေသည်။
သက်တမ်း နှစ် ၃၀စာ ပေးအပ်ဖို့ လိုလားတဲ့သူကသာ စစ်တုရင်ခုံကို ဖြတ်ကျော်နိုင်ခွင့် ရှိမယ် … ရူးလောက်တဲ့ ဇာတ်ကွက်ပဲ။
လုကျိုးက ပျက်စီးနေပြီဖြစ်သည့် စစ်တုရင်ခုံကို ကြည့်ကာ လက်ကို အသာချလိုက်သည်။
ယွင်ထျန်းလော့က လုကျိုးသည် သင့်တော်သည့်နေရာ၌ ကျောက်တုံးထားလိုက်မည်ဟု တွေးထားစဉ် လုကျိုးက ဘယ်ဘက်ရွှေ့ကာ အနက်ရောင် ကျောက်တုံးလေးခုကြား အဖြူရောင်ကျောက်တုံးကို ချလိုက်သည်။
ဒေါက်
ယွင်ထျန်းလော့က အံ့ဩသွားလေသည်။
စစ်တုရင်ခုံရှေ့ စွမ်းအားလှိုင်းများ ပျောက်ကွယ်သွားလေသည်။
သူတို့ခြေထောက်အောက်ရှိ တော်ဝင်နယ်မြေ၏ သွေးကြောများပေါ် အလင်းတစ်ချက်လက်သွားသည်။ ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားလေသည်။
ယွင်ထျန်းလော့က နောက်ကို မှီလိုက်သည်။
နန်ကုန်းဝေလည်း အသံခပ်ဩဩဖြင့် ထစ်ထစ်အအ မေးလိုက်သည် “ဂိုဏ်းချုပ် … ဘာဖြစ်လို့လဲ ”
ယွင်ထျန်းလော့က ပြန်မဖြေပေ။ သူက လုကျိုးအား ကြည့်လိုက်ကာ “အစ်ကိုကျိ သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
“ ဒီနည်းနဲ့ မင်း နှစ်သုံးဆယ်အောက် ဆုံးရှုံးလိမ့်မယ်။ မင်းအတွက် အသက်ရှင်ဖို့ ဆယ်နှစ် ချန်ပေးထားတယ်” လုကျိုးက ဖြေလိုက်သည်။ သူက စစ်တုရင်ခုံ၏ သွေးကြောများမှ ယွင်ထျန်းလော့၏ သက်တမ်းကို မည်မျှယူဆောင်သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များအတွက် နေ့တစ်ဝက်တာ ကုန်ဆုံးသွားရုံမျှ ဖြစ်၏။ သို့သော် ယွင်ထျန်းလော့အတွက် နှစ် ၂၀စာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
“ အစ်ကိုကျိ အဲလိုရွေ့လိမ့်မယ်လို့ မထင်ထားမိဘူး” ယွင်ထျန်းလော့က အနည်းငယ် ရင်ထဲထိသွားလေသည်။ သူက သူ့ထက်အသက်ကြီးသည့် ကျိထျန်းတောက်သည် ဒီလိုမျိုး လက်လျှော့လိုက်ရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ယွင်ထျန်းလော့က လုကျိုးအား ကြည့်ကာ “ အစ်ကိုကျိ မြင်ခဲ့တာကို ပြောပြလို့ ရမလား”
လုကျိုးက သက်ပြင်းချကာ “ငါလည်း သိပ်မသေချာဘူး ”
ယွင်ထျန်းလော့က ခေါင်းညိတ်လိုက်ပြီး “ အစကတည်းက ပွင့်ချပ်ရှစ်လွှာ ထိပ်ဆုံးအဆင့် ရောက်နိုင်တဲ့သူ များများစားစား မရှိဘူးလေ။ ကျုပ်အတွေ့အကြုံတစ်ခုတည်းနဲ့ ဘာကိုမှ အတည်ပြုလို့မရတာ မှန်ပေမဲ့ အစ်ကိုကျိ စမ်းပြီးပြီဆိုတော့ အသိအမြင်တချို့တော့ ရလာခဲ့တယ်မလား ”
“ သူတို့ကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး” လုကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ကျင့်ကြံသူအားလုံးက ထိုအရာနှင့် ရင်ဆိုင်ရမည်သာ ဖြစ်၏။ သူတို့စွမ်းအားများ အထွတ်အထိပ်သို့ ရောက်သွားသည့်အခါ မည်သူကမှ ရွှေရောင်ကြာပန်းရှိ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း မမြင်ကြပေ။ ထိုသို့ဆိုလျှင်ပင် လုကျိုးက ဘေးမှရပ်ကြည့်သူတစ်ဦးအနေနှင့် အနည်းငယ် ဖမ်းဆုပ်မိလိုက်သည်။
ဒီလိုမျိုး ပြောင်းသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ …
လုကျိုးက သူ မြင်ခဲ့သမျှကို တခြားသူဆီ ပြောပြဖို့ စိတ်ကူးမရှိပေ။
ယွင်ထျန်းလော့က ခေါင်းညိတ်လိုက်သည်။ သူ့ကြည့်ရသည်မှာ စက္ကန့်နှင့်အမျှ ပို၍ တက်ကြွမှု ဆုတ်ယုတ်လာသည်။ သက်တမ်း နှစ် ၂၀ လျော့ပါးမှုက သူ့အခြေအနေကို ဆိုးရွားသွားစေသည်။
“ဂိုဏ်းချုပ် ”
ဤတစ်ကြိမ် ထျန်းဂိုဏ်းခေါင်းဆောင် နန်ကုန်းဝေပင် သူ့ဘာသာ မထိန်းထားနိုင်တော့ပေ။ သူက အရင်ဦးစွာ ပြေးသွားလိုက်ပြီး ယွင်ထျန်းလော့အား ထူထားလိုက်သည်။
ယွင်ထျန်းလော့က မျက်မှောင်ကြုတ်ကာ “ မင်းကို ဒီထဲလာဖို့ ဘယ်သူခွင့်ပေးထားလို့လဲ ”
လုကျိုးက လက်မြှောက်ကာ “ကိစ္စမရှိပါဘူး”
အနည်းဆုံးတော့ ထိုလူများက အသိစိတ်ရှိကြလေသည်။
နန်ကုန်းဝေက ယွင်ထျန်းလော့ကို ထူပေးထားရင်း သူ့မျက်နှာအထက် အထိတ်တလန့် အမူအရာ ဖြစ်လာသည်။
“ဂိုဏ်းချုပ်ရဲ့ သက်တမ်းက ..”
သူက ယွင်ထျန်းလော့၏ သက်တမ်းလျော့ပါးသွားကြောင်း ခံစားမိသည့်အခါ ပျာယာခတ်သွားသည်။ သူက ကျောက်စားပွဲပေါ် ကြည့်လိုက်မိသည်။ ပျက်စီးနေသည့် စစ်တုရင်ခုံက ယခု ကွဲပြားသွားလေပြီ။
“လောင်ချန်းပေ့ ဘာလို့ ဒီလောက်အထိ လုပ်ရတာလဲ” နန်ကုန်းဝေက လုကျိုးသည် စစ်တုရင်ခုံကို ပိတ်ဆို့မှု ဖယ်ရှားဖို့ ဆက်တိုက်ပြောနေသည့် အကြောင်းအရင်းအား နားမလည်ပေ။ နှစ် ၂၀ က တခြားကျင့်ကြံသူများအတွက် ဘာမှမဟုတ်သော်လည်း ယွင်ထျန်းလော့အတွက် အလွန် အဖိုးတန်လှသည်။
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက လက်တစ်ဖက် နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လိုက်သည်။ သူက နန်ကုန်းဝေကို လုံးဝ လျစ်လျူရှုထားလေသည်။
ယွင်ထျန်းလော့၏ အခြေအနေက ဆုတ်ယုတ်လာသည်။ သူက လက်အသာမြှောက်ကာ နန်ကုန်းဝေ လက်မောင်းအား ဆွဲထားလိုက်သည်။
“ မရိုင်းနဲ့”
“ ဂိုဏ်းချုပ် ဒါပေမဲ့ … ”
ရုတ်ခြည်းဆိုသလို တော်ဝင်နယ်မြေအထက် ကောင်းကင်မှ ဓားအလင်းတန်း ဖြာကျလာသည်။
စွမ်းအားဓားများဖြင့် ကောင်းကင်အပြည့် ဖြစ်သွားလေသည်။
စွမ်းအားဓားများကြား ပုံရိပ်တစ်ခုကို မှုန်ဝါးဝါး မြင်နေရသည်။
“ကျုပ်ညီလေး အသက်ကို ပြန်လိုချင်တယ် ”
ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များက အသက်ပြင်းပြင်းရှုလိုက်ကြသည်။
သူတို့က မဟာနည်းစနစ်ဖြင့် တိုက်ခိုက်လာသည့် ဓားသမားအား ကြည့်လိုက်ကြသည်။
“ယွင်ဂိုဏ်း ဓားစင်မြင့်ရဲ့ ပထမ ဓားသူတော်စင် လော့ရှစ်စန်းပဲ” တစ်ယောက်က ရေရွတ်လိုက်သည်။
ဓားသူတော်စင် လော့ရှစ်စန်း …
စွမ်းအားဓားများစွာ ဝန်းရံထားလျက် သူက တော်ဝင်နယ်မြေဆီ ရောက်လာသည်။ သူက မြေကြီးနှင့် အပြိုင်ပျံသန်းနေသလို ဖြစ်နေသည်။ သူ့လက်ထဲတွင် ဓားကိုင်ရင် လုကျိုးကို ချိန်ရွယ်ထားလိုက်သည်။
သူက မိစ္ဆာဝေဟင်မျှော်နန်းသခင်ကို တော်ဝင်နယ်မြေအလယ်မှာ တိုက်ခိုက်တော့မှာလား …
သူက အားအပြည့်သုံးကာ ဝေ့ယမ်းလိုက်သည်။
“ ရှစ်စွင်း” ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်တို့က ပြိုင်တူ အော်လိုက်ကြသည်။
လန်လော့နှင့် ဖန်လီထန်းပင် မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့က လုကျိုးသည် မလှုပ်မယှက် မုတ်ဆိတ်သပ်လျက် ရှိနေလိမ့်မည်ဟု မထင်ထားကြပေ။
ဝှီး
စွမ်းအားဓားများက လော့ရှစ်စန်း လက်ထဲမှ ဓားနှင့် ပေါင်းစပ်သွားပြီး လုကျိုး၏ နဖူးကို ချိန်ရွယ်ထားလေသည်။
အရာအားလုံး ဆိတ်ငြိမ်သွားစေမည့် စွမ်းအားကို ရရှိဖို့ သမ္မာဓိအားကောင်းဖို့ လိုအပ်သည်။ အလင်းနှင့်အရိပ်လိုမျိုး သမ္မာဓိအားထုတ်ရင်း အရာအားလုံးဆီ စိမ့်ဝင်စေရမည်။
ဤသည်မှာ ကောင်းကင်ကျမ်း၏ နှုတ်ဆိတ်ခြင်း စွမ်းအား ဖြစ်၏။
လုကျိုးက ညာဘက်လက်ကို အသာမြောက်လိုက်သည့်အခါ သူ့လက်ချောင်းများထဲ အပြာဖျော့ဖျော့ စွမ်းအား ရစ်ပတ်လာသည်။
ဝှစ်
လုကျိုးက လော့ရှစ်စန်း၏ ဓားကို လက်ညှိုးနှင့် လက်ခလယ်ကြား ဖမ်းထားလိုက်ရင်း သူ့အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်သည်။ စွမ်းအားဓားထောင်ချီလည်း တစ်ပြိုင်နက် ပျောက်ကွယ်သွားကြသည်။
အားလုံးက အံ့ဩတုန်လှုပ်နေကြသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
လုကျိုးက လက်အသာလှည့်လိုက်သည့်အခါ ဓားကျိုးသွားလေသည်။
လုကျိုးက လော့ရှစ်စန်း၏ ရင်ဘတ်ကို လက်ဝါးနှင့် ရိုက်ထုတ်လိုက်သည်။ လုကျိုးက တော်ဝင်နယ်မြေတွင် ရပ်နေဆဲ ဖြစ်၏။ အပြာရောင်စွမ်းအားများက မြေကြီးထဲ ရောက်ရှိသွားကာ ပွင့်လန်းလာသည့် အပြာရောင်ကြာပန်းကို ခပ်မှိန်မှိန်ကို မြင်တွေ့နေရသည်။
လော့ရှစ်စန်းက စဉ်းစားနိုင်စွမ်း မရှိတော့ပေ။ သူက တိုက်ခိုက်မှုကိုပင် မေ့လျော့သွားသည်။
လက်ဝါးစည်းတံဆိပ်က ကျရောက်လာသည်။
ဘန်းခနဲ အသံနှင့်အတူ လော့ရှစ်စန်းက နောက်လွှင့်သွားလေသည်။
ဝုန်း
သူက မြေကြီးထဲ ခေါင်းစိုက်ကျသွားလေသည်။ သူ့ဓားကျိုးလည်း ကောင်းကင်မှ ပြုတ်ကျလာ၏။ ဓားထက်ပိုင်းနှစ်ခုလုံးက သူ့ရှေ့ တည့်တည့်ကျရောက်သွားသည်။