အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း (၄၀၆) အစွန့်ပစ်ခံ ဉာဏ်ပညာ
ဤသူမှာ သူ ဖြစ်၏။ သူက မမှားပေ။ လျိုပင်းက ယခု အသက်ရှုဖို့ပင် အခက်တွေ့လာမိပြီး သူ့လေပြွန်ထဲ တစ်ခုခုပိတ်ဆို့နေသလို ခံစားနေရသည်။ သူ မည်မျှကြိုးစားစေကာမူ မဖယ်ရှားနိုင်ပေ။ သူက ဆက်တိုက် တံတွေးသာ မျိုချနေမိသည်။
သူက မင်းသားဖြစ်တော့ရော ဘာအရေးလဲ …
အကယ်၍ သူ့တွင် လျှပ်စီးလို အလျင်ရှိထားလျှင် တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးမိလိမ့်မည်။ သို့သော်လည်း မြားပစ်ချက်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့စိတ်ထဲ ထိုအတွေးက ပယ်ပျောက်သွားလေသည်။
သူ လွတ်မြောက်နိုင်လိမ့်မည်ဟု တွေးမိလျှင် တုံးအလွန်းရာ ကျပေမည်။
ကောင်းကင်က ကြည်လင်နေပြီး နွေးထွေးညင်သာသည့် လေပြည်လေးလည်း တိုက်ခတ်နေသည်။
ဟာလော့က လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားရင်း ဆက်လက် မပျံသန်းနိုင်တော့ဘဲ ဝုန်းခနဲ မြေပေါ်သို့ ပြုတ်ကျလာသည်။
“တင်း ပစ်မှတ်ကို သတ်လိုက်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
လုကျိုးက လေထဲတွင် ကုန်းပေါ်တွင် ရှိနေသည့်အလား အေးဆေး သွားလိုက်ပြီး အမြင့်ကို ပျံသန်းသွားလိုက်သည်။ သူက အတိတ်တုန်းက ရန်သူများစွာကို နှိမ်နင်းခဲ့သည့် အကြီးမြတ်ဆုံး မိစ္ဆာ ကျိထျန်းတောက် ဖြစ်၏။
ရှန်လွမ့်ရှိုးက မြေပေါ် ဒူးထောက်ကာ လုကျိုးအား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေသည်။ လုကျိုးက သူ့စံပြ ဖြစ်၏။ ပေဖြူလွှာ အဆင့်ဇယားတွင် အဆင့်တစ် ဖြစ်ခြင်း၊ ရှန်းလဲ့၊ မင်းသားနှင့် တခြားသူများ ဖြစ်ခြင်းကို ဘာဂရုစိုက်ရမည်နည်း။ အားလုံးက လုကျိုးနှင့် နှိုင်းယှဉ်လိုက်သည့်အခါ မှေးမှိန်ကျသွားသည်။
ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ ယန်ယန်းနှင့် တိချင်းတို့က စွမ်းအားပြည့်လာသလို ခံစားလိုက်ရသည်။ သူတို့က သူတို့ဂိုဏ်းချုပ်၏ ဆရာကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ပေ။ သူတို့က တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြပြီး “ လောင်ချန်းပေ့ကို ဂါရဝပြုနှုတ်ဆက်ပါတယ် ”
လီကျင်းယီက စက္ကူထီးလေးကို ပြန်သိမ်းလိုက်သည်။ သူမက လက်ထဲတွင် သယ်ဆာင်ရင်း ဦးညွှတ်လိုက်၏။ “ လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”
နဂါးပြာခန်းမ၏ ဒုတိယခေါင်းဆောင် ယွီဟုန်က ကောင်းကင်ကို နာကျင်နေသည့် အမူအရာဖြင့် မော့ကြည့်လာသည်။ သူက နေရခက်သလို ခံစားနေမိ၏။ ရှန်လွမ့်ရှိုးနှင့် တူညီစွာ သူ့ယခင်အပြုအမူများကို အမှတ်ရသွားသည့်အခါ သူ့ခံစားချက်များအား ဘယ်လိုပြောပြရမှန်း မသိတော့ပေ။ သူက သူ့ဘာသာ အားတင်းကာ ရပ်လိုက်သည်။
ကျန်ရှိနေသော ငရဲဂိုဏ်းမှ တပည့် ၇၀၀ မှ ၈၀၀ ကလည်း စိတ်ခံစားချက်အပြည့် ဖြစ်လာကြပြီး တစ်ပြိုင်နက် မော့ကြည့်လာကြသည်။ “ လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”
သူတို့အသံများက ကျယ်လောင်ကာ လေးစားမှုအပြည့် ဖြစ်နေသည်။ ထိုလူအိုကြီးက သူတို့ဂိုဏ်းချုပ်၏ ဆရာ ဖြစ်ပေသည်။ ထိုသူအနေဖြင့် သူတို့အား တပည့်၏ တပည့်များအဖြစ် မှတ်ယူနိုင်လေ၏။
စီးဝူယာ့က တောင်ပံဖြန့်လိုက်သည်။ သူက ဟာလော့၏ အလောင်းကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။ ဟာလော့က အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုသွားပြီးသည့်နောက် ပို၍ပင် အံ့အားသင့်သွားလေသည်။
သူ့ရှစ်စွင်းက ဘယ်အချိန်ကတည်းက လေးအတတ်ပညာမှာ ကျွမ်းကျင်သွားတာလဲ …
လုကျိုးက လေထဲ ဝဲပျံနေစဉ် ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့အကြည့်က အကြောက်တရားဖြင့် တုန်တုန်ယင်ယင် ဖြစ်နေသည့် တခြားမျိုးနွယ်စုများထံ ကျရောက်သွားလေသည်။ သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “သူတို့ကို သတ်လိုက် ”
စီးဝူယာ့က ဦးညွှတ်ကာ “ နားလည်ပါပြီ ”
ဤတစ်ကြိမ် မည်သူမှ စီးဝူယာ့နှင့် မယှဉ်ရဲကြတော့ပေ။ ဒီလိုမျိုး စွမ်းအားကြီး တည်ရှိမှုက နောက်ခံပြုထားပေးလေရာ သူ့အား မည်သူက ဆန့်ကျင်ရဲမည်နည်း။
ရို့လီမှ လူရာချီနှင့် စုန်းအတတ် ကျင့်ကြံသူများက လေထဲမှတဆင့် ထွက်ပြေးလိုကြသည်။ သို့သော်လည်း သူတို့၏ ခေါင်းဆောင်ဟာလော့ပင် မြားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေရာ သူတို့အနေနှင့် ထွက်ပြေးရဲဖို့ သတ္တိမရှိကြတော့ပေ။
လုကျိုး၏ ကာကွယ်မှုအောက်တွင် စီးဝူယာ့က သူ့ဒေါင်းမြီးယပ်တောင်ကို ဖြန့်လိုက်သည်။ ထိုစဉ် ဧရာမ ရွှေရောင်မျက်လုံးကြီးက ရို့လီ လူများ၏ ခန္ဓာကိုယ်နှင့် ရင်ဘတ်များဆီ ဖြတ်သန်းသွားလေသည်။
ရို့လီမှ လူများသည် သူတို့၏ ကာကွယ်နိုင်စွမ်းအတွက် လူသိများကြသော်လည်း ကောင်းကင်အဆင့် လက်နက်အောက်တွင် ချက်ချင်း နှစ်ပိုင်း ပြတ်သွားကြသည်။
ငရဲဂိုဏ်း၏ တပည့်များက ကျေနပ်စွာ ကြည့်နေကြသည်။ အစောပိုင်းလေးက သူတို့သည် ရို့လီမှ လူများနှင့် စုန်းအတတ် ကျင့်ကြံသူများ လွှမ်းမိုးမှုအောက် ကျရောက်နေခဲ့ရသည်။ သူတို့က မည်သို့ဒေါသမထွက်ဘဲ နေမည်နည်း။
စုန်းအတတ် ကျင့်ကြံသူများကလည်း စီးဝူယာ့၏ တိုက်ကွက်မှ မလွတ်မြောက်ကြပေ။ သူတို့က တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလိုက်ကြရသည်။ ထိုနေရာတွင် တခြားမျိုးနွယ်စုများ နည်းသထက် နည်းပါးလာသည်။ သူတို့က ယခုပြန့်ကျဲနေသော သဲများလို ဖြစ်နေလေပြီ။ သူတို့တွင် ခုခံပေးမည့် ပညာရှင်လည်း မရှိတော့ပေ။ သူတို့ကြားတွင် ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူ ရှိနေဦးမည်ဆိုလျှင်ပင် သွေးရူးသွေးတန်း တိုက်ခိုက်နေသည့် စီးဝူယာ့အား ရင်ဆိုင်ရန် ခက်လိမ့်မည်။
စီးဝူယာ့က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်သည်။ ပွင့်ချပ်ခြောက်လွှာ ရွှေကြာပန်းက လူအုပ်ကြား ကျယ်ပြန့်လာသည်။ သူ့ရွှေရောင်တောင်ပံ အဝေ့တွင် လျန့်စီရင်စု မြို့နှင့်အတူ အဆောက်အဦးနှစ်တန်းက နှစ်ပိုင်း ခြမ်းခံလိုက်ရသည်။
ဝုန်း ဝုန်း ဝုန်း
လုကျိုးက စနစ်မှ ကုသိုလ်ရမှတ်များကိုသာ အာရုံစိုက်ထားလေသည်။ ပစ်မှတ်တစ်ခုချင်းစီက ဆယ်မှတ်မျှသာ အဖိုးတန်သော်လည်း တခြားမျိုးနွယ်စုဝင် အရေအတွက်များပြားလှသောကြောင့် ကုသိုလ်ရမှတ် အတော်အတန် ရလိုက်သည်။ ထို့နောက် သူက လျိုပင်းဘက် ဖြည်းဖြည်းချင်း လှည့်လာကာ “လျိုပင်း ”
“ဟမ်”
“ မင်းက တခြားမျိုးနွယ်စုနဲ့ ပူးပေါင်းခဲ့တယ်။ ဧကရာဇ်ယုံချင်က ဒါကိုကြားသွားမှာ မစိုးရိမ်ဘူးလား”
လုကျိုးက မေးလိုက်၏။
“အာ … အဲဒါက …” လျိုပင်းက စကားများ ပြောဖို့ အခက်တွေ့နေသည်။ သူက ငိုချင်ချင် ဖြစ်လာမိ၏။
ထိုစဉ် လုကျိုးနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် စစ်သူကြီးခြောက်ယောက်အနက် လေးယောက်က တစ်ပြိုင်နက် ပြောလာသည်။ “လောင်ချန်းပေ့ ….ကျုပ် … ကျုပ်တို့က အရှင့်သားကိုယ်စား တောင်းပန်ချင်ပါတယ်”
လေးယောက်သား ရိုရိုကျိုးကျိုးဖြင့် ရှေ့ထွက်လာသည်။
လုကျိုးက ထိုလေးယောက်အား ကြည့်လိုက်ရင်း “ခွင့်လွတ်ပေးဖို့ တောင်းပန်ချင်တယ်ပေါ့ ”
“လောင်ချန်းပေ့ … အရှင့်သားက နယ်စပ်မှာ တာဝန်ထမ်းဆောင်နေတာ အကြာကြီးပါ။ သူ့ဆီ အထောက်အပံ့ မရှိဘူးဆိုရင်တောင် သူ့အားထုတ်မှုက အဓိပ္ပာယ်တစ်ခုခုတော့ ရှိပါသေးတယ်” ဘယ်ဘက်မှ စစ်သူကြီးက ပြောလိုက်သည်။
“အရှင့်သားက အမြဲတမ်း ကြိုးစားခဲ့ပါတယ် … ပြည်သူတွေက အရှင့်သားကို ချီးကျူးကြပါတယ်”
“အရှင့်သားက ဧကရာဇ်ဆန္ဒကို သယ်ဆောင်ထားသူပါ … သူ ထိန်းချုပ်နိုင်တာထက် ကျော်လွန်နေတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်”
လေးယောက်လုံးက တဖန် ရှေ့တိုးလာပြန်သည်။
လျိုပင်းက မျက်မှောင်ကြုတ်လိုက်သည်။
မင်းတို့ ဘာလုပ်နေတာလဲ …
“စစ်သူကြီးတို့ … ”
အဝေးမှ စစ်သူကြီးက လှည့်မကြည့်လာပေ။ သူက အသံတိုးတိုးဖြင့် “အရှင့်သား ကျွန်တော်တို့ရဲ့ ဖီဆန်မှုအတွက် ခွင့်လွတ်ပေးပါ ”
လေးယောက်သား လုကျိုးထံ ဦးညွှတ်လိုက်ကြသည်။ သူတို့ ဦးညွှတ်လိုက်သည့် လုကျိုးဆီ တစ်ပြိုင်နက် ခုန်ဝင်လိုက်ကြသည်။
“ ဧကရာဇ် ဘုန်းတော်နဲ့ … ”
ဝှစ်
စိတ်ဝိညာဉ်သဏ္ဌာန်လေးခု ပေါ်ထွက်လာကာ စွမ်းအားများက အချင်းချင်း ထိပ်တိုက်တွေ့သွားကြသည်။ အသံလှိုင်းများက နားကွဲလုမတတ် ထွက်ပေါ်နေသည်။
“ရှစ်စွင်း ”
“လောင်ချန်းပေ့”
တခြားလူများက တစ်ပြိုင်နက် ရေရွတ်လိုက်ကြသည်။
ကြည်လင်ထိုးဖောက်လုမတတ် ဖြစ်နေသည့် စွမ်းအားဆီမှ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်များ ထွက်ပေါ်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန် လေးခုက အသက်ကို စတေးထားသည့်အလား စုဝေးနေကြသည်။
လုကျိုးက ပြစ်ချက်ကင်း ကတ်ကို ထုတ်သုံးလိုက်သည်။ ထိုစဉ် သူ့အား ကာရံပေးနေသည့် ရွှေရောင်ဗုဒ္ဓခန္ဓာ ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း
လေထဲတွင် နားကွဲလုမတတ် ပေါက်ကွဲသံကြီး လေးသံ ထွက်ပေါ်လာသည်။ အကြောင်းမှာ စိတ်ဝိညာဉ်သဏ္ဌာန် လေးခုက ဗုဒ္ဓရွှေခန္ဓာနှင့် ဝင်တိုက်လိုက်၍ ဖြစ်သည်။
စစ်သူကြီးများက လွင့်ထွက်သွားပြီး သွေးအန်လိုက်ရသည်။
လျိုပင်းက အသိကပ်လာသည့်အခါ အော်ပြောလိုက်၏ “ခင်ဗျားတို့ စိတ်လွတ်သွားပြီလား။ ဘာလုပ်နေတယ်များ ထင်နေလဲ ”
ကျန်ရှိနေသည့် စစ်သူကြီးနှစ်ယောက်က လျိုပင်းအား တားလိုက်ကြသည် “သူတို့က အစကတည်းက အရှင်ရဲ့ လူတွေပါ။ အရှင့်သား ဒေါသကို ထိန်းပါဦး”
ထိုစကားများသည် လျိုပင်းအား ချက်ချင်း အသိဝင်သွားစေသည်။ ထိုစစ်သူကြီးလေးယောက်က အစကတည်းက ဧကရာဇ်၏ လူများ ဖြစ်ကြလေသည်။ သူက သူ့ဘေးမှ စစ်သူကြီးနှစ်ယောက်ကိုသာ ယုံကြည်ခဲ့သည်။
တခြား သူ ယုံကြည်ခဲ့သည့် လူများမှာ အနောက်ကုန်းမြေကို ကာကွယ်ရင်း နယ်စပ်တိုက်ပွဲအတွင်း သေဆုံးသွားကြလေပြီ။ ထိုလေးယောက်က သူ့အဖေ စကားကိုသာ နာခံသူများ ဖြစ်ကြသည်။ ထို့အပြင် သူ့အား အံ့အားအသင့်သွားစေဆုံးအရာမှာ လုကျိုးက စစ်သူကြီးလေးယောက်လုံး၏ ရုတ်တရက် တိုက်ခိုက်မှုကို တည်တည်ငြိမ်ငြိမ် ကျန်ရှိနေခြင်း ဖြစ်၏။
လုကျိုးက အမှန်တကယ် အားကောင်းလွန်းလှသည်။ ထိုလေးယောက်လုံးက အသက်ကို ပဓာနမထားဘဲ လုကျိုးအား တိုကခိုက်ခဲ့၏။ သူတို့၏ တိုက်ကွက်က ဟွားချုံးယန်၊ ယန်ယန်း၊ တိချင်းနှင့် ပိုင်ယွီချင်းတို့ ပူးပေါင်းတိုက်ကွက်ထက် ပို၍ အားကောင်းနေနိုင်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့က ပေတစ်ရာ မြင့်မားသည့် ဗုဒ္ဓရွှေခန္ဓာအား ဘာမှမလုပ်နိုင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း ဆယ်စက္ကန့် ကုန်ဆုံးသွားလေသည်။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။ သူ့အမူအရာအထက် ဒေါသအရိပ်အယောင်စွက်နေသည်။
အကယ်၍ သူ ရိုးရိုးသားသား ပြောရလျှင် ထိုလူများကို ဘယ်လိုသတ်လိုက်ရမှန်း မသိတော့ပေ။ သူ့တစ်ခုတည်းသော ရွေးချယ်မှုက အထွတ်အထိပ်ကတ် ဖြစ်သော်လည်း ဒီလိုအခြေအနေတွင် ထုတ်သုံးလိုက်ရဖို့ နှမြောစရာကောင်းလှသည်။ အကယ်၍ သူက ဟွားချုံးယန်တို့ထံ အပ်ထားလိုက်လျှင် ကုသိုလ်ရမှတ်များဖြင့် ချီးမြင့်ခံရမည် မဟုတ်ချေ။ ဤသည်က သူ့အတွက် ခက်ခဲသော အခြေအနေ ဖြစ်နေသည်။
အားလုံးက မိစ္ဆာအိုကြီးသည် တိုက်ကွက်များကို ခုခံမည့်အစား ကုသိုလ်ရမှတ်များ ရဖို့သာ တွေးနေကြောင်း သိကြမည်မဟုတ်ပေ။
ဝုန်း
အပျက်အစီးများကြား ပုံရိပ်တစ်ခုက အကျိုးအပဲ့များကို ရုတ်ခြည်း တွန်းထုတ်ရင်း ထလာသည်။
ရှန်းလျဲ့က မတ်မတ်ရပ်လာသည်။ တုန်ခါနှုန်းက မီတာတစ်ရာလောက်အထိ ပျံ့နှံ့သွားလေသည်။ အမြောက်စာလိုမျိုး သူက အောက်ဘက်မှ တိုက်ခိုက်လိုက်သည်။ သူက လက်ဝါးပူးကပ်၍ မြောက်လိုက်သည်။ သူ့ဘယ်ဘက် လက်ညိုးနှင့် ညာဘက်လက်ညိုးတို့ဖြင့် ထောင်ထားလိုက်သည်။ သူ့လက်ချောင်းများကြား “စွန့်ပစ်ခံ ဉာဏ်ပညာ” ဟု ရေးသားထားသော အဆောင်တစ်ခု ပါရှိ၏။ ဆိုလိုသည်မှာ စိတ်ထဲရှိ အတွေးများ၊ အနှောင့်အယှက်များအားလုံး ဗလာကျင်းသွားလိမ့်မည်။
ရှန်းလျဲ့၏ အကြည့်များက တောက်ပလာသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းကိုမူ မြင်တွေ့နေရသေးသည်။
လုကျိုးက ငုံ့ကြည့်လိုက်သည်။ သူက လက်ကို ဝေ့လိုက်သည့်အခါ သူ့ခြေထောက်အောက်တွင် အပြာရောင် ကြာပွင့် ပေါ်ထွက်လာပြီး သူ့လက်ချောင်းများကြား အပြာရောင်အလင်းလည်း တောက်ပလာသည်။
ဗလာနတ္ထိမှ အစပြုခြင်း၊ အရာအားလုံးမှ စတင်ခြင်း .. သံသရာထဲတွင် နေထိုင်၍ သင်ယူခြင်း …
“စွန့်ပစ်ခံ ဉာဏ်ပညာ” ဧရာမ လက်ဝါးစည်းတံဆိပ်တစ်ခု ပစ်လွှတ်လိုက်သည့်အခါ “စွန့်ပစ်ခံ ဉာဏ်ပညာ” စာလုံးက တောက်ပလာသည်။
“မဖြစ်နိုင်တာ …” ရှန်းလျဲ့က လုကျိုးဆီ ရောက်တော့မည့်ဆဲဆဲတွင် သူ့လက်ချောင်းများကို “အစွန့်ပစ်ခံ ဉာဏ်ပညာ” ဟူသော လက်ဝါးစည်းတံဆိပ်က ထိုးနှက်ချလိုက်သည်။ သူက တို့ဖူးတုံးကဲ့သို့ အကာအကွယ်မဲ့ ဖြစ်သွားလေသည်။
ဝုန်း
အဇဋာအကျော်အမော်များ ဂိုဏ်း၏ အစွန့်ပစ်ခံ ဉာဏ်ပညာ လက်ဝါးစည်းတံဆိပ်က အသံကျယ်ကြီးနှင့်အတူ မြေပေါ် ကျရောက်လာသည်။
ထိုလက်ဝါးရာကြီးက တခြားလူများအား တုန်လှုပ်သွားစေသည်။
…
အခန်း (၄၀၇) ကောင်းကင်စွမ်းအင်ကို လက်ဗလာဖြင့်ဖျက်ဆီးခြင်း
စီးဝူယာ့သည် ကျန်သည့်မျိုးနွယ်များကို သိမ်းကြုံးဖြတ်တိုက်သွားပြီးနောက် သူက လေထဲတွင် ပျံဝဲလျက် သူ့ရှစ်စွင်း၏စွမ်းရည်နှစ်မျိုးကို ဆက်တိုက်တွေ့လိုက်ရသည်။
ပထမစွမ်းရည်က ရွှေရောင်ဗုဒ္ဓခန္ဓာဖြစ်ပြီး ဒုတိယက စွန့်ပစ်ခံဉာဏ်ပညာပဲ ဖြစ်သည်။
စီးဝူယာ့သည် အတိတ်တုန်းက သတင်းအချက်အလက်များစုဆောင်းခဲ့ချိန် သူ့လူများက ယွင်နန်၏ အထွတ်အမြတ်မြေတွင် ပေတစ်ရာခန့်မြင့်မားသော ရွှေရောင်ဗုဒ္ဓခန္ဓာတစ်ခုကို မြင်တွေ့ခဲ့ကြောင်း သတင်းပို့ခဲ့တာကို ရုတ်တရက်မှတ်မိသွား၏။ ထိုစဉ်က သူသည် မယုံခဲ့ပေ။ ဆိုရလျှင် အဆင့်မြင့်ကိုယ်တော်များသာလျှင် ရွှေရောင်ဗုဒ္ဓခန္ဓာကို ပေတစ်ရာထိရောက်အောင် ကျင့်ကြံနိုင်မှာပဲ ဖြစ်သည်။ သို့သော်ငြား ၎င်းကိုမျက်မြင်တွေ့ပြီးနောက် သူတို့ ပြောနေတာ အမှန်ဖြစ်ကြောင်း သူသဘောပေါက်သွား၏။ လေထဲတွင်ပျံဝဲနေစဉ် သူက လုကျိုးကို ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့လားဆိုတာ မသေချာ။ သို့သော် ဤအခြေအနေထိ ရောက်လာပြီဖြစ်သောကြောင့် သူ့အတိတ်က အမှားများကို ပြန်ကျော့ရန် အခွင့်အရေးတစ်ခု ရှိပင်လျှင် ဖိနှိပ်ရုံသာရှိသည်။
ရှန်လွမ့်ရှိုးကမြေပြင်ပေါ်တွင်နုံးခွေစွာထိုင်နေလေ၏။ သူက ဝေဟင်ထက်ရှိလုကျိုးကိုမော့ကြည့်ကာ လက်ခုပ် စတီးတော့၏။ သူ၏လက်ခုပ်တီးသံက အထီးကျန်ပြီးခြောက်ကပ်ကပ်ဖြစ်နေသော်ငြား လူတိုင်း၏အာရုံစိုက်မှုကို ပြန်ဆွဲခေါ်လိုက်၏။
ငရဲဂိုဏ်းတပည့်များက အသက်ပြင်းပြင်းရှူလိုက်ကြ၏။
လီကျင်းယီက နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်သည်။
ကျန်သည့်သူများသည် လက်ဝါးသဏ္ဌာန်ကို ကြည့်ပြီးနောက် သူတို့ကိုယ်သူတို့ စိတ်တည်ငြိမ်အောင်ထားရန် ခက်ခဲနေတော့၏။
ရှန်းလဲ့သည် အဇ္ဇတအကျော်အမော်များဂိုဏ်း၏တပည့်တစ်ယောက်ဖြစ်၏။ သူသည် ကျင့်ကြံခြင်းလောကတွင် အစောတည်းက သူ့အတွက်အမည်တစ်ခုတည်ဆောက်ခဲ့ပြီးဖြစ်သည်။ သူသည် အဇာဋာအကျော်အမော်များဂိုဏ်း၏ မန္တာန်များ၊ အဆောင်များအကြောင်းကို အများအပြား သိထားသူဖြစ်ပြီး ဗဟုသုတကြွယ်ဝ၏။ သူ၏ဂိုဏ်းထဲတွင် ထူးချွန်ပြောင်မြောက်သော ကျင့်ကြံသူအနည်းစုထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းလောကရှိ ပထမတန်းစား လက်ရွေးစင်တစ်ယောက်ဖြစ်သည်။ စွန့်ပစ်ခံဉာဏ်ရည်သည် သူနာမည်ကျော်ကြားရသည့် ဝှက်ဖဲလည်း ဖြစ်၏။ သူသေမည့်အခိုက်အတန့်တွင်တောင် သူ့ကိုယ်ပိုင်သိုင်းစွမ်းရည်ဖြင့် အသတ်ခံရလိမ့်မည်ဟု မတွေးထင်ခဲ့မိတာဖြစ်လောက်သည်။
ယခုအချိန်တွင် လက်ဝါးရာကိုသာ မြင်တွေ့ရသည်။ ရှန်းလဲ့သည် ဘယ်သူမှမတွေ့ရ အခြေအနေက ထိုတွင်းထဲ၌ မည်သို့ဖြစ်နေကြောင်းမသိရပေ။ ခဏကြာပြီးနောက် အသက်အရိပ်အယောင်ကို မတွေ့တော့တာကို သတိပြုမိသွား၏။
လုကျိုးသည် ကုသိုလ်မှတ်ထောင့်ငါးရာဆုရရှိသည့်အသိပေးသံကိုကြားသိသည့်အခါ သူက မုတ်ဆိတ်သပ်ပြီးခေါင်းညိတ်လိုက်၏။ ပြီးနောက် ဖြည်းဖြည်းချင်းလှည့်ကြည့်ကာ သူ့ကို ယုံကြည်တိုက်ခိုက်ခဲ့သော စစ်သူကြီးလေးဦးကို အေးတိအေးစက်စိုက်ကြည့်လိုက်၏။
စစ်သူကြီးလေးဦး၏သွေးအဆီအနှစ်က ဆူပွက်လာ၏။ သူတို့၏မျက်လုံးထဲထိတ်လန့်မှု အံ့ဩမှုတို့ပြည့်နေတော့သည်။ ရွှေရောင်ဗုဒ္ဓခန္ဓာဖြင့် တွန်းကန်ခံရပြီးနောက် သူတို့အားလုံးဒဏ်ရာအနည်းငယ်ရသွားသည်။
လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ထူးကဲစွမ်းအားကိုသုံးထားသည်။ သူသည် လို့လီမှ ပွင့်ချပ်ခြောက်လွှာလက်ရွေးစင် ဟာလော့ကို သတ်ဖြတ်ရန်ထိုမျှဖြင့် စွမ်းအင် သုံးပုံတစ်ပုံအသုံးပြုခဲ့ရ၏။ စွန့်ပစ်ခံဉာဏ်ရည်ကိုရွတ်ဆိုနိုင်ခြင်းက စွမ်းအား၏နောက်ထပ် သုံးပုံတစ်ပုံဖြစ်သည်။ အမှန်တကယ်တွင် ဤမျှဖြင့် နီးကပ်သောအကွာအဝေး၌ အသုံးပြုသည့် စွမ်းဆောင်ရည်နှင့်စွမ်းအင်အာနိသင်က ကွဲပြားခြားနားသည်။ ထူးကဲစွမ်းအားက လက်ထဲတွင်ရှိနေသော်ငြား အသုံးပြုနိုင်သည့်ပမာဏက အကန့်အသတ်ဖြစ်သည်။
ဒီစွမ်းအားကို အချိန်အတော်ကြာထိန်းထားနိုင်ရင်ကောင်းမှာပဲ။
လုကျိုးသည် စစ်သူကြီးလေးဦးကိုမည်သို့ဖြေရှင်းရမည်ဆိုတာ အခက်တွေ့နေလေ၏။
ငါ အော်ဟစ်ပြီး သူတို့ကို အသံလှိုင်းနဲ့ဖြေရှင်းလိုက်ရမလား။ သူ့၌ ရွေးချယ်စရာမရှိတော့ပါက အသေရိုက်ချက်ကတ်များကိုသာ ထုတ်သုံးရတော့မည်။
လုကျိုးက စစ်သူကြီးများကို ထူးမခြားနားသာကြည့်နေလေ၏။ စစ်သူကြီးလေးဦးက တစ်စက်မှတောင်မလှုပ်ရဲချေ။
“ရူးနေတာ ... လူတိုင်းရူးနေပြီ” လျှိုပင်းက ရုတ်တရက်ရယ်မောလိုက်၏။ သူ၏မျက်ဝန်းများစိုစွတ်နေသောကြောင့် သူ ရယ်နေတာကိုမြင်တွေ့ရတာခက်ခဲလှသည်။ နယ်စပ်တွင် နှစ်ပေါင်းများစွာစောင့်ကြပ်ပြီးနောက် ဒီနေ့လောက် ရယ်စရာကောင်းတာ မတွေ့ရပေ။
လူတိုင်းသည် လျှိုပင်း၏အမူအကျင့်ကြောင့်ဝေခွဲမရဖြစ်သွား၏။ သို့သော် သူတို့စဉ်းစားပြီးနောက် သူ့ကို အနည်းငယ်နားလည်သွားသည်။ နယ်စပ်တွင် နှစ်ပေါင်းအနည်းငယ်စောင့်ကြပ်ခဲ့သော အားစိုက်ထုတ်မှုတစ်ခုတည်းကပင် ခစားမှုကောင်းတစ်ခုဖြစ်နေခဲ့၏။ ထိုအရာသာမရှိလျှင် သူသည် နယ်စပ်တွင် နေပြီး ကျန်သည့်မျိုးနွယ်စုများကိုထိန်းထားကာ နှစ်ပေါင်းများစွာအခက်အခဲကို ကြံ့ကြံ့ခံခဲ့၏။ သူ၏အဖေအဖို့ သူ့ကို အမြင့်ဆုံးအရေးပါမှုအဖြစ်တွေးထင်ထားတာက ကျိုးကြောင်းသင့်သည်။ သို့သော် သူ့ဖခင်သည် သူ၏လှုပ်ရှားမှုများကို ထိန်းချုပ်ရန် သူ့ထက် စစ်သူကြီးလေးဦးကို ပိုခင်၏။ ဤကိစ္စက အူနှိပ်မတက် ရယ်နေရကြောင်း သူမည်ကဲ့သို့ ရှာမတွေ့ခဲ့ရသနည်း။ နယ်စပ်တွင် နှစ်ပေါင်းများစွာ စောင့်ကြပ်နေချိန်မှသာ သူ၏အရည်အချင်းကြောင့် သူ့ကို မငိုမိအောင်ထိန်းထားစေ၏။ သူ ရယ်မောရန်သာတတ်နိုင်သည်။
“အရှင့်သား” လျှိုပင်း၏လက်အောက်ငယ်သားနှစ်ယောက်က သူ့ရှေ့တွင် နေရာယူလိုက်၏။
စစ်သူကြီးလေးဦးက လျှိုပင်းကိုကြည့်လိုက်သည်။
“ကျွန်တော်တို့ ရွေးချယ်စရာမရှိဘူး” သူတို့ထဲမှ တစ်ယောက်ကပြောသည်။
“ကျွန်တော်မျိုးတို့ကို အမိန့်ပေးထားတာ။ ကျွန်တော်မျိုးတို့သေရမယ်ဆိုရင်တောင် ကြိုးပမ်းရမှာပဲ”
အမှန်တကယ်တွင် စစ်မြေပြင်ကိုတွေ့ကြုံခဲ့ဖူးသည့် ယောက်ျားသားများက သာမန်ကျင့်ကြံသူများနှင့် မတူညီပေ။ သူတို့က အလွယ်တကူမယိမ်းယိုင် သူတို့ပန်းတိုင်ကို မရောက်မချင်း အလွယ်တကူ လက်လျှော့မှာ မဟုတ်ပေ။
“ရှန်းလဲ့တောင် ငါ့တိုက်ကွက်ကို ခံနိုင်ရည်မရှိဘူး။ မင်းတို့က ငါ့ရန်သူဖြစ်နိုင်မယ်လို့ ဘာတွေကများ မင်းတို့ကို တွေးစေတာလဲ” လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်လေ၏။
“…” စစ်သူကြီးလေးယောက်၏အမူအရာကချဉ်တူးသွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။
ထိုစဉ်က စီးဝူယာ့က လက်ဖြန့်လိုက်လေသည်။ သူ့နောက်ကျောရှိအတောင်ပံက ပျောက်ကွယ်သွား၏။ ဒေါင်းတောင်ပံ၏အစိတ်အပိုင်းနှစ်ခုက ပေါင်းစည်းသွားပြီးနောက် သူ့လက်ထဲ ပြန်ရောက်လာသည်။ သူသည် ကောင်းကင်ထဲ ပိုမြင့်မြင့်တက်ပြီးနောက် ပြောလိုက်၏။
“မင်း သေချင်နေလား။ သေချင်တယ်ဆိုရင် မင်းတို့ဆန္ဒကို အမှန်ဖြစ်လာအော င် လုပ်ပေးမယ်”
“…” စစ်သူကြီးလေးဦးက စီးဝူယာ့ကို တစ်ချက်ကြည့်လိုက်၏။ သူတို့၏မျှော်လင့်ချက်များသည် ယခင်ကထက်တောင်ပိုမြန်ဆန်စွာ လွင့်ပြယ်သွားကြောင်း ခံစားပြုမိ၏။ စီးဝူယာ့က သူတို့ထင်ထားသည်ထက် ပိုအစွမ်းထက်သည်။ စီးဝူယာ့က ပွင့်ချပ်ခြောက်လွှာအဆင့်တွင်သာရှိ၏။ စီးဝူယာ့က အစောတုန်းက ရှဲ့လန်ကိုမည်ကဲ့သို့အနိုင်ယူခဲ့သနည်း။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် ဒဏ်ရာရသွားကြ၏။ သူတို့သည် သူတို့အသက်ကို မစွန့်စားလျှင် နောက်ထပ်တိုက်ပွဲဆက်တိုက်နိုင်မှာမဟုတ်ပေ။ စီးဝူယာ့ကသာလျှင် တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ စစ်သူကြီးလေးဦးက ခေါင်းမာပြီး ဆက်တိုက်ခိုက်နေမည်ဆိုလျှင် သူတို့ကံဆိုးမိုးမှောင်ကျမည်မှန်းကောင်းစွာ သိနေ၏။ ကံဆိုးသည်မှာ ပြန်လမ်းမရှိပေ။ သူတို့က လုကျိုးကို အလစ်တိုက်ခိုက်ခဲ့သောကြောင့် သူတို့ပြန်လမ်းမရှိတော့ပေ။
“ငါ ဒါကို လက်မခံနိုင်ဘူး” လုကျိုးသည် ထိတ်လန့်ဖွယ်တိုက်ကွက်များကို ဆက်တိုက် ထုတ်ပြခဲ့တာကို သူတို့မျက်လုံးဖြင့်မြင်ခဲ့ရ၏။ ထိုအဘိုးအို၌ ကနဦးချီမည်မျှ ကျန်မည်နည်း။ စစ်သူကြီးက ခဲရာခဲဆစ်ပြောလိုက်တာသိသာ၏။ သူ၏လေသံက အက်ကွဲနေကာ မယုံနိုင်မှုနှင့် အရှုံးကို ဝန်ခံရမှာတွန့်ဆုတ်စိတ်တို့ပြည့်နေသည်။ မျှော်လင့်ချက်တို့မရှိလျှင် သူ့အသက်ကို စတေးရမည်ဆိုလျှင် ကြိုးစားဦးမှာပဲဖြစ်သည်။
လုကျိုးက ခေါင်းခါလိုက်၏။ “ဪ ... ယုံချင်းရယ် မင်းကို သူတို့ ဒီလောက်သစ္စာရရှိအောင် ဘာတွေများလုပ်ထားခဲ့လဲ”
စစ်သူကြီးလေးဦးသည် သူတို့အသက်ကိုစွန့်စားရန်အသင့်ဖြစ်နေပြီဆိုတာသိသာ၏။ သေခြင်းတရားကို သူတို့၏မိတ်ဆွေဟောင်းပမာ ရှုမြင်ပုံကို ကြည့်ပြီး သူတို့က ဆုံးဖြတ်ချက်ပြတ်သားပြီး သူတို့ခေါင်းမာမှန်း မြင်တွေ့နိုင်ပေ၏။ အလိုလေး ... အားလုံးက မကောင်းတာပဲ။
ဝှစ်
ပွင့်ချပ်ခြောက်လွှာစိတ်ဝိညာဉ်သဏ္ဌာန်က လေထဲတွင်ပေါ်လာပြီးနောက် လုကျိုးဆီတိုးဝင်သွား လေ ၏။
သူတို့ဒဏ်ရာရနေသောကြောင့် သူတို့သည် လုကျိုးကို သူတို့အသက်ကို ပဓာနမထားပဲ တတ်စွမ်းသမျှ အားကုန်သုံးပြီး တိုက်ခိုက်လျှင် အခွင့်အရေးတစ်ခုရှိနိုင်သည်။
ထိုစဉ် လျှိုပင်းက ရုတ်တရက်အရယ်ရပ်သွား၏။ သူက ဆုံးဖြတ်ချက်ချလျက် သူက စစ်သူကြီးလေးဦးကိုလက်ညှိုးထိုးလိုက်သည်။ “ငါ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရန်သူမဖြစ်ချင်ဘူး။ သူတို့ကိုဖြေရှင်း”
တစ်စုံတစ်ခုက သူ့အတွက် ထိုဆုံးဖြတ်ချက်မျိုးချရလောက်အောင် သူ့ကို ပြောင်းလဲစေတာမျိုး ဖြစ်သည်။
စစ်သူကြီးနှစ်ဦးက အနည်းငယ်ထိတ်လန့်သွားလေ၏။ သူတို့က ကူကယ်ရာမဲ့စွာခေါင်းခါလျက် နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။
“နားလည်ပါပြီ”
သူတို့သည် လျှိုပင်းတွင် ကျန်ရှိသည့် ယုံကြည်ရသော လက်အောက်ငယ်သားများသာဖြစ်သည်။ သူ့အမိန့်အောက်၌ နောက်ကစစ်သူကြီးလေးဦးဆီတိုးဝင်သွားသည်။
တစ်ချိန်ထဲတွင် စီးဝူယာ့က သူ၏ဒေါင်းမြီးယပ်ကိုဖြန့်ကျက်လိုက်၏။ ဒေါင်းမြီးယပ်သည် လျင်မြန်စွာလည်ပတ်သွားလျက် စွမ်းအင်အပ်များကိုပစ်ထုတ်သည်။
စစ်သူကြီးလေးဦးသည် ဓားများစွမ်းအင်များကိုထုတ်ဖော်လိုက်တော့သည်။ တိုက်ကွက်က ကောင်းကင်ကို ဖြတ်ကျော်သွားတော၏။
“ဆိုးလိုက်တာ နောက်ဆုတ်ကြ” ဟွားချုံးယန်၏ အမူအရာက သုန်မှုန်သွား၏။
“ဘာဖြစ်လို့လဲ” ပိုင်ယွီချင်းက သူ့ရင်ဘတ်သူဖိလိုက်၏။
“ကနဦးမိစ္ဆာဆေးရည်”
သူတို့သည် ကနဦးမိစ္ဆာဆေးရည်ဟူသောစကားလုံးကိုကြားလိုက်ချိန်တွင် မဟာကာကွယ် စောင့်ရှောက်သူ လေးဦး၏အမူအရာက ရုတ်ခြည်းပြောင်းလဲသွား၏။ သူတို့က အချိန်မဖြုန်းတော့ဘဲ ငရဲဂိုဏ်း၏တပည့်များနှင့်လျင်မြန်စွာနောက်ဆုတ်သွား၏။
ကနဦးချီကဝေ့တက်လာပြီး လျန်စီရင်စုမြို့အထက်ဆီသို့တလိမ့်လိမ့်ဝေ့တက်သွား၏။ ကနဦးမိစ္ဆာ ဆေးရည်၏အာနိသင်သည် ကမ္ဘာကြီး၏ကနဦးချီကို အတင်းအဓမ္မစုပ်ယူပြီး လူတစ်ဦး၏ ကိုယ်ပိုင်စွမ်းရည်ကိုကုန်ဆုံးစေ၏။ ဤနည်းဖြင့် ကနဦးချီကင်းမဲ့သွားချိန်တွင် ကနဦးချီမုန်တိုင်း တစ်ခုကိုဖန်တီးလိမ့်မည်။ သန်မာသောကျင့်ကြံသူများသာလျှင် ထိုမုန်တိုင်းကိုခံနိုင်ရည်ရှိ၏။
ယခင်က ယဲ့ထျန်းရှင်းသည် လုကျိုးက ထိုကဲ့သို့ အခြေအနေမျိုး ထိန်းသိမ်းထားရန် ထိုဆေးရည်မျိုး သုံးစွဲထားသည်ဟု အထင်မှားခဲ့မိတာပဲ ဖြစ်သည်။
လူတိုင်းသည် စစ်သူကြီးလေးဦး၏လက်ထဲတွင် ကနဦးမိစ္ဆာဆေးရည်ကို မြင်တွေ့လိုက်ရချိန်၌ ထိတ်လန့်သွား၏။ ထိုဆေးရည်သည် တာ့ယန်ထဲတွင် တားမြစ်ထား၏။ ထိုသို့တိုင် ဧကရာဇ်ယုံချင်၏ လက်အောက်ငယ်သားများဖြစ်သော စစ်သူကြီးလေးဦးကမူ ထိုဆေးရည်ကို ပိုင်ဆိုင်ထား၏။ ယင်းက မည်သည်ကိုဆိုလိုသနည်း။ သူတို့က တတ်နိုင်သလောက်ဝေးဝေးသို့ နောက်ဆုတ်နေရသောကြောင့် စဉ်းစားရန်အချိန်မရှိပေ။ ကနဦးချီက လေထဲတွင်ဝေ့တက်လာ၏။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်ငြား ဤမုန်တိုင်းထဲကနေ ဆုတ်ခွာဖို့က ပြဿနာမရှိပေ။
ရှောင်ယွမ်အာက ကောင်းကင်ကို အထိတ်တလန့်ကြည့်လိုက်၏။
“ရှစ်စွင်း” ရှန်လွမ့်ရှိုးက ပြန်ထလာလေသည်။ ယခု သူ၏ကျင့်ကြံဆင့်ဆုံးရှုံးသွားပြီဖြစ်လေရာ ထိုမိန်းကလေးကို အားကိုးရုံသာတတ်နိုင်၏။ သူက မျက်လုံးထဲတွင် တောင်းပန်သောအကြည့်ဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီး အံ့ဩဖွယ်စွမ်းဆောင်ရည်တွေပြပါဦး”
ဝေဟင်ထက်၌ လုကျိုးသည် စစ်သူကြီးလေးဦးက သူတို့၏စွမ်းအင်ဗဟိုချက်ကနေ ချီပင်လယ် စွမ်းအားများထုတ်ယူတာမြင်တွေ့လိုက်သောအခါ အနည်းငယ်အံ့ဩသွား၏။ သူ၏ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အထွတ်အထိပ်တွင်သာရှိ၏။ သူက မုန်တိုင်းကို ခံနိုင်ရည်ရှိသည်။ သို့သော် သူတို့တိုက်ခိုက်ကြလျှင် သူက ရွေးချယ်စရာမရှိဘဲ အသုံးပစ္စည်းကတ်များသုံးရလိမ့်မည်။
ဖုန်း ဖုန်း ဖုန်း
ထိုစဉ် စီးဝူယာ့က ကြမ်းတမ်းသော တိုက်ပွဲ၌ စစ်သူကြီးများထဲမှ တစ်ဦးကို ရင်ဆိုင်ခဲ့သည်။ သူ၏ ဥဒေါင်းတောင်ပံက သူ့ကို ပံ့ပိုးပေးနေ၏။ ကောင်းကင်အဆင့်လက်နက်ဖြင့် သူသည် ပွင့်ချပ် ခြောက်လွှာကျင့်ကြံသူတစ်ယောက်ကိုဒဏ်ရာရနေသောကျင့်ကြံသူတစ်ယောက်ကို ထိန်းထားဖို့ ပြဿနာမရှိပေ။
လျှိုပင်း၏ လက်အောက်ငယ်သားများက ကျန်သည့်စစ်သူကြီးနှစ်ယောက်ကိုထိန်းထားသည်။
ကျန်သည့်တစ်ယောက်ကဘယ်မှာလဲ။
ဝှစ်
အပေါ်မှာ
ရွှေရောင်စွမ်းအင်တို့ဖြင့် လွှမ်းခြုံနေသောလူတစ်ယောက်သည် လေထဲသို့ရုတ်တရက် ခုန်တက်လျက် လုကျိုးဆီသို့ တဟုန်ထိုး ဝင်လိုက်၏။
လုကျိုးက လက်တစ်ဖက်ကိုမြှောက်လိုက်သည်။ အမည်မဲ့က သူ့လက်ဖဝါးထဲတွင်ပေါ်လာပြီးနောက် ဒိုင်းအသွင် ပြောင်းလဲသွား၏။ စွမ်းအင်များက ၎င်းကိုရစ်ပတ်ထားတော့သည်။ ကနဦးချီ ပေါက်ကွဲမှုက ဒိုင်းကို ရိုက်ခတ်သွားသည်။ စစ်သူကြီးနှစ်ယောက်က အေးတိအေးစက်ပြောလိုက်၏။
“မင်းက အားနည်းတာပဲ”
သူ့ရှေ့ရှိ လူအိုကြီးသည် မြေပြင်ပေါ်ရှိပုရွက်ဆိတ်များပမာ အင်မတန်အားနည်းလှသည်ဟု သူ အာရုံခံမိ၏။ ထိုအဘိုးအိုကို လက်သီးတစ်ချက်ဖြင့် သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ “မင်းမှာ ကနဦးချီမကျန်တော့ဘူး”
ဝှစ်
စစ်သူကြီး၏စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။
တချိန်တည်းတွင် အပြာရောင်ကြာပွင့်သည် လုကျိုး၏ခြေထောက်အောက်၌ ထပ်ပေါ်လာသည်။ သူသည် သူ၏ပုံရိပ်အပြင်ဖက်၌ အပြာရောင်အလင်းတစ်ခုထုတ်ဖော်ထားပုံပေါ်၏။ သူက လက်ဖဝါးဖြန့်လိုက်ပြီး ဒိုင်းကို ဓားတစ်လက်အသွင်ပြောင်းလိုက်၏။
အမည်မဲ့ပေါ်ရှိ အနက်ရောင်တုံးများက ဝေ့တက်လာပြီးပေါ်လာတော့သည်။ လုကျိုးက အမည်မဲ့ဖြင့် ပိုင်းဖြတ်ချလိုက်သည်။
ဘန်း ...........
အားးးးးးးးးးးးး
စိတ်ဝိညာဉ်သဏ္ဌာန်က ဖြတ်တောက်ခံလိုက်ရ၏။
လုကျိုး၏အသွင်သဏ္ဌာန်က တည်ငြိမ်နေသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ၏လက်ဖဝါးက ကြည်လင်သောအပြာရောင်ရောင်ခြည်ဖြင့်တောက်ပနေတော့သည်။ အလင်းက ဖျော့တော့တော့ လက်သင်္ကေတတစ်ခုကိုဖွဲ့တည်လျက် စစ်သူကြီး၏လည်ပင်းကို မြောက်ဖက်စွန်ရဲက ကြက်တစ်ကောင်ကိုဖမ်းသည့်ပမာဆုပ်ကိုင်ထားလိုက်သည်။
စစ်သူကြီး၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ထိုအိုမင်းရင့်ရော်နေသောလက်ကြောင့် ချေမှုန်းခံလိုက်ရသည်။
“ဖမ်းဆီးခြင်းလက်သင်္ကေတ”
…
အခန်း(၄၀၈) အသက်ကြီးပေမဲ့ အားမာန်ပြည့်နေဆဲ
ကမ္ဘာဦးချီ မုန်တိုင်းက အမြင့်ဆုံး၌ ရုတ်ချည်း ရပ်တန့်သွားလေသည်။
ကမ္ဘာဦးမိစ္ဆာ ဆေးရည်လား …
စစ်သူကြီးတွေရဲ့ ချီပင်လယ်ကို ဖျက်ဆီးလိုက်သရွေ့ ဆေးရည်က ကူနိုင်မှာ မဟုတ်တော့ဘူး …
လုကျိုး လုပ်ဖို့ လိုအပ်သည်ကား စိတ်ဝိညာဉ်သဏ္ဍာန်ကို ဖျက်ဆီးပစ်ဖို့သာ ဖြစ်၏။
လုကျိုး၏ မျက်ဝန်းက အပြာရောင် တောက်လောင်နေသည့်အလား စစ်သူကြီးများကို ကြည့်လိုက်သည်။
စစ်သူကြီး၏ အကြည့်ထဲ အကြောက်တရားများ ပြည့်နှက်လာသည်။ သူက သူ့ရှေ့မှ လူအိုကြီးသည် အသူရာချောက်နက်ထဲမှ တွားသွားထွက်လာသည့် မိစ္ဆာဘုရင်ကြီးနှင့် တူနေကြောင်း သိလိုက်ရသည်။
ဒီလူအိုကြီးက အားနည်းကြောင်း တွေးခဲ့မိသည်မှာ သူ့အတွေးများ မှားယွင်းနေခြင်းသာ ဖြစ်ရမည်။ ထိုနက်နဲပြီး အကုန်သိနေသည့် မျက်ဝန်းက အရာအားလုံးကို ထိုးဖောက်မြင်နိုင်ဟန်ပေါ်သည်။
လုကျိုး၏ လက်က စစ်သူကြီး လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ဤသည်က ဇင်ဂိုဏ်း၏ ဖမ်းဆုပ်လက်ဟန်ကို ဖော်ပြနိုင်သည့် အကောင်းဆုံး လှုပ်ရှားမှု ဖြစ်ပေသည်။ တစ်ဖက်လူက ကမ္ဘာဦးမိစ္ဆာဆေးရည်ကို သောက်သုံးထားသောကြောင့် အားကုန်စေမည့် တိုက်ပွဲမျိုးဖြင့် အဆင်မပြေပေ။ တစ်ဖက်လူကို နှိမ်နင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ တစ်ချက်တည်းနှင့် အပြတ်အနိုင်ပိုင်းလိုက်ဖို့ ဖြစ်၏။
“ ဒါက ကောင်းကင်စွမ်းအားလား ” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ ငါ လက်ဗလာနဲ့ မင်းရဲ့ ကောင်းကင်စွမ်းအားကို ဖျက်ဆီးပြမယ်”
သူက လက်ကို ပို၍ ဆုပ်လိုက်သည့်အခါ အလင်းများ တောက်ပလာသည်။
ဂျွတ်
လုကျိုးက လည်ဂုတ်ကို ချိုးပစ်လိုက်သောကြောင့် စစ်သူကြီး၏ ဦးခေါင်းက လိမ့်ကျလာသည်။
လုကျိုးက လွတ်လိုက်သည့်အခါ စစ်သူကြီးက မြေပေါ် ဘုန်းခနဲ ပြုတ်ကျလာသည်။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
လုကျိုး၏ ခန္ဓာကိုယ်မှ အပြာဖျော့ဖျော့ အလင်းက ပျောက်ကွယ်သွားသည်။ သူက ထူးခြားအံ့ဖွယ်စွမ်းအားကို အကုန်သုံးပြီးသွားလေပြီ။
ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်က ထိုမြင်ကွင်းကို မြင်သည့်အခါ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေကြသည်။ သူတို့က ကန့်သတ်ချက်နား နီးကပ်လာပြီဖြစ်သော လုကျိုး၏ ကျင့်ကြံဆင့်တွင် အားနည်းသွားသည့် အရိပ်အယောင် မမြင်မိပေ။ လုကျိုးက ယခင်ကဲ့သို့ စွမ်းအားကြီးမားနေဆဲသာ ဖြစ်၏။
သူက အသက်ကြီးသော်လည်း အားမာန်ပြည့်နေဆဲ ဖြစ်သည်။
လုကျိုးက လက်နောက်ပစ်ကာ ဘေးပတ်ဝန်းကျင်ရှိ ဆက်လက် ဖြစ်ပွားနေသည့် တိုက်ပွဲကို ကြည့်လိုက်သည်။
လျိုပင်း၏ လက်အောက်ခံများက ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုက်ခိုက်နေကြသည်။ သူတို့က တိုက်ပွဲစတင်တုန်းက ဒဏ်ရာမရခဲ့ကြပေ။
တစ်ဖက်တွင် စီးဝူယာ့က ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဍာန်ကြောင့် ဒဏ်ရာရထားခဲ့သောကြောင့် အနည်းငယ် ခက်ခဲသည့် အနေအထားသို့ ကျရောက်နေလေသည်။
လုကျိုးက ထူးခြားအံ့ဖွယ် စွမ်းအားကို ထုတ်သုံးပြီးသွားပြီ ဖြစ်၏။ အကယ်၍ သူက ဝင်ရောက်ကူညီလိုလျှင်ပင် အသုံးပြုပစ္စည်းကတ်များသာ အသုံးပြုနိုင်လိမ့်မည်။ သို့သော်လည်း သူက ဝင်ပါဖို့ မလိုလိုက်ပေ။
ဝုန်း ဝုန်း ဝုန်း
စီးဝူယာ့က နောက်ဆုတ်လာလိုက်သည်။ သူ့ဒေါင်းမြီးယပ်တောင်က ပြုတ်ကျသွားကာ သူ့နောက်ကျောအထက် တောင်ပံကြီးအဖြစ် ဖွဲ့စည်းလာသည်။ သူက တောင်ပံခတ်လိုက်၏။
ကမ္ဘာဦးမိစ္ဆာဆေးရည်ကို သောက်ထားကြသည့် စစ်သူကြီးနှစ်ယောက်က အားပြည့်နေဆဲ ဖြစ်၏။
“လီကျင်းယီ” လုကျိုးက ပြောလိုက်သည်။
လီကျင်းယီက ထခုန်လုမတတ် လန့်သွားလေသည်။ သူမက အဝေးမှ ဦးညွှတ်လာပြီး “လောင်ချန်းပေ့ … ”
“မင်း ပြပွဲကောင်းကြည့်ချင်လား” လုကျိုးက လီကျင်းယီအား စိုက်ကြည့်လိုက်သည်။
လီကျင်းယီက အနည်းငယ် တုန်သွားကာ “ လောင်ချန်းပေ့ကို ကျွန်မ ရှင်းပြပါ့မယ်။ ကျွန်မက ဒီနေရာဆီ ရှန်းလျဲ့ကို စောင့်ကြည့်ဖို့ လိုက်လာတာပါ။ တကယ်လို့ ရှန်းလျဲ့သာ စောစောစီးစီး တိုက်ခိုက်ခဲ့ရ် ကာကွယ်သူလေးယောက်လုံးက သေနေလောက်ပါပြီ … ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူက လီကျင်းယီအား လှမ်းကြည့်လိုက်ရင်း ပြောလိုက်သည် “ အဲဒါ ကျန်းအိုက်ကျန့်က မင်းကို လုပ်ဆိုပြီး ပြောထားတာလား”
လီကျင်းယီက မလုံမလဲ ပြုံးကာ ခေါင်းအသာညိတ်ပြလိုက်သည်။
“ လောင်ချန်းပေ့က ဒီလို အဆင့်မျိုးနဲ့ ရင်ဆိုင်စရာ မလိုပါဘူး”
သူမက လက်ထဲမှ ထီးကိုမြောက်လိုက်ပြီး တိုက်ပွဲကွင်းပြင်ထဲ လျှပ်စီးလိုအလျှင်ဖြင့် ခုန်ဝင်လာသည်။ သူမက ထီးကို ဝေ့ယမ်းလိုက်သောကြောင့် ဧရာမ ထီးသဏ္ဍာန် စွမ်းအားတစ်ခုက စက္ကူထီးမှ ထွက်ပေါ်လာသည်။
“ ပန်လိုင်ဂိုဏ်း … ငှက်စိမ်း ” လုကျိုးက တစ်ခုခုကို ရှာတွေ့သွားလေသည်။ လီကျင်းယီ လက်ထဲရှိ ထီးက ငှက်စိမ်းဟု ခေါ်လေ၏။
ထီးလှည့်ယမ်းလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်ထံ စွမ်းအားဓားများ ပစ်လွှတ်လာသည်။
“လောင်ချန်းပေ့ အကြည့်အောက်ကနေ ဘာမှမလွတ်မြောက်နိုင်ပါဘူး …” လီကျင်းယီက ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ကို ဆင့်ခေါ်လိုက်သည်။ သူမ၏ စိတ်ဝိညာဉ်သဏ္ဍာန်က ပေ ၉၀ မြင့်မားပြီး သူမ၏ လက်နက် ငှက်စိမ်းနှင့် လိုက်ဖက်ညီနေသည်။ သူတို့က ဘေးပတ်ဝန်းကျင်ထံ တိုက်ကွက်ကြီးများ ထုတ်လွှင့်နေကြ၏။
ဝုန်း ဝုန်း ဝုန်း
စစ်သူကြီးသုံးယောက်က လွင့်စဉ်သွားကာ သွေးအန်လိုက်ရသည်။
“ ကူညီပေးတဲ့အတွက် ကျေးဇူးပါ” စီးဝူယာ့က လှမ်းပြောလိုက်သည်။ သူက နောက်ကျောဘက်မှ တောင်ပံဆီမှ စွမ်းအားအပ်များကို ဆက်တိုက် ပစ်ခတ်နေသည်။ ထိုမြားများက သူတို့၏ ချီပင်လယ်ထဲရှိ စွမ်းအားဗဟိုချက်ထံ ဝင်ရောက်သွားလေသည်။
ဝုန်း ဝုန်း ဝုန်း
စစ်သူကြီးသုံးယောက်၏ စိတ်ဝိညာဉ်သဏ္ဍာန်များလည်း ကြေမွသွားသည်။
တစ်ချိန်တည်းဆိုသလို ငှက်စိမ်းကလည်း ထီးရှစ်လက်အထိ အဆတိုးမြင့်လာသည်။ ထို့နောက် နောက်ထပ် တိုက်ကွက်များစွာ ဖြစ်ပေါ်လာပြီး စစ်သူကြီးသုံးယောက်ထံ ကျရောက်လာသည်။
စီးဝူယာ့လည်း ဆက်လက် တိုက်ခိုက်နေသည်။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
ဝုန်း
သုံးယောက်သား လျန့်စီရင်စုမြို့ အပျက်အစီးများကြား လဲပြိုသွားရသည်။ ကမ္ဘာဦးမိစ္ဆာဆေးရည်၏ အကူအညီနှင့်ပင် သူတို့က စွမ်းအားကြီး ပြိုင်ဘက်များကို အနိုင်မယူနိုင်ပေ။
အရာအားလုံးက တိတ်ဆိတ်သွားလေ၏။
လျန့်စီရင်စုမြို့အထက်မှ ထွက်ပေါ်နေသည့် ကမ္ဘာဦးချီမုန်တိုင်းလည်း အစအနမရှိ ပျောက်ကွယ်သွားကာ ကမ္ဘာဦးချီများက လေထဲ ပြန်လည်ရောက်ရှိသွားကြသည်။
လီကျင်းယီက သူမ၏ စက္ကူထီးကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမက မင်းသားနှင့် စီးဝူယာ့အား အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ဆက်လက် လျှောက်သွားလိုက်သည်။
လုကျိုးက မြေပေါ်မှ သင်္ကေတများအား ကြည့်လိုက်သည်။ အရာအားလုံးက ကျိုးပဲ့ကာ ကမောက်ကမ ဖြစ်နေလေသည်။ သူက ခေါင်းအသာယမ်းလိုက်၏။
ထိုနေရာတွင် သုံးယောက်ရှိနေသော်လည်း စီးဝူယာ့က တစ်ယောက်ကိုသာ ကိုင်တွယ်နိုင်ခဲ့သည်။ အကယ်၍ လီကျင်းယီသာ ဝင်မပါလျှင် မည်သူ အနိုင်ရမည်မှန်း ပြောဖို့ ခက်လှသည်။ မည်သို့ပင် ဆိုစေကာမူ ထိုရလဒ်က လက်ခံနိုင်ဖွယ်ရှိ၏။
သို့သော်လည်း လျိုပင်းက စိတ်အခြေအနေ မကောင်းတော့ပေ။ သူက သတ်ဖြတ်တော့မည့်ပုံ ပေါက်နေလေ၏။
စီးဝူယာ့က သူ့ဒေါင်းမြီးယပ်တောင်ကို သိမ်းလိုက်ရင်း မြေပေါ် ဆင်းသက်လာသည်။
ရှောင်ယွမ်အာက အပြုံးဖြင့် မော့ကြည့်လိုက်ရင်း “ ချီရှစ်ရှိုး သူမ အသက်ရှင်နေသေးတယ် … ကံကောင်းတာက ညီမက သူမကို ကာကွယ်ပေးထားလို့ပေါ့။ မဟုတ်ရင် သူမ အသတ်ခံရလောက်ပြီ”
စီးဝူယာ့က နေရခက်စွာ ခေါင်းညိတ်လာပြီး “ရှောင်ရှစ်မေ့ကို ကျေးဇူးတင်ပါတယ်”
သူမက စကားကောင်းပြောနေပေမဲ့ ဘာကြောင့် ကျိန်ဆဲသလို ဖြစ်နေပါ့လိမ့် …
စီးဝူယာ့က လျိုဝမ်ကျွင်းကို သယ်ကာ ခေါင်းအသာယမ်းလိုက်သည်။
ထိုစဉ် လုကျိုးက ကောင်းကင်ထဲ ရှေ့တိုးလာပြီး မုတ်ဆိတ်သပ်ရင်း လျိုပင်းအား ကြည့်လိုက်သည်။
လျိုပင်းက ရူးသွပ်သွားပြီးသည့်နောက်တွင် စိတ်ငြိမ်သွားဟန်ပေါ်သည်။ သူ့အမူအရာက သနားစဖွယ် ဖြစ်နေ၏။
လုကျိုးက လျိုပင်းအား ကြည့်လိုက်ပြီး “ မင်းက အံ့ဖွယ်မြို့တော်နဲ့ မသင့်တော်ဘူး … နယ်စပ်က မင်း ရှိရမဲ့နေရာပဲ ”
လျိုပင်းက အနည်းငယ် အံ့အားသင့်သွားကာ မော့ကြည့်လိုက်သည်။ ထိုအခါ လုကျိုးက ကောင်းကင်မှ ဆင်းသက်လာလေ၏။
လျိုပင်းက လုကျိုး၏ စကားများကို စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းခါက သက်ပြင်းချလိုက်သည်။
သူက ဒီနှစ်တွေမှာ နယ်စပ်မှာ နေထိုင်ရင်း ဂုဏ်သတင်းတွေ၊ ကျော်ကြားမှုတွေနောက် လိုက်ခဲ့တာလား …
သူက အံ့ဖွယ်မြို့တော်ကို တစ်ခါသာ ပြန်ခွင့်ရခဲ့ပြီး သူ့ဘာသာ ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ရသည်။ သူက တခြားမျိုးနွယ်စုများနှင့်ပင် ပူးပေါင်းခဲ့သေးသည်။
သူက နှစ်သောင်းကျော် ကျိန်ဆဲခံရတော့မည့် လူ ဖြစ်လာတော့ဖို့ အလွန်နီးကပ်ခဲ့လေသည်။ သူက သူ့ညီမငယ်ကိုပင် ထိုးကျွေးသည့် အပြစ်သားဖြစ်ဖို့ နီးကပ်လွန်းခဲ့၏။ သူ မသိလိုက်ခင် သူ အမုန်းတီးဆုံးလူသား ဖြစ်လာခဲ့မိသည်။
သူ့ပြိုင်ဘက်က တာ့ယန်လည်း မဟုတ်ခဲ့သလို တာ့ယန်၏ ပြည်သူပြည်သားများလည်း မဟုတ်ခဲ့ချေ။
လျိုပင်း၏ ညာဘက်ရှိ စစ်သူကြီးက ထိတ်လန့်လာကာ မေးလိုက်သည်။ “အရှင့်သား … ကျွန်တော်တို့ အံ့ဖွယ်မြို့တော်ဆီ သတင်းပို့ဖို့ သွားသင့်လား ”
သတင်းပို့ဖို့လား … ဘာလို့ သူတို့က ပြန်သွားရမှာလဲ … သူ့သားကို ပြန်အသုံးချတဲ့ ရက်စက်တဲ့သူကို တွေ့ဖို့လား။ ရယ်စရာကောင်းလိုက်တာ
“မသွားဘူး ”
“ဒီလိုဆိုရင် ကျွန်တော်တို့ ဘယ်သွားကြမလဲ။ ကျွန်တော်တို့က အရှင့်သားနောက်ကနေ ကမ္ဘာအဆုံးအထိ လိုက်ဖို့ ကျမ်းသစ္စာဆိုထားပြီးသားပါ”
စစ်သူကြီးနှစ်ယောက်က လေထဲ ဒူးထောက်လိုက်ကြသည်။
“ငါ နယ်စပ်ကို သွားမယ် …” လျိုပင်းက သူ့ကိုယ်သူ တော်ဝင်အသုံးအနှုန်းဖြင့် မပြောလိုက်ပေ။
“နယ်စပ်ကိုလား ”
“ငါ့ခြေလှမ်းတွေကို ပြန်နောက်ယောင်ခံချင်တယ် …” လျိုပင်းက ပြောလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူက သူ့ညီအစ်ကိုများ သွေးကျခဲ့ပြီး အရိုးများ အိပ်စက်နေသည့် မြေသို့ ပြန်သွားချင်မိသည်။
“တကယ်လို့ မင်းတို့ စိတ်မပါရင် ကြိုက်တဲ့နေရာကို သွားလို့ ရတယ်”
“ကျွန်တော်တို့ သေဆုံးတဲ့အထိ အရှင့်သားနောက်ကနေ လိုက်ဖို့ ကျမ်းသစ္စာဆိုထားပြီးသားပါ”
စစ်သူကြီးနှစ်ယောက်က ထမရပ်ဘဲ ဆက်လက် ဒူးထောက်နေသည်။
လျိုပင်းက အောက်ဘက် ပျံသန်းသွားလိုက်ကာ “ စတုတ္ထမင်းသား လျိုပင်းက လျန့်စီရင်စု တိုက်ပွဲမှာ သေဆုံးသွားတယ်လို့ အကြောင်းကြားလိုက်ကြ ”
ထိုစဉ် ရှန်လွမ့်ရှိုးက လျိုပင်း ထွက်သွားသည်ကို ကြည့်နေရင်း ခေါင်းခါလိုက်သည်။
“တွေးကြည့်လိုက်မှ လျိုပင်းက တကယ်ကို သူရဲကောင်းပဲ။ ပြီးတော့ အံ့ဖွယ်မြို့တော်က သူနဲ့ မသင့်တော်ဘူး။ အဲဒီမှာ လွတ်လပ်မှုဆိုတာ မရှိဘူး။ သူသာ ဂရုမစိုက်ရင် ငရဲတွင်းမှာ နေထိုင်သွားရလိမ့်မယ်”
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်လိုက်ပြီး “အဲဒီစကားက ရှင့်ဆီကနေ ထွက်လာတာတဲ့လား”
“အာ …” ရှန်လွမ့်ရှိုးက ထပ်မပြောတော့ဘဲ မျက်နှာပူလာမိသည်။
စီးဝူယာ့က လျိုပင်းကို စဉ်းစားနေဖို့ စိတ်အခြေအနေ မဟုတ်ပေ။ သူက လျိုဝမ်ကျွင်း၏ အခြေအနေကိုသာ စောင့်ကြပ်ပေးနေသည်။
လုကျိုးလည်း ဆင်းသက်လာလေ၏။ သူက စီးဝူယာ့ရှေ့တွင် ရပ်ကာ လက်တစ်ဖက်ကို နောက်ပစ်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ကို စီးဝူယာ့ဆီ တိတ်တဆိတ် ဆန့်ထုတ်လာသည်။
စီးဝူယာ့က လုကျိုး ဆိုလိုရင်းကို သိလေသည်။ သူက ဒေါင်းမြီးယပ်တောင်အား ထုတ်လိုက်ပြီး သူ့ရှစ်စွင်း၏ လက်ထဲ ပြန်လည်အပ်နှင်းလိုက်သည်။
လုကျိုးက စီးဝူယာ့သည် အကြံအစည်များစွာရှိသူမှန်း သိပေသည်။ ထိုလက်နက်က သူ့လက်ထဲတွင် အင်မတန် အားကောင်းလွန်းလှ၏။
ထိုစဉ် ငရဲဂိုဏ်းမှ ဂိုဏ်းသားများက သူတို့ဆီ အပြေးရောက်လာကြသည်။ သူတို့၏ ခြေလှမ်းများကြောင့် ဖုန်တလုံးလုံးပင် ထသွားရ၏။ ထိုစဉ် ကာကွယ်သူလေးယောက်လည်း သူတို့မြင်ကွင်းထဲ ထွက်ပေါ်လာလေသည်။