← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း(၃၈၈) လူသားလက်နှင့် ကောင်းကင်အဆင့် လက်နက်

ရွှီကျင့်က ပုတီးစေ့များကို သူ့ညာဘက်လက်အပေါ် သေချာထားလိုက်ပြီး ဘယ်လက်ဖြင့် အုပ်ထားလိုက်ကာ “ ဒကာကြီးကျိကို ကျေးဇူးတင်ပါတယ်”

ထိုဗုဒ္ဓပုတီးစေ့များဖြင့် ရွှီကျင့်သာ ကောင်းကောင်းကျင့်ကြံသရွေ့ သူ့အင်အားနှင့် ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာလိမ့်မည်။ အချိန်ကျလာသည့်အခါ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၏ ဂုဏ်ကျက်သရေကို ပြန်လည်ထိန်းသိမ်းဖို့က အိပ်မက် တစ်ခု မဟုတ်တော့ပေ။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး တောင်ခြေမှ အခြေအနေကို သုံးသပ်လိုက်သည်။

ရွှီကျင့် လက်ထဲမှ ပုတီးစေ့များကြောင့် သူ့အရှိန်အဝါက ပြောင်းလဲလာပုံရသည်။

“ အစီအရင် ပြန်ဖွဲ့စည်းကြ ”

“ နားလည်ပါပြီ”

ရွှီကျင့်က ဗုဒ္ဓပုတီးစေ့များကို လည်ပင်းမှာ ဝတ်ဆင်ထားလိုက်သည်။ သူ့ကနဦးချီ ထွက်လာသည့်အခါ ဗုဒ္ဓပုတီးစေ့များက ကနဦးချီကို အာရုံခံမိသည့်အလား မှိန်ဖျဖျ တောက်ပလာသည်။ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။

“တောက်ပကြေးမုံ ”

ရွှီကျင့်နောက်မှ တပည့်များက သူနှင့်အတူ သံပြိုင် ရွတ်ဖတ်နေကြသည်။ သူတို့အသံများက ယခင်ထက် ပိုကျယ်လာသည်။ ရွှီကျင့် ခြေထောက်အောက်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်လာသည်။ စွမ်းအားစည်းတံဆိပ် အသစ်တစ်ခု ဖြစ်တည်လာသည်။ ကြီးကျယ်ခမ်းနားသည့် သင်္ကေတများနှင့် တောက်ပနေသည့် ရွှေရောင်အလင်းများက မြေပေါ်ဆီ တဖန် ပြန်လည် ကျရောက်လာသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားအားလုံး၏ အင်အားက ထပ်မံ မြင့်တက်လာသည်။ သူတို့က အားပြည့်လာသလို ခံစားလိုက်ရသည်။ သူတို့က ဝေဟင်မှ ဘုန်းကြီးအုပ်စုကို မော့ကြည့်လိုက်ကြသည်။

ကျူးဟုန်ကုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ ဘုန်းကြီးအိုကြီး … ကျုပ် နောက်မှ သေရည်သောက်ဖို့ ဒကာခံမယ်ဗျို့”

“အောမိတောဖော” သေရည်အကြောင်း ပြောသည့်အခါ ရွှီကျင့်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သေရည်မသောက်နိုင်သည့် ဘုန်းကြီးတစ်ပါး ဖြစ်ပေသည်။

ထိုစဉ် ဖန်လီထန်းက သူ့သေရည်အိုးဖြင့် ခုံယွမ်ကို လွှင့်စင်သွားအောင် လုပ်လိုက်နိုင်သည်။ သူက ခုံယွမ် ခေါင်းအနောက်ကို ရိုက်ဖို့ ကြိုးစားနေသည်။

သို့သော်လည်း ခုံယွမ်က တခြားရုပ်သေးရုပ်များလို မဟုတ်ပေ။ သူက အင်အားအရ၊ ကျင့်ကြံဆင့်နှင့် လှုပ်ရှားပုံတို့အရ သာလွန်နေသည်။ ထို့အပြင် သူက မိစ္ဆာဇင် စိတ်ဝိညာဉ်သဏ္ဌာန်ကိုလည်း ရံဖန်ရံခါ ဆင့်ခေါ်တတ်သောကြောင့် သူ့ပြိုင်ဘက်အား သတိထားအောင် ပြုလုပ်နေသည်။

ခုံယွမ်က လေထဲမှ ရွှီကျင့်အား ကြည့်လိုက်သည်။ သူက ရွှီကျင့် လည်ပင်းမှ ပုတီးစေ့များကို မြင်သွားသည့်အခါ ဒေါသထွက်သွားဟန်ပေါ်သည်။ သူက ဖန်လီထန်းထံ လက်ဝါးစည်းတံဆိပ်များ ပစ်လွှတ်လိုက်ပြီး သောင်းကြမ်းလာသည်။

ဖန်လီထန်း၏ ကျင့်ကြံဆင့်က အပြည့်အဝ ပြန်မကောင်းသေးပေ။ သူက ခုံယွမ်ကို သူ့သေရည်အိုးဖြင့် ခုခံထားနိုင်ရုံလောက်သာ ဖြစ်၏။ သူက ခုံယွမ်နှင့် တိုက်ရိုက် မရင်ဆိုင်နိုင်သေးပေ။ ထိုအခြေအနေများအောက် သူက ရှောင်ဖို့သာ တတ်နိုင်လေသည်။

ဝုန်း ဝုန်း ဝုန်း

အနက်ရောင် လက်ဝါးစည်းတံဆိပ်များက လေထဲ ပျံ့လွှင့်လာသောကြောင့် ဖန်လီထန်းက သူ့အကောင်းဆုံးစွမ်းရည်များဖြင့်ဆက်တိုက်ရှောင်ရှားနေရသည်။

“လောင်ဖန် အဆင်ပြေရဲ့လား” လန်လော့က သူ့ကိုယ်ပျောက်တာအိုနည်းစနစ်ဖြင့် ရုပ်သေးရုပ်များကို လှည့်စားလာသည်။

ရုပ်သေးရုပ်များစွာက ဖန်လီထန်းဆီ ပြေးဝင်လာကြသည်။

ဝှစ်

ပေတစ်ရာ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က သူတို့အား တွန်းလွှတ်လိုက်လေသည်။

ဖန်လီထန်းက ပြန်ဖြေလိုက်၏ “ငါ ဖြေရှင်းနိုင်တယ် ”

တောက်ပကြေးမုံက သူတို့ဆီ ရောက်ရှိလာသောကြောင့် ဖန်လီထန်း၏ စိတ်ဝိညာဉ်အား ချက်ချင်း ထောက်ပံ့ပေးလိုက်သည်။ သူ့ချီပင်လယ်က ပို၍ သက်တောင့်သက်သာ ဖြစ်လာသည်။

အချိန်တစ်ခုကြာသည့်အထိ မြေပြင်တွင် အလောင်းများ ပြန့်ကျဲနေသည်။

လုကျိုးက ပိအန်းကျောပေါ်တွင် ရပ်ကာ သူ့အောက်မှ အခြေအနေများကို အကဲခတ်နေသည်။ ထို့နောက် သူက အဝေးမှ တောအုပ်ထဲ လှမ်းကြည့်လိုက်သည်။

ခုံယွမ်လည်း ထိုတောအုပ်ထဲမှ ထွက်လာခဲ့လေသည်။ လုကျိုးက ပါမာသည် ထိုတောအုပ်ထဲရှိ အစီအရင်တစ်ခုထဲ ပုန်းအောင်းနေမည် ဖြစ်ကြောင်း နိဂုန်းချုပ်လိုက်သည်။

တောက်ပကြေးမုံအထောက်အပံ့ဖြင့် မိစ္ဆာဝေဟင်မျှော်နန်းက အရေးသာလာသည်။

ရုပ်သေးရုပ်များ၏ လှုပ်ရှားမှုများက မြင်သာစွာ နှေးကွေးလာသည်။

ထိုစဉ် ရှောင်ယွမ်အာက သူမ၏ ဆယ်ပေစိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ ရုပ်သေးရုပ်များကြား သွားလာကာ ကန်လွတ်နေသည်။ သူမက သူတို့အား ရှုတ်ချဟန်ဖြင့် ကြည့်လိုက်သည်။

“ရှောင်ရှစ်မေ့ ဘာလို့ အဲလိုတွေလုပ်နေတာလဲ။ သူတို့က မင်းကို နားလည်နိုင်တာလည်း မဟုတ်ဘဲနဲ့”

မင်ရှစ်ရင်က ရှောင်ယွမ်အာကို ကျော်တက်လိုက်သည်။

ရှောင်ယွမ်အာက ပြောလိုက်သည်။ “ ညီမ သဘောကျလို့ပေါ့ ”

ဝေဟင်ထဲတွင် ရွတ်ဖတ်သံများက တောင်တစ်ခွင်လုံး ပျံ့နှံ့သွားလေသည်။

သစ်ပင်များအလွန် စုန်းအတတ် အစီအရင်တစ်ခုအတွင်း ပါမာက အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။

“မြည်းကတုံးတွေ”

သူ့လက်တစ်ချက်အဝေ့တွင် ကျန့်ယွမ်ရှန်းဆီ ခရမ်းရောင်စက်ဝန်းတစ်ခု လွှင့်စင်လာသည်။

ကျန့်ယွမ်ရှန်းက မျက်လုံးပြူးကျယ်သွားသည်။

ပါမာက အသံနက်နက်ဖြင့် ပြောလိုက်သည် “သူတို့အားလုံးကို သွားသတ်ချေ ”

ကျန့်ယွမ်ရှန်းက ပါမာကို ထားခဲ့ကာ မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့ဝင်များဆီ ပြေးဝင်သွားသည်။

လက်ရှိ ကျန့်ယွမ်ရှန်းက သူ အသက်ရှိစဉ်ကနှင့် မတူတော့ပေ။ သူ့လက်မောင်းမှ ကြောက်မက်ဖွယ် လက်တံများစွာ ထွက်လာပြီး သူနှင့် အနီးဆုံးဖြစ်သည့် ရှောင်ယွမ်အာဆီ ဦးတည်လိုက်သည်။

“ ငါ့ကို ဖမ်းချင်တာလား။ အိပ်မက်သာ ဆက်မက်နေလိုက် …. ခုနှစ်စင်ကြယ် တိမ်ယံခြေလှမ်း” ရှောင်ယွမ်အာက နောက်ဆုတ်လိုက်သည်။

ကျန့်ယွမ်ရှန်းက လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့အသံက အေးစက်စက် ဖြစ်နေကာ “မင်း သွားလို့မရဘူး ”

“နိဗာနရိုက်ချက်” ရှောင်ယွမ်အာ၏ နိဗာနခါးစည်းက လေထဲ ကခုန်ကာ သူမရှေ့ ရောက်လာသည်။

တစ်ချိန်တည်းဆိုသလို တွမ့်မူရှန်း၏ လှိုင်းလုံးထောင်ချီက သူမကို ကူညီဖို့ ပေါ်ထွက်လာသည်။

ဝုန်း ဝုန်း ဝုန်း

လှံထောင်ချီက ကျန့်ယွမ်ရှန်း ရင်ဘတ်ထဲ ထိုးစိုက်သွားသည်။ ကောင်းကင်အဆင့် လက်နက်က တစ်နေရာတည်း စုပြုံထိုးစိုက်သွားသည့်အခါ ချိုင့်ပင် ဖြစ်သွားစေသည်။ သူက နောက်ဆုတ်လိုက်၏။

“စန်းရှစ်ရှိုး ကျေးဇူးပါ …” ရှောင်ယွမ်အာက သူမ၏ နိဗာနခါးစည်းကို ဝေ့ယမ်းရင်း အနားမှ ရုပ်သေးရုပ်များကို ရှင်းထုတ်လိုက်သည်။

ရုပ်သေးရုပ်များ နောက်လိမ့်သွားသည့်အခါ မိစ္ဆာဝေဟင်မျှော်နန်းအထက်မှ အားပြင်းပြင်း စွမ်းအားမြှားများစွာ ကျဆင်းလာပြီး သူတို့ခေါင်းအနောက်ကို ထိမှန်သွားလေသည်။

ရုပ်သေးရုပ်များက လဲကျသွားပြီး မလှုပ်ရှားကြတော့ပေ။

ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်း အထက်ဘက် တစ်နေရာအား လက်မထောင်ပြလိုက်သည်။

“အစ်မယွဲ့ရှင်းက မိုက်သား ”

ဟွားယွဲ့ရှင်းက ချီးကျူးမှုလက်ခံရရှိပြီးနောက် ပြုံးလိုက်မိသည်။ သူမက ယခု ပိုမိုယုံကြည်ချက်ရှိလာလေပြီ။

ကျန့်ယွမ်ရှန်းက တက်ကြွနေဆဲ ဖြစ်၏။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ တွမ့်မူရှန်းအနေနှင့် သူ့ကို ထိန်းထားနိုင်သည်မှာ ပြောင်မြောင်လှသည့် လုပ်ရပ် ဖြစ်နေလေပြီ။

ထင်ထားသည့်အတိုင်း ကျန့်ယွမ်ရှန်းက တခြားဘက် ခုန်ကူးသွားပြီး လေထဲမှ ရွှီကျင့်ဆီ ဦးတည်လိုက်သည်။

ရွှီကျင့်က မျက်မှောင်ကြုတ်လိုက်သည် “ မုဒြာဝိုင်း … ဗုဒ္ဓရွှေခန္ဓာ ”

ကျန့်ယွမ်ရှန်းက ရွှီကျင့်ဆီ ဦးတည်လာသည့်အခါ အံ့လောက်ဖွယ် အပြုအမူမျိုး လုပ်လိုက်သည်။ သူက သူ့အသိစိတ်ပင်လယ်အား လက်ဝါးဖြင့် ရိုက်ချလိုက်၏။

“သွားပြီ … နောက်ဆုတ်ကြ” ရွှီကျင့်နှင့် သူ့တပည့်များက လေထဲမှ လေးထောင့်အစီအရင်ထဲ နောက်ဆုတ်လိုက်ကြသည်။ ထိုအကြောင်းအရင်းကြောင့် တောက်ပကြေးမုံက အသက်ဝင်ခြင်း မရှိတော့ပေ။

“ကိုယ့်ဘာသာ ဖောက်ခွဲတာလား” ထိုအရာက လန်လော့ နတ်ဆရာကြီးဆယ်ယောက်နှင့် ရင်ဆိုင်ခဲ့ရစဉ်အခါနှင့် တူပေသည်။ သူက နှာခေါင်းရှုံက လေထဲ ပျံတက်သွားလိုက်ရင်း ပုံရိပ်ပွားများသာ ချန်ထားခဲ့သည်။

“ ငါက မင်းပြိုင်ဘက်ပဲ ”

ကျန့်ယွမ်ရှန်းက သူ့အသိစိတ်ပင်လယ်ကို ထပ်မံ ရိုက်လိုက်ပြန်သည်။

လန်လော့က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်ပြီး ရွှီကျင့်နှင့်ဘုန်းကြီးများကြား နေရာဝင်ယူလိုက်သည်။

ဝုန်း

ကျန့်ယွမ်ရှန်းကို ဗဟိုထား၍ အပြာရောင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ ခရမ်းရောင်မြူခိုးများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင် ပျံ့နှံ့သွားလေသည်။

ဝှစ်

တောင်ခြေမှ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များ အသက်သွင်း၍ ခရမ်းရောင်မြူခိုးများအား ကာဆီးထားလိုက်ကြသည်။

…………….

ပါမာက မိစ္ဆာဝေဟင်မျှော်နန်းနှင့် သူတို့၏ ကောင်းကင်အဆင့် လက်နက်များကို ကြည့်လိုက်သည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို ဝေ့ယမ်းနေသည်။ ကျောင်းယွဲ့က သူမ၏ ကောင်းကင်ဓားမြောင်ကို ကိုင်ဆောင်ထား၏။ ရှောင်ယွမ်အာက နိဗာနခါးစည်းဖြင့် သူမဘာသာ ရစ်ပတ်ထားသည်။ ကျူးဟုန်ကုန်းကလည်း လက်ဝှေ့လက်အိတ်များ ဝတ်ဆင်ထားသည်။

ဖန်လီထန်း၏ သေရည်အိုးကလည်း သူ့ကို ဝန်းရံထားသည်။

ဟွားယွဲ့ရှင်းက အဝေးတစ်နေရာမှ လေးဖြင့် ပစ်ခတ်နေသည်။

ဒီလိုပြိုင်ဘက်များကို ကလေးပုခက်ထဲတွင် ရှိနေစဉ်ကတည်းက သတ်ပစ်ခဲ့သင့်သည်။

ပါမာက သူ့စိတ်လှုပ်ရှားမှုအား အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်သည်။ ထိုအနာဂတ် အဆင့်မြင့် ပညာရှင်များက ယနေ့ သူ့လက်ထဲတွင် သေဆုံးရတော့မည်။

ခရမ်းရောင်မြူများ မြေပေါ် ကျရောက်လာသည့်အခါ ပါမာက လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက တုန်တုန်ယင်ယင်ဖြင့် “လို့လန်အတွက် … ရှစ်မေ့ ငါတို့ရဲ့ စတေးမှုက ထိုက်တန်တယ် ”

……………

ခရမ်းရောင်မြူများက လန်လော့ အမြင်ကို အနှောင့်အယှက် ဖြစ်စေသည်။ သူက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ကျန့်ယွမ်ရှန်း၏ ဖောက်ခွဲမှုကို တားဆီးထား၏။ ထို့နောက် သူနောက်လိမ့်သွားသောကြောင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း ပြန်ခေါ်လိုက်ရသည်။

ရွှီကျင့်နှင့် သူ့တပည့်များကလည်း လေးထောင့် အစီအရင်အတွင်း ဆက်နောက်ဆုတ်နေရသည်။ တောက်ပကြေးမုံလည်း သက်ရောက်မှုကြောင့် ကြေကွဲသွားသည်။

ထိုစဉ် ဖန်လီထန်းနှင့် ဘုန်းကြီးခုံယွမ်တို့က တိုက်ရင်း အမြင့်တစ်နေရာ ရောက်လာသည်။ ခရမ်းရောင်မြူများက သူတို့ကို ဝန်းရံထားလေသည်။ ခုံယွမ်က သက်ရောက်မှု မခံရဘဲ ရုတ်ချည်း အသက်ဝဝ ရှုလိုက်သည်။

ဖန်လီထန်းက ကိစ္စများက မကောင်းတော့ကြောင်း သိလိုက်၍ ခန္ဓာကိုယ်ကို ချက်ချင်း နောက်ပစ်လိုက်သည်။

ဘန်း ဘန်း ဘန်း

“လောင်ဖန်”

“အကြီးအကဲဖန်”

ခုံယွမ်က အော်ကာ ဆင်းသက်လာသည်။ သူ့အနက်ရောင် မိစ္ဆာဇင်လည်း ပေါ်ထွက်လာ၏။

သူတို့က ယွီရှန်းရုန်သည် မိစ္ဆာဇင်ကို ဓားဖြင့် ပိုင်းဖြတ်ဖူးသည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြပေ။ အကယ်၍ သူတို့ မြင်ဖူးလျှင် ယွီရှန်းရုန်၏ ကြောက်ခမန်းလိလိ စွမ်းအားကြောင့် အံ့ဩတုန်လှုပ်သွားကြလိမ့်မည်။ သို့သော်လည်း ဓားဖြင့် ဖျက်ဆီးခံလိုက်ရသည့် မိစ္ဆာဇင်က ပြန်ရောက်လာလေပြီ။ ကြည့်ရသည်မှာ သေလူများက သေလူ မဟုတ်တော့သလို ဖြစ်၏။

မိစ္ဆာဇင်စိတ်ဝိညာဉ်သဏ္ဌာန်၏ အနက်ရောင် ပုံရိပ်က ဖန်လီထန်းဆီ ပြေးဝင်လာသည်။

“ အကာအကွယ်ထောင်ချီ” ထိုစဉ် ဖန်လီထန်း၏ လက်ထဲ သေရည်အိုးမှ အကာအရံတစ်ခု ထွက်ပေါ်လာသည်။

ဘန်း

မိစ္ဆာဇင်က အကာအရံနှင့် ထိပ်တိုက် တွေ့သွားသည်။

ဖန်လီထန်းက လဲကျသွားပြီး သွေးအဆီအနှစ်များပင် ဆူပွက်လာကာ မျက်နှာလည်း ရှုံ့တွနီရဲလာသည်။

ဝုန်း

ဖန်လီထန်းက မြေပေါ် ပြုတ်ကျလာသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသူများက သူ့အနား ဝိုင်းလာကြပြီး ဖန်လီထန်းအား ဝန်းရံလိုက်ကြသည်။

“မြူခိုးက ဘာကြီးလဲ“ မင်ရှစ်ရင်က မေးလိုက်သည်။

“သွေးကျိန်စာ” လန်လော့က ပြောလိုက်သည်။

“သွေးကျိန်စာလား”

“ အားကောင်းတဲ့ ကျင့်ကြံသူရဲ့ သွေးအဆီအနှစ်တွေကို ဒီမန္တန်ချထားသူနဲ့ ပေါင်းစပ်ထားတာ။ တကယ်လို့ ငါတို့သွေးကျိန်စာ မိရင် ထပ်လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး ” လန်လော့က ခက်ထန်စွာ ပြောလိုက်သည်။

“ ဟူး” မင်ရှစ်ရင်၏ မျက်နှာအထက် အထင်အမြင်သေးဟန် အမူအရာ ပေါ်ထွက်လာကာ “ ကျွန်တော်တို့ စွမ်းအားနဲ့ တောင့်ခံထားရမှာပေါ့”

တောက်ပကြေးမုံ၏ အထောက်အပံ့ မရှိဘဲ သူတို့၏ ကနဦးချီများက မြန်မြန်ဆန်ဆန် ကုန်ခမ်းလာသည်။

ဖန်လီထန်း ပြုတ်ကျလာပြီးနောက် ခုံယွမ်က လေးထောင့်အစီအရင်ထဲ ရှိနေဆဲ ဖြစ်သည့် ရွှီကျင့်တို့ဆီ ဦးတည်လိုက်သည်။ သွေးရောင်မရှိသလို အမူအရာကင်းမဲ့နေသည့် သူ့မျက်နှာက ကြောက်စရာကောင်းနေသည်။ သူ့အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရွှီကျင့်တို့ဆီ ပြေးဝင်လာသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက သေပြီးသား ပစ်မှတ်ကို အသေရိုက်ချက် သုံးဖို့ တန်သည်ဟု မထင်ပေ။ နောက်ဆုံးတွင် သူက ဝင်ပြောလိုက်သည်။ “နောက်ဆုတ်ကြ ”

…

အခန်း (၃၈၉) ထပ်မံပိုင်းဖြတ်ခြင်း

အစက လုကျိုးသည် ပါမာကို အသေရိုက်ချက်ကတ်ဖြင့် မသတ်ခင် ပါမာပေါ်လာမှာကို စောင့်နေခဲ့တာပဲ ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေကို စဉ်းစားပြီးနောက် ပါမာ၏ ကြိုတင်ပြင်ဆင်ထားမှုသည် သူ၏မှန်းဆချက်ထက် ကျော်လွန်နေမှန်း သဘောပေါက်သွား၏။ ယင်းက အနှစ်နှစ်ရာစာကို အသုံးချလိုက်ခြင်းကဲ့သို့ မရိုးရှင်းပေ။ ပါမာသည် ထိုရုပ်သေးများအတွက် သူ့အသက်အားလုံးကို ပေးအပ်ထားတာပဲ ဖြစ်သည်။ နောက်ထပ် ပွင့်ချပ်ရှစ်လွှာ ရုပ်သေး ပေါ်လာခဲ့လျှင် ပါမာက သူ့အသက်ကို ပေးပြီးသားဆိုတာ သံသယဖြစ်ဖွယ် မရှိတော့ချေ။

ခုံယွမ်က ယခုအချိန်တွင် ဘာမှမဟုတ်တော့ဘဲ အလောင်းတစ်လောင်းသာ ဖြစ်နေသော်ငြား ပုတီးစေ့နှင့် သူ၏နှောင်တွယ်မှုက ရှိနေပြီးသားဖြစ်သည်။ သူသည် ပုတီးစေ့၏ တည်နေရာကို အာရုံခံမိပုံ ပေါ်သွားကာ ရွှီကျင်းနှင့် ကျန်သည့်သူများဆီ တိုးဝင်လာ၏။ သူ၏ကြီးမားလှသော အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် လေထဲတွင် ကြယ်တံခွန်နှင့် ဆင်တူလှသည်။

လန်လော့က ရွှီကျင်းနှင့် ကျန်သူများနှင့်အတူ နောက်ဆုတ်သွား၏။ သူတို့က ကျောက်တုံးနောက်ကို ဆင်းသက်လိုက်သည်။ သူတို့ရှေ့တွင် ရပ်နေသည့်သူက အစတည်းက တည်ငြိမ်ပြီး ထူးမခြားနား ဖြစ်ပုံပေါ်နေသည့် လုကျိုးပဲ ဖြစ်သည်။ မျှော်နန်းသခင်သည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဇင်တိုက်ကွက်ကို ပိတ်ဆို့ရန် မည်သည့်နည်းလမ်း သုံးမလဲဆိုတာ သူတို့ သိချင်နေကြသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့က သူ့ကို ယုံကြည်ရုံသာ ရှိသည်။

လူတိုင်းက ခုံယွမ်ကို မော့ကြည့်လိုက်၏။ လုကျိုးက သူ၏ရင့်ရော်သောလက်ကို လှန်လိုက်၏။ သူ၏လက်ထဲတွင် ဖွဲ့တည်လာသည့် အသုံးပစ္စည်းက အသေရိုက်ချက်ကတ် မဟုတ်ပေ။ ထိုအစားအမည်မဲ့ပဲ ဖြစ်သည်။ အမည်မဲ့သည် အပြာဖျော့ဖျော့နှင့် ခရမ်းရောင်အလင်းတစ်ခု ဖြာထွက်နေ၏။ ၎င်းက ကောင်းကင်ကျမ်းစာစာလိပ်၏ ထူးကဲစွမ်းအားပဲ ဖြစ်သည်။ အနက်ရောင်မိစ္ဆာဇင် စိတ်ဝိညာဉ်သဏ္ဌာန်က သူ့အပေါ် ရောက်လာသည်နှင့် သူသည် ယခင်အသက်များ၏ စွမ်းအားကို ထုတ်ဖော်လိုက်၏။

လုကျိုးက သူ၏ဓားကို အားဖြင့် လွဲယမ်းလိုက်တော့သည်။ အောက်ဘယ်ဘက်ထောင့်ကနေ အမည်မဲ့သည် အထက်ညာဘက်ထောင့်အထိ ထောင့်ဖြတ်မျဉ်းအတိုင်း ဆွဲသွားလိုက်၏။

ကျီး..

ရိုးရှင်းပြီး တိုက်ရိုက်ဆန်သည့် အကွက်ဖြင့်သာ သေမျိုးတစ်ယောက်က လက်ကို ဝေ့ယမ်းလိုက်ရုံမျှနှင့် ဆင်တူသည်။ သို့သော် လေက ခဲသွားပုံပေါ်၏။

အားလုံးအဖို့ အံ့အားသင့်သွားရသည်က အနက်ရောင်မိစ္ဆာဇင် စိတ်ဝိညာဉ်သဏ္ဌာန်သည် အက်ကွဲသွားသည်မှာ စာရွက်တစ်စကဲ့သို့ ကျိုးပဲ့လွယ်သွားတာပဲ ဖြစ်သည်။

ယင်းကို ဓားနတ်ဆိုးယွီရှန်းရုန်သာ မျက်မြင်တွေ့ခဲ့လျှင် သူ၏အတွေးက မည်ကဲ့သို့ ဖြစ်မည်နည်း။ သူသည် ခွန်အားကုန်နှင့် နည်းစနစ်အားလုံးကို ထုတ်ဖော်ပြီးမှသာ မိစ္ဆာဇင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ပိုင်းဖြတ်နိုင်ခဲ့၏။ ထိုသို့တိုင် သူ၏ရှစ်စွင်းသည် သာမန်ကာလျှံကာ လက်တစ်ချက်အဝေ့ဖြင့် နှစ်ပိုင်းပိုင်းနိုင်ခဲ့၏။ ယင်းက ယုတ္တိတောင် ရှိသေးသည်လော။

စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားသည်နှင့် ကျင့်ကြံသူက ပုံမှန်ဆို ဒဏ်ရာပြင်းပြင်းထန်ထန် ရပေလိမ့်မည်။ ခုံယွမ်က သေပြီးသားဖြစ်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌန်ကွဲအက်သွားသည်နှင့် သူ၏စွမ်းအားများက ယိုစိမ့်လာကာ သူက နောက်ရောက်သွားသည်။ သို့သော် မကြာမီ၌ လုကျိုးကို ထပ်ပြီး ရန်မူလာ၏။ အလောင်းက ကြောက်စရာမရှိပေ။

လုကျိုးက ထောက်ခံသလို ပြောလိုက်၏။

“အချည်းနှီးပဲ”

“နတ္ထိကနေ မြစ်ဖျားခံတယ်။ ဒါပေမဲ့ အရာအားလုံးကနေ ရောက်လာတယ်။ ဘဝသံသရာမှာ နေထိုင်တယ်။ မင်းကို ဒီရိုက်ချက်နဲ့ သံသရာထဲ ငါပို့ပေးမယ်”

ခုံယွမ်က သူတို့ဆီသို့ ဦးတည်လာ၏။ သူ၏မာကျောသော ခန္ဓာကိုယ်ဖြင့် ကျိုးပဲ့လွယ်သော အဘိုးအိုကို ရန်မူရန် ကြိုးပမ်းလိုက်သည်။

ဘီး..

ခရမ်းရောင်မြူသည် လေထဲ၌ ခဲသွားပုံပေါ်၏။ ရုတ်တရက် ခရမ်းရောင်မြူသည် တောအုပ်ထဲကနေ ပေါ်ထွက်လာပြီး အသံလှိုင်းက ပတ်ဝန်းကျင်ဆီသို့ လိမ့်ထွက်သွား၏။

“တားမြစ်ချက်”

မိစ္ဆာဝေဟင်မျှော်နန်း၏လူများက ထိတ်လန့်သွား၏။ သူတို့နားတစ်ဝိုက်ရှိ မြူများကို ကြည့်လိုက်သည်။ မြူက သူတို့အားလုံး၏ ဆုတ်ခွာနိုင်သော လမ်းကြောင်းအားလုံးကို ဖြတ်ချထားသည့် ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုကို ဖွဲ့တည်လိုက်သည်။ မြေပေါ်ရှိ ရုပ်သေးများက သူတို့ကို တိုက်ခိုက်ရန် ကြိုးပမ်းမှုကို မတွန့်ဆုတ်သွားပေ။

ပါမာသည် နောက်ဆုံးတော့ ပေါ်လာ၏။

“ဘယ်သူမှ မလွတ်မြောက်နိုင်အောင် ထိန်းချုပ်ဖို့အတွက် ငါ့ဘဝကို လဲလှယ်မယ်။ သေပေတော့”

ခုံယွမ်က လုကျိုးအပေါ် ရောက်လာ၏။

“မျှော်နန်းသခင် သတိထား”

ဟွားဝူတောက်သည် ကမန်းကတမ်း ပြေးသွားချင်ပြီး သူ၏လျို့ဟယ်တာအိုစည်းတံဆိပ်ကို အသက်သွင်းချင်၏။ သို့သော်ငြား သူက နောက်ကျသွားပြီဖြစ်သည်။ လုကျိုးက အခင်းဖြစ်ရာအထက်၌ ပျံဝဲနေသော ပါမာကို တစ်ချက် ကြည့်လိုက်၏။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

နောက်ဆုံးတော့ သူ ကိုယ်ထင်ပြပြီပဲ။

ထိုစဉ် လုကျိုးက ပစ်ချက်မဲ့ကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်ပြီး ယခုအခေါက်တွင် ဗုဒ္ဓရွှေခန္ဓာက ပေါ်မလာပေ။ ထိုအစား လျိုဟယ်တာအိုစည်းတံဆိပ် သင်္ကေတဆယ်ခုက ပေါ်လာ၏။ သူက ပါ့ကွားပေါ်၌ ရပ်နေလျက် သူ၏ခန္ဓာကိုယ်ထဲ၌ သင်္ကေတဆယ်ခုက လျင်မြန်စွာ ပေါ်ထွက်လာကာ ၎င်းတို့က ပြန့်ကားသွား၏။ ကောင်းကင်၊ မြေ၊ အသက်၊ သေခြင်း၊ ရေ၊ မီး၊ ဒြပ်ရှိ၊ ဒြပ်မဲ့နှင့် ခွဲထွက်ခြင်း။

ဘန်း..

အစက မိစ္ဆာဝေဟင်မျှော်နန်းကို ရစ်ပတ်နေသော ခရမ်းရောင်မြူသည် ကြောက်မက်ဖွယ်ကောင်းသော လျိုဟယ်တာအိုစည်းတံဆိပ် သင်္ကေတဆယ်ခုဖြင့် ချက်ချင်းဖြိုခွဲခံလိုက်ရသည်။

ဟွားဝူတောက်က မော့ကြည့်ပြီး ဆွံ့အသွားတော့သည်။ ဒါက သူ့ရဲ့လျို့ဟယ်တာအို စည်းတံဆိပ် ဟုတ်သေးရဲ့လား။ ဒါက သူ လေ့လာပြီး ဖန်တီးထားတဲ့ တာအိုစည်းတံဆိပ်လား။

သင်္ကေတတိုင်းက တိုက်ကွက်တစ်ကွက် ဖြစ်သည်။ လုံးဝန်းသော အရံအတားအပြင် သင်္ကေတဆယ်ခုက ဖွဲ့တည်ပြီး စွမ်းအင်ချိပ် သင်္ကေတများက ခုံယွမ်ကို ထိမှန်သွား၏။ သင်္ကေတဆယ်ခုက လှည့်ပတ်နေလျေက် တိုက်ကွက်ဆယ်ကွက်အဖြစ် ဆက်တိုက် ကျရောက်သွားသည်။

ဖုန်း ဖုန်း ဖုန်း..

ခုံယွမ်သည် သူ့ဆီ ပထမဆုံး သင်္ကေတသုံးခု ထိမှန်သွားချိန်၌ သူ့ဘာသာသူ ထိန်းနိုင်၏။ သို့သော်ငြား စတုတ္ထမှ ဆဋ္ဌမအထိ သူ့ကို ထိသွားချိန်၌ သူက နောက်သို့ လွှင့်သွား၏။ သူက နဝမသင်္ကေတ သူ့ကို ထိသွားချိန်တွင် သူ၏ခန္ဓာကိုယ်က အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲသွားတော့၏။ ဒဿမမြောက်ရိုက်ချက်ဖြင့် အရိုက်ခံရပြီးနောက် သူ၏ပြာများက လေထဲ တစ်စစီ ဖြစ်နေပြီ ဖြစ်သည်။

လုကျိုး ကံကောင်းတာ ဖြစ်ဟန်တူ၏။ ပုံမှန်ဆို ပစ်ချက်မဲ့ကတ်သည် ခုခံရာ၌သာ အသုံးအများဆုံး ဖြစ်၏။ သင်္ကေတဆယ်ခုဖြင့် တိုက်မိသွားသော ခုံယွမ်သည် နောက်ဆုံးတော့ သေသွားချေပြီ။

“ငါမင်းကို တစ်ခါ သတ်နိုင်ရင် နှစ်ခါ သတ်နိုင်မှာပဲ”

ပါမာ၏ မျက်နှာထက်တွင် ထိတ်လန့်နေသော အမူအရာ ပေါ်လာ၏။

“ခင်ဗျား.. ကန့်သတ်မှုကြောင့် မထိခိုက်သွားဘူးလား”

လုကျိုးက ခရမ်းရောင်မြူကို တစ်ချက် ကြည့်လိုက်၏။ သူက ပါမာနှင့် စကားပြောမနေတော့ပေ။ သူ၏ဘယ်လက်ကို မြောက်လိုက်ပြီး အသေရိုက်ချက်ကတ်က သူ့လက်ထဲတွင် ပေါ်လာ၏။ လေပွေလေးတစ်ခုသည် နာရီလက်တံ ပြောင်းပြန်အတိုင်း လည်ပတ်နေ၏။

“မင်းကို စောင့်နေတာ”

လုကျိုးသည် ယနေ့လောက်အထိ စုန်းအတတ်ကို တစ်ခါမှသဘောမကျ မဖြစ်ဖူးပေ။ သူက သဘောမကျလွန်းသောကြောင့် နောက်ထပ် စကားတစ်ခွန်းတောင် ပြောမနေချင်တော့ပေ။

ပါမာက မျက်လုံးများ ပြူးကျယ်သွား၏။ သူက အန္တရာယ်ကို အာရုံခံမိပြီး လုကျိုး၏ လက်ဖဝါးထဲရှိ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိ၏။ သူက အက်ကွဲသံဖြင့် ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ အတူသေကြတာပေါ့”

နောက်ဆုတ်မည့်အစား သူ ရှေ့တိုးလာ၏။ သူက ခရမ်းရောင်မြူတို့ဖြင့် လုကျိုးဆီ တိုးဝင်သွားသည်။

လုကျိုးက ပါမာကို မကြောက်ပေ။ ယခုအချိန်အထိ သူသည် အတိုက်အခိုက်ဒဏ်ဖြင့် ကာကွယ်ကတ်ကို မသုံးရသေးပေ။ ကောင်းကင်ကျမ်းစာ၏ စွမ်းအားကို မသုံးပင်လျှင် ပါမာက သူ့ကို ဆက်ယှဉ်နိုင်မှာ မဟုတ်ပေ။ သို့သော် သူ၏ရန်သူသည်ကား ဝှက်ဖဲမျိုးစုံ ရှိသည့် ကြောက်မက်ဖွယ်ကောင်းသည့်သူဆိုတာ သိစရာအကြောင်းမရှိပေ။

မျက်တောင်တစ်ခတ်အတွင်း ဆယ်စက္ကန့် ကုန်ဆုံးသွား၏။

သင်္ကေတဆယ်ခု၊ လျို့ဟယ်တာအိုစည်းတံဆိပ်က ပျောက်ကွယ်သွားသည်။

အသေရိုက်ချက်ကတ်သည် လျို့ဟယ်တာအိုစည်းတံဆိပ်နေရာတွင် အစားထိုးဝင်ရောက်လာပြီး အရှေ့သို့ တက်သွား၏။

တစ်ကိုယ်တော်ချိပ်ပိတ်မှု၊ မဟာတောက်ပခြင်း ရတနာချိပ်ပိတ်မှု၊ မှော်ဘူးသီးခြောက်ချိပ်ပိတ်မှု၊ နေလချိပ်ပိတ်မှု ထိုချိပ်သင်္ကေတတို့သည် စွမ်းအားတို့ကို တုံ့ပြန်ပြီး စွမ်းအင်သဟဇာတကုသခြင်း အလိုအလျောက် သတိပြုမှု၊ ဒိုင်မန်းရှင်းဖန်တီးမှု၊ အကြွင်းမဲ့ စသည်တို့နှင့် အသီးသီး တုံ့ပြန်သွား၏။ မဟာချိပ်ပိတ်မှုများ၌ သင်္ကေတများ ပြည့်နေလေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းက အသက်အောင့်ထားလိုက်ကြသည်။ ယင်းက လုကျိုး ထိုစွမ်းရည်ကို ထုတ်ဖော်တာ သူတို့ မြင်တွေ့ဖူးသည့် ဒုတိယအကြိမ် ဖြစ်သော်ငြား သူတို့က အံ့ဩပြီး မယုံနိုင် ဖြစ်နေသေးသည်။

သူတို့သည် တာအိုဂိုဏ်း၏ မဟာလက်ဝါးချိပ်သင်္ကေတများထဲမှ တစ်ခုသည် ပါမာကို သာမန်တိုက်ကွက်တစ်ကွက်ပမာ တိုက်ခိုက်လိုက်၏။

ဖုန်း ဖုန်း ဖုန်း..

ခုံယွမ်နည်းတူ ပါမာသည် ခုခံနေခဲ့သည်။ အဌမမြောက်လက်ဝါးစည်းတံဆိပ်သည် သူ့ခန္ဓာကိုယ်ကို ထိမှန်သွားချိန်၌ ကွဲပြားတစ်ခုကို ဖြစ်သွားလေ၏။ သူ့နားတစ်ဝိုက် မြူများက တစ်စစီ ဖြစ်သွားလေသည်။ သူ၏မျက်နှာသည် ကိုယ်ပွားဖြတ်တောက်ခြင်း လက်ဟန်၏ ရောင်ခြည်ကြောင့် လင်းထိန်သွားသည်။ ထိုစဉ် လူတိုင်းက ပါမာ၏ သွင်ပြင်ကို တွေ့လိုက်ရ၏။ သူ၏နဖူးကနေ မေးစေ့အထိ သူ့မျက်နှာ၏ လက်မတိုင်းက ပြတ်ရှရာများ လွှမ်းနေသည်။ သူ၏မျက်လုံးထောင့်စွန်းကလည်း အဖြတ်ခံထားရ၏။ သူ၏ဒွါရခုနှစ်ပေါက်ကနေ သွေးများစိမ့်ကျနေ၏။ ထိုစဉ် အချိန်ကိုယ်တိုင်က ရပ်တန့်သွားပုံပေါ်သည်။

“တင်း.. ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀၀”

ထိုအသိပေးသံ ကြားသည့်အချိန်၌ လုကျိုးက ပါမာသေပြီမှန်း သိလိုက်၏။ သို့သော် ပါမာသည် သူသေပြီးသည့်တိုင် သူ့ရုပ်သေးများနည်းတူ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဆက်လက်တိုက်ခိုက်အောင် ကျင့်ကြံထား၏။

လုကျိုးသည် ပါမာကို အမှုန့်ဖြစ်သည်အထိ ချေမှုန်းရန် ကြောက်ရွံ့ကင်းမဲ့မဟာစည်းတံဆိပ်ကို အသုံးပြုရန် တွေးခဲ့သည်။ နဝမမြောက်လက်ဝါးစည်းတံဆိပ်က သူ၏ရင်ဘတ်ကို ထိမှန်သွားချိန်၌ ပါမာ၏မျက်လုံးထဲ မယုံနိုင်မှုများ ပြည့်သွားသည်။ သို့သော် သူ အသက်မရှုနိုင်တော့ချေ။

“သွေးကျင့်ကြံခြင်းခန္ဓာ”

လန်လော့က လုကျိုးကို သတိပေးလိုက်၏။ လုကျိုးက ခေါင်းခါလိုက်သည်။ သူက ရှေ့သို့တစ်လှမ်းတိုးကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

“ငါ မင်းကို တစ်ကြိမ်ပိုင်းဖြတ်နိုင်ရင် ထပ်ပြီး ပိုင်းဖြတ်နိုင်အုံးမှာပဲ”

…

အခန်း (၃၉၀) သက်ရှိအားလုံးမှာ အားသာချက်ရှိတယ်

အဆင့်မြင့် ကျင့်ကြံသူက ဘယ်သူလဲ …

လုကျိုးက တခြားသူများကို အဆင့်မြင့် ကျင့်ကြံသူ၏ ဆိုလိုရင်းအား ဖော်ဆောင်ကာ ဟန်ရေးပြလိုက်သည်။

လန်လော့နှင့် ဖန်လီထန်းတို့က ခုံယွမ်ကို ထိန်းထားဖို့ အခက်တွေ့နေကြသည်။ သို့သော်လည်း ခုံယွမ်က လုကျိုးရှေ့မှောက်တွင် အကာအကွယ်မဲ့သွားဟန်ပေါ်သည်။

သူတို့က စိတ်ထဲမှ မေးခွန်းကို ရုတ်ခြည်း အမှတ်ရသွားကြသည်။ အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းသခင်၏ သက်တမ်းသည် နီးကပ်လာပြီဖြစ်ကြောင်း ပြောနေကြ၏။ နှစ်တိုင်း သူတို့က ခန့်မှန်းခဲ့ကြသော်လည်း ဘယ်တော့မှ မမှန်ပေ။ အချိန်တိုင်း သူတို့က တိုက်ခိုက်ဖို့ အကြောင်းပြချက် ရှာလေ့ရှိသည်။ ထိုအကြောင်းပြချက်ကား အားလုံးက နှစ်တစ်ထောင်သက်တမ်းကို ယုံကြည်ထားသည့် အမှန်တရား ဖြစ်၏။

သာမန်အခြေအနေအောက်တွင် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံဆင့်က သူတို့သက်တမ်း နောက်ဆုံး ၁၀၀ အတွင်း အလျှင်အမြန် ဆုတ်ယုတ်လာလိမ့်မည်။ မျှော်နန်းသခင်က သူ့ကျင့်ကြံဆင့်ကို ဘယ်လိုလုပ်ထိန်းသိမ်းထားနိုင်တာလဲ။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ နည်းလမ်း ရှာတွေ့သွားခြင်း ဖြစ်၏။

အကယ်၍ သူတို့သာ ကိုယ်တိုင် မမြင်ရလျှင် မျှော်နန်းသခင်သည် ဒီလိုမျိုး ကြောက်ခမန်းလိလိ စွမ်းအားကို ထုတ်ပြနိုင်လိမ့်မည်ဟု ယုံမည် မဟုတ်ပေ။

မျှော်နန်းဆောင်အိုကြီးမှမှ လူအိုကြီးသုံးယောက်လုံး အတူတူ တွေးမိလိုက်ကြသည်။

မိစ္ဆာအိုကြီးက အထွတ်အထိပ် ပြန်ရောက်သွားပြီ …

မျှော်နန်းသခင်၏ အဆင့်ဖြင့် သဘာဝအနေအထားကို ပြန်ရောက်ဖို့ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက ပြန်ရလာလိမ့်မည်။

ကြီးကြီးကျယ်ကျယ် သုတ်သင်တာမျိုး ဒါမှမဟုတ် စွမ်းအားထုတ်ပြနေတာမျိုး မလိုအပ်ပေ။

ယခင်ကဲ့သို့ ပါမာက လုကျိုးဆီ ဦးတည်လာသည့်အခါ အမည်မဲ့ဖြင့် ပါမာခန္ဓာကိုယ်ထဲ ခုတ်ချလိုက်သည်။ သူ ယွီရှန်းရုန်ကို ပြောဖူးသလိုမျိုး ပြိုင်ဘက်ကို သတ်လိုပါက သူ လုပ်ဖို့လိုသည်ကား အင်အားတစ်ခုတည်းဖြင့် ဓားကို ဝေ့ယမ်းလိုက်ဖို့ ဖြစ်သည်။ အမည်မဲ့၏ ထက်ရှမှုက လက်ရှိမြင်ကွင်းရှိ လူများ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။

ချွမ်

ဝါးပင်များ အဖြတ်ခံရသည့် အသံနှင့် တူသည့် အသံမျိုး ထွက်ပေါ်လာသည်။ ထိုအသံက စိတ်ကျေနပ်ဖို့ ကောင်းလှသည်။

သူတို့ ခံစားမိသည့် ကျေနပ်မှုကို စကားဖြင့် ဖော်ပြဖို့ ခက်ပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက ထိုအသံသည် မည်မျှအံ့ဩဖွယ်ကောင်းကြောင်း ပထမဆုံးအကြိမ် ခံစားမိလိုက်ခြင်း ဖြစ်၏။ သူတို့ပခုံးပေါ်မှ ဝန်ထုပ်လည်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

လို့လန်၏ စုန်းအတတ် ပါရမီရှင် ပါမာကား သေဆုံးသွားလေပြီ။

မိစ္ဆာဝေဟင်မျှော်နန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။

လုကျိုးက အစွန့်အဖျားမှ သွေးသံရဲရဲ အလောင်းအား ကြည့်ကာ မသနားမိပေ။ စုန်းအတတ်တွင် အလင်းနှင့်အမှောင် ရှိလေသည်။ ပါမာကား ကံဆိုးစွာဖြင့် အမှောင်ထုလမ်းစဉ်ကို ရွေးချယ်သွားခဲ့သည်။

“ ရှစ်စွင်းရဲ့ စွမ်းအားက အတိုင်းအဆမရှိအောင် ကြီးမားပါပေတယ်။ ကျွန်တော့်ကို အမြင်ကျယ်လာစေပါတယ်” ကျူးဟုန်ကုန်းက တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖျက်လိုက်သူ ဖြစ်၏။

အခြားသူများက ကျူးဟုန်ကုန်းအား ကြည့်လိုက်ကြသည်။

“ မတတ်နိုင်ဘူးလေ ..” ကျူးဟုန်ကုန်းက‌ ခေါင်းကုတ်လိုက်သည်။ ထို့နောက် သူက နာကျင်စွာ ညည်းလိုက်သည်။ လက်ဝှေ့အိတ် မျက်နှာပြင်က အန္တရာယ်များခဲ့ကြောင်း သက်သေပြနေသည်။

ယခုကား ချီးမွမ်းနေဖို့ အချိန်မဟုတ်သေးပေ။ သူတို့ မြင်တွေ့နေရသည်ကား ဖြည်းညင်းစွာ လှုပ်ရှားသွားလာနေသည့် ရုပ်သေးရုပ်များ ဖြစ်၏။ မန္တန်ချထားသူ မပါရှိတော့သည့်အခါ ရုပ်သေးရုပ်က ယန္တရားပမာ သူတို့အား ဝန်းရံလာသည်။

သူတို့က များလွန်းနေသည်။ သူတို့တွင် အံ့လောက်ဖွယ် ခုခံနိုင်စွမ်းလည်း ပိုင်ဆိုင်ထားကြ၏။အကယ်၍ သူတို့သာ ထိုရုပ်သေးရုပ်များကို တစ်ယောက်ချင်း လိုက်သတ်နေလျှင် မည်မျှကြာမည်ကို မသိနိုင်ပေ။

လုကျိုးက ကောင်းကင်မှ ခရမ်းရောင်မြူများကို ကြည့်လိုက်သည်။ သူက မုတ်ဆိတ်သပ်လိုက်ကာ “နတ်ခြင်္သေ့ ”

ဝေါင်း

နတ်ခြင်္သေ့က မင်္ဂလာရှိသည့် တိမ်တိုက်ပေါ် ရပ်ကာ ကျက်သရေရှိလှသော ချီအပြည့် လွှမ်းခြုံထားရင်း ခရမ်းရောင်မြူပေါ်မှ ပျံသန်းလိုက်သည်။

ထိုမြင်ကွင်းက နတ်ဆရာကြီးဆယ်ယောက်နှင့် တိုက်ပွဲကို ပြန်လည် အမှတ်ရစေသည်။

ဟွားဝူတောက်က မျက်လုံးအပြူးသားဖြင့် နတ်ခြင်္သေ့က သူ့မင်္ဂလာရှိသည့် ချီများကို ပျံ့နှံ့သွားစေသည်ကို ကြည့်နေလိုက်သည်။

ခရမ်းရောင်မြူများက မင်္ဂလာချီများဖြင့် အတွန်းခံလိုက်ရသည့်အလား မြေပေါ် ရောက်လာသည်။

ခရမ်းရောင်မြူ၏ ထောက်ပံ့မှုမရှိဘဲ ရုပ်သေးရုပ်များက မြေပေါ် လဲကျသွားလေသည်။

ဖြစ်စဉ်က ခဏမျှသာ ကြာမြင့်လိုက်၏။ ခရမ်းရောင်မြူ ပျောက်ကွယ်သွားသည့်အခါ ရုပ်သေးရုပ်အားလုံးလည်း မြေပေါ် လဲကျသွားကြသည်။

နတ်ခြင်္သေ့က မာန်ဖီလိုက်သည်။ သူက တာဝန်ပြီးဆုံးသွားမှန်း သိသည့်အလား ပျံသန်းသွားကာ အမှောင်ထုထဲ ပျောက်ကွယ်သွားသည်။

လုကျိုးက နတ်ခြင်္သေ့၏ အခြေအနေသည် စနစ်ပေါ်တွင် အနားယူနေဆဲ ဖြစ်ကြောင်း ပြသနေသည်ကို သတိထားမိလိုက်၏။ အနည်းဆုံးတော့ ခုနှစ်ရက် ကြာမြင့်လိမ့်မည်။

အခြားသူများက နတ်ခြင်္သေ့ ပျောက်ကွယ်သွားရာ နေရာအား လှမ်းကြည့်လိုက်ကြပြီး ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ သူတို့က မျက်လုံးများ ပွတ်လိုက်ကြ၏။

ဒါကြီးက ဟာသလို ဖြစ်မနေဘူးလား … ဘာလို့ စောစောစီးစီး မဖြစ်ခဲ့ရတာလဲ။

လုကျိုးတွင် သူ့အတွေးနှင့်သူ ရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ အကယ်၍ သူက နတ်ခြင်္သေ့ကို ထုတ်လိုက်လျှင် ပါမာက အမြီးကုပ်ကာ ထွက်ပြေးလိမ့်မည်။ ရုပ်သေးရုပ်များထက်အရင် ပါမာကို ရှင်းထုတ်ဖို့က အကောင်းဆုံး ဖြစ်၏။ သူက မြေပေါ်မှ ရုပ်သေးရုပ်များကို ကြည့်ကာ ခေါင်းခါလိုက်သည်။ သူက ဒီတိုက်ပွဲတွင် အများကြီး ဆုံးရှုံးခဲ့ရသည်။ ကုသိုလ်ရမှတ်အတွက် ဆုလာဘ်လည်း မရှိပေ။

သူ့အတွက် သူသာ ပြဿနာရှာလာမိ၏။ ထိုအရာတင် မကသေးပေ။ ခရမ်းရောင်မြူများက နေရာတစ်ဝိုက်ရှိ အပင်တစ်ဝက်လောက်၏ သက်တမ်းကို စုပ်ယူသွားလေသည်။ သစ်ပင်များစွာက ယခုအခါ ညှိုးနွမ်းခြောက်ကပ်နေသည်။

ရွှီကျင့်က ခြေလှမ်းအနည်းငယ် ရှေ့တိုးလာကာ မြေပေါ် ဆင်းသက်လာသည်။ သူက မြေပေါ်မှ အလောင်းများကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း လက်အုပ်ချီကာ “အောမိတောဖော”

“ဘုန်းကြီးအိုကြီး ဘာတွေ အောမိတောဖော လုပ်နေတာလဲ” ကျူးဟုန်ကုန်းက အလောင်းများကို ကြည့်ရင်း ရွံ့ရှာနေသည်။

“ သူတို့က ပါမာ ထိန်းချုပ်တာ ခံလိုက်ရတဲ့သူတွေပါ။ သူတို့အသက်ရှင်စဉ်တုန်းက ကိုယ်တော်တို့နဲ့ ဘာပြဿနာမှ ရှိဖူးတဲ့သူတွေ မဟုတ်ပါဘူး။ ဒါတွေအားလုံးက နတ်ဆရာကြီးရဲ့ အမှားတွေပါ”

ကျူးဟုန်ကုန်းက ခေါင်းညိတ်ကာ “ ဟုတ်တာပေါ့ ”

ရွှီကျင့်က လုကျိုးနှင့် မျက်နှာချင်းဆိုင်လိုက်ရင်း “ဒကာကြီးကျိ … သက်ရှိအားလုံးမှာ အားသာချက်ကိုယ်စီ ရှိပါတယ်။ အရာအားလုံးက သံသရာစက်ဝန်းလို တစ်ကျော့ပြန်လာဦးမှာပါ။ ကိုယ်တော် ဒီဝိညာဉ်တွေကို ငြိမ်းချမ်းမှုရှာတွေ့ဖို့ တောင်ခြေမှာ ရွတ်ဖတ်ပွဲလေး လုပ်ပေးချင်တယ်။ ဒကာကြီးဆီက ခွင့်တောင်းတာပါ ”

လုကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး “ကောင်းပြီ ”

“ဒကာကြီး ကျေးဇူးပါ”ရွှီကျင့်က ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“ သေဆုံးသွားသူတွေကိုယ်စား ဒီက ဒကာအားလုံးကို ကျေးဇူးတင်ပါတယ် ”

“ဘုန်းကြီး ခင်ဗျားက တစ်ခုခုတော့ တစ်ခုခုပဲ။ အဲဆို သူတို့ကို ခင်ဗျားဆီ အပ်ထားလိုက်ပြီ ”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်တာဝန်ပါ ”

မင်ရှစ်ရင်က ရွှီကျင့်အား ကြည့်လိုက်ပြီး “ ခင်ဗျားက ကျုပ်သည်းခံနိုင်တဲ့ ပထမဆုံး ဘုန်းကြီးပဲ”

လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဘက် လှည့်ထွက်သွားသည်။

“ရှစ်စွင်း ကောင်းကောင်းသွားပါ ”

“ မျှော်နန်းသခင် ကောင်းကောင်းအနားယူပါ ”

လုကျိုး မြင်ကွင်းမှ ထွက်သွားသည့်အခါ အခြားသူများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

“လောင်ဖန် အဆင်ပြေရဲ့လား” လန်လော့က ဖန်လီထန်း၏ ပင်ပန်းနေသည့် အခြေအနေကို သတိထားမိပြီး မေးလိုက်သည်။

“ဒီလောက်လေးနဲ့ မသေပါဘူး” ဖန်လီထန်းက သေရည်အိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက ပြန်မထနိုင်ခင်အထိ ချောင်းနှစ်ခါဟန့်လိုက်သည်။

ဖန်ကျုံးက ဖန်လီထန်းကို ထူပေးလိုက်ပြီး ပြောလိုက်သည်။

“ကျင့်ကြံဆင့် အပြည့်အဝ ပြန်မကောင်းသေးဘဲနဲ့ ကိုယ့်ဘာသာ အရမ်းတွန်းအားမပေးသင့်ဘူး”

ဖန်လီထန်းက စိတ်မဆိုးဘဲ ရယ်လိုက်ကာ “ဒါပေမဲ့ အခြေအနေအမျိုးမျိုးမှာ မင်း ကန့်သတ်ချက်အထိ ရောက်မှ အသက်ရှင်နိုင်မလားဆိုတာ သိလာတတ်တယ်”

“ ဘာမှမပြောနဲ့တော့ … ကျွန်တော် ပြန်လိုက်ပို့ပေးမယ်”

အခြားလူများလည်း ဖန်လီထန်းနှင့် ဖန်ကျုံးတို့ မိစ္ဆာဝေဟင်မျှော်နန်းဘက် ပျံသန်းသွားသည်ကို ကြည့်လိုက်ကြသည်။

ထိုစဉ် ဟွားယွဲ့ရှင်းက ဝေဟင်ထဲမှ ဆင်းသက်လာသည်။ သူမက လော့ယွဲ့လေးကိုင်းကို ပြန်သိမ်းလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူမတွင် လုပ်စရာအများကြီး ရှိနေသည်။ တိုက်ပွဲတစ်လျှောက်လုံး သူမက ရုပ်သေးရုပ် အရေအတွက် အကန့်အသတ်နှင့်သာ သတ်နိုင်ခဲ့သည်။

ဟွားဝူတောက်က သူမဆီ လျှောက်လာကာ “လက်မလျှော့နဲ့ … သူတို့က မျှော်နန်းသခင်ရဲ့ တိုက်ရိုက်တပည့်တွေလေ။ သူတို့နဲ့ စံနှုန်းသွားတိုင်းလို့ မရဘူး”

“အိုး ”

…………

ထိုစဉ် လုကျိုးက အရှေ့မျှော်နန်းဆောင်ဆီ ပြန်ရောက်လာသည်။

သူ့ဓားနှစ်ချက်တွင် စွမ်းအားကြီး ပါဝင်နေပုံမပေါ်ပေ။ သို့သော် သူ့ထူးခြားအံ့ဖွယ်စွမ်းအား သုံးပုံနှစ်ပုံကို ကုန်ဆုံးသွားစေသည်။ ထိုစွမ်းအားက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူကိုပင် အနိုင်ပိုင်းနိုင်စွမ်း ရှိ၏။ ထို့အပြင် အမည်မဲ့ကို အသုံးပြုထားသေးသည်။

သူက လက်တစ်ချက်အဝေ့တွင် သူ့လက်ထဲ အမည်မဲ့ ပေါ်ထွက်လာသည်။

အနက်ရောင် သင်္ကေတလား …

လုကျိုးက ဓားသင်္ချိုင်းတုန်းက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည်။ အမည်မဲ့က နတ်ဆိုးဓား၏ အနက်ရောင်သင်္ကေတအားလုံးကို စုပ်ယူပစ်လိုက်ပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အဲဒါကြောင့် ပိုထက်ရှလာတာလား …

အတွေးတစ်ချက်ဖြင့် အမည်မဲ့က တူအဖြစ် ပြောင်းလဲသွားသည်။ တခြားလက်နက်ပုံ ဖော်လိုက်သည့်အခါ သင်္ကေတများ မရှိတော့ပေ။ သူက အမည်မဲ့ကို ပြန်သိမ်းထားလိုက်၏။

လုကျိုးက စိတ်ရှင်းရှင်းထားလိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်ကျမ်းကို စတင်ဆင်ခြင်လိုက်သည်။

ဤတစ်ကြိမ် သူက အသေရိုက်ချက်ကတ်နှင့် ပြစ်ချက်မဲ့ကတ် တစ်ကတ်စီ အသုံးပြုလိုက်ရသည်။ သူ့လက်ထဲ ကတ်အရေအတွက်က လျော့နည်းလာလေပြီ။ ယခုဈေးနှုန်းဖြင့် သူက အနှေးနှင့်အမြန် ကတ်များကုန်သွားလိမ့်မည်။ သူက ထူးခြားအံ့ဖွယ်စွမ်းအားကိုသာ အမှီပြုနေရသည်။ သူ့ကျင့်ကြံဆင့် တိုးတက်လာဖို့ နည်းလမ်းရှာဖွေရမည်။

……………

နောက်တစ်ရက် မနက်ခင်း၌

လုကျိုးက အပြင်ဘက်မှ အသံကြားသည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်သည်။

“ရှစ်စွင်း ရွှီကျင့်က တွေ့ခွင့်တောင်းနေပါတယ် ”

“ကောင်းပြီ” လုကျိုးက ထူးခြားအံ့ဖွယ်စွမ်းအားကို တိုင်းတာလိုက်သည်။ တစ်ညတာ တရားထိုင်ပြီးသည့်နောက်တွင် အနည်းငယ်သာ တိုးလာသည်။ သူက သူ့တရားထိုင်နှုန်းနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်လာမိသည်။

လေးခုမြောက် ကောင်းကင်ကျမ်းဖွင့်လှစ်ခြင်း ကျမ်းစာနဲ့ ပတ်သက်နေတာလား … အမြန်နှုန်းက ဖွင့်လှစ်ခြင်း ကျမ်းစာတိုင်းနဲ့မှ တိုးတက်လာနိုင်တာလား

သို့သော်လည်း သူက စိတ်ဓာတ်မကျပေ။ ထို့အစား သူက အရှေ့မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။

သူက ခန်းမကျယ်အပြင်ဘက် မတ်တတ်ရပ်နေရင်း အသက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။

ခန်းမကျယ်အပြင်ဘက် ကြီးကျယ်ခမ်းနားသည့်တိုင်လုံး နှစ်တိုင်ကြား လူအုပ်ကြီးရှိနေပြီး အားလုံးက ဘုန်းကြီးဝတ်ရုံများ ဝတ်ဆင်ထားကြသည်။

ရွေနန်းဥယျာဉ်တောင်က တောင်အသေးလေး မဟုတ်ပေ။ ခန်းမကျယ်ရှေ့ မီတာထောင်ချီ ကျယ်ဝန်းပေ၏။ သို့သော်လည်း ယခုတွင် ဘုန်းကြီးများနှင့် ပြည့်နေသည်။

ဘာများလဲ …

ခန်းမကျယ်ကြီးက အရှေ့ဘက်ကို မျက်နှာမူထားသောကြောင့် မနက်ခင်း နေရောင်က ဖြာကျနေသည်။

လုကျိုးက သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။

ရွှီကျင့်က လူအုပ်ကြားမှ ထွက်လာကာ လက်အုပ်ချီလိုက်ပြီး “အောမိတောဖော”

All Chapters