အခန်း (၃၈၅-၃၈၇)
Vol. 26 Ch. 385-387
အခန်း (၃၈၅) မုရှီးသင်္ချိုင်းနှင့် အရိုးစုပုံ
ယွီရှန်းရုန်က ရွှေကြာကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ သို့သော် မျက်မှောင်ကြုတ်မှုက အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။ သူက ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း မဖြစ်ပေ။ သက်ပြင်းချလျက် ခေါင်းခါလိုက်၏။
“ငါ ဂရုမစိုက်ခဲ့မိတာပဲ”
သူနှင့် ကျန့်ယွမ်ရှန်း၏ တိုက်ပွဲမြင်ကွင်းက သူ့စိတ်ထဲ ထပ်မံ ပေါ်ပေါက်လာ၏။ သူ၏ရွှေကြာသည် ဂါထာနှင့် ထိမိသွားသည့် တစ်ခုတည်းသော အခိုက်အတန့်မှာ နောက်ဆုံးတိုက်ကွက်သုံးခဲ့စဉ် သူ၏ဓားစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ရွှေကြာတို့က လက်တံကို ချေမှုန်းနေချိန်၌ ဖြစ်သည်။ သူက အချိန်ကို ဆုံးဖြတ်ရန် ကြိုးစားခဲ့၏။ လဝက်အတွင်း ရွှေကြာသုံးပုံတစ်ပုံက အရောင်ဖျော့သွားသည်။ တစ်နည်းဆိုရလျှင် သူ၏ရွှေကြာသည် ဂါထာကြောင့် အပြည့်အဝ စွန်းထင်းရန် နောက်ထပ်တစ်လသာ ကျန်တော့သည်။ ထိုအချိန်ကျ သူ့အသက်ကို ကယ်တင်နိုင်တော့မှာ မဟုတ်ပေ။
သူ၏လက်ကို လှုပ်ရှားလိုက်၏။ ဒုက္ခရွှေကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားတော့သည်။ သူက လွင်ပြင်အလယ်သို့ ဆက်လက်ပျံသန်းသွား၏။ သူ၏အမူအရာက တည်ငြိမ်နေကာ လက်ကို ဝှေ့ယမ်းလျက် ကောင်းကင်ကို ပစ်ခွင်းလိုက်သည်။
ဝှစ်..
သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပြန်ပေါ်လာ၏။ သူ၏ပေတစ်ရာခန့် မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်သည် ပူပြင်းသော လေထုကို ထုတ်လွှင့်နေသည်။ ရွှေကြာသုံးပုံတစ်ပုံသည် ခရမ်းရောင်စွန်းထင်းနေသော်ငြား သူသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်ဖော်နိုင်သေးဆဲ ဖြစ်၏။ ထိုစွမ်းအားထုတ်ဖော်မှုဖြင့် သူ့နားတစ်ဝိုက် နှင်းတို့သည် လျင်မြန်စွာ အရည်ပျော်လျက် ရေငွေ့ပျံကုန်သည်။ အချိန်တိုအတွင်း သူနှင့်မိုင်ထောင်ချီအတွင်းရှိ နှင်းများက ကနဦးချီကြောင့် အရည်ပျော်သွားသည်။
နှင်းတို့ မရှိတော့သည်နှင့် မြေပြင်၏ မူလသွင်ပြင်က ပေါ်လာတော့သည်။ မုရှီးရိုးတံများကို မြင်နိုင်၏။ သူတို့သည် လေနှင့်နှင်းတို့ တိုက်ခတ်နေသော်ငြား ပေါက်ရောက်နေသေး၏။
ယွီရှန်းရုန် ဖြတ်သန်းသွားသည့် ဝင်ပေါက်၌ လဲပြိုနေသော ကျောက်ရုပ်ထုနှစ်ခုကို မြင်နိုင်သည်။ ကျားများ ဖြစ်ပုံပေါ်၏။ ထိခိုက်မှုကြောင့် သူတို့ ခန္ဓာကိုယ်တစ်ဝက်သာလျှင် ကျန်တော့သည်။
သစ်ပင်နှင့် မြက်ပင်များကလည်း မြေကြီးပေါ်တွင် ဖုံးနေသည်။ မုရှီးမှအပ မြင်ကွင်းထဲ၌ အဆောက်အဦးမှာ မရှိလုနီးပါးပင်။ အတိတ်တုန်းက အရာအားလုံး နက်ရှိုင်းစွာ မြှုပ်နှံခံလိုက်ရပုံပေါ်သည်။
အနားရှိ ဝံပုလွေတစ်စုက အူနေလေသည်။ ငှက်များကလည်း စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် သက်ရောက်ခံလိုက်ရပုံပေါ်ပြီး ပြန်ထွက်သွားကြ၏။
အဆင့်နိမ့်သားရဲများသည် ယွီရှန်းရုန်၏ တည်ရှိမှုကို ခံစားမိပြီး သူ့နားမချဉ်းကပ်ရဲချေ။
ယွီရှန်းရုန်က ခေါင်းခါလိုက်၏။ အချိန်ကာလ ရွေ့လျားမှုကြောင့် အရာဝတ္ထုများ ကျန်နေနိုင်သော်ငြား လူတို့က ပြောင်းလဲသွားချေပြီ။
ထိုစဉ် ယွီရှန်းရုန်သည် တောရိုင်းဝံပုလွေတစ်စုက တောင်ထိပ်၌ သူ့ကို ရပ်ကြည့်နေသည်ကို မြင်လိုက်ရ၏။
သူတို့တွေ မကြောက်ဘူးလား။ စိတ်ဝင်စားစရာပဲ။ ယွီရှန်းရုန်က ပြုံးလိုက်သည်။ သူက ဝံပုလွေအုပ်ဆီ ခုန်ဆင်းလိုက်၏။ သူတို့သည် ကျင့်ကြံခြင်းကမ္ဘာရှိ သာမန်ဝံပုလွေများသာ ဖြစ်သော်ငြား လူသားများနား ကပ်သည့် သားရဲများ မဟုတ်ပေ။ ထိုဝံပုလွေရိုင်းများသည် ကနဦးချီဖျော့ဖျော့ ဖြာထွက်နိုင်ပုံပေါ်၏။ အရှိန်အရာတွင် သူတို့က သာမန်ဝံပုလွေများထက် ပိုမြန်ဆန်သည်။
ဝံပုလွေရိုင်းများသည် ယွီရှန်းရုန်က သူတို့ဆီ ရောက်လာတာကို မြင်သောအချိန်၌ သူတို့က အမြီးကုပ်ကာ လှည့်ပြေးတော့၏။
ယွီရှန်းရုန်၏ ခန္ဓာကိုယ်က မြေပြင်နှင့်အပြိုင် ဖြစ်နေ၏။ သူ့နားတစ်ဝိုက်၌ စွမ်းအင်ဖြင့် အရံအတားတစ်ခု ဖွဲ့တည်ထားသည်။ သူက တောင်ကြားတစ်ခုကို ဖြတ်ကျော်လျက် တောအုပ်ဆီ ရောက်သွားသည်။ နောက်ဆုံးတွင် ဝံပုလွေတစ်စုက တောင်ထွတ်အောက်၌ ရပ်တန့်သွား၏။ ယင်းက နှင်းများဖြင့် ဖုံးနေသော ၉၀ဒီဂရီချောက်ကမ်းပါး ဖြစ်သည်။
ဝံပုလွေတစ်စုက အူနေလျက် နှင်းပေါ်တွင် ထိုင်ချနေသည်။ သူတို့က လေထဲတွင် ပျံဝဲနေသော ယွီရှန်းရုန်ကို မော့ကြည့်လိုက်၏။ ယွီရှန်းရုန်က ရယ်မောလျက် ပြောလိုက်သည်။
“ဒါက မင်းတို့ငါ့ကို ခေါ်သွားချင်တဲ့နေရာလား”
ဝံပုလွေတစ်စုသည် ယွီရှန်းရုန်ကို တုံ့ပြန်သည့်ပမာ အူလိုက်၏။
“ဟုတ်ပြီ ဒါကို အဖြေတစ်ခုလို့ မှတ်ယူလိုက်မယ်”
ဝံပုလွေတစ်အုပ်က ထပ်အူပြန်၏။
“အင်း လမ်းပြပေးတဲ့အတွက် ကျေးဇူးပါပဲ။ ငါတို့ နောင်ကျ ထပ်တွေ့ကြမယ်”
အယ်လ်ဖာဝံပုလွေဦးဆောင်သည့် ဝံပုလွေတစ်အုပ်က လှည့်ထွက်သွားတော့သည်။ ယွီရှန်းရုန်သည် သူ့ရှေ့ရှိ ကျောက်နံရံကို ကြည့်ပြီးနောက် လက်တစ်ဖက်ဖြင့် ၎င်းကို ရိုက်ချလိုက်သည်။
ဖုန်း..
သူ၏စွမ်းအင်က ကျောက်နံရံပေါ် ကျသွားချိန် နှင်းများကို ပြိုကျသွားစေ၏။ ကျောက်နံရံ၏ မူလသွင်ပြင်က ချက်ချင်း ပေါ်လာ၏။
“ကျောက်တံခါးတစ်ချပ်လား”
ယွီရှန်းရုန်က အနည်းငယ် အံ့ဩသွားလေသည်။ သူက အနားလျှောက်သွားပြီးနောက် ကျောက်မျက်နှာပြင်ပေါ်ရှိ စကားလုံးကြီးသုံးလုံးကို တွေ့လိုက်ရ၏။ မုရှီးသင်္ချိုင်း..။
“မုရှီးသင်္ချိုင်းလား..”
ယွီရှန်းရုန်သည် စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ်က သန်မာသော်ငြား သူသည် ထိုစကားလုံးများကို မြင်ချိန်၌ တုန်လှုပ်သွားတော့၏။ ထိုစကားလုံးများ ဘာကိုဆိုလိုမှန်း နားလည်သည်။
ရှုပ်ထွေးနေသော မှတ်ဉာဏ်များကို လမ်းပြအနေဖြင့် မှတ်ယူပြီး သူက ညာလက်ကို မြောက်ကာ လက်နှစ်ချောင်းကို တီးလိုက်၏။ လက်ညှိုးထိပ်ကနေ သွေးတစ်စက်က ကျောက်မျက်နှာပြင်ပေါ် ကျရောက်သွားတော့သည်။
ဘန်း..
ကျောက်မျက်နှာပြင်ပေါ်ရှိ သွေးကြောများက တောက်ပလာသည်။ သွေးစက်ကျသွားသည့်နေရာကနေ အလင်းက ပတ်ဝန်းကျင်သို့ ပြန့်ကားသွား၏။
ဤနည်းဖြင့် ယွီရှန်းရုန်သည် မဟာနွယ်တို့ ချန်ထားရစ်ခဲ့သော ဂူသင်္ချိုင်းတစ်ခုဆိုတာ သေချာသွားတော့သည်။
ဝှစ်..
ကျောက်တံခါးက အနည်းငယ် ပွင့်သွားသည်။ ယွီရှန်းရုန်က တွေဝေမနေဘဲ သင်္ချိုင်းထဲသို့ လျှောက်ဝင်သွား၏။ သူသည် ယခုအချိန်တွင် မုရှီးသင်္ချိုင်းထဲသို့ ဝင်သွားပြီဖြစ်သည်။
ဝှစ်..
ကျောက်တံခါးက လျင်မြန်စွာ ပိတ်သွားသည်။
မှိန်ဖျဖျ လင်းနေသော ပတ်ဝန်းကျင်ထဲတွင် သူ့ကိုယ်သူ တွေ့လိုက်ရသည်။
သို့သော် သူက ကြောက်ရွံ့ပုံမပေါ် ဆက်လက်ကြည့်ရှုနေ၏။ သူ့ကို ဆီးကြိုနေသော မြင်ကွင်းကမူ သူ့ကို အနည်းငယ် ထိတ်လန့်စေ၏။ မြေပြင်ပေါ်၌ သေသေသပ်သပ် စီထားသည့် အရိုးစုတစ်ပုံ ရှိနေသည်။
မုရှီးသည် နေ့အချိန်တွင် ပူပြင်းပြီး ညအချိန်တွင် ညှိုးရော်သည်။ နေထိုင်သူများက ရှင်သန်နေထိုင်ပြီး သေဆုံးသည့်အချိန်အထိ စိတ်ကူးယဉ်ကမ္ဘာထဲ၌ ပုန်းနေကြသည်။
ယွီရှန်းရုန်သည် သင်္ချိုင်းထဲသို့ ဆက်လက်လျှောက်သွားလိုက်၏။ သူက အတွင်းဘက်အကျဆုံးအပိုင်းသို့ ရောက်ချိန်၌ မည်သည့်အရိုးမှ မမြင်ရတော့ပေ။
သင်္ချိုင်း၏အလယ်၌ အဝိုင်းပုံသဏ္ဌာန်စင်တစ်ခု ရှိသည်။ သူက မော့ကြည့်လိုက်ရာ ကျောက်နံရံပေါ်၌ ထွင်းထုထားသော စာတစ်ခုမှအပ ကျန်တာကို မတွေ့ရပေ။ ယင်းက အသက်ရှည်ခြင်းဟူသော စကားလုံးပဲ ဖြစ်သည်။ ယွီရှန်းရုန်က ခေါင်းခါလိုက်သည်။
သက်တမ်းတိုသည့် မဟာနွယ်များသည် အသက်ရှည်သည့်ဘဝနောက်ကို လိုက်ရန် ဘယ်တော့မှ အလျော့မပေးခဲ့ပေ။ သို့သော် လက်တွေ့ကမူ ခါးသီး၏။ ပျမ်းမျှအားဖြင့် မကျင့်ကြံသည့် မဟာနွယ်တို့သည် နှစ်သုံးဆယ်မှ လေးဆယ်အထိသာ နေထိုင်နိုင်ခဲ့ကြ၏။ သူတို့ကျင့်ကြံနေချိန် သူတို့သက်တမ်းက အနည်းငယ်ရှည်သည်။ ယွီရှန်းရုန်ကဲ့သို့ ပွင့်ချပ်ရှစ်လွှာ သိုင်းပညာရှင်တစ်ဦးကတောင် သက်တော်ရှည်ဓား၏ အကူအညီဖြင့် နှစ်ငါးရာသာ ထပ်ပေါင်းထည့်နိုင်သည်။
ကျင့်ကြံခြင်းလောကထဲ၌ အတင်းကျပ်ဆုံး ရှင်သန်မှုပဲ ဖြစ်သည်။ ကျင့်ကြံရန် အချိန်မလုံလောက်ပဲ သူတို့က အစွမ်းထက်ရန် မည်ကဲ့သို့တောင် တွေးနိုင်မည်နည်း။ ရေရှည်ပြေးနေချိန်၌ ၎င်းက ရက်စက်သည့် သံသရာဖြစ်နေ၏။ မျိုးဆက်တိုင်းသည် ပိုပိုဆိုးလာပြီး မဟာနွယ်တိုင်းပြည် ပျက်သုဉ်းခြင်းက မလွဲမသွေပဲ ဖြစ်သည်။
ယွီရှန်းရုန်သည် သူ့ကံကြမ္မာကို အညံ့ခံမည့်သူ မဟုတ်။ လက်မလျော့သည့် မျိုးဆက်သစ်၏ အဖွဲ့ဝင်တစ်ဦးပဲ ဖြစ်သည်။
မိစ္ဆာဝေဟင်မျှော်နန်း ရွှေနန်းဥယျာဉ်တောင်တွင် ဖြစ်သည်။
ညအချိန်က မြေပြင်ပေါ် စတင်ဖြန့်ကျက်လာ၏။
အရိပ်နှစ်ခုဆွဲသည့် အနက်ရောင်ရထားလုံးတစ်စင်းက သစ်ပင်ထိပ်ပေါ် ပျံဝဲနေသည်။
အနက်ရောင်ကိုယ်ထည်များက ရွှေနန်းဥယျာဉ်တောင်နား ချဉ်းကပ်လာတော့သည်။
“ရပ်..”
အနက်ရောင်အရိပ်၏ နက်ရှိုင်းသောအသံသည် အနက်ရောင်ရထားလုံးအထက်ကနေ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ပျံ့သွားလေ၏။
ထိုအရာများသည် သူ့အမိန့်ကို တင်းကြပ်စွာ နာခံသည့်ပမာ ချက်ချင်း ရပ်တန့်လိုက်သည်။
သူက လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီးနောက် သာမန်ကာလျှံကာ ပြောလိုက်သည်။
“ဟုန်ချူအခွဲရဲ့ မဟာအကြီးအကဲ ကျန့်ကျင်း..”
ထပ် ထပ်..
မြေကြီးပေါ်ရှိ အရိပ်များထဲမှ တစ်ခုက ဖြည်းဖြည်းချင်း လှည့်လာပြီး အနက်ရောင်ရထားလုံးကို မျက်နှာမူလိုက်သည်။ သူ၏မျက်ဝန်းများက အသက်ကင်းမဲ့ပြီး မျက်နှာက တောင့်တင်းနေ၏။ သူ၏လည်ပင်းပေါ်၌ အမာရွတ်တစ်ခုကို တွေ့ရသည်။ ပါမာသည် အဆောင်တစ်ခုကို ထုတ်လျက် လက်ဖြင့် အချက်အနည်းငယ်ဆွဲလိုက်ပြီး ပစ်ထုတ်လိုက်သည်။ အဆောင်က ကျန့်ကျင်း၏ ခန္ဓာကိုယ်ပေါ် ကပ်သွားတော့၏။
“သွား..”
ကျန့်ကျင်းက ယန္တရားတစ်ခုပမာ ပြန်ဖြေ၏။
“နားလည်ပါပြီ”
ပြီးနောက် သူသည် အမဲလိုက်ခွေးပမာ ရွှေနန်းဥယျာဉ်တောင်ဆီသို့ ဦးတည်သွားတော့၏။ လက်ရှိရွှေနန်းဥယျာဉ်တောင်သည် အရံအတား၏ ကာကွယ်ပေးမှု မရှိတော့ပေ။ ထို့ကြောင့် လူသစ်များသည် အဟန့်အတားမကြုံရတော့ပေ။
ကျန့်ကျင်းသည် သက်ရှိထင်ရှားရှိချိန်က ဟုန်ချူအခွဲ၏ မဟာအကြီးအကဲတစ်ဦး ဖြစ်ခဲ့သည်။ သူက ပွင့်ချပ်ခြောက်လွှာ ကျင့်စဉ် ရှိ၏။ သူက မကြာမီ၌ ရွှေနန်းဥယျာဉ်တောင်ခြေသို့ ရောက်လာသည်။ သူက ထူးမခြားနား မော့ကြည့်လျက် တောင်ပေါ်သို့ တက်ကာ သူ လှုပ်ရှားစဉ် လေပြင်းများ ဝေ့တိုက်လာသည်။
“ရွှေနန်းဥယျာဉ်တောင်ကို ဘယ်သူကျူးကျော်ရဲတာလဲ”
ကျိုးကျစ်ဖုန်းက ရောက်လာတော့သည်။ သူက ကျူးကျော်လာသူကို ကြည့်ပြီး အံ့ဩသွား၏။ ထိုကဲ့သို့ လူထူးလူဆန်းတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးပေ။
ကျန့်ကျင်းက မဖြေဘဲ ဆက်ပြေးနေလေသည်။
ကျိုးကျစ်ဖုန်းသည် ဝေဟင်အထက်ကနေ တိုက်ခိုက်တော့၏။ စွမ်းအင်ဓားသွားများက ကျန့်ကျင်းဆီ ရောက်လာ၏။
ဘန်း ဘန်း ဘန်း..
စွမ်းအင်ဓားသွားများသည် ကျန့်ကျင်း၏ မာကျောသော ခန္ဓာကိုယ်ကိုတောင် မထိုးဖောက်နိုင်ပေ။
“ဘာ..”
ကျိုးကျစ်ဖုန်းသည် ယင်းက သူ သတ်နိုင်သည့် မကောင်းဆိုးဝါး မဟုတ်မှန်း သဘောပေါက်သွားသည်။ သူက ဓားကို သုံးလျက် မျှော်နန်းဆီ အမြန်ပြေးကာ ကျန့်ကျင်းကလည်း ဆက်လက်ပြေးလွှားနေလေ၏။
…
အခန်း(၃၈၆) နေ့စဉ်နေ့တိုင်း အထိုးခံရခြင်း
ကျိုးကျစ်ဖုန်းက မြန်ဆန်သော အလျင်ဖြင့် ဓားပေါ် ပျံသန်းနေသောကြောင့် ခြေလျင်က မည်မျှမြန်ဆန်စေကာမူ ကျန့်ကျင်းထက် မြန်ဆန်ပေသည်။ သူ မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက် ရောက်လာသည့်အခါ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က တစ်ယောက်နှင့် တစ်ယောက် ဆွဲနေကြသည်ကို မြင်လိုက်ရသည်။ သူက မြန်မြန် ဆင်းလာပြီး အော်ပြောလိုက်သည်။
“တတိယသခင်လေး၊ စတုတ္ထသခင်လေး သွားပြီ … မကောင်းဆိုးဝါးက တောင်ပေါ် ဦးတည်နေပြီ ”
“မကောင်းဆိုးဝါးလား” မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ပါမာသည် မိစ္ဆာဝေဟင်မျှော်နန်းကို ဖြိုချဖို့ ကြံနေကြောင်း ပြောခဲ့သည့် ရှစ်စွင်း စကားများကို ရုတ်ချည်း အမှတ်ရသွားလေသည်။ သူက ပါမာသည် အသေးစိတ်ပြင်ဆင်ထားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း လူကောင်လိုက်ကြီး တည့်တည့်တိုး ရင်ဆိုင်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။
“ ရှစ်စွင်းဆီ သွားအကြောင်းကြားလိုက်မယ် … စန်းရှစ်ရှိုး တစ်ချက်သွားကြည့်ထားလိုက်ဦး”
“ကောင်းပြီ” တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ ကျိုးကျစ်ဖုန်းအား ကြည့်လိုက်ပြီး “ တခြားသူတွေကိုလည်း အကြောင်းကြားလိုက်ဦး။ ငါ သွားကြည့်လိုက်ဦးမယ်”
“ဟုတ်ကဲ့”
သုံးယောက်သား သက်ဆိုင်ရာဆီ ဦးတည်လိုက်ကြသည်။
တွမ့်မူရှန်း၏ အမူအရာက လေးနက်နေသည်။ သူက နယ်ရှင်လှံကို ကိုင်ထားရင်း တောင်အောက်ဆင်းသွားလိုက်သည်။ သူက လမ်းတစ်ဝက်တွင် ကျန့်ကျင်းကို မြင်လိုက်ရ၏။
ကျန့်ကျင်း၏ မျက်နှာက ဖြူဖျော့နေပြီး သွေးမရှိတော့သလို ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်၌လည်း ဒဏ်ရာများ ရှိနေ၏။
တွမ့်မူရှန်းက တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်၍ သူ့နယ်ရှင်လှံဖြင့် ကျန့်ကျင်းကို ထိုးဆွဖို့ တုံ့ဆိုင်းမနေပေ။ သူက လှံအရိပ်တစ်ရာကျော် ဖြစ်ပေါ်စေလိုက်ပြီး ကျန့်ကျင်းထံ လျှပ်စီးလိုအလျင်ဖြင့် ထိုးစိုက်ချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
လှံတံက ကျန့်ကျင်း ရင်ဘတ်ဆီ စိုက်ဝင်သွားပြီး မီးပွားများပင် လွင့်စဉ်လာစေသည်။
သူက ကြမ်းသားပဲ …
တွမ့်မူရှန်းက အလန့်တကြား ဖြစ်သွားသည်။ သို့သော်လည်း သူက မကြောက်ပေ။ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေသောကြောင့် သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်လာသည်။
ဝုန်း
ရေတံခွန်အောက် သူ့လေ့ကျင့်ရေး အသီးအပွင့်များကို ယခုအချိန် မြင်တွေ့နိုင်လေပြီ။ သူ့တိုက်ခိုက်မှုများက အချိန်တိုင်း တိကျပေသည်။
ကျန့်ကျင်းက နောက်ပြန်မကျသွားခင်အထိ နောက်ဆုတ်လိုက်ရသည်။
နယ်ရှင်လှံ၏ တိုက်ကွက်က ပြင်းထန်လှသည်။
ချွမ်
တွမ့်မူရှန်းက ယခု တောင်စောင့်နတ်ဘုရားတစ်ပါးနှင့် တူနေသည်။ သူက နယ်ရှင်လှံကို လက်တစ်ဖက်တွင် ကိုင်ဆွဲရင်း ချာချာလည်နေသည့် ကျန့်ကျင်းအား စိုက်ကြည့်လိုက်သည်။
ကျန့်ကျင်းက ခြေလှမ်းကို ငြိမ်အောင် ထိန်းလိုက်သည်။ သူက အကွာအဝေးတစ်ခုရောက်သည့်အခါမှ ခြေပြန်ငြိမ်သွားသည်။
“ဆင်းသွားစမ်း” ထိုစဉ် ဩဇာအာဏာအပြည့်ရှိသည့် အသံတစ်သံ ထွက်လာသည်။
တွမ့်မူရှန်းက သူ့နောက်ကို လှည့်ကြည့်လိုက်သည်။ သူက နတ်ခြင်္သေ့ကျောပေါ်တွင် သူ့ရှစ်စွင်းကို မြင်လိုက်ရသည်။ ရှောင်ယွမ်အာ၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့နှင့် မျှော်နန်းဆောင်အိုကြီးမှ လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့လည်း လေထဲ ပေါ်ထွက်လာသည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်နေကြ၏။
လုကျိုးက ကျန့်ကျင်းအား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး “ ဟုန်ချူအဖွဲ့ခွဲရဲ့ မဟာအကြီးအကဲ ကျန့်ကျင်း ”
မင်ရှစ်ရင်က မေးလိုက်သည်။
“ သူ့ကို အာ့ရှစ်ရှိုး သတ်လိုက်ပြီ မဟုတ်ဘူးလား ”
“လူသေလား” အမျိုးသမီး တပည့်များစွာက ကြောက်ကြောက်လန့်လန့် ကြည့်လိုက်ကြသည်။
တကယ် လူသေကြီးလား …
အမျိုးသမီး တပည့်ငယ်များက ကမ္ဘာကြီးအကြောင်း သိပ်မသိကြပေ။ သူတို့အတွက် ထိုမြင်ကွင်းက ကြောက်စရာကောင်းနေသည်မှာ ပုံမှန်သာ ဖြစ်၏။
လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့က ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် စုန်းအတတ်အကြောင်း တွေးမိလိုက်ကြသည်။
ဖန်လီထန်းက ရယ်လိုက်က “ ဒီလိုမျိုး စုန်းအတတ် မန္တန်ကို မတွေ့ရတာ အရမ်းကြာနေပြီ။ ဖန်ကျုံး ဗုဒ္ဓသခင် ရွှီကျင့်ကို ဒီခေါ်ခဲ့လိုက်”
ဖန်ကျုံးက လက်နှစ်ဖက်ယှက်ကာ မြောက်ဘက်မျှော်နန်းဆောင်ဆီ ချက်ချင်း ပျံသန်းသွားသည်။
ထိုစဉ် ကျန့်ကျင်း ခန္ဓာကိုယ်မှ အဆောင်တစ်ရွက်က ပြုတ်ကျလာသည်။
ဝုန်း
အဆောင်က မီးထတောက်လာသည်။ သို့သော်လည်း မီးတောက်က ထူးခြားနေပြီး လေထဲ ခရမ်းရောင်စက်ဝန်း ဖြစ်ပေါ်လာစေသည်။ ထိုစက်ဝန်းမှ အသံထွက်လာ၏။
“ ယွီရှန်းရုန်က ငါ့မန္တန် မိသွားပြီ … သူ့နေ့ရက်တွေက လက်ချိုးရေလို့ ရတယ်။ မင်း လုံလုံလောက်လောက် အားကောင်းရင် ဒီတောင်အလွန်မှာ တိုက်ခိုက်ဖို့ စိန်ခေါ်မယ် ”
အသံရပ်သွားသည်နှင့် ခရမ်းရောင်စက်ဝန်းလည်း ပျောက်ကွယ်သွားသည်။
လန်လော့က လေထဲတွင် ဝဲပျံရင်း ပြောလိုက်သည်။
“ အသံပို့ဆောင်ရေး အဆောင်ပဲ … သူက အလောင်းကိုလည်း ထိန်းချုပ်နိုင်တယ်။ အဲဒီလူရဲ့ စုန်းအတတ်က ရှုပ်ထွေးလွန်းတယ်။ သူ့ကို လျှော့တွက်လို့ မဖြစ်ဘူး”
ဖန်လီထန်းက ပြောလိုက်သည်။
“သူ ပြောတာ ကြားလိုက်တယ်မလား။ သူက ဒုတိယသခင်လေး သေမယ်ဆိုတာ သိပ်ကို ယုံကြည်နေတာ။ အခု သူ့မျက်နှာပေါ် တံတွေးထွေးပစ်ချင်နေပြီ ”
“ အဲဆိုလည်း လုပ်လိုက်” လန်လော့က ရန်စလိုက်သည်။
“ ငါ လုပ်မလို့ပဲ” ဖန်လီထန်းက ပြောလိုက်သည်။ သူက ကျန့်ကျင်းဆီ ပျံသန်းသွားသောကြောင့် သူ့အသံက လွင့်ပြယ်သွားသည်။ သူ့သေရည်အိုးက ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ သူ့အား ဝန်းရံထားသည်။
“ ကျင့်မင်တာအိုဂိုဏ်းရဲ့ ပါရမီရှင်ဆိုတဲ့အတိုင်းပဲ … အဲလေ သက်တမ်းရင့် မျှော်နန်းဆောင်မှာ ကောင်းကင်အဆင့် လက်နက်ရှိတဲ့ တစ်ဦးတည်းသော အဘိုးကြီးလိုပဲလို့ ပြောတာ ” မင်ရှစ်ရင်က ချီးကျူးလိုက်သည်။
ဖန်လီထန်းက ဆင်းလာလိုက်ရင်း ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သည်။ သူ့သေရည်အိုးကို ဝေ့ယမ်းလိုက်သည့်အခါ သေရည်အိုးမှ ယပ်တောင်သဏ္ဍာန် စွမ်းအား ထွက်ပေါ်လာသည်။
ဝုန်း
ကျန့်ကျင်းက အမူအရာမဲ့စွာ ကျန်ရှိနေပြီး နောက်လိမ့်သွားပြန်သည်။
ဖန်လီထန်းက သူ့ပစ်မှတ်ကို လွင့်စဉ်သွားအောင် လုပ်ပြီးနောက် မျက်မှောင်အသာကြုတ်လိုက်သည်။
“အလောင်းကို စုန်းအတတ်က အားဖြည့်ပေးနေတာ။ တရားခံက စုန်းအတတ် ပါရမီရှင်ပဲ ”
ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည် “အင်အားအရ အဲဒီလူက ပွင့်ချပ်ရှစ်လွှာထက် ပိုအားကောင်းမှာပဲ။ ဒါပေမဲ့ စုန်းအတတ်ရဲ့ အကြီးမားဆုံး ဆိုးကျိုးက ပြင်ဆင်ချိန်ကြာကြာလိုတာပဲ … ငါ့မှာ အကြံပြုစရာရှိတယ် ”
“ဘာများလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
“ ရထားလုံးပျံ သွားယူပြီး ဆယ်ရက်တိုင်တိုင် ဆက်တိုက် ပျံသန်းလိုက် … သူ့ကန့်သတ်ချက် ရောက်တဲ့အခါ မန္တန်ပြေသွားမှာပဲ” ဟွားဝူတောက်က သူ့အကြံသည် အလွန် ကျေနပ်စရာကောင်းပြီး အကျိုးအကြောင်းသင့်သည်ဟု ခံစားမိသည်။
ဤသည်မှာ စုန်းအတတ် ဆိုးကျိုးကို အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူတို့ပြိုင်ဘက်က ပိုက်ကွန်ပစ်လိုလျှင် သူတို့အနေနှင့် ရှောင်ဖို့သာ လိုအပ်ပေသည်။ သို့သော်လည်း သူက ထူးထူးဆန်းဆန်းအကြည့်များသာ လက်ခံရလိုက်၏။
ငါ တစ်ခုခုများ မှားပြောမိလို့လား …
ကျန့်ကျင်း မြေပေါ် ရောက်လာပြီးနောက် သေရည်အိုးနှင့် ထိမှန်ထားသည့်နေရာ သူ့ရင်ဘတ်၌ ချိုင့်နေသည်။ ထိုသို့ဆိုလျှင်ပင် သူက ပြန်ထလာနေဆဲ ဖြစ်၏။
“အကြမ်းခံတဲ့ အရုပ်အပြင် ဘာမှမဟုတ်ဘူး။ ငါ ပြမယ်” ဖန်လီထန်းက လေထဲ ပျံသန်းသွားလိုက်သည်။
“ အလျင်မလိုနေနဲ့။ တောင်အလွန်မှ ဘာရှိလဲ ကြည့်လိုက်”လန်လော့က ပြောလိုက်သည်။
တခြားသူများလည်း ကြည့်လိုက်ကြ၏။
ညအချိန်တွင် ထူးထူးဆန်းဆန်း အငွေ့အသက်များဖြင့် ဧရာမလူအုပ်ကြီးက သူတို့ဆီ ဦးတည်လာနေသည်။
“အများကြီးပဲ” ကျူးဟုန်ကုန်းက တအံ့တဩ ရေရွတ်လိုက်သည်။
“ အမလေးလေး ရှစ်စွင်းရေ ကျွန်တော်တို့ အကြီးအကဲဟွား အဆိုပြုချက်ကို ထည့်စဉ်းစားရတော့မယ် တူတယ်”
“ ငကြောက် … မင်း သတ္တိရှိစမ်းပါ” မင်ရှစ်ရင်က ကျူးဟုန်ကုန်းအား ဘေးတွန်းလွှတ်ကာ ပြောလိုက်သည်။
ထိုစဉ် ဗုဒ္ဓသခင်ရွှီကျင့်လည်း သူ့တပည့်များကို ဦးဆောင်ရင်း ရောက်လာသည်။ သူတို့က လေးထောင့်ကျကျ အစီအရင် ဖွဲ့စည်းလိုက်သည်။
“အောမိတောဖော … နောက်ဆုံးတော့ ဒကာကြီးကျိကို ပြန်လည်ပေးဆပ်ခွင့်ရခဲ့ပြီ”
ရွှီကျင့်က တောင်ခြေမှ ရုပ်သေးရုပ်များကို ကြည့်ကာ “ တခြားတပည့်တွေကိုလည်း မြန်မြန်လုပ်ဖို့ ပြောထားခဲ့ပါပြီ ”
“ ဘုန်းကြီးအိုကြီး ကောင်းသားပဲ ” ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်သည်။
လုကျိုးက တောင်ခြေမှ ရုပ်သေးရုပ်များကို ကြည့်ကာ “ဟွားယွဲ့ရှင်း ”
ဟွားယွဲ့ရှင်းက ရှေ့ထွက်လာပြီး ဦးညွှတ်လိုက်သည်။
“ကျွန်မ ဒီမှာပါ ”
“ဝေဟင်က မင်း ပိုင်နက်ပဲ။ မင်းဆီမှာ လော့ယွဲ့လေးကိုင်း ရှိထားပြီးသား မင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်” လုကျိုးက နတ်ခြင်္သေ့ပေါ် ပျံသန်းသွားလိုက်သည်။ ဝေဟင်ထဲ မြင့်လေလေ ကောင်းကောင်း ပိုမြင်ရလေလေ ဖြစ်၏။
ဟွားယွဲ့ရှင်းက လုကျိုး၏ ဆိုလိုရင်းကို နားလည်သောကြောင့် နောက်မှ လိုက်သွားလိုက်သည်။
လုကျိုးက တောင်အောက် မပျံသန်းသွားခင် အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။
ဟွားယွဲ့ရှင်းက ရှေ့တိုးကာ သူမ ဘေးပတ်လည်ကို သေချာကြည့်လိုက်သည်။ သူမက လော့ယွဲ့လေးကိုင်းကို မြောက်ကာ လေးကြိုးကို ဆွဲလိုက်၏။
ဝှစ်
အသံနှင့်အတူ မြားက လေထဲ ထိုးခွင်းသွားသည်။ အမှောင်ထုထဲ တောက်ပနေသည်။
ဘန်း
မြားက မြေပြင်ရှိ ရုပ်သေးရုပ်ကို ထိမှန်သွားသည်။ ရုပ်သေးရုပ်က ဘုန်းခနဲ လဲကျသွားပြီးနောက် ချက်ချင်း ပြန်ထလာသည်။
“ မန္တန်ချထားတဲ့သူကို ရှင်းရမယ် … ဒီရုပ်သေးရုပ်အားလုံးက သေပြီးသားတွေ။ ငါ ဘယ်လောက်တိုက်တိုက် သူတို့က ပြန်ထလာဦးမှာပဲ ”
အခြားသူများလည်း ထိုအချက်ကို ကောင်းကောင်းနားလည်သည်။
ဉာဏ်ထက်သည့် စုန်းအတတ် ကျင့်ကြံသူတစ်ဦးက ပုန်းအောင်းကာ အဝေးမှ သူ့ရုပ်သေးရုပ်များကို ထိန်းချုပ််နေသည်။
ယခု သူ ဘယ်မှာရှိနေမည်ကို မည်သူ သိမည်နည်း။
လုကျိုးက တောအုပ်ထဲ တစ်ချက်ကြည့်လိုက်ပြီးနောက် “အကြီးအကဲဟွား မိစ္ဆာဝေဟင်မျှော်နန်းကို ကာကွယ်ထားလိုက် ”
“နားလည်ပါပြီ” ဟွားဝူတောက်က တိုက်ခိုက်ဖို မသင့်တော်ပေ။ သူက အခြေစိုက်ဌာနကို ကာကွယ်ဖို့ တာဝန်ကျသည့်အတွက် ပိုဝမ်းသာမိ၏။
မင်ရှစ်ရင်က ပြောလိုက်သည်။ “ရှစ်စွင်း သူတို့ခန္ဓာကိုယ်တွေက ဘာလို့ အဲလောက်ကြံ့ခိုင်နေရတာလဲ”
လုကျိုးက ပြန်ဖြေလိုက်သည်။
“မန္တန်ချထားသူက အသက်ဓာတ်ပမာဏ အမြောက်အများကို စုပ်ယူပြီး သွေးကန်ကို ဖန်တီး …. သူတို့ခန္ဓာကိုယ်တွေကို အဲဒီအထဲ စိမ်ပြီး သန့်စင်ထားလို့ပဲ။ ဒါပေမဲ့ ဒီနည်းစနစ်က အရမ်းကို မိစ္ဆာဆန်တယ်။ ရုပ်သေးရုပ်တွေ များလေလေ မန္တန်ချထားသူအတွက် တန်ပြန်သက်ရောက်အားက ကြီးမားလေလေပဲ”
လန်လော့က ထပ်ပြောလိုက်သည်။
“ သူ့အနေနဲ့ အနည်းဆုံး နှစ် ၂၀၀ သက်တမ်းတော့ လျော့သွားလိမ့်မယ်”
“ကျွန်တော် အခုမှ ဉာဏ်အလင်းပွင့်သွားတယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
“သူတို့ ကြံ့ခိုင်နေတော့ရော ဘာဖြစ်လဲ။ သူတို့ ရောက်လာသမျှ သတ်ပစ်မယ်” တွမ့်မူရှန်းက နယ်ရှင်လှံကို တင်းတင်းဆုပ်ထားရင်း ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော် တိုက်ချင်တယ်”
လုကျိုးက ခေါင်းညိတ်ကာ “ကောင်းပြီ”
ဒီနေရာမှာ သူ ရှိနေလျှင် သူ့တပည့်များက အန္တရာယ်ကျရောက်မည် မဟုတ်ပေ။ အကယ်၍ ပါမာ ထွက်ပေါ်လာမှသာ သူ့အနေနှင့် ပါမာကို အသေရိုက်ချက်ကတ်နှင့် ရင်ဆိုင်လိုက်မည်။ ဒီလိုဆိုလျှင် ကျန်ရှိသည်က တိုက်ပွဲကွင်းပြင် ရှင်းဖို့သာ ဖြစ်သွားမည်။
ယခု တွမ့်မူရှန်းက ရှစ်စွင်းဆီမှ ခွင့်ပြုချက် ရလိုက်ပြီ ဖြစ်၍ တက်ကြွနေသည်။ သူက သူ့ဒုက္ခမိုင်တစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်ကို ဆင့်ခေါ်လိုက်သည်။ ပေ ၄၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဍာန်ဖြင့် သူက တောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
“စန်းရှစ်ရှိုးက အမြဲတမ်း ကြမ်းတမ်းနေတာပဲ ” မင်ရှစ်ရင်က ထိုအပြုအမူကြောင့် အနည်းငယ် ဆွံ့အသွားလေသည်။ သူက တွမ့်မူရှန်းနှင့် လက်ရည်စမ်းဖို့ ဝန်လေးနေသည့် အကြောင်းအရင်းလည်း ဖြစ်၏။
ဘယ်သူက နေ့တိုင်း အထိုးခံနိုင်မှာလဲ …
…
အခန်း (၃၈၇) စွမ်းအားကိုခမ်းနားစွာပြသမှု
တွမ့်မူရှန်းက ခုန်ဆင်းလိုက်၏။ သူ၏ဒုက္ခရှုကွင်းမိုင်တရာစိတ်ဝိညာဉ် သဏ္ဌာန်သည် အမြောက်ဆန်ပမာ ချေမှုန်းခံလိုက်ရသည်။
ဖုန်း ......
လူတိုင်း၏မျက်စိရှေ့မှောက်၌ ပေါ်လာသည့် ရွှေကြာ၏သက်ရောက်မှုကြောင့် တွင်းတစ်တွင်းက ကျန်ရစ်ခဲ့တော့သည်။
ရုပ်သေးများစွာက မြေပြင်နှင့်ရိုက်မိသွားလေ၏။
“ပူလောင်စက်ကွင်း ရိုက်ချက်တစ်ရာ”
“လှိုင်းလုံးထောင်ချီ”
နောက်သို့ လွင့်သွားသည့် ဟွားဝူတောက်က ထိုမြင်ကွင်းကို မျက်မြင်တွေ့ပြီး ချောင်းဆိုးမိသွားကာ ပျို့တက်လာသလိုခံစားလိုက်ရသည်။ သူ့စိတ်ထဲသက်ပြင်းချလိုက်မိ၏။
ငါ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ နေနေတယ်ဆိုပေမဲ့ နေ့ရက်တိုင်း စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး။
သူသည် မိစ္ဆာမျှော်နန်းအထက်တွင်ရှိသော ဟွားယွဲ့ရှင်းကို ဖျတ်ခနဲကြည့်လိုက်မိ၏။ သူမသည် မီးမြားများကို သုံးလျက် အကြိမ်တိုင်း၌ ရုပ်သေးရုပ်များကို ဖယ်ရှားနေသည်။ သူမကိုကြည့်လိုက်စဉ် သူ၏စိတ်အခြေအနေက ကောင်းလာလေ၏။
ထိုစဉ် ဟုန်ချူအခွဲ၏ မဟာအကြီးအကဲကျန့်ကျင်းသည် ခြေထောက်မြှောက်လျက်ထလာပြန်သည်။ သူသည် ရုပ်သေးများစွာထဲမှ တစ်ခုမျှသာဖြစ်သည်။ ရုပ်သေးများသည် နာကျင်မှုကိုမခံစားရ။ အကြောက်တရားမရှိ။ သေဆုံးခြင်းကို ခံစားရတာမရှိပေ။
ဖန်လီထန်းက မျက်မှောင်ကျုံ့သွား၏။ သူ၏သေရည်ဘူးသီးခြောက်သည် ရွှေရောင်ရောင်ခြည် ဖြာထွက်လာပြီးနောက် ရုပ်သေးများကို တိုက်ချလိုက်သည်။
ရှောင်ယွမ်အာ၊ ကျောင်းယွဲ့၊ မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းတို့က ရွှေနန်းဥယျာဉ်တောင်အောက်သို့ ခုန်ဆင်းလိုက်၏။
အချိန်အတိုင်းအတာတစ်ခုထိစွမ်းအင်များပရမ်းပတာဖြစ်နေတော့သည်။ တောင်၏မီတာရာချီ ပတ်လည်အတွင်း ပရမ်းပတာဖြစ်နေတော့၏။ စွမ်းအင်များအရပ်မျက်နှာအနှံ့ လွင့်ပျံနေသည်။
လုကျိုးသည် သူ၏ခြေဖျားဖြင့် နတ်ခြင်္သေ့၏နောက်ကျောကိုထိလိုက်သည်။ သူက လေထဲ ခုန်တက်ပြီးနောက် နတ်ခြင်္သေ့က လေထဲပျောက်ကွယ်သွားပုံပေါ်သည်။ မင်္ဂလာချီအသုံးပြုနိုင်သော နတ်ခြင်္သေ့ကဲ့သို့ စီးတော်သားရဲက ဝင့်ကြွားလွန်း၏။ အလွယ်တကူရှာတွေ့ခံရနိုင်သည်။ ထို့ကြောင့် ပိုမိုသိုသိပ်သော ပိအန်းနှင့် အစားထိုးလိုက်၏။ လုကျိုးက ပိအန်း၏နောက်ကျောပေါ်တက်လျက် တောင်တစ်ဝက်ဆီသို့သွားလိုက်သည်။ သူက အရိပ်ထဲကနေ အခြေအနေကို လေ့လာလိုက်၏။
ကျန်သည့်သူများက မျှော်နန်းသခင်ပျောက်သွားသည့်အချိန်ခေါင်းညိတ်လိုက်ကြ၏။ ၎င်းတို့က ရုပ်သေးတစ်စုသာဖြစ်သည်။ အမှန်ကတယ်တွင် မျှော်နန်းသခင်က ထိုအတွက် ဒုက္ခခံရန်မလိုချေ။
အချိန်မည်မျှကြာသွားသည်မသိ။ လုကျိုးက ပိအန်း၏နောက်ကျောကနေ သူ၏တပည့်များကို တိတ်တဆိတ်အားပေးနေလေ၏။ ငါလည်း ကူကယ်ရာမဲ့နေတာ ... ငါရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ငါက အလံတစ်ချက်ဝှေ့ယမ်းပြီး အော်ရုံပဲ တတ်နိုင်တယ်။
လုကျိုးက သူ့ဖာသာသူရေရွတ်ပြောလျက် အောက်ရှိတိုက်ပွဲကိုလေ့လာလိုက်တော့သည်။ “သူက မိစ္ဆာဝေဟင်မျှော်နန်းကိုဖြေရှင်းဖို့ သူ့အသက်နှစ်ရာကို ပေးဖို့လိုလားတယ်လား”
ကျန့်ယွင်ရှန်းက သက်ရှိထင်ရှားရှိစဉ်က ပွင့်ချပ်ရှစ်လွှာရှိသော ကျင့်ကြံသူတစ်ဦးဖြစ်၏။ ဆိုလိုသည် က ပါမားသည် အားမနည်းပေ။ ယွီရှန်းရုန်သည် ကျန့်ယွင်ရှန်းကို သတ်ခဲ့ပြီးနောက် ပါမားက သူ့ကို ဓားစာခံလုပ်ထားမည်လော။ လုကျိုးသည် ယင်းက လုံးလုံးလျားလျားမဖြစ်နိုင်ဟု မတွေးမိပေ။
ထိုစဉ် ဖန်လီထန်းက ကျန့်ကျင်းကို ဖယ်ရှားလိုက်သည်နှင့် ရေရွတ်ပြောလိုက်၏။
“မယုံနိုင်စရာကောင်းလောက်အောင်မာလိုက်တာ”
လန်လော့သည် ကျန့်ကျင်းပေါ်၌ သူ၏ကိုယ်ပျောက်တာအိုစွမ်းရည်ကိုဖော်ထုတ်လိုက်သည်။ သူသည် ဆက်တိုက်ထုတ်ဖော်လိုက်၏။ လက်ဝါးစည်းသင်္ကေတများက ကျန့်ကျင်း၏ခန္ဓာကိုယ်ကို ရိုက်မိသွားသည်။ ပြီးနောက်သူကပြောလိုက်၏။ "လောင်ဖန် ... သူ့ခေါင်းနောက်ကိုရိုက်”
“ဟုတ်ပြီ ... ဒီတစ်ကြိမ်နားထောင်ပေးမယ်”
လန်လော့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖန်လီထန်းသည် စွမ်းအင်တစ်ခု ထုတ်ဖော်လိုက်၏။ သူ၏ သေရည်ဘူးသီးခြောက်က လည်ပတ်သွား၏။ အရွယ်အစားက ကြီးမားလာပြီး ရွှေရောင်ရောင်ခြည် တောက်ပလာသည်။ သူက အော်ပြောလိုက်၏။
"တောင်တန်းပေါ် အိပ်စက်ခြင်း”
ဘန်း ......
ဖန်လီထန်း၏ သေရည်ဘူးသီးခြောက်က ကျန့်ကျင်း၏ နောက်စေ့ကို ရိုက်မိသွား၏။
ဂျွတ်
လေထဲ၌ အက်ကွဲသံတစ်သံပေါ်လာသည်။
ရုပ်သေးကျန့်ကျင်းသည် သူ၏လက်မောင်းကိုယမ်းခါနေပြီး ရူးသွပ်သွားပုံရသည်။ သို့သော် မကြာမီ၌ သူက နောက်လန်ကျသွားကာ နောက်ဆုံးထွက်သက်ထွက်သွားပုံပေါ်၏။
“တောင်တန်းပေါ် အိပ်စက်ခြင်းကို ဘယ်လိုထင်လဲ” ဖန်လီထန်းကမေးလိုက်၏။
လန်လော့သည် စဉ်းစားတွေးဆလျက်မေးလိုက်သည်။ “ကျင့်မင်တာအိုဂိုဏ်းမှာ အဲ့လိုစွမ်းရည်မျိုး ရှိလို့လား”
“ငါ ဖန်တီးထားတာ” ဖန်လီထန်းက အရှက်မရှိပြန်ပြောသည်။
“…” လန်လော့က လှုပ်ရှားတာမြန်ဆန်သည်။ သူသည် အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားပြီးနောက် မှင်စာတစ်ကောင်ပမာ တောင်အောက်သို့ဆင်းလိုက်၏။
“အဲ့တာက တော်တော်မိုက်တဲ့နာမည်မလား” ဖန်လီထန်းက ခုန်ဆင်းပြီးနောက် သူ့နောက် လိုက်သွား၏။
လန်လော့က တွမ့်မူရှန်းနှင့် ကျန်သည့်သူများဆီ သွားလိုက်သည်။
“သူတို့ခေါင်းနောက်ကို ချိန်လိုက်”
“အကြီးအကဲလန်ကတော့ ထင်တဲ့အတိုင်းပဲ ဗဟုသုတကြွယ်ပါပေတယ်” မင်ရှစ်ရင်သည် ယဉ်ကျေးစွာ ပြောပြီးနောက် လျှပ်ပြက်သောအရှိန်ဖြင့်လှုပ်ရှားတော့သည်။ သူက ခွဲခွာချိတ်ကောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ရုပ်သေးများဆီ တိုးဝင်သွားသည်။
ဘန်း ဘန်း ဘန်း
နောက်ဆုံးတွင် ရုပ်သေးများ လဲပြိုကျသွားသည်။
မိစ္ဆာဝေဟင်မျှော်နန်းအထက် ဟွားယွဲ့ရှင်းသည် သူမနေရာကနေ ရုပ်သေးများ၏ခေါင်းနောက်ကို စွမ်းအင်မြားတို့ဖြင့် စတင်ချိန်ရွယ်တော့သည်။ သို့သော် သူမသည် သူမကိုယ်ရုပ်သေးများ နောက်ကျောပေးထားမည့်အချိန်ကို စောင့်နေရသောကြောင့် ပစ်ရန်က ခက်ခဲနေသည်။ ထိုသို့တိုင် သူမက ရုပ်သေးအချို့ကို ဖြေရှင်းနိုင်ခဲ့၏။
ထိုစဉ် ကျောက်တုံးပေါ်၌ လုကျိုးက သက်ပြင်းချလိုက်တော့သည်။ ရုပ်သေးများသည် သေလူများဖြစ်၏။ ထင်သည့်အတိုင်း သူသည် သူတို့ကို သတ်ဖြတ်ခြင်းကနေ မည်သည့်ကုသိုလ်မှတ်မှ မရချေ။ သူသည် စုန်းအတတ်ကို အစတည်းက သဘောမကျပေ။
ထိုစဉ် လုကျိုးက ဆရာတော်ရွှီကျင့်သည် ရုပ်သေးများအထက် ဝေဟင်ထဲလျှောက်လှမ်းနေတာကို တွေ့လိုက်သည်။ သူ့နောက်၌ တပည့်တဒါဇင်ခန့်က ရပ်နေသည်။ “အော်မီတော်ဖော် ... ဗောဓိသစ်ပင်က သစ်ပင်မဟုတ် ... ကြည်လင်တဲ့ကြေးမုံက ကြေးမုံတစ်ချပ်မဟုတ်ဘူး”
ရွှီကျင့်နှင့် သူ၏တပည့်များကလည်း တညီတညွတ်တည်းရွတ်ဖတ်တော့၏။ ချက်ချင်းပင် ရွတ်ဖတ်သံများက လေထဲပျံ့လွင့်လာ၏။
“ခမ်းနားသော ဖမ်းစားမှု၊ ဗုဒ္ဓကျင့်စဉ် တောက်ပကြေးမုံ "
ရွှီကျင့်က ကျန်သည့်ကိုယ်တော်များကို ဦးဆောင်လျက်စတင်ရွတ်ဖတ်လေရာ စက်ဝိုင်းကြီးတစ်ခုက ပေါ်ထွက်လာပြီးတောက်ပစွာထွန်းလင်းနေလျက် လည်ပတ်နေလေ၏။ ပြီးနောက် ၎င်းက ဖြည်းဖြည်းချင်း ကျဆင်းလာလေသည်။
လုကျိုးသည် ပဒုမ္မာစင်မြင့်ထက်၌ ထိုစွမ်းအင်ကို ဝူညံအသုံးပြုတာ ထိုစဉ်က တွေ့ခဲ့ဖူး၏။ ကိုယ်တော်များစွာ တပြိုင်နက်တည်းဆောင်ရွက်သည့်အချိန်၌ ၎င်း၏စွမ်းအားနှင့် အကျယ်အဝန်းက ရုတ်ချည်းတိုးလာလိမ့်မည်ဟု သူ မထင်ထားပေ။
မြေပြင်ပေါ်သို့ အလင်းစက်ဝိုင်းကျရောက်လာချိန် အလင်းက ဖျတ်ခနဲလက်နေ၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်တော့သည်။ ကျန်းအိုက်ကျန့်က ပျင်းရိပြီး ပေါ့ပေါ့ပါးပါး နေတတ်သော်ငြား သူသည် ရံဖန်ရံခါ၌ အကြံကောင်းများပေးတတ်၏။ ဤတိုက်ပွဲ၌ ရွှီကျင့်နှင့်သူ၏ကိုယ်တော်များ၏ တန်ဖိုးက မြင့်တက်လာသည်။ ဆိုရလျှင် ရွှီကျင့်နှင့် သူ၏တပည့်များအနားတွင်မရှိပါက ဖြေရှင်းရပိုခက်ခဲလိမ့်မည်။
အောက်တွင် တိုက်ခိုက်နေသည့်သူများက မိစ္ဆာဝေဟင်မျှော်နန်း၏ အကျော်အမော်များ ဖြစ်ကြသည်။ လန်လော့၊ ဖန်လီထန်း၊ ရှောင်ယွမ်အာ၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့ နှင့် ကျူးဟုန်ကုန်းတို့က တောက်ပသောကြေးမုံဖြင့်မြှင့်တင်ပေးခြင်းခံရပြီးနောက် စွမ်းအင်များ ထုတ်ဖော်လိုက်သည်။ များမကြာမီ၌ တောင်ခြေတွင် စိတ်ဝိညာဉ်သဏ္ဌာန်များပြည့်သွားတော့၏။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေစဉ် တောက်ပသောရဟန်းတစ်ပါးကို တောင်ဖက်၌ ပျံဝဲနေတာကို မြင်တွေ့ရ၏။
ပါမားက ယင်းကိုမြင်ပြီးမျက်မှောင်ကျုံ့မိသွားသည်။ “ဗုဒ္ဓဂိုဏ်းလား”
သူ၏ရုပ်သေးများလဲပြိုကျနေတာကိုမြင်နေရ၏။ ရန်သူများသည် သူတို့၏ အစွမ်းထက်သောရန်သူများကို ဖြေရှင်းနိုင်၏။ သူက မျက်နှာသေဖြစ်နေသော်ငြား လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။
သူက လက်ကိုဝေ့ယမ်းလိုက်တော့သည်။ “ခင်ဗျားက သူတို့တွေ အလောင်းပင်လယ်ထဲ ကျသွားတာကို မြင်ချင်မယ်လို့ ကျုပ်မထင်ဘူး”
ခရမ်းရောင်ချီစက်ဝိုင်းသည် သူ၏နောက်ကျော၌ အနက်ရောင်ရထားလုံးကို ဆွဲထားသော ကိုယ်တော်ဆီ တိုးဝင်သွားသည်။
ထိုကိုယ်တော်၏မျက်လုံးကပွင့်သွားပြီးနောက် ကောင်းကင်ကိုကြောင်အစွာစိုက်ကြည့်နေသည်။
“ခုံယွမ် သွား ... သူတို့တွေအားလုံးက မင်းရဲရန်သူတွေပဲ။ မင်းရဲ့အမုန်းတရားကို ပုံချလိုက်တော့”
ခုံယွမ်သည်သေလွန်ပြီဖြစ်၏။ သို့သော် သူသည် ပါမား၏စကားကိုနားလည်ဟန်တူသည်။ သူ၏မျက်လုံးက ပြူးကျယ်နေလေ၏။
ဖုန်း ...........
လျှပ်ပြက်အောင် မြန်ဆန်သည့်လှုပ်ရှားမှုဖြင့် သူသည် ပါမား၏ စုန်းစက်ဝိုင်းကိုချန်ထားလျက် သူ၏ကိုယ်တော်များရှိသည့် အစီအရင်အခင်းအကျင်းဆီသို့ တဟုန်တိုးသွားလိုက်သည်။ အနက်ရောင်လက်ဝါးစည်းသင်္ကတေများက လေထဲတွင်ပေါ်လာ၏။
“ဂရုစိုက်”
ဟွားယွဲ့ရှင်းက အော်လိုက်၏။ သူမက ခုံယွမ်ဆီသို့ သုံးကြိမ်ဆက်တိုက် ပစ်လိုက်သည်။
ဘန်း ဘန်း ဘန်း
သူမ၏စွမ်းအင်မြားများသည် အနက်ရောင် လက်ဝါးစည်းသင်္ကတေကို ထိသွားပြီးနောက် ပျောက်ကွယ်သွား၏။ ထိုစဉ် လုကျိုးက ၎င်းကိုမြင်ပြီး မျက်မှောင်ကျုံ့သွားသည်။
ပွင့်ချပ်ရှစ်လွှာရုပ်သေး ... သူက တကယ်အကုန်ထုတ်သုံးနေတာပဲ။
စုန်းအတတ်က ဘယ်တော့မှ သဘောတွေ့စရာမရှိဘူး။ ပါမား ထိန်းချုပ်ထားတဲ့ ရုပ်သေးအဆင့်ကမြင့်လေလေ သူပေးဆပ်ရတဲ့တန်ကြေးက မြင့်လေလေပဲ။
လုကျိုးသည် နှောင်းပိုင်း၌ ညှိုးရော်သွားသော အသွင်များတိုးလာပုံအမှတ်ရသွား၏။ ကောင်းကင်ကနေ အသံချေးငှားတာလား။
တိမ်ထဲတွင် ရွှီကျင့်က ဂါထာရွတ်ဆိုလျက်သုတ်တော်တစ်ခုကပေါ်လာသည်။ သူ၏ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ထုတ်ဖော်လိုက်၏။
ဝှစ်
ဖုန်း
ခုံရွမ်၏ အနက်ရောင်လက်ဝါးစည်းသင်္ကေတသည် ရွှီကျင့်၏ ရွှေရောင်ခန္ဓာကိုယ်နား ဝါရမုဒြာနှင့်တိုက်မိသွားသည်။ လေထဲလှိုင်းဂယက်ထသွားစေ၏။
ရွှီကျင့်၏တပည့်များက နောက်ဆုတ်သွားသည်။
“မင်းတို့ နေရာကိုထိန်းထားလူစုမခွဲနဲ့”
ခုံရွမ်သည် တန်ပြန်ခံရမှုကနေပြန်ထလာ၏။
ဖန်လီထန်းက ခုံရွမ်ကို တိုက်ခိုက်တော့၏။ “ငါက မင်းရဲ့ပြိုင်ဘက်ဖြစ်ပေးမယ်”
စွမ်းအင်အပြည့်အဝ မရသေးသော်ငြား သူသည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူဖြစ်ခဲ့သည်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးက နောက်ထပ် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်မှသာလျှင် မျှတပေမည်။ သူ၏သေရည်ဘူးသီးခြောက်ဖြင့် ခုံရွမ်ကိုထိန်းထားဖို့က ပြဿနာမရှိလောက်ပေ။ ခုံရွမ်၏ ကနဦးချီက အနှေးနဲ့အမြန်ကုန်သွားလိမ့်မည်။
လုကျိုးသည် ကျန်ရှိသည့်ရုပ်သေးအရည်အတွက်ကိုကြည့်လိုက်သည်။ သူ့တပည့်များ၏ အရည်အချင်းနှင့် အားစိုက်ထုတ်မှုတို့ကြောင့် သူတို့အရည်အတွက်သည် တဝက်ခန့် လျော့ကျသွား၏။ သူသည် ခဏတာစဉ်းစားပြီးနောက် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်တော့သည်။ “ရွှီကျင့် ဖမ်းလိုက်”
ရွှီကျင့်က ဘာမှန်းမဆုံးဖြတ်ရသေးခင် သူ့ဆီရောက်လာသော ပစ္စည်းကိုဖမ်းလိုက်၏။ သူ့လက်ထဲရှိပစ္စည်းကို မြင်သောအခါပြောလိုက်၏။
“ဆုတောင်းပုတီးစေ့တွေလား”
“သူတို့တွေက ဗုဒ္ဓဆုတောင်းပုတီးပဲ ခုံယွမ်ပိုင်ဆိုင်ခဲ့ဖူးတာ။ သခင်ကို အသိအမှတ်ပြုပြီးသားဆိုပေမဲ့ ဘာမှမရှိတာထက်ကောင်းနေတာပဲ”
ရွှီကျင့်သည် ထိုစကားကိုကြားသောအခါ အပျော်လွန်သွား၏။ “ဒကာကျိရဲ့ စိတ်ကောင်းစေတနာကို နောက်တခါထပ်လက်မခံရဲတော့ပါဘူး”
လုကျိုး၏အမြင်တွင် ၎င်းက အမှိုက်လက်နက်တစ်ခုသာဖြစ်သည်။ သူ့အတွက် အသုံးမဝင်ရုံသာမက သခင်အသစ်ကို အသိအမှတ်ပြုရန်တောင် သန့်စင်ရဦးမည်။
ဆန့်ကျင်ဖက်အနေဖြင့် ရွှီကျင့်က ၎င်းကို ရတနာသဖွယ်တန်ဖိုးထားနေ၏။ သူစိတ်မလှုပ်ရှားသလို ခံစားရစရာအကြောင်း မရှိပေ။