← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃) မင်းသာနေတဲ့အချိန်မှာ ထွက်သွား

အထွတ်အမြတ်မြေဆယ်ခုက တိမ်တိုက်ထဲ မြောက်တက်လာ၏။ တောင်ပေါ်လေ တိုက်ခတ်သံသည် ကျင့်ကြံနေသော ကျင့်ကြံသူများကို အလွယ်တကူ နှောင့်ယှက်နိုင်၏။ လုံးဝန်းချောမွေ့သော အရံအတားက ဆူညံသံများကို ပိတ်ဆို့ရန်အတွက် အကောင်းဆုံးနည်းပဲ ဖြစ်သည်။

ပုံမှန်ဆို ပထမအထွတ်အမြတ်မြေသည် လူများစွာ မရှိသောကြောင့် တိတ်ဆိတ်နေလေ့ရှိ၏။ သို့သော်ငြား ယခုအချိန်၌ တိတ်ဆိတ်မှုက ခြောက်ခြားဖွယ်ကောင်းနေတာပဲ ဖြစ်သည်။

ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များက အသက်အောင့်ထားမိ၏။ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းသခင်၏ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် တိုက်ခိုက်ခံလိုက်ရသည့် ဓားသူတော်စင် လော့ရှစ်စန်းကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြသည်။ ယင်းက ယင်ဂိုဏ်း၏ စင်မြင့်ရှစ်ခုထဲမှ တစ်ခုဖြစ်သော ဓားစင်မြင့်၏ အကျော်အမော်ပဲ ဖြစ်သည်။ သူ့ကို ကျန်သည့်သူများက ဓားသူတော်စင်ဟု ခေါ်ရသော လော့ရှစ်စန်းပဲ ဖြစ်သည်။

လော့ရှစ်စန်းက မသေပေ။ သူ၏ရင်ဘတ်ကို ကျောက်ထုဖြင့် အရိုက်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရရုံမျှသာ ရှိသည်။ သူ၏အတွင်းကလီစာများ ဒဏ်ရာရသွားတာ ခံစားမိ၏။ သူ သေလုနီးပါး ခံစားနေသည်ဟု ဆိုနိုင်သည်။ သူ၏ဆန်တက်လာသော သွေးအဆီအနှစ်ကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားထား၏။ သူကဲ့သို့ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ကျင့်ကြံသူ တစ်ဦးက မြေကြီးပေါ် ခြေပစ်လက်ပစ် ကျသွားပြီး ထထိုင်ရန်တောင် ခက်ခဲနေသည်။ လုကျိုး၏ ရှင်းလင်းတိကျပြီး မယုံနိုင်စရာ ကောင်းလောက်အောင် သန်မာသော လက်ဝါးရိုက်ချက်ကြောင့် ထိတ်လန့်နေကြကာာ သူ့ကို မည်သူမျှ လာမကူကြပေ။ ယင်းက အကြီးအကဲများ ဂိုဏ်းချုပ်များနှင့် ယွင်ထျန်းလော့ ကိုယ်တိုင်အတွက်တောင် တူညီနေပေ၏။

လုကျိုးနောက်တွင် နီးကပ်စွာ ရပ်နေသော လန်လော့နှင့် ဖန်လီထျန်းကတောင် ဇဝေဇဝါ ဖြစ်နေလေ၏။ လုကျိုးသည် ထိုမျှ အစွမ်းထက်သော လက်ဝါးရိုက်ချက်ကို မည်ကဲ့သို့ ထုတ်ဖော်ခဲ့သနည်း။ ခဏတာ တိတ်ဆိတ်သွားတော့၏။

နောက်ဆုံးတွင် လော့ရှစ်စန်းက သူ၏ဆန်တက်လာသော သွေးအဆီအနှစ်ကို မဖိနှိပ်ထားနိုင်တော့ပေ။ သူက အောင့်ထားလွန်းသောကြောင့် မျက်နှာ နီမြန်းလာပြီဖြစ်သည်။ ညည်းတွားသံတစ်ချက်ဖြင့် သူက သွေးတစ်ပွက်အန်တော့သည်။

“လော့ချန်ပေ့..”

“အကြီးအကဲလော့..”

ယွင်ဂိုဏ်း၏ တပည့်များက စိုးရိမ်ပူပန်စွာ အော်ခေါ်လိုက်သည်။ ကျန်သည့် ယွင်ဂိုဏ်း၏အကြီးအကဲများကလည်း မိစ္ဆာဝေဟင်မျှော်နန်းသခင်ကို ကြောက်လန့်တကြား စိုက်ကြည့်နေကြ၏။ လက်ဝါးရိုက်ချက်တစ်ချက်သည် ဓားစင်မြင့်၏ ပထမကျောင်းထိုင်ကို အနိုင်ယူနိုင်ခဲ့သည်။ မိစ္ဆာကြီးက မည်မျှ အရည်အချင်းရှိပြီး အစွမ်းထက်သနည်း။ မြေကမ္ဘာခွင်းလက်နက်သည် လုကျိုးနှင့် ရင်ဆိုင်ရာ၌ စာရွက်တစ်ရွက်ပမာ ပျက်စီးလွယ်သည်။

ယွင်ထျန်းလော့က ထရပ်လိုက်၏။ သူက ကူတွဲပေးနေ‌သော ဖုန်းယီကျစ်ကို တွန်းထုတ်ပြီးနောက် လော့ရှစ်စန်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား”

လော့ရှစ်စန်းသည် တစ်စုံတစ်ယောက်က သူ့ကို ရေအေးဖြင့် လောင်းလိုက်သည့်ပမာ ပြုမူ၏။ သူ၏အမုန်းတရားတို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ဂိုဏ်းချုပ်”

“ငါ့ရဲ့ဂုဏ်သရေရှိ ဧည့်သည်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရလောက်အောင် မင်းကို ဘယ်သူကများ သတ္တိတွေ ပေးခဲ့လဲ”

ယွင်ထျန်းလော့က မေးလိုက်သည်။ လုကျိုးက မုတ်ဆိတ်သပ်ကာ ထူးမခြားနား ပြောလိုက်သည်။

“မင်းက ဓားရူးလော့ချန်ချင်းအတွက် လက်စားချေချင်တာလား”

“ဟုတ်တယ်”

လော့ရှစ်စန်းက တွေဝေမနေဘဲ ပြန်ပြောလိုက်၏။

“ယွင်ထျန်းလော့ကြောင့်သာ မဟုတ်ရင် အဲဒီရိုက်ချက် တစ်ချက်တည်းနဲ့ မင်းအသက်ကို နုတ်လို့ရတယ်”

လုကျိုးက ရိုးရိုးသားသား ပြောလိုက်သည်။ ဓားဖမ်းပြီး လက်ဝါးရိုက်ချက် သုံးခဲ့ခြင်းက လုကျိုး၏ သာမန်စွမ်းအား၏ သုံးပုံတစ်ပုံကိုသာ သုံးခဲ့တာပဲ ဖြစ်သည်။ လော့ရှစ်စန်းကို သတ်ရန်အတွက် သူ့လုပ်နိုင်စွမ်း၏ တစ်ဝက်ကျော်ကို သုံးနိုင်၏။ သို့သော် ထိုကဲ့သို့ မလုပ်ခဲ့ပေ။

ယွင်ထျန်းလော့သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူရန် ကြိုးပမ်းခဲ့သည့် သူ၏မှတ်ဉာဏ်များကို ပြသဖို့ သူ၏သက်တမ်းအနှစ်နှစ်ဆယ်ကို လဲလှယ်ခဲ့ရသည်။ အနည်းဆုံးတော့ သူသည် ယွင်ထျန်းလော့ကို ပြန်ပေးဆပ်နိုင်၏။

“ငါ့ညီလေးက ဘယ်လိုလုပ် အချည်းနှီးသေနိုင်မှာလဲ”

လော့ရှစ်စန်းက ပြောပြီးနောက် ရူးသွပ်သွားပုံပေါ်၏။

တိမ်ခွင်းရထားလုံးထဲကနေ လှောင်ရယ်သံ ပေါ်ထွက်လာ၏။

“ရယ်စရာပဲ။ လော့ချန်ချင်းက ကျုပ်ရဲ့အာ့ရှစ်ရှိုး ဒဏ်ရာရနေတဲ့အချိန်မှာ အာ့ရှစ်ရှိုးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာလေ။ ကျုပ်တို့တွေက ဒီတိုင်း ထိုင်နေပြီး ကျုပ်တို့ကို သတ်ဖို့ ခင်ဗျားကို ကြိုးစားခွင့်ပေးမယ်လို့ မျှော်လင့်နေတာလား”

“လုပ်ကြံသတ်ဖြတ်တာတဲ့လား”

လော့ရှစ်စန်းက တိမ်ခွင်းရထားလုံးကို မော့ကြည့်လိုက်၏။ ပြောလိုက်သည့်သူက မိစ္ဆာဝေဟင်မျှော်နန်း၏ စတုတ္ထတပည့်မင်ရှစ်ရင်ပဲ ဖြစ်သည်။ တွမ့်ရှင်း၏ ချဲ့ကားပြောဆိုသော ဇာတ်ကြောင်းကို ကြားပြီးနောက် သူသည် ဖြစ်ပျက်ခဲ့ပုံကို ရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်သည်။

မင်ရှစ်ရင်သည် စကားလုံးတိုင်းကို ပီပီသသ ရှင်းရှင်းလင်းလင်း ပြောပြခဲ့၏။

“ယွင်ဂိုဏ်းက သူရိန်ညီနောင်တောင်တန်းမှာ ကျုပ်ရဲ့ရှစ်စွင်းကို သတ်ဖို့အတွက် နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ပို့ခဲ့တယ်။ ပြောပါအုံး။ ဒီစာရင်းကို ကျုပ်တို့ ဘယ်လို ရှင်းသင့်လဲ။ ဒါ့အပြင် ခင်ဗျားတို့ရဲ့ ဆဋ္ဌမအကြီးအကဲ တင်းဖန်ချိုးက ကျုပ်ရဲ့ ရှစ်စွင်း အယောင်ဆောင်ပြီး ထျန်းကျန့်မျက်နှာမှာ ကျုပ် ရှစ်စွင်းရဲ့နာမည်နဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်။ ကျုပ်တို့ စာရင်း ဘယ်လို ရှင်းသင့်လဲဆိုတာ သေချာပြောပါအုံး”

မင်ရှစ်ရင်က ရှည်လျားစွာ ဆက်လက်ရှုတ်ချနေတာပဲ ဖြစ်သည်။

“မင်းကိုယ်မင်း ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ဂိုဏ်းသား.. ဓားသူတော်စင်တစ်ယောက် ယွင်ဂိုဏ်းရဲ့ ဂိုဏ်းသားဆိုပြီး ခေါ်နေတယ်။ ဒါတောင်မှ ဘာကဂုဏ်သရေ.. ဘာက သင့်တော်လဲ။ အမှန်တရားနဲ့ ရိုးသားဖြောင့်မတ်တဲ့ အဓိပ္ပာယ်ကို မသိသလို ပြုမူနေတယ်။ ငါသာ မင်းဆိုရင် ငါ့မိသားစုကို ကျော်ပြီး အမှန်တရားကို ဦးစားပေးမှာ လော့ချန်ချင်းကို အရင်သတ်မယ်။ ဒီလိုဆိုရင် မင်းကိုငါ လေးစားရင် လေးစားလောက်မှာပေါ့ အခုကတော့ မင်းက ရေညှိထက်တောင် ပိုဆိုးနေတာပဲ”

မင်ရှစ်ရှင်၏ စကားများက လုကျိုး၏ စိတ်ထဲရှိ အတွေးများနှင့် တစ်ထပ်တည်း တူ၏။ သူ့စတုတ္ထတပည့်၏ စကားများကို အလွန်စိတ်ကျေနပ်သည်။

လော့ရှစ်စန်းက ရှက်သွားတော့သည်။

ကျန်သည့်သူများသည် ယင်းက အခဲမကျေမှုကြောင့် သို့မဟုတ် လက်ဝါးရိုက်ချက်၏ အကျိုးဆက်ကြောင့်လားဟု တွေးထင်မိကြလိမ့်မည်။

ယွင်ထျန်းလော့က တံခါးပိတ် ကျင့်ကြံနေကျ ဖြစ်၏။ သူ ထိုအရေးကိစ္စများကို ဂရုမစိုက်တော့တာ အတော်ကြာပြီဖြစ်သည်။ မဟုတ်လျှင် ဂိုဏ်းသုံးဂိုဏ်း ခွဲထွက်သွားပြီး မိုက်ကြေးခွဲသည့် အချိန်၌ သူ ဘာမှမလုပ်ဘဲ နေမှာ မဟုတ်ပေ။

ယွင်ထျန်းလော့က ဂိုဏ်းချုပ်သုံးယောက်ကို ကြည့်လိုက်၏။

“အမှန်ပဲလား”

ယွင်ဂိုဏ်းချုပ် ယွင်ဝူကျိက ဒူးထောက်လိုက်သည်။ သူက ခေါင်းငုံ့ထားလျက် ပြောလိုက်၏။

“အမ်း.. ဂိုဏ်းချုပ် ကျွန်တော် ဒါကို ရှင်းပြနိုင်ပါတယ်။ တင်းဖန်ချိုး ကိစ္စကတော့ ကျွန်တော်တို့ရဲ့ အထူးတမန် လီယွင်တောက်ကို ပို့ပြီး မိစ္ဆာဝေဟင်မျှော်နန်းကို တောင်းပန်ခိုင်းပြီးပါပြီ။ ပြီးတော့ လျော်ကြေးအနေနဲ့ ဟေးမုလျန်ကို ပေးခဲ့ပါတယ်။ ဒီအကြွေးကို ရှင်းပြီးပါပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယသခင်လေးကို လုပ်ကြံသတ်ဖြတ်ပြီး တိုက်ခိုက်တာအတွက်ကတော့ ယွင်ဂိုဏ်းက ဒီပြစ်မှုကို ဝန်ခံပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး”

မင်ရှစ်ရင်က ပြုံးပြီး ပြောလိုက်၏။

“ဒါကမှ မဟုတ်သေးတယ်။ ဒါပေမဲ့ ခင်ဗျားကို အမှန်အတိုင်း ပြင်ပေးရမယ်။ ကျုပ်ရဲ့ရှစ်စွင်းက လော့ချန်ချင်းကို ထိန်းသိမ်းဖို့အတွက် သတ်ပေးခဲ့တာ။ အဆုံးကျ ခင်ဗျားတို့ကပဲ မှားယွင်းခံစားရတဲ့သူ ဖြစ်နေရော။ ယုတ္တိရှိရှိ ပြောရရင် ယွင်ဂိုဏ်းက ကျုပ်ရှစ်စွင်းကို တောင်းပန်သင့်တာပဲ”

ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များသည် တိမ်ခွင်းရထားလုံးကို တစ်ပြိုင်နက်တည်း မော့ကြည့်မိကြ၏။ သူ၏စကားများက ထူးဆန်းပုံပေါ်၏။ ထိုသို့တိုင် သူ၏သဘောတရား၌ ပြစ်ချက်မရှိပေ။ တောပုန်းဓားပြသည် တစ်စုံတစ်ယောက်ကို ဓားဖြင့် ဓားပြတိုက်ရန် ကြိုးစားခဲ့သော်ငြား အဆုံးတွင်မူ သူ့ကိုယ်သူသာ သတ်မိသွားသကဲ့သို့ ဖြစ်နေ၏။ မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။

မင်ရှစ်ရင်၏ စကားများသည် လော့ရှစ်စန်းကို ပြန်ပက်ရန် စကားမဲ့နေ၏။ သို့သော်ငြား မပြီးသေးပေ။

“လော့ရှစ်စန်း.. မင်းက ကျုပ်ရဲ့အာ့ရှစ်ရှိုး လက်ရည်ယှဉ်မဲ့ တစ်ဦးတည်းသောသူ၊ ကျုပ်ရဲ့ အာ့ရှစ်ရှိုးကို နားလည်သဘောပေါက်ထားပုံအရ သူက ဒီလို ယုတ်မာကောက်ကျစ်တာမျိုး လုပ်မယ်လို့ ထင်လား”

လော့ရှစ်စန်းက ထပ်မံ ဆွံ့အသွားပြန်၏။ သူသည် ယွီရှန်းရုန်နှင့် မကြာခဏ မတွေ့ဖူးသော်ငြား ယွီရှန်းရုန်သည် ယုတ်မာကောက်ကျစ်ပြီး စိတ်သဘောထား သိမ်ဖျင်းသည့်သူ မဟုတ်တာ သေချာသည်။ တစ်ဖက်တွင်မူ သူ၏ ရှစ်တိ လော့ချန်ချင်းသည် ထိုကဲ့သို့ အမှုကိစ္စများစွာကို ကျူးလွန်ခဲ့သည်။ သူ၏ရှစ်တိကို သူ ကောင်းကောင်းသိ၏။ သူ၏ရှစ်တိသည် သူ၏ပန်းတိုင်ကို ရောက်နိုင်မည် ဆိုလျှင် ယုတ်မာကောက်ကျစ်သော နည်းလမ်းများကို သုံးရာ၌ စနိုးစနောင့်ဖြစ်ခြင်း မရှိပေ။

ယွင်ထျန်းလော့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ သူက ဖြစ်ပုံကို အကြမ်းဖျင်း နားလည်သွားပြီ ဖြစ်၏။ သူ၏မျက်ဝန်းများ နက်မှောင်လာကာ ပြောလိုက်တော့သည်။

“ယွင်ဝူကျိ..”

“ဂိုဏ်းချုပ်”

“ဒီကိုလာ”

ယွင်ထျန်းလော့က အနည်းငယ် တောင့်တင်းသွားပုံရကာ သဘာဝမကျတော့ပေ။ သူ၏ရင်ဘတ်၌ မွန်းကြပ်လာသည့်အတိုင်း ဖြစ်နေ၏။

ယွင်ဝူကျိသည် ဂိုဏ်းချုပ် ဘာလိုချင်မှန်း မသိသော်ငြား ပြောသည့်အတိုင်း နာခံစွာ ပြုမူသေး၏။

ယွင်ထျန်းလော့က ရုတ်တရက် လက်မြောက်ပြီးနောက် ယွင်ဝူကျိကို ရိုက်လိုက်တော့သည်။ ထိုရိုက်ချက်၌ သက်ညှာမှုမရှိ၊ ဖျော့တော့သည့် စွမ်းအားတောင် ပါဝင်နေသည်။

ဖြန်း..

အသံက ကျယ်လောင်ပြီး အားပါ၏။ ရိုက်ချက် ပြင်းထန်သည်။ ယွင်ဝူကျိ၏ ပါးက ချက်ချင်းကို ယောင်ကိုင်းသွားတော့၏။

“သွား..”

ယွင်ထျန်းလော့က ပြော၏။

“အစ်ကိုကျိကို ကန်တော့ပြီး တောင်းပန်လိုက်”

ယွင်ဝူကျိက ကြက်သေသေသွားသည်။ မင်ရှစ်ရင်သည် ထိုလုပ်ရပ်ကြောင့် သဘောကျသွားတော့သည်။ သူက အံ့ဩသွားလေ၏။ ဒီရိုက်ချက်က အခုချိန်မှာ ဂိုဏ်းသုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ် တတ်နိုင်တာပဲ ဖြစ်ရမယ်။ အခုသူ့ရဲ့ကျင့်ကြံဆင့်က ယိုယွင်းနေပြီဆိုတော့..

လုကျိုးက သက်ပြင်းချလိုက်၏။ ယွင်ထျန်းလော့၏ အသက်အရ သူသည် အစွမ်းထက်သည့် အဟန့်အတားတစ်ခု အနေဖြင့် မနေသင့်တော့ပေ။ ဂိုဏ်းသုံးဂိုဏ်းသည် ပြိုကွဲနေပြီဖြစ်ကာ တစ်သီးတခြားစီ နေထိုင်နေပြီဖြစ်၏။ ယင်းက ကျိထျန်းတောက် သို့မဟုတ် လက်ရှိ သူ့ကိုယ်သူ သတိပေးနေ၏။ သူတို့အသက်အရွယ်တွင် သူတို့က လူအများ၏ မျက်နှာကို ဖြတ်ရိုက်ခြင်းသာ ပြုလုပ်နိုင်၏။ အဆုံးတွင် သူက

“မလိုအပ်ဘူး”

“ဟမ်”

“ငါက အမြဲတမ်း ကျိုးကြောင်းသင့်တယ်။ ယွင်ထျန်းလော့အတွက် ယွင်ဂိုဏ်းကို အငြိုးအတေး မထားတော့ဘူး။ ဒါပေမဲ့ ဒါမျိုး ထပ်ဖြစ်ခဲ့မယ် ဆိုရင်..”

လုကျိုးက စကားဖြတ်ပြီး မပြောခဲ့သည့် စကားများကို ကျန်သည့်သူများ၏ အတွေးထဲတွင်သာ ချန်ထားရစ်ခဲ့၏။

ယင်းက ယွင်ဂိုဏ်း၏ လူများကို တုန်ယင်သွားစေတော့သည်။

လုကျိုးက ပြန်လည်တွေးတောနေလေ၏။ ဒီအခြေအနေတွေမှာ အသာစီးရနေတဲ့အချိန် ထွက်သွားတာ ပိုကောင်းမယ်။ အပြည့်အဝ ကျရှုံးသွားတာက ကြည့်ကောင်းမှာ မဟုတ်ဘူး။ ဒါ့အပြင် ဒူးထောက်တောင်းပန်တာက အသုံးဝင်မယ် ဆိုရင် လက်သီးကို ဘာကြောင့် လိုအပ်တော့မှာလဲ။ ပြီးတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ကျင့်ကြံဆင့် တိုးတက်အောင် ကူညီပေးနိုင်တာပဲလေ။ ယွင်ထျန်းလော့ ဒီလို လုပ်လိမ့်မယ်လို့တော့ သူ မထင်ထားဘူး။

ယွင်ထျန်းလော့က အရိုအသေပေးကာ ပြောလိုက်၏။

“ဂိုဏ်းသုံးဂိုဏ်းကိုယ်စား ကျေးဇူးတင်ပါတယ် အစ်ကိုကျိ”

လုကျိုးက လက်ဝေ့ယမ်းလျက် သူ၏အမူအရာ မပြောင်းလဲဘဲ ပြောလိုက်တော့သည်။

“ဒါ ဘာမှမဟုတ်ဘူး”

ထိုသို့ ပြောပြီးနောက် လုကျိုးက လှည့်ထွက်သွားကာ လေပေါ်လျှောက်လျက် တိမ်ခွင်းရထားလုံးဆီသို့ သွားလိုက်၏။ သူ့ကို မည်သူမျှ မတားကြပေ။ မည်သူကမှ အသက်ကျယ်ကျယ်တောင် မရှုရဲပေ။

မျှော်နန်းဆောင်အိုကြီး၏ အဖွဲ့ဝင်များ၏ ခြိမ်းခြောက်သော ဖိအားကတင် ဂိုဏ်းသုံးဂိုဏ်းကို တောင့်ခဲသွားစေရန် လုံလောက်နေပြီဖြစ်သည်။

လုကျိုးက ရထားလုံးပျံဆီသို့ ပြန်သွား၏။ မင်ရှစ်ရင်က စတင်ပြီး မျက်နှာချိုသွေးတော့သည်။

“တကယ်အံ့ဩဖို့ ကောင်းတာပဲ ရှစ်စွင်း”

လော့ဂိုဏ်း၏ လုဖင်းက ရထားလုံးပျံပေါ် တက်သွားပြီဖြစ်၏။ သူက ပြောလိုက်သည်။

“အားလုံးကို ကျွန်တော် လိုက်ပို့ပေးပါမယ်”

“???”

…

အခန်း(၃၇၄) ကမ္ဘာကို စစ်တုရင်ခုံအဖြစ်

အခြားသူများက ဆွံ့အသွားကြသည်။ လုဖင်းက လော့ဂိုဏ်းကို အရးမစိုက်သလိုမျိုး ဖြစ်နေလေသည်။ သို့သော်လည်း သူတို့က ဝင်ပြောဖို့ အနေအထား မဟုတ်ချေ။ ဒီလောက်ထိပ်သီးလူများစွာကို ခေါ်လာပြီးနောက် လုဖင်း ပြန်လိုက်ပို့သည်က မှန်ကန်ပေသည်။ သူတို့က ထိပ်တိုက်ရင်ဆိုင်ပြီး သေသည့်အထိ တိုက်ခိုက်နိုင်ကြသည် မဟုတ်ပေ။

ဟွားဝူတောက်မှ နောက်ဆုံးမှ ထွက်လာသည်။ သူက များစွာ မပြောပေ။ သူက လက်နှစ်ဖက် အသာယှက်ရင်း လေထဲ ပျံသန်းသွားလိုက်သည်။

ယွင်ထျန်းလော့က လက်နှစ်ဖက်ယှက်ကာ “အစ်ကိုကျိ နောက်မှ ထပ်တွေ့ကြတာပေါ့ ”

“ထပ်တွေ့ကြတာပေါ့ ”

ခေါင်းဆောင်နှစ်ယောက်ကား အဝေးမှ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

ထိုစဉ် လုဖင်းက မင်ရှစ်ရင် နေရာ အစားထိုးကာ ပဲ့ထိန်းကိုင်ပေးနေသည်။ တိမ်ခွင်းရထားလုံးပျံက နောက်ထပ် လမ်းကြောင်းတစ်ခုမှ အကာအရံများကြား ဖြတ်သန်းလာသည်။ ထို့နောက် တိမ်ခွင်းရထားလုံးပျံက မိုးကုပ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားတော့သည်။

ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များက စိတ်သက်သာရာရသွားကြသည်။

ဂိုဏ်းချုပ် ယွင်ထျန်းလော့က သက်ပြင်းချကာ “နန်ကုန်းဝေ၊ ယွင်ဝူကျိ၊ ဖုန်းယီကျစ် … ”

ဂိုဏ်းခေါင်းဆောင်များက တုန်လှုပ်လာပြီး သူတို့ဂိုဏ်းချုပ်ရှေ့ မြန်မြန် ဒူးထောက်လိုက်ကြသည်။ တခြားတပည့်များက ဘာမှမပြောရဲကြပေ။ သူတို့က ဘေး၌သာ ရိုရိုကျိုးကျိုး ရပ်နေကြ၏။

“ငါ့စကားက အခု … အရေးမပါတော့ဘူးလား ” ယွင်ထျန်းလော့က မေးလိုက်သည်။

“မဟုတ်ပါဘူး ” နန်ကုန်းဝေက ပြောလိုက်သည်။

“ အဲဒီစစ်တုရင်ခုံထဲ ဘာပိတ်လှောင်ထားလဲ သိလား” ယခု ယွင်ထျန်းလော့ အသံက ပိုမို ညင်သာလာသည်။

သုံးယောက်သား ခေါင်းခါလိုက်ကြသည်။

ယွင်ထျန်းလော့က သူတို့သုံးယောက်ကို ကြည့်ကာ ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။

“ ကျွန်တော် မသိပါဘူး” နန်ကုန်းဝေက သူတို့နှစ်ယောက် ပြိုင်ပွဲတစ်လျှောက် ကြည့်နေခဲ့လေသည်။ သူက ကောင်းကင်ထဲ စွမ်းအားဓားများနှင့် မြေပေါ်မှ သွေးကြောများ တောက်ပလာသည်ကိုသာ မြင်လိုက်ရ၏။ သူက ဤသည်က သာမန်တိုက်ကွက်များကြား ဖလှယ်မှုဟုသာ ခံစားခဲ့ရပြီး ထူးခြားသည်ဟု မထင်ခဲ့ပေ။

ယွင်ထျန်းလော့က ထပ်မံ ခေါင်းခါလိုက်သည်။ သူက ဂိုဏ်းခေါင်းဆောင် သုံးယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း “ အဲဒါကြောင့် စစ်တုရင်ခုံကို မင်းတို့ဆီ လက်ဆင့်ကမ်းမပေးခဲ့တာ … အထဲမှာ ပိတ်လှောင်ထားတာက ငါ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြိုးစားတုန်းက လျှို့ဝှက်ချက်တွေပဲ”

“ဂိုဏ်းချုပ်” နန်ကုန်းဝေ၊ ယွင်ဝူကျိနှင့် ဖုန်းယီကျစ်တို့က ပြိုင်တူ ခေါ်လိုက်ကြသည်။ သူတို့က ဒူးထောက်လိုက်ကြသည်။

သူတို့ဂိုဏ်းချုပ်က ဒီလိုအရေးပါသည့်အရာကို ဂိုဏ်းသုံးဂိုဏ်းအစား အပြင်လူဆီ ပေးခဲ့ကြောင်း တွေးမိလိုက်လျှင် …

သူတို့သုံးယောက် စိတ်ထဲ အတွေးအမျိုးမျိုး ဖြတ်ပြေးသွားသည်။

“ဘာလို့လဲ”နန်ကုန်းဝေက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ … မင်းတို့က မထိုက်တန်လို့ ”

ယွင်ထျန်းလော့က အင်္ကျီလက်ဖျားခါလိုက်ပြီး လှည့်ထွက်သွားသည်။ သူက မသေခင် ခွန်အားအပြည့် ဖြစ်နေသလိုမျိုး ဖြစ်၏။

ယွင်ထျန်းလော့က ပြောလိုက်သည်။

“ငါ သီးသန့်လေ့ကျင့်နေတဲ့ နှစ်တွေတစ်လျှောက် ဘာတွေမှားခဲ့လဲ တောက်လျှောက်စဉ်းစားမိခဲ့တယ် … ငါ တွေးမိလို့ရသမျှအားလုံးနဲ့ မှတ်ဉာဏ်ကိုတောင် စည်းပိတ်ပစ်ခဲ့တယ်။ နှစ်သန်းချီ ရှုပ်ထွေးပြီးတဲ့နောက် မျက်စိတစ်မှိတ်အတွင်း ရုတ်တရက် သဘောပေါက်သွားခဲ့တယ် …”

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “ ခက်ခဲတဲ့ မေးခွန်းတွေကို ဉာဏ်ရှိတဲ့သူတွေပဲ ဖြေရှင်းသင့်တယ် ”

ကျင့်ကြံသူများစွာက သူတို့အဆင့်တက်လှမ်းမှု အတွေ့အကြုံကို တခြားသူဆီ ပြန်လည်ဝေမျှရသည်ကို မကြိုက်ကြပေ။ တစ်ခါက ထူးချွန်လွန်းသည့် ကျင့်ကြံသူများ၏ မှတ်စုများသည် အဆင့်မြင့် ကျင့်စဉ်များထက်ပင် ပိုအဖိုးတန်ကြလေသည်။

သို့သော်လည်း ယွင်ထျန်းလော့က ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ဤသည်က အင်မတန် ရိုးရှင်းလှသည်။ သူက အဆင့်တက်လှမ်းမှုကို ရောက်ရှိသွားမှတော့ အခွင့်အရေးရှိသူထံ ပေးမည့်အစား ဗဟုသုတကို အဘယ်ကြောင့် သိမ်းဆည်းထားရမည်နည်း။

အစ်ကိုကျိ ပြောတဲ့အတိုင်းပဲ … အရာအားလုံးက အကြွင်းမဲ့ ဖြစ်တည်တယ်လို့ ဘယ်သူက ပြောတာလဲ… နည်းလမ်းတစ်ခုခုတော့ ရှိရမယ်

မဖြစ်နိုင်တာ မရှိဘူး …

ထို့ကြောင့် သူက လုကျိုးနှင့် ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ မရှုပ်ထွေးလှဘဲ ရိုးရှင်းလှပေသည်။

အကယ်၍ သူသာ စစ်တုရင်ခုံကို ဂိုဏ်းသခင်သုံးယောက်ဆီ ပေးလိုက်လျှင် လက်ဆောင်ကြီး ပေးလိုက်သလို မဟုတ်ပေ။ သူက မြန်ဆန်သည့် သေခြင်းတရားကို ချီးမြင့်လိုက်သလိုသာ ဖြစ်ပေမည်။

“ဂိုဏ်းချုပ် အဲဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းသခင်နဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တာလား” နန်ကုန်းဝေက နားမလည်စွာ မေးလိုက်သည်။

“ဟုတ်တယ်” ယွင်ထျန်းလော့က ဖြည်းဖြည်းချင်း လှည့်လာလိုက်ပြီး “ ငါ မင်းကို ဦးညွှတ်ပြီး အစ်ကိုကျိဆီ ဘာလို့ တောင်းပန်ခိုင်းလဲ သိလား”

သုံးယောက်သား ထပ်မံ ခေါင်းခါလိုက်ကြပြန်သည်။

ဤတစ်ကြိမ် ချဉ်တူးတူး အမူအရာဖြင့် သူတို့အနီးတွင် ထိုင်နေသည့် ဓားသူတော်စင် လော့ရှစ်စန်းက သူတို့ဘက် လှမ်းကြည့်လာသည်။

ယွင်ထျန်းလော့က ဆက်ပြောလိုက်သည်။

“ ငါ ခံစားချက်တစ်ခု ရနေတယ် … သူသာဆိုရင် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မဲ့ နည်းလမ်း ရှာတွေ့နိုင်လောက်တယ် ”

သူက ပြောလိုက်သည့်အခါ တော်ဝင်နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

အားလုံးက ဂိုဏ်းချုပ် ယွင်ထျန်းလော့ကို တအံ့တဩ အမူအရာဖြင့် ကြည့်လိုက်ကြသည်။ အကယ်၍ တခြားတစ်ယောက် ပြောပါက မည်သူမှ အလေးအနက် ထားကြမည် မဟုတ်ပေ။ တကယ်တော့ သူတို့က ထိုလူကိုပင် လှောင်ပြောင်ကြလိမ့်မည်။ သို့သော်လည်း ပြောလိုက်သူမှာ ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ် ယွင်ထျန်းလော့ ဖြစ်နေလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” နန်ကုန်းဝေက မယုံနိုင်စွာ မေးလိုက်သည်။

“ အစ်ကိုကျိက ငါ့ထက် အသက်ကြီးတယ်။ ဒါပေမဲ့ စောစောလေးက ပြိုင်တုန်း သူ့ဆီကနေ အဆုံးမဲ့ စွမ်းအားအရင်းအမြစ်တွေကို မြင်နေရတယ်။ အဲဒါက သက်တမ်းကုန်ခါနီး လူတစ်ယောက်အတွက် မဖြစ်သင့်ဘူး ”

ဂိုဏ်းခေါင်းဆောင် သုံးယောက်၏ စိတ်ထဲ အကြောက်တရား ကြီးစိုးလာသည်။ သူတို့က မိုးမြေကိုပင် တုန်ခါသွားစေပြီး နတ်ဆိုးများနှင့် နတ်ဘုရားများကိုပင် ငိုကြွေးသွားစေနိုင်သည့် ဓားသူတော်စင် လော့ရှစ်စန်း၏ တိုက်ကွက်ပြင်းကို မိစ္ဆာဝေဟင်မျှော်နန်းသခင်၏ လှုပ်ရှားမှုတစ်ခုတည်းအောက် ကျရှုံးသွားကြောင်း ပြန်လည် အမှတ်ရလိုက်သည်။

ဒါက … သက်တမ်းကုန်ခါနီး လူတစ်ယောက် လုပ်နိုင်မဲ့ အရာလား …

“ မင်းတို့ မှားနေပြီ။ မင်းတို့ မှန်ရင်တောင် မင်းတို့ မာန်မာနကို ချိုးနှိမ်ထားဖို့ လိုသေးတယ်”

ယွင်ထျန်းလော့က ပြောပြီးနောက် တော်ဝင်နယ်မြေအစွန်းဘက် လျှောက်သွားတော့သည်။

သုံးယောက်သား စိတ်ရှုပ်ထွေးလျက် ကျန်နေခဲ့သည်။

အခြားတပည့်များက ပြိုင်တူ ပြောလိုက်ကြသည်။

“ဂိုဏ်းချုပ် ကောင်းကောင်းအနားယူပါ ”

………..

တိမ်ခွင်းရထားလုံးပျံသည် အကာအရံများစွာ ဖြတ်သန်းလာသည်။ တောင်ထိပ်နှစ်ဆယ်ကို နောက်မှာ ထားခဲ့ပြီး တိမ်ပင်လယ်ကြားမှ ထွက်လာခဲ့ပြီ ဖြစ်၏။

ရှောင်ယွမ်အာက ခေါင်းကုတ်နေပြီး မင်ရှစ်ရင်က ဘာပြောလိုက်မှန်း စဉ်းစားခန်းဖွင့်နေသည်။

သူမက မေးလိုက်၏ “ ရှစ်စွင်း … စစ်ရှစ်ရှိုး ပြောတာဟုတ်ရင် တပည့်တို့ ယွင်ဂိုဏ်းကို ဘာလို့ သုတ်သင်မပစ်တာလဲ”

လုဖင်းက ခြေမခိုင်ဘဲ ယိုင်တိုင်တိုင် ဖြစ်သွားလေသည်။

တိမ်ခွင်းရထားလုံးပျံက အနည်းငယ် လှုပ်ခါသွားသည်။

“တောင်းပန်ပါတယ် …” လုဖင်းက သူ့ဘာသာ ပါးရိုက်ချင်နေသည်။

ငါ့ဦးနှောက်များ ချောင်ကုန်တာလား … သူတို့ကို ဘာလို့ လိုက်ပို့ဖို့ ပြောလိုက်မိတာလဲ

ဟိုမှာနေခဲ့ရင်လည်း လော့ဂိုဏ်းရဲ့ ငတုံးအကြီးအကဲတွေက ငါ့ကို အပြစ်တင်ကြဦးမှာပဲ … ထွက်လာပြီး ခေါင်းဆောင်ကြီးတွေရဲ့ ရွှေရောင်စကားကို နားထောင်လိုက်တာ မဆိုးပါဘူးလေ

ရှောင်ယွမ်အာက ထပ်ပြောလိုက်သည်။

“ အဲဒီပဲ့ထိန်းသမားကို နမူနာအနေနဲ့ တစ်စစီ ခုတ်ထစ်မပစ်သင့်ဘူးလား ”

ရထားလုံးပျံက ထပ်မံ လှုပ်ခါသွားပြန်သည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ တိမ်ပင်လယ်ကို ကြည့်လိုက်သည်။

ကောင်မလေးတော့ အရင်ထက် ပိုရင့်ကျက်လာပြီ…

အနည်းဆုံးတော့ သူမက မင်ရှစ်ရင် စကားကို နားလည်သွားပြီပဲ … သူမ နားလည်တယ်ဆိုရင် သူမသဘောထားက ဖြောင့်မှန်တယ်ဆိုတာ ပြနေတာပဲ

လုကျိုးဆီမှ အဖြေကို မစောင့်ဘဲ မင်ရှစ်ရင်က အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။

“ရှောင်ရှစ်မေ့ ဒါက ဂိုဏ်းသုံးဂိုဏ်းရဲ့ ပိုင်နက်လေ။ ဒီမှာအကာအရံတွေ၊ လက်ရွေးစင် ကျင့်ကြံသူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြောစရာရှိတာကိုတော့ ပြောရမှာပဲ … မဟုတ်ရင် ဒီစကားတွေသာ အပြင်လူတွေ သိသွားရင် အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းကို အလွယ်လေးလို့ သဘောထားလာကြလိမ့်မယ်”

“အိုး … ”

“ ပြီးတော့ ယွင်ထျန်းလော့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထည့်စဉ်းစားပေးရမယ်လေ။ သူတို့အချင်းချင်း ယှဉ်ပြိုင်တုန်းက မိုးမြေကို စစ်တုရင်ခုံအဖြစ် ပြောင်းပြီး ရှစ်စွင်းရဲ့ မေးခွန်းကို ဖြေပေးဖို့ သက်တမ်း နှစ် ၂၀ စာ သုံးခဲ့ရတယ်။ ငါတို့က အကျိုးအကြောင်းသင့်တဲ့လူတွေလေ မဟုတ်ဘူးလား” မင်ရှစ်ရင်က ပြောလိုက်သည်။

ရှောင်ယွမ်အာက ခေါင်းတညိတ်ညိတ်ဖြင့် “ အခုသိပြီ … ရှစ်စွင်း ကျေးဇူးပါ ”

မင်ရှစ်ရင်က ခေါင်းကုတ်ကာ ‘ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား ’

လုဖင်းလည်း အတွေးလွန်နေသည်။

ခေါင်းဆောင်ကြီးတွေက ပွင့်ချပ်ကိုးလွှာအကြောင်း ဆွေးနွေးရမှာ မဟုတ်ဘူးလား … ဘာလို့ ဒါတွေပြောနေတာလဲ

“တင်း … စီယွမ်အာကို သင်ကြားပြသပေးတဲ့အတွက် ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

လုကျိုးက လှည့်ကြည့်လိုက်ပြီး ခေါင်းအသာညိတ်လိုက်သည်။

ထိုစဉ် လုဖင်းက ရထားလုံးပျံအောက်က အနက်ရောင်နေရာကို လက်ညှိုးထိုးလိုက်ကာ “တစ်ခုခုတော့ မှားနေပြီ ”

မင်ရှစ်ရင်က လွှားခနဲ ရထားလုံးပျံအစွန်းဆီ ရောက်သွားသည်။ သူက ကြည့်လိုက်ပြီးနောက် “ ရှစ်စွင်း … အဲဒီအောက်မှာ သစ်တောတွေ ညှိုးနွမ်းခြောက်သွေ့နေတဲ့ နေရာကြီးတစ်ခု ရှိနေတယ် ”

လုကျိုးက လက်နောက်ပစ်လျက် အစွန်းနား ရောက်လာကာ ကြည့်လိုက်သည်။

လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့လည်း ရောက်လာကြသည်။

တောင်ပေါ်ရှိ သစ်ပင်များက ညှိုးနွမ်းနေပြီး မြေပြင်က အသက်ဓာတ် ကင်းမဲ့နေသည်။

“အခုချက်ချင်း အရှိန်လျော့လိုက် ” ရထားလုံးပျံက နှေးသွားလေသည်။ ထိုအရာက အောက်နိမ့်လာပြီး ညှိုးနေသည့် သစ်ပင်များကြား ဖြည်းဖြည်းချင်း ပျံသန်းနေသည်။

…

အခန်း (၃၇၅) မိစ္ဆာသုတ်သင်ရေးအစီအစဉ်

တိမ်ခွင်းရထားလုံးသည် အရှိန်မှန်မှန်ဖြင့် ရှေ့သို့ ဆက်သွားနေလေ၏။ ယင်းက ရေထဲရှိ ကနူးလှေကဲ့သို့ပင် ဖြစ်သည်။ ၎င်းကို အမြီးပိုင်းက နောက်တွင် ကျန်နေကျ ဖြစ်ရာ ယခု ပျောက်ကွယ်သွားလေ၏။

လုဖင်းသည် လော့ဂိုဏ်း၏ အငယ်ဆုံးအကြီးအကဲ ဖြစ်သည်။ သူသည် လက်နက်များ သွန်းလုပ်သန့်စင်ရာ၌ ပိုကျွမ်းကျင်သော်ငြား တိမ်ခွင်းရထားလုံးကို ထိန်းရခြင်းကလည်း သူ့အတွက် ပြဿနာ မရှိပေ။ ညှိုးရော်သော သစ်ပင်ပန်းမာန်များအပြင် အရာအားလုံးက ပုံမှန်အတိုင်း ထင်ရသည်။

မြေပြင်ကို လေ့လာကြည့်ပြီးနောက် ညှိုးရော်နေသော သစ်ပင်ပန်းမာန်များသည် အကွက်လိုက် ဖြစ်နေပုံပေါ်၏။ လုဖင်းသည် ဆရာကြီးများကို ခစားဖို့ သူ၏ဆုံးဖြတ်ချက်ကို ပြသရန် ပြုံးလိုက်တော့၏။ သူက နောက်လှည့်ကြည့်လိုက်သည်။ အချိန်တချို့ လေ့လာကြည့်ပြီးနောက် အငယ်ဆုံးတပည့်သည် အသန့်စင်ဆုံးနှင့် စကားပြောရ အလွယ်ဆုံးဖြစ်ဟန်တူတာကို သတိပြုမိသွား၏။ ထို့ကြောင့် သူက တောက်ပစွာ ပြုံးလျက် သိမ်မွေ့စွာ မေးလိုက်တော့သည်။

“န.. နဝမသခင်မလေး.. ကျွန်တော့်ရဲ့ရထားလုံးပျံ မောင်းတဲ့စွမ်းရည်ကို ဘယ်လိုထင်လဲ”

ရှောင်ယွမ်အာက စိတ်လေနေသည့် အကြည့်ဖြင့် ပြောလိုက်တော့၏။

“သာမန်ညောင်ညပါပဲ”

အတိတ်တုန်းကသာ ဆိုပါက သူမကို ထိုမေးခွန်းမျိုးမေးခဲ့လျှင် လုဖင်းကို ရိုက်နေလောက်ပြီဖြစ်သည်။ သို့သော် မင်ရှစ်ရင်၏စကားကို နားထောင်ပြီးနောက် သူပြောတာ မှန်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် လုဖင်းကို အဖြေတစ်ခု ပေးလိုက်တာပဲ ဖြစ်၏။

“ဟမ်.. သာမန်ညောင်ညလား..”

လုဖင်းက ခေါင်းကုပ်လိုက်၏။ ဒါ မဖြစ်နိုင်ဘူး။ တိမ်ခွင်းရထားလုံးက နှစ်ကြိမ်ပဲ ခါသွားတာ အားလုံးက ချောချောမွေ့မွေ့ပဲ ဘာကြောင့် ငါ့ကို ဒီလို နိမ့်တဲ့အဆင့်သတ်မှတ်ချက် ပေးရတာလဲ။

“ရှင်က ကျွန်မရဲ့စစ်ရှစ်ရှိုးနဲ့ယှဉ်ရင် ဝေးသေးတယ်”

ရှောင်ယွမ်အာက ပြောလိုက်၏။

လုဖင်းသည် သူ့ဘေး၌ ရပ်နေသော မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်သည်။ စိတ်ထဲ တွေးနေလေ၏။

ကောင်းလိုက်တာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးကတောင် ပဲ့ကိုင်ရတယ်ပေါ့။ ကြည့်ရတာ ဒါက ဂုဏ်တက်စရာ အလုပ်နဲ့ တူပါရဲ့။

မင်ရှစ်ရင်သည် ညှိုးရော်နေသော ဧရိယာကို လေ့လာလိုက်သည်။ သူက ပြောလိုက်၏။

“ရှစ်စွင်း.. ညှိုးနွမ်းနေတဲ့ ဧရိယာက ရှေ့မှာ ပါးသွားတဲ့ပုံပဲ”

လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ ထိုစဉ် လက်နောက်ပစ်ထားလျက် လန်လော့ကလည်း လေ့လာနေကာ လုကျိုးဘေးတွင် ရပ်လိုက်၏။

“ညှီနံ့ရတယ်။ တစ်ယောက်ယောက် လုပ်တာများလား”

ဖန်လီထျန်းသည် အနက်ရောင်တောအုပ်တွင် သူ မြင်ခဲ့သော မြင်ကွင်းကို သတိရသွားလေသည်။ သူက မဟာမီးလောင်ကျွမ်းသွားပြီးနောက် အရာအားလုံး ညှိုးရော်သွားပုံကို မှတ်မိသည်။

“တစ်ယောက်ယောက်က ကောင်းကင်ရဲ့ဆန္ဒကို ဆန့်ကျင်ပြီး နှစ်အချို့ ငှားယူဖို့ ကြိုးစားနေတာလို့ သံသယဝင်မိတယ်”

ဆရာကြီးများသည် နောက်ဆုံးတော့ အဆင့်မြင့်အကြောင်းအရာကို ဆွေးနွေးကြလေပြီ။ လုဖင်းက ချက်ချင်း နားစွံ့လိုက်၏။ သူတို့ပြောတာကို ဂရုတစိုက် အလေးအနက် နားထောင်နေသည်။

လုကျိုးက ပြောလိုက်သည်။

“သမိုင်းကြောင်းထဲမှာ တော်တော်များများက ကောင်းကင်ဘုံကနေ အသက်ကို ငှားဖို့ ကြိုးစားခဲ့ကြတယ်။ ဘယ်သူမှ အဆုံးသတ်မကောင်းဘူး”

ကျင့်ကြံခြင်းလောက၏ သမိုင်းကြောင်းထဲတွင် ကျင့်ကြံသူများစွာသည် သူတို့အသက်ရှည်စေရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သည်။ ထိုလူများက ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့်ကို ရယူရန် ကံတောင် မပါခဲ့ကြချေ။ ထိုသို့တိုင် သူတို့က ပွင့်ချပ်ရှစ်လွှာအဆင့်၏ မကောင်းသည့်အာနိသင်များကို ခံစားခဲ့ရ၏။

“ရှစ်စွင်း ကျွန်တော်ဆင်းပြီး စစ်ဆေးလိုက်ရမလား”

မင်ရှစ်ရင်က မေးလိုက်သည်။ လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဘက်ကို ကြည့်ပြီးနောက် ပြောလိုက်တော့၏။

“အခု မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ကြရအောင်..”

ရီစီရင်စုထဲရှိ ငရဲဂိုဏ်း၏အခွဲတွင် ဖြစ်သည်။

ယွီကျန့်ဟိုင်က မြေပုံ၏ အနောက်ဘက်ပိုင်းကို လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်သည်။

“ရီစီရင်စုက ငရဲဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ ဝေ့ကျိုးယန်ရဲ့လူတွေက အားနည်းတယ်။ ရိကျိုးက တစ်လမပြည့်မီမှာ ငရဲဂိုဏ်းက ပိုင်ဆိုင်တော့မှာ”

စီးဝူယာ့က ပြော၏။

“ဝေ့ကျိုးယန်က ဆူပူမှုကို နှိမ်နှင်းဖို့ အမိန့်ပေးခံထားရတာ။ ဒါပေမဲ့ စစ်တပ်သုံးခုကို အမိန့်ပေးနိုင်တဲ့ အစစ်အမှန်ခေါင်းဆောင် မဟုတ်တာတော့ နှမြောစရာပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ လီကျင်းယီအကြောင်း ဂရုစိုက်ရမယ်”

“မင်းပြောတာ မှန်တယ် ရှစ်တိ.. ဒီလီကျင်းယီက နှစ်ခါလှုပ်ရှားခဲ့တာ သူက တကယ်အရည်အချင်းရှိတယ်”

ယွီကျန့်ဟိုင်က ပြော၏။

“ဝေ့ကျိုးယန်ရဲ့တပ်ဖွဲ့တွေအကြောင်း ဘာမှစိတ်ပူစရာ မရှိဘူး။ ဒါပေမဲ့..”

စီးဝူယာ့က လို့လန်ကို လက်ညှိုးထိုးပြလိုက်၏။

“တခြားမျိုးနွယ်တွေလား..”

ယွီကျန့်ဟိုင်က မျက်မှောင်အနည်းငယ် ကြုတ်သွားလေ၏။

“ရီစီရင်စု ပရမ်းပတာ ဖြစ်နေတဲ့အချိန် လို့လန်က ခိုးဝင်လာခဲ့ရင် ကျွန်တော်တို့က နှစ်ဖွဲ့ကို တိုက်ခိုက်ရလိမ့်မယ်”

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုရင် စောင့်ကြပ်ဖို့ လူတချို့ကို ပို့ထား”

သူက နှစ်ဖွဲ့ကို တိုက်ခိုက်ရမည့်အကြောင်း တွေးနေစဉ် ရုတ်တရက် မေးလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းက သတင်းရလား”

စီးဝူယာ့က ပြော၏။

“အစကတော့ ဖြောင့်မတ်ခြင်းလမ်းစဉ်က အရံအတား ပျောက်ကွယ်သွားပြီးတဲ့နောက် သူတို့ရဲ့မိစ္ဆာသုတ်သင်ရေး အစီအစဉ်သစ်ကို စဖို့ အခွင့်အရေးကို ရှာနေတာ”

ယွီကျန့်ဟိုင်က သရော်ပြီး ပြုံးလိုက်၏။

“မိစ္ဆာသုတ်သင်ရေး အစီအစဉ်အသစ်လား။ သူတို့က ရှစ်စွင်းကို သတ်ချင်တာလား”

စီးဝူယာ့က ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ အာ့ရှစ်ရှိုးနဲ့ ရှစ်စွင်းရဲ့ဆက်ဆံရေးက ပိုကောင်းဖို့ ဖြစ်လာတာ။ သူတို့ အဆင်ပြေနေပြီ”

ယွီကျန့်ဟိုင်က ထိုအကြောင်းကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် ထိုင်လိုက်သည်။

ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်သွားလေရာ ဖြောင့်မတ်ခြင်းလမ်းစဉ်သည် အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲတော့ချေ။

ဖြောင်း..

ယွီကျန့်ဟိုင်က သူ့ရှေ့ရှိ စားပွဲကို လက်သီးဖြင့် ထိုးချပြီး ချိုးလိုက်တော့သည်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ငါ သူ့ကို မသက်ညှာခဲ့သင့်ဘူး။ အစောတည်းက အာ့ရှစ်တိမှာ အကျင့်စရိုက်ပြဿနာရှိတယ်လို့ ပြောသားပဲ။ မင်း အခု ငါ့ကို ယုံပြီလား”

အမ်.. စီးဝူယာ့က အနည်းငယ် အံ့ဩသွားလေ၏။ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။

ပြီးနောက် သူက ပြော၏။

“အာ့ရှစ်ရှိုးက နာမည်စာရင်းတစ်ခု လုပ်ထားတယ်။ အရင်တုန်းက ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ခဲ့တဲ့လူတွေရဲ့ နာမည်ပါတယ်။ စာရင်းမှာပါတဲ့လူ ဘယ်သူပဲ ဖြစ်ဖြစ် ဓားနဲ့ သူတို့ဝိညာဉ်အနုတ်ခံရလိမ့်မယ်”

ယွီကျန့်ဟိုင်က လက်မခံဘဲ ပြောလိုက်၏။

“သူ့ဒီသဘောထားကြောင့် ရှုံးနိမ့်အုံးမှာပဲ။ သူက ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ရှိနေတာကြောင့် တစ်ကမ္ဘာလုံးက သူ့ကို မထိနိုင်ဘူးလို့ တွေးနေတာလား”

အစီအရင်၊ အရံအတား၊ ဆေးလုံးကဲ့သို့သော အရာများမရှိလျှင် ငရဲဂိုဏ်းသည် တစ်ကမ္ဘာလုံးရှိဂိုဏ်းတိုင်းကို အောင်နိုင်ပြီး သူတို့ကို စုစည်းနိုင်လိမ့်မည်။

ယွီကျန့်ဟိုင်သည် အံ့ဖွယ်မြို့တော်ရှိ အဆုံးသတ်ဆယ်ပါး အစီအရင်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး နည်းလမ်းတစ်ခုမှ ရှာမတွေ့သေးပေ။

“တာ့ရှစ်ရှိုး အခု လက်ရှိကို ဖြေရှင်းတာက ပိုကောင်းလိမ့်မယ်။ ရီခရိုင်ကို ယူနေတဲ့အချိန် ကျွန်တော် အကြံပြုချင်တာက ကျွန်တော်တို့တွေ မြောက်ဘက်ကို ဆက်သွားပြီး လျန်စီရင်စုကိုပါ သိမ်းပိုက်ဖို့..”

စီးဝူယာ့က ပြော၏။ ထိုစကားကို ကြားသောအခါ ယွီကျန့်ဟိုင်က ပျော်ရွှင်သွားတော့သည်။

“ဒါပေါ့..”

သူက လမ်းလျှောက်လာပြီး စီးဝူယာ့၏ ပခုံးကို ပြင်းထန်စွာ ရိုက်ချလိုက်ကာ ပြောလိုက်၏။

“မင်းသာ ငါ့ဘေးမှာ ရှိနေရင် လောကကို သိမ်းပိုက်ဖို့ စိုးရိမ်စရာ မလိုတော့ဘူး ရှစ်တိ..”

...

ဓားသင်္ချိုင်းထဲတွင် ဖြစ်သည်။

ပိန်းပိတ်အောင် နက်မှောင်နေသော ဓားသင်္ချိုင်းထဲ၌ အလင်းရင်းမြစ်တစ်ခုသာလျှင် ရှိနေလျက် နေရောင်ဖျော့ဖျော့က အထဲသို့ ဝင်ရောက်သွား၏။

အဆုံးသတ်ခုနှစ်ပါး အစီအရင်အပြင်ဘက်၌ အနက်ရောင် အရိပ်နှစ်ရိပ် ရပ်နေ၏။ သူတို့က ပြီးပြည့်စုံစွာ လည်ပတ်နေသော ဓားအစီအရင်ကို ကြည့်နေကြသည်။

“ဒါက ငါ့ကို ပွင့်ချပ်ကိုးလွှာအဆင့်ရောက်အောင် ကူညီပေးနိုင်မှာ သေချာလား”

အနက်ရောင်အရိပ်နှစ်ရိပ်ထဲမှ တစ်ရိပ်သည် ဓားအစီအရင်ထဲရှိ အလောင်းများကို ကြည့်ပြီး မေးလိုက်သည်။ တစ်ဖက်သူက ရယ်မောပြီးနောက် အက်ကွဲသောအသံဖြင့် ပြန်ပြောလိုက်သည်။

“ပွင့်ချပ်ကိုးလွှာအဆင့်က ဆံဖြူလို ရိုးရှင်းတယ်လို့များ ထင်နေတာလား။ လူတိုင်း ရနိုင်တဲ့အရာလို့များ ထင်နေတာလား။ မဟုတ်ဘူး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရအောင်ကြိုးပမ်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပွင့်ချပ်ရှစ်လွှာရန်သူကို အနိုင်ယူနိုင်လိမ့်မယ်”

“ပါမာ.. မင်း မလုပ်နိုင်ရင် အကျိုးမရှိတဲ့ ကတိတွေ မပေးနဲ့ ငါ့ကို တစ်ခွန်းတည်းပြော..”

“ကျန့်ယွမ်ရှန်း မင်းက ယွီရှန်းရုန်ရဲ့စာရင်းထဲမှာ ရှိတယ်။ ရွေးချယ်စရာ မရှိဘူး။ မင်းမှာ ဒုတိယအတွေး ရှိနေခဲ့မယ် ဆိုရင် အခု ထွက်သွားလိုက်”

ပါမာက နိုင်လိုမင်းထက် ပြောလိုက်လေ၏။ ပါမာဘေးရှိလူကမူ သမာသမတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းပဲ ဖြစ်သည်။

သမာသမတ်ဂိုဏ်း ရှင်းထုတ်ခံရပြီးနောက် ကျန့်ယွမ်ရှန်း သွားစရာမြေမရှိ ဖြစ်နေသည်။ သူသည် အစတည်းက အဆက်အသွယ် သိပ်မရှိရာ ယခုဆို အများ၏ ပစ်မှတ်ထားရာ ဖြစ်လာခဲ့သည်။ သူက ယွီရှန်းရုန်၏စာရင်းထဲ၌ ပါရှိနေကြောင်း ရှာတွေ့သွားချိန်၌ သူက စားချင်သောက်ချင်စိတ် မရှိတော့ဘဲ ညအိပ်မပျော်နိုင် ဖြစ်ခဲ့သည်။ ဓားနတ်ဆိုးယွီရှန်းရုန် သတ်ဖြတ်တာ ခံခဲ့ရသည့် ကျင့်ကြံသူများစွာကို မြင်ပြီးနောက် သူ စိတ်ပျက်အားငယ်သွားလေ၏။

“ကောင်းပြီ”

ကျန့်ယွမ်ရှန်းက ပါမာကို စိန်းစိန်းဝါးဝါး ကြည့်ပြီးနောက် ပြောလိုက်၏။

“ဒါကို လေ့လာရင်း တစ်ဘဝလုံး အချိန်ကုန်ခဲ့တာ။ စုန်းအတတ်နဲ့ ငါ့အသက်ဓာတ်ကို စုစည်းထားပြီးသား မင်းနဲ့ငါက တစ်လှေတည်းစီးတွေပဲ။ ငါ့ကို ယုံ..”

ပါမာက ယုံကြည်ချက် ရှိရှိ ပြောလိုက်၏။

“ဒါဆို ငါ ဒီမှာ ဘာလုပ်ရမှာလဲ”

ကျန့်ယွမ်ရှန်းက ၎င်းကို နားလည်ရန် ခက်ခဲနေ၏။ ပါမာက ဘာမှမပြောပေ။ သူက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ခရမ်းရောင်စွမ်းအင်က အဆုံးသတ်ခုနှစ်ပါး အစီအရင်ထဲ ရောထွေးသွား၏။ လေထဲရှိ ဓားအစီအရင်သည် ၎င်းကို တုံ့ပြန်ပုံမပေါ်ပေ။

“ဒါက အကြီးမြတ်ဆုံးယန်ရဲ့ သော့ချက်ပဲ။ သိုင်းပညာရှင်တစ်ယောက်က ဒီမှာ ကျင့်ကြံရမယ်.. အလိုလေး.. ငါ သူ့ကို ရှာမတွေ့နိုင်ဘူး ဒါပေမဲ့..”

လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး အဆုံးသတ်ခုနှစ်ပါး အစီအရင်အတွင်းရှိ အလောင်းကို လက်ညှိုးထိုးပြလိုက်၏။

“ဒါကတော့ ကျင့်ကြံနိုင်လိမ့်မယ်”

“အလောင်းတစ်လောင်းလား”

ကျန့်ယွမ်ရှန်းက အံ့ဩသွား၏။

ဂျွတ် ဂျွတ်..

အလောင်းက လှုပ်ရှားလာသည်။

“ရုပ်သေးအတတ်ပညာ..”

ကျန့်ယွမ်ရှန်းက ထိတ်လန့်သွားသည်။

“မင်းက ဗုဒ္ဓလက်ရွေးစင်တစ်ယောက်..”

ပါမာက အလောင်း၏အခြေအနေကို အာရုံခံမိသွားသည်။

“ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ကျန့်ယွမ်ရှန်းက မေးလိုက်သည်။ ပါမာက ကျန့်ယွမ်ရှန်းကို ကြည့်ကာ ပြောလိုက်၏။

“အသက်စွမ်းအင်အားလုံးကို သုံးပြီး မင်းရဲ့စွမ်းအားကို မြင့်တင်ပေးမယ်။ မင်းမှာ အခွင့်အရေး နှစ်ခုသုံးခုပဲ ရှိတယ်ဆိုတာ မှတ်ထားလိုက်..”

ကျန့်ယွမ်ရှန်း၏ မျက်လုံးထဲ၌ ကျေနပ်အားရသည့် အရိပ်အယောင်ပေါ်လာပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။

All Chapters