← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅) လှိုင်းကြီးများ

အစောင့်သည် သူဝင်လာစဉ်ကအတိုင်း စာကြည့်ဆောင်ထဲကနေ လေးစားရိုကျိုးစွာ ထွက်သွားလေ၏။

စာကြည့်ဆောင်က တဖန်တိတ်ဆိတ်သွားပြန်၏။

လျိုကုသည် သူ့စားပွဲဆီသို့ ပြန်လာသည်။ သူက စုတ်တံကိုကောက်ကိုင်လျက် ပေလွှာကို ခပ်ကြမ်းကြမ်း ဆွဲခြစ်လိုက်၏။ စုတ်ချက်က စာရွက်ကိုဖြည်းဖြည်းချင်းပြဲသွားစေသည်။ သူက စုတ်တံကို စားပွဲပေါ်သို့ပစ်ချလိုက်တော့၏။

ဆူညံသံကြောင့် ထိတ်လန့်အံ့ဩသင့်သွားသော မိန်းမစိုးနှစ်ယောက်က စားပွဲဆီသို့ အမြန်ပြေးလာ၏။

လျိုကုက ထူးမခြားနား ပြောလိုက်တော့သည်။ “ဒါတွေကိုသန့်ရှင်းလိုက်”

“တခါတည်း”

နေ့ဝက်ခ န့်ကြာပြီးနောက် လျိုကုက သူ၏မှတ်ဉာဏ်များကိုတွေးဆနေစဉ် အစောင့်တစ်ယောက်က သူ၏လက်ထဲတွင် အရေးပေါ်လျှောက်တင်လွှာတစ်စောင်ကိုကိုင်ပြီး ကမန်းကတန်း ရောက်လာတာကို တွေ့လိုက်ရ၏။ နဖူးပေါ်တွင် ချွေးများရွှဲနေလျက် လျှောက်တင်လွှာကို လက်နှစ်ဖက်ပေါ်တွင် တင်လျက် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး လျန့်စီရင်စုက သတင်းပို့ချက်ပါ”

“ဖတ်လိုက်” လျိုကုက ကိုယ်တိုင်ဒုက္ခခံဖတ်မနေပေ။

အစောင့်က ပေလွှာကိုဖြည်ပြီးနောက် ဖွင့်လိုက်၏။ “လျန့်စီရင်စုရဲ့မြို့ဆယ်မြို့ပြိုလဲသွားပါပြီ။ သူတို့ကို ငရဲဂိုဏ်းက သိမ်းပိုက်လိုက်ပါပြီ။ စစ်သူကြီးရှန်းလဲ့က တိုက်ပွဲမှာ ကျရှုံးသွားပါတယ်။ အရှင်မင်းသမီး၊ စတုတ္ထမင်းသားနဲ့ စစ်သူကြီးခြောက်ယောက်ပျောက်ကွယ်သွားပါတယ်”

လျိုကုသည် လျှောက်တင်သံကိုကြားသောအခါ မျက်မှောင်ကျုံ့သွားလေ၏။ သူသည် ဒုတိယမင်းသားလျိုဝမ် သေဆုံးချိန်ကတောင် မျက်မှောင်တစ်ချက်မတွန့်ပေ။

အစောင့်သည် ဧကရာဇ်ကိုနေ့စဉ်နေ့တိုင်း ခစားခဲ့သောကြောင့် လျိုကု၏စိတ်သဘောထားနှင့် ရင်းနှီး၏။ လျိုကုက တိတ်ဆိတ်လေလေ သူက ပိုပြီးမသက်မသာဖြစ်ပြီး စိုးရိမ်ပူပန်ရလေဖြစ်၏။ စာကြည့်ဆောင်ထဲရှိလေထုက အဆိပ်များဖြင့် သုတ်ထားသည့်ပမာခံစားနေရတော့၏။ သူသည် အသက်ပြင်းပြင်း ရှူမိပါက သေမည်ဟုခံစားမိနေ၏။ စာကြည့်ဆောင်ဆီ တိတ်ဆိတ်လွန်းသောကြောင့် သူ့နှလုံးခုန်သံတောင် သူကြားနေရသည်။

ခဏကြာတိတ်ဆိတ်သွားပြီးနောက် လျိုကုက နောက်ဆုံးတွင်ပြောလိုက်တော့သည်။ “ငါ သိပြီ”

အစောင့်က စိတ်သက်သာရာရသွား၏။ အကြောင်းပြန်ကြားမှုတစ်ခုသည် ဘာမှမရှိတာထက် ပိုကောင်း၏။ သူကထပ်ပြောလိုက်သည်။ “အရှင်မင်းကြီး နောက်ထပ်လျှောက်တင်လွှာရှိပါသေး တယ်”

“ဘာလဲ”

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ကြိုးပမ်းနိုင်ဖို့ နည်းလမ်းတစ်ခုရှာတွေ့ပြီလို့ ကျင့်ကြံခြင်းလောကမှာ ကောလာဟလတစ်ခုပျံ့နေပါတယ်” အစောင့်ကပြောလိုက်၏။ အစောတုန်းက လျှောက်တင်လွှာကြောင့် အနည်းငယ် ဒုက္ခတွေ့နေသောလျိုကုသည် ချက်ချင်းလှည့်လာ၏။ သူက မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်တော့သည်။ “အဲဒါ ဘာနည်းလမ်းလဲ”

“ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ရွှေကြာကိုဖြတ်တောက်ပြီး အသက်ရှင်ခဲ့မယ်ဆိုရင် သူက ပွင့်ချပ်ထပ်ပေါက်လာပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်နိုင်ပါတယ်” အစောင့်က ပြန်ပြောလိုက်သည်။

လျိုကုသည် အတိတ်တုန်းကသာ ထိုလျှောက်တင်ချက်ကို ကြားခဲ့လျှင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ယောက်က ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူနိုင်ရန်အတွက် မိမိ၏ရွှေကြာကို ထိခိုက်အောင် လုပ်ရမည်ဟု တစ်စုံတစ်ယောက်ကသာ သူ့ကိုပြောပြခဲ့မယ်ဆိုလျှင် ပြောသည့်သူသည် ခေါင်းဖြတ်ခံရမည်ဆိုတာ သံသယမရှိပေ။ သို့သော် ယခုချိန်၌ သူသည် ထိုကောလာဟလကို ယုံကြည်မိ၏။

ဧကရာဇ်ယုံရှုကွယ်လွန်သွားပြီးနောက် လျိုကုသည် ထီးနန်းပလ္လင်ပေါ် တက်ရောက်ခဲ့၏။ သူသည် တိုင်းပြည်စီမံရေးကို လျစ်လျူထားပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကိုသာ ရရန်ကြိုးပမ်းနေခဲ့သည်။ သူသည် တိုင်းပြည်၏အရင်းအမြစ်များကို အသုံးပြုပြီး ရာစုနှစ်များစွာ သုတေသနပြုလုပ်လျက် နောက်ဆုံးတွင် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရအောင်ကြိုးပမ်းနေချိန် ကျင့်ကြံသူများကို ဟန့်တားနေသည့်အရာက ရွှေကြာဖြစ်ကြောင်းရှာတွေ့သွား၏။

သူသည် နည်းလမ်းမျိုးစုံကြိုးစားခဲ့သည်။ ဂါထာများနှင့် ရွှေကြာကို ချည်နှောင်ခြင်း၊ ရွှေကြာကို သန့်စင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သူသည် ရွှေကြာကိုဖြတ်တောက်ရန်တခါတွေးခဲ့ဖူး၏။ သို့သော် ထိုအကြံဉာဏ်ကိုချက်ချင်းငြင်းပယ်ခဲ့သည်။ ထိုသို့တိုင် လက်ရှိဤကောလာဟလက ကျင့်ကြံခြင်းလောကထဲတွင်ပျံ့နှံ့လာသည်လော။ လေမရှိဘဲလှိုင်းမထန် ထိုအတွက် အကြောင်းရင်းတစ်ခုရှိရမည်။

“ထိုကောလာဟလကို ဘယ်သူဖြန့်တာလဲ” လျိုကုကမေးလိုက်၏။

“အံ့ဖွယ်မြို့တော်က နားနေစခန်းတစ်ခုကပါ။ ဒီသတင်းအချက်အလက်က နေ့ဝက်အတွင်း အံ့ဖွယ်မြို့တစ်ခုလုံးကို ပြန့်သွားကြောင်းပါ။ ဒါပေမဲ့ လူတော်တော်များများက အဲ့ဒီအချက်ကို မယုံကြည်ကြပါဘူး။ အရှင်မင်းကြီးက နေ့ကောညပါ ဒီအကြောင်းအရင်းကိုတွေးနေတာကြောင့် ဒီသတင်းကိုလျှောက်တင်ဖို့ကျွန်တော်မနှေးဖင့်ရဲပါဘူး။ ဒီအရေးကိစ္စအပေါ် ကျေးဇူးပြုပြီး စဉ်းစားပေးပါ” အစောင့်က လျှောက်တင်လိုက်၏။

“ကြိုးစားဖူးတဲ့သူရှိလား” လျိုကုကမေးလိုက်၏။

ထိုလက်အောက်ငယ်သားသည် ခေါင်းခါလိုက်တော့၏။

လျိုကုသည် အတွေးနက်သွားလေ၏။

ထိုလက်အောက်ငယ်သားက လှုပ်လည်းမလှုပ်ရှားရဲ။ အဆင်အခြင်မဲ့စကားပြောရဲခြင်းလည်း မရှိပေ။

လူတစ်ယောက်၏ ရွှေကြာကို ထိခိုက်စေသည့်နည်းလမ်းက ဓားဖြင့်သတ်သေခြင်းအမှုမည်၏။ သာမာန်လူများအတွက် ယင်းက ပုံမှန်ပဲဖြစ်သည်။

လျိုကုသည် ထိုအကြောင်းနှစ်ပေါင်းများစွာသုတေသနပြုခဲ့သည်။ သူသည် သုတေသန ပြုလုပ်နေစဉ်၌ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင်များစွာကို ဆုံးရှုံးခဲ့၏။ သူ့နောက်ရှိ စာအုပ်စင်ပေါ်၌ သူကြောင့်သေဆုံးသွားသည့်လူများ၏ အမည်စာရင်းက ပြည့်နေသည်။

ကောင်းကင်ဘုံသည် လူသားများ၏ကျင့်ကြံဆင့်ကို နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်တွင် ကန့်သတ်ထားသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ နတ်ဝိညာဉ်ဝဋ်ကြွေးချေကျင့်ကြံသူများ ပိုမိုများသထက်များလာတာသဘာဝဖြစ်သည်။ ထိုသို့တိုင် လူတိုင်းက ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရနိုင်တာ မဟုတ်လေရာ ပွင့်ချပ်ကိုးလွှာအဆင့်ဆို ပိုဆိုးနေသေး၏။

ခဏတာစဉ်းစားပြီးနောက် လျိုကုကနောက်ဆုံးတွင်ပြောလိုက်တော့၏။ “ငါ့အမိန့်ပဲ ... ငါ ကိုယ်တော်ရဲ့အမိန့်ပဲ။ ရွှေကြာတစ်ရာကို စတေးလိုတဲ့လူတစ်ရာကို စုစည်းလိုက်”

“မှန်ပါ” ထိုလူများကို ရှာရန်မခက်ပေ။ တာ့ယန်၌ တိုင်းသူပြည်သားပြတ်လပ်ခြင်းမရှိ ... ပွင့်ချပ်တလွှာရှိသည့်သူများကလည်းဝင်ပါနိုင်သည်။ ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်ဖြစ်ရန် မလိုအပ်ချေ။

သာမန်လူများသည် သူတို့၏ရွှေကြာကိုထိခိုက်စေရန်လိုလားလိမ့်မည်။ သို့သော် အသက်အကန့်အသတ် နီးနေပြီဖြစ်သည့် အဖိုးကြီးများက ချဉ်းကပ်ရပိုလွယ်ကူပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့်ကျင့်ကြံသူများ သို့မဟုတ် နာတာရှည်ရောဂါသည်များ သို့မဟုတ် ချစ်မြတ်နိုးစရာမရှိတော့သည့် သူများကိုလည်း ရှာဖွေနိုင်၏။ အကြောင်းမရှိဘဲ သေမည့်အစား သူတို့သည် သူတို့၏ရွှေကြာကို ထိခိုက်စေခြင်းမရှိဘဲ ပွင့်ချပ်ကိုးလွှာကို ရယူခြင်က ပိုကောင်းသည်။ ဆုလာဒ်ကကြီးမားနေသရွေ့ သတ္တိရှိသည့်လူချို့တဲ့မှာ မဟုတ်ပေ။

ထိုလက်အောက်ငယ်သား ထွက်သွားပြီးနောက် လျိုကုသည် လက်တစ်ဖက်မြှောက်လိုက်၏။ သူ၏လက်ဖဝါးထဲတွင် ဒုက္ခရှုကွင်းမိုင်တရာစိတ်ဝိညာဉ်သဏ္ဌာန်ငယ်လေးတစ်ခုပေါ်လာသည်။ ယင်းက ပွင့်ချပ်ရှစ်လွှာရွှေကြာပေါ်၌ ရပ်နေတာဖြစ်ပြီး အလင်းဖြင့်တောက်ပနေလေ၏။ ပွင့်ချပ်ရှစ်လွှာက ပြည့်ဖြိုးနေလေသည်။ ရွှေကြာ၏ရောင်ခြည်ဖြာမှုက တလက်လက် တောက်ပနေ၏။

လျိုကု၏အကြည့်တို့က လှုပ်ရှားသွားသည်။ ရွှေကြာကိုဖြတ်တောက်ခြင်းအလုပ်ဖြစ်ခဲ့လျှင် သူသည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့်ကို လက်လျှော့ပြီး ပြန်စတင်ရမည်။ သူ ထိုသို့ပြုလုပ်နိုင်ပါ့မလား ဆိုတာ သိချင်မိသည်။

အံ့ဖွယ်မြို့တော်သည် တာ့ယန်၏ပင်မပဲ ဖြစ်သည်။

တစ်မိုးအောက်ကျင့်ကြံသူများအားလုံးက အံ့ဖွယ်မြို့တော်တွင် စုဝေးနေကြပြီး တာ့ယန်၏ စီရင်စုကိုးခုအနက် အချို့က စီရင်စုကိုးခြထဲတွင်တကွဲတပြားဆီတွင်နေထိုင်ကြသည်။

ရွှေကြာကို ဖြတ်တောက်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရန်ကြိုးပမ်းသည့်အဆင့်က ကောလာဟလပမာ ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်နှစ်ရပ်လုံးသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူနိုင်မည့် နည်းလမ်းကို အမြဲတစေ စဉ်းစားခဲ့၏။ ကောလာဟလများပြန့်ပြီး မကြာမီ၌ လူတို့က အုပ်စုသုံးစုကွဲသွားသည်။ ညာနေသည့်အုပ်စု၊ စဉ်းစားဆင်ခြင်နေသည့်အုပ်စုနှင့်စမ်းသပ်သည့်အုပ်စုတို့ပဲဖြစ်သည်။

ထိုကောလာဟလကလည်း ငရဲဂိုဏ်း၏အခွဲများဆီသို့ရောက်သွားသည်။

ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ တိချင်းနှင့်ယန်ယန်းတို့သည် ခေါင်းငုံ့ထားလေ၏။

ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက်လမ်းလျောက်နေသည်။

“ကျေးဇူးပြုပြီး ကျုပ်တို့ကိုအပြစ်ပေးပါ ဂိုဏ်းချုပ်။ ကျုပ်တို့တွေ သတ္တမသခင်လေးကို မတားနိုင်ခဲ့ဘူး” ဟွားချုံးယန်သည် ဦးစွာဒူးထောက်လိုက်သည့်သူဖြစ်သည်။

“ကျေးဇူးပြုပြီး ကျုပ်တို့ကိုအပြစ်ပေးပါ ဂိုဏ်းချုပ်” ကျန်သည့်သူများကလည်းဒူးထောက်လိုက်၏။

ငရဲဂိုဏ်းသည် လျန့်စီရင်စု၏တိုက်ပွဲတွင် အောင်နိုင်ခဲ့၏။ သူတို့၏တိုက်ပွဲက လှပပြီးပြောင်မြောက်သည်။ လျန့်စီရင်စု၏ မြို့ဆယ်မြို့လုံးက ငရဲဂိုဏ်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ သို့သော် ယွီကျန့်ဟိုင်က ပျော်ရွှင်မှုမရှိပေ။ လေးနက်တည်ကြည်သောအမူအရာကို သူ၏မျက်နှာထက်တွင် မြင်နေရပြီး သူက မျက်မှောင်ကျုံ့နေ၏။ ဒူးထောက်နေသော တပည့်များကိုကြည့်ပြီး သူက သူတို့ကို အပြစ်မပေးနိုင်။ အဆုံးကျ သူ့ဒေါသပေါက်ကွဲရန်အတွက် နံရံကိုသာထိုးလိုက်သည်။

ဖုန်း

ယွီကျန့်ဟိုင်သည် ကနဦးချီမသုံးထားပေ။ သူ၏လက်သီးနှင့်ရုပ်ခွန်အားသက်သက်ကိုသာ သုံးထားရာ နံရံကို ပြိုကွဲသွားစေ၏။ သူ၏အမူအရာက သုန်မှုန်နေကာ ရေရွတ်ပြောလိုက်သည်။

“ချီရှစ်တိ မရှိဘဲ ငါက မြေပြင်ကိုဘယ်လိုစုစည်းရမှာလဲ။ ငါက အဲ့ဒီကအရူးတွေလိုမျိုး ရွှေကြာကို ဖြတ်တောက်တဲ့အကြောင်း ကောလာဟလကိုယုံနေရမှာလား”

မဟာကာကွယ်စောင့်ရှောက်သူလေးဦးက မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သည်။ သူတို့က အသက်တောင်ကျယ်ကျယ်မရှူရဲပေ။

အတန်ကြာတိတ်ဆိတ်ပြီးနောက် ဟွားချုံးယန်က ပြောလိုက်၏။ "သတ္တမသခင်လေးက မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ဖို့ပြောခဲ့တာပါ။ ကျွန်တော်တို့ သူ့ကို မတားနိုင်ခဲ့ဘူး။ ဒါ့အပြင် လောင်ချန်းပေ့ရဲ့ကျင့်ကြံဆင့်က ကြောက်ဖို့ကောင်းလောက်အောင်နက်နဲတယ်။ ရှန်းလဲ့လို လက်ရွေးစင်တစ်ယောက်တောင် လောင်ချန်းပေ့ဆီက ရိုက်ချက်တစ်ချက်ကိုမခံနိုင်ခဲ့ဘူး”

“မင်းတို့အားလုံး ထ လို့ရပြီ” ယွီကျန့်ဟိုင်က လှည့်လာ၏။

လေးယောက်လုံးကထရပ်လိုက်၏။

ယွီကျန့်ဟိုင်က သက်ပြင်းချပြီးပြောလိုက်တော့သည်။

“သူပြန်သွားချင်တယ်ဆိုမှတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားပေးရမှာပေါ့” ဘယ်လိုပဲဖြစ်ဖြစ် သူ ဘာလုပ်ရမှာလဲ။ သူက စီးဝူယာ့ကိုပြန်ခေါ်ဖို့ မိစ္ဆာဝေဟင်မျှော်နန်းထဲပြေးသွားရမှာလား။

“ဂိုဏ်းချုပ် ကျွန်တော်တို့နောက်ထပ်ဘာလုပ်ကြမလဲ” ဟွားချုံးယန်က မေးလိုက်၏။

“ချီရှစ်တိက လျန့်စီရင်စုအတွက်သူမထွက်သွားခင် အံ့ဖွယ်မြို့တော်ကို ခွဲထွက်ဖို့အစီအစဉ်တစ်ခု ရေးထားတယ်။ သူက ဖြစ်လာမှုပေါ်မူတည်ပြီး မတူညီတဲ့နည်းလမ်းတွေတွေးထားတာ။ သူ့ ဘယ်အစီအစဉ်ပဲသုံးသုံး ငါတို့ သူ့အစီအစဉ်တွေထဲက တစ်ခုခုကိုလိုက်နာသရွေ့ ငရဲဂိုဏ်းအနှေးနဲ့အမြန် အံ့ဖွယ်မြို့ကို သိမ်းပိုက်နိုင်လိမ့်မယ်” ယွီကျန့်ဟိုင်က ပြော၏။

ထိုစကားကိုကြားသောအခါ ဟွားချုံးယန်က သက်ပြင်းချပြီးပြောလိုက်တော့သည်။

“သတ္တမသခင်လေးက ဂိုဏ်းအတွက်အကျိုးဆောင်ပေးခဲ့တာ နှမြောစရာပဲ”

ကျန်သည့်သုံးယောက်ကလည်းခေါင်းခါလိုက်သည်။

ဟပ်ချိုး

ပြန်လည်သုံးသပ်ရေးဂူ၌ လေအေးသောကြောင့်ဖြစ်ဟန်တူသည်။ ကျင့်ကြံနေသောစီးဝူယာ့က နှာချေလေ၏။

ကျူးဟုန်ကုန်းက စီးဝူယာ့အတွက် အဝတ်တစ်စုံကိုပြင်ဆင်ပေးထား၏။ သူက စီးဝူယာ့၏ပခုံးကို နှိပ်ပေးလျက် ရယ်မောကာမေးလိုက်၏။ “ချီရှစ်ရှိုး သလင်းတည်နေရာကို ဘာကြောင့် မထုတ်ဖော်တာလဲ”

စီးဝူယာ့က ကျုးဟုန်ကုန်းကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။ “ရှစ်စွင်းက ငါ့ဆီကနေ သတင်းနှိုက်ခိုင်းလိုက်တာလား”

“ချိရှစ်ရှိုး ကျွန်တော့်ဉာဏ်ရည်နဲ့ ရှစ်ရှိုးဆီက ဘာသတင်းရနိုင်မယ်ထင်လဲ။ ရှစ်စွင်းသာ တစ်ယောက်ယောက်ကို ပို့ချင်တယ်ဆိုရင် စစ်ရှစ်ရှိုးကိုပဲပို့မှာပေါ့”

စီးဝူယာ့ကခေါင်းခါကာပြန်ပြောလိုက်၏။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကိုလတ်တလောကမှပြန်ရောက်တာ။ ဒါပေမဲ့ မင်းရဲ့ကပ်ဖားရပ်ဖား အရည်အချင်းကတော့တိုးတက်လာပုံပဲ”

“ရှစ်ရှိုးရဲ့စကားတွေကို မထောက်ခံဘူး ချိရှစ်ရှိုး။ ကျွန်တော်က ရိုးရိုးသားသားပြောတာကို ကျွန်တော့ကို ကပ်ဖားတယ်လို့ ဘယ်လိုများပြောနိုင်ရတာလဲ။ ဒါက ကျွန်တော့်ကိုစော်ကားတာပဲ” ကျုးဟုန်ကုန်းကပြောလိုက်၏။

“…” စီးဝူယာ့က သူ့ကိုမယုံပေ။ ကျူးဟုန်ကုန်းက သူ့ကိုဘယ်လိုလုပ်အရူးလုပ်နိုင်မှာလဲ။

“တော်လောက်ပြီ ... ရိုးရိုးသားသားပြောရရင် သလင်းကိုရှာဖို့ ရုန်ရှီမှာပဲရှိတာ။ တာ့ယန်မှာမဟုတ်ဘူး”

…

အခန်း(၄၁၆) သလင်းကျောက်၏ တည်နေရာ

ကျူးဟုန်ကုန်းက ပြုံးလိုက်လေသည်။ သူက စီးဝူယာ့နောက်တွင် ရပ်ရင်း ပခုံးကို သေချာနှိပ်နယ်ပေးလိုက်သည်။ သူက စီးဝူယာ့၏ ကျောကုန်းကို သူ့လက်သီးဆုပ်ဖြင့် အသာထုကာ မေးလိုက်သေး၏ “ရုန်ရှီလား … ချီရှစ်ရှိုးရဲ့ ဦးနှောက်နဲ့ဆိုရင် ရှစ်စွင်းအတွက် သလင်းကျောက်ရဖို့ မခက်ဘူးမလား”

စီးဝူယာ့က ကျူးဟုန်ကုန်းအား လှည့်ကြည့်လာသည်။ သူက ပြောလိုက်၏ “လောင်ပါ့ … မင်း မိစ္ဆာဝေဟင်မျှော်နန်းကို သစ္စာရှိနေပြီပေါ့လေ”

ထိုအရာကို ကြားပြီး ကျူးဟုန်ကုန်းက ရယ်မောလိုက်ကာ “ မိစ္ဆာဝေဟင်မျှော်နန်းက အရင်ထက် ပိုကောင်းတဲ့ နေရာဖြစ်လာတယ်လို့ ထင်တယ် … မျှော်နန်းဆောင် လေးခုလုံးကို ကြည့်လိုက်ပါဦး။ အခု လူတွေရောက်လာကြပြီ။ အစားအစာတွေ၊ သောက်စရာတွေနဲ့ အိပ်ဖို့လည်း နေရာရှိပြီ။ တကယ်လို့ ချီရှစ်ရှိုးသာ အလိုရှိရင် နေထွက်ကနေ နေဝင်အထိ မိန်းကလေးကို ဘေးနားထားပြီး နေလို့ရတယ်။ ပြီးတော့ နေ့တိုင်း လေလုံးထွားနေကြတဲ့ အရှက်မရှိတဲ့ လူအိုကြီးတစ်သိုက်လည်း ရှိသေးတယ် … ”

စီးဝူယာ့က ကျူးဟုန်ကုန်းအား အယုံအကြည်မရှိစွာ ကြည့်ပြီး ဘာမှမပြောတော့ပေ။ သူ့အမူအရာအရ ကျူးဟုန်ကုန်း၏ စကားများကို နားမလည်မှန်း သိသာလှသည်။

ကျူးဟုန်ကုန်းက ဆက်ပြောပြလိုက်၏။ “ ကျွန်တော်တော့ အခုလိုပုံစံမျိုးကို သဘောကျတယ် ”

စီးဝူယာ့က ကျူးဟုန်ကုန်း၏ အသားထူထူ လက်ကို တွန်းလွှတ်ကာ “ မင်းက ငါ့ဆီကနေ သလင်းကျောက် တည်နေရာကို အစ်ထုတ်ဖို့ ကြိုးစားနေတာလား”

“မဟုတ်ရပါဘူး … ကျွန်တော်က ရိုးသားပါတယ် ”

စီးဝူယာ့က ပြောလိုက်သည်။ “ ရုန်ရှီမှာ တိုင်းပြည်ငါးခုရှိတယ်။ ဝူရှန်း၊ လို့လန်၊ စုရှန့်၊ ချန်းကုနဲ့ ချီကုန်းတို့ပဲ။ ရှစ်စွင်းက သလင်းကျောက်ကို ပျောက်သွားတဲ့သူ … အဲဒီတိုင်းပြည်ငါးခုကြားမှာ ငါတို့တွေ ဘယ်က‌နေ စရှာရမှာလဲ။ ပြီးတော့ သလင်းကျောက်ကို မဖွင့်ရသေးဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ ပြီးတော့ ရှာတွေ့သွားပြီးတော့ ရုန်ပေထဲက တခြားမျိုးနွယ်စုတွေရဲ့ တိုင်းပြည်ခုနှစ်ခုထဲ ရောက်သွားတာလည်း ဖြစ်နေနိုင်တယ် ”

“ရှစ်စွင်းက စည်းပိတ်ထားခဲ့တဲ့သူဆိုတော့ အလွယ်လေး ဖွင့်ဖို့တော့ မဖြစ်နိုင်လောက်ဘူး” ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်။

“ စစ်ရှစ်ရှိုးပြောတဲ့အတိုင်း မင်းရဲ့ ဆုံးဖြတ်ချက် မမှားဘူးလို့ ဘယ်လိုလုပ် သေချာနေရတာလဲ။ ဒီလောကမှာ ဘယ်အရာမှ မတည်မြဲဘူး” စီးဝူယာ့က ပြောလိုက်သည်။

ကျူးဟုန်ကုန်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက အကြောင်းအရင်းထဲမှ ဟာကွက်တချို့ကို ရှာတွေ့သွားလေသည် “ဒီလိုဆိုရင် ဘာလို့ အမှန်အတိုင်း မပြောပြရတာလဲ။ အဲဒါဆို ရှစ်စွင်းက ရှစ်ရှိုးအတွက် ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး ”

“အမှန်တရားက ရှစ်စွင်းအတွက် နားခါးနေနိုင်တယ်” စီးဝူယာ့က ပြောလိုက်သည်။

“ …. ”

စီးဝူယာ့၏ အသံက အပြင်ဘက်မှ အေးစက်စက် အသံကြောင့် လွှင့်ပျောက်သွားလေသည်။

“ ချီရှစ်ရှိုးကို ညီမ အကောင်းပြောခဲ့ပေးတာကို … အခုကျ ရှစ်စွင်းကို ရှစ်ရှိုးက အဲလိုတွေးနေတာတဲ့လား”

ရှောင်ယွမ်အာက ဂူဝတွင် ပေါ်လာကာ စီးဝူယာ့အား အနည်းငယ် စိတ်တိုနေသည့် အမူအရာဖြင့် ကြည့်လိုက်သည် “ ရှစ်စွင်းကြောင့်သာ မဟုတ်ရင် ချီရှစ်ရှိုး သေသွားလောက်ပြီ”

“ရှောင်ရှစ်မေ့လား” စီးဝူယာ့က နေရခက်စွာဖြင့် “ရှစ်ရှိုး ဆိုလိုချင်တာ အဲလိုမဟုတ်ပါဘူး ”

“အဲလိုဆိုတာ သေချာပါတယ်” ရှောင်ယွမ်အာက ဒေါသထွက်တော့မည့်အလား အသက်ရှုသံများပင် ပြင်းထန်လာသည်။ “ချဉ်ဖတ်ကောင်”

ထို့နောက် သူမက စီးဝူယာ့၏ ရှင်းပြချက်ကိုပင် နားမထောင်ဘဲ လှည့်ထွက်သွားသည်။

ကျူးဟုန်ကုန်းနှင့် စီးဝူယာ့တို့က အချင်းချင်း ကြည့်လိုက်ကြ၏။

စီးဝူယာ့က သက်ပြင်းချကာ “ရှောင်ရှစ်မေ့ကတောင် ငါ့ကို အထင်လွဲသွားပြီပဲ …”

ကျူးဟုန်ကုန်းက ဘာမှမပြောရဲပေ။

စီးဝူယာ့က ခေါင်းခါလိုက်သည်။ နောက်တစ်ယောက် တိုးလာခြင်းက ကွာခြားမှုမရှိပေ။ သူက အသားကျနေပြီ ဖြစ်၏။

“လောင်ပါ့ အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အခြေအနေကို ပြောပြစမ်းပါဦး ”

“အိုး …” ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ “အရင်ဆုံး လေလုံးထွားတဲ့ လူအိုကြီးတွေကနေ စလိုက်ကြရအောင် … ”

…………….…

အရှေ့ဘက် မျှော်နန်းဆောင်အတွင်း

ကောင်းကင်ကျမ်းကို ဆင်ခြင်ပြီးသည့်နောက်တွင် လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအားသည် ပြန်ပြည့်လုနီးပါး ဖြစ်နေကြောင်း အာရုံခံလိုက်မိသည်။ သူက အနည်းငယ် စိတ်သက်သာရာရသွားလေ၏။ သူက မတ်တတ်ရပ်ကာ စားပွဲပေါ်မှ ပုံကြမ်းများအား လှမ်းကြည့်လိုက်သည်။ နာမည်တပ်ထားသည့် နေရာမှလွဲ၍ ကျန်သည့်နေရာများက မှုန်ဝါးနေသေးသည်။ သူက ဘာကိုမှ မမြင်မိပေ။ သို့သော်လည်း ဝူရှန်းတောင်၏ ပုံကြမ်းက ယခုအခါ ရှင်းလင်းလာပြီ ဖြစ်၏။

ယွီရှန်းရုန်က ဝူရှန်းတောင်ပေါ်မှာလား …

လုကျိုးက မုတ်ဆိတ်သပ်ရင်း တွေးလိုက်မိသည်။ ခဏကြာစဉ်းစားမိပြီးသည့်နောက်တွင် သူက ယခု တွေးနေ၍ အကျိုးမရှိကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက စနစ်ကို ဖွင့်လိုက်ပြီးနောက် လက်ကျန်ကုသိုလ်ရမှတ်များအား စစ်ဆေးကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၄၄၂၀၀

သူက ဒုက္ခမိုင်တစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ဖို့ရာ နောက်ထပ် အမှတ်ငါးသောင်း လိုအပ်နေလေသည်။ သူက များများစားစား မတွေးတော့ဘဲ ရေရွတ်လိုက်၏ “ကံစမ်းမဲ ”

“တင်း ကုသိုလ်ရမှတ် ငါးဆယ် ကုန်ဆုံးသွားပါပြီ။ အကြောင်းပြန်လှန်ကတ် ဆယ်ကတ် ရရှိပါတယ်”

အကြောင်းပြန်လှန်ကတ်လား …

လုကျိုးက ယခုအခါ နားလည်သွားလေပြီ။ အစောပိုင်းအဆင့်များတွင် ကံစမ်းမဲတွင် ဆုကြီးပေါက်နိုင်ခြေက မြင့်မားခဲ့လေသည်။ ယခုတွင်မူ ဆုလာဘ်များကို အသုံးပြုသူ၏ လိုအပ်ချက်အရ ပေးအပ်လာ၏။

ငါ့ကို စိတ်ဝိညာဉ်သဏ္ဌာန် မပေးဘူးလား …

လုကျိုးက ကံစမ်းမဲ နှစ်ဆယ်ဆက်တိုက် ကံစမ်းခဲ့ပြီး ပါဝင်ကံစမ်းသည့်အတွက် ကျေးဇူးတင်ကြောင်းသာ အခါနှစ်ဆယ် ရရှိခဲ့သည်။ သူက ကူကယ်ရာမဲ့စွာဖြင့် လက်လျှော့လိုက်ရသည်။ သူ ကံစမ်းမဲမှ အဖိုးတန်တစ်ခုခု မရလာသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ လတ်တလောတွင် သူက အကြောင်းပြန်လှန်ကတ်များသာ ရနေသည်။

လုကျိုးက သူ့ပစ္စည်းများကို စစ်ကြည့်လိုက်သည်။ သူက အံ့ကြိတ်ကာ အသေရိုက်ချက် ကတ်နှစ်ကတ်ကို ဝယ်ယူလိုက်သည်။ ထိုသို့ဖြင့် သူက ကုသိုလ်ရမှတ် ၆၀၀၀ သုံးလိုက်ရလေပြီ။

အခြားအရာတွေကိုတော့ ထားလိုက်ပါတော့ ….

သူက အသေရိုက်ချက်ကတ်နှင့် ယှဉ်လိုက်လျှင် ဝယ်ယူဖို့ တန်သည်ဟု မထင်မိပေ။ အသေရိုက်ချက်ကတ်က ယခု သူ့ဝှက်ဖဲ ဖြစ်လေသည်။

လုကျိုးက နောက်ခြေလှမ်းအကြောင်း စဉ်းစားနေစဉ် အရှေ့ဘက် မျှော်နန်းဆောင် အပြင်ဘက်၌ ကျောင်းယွဲ့ ရောက်လာသည် “ရှစ်စွင်း ကျန်းအိုက်ကျန့်ဆီကနေ စာတစ်စောင် ရောက်လာပါတယ်”

“ဖတ်လိုက် ”

ကျောင်းယွဲ့က စာကို ဖွင့်ဖောက်ကာ ကျယ်ကျယ်လောင်လောင် ဖတ်ပြလိုက်သည် “ လောင်ချန်းပေ့ ကျွန်တော် ရှင်းအောင်လုပ်ချင်တဲ့ ကိစ္စနှစ်ခုရှိတယ်။

ပထမတစ်ခုက ကျွန်တော် နန်းတော်ရဲ့ ပွင့်ချပ်ကိုးလွှာအဆင့် သုတေသနအကြောင်း စုံစမ်းနေပြီ။ တကယ်ကို တစ်ယောက်ယောက်က နန်းတော်ထဲမှာ အဲဒီအကြောင်း လေ့လာနေခဲ့တာပဲ။ ဒါပေမဲ့ အရမ်းကို လျှို့ဝှက်လွန်းတော့ ကျွန်တော်ရဲ့ သတင်းပေးတွေတောင် ဘာမှရှာမတွေ့ကြဘူး။

ကျွန်တော်တို့ သိထားတဲ့တစ်ခုတည်းသော အရာက အံ့ဖွယ်မြို့တော်ထဲမှာ အမှောင်အင်အားစုကြီး တစ်ခုရှိပြီးတော့ ကာကွယ်ပေးထားတယ်ဆိုတာပဲ။ ကျွန်တော့်အမြင်အရ လောင်ချန်းပေ့ ရွှေကြာကို ဖြတ်တောက်လိုက်ခြင်းက ပွင့်ချပ်ကိုးလွှာကို ရောက်နိုင်တဲ့ နည်းလမ်းဆိုပြီး သတင်းဖွလိုက်တုန်းက သူတို့တွေ စိတ်ခုသွားလောက်တယ်။

ဒုတိယအချက်က ဖြောင့်မတ်ခြင်းလမ်းစဉ် မိစ္ဆာသုတ်သင်ရေး အစီအစဉ်ကို စတင်နေကြပြီ။ လောင်ချန်းပေ့ ဂရုစိုက်သင့်တယ်။ နောက်ဆုံးအနေနဲ့ လျန့်စီရင်စုမြို့ထဲမှာ လီကျင်းယီ ထွက်ပေါ်လာတာကို ဘယ်လိုထင်လဲ … ဟားဟားဟား ”

ကျောင်းယွဲ့က စာပြီးအောင် ဖတ်ပြီးသည့်အခါ အမူအရာက သဘာဝမကျ ဖြစ်သွားလေသည်။ သူမက ပြောလိုက်၏ “ရှစ်စွင်း ကျန်းအိုက်ကျန့်ရဲ့ စာက တပည့်ကို တစ်ခုအမှတ်ရသွားစေတယ်”

“ဘာများလဲ ”

“ ကျွန်မ နန်းတော်ထဲမှာရှိတုန်းက လက်ရှိဧကရာဇ်က ခုံရုံးကို ဘယ်တုန်းကမှ တက်ရောက်လာခြင်း မရှိဘူးလို့ ပြောသံကြားဖူးတယ်။ အဘွား ဖျားတုန်းကတောင် ဧကရာဇ်ကို တစ်ခါမှ မမြင်ခဲ့ရဘူး။ လီကုန်းကုန်းကတော့ ဧကရာဇ် အရေးကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ် ပြောတာပဲ။ ဒါပေမဲ့ လျန့်စီရင်စုမြို့လို အခြေအနေနဲ့ အဘွားရဲ့ ကျန်းမာရေးထက် ဘယ်အရာကများ ထပ်အရေးကြီးနိုင်ဦးမှာလဲ” ကျောင်းယွဲ့က နားမလည်ဖြစ်နေမိသည်။

လုကျိုး၏ အသံက အထဲမှ ပျံ့လွှင့်လာသည် “အမှန်ပဲ။ သူ့ဆီမှာ အရေးကြီးကိစ္စတွေ ရှိနေသေးတယ်”

တခြားလူများထက် တချို့ကိစ္စများကို ပိုတန်ဖိုးထားတတ်ကြသည့် လူများက အမြဲရှိတတ်ကြလေသည်။ တစ်ခါတစ်ရံတွင် သူတို့က သူတို့အနားရှိ လူအများကိုပင် စတေးတတ်ကြသေး၏။

ကျောင်းယွဲ့က ထိုစကားကို ကြားသည့်အခါ စိတ်ထဲ တုန်လှုပ်သွားပြီး နန်းတော်ထဲမှ ကိစ္စတချို့ကို ပြန်လည်စဉ်းစားမိလိုက်သည်။ တင်းကျပ်လွန်းသည့် စည်းမျဉ်းနှင့် အပြုအမူတွေအပြင် အေးစက်မှုကလွဲပြီး ဘာမှမရှိပေ။ ကြည့်ရသည်မှာ နန်းတော်ထဲ လူသားမရှိသလိုမျိုး ခံစားမိစေသည်။

…………….

ဆယ်ရက်ကြာမြင့်ပြီးနောက်

ရွှေကြာကို ဖြတ်တောက်ခြင်းဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်သည်ဟူသော သတင်းက ပို၍ ပျံ့နှံ့လာသည်။

အချိန်အတော်ကြာ အငြင်းအခုံများအပြီးတွင် လိမ်လည်ရေးအင်အားစုများက ပိုမိုကြီးထွားလာသည်။

လိမ်လည်ရေး အင်အားစုများက ရွှေကြာကို ဖြတ်တောက်လိုက်ခြင်းက လှည့်ကွက်ဖြစ်ကြောင်း မြင်ကြသည်။ သူတို့အမြင်၏ အခြေခံမူမှာ ယခုဆယ်ရက်အတွင်း ရွှေကြာကို ဖြတ်တောက်လိုက်ပြီးနောက် ကျင့်ကြံသူများ သေဆုံးသွားကြ၍ ဖြစ်ပေသည်။

စမ်းသပ်ရေး အင်အားစုများက ထိုလူများ သေဆုံးသွားသည်မှာ သေနေ့စေ့၍ ဖြစ်ကြောင်း ပြန်ခံပြောကြသည်။ ထိုလူများက အစကတည်းက အားနည်းကြ၍ ရွှေကြာကို ဖြတ်တောက်လိုက်၍ ဖြစ်လာသော အပျက်အစီးများကြား မရှင်သန်နိုင်ခဲ့ရုံသာ ဖြစ်လေသည်။

အင်အားစုနှစ်ဖက်လုံးက ယုံကြည်ချက်အသီးသီး ကိုင်စွဲထားကြသည်။

ရွှေကြာဖြတ်တောက်ရေးနှင့် ပတ်သက်၍ ပိုမို မြင့်မားသည့် သဘောတရားများကို တင်ပြကြသည့် ကျင့်ကြံသူများစွာလည်း ရှိနေသည်။ ထိုသဘောတရားများက ရွှေကြာကို ပွင့်ချပ်မထွက်ခင် ဖြတ်တောက်ခြင်း သို့မဟုတ် စိတ်ဝိညာဉ်သဏ္ဌာန်ကို စွန့်ပယ်ခြင်းတို့အကြောင်းများ ပါဝင်နေသည်။

………

မုရှီးသုသာန်ပြင်အောက်တွင် အမှောင်ထုသာ ရှိနေသည်။

ယွီရှန်းရုန်က သူ ဘယ်လောက်ကြာကြာ ရှိနေကြောင်း မေ့လျော့သွားပြီ ဖြစ်၏။ သူက လက်ဝေ့လိုက်သည့်အခါ သူ့လက်ဝါးအထက် ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ငယ်တစ်ခု ထွက်လာသည်။ သူ့အနေနှင့် ဒုတိယပွင့်ချပ် ထွက်လာဖို့ လုံလောက်သည့် ချီပမာဏရှိနေပြီဟု ခံစားမိလိုက်သည်။

“ပွင့်စမ်း ”

စိတ်ဝိညာဉ်သဏ္ဌာန် ဘေးပတ်လည်တွင် အလင်းစက်ဝန်းတစ်ခု ထွက်လာကာ ကျဆင်းလာသည်။ ထိုမတိုင်ခင် အလင်းစက်ဝန်းက စိတ်ဝိညာဉ်သဏ္ဌာန် အောက်ခြေသို့ ကျရောက်သွားခြင်း မရှိပေ။

ယွီရှန်းရုန်က အရေးပါသည့် အချက်ကို နားလည်လိုက်သည်။ သူက ရွှေကြာမရှိဘဲ ပွင့်ချပ်ထွက်လား၍ ရွှေကြာကို လျစ်လျူရှုထားနိုင်လေပြီ။

သူ့ကမ္ဘာဦးချီစွမ်းအား ထွက်လာသည့်အခါ အလင်းစက်ဝန်းက အားပြည့်လာသလို ဖြစ်လာသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း ကောင်းကောင်း အလင်းပေးနေသည်။

…

အခန်း (၄၁၇) ကောင်းကင်ကျမ်းစာစာလိပ် ပြန်ရောက်လာခြင်း

ဘက်ပေါင်းစုံ၌ ဓားနတ်ဆိုးယွီရှန်းရုန်သည် ကျင့်ကြံခြင်းလောကထဲ၌ ရှားပါးသော ပါရမီရှင်တစ်ယောက် ဖြစ်၏။ မော့ပေ၏ဓားကျွန် ဝမ်ဟိုင်ချောင်ဖြစ်စေ၊ ချင်စီရင်စု၏ ပထမဆုံးဓား တာအိုသခင်ဝမ်ဖြစ်စေ၊ အနောက်ပိုင်းဒေသ၏ လို့လန်၏ဓားဧကရာဇ် ယွဲ့ကျန်းရုန်ဖြစ်စေ အားလုံးက သူ့ဓားအောက်တွင် သေဆုံးခဲ့ကြသည်။

ဓားရေးလေ့ကျင့်ရတာ နှစ်ခြိုက်သော ကျင့်ကြံသူများစွာ ရှိသော်ငြား မြင့်မားလှသည့် အဆင့်သို့ ရောက်သည့်သူများက နည်းပါးပြီး ကွာဟချက်က ကြီးမားလွန်း၏။

ယွီရှန်းရုန်သည် အဆင့်တိုင်းကို သူ၏လက်ဖမိုးပမာ သိသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားသည် ၎င်းက ပိုမြင့်ပြီး ပိုကြီးလာသည်နှင် စွမ်းအားတိုးလာကြောင်း ခံစားမိ၏။ ဖြာထွက်နေသော စွမ်းအင်စက်ကွင်းများသည် သေးငယ်သည့် နေရာအနည်းငယ် ခြားလျက် အောက်သို့ စုန်ဆင်းသွား၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ ပဲ့တင်သံထွက်မှုသည် ပိုကျယ်လောင်လာသည်။

ဝှစ် ဝှစ် ဝှစ်..

ယွီရှန်းရုန်သည် သူ၏ပထမဆုံးပွင့်ချပ် ပေါက်လာသည့်အချိန်နှင့် ယှဉ်လျှင် ယခု ပိုတည်ငြိမ်နေပြီဖြစ်သည်။ သူသည် ရွှေကြာမရှိပင်လျှင် ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်နိုင်ကြောင်း လက်ခံယုံကြည်နေပြီဖြစ်၏။ အချိန်အတိုင်းအတာ တစ်ခုသာ လိုသည်။

စွမ်းအင်များ ပိုမိုထည့်လိုက်သောအခါ..

ဖုန်း..

ပေါက်ကွဲသံကြီးတစ်သံက ပေါ်ထွက်လာပြီး ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပိုကြီးမားလာ၏။ ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေနှစ်ဆယ်ခန့် မြင့်မား၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန် ကြီးလာချိန်တွင် သေးငယ်သည့် ရေတွင်းလေးသည် ၎င်းကို ထိန်းမထားနိုင်တာ သဘာဝပဲ ဖြစ်သည်။ ကံကောင်းသည်မှာ စိတ်ဝိညာဉ်သဏ္ဌာန်သည် စွမ်းအင်ကနေ ဖွဲ့တည်ထား၏။ သူသည် သူ၏ပတ်ဝန်းကျင်ကို ဖျက်ဆီးရန် စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးချင်လျှင် သူ့အပေါ် မူတည်နေသည်။

ဖုန်း..

သူ၏စွမ်းအင်သည် နံရံနှင့် တိုက်မိသွားပြီးနောက် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ယွီရှန်းရုန်သည် ကနဦးချီများ ရစ်ဝဲနေသော လက်တစ်ဖက်ကို မြောက်ပြီးနောက် ၎င်းကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။ တောက်ပသည့် ရွှေရောင်အလင်းက သူ၏ပတ်ဝန်းကျင်တွင် ထပ်မံထွန်းလင်းလာ၏။ သူသည် မုရှီးများကို လေ့လာလိုက်သည်။ ကံဆိုးသည်မှာ သူတို့အဖို့ ခြောက်ကပ်နေသော ရေတွင်းထဲ၌ အချိန်အတော်ကြာ ရှင်သန်ဖို့က မဖြစ်နိုင်ပေ။ သူတို့ ညှိုးခြောက်နေပြီဖြစ်သည်။

မဟာနွယ်တိုင်းပြည်၏ သက်တမ်းတိုသောလူများသည် အသက်ရှည်သည့်လမ်းစဉ်ကို လိုက်ရန် တစ်ခါမှ လက်မလျှော့ခဲ့ပေ။ ယင်းက အတိတ်တုန်းကရော လက်ရှိပါ ဤအတိုင်းသာ ဖြစ်သည်။ ယွီရှန်းရုန်သည် ထိုလမ်းစဉ်ကို အထင်သေးသည့်အချိန် ရှိခဲ့ဖူးသည်။ သေခြင်းတရားသည် ဘဝသံသရာ၏ တစ်စိတ်တစ်ပိုင်းဟု ထင်မြင်ခဲ့မိ၏။ လူတိုင်းသည်လည်း တစ်ချိန်ကျ သေရမည်သာ ဖြစ်သည်။ နောက်ပိုင်း၌ ဘဝတွင် အသက်ရှင်ခြင်း၏ တန်ဖိုးကို သူ စတင်သဘောပေါက်လာ၏။

ယွီရှန်းရုန်သည် သူ၏ဒုက္ခရွှေကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ ဆင့်ခေါ်လိုက်သည်။

ဝှစ်..

ရွှေကြာမရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်လေးက သူ့ရှေ့တွင် မျောလွင့်နေ၏။ ပွင့်ချပ်နှစ်လွှာက ယခုဆို စိတ်ဝိညာဉ်သဏ္ဌာန်ကို ရစ်ဝဲနေသည်။ သူသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၏ ပွင့်ချပ်နှစ်လွှာအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သည်။

ယွီရှန်းရုန်က ပြုံးလိုက်၏။

“ဒါဆို အဆင်ပြေလောက်ပါပြီ”

ပထမဆုံးပွင့်ချပ် ဖူးပွင့်လာချိန် သူက လောင်းကြေးထပ်ခဲ့ရသည်။ မသေချာမရေရာမှုများဖြင့် ရှေ့ဆက်ခဲ့ရ၏။ သို့သော် ဒုတိယပွင့်ချပ်သည် ရွှေကြာကို ဖြတ်တောက်ပြီးသည့်အချိန်တွင်တောင် ဆက်လက်ကျင့်ကြံနိုင်ကြောင်း သက်သေပြခဲ့တာပဲ ဖြစ်သည်။

ယွီရှန်းရုန်က မော့ကြည့်လိုက်၏။ သူသည် ကနဦးချီကို လှည့်ပတ်ပြီးနောက် သူ့သက်တော်ရှည်ဓား၏ တည်နေရာကို အာရုံခံရန် ကြိုးစားလိုက်သည်။

ဘီး ဘီး ဘီး..

သက်တော်ရှည်ဓားက အနည်းငယ် လှုပ်လာလျက် လှုပ်ရှားမှု ထပ်မံကင်းမဲ့သွားသည်။

“တော်တော့ မဟုတ်သေးဘူး”

ယွီရှန်းရုန်က တင်ပျဉ်ခွေ ထိုင်ချလိုက်ပြန်၏။ ဤအဆင့်ကနေ နောက်ထပ် ပွင့်ချပ်တစ်လွှာ ပွင့်ရန် အချိန်လိုအပ်ပြီး ခက်ခဲမှုက တိုးလာ၏။ သို့သော် လက်ရှိတွင် ဤခမ်းခြောက်နေသော ရေတွင်းထဲ၌ သူ၏ကျင့်ကြံဆင့်ကို လျင်မြန်စွာ မြင့်တင်ရုံမှတစ်ပါး နောက်ထပ် ရွှေးချယ်စရာ မရှိပေ။

“အာ့ရှစ်ရှိုးလား”

တောင်အပြင်ဘက်ကနေ ယွီရှန်းရုန်၏နားထဲ အသံတစ်သံ ရောက်လာ၏။ အသံက တိုးသဲ့ပြီး ဝေးလံကာ နှင်းမုန်တိုင်းမှာ ဆူညံသံများနှင့် ရောနေ၏။ သူ ဂရုတစိုက် နားမထောင်မိလျှင် လွဲချော်သွားလောက်သည်။

ယွီရှန်းရုန်၏နားက လှုပ်သွားသည်။ သူသည် ကနဦးချီဖြင့် အသံကို သုံးကာ ပြောလိုက်တော့သည်။

“လျိုရှစ်မေ့လား..”

“အာ့ရှစ်ရှိုး တကယ်ရှစ်ရှိုးလား”

မိုးသက်မုန်တိုင်းက ဝူရှန်းတောင်တန်းအပြင်ဘက်၌ ပြင်းထန်နေသေးဆဲ ဖြစ်သည်။ ထိုဧရိယာထဲရှိ တောင်တန်းများနှင့် သစ်ပင်များက နှင်းဖုံးနေလေ၏။ ယဲ့ထျန်းရှင်းသည် ဝတ်ရုံဖြူ ဝတ်ထားလျက် ဝူရှန်းတောင်တန်း အပြင်ဘက်တွင် ပျံဝဲနေသည်။

ယွီရှန်းရုန်က အံ့ဩသွား၏။ သူက ကနဦးချီဖြင့် အသံကို ထပ်သုံးလိုက်သည်။

“လျိုရှစ်မေ့ ဒီနေရာက ဝေးလံတဲ့နေရာပဲ ဒီကို ဘာကြောင့် ရောက်လာတာလဲ”

ယဲ့ထျန်းရှင်းက ပျော်ရွှင်သွားပုံပေါ်၏။ သူမက ဝူရှန်းတောင်တန်းကို ကြည့်ကာ ပြောလိုက်သည်။

“ညီမ ချန်ဝမ်းကို ရှာဖို့ တာ့ရန်နားတစ်ဝိုက် ခရီးထွက်နေတာလေ။ မောပေ့ကနေ ခရီးနှင်လာခဲ့ပြီး အနောက်မြောက်ဒေသတွေ ရောက်ခဲ့တယ်။ ဝူရှန်းတောင်တန်းက ဒီနေရာမှာ ရှိတယ်လို့ အဲကလူတွေက ပြောလိုက်လို့.. ရှစ်ရှိုး ဒီနေရာကို လာမယ်လို့ ပြောခဲ့တာ ညီမမှတ်မိလို့ ဒီနေရာကို လာဖို့ ဆုံးဖြတ်လိုက်တာ။ ဒီနေရာမှာ တကယ်ကြီး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

ယွီရှန်းရုန်က ခပ်ရေးရေး ပြုံးလျက် မေးလိုက်သည်။

“ချန်ဟွမ်းကို ရှာခဲ့ပြီလား”

“မလွယ်ဘူး”

ယဲ့ထျန်းရှင်းက ဝူရှန်းတောင်တန်းကို ကြည့်ပြီးနောက် ပြောလိုက်၏။

“အာ့ရှစ်ရှိုး အစောတုန်းက ဒီနေရာကနေ ကနဦးချီတက်လာတာ အာရုံခံမိတယ်။ အဲဒါက ကျောက်စိမ်းယဇ်ပလ္လင်ပေါ်မှာ ကျန့်ယွမ်ရှန်းကို သတ်ခဲ့တဲ့ အရှိန်အဝါနဲ့အတူတူပဲ။ ဒါပေမဲ့ ပိုအားနည်းတယ်။ ဘာဖြစ်သွားတာလဲ”

သူမသည် အရှိန်အဝါကို အာရုံခံမိချိန်၌ ဝူရှန်းတောင်ထဲတွင် ယွီရှန်းရုန် ရှိမှန်း သိလိုက်သည်။ သူမ စောင့်ဆိုင်းနေစဉ် စဉ်းစားခဲ့သော်ငြား ယွီရှန်းရုန်၏ အရိပ်အယောင် မတွေ့ခဲ့ရပေ။ သူ ယခုလောက်ဆို ထွက်လာသင့်ပြီဖြစ်သည်။

ယွီရှန်းရုန်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

“ငါ့ရွှေကြာကို ဖြတ်တောက်လိုက်တယ်။ ဒါကြောင့်.. ပြီးတော့ ငါ့ရဲ့ပွင့်ချပ်တွေကို ထပ်ပေါက်လာအောင် လုပ်ရမယ်”

ယဲ့ထျန်းရှင်းက ထိတ်လန့်သွားတော့၏။ သူမက မယုံနိုင်စွာ မေးလိုက်သည်။

“အာ့.. အာ့ရှစ်ရှိုး.. ရှစ်.. ရှစ်ရှိုးက ရွှေကြာကို ဖြတ်တောက်လိုက်တာလား”

“ငါ့ရဲ့ရွှေကြာက စုန်းအတတ်ကြောင့် ထိခိုက်သွားတယ်။ ဒါကြောင့် ဖြတ်တောက်လိုက်ရတာပဲ။ အခု ကြည့်ရတာ အရာအားလုံး အဆင်ပြေနေတဲ့ပုံပဲ”

ယွီရှန်းရုန်၏ လေသံက တည်ငြိမ်နေမြဲဖြစ်သည်။

“ညီမအဲဒီကို လာခဲ့မယ်”

ယဲ့ထျန်းရှင်းက စွမ်းအင်လှိုင်းကို ထုတ်လိုက်၏။ ကနဦးချီ ဒီရေလှိုင်းတို့က စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ဝူရှန်းတောင်တန်းပေါ် ကျရောက်သွား၏။

ဖုန်း..

လှိုင်းပြာကျင့်စဉ်သည် ကျောက်ဆောင်ကြီးကို အစိတ်စိတ်အမွှာမွှာ ကျေသွားစေ၏။

“အဲလို လုပ်ဖို့ မလိုဘူး”

ယွီရှန်းရုန်က သူမကို တားလိုက်၏။

“ဘာကြောင့်လဲ”

“ငါ့ရဲ့ပွင့်ချပ်တွေကို မုရှီးသင်္ချိုင်းထဲမှာပဲ ထပ်ပေါက်အောင် လုပ်ဖို့လိုတယ်။ အခု ထွက်သွားဖို့က မလုံခြုံဘူး”

ယွီရှန်းရုန်က ပြောလိုက်၏။ ယင်းက အမှန်တရားပဲ ဖြစ်သည်။ ကျင့်ကြံခြင်းလောကထဲ၌ သူ့တွင်ရန်သူများစွာ ရှိပြီး သူတို့အားလုံးက အစွမ်းထက်သူများ ဖြစ်သည်။ ယခုအချိန်တွင် သူ အပြင်ထွက်ခြင်းက အန္တရာယ်များလှသည်။ သူ့အဖို့ ဤနေရာတွင် နေပြီး ကျင့်ကြံရန်အချိန်ယူကာ ပွင့်ချပ်ပေါက်လာဖို့ ကျင့်ကြံတာက ပိုကောင်းမည်။ သူ အထွတ်အထိပ်အခြေအနေသို့ ထပ်ရောက်ရန် သိပ်လိုမှာမဟုတ်ပေ။

ယွီရှန်းရုန်က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။

“ကျင့်ကြံခြင်းလောကတစ်ခုလုံးက ရွှေကြာကို ဖြတ်တောက်တဲ့နည်းလမ်းအကြောင်း ပြောနေကြတာ။ အာ့ရှစ်ရှိုး ပိုစိတ်ရှည်သင့်တယ်။ အာ့ရှစ်ရှိုးက အဆင်အခြင်မဲ့လွန်းတာကိုး..”

“ရွှေကြာကို ဖြတ်တောက်တာလား”

ယွီရှန်းရုန်သည် ထိုကိစ္စထူးဆန်းနေမှန်း သိလိုက်၏။

“ဒီအကြောင်း တခြားသူတွေကို တစ်ခါမှ မပြောပြဖူးပါဘူး။ ဒီနည်းလမ်းက ဘယ်လိုလုပ် အများသိနေတာလဲ”

ယဲ့ထျန်းရှင်းသည် ကျင့်ကြံခြင်းလောကထဲရှိ ကောလာဟလများနှင့် ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလိုက်၏။

ယွီရှန်းရုန်က ထိတ်လန့်သွားသည်။

“ရွှေကြာကို ဖြတ်တောက်ပြီးတဲ့နောက် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ ဖြစ်နိုင်တယ်လား”

“အမှန်ပဲ”

ယဲ့ထျန်းရှင်းက ပြန်ပြောလိုက်၏။

“ငါ့ရဲ့ရွှေကြာကို ငါ ဖြတ်တောက်လိုက်တာ အမှန်ပဲ။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ဆို ပွင့်ချပ်ဆို ပွင့်ချပ်ကိုးလွှာကို ရောက်ဖို့ ဖြစ်နိုင်တယ်လို့ ငါ ဘယ်သူ့ကိုမှ မပြောပြဖူးဘူး။ ကောလာဟလတွေကို မယုံနဲ့ ရှစ်မေ့”

ယွီရှန်းရုန်သည် သူ၏ရွှေကြာကို စုန်းအတတ် တိုက်စားခဲ့ပုံကို မှတ်မိသွား၏။ စုန်းအတတ် ကျင့်ကြံသူသည် သူ အသက်ရှင်လျက် ရှိနေသေးတာကို အာရုံခံမိပုံပေါ်သည်။ ထို့ကြောင့် ကျင့်ကြံသူက သူတို့ရွှေကြာများကို ဖြတ်တောက်ပြီးနောက် အသက်ရှင်လျက် ရှိနေလားဆိုတာ မြင်တွေ့ရန် မျှော်လင့်ချက်ဖြင့် ကောလာဟလဖြန့်တာ ဖြစ်နိုင်သည်။

“အာ့ရှစ်ရှိုး ဘာကြောင့်ဒဏ်ရာ ရသွားတာလဲ”

ယဲ့ထျန်းရှင်းက ဇဝေဇဝါ ဖြစ်နေ၏။ သူမ၏ အာ့ရှစ်ရှိုးကို ကိုယ်တိုင်မတွေ့ရတာ နှမြောစရာကောင်းသည်ဟု တကယ်ခံစားမိသည်။

“ပြောရရင် အရှည်ကြီးပဲ ပြီး‌တော့ အရေးမကြီးပါဘူးလေ”

“…”

ယွီရှန်းရုန်က အဲဒီအကြောင်း မပြောချင်မှတော့ သူမလည်း မပြောတော့ဘူး။ ဒါ့အပြင် ရွှေကြာကို ဖြတ်တောက်ဖို့ သတ္တိမရှိပါဘူးလေ။ ကောင်းတယ်။

သုံးရက်အတွင်း ယဲ့ထျန်းရှင်းက ဝူရှန်းတောင်တန်းနားတွင် နေပြီး ယွီရှန်းရုန်နှင့် စကားပြောခဲ့၏။ ယွီရှန်းရုန်၏လက်ရှိ ကျင့်ကြံဆင့်က ယဲ့ထျန်းရှင်းထက် နိမ့်သည်တိုင် သူမနှင့်ယှဉ်လျှင် ကျန်သည့်ကိစ္စများ၌ သူက အတွေ့အကြုံ ပိုများသည်။ ထိုကာလအတွင်း ယဲ့ထျန်းရှင်းက သူမ၏ရှစ်ရှိုး သင်ပြပေးတာကို နာခံစွာ သင်ယူပြီး အကျိုးအမြတ်များစွာ ရခဲ့၏။

စတုတ္ထမြောက်နေ့တွင် ယဲ့ထျန်းရှင်းက ယွီရှန်းရုန်ကို နှုတ်ဆက်စကားပြောရန် ပြင်ဆင်ခဲ့၏။ သူမက အနောက်အရပ်ဆီသို့ ဦးတည်သွားတော့မည်။

ယွီရှန်းရုန်သည် ယဲ့ထျန်းရှင်း ထွက်သွားတာကို ကြားသောအခါ အမြန်ပြောလိုက်သည်။

“လျိုရှစ်မေ့ မိစ္ဆာဝေဟင်မျှော်နန်းဆီကို ငါ့အတွက် ပစ္စည်းတစ်ခု ယူသွားပေးနိုင်မလား”

သူက လက်ဖဝါးမြှောက်လိုက်သည်။ ရေတွင်းထဲကနေ အလင်းအရင်းအမြစ်ဆီသို့ ကောင်းကင်ကျမ်းစာစာလိပ်က ရောက်လာတော့သည်။

ယဲ့ထျန်းရှင်းသည် ကနဦးချီကို အာရုံခံမိ၏။ သူမက လေထဲ ခုန်တက်ကာ ဝူရှန်းတောင်ပေါ်၌ ပျံဝဲနေလိုက်သည်။

စွမ်းအင်ချိပ်သင်္ကေတက ဆောင်ယူလာသည့် ကောင်းကင်ကျမ်းစာစာလိပ်သည် ဝူရှန်းတောင်တန်း အပြင်ဘက် ရောက်သွား၏။ ယဲ့ထျန်းရှင်းသည် လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားကာ ကောင်းကင်ကျမ်းစာစာလိပ်ကို ဖမ်းလိုက်၏။ စွမ်းအင်ချိပ်ပိတ်မှုက ပျောက်ကွယ်သွားတော့သည်။ သူမက ချက်ချင်း မဆင်းသက်ခဲ့ပေ။ ထိုအစား စာလိပ်ကျလာသည့်နေရာနား၌ ဆင်းသက်လိုက်၏။ ပြီးနောက် သူမက အသံပို့လိုက်သည်။

“အာ့ရှစ်ရှိုး ဒါဘာလဲ”

ယွီရှန်းရုန်သည် ယခုဆို ယဲ့ထျန်းရှင်း၏အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပြီဖြစ်သည်။ သူက အလင်းရောင်ကို မော့ကြည့်လိုက်၏။ အတော်ဝေးနေသော်ငြား အရိပ်ကို မြင်နိုင်သေး၏။ သူမ၏အသံက သူ့နားထဲ ယခုဆို ကြည်ကြည်လင်လင် ရောက်လာတော့သည်။

“အဲဒါ ရှစ်စွင်းဟာ..”

“နားလည်ပါပြီ။ ညီမမိစ္ဆာဝေဟင်မျှော်နန်းကို ရောက်အောင် ပို့ပေးမယ်”

ယဲ့ထျန်းရှင်းက ပြန်ပြော၏။

“ကျေးဇူးပါပဲ”

“မလိုပါဘူး။ ညီမကို ဒီရက်တွေ ဉာဏ်အလင်းဖွင့်ပေးတာ ကျေးဇူးတင်ပါတယ် အာ့ရှစ်ရှိုး..”

ယဲ့ထျန်းရှင်းက လေထဲတွင် အရိုအသေပေးလိုက်၏။ ယခုအခေါက်တွင် ယွီရှန်းရုန်က သူမကို ပြန်မပြောခဲ့ပေ။ သူက မျက်လုံးသာ မှိတ်နေလိုက်၏။ ယဲ့ထျန်းရှင်း၏သွင်ပြင်သည် တောင်တန်းက ဝေးကွာသည့်နေရာတွင် ရှိနေသော်ငြား ဤနေရာ၌ သိုင်းပညာများမရှိဟု မဆိုလိုကြောင်း ယွီရှန်းရုန်ကို သတိပေးလိုက်၏။ သူ့ထံမှ စွမ်းအင်လှိုင်းများသည် လက်ရွေးစင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်၏။

ယဲ့ထျန်းရှင်းသည် စာလိပ်ကို ယူပြီဲးနောက် တောင်ဘက်အရပ်ဆီသို့ ပျံသန်းသွားသည်။ သူမသည် အနောက်အရပ်သို့ ဆက်မသွားခင် တောင်ဘက်အရပ်ဆီသို့ သွားရအုံးမည်။

All Chapters