အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
အခန်း(၄၀၀) တခြားမျိုးနွယ်များ
ယွီဟုန်က အံ့ဩသွားလေသည်။ ကျင့်ကြံသူအများစုက ခုခံဖို့ ကြိုးစားကြလိမ့်မည်။ အထူးသဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်နှင့်အထက် အဆင့်မြင့် ကျင့်ကြံသူအစစ်အမှန်များအတွက် ဖြစ်၏။ သူတို့က သူတို့ဂိုဏ်းမှ ထောက်ပံ့မှုကို ရထားကြလေသည်။ ထို့ကြောင့် ငရဲဂိုဏ်းက ကျင့်မင်တာအိုဂိုဏ်း၊ သမာသမတ်ဂိုဏ်းနှင့် တခြားဂိုဏ်းများကို အုပ်စိုးဖိနှိပ်ဖို့ ရွေးချယ်ခဲ့သည်။
ဤနည်းဖြင့် တခြားကျင့်ကြံသူများက အလျင်စလို ဘာမှမလုပ်ရဲကြတော့ပေ။ ထိုစဉ် တာ့ယန်အတွင်း ငရဲဂိုဏ်းက တော်ဝင်မိသားစုနှင့် ရင်ဆိုင်ဖို့သာ အာရုံစိုက်ထားလေသည်။
လက်ရှိစစ်ပွဲအတွင်း တွေ့ကြုံရသည့် ကျင့်ကြံသူများကဲ့သို့ မတော်တဆဖြစ်ရပ်များ ကာကွယ်ဖို့အတွက် သူတို့အားလုံးကို အရင်ဆုံး ဖမ်းဆီးထားလိုက်ပြီး နောက်ပိုင်းမှ ပြန်လွှတ်ပေးကြသည်။ ထိုအခါ မလိုလားအပ်သည့် ပြဿနာများ ရှောင်ရှားပြီးသား ဖြစ်သွား၏။ ကိစ္စများ တည်ငြိမ်သွားသည့်အခါ သတ်သင့်သည့်သူကို သတ်ပြီး လွတ်ပေးသင့်သူကို လွှတ်ပေးကြသည်။
စီးဝူယာ့က တခြားသူများ ပြဿနာလာရှာမည့် အခွင့်အရေး မရစေရန် ငရဲဂိုဏ်းအတွက် ဒီအစီအစဉ်ကို ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
ယွီဟုန်က ရုတ်ခြည်းပေါ်ထွက်လာသည့် မိန်းမပျိုလေး၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်၏။
အစောပိုင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လား ….
လျန့်စီရင်စုထဲ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူက ဘာလာလုပ်နေတာလဲ
အဆုံးသတ်၌ သူက ထုတ်မေးလိုက်သည်။
“ကျုပ်က ယွီဟုန်ပါ။ ငရဲဂိုဏ်း နဂါးပြာခန်းမရဲ့ ဒုတိယခေါင်းဆောင်ပါ။ လျန့်စီရင်စုထဲ ခင်ဗျားတို့နှစ်ယောက် ဘာလာလုပ်တယ်တော့ မသိဘူး။ ဒါပေမဲ့ ခင်ဗျားတို့ လိုလိုလားလား ပူးပေါင်းပြီး ကျုပ်လူတွေနောက်က လိုက်သွားပေးပါ” သူက အဆင့်မြင့် ကျင့်ကြံသူများကို လေးစားသူတစ်ဦး ဖြစ်၏။
“ငရဲဂိုဏ်းရဲ့ ယွီဟုန်လား” လုကျိုးက ကာကွယ်သူလေးယောက်ကိုသာ သိထားလေသည်။ သူက သူတို့ကို များများစားစား သတိမထားမိပေ။ သူ့အမြင်၌ ထိုအရေးမပါသည့် ဇာတ်ကောင်များက သူ့အာရုံရဖို့ မထိုက်တန်ပေ။
ယွီဟုန်က စိတ်အနှောင့်အယှက် မဖြစ်မိပေ။ သူက မေးလိုက်၏။ “ ဆရာကြီးက ငရဲဂိုဏ်းအကြောင်း မသိဘူးလား ”
ရှောင်ယွမ်အာက တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် လုကျိုးက တားလိုက်သည်။
ဒီကောင်မလေးကတော့ စကားတစ်ခွန်းနဲ့ အကုန်ဖျက်ဆီးချင်နေတော့တာပဲ …။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ တစ်ခုစ နှစ်ခုစပဲ သိထားတာပါ ”
ယွီဟုန်က လက်နှစ်ဖက်ယှက်လိုက်ရင်း “ ကျုပ်ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးဆုံးတပည့်လေ။ သူက ကျင့်ကြံရေးလောကမှာ ရှားရှားပါးပါး ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူထဲက တစ်ယောက်ပဲ ”
ယခု လုကျိုး တွေ့ချင်သည့်သူက ယွီကျန့်ဟိုင် သို့မဟုတ် စီးဝူယာ့ ဖြစ်၏။ သူက ထိုအရာကို မရခင်အထိ သူ့အကြောင်းများများ ထုတ်ပြော၍ မဖြစ်သေးပေ။
လုကျိုးက ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “ ငါ မင်းနဲ့ လိုက်ခဲ့မယ် ”
ရှောင်ယွမ်အာ “ ….”
သူမက ရှစ်စွင်း၏ အတွေးများကို နားမလည်တော့ပေ။ ရှစ်စွင်းက ဒီလိုလုပ်ဖို့ လိုလို့လား။ သို့သော်လည်း သူမက ရှစ်စွင်း လုပ်သမျှအားလုံး သူ့အကြောင်းအရင်းနှင့်သူ ရှိမည်မှန်း သိထားသည်။ ထို့ကြောင့် သူမက မငြင်းဘဲ နာနာခံခံဖြင့် လုကျိုးနောက်မှ လိုက်လာသည်။
“ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါ ”
လုကျိုး၊ ရှောင်ယွမ်အာနှင့် ရှန်လွမ့်ရှိုးတို့က ယွီဟုန်နှင့် သူ့လူများနောက်မှ လိုက်ကာ စံအိမ်မှ ထွက်လာကြသည်။ ထိုစဉ် အိမ်တော်ထိန်းကျိုးနှင့် ဖုန်းဖျင်တို့က လမ်းမလျှောက်နိုင်လောက်အောင် ဒဏ်ရာရထားသောကြောင့် သာမန်ဂိုဏ်းသားများက သယ်လာပေးရသည်။
………………
နေ့လယ်ဘက်တွင် ငရဲဂိုဏ်းက လျန့်စီရင်စု၏ မြို့တော်ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့သည်။
လုကျိုး၊ ရှောင်ယွမ်အာနှင့် ရှန်လွမ့်ရှိုးတို့က လျန့်စီရင်စုတွင် ကျင့်ကြံသူများအတွက် စခန်းချပေးထားရာ နေရာသို့ ပို့ဆောင်ခံလိုက်ရသည်။
ယွီဟုန်က သူတို့နှင့်အတူ လိုက်ပါလာသည်။
စခန်းထဲ၌ လုကျိုးက ဗြဟ္မာပင်လယ်နယ်ပယ်အောက် ကျင့်ကြံသူ အယောက်ငါးဆယ်နီးပါးကို မြင်လိုက်ရသည်။ လုကျိုးနှင့် ရှောင်ယွမ်အာက ထိုလူများကြား ကျင့်ကြံဆင့်အမြင့်ဆုံးထဲ ရှိဟန်ပေါ်သည်။
ယွီဟုန်က သူတို့ကို ကောင်းကောင်းဆက်ဆံသည်မှာ အံ့ဩစရာ မရှိတော့ပေ။
ရှန်လွမ့်ရှိုးအတွက်မူ သူ့ကျင့်ကြံဆင့်သည့်အတွက် သာမန်ဂိုဏ်းသားများက စောင့်ကြပ်ပေးထားသည်။
ယွီဟုန်က လုကျိုးကို ပြောလိုက်သည်။ “ ရက်နည်းနည်းလောက် သည်းခံပေးဖို့ တောင်းဆိုရမှာပဲဗျာ။ ကျုပ်တို့ လျန့်စီရင်စု မြို့ဆယ်မြို့လုံးကို အုပ်စိုးပြီးတာနဲ့ ပြန်လွှတ်ပေးမှာပါ ”
လုကျိုးက မေးလိုက်သည်။
“ငရဲဂိုဏ်းက မော့မြို့ကိုရော အုပ်စိုးနိုင်မှာလား”
ယွီဟုန်က အနည်းငယ် သဘောမကျစွာဖြင့် “ဘာလို့မလုပ်နိုင်ရမှာလဲ။ အမှန်အတိုင်းပြောရရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမသခင်လေးက ကျုပ်တို့ဘက်ကပဲ။ ငရဲဂိုဏ်းက ကမ္ဘာကို အုပ်စိုးနိုင်ဖို့ အချိန်တစ်ခုပဲ ကြာလိမ့်မယ်”
“ ငါ ကြားတာတော့ မော့မြို့ကို ရစ်ပတ်နဂါးအစီအရင်နဲ့ စောင့်ကြပ်ထားတာဆို မင်းတို့ ဘယ်လိုဖြေရှင်းကြမှာလဲ ”
ယွီဟုန်က အံ့အားသင့်သွားသည်။ အကယ်၍ တခြားအချိန်ဆိုပါက သူက ငရဲဂိုဏ်းကို သံသယရှိသူအား ရိုက်နှက်ပြီးလောက်လေပြီ။ သို့သော် ယခု နှစ်ယောက်က ကျင့်ကြံဆင့် မြင့်မားကြသည်။ အထူးသဖြင့် လူအိုကြီးဘေးတွင် ရှိနေသည့် ကောင်မလေး ဖြစ်၏။ ထိုအဆင့်မြင့် ကျင့်ကြံသူများကို စိတ်ကျေနပ်စေသည်က အကောင်းဆုံး ဖြစ်ပေသည်။ ထို့ကြောင့် သူက အပြုံးလေးဖြင့် “ဂိုဏ်းချုပ်နဲ့ သတ္တမသခင်လေးတို့ရဲ့ စွမ်းရည်ကို ယုံတယ်”
သူက ပြောပြီးနောက် လှည့်ထွက်သွားလေသည်။
ယွီဟုန် ထွက်သွားပြီးနောက် တခြားကျင့်ကြံသူများက လုကျိုးနှင့် ရှောင်ယွမ်အာဆီ ရောက်လာကြပြီး လက်မထောင်ပြလိုက်ကြသည်။
“ကျုပ်တော့ အံ့ဩမိပါ့။ ခင်ဗျားက ငရဲဂိုဏ်း နဂါးပြာခန်းမရဲ့ ဒုတိယခေါင်းဆောင်ကို ဒီလိုလေသံနဲ့ ပြောရဲတာပဲ”
“ဆရာကြီး ကျုပ်တို့က အပြင်လူတွေပါ။ ဘာလို့ အဲကိစ္စတွေ မေးနေရတာလဲ။ မီးလောင်ကျွမ်းမခံချင်ရင် သတိထားနော်”
“ဟုတ်တယ် … ကျုပ်တို့ ဒီမှာကောင်းကောင်းစားရတယ်။ သူတို့ကို သူတို့တိုက်ပွဲ တိုက်ပါစေ … ကျုပ်ကတော့ အစာစားနေရရင် ကမ္ဘာကြီး ဘယ်သူ့အပိုင်ဖြစ်ဖြစ် စိတ်မဝင်စားဘူး ”
ကျင့်ကြံသူအများစုက ထိုအကြောင်းအား စိတ်ထဲမထားကြပေ။ ဒီလိုအခြေအနေများအောက် မည်သူကများ ရပ်တည်ရဲမည်နည်း။ မည်သူကများ ငရဲဂိုဏ်းနှင့် ရင်ဆိုင်ရဲမည်နည်း။
လုကျိုးက ထိုအဆင့်နိမ့် ကျင့်ကြံသူများကို လျစ်လျူရှုထားလိုက်သည်။ သူ့ရည်မှန်းချက်က စီးဝူယာ့နှင့် ယွီကျန့်ဟိုင်ကို ဖမ်းဖို့ ဖြစ်၏။ သူက တခြားကိစ္စများကို စိတ်မဝင်စားပေ။ သူက စနစ်ကို ခေါ်ထုတ်လိုက်ပြီး တာဝန်ဇယားကို ကြည့်လိုက်သည်။
ယခင်ကဲ့သို့ ယဲ့ထျန်းရှင်းမှလွဲ၍ ယွီကျန့်ဟိုင်နှင့် စီးဝူယာ့က ပေါ်မလာသေးပေ။ တခြားအဓိကတာဝန် ခြောက်ခုလုံးက သူ့တပည့်များကို ညွှန်ကြားသင်ပြပေးခြင်းသာ ဖြစ်၏။
အနီးအနားတွင် ရပ်နေသည့် ရှန်လွမ့်ရှိုးက ချဉ်စုတ်စုတ် အမူအရာဖြင့် ပြောလာသည်။
“ ဆရာကြီး ကျုပ်တို့သဘောတူညီချက်က … ”
“ငါက အမြဲတမ်း ကတိတည်တယ်”
“ကျေးဇူးပါ ဆရာကြီး” ရှန်လွမ့်ရှိုးက ဦးညွှတ်လိုက်သည်။
လုကျိုးက သူ့ကို ဆက်မကြည့်တော့ပေ။ သူက ရှန်လွမ့်ရှိုးသည် သူနှင့် နီးကပ်စွာနေရင်း သူ့ကာကွယ်မှုလိုချင်နေမှန်း သိပေသည်။ ယခု လျန့်စီရင်စု မြို့ထဲ အန္တရာယ်အသီးသီးက အဘက်ဘက်မှ စိမ့်ဝင်လာနိုင်လေရာ ရှန်လွမ့်ရှိုးက အသက်ပျောက်သွားနိုင်ခြေရှိသည်။
…………………..
နေဝင်ဖျိုးဖျအချိန်တွင် ….
စခန်းတစ်ခုလုံး အသံလှိုင်းများ ပျံ့နှံ့လာသည်။
“တခြားမျိုးနွယ်တွေ ကျူးကျော်လာပြီ။ ဗြဟ္မာပင်လယ်နယ်ပယ်နဲ့အထက် ငရဲဂိုဏ်းက လူတွေ ငါ့နောက်လိုက်ခဲ့ကြ” ယွီဟုန်က စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပျံသန်းသွားလေသည်။ သူ့ပေ ၄၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက တောက်ပနေ၏။
ငရဲဂိုဏ်း ကျင့်ကြံသူများက လေထဲ ချက်ချင်းဆိုသလို ပျံသန်းလာကြသည်။ သူတို့က ယွီဟုန်နောက်မှ မြောက်ဘက်ရှိ မြို့တံတိုင်းဆီ သွားလိုက်ကြသည်။
“တခြားမျိုးနွယ် ကျူးကျော်လာတာလား” ရှန်လွမ့်ရှိုးက တုန်လှုပ်နေဟန်ပေါ်သည်။
ရှောင်ယွမ်အာက လေထဲ ပျံသန်းသွားကြသည့် ကျင့်ကြံသူများကို ကြည့်နေရင်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။ အကယ်၍ အတိတ်ကလိုသာဆိုပါက သူမအနေနှင့် ပွဲကောင်းကောင်း သွားကြည့်ဖို့ ပူဆာမိလိမ့်မည်။ သူမက တိုက်ခိုက်ရေးမြင်ကွင်းများကို သဘောကျသော်လည်း အနည်းငယ် စိုးရိမ်မိသည်။
သူမက ရှစ်စွင်း၏ သတိပေးချက်ကို သတိရလိုက်သည့်အခါ ချက်ချင်း ငြိမ်ကျသွားသည်။ သူမက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ဖြစ်သည့်အပြင် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကိုးယောက်အနက် တစ်ယောက် ဖြစ်သော်လည်း ဒီလိုမြင်ကွင်းမျိုး မမြင်ဖူးပေ။ သူမက လုကျိုးလက်မောင်းကို အသာဆွဲထားလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ဘာမှကြောက်နေဖို့ မလိုဘူး”
သူ့ကို ကြည့်ရတာ တည်ငြိမ်နေပုံ ပေါ်သော်လည်း စိတ်ထဲ၌ မင်ရှစ်ရင်ကိုပါ အတူတူခေါ်လာသင့်ကြောင်း တွေးနေမိသည်။
ဒီကောင်မလေးက အတွေ့အကြုံနုလွန်းသေး၏။
အခြားလူများက တုန်လှုပ်တကြီး ပြောဆိုနေကြသည်။ သူတို့က မြို့တစ်ဖက်ဆီ ပျံသန်းသွားသည့် ကျင့်ကြံသူတစ်ထောင်နီးပါးကို လက်ညှိုးထိုးနေကြသည်။ ဤသည်မှာ ကြီးကျယ်ခမ်းနားဖွယ် မြင်ကွင်းမျိုး ဖြစ်၏။ မြို့တံတိုင်းအထက်တွင် ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။
တစ်ယောက်က သက်ပြင်းချလိုက်သည်။ “ဒါက စစ်ပွဲပဲ ”
သက်ပြင်းချသူများ ရှိသလို တအံ့တဩ ဖြစ်နေသူများလည်း ရှိသည်။ ပြပွဲကောင်းကြိုက်သူများက သဘောကျနေကြသည်။
……………
ထိုစဉ် ငရဲဂိုဏ်းသားများစွာက လျန့်စီရင်စုမြို့တစ်ဖက်ဆီ ပြေးလွှားသွားနေကြသည်။ သူတို့က လမ်းမအထက် ဖြတ်သွားသည့်အခါ လမ်းပင် တုန်ခါသွားလေ၏။ လူများလည်း အထိတ်တလန့် ဖြစ်နေကြသည်။
ဝှစ်
မြို့တံတိုင်းအထက် ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာသည်။
“ပေ ၇၀ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ … ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူ ”
စိတ်ဝိညာဉ်သဏ္ဌာန် အမြင့်က မြို့တံတိုင်းကို ကျော်သွားသည်။ မြို့တံတိုင်းက မြင့်မားကာ ကြီးကျယ်သော်လည်း ပေ ၇၀ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ယှဉ်လိုက်သည့်အခါ မှေးမှိန်သွားသည်။
………..…
“အခြားမျိုးနွယ်တွေ ရောက်လာပြီ”
အခြားသူများက မြောက်ဘက် ဝေဟင်ထဲ လှမ်းကြည့်လိုက်ကြသည်။
ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်ကြီးဘေးတွင် အနက်ရောင်ပုံရိပ်များက ယင်ကောင်များအလား စုဝေးကာ တိုက်ခိုက်နေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက လျန့်စီရင်စု မြို့ဆီ ရွေ့လျားလာ၏။
“သူတို့က ရို့လီကပဲ ”
အကယ်၍ သူတို့က ရို့လီမှ မျိုးနွယ်ဝင်များ ဖြစ်လျှင် လို့လန်မှ တစ်ယောက်ယောက်လည်း ပါလာသည်မှာ ပုံမှန်သာ ဖြစ်၏။
ရှန်လွမ့်ရှိုးက ဘေးပတ်လည်ကို ကြည့်လိုက်ကာ “ဆရာကြီး ငရဲဂိုဏ်းက ကျုပ်တို့ကို ဂရုစိုက်ဖို့ အချိန်မရတော့ဘူး။ ဒါက ကျုပ်တို့ ထွက်ပြေးဖို့ အခွင့်ကောင်းပဲ ”
လုကျိုးက သူ့အား ကြည့်လိုက်ပြီး ဘာမှမပြောပေ။
ထွက်သွားချင်နေပြီ ဖြစ်သည့် ရှန်လွမ့်ရှိုးက သူ့လက်ရှိအခြေအနေဖြင့် သူ့ဘာသာ ထွက်သွားလျှင် အပိုင်းပိုင်း ပြတ်သွားနိုင်သည်။
တစ်ယောက်က ပြောလိုက်သည်။ “ပေ ၇၀ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ … အဲဒါက ငရဲဂိုဏ်းရဲ့ ကာကွယ်သူလေးယောက်ထဲက ဖြစ်ရမယ်။ တိချင်းလား ဒါမှမဟုတ် ယန်းယန်လား ”
“ငါတို့ ဒီကနေ ဘာမှမမြင်ရဘူး”
ဝှစ် ဝှစ် ဝှစ်
လူတချို့က အနီးအနားမှ အဆောက်အဦထိပ်ဆီ ပျံသွားလိုက်ပြီး တချို့က သစ်ပင်ထိပ်ဖျားအထိ တက်ကြည့်နေကြသည်။
…
အခန်း (၄၀၁) ထိုးဖောက်ဝင်ရောက်ခြင်း
ကျန်သည့်မျိုးနွယ်များ ရုတ်တရက်ပေါ်ပေါက်လာမှုသည် ငရဲဂိုဏ်းထဲရှိ ကျင့်ကြံသူများကို အငိုက်မိသွားစေသည်။
မြို့ရိုးထိပ်ပေါ်ရှိ ကျင့်ကြံသူတစ်ထောင်နီးပါးက မြို့ထဲတွင်ခြေကုပ်ရယူရန်ဝင်လာသည့် ရန်သူများကို ဟန့်တားနေလေသည်။ တချိန်တည်းတွင် သူတို့က လေထဲကနေမြို့ထဲကို ကျူးကျော်ဝင်ရောက်ရန်ကြိုးစားနေသော ကျန်သည့်မျိုးနွယ်များကို တိုက်ခိုက်ရန်အတွက် မြို့ရိုးပေါ်၌ အစီအရင်လေးများကို အသက်သွင်းလိုက်၏။
မြေပြင်ပေါ်ရှိစစ်သည်များက မြို့ရိုးနှင့်ဂိတ်များကို အင်အားဖြည့်ပေးနေစဉ် စစ်ကူပေးလျက် အင်အားဖြည့်တင်းကာ မြို့ရိုးပေါ်ရှိကျင့်ကြံသူများကို ကုသပေးနေလေ၏။
ကျင့်ကြံသူများကြားထဲရှိတိုက်ပွဲက ပြီးခါနီးသည့်အချိန်တွင် စစ်မြေပြင်ကို တာဝန်ယူရန် သေမျိုးများအတွက် အချိန်ရောက်လာ၏။ တိုင်းပြည်နှစ်ပြည်ရှိ တိုက်ပွဲများကြားထဲတွင် ရှေ့တန်းရှိလူများက ကျင့်ကြံသူများသာဖြစ်၏။ ထိုက တာ့ယန်အင်ပါယာ၏အုတ်မြစ်ပဲ ဖြစ်သည်။ ၎င်းသည် ကျင့်ကြံခြင်းလောကထဲ၌ အခြေခံအကျဆုံး တိုက်ခိုက်ရေးနည်းလမ်းထဲမှ တစ်ခုလည်း ဖြစ်သည်။
သူသည် အပေါ်ကနေကျလာသောကျင့်ကြံသူများကို မြင်တွေ့ချိန်၌ ရှန်လွမ့်ရှိုးက အံ့ဩဆွံ့အသွား၏။ အချိန်အတိုင်းအတာတစ်ခုအထိ သူ ဆွံ့အနေသေးဆဲဖြစ်သည်။ သူက သတ္တိမွေးလျက် မေးလိုက်၏။
“ဆရာကြီး မေးခွန်းတစ်ခုလောက်မေးလို့ရမလား”
“ဘာလဲ” လုကျိုးက မုတ်ဆိတ်သပ်လျက်သူတို့အပေါ်ရှိတိုက်ပွဲကိုလေ့လာလိုက်သည်။
လျန်စီရင်စု၏မြို့စောင့်တပ်များသည် ငရဲဂိုဏ်းကိုရှုံးနိမ့်သွားပြီးနောက် ကျန်သည့်မျိုးနွယ်စုများကို တွန်းလှန်ရန် သူတို့ကိုယ်သူတို့သာအားကိုးနိုင်တော့သည်။ သို့သော် ယင်းက စီးဝူယာ့၏တွက်ချက်မှုအတွင်း၌ ရှိလောက်၏။ သူတို့တွေက ဘာကြောင့် ဒီလောက် စွမ်းအားကင်းမဲ့ပုံ ပေါ်နေရတာလဲ။ တမင်တကာလုပ်နေတာလား။
“ဆရာကြီးက လော့ဂိုဏ်းကလား” ရှန်လွမ့်ရှိုးက နောက်ဆုံးတွင်မေးလိုက်၏။
“ဘာကြောင့်ဒီလိုမေးတာလဲ”
“ဂိုဏ်းသုံးဂိုဏ်းထဲမှာ လော့ဂိုဏ်းက လေးအတတ်မှာအကျွမ်းကျင်ဆုံးပဲ။ အဲ့ဒီဂိုဏ်းထဲမှာ လက်ရွေးစင်လေးသည်တော်တွေ အများကြီးရှိတယ်။ လော့ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ပြိုင်ဖက်ကင်းလေးသည်တော်တစ်ယောက်ပဲ။ သူက ကောင်းကင်ကြုံးတောအုပ်ထဲမှာ မြားတစ်စင်းထဲနဲ့ အဆင့်မြင့်သားရဲတစ်ကောင်ကိုတောင် သတ်ခဲ့သေးတာ” ရှန်လွမ့်ရှိုးက တလေးတစား ပြောလိုက်၏။ သူကြံ့ကြံ့ခံခဲ့သည့်မြားကနေ သူ့ရင်ထဲ၌ အကြောက်တရားများ ရှိနေသေးသည်။
“တမိုးအောက်မှာ မရေမတွက်နိုင်တဲ့ လက်ရွေးစင်လေးသည်တော်တွေအများကြီးရှိတယ်။ လော့ဂိုဏ်းက ပြောပလောက်အောင်မဟုတ်ဘူး” လုကျိုးက စိတ်မပါလက်မပါပြန်ဖြေလိုက်၏။
“…” အချိန်အတိုင်းအတာတစ်ခုအထိ ရှန်လွမ့်ရှိုးက ဆွံ့အသွားတော့သည်။ လုကျိုုး၏မောက်မာထောင်လွှားမှုက နောက်တစ်ဆင့်ကို ရောက်နေပြီဟု သူခံစားမိသည်။ လော့ဂိုဏ်းကတောင် ထည့်ပြောရန်သေးသိမ်လွန်းသည်ဟု သူက တွေးမိနေတာဖြစ်သောကြောင့် ဖြစ်သည်။ သူက သူ့ခံစားချက်ကိုမပြသရဲတာ သဘာဝကျ၏။ ထိုအစား သူမေးလိုက်၏။ “ဆရာကြီး ဝေဟင်ထဲကနေကျန်တဲ့မျိုးနွယ်တွေကို ဘာကြောင့်မပစ်တာလဲ”
ဆိုရလျှင် ရှန်လွမ့်ရှိုးက ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ဦးဖြစ်၏။ ထို့သို့တိုင် သူသည် လုကျိုး၏မြားကို မပိတ်ဆို့နိုင်ပေ။ သူ၏အမြင်တွင် လုကျိုးက အားကုန်သုံးပြီး ကျန်သည်မျိုးနွယ်စု၏ ခေါင်းဆောင်ကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် တိုက်ပွဲ၏အခြေအနေကို များစွားပြောင်းလဲနိုင်လိမ့်မည်။ သူသည် စုတ်ပြတ်သည့်အပေးအယူများစွာ၌ ပါဝင်ခဲ့သော်ငြား တာ့ယန်၏မြေပြင်ပေါ် ကျန်သည့်မျိုးနွယ်စုများကို ခြေမချချင်ပေ။
လုကျိုးသည် မြို့ရိုးပေါ်ကနေ တိုက်ပွဲကိုဆက်လက်လေ့လာနေ၏။ သူက အမေးကို ချက်ချင်းမဖြေပေ။ သူက လှုပ်ရှားခဲ့လျှင် သူ့ကိုယ်သူထုတ်ဖော်မိရာရောက်သွားမည်။ ထိုအချိန်ကျ ယွီကျန့်ဟိုင်နှင့် စီးဝူယာ့ကို မည်ကဲ့သို့ဖမ်းရမည်နည်း။ နောက်ဆုံးတွင် သူက ပြောလိုက်တော့၏။ “ငရဲဂိုဏ်းရဲ့ခွန်အားနဲ့ ကျန်တဲ့မျိုးနွယ်တွေကိုဖြေရှင်းဖို့လုံလောက်မှာပဲ”
“…” ရှန်လွမ့်ရှိုးက ဘာမှမပြောရဲတော့ချေ။
ရှောင်ယွမ်အာသည် လုကျိုး၏လက်မောင်းကိုဖက်တွယ်လိုက်၏။ အစောတုန်းက သူမ၏ စိုးရိမ်ပူပန်မှု အများစု ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမက ယခုသိချင်စိတ်တို့ရှိနေ၏။ သူမက မေးလိုက်သည်။ “ရှစ်စွင်း တပည့် တစ်ချက် သွားကြည့်ချင်တယ်”
လုကျိုးက အတွေးတူညီပေ၏။
“သွားကြမယ်”
နှစ်ယောက်သားက မြို့ရိုးဆီသို့ ကမန်းကတန်းသွားလိုက်သည်။
ရှန်လွမ့်ရှိုးက ထိတ်လန့်သွား၏။ သူက ဘယ်ညာကြည့်လိုက်၏။ စခန်းက လူသူကင်းမဲ့နေလေပြီ။ သူက ကမန်းကတန်းအော်ပြောလိုက်တော့သည်။ “ကျွန်တော်ကိုစောင့်ပါဦး” လက်ရှိတွင် ဘေးအကင်းဆုံးနေရာက ထိုအဘိုးကြီး၏ဘေးတွင်ဖြစ်သည်။
အချိန်ဆွဲမနေဘဲ သူတို့သုံးယောက်က မြို့ရိုး၏အခြေသို့ ရောက်သွားသည်။ အဝေးကနေ သတိမပြုမိသော်ငြား အနီးတွင် မြို့ရိုးများက အင်မတန်မြင့်မား၏။ ထိုနေရာကနေ မြို့ရိုးထိပ်ကို မမြင်ရပေ။
သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် လက်ရွေးစင်များသည် လေထဲတွင်ပျံသန်းနေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့အဖို့မြို့တွင်းကနေ စိတ်ဝင်စားဖွယ်တိုက်ပွဲကို မျက်မြင်တွေ့ရန် မဖြစ်နိုင်လုနီးပါးပင်။
“ဆရာ ... ဆရာကြီး ကျွန်တော့် ... ကျွန်တော့်ကို မမေ့ပါနဲ့ဦး” ရှန်လွမ့်ရှိုးက ပူပန်စွာပြောလိုက်၏။
လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။ သုံးယောက်သားက မြို့ရိုးထိပ်ဆီသို့ပျံသန်းသွား၏။
ဖုန်း ဖုန်း ဖုန်း
ဝှစ် ဝှစ် ဝှစ်
တိုက်ပွဲသံများက သူတို့နားထဲရောက်လာတော့သည်။
သုံးယောက်သားက မြို့ရိုးထိပ်ဆီသို့ဆင်းသက်လိုက်စဉ် သူတို့မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့ဩဆွံ့အသွားလေ၏။ ပေငါးဆယ်ခန့်မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေခုနစ်ဆယ်ခန့်မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်တို့သည် မြို့ရိုးကို ကျော်လွန်လျက် ကျန်သည့်မျိုးနွယ်များနှင့်ရဲစွမ်းသတ္တိရှိရှိ တိုက်ခိုက်နေလေ၏။
မီးငှက်ခန်းမ၏ခေါင်းဆောင်ယန်ယန်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်၏အရွယ်အစားကို လျင်မြန်စွာ မြှင့်တင်နေပြီးနောက် တစ်ဒါဇင်ခန့်ကိုဖယ်ထုတ်လိုက်သည်။
လို့လီမျိုးနွယ်သားများက ပြန်ဆုတ်ကြကာ သွေးအန်ကြလျက် သက်ရောက်မှုကြောင့် နောက်သို့လွင့်သွား၏။
ထိုသို့တိုင် မြေပြင်ပေါ်၌ လို့လီနှင့်လို့လန်မျိုးနွယ်သားများပိုများလာ၏။ လို့လန်သားများသည် သူတို့ ဂါထာများ ရွတ်ဆိုရန် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေကြ၏။ ခရမ်းရောင်စွမ်းအင်က လေထဲရှိ လို့လီမျိုးနွယ်သားများကို ရစ်ဝဲထား၏။
တိုက်ပွဲက ဖရိုဖရဲဖြစ်တော့သည်။
လူတိုင်းက အလုပ်များနေကြလေရာ လုကျိုးနှင့်ကျန်သည့်သူများကို မည်သူမှသတိမပြုမိပေ။
သုံးယောက်သားက ထောင့်တစ်နေရာတွင်ရပ်နေပြီးနောက် အမြင့်တစ်နေရာကနေ ငုံ့ကြည့်လိုက်သည်။
ရှန်လွမ့်ရှိုးက တံတွေးမျိုချလိုက်၏။
“ငရဲဂိုဏ်း၏မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ ယန်ယန်းကတောင် ဒီလောက်အစွမ်းထက်နေတာ တခြားကာကွယ်စောင့်ရှောက်သူတွေဆို ဘယ်လောက်တောင် အစွမ်းထက်မလဲ”
“မင်းက ငရဲဂိုဏ်းနဲ့ရင်းနှီးတယ်လား” လုကျိုးက ရှန်လွမ့်ရှိုးကို တချက်ကြည့်လိုက်သည်။
ရှန်လွမ့်ရှိုးသည် လုကျိုးက သူ့ကိုပစ်ခဲ့သည်ဆိုတာမေ့သွားပုံပေါ်၏။ သူက ပြုံးလျက်ပြောလိုက်၏။
"ငရဲဂိုဏ်းရဲ့ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ပထမဆုံးတပည့်ဆိုတာ လူတိုင်းသိကြတယ်”
ထိုစဉ် အစောတုန်းက သက်ရောက်မှုကနေနောက်လွင့်လာသည့် လို့လီသားများက ပြန်ထလာတာကို လုကျိုးသတိပြုမိလိုက်၏။ သူတို့က ယန်ယန်းကို အုပ်စုဖွဲ့တိုက်ခိုက်ကြတော့သည်။
“လို့လီသားတွေက ခြေမြန်တာပဲ။ သူတို့တွေက ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ တာအိုမကျင့်ကြံဘူး။ သူတို့က ဝံပုလွေရိုင်းတွေကို ကိုးကွယ်ပြီး ဘယ်တော့မှ သူတို့ကိုယ်တိုင် မလှုပ်ရှားဘူး။ သူတို့စိတ်ဝိညာဉ်သဏ္ဌာန်တွေက ဝံပုလွေသဏ္ဌာန်တွေပဲ။ သူတို့မှာ ကိုယ်တိုင်ကုသခြင်းစွမ်းရည်နဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ အရည်အချင်းတွေရှိတယ်” ရှန်လွမ့်ရှိုးက ပြောလိုက်၏။
“ဒါပေမဲ့ လူရိုင်းတွေကတော့ လူရိုင်းတွေပါပဲ။ ပြောရရင် တာ့ယန်က လူမျိုးဆယ့်နှစ်စုကို ခြိမ်းခြောက်နိုင်စွမ်းရှိနေတာ အကြောင်းပြချက်မရှိတာမဟုတ်ဘူးပဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။ "မင်းက တာ့ယန်ကို သိပ်ယုံကြည်ချက်ရှိနေတဲ့ပုံပဲ”
ရှန်လွမ့်ရှိုးက သက်ပြင်းချလိုက်လေ၏။
“ကျုပ်ရဲ့ယုံကြည်ချက်က ဧကရာဇ်ယုံရှုပေါ်မှာ ယုံချင်းအတွက်ကတော့ မေ့လိုက်ပါတော့”
“ပေဖြူလွှာထိပ်မှာရှိတဲ့လူကတောင် မပြောရဲတဲ့စကားလုံးတွေလား”
“လောင်ချန်းပေ့ ပေဖြူလွှာနဲ့ပေနက်လွှာက သူတို့ရဲ့ကျင့်ကြံဆင့်တွေကို အခြေခံပြီး သတ်မှတ်ထားတာမဟုတ်ဘူး။ ပေဖြူလွှာပေါ်က ကျွန်တော့်ရဲ့အဆင့်သတ်မှတ်ချက်က ဘာမှမဟုတ် ပြက်လုံးတစ်ခုပဲ” ရှန်လွမ့်ရှိုးက ပြောလိုက်၏။ သူပြောနေစဉ်၌ သူက ပေနက်လွှာက ပိုပြီးဂုဏ်သိက္ခာရှိသည်ဟု တွေးထင်နေပုံပေါ်သည်။
ပေဖြူလွှာ၏ပထမက ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ဦးမျှသာဖြစ်သည်။
ဝှစ် .....
ထိုစဉ် လို့လီသားများက လေထဲပျံဝဲလာ၏။ ထူးကဲသော စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက မြေပြင်ပေါ်ကနေဝေ့တက်လာတော့သည်။
“ရှစ်စွင်း အဲဒါဘာလဲ” ရှောင်ယွမ်အာက အဝေးရှိကြီးမားသည့် ဝံပုလွေပုံစံ စိတ်ဝိညာဉ်သဏ္ဌာန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန် ... သူ့ရဲ့သွင်ပြင်ကိုအကဲခတ်ဖြတ်ကြည့်ရင် ဒါက ပွင့်ချပ်ခြောက်လွှာဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်လောက်တယ်” ရှန်လွမ့်ရှိုးက သုန်မှုန်သောအမူအရာဖြင့်ပြန်ပြောလိုက်သည်။
ထိုစဉ် ဝံပုလွေဘုရင်က လေထဲသို့သူ့ဖာသာသူခုန်တက်လာ၏။ ယင်းက ပွင့်ချပ်ခြောက်လွှာရှိသော ရွှေကြာကိုလည်ပတ်ပြီးဖူးပွင့်နေသည်။
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။ “သူတို့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က ဘာကြောင့်များ လူပုံသဏ္ဌာန် မဟုတ်ရတာလဲ။ ထူးဆန်းလိုက်တာ သူတို့တွေမှာရွှေကြာရှိတာပဲ”
လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကျင့်ကြံခြင်းက ကျင့်ကြံခြင်းနည်းလမ်းနဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ကျမ်းဂန်တွေပေါ်မူတည်ပြီးတည်ဆောက်ထားတာ။ ကျမ်းဂန်တွေမှာ အမျိုးမျိုးသောဂိုဏ်းတွေရဲ့ သဘောတရားရှုထောင့်တွေပါဝင်တယ်။ အဲ့ဒီသဘောတရားတွေက စိတ်နဲ့စိတ်စွမ်းအားအတွက် လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးတယ်။ ငါ့ရဲ့စိတ်စွမ်းအင်ကို ဓားမော့အဖြစ် ပုံသွင်းချင်တယ်ဆိုရင်ဒါက ဓားမော့ဖြစ်လိမ့်မယ်” သူက ညာလက်ကို မြှောက်ပြီး သူ့လက်ထဲ၌ စွမ်းအင်ဓားမော့ပေါ်လာသည်။
“ဓားတစ်လက်အဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ဓားဖြစ်လိမ့်မယ်” စွမ်းအင်ဓားမော့က စွမ်းအင်ဓားတလက်ဖြစ်သွား၏။ ပြီးနောက် ၎င်းသည် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတော့လက်သီးကျစ်ကျစ်ဆုပ်လိုက်ရာစွမ်းအင်ပျောက်သွားသည်။
“စွမ်းအင်သဏ္ဌာန်တွေကလည်းတူတူပဲ ဒါပေမဲ့ သူတို့ဖွဲ့တည်ပြီးတဲ့နောက်စိတ်ဝိညာဉ်ပုံသဏ္ဌာန်ကို ပြောင်းလဲဖို့က ခက်ခဲသွားပြီ။ ပုံမှန်ဆို ကျင့်ကြံခြင်းရဲ့အစောပိုင်းအဆင့်မှာ ဖွဲ့တည်မှုက တိကျသွားတာ။ ကွန်ဖြူးရှပ်၊ ဗုဒ္ဓနဲ့တာအိုဂိုဏ်းတွေက လွှမ်းမိုးမှုအတွက်တိုက်ခိုက်နေတဲ့အချိန် လူသားကျင့်ကြံမှုက ရွှေခေတ်ကိုရောက်တယ်။ နောက်တော့ နှစ်ပေါင်းသုံးသောင်းကုန်လွန်ခဲ့ပြီး ကျင့်ကြံခြင်းနည်းလမ်းတွေက နည်းလမ်းမျိုးစုံအဖြစ်ကွဲထွက်သွားတာ။ မတူညီတဲ့နည်းလမ်းသုံးခုက စိတ်ဝိညာဉ်သဏ္ဌာန်သုံးမျိုးကို ပေါ်ထွက်လာစေတယ်။ တာ့ယန်လွှမ်းမိုးတာ ခံထားရတဲ့ တခြားမျိုးနွယ်တွေက တာ့ယန်ရဲ့ ကျင့်ကြံခြင်းကို ကျင့်ကြံကြပြီး လူပုံစံစိတ်ဝိညာဉ်တစ်ခုရကြတယ်။ တဖက်မှာတော့ တာ့ယန်လွှမ်းမိုးတာမခံရတဲ့သူတွေက သူတို့ဘိုးဘေးတွေနောက် လိုက်ကြတယ်။ လို့လီသားတွေက ဝံပုလွေဘုရင်ကို ကိုးကွယ်တာကြောင့် သူတို့တွေက ဝံပုလွေသဏ္ဌာန်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တယ်”
“ဪ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
“တင်း ... ရှောင်ယွမ်အာကိုသင်ပြပြီးပါပြီ။ ဆုလာဒ်ကုသိုလ်မှတ်နှစ်ရာ”
ရှန်လွမ့်ရှိုးက လက်သီးဆုပ်လျက်ပြောလိုက်သည်။ "ကျွန်တော်ဉာဏ်အလင်းပွင့်သွားပါပြီ”
ရှောင်ယွမ်အာက ဆက်မေးလိုက်၏။ “ရှစ်စွင်း တကယ်ကြီးသီးခြားမျိုးနွယ်တစ်သောင်း ရှိနေတာလား”
လုကျိုးသည် ထိုအကြောင်းအရာနှင့်သိပ်မရင်းနှီးပေ။ သူက ယေဘုယျအဖြေတစ်ခုသာပေးနိုင်၏။
သို့သော် သူ့အဖို့အံ့ဩသွားရသည်က ရှန်လွမ့်ရှိုးသည် အပြုံးတစ်ပွင့်ဖြင့်ဝင်ဖြေ၏။
“တကယ်ပဲ စာအုပ်ထဲမှာ တခြားမျိုးနွယ်တစ်သောင်းကို မှတ်တမ်းတင်ထားတယ်။ လျန်ခရိုင်ရဲ့မြို့တစ်ခုတည်းမှာတင် တာ့ယန်နဲ့မတူညီတဲ့စကားကိုပြောတဲ့ တခြားမျိုးနွယ်တွေ ရှိတယ်။ လုံရှီးနဲ့လုံပေ့က မပါသေးဘူး။ ဒီနှစ်တွေမှာ စစ်ပွဲတွေဖြစ်လာတာနဲ့အမျှ လက်ရှိအခြေအနေကို ဦးတည်လာတာပဲ”
“တာ့ယန်လောက်အံ့ဩဖို့ကောင်းလား”
“အဲ့လိုပြောရလောက်အောင်အထိတော့မဟုတ်သေးဘူး” ရှန်လွမ့်ရှိုးက ပြန်ပြောလိုက်၏။
ရှောင်ယွမ်အာသည် လေထဲရှိဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုလက်ညှိုးထိုးပြကာ မေးလိုက်တော့သည်။ “ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ ဘာကြောင့်များ ရွှေကြာတစ်ပွင့် ရှိနေရတာလဲ။ ဒီလိုသာဆိုရင် သူတို့က တာ့ယန်ရဲ့လျို့ဝှက်ကျင့်စဉ်နည်းလမ်းတွေကို သင်ယူခဲ့တာမဟုတ်ရင် ...”
“အမ်း...” ရှန်လွမ့်ရှိုးသည် မေးခွန်းကြောင့် နင်သွား၏။ ထိုကိစ္စကို သူ ယခင်က တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
“ရှစ်စွင်း အဲဒါဘာကြောင့်လဲ” ရှောင်ယွမ်အာက ဒီနေ့မေးခွန်းတွေ သိပ်မေးလွန်းနေသလိုပဲ။
လုကျိုး၏အမူအရာက တည်ငြိမ်နေ၏။ ကံကောင်းသည်မှာ သူ၏ရင့်ရော်သောမျက်နှာပေါ်ရှိ အရေပြားက လုံလောက်အောင်ထူပြီးဖြစ်သည်။ သူ၏အတွေးကို မည်သူမှမဖတ်နိုင်။ သို့သော် သူသည်လည်း ထူးဆန်းသည်ဟုခံစားမိသည်။ ကျိထျန်းတောက်၏ ကြွယ်ဝသော အတွေ့အကြုံဖြင့်တောင် သူ့မှတ်ဉာဏ်ထဲတွင် အဖြေမရှိပေ။
ကွန်ဖြူးရှပ်၊ ဗုဒ္ဓနဲ့တာအိုဂိုဏ်းကျင့်ကြံခြင်းတွေသာဆိုလျှင် အတွေးက ဝိညာဉ်နှင့် စိတ်စွမ်းအားကို ထောက်ပံ့ပေးကာ စိတ်ဝိညာဉ်သဏ္ဌာန်ကိုဆုံးဖြတ်ပေးမည်။ ကျန်သည့်မျိုးနွယ်များက ထိုသီအိုရီကို နားမလည်နိုင်လျှင် သူတို့က အဘယ်ကြောင့် ရွှေကြာဖွဲ့တည်နိုင်သနည်း။ ၎င်းကို မည်သူရှင်းပြနိုင်မည်နည်း။
လုကျိုးက နောက်ဆုံးတွင် မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့၏။
“ဖြစ်နိုင်တာက ထောက်ပံ့ရေးနည်းလမ်းလိုအပ်တဲ့ လူသားနဲ့တိရိစ္ဆာန်တွေလိုပဲ သူတို့က အခြေခံအားဖြင့် တူတူပဲ” ရှောင်ယွမ်အာသည် ခေါင်းကုတ်နေသည်မှာ ထိုစကားကို နားမလည်ကြောင်း ပြသနေလေ၏။
ထိုစဉ် ပွင့်ချပ်ခြောက်လွှာ ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်က ယန်ယန်း၏စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ဦးတည်လာ၏။
ဖုန်း
စိတ်ဝိညာဉ်သဏ္ဌာန်များက လေထဲတွင်ဖရိုဖရဲစီးဆင်းသွားပြီး သန်မာသော လေပြင်းက တိုက်ခတ်လာသည်။ တိုက်ပွဲနှင့်နီးကပ်လွန်းသည့်လူတိုင်းက လေပြင်းကြောင့် လွင့်လာ၏။
“ကာကွယ်စောင့်ရှောက်သူယန်ယန်း ကျုပ် ကူညီမယ်” ယွီဟုန်သည် သူ၏ ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ယန်ယန်းဆီသို့ သွားလိုက်၏။
ယခု နှစ်ယောက်နှင့် တစ်ယောက် ဖြစ်သွားသည်။ လို့လီလက်ရွေးစဉ်သည် တိုက်ပွဲကျလာသည်နှင့်အမျှ ပိုပြီး ရဲစွမ်းသတ္တိရှိလာ၏။ သူ့နောက်ရှိ လို့လန်မျိုးနွယ်သား ရာချီရှိသည်။ သူတို့က သူ့ကို စုန်းဂါထာများဖြင့် ပံ့ပိုးပေးနေသည်။
“နာလိုက်တာ” ရှောင်ယွမ်အာသည် ဂါထာများကိုမြင်သောအခါ သူမခြေဆောင့်နင်းလိုက်မိ၏။ သူမသည် စစ်မြေပြင်ထဲဝင်သွားက စုန်းအတတ်ကျင့်ကြံသူများကို သတ်ဖြတ်ချင်သည်။
လုကျိုးကပြောသည်။ “စုန်းအတတ်ကျင့်ကြံသူလေးတွေကို ဂရုစိုက်စရာမလိုဘူး”
မော့လီနှင့် ပါမားတို့ကဲ့သို့မဟာနတ်ဆရာများမရှိဘဲ ထိုပံ့ပိုးရေးဂါထာများသည် တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲပေးနိုင်မှာမဟုတ်ပေ။ ထို့အပြင် ယင်းက လျန်စီရင်စု အရှေ့ဖက်တွင် ဖြစ်သည်။ အစီအရင်ကြီးမရှိ စုန်းအတတ်က ဤဒီနေရာတွင်အစွမ်းမထင်ပေ။
ဖုန်း ဖုန်း ဖုန်း
လို့လီကျင့်ကြံသူသည် သုံးပွဲဆက်တိုက် တိုက်ခိုက်၏။ သူ၏ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က သုံးခုခွဲသွား၏။ တစ်ခုက ယန်ယန်းကိုခုန်အုပ်စဉ်နောက်တစ်ခုက ယွီဟုန်ကိုခုန်အုပ်၏။
ယန်ယန်းက အမြန်နောက်ဆုတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မြို့ရိုးဆီရွေ့လိုက်၏။
ယွီဟုန်သည် ပွင့်ချပ်လေးလွှာကျင့်ကြံသူတစ်ဦးဖြစ်သည်။ ပြင်းထန်သောထိုးနှက်ချက်ဖြင့် အရိုက်ခံရပြီးနောက် နောက်သို့ဆုတ်သွား၏။ လမ်းတဝက်တွင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်လိုက်သည်။
“အဲ့ဒီလို့လီလက်ရွေးစင်က အစွမ်းထက်လိုက်တာ” ရှောင်ယွမ်အာက ထိတ်လန့်သွားတော့သည်။ သူမသည် စစ်မြေပြင်ထဲ ဝင်ရောက်သွားကာ ချက်ချင်းတိုက်ခိုက်လိုစိတ်ပေါ်လာ၏။ သူမက ရှစ်စွင်းလက်ကို အမြန်ဖက်တွယ်ထားလိုက်သည်။
“ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်မှာကြီးမားတဲ့ပေါက်ကွဲစွမ်းအားရှိပြီး အံ့ဩဖွယ် ကောင်းလောက် အောင် တိုက်ခိုက်နိုင်တယ်။ ယန်ယန်းက ဒီတိုက်ပွဲမတိုင်ခင် သူ့စွမ်းအားသုံးစွဲတာ များလွန်းတာပဲဖြစ်ရမယ်။ မျှတတဲ့တိုက်ပွဲဆိုရင် ယန်ယန်းက ရှုံးမှာမဟုတ်ဘူး” လုကျိုးက ပြော၏။
“ဪ” ပြဿနာက ကမ္ဘာပေါ်၌ မျှတမှုမရှိတာပဲဖြစ်သည်။
မြို့ရိုးပေါ်၌ လေးသည်တော်များသည် စွမ်းအင်မြားများကို ပစ်ခတ်လျက် ပျံသန်းနေသော ကျန်သည့် မျိုးနွယ်သားများကို မြားများဖြင့်ပစ်ခွင်းနေတော့သည်။
ထိုစဉ် ကျင့်ကြံသူတစ်ဦးက မြို့ရိုးပေါ်ပျံသန်းလာလျက် ကျယ်လောင်စွာကြေညာလိုက်သည်။
“ဆိုးတာပဲ။ စတုတ္ထမင်းသားက တောင်ဖက်ကနေတန်ပြန်တိုက်ခိုက်နေပြီ”
ယန်ယန်းက လေထဲပျံဝဲနေသေးဆဲဖြစ်သည်။ မြို့ရိုးက ကြီးမားလွန်းနေသည်။ မည်သူကြေညာမှန်းတောင် သူမသိရပေ။ လူထူထပ်နေသော မြို့ရိုးပေါ်ရပ်နေသည့် လုကျိုးနှင့် ကျန်သည့်သူများကို မြင်ရန်လည်းမဖြစ်နိုင်ပေ။
ယန်ယန်းက ပြောလိုက်၏။ “လျှိုပင်းက တခြားမျိုးနွယ်တွေနဲ့ပေါင်းလိုက်တာပဲ။ သတ္တမသခင်လေးကို အကြောင်းကြား”
“နားလည်ပါပြီ”
ငရဲဂိုဏ်းသည် ချက်ချင်းပင်ကြိုတင်သတိထားမှုပြုလိုက်၏။ သူတို့တွေက နှစ်ဖက်ညှပ်တိုက်ခိုက်ခံနေရလေပြီ။
ယခုအချိန်တွင် မြို့ရိုးနှင့်အစီအရင်၏အကာကွယ်ကိုသာအားကိုးနိုင်သည်။ လောစရာမလိုတော့ပေ။ သို့သော် ဤအတိုင်းဆက်ဖြစ်နေပါက ငရဲဂိုဏ်းသည်အရေးနိမ့်သွားပေလိမ့်မည်။
စီးဝူယာ့က ဘာတွေလုပ်နေတာလဲ။
…
အခန်း(၄၀၂) ယွီကျန့်ဟိုင်က ကစားပွဲကို ပြောင်းပြန်လှန်နိုင်တယ်
သစ်ပင်များပေါ်မှ ကျင့်ကြံသူများက ဝံပုလွေဘုရင်ကို စိုက်ကြည့်နေကြသည်။
တစ်ယောက်က ကျိန်ဆဲလိုက်၏ “ တခြားမျိုးနွယ်စုတွေက အနိုင်ကျင့်တဲ့သူတွေချည်းပဲ။ သူတို့က စက်ဆုပ်စရာကောင်းတယ်။ ငရဲဂိုဏ်းက မိစ္ဆာလမ်းစဉ်ကဆိုပေမဲ့ တခြားမျိုးနွယ်စုတွေကို ဆန့်ကျင်ဖို့ သိတတ်သေးတယ်။ စတုတ္ထမင်းသား လျိုပင်းက တခြားမျိုးနွယ်စုတွေနဲ့ ပေါင်းဖို့ ဘယ်လိုများတွေးမိတာလဲ ”
“သူတို့က ဘာလို့ အစီအရင် အသက်မသွင်းသေးတာလဲ”
“ သူတို့ မလုပ်နိုင်သေးဘူး။ ငရဲဂိုဏ်းက မြို့ကို အလွယ်လေး အုပ်စိုးနိုင်တာက အစီအရင်အားလုံး အသက်မဝင်တော့လို့ပဲ။ တကယ်လို့ စတုတ္ထမင်းသားရဲ့ စစ်သူကြီးခြောက်ယောက်သာ ဒီမှာရှိနေရင် ငရဲဂိုဏ်းတော့ ဒုက္ခရောက်သွားနိုင်တယ်”
သူတို့က ဆက်ဆွေးနွေးလိုက်ကြသည်။ သူတို့ထဲ အားအကောင်းဆုံးက ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအဆင့်သာ ရှိသေး၏။ သူတို့က ဘာအကူအညီမှ မဖြစ်ပေ။ အလွန်ဆုံး သူတို့အနေနှင့် တိုက်ပွဲ အဆုံးသတ်ခါနီးအခါမှ ပါမွှားလေးများကို ကူညီသုတ်သင်နိုင်လိမ့်မည်။
ယန်ယန်းက လေထဲတွင် ပျံဝဲနေသည်။ သူ့ရှေ့ရှိ ရို့လီ လက်ရွေးစင်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုစဉ် ယွီဟုန်က ယခင်လောက် စိတ်ဓာတ်မတက်ကြွတော့ပေ။ လေထဲ ပေါက်ကွဲသံအကျယ်ကြီး ထွက်လာပြီးနောက် သူက လွင့်စဉ်သွားကာ မြို့တံတိုင်းနှင့် ထိမှန်သွားလေသည်။
မြို့တံတိုင်းက ပျက်စီးသွားသော်လည်း အလွန်ကျစ်လျစ်နေသောကြောင့် ပြိုကျမသွားပေ။
ယွီဟုန်က မြေပေါ် ပြုတ်ကျလာသည်။ သူက လက်တစ်ဖက်တည်းဖြင့် ထိန်းထားလိုက်ပြီးနောက် သွေးတစ်ပွက် အန်လိုက်ရလေသည်။
ငရဲဂိုဏ်းက ယခု ဆုံးရှုံးမှု ကြုံတွေ့နေရ၏။ သူတို့ပြိုင်ဘက်များလည်း အခြေအနေ မကောင်းကြပေ။ နှစ်ဖက်လုံးက အတူတူသာ ဖြစ်၏။
ယန်ယန်းက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ “ ဟာလော့ … ရို့လီက လူတွေက တာ့ယန်ကို အမြဲတမ်း ခယနေရတာ။ မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား”
သူ့မိုးခြိမ်းသံလို အသံကျယ်ကြီးက မြို့တံတိုင်းနှင့် မြို့ထဲအထိ ပျံ့နှံ့သွားလေသည်။
ရို့လီ လက်ရွေးစင် ဟာလော့က မနီးမဝေး လေထဲတွင် ဝဲပျံနေသည်။ သူက လက်ပိုက်ထားကာ မကျေမနပ် ပြောလိုက်၏ “ မင်းတို့လူတွေရဲ့ စကားကို ပြန်သုံးမနေနဲ့။ အရင်လို မဟုတ်တော့ဘူး။ ပြောင်းသွားပြီ ”
“တာ့ယန်က အားနည်းတယ်များ ထင်နေလား” ယန်ယန်းက မေးလိုက်သည်။ အကယ်၍ တာ့ယန်သာ အမှန်တကယ် အားနည်းလျှင် ငရဲဂိုဏ်းက အုပ်စိုးပြီးလောက်လေပြီ။
သူတို့က တခြားမျိုးနွယ်များ ဝင်ပါလာအောင်အထိ အဘယ်ကြောင့် စောင့်နေရမည်နည်း။
“ လျိုပင်းက ငါတို့သာ မင်းတို့ငရဲဂိုဏ်းကို ရှင်းထုတ်နိုင်ရင် လျန့်စီရင်စုရဲ့ မြို့ဆယ်မြို့ထဲက သုံးမြို့ကို ပေးမယ်လို့ ကတိပေးထားပြီးသား ” ဟာလော့က ပြန်ဖြေလိုက်သည်။
တခြားနည်းဖြင့်ဆိုရလျှင် ငရဲဂိုဏ်းက ဒီထက် ပိုကောင်းတာ ကမ်းလှမ်းနိုင်လားဟူ၍ ဖြစ်၏။
ကမ္ဘာထဲ ထာဝရရန်သူလိုမျိုး အရာ မရှိပေ။ အကျိုးမြတ်အပေါ်သာ အားလုံး အခြေခံထားလေသည်။
ဟာလော့၏ စကားများအတိုင်း ငရဲဂိုဏ်းကသာ သူတို့ကို မြို့လေးမြို့နှင့်အထက် ပေးအပ်လာမည်ဆိုလျှင် တခြားမျိုးနွယ်စုများက လျိုပင်းကို တုံ့ဆိုင်းခြင်းမရှိ ဆန့်ကျင်ကြလိမ့်မည် ဖြစ်၏။
လုကျိုးက ထိုစကားကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိသည်။ လျိုပင်းက နယ်စပ်တွင် နှစ်များစွာ နေထိုင်ခဲ့သူ ဖြစ်ရာ ဒီလိုမျိုး အရှက်ရာဖွယ် လုပ်ရပ်မျိုး အဘယ်ကြောင့် လုပ်ရသနည်း။
နယ်စပ်တွင် နေထိုင်ကြသူများသာ နယ်မြေ တစ်လက်မလောက် ရဖို့ မည်မျှခက်ခဲကြောင်း အမှန်တကယ် နားလည်ကြလေသည်။ တာ့ယန် ပိုင်နက်အားလုံးက စစ်သည်တော်များစွာ၏ သွေးဖြင့် ဖြစ်တည်လာခြင်း ဖြစ်၏။
သူတို့က ဒီလိုအလွယ်တကူ ပေးပစ်နိုင်တယ်လား …
“ ဒါပေမဲ့ မင်းတို့က ငရဲဂိုဏ်းနဲ့ ဆန့်ကျင်လိုက်တာပဲ ” ယန်ယန်း၏ အသံက အားကောင်းလှသည်။
“ယန်ယန်း … ငါတို့တွေ အနောက်ပိုင်း ကျတ်တီးနယ်မြေထဲကနေ အခုလျန့်စီရင်စု မြို့ထဲအထိ သုံးရက်သုံးညလုံး တိုက်ခိုက်လာကြတာ။ မင်းက အရည်အချင်း ရှိပါတယ်။ တကယ်လို့ မင်းအတွက် ဘာကောင်းမှန်း သိရင် နာနာခံခံ လက်လျော့လိုက်သင့်တယ်” ဟာလော့၏ အသံလှိုင်းက ထွက်ပေါ်လာသည်။
လို့လန် ကျင့်ကြံသူအရေအတွက်တချို့က လေထဲ ပျံဝဲကာ စုဝေးလာကြသည်။ သူတို့အားလုံးက ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့အုပ်စုထဲ သေမျိုး မရှိပေ။ သူတို့က အယောက် နှစ်ထောင်ကျော် ပါဝင်လေသည်။
ငရဲဂိုဏ်းဘက်တွင် ကျင့်ကြံသူအယောက် တစ်ထောင်မျှသာ ရှိလေသည်။
ရို့လီနှင့် လို့လန်တို့ဘက်မှ လူများက အရေအတွက်အားဖြင့် အရေးသာနေသည်။
ဝုန်း
ဝုန်း
စိတ်ဝိညာဉ်သဏ္ဌာန်အချင်းချင်း ထိပ်တိုက်တွေ့သံက အရှေ့ပိုင်း ကောင်းကင်အထက်မှ ပျံ့လွင့်လာသည်။
ကျင့်ကြံသူအားလုံးက လှည့်ကြည့်လိုက်ကြ၏။ တကယ်ကို အလှမ်းဝေးလွန်းလှသည်။ သူတို့က ရွှေရောင်တစွန်းတမျှသာ မြင်ရ၏။
“ လိပ်ကို အိုးထဲ ထည့်ဖမ်းနေတာလား” ရှန်လွမ့်ရှိုးက တီးတိုးပြောလိုက်သည်။ “ဒါမှမဟုတ် အာရုံလွဲတာလား”
“ဘာကိုပြောချင်တာလဲ” ရှောင်ယွမ်အာက ရှန်လွမ့်ရှိုး၏ စကားများကို နားမလည်ပေ။
“ စီးဝူယာ့က ငတုံး မဟုတ်ဘူး။ ယန်ယန်းက ငါးစာသက်သက် ဖြစ်နေနိုင်တယ်။ အချိန်ကျလာတဲ့အခါ ငရဲဂိုဏ်းက အပြည့်အဝ နောက်ဆုတ်လိုက်ကြလိမ့်မယ်။ ဝံပုလွေက အထဲရောက်သွားတာနဲ့ မြို့ကနေ အလွယ်လေး ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး” ရှန်လွမ့်ရှိုးက ပြောလိုက်သည်။
လုကျိုးက ရှန်လွမ့်ရှိုးကို ကြည့်လိုက်သည်။ သူ့သုံးသပ်ချက်များက အဓိပ္ပာယ်ရှိလေသည်။ သူက ရှောင်ယွမ်အာ လက်ကို ကိုင်ထားလိုက်ရင်း “ သွားကြစို့ ”
တခြားမျိုးနွယ်များက ထပ်မံ တိုက်ခိုက်လာကြပြန်သည်။ သူတို့ထဲက တချို့က မြို့တံတိုင်းအထိ ပျံသန်းလာကြ၏။
ထိုစဉ် ယန်ယန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ “နောက်ဆုတ်ကြ ”
လုကျိုး၊ ရှောင်ယွမ်အာနှင့် ရှန်လွမ့်ရှိုးတို့က မြို့တံတိုင်းပေါ်မှ ခုန်ချကာ မြို့အလယ်ထဲ ဦးတည်လိုက်သည်။
အခြေအနေက ပရမ်းပတာ ဖြစ်လွန်းနေ၍ နေရာတိုင်းတွင် ကျင့်ကြံသူများ ရှိနေသည်။
“ရှစ်စွင်း သာမန်လူတွေကရော ” ရှောင်ယွမ်အာက မေးလိုက်သည်။
ရှန်လွမ့်ရှိုးက ခေါင်းခါကာ “စိုးရိမ်နေဖို့ မလိုဘူး။ ငရဲဂိုဏ်း တိုက်ခိုက်မှုရဲ့ ပထမညမှာတင် အများစုက ထွက်ပြေးသွားကြပြီ။ ဒါက သမိုင်းမတိုင်မီ ခေတ်လည်း မဟုတ်ဘူး။ ထွက်ပြေးတာ မြန်မြန်ဆန်ဆန် လုပ်နိုင်တယ်”
“ ကျွန်မတို့ ဒီရောက်လာတော့ လူအများကြီး မမြင်ရတာ မဆန်းတော့ဘူး” ရှောင်ယွမ်အာက ရုတ်ခြည်း သဘောပေါက်သွားလေသည်။
သုံးယောက်သား မြို့အခြေအနေကို အကဲခတ်ရင်း ပျံသန်းလာကြသည်။
မြို့သားအများစုက ထွက်ပြေးသွားကြပြီ ဖြစ်သော်လည်း မြို့ထဲတွင် သေမျိုးများနှင့် ကျင့်ကြံသူများစွာ ကျန်ရှိနေသေး၏။ သူတို့အနား ငရဲပတ်လည်ဝိုင်းနေသည့်အခါတွင်ပင် အိမ်များ၊ အဆောက်အဦးများကို ဖောက်ထွင်းလုယူနေကြဆဲ ဖြစ်သည်။
ရှန်လွမ့်ရှိုးလည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်ပေသည်။
ခေတ်ကာလ မည်သို့ပင်ဖြစ်စေကာမူ ထိုသို့လူများ မပြတ်လပ်ခဲ့ဖူးပေ။
“အရှေ့ဘက်ကို ကြည့်လိုက်ကြ” ရှန်လွမ့်ရှိုးက အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
ပြပွဲကို သစ်ပင်ထိပ်ဖျားမှ ကြည့်နေကြသည့် ကျင့်ကြံသူများက အံ့ဩဖွယ် မြင်ကွင်းကို ကြည့်ဖို့ ရပ်လိုက်ကြသည်။
ပေ ၇၀ မှ ၈၀ အထိ မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ဘေးဘက်ကပ်လျက် ပျံသန်းလာလေသည်။ သူတို့နောက်တွင် စိတ်ဝိညာဉ်သဏ္ဌာန် လက်တစ်ဆုပ်စာ အနီးကပ် လိုက်ပါလာ၏။
“ ငရဲဂိုဏ်းရဲ့ ကျန်ရှိနေတဲ့ ကာကွယ်သူတွေပဲ။ ပြီးတော့ ရထားလုံးပျံလည်း ပါတယ်”
“သွားပြီ … ငရဲဂိုဏ်းက နောက်ဆုတ်နေကြပြီ”
ကျင့်ကြံသူများက သစ်ပင်ပေါ်မှ ခုန်ချကာ အရှေ့ဘက်ဆီ ဦးတည်လိုက်ကြသည်။
လုကျိုးက တောင်ဘက်ဆီ ပျံသန်းနေသည့် ကာကွယ်သူသုံးယောက်ကို ကြည့်လိုက်ရင်း မြေပေါ် ဆင်းသက်လိုက်သည်။ သူတို့ မပျောက်ကွယ်သွားခင် ယန်ယန်းနှင့် ပြန်လည်ဆုံသွားကြသည်။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ .. ဟိုငမိုက်သားက ရန်သူကို မျှားခေါ်လာတာပဲ
အယောက်တစ်ထောင်ကျော် ပါရှိသည့် စစ်တပ်တစ်ခု နောက်ဆုတ်လာသည့်အခါ သေချာပေါက် တစ်ခုခု စီစဉ်ထားမှန်း သိသာလှသည်။
သူတို့က အနောက်ဘက် မြို့တံတိုင်းကို ကြည့်လိုက်ကြ၏။
ရို့လီနှင့် လို့လန်မှ လူများက မြို့ထဲ ဝင်လာကြလေပြီ။ သူတို့က အကြမ်းဖျင်း အယောက် နှစ်ထောင်ဖြင့် ပြုလုပ်ထားသည့် လေးထောင့်အစီအရင်အတွင်း ဖြည်းညှင်းစွာ ပျံသန်းနေကြသည်။ သူတို့က ဒီလိုပျံသန်းနေရသည့် အကြောင်းအရင်းမှာ မြို့ထဲရှိ ထောင်ချောက်များကို သတိထား၍ ဖြစ်သည်။ စုန်းအတတ် ကျင့်ကြံသူများက ရှေ့ဆုံးမှ ပျံသန်းလာကြသည်။ သူတို့က ခရမ်းရောင် အလင်းစက်ဝန်းကို ထုတ်လွှင့်ကာ အနီးဝန်းကျင်မှ အစီအရင်များကို ရှာနေကြသည်။
“သွားကြစို့”
ယခု တိုက်ပွဲက လျိုပင်းနှင့် တခြားမျိုးနွယ်ကြား ဖြစ်၏။
……………..…
“ဒီမှာ” လုကျိုးက မြို့ထဲရှိ အဆောက်အဦးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ သုံးယောက်သား အဆောက်အဦးထဲ ဝင်ရောက်လိုက်ပြီးနောက် တောင်ဘက်မှ တိုက်ပွဲသံများကို ကြားနေရသည်။
ထိုစဉ် ကောင်းကင်စွမ်းအားကို ထုတ်လွှင့်လိုက်၏။
“ငရဲဂိုဏ်းက တောင်ဘက် ဆုတ်သွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် တိုက်ပွဲ ဖြစ်နေတာလဲ” ရှန်လွမ့်ရှိုးက ပြတင်းပေါက်မှ တောင်ဘက်ဆီ လှမ်းကြည့်လိုက်ရင်း ပြောလိုက်သည်။ သူက မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်၏ “တာ့ယန် စစ်တပ်လား”
ပန်းထိုးအဝတ်များ ဝတ်ဆင်ထားပြီး ပန်းရောင်ထီးတစ်လက် ကိုင်ဆောင်ထားသည့် မိန်းကလေးက အကြမ်းပတမ်း တိုက်ပွဲအတွင်း ငရဲဂိုဏ်းနှင့် ရင်ဆိုင်နေသည်။
“အစ်မကျင်းယီလား” ရှောင်ယွမ်အာက ထိုမိန်းကလေးကို မှတ်မိလိုက်သည်။
“ လီကျင်းယီလား” လုကျိုးလည်း လှမ်းကြည့်လိုက်သည်။
ပွင့်ချပ်ခုနှစ်လွှာ အမျိုးသမီး စိတ်ဝိညာဉ်သဏ္ဌာန်အရ လီကျင်းယီ ဖြစ်နေမှန်း သံသယဖြစ်စရာ မလိုတော့ပေ။
ဝေ့ကျိုးယန်က ယီစီရင်စုကို နှိမ်နင်းနေတာ မဟုတ်ဘူးလား … သူက လျန့်စီရင်စုထဲ ဘယ်လိုလုပ် ရောက်လာတာလဲ
လုကျိုးက ကျန့်အိုက်ကျန့်ကို အမှတ်ရသွားသည်။
အဲကောင်လေး … သူက စီးဝူယာကို ဒုက္ခပေးတာလား
တိုက်ပွဲက ပြောင်းပြန်ဖြစ်သွားလေသည်။
“လီကျင်းယီက သူမတစ်ယောက်တည်းဆို ကာကွယ်သူလေးယောက်အတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူး။ အံ့ဖွယ်မြို့တော်က ပွင့်ချပ်ရှစ်လွှာ လက်ရွေးစင်တွေ လွှတ်လိုက်တာပဲ ဖြစ်ရမယ်။ ပြီးသွားပြီ … ငရဲဂိုဏ်းတော့ သွားပြီ” ရှန်လွမ့်ရှိုးက ပြောလိုက်သည်။
တခြားမျိုးနွယ်စုများ၊ လျိုပင်း၊ လီကျင်းယီ…
ငရဲဂိုဏ်းက သုံးဖက်လုံးမှ ဖိအားပေးခံနေရသည်။
တစ်ဖက်တွင် ကာကွယ်သူလေးယောက်လုံးက လေထဲ ပျံနေ၏။
ရှန်လွမ့်ရှိုးက ထိုအရာကို မြင်လိုက်ရသည့်အခါ နှလုံးခုန်မြန်လာမိသည်။ သူ့အတွက် အဆုံးသတ် ဖြစ်ပုံပေါ်သည်။
တစ်မိုးအောက်မှာ အကြီးမြတ်ဆုံး မိစ္ဆာဂိုဏ်းက လျန့်စီရင်စု လက်ထဲ ခြေမွခံလိုက်ရတော့မှာလား …
“ အဲဒါတော့ မသေချာဘူး” လုကျိုးက ခေါင်းခါလိုက်သည်။
“ဆရာကြီးက အဲလို မတွေးဘူးလား”
“တကယ်လို့ ယွီကျန့်ဟိုင်သာ ဒီမှာရှိနေရင် အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်” လုကျိုးက ပြောလိုက်သည်။
ရှန်လွမ့်ရှိုးက မျက်လုံးများ ပြူးကျယ်လာသည်။
လုကျိုး၊ ရှောင်ယွမ်အာနှင့် ရှန်လွမ့်ရှိုးတို့က ငရဲဂိုဏ်း၏ ရထားလုံးပျံကို ပြိုင်တူ ကြည့်လိုက်ကြသည်။
ယွီကျန့်ဟိုင်က ရထားလုံးပျံထဲမှာလား …