အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း (၄၀၉) ခြိမ်းခြောက်ခြင်း
ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ တိချင်းနှင့် ယန်ယန်းတို့ကလည်း အနည်းငယ်ထိခိုက်သွားကြ၏။ ငရဲဂိုဏ်းသားများကလည်း သူတို့နောက်ကနေ နီးကပ်စွာလိုက်ပါလာပြီး အသက်ကျယ်ကျယ် ရှူရမှာကို စိုးရိမ်နေ၏။
ရှန်လွမ့်ရှိုးသည် မဟာကာကွယ်စောင့်ရှောက်သူလေးဦးကိုမြင်ရချိန်၌ ခဲရာခဲဆစ် ခြေထောက်ကြွလိုက်၏။
လီကျင်းယီက ငှက်မွေးပမာပေါ့ပါးနေပုံပေါ်ပြီး မြေပြင်ပေါ်ဆင်းသက်လာ၏။
ရှောင်ယွမ်အာက ခုန်ဆွခုန်ဆွဖြင့်ရောက်လာကာ ပြုံးလျက်ပြောလိုက်တော့သည်။
“မင်္ဂလာပါ”
ဒီကောင်မလေးက ဘက်လိုက်လွန်းတာပဲ။ တစ်ဖက်သူက မိန်းမလှလေးတစ်ယောက် ဖြစ်နေတဲ့အချိန် ဘာကြောင့် ဒီလောက်နူးညံ့နေရတာလဲ။
“မင်္ဂလာပါ” လီကျင်းယီက ပြုံးလိုက်၏။
စီးဝူယာ့က လီကျင်းယီကို တချက်ကြည့်ပြီးပြောလိုက်သည်။
“ဝေ့ကျိုးယန်က အသက်ရှင်လျက် ရှိနေသေးပြီး မင်းက ကျန်းအိုက်ကျန့်ရဲ့ သတင်းရင်းမြစ် ဖြစ်နေတယ်ဆိုတာ သိသွားရင် သူဘာတွေးမလဲဆိုတာသိချင်မိတယ်”
လီကျင်းယီက အနည်းငယ်ထိတ်လန့်အံ့ဩသင့်သွား၏။ စီးဝူယာ့၏စကားအရ လက်ရှိဝေ့ကျိုးယန်က အတုမှန်းသူသိနေတာသိသာ၏။ ထို့အပြင် သူမနှင့်ကျန်းအိုက်ကျန့်၏ခင်မင်ရင်းနှီးမှုအကြောင်းကို သူ သိနေသည်။ အဆုံးတွင် သူမကပြောလိုက်သည်။ "သတ္တမသခင်လေးမှာ တမူထူးကဲတဲ့ဟာသဉာဏ်ရှိနေတာပဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့၏။ “ဝေ့ကျိုးယန်က လျန့်စီရင်စုမှာ ရှိသေးလား”
“စတုတ္ထမင်းသားက လျန့်စီရင်စုမြို့တိုက်ပွဲမှာရှုံးသွားခဲ့တာ။ မော့မြို့ကို အစတည်းက ခုခံခြင်းအစီအရင်တစ်ခုက ကာကွယ်ပေးထားတာ။ အခု အစောင့်အကြပ်မရှိတော့ဘူး။ ငရဲဂိုဏ်းက လျန့်စီရင်စုရဲ့ မြို့ဆယ်မြို့ကို သိမ်းပိုက်တော့မှာပဲလို့တွေးမိတယ်။ ဝေ့စစ်သူကြီးရဲ့လူတွေက ပြယုဂ်တွေလောက်ပဲ ရှိတာ။ ဒါကြောင့် အံ့ဖွယ်မြို့တော်က ရှန်းလဲ့ကို ဒီအရေးကိစ္စ ကိုယ်တိုင်ဖြေရှင်းဖို့ လွှတ်လိုက်တာ" လီကျင်းယီက ပြောလျက် နံဘေးရှိ မဟာကာကွယ်စောင့်ရှောက်သူလေးဦးကိုတစ်ချက်ကြည်လိုက်၏။
လုကျိုးသည် အားလုံးကို ဖျတ်ခနဲကြည့်ပြီးနောက် ခေါ်လိုက်သည်။ “ဟွားချုံးယန်”
ဟွားချုံးယန်က ရင်ထဲထိတ်ကနဲဖြစ်သွား၏။ သူက အမြန်အရိုအသေပေးကာပြောလိုက်သည်။ "လောင်ချန်းပေ့”
“အခု ယွီကျန့်ဟိုင် ဘယ်မှာလဲ”
“အခုဂိုဏ်းချုပ်က သတ္တမသခင်လေးကို ကာကွယ်ဖို့ကျွန်တော်တို့ကို အမိန့်ပေးထားတာပါ။ သူ အခု ဘယ် ... ဘယ်မှာလဲဆိုတာ ကျွန်တော်တို့မသိပါဘူး” ဟွားချုံးယန်က ရိုးသားစွာဖြေလိုက်၏။
လုကျိုးက အင်္ကျီလက်ကို ခါလျက် ကျိန်ဆဲလိုက်၏။ “သစ္စာမရှိတဲ့ ငမိုက်သား”
“…”
မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် သူတို့ဂိုဏ်းချုပ်နောက်သို့နှစ်ပေါင်းများစွာလိုက်ခဲ့ပြီး ကြီးမြတ်သူများအဖြစ်သတ်မှတ်နိုင်သည်။ သူတို့သည် ဂိုဏ်းသားသိန်းချီကို တာဝန်ယူထားရပြီး ဂိုဏ်းထဲ၌ ရာထူးမြင့်မား၏။ သူတို့ခစားခဲ့သည့် နှစ်များတောက်လျှောက် သူတို့ဂိုဏ်းချုပ်ကို ဤကဲ့သို့သွင်ပြင်မျိုးဖြင့် ကျိန်ဆဲသည့်သူကို မတွေ့ဖူးပေ။ သို့သော်ငြား လောင်ချန်းပေ့က သူတို့ဂိုဏ်းချုပ်ကို သဘောမတွေ့ကြောင်းထုတ်ပြသည့်အချိန်၌ သူတို့က မဆန့်ကျင်ခဲ့ပေ။ အမှန်တကယ်တွင် သူတို့သည်လည်း တရားမျှတသည်ဟု ခံစားမိ၏။
“သူက ငါ့ဆီကနေ တစ်ခုနှစ်ခုကို သင်ယူခဲ့တာကြောင့် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်နိုင်မယ်လို့ ထင်နေတာလား” လုကျိုးက အထင်တသေးပြောလိုက်၏။
မဟာကာကွယ်စောင့်ရှောက်သူလေးယောက်သည် လုကျိုး၏စကားများကြောင့် အနေခက်သွားပုံ ပေါ်၏။ သူတို့က စကားမပြောရဲချေ။
“သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ” လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ရှောင်ယွမ်အာကို ဆွဲလျက် ပြောလိုက်၏။ "မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်ကြမယ်”
“အင်း” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
စီးဝူယာ့က လျှိုယွမ်ချင်းကိုသယ်ထားကာ မဟာကာကွယ်စောင့်ရှောက်သူလေးဦးကမူ ဒူးတစ်ဖက်ထောက်လျက် ကျန်ခဲ့၏။ “သတ္တမသခင်လေး”
မကြာမီ၌ ငရဲသားဂိုဏ်းသားအားလုံးကလည်း ထောက်လိုက်သည်။ ခမ်းနားသည့်မြင်ကွင်းပဲ ဖြစ်သည်။
“ကျုပ်ရဲ့ တာ့ရှစ်ရှိုးကို ပြောလိုက်။ ဒါကကျုပ်ရဲ့အမှားပဲ။ နောင်ကျအခွင့်အရေးရှိရင် ဖြည့်ဆည်းပေးမယ်”
ဟွားချုံးယန်က ခေါင်းငုံ့ထားလျက် သတ္တိမွေးကာပြောလိုက်တော့သည်။ “သတ္တမသခင်လေး ဂိုဏ်းချုပ်ဆီ သခင်လေးရဲ့ဘေးကင်းမှုကို အာမခံထားခဲ့တာပါ”
စီးဝူယာ့က ခေါင်းခါလျက်ပြောလိုက်သည်။ "ငါ မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်ဖို့ဆုံးဖြတ်ပြီးပြီ”
“ဒါပေမဲ့ သတ္တမသခင်လေးမရှိဘဲ ငရဲဂိုဏ်းက ဘယ်လိုလုပ်ရှင်သန်ရမှာလဲ” ဟွားချုံးယန်က အနည်းငယ်စိတ်ပျက်သွားပုံပေါ်၏။
ငရဲဂိုဏ်းအပေါ်စီးဝူယာ့အကျိုးထူးဆောင်မှုနှင့် ၎င်းရောက်ရှိခဲ့သည့်အတိုင်းအတာကို မည်သူမျှ မငြင်းနိုင်ပေ။ ဒီလပိုင်းအတွင်း စီးဝူယာ့သည် သူ၏ သတင်းအချက်အလက်ကွန်ယက်ကနေ အသေးစိတ် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး ငရဲဂိုဏ်းကို တပည့်ပေါင်းသိန်းသောင်းချီရှိသည့် အကြီးမြတ်ဆုံး မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဖြစ်အောင်ပြုလုပ်ပေးခဲ့၏။ ယခုအံ့ဖွယ်မြို့တော်နှင့် ရင်ဆိုင်နိုင်ရန် လုံလောက်အောင် အစွမ်းထက်နေပြီဖြစ်သည်။ စီးဝူယာ့က ငရဲဂိုဏ်းထဲတွင် ဒုတိယမြောက်အကြီးမြတ်ဆုံးသူဟု ဆိုနိုင်သည်။
“မိုက်မဲလိုက်တာ” လုကျိုးကပြောလျက် သူ၏အသံက ကျယ်လောင်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူ၏ကျင့်ကြံဆင့်သည် နတ်ဒေဝါဦးတည်နယ်ပယ်တွင် ရှိသေးသော်ငြား အသံလှိုင်းနှင့် သူ၏ကနဦးချီက ကျန်သည့်သူများကို ဖိန့်ဖိန့်တုန်ကြောက်ရွံ့သွားစေ၏။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ။
ရှောင်ယွမ်အာက မဟာကာကွယ်စောင့်ရှောက်သူလေးဦးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“တစ် နှစ် သုံး လေး ... ရှင်တို့က သိပ်တုံးတာပဲ။ ကျွန်မ ရှစ်စွင်းက သူခေါ်ချင်တဲ့သူကို ခေါ်သွားမှာ။ သူက ရှင်တို့ကို သတင်းပို့စရာလိုလို့လား။ ဒါကို မှတ်ထား ရှင်တို့ခေါင်းကို ကျွန်မရိုက်ခွဲမလား ကြည့်လိုက်”
မဟာကာကွယ်စောင့်ရှောက်သူလေးဦး "..."
ရှန်လွမ့်ရှိုး “...”
ရှောင်ယွမ်အာ၏စကားများက ကြမ်းတမ်းပြီးမောက်မာထောင်လွှား၏။ သို့သော် သူမပြောတာ အဓိကျသည်။
ယခုအချိန်တွင် ရှန်လွမ့်ရှိုးက ရှောင်ယွမ်အာသည် မိစ္ဆာဝေဟင်မျှော်နန်း၏ နဝမတပည့်မှန်း သိသွားပြီဖြစ်သည်။ ထိုအသိအမြင်အရ သူက ဝင်ပြောလိုက်၏။ "နဝမသခင်မလေး ပြောတာအဓိပ္ပာယ်ရှိတယ်။ မင်းတို့တွေက လောင်ချန်းပေ့ လူခေါ်သွားတာကို တားလို့ရမယ် ထင်နေလား။ မင်း ... မင်းတို့တွေက သတ္တမသခင်လေးမှာ ဒီအရေးကိစ္စကို ပြောပိုင်ခွင့်ရှိတယ်လို့ထင်နေလား” လေးယောက်သားသည် ရှန်လွမ့်ရှိုး၏စကားကို ပြန်မပက်နိုင်ကြပေ။
လုကျိုးက ထူးမခြားနားကြည့်ပြီးပြောလိုက်၏။
"မင်းတို့ရဲ့အသက်ကို စတေးချင်တယ်ဆိုရင်တော့ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
လက်တစ်ဖက် မြှောက်လိုက်၏။ ကနဦးချီက သူ၏လက်ဖဝါးပေါ်တွင် ရစ်ဝဲလာတော့သည်။
ဟွားချုံးယန်က ကြောက်လန့်မှုကြောင့်တုန်ယင်သွား၏။ သူက အမြန်ပင်လှည့်ထွက်သွားတော့၏။
“ကျွန်တော်အမှားလုပ်ခဲ့မိပါတယ်။ ကျွန်တော် သွားပါတော့မယ်”
ကျန်သည့်သူများကလည်း မတိုက်တွန်းတော့ပေ။ ဟွားချုံးယန်နောက် အမြန်လိုက်ပြီး ချုံးချုံးကျ အမောတကော ဖြစ်နေလေ၏။ ဖုန်မှုန့်တိမ်တိုက်များက ဝေ့တက်လာပြီး သူတို့သည် မျက်စိတစ်မှိတ်အတွင်း အပျက်အစီးပုံများကြားမှာ ပျောက်ကွယ်သွားလေ၏။
ထိုစဉ် ပိအန်း၏ တုတ်ခိုင်သော ခန္ဓာကိုယ်က လေထဲတွင် ပေါ်လာတော့သည်။ ၎င်းက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
ရှန်လွမ့်ရှိုးက အထိတ်တလန့်ဖြင့် ထခုန်မိသွား၏။ သူက နောက်ရောက်သွားသည်။ လောင်ချန်းပေ့သည် ဟွားချုံးယန်ကို ရိုက်ရန် ခြိမ်းခြောက်နေသည်ဟုထင်သည်။ လောင်ချန်းပေ့က သူ၏ စီးတော်သားရဲကို ဆင့်ခေါ်ရုံဆိုတာမည်သူကသိမည်နည်း။ ပိအန်းက လုကျိုးဘေး ဆင်းသက်လျက် သူက နောက်ကျောကို ဝပ်ပေးလိုက်သည်။
“လောင် … လောင်ချန်းပေ့” ရှန်လွမ့်ရှိုးက ချက်ချင်းအော်ခေါ်လိုက်၏။
“ဟမ်”
“ဘာ ... ဘာမှမဟုတ် အရေးမကြီးပါဘူး။ ကျွန်တော့် လုပ်ဆောင်ချက်အဆင်ပြေရဲ့လား" ရှန်လွမ့်ရှိုးသည် ချီးကျူးခံရရန်စောင့်နေသည့်ကလေးတစ်ယောက်ပမာ လုကျိုးကို မျှော်လင့်တကြီး ကြည့်လိုက်၏။
“မင်းရဲ့ ကျင့်ကြံဆင့်ကို ငါ ဖျက်ဆီးလိုက်တာ ဒေါသမထွက်ဘူးလား” လုကျိုးက မေးလိုက်၏။
“မထွက်ဘူး ... လုံးဝမထွက်ဘူး။ ကျွန်တော် ခံသင့်ပါတယ်။ ဒါ့အပြင် ကျွန်တော့်မှာ ဟေးမုလျန် တစ်ခုရှိ ...” သူ စကားပြောတာ ရပ်လိုက်၏။ သူက အမြန်ထပ်ပြောလိုက်သည်။ "ဟေးမုလျန် မရှိပါဘူး”
လုကျိုးက ရှန်လွမ့်ရှိုးကို ကြည့်ပြီး ပြောလိုက်၏။
"ကောင်းကင်ဘုံက သက်ညှာမှုမရှိဘူး။ ဖန်တီးမှုဆိုတာ အသက်မဲ့တဲ့ကမ်းလှမ်းမှုတစ်ခုပဲ။ မင်း နှိမ့်ချလေလေ မင်း ပိုသင်ယူနိုင်လေပဲ။ မင်း လုပ်သင့်၊ မလုပ်သင့်တဲ့ကိစ္စတွေအကြောင်း ကြိုစဉ်းစားထားသင့်တယ်”
လုကျိုးက ပြောပြီးနောက်ပိအန်းသည် လေထဲသို့ပျံသန်းသွားသည်၏။ ရှောင်ယွမ်အာနှင့် စီးဝူယာ့က သူ့နောက်မှလိုက်ပါလာသည်။
ရှန်လွမ့်ရှိုးက သူရပ်နေသည့်နေရာမှာပင် မှင်တက်လျက် ကျန်နေခဲ့သည်။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းနှင့်သက်ဆိုင်သော ဖြစ်ရပ်မျိုးစုံကိုမှတ်မိသွား၏။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ယှဉ်လျှင် သူ မည်သည်ကို ပြုလုပ်နေခဲ့သနည်း။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူသည် လုကျိုးထွက်သွားသည့်ဖက်ကိုအရိုအသေပေးလိုက်၏။ ပြီးနောက် သူက တုန်ယင်သွားက အဝေးသို့ပြေးသွားတော့သည်။
ထိုစဉ် မုရှီးသင်္ချိုင်းတွင်ဖြစ်သည်။
ယွီရှန်းရုန်က သက်ပြင်းချလျက် လက်ဖဝါးဖြန့်လိုက်သည်။ သူ၏ကနဦးချီကို လှည့်ပတ်လျက် သူစွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲသွင်းလိုက်သည်။ ဝင်သက်ထွက်သက်ကို ချိန်ညှိပြီး တရားထိုင်ပြီးနောက် ကနဦးချီ ပရမ်းပတာစီးဆင်းမှုက တည်ငြိမ်သွားသည်။
ယွီရှန်းရုန်က မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူက မျက်နှာပေါ်တွင် မုရှီးသင်္ချိုင်းမှ ရောင်ပြန်ဟပ်မှုကို စိတ်ကျေနပ်စွာ ကြည့်လိုက်၏။ နောက်တစ်ရက်ရှင်သန်နေထိုင်နိုင်သည့် ခံစားချက်က အံ့ဩစရာကောင်းလွန်း၏။ သူသည် နောက်တနေ့တွင် တောင်ပေါ်၌ နေ့ထွက်သည်ကို ခံစားနေရချိန် ဖြစ်နေတော့၏။ တညတာ ကောင်းကောင်းအနားယူပြီးနောက် နေသည် ဒုတိယမြောက်နေ့တွင် မြင့်တက်နေဆဲဖြစ်သည်။
ဆားငန်တောင်ပေါ်တွင် အေးခဲလှ၏။ သို့သော် ကျင့်ကြံသူတစ်ယောက်အဖို့ အအေးဒဏ်ကို ခံနိုင်သည်။ အပြင်ဖက်တွင် နေထွက်လာမှုကို သူ ကြည့်ချင်လာမိ၏။ အလိုလေး ... သူ့ခန္ဓာကိုယ်က သူ့ကို မုရှီးသင်္ချိုင်းတွင် နေရုံမှတပါး ရွေးချယ်စရာမရှိဖြစ်၏။
ယွီရှန်းရုန်က လက်ဖဝါးတစ်ဖက်ကိုမြှောက်လိုက်ပြီး ကြည့်လိုက်သည်။ အရာအားလုံးက အရင်အတိုင်းပင်။
“ဖွင့်စေ” သူ၏လက်ဖဝါးထဲ၌ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကပေါ်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီရှန်းရုန်နှင့် တူညီသည့်သွင်ပြင်ရှိသည်။ ၎င်းက ရွှေကြာများ မရှိသည့် ရွှေရောင်လူသားနှင့် ဆင်တူသည်။ ဖြာထွက်နေသောရွှေရောင်သည် ၎င်း၏ခြေဖဝါးကနေတက်လာ၏။ ပြီးနောက် အဝိုင်းများက ပြုတ်ကျသွားသည်။
ယွီရှန်းရုန်သည် ကျန်သည့်ကျင့်ကြံသူများကဲ့သို့ပွင့်ချပ်ပေါ်ပေါက်လာသည့် အခြေအနေကို တွေ့ကြုံခဲ့ဖူး၏။ ပွင့်ချပ်များ မည်သို့ဖူးပွင့်လာကြောင်း သူသိသည်။ သို့သော်ငြား ပွင့်ချပ်ကိုးလွှာအဆင့်ဆီသို့ လမ်းကြောင်းပေါ်ခြေချချိန် သူသတိမပြုမိပေ။ ရွှေကြာကို ဖွဲ့တည်ဖို့ သူ ဘာလုပ်ရမလဲ။ ရွှေကြာ ပြင်းပြင်းထန်ထန်ထိခိုက်သွားမှုက ပြန်လည်ဖွဲ့တည်ရမည်။ ထို့ကြောင့် သူ၏ကနဦးချီများကို လှည့်ပတ်ကာ ရွှေရောင်ရောင်ခြည်ထဲသို့ သိပ်သည်းလိုက်၏။
စိတ်ဝိညာဉ်သဏ္ဌာန်၏ခြေဖဝါးအောက်၌ စွမ်းအင်များစုစည်းလာ၏။ သူ၏ယခင်အတွေ့အကြုံအရ ထိုစွမ်းအင်ပမာဏသည် ရွှေကြာဖွဲ့တည်ရန်လုံလောက်သည်။ သို့သော် သူ့ကနဦးချီကို လှည့်ပတ်ရန် မည်မျှကြိုးစားစေကာမူ သူသည် ရွှေကြာမဖွဲ့တည်နိုင်ခဲ့ပေ။ စွမ်းအင်ကွင်းများက သူတို့၏ခြေထောက်အောက် စုစည်းသွားပြီးနောက် ပျောက်ကွယ်သွားကာ သူတို့က သမုဒ္ဒရာထဲသို့ လောင်းထည့်ခံရသည့်ပမာ ဖြစ်နေ၏။
“ပြန်ပွင့်” ယွီရှန်းရုန်၏အသံက ဆုံးဖြတ်ချက်ပြတ်သားပြီး ဖိအားပေးနေ၏။
ထိုအမိန့်ဖြင့် ရွှေရောင်ရောင်ခြည်တန်းက ပေါ်လာတော့သည်။
ဝှစ် ဝှစ် ဝှစ်
တစ်စုံတစ်ခု လေထဲတွင် ကျယ်လောင်စွာပဲ့တင်ထပ်နေသည်။ ယွီရှန်းရုန်၏မျက်နှာထက်တွင်လည်း အပြုံးဖျော့ဖျော့ရှိနေသည်။ ဒါက ပွင့်ချပ်တစ်ရွက်ပဲ။
…
အခန်း(၄၁၀) ဂုဏ်ကျက်သရေ ထွန်းလင်ပြောင်မြောက်ဖွယ် နေ့ရက်တွေ ပြီးဆုံးသွားပြီး နောက်တစ်ဖန် ပြန်စတင်ပြီ
ယွီရှန်းရုန်က ရုတ်ခြည်းဆိုသလို နှလုံးခုန်လာကြောင်း ခံစားမိလိုက်သည်။ သူက သူ့ခြေထောက်အောက်မှ ရွှေကြာကို လေ့လာနေရင်း အသက်အောင့်ထားမိသည်။ ပွင့်ချပ်များ ထွက်ပေါ်လာပုံက ရိုးရှင်းဟန်ပေါ်သော်လည်း ရရှိဖို့ အခက်ဆုံးအရာလည်း ဖြစ်ပေသည်။ အကြောင်းမှာ သူ့ပေါများလှသည့် အတွေ့အကြုံကြောင့် လူသစ်များလို အတားအဆီးများနှင့် မကြုံတွေ့ရပေ။
သူ့အနေနှင့် အခက်ခဲဆုံးအပိုင်းက သူ့ရွှေကြာကို ဖြတ်တောက်ခြင်းကြောင့် ဒဏ်ရာရထားလျက်ဖြင့် ထိုအရာအားလုံးကို လုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်၏။ ထို့အပြင် ဤသည်က သူ့ရွှေကြာကို ပြန်လည်ဖွဲ့စည်းသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။
ရွှေကြာနဲ့ ပွင့်ချပ်မှာ ဘယ်အရာက အရင်ဖြစ်လာတာလဲ …
သစ်မြစ်မရှိရင် ဘယ်လိုလုပ် ပွင့်ချပ်ရှိနိုင်မှာလဲ … နမူနာပြောရရင် ကြက်မနဲ့ ကြက်ဥ ဘယ်ဟာက အရင်ဖြစ်လာတာလဲ …
သူ့စိတ်ဝိညာဉ်သဏ္ဌာန်က လှုပ်ခါသွားပြီး အသံလှိုင်းလည်း ပိုကျယ်လောင်လာသည်။ ပွင့်ချပ်က စတင်ပုံပေါ်လာသည်နှင့် ပွင့်ချပ်တစ်ခုလုံး စတင်ထွက်လာသည်။ သူက သူ့ပထမဆုံး ပွင့်ချပ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့လေပြီ။ တခြားနည်းဖြင့်ဆိုရလျှင် သူ့ကျင့်ကြံဆင့်က ယခု ပွင့်ချပ်တစ်လွှာအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်၏။ သူက သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်နှင့် စွမ်းအားကို စိတ်ထဲမထားပေ။ ဤသည်က အစစ်အမှန် ပွင့်ချပ်တစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်ကြောင်း ခံစားမိလေသည်။
သူ့ရွှေကြာက ဆက်လက်လှုပ်ခါနေပြီး အလင်းစက်ဝန်းများက ဆက်လက် ကွေးညွှတ်လာသည်။ သူ့ခန့်မှန်းချက်အရ ရွေကြာသည် ယခုအချိန်မရွေး ဖြစ်တည်လာနိုင်ပြီ ဖြစ်၏။ ကံဆိုးစွာဖြင့် သူ့ချီစွမ်းအားက ကုန်ခမ်းလုနီးပါး ဖြစ်နေသောကြောင့် ရွှေကြာကို မမြင်နိုင်သေးပေ။ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု၏ သွင်ပြင်ကို ထိန်းထားဖို့ ချီစွမ်းအားအမြောက်အများ လိုအပ်လေသည်။ ထို့အပြင် သူက ဒဏ်ရာရထားသေး၏။
ဟမ် …
ယွီရှန်းရုန်က လက်ကို မြှောက်လိုက်သည်။ သူ့လက်ကို ရှေ့ဆန့်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။
အလင်းစက်ဝန်း ပျောက်ကွယ်သွားသည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်အနားတွင် ပွင့်ချပ်တစ်ခု ရှိနေလေပြီ။ ရွှေကြာ မရှိနေချေ။ ဤသည်က ယွီရှန်းရုန်အတွက် ဝတ္ထုဆန်ဆန် အတွေ့အကြုံမျိုး ဖြစ်၏။ သူက အားလုံးကို ငုံ့ကြည့်နိုင်သည့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ့နာမည် ဓားနတ်ဆိုးက ကြားရသူအပေါင်းကို ထိတ်လန့်သွားစေသည်။ သို့သော်လည်း ယခု သူ မြင်လိုက်ရသည့်အရာကို လက်ခံဖို့ အခက်တွေ့နေသေးသည်။
“ရွှေကြာမရှိတဲ့ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ”
သူက လက်သီးဆုပ်လိုက်သည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားလေသည်။
ယွီရှန်းရုန်၏ အကြည့်ထဲ တောက်ပလာသည်။ သူက မျက်လုံးပြန်မှိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ချီစွမ်းအားကို ထပ်မံ စုပ်ယူလိုက်သည်။ သူက ထိုအရာကို နေ့နေ့ညည ဆက်လုပ်နေ၏။
သူက ကုန်ခမ်းသွားသော ချီစွမ်းအားတချို့ ပြန်လည်အားပြည့်လာပြီး စိတ်အခြေအနေ တိုးတက်လာသည့်အခါ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို တဖန် ဆင့်ခေါ်လိုက်သည်။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်အောက်ခြေတွင် ရွှေကြာ မရှိနေဘဲ ပွင့်ချပ်တစ်ခုသာ ရှိနေလေသည်။
ယွီရှန်းရုန်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်အောက် ချီစွမ်းအား စုစည်းလိုက်သည်။ သူက ရွှေကြာအသစ် ဖွဲ့တည်လိုသည်။ သူက ထိုအပြုအမူကို ထပ်ကာထပ်ကာ စမ်းသပ်နေ၏။
ချီစွမ်းအား ကုန်ခမ်းသွားသည့်အထိ ဖြစ်လေသည်။
ဝုန်း
သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားလေသည်။
သူ ထိုင်နေသည့်နေရာက ရုတ်ခြည်းဆိုသလို ပြိုကျသွားသည်။
ယွီရှန်းရုန်က အမှောင်ထုထဲ နစ်မြှပ်သွားလေသည်။ သူက ဘာကိုမှ မမြင်နိုင်တော့ပေ။ သူ့ဆီ အေးစက်စက် လေတစ်ချက် တိုက်ခတ်သွားသောကြောင့် အအေးဓာတ်ကြောင့် ဖြူဖျော့သွား၏။ ထိုသို့ဆိုလျှင်ပင် သူက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက မြန်မြန် ခြေကုပ်ရှာကာ လေထဲ ရပ်တန့်လိုက်သည်။
သူ့လက်တစ်ချက်အဝေ့တွင် တောက်ပနေသည့် ရွှေရောင်လက်ဝါး စည်းတံဆိပ်တစ်ခု ထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
“ရှင်းယွိချောင်းလား” ယွီရှန်းရုန်က သူ့အောက်တွင် ရှင်းယွိချောင်းကို မြင်လိုက်ရသည်။
ဝှစ်
သူက ထိုမြင်ကွင်းကြောင့် အာရုံများသွားစဉ် ပိုက်ကွန်လိုမျိုး အရာက အပေါ်ဘက်ရှိ အပေါက်ကို ပိတ်ဆို့သွားလေသည်။
ယွီရှန်းရုန်က မျက်မှောင်ကြုတ်ကာ အပေါ်ဘက် ပျံသန်းသွားလိုက်သည်။
ဘန်း
သူက လက်ဝါးစည်းတံဆိပ်နှင့် ပိုက်ကွန်လိုမျိုး အဖုံးပေါ် ရိုက်ချလိုက်သည်။ ထိုအဖုံးက နည်းနည်းလေးမှ မလှုပ်သွားပေ။
သူက နောက်ထပ် ထပ်မံ ရိုက်ချလိုက်သည်။
ဘန်း
ထိုအရာက မလှုပ်မယှက် ကျန်ရှိနေဆဲ ဖြစ်၏။
ဘန်း ဘန်း ဘန်း
သုံးကြိမ်တိုင်တိုင် ဆက်တိုက် တိုက်ခိုက်ပြီးသည့်နောက်တွင်ပင် အဖုံးက လှုပ်ရှားလာမည့် အရိပ်အယောင် မပြသေးပေ။
“နှစ်သန်းချီ အေးခဲသံမဏိလား” ယွီရှန်းရုန်က ခေါင်းခါလိုက်ရင်း အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။
“အသက်ရှည်ဓား” သူက အထက် မြေပေါ်ရှိနေသည့် ဓားကို ဆင့်ခေါ်လိုက်သည်။
မဖြစ်နိုင်တာ …အဝေးကနေ ထိန်းချုပ်နိုင်စွမ်း သူ့စွမ်းရည်က လျော့ကျသွားတာလား။
သူက အဖုံးဆီ ပျံသန်းသွားလိုက်ပြီး အသာထိလိုက်သည်။ သူ့လက်ဝါးတွင် ရွှေရောင်အလင်း တောက်ပလာသည်။
ရွှေရောင်အလင်းက အဖုံးကို လင်းထိန်သွားစေပြီး ထိုအပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတများကို မြင်နိုင်သွားသည်။
“ အားနည်းလာတဲ့ အစီအရင်သွေးကြောလား” ယွီရှန်းရုန်က တဖန် ခေါင်းခါလိုက်ပြန်သည်။ ဤသည်က ပညာသားပါပါ ဆင်ယင်ထားခြင်း ဖြစ်၏။
မဟာနွယ်တိုင်းပြည်က လူတွေက ဒီပစ္စည်းတွေကြောင့် ရှင်ကျန်ခဲ့တာပဲ …
သူ အားနည်းသည်ဟု ယူဆထားသည့်အရာများက ညွှန်းဆိုဖို့ပင် မထိုက်တန်ပေ။ သို့သော်လည်း ထိုအဖုံးက သူ ထင်မြင်ချက်ကို ကျော်လွန်နေလေ၏။
ယွီရှန်းရုန်က သက်ပြင်းအသာချလိုက်သည်။ အခြေအနေပေါ် မူတည်၍ အသက်ရှည်ဓားကို ဆင့်ခေါ်နိုင်ဖို့ ကျင့်ကြံဆင့်မြင့်မြင့် လိုအပ်နေပုံပေါ်သည်။ ယခု သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိချေ။
သူက ဖြည်းဖြည်းချင်း ဆင်းလာလိုက်သည်။ သူက နောက်ထပ် ရွှေရောင်စည်းတံဆိပ်ဖြင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
အချိန်အတော်ကြာ လေ့လာပြီးသည့်နောက်တွင် ယွီရှန်းရုန်က မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ပြန်လည်စတင်ဖို့ ဆုံးဖြတ်လိုက်သောကြောင့် သူ တတ်နိုင်သည်ထက် ပိုနေသည့်အရာကို မလုပ်သင့်ပေ။
ပွင့်ချပ်တစ်လွှာက ပွင့်ချပ်သာ ဖြစ်နေဆဲ ဖြစ်၏။ ယခု သူက ရွှေကြာမရှိဘဲ မလုပ်နိုင်ပေ။
……………
မိစ္ဆာဝေဟင်မျှော်နန်း
တစ်ရက်နှင့် တစ်ည ပျံသန်းပြီးသည့်နောက်တွင် လုကျိုး၊ စီးဝူယာ့နှင့် ရှောင်ယွမ်အာတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ရွှေနန်းဥယျာဉ်တောင်ဆီ ရောက်ရှိလာကြသည်။ သူတို့က မျှော်နန်းဆောင်တွင် သက်ဆင်းလိုက်ကြ၏။
“အဲဒါက ဘယ်သူလဲ”
“နောက်ထပ် လူသစ်လေး ”
“ မင်း အရင်အမှားကနေ သင်ယူလိုက်ပြီ မဟုတ်ဘူးလား။ လောင်ချန်းပေ့က ဒီလိုသွားခေါ်လာရတယ်ဆိုတော့ ပထမသခင်လေးပဲ ဖြစ်ရမယ်” ဖန်ကျုံးက လက်ပိုက်လျက် ပြောလိုက်သည်။
“ ပထမသခင်လေးက ဒီလောက်တောင် ညင်သာတယ်လား။ မဟုတ်မှလွဲရော သတ္တမသခင်လေးလား” ကျိုးကျစ်ဖုန်းက ခေါင်းခါလျက် ပြောလိုက်သည်။
“ ဒါက မင်း မသိသေးပါဘူး။ သတ္တမသခင်လေးက အရမ်းဉာဏ်ကောင်းတယ်တဲ့။ သူ့သတင်းကွန်ယက်က တာ့ယန်တစ်ခုလုံး ဖြန့်ကျက်ထားတာ … တကယ်လို့ သူသာ မလိုလားရင် ဘယ်သူမှ သူ့ကို မဖမ်းနိုင်ဘူး” ဖန်ကျုံးကလည်း ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ မင်းပြောတာလည်း ဟုတ်သလိုလို … ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကိုးယောက်လုံးကို သူတို့သွင်ပြင်ပေါ် မူတည်ပြီး ကောက်ချက်ချလို့ မရဘူးကွ ”
နှစ်ယောက်လုံးက သဘောတူလိုက်ကြသည်။ ထို့နောက် သူတို့က လုကျိုးနှင့် တခြားလူများဆီ သွားကာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ် … နဝမသခင်လေးလည်း မင်္ဂလာပါ … ” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က လုပ်ရိုးလုပ်စဉ်များနှင့် အသားကျနေကြလေပြီ။ ပထမသခင်လေးကို နှုတ်ဆက်နေစရာ မလိုပေ။ သူက သစ္စာဖောက်တစ်ယောက်မျှသာ ဖြစ်၏။ အနည်းဆုံးတော့ သူတို့က မျှော်နန်းသခင်ရှေ့တွင် နှုတ်ဆက်မည် မဟုတ်ပေ။
“ မိစ္ဆာဝေဟင်မျှော်နန်းမှာ ဒီရက်ပိုင်း ဘာဖြစ်သွားသေးလဲ” လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း မေးလိုက်သည်။
ဖန်ကျုံးက ရိုးရိုးသားသား ဖြေဆိုလိုက်သည် “မျှော်နန်းသခင်ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းမှာ ကိစ္စကြီးကြီးမားမား ဖြစ်သွားတာမျိုး မရှိပါဘူး။ တတိယသခင်လေးက ပြင်ဆင်မှုတွေ လုပ်ထားတော့ အရာအားလုံး အဆင်ပြေသွားပါတယ်။ ဖြောင့်မတ်ခြင်းလမ်းစဉ်က ဂိုဏ်းတွေက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မဟုတ်တမ်းတွေ လျှောက်ဖြန့်နေကြပါတယ်”
“အလိမ်အညာတွေကိုလား”
“ဒုတိယသခင်လေး သေဆုံးသွားပြီးတော့ ရွှေနန်းဥယျာဉ်တောင်က သစ်ပင်တွေ၊ ပန်းမန်တွေ ခြောက်သွေ့ကုန်တယ်ဆိုတာမျိုးပါ။ သူတို့က … သူတို့ပြောကြတာက … ” ဖန်ကျုံးက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။
“ အကုန်ထုတ်ပြောလိုက် ” လုကျိုးက ပြောလိုက်သည်။
“ မျှော်နန်းသခင်ရဲ့ ကန့်သတ်ချက်ကလည်း ရောက်လာပြီဆိုပြီး …” ဖန်ကျုံးက သူ ကြားသမျှကို အကုန်ပြန်ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။ ဤအရာက သူ မျှော်မှန်းထားပြီးသား ဖြစ်လေသည်။ တစ်ခါတလေတွင် ဖြောင့်မတ်ခြင်းလမ်းစဉ်က လူများသည် သူတို့ မဆင်မခြင် ပြုမူကြောင်း သတိမပြုမိခင် ခြေမွပစ်သင့်လေသည်။
ကန့်သတ်ချက်တဲ့လား …ငါက မကြာခင် သေတော့မဲ့လူနဲ့ တူနေလို့လား …
ဒီအရာတွေက အဓိပ္ပာယ်မရှိလိုက်တာ …
လုကျိုးက တစ်ချိန်လုံး တိတ်ဆိတ်နေသည့် စီးဝူယာ့နှင့် သူ့လက်ထဲတွင် ပွေ့ဖက်ထားသော ယုံနဉ်မင်းသမီးအား ကြည့်လိုက်ပြီး “ ယွမ်အာ … မင်းသမီးကို တောင်ဘက်မျှော်နန်းဆီ ခေါ်သွားပြီး အနားယူခိုင်းလိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း” ရှောင်ယွမ်အာက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“မင်းကိုတော့ …” လုကျိုးက စီးဝူယာ့အား ကြည့်လိုက်ပြီး “ပြန်လည်သုံးသပ်ရေးဂူထဲမှာ ခုနှစ်ရက်တိုင်တိုင် ပြန်လည်သုံးသပ်ချေ”
စီးဝူယာ့၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီး “ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”
စီးဝူယာ့၏ လုကျိုးအပေါ် သဘောထားက လေးစားသော်လည်း လုကျိုးအနေနှင့် စိတ်လေးနက်မှု လစ်ဟာနေကြောင်း ခံစားမိလေသည်။ သို့သော်လည်း သူက ဘာမှမပြောဘဲ အရှေ့မျှော်နန်းဆောင်ဆီသာ ပြန်လာလိုက်သည်။ သူက ခုနှစ်ရက်ကြာ အပြစ်ပေးလိုက်ခြင်းမှာ ထိုအချိန်အတွင်း ကောင်းကင်ကျမ်းမှ ထူးခြားအံ့ဖွယ်စွမ်းအားကို ပြန်လည်အားဖြည့်လို၍ ဖြစ်သည်။ သူ့နောက်ခံအနေနှင့် ထူးခြားအံ့ဖွယ် စွမ်းအား မရှိဘဲ တစ်ခုခု လိုအပ်နေသည်ဟု ခံစားရလေသည်။
လုကျိုး ထွက်သွားပြီးသည့်နောက်တွင် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က စီးဝူယာ့အား လေးလေးစားစား ဦးညွှတ်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည် “ပထမသခင်လေးကို ဂါရဝပြုပါတယ် ”
စီးဝူယာ့က သူတို့အား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ပြန်လည်သုံးသပ်ရေးဂူဆီ ဦးတည်လိုက်သည်။
နှစ်ယောက်လုံးက သူ့နောက်မှ အလျှင်အမြန် လိုက်ပါလာကြသည်။
“ ပထမသခင်လေး ကျွန်တော်တို့ ဝတ်ရုံ သွားယူပေးရမလား”
“ပထမသခင်လေးက ကျွန်တော် ထင်ထားတာထက် ပိုခံ့ညားတာပဲ … ”
…
အခန်း (၄၁၁) ငါနဲ့လေ့ကျင့်
စီးဝူယာ့သည် ထိုကပ်ဖားယပ်ဖားလူနှစ်ယောက်အကြောင်း စိတ်ထဲမထားပေ။ သူ၏ပုံမှန်နှုန်းဖြင့် လမ်းလျှောက်နေလေ၏။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက သူ့နောက်ကလိုက်သွားတော့သည်။ သူတို့ရှေ့ရှိလူက မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမဆုံးတပည့်ဖြစ်ကြောင်း ယုံကြည်မှုတို့ တိုးလာ၏။ သူက ပတ်ဝန်းကျင်နှင့် ရင်းနှီးလွန်းနေပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် မျှော်နန်းကြားရှိ လမ်းကြောင်းများကို ရင်းနှီးနေသည်။ ယခင်က အကြိမ်ပေါင်းများစွာသွားခဲ့ဖူးသည့်ပမာ တောင်နောက်ဆီသို့ ရောက်သွား၏။
စီးဝူယာ့သည် ဂူသို့ ရောက်ချိန်၌ သူက ပြန်လှည့်မကြည့်ဘဲ ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းကို ပြောလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းရဲ့တပည့်ကြီး ကျိုးကျစ်ဖုန်း၊ ကျင့်မင်တာအိုဂိုဏ်းရဲ့ သစ္စာဖောက်ဖန်ကျုံး”
သူက သူတို့ကိုအလွယ်တကူခွဲခြားနိုင်၏။
ကျိုးကျစ်ဖုန်းက အံ့ဩသင့်သွားတော့သည်။
သူတို့မတုံ့ပြန်နိုင်သေးခင် စီးဝူယာ့ကဆက်ပြောလိုက်၏။ "အားလုံးဘယ်လိုလဲ”
ဖန်ကျုံးသည် မေးခွန်းကိုချက်ချင်းမဖြေပေ။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ပထမဆုံးတပည့် ပြုမူသင့်သည့်ပုံဟုသာ တွေးနေမိသည်။
သူ့ကိုကြည့်စမ်းပါဦး။ သူ့ရဲ့စကားတွေကို နားထောင်ကြည့်။ သူကဘယ်လောက် ခမ်းနားလိုက်လဲ။ သူက စကားနဲတဲ့သူ ဒါပေမဲ့ စကားပြောတဲ့အချိန် အားလုံးရဲ့အခြေအနေ အကြောင်းမေးနေပြီ။
ဖန်ကျုံးက ခေါင်းကုတ်လျက်ပြန်ပြောလိုက်၏။
“မေးမြန်းပေးတာ ကျေးဇူးတင်ပါတယ် ပထမသခင်လေး ကျွန်တော် ဒီနေရာကို သိပ်သဘောကျပါတယ်”
ကျိုးကျစ်ဖုန်းကလည်း ဝင်ပြောလိုက်၏။
“မေးမြန်းတာကျေးဇူးတင်ပါတယ် ပထမသခင်လေး။ ကျွန်တော်လည်း အဆင်ပြေပါတယ်။ ဒါက နေရာကောင်းတစ်ခုဖြစ်ရုံတင်မကဘူး။ ဒီနေရာကလူတွေက ဖော်ရွေပြီး ချဉ်းကပ်ရလွယ်တယ်”
စီးဝူယာ့၏အမူအရာက မပြောင်းလဲဘဲ သူက သူတို့ကို လေ့လာရန် ဖြည်းဖြည်းချင်း လှည့်လာလိုက်၏။ သူ၏မေးခွန်းကို မဖြေခြင်းအတွက် သူက ရန်စခြင်းလည်းမရှိ၊ ဒေါသထွက်ခြင်းလည်း မရှိ သူက ပြောလိုက်၏။
“ကောင်းတယ်”
“ပထမသခင်လေး ဂူထဲမှအေးပါတယ်။ အိပ်ရာနဲ့ စောင် ယူလာပေးပါ့မယ်” ဖန်ကျုံးက ပြောလိုက်၏။
အနောက်ဖက်ကနေ ဘန်း ဟူသည့် အသံကြီး ပေါ်ထွက်လာချိန်၌ ဖန်ကျုံးအသံကဖျော့သွားသည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့သည် နယ်ရှင်လှံကို ကိုင်ဆောင်ထားသော တွမ့်မူရှန်းကို တွေ့လိုက်ရ၏။ ယခုအချိန်တွင် သူက သူတို့နှစ်ယောက်လုံးကို တင်းမာခက်ထန်သောအမူအရာဖြင့် ကြည့်လိုက်၏။ သူ စိတ်အခြေအနေ မကောင်းနေမှန်း ချက်ချင်း သိလိုက်သောကြောင့် သူတို့စိုးရိမ်ပူပန်မှု တိုးလာသည်။
“ပထမသခင်လေး ကျေးဇူးပြုပြီး တတိယသခင်လေးကို ဒေါသမထွက်ပါနဲ့ အငြိုးအတေး မထားပါနဲ့” ဖန်ကျုံးကပြောလိုက်၏။
ထန်း
နယ်ရှင်လှံက မြေပြင်ကို ရိုက်မိသွားသည်။
“မျိုးမစစ်ကောင်”
ဖန်ကျုံးက ထိတ်လန့်အံ့ဩသင့်သွား၏။ သူက စကားမပြောရဲတော့ပေ။ သို့သော် စိတ်ထဲတွင် စောဒက တက်လိုက်၏။ တတိယသခင်လေးက ပွင့်လင်းလွန်းတာပဲ။ တကယ်ပဲ ပထမသခင်လေးက မိစ္ဆာဝေဟင်မျှော်နန်းကနေ အကြောင်းအရင်းမသိရဘဲ ထွက်သွားတာလေ။ ဒါပေမဲ့ သူ့ကို ဒီလို ပြောင်ပြောင်တင်းတင်း ခေါ်ဖို့တော့ သတ္တိတွေအများကြီးလိုဦးမှာပဲ။
ဖန်ကျုံးက စီးဝူယာ့ကိုယ်စားတောင်းပန်တော့မည့်အချိန်၌ စီးဝူယာ့က ရုတ်တရက် အရိုအသေပေးပြီး ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် စန်းရှစ်ရှိုး”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက အံ့ဩဆွံ့အသွားလေ၏။ ငါတို့တော့ ဒီတစ်ခေါက်သေပြီပဲ။ နောက်ထပ်အမှားလုပ်မိသွားပြီ။
တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကိုမြှောက်ကိုင်လျက် မျက်နှာသေဖြင့်လျှောက်လာသည်။ သူက ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းကို တစ်ချက်ကြည့်ပြီးနောက် နှစ်ယောက်လုံးကို ကန်လိုက်တော့သည်။
“အ ...”
ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းက တစ်ယောက်နှင့်တစ်ယောက် တိုက်မိသွားတောသည်။ သူတို့က တွမ့်မူရှန်းကို အရှုံးသမားအမူအရာဖြင့်ကြည့်လိုက်ပြီး စကားပြောရမှာ ကြောက်ရွံ့နေ၏။ တွမ့်မူရှန်းက ပြောလိုက်၏။
“ပထမသခင်လေးကို ဒေါသမထွက်ဖို့ပြောတာ ဘာကိုဆိုလိုတာလဲ လောင်ချီ ဒါက မင်း ငါ့ကိုပြောတဲ့ပုံစံလား”
တပည့်ကြီးတစ်ယောက်အဖို့ တပည့်ငယ်တစ်ယောက်ကို သင်ကြားပြသပေးတာဘာမှမမှားပေ။ ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က ငိုချင်လာ၏။
စီးဝူယာ့သည် သူတို့ခံစားချက်များအကြောင်း ဂရုမစိုက်ပေ။ ထိုအစား သူသည် တွမ့်မူရှန်းကို မျက်နှာမူလျက် အရိုအသေထပ်ပေးလိုက်သည်။ “နှုတ်ခွန်းဆက်သပါတယ် စန်းရှစ်ရှိုး” ယခင်ကထက် သူသည် တလေးတစား ပြုမူ၏။
တွမ့်မူရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။ “ပြန်လာတာအရှက်မဲ့လိုက်တာ”
“ကျွန်တော်အရှက်ရမိပါတယ်” စီးဝူယာ့က တည်ငြိမ်စွာပြန်ပြောလိုက်၏။
“ဒီနှစ်တွေမှာ မင်းပြဿနာရှာခဲ့ပြီး အပြင်လောကကို ရတက်မအေးအောင်လုပ်ခဲ့တယ်။ အဆုံးကျ မင်း မိစ္ဆာဝေဟင်မျှော်နန်းကို နာနာခံခံပြန်လာရတာပဲမလား။ မင်း ပါးနပ်တာကြောင့် လူတိုင်းက မင်းရဲ့အောက်မှာရှိနေမယ်လို့ ထင်နေလား” တွမ့်မူရှန်းသည် စီးဝူယာ့ကို လှောင်ပြောင်ရန် သူ၏ရည်ရွယ်ချက်ကို မကွယ်ဝှက်ထားပေ။
“စန်းရှစ်ရှိုး မှန်ပါတယ်” စီးဝူယာ့က လေသံအတက်အကျမရှိ ပြောလိုက်၏။
ဝှစ်
တွမ့်မူရှန်းသည် သူ၏နယ်ရှင်လှံကို မြှောက်ကာ စီးဝူယာ့ကို ချိန်ရွယ်လိုက်၏။
“မင်း ငါ့ကို ဒီပုံစံနဲ့ပြောနေတာကြောင့် မင်းကို ခွင့်လွှတ်လိမ့်မယ်လို့ ထင်နေလား”
စီးဝူယာ့သည် တွမ့်မူရှန်း၏လက်ထဲရှိ ကောင်းကင်အဆင့်လက်နက်ကို တွေ့လိုက်ရ၏။ သူက အလွန်အကျွန် အံ့ဩသွားပုံမပေါ်ပေ။ သူက ပြောလိုက်၏။
“ကျွန်တော် လျန့်စီရင်စုရဲ့တိုက်ပွဲကြောင့် ဒဏ်ရာရထားတယ်။ စန်းရှစ်ရှိုးက ပိုရဲရင့်ပြီး ပိုသတ္တိရှိပါတယ်။ ပြိုလဲနေတဲ့သူတစ်ယောက်ကို ရှစ်ရှိုးမရိုက်ဘူးဆိုတာ ကျွန်တော် သေချာတယ်”
တွမ့်မူရှန်းက ပြောလိုက်၏။ “ငါ မသေချာဘူး”
ဝှစ်
တွမ့်မူရှန်းသည် နယ်ရှင်လှံကို ညာလက်ဖြင့်ဆုပ်ကိုင်လျက် လှံတံ၏အောက်ခြေကို သူ၏ချိုင်းနား ညှပ်ထားလိုက်၏။ သူက လှံဖြင့်ချိန်ရွယ်ကာပြန်ပြောလိုက်သည်။
"လောင်စစ်ပြောတာမှန်တယ်။ ယုတ်မာကောက်ကျစ်ပြီး သေးသိမ်တဲ့သူကို ရင်ဆိုင်တဲ့နေရာမှာ တရားမျှတနေဖို့မလိုဘူး။ ကမ္ဘာကြီးမှာ အကြွင်းမဲ့တရားမျှတတဲ့အရာမရှိဘူးလို့ ရှစ်စွင်းက ငါတို့ကိုပြောပြခဲ့တာ။ မင်း ဘယ်လောက်တိုးတက်လာလဲဆိုတာပြ ... မင်း သစ္စာဖောက်ကောင်”
သူသည် နယ်ရှင်လှံဖြင့် ဝေ့ယမ်းလိုက်၏။ လှံသည် နဂါးတစ်ကောင်ပမာ ပျံထွက်သွားတော့သည်။
ဝှစ် ဝှစ် ဝှစ်
စီးဝူယာ့က မြေပြင်ပေါ် ခြေဖျားထောက်လျက်နောက်ဆုတ်နေရသည်။
အချိန်အတိုင်းအတာတစ်ခုအထိ နှစ်ယောက်သားတိုက်ခိုက်နေကြ၏။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က နောက်သို့ ကမန်းကတန်း ဆုတ်သွားသည်။ သူတို့က ဘေးကနေ တိုက်ပွဲကို လေ့လာနေ၏။
“ညီအစ်ကိုဖန် ... မင်းကိုငါ ထပ်မယုံတော့ဘူး” ကျိုးကျစ်ဖုန်းက စောဒကတက်လိုက်၏။
“အို ... ပါးစပ်ပိတ်ထား”
ကျိုးကျစ်ဖုန်းက မျက်နှာပေါ်မှချွေးများကို သုတ်ပြီး ပြောလိုက်၏။ “ဘယ်သူက ပိုအစွမ်းထက်လဲ။ တတိယသခင်လေးလား ဒါမှမဟုတ် သတ္တမသခင်လေးလား”
ဖန်ကျုံးသည် တပည့်နှစ်ယောက်ကိုကြည့်ပြီးနောက် လေသံတိုးတိုးဖြင့်ပြောလိုက်၏။
“ငါထင်တာတော့ သတ္တမသခင်လေးပဲ စဉ်းစားကြည့်လေ သူက ကျင့်ကြံခြင်းလောကကို ပြောင်းပြန် လှန်နိုင်စွမ်းရှိတယ်။ တာ့ယန်ရဲ့စီရင်စုကိုးခုက အခုဆို ပရမ်းပတာဖြစ်နေပြီ။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်သင့်သလို ပင်လယ်ရေအနက်ကိုလည်း ကြိုးမျှင်နဲ့ မတိုင်းတာသင့်ဘူး။ ဒါ့အပြင် သတ္တမသခင်လေးကို အရင်တုန်းက သူခွန်အားအပြည့် ထုတ်သုံးအောင်လုပ်နိုင်တဲ့သူ ဘယ်သူမှမရှိဘူးလို့ အဋ္ဌမသခင်လေးပြောတာကြားဖူးတယ်”
“သူက အဲ့ဒီလောက်အစွမ်းထက်တယ်လား”
“ကြည့်နေလေ”
နှစ်ယောက်သားက ပြောပြီးသွား၏။ တွမ့်မူရှန်းက ကောင်းကင်ထဲခုန်တက်လိုက်သည်။ ပြီးနောက် လှံကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီးနောက် ခုန်ဆင်းလိုက်၏။ လှံအရိပ်ပေါင်းထောင်ချီက ချက်ချင်း ပေါ်လာတော့၏။
မပြည့်စုံသော နတ်ဒေဝါဖြန်ဖြေခြင်း
မရေမတွက်နိုင်သော လှံအရိပ်များသည် စီးဝူယာ့ဆီသို့ထိုးစိုက်သွား၏။
စီးဝူယာ့သည် စွမ်းအင်များစွာကိုထုတ်ဖော်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
စီးဝူယာ့အဖို့ အံ့ဩသွားရသည်က လှံအရိပ်များသည် သူ၏စွမ်းအင်ရိုက်ချက်များကို အလွယ်တကူ ဖျက်ဆီးလိုက်တာပဲဖြစ်သည်။ လှံထိပ်ဖျားက ယခုဆို သူ့မျက်နှာပေါ် ကျရောက်လာ၏။ သူ့ကိုယ်သူ ကာကွယ်လက်ကို အမြန်မြှောက်လိုက်တော့သည်။
ဘန်း
စီးဝူယာ့က လေထဲခုန်တက်လိုက်၏။ သူက နောက်သို့ဆုတ်လိုက်ရသည်။ တုန်နှုန်းကြောင့် လက်တွေလည်းထုံကျဉ်နေကာ မျက်နှာကဖြူဖျော့နေ၏။
တွမ့်မူရှန်းက နယ်ရှင်လှံကို ပြန်ရုတ်လိုက်သည်။ သူက ရှေ့ဆက်မတိုက်ခိုက်တော့ပေ။ ထိုအစားသူကပြောလိုက်သည်။ “မင်းတတ်နိုင်တာ ဒါ အကုန်ပဲလား”
စီးဝူယာ့က လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။ “စန်းရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်အကြောင်း အထင်ကြီးမိပါတယ်”
ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းက ဆွံ့အသွားတော့သည်။
ကျိုးကျစ်ဖုန်းက မျက်ဆံလှန်လျက်ဖန်ကျုံးကိုတွေးတွေးဆဆကြည့်လိုက်၏။ သူ၏အမူအရာအရ သူသည် ဖန်ကျုံး၏စကားကိုထပ်ယုံကြည်သည်ထက် သူ့ဆံပင်ကို လျှော်ဖွပ်လိုက်တာက ပိုပြီးသိသာဦးမည်။
တွမ့်မူရှန်းက နယ်ရှင်လှံကိုမြှောက်လိုက်၏။ သူက လက်ထဲဝေ့ယမ်းကာ ခုံပေါ်လက်တင်ထားလိုက်၏။ “ဂူထဲသွား မင်း ဖိတ်ကြားတာစောင့်နေတာလား”
စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ သူက မခုခံခဲ့ပေ။ တခွန်းမှမပြောဘဲ ပြန်လည်သုံးသပ်ရေးဂူထဲသို့ဝင်သွားတော့၏။
တောင်နောက်က တဖန်တိတ်ဆိတ်သွားပြန်သည်။
“တတိယသခင်လေးရဲ့ လှံစွမ်းရည်က နောက်ဆုံးတော့ တိုးတက်လာပြီပဲ” ဖန်ကျုံးကပြောလျက် လက်မထောင်ပြလိုက်သည်။
“နောက်ဆုံးတော့ တိုးတက်လာပြီတဲ့လား” တွမ့်မူရှန်း၏ အမူအရာက လူသတ်ချင်စိတ်ပေါ်လာ၏။ “ငါ အရင်တုန်းက မတိုးတက်ဘူးလို့ဆိုလိုတာလား”
“…”
“လာ ... မင်းတို့နှစ်ယောက်လုံးရက်အနည်းငယ်အတွက် မင်းတို့ရဲ့ အစာအတွက်မေ့ထားလိုက်တော့။ ငါနဲ့လေ့ကျင့်” တွမ့်မူရှန်းသည် ဆက်မလိုက်တော့သည်။ ထိုအစားသူတို့နှစ်ယောက်ဆီ ဖော်ရွေသော အပြုမူဖြင့်လျှောက်သွားပြီးနောက် နယ်ရှင်လှံကို သူတို့လက်ထဲထားလိုက်၏။ ပြီးနောက် နှစ်ယောက်လုံကို ကုတ်ဆွဲကာ တောင်ပေါ်ရှိလေ့ကျင့်ရေးကွင်းထဲသို့ဆွဲခေါ်သွားသည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့၏အမူအရာက သနားစရာကောင်းနေသည်။ သူတို့က ဆွဲခေါ်သွားခွင့်သာပေးလိုက်ရ၏။
နေဝင်ရီတရောအချိန်၌ဖြစ်သည်။
လုကျိုးက မျက်လုံးဖွင့်လိုက်၏။ ကောင်းကင်ကျမ်းစာ စာလိပ်ကို နေ့ဝက်သာဆင်ခြင် လေ့လာပြီး နောက် သူ၏ စိတ်အခြေအနေက အနည်းငယ် ပြန်လည်တည်ဆောက်နိုင်ပြီဖြစ်သည်။ သို့သော် အပြည့်အဝပြန်ကောင်းရန် လမ်းကြောင်းရှည်ကြီးရှိနေသေး၏။ သူသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
အမည် ..... လုကျိုး
အထောက်အထား ...... တာ့ယန်၊ လူသား
ကျင့်ကြံဆင့် ..... နတ်ဒေဝါဦးတည်နယ်ပယ်၊ တာအိုအသွင်ပြောင်းခြင်းအဆင့်
ကုသိုလ်မှတ် ...... ၄၂၈၀၀
စိတ်ဝိညာဉ်သဏ္ဌာန် ..... ဆယ်ကမ္ဘာ
ကျန်ရှိသောသက်တမ်း ..... ၉၇၆၃ရက်
အသုံးပစ္စည်း ..... အသေရိုက်ချက်ကတ် ၁ ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ် ၆၂ကတ် (အလိုအလျောက်သုံး)၊ ချုပ်နှောင်ရေးလှောင်ချိုင့်ကတ် ၄ ကတ်၊ ကျိထျန်းတောက်၏ အထွတ်အထိပ်အသွင်ကတ် ၁ကတ်၊ နတ်ခြင်္သေ့ အနားယူနေ၊ ပိအန်း၊ အရေးပေါ်ကယ်ဆယ်ကုသရေးကတ် ၂ကတ်၊ အဆင့်မြင့်ချုပ်နှောင်ရေးလှောင်ချိုင်ကတ် ၂ ကတ်၊ အဆင့်မြင့်ကုသရေးကတ် ၂ကတ်၊ မိုးကြိုးသွား ၁ကတ်၊ အကြောင်းပြန်လှန်ရေးကတ် ၃၃ကတ်။
လက်နက် ..... အမည်မဲ့၊ အသက်ဓားသွား၊ ကျောက်စိမ်းမြင်းမြီးယပ်သန့်စင်ရန်လိုအပ်၊ ဒေါင်းမြီးယပ်တောင် သန့်စင်ရန်လိုအပ်။
ကျင့်စဉ်များ ..... ကောင်းကင်ကျမ်းစာစာလိပ်
အားလုံးက လျန့်စီရင်စုထဲတွင် သူရခဲ့တာဖြစ်သည်။ စီးဝူယာ့သည် တခြားမျိုးနွယ် နှစ်ထောင်နီးပါးကိုသတ်ပြီးအကျိုးဆောင်ခဲ့၏။
လုကျိုးက ရေရွတ်ပြောလိုက်သည်။ “တစ်လှမ်းပဲ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲသို့ရောက်ဖို့ တစ်လှမ်းပဲလိုတော့တယ်”
သူသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင် ရောက်ချိန်က ကျင့်ကြံခြင်းလောထဲအမှန်တကယ် ခြေချပြီဟု တွေးနိုင်ပြီဖြစ်သည်။
လုကျိုးက လက်ကိုဝေ့ယမ်းလိုက်သည်။ စနစ်မျက်နှာပြင်က ပျောက်သွား၏။ သူ ဖြေရှင်းရမည့် ကိစ္စများကို မှတ်မိသွားချိန်၌ သူသည် သူ့ကုသိုလ်အမှတ်များကို သုံးမည့်အတွေးကို စိတ်နောက်သို့ပို့လိုက်၏။
သူသည် အခန်းအပြင်ဖက်၌ တစ်စုံတစ်ယောက်သန့်ရှင်းရေးလုပ်တာကို အာရုံခံမိသောကြောင့် ပြောလိုက်၏။ “စီးဝူယာ့ကို ဒီကို ဆင့်ခေါ်ခဲ့”
“နားလည်ပါပြီ”