အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
အခန်း(၃၉၄) ညဘက်၌ ပန်းထိုးဝတ်ရုံများ
မင်ရှစ်ရင်က မေးစေ့ပွတ်လိုက်ရင်း တွေးဆဆ ပြောလိုက်သည်။ “ ကျွန်တော်သာ စီးဝူယာ့ဆိုရင် ဒီလိုထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်ရိုးလုပ်စဉ်နဲ့ ဆန့်ကျင်ဘက် လုပ်မိလောက်တယ်”
သူက ပြောရင်း တစ်ခုခုလွဲမှားနေကြောင်း ခံစားမိသည့်အလား ထပ်ပြောလိုက်သည်။
“ လောင်ချီသာ မင်းသမီးယုံနဉ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုရင် သူမက လျန့်စီရင်စုမှာ ပေါ်လာလောက်တယ်။ တာ့ရှစ်ရှိုးအတွက်တော့ … သူက အန္တရာယ်ရှိတဲ့ပုံ မပေါ်ဘူး။ တာ့ရှစ်ရှိုးက စိတ်အပြောင်းအလဲ လုပ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်”
တွမ့်မူရှန်းက သူ့အလုပ်မဟုတ်သည့်အလား နယ်ရှင်လှံကို ပွတ်သပ်နေဆဲ ဖြစ်သည်။
လုကျိုးက ခေါင်းညိတ်လိုက်ပြီး အကျိုးအကြောင်းသင့်ကြောင်း ခံစားမိလာသည်။ ထို့နောက် သူက ကျူးဟုန်ကုန်းကို ကြည့်ကာ မေးလိုက်သည်။ “မင်းရော ဘယ်လိုထင်လဲ ”
ကျူးဟုန်ကုန်းက ပြောလိုက်သည်။ “ရှစ်စွင်း ကျွန်တော့်ကို မေးနေတာလား”
လုကျိုးဆီမှ အဖြေပြန်မရလာဘဲ မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်လိုက်သည်။ “အမေးကိုသာ ဖြေစမ်းပါ”
သူက သူ့ဘာသာ တွေးလိုက်သည်။
ဒီငတုံးက တခြားသူကို မချီးကျူးရရင် မနေနိုင်ဘူးပဲ … ငါ သူ့အကျင့်ကို ဘယ်လိုဖြစ်ဖြစ် ဖျောက်ပေးရမယ်
ကျူးဟုန်ကုန်းက ပြောလိုက်သည် “တကယ်လို့ ကျွန်တော်သာ ချီရှစ်ရှိုးဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာပြီး ရှစ်စွင်းရှေ့ ခွင့်လွတ်မှုတောင်းခံရင်း နာနာခံခံ ဒူးထောက်နေလောက်ပြီ”
မင်ရှစ်ရင်က ဆွံ့အသွားလေသည်။
တော်ပြီ … ငါတော့ ထပ်မပြောတော့ဘူး
သူက ကျူးဟုန်ကုန်းကို ကန်လွှတ်လိုက်သည်။
“အား ” ကျူးဟုန်ကုန်းက နာကျင်စွာ အော်ငြီးလိုက်ရင်း “ကျွန်တော် အမှန်အတိုင်း ပြောနေတာကို ”
လုကျိုးက ကျူးဟုန်ကုန်းအား အပြစ်ပေးဖို့ စိတ်ကူးမရှိသော်လည်း သူ့အဖြေက အဓိပ္ပာယ်မရှိလွန်းချေ။
စီးဝူယာ့က ကျူးဟုန်ကုန်း မဟုတ်ပေ။ သူက ယွီကျန့်ဟိုင်ကို ကူညီပေးကာ တော်ဝင်မိသားစုနှင့် ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်သည့်အတွက် သူ့အကြောင်းအရင်းတော့ ရှိရပေမည်။
ယွီကျန့်ဟိုင် ထွက်သွားမှုကလည်း ယွီရှန်းရုန်နှင့် တူညီသည်။ သို့သော် သူတို့နှစ်ယောက်ကြား ခြားနားချက်ကြီး ရှိနေသေးသည်။
လုကျိုး၏ မှတ်ဉာဏ်အားလုံး ပြန်ရလာသည်နှင့် ထိုအရာအားလုံး ဖြေရှင်းနိုင်လိမ့်မည်။
ယွီရှန်းရုန် ပေးထားသည့် သတင်းအချက်အလက်အရ သူ့လက်ခံခန္ဓာကိုယ် ကျိထျန်းတောက်သည် သူ့မှတ်ဉာဏ်များကို စည်းပိတ်ခဲ့ခြင်း ဖြစ်၏။ ဆိုလိုသည်မှာ သူ ဘယ်နေရာတွင် သိမ်းဆည်းခဲ့ကြောင်း မည်သူကိုမှ သိလိုဟန်မပေါ်ပေ။
စီးဝူယာ့က တပည့်ကိုးယောက်အနက် ဉာဏ်အထက်ဆုံး ဖြစ်၏။ အကယ်၍ သူသာ ဘယ်နေရာမှန်း မသိလျှင် ကျန်လူများအနေနှင့် သိဖို့ မဖြစ်နိုင်ချေ။
“ရှစ်စွင်း တပည့်ထင်တာတော့ ချီရှစ်ရှိုးက လျန့်စီရင်စုကို သွားမယ် တူတယ်” ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
မင်ရှစ်ရင်က ရှောင်ယွမ်အာအား လှည့်ကြည့်ကာ မေးလိုက်သည်။ “ဘာလို့လဲ ”
ရှောင်ရှစ်မေ့က ကြိုမြင်နေတာလား …
“ဒီလိုပဲ ခံစားမိလို့” ရှောင်ယွမ်အာက ပြန်ဖြေလိုက်သည်။
“ …” မင်ရှစ်ရင်က ဆွံ့အသွားလေ၏။
တစ်ယောက်က တုံးတယ် … တစ်ယောက်က အ တယ် … ငါ့မှာ ဒီလိုအငယ်တွေ ဘာလို့ရှိနေပါ့လိမ့်
လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ ဘာလို့ ခံစားမိနေတာလဲ”
“တကယ်လို့ အစ်မယုံနဉ်က သူ့ကို ကူညီပေးနေတာဆိုရင် သူက ဒီအတိုင်းနေပြီး အစ်မယုံနဉ် တခြားမျိုးနွယ်စုလက်ထဲ ရောက်သွားမှာကို ကြည့်နေမယ်လို့ မထင်ဘူး” ရှောင်ယွမ်အာက ပြောလိုက်သည်။
မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်လိုက်ကာ “သူက ဒီနေရာမှာ အသွက်ဆုံးလူပဲ ”
နှစ်ယောက်လုံးက အတွေးမတူပေ။
သို့သော်လည်း ဤတစ်ကြိမ် လုကျိုးက ရှောင်ယွမ်အာနှင့် အတွေးတူသည်။ သူမ၏ ခန့်မှန်းချက်က မိတ်ဆွေဆက်ဆံရေးပေါ် အခြေခံထားသော်လည်း ထိုအရာက အားနည်းချက် ဖြစ်စေနိုင်သည့်အချက် ဖြစ်ပေသည်။
ရှေးခေတ်အချိန်ကတည်းက သူရဲကောင်းများက မိန်းမလှများ၏ ဆွဲဆောင်မှုက အားနည်းချက်ရှိကြသည် မဟုတ်ပါလော။
စီးဝူယာ့လည်း အတူတူ ဖြစ်နေမလား။
………….…
ထိုစဉ် အဝေးတစ်နေရာမှ ငရဲဂိုဏ်းခွဲ တစ်ခုအတွင်း
ယွီကျန့်ဟိုင်က စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေသည်။ သူက လက်နောက်ပစ်လျက် ပြတင်းပေါက်မှ ကြည့်နေသည်။
“ချီရှစ်တိက ငရဲဂိုဏ်းကို စောင့်ရှောက်ပေးနေတယ်ဆိုတော့ ကမ္ဘာကြီးက အနှေးနဲ့အမြန် ငါ့အပိုင် ဖြစ်လာတော့မယ်။ အခု စီရင်စုကိုးခုလုံးလည်း ဖရိုဖရဲတွေ ဖြစ်နေပြီ။ တော်ဝင်မိသားစု ဘာတတ်နိုင်သေးလဲ ကြည့်ရသေးတာပေါ့ ”
“ တာ့ရှစ်ရှိုး ဒါက အစပဲရှိသေးတယ်။ ကျွန်တော်တို့ ရန်သူတွေကို လျော့မတွက်သင့်ဘူး” စီးဝူယာ့က ပြောလိုက်သည်။
“အဲဒီဧကရာဇ်ခွေးတစ်ကောင်က အံ့ဖွယ်မြို့တော်ရဲ့ တော်ဝင်အစောင့်အတပ်နဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်မရှိရင် ဘာမှမဟုတ်ပါဘူးကွာ ”
စီးဝူယာ့က ပြောလိုက်သည် “ကျင့်ကြံဆင့်အရတော့ ဒီမိုးသားအောက် တာ့ရှစ်ရှိုးက အကောင်းဆုံးဖြစ်နေတာ ပုံမှန်ပါပဲ”
“ရှစ်တိ အဲလိုစကားတွေကို ပေါ့ပေါ့လေး မပြောသင့်ဘူး။ ငါက ဒုတိယအကောင်းဆုံးလို့ပဲ ပြောရဲတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
စီးဝူယာ့က ထိုအကြောင်း ဆက်မပြောတော့ပေ။ ထို့အစား သူက ထိုင်လိုက်ပြီး စားပွဲပေါ်မှ မြေပုံကို ကြည့်လိုက်သည်။ အလယ်တွင် အံ့ဖွယ်မြို့တော်ရှိပြီး အနီးတစ်ဝိုက်မှ လူသားနယ်မြေများကို နာမည်တပ်ထားလေသည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေလေ၏။ အဆင်ပြေလွန်း၍ ထူးဆန်းသည်ဟုပင် ထင်လာမိသည်။
ယွီကျန့်ဟိုင်က စီးဝူယာ့ အတွေးနက်နေသည်ကို မြင်ပြီး မေးလိုက်သည် “ တခြားမျိုးနွယ်တွေကို စိုးရိမ်နေတာလား”
“တာ့ရှစ်ရှိုး … လျိုကူက အင်မတန်စိတ်ရှည်တဲ့လူ။ သူက ဒုတိယမင်းသား လျိုဟွမ်နဲ့ မော့လီ သေတုန်းကတောင် ဧကရာဇ်နဲ့ တွေ့ခဲ့တာ မဟုတ်ဘူး။ သူက အိမ်ရှေ့စံ လျိုကျစ်ဘက် ရပ်တည်ပေးနေတာ” စီးဝူယာ့က တွေးဆဆဖြင့် “ သူ သူ့တိုင်းပြည်ကို တခြားမျိုးနွယ်တွေအောက် နင်းခြေခံရတာ မြင်ချင်ပါ့မလား”
“ဘယ်ဖြစ်ပါ့မလဲ” အခြားမျိုးနွယ်စုများအကြောင်း ထည့်ပြောသည့်အခါ ယွီကျန့်ဟိုင်က ရုတ်ခြည်း ဒေါသထွက်လာမိသည်။ သူက ကြည့်လိုက်ပြီး “တစ်ရက် ငါ့ဓားနဲ့ အဲဒီလို့လန်ကို အပြတ်ရှင်းပစ်မယ်။ ငါ ဆိုးယုတ်တဲ့ အဲဒီနယ်မြေမှာ နောက်ဆုံးဝိညာဉ်အထိ မသတ်နိုင်မချင်း ပြန်မလာဘူး ”
“တာ့ရှစ်ရှိုး စိတ်မပူပါနဲ့ … လို့လန်က စုန်းအတတ်နဲ့ အုပ်ချုပ်တာဆိုတော့ အဲဒီလောက်စွမ်းအား မကြီးပါဘူး။ ကျွန်တော်တို့တွေ အနှေးနဲ့အမြန် ဖျက်ဆီးပစ်နိုင်မှာပါ။ ရှစ်ရှိုးလည်း လက်စားချေနိုင်မှာပါ”
ယွီကျန့်ဟိုင်က စီးဝူယာ့ စကားများကြားသည့်အခါ တိတ်ဆိတ်သွားသည်။ ဤနှစ်များတစ်လျှောက် သူက စိတ်ခံစားချက်ကို မည်သို့ထိန်းချုပ်ရမည်ကို သင်ယူခဲ့သည်။
စီးဝူယာ့က ပြောလိုက်သည်။
“မော့လီက သေပြီ။ ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အသုံးချပြီး မီးပွားညှိနိုင်ရင် … ကျွန်တော်တို့ လုပ်ဖို့လိုတာက ထိုင်ကြည့်နေပြီး အချိန်ကျလာမှ အကျိုးအမြတ် ရိတ်သိမ်းလိုက်ရုံပဲ ”
ယွီကျန့်ဟိုင်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
“ ရှစ်တိ ဒီလိုဆိုရင် မင်း လျန့်စီရင်စုဆီ မသွားသင့်ဘူး။ ဒီမှာပဲ ငါနဲ့နေပြီး လရောင်ကြည့်ရင်း သောက်ကြတာပေါ့။ အဲဒါက တဲထဲမှာ ဗျူဟာရေးဆွဲနေရတာထက် ပိုကောင်းတယ် မဟုတ်ဘူးလား”
စီးဝူယာ့က ခေါင်းခါလိုက်သည်။ “ကျွန်တော် ငြင်းရလိမ့်မယ်။ ဒီအခွင့်အရေးက အရေးကြီးတော့ ကျွန်တော် အဲဒီမှာ ရှိနေသင့်တယ်။ တကယ်လို့ ကျန်းအိုက်ကျန့် မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီဆိုရင် နန်းတော်ထဲက သတင်းအရင်းအမြစ်တွေကို ယုံလို့ မရတော့ဘူး ”
ကျန်းအိုက်ကျန့်အကြောင်း ပြောသည့်အခါ ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်သွားသည်။ “တာ့ယန်ရဲ့ တတိယမင်းသား … သူ့ကိုယ်သူ အဓိပ္ပာယ်မရှိတဲ့ နာမည်မျိုး ပေးထားတာပဲ။ သူက ရွံ့စရာကောင်းတယ်လို့ ထင်တယ်။ သူ့ကို တွေ့ရင် မင်းကိုယ်စား ငါ သေချာဆုံးမပေးလိုက်မယ်”
“ …” စီးဝူယာ့က အသေးအဖွဲ့ကိစ္စလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်မခံပေ။ သူက ခေါင်းယမ်းလိုက်၏။ နောက်ဆုံးတွင် သူက ထရပ်ကာ လက်နှစ်ဖက်ယှက်လိုက်ရင်း “တာ့ရှစ်ရှိုး နောက်ကျနေပြီ။ ကျွန်တော်တို့ ထပ်တွေ့ကြတာပေါ့ ”
ယွီကျန့်ဟိုင်က အနည်းငယ် အလိုမကျစွာ ပြောလိုက်သည်။ “မင်း တကယ်ကြီး သွားမှာလား။ မင်း မင်းသမီးယုံနဉ်ကို စိုးရိမ်နေတာတော့ မဟုတ်ဘူးမလား”
“ တာ့ရှစ်ရှိုး ကျွန်တော့်ကို ယုံပါ” စီးဝူယာ့က ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့ပေ။ သူက ယွီကျန့်ဟိုင်ကို ဦးညွှတ်လိုက်၏။
ယွီကျန့်ဟိုင်က စီးဝူယာ့တစ်ယောက် မည်မျှဆုံးဖြတ်ချက် ပြတ်သားနေသည်ကို မြင်သည့်အခါ ခေါင်းယမ်းလိုက်ရင်း “ အဲလိုဆိုရင် ငါ့ကာကွယ်သူလေးယောက်ကို မင်းနောက်ထည့်ပေးလိုက်မယ် ”
“တာ့ရှစ်ရှိုး ..”
သူ့စကားမဆုံးခင် ယွီကျန့်ဟိုင်က လက်မြောက်ကာ တားလိုက်သည် “ ဒါက နောက်ဆုံးလျော့ပေးတာပဲ။ ငါ့ကျင့်ကြံဆင့်လည်း ပြန်ကောင်းသွားပြီ။ မင်းက ဘာကိုစိုးရိမ်နေတာလဲ။ တစ်ဖက်မှာ မင်းသာ တစ်ခုခုဖြစ်သွားရင် ငါ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး ”
စီးဝူယာ့က မတတ်နိုင်တော့ဘဲ ပြောလိုက်ရသည်။ “တာ့ရှစ်ရှိုး ကျေးဇူးပါ ”
…………..…
နောက်တစ်ရက် မနက်ခင်း၊ မိစ္ဆာဝေဟင်မျှော်နန်းအတွင်း နေရောင်က အရှေ့မျှော်နန်းဆောင်ဘက် ဖြာကျနေသည်။
လုကျိုးက မျက်လုံးပွင့်လာသည်။ သူက စနစ်ကို ခေါ်ကာ သူ့လက်ကျန်သက်တမ်းနှင့် ကုသိုလ်ရမှတ်များကို စစ်ဆေးကြည့်လိုက်၏။
လက်ကျန်သက်တမ်း - ၆၇၆၉ ရက်
သူက ပွင့်ချပ်ကိုးလွှာအကြောင်း တစ်ချိန်လုံး စဉ်းစားနေခဲ့ပြီး ကုသိုလ်ရမှတ် ရအောင်လုပ်ဖို့ မေ့နေခဲ့သည်။ သူက အချိန်ဘယ်လောက်ကုန်သွားမှန်း အံ့ဩသွားမိ၏။ သူက မနေ့က အဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်သည့်အခါ အကြောင်းပြန်လှန်ကတ် ဆယ်ကတ်ကို အသုံးပြုလိုက်သည်။
ယခု မည်သူကမှ အရှေ့မျှော်နန်းဆောင်ရှိ လှုပ်ရှားမှုများကို သံသယဖြစ်ကြမည် မဟုတ်တော့ပေ။
အသက်ဓာတ်အများအပြားက လုကျိုးအား အားပြည့်လာစေသည်။ သူက အသက်ကို တူညီသောအချိန်အထိ နောက်ဆုတ်လိုက်သော်လည်း သူ့တွင် အသေးစားအပြောင်းအလဲတချို့ ဖြစ်သွားသည်။ အကယ်၍ သူ့ပုံရိပ်ကို ပြန်လေ့လာကြည့်ပါက ယခင်နှင့် ကွဲပြားမှုမရှိပေ။ သို့သော်လည်း သေချာကြည့်ပါက သူက ပိုအသက်ဝင်လာဟန်ပေါ်၏။
လုကျိုးက အကြောင်းပြန်လှန်ကတ်များစွာကို တစ်ခါတည်း အသုံးမပြုရဲပေ။ သူ့သွင်ပြင်က သိသိသာသာ ပြောင်းလဲသွားခဲ့လျှင် သူ့တပည့်များက မေးခွန်းများ ထုတ်လာလိမ့်မည်။ အကယ်၍ အပြောင်းအလဲက အသေးစား ဖြစ်နေပါက သူတို့ သတိထားမိကြမည် မဟုတ်ပေ။
အကြောင်းပြန်လှန်ကတ် ဆယ်ကတ် အသုံးပြုလိုက်ပြီးနောက် သူ့တွင် ၃၃ ကတ်သာ ကျန်ရှိတော့သည်။
ထိုစဉ် သူ့သက်တမ်းက ၉၇၆၉ ကို ပြသနေသည်။
မဆိုးဘူးပဲ …
လုကျိုးက သူ့ကုသိုလ်ရမှတ်များကို ကြည့်လိုက်သည်။
ကုသိုလ်ရမှတ် -၁၇၉၀၀
မနက်ခင်းစောစော သူက ပြန်လည်အားပြည့်လာသလို ခံစားလိုက်ရသည်။ ထိုအရာက သူ့အား ကံစမ်းမဲဆွဲဖို့ မြူစွယ်နေသည်။
သူက တစ်ပြိုင်နက် ဆယ်ကြိမ် ကံစမ်းခဲ့သော်လည်း ကျေးဇူးတင်ပါသည်နှင့်သာ တိုးနေသည်။
သူက ဘာဆုမှ မရသည့်အခါ ပိုမို နိုးကြားလာသည်။ ထိုစဉ် ကျောင်းယွဲ့၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ရှစ်စွင်း ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက ဘုန်းကြီးတွေ လင်းလင်းချင်း ထွက်သွားကြပါပြီ။ သူတို့က ရှစ်စွင်းကို နှုတ်ဆက်ချင်ပေမဲ့ အနှောင့်အယှက်ဖြစ်မှာကို စိုးနေကြတာ”
“ငါ သိပြီ” လုကျိုးက လက်ဝေ့လိုက်ရင်း စဉ်းစားလိုက်သည်။ ထိုစဉ် ဒေါင်းမြီးယပ်တောင်က သူ့လက်ထဲ ပေါ်ထွက်လာသည်။ သူ့လက်တစ်ချက်အဝေ့တွင် ထိုအရာက ပျောက်ကွယ်သွား၏။ သူက အရှေ့မျှော်နန်းဆောင်မှ ထွက်လာကာ ကျောင်းယွဲ့အား ကြည့်လိုက်သည်။
“မင်းရဲ့ ရှောင်ရှစ်မေ့ကို ခေါ်လိုက်” လုကျိုးက သူကိုယ်တိုင် လျန့်စီရင်စုကို သွားချိန်တန်ကြောင်း ခံစားမိလာသည်။
“ ရှစ်စွင်း … ရှောင်ရှစ်မေ့က မနေ့ကလည်း နောက်ကျတဲ့အထိ ကျင့်ကြံနေတာဆိုတော့ အခုထိ အိပ်နေတုန်းပဲ။ တစ်ခုခုလိုအပ်တာရှိရင် တပည့်ကိုပဲ ခိုင်းလိုက်ပါ” ကျောင်းယွဲ့က မနေ့က အဖြစ်အပျက်ကို မင်ရှစ်ရင်ဆီမှ ကြားထားလေသည်။ သူမက သူမရှစ်စွင်းသည် အပြင်ထွက်ဖို့ တွေးနေကြောင်း မှန်းဆမိလိုက်၏။ ထို့ကြောင့် သူမက ကိုယ့်ဘာသာ အဆိုပြုလိုက်ခြင်း ဖြစ်သည်။
ကျင့်ကြံနေတာတဲ့လား … အဲဒီကောင်မလေးက ပိုပိုပြီး ကြိုးစားလာတာပဲ။
လုကျိုးက ကျောင်းယွဲ့အား ကြည့်လိုက်ကာ “မင်း စိတ်ဝိညာဉ်သဏ္ဍာန်မှာ ပွင့်ချပ်ထွက်ပြီလား ”
ကျောင်းယွဲ့က မျက်နှာပူသွားကာ “မ… မထွက်သေးပါဘူး။ တပည့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ရောက်ခါစဆိုတော့ အခုတလော ကောင်းကင်ဓားမြောင်ကိုပဲ လေ့လာဖြစ်နေလို့ပါ”
သူမက မြန်မြန် ထပ်ပြောလိုက်သည် “ တပည့် ပွင့်ချပ်ထွက်လာအောင် တတ်နိုင်သမျှကြိုးစားပါ့မယ်”
ပွင့်ချပ်မပါရှိလျှင် ကျင့်ကြံဆင့် ကွာခြားချက်က ကြီးမားလွန်းလှသည်။
သူမက ငါ့ကို ကာကွယ်ဖို့ သိပ်စိတ်မချရဘူး …
လုကျိုးက ခဏတာ စဉ်းစားလိုက်ပြီးနောက် အမူအရာမပြောင်းလဲဘဲ ဖြည်းဖြည်းချင်းသာ ပြောလိုက်သည် “မင်းရဲ့ ရှောင်ရှစ်မေ့ကိုပဲ သွားခေါ်လိုက် ”
“ဟုတ် ရှစ်စွင်း” ကျောင်းယွဲ့က ဦးညွှတ်ကာ ထွက်သွားသည်။ စိတ်ထဲ၌ သူမက တွေးမိနေသည်။
ရှစ်စွင်းက ရှောင်ရှစ်မေ့ကိုကျ ကောင်းကောင်းဆက်ဆံတယ် … သူမရဲ့ ကျင့်ကြံဆင့်က ဒီလောက်အဆင့်မြင့်နေတာတော့လည်း မဟုတ်ပါဘူး။ တစ်ခါတလေ သူမက ရိုင်းပြီးတော့ စိတ်မြန်လက်မြန် လုပ်တတ်သေးတယ် …
ဒါပေမဲ့ ရှစ်စွင်းက သူမကိုပဲ အပြင်ခေါ်သွားချင်တာလေ ….
…
အခန်း (၃၉၅) ပေဖြူလွှာ စာရင်းပေါ်ကပထမဆုံး
ကျောင်းယွဲ့သည် အရှေ့ဘက်မျှော်နန်းကနေ ထွက်သွားပြီးနောက် လုကျိုးသည် သူ၏ဆံပင်ကို ကြည့်လိုက်သည်။ ပြောင်းလဲမှု မရှိပေ။ သို့သော်ငြား ယခုအချိန်တွင် ပြောင်းလဲမှုများ ပိုရှိလာကြောင်း သူ ပြောနိုင်နေပြီဖြစ်သည်။
သူသည် အကြောင်းပြန်လှန်ကတ်ကို လုံလောက်အောင် သုံးပြီး ညတွင်းချင်း သူ၏ငယ်ရွယ်မှုကို ပြန်ရအောင် ပြုလုပ်ခဲ့လျှင် သူ၏တပည့်များ မည်သို့ တုံ့ပြန်မည်ဆိုတာကို သိချင်သည့် အချိန်များစွာ ရှိသည်။ ကျိထျန်းတောက်က ငယ်ရွယ်တုန်းက ချောမောခံ့ညားလား ရုပ်ဆိုးလား။
လုကျိုးက ရုတ်တရက် လည်ချောင်းရှင်းပြီး ခေါင်းခါလိုက်၏။ ငါ့ရဲ့အတွေးတွေကို နှင်ခွင့်ပေးပြန်ပြီ။
“ရှစ်စွင်း”
ရှောင်ယွမ်အာက ခုန်ဆွခုန်ဆွနှင့် အရှေ့ဘက်မျှော်နန်းအပြင်ကနေ ဝင်လာ၏။ ပြီးနောက် သူမသည် လုကျိုးဘေးသို့ ယုန်ကလေးတစ်ကောင်ပမာ လျင်မြန်စွာ ရောက်လာ၏။
“တပည့်ကို ခေါ်တာလား”
လုကျိုးက ရှောင်ယွမ်အာကို ကြည့်လိုက်သည်။ သည်မိန်းကလေးက အရပ်ပိုရှည်လာတယ်။ သွင်ပြင်ကလည်း ပြောင်းလဲလာတာ။ သူမက ပိုပြီး ဆွဲဆောင်မှုရှိပြီး လှပလာ၏။ ဤအတိုင်း အပြင်ထွက်သွားလျှင် အာရုံစိုက်မှု ရမှာ သေချာသည်။
“သာမန်အဝတ်အစားတချို့ သွားလဲလိုက်၊ ငါတို့တွေ လျန့်စီရင်စုကို သွားမယ်”
လုကျိုးက ပြောပြီးနောက် မုတ်ဆိတ်သပ်လိုက်၏။ ရှောင်ယွမ်အာသည် သူမအပြင်ထွက်ရန် အခွင့်အရေးတစ်ခုရှိကြောင်း ရှာတွေ့ချိန်၌ ပျော်ရွှင်သွား၏။ သူမက အမြန်ပြောလိုက်တော့သည်။
“တပည့်တစ်ခါတည်း လဲလိုက်မယ်”
ထိုစဉ် ဖန်လီထျန်းက အရှေ့ဘက်မျှော်နန်းတွင် ပေါ်လာလေ၏။
“နှုတ်ခွန်းဆက်ပါတယ်။ မျှော်နန်းသခင်”
“ဘာကိစ္စလဲ အကြီးအကဲဖန်း”
လုကျိုးက ဇဝေဇဝါ ဖြစ်သွားသည်။ ဖန်လီထျန်းသည် ပါမာနှင့်တိုက်ပွဲ၌ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။ သူသည် ယခုအချိန်၌ သူ၏မျှော်နန်းတွင် ပြန်လည်ကုစားနေသင့်သည်။ ဖန်လီထျန်းက ဘာမှမပြောပေ။ သူက လုကျိုးဆီသို့ ရိုသေလေးစားစွာ လျှောက်လာပြီးနောက် အနားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးချိန်တွင် မြေပြင်ပေါ် ဒူးထောက်လိုက်၏။
လုကျိုးက အံ့ဩသွားတော့၏။ ဤအနေအထားကို သူ လက်ခံနိုင်သော်ငြား ဖန်လီထျန်း၏ နောက်ခံက ဤအခြေအနေကို အတော်လေး ထူးဆန်းသွားစေ၏။ သူသည် ကျိမင်တာအိုဂိုဏ်း၏ အကြီးမြတ်ဆုံးသော လက်ရွေးစင်ဖြစ်ခဲ့ဖူးပြီး အောင်မြင်ကျော်ကြားသည့် ဘွဲ့အမည်များစွာ ရှိခဲ့သည်။ သူက ဒူးထောက်တတ်သည့် လူတစ်ယောက် ဘယ်တော့မှ မဟုတ်ခဲ့ပေ။
“ဒါ ဘာကို ဆိုလိုတာလဲ အကြီးအကဲဖန်း”
“မျှော်နန်းသခင်ဆီက တစ်ခု တောင်းဆိုချင်လို့ပါ”
ဖန်လီထျန်းက လက်သီးဆုပ်မိုးလိုက်၏။
“ပြော..”
ဖန်လီထျန်းက ခေါင်းညိတ်ပြီး ဖြေလိုက်သည်။
“အရှင်စတုတ္ထမင်းသားအတွက် တောင်းပန်ချင်လို့ပါ”
လုကျိုးသည် ထိုစကားကို ကြားချိန်၌ မအံ့ဩသွားပေ။ ဖန်လီထျန်းသည် လွန်လေပြီးသော နှစ်များစွာ၌ ကျိမင်ဂိုဏ်းကနေ ထွက်ခွာခဲ့ချိန် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့၏။ ကံကောင်းပြီး စတုတ္ထမင်းသားက သူ့ကို ကယ်ဆယ်ခဲ့သည်။ သို့သော် သူက စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ ခစားပေးခဲ့ပြီး ဖြစ်ကာ အကြင်နာတရားကို ပြန်ပေးဆပ်ပြီး ဖြစ်လောက်၏။ စတုတ္ထမင်းသား လျိုပင်းက သူ့အချိန်အများစုကို နယ်စပ်မှာပဲ ကုန်ဆုံးခဲ့တာ။ သူ့နေရာကို ကောင်းကောင်း စောင့်ကြပ်ပြီး သူ့ရဲ့ကိုယ်ပိုင်မှန်ကန်မှုနဲ့ သူ့ရဲ့ရပိုင်ခွင့်နဲ့သူ လေးစားဖို့ ကောင်းတဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့..
လုကျိုးက လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“မင်း ရထားတဲ့ ကြင်နာမှုကို ငါက ဘာလို့ ပြန်ပေးဆပ်ပေးရမှာလဲ”
“အမ်..”
ဖန်လီထျန်းက အနည်းငယ် ထိတ်လန့်သွားတော့သည်။
“ဒါ့အပြင် ငါက သူနဲ့ အချင်းများထားတာမှ မရှိတာ။ သူ့အတွက် မင်းဘာကြောင့် တောင်းပန်ပေးဖို့ လိုမှာလဲ”
ယင်းက ဖန်လီထျန်း၏ စိတ်အခြေအနေကို ချက်ချင်း ရှင်းလင်းပေးလိုက်ပုံပေါ်၏။ လျိုပင်းသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် စကားများထားခြင်း မရှိပေ။ မိစ္ဆာဝေဟင်မျှော်နန်းသည် သူ့ကို ရင်ဆိုင်ရန် လက်တစ်ဖက်မှ မြှောက်မှာမဟုတ်။ သို့သော် သူက လျိုပင်းအတွက် တောင်းဆိုရန် ဤနေရာသို့ ရောက်လာလေ၏။ အနေရခက်လိုက်လေခြင်း။
လုကျိုးသည် လက်နောက်ပစ်ထားလျက် အရှေ့ဘက်မျှော်နန်းကနေ ထွက်သွားသည်။
ဖန်လီထျန်းသည် သူ့ဝတ်ရုံပေါ်ရှိ ဖုန်များကို ခါချလိုက်သည်။ နေပါအုံး။ မင်းက အကြီးမြတ်ဆုံး မိစ္ဆာကြီးပဲလေ။ တစ်ယောက်ယောက်ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်တောင် လိုသေးလို့လား။ သူ မော့ကြည့်လိုက်ချိန်၌ လုကျိုးက မရှိတော့ပေ။
နောက်တစ်ရက်ကြာပြီးနောက် လျန့်စီရင်စု၏ မြို့တွင် ဖြစ်သည်။
ယခင်ကနှင့်မတူဘဲ ယခုအချိန်တွင် လုကျိုးသည် အရပ်သားများဝတ်သည့် ချည်ကြမ်းဖြင့် ပြုလုပ်ထားသည့် အဝတ်အစားကိုသာ ဝတ်ခဲ့သည်။ သူက ပြီးပြည့်စုံစွာ ရောနှောနေနိုင်ခဲ့၏။ မတတ်နိုင်ပေ။ စီးဝူယာ့က သိပ်ကို ကောက်ကျစ်လွန်းပြီး သူ့အတွက် စောင့်ကြည့်နေသည့်သူများစွာ ရှိသည်။ သူက သေချာပေါက် အသွင်ဖျက်ထားရပေမည်။ မျှော်နန်းဆောင်အိုကြီး၏ အဖွဲ့ဝင်များနှင့် သူ ရှိနေခဲ့လျှင် လူမိုက်ကို သတိပေးရာ ရောက်သွားလိမ့်မည်။ ရထားလုံးပျံဖြင့် သွားခြင်းက ပိုတောင် အမေးထုတ်စရာ ဖြစ်လာမည်။ ယင်းက ထိုလူလိမ်လူကောက်ကို ထွက်ပြေးခွင့် ပေးလိုက်သလို ဖြစ်သွားမည်။ သူ့ကိုယ်သူ ပြီးပြည့်စုံစွာ ရုပ်ဖျက်ရန် လိုအပ်၏။
သူတို့သည် လျန့်စီရင်စု၏မြို့သို့ ရောက်သည့်အချိန်၌ လုကျိုးနှင့် ရှောင်ယွမ်အာတို့က အနည်းငယ် အံ့ဩသွား၏။ မြို့စောင့်တပ်ဖွဲ့မရှိ၊ လောက်လေးခွများမရှိ၊ သို့သော်ငြား မြို့နံရံပေါ်၌ သွေးများ စွန်းထင်းနေသည်။ လတ်တလော၌ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့တာ သိသာ၏။ မြို့က ယခုအချိန်တွင် အထီးကျန်ပြီး လူသူကင်းမဲ့နေပုံပေါ်သည်။
ကျင့်ကြံသူ အစုလေးများက ကောင်းကင်ထဲ၌ ဟိုဟိုသည်သည် ပေါ်လာ၏။
ထန်း ထန်း ထပ် ထပ်..
ထိုစဉ် လူတစ်စုက မြို့ကို ရောက်လာနေ၏။ သူတို့က ကြမ်းတမ်းပြီး ကြမ်းကြုတ်သည်။
လုကျိုးသည် ရှောင်ယွမ်အာကို လမ်းဘေးသို့ ဆွဲလိုက်သည်။ ထိုလူတစ်စုသည် မြို့ရိုးထိပ်ဆီသို့ ပြေးလွှားနေ၏။ သူတို့က မြို့စောင့်တပ်ဖွဲ့များ ဖြစ်ရမည်။
“ရှစ်စွင်း သူတို့က ကြမ်းတမ်းပုံပဲ”
“သူတို့ကို စိတ်ထဲ မထားနဲ့”
နှစ်ယောက်သားက မြို့ထဲသို့ ဆက်လျှောက်သွားသည်။
တိုက်ပွဲဖြစ်နေသော အခြေအနေတွင် လျန့်စီရင်စု၏မြို့က လူသူကင်းမဲ့နေပုံပေါ်သည်။ နားနေရန် တည်းခိုဆောင်တစ်ခု ရှာတွေ့ဖို့က မျှော်လင့်ချက် များလွန်းနေပုံပေါ်၏။
နှစ်ယောက်သားက နေစရာနေရာ ရှာနေချိန်တွင် လမ်းအဆုံး၌ လူရွယ်တစ်ယောက် ပေါ်လာ၏။ သူက ဘယ်ညာကြည့်ပြီးနောက် လုကျိုးနှင့် ရှောင်ယွမ်အာဘက်လှည့်ကာ လေချွန်လိုက်၏။
“ဆရာကြီး”
လူရွယ်ကာ လှမ်းခေါ်လိုက်သည်။
“မင်း ငါ့ကို ပြောနေတာလား”
လူရွယ်က သူ့ဆီ ဂရုတစိုက် လျှောက်လာ၏။ သူက သူတို့နှစ်ယောက်နားကပ်ကာ ပြောလိုက်တော့သည်။
“ခင်ဗျားတို့က ဒီက မဟုတ်ဘူး မဟုတ်လား”
ရှောင်ယွမ်အာက သူ့ကို ဆော်ဩလိုက်သည်။
“ရှင့်စိတ်ထဲ ရှိတာ ပြောလိုက်”
လူရွယ်က ပြောလိုက်၏။
“လျန့်စီရင်စုက လက်ရှိပရမ်းပတာ ဖြစ်နေတယ်။ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ်စောင့်ကြည့်နေတာ အတော်ကြာပြီ။ ဒီည နေစရာနေရာတစ်ခု လိုမယ်လို့ ယူဆမိတယ်။ ကျုပ်နဲ့လိုက်ခဲ့ ခင်ဗျားတို့အတွက် နေရာတစ်ခု အဆင်သင့်ရှိတယ်”
လုကျိုးက သံသယဖြစ်မိသွား၏။ သူတို့သည် လျန့်စီရင်စုမြို့သို့ ရောက်ကာစ ဖြစ်၏။ သူတို့နေရာစရာနေရာ ရှာနေမှန်း ထိုလူမည်ကဲ့သို့ သိသနည်း။
ထို့အပြင် လျန့်စီရင်စုသည် ယခုအချိန်တွင် အရေးပေါ်အခြေအနေ ဖြစ်နေသော ဒုတိယရီစီရင်စုအဖြစ် ပြောင်းလဲခါနီးပြီဖြစ်သည်။ ဤလူရွယ်က ရဲတင်းပုံပေါ်၏။ ငါးညှီနံ့တစ်ခုခု ရှိနေသောကြောင့် တစ်ခုခု ရှိတာပဲ ဖြစ်ရမည်။
“ကျုပ်တို့အတွက် နေစရာ စီစဉ်ပေးနိုင်တာလား”
လုကျိုးက မေးလိုက်သည်။
လူရွယ်က ဆန်းကျယ်စွာ ပြောလိုက်သည်။
“အပြင်ဘက်မှာ ရှုပ်ထွေးတယ်။ ကျုပ်တို့ အဲဒီကို ရောက်တဲ့အချိန် ခင်ဗျားတွေ့ရမှာပဲ”
လုကျိုး၏ မျက်နှာထားက မပြောင်းလဲသွားပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ကျေးဇူးပြုပြီး လမ်းပြပေးပါ”
သူသည် ယွီကျန့်ဟိုင်နှင့် စီးဝူယာ့ကို စောင့်ရမည် ဖြစ်သောကြောင့် ဤနေရာ၌ မည်သည့်နည်းနှင့်မဆို အချိန်အတိုင်းအတာ တစ်ခုအထိ နေရပေမည်။
များမကြာမီ၌ လူရွယ်၏ လမ်းညွှန်ပေးမှုဖြင့် သုံးယောက်သားသည် လမ်းများကို ဖြတ်ကျော်ပြီး စံအိမ်တစ်ခုအပြင်ဘက်သို့ ရောက်သွား၏။ လူရွယ်က မရဲတရဲ လှုပ်ရှားလိုက်ပြီးနောက် စံအိမ်ထဲရှိလူကို လေချွန်ခေါ်လိုက်၏။ မကြာမီ၌ လူနှစ်ယောက်က သူတို့နှင့်တွေ့ရန် ထွက်လာသည်။ လူရွယ်က ပြောလိုက်၏။
“နှစ်ယောက် ထပ်ရပြီ မင်းတို့ဆီ အပ်ထားမယ်”
“ဟုတ်ပြီ နောက်ထပ်နှစ်ယောက်”
နောက်ထပ်နှစ်ယောက်လား။ လုကျိုး၏ စိတ်ထဲ၌ မေးခွန်းအချို့ရှိသည်။ သို့သော် သူ၏အမူအရာက မပြောင်းလဲသွားပေ။ သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“ဒါက မင်း ငါတို့ကို စီစဉ်ပေးတဲ့ နားနေဖို့ နေရာလား”
နောက်ထပ်လူငယ်နှစ်ယောက် ရှိ၏။ ဘယ်ဘက်ခြမ်းရှိတစ်ယောက်က ပြောလိုက်သည်။
“ဒီလမ်းပါ ကျေးဇူးပြုပြီး..”
လုကျိုးသည် ဤစံအိမ်က အနက်ရောင်အုတ်ဖုတ်ဖိုကြီးနှင့် တူသည်ဟု ခံစားလိုက်မိသည်။ လုကျိုးက လူရွယ်ကို ကြည့်ပြီး ပြောလိုက်၏။
“မင်းတို့သခင်ကြီးရဲ့ မျိုးရိုးနာမည်က ရှန်လား”
“အဟုတ်ပါပဲ အခု မှတ်မိသွားပြီလား ဆရာကြီး”
လူရွယ်က စိတ်လှုပ်ရှားနေပုံပေါ်၏။
“ရှန်လွမ့်ရှိုးလား”
လုကျိုးက ထိုနေရာအကြောင်း ဝေဝါးဝါး မှတ်ဉာဏ်အချို့ ရုတ်တရက် ရလာသည်။
“ဟမ့် လူကြီးမင်း.. ကျုပ်ဆရာရဲ့တားမြစ်ထားတဲ့ နာမည်ကို သိနေတယ် ဆိုမှတော့ မင်းရဲ့အပြုအမူတွေကို သတိထားသင့်တယ်။ တခြားအိမ်သာဆိုရင် ကန်ထုတ်ခံရလောက်ပြီးပြီ”
အမှန်တကယ်တွင် ရှန်လွမ့်ရှိုး၌ ဂုဏ်သတင်းရှိ၏။ ကျင့်ကြံခြင်းလောက၌ နာမည်ပျက်စာရင်းရှိသောကြောင့် နာမည်ကောင်းစာရင်းရှိတာလည်း သဘာဝပဲ ဖြစ်သည်။ ပေနက်လွှာ၏ ထိပ်ရှိနေရာကို ယူထားသည်က မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်ကျိထျန်းတောက် ဖြစ်၏။ အမည်းရှိလျှင် အဖြူရှိသည်။
လူကောင်းစာရင်းတွင် ပထမဆုံးလူက သွားသည့်နေရာအနှံ့ ကောင်းကျိုးသယ်ပိုးသည့် ရှန်လွမ့်ရှိုးပဲ ဖြစ်သည်။ သူက ရူးမိုက်ပြီး ကောင်းကျိုးသယ်ပိုးသည်ဟူသော ကောင်းကျိုးဟူသည့် နေရာများကို ဆောင်ရွက်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူသည် လျန်ခရိုင်၏မြို့၌ နေရစ်သော တစ်ဦးတည်းသောလူလည်း ဖြစ်သည်။ မြေအောက်လောကနှင့် အရာရှိများက သူ့ကို လေးစားရသည်။
“ဒီလမ်းပါ ကျေးဇူးပြုပြီး..”
ထိုလူက ဖိတ်ခေါ်သည့်သဏ္ဌာန်ထပ်မံပြုမူလိုက်၏။ လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်ကာ အထဲသို့ လျှောက်သွားလိုက်သည်။ သူ စံအိမ်ထဲသို့ ဝင်သည့်အချိန်၌ စံအိမ်ကို လွှမ်းခြုံရစ်ပတ်ထားသည့် ပူပေါင်းကြီးနှင့် ဆင်တူသော ဖောက်ထွင်းမြင်နေရသည့် အရံအတား ဖျော့ဖျော့ ရှိနေသည်။
လုကျိုးနှင့် ရှောင်ယွမ်အာတို့က အမြန်ဝင်လိုက်၏။ သူတို့ကို ဤနေရာသို့ ဦးဆောင်လာသည့်သူက သူတို့ကို တစ်ချက်ကြည့်ပြီးနောက် အရိုအသေပေးကာ ပြောလိုက်၏။
“သခင်ပြောတာတော့ စံအိမ်ထဲကို ဝင်တဲ့သူတိုင်းက ပြဿနာမရှာနိုင်အောင် သူတို့ကျင့်ကြံဆင့်ကို စစ်ဆေးခွင့်ပေးရမယ်။ ပူးပေါင်းပေးဖို့ တောင်းဆိုပါတယ်”
လုကျိုးက လူရွယ်ကို တစ်ချက် ကြည့်လိုက်၏။ ရှန်လွမ့်ရှိုး ထိုမျှ သတိထားလိမ့်မည်ဟု သူ မထင်ထားပေ။ သူ့အတွက် ကောင်းကျိုးဆောင်ရွက်တာက ကိစ္စတစ်ရပ်ဖြစ်၏။ အဘယ်ကြောင့် ကျန်သည့်သူများ၏ ကျင့်ကြံဆင့်ကို စစ်ဆေးရန် လိုအပ်မည်နည်း။ ထိုလူက သူ၏အိတ်ထဲကနေ ကျောက်ရိုင်တုံးတစ်တုံးကို ထုတ်လိုက်သည်။ ကျောက်ရိုင်းတုံးကို မြင်သည့်အချိန်၌ ရှန်လွမ့်ရှိုးက ဒါနှင့် စိမ်းသက်မနေမှန်း လုကျိုးသိသွား၏။ ထိုကျောက်ရိုင်းတုံးသည် တော်ဝင်မိသားစုများ သို့မဟုတ် အဓိကဂိုဏ်းများက တပည့်များ လူများ စုဆောင်းသည့် အချိန်၌ အသုံးပြုတာ ဖြစ်သည်။ ထိုအသုံးပစ္စည်းကို ကျန်သည့်သူများ မသုံးပေ။
“ရှစ်စွင်း တပည့်ကို စစ်ဆေးခွင့်ပေးလိုက်မယ်။ ရှစ်စွင်းရဲ့ကျင့်ကြံဆင့်ကို သူတို့သိသွားရင် လန့်သွားမှာ စိုးရိမ်ရတယ်”
ရှောင်ယွမ်အာက ရှေ့သို့ ထွက်လိုက်၏။
ကျောက်ရိုင်းတုံးကို ကိုင်ထားသည့်လူသည် ရှောင်ယွမ်အာက လုကျိုးကို သူမ၏ရှစ်စွင်းဟု အမည်တပ်ခေါ်ဝေါ်တာကို ကြားသည့်အချိန်၌ ပြုံးပြီး ပြောလိုက်၏။
“ကျုပ်တို့က လန့်ရမှာလား”
…
အခန်း(၃၉၆) ငါက အိုင်ဒေါလား
ထိုအမျိုးသား၏ အပြုအမူအရ ကိစ္စများစွာ ကြုံတွေ့ခဲ့ဖူးဟန်ပေါ်သည်။ လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ထိုလူကို ကြည့်လိုက်၏။
ထိုအမျိုးသားက ထပ်ပြောလိုက်သည်၊ “ ငရဲဂိုဏ်းက လူတွေအများကြီး လျန့်စီရင်စုမှာ ပေါ်လာကြတယ်။ သူတို့ကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။ ငါက ဘာလို့ မင်းကို ကြောက်ရမှာလဲ။ ကောင်မလေး … မင်းရှစ်စွင်းကို စစ်ဆေးကြည့်သင့်တယ်” သူက ကျောက်မျက်ရိုင်းတုံးကို ပစ်ပေးလိုက်သည်။
ရှောင်ယွမ်အာက ကျောက်မျက်ရိုင်းတုံးကို ကြည့်လိုက်ကာ စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။ “ ကျွန်မလည်း စမ်းသပ်ကြည့်ချင်တယ်။ ကျွန်မက အဆင့်မြင့်မြင့် ကျင့်ကြံဆင့် ရှိတယ် ”
ထိုကျောက်တုံးက အတော်လေး အဖိုးတန်ပေသည်။ အလယ်အလတ်အဆင့် ကျောက်တုံး၏ စွမ်းအားက ရှစ်ကြိမ်မှ ဆယ်ကြိမ်ကြား အသုံးပြုလိုက်သည်နှင့် ကုန်ဆုံးသွားလိမ့်မည်။ ကျင့်ကြံသူများက ထိုကျောက်မျက်ရိုင်းတုံးများမှ စမ်းသပ်မှုများ၏ ရလဒ်ကို အတုအယောင်လုပ်ခဲသည်။
ထိုအမျိုးသားက ပြောလိုက်သည်။ “လူအိုကြီး အရင်စမ်းကြည့် ”
လုကျိုးက လက်ဝေ့လိုက်သည့်အချိန် ကျောက်မျက်ရိုင်းတုံးက သူ့လက်ထဲ ရောက်လာသည်။ ထိုကျောက်တုံးက တဝီဝီ မြည်လာပြီး တောက်ပလာ၏။
ထိုအမျိုးသား၏ အကြည့်တို့ တောက်ပလာကာ ‘ အိုး နတ်ဒေဝါဦးတည်နယ်ပယ်ပဲ … ကျုပ် ဒါကို မမြင်မိခဲ့တာ အားနာပါရက်”
သူက သွင်ပြင်၌ ယဉ်ကျေးဟန်ပေါ်သော်လည်း အမူအရာများက အေးဆေးလှသည်။ ထေ့ငေါ့ပြောနေသည်ဟု ထင်မှတ်ရသည်။
‘အိုး ဘယ်လောက်တောင် နက်နဲလိုက်တဲ့ ကျင့်ကြံဆင့်မျိုးလဲ … တကယ်ကို လန့်စရာပဲ ’
နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က တခြားသူများ အလွယ်တကူ တွေ့နိုင်သည့်သူတော့ မဟုတ်သေးချေ။
သူက ကျောက်မျက်ရိုင်းတုံးကို ယူကာ ရှောင်ယွမ်အာအား ကြည့်လိုက်ပြီး “ဒီဘက်မှာပါ ”
ရှောင်ယွမ်အာက ထိုအရာကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားလေသည် “ကျွန်မကရော .. အခုထိ မစမ်းသပ်ရသေးဘူးလေ”
သို့သော်လည်း ထိုအမျိုးသားက သူမကို လျစ်လျူရှုထားလေသည်။ သူက လှည့်ထွက်သွား၏။ သူက ထောင့်တစ်နေရာ ရောက်သည့်အခါ နှုတ်ခမ်းထောင့်ချိုးတို့ ကွေးညွှတ်သွားသည်။
မင်းရဲ့ ရှစ်စွင်းက နတ်ဒေဝါဦးတည်နယ်ပယ်ဆိုမှတော့ မင်းက ဘယ်လိုလုပ် ကျင့်ကြံဆင့် မြင့်နိုင်မှာတုန်း ကလေးမရဲ့ …
မင်းက တကယ်ကို ခေါင်းကြောမာသားပဲ … မင်းက စမ်းသပ်ချင်တယ်ဆိုပေမဲ့ ငါက မဖြည့်ဆည်းပေးနိုင်ဘူး။ ဒီနေ့ မင်းတို့နှစ်ယောက်လုံး ယောကျ်ားတွေက ဘယ်လိုတောင် မိစ္ဆာဆန်လဲ ပြပေးမယ် …
ဒီကျောက်မျက်ရိုင်းတုံး စွမ်းအားကို ထပ်ဖြုန်းတီးနေဖို့ မလိုဘူး
ရှောင်ယွမ်အာက ခြေဆောင့်ကာ “ရှစ်စွင်း သူတို့က တပည့်တို့ကို အထင်သေးနေကြတာ”
လုကျိုးက ပြောလိုက်သည် “ငါတို့ စမ်းသပ်သပ် မသပ်သပ် ကွာခြားချက် မရှိပါဘူး ”
“အိုး”
ရှန်လွမ့်ရှိုးက ပေဖြူလွှာပေါ်မှာ ထိပ်ဆုံး ဖြစ်၏။ သူက ကောင်းမှုများစွာ ပြုလုပ်ခဲ့သည်။ သို့သော်လည်း လုကျိုးက သူ့ကို လျန့်စီရင်စုထဲ သတ္တိကောင်းကောင်းကျန်ရှိနေသည်ကို မြင်ပြီး အံ့ဩမိနေဆဲ ဖြစ်သည်။ ရှန်လွမ့်ရှိုးက ငရဲဂိုဏ်းကိုပင် ကြောက်ပုံမပေါ်ပေ။
………
နေဝင်ဖျိုးဖျအချိန်တွင် …
ရှောင်ယွမ်အာက မေးထောက်ကာ စားပွဲပေါ် မှီနေသည်။ သူမက မျက်စိရှေ့ ဖြတ်ပျံသွားသည့် ခြင်ကို စိုက်ကြည့်လိုက်ပြီး သတ်ဖို့ရာ အပ်သဏ္ဍာန်လိုမျိုး စွမ်းအားမျှင်တစ်ခု ထုတ်လွှင့်လိုက်သည်။
ဝှစ်
ခြင်က ချက်ချင်းဆိုသလို နှစ်ပိုင်းပြတ်သွားသည်။
သူမက ရယ်မောလိုက်ပြီး “ရှစ်စွင်း ရှစ်စွင်း … တပည့် ခြင်တစ်ကောင်ကို စွမ်းအားဓားနဲ့ သတ်နိုင်လိုက်ပြီ”
လုကျိုးက မျက်လုံးဖွင့်ကာ သူမကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းအသာယမ်းလိုက်သည်။ သို့သော်လည်း သူက သူမကို မဆူပေ။ ထိုအရာက သူမ၏ နေ့စဉ်လေ့ကျင့်ရေးနည်းလမ်းထဲမှ တစ်ခု ဖြစ်၏။
လူများက ထူးဆန်းတတ်ကြသည်။ တချို့က အားကြိုးမာန်တက် အလုပ်ကြိုးစားကြသော်လည်း ဘယ်သောအခါမှ မတော်လာကြပေ။ တချို့လူများက တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို သင်ယူနိုင်လေသည်။ ရှောင်ယွမ်အာက နောက်တစ်ခုထဲ ပါဝင်၏။
ဒေါက် ဒေါက် ဒေါက်
တစ်ယောက်က အခန်းတံခါး လာခေါက်လေသည်။
“လာပြီ” ရှောင်ယွမ်အာက တံခါးဆီ ပြေးကာ ဖြေလိုက်သည်။
မီးခိုးရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားက အခန်းထဲ ဝင်လာသည်။ သူက အခန်းပတ်လည်ကို ကြည့်လိုက်ပြီးနောက် ရှောင်ယွမ်အာကို ကြည့်လိုက်သည်။ သူက သူတို့ကို မနှုတ်ဆက်ဘဲ သူ့ဘာသာ ရေရွတ်လိုက်သည် “မဆိုးဘူးပဲ”
သူ့နောက်တွင် နောက်ထပ် အမျိုးသားပါရှိသေး၏။ သူက သူတို့ကျင့်ကြံဆင့်ကို စမ်းသပ်ချင်လိုသူ ဖြစ်ပေသည်။ ထိုအမျိုးသားက ပြောလိုက်သည် “တကယ်လို့ ခင်ဗျား သူတို့ကို ကောင်းတယ်လို့ ထင်ရင် သူတို့က ကောင်းတာပေါ့”
“ရှင်က ဘယ်သူလဲ” ရှောင်ယွမ်အာက မေးလိုက်သည်။
“ ဒါက အိမ်တော်ထိန်းကျိုး … သူက စံအိမ်စီမံဖို့ တာဝန်ယူထားတာ။ အခု ငါ ထွက်သွားတော့မယ်။ မင်းတို့ ကောင်းကောင်းပြောကြပေါ့” ထိုအမျိုးသားက လှည့်ထွက်သွားလေသည်။
အိမ်တော်ထိန်းကျိုးက လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ “ဆရာကြီး ”
လုကျိုးက အိမ်တော်ထိန်းကျိုးအား ကြည့်လိုက်ပြီး “ရှန်လွမ့်ရှိုး ဘယ်မှာလဲ ”
အိမ်တော်ထိန်းကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်မိသည်။
ဆရာရှန်က ပေဖြူလွှာရဲ့ ထိပ်ဆုံးကလူဆိုတော့ အပြင်လူတွေ သူ့ဂုဏ်သတင်းကို ကြားဖူးတာ ပုံမှန်ပါပဲ … ဒါပေမဲ့ ဒီလူအိုကြီးက သူ့ဆရာကို နာမည်တပ်ခေါ်တာ ရိုင်းနေတာပဲ …
သူက စိတ်အနှောင့်အယှက်ဖြစ်ဟန် မပြဘဲ တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။ “ ဆရာကြီး ကျုပ်တို့ တဲ့တိုးပြောကြမလား ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး “ ဘာများလဲ”
“ခင်ဗျားရဲ့ မြေးမလေးက အရည်အချင်းရှိတယ်။ ကျုပ်ဆရာက သူမကို ဈေးကောင်းကောင်းနဲ့ ဝယ်ချင်ပါတယ်” အိမ်တော်ထိန်းကျိုးက ထိုအကြောင်းပြောလိုက်သည့်အခါ သတင်းပေးခဲ့သည့် အခန်းအပြင်ဘက်မှ အမျိုးသားကို ဝေဝါးဝါးသာ မြင်ရတော့သည်။
ရှပ် ရှပ် ရှပ် …
ခေါင်မိုပေါ်၌ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။ သူတို့ စောင့်ကြည့်ခံနေရသည်မှာ သိသာလှသည်။
ရှောင်ယွမ်အာက ထိုအကြောင်း ကြားသည့်အခါ ဒေါသတကြီးဖြင့် ခုန်တော့မည့်ဆဲဆဲတွင် လုကျိုးက လက်ဟန်ပြကာ တားလိုက်သည်။
ရှောင်ယွမ်အာက မတတ်နိုင်ဘဲ နောက်ဆုတ်လိုက်ရသည်။
“ရှန်လွမ့်ရှိုးက ပေဖြူလွှာရဲ့ ထိပ်ဆုံးကလူ … သူက ဒီနေ့လိုဖြစ်လာတာ ကောင်းကျိုးတွေအများကြီး ဆောင်ရွက်ခဲ့လိုပဲ။ သူက ကျင့်ကြံရေးလောကမှာလည်း ဂုဏ်သတင်းကောင်းတယ်။ သူက ဒီလိုမျိုး ကလိမ်ကကျစ် ကိစ္စတွေမှာ ဘယ်လိုလုပ်ပါနေရတာလဲ” လုကျိုးက မေးလိုက်သည်။
အိမ်တော်ထိန်းကျိုးက ရယ်လိုက်ပြီး “ဆရာကြီးလည်း အတွေ့အကြုံများတဲ့သူဆိုတာ သေချာပါတယ်။ အချင်ယောင်ဆောင်နေစရာ မလိုပါဘူး။ ကမ္ဘာကြီးမှာ ဘယ်အရာမှ မရိုးရှင်းဘူး။ ခင်ဗျားတို့ကို ဒီမှာအလကားနေခိုင်းမယ် ထင်နေလား”
သူ ပြောတာ မှန်ပေသည်။ အကယ်၍ သူတို့က ပရဟိတသာ လုပ်နေလျှင် ရွှေငွေတောင်ပုံရာပုံက လုံလောက်မည် မဟုတ်ပေ။
“ မင်း ပြောတာ မှန်တယ်”
“သက်ရှိတွေရဲ့ အသက်က ကောက်ရိုးမျှင်လိုပဲ … ခင်ဗျားက နတ်ဒေဝါဦးတည်နယ်ပယ်ပဲ ရှိသေးတာဆိုတော့ လျန့်စီရင်စုထဲ တခြားမျိုးနွယ်စုတွေ လက်ချက်နဲ့ အနှေးနဲ့အမြန် သေရမှာပဲ။ ခင်ဗျား တပည့်ကို ပိုကောင်းတဲ့လူဆီ သွားခိုင်းလိုက်တာ ဘယ်လိုလဲ။ ခင်ဗျားလည်း ကောင်းကောင်းအနားယူလို့ ရသွားတာပေါ့။ မကောင်းဘူးလား” အိမ်တော်ထိန်းကျိုးက တိုက်တွန်းလိုက်သည်။
လုကျိုးက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည် “ အဖြူဆွတ်ဆွတ်က အမည်းနဲ့ အတူတူပါပဲလား။ အတော်လေး အံ့ဩမိသား”
အိမ်တော်ထိန်းကျိုးက ရယ်မောလိုက်သည်။ “ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ယှဉ်ရင်တောင် ဆရာရှန်က မတူညီတဲ့ လမ်းစဉ်ကို ရွေးခဲ့ရုံပါပဲ။ သားရဲတွေက စားဖို့ အသက်ရှင်ကြသလို လူတွေကလည်း ချမ်းသာဖို့အတွက် သေကြတာပဲ။ အတူတူပါပဲ ”
လုကျိုးက လှောင်လိုက်သည် “မင်းက ရှန်လွမ့်ရှိုးကို မိစ္ဆာဝေဟင်မျှော်နန်းနဲ့ အငွေ့အသက်အတူတူလို့ ပြောလိုက်တာလား။ သူက ထိုက်တန်တယ်များ ထင်နေလား”
“ဘယ်ဟုတ်ပါ့မလဲ … ဆရာရှန်က မိစ္ဆာဝေဟင်မျှော်နန်းသခင်ကို သူ့ဘဝရည်မှန်းချက်အဖြစ် သတ်မှတ်ထားတာ … သူနဲ့ အဆင့်တူတယ်လို့ ပြောရဲမှာ မဟုတ်ဘူး” အိမ်တော်ထိန်းကျိုးက ပြောလိုက်သည်။
လုကျိုးက ယခုအခါ ဆွံ့အမိသွားသည်။
ငါ့ဆီမှာ ပရိသတ်တစ်ယောက် ရှိနေပြီဆိုတော့ ငါက အိုင်ဒေါလား …
အိမ်တော်ထိန်းကျိုးက ဆက်ပြောလိုက်သည် “ ခင်ဗျားကို ဒါတွေပြောပြနေတာက ခင်ဗျားက နတ်ဒေဝါဦးတည်နယ်ပယ်ထဲမှာမလို့ပဲ။ လျန့်စီရင်စုက အခုဇောက်ထိုးမိုးမျှော်ဖြစ်နေပြီ။ ငရဲဂိုဏ်းနဲ့ လို့လန်နဲ့ ရို့လီက လူတွေက နေရာအနှံ့ စောင့်နေကြတာ။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်နဲ့ အလွန်ဆုံးတတ်နိုင်တာ ကိုယ့်အသက်ကို ထိန်းထားဖို့ပဲ ”
လုကျိုးက ခေါင်းညိတ်ကာ “ ငါ ငြင်းရင်ရော ”
လုကျိုးက စကားပြောလိုက်သည်နှင့် ….
ဘန်း
တံခါးက ပွင့်သွားကာ ကျင့်ကြံသူများစွာ ဝင်ရောက်လာသည်။ ကျင့်ကြံသူနှစ်ယောက်က အလောင်းတစ်လောင်းကို သယ်ဆောင်ထားပြီး တခြားဘက် ထွက်သွားလေ၏။
လုကျိုးက သူတို့ကို ကြည့်လိုက်သည်။ သူတို့က အားမနည်းကြောင်း သိလိုက်၏။ တစ်ယောက်ချင်းစီက ဗြဟ္မာပင်လယ်နယ်ပယ် ရှိကြသည်။
သူ့ရှေ့တွင် ရပ်နေသည့် အိမ်တော်ထိန်းကျိုးက နတ်ဒေဝါဦးတည်နယ်ပယ် ဖြစ်၏။ သူ့အရှိန်အဝါက ပြည့်စုံနေသောကြောင့် လုကျိုးက သူသည် ထိပ်တန်း နတ်ဒေဝါဦးတည်နယ်ပယ်မှန်း သိလိုက်သည်။
ထိုလူများမှလွဲ၍ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများလည်း ရှိလိမ့်မည်။ အကြောင်းမှာ ထိုစံအိမ်ကြီးက အရှုပ်အထွေးများက ရပ်တည်နေနိုင်သေးသည် မဟုတ်ပါလော။
အိမ်တော်ထိန်းကျိုးက သူတို့အား အပြုံးဖြင့် ကြည့်လာကာ “ဆရာကြီး ငြင်းရင်တော့ အားသုံးရမှာပဲ ””
လုကျိုးက ခေါင်းယမ်းလိုက်ပြီး ရှောင်ယွမ်အာအား လက်ဝေ့ပြလိုက်သည်။
“မင်းရဲ့ သတ္တိရှိမှုကို ချီးကျူးပါရဲ့ ”
“ဟမ် ”
အိမ်တော်ထိန်းကျိုးက ထိပ်တန်းနတ်ဒေဝါဦးတည် နယ်ပယ် ကျင့်ကြံသူ ဖြစ်၏။ သူက သူ့ရှေ့မှ လူအိုကြီးဆီမှ အရှိန်အဝါကို ရုတ်ချည်း ခံစားမိလိုက်သည်။ ဤသည်မှာ သူ့ဆရာပင် မပိုင်ဆိုင်ထားသည့် ခမ်းနားဖွယ်အရှိန်အဝါမျိုး ဖြစ်ပေသည်။ သူက နောက်ဆုတ်လိုက်ပြီး ကမ္ဘာဦးချီကို လှည့်ပတ်လိုက်သည်။ သူက လှုပ်ရှားတော့မည့်ဆဲဆဲတွင် ရှောင်ယွမ်အာက သူ့အပေါ် ရောက်နေလေပြီ။
သူမက စွမ်းအားပင် ထုတ်မသုံးထားသည့်အလား ပြုံးနေသည်။
“ ငါတို့ မှားသွားပြီ။ သူမက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပဲ” အိမ်တော်ထိန်းကျိုးက အလန့်တကြား ရေရွတ်လိုက်သည်။
ထို့ကြောင့် အပြင်ဘက်မှ ကျင့်ကြံသူအားလုံး အထဲပြေးဝင်လာကြသည်။
ဖြောင်း
အိမ်တော်ထိန်းကျိုးက မော့မကြည့်နိုင်ခင် ရှောင်ယွမ်အာက ကန်လွတ်လိုက်သည်။ အိမ်တော်ထိန်းကျိုးက အမြောက်ဆံအလား လေထဲလွှင့်ထွက်သွားကာ မျက်နှာကြက်ကို ထိုးဖောက်သွားပြီး ခေါင်မိုးပေါ်မှ ကျင်ကြံသူနှစ်ယောက်ထံ တည့်တည့်တိုးဝင်သွားသည်။ မျက်နှာကြက်တွင် အပေါက်တစ်ခု ဖြစ်လာကာ အပေါက်မှတဆင့် ပြတ်ပြုတ်ကျလာသည်။
ဝုန်း
သူက ရှောင်ယွမ်အာရှေ့ တည့်တည့်ကျလာသည်။ သူက ကြမ်းပြင်ပေါ် လဲနေပြီး မလှုပ်နိုင်တော့ပေ။
ရှောင်ယွမ်အာက ပျင်းလာကာ “အားနည်းလိုက်တာ ”
“…”