တာဝန်အသစ်...
Vol. 13 Ch. 150
၁၅၀ -
ဆေးခန်းမထဲကလူတိုင်းက အလွယ်ဆုံးဆေးလုံးဖြစ်တဲ့ ကုသရေးဆေးလုံးကို ဖော်စပ်နေကြသည်။ ထိုဆေးလုံးက ပထမအဆင့်သာရှိပေမယ့် တပည့်တွေအနေနဲ့ ဖော်စပ်နည်းကို ကျွမ်းကျင်ပိုင်နိုင်သွားရင် သူ့အချိန်တွေ အများကြီးသက်သာသွားစေမှာ အမှန်ဖြစ်သည်။ သူဖော်နေရတဲ့ ဆေးလုံးတွေက တတိယအဆင့် ဆေးလုံးတွေဖြစ်သည်။ အခြေတည်စိတ်ဝိညာဥ်အဆင့်ကိုရောက်နေတဲ့ ဆေးပညာရှင်တစ်ယောက်တောင် ထိုကဲ့သို့ဆေးလုံးမျိုး မဖော်စပ်နိုင်ပေ။ သူတစ်ယောက်တည်းကသာ လုပ်နိုင်သည်။
"ကောင်းပြီ... ဒါဆို ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး..."
ဆေးခန်းမကနေ ထွက်လာပြီးနောက် သူ လက်နက်သွန်းလုပ်ခန်းမဘက်ကို သွားလိုက်သည်။ ထိုနေရာသည် မှော်ရတနာမျိုးစုံနဲ့ အဆောင်လက်ဖွဲ့တွေ ပြုလုပ်တဲ့နေရာဖြစ်သည်။ တကယ်တမ်းတွင် ကျန်းယီမင်လည်း နည်းလမ်းတချို့ကို လေ့လာချင်နေမိသည်။ သို့သော်မကြာခင်မှာ သူ့စနစ်က ဒီကဏ္ဍတွေနဲ့ပတ်သက်တဲ့ နည်းလမ်းတချို့ကို ပေးလာနိုင်ခြေရှိတော့ အခုချက်ချင်းလေ့လာစရာ မလိုသေးမှန်း ကျန်းယီမင်မှတ်ယူထားလိုက်သည်။ စနစ်က သက်ဆိုင်ရာတာဝန်တွေ ပေးလာမယ့်အချိန်ကို စောင့်ပြီးမှ လေ့လာလိုက်ရုံသာရှိသည်။
"ဆရာ..."
"ဆရာ..."
လက်နက်သွန်းလုပ်ခန်းမထဲကလူတွေက ကျန်းယီမင်ဝင်လာတာ မြင်လိုက်တော့ ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။ လင်းယွင်ဂိုဏ်းကို မဝင်ခင်ကတည်းက သူတို့ဆရာအကြောင်း ဒဏ္ဍာရီပေါင်းများစွာကို ကြားဖူးခဲ့သည်။ တစ်ညတည်းနဲ့ဆေးလုံးတွေ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တာဖြစ်စေ၊ လပိုင်းအတွင်း အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကနေ အခြေတည်စိတ်ဝိညာဥ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်စေ သူ့အကြောင်းတွေက ကျော်ကြားပြီးသားဖြစ်နေသည်။
"ရတယ်... ရတယ်...။ မင်းတို့အလုပ် မင်းတို့ဆက်လုပ်ကြပါ..."
မှော်ရတနာတွေနဲ့ အဆောင်လက်ဖွဲ့တွေက လူတိုင်းရဲ့ကျင့်ကြံရေးအတွက် ပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးက ဆေးခန်းမက ဆေးလုံးတွေလောက် မများသော်လည်း နောက်ပိုင်းအဆင့်တွင်တော့ အဆောင်လက်ဖွဲ့တွေနဲ့ မှော်ရတနာတွေက တိုက်ပွဲတွေမှာ လင်းယွင်ဂိုဏ်းအနိုင်ရဖို့ သော့ချက်ဖြစ်လာလိမ့်မည်။ ဆေးလုံးတွေလိုဖြစ်သည်၊ အဆောင်ပစ္စည်းတွေကိုလည်း အဆင့်တွေခွဲခြားထားသည်။ လက်ရှိတွင်ရှိနေတဲ့သူတွေက ပြီးပြည့်စုံတဲ့အဆောင်တွေကို မဖန်တီးနိုင်သေးပေမယ့် ထိုအရာကပဲ လုံလောက်နေသည်။
[ဒင်း - တာဝန် - ဂိုဏ်းကို ပြန်လည်ဖွဲ့စည်းခြင်း ပြီးဆုံးပါပြီ ]
[အသိပေးချက် - တာဝန်အမျိုးအစား : အဓိကတာဝန် ]
[အသိပေးချက် - တာဝန်ဆုလာဘ် : တပည့်အားလုံး၏ပါရမီ တိုးတက်ခြင်း ]
[အသိပေးချက် - သင့်တွင် ကောင်းကင်ဘုရင်အဆငိ့အခွင့်ထူးရှိသောကြောင့် ဆုလာဘ်ကို တပည့်အားလုံး၏ပါရမီများစွာ တိုးတက်ခြင်းသို့ အဆင့်မြှင့်တင်လိုက်သည် ]
ဂိုဏ်းတစ်ခုလုံးနီးပါး လိုက်စစ်ဆေးပြီးချိန်မှာပဲ ရင်းနှီးနေတဲ့ စနစ်အသိပေးသံက သူ့ခေါင်းထဲမှာ မြည်လာခဲ့သည်။ သူ့ဂိုဏ်းရဲ့တိုးတက်တာတွေ အမျိုးမျိုးကြောင့် အံ့သြဝမ်းသာနေတုန်းမှာပဲ တာဝန်ကလည်း ပြီးဆုံးသွားခဲ့သည်။ အမှန်တိုင်းပြောရရင် မရေမတွက်နိုင်တဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေသုံးပြီး သူဆောက်ခဲ့တဲ့အဆောက်အဦးတွေက ဂိုဏ်းထဲမှာ စနစ်တကျလည်ပတ်နေပြီဆိုတဲ့ သဘောဖြစ်သည်။
'ဪ... ဟုတ်သားပဲ... လက်ဖက်ရည်ဆိုင်လိုမျိုး တစ်ခုခုလည်းဆောက်ထားသေးတယ်ထင်တယ်... အခု သွားကြည့်သင့်လား...'
ထိုသို့တွေးလိုက်ပြီးနောက် ခြေဖျားခပ်ဖွဖွနင်းကာ ကျန်းယီမင်တစ်ယောက် ဂိုဏ်းရဲ့လက်ဖက်ရည်ဆိုင်နဲ့ ကိုယ်ရံတော်ခန်းမဆီတို့ ရောက်လာခဲ့သည်။ ဒီခန်းမတွေက စွမ်းအားတိုးတက်စေဖို့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ဂိုဏ်းထဲက တခြားအဆောက်အဦးတွေနဲ့ မတူပေ။ ဒီနေရာတွင် သူ့တပည့်တွေအနေနဲ့ အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ပဲ လိုအပ်ပြီး လက်ဖက်ရည်ဆိုင်ကတခြားဝန်ထမ်းတွေကတော့ သူတို့ငှားထားတဲ့ လေလွင့်ကျင့်ကြံသူတချို့ဖြစ်ကြသည်။
ထိုလေလွင့်ကျင့်ကြံသူတွေတောင်မှ လင်းယွင်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်လောက်ကို စုပ်ယူဖို့ ကြိုးစားဖို့အတွက် ဒီကိုရောက်နေကြမှန်း ကျန်းယီမင် မသိခဲ့ပေ။ လက်ဖက်ရည်ဆိုင်ထဲတွင် လူတွေ ပြည့်ကြပ်နေသည်။ ကျန်းယီမင် အနည်းငယ် ဆွံ့အသွားသည်။
'ဘာတွေဖြစ်ကုန်တာလဲ... ဒါကသူ့ဂိုဏ်းရဲ့ လက်ဖက်ရည်ဆိုင်လေး တစ်ခုပဲလေ... လူတွေက ဒီလက်ဖက်ရည်ဆိုင်ထဲမှာတောင် ကျင့်ကြံဆင့်တိုးတက်တာရနိုင်ကြလို့လား...'
"အချိန်ကိုက်ပဲဗျာ... ဟောက်ယွင်ဂိုဏ်းရဲ့ အကြီးအကဲက လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်ရှေ့ကို မာန်ဝင့်ကြွားစွာ လျှောက်လှမ်းလာခဲ့တယ်...။ မုန်တိုင်းတစ်ခု ဖြစ်လာတော့မယ့်အတိုင်းပါပဲ...။ အဲဒီအကြီးအကဲက သဘောကောင်းတဲ့သူ မဟုတ်ဘူး...။ စကားတစ်ခွန်းမှမပြောဘဲ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်အပေါ် လက်ဝါးတစ်ချက် ရိုက်ချလိုက်တယ်...။ အမလေးဗျာ... မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားက ကျွန်တော်တို့ စိတ်ကူးနိုင်တာထက် ကျော်လွန်နေတာပဲ..."
ကျန်းယီမင်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ဘာကြောင့် လူတွေအများကြီး ဝိုင်းနေသလဲဆိုတာ နားလည်သွားသည်။ ပုံပြောသူက သူတစ်ယောက်တည်း မွေးဖွားခြင်းအဆင့်ကျင့်ကြံသူကို ဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုတာ ပြောပြနေတာဖြစ်သည်။ ဘေးနားက လူတွေအားလုံးက စိတ်လှုပ်ရှားနေကြသည်။ ပုံပြင်ထဲကလူက သူတို့ကြားထဲမှာ ရှိနေမှန်း ဘယ်သူမှသတိမထားမိကြပေ။
"ခင်ဗျားတို့ သိထားရမှာက... အဲဒီအချိန်မှာ အကြီးအကဲက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာ တိုက်ဆိုင်မှုသက်သက်ပဲလား။ မဖြစ်နိုင်ဘူး... အဲဒီအကြီးအကဲက မွေးဖွားခြင်းအဆင့်ကို ရောက်နေတာ ကြာလှပြီ... အဲဒီနောက်မှာ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တပည့်ဂူလင်းဖေး ပေါ်လာတယ်...။ ခင်ဗျားတို့အားလုံး အဲ့ဒီလူကိုသိကြတယ်မလား... သူက အခုလင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ လက်ရုံးတစ်ဆူပဲလေ...။ အဲဒီတုန်းက သူက သူ့ကိုယ်သူ အစီအရင်ထဲ တိုက်ရိုက်ပေါင်းစပ်လိုက်တာ...။ အဲဒီအချိန်တုန်းက သူက အခုလိုအခြေတည်စိတ်ဝိညာဥ်အဆင့်ကို မရောက်သေးဘူးနော်...။ အားလုံးပဲ စဉ်းစားကြည့်... သူတို့ကြားမှာ အဆင့်နှစ်ဆင့် ကွာဟချက်ရှိတယ်...။ ဒါပေမဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်က နည်းနည်းလေးပဲတုန်ခါသွားခဲ့တာ... အဲ့ဒါကိုကြည့်လိုက်ရင် လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကျွန်တော် ရှင်းပြနေစရာမလိုတော့ဘူး ထင်တယ်..."
ပရိသတ်ကြီးက ချီးကျူးသံတွေ ဆူညံသွားကြသည်။ ကျန်းယီမင်တောင်ပြုံးပြီး ခေါင်းညိတ်လိုက်မိသည်။
'ဒီပုံပြောသူက ပုံပြောရာမှာ တော်တော် ကျွမ်းကျင်တာပဲ...'
ဇာတ်လမ်းအသွားအလာက တစ်ခါတလေ မြန်သည်၊ တစ်ခါတလေ နှေးသည်၊ တစ်ခါတလေ ဇာတ်ကရှိန်တင်းမာပြီး တစ်ခါတလေ ပေါ့ပါးသည်။ နောက်ဆုံးတွင် လူအုပ်ထဲကတစ်ယောက်က ကျန်းယီမင်ကို သတိထားမိသွားသည်။
"ဟာ... ဆရာကြီး... မြန်မြန်ဆင်းလာတာ ကောင်းမယ်ထင်တယ်... လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အစစ် ရောက်နေပြီဗျ..."
ကျန်းယီမင်ကပြုံးပြီး လက်ကာပြလိုက်ကာ ပုံပြောသူရဲ့ဇာတ်လမ်းက မဆိုးကြောင်း အရိပ်အယောင်ပြလိုက်သည်။ ထို့နောက် သူဖြေရှင်းစရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်လို့ပြောကာ ထွက်လာခဲ့လိုက်သည်။ လက်ဖက်ရည်ဆိုင်ကနေ ထွက်လိုက်တာနဲ့ ရင်းနှီးနေတဲ့ စနစ်အသိပေးသံက သူ့ခေါင်းထဲမှာ ထပ်မြည်လာပြန်သည်။
[ ဒင်း - တာဝန်စတင်ပါပြီ ]
[ အသိပေးချက် - တာဝန်အမျိုးအစား : အဓိကတာဝန် ]
[ အသိပေးချက် - တာဝန်အမည် : စွမ်းအားစမ်းသပ်ခြင်း ]
[ အသိပေးချက် - တာဝန်လိုအပ်ချက် : ဂိုဏ်းလျှို့ဝှက်နယ်မြေအတွင်း သင့်ကန့်သတ်ချက်ကို ချိုးဖျက်ပါ ]
[အသိပေးချက် - တာဝန်ဆုလာဘ် : မိုးလေဆုတောင်းပြား ]
'နောက်ထပ် တာဝန်အသစ်တစ်ခုပဲ...'
ကျန်းယီမင် ဝမ်းသာသွားသည်။ ဒီတာဝန်က အဓိကတာဝန်ဖြစ်ပြီး သိပ်ခက်ခဲပုံမရပေ။ အရင်တုန်းက အဓိကတာဝန်တွေက အချိန် သို့မဟုတ် နေရာ ကန့်သတ်ချက်တွေ ရှိတတ်သည်။ တာဝန်ပြီးမြောက်ဖို့အတွက် တိကျတဲ့အခွင့်အရေးတွေကို စောင့်နေခဲ့ရသည်။ သို့သော် အခုတစ်ခါတွင် အဓိကတာဝန်ရဲ့ တည်နေရာက သူ့ဂိုဏ်းထဲမှာပဲဖြစ်နေသည်။ ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေက အရင်တုန်းက ဂူလင်းဖေးနဲ့ ယဲ့ယွမ်ဖန်တို့ ဝင်ရောက်စိန်ခေါ်ခဲ့တဲ့ နေရာဖြစ်သည်။
'သူ့တာဝန်က သူ့ရဲ့ကန့်သတ်ချက်တွေကို စိန်ခေါ်ဖို့တဲ့လား... ဒါပေမဲ့ ကန့်သတ်ချက်ကို ချိုးဖျက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲဟ... သူက လျှို့ဝှက်နယ်မြေထဲ တစ်ခါမှမဝင်ဖူးသေးဘူး... ဒီလိုဆိုရင် သူ့ကန့်သတ်ချက်က မသိရသေးတဲ့အခြေအနေပဲ... အခု သူအဆင့်တက်ထားတာဆိုတော့ ဘာလို့သွားမစမ်းကြည့်ရမှာလဲ...'
ဂူလင်းဖေး၊ ဟွမ်းချောင်ယုနဲ့ ယဲ့ယွမ်ဖန်တို့အားလုံး ဂိုဏ်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြသည်။ လျှို့ဝှက်နယ်မြေထဲ ဝင်လိုက်တာနဲ့ စိန်ခေါ်သူမသေမချင်း ရပ်တန့်လို့မရပေ။ အထဲကမိစ္ဆာတွေသည် သေတာထက် အဆတစ်ရာပိုနာကျင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ကျန်းယီမင်တောင်မှ ဘေးကနေ စောင့်ကြည့်ပေးမယ့်လူ လိုအပ်သည်။ မဟုတ်ရင် သူ အထဲမှာ ပြသနာတွေတက်နေနိုင်သည်။
"တုန်းမီ... ငါနဲ့ လိုက်ခဲ့..."
အစီအရင်ထဲမှာရှိနေတဲ့ တုန်းမီက ခေါင်းညိတ်လိုက်ပြီး သူ့ဆရာဆီလျှောက်လာခဲ့သည်။ တခြားတပည့်တွေအားလုံးက စူးစမ်းချင်စိတ်ဖြစ်သွားကြသည်။ သူတို့ဆရာရဲ့ လုပ်ရပ်တိုင်းက လိုအပ်ပြီးအရေးကြီးတယ်လို့ ပြောစမှတ်ပြုကြသည်။
'ဘာလို့ သူတို့ရဲ့စီနီယာအစ်ကိုကို ခေါ်လိုက်တာလဲ...'