အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း(၃၇၆) အစောင့်အရှောက် ယဲ့ထျန်းရှင်း
ခဏအကြာတွင် ပါမာ လက်ဖဝါးထဲမှ ခရမ်းရောင်အငွေ့များ ပိတ်ဖုံးသွားလေသည်။ သူက မော့ကြည့်ကာ “ ဂမ္ဘီရဉာဏ်”
သူ့အသံက ဓားသင်္ချိုင်းထဲ ပဲ့တင်ထွက်လာ၏။
ဝေဟင်ရှိ ဓားအစီအရင်ကား စတင် လှုပ်ခါလာလေသည်။
“ ချီးမွမ်းခြင်း” ပါမာ၏ ပါးစပ်မှ ထူးထူးဆန်းဆန်း အသံများ ထွက်ပြီး ထိုအသံများ ပေါင်းစပ်သွားသည့်အခါ အလင်းတန်း ဝင်ရောက်ထားသည့် ဝင်ပေါက်မှ လေများဝင်လာသည်။
စုန်းအတတ် အစီအရင်စက်ဝန်းများက အဆုံးသတ် ခုနှစ်ပါးအစီအရင်အစွန်းတစ်ဝိုက်တွင် ပေါ်ထွက်လာသလို စွမ်းအားများလည်း စတင် စုဝေးလာသည်။
ကျန့်ယွမ်ရှန်းက ထိုအရာကို မြင်ပြီး စိတ်လှုပ်ရှားနေသည်။ သူက စွမ်းအားစုဝေးလာသည်ကို အာရုံခံစားမိသည်။ ထိုစွမ်းအားက ပွင့်ချပ်ရှစ်လွှာအဆင့်ကိုပင် ဖိနှိပ်ထားနိုင်ကြောင်း ခံစားမိလေသည်။
ဓားသင်္ချိုင်းအပြင်ဘက်တွင် …
မြင့်တက်လာသည့် ခရမ်းရောင်အငွေ့များက ပတ်ဝန်းကျင်တစ်လျှောက် ရွေ့လျားသွားလေသည်။ ခရမ်းရောင်အငွေ့များက သစ်ပင်များ၊ ပန်းမန်များနှင့် မြက်ပင်များကိုပင် ညှိုးနွမ်းသွားစေ၏။
ထိုစဉ် နောက်ထပ်တစ်နေရာ၌ ခရမ်းရောင်အငွေ့လိုမျိုး အရာသည် စွမ်းအားများကို စုဆောင်းနေသည်။
တူညီလှစွာ သစ်ပင်များစွာက ညှိုးနွမ်းခြောက်ကပ်လာသည်။
ရွှေနန်းဥယျာဉ်တောင်နှင့် မိုင်ဒါဇင်ချီကွာဝေးသည့် ရေကန်ဘေးတွင် အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ခြုံထည်တို့ကို သေသပ်စွာ ခေါက်ထားလေသည်။ အနီးအနားတောအုပ်မှ ခရမ်းရောင်စက်ဝန်းတစ်ခုက ပြန့်လာပြီး ဘေးပတ်ဝန်းကျင်ရှိ အသက်ဓာတ်များကို စုဆောင်းနေသည်။
သစ်ပင်များက ညှိုးနွမ်းသွားကာ ပန်းမန်များလည်း ခြောက်သွေ့သွားကြသည်။ ငှက်များလည်း တကွဲတပြား ပျံထွက်ပြေးကုန်ကြသည်။
တချို့သားရဲပျံများက အန္တရာယ်ကို လျစ်လျူရှုကာ ခရမ်းစက်ဝန်းပေါ် ဆင်းးသက်လိုက်ကြသည်။ ခရမ်းရောင်စက်ဝန်းက လက်တံများကြီးထွားလာဟန်ဖြင့် တိရစ္ဆာန်များကို ဖမ်းဆီးလိုက်ပြီး အရိုးကို အမှုန့်ဖြစ်သည့်အထိ စုပ်ယူခံလိုက်ရလေသည်။
ကန်မျက်နှာပြင်အထက် ပူဖောင်းများ ထနေသည်။
ထိုစဉ်
ဗွမ်း
လေထဲ ရေတွေက မြင့်တက်လာသည်။ စွမ်းအားက ရစ်ပတ်ကာ စိုစွတ်မှုက ချက်ချင်းဆိုသလို အငွေ့ပျံသွားလေသည်။
ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ သူမဆံပင်များက ရေတံခွန်လိုမျိုး ဖြာကျနေကာ သူမအသားရေက နှင်းလိုမျိုး ဖြူဆွတ်နေသည်။ သူမက မျက်လုံးဖွင့်လိုက်သည့်အခါ ရေကန်နားက မြေပေါ် တင်ထားခဲ့တဲ့ အဝတ်များက ပျံသန်းလာသည်။ သူမ၏ အံ့လောက်ဖွယ်ခန္ဓာကိုယ် အလှည့်တွင် ရေများက ရေကန်ထဲ ပြန်ကျသွားလေသည်။
သူမ သွင်ပြင်အစစ်အမှန်ကို ယခုမှ မြင်ရသည်။ သူမက လောကီရေးရာများနှင့် အဆက်ဖြတ်ထားသလို ပုံစံပေါက်နေသည်။ သူမက ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် မသေမျိုးတစ်ပါးအလား ထင်မှတ်ရစေသည်။
ယဲ့ထျန်းရှင်းက သူမ ပခုံးထက်မှ ဆံပင်များကို ကြည့်လိုက်သည်။ နေရောင်အောက်တွင် သူမ၏ ပိတုန်းရောင် ဆံကေသာက ရွှန်းစိုသွားသည်။ သူမက အဖြူရောင်ခြုံထည်အပေါ် ရေစက်အနည်းငယ်ကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ သူမက ကမ္ဘာဦးချီဖြင့် ခြုံထည်ကို ခြောက်သွေ့စေလိုက်ပြီး သက်ပြင်းချကာ “ငါ ထပ်ကြိုးစားရဦးမှာပဲ ”
ယဲ့ထျန်းရှင်းက လေထဲမှ ကမ်းစပ်ဆီ လျှောက်လှမ်းလာသည်။ သူမက လမ်းတစ်ဝက် ရောက်သည့်အခါ လေထုထဲ မူမမှန်မှုကို သတိထားမိလိုက်၏။
“ဟင် …”
သူမက အမြန်အဆန် လှုပ်ရှားလိုက်ပြီး သစ်ပင်ထိပ်ဖျားအထိ ပျံသန်းသွားလိုက်ပြီး ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။
သစ်ပင်များက ညှိုးနွမ်းနေသလို ထိခိုက်ထားသလို ဖြစ်နေသည်။
“စုန်းအတတ်လား၊ နတ်ဆရာကြီးလား” ယဲ့ထျန်းရှင်းက သူမအချိန်အများစုကို အပြင်ဘက်၌သာ နေခဲ့သည်။ သူမက လရောင်ဆွတ်နန်းဆောင်ကို တည်ထောင်ခဲ့စဉ်အခါက စုန်းအတတ်ကို လေ့လာဖူးခဲ့၏။
သူမက ဒါကိုမြင်သည့်အခါ မည်သို့မတုန်လှုပ်ဘဲ နေမည်နည်း။
သူမက အနီးအနားရှိ တောအုပ်ဆီ ပျံသန်းသွားလိုက်သည်။ သူမက ရွှေနန်းဥယျာဉ်တောင် အဝေးဆီ ရောက်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
မိုင်အတော် ပျံသန်းပြီးနောက် သူမက ညှိုးနွမ်းနေသည့် သစ်ပင်များကို တွေ့မြင်နေရဆဲ ဖြစ်သည်။ ထိုအကြောင်း ဆက်စုံစမ်းဖို့ မလိုတော့ပေ။ သူမ၏ အလိုလိုသိစိတ်မှ တစ်ခုခု မသင်္ကာစရာကောင်းနေကြောင်း ပြောနေသည်။
ယဲ့ထျန်းရှင်းက ဆက်လက် ပျံသန်းလာပြီးနောက် စွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ သူမက မိစ္ဆာဝေဟင်မျှော်နန်းဘက် လှမ်းကြည့်လိုက်သည်။
ထိုအရာနှင့် အလှမ်းဝေးကွာလွန်းလှသည်။ နေ့ခင်းဘက်၌ပင် သူမက ရွှေနန်းဥယျာဉ်တောင်၏ ပုံရိပ်ကို ဝေဝါးဝါးသာ မြင်တွေ့ရလေသည်။ သူမက ထိုနေရာတွင် ဘာဖြစ်နေမှန်း မသိပေ။ သူမက ပတ်ဝန်းကျင်ကို တစ်ဖန်စစ်ဆေးလိုက်ပြီးနောက် ပျောက်ကွယ်သွားပြီဖြစ်သည့် ခရမ်းရောင်စက်ဝန်းအနား ဆင်းသက်လိုက်သည်။ သူမက လက်ဝေ့လိုက်သည့်အခါ တောက်ပနေသည့် မာယာကျော့ကွင်းက ပေါ်ထွက်လာသည်။
ဝှစ်
သူမ၏ မာယာကျော့ကွင်းက သူမအနား လှည့်ပတ်နေပြီး ခရမ်းရောင်စက်ဝန်းအပေါ် နေရာဆီ ဖြတ်သွားပြီးနောက် သူမလက်ထဲ ပြန်ရောက်လာသည် “ရုပ်သေးရုပ်လား ”
ခရမ်းရောင်စက်ဝန်းအတွင်း အလောင်း မရှိပေ။ ထို့ကြောင့် ထိန်းချုပ်ခံရသည့် ရုပ်သေးရုပ် မရှိချေ။ ယဲ့ထျန်းရှင်းက နတ်ဆရာကြီးသည် အနီးတွင် မရှိကြောင်း ပြောနိုင်လေသည်။သူမက စုန်းကျင့်ကြံသူသည် ဒီလိုမျိုး အားကောင်းသည့် စုန်းစက်ဝန်းများကို ဆက်တိုက် ထုတ်ဖော်နိုင်သည့်အတွက် အံ့ဩမိ၏။
ယဲ့ထျန်းရှင်းက သူမဘာသာ ရေရွတ်လိုက်ပြီးနောက် လေထဲ ပျံသန်းသွားကာ “ တစ်ယောက်ယောက် ရှိနေတယ် ”
ယဲ့ထျန်းရှင်းက အဝေးတစ်နေရာတွင် သိပ်သည်းနေသည့် ပျံသန်းရေး အစီအရင်တစ်ခုကို မြင်လိုက်ရသည်။ သူမက မနေနိုင်ဘဲ အံ့အားသင့်မိသွားသည်။ သူမက နောက်မဆုတ်ပေ။ ထို့အစား သူမက ထိုနေရာဆီ ပျံသန်းသွားလိုက်၏။
လေထဲတွင် ပျံသန်းနေသည့် ဘုန်းတော်ကြီးများကြောင့် ဖြစ်ပေါ်နေသည့် လေးထောင့် အစီအရင်တစ်ခု ဖြစ်ပေသည်။ ထိုအရာက သူတို့ပျံသန်းလာရင်း စွမ်းအားခန္ဓာကိုယ်ကိုပါ သယ်ဆောင်လာသည်။
ယဲ့ထျန်းရှင်းက အနီးကပ်မသွားတော့ပေ။ သူမက ဘုန်းတော်ကြီးများနှင့် ပတ်သက်ပြီး အမြင်ကောင်း မရှိပေ။
သူမက မဟာနည်းစနစ်နှင့် ထွက်သွားတော့မည့်ဆဲဆဲတွင် ဘုန်းတော်ကြီးက အသံလွှင့်ပြောလိုက်သည်။ “ဒကာမလေး ခဏနေပါဦး”
ယဲ့ထျန်းရှင်းက မျက်မှောင်ကြုတ်ကာ “ဘာကိစ္စများလဲ ”
“ ကိုယ်တော်ကို အထင်မလွဲပါနဲ့။ ဒကာမလေး … ကိုယ့်တော်ဘွဲ့နာမည်က ရွှီကျင့်ပါ။ ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်က ကျောင်းထိုင်ပါ … ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ” ရွှီကျင့်က အသံလွှင့်ကာ ပြောလိုက်သည်။
“ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်က ရွှီကျင့်လား ”
“ဒကာမလေး သိတယ်လား” ဗုဒ္ဓသခင်ရွှီကျင့်က အနည်းငယ် အံ့ဩမိသွားသည်။
ယဲ့ထျန်းရှင်းက အကြောင်းအရင်းကို မပြောပြသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့အစား သူမက ပြောလိုက်သည် “ တပည့်တော်မ သွားစရာရှိလို့ ခွင့်ပြုပါဦး ”
“ဒကာမလေး ရွှေနန်းဥယျာဉ်တောင်က ဒီကနေ ဘယ်လောက်အလှမ်းဝေးလဲ သိလား” ရွှီကျင့်က ထပ်မေးလိုက်သည်။
ယဲ့ထျန်းရှင်းက ရယ်စရာကောင်းသည်ဟု ထင်မိသည်။
ဒီကနေ တန်းတန်းသွားရင် ရွှေနန်းဥယျာဉ်တောင်ကို တွေ့လာရမှာပဲ … ဘာလို့များ မေးနေသေးတာလဲ
သူမသာ ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်အကြောင်း မသိထားလျှင် အစကတည်းက ထွက်သွားပြီးလောက်လေပြီ။
“တပည့်တော်မ မသိပါဘူး” ယဲ့ထျန်းရှင်းက ဖြေလိုက်ပြီးနောက် လှည့်ထွက်သွားသည်။
“ဒကာမလေး ခဏနေပါဦး ”
ဝှစ်
ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်က လေထဲ ပုံပေါ်လာသည်။
ရွှီကျင့်နှင့် သူ့နောက်မှ ဘုန်းတော်ကြီးများက ကြောင်အမ်းသွားကြသည်။
“ဒါက …”
“ ဆရာတော် ဒီမှာ တပည့်တို့ ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူတွေနဲ့ တိုးတာ ပုံမှန်ပဲ တူတယ်။ တပည့်တို့ လှည့်ပြန်ကြမလား။ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တို့ကို လိုမယ် မထင်ဘူး ”
ဘုန်းတော်ကြီးများက နေမထိထိုင်မထိ ဖြစ်လာကြသည်။
သူတို့က မိစ္ဆာဝေဟင်မျှော်နန်းသည် လက်ရွေးစင်များပြည့်နေပြီး အားကောင်းမှန်း သိထားကြသည်။ သူတို့ရန်သူများကလည်း လက်ရွေးစင်များ ဖြစ်သည်မှာ မဆန်းလှပေ။ သို့သော်လည်း သူတို့က လမ်းတစ်လျှောက် ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူများစွာနှင့် တွေ့လာသောကြောင့် အနည်းငယ် ယုံကြည်ချက်လျော့ပါးလာသည်။
ရွှီကျင့်က မျက်မှောင်ကြုတ်လိုက်ပြီး “ဒကာကြီးကျိက အရင်တစ်ခေါက် ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်ကို ကူညီပေးခဲ့တာ … ဒီတစ်ခါ ဆရာတော်တို့က ဆယ်ဆမက ပြန်ပေးဆပ်သင့်တယ်လေ။ တကယ်လို့ မင်းတို့ကြောက်နေရင် ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်ကနေ အခုချက်ချင်း ထွက်သွားလို့ရတယ်”
“ တပည့်တို့ မလုပ်ရဲပါဘူး။ တပည့်တို့ အမှားလုပ်မိသွားပါတယ်” ဘုန်းတော်ကြီးများက ပြိုင်တူ ပြောလိုက်ကြသည်။
ရွှီကျင့်က ဘေးပတ်လည်ကို ကြည့်လိုက်ကာ “ရွှေနန်းဥယျာဉ်တောင် အကာအရံက ပျောက်ကွယ်သွားတာ အချိန်တစ်ခုလောက်ရှိပြီ။ သူတို့ အကူအညီအလိုအပ်ဆုံးအချိန်မှာ ဗုဒ္ဓဂိုဏ်းမှာ ငကြောက်ဖြစ်နေတာ လက်မခံနိုင်စရာပဲ ”
“တပည့်တို့ ဆရာတော်သင်ကြားမှုကို မှတ်သားထားပါ့မယ် ”
“ ပြီးတော့ ဖြောင့်မတ်ခြင်း လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ကြားက ကွာခြားချက်အကြောင်း သတိပေးဖို့ မကြိုးစားနဲ့” ရွှီကျင့်က စွမ်းအားထုတ်ဖော်ရင်း ပြောလိုက်သည်။
“နားလည်ပါပြီ ” တပည့်များက ပြိုင်တူ ပြောလိုက်ကြသည်။
“အောမိတောဖော”
နေ့ဝက်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း ခန်းမကျယ်အတွင်း …
လုကျိုးက စနစ်ပေါ်မှ လက်ကျန်အမှတ်များကို ကြည့်နေသည်။
ကုသိုလ်ရမှတ် - ၃၇၀၀
သူက ဤပမာဏဖြင့် အသေရိုက်ချက် တစ်ကတ်သာ ဝယ်နိုင်လေသည်။
သူက ကောင်းကင်ကျမ်းစွမ်းအားကို လတ်တလော ပိုင်ဆိုင်ထားသောကြောင့် အသေရိုက်ချက်ကတ် တန်ဖိုးက သူ့မျက်စိထဲ သိပ်မဟုတ်တော့ပေ။
အကယ်၍ သူ မရင်ဆိုင်နိုင်သည့် ပြိုင်ဘက်နှင့် ရင်ဆိုင်လာရလျှင် အသေရိုက်ချက်က သူ့အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေသေးသည်။ ထိုအခြေအနေအတွင်း သူက အပြုအမူ၏ အရှုံးအမြတ်ကို ထည့်စားနေချိန်ရှိမည် မဟုတ်ပေ။
“တင်း ပစ်မှတ်ကို သတ်ပြီးပါပြီ။ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
လုကျိုးက စနစ်အသိပေးချက်ကို ကြားလိုက်သည့်အခါ မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သူက သူ့ဘာသာ ရေရွတ်လိုက်၏ “ ဒီတပည့်က တကယ်ကို လွတ်လပ်နေတာပဲ။ စာတောင် ပြန်မရေးဘူး ”
သူက ယွီရှန်းရုန် ဘယ်ရောက်နေမှန်း မသိရပေ။ သို့သော်လည်း ယွီရှန်းရုန်တွင် မြင့်မားသည့် ကျင့်ကြံဆင့် ရှိထားသည့်အကြောင်း ထည့်စဉ်းစားမိသည့်အခါ လွတ်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
သူက တောင်အပြင်ဘက်တွင် နေရင်း ကုသိုလ်ရမှတ်များ စုဆောင်းပေးနေသည် မဟုတ်ပါလော။ ဒီနေရာတွင် သူ့ကို သိမ်းထားသည်က နှမြောစရာကောင်းလှသည်။
ထိုစဉ် မင်ရှစ်ရင်က ဝင်လာကာ “ ရှစ်စွင်း ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်က ဘုန်းတော်ကြီးတွေက တွေ့ခွင့်တောင်းနေပါတယ် ”
…
အခန်း (၃၇၇) ပွင့်ချပ်ကိုးလွှာနည်းလမ်း အပိုင်း (၁)
လုကျိုးသည် မင်ရှစ်ရင်ကို ကြည့်လိုက်၏။ သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်တော့သည်။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ဘုန်းကြီးတွေက ရွှေနန်းဥယျာဉ်တောင်မှာ ဘာလုပ်နေတာလဲ”
အံ့ဖွယ်ကိုယ်တော်လေးပါး သေသွားချိန်၌ ရွှေနန်းဥယျာဉ်တောင်သည် ရွေးချယ်စရာမရှိဘဲ လက်စားချေခံရခြင်းမှ သူတို့ကိုယ်သူတို့ ကာကွယ်ရန် ဘုရားကျောင်းကနေ စွန့်ခွာခဲ့ကြောင်း သူ အမှတ်ရသေးသည်။ ထို့ကြောင့် သူတို့ မည်သည့်နေရာသို့ ပြောင်းရွေ့သွားမှန်း မည်သူမျှ မသိပေ။
ထို့အပြင် လုကျိုးသည် အစတည်းက သူတို့ကို ရှာဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။ မဟာနတ္ထိဘုရားကျောင်းနှင့် အဖြစ်အပျက် ပြီးနောက် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းသည် ၎င်း၏ ယခင်ဂုဏ်သတင်း ဆုံးရှုံးသွားလေ၏။ ဆရာတော်ကြီးရွှီကျင့်က ကျန်ရှိသည့် တစ်ဦးတည်းသော လက်ရွေးစင်ဖြစ်သည်။ သူသည် ရွေးချယ်စရာမရှိဘဲ သူ၏တပည့်များကို ဦးဆောင်ကာ သီးခြားနေထိုင်တော့၏။
မင်ရှစ်ရင်က ခေါင်းခါလျက် ပြောလိုက်သည်။
“ကျွန်တော် မသိဘူး ရှစ်စွင်း..”
ထိုစဉ် လောင်ပါ့ ကျူးဟုန်ကုန်းသည် လက်ဝေ့အိတ်ကို ဝေ့ယမ်းလျက် ခန်းဆောင်ဝင်ပေါက်ရှေ့၌ ပေါ်လာလေ၏။ သူက ဒူးထောက်ပြီး လုကျိုးကို ဒူးထောက်တော့မည့်အချိန်၌ မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့သည်။
“လောင်ပါ့ မင်း နှုတ်ဆက်တာ တော်လောက်ပြီ။ အခု ဒီထဲ ဝင်လာခဲ့”
ကျူးဟုန်ကုန်းက မလုံမလဲမျက်နှာထားဖြင့် ရယ်မောပြီးနောက် ပြေးဝင်လာ၏။
“ရှစ်စွင်း နှုတ်ခွန်းဆက်သပါတယ်”
“ဘာကိစ်စလဲ”
ကျူးဟုန်ကုန်းက အရိုအသေပေးပြီး ပြောလိုက်၏။
“ကျိုးကျစ်ဖုန်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကလူ တချို့ ဒီရောက်နေတယ်လို့ ကျွန်တော့်ကို ပြောပြလို့ပါ။ ကျွန်တော်တစ်ချက် လာကြည့်ရုံပါပဲ”
လုကျိုးက ပြော၏။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကလူတွေ ရောက်လာတာ မင်းနဲ့ဘာဆိုင်လို့လဲ”
ကျူးဟုန်ကုန်းက သူ့ရင်ဘတ်ပေါ် လက်တစ်ဖက် အလိုလို တင်လိုက်မိ၏။ ၎င်းကို မြင်ပြီး မင်ရှစ်ရင်က သိနေသောပုံဖြင့် ပြုံးလိုက်သည်။
“သူတို့က မင်းရဲ့ဇင်အဝတ်အတွက် ဒီကို ရောက်လာမှာကို စိုးရိမ်နေတာလား”
ကျူးဟုန်ကုန်းသည် အနည်းငယ် အနေခက်သွားပုံပေါ်သည်။ မင်ရှစ်ရင်က ပြောလိုက်သည်။
“မင်း ဘယ်နေရာမှာ ရှိနေလဲ ဆိုတာတောင် သိရဲ့လား။ သူတို့ကို ခြင်္သေ့ဆယ်ကောင်ရဲ့ သတ္တိပေးမယ်ဆိုရင်တောင် သူတို့တွေ မင်းကို မထိရဲဘူး”
“စစ်ရှစ်ရှိုးပြောတာ အဓိကကျတာပဲ”
ထိုစဉ် ဖန်ကျုံးသည် ခန်းဆောင်ထဲသို့ ဆရာတော်ရွှီကျင့်နှင့် ကျန်သည့်ကိုယ်တော်များကို ခေါ်လာ၏။ ရွှီကျင့်က လက်ဝါးတစ်ဖက် ထောင်ထားလိုက်၏။ သူ့နောက်ရှိ ကျန်သည့်ကိုယ်တော်များကလည်း ညီညီညာညာ လက်ဝါးတစ်ဖက်ထောင်လျက် အရိုအသေပေးလိုက်၏။
“အော်မီတော်ဖော်.. နှုတ်ခွန်းဆက်ပါတယ် ဒကာတို့”
လုကျိုးသည် ကျန်သည့်ဘုန်းကြီးများကို ကြည့်ပြီး ပြောလိုက်၏။
“အကြောင်းအရင်း မရှိဘဲ ဘုရားကျောင်းက လာလည်မှာ မဟုတ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းကို လာတာ ဘာကိစ္စရှိလို့လဲ”
ရွှီကျင့်က ပြော၏။
“ပြန်ပေးဆပ်ဖို့ပါ”
သူ၏ ပြန်ပြောမှုက ရိုးရှင်းပြီး တိုတုတ်၏။ ကျူးဟုန်ကုန်းက ခေါင်းကုတ်လိုက်သည်။
“ပြန်ပေးဆပ်တာလား”
ကျောင်းထိုင်ရွှီကျင့်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အော်မီတော်ဖော်.. လူတိုင်းနဲ့အတူ ကိုယ်တော်ရဲ့ကံကောင်းခြင်းတွေကို မျှဝေဖို့ ဆုတောင်းပေးနေတယ်။ ထိခိုက်မှုမရှိအောင် ဒီဘဝရဲ့အပြစ်တွေနဲ့ နောင်ဘဝက အပြစ်တွေကို ဖယ်ရှားနိုင်အောင်..”
“တော်ပြီ တော်ပြီ”
မင်ရှစ်ရင်က စိတ်မရှည်ဘဲ လက်ဝေ့ယမ်းလိုက်၏။
“ခင်ဗျားရဲ့ ပေါက်ကရစကားတွေကနေ ကျုပ်တို့ကို ချမ်းသာပေးအုံး။ ပြန်ပေးဆပ်ဖို့ ဒီရောက်လာတယ် ဆိုတာကိုပဲ မှတ်ယူမယ်”
ဆရာတော်ရွှီကျင့်သည် သုတ်တော်ရွတ်ဖတ်တာကို ရပ်တန့်လိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်တော့သည်။
“ငါ နားမလည်ဘူး”
ရွှီကျင့်သည် အနေရခက်သည်ဟု မထင်ပေ။ သူက ပြောလိုက်၏။
“အခုဆို ရွှေနန်းဥယျာဉ်တောင်ရဲ့အရံအတားက ပျောက်ကွယ်သွားပြီလို့ ကြားတယ်။ ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းက သိသွားပြီ ဆိုတော့ မကြာခင် လာတိုက်ခိုက်မှာ သေချာတယ်။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနဲ့ ဝေးကွာလှပေမဲ့ ကိုယ်တော်တို့က ကျေးဇူးမသိတတ်တဲ့ လူတစ်စု မဟုတ်ဘူး”
မင်ရှစ်ရင်က လှောင်ပြောင်ပြီး ပြောဆိုလိုက်တော့၏။၊
“ခင်ဗျားတို့လို လူကို အရင်က တစ်ခါမှ မတွေ့မိဘူး အိပ်မက်မက်နေသလား မှတ်ရတယ်”
သူက ပြောနေစဉ် သူ့ဘာသာသူ နာကျင်ချင်ယောင်ဆောင်လိုက်၏။ ရွှီကျင့်က သူ့စကားများကို ထပ်ပြောလိုက်၏။
“ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက တပည့်သစ်တစ်ထောင် စုဆောင်းထားပါတယ်။ ကိုယ်တော် သူတို့ကို ဆင့်ခေါ်လိုက်တာနဲ့ သူတို့ ဒီကို ရောက်လာလိမ့်မယ်”
သူက မှန်ကန်ဖြောင့်မတ်သည့် အမူအရာဖြင့် ပြောနေကာ စနောက်နေပုံ မပေါ်ပေ။
မင်ရှစ်ရင်၏ အပြုံးက ပျောက်ကွယ်သွားကာ သူ၏ရှစ်စွင်းကို ကြည့်လိုက်သည်။ ဤအရေးကိစ္စကို သူ့ရှစ်စွင်းဆီ အပ်ထားတာ အကောင်းဆုံးဟု ဆုံးဖြတ်လိုက်၏။ လုကျိုးသည် သူ့ရှေ့ရှိ ဘုန်းကြီးများကို ကြည့်ပြီး ပြောလိုက်၏။
“ခင်ဗျားတို့ ဆိုလိုတာကို ကျုပ် နားလည်တယ်။ ကျုပ်အသိအမှတ် ပြုတယ်။ ဒါပေမဲ့ ရွှေနန်းဥယျာဉ်တောင်က အန္တရာယ်မရှိဘူး။ ကျေးဇူးပြုပြီး မနက်ဖြန် ပြန်ပါတော့”
ရွှီကျင့်က အံ့ဩသွားလေ၏။ သူသည် အပြည့်အဝ ငြင်းပယ်ခံရလိမ့်မည်ဟု မထင်ထားပေ။ ထိုစဉ် ကျန်းအိုက်ကျန့်က မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် ခန်းမထဲသို့ လျှောက်လာလေ၏။
“လောင်ချန်ပေ့.. ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး”
လုကျိုးသည် ကျန်းအိုက်ကျန့်ကို မြင်သောအခါ မုတ်ဆိတ်သပ်လျက် မေးလိုက်တော့သည်။
“မင်းမှာ ပြောင်မြောက်တဲ့ အကြံတွေ ရှိလို့လား”
ကျန်းအိုက်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
“ပြောင်မြောက်တယ်လို့ မခေါ်ပါဘူး။ ဒါပေမဲ့ သာမန်အကြံတစ်ခုတော့ ရှိတယ်”
“ပြောကြည့်လိုက်..”
“ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ဗုဒ္ဓကျင့်ကြံမှုမှာ ကျွမ်းကျင်ပြီး အသံကျင့်စဉ်နဲ့ ကုသခြင်းကျင့်စဉ်တို့ အပါ ဗုဒ္ဓကျင့်ကြံခြင်းနည်းလမ်းတွေမှာ ကျွမ်းကျင်တယ်”
ကျန်းအိုက်ကျန့်က ထိုဘုန်းကြီးများကို ကြည့်လိုက်သည်။
“သူတို့တွေက ရောက်လာကာစ ဖြစ်မယ်။ လတ်တလောမှာလည်း ထူးဆန်းတာတွေ ဖြစ်နေတာ”
“ဘာထူးဆန်းတာတွေလဲ”
ဂိုဏ်းသုံးဂိုဏ်းကနေ ပြန်လာချိန်မှ စပြီး လုကျိုးသည် ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း စဉ်းစားနေခဲ့၏။ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူရန် ယွင်ထျန်းလော့ ကြိုးပမ်းခဲ့သည့် မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရ၏။ လောကကြီး၏ အဖြစ်အပျက်များအကြောင်းကို မေးတာ ရှားသည်။
ကျန်းအိုက်ကျန့်က ပြောသည်။
“ချန်ပေ့က ဂိုဏ်းသုံးဂိုဏ်းမှာ ရှိနေတဲ့အချိန် ကျွန်တော်အားလပ်ချိန်မှာ အနီးနားတစ်ဝိုက် လျှောက်သွားကြည့်ခဲ့တယ်။ နေရာတော်တော်များများမှာ အပင်တွေ ညှိုးရော်နေတဲ့ လက္ခဏာကို သတိပြုမိတယ်။ ကျွန်တော် သိချင်စိတ်နဲ့ သွားစစ်ဆေးလိုက်တော့ ထင်တဲ့အတိုင်းပဲ အံ့ဖွယ်မြို့တော် ရူပေ့ အန်းယန်အထက် ရှန့်စုရှုနဲ့ ဓားသင်္ချိုင်းနားမှာတောင် ညှိုးရော်တဲ့ လက္ခဏာတွေ ပြနေတယ်”
သူ ဆက်မပြောခင် ခဏ ရပ်တန့်လိုက်လေ၏။
“ဒါမျိုးကို မဟာနတ်ဆရာတစ်ယောက်ပဲ ဆောင်ရွက်နိုင်မှာ”
မင်ရှစ်ရင်က အနည်းငယ် ထိတ်လန့်သွားကာ ပြောလိုက်၏။
“မဟာနတ်ဆရာလား.. အဲဒီတုန်းက နွေဦးစံအိမ်အပြင်ဘက်မှာ စောင့်နေတဲ့ နတ်ဆရာလား”
ကျန်းအိုက်ကျန့်က ခေါင်းညိတ်လိုက်၏။
“ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ တန်ဖိုးကြီး ကောင်းကင်စွမ်းအားနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ကျင့်စဉ်တွေက စုန်းအတတ်တွေကို ဖိနှိပ်နိုင်တဲ့ အာနိသင်အများကြီး ရှိတယ်။ ဒါကြောင့် သူတို့ ဒီမှာနေဖို့ အကြံပေးတာပါ”
ထိုစကားကို ကြားသောအခါ မင်ရှစ်ရှင်က လှည့်ကြည့်ပြီး ပြောလိုက်၏။
“တရားဝင်အကြောင်းအရင်းတချို့ ရှိတယ်လို့ ထင်တာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့ဆီကနေ အကူအညီ လိုအပ်တယ်လို့ ထင်လား။ ရယ်စရာပဲ။ ခင်ဗျားကျောင်းထိုင် ရွှီကျင့်က မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲ”
ရွှီကျင့်က လှည့်ကြည့်ပြီးနောက် ပြောလိုက်သည်။
“ဒကာကျိရဲ့ မဟာအကန့်အသတ် ရောက်တဲ့နေ့အထိ”
ကျူးဟုန်ကုန်းသည် ထိုစကားကို ကြားသောအခါ ရွှီကျင့်ကို ထိခိုက်နာကျင်အောင် ပြုလုပ်ပြီး သူ၏သစ္စာရှိမှုကို ပြရန် ပြင်ဆင်လိုက်၏။ သို့သော် သူ့အဖို့ အံ့ဩသွားရသည်က သူ၏ရှစ်စွင်းက လက်ဝေ့ယမ်းလျက် ပြောလိုက်တော့သည်။
“ရွှီကျင့်..”
ဆရာတော်ရွှီကျင့်က လုကျိုးဘက် ရိုသေလေးစားစွာ လှည့်လိုက်သည်။
လုကျိုးက ပြောလိုက်သည်။
“မင်းတို့တွေ ငါ့ကို ပြန်ပေးဆပ်မယ်ဆိုတဲ့ အချက်ကို ငါ အသိအမှတ်ပြုတယ်။ ပါမာကို ဖြေရှင်းတဲ့အချိန် မင်းတို့ ထွက်သွားလို့ ရတယ်”
သူ့ဘာသာသူ တွေးလိုက်၏။ ငါ့ မဟာအကန့်အသတ်ရက် ရောက်တာကို မင်း မနေနိုင်မှာ စိုးရိမ်မိရုံပဲ။
ရွှီကျင့်သည် ထိုစကားကို ကြားသောအခါ စိတ်ထဲ အံ့ဩသွားလေ၏။ ပါမာက ဘယ်သူလဲ။ သို့သော် သူက တွေဝေမနေဘဲ လက်ဝါးတစ်ဖက် ထောင်လျက် တုံ့ပြန်ပြောဆိုလိုက်၏။
“အော်မီတော်ဖော်..”
“သူတို့ကို မြောက်ပိုင်းမျှော်နန်းဆီ ခေါ်သွားလိုက်”
“ဆရာတော်ရွှီကျင့် ကျုပ်ဆရာတော် ရွှီကျင့်ကို သိတယ်။ ကျေးဇူးပြုပြီး လိုက်ပါပို့ဆောင်ခွင့်ပြု..”
ကျူးဟုန်ကုန်းသည် ခန်းဆောင်ထဲကနေ ရွှီကျင့်ကို ဆွဲခေါ်သွား၏။ သူတို့ ခန်းမကျယ်ထဲကနေ ထွက်သွားသည်နှင့် ကျူးဟုန်ကုန်းက ရွှီကျင့်၏လက်ကို စိုးရိမ်ပူပန်စွာ ဆုပ်ကိုင်လျက် ပြောလိုက်သည်။
“ခင်ဗျားကို ဒီမှာ တွေ့ရတာ ဝမ်းသာလိုက်တာဗျာ။ ဇင်အဝတ်ပေါ်က ဖိနှိပ်ထားတဲ့ အစီအရင်သွေးကြောတွေ ဖယ်ရှားပေးဖို့ ကူညီပေးပါအုံး”
ရွှီကျင့်က စစ်မှန်စွာ ပြုံးလိုက်၏။ သူက လက်ဖဝါးတစ်ဖက်ထောင်လျက် ပြောလိုက်တော့သည်။
“အော်မီတော်ဖော်..”
“ခင်ဗျားရဲ့အော်မီတော်ဖော်ကို ဖယ်ထားလိုက်၊ မိစ္ဆာဝေဟင်မျှော်နန်းမှာ စည်းမျည်းအများကြီး မရှိဘူး။ သွားကြရအောင်.. သွားမယ် သွားမယ်”
“ဒါပေါ့ ဒါပေါ့”
သူတို့နှစ်ယောက်သားက တစ်ယောက်ပခုံးပေါ် တစ်ယောက် လက်တင်လျက် မြောက်ဘက်မျှော်နန်းဆီသို့ လျှောက်သွားလိုက်၏။ ၎င်းကို မြင်သည့် ဘုန်းတော်ကြီးများကလည်း ထိတ်လန့်ပြီး အံ့ဩသွားကြလေ၏။ ယခုအချိန်၌ ခန်းမက တိတ်ဆိတ်သွားတော့သည်။ သူတို့က ထိုင်ချလိုက်၏။
လုကျိုးက မင်ရှစ်ရင်ကို ခေါ်လိုက်သည်။
“အကြီးအကဲဖန်းနဲ့ အကြီးအကဲလန်ကို ဒီနေရာကို ခေါ်လိုက်”
ခဏအကြာတွင် လန်လော့နှင့် ဖန်လီထျန်းတို့သည် မင်ရှစ်ရင်နောက် လိုက်လာပြီး ခန်းမကျယ်ထဲ ဝင်လာလေ၏။
နှစ်ယောက်သားက လက်သီးဆုပ်မိုးလျက် လုကျိုးကို နှုတ်ဆက်ကာ ဘေးတစ်ဖက်တစ်ချက်စီ၌ ထိုင်လိုက်ကြသည်။
“ကျုပ်တို့ကို ဒီကို ဘာကြောင့် ဆင့်ခေါ်တာပါလဲ မျှော်နန်းသခင်”
ဖန်လီထျန်းက မေးလိုက်၏။ လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။
“ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ”
မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်က မှင်တက်သွားတော့သည်။ သူတို့တောင် ထွက်သွားရသည်အထိ မည်သည့်ကိစ္စကများ အရေးကြီးလဲဆိုတာ သိချင်သည်။
မင်ရှစ်ရင်က လက်ဝေ့ယမ်းလိုက်၏။ အမျိုးသမီးတပည့်များက ခန်းဆောင်ထဲကနေ ထွက်သွားတော့သည်။
“ရှစ်စွင်း ကျွန်တော် နားထောင်ချင်တယ်”
မင်ရှစ်ရင်က သတ္တိမွေးပြီးနောက် ပြောလိုက်သည်။ သူ့ရှစ်စွင်းသည် အရေးကြီးတာ တစ်ခုကို ဆွေးနွေးမည်မှန်း ခံစားမိနေ၏။ ရင်းနှီးမှုနှင့် ယုံကြည်ရသည့် အရာတွင် သူက လန်လော့နှင့် ဖန်လီထျန်းကို ယှဉ်နိုင်သည်ဟု ခံစားမိသည်။
ကျန်းအိုက်ကျန့်က အရိုအသေပေးကာ ပြောလိုက်တော့သည်။
“အမ်း လောင်ချန်ပေ့ ကျွန်တော့်ကိုလည်း ထောက်တိုင်အနေနဲ့ သတ်မှတ်လို့ ရပါတယ်။ ကျွန်တော် ဒီမှာ ငြိမ်ငြိမ်လေး နေနေပါ့မယ်။ ကျွန်တော် ဘာကြားကြား ဘယ်သူ့ကိုမှ မပြောပါဘူး”
လုကျိုးက သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တော့သည်။
“မင်းတို့နှစ်ယောက် နေချင်တယ် ဆိုမှတော့ ဂရုတစိုက် နားထောင်”
“ဟုတ်ကဲ့ရှစ်စွင်း”
“ကျေးဇူးပါ လောင်ချန်ပေ့”
လန်လော့နှင့် ဖန်လီထျန်းတို့၏ မျက်နှာထက်၌ မျှော်လင့်နေသော အမူအရာ ရှိသည်။ မျှော်နန်းသခင် အလေးထားသည့် ကိစ္စရပ်သည် ထူးကဲတာပဲ ဖြစ်ရမည်။ လုကျိုး၏အကြည့်က လန်လော့နှင့် ဖန်လီထျန်းဆီ ရောက်သွား၏။
“ငါ လော့ဂိုဏ်းရဲ့ အထွတ်အမြတ်မြေမှာ စစ်တုရင်ယှဉ်ခဲ့တုန်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်”
…
အခန်း (၃၇၈) ပွင့်ချပ်ကိုးလွှာ နည်းလမ်း (အပိုင်း ၂)
ဖန်လီထန်းနှင့် လန်လော့တို့က များစွာ တွေ့ဖူးကြုံဖူးထားကြသူများ ဖြစ်သော်လည်း ထိုအရာကို ကြားသည့်အခါ အံ့ဩမိနေကြဆဲ ဖြစ်၏။
ကျန်းအိုက်ကျန့်က ခြေမခိုင်ဘဲ ထိုင်ခုံပေါ် ထိုင်လိုက်ရသည်။
မင်ရှစ်ရင်က သူ့ရှစ်စွင်းကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ တုန်လှုပ်အံ့အားသင့်မှုအပြည့် ဖြစ်နေသည်။
လန်လော့က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည် “မျှော်နန်းသခင် စစ်တုရင်ဆော့နေတုန်း အဖြေမြင်ခဲ့တာလား ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းညိတ်ကာ “ ယွင်ထျန်းလော့က ပွင့်ချပ်ကိုးလွှာ တက်လှမ်းတဲ့ သူ့နည်းလမ်းကို စစ်တုရင်ခုံထဲ ထည့်ပိတ်ထားတာ ”
သူ့တွင် နမူနာအကန့်အသတ်ရှိသော်လည်း လုကျိုးက အတိတ် ဗဟုသုတများနှင့် အတွေ့အကြုံများပေါ် မူတည်ပြီး ကိုယ်ပိုင် ကောက်ချက်ချနိုင်လေသည်။
“ ဒုက္ခရှုကွင်းမိုင်တစ်ရာအောက်က ရွှေကြာက ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကျင့်ကြံသူတွေကို တားဆီးထားတာပဲ”
လေးယောက်သား ကြောင်အမ်းသွားကြသည်။ အချိန်တစ်ခုကြာသည့်အထိ သူတို့ ဘာပြန်ပြောရမှန်း မသိတော့ပေ။ အကြောင်းမှာ လုကျိုး၏ စကားက ကျင့်ကြံရေးလောက၏ အခြေခံအုတ်မြစ် ဗဟုသုတကို စိန်ခေါ်နေ၍ ဖြစ်သည်။ ကျင့်ကြံရေးလောကအတွင်း အားလုံးက ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဍာန်၏ ရွှေကြာကို ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းကြသည်မှာ အခြေခံအသိ ဖြစ်ပေသည်။ ရွှေကြာဖြင့် သူတို့သည် ထိပ်တန်း ကျင့်ကြံသူများ ဖြစ်လာလိမ့်မည်။
လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ရှစ်လွှာကနေ ကိုးလွှာကို တက်လှမ်းဖို့ ကြိုးပမ်းတဲ့အခါ ရွှေကြာက ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ အသက်ကို စုပ်ယူသွားလိမ့်မယ် … အဲဒါက ကန့်သတ်ချက်နောက်ကွယ်က အမှန်တရားပဲ ”
ကျင့်ကြံသူများစွာက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ကြိုးပမ်ခဲ့ကြသည်။ ကျရှုံးမှုများစွာက ကန့်သတ်ချက်နောက်ကွယ်မှ အမှန်တရားကို တွေ့သွားစေသည်။ ကန့်သတ်ချက်ဆိုသည်က ကျင့်ကြံသူများအား ပွင့်ချပ်ကိုးလွှာအဆင့် ရောက်အောင် ကြိုးပမ်းခြင်းကို ဟန့်တားထား၏။ ထိုအရာက ဖြည်းဖြည်းချင်းဖြင့် ကျင့်ကြံသူများ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိဖို့ မဖြစ်နိုင်တော့သည့်အထိ ဖြစ်လာလေသည်။
“ရွှေကြာက အသက်ဓာတ်ကို စုပ်ယူတယ် … ကျုပ် ကုန်းယွမ်တုကို တွေ့ခဲ့တုန်းက အဲလိုမျိုး တွေးခဲ့မိသေးတယ်။ ဒါပေမဲ့ မသေချာခဲ့ဘူး။ တကယ်လို့ ဒီလိုသာဆိုရင် ရွေကြာ အသက်ဓာတ် ဘယ်လောက်တောင် ယူသွားတာလဲ …” ဖန်လီထန်းက ခန်းမကျယ်အပြင်ဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ ပါရမီရှင်တွေက ငယ်တုန်း ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ခဲ့တယ်ဆိုရင် ပွင့်ချပ်ကိုးလွှာကို သူ့အသက်နဲ့ ရောက်နိုင်မလား။ ရှောင်ယွမ်အာကိုပဲ နမူနာကြည့်လိုက် …”
ဒီလိုမျိုး အခြေအနေ၌ ကျန်းအိုက်ကျန့်နှင့် မင်ရှစ်ရင်တို့က ဘာမှဝင်မပြောဘဲ တိတ်တဆိတ် နားထောင်နေကြသည်။
လန်လော့က ခေါင်းခါကာ “ မဖြစ်နိုင်ဘူး … ကျင့်ကြံရေးက နှစ်အများကြီးတည်ရှိလာတာ သမိုင်းကြောင်းတစ်လျှောက် တုန်လှုပ်လောက်စရာ ပါရမီရှင်တွေလည်း မနည်းဘူး။ ဒါပေမဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်တဲ့သူ မကြားဖူးဘူး …”
လုကျိုးက ပြောလိုက်သည်် “ အဲဆိုတော့ ရွှေကြာက အနည်းဆုံး သက်တမ်း နှစ် ၁၀၀၀ ယူတာပေါ့ ”
ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်သွားကာ အပ်ကျသံပင် ကြားရလောက်၏။
နှစ်တစ်ထောင် …
ဤသည်မှာ ထိပ်တန်းကျင့်ကြံသူများသာ ရရှိနိုင်သည့် သက်တမ်း ဖြစ်၏။ ကျင့်ကြံသူအများစုက ပွင့်ချပ်ရှစ်လွှာအဆင့်အထိပင် ရောက်မလာကြပေ။ နှစ်တစ်ထောင်မဆိုထားနှင့် … သူတို့အတွက် ပွင့်ချပ်ကိုးလွှာအဆင့်ကို မည်သို့ရောက်ရှိနိုင်မည်နည်း။
လန်လော့နှင့် ဖန်လီထန်းတို့က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ကြသည်။ ထိုစဉ် ကျန်းအိုက်ကျန့်က အောင့်မထားနိုင်တော့ဘဲ ထုတ်မေးလိုက်သည်။
“ကျွန်တော် နှစ်ခုလောက် ပြောလို့ရမလား ”
“ပြောကြည့် ”
“ ကျွန်တော် နန်းတော်ထဲ ရှိတုန်းက သိုလှောင်ခန်းထဲမှာ စာအုပ်တချို့ ဖတ်ဖူးတယ်။ အဲဒီထဲမှာ ပွင့်ချပ်ရှစ်လွှာအကြောင်း မှတ်တမ်းတွေပါတယ်။ ကျွန်တော်လည်း အဲတုန်းကတော့ များများစားစား မစဉ်းစားမိဘူး။ ကျွန်တော် လောင်ချန်းပေ့ ပြောတာနဲ့ ဆင်တူတဲ့ အချက်အလက်တချို့ကို သတိရမိတယ် …” ကျန်းအိုက်ကျန့်က မေးစေ့ပွတ်ကာ ဆက်ပြောလိုက်သည် “ နဂိုစာသားတွေကိုတော့ မမှတ်မိပေမဲ့ ပြောထားတာက ကျင့်ကြံသူတစ်ယောက်က အမိဝမ်းဗိုက်ထဲမှာ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေမှပဲ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မယ်တဲ့ ”
လန်လော့၊ ဖန်လီထန်းနှင့် မင်ရှစ်ရင်တို့က ဆွံ့အသွားကြသည်။ ထိုစကားက ယုတ္တိမရှိသော်လည်း လုကျိုး ပြောတာနှင့် ကိုက်ညီနေသည်။
အကယ်၍ ကျင့်ကြံသူတစ်ယောက်သာ မိခင်ဝမ်းထဲက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေခဲ့လျှင် သူ့အနေနှင့် နှစ်တစ်ထောင် သက်တမ်းရှိပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မည့် အခွင့်အရေး ရလာလိမ့်မည်။ သို့သော်လည်း မိခင်ဝမ်းထဲက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေဖို့ မဖြစ်နိုင်ပေ။
မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်ကာ “အမေဗိုက်ထဲ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေရင်တောင် ရွှေကြာက သက်တမ်း နှစ် ၁၅၀၀ ဒါမှမဟုတ် ၂၀၀၀ မစုပ်ယူပါဘူးလို့ အာမခံနိုင်လို့လား ”
မင်ရှစ်ရင်၏ မေးခွန်းက အားလုံးကို ကြောင်အမ်းသွားစေသည်။
လုကျိုးက မင်ရှစ်ရင်အား ကြည့်လိုက်သည်။
လန်လော့နှင့် ဖန်လီထန်းလည်း သက်ပြင်းချလိုက်ကြသည်။
သူတို့နှစ်ယောက်လုံးက ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်၍ အပေါ်ယံအောက်မှ ခက်ခဲမှုအကြောင်း သိထားလေသည်။
“နောက်ဆုံးတော့လည်း မဖြေရှင်းနိုင်တဲ့ ပြဿနာ ဖြစ်နေတုန်းပါပဲ ”လန်လော့က သက်ပြင်းချလိုက်သည်။
“မဟုတ်ဘူး” လုကျိုးက ပြောလိုက်သည်။
လေးယောက်သား လုကျိုးကို လှည့်ကြည့်လိုက်ကြ၏။ သူတို့က လုကျိုး၏ ယုံကြည်ချက်ရှိရှိ အမူအရာကို မြင်လိုက်ရသည်။
လုကျိုးက ပြောလိုက်သည်။
“ပြောင်းပြန်စဉ်းစားကြည့်ကြ ”
“ပြောင်းပြန်လား ” ကျန်းအိုက်ကျန့်နှင့် မင်ရှစ်ရင်က ခေါင်းကုတ်လိုက်ကြသည်။ လန်လော့နှင့် ဖန်လီထန်းပင် ထိုစကားကို နားမလည်ပေ။ သူတို့က မည်မျှတွေးစေကာမူ အဖြေမရှိသည့် ပြဿနာ ဖြစ်နေသေးသည်။
“ မျှော်နန်းသခင် ပြောပြပေးပါ”လန်လော့က မတ်တတ်ရပ်ကာ တောင်းဆိုလိုက်သည်။
ဖန်လီထန်းလည်း မတ်တတ်ရပ်လိုက်၏။
မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်တို့လည်း အတူတူ ဖြစ်၏။
လုကျိုးက သူတို့အားလုံးကို ကြည့်ရင်း “ ရွှေကြာက အသက်ဓာတ်ယူတယ်ဆိုတော့ ငါတို့လုပ်ရမှာက ဖြတ်တောက်ပစ်ဖို့ပဲ …”
လန်လော့၊ ဖန်လီထန်း၊ ကျန်းအိုက်ကျန့်နှင့် မင်ရှစ်ရင်တို့က မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။ ထိုစကားက သူတို့စိတ်နှလုံးသားထဲ လှိုင်းထသွားစေသည်။
အတွေ့အကြုံရင့်သည့် လန်လော့နှင့် ဖန်လီထန်း၊ ငယ်ရွယ်သည့် ကျန်းအိုက်ကျန့်နှင့် မင်ရှစ်ရင်တို့အားလုံး တူညီစွာ ကြောင်အမ်းသွားကြသည်။
ကျန်းအိုက်ကျန့်က တံတွေးမျိုချကာ “ခဏ … အသက်ရှုပါရစေဦး ”
သူက လက်တစ်ဖက်မြှောက်ကာ ရင်ဘတ်ကို သပ်လိုက်ရင်း “လောင်ချန်းပေ့ … ရွှေကြာကို ဖြတ်တောက်လိုက်ရင် ကျွန်တော်တို့တွေ ကြီးကြီးမားမား ဆုံးရှုံးမှု ခံစားရမှာနော်။ ကျွန်တော်တို့က အထွတ်အထိပ်အခြေအနေမှာ မဟုတ်တော့ဘူး။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘယ်လိုရအောင် လုပ်နိုင်မှာလဲ”
လေးယောက်သား သူတို့အသက်အရွယ်ကွာခြားချက်အကြောင်း မေ့လျော့သွားကြသည်။ ကျန်သုံးယောက်ကလည်း အဖြေကို သိချင်နေကြသည်။
လုကျိုးက နွေးထွေးစွာ ပြုံးလိုက်ရင်း “ဘာမှမဆုံးရှုံးဘဲ ရွှေကြာကို ဖြတ်တောက်နည်း မရှိဘူးလား”
လေးယောက်သား ထပ်မံ ကြောင်အမ်းသွားသည်။
ယခုလက်ရှိအခြေအနေမှ လုကျိုးသည် ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ နည်းလမ်း နှစ်ခုရှိကြောင်း ကောက်ချက်ချထားသည်။ ပထမနည်းလမ်းက ပွင့်ချပ်ရှစ်လွှာ ရွှေကြာ လိုလားချက်ကို ဖြည့်ဆည်းကာ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ဖြစ်၏။ ထိုနည်းလမ်းက အလွန်ခက်ခဲလှသည်။ အကြောင်းမှာ ရွေကြာက သက်တမ်းမည်မျှစုပ်ယူမည်ကို မသိ၍ ဖြစ်၏။
သက်တမ်း နှစ်တစ်ထောင် ဖြစ်နိုင်သလို နှစ်နှစ်ထောင်လည်း ဖြစ်သွားနိုင်သည်။
ထို့ကြောင့် လုကျိုးက အကြောင်းပြန်လှန်ကတ်များကို စုဆောင်းထားခြင်း ဖြစ်၏။ ဒုတိယနည်းလမ်းက ရွှေကြာကို ဖြတ်တောက်ပစ်ဖို့ ဖြစ်သည်။
လုကျိုး၏ လေသံက တည်ငြိမ်လှပြီး “ မင်းတို့တွေ တွေးကြည့်ဖူးလား … ရွှေကြာကို ဖြတ်တောက်နိုင်မဲ့ ကျင့်စဉ်အကြောင်း ”
လေးယောက်သား တံတွေးမျိုချလိုက်သည်။
ဒီလိုကျင့်စဉ်မျိုးကို မကြားဖူးကြပေ။ သို့သော်လည်း မည်သူမှ မလေ့လာဖူးခြင်းတော့ မဖြစ်နိုင်ပေ။
“ရွှေကြာမပါဘဲ ပွင့်ချပ်ကိုးလွှာအဆင့် … အဲလိုဆို ပွင့်ချပ်ကိုးလွှာ တစ်ပိုင်းအဆင့်လို့ပဲ သတ်မှတ်လို့ ရမှာပေါ့” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“ရွှေကြာမပါရင်တောင် အဆင့်တစ်ဆင့် မြင့်နေတုန်းပဲ … တစ်ဖက်လူကို အဆင့်ကွာဟချက်နဲ့ အနိုင်ပိုင်းပစ်ဖို့ လုံလောက်တယ်။ ကျွန်တော်တို့သိထားသလောက် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဍာန်ရဲ့ အမြင့်က အနည်းဆုံး ပေ ၁၅၀ ရှိလိမ့်မယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
လန်လော့နှင့် ဖန်လီထန်းလည်း ခေါင်းညိတ်လိုက်ကြသည်။ နှစ်ယောက်သား သက်ပြင်းလည်း ချလိုက်ကြ၏။
ဖန်လီထန်းက သက်ပြင်းချလျက် “ ကျုပ်တော့ အိုပြီ … ကျုပ်စိတ်က လူငယ်တွေလောက် မသွက်တော့ဘူး ”
ထိုအရာကိုပြောပြီးနောက် ကျန်းအိုက်ကျန့်နှင့် မင်ရှစ်ရင်က လုကျိုးအား ပြိုင်တူ ကြည့်လိုက်သည်။
ဖန်လီထန်း၏ အိုမင်းနေသည့် မျက်နှာကြီးက နီရဲလာသည်။ သူက နည်းနည်းမျက်နှာပူမိသွားသည်။
ငါသာ အသက်ကြီးတယ်ဆိုရင် မျှော်နန်းသခင်ဆို ဘယ်လိုဖြစ်မလဲ… နေရခက်လိုက်တာ။
မည်သို့ပင်ဆိုစေကာမူ သူတို့ဆွေးနွေးမှုက ယခင်ကျင့်ကြံရေးနည်းလမ်းကို ပြောင်းလဲဖို့ သေချာသွားစေသည်။
လန်လော့နှင့် ဖန်လီထန်းက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။
“ နှစ်တစ်ရာ စာအုပ်ဖတ်နေတာထက် မျှော်နန်းသခင် စကားကို နားထောင်လိုက်ရတာ ပိုကောင်းတာပဲ”
ကျန်းအိုက်ကျန့်နှင့် မင်ရှစ်ရင်တို့က ဆွံ့အသွားလေသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ကျေနပ်အားရစွာဖြင့် “ ဒါတွေက အတွေးပဲ ရှိပါသေးတယ် .. တကယ်လို့ ကြိုးစားကြည့်ရင်တော့ အတော်လေး သတိထားရမယ်”
လေးယောက်သား ဦးညွှတ်လိုက်ကြသည်။ သူတို့က ပြီးပြည့်စုံသည့် အကြံမရှိသရွေ့ သို့မဟုတ် တခြားရွေးစရာ မရှိသရွေ့ ရွှေကြာကို ဖြတ်တောက်လိုက်ခြင်းဖြင့် ပွင့်ချပ်ကိုးလွှာအဆင့် ရလာနိုင်မည် မဟုတ်ကြောင်း သိထားကြသည်။ ဒီနည်းလမ်းက အံ့ဩဖွယ်ကောင်းလှလေသည်။
လုကျိုးက သူတို့အား အတွေးသစ်တစ်ခု ထောက်ပံ့ပေးလိုက်ခြင်းသာ ဖြစ်၏။
ဘယ်သူက သူတို့ဘာသာ လုပ်ချင်မှာလဲ …
လုကျိုးတွင် အကြောင်းပြန်လှန်ကတ်များ ရှိ၏။ သူသာ အလုံအလောက်ရှိနေသရွေ့ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်သည့်အခါ စမ်းကြည့်လို့ ရလေပြီ။ သို့သော်လည်း ထိုနည်းလမ်းဖြင့် မရှာတွေ့သေးသည့် သက်ရောက်မှုမျိုး ရှိနေမလား မသေချာပေ။
ထိုစဉ် ဓားသင်္ချိုင်းထွက်ပေါက်၌ ရှုပ်ပွနေသော ဆံပင်၊ ထူးထူးဆန်းဆန်း အနံ့ထွက်နေသည့် အဝတ်စုတ်ကို ဝတ်ဆင်ထားသူတစ်ဦး တွားသွားထွက်လာသည်။ သူက ပခုံးပေါ် ကြိုးအတုတ်ကြီးတစ်ချောင်း ထမ်းကာ တစ်လှမ်းချင်း ထွက်လာသည်။
ကြိုးအစွန်း၌ ခြောက်သွေ့နေသည့် အလောင်းတစ်လောင်း ပါလာလေ၏။ အလောင်းကား အိုဟောင်းစုတ်ပြဲနေသော ဘုန်းတော်ကြီးဝတ်ရုံဖြင့် လွှမ်းခြုံထားလေသည်။ ထိုလူက ဆက်လျှောက်လာ၏။ နောက်စက္ကန့်ပိုင်းအတွင်း သူက ပေရာချီအကွာတွင် ပေါ်လာသည်။