မိုးကြိုးဝိညာဉ်၏ တိုက်ခိုက်မှု...
Vol. 13 Ch. 153
"အာ... အဲလိုမျိုးတော့ မဟုတ်ဘူး... သူတို့ကို အရမ်းကြမ်းတဲ့သားရဲတွေလို့တော့ သတ်မှတ်လို့မရဘူး... အလွန်ဆုံးရှိလှ ထူးဆန်းတဲ့သားရဲတွေလို့ပဲ ပြောလို့ရမယ်..."
တုန်းမီက သူ့ခေါင်းကို ကုတ်ရင်း ပြောလိုက်သည်။ ထိုအတောအတွင်း ဟွမ်းချောင်ယုက စကားရပ်သွားသည်။ သူမသည် စာအုပ်ထဲတွင်ဖတ်ဖူးသည့် ထူးဆန်းသောအကြောင်းအရာများကို တခြားတပည့်များရှေ့တွင် ကြွားဝါချင်နေခဲ့သော်လည်း သူမမောင်လေးတုန်းမီရဲ့အိမ်တွင် ထိုအရာများရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီသတ္တဝါတွေရဲ့ အရင်းအမြစ်အကြောင်း ပြောရမယ်ဆိုရင်... သူတို့က တစ်စုံတစ်ယောက်ရဲ့ အဆင့်တက်ဘေးဒုက္ခကနေ ကျလာတဲ့ကောင်းကင်မိုးကြိုးရဲ့ စိတ်ဝိညာဉ်စွမ်းအား အကြွင်းအကျန်တွေလို့ သိရတယ်။ အဆင့်တက်ဘေးဒုက္ခအတွင်းက ကောင်းကင်မိုးကြိုးတချို့မှာ သန့်စင်တဲ့စွမ်းအင်တွေ ပါဝင်တတ်ပြီး အဲ့ဒါကနေ ဒီမိုးကြိုးဝိညာဉ်တွေ ဖြစ်လာတာ...။ တကယ်လို့ သူတို့ကစိတ်ဝိညာဉ်စွမ်းအားတွေ ပိုပြီးစုပ်ယူနိုင်ခဲ့ရင် ကိုယ်ပိုင်အသိဉာဏ်တောင် ရလာနိုင်တယ်...။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း ဒါတွေကို အရင်ကမသိခဲ့ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော့်မိသားစုက လူတစ်ယောက်လာတုန်းက ပြောပြသွားလို့သိခဲ့တာပါ..."
"ဒါပေမဲ့ သူတို့ကတကယ်ပဲ လူသားလို အသိဉာဏ်မျိုးရှိလာခဲ့ရင် သူတို့ကိုဖမ်းဆီးချုပ်နှောင်ထားတာက အလွန်ရက်စက်ရာ မကျဘူးလား..." ဟု တပည့်တစ်ယောက်က မေးလိုက်သည်။
အမှန်ပင်၊ သူတို့တွေက လူသားမဟုတ်သော်လည်း လူသားလိုအသိဉာဏ်ရှိလာပြီး ကျင့်ကြံနိုင်လာလျှင် သူတို့ကို ချုပ်နှောင်ထားခြင်းက လူတစ်ယောက်ကို အကျဥ်းချထားခြင်းနှင့် အတူတူပင် မဟုတ်ပါလား...။
"အဲဒါကတော့ မဟုတ်ဘူး...။ အားလုံးပဲ စဉ်းစားကြည့်ပါဦး...။ တကယ်လို့ သူတို့က လူသားတစ်ယောက်ရဲ့အသိဉာဏ်ကို တိုက်ရိုက်ရထားတယ်ဆိုရင် ကျွန်တော်တို့အိမ်မှာ သူတို့ကိုဘယ်လိုလုပ်ပြီး မွေးထားနိုင်မှာလဲ..."
တုန်းမီက ပြုံးပြီး ပြောလိုက်သည်။ အနည်းငယ် ထူးဆန်းနေသော်လည်း ဒါကအမှန်တရားပင်ဖြစ်သည်။ အသိဉာဏ်အတိုင်းအတာတစ်ခုအထိ ရှိသော စိတ်ဝိညာဉ်သားရဲများကို အလွယ်တကူ ဖမ်းဆီးချုပ်နှောင်ထားလို့ မရနိုင်ပေ။ လူတိုင်းက အခြေအနေကို ယေဘုယျအားဖြင့် နားလည်သွားပြီးနောက် စကားပြောနေတာကို ရပ်လိုက်ကြသည်။
အကြောင်းမှာ လေထုထဲရှိဖိအားမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာသောကြောင့် ဖြစ်သည်။ လူတိုင်းကို အံ့အားသင့်စေသည်မှာ ကျန်းယီမင်သည် မည်သည့် လှုပ်ရှားမှုမှ မလုပ်သေးခြင်းပင်။ ထိုအစား သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မိုးကြိုးဝိညာဉ်ပုံဖော်လာသည်ကို စောင့်ကြည့်နေခဲ့သည်။
"မင်းက ကောင်းကင်နဲ့ မြေကြီးကြားက စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီးပါဝင်နေတဲ့ ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေတာကြောင့် ငါ မင်းကိုမနှောင့်ယှက်တော့ဘူး..."
ကျန်းယီမင် စကားပြောပြီးသည်နှင့် အနက်ရောင်တိမ်တိုက်ထဲမှ မိုးကြိုးနှစ်စင်းပစ်လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်ဦးတည်လာခဲ့သည်။ ကျန်းယီမင်က မတုန်လှုပ်ပေ။ သူက သူ့ရှေ့တွင် အကာအကွယ်တစ်ခုကို ရိုးရှင်းစွာဖန်တီးလိုက်ပြီး မိုးကြိုးစွမ်းအားကို ဖြိုခွဲလိုက်သည်။ မသိမသာပင် သူသည် ထိုစွမ်းအားကိုကိုယ်ပိုင်အသုံးချရန် ရည်ရွယ်ချက် ရှိနေသည်။
ဒါက ကျန်းယီမင်သည် ဖုန်းဟော့လေလံပွဲမှ ယူဆောင်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်စဉ်ကို နားလည်သဘောပေါက်ပြီးနောက် တဖြည်းဖြည်းရရှိလာသော စွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်းမှာ စီမာကျန့် ယခင်ကအသုံးပြုခဲ့သော အရိုးစားဓားနှင့် အနည်းငယ်ဆင်တူသော်လည်း တစ်ဖက်လူစွမ်းအားကို တိုက်ရိုက်စုပ်ယူသည့် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် စီမာကျန့်ရဲ့ဓားမှာ လုံးဝမိစ္ဆာပစ္စည်းတစ်ခုဖြစ်သည်။ တကယ်လို့သာ ထိုဓားသွားဖြင့်ထိမှန်ခဲ့လျှင် တစ်စုံတစ်ယောက်ရဲ့ အသက်စွမ်းအင်မှာ တိုက်ရိုက် အစုပ်ခံရမည်ဖြစ်သည်။
ကျန်းယီမင်ကမူ ထိုကဲ့သို့သော မိစ္ဆာပစ္စည်းများကို သဘောမကျပေ။ သူသည် မိမိကိုယ်ကိုတိုးတက်စေရန် ထိုကဲ့သို့သောမမှန်ကန်သည့် နည်းလမ်းများကို မည်သည့်အခါမှ မလိုအပ်ခဲ့ပေ။ လျှို့ဝှက်ဆန်းကြယ်သောကျင့်စဉ်မှာ လင်းယွင်ဂိုဏ်းတွင် ဝိညာဉ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီးနောက် လူအုပ်စုထံမှ စိတ်ဝိညာဉ်စွမ်းအားတချို့ကို ထုတ်ယူခဲ့ပြီး နောက်ဆုံးတွင် ကျန်းယီမင်က ဝါးမြိုခြေဖျက်ခဲ့သည်။
ထိုအလုပ်ကို ပြီးမြောက်ပြီးနောက် ကျန်းယီမင်သည် တိုက်ပွဲအတွင်း တစ်ဖက်ရန်သူရဲ့ နည်းစနစ်များမှ စွမ်းအင်ကိုထုတ်ယူပြီး မိမိကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် မိုးကြိုးက သူ့ကိုထိမှန်သောအခါ သူသည်စိတ်ဝိညာဉ်စွမ်းအားဖြင့် ၎င်းကိုဖြိုခွဲပြီး စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် မဆိုင်းမတွလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းယီမင်၏လုပ်ရပ်က မိုးကြိုးဝိညာဉ်ကို ဒေါသထွက်စေခဲ့သည်။
ကွင်းပြင်သည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအခါမိုးကြိုးဝိညာဉ်ရဲ့ ဟိန်းဟောက်သံများက ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ တုန်းမီပြောခဲ့သလိုပင် မိုးကြိုးဝိညာဉ်သည် ထူးဆန်းတဲ့သားရဲတစ်မျိုးဟု သတ်မှတ်နိုင်သည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ ရန်သူသည် အလွယ်တကူ ရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။ ကျန်းယီမင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိကျင့်စဉ်ကို ဖြည်းဖြည်းချင်းလည်ပတ်စေပြီး တိုက်ခိုက်ရေးအရှိန်အဝါများကို သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားအဖြစ်ပြောင်းလဲလိုက်သည်။ ယခုအချိန်တွင် မိုးကြိုးဝိညာဉ်သည် လူသားမျက်နှာနှင့် လက်နှစ်ဖက်ရှိသောသတ္တဝါအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး အလွန်သန့်စင်လှသော မိုးကြိုးစွမ်းအားများကို ကျန်းယီမင်ထံသို့ ပစ်လွှတ်လိုက်သည်။
"အဲဒီကောင်က လွယ်ကူမယ့်ရန်သူတော့ မဟုတ်ဘူး။ သူ့ပါးစပ်က ထွက်လာတဲ့မိုးကြိုးတွေကို ကြည့်လိုက်ဦး...။ ဆရာတော့ ဖြေရှင်းစရာတစ်ခု ထပ်ရပြန်ပြီ..."
အောက်ရှိတပည့်များအားလုံး အာရုံစိုက်နေကြသည်။ အဆင့် ၂၀ ကျော်ပြီးနောက် သူတို့ဆရာသည် အချိန်အနည်းငယ်ပိုပေးရရုံသာ ဖြစ်သည်။ တကယ်လို့ သူနှင့်တန်းတူရင်ဆိုင်နိုင်မည့် ရန်သူကို လိုချင်လျှင်တော့ အဆင့်များစွာထပ်တက်ရဦးမည်ဖြစ်သည်။ သူ့ရှေ့သို့ တိုးဝင်လာသော မိုးကြိုးများအတွင်းရှိ အလွန်သန့်စင်ပြီး အားကောင်းလှသော စွမ်းအင်များကို ခံစားရင်း ကျန်းယီမင်က တွေးမိသည်မှာ... သူ့ကျင့်စဉ်အသစ်ကို စမ်းကြည့်သင့်သလားဖြစ်သည်။
တပည့်များအားလုံးက သူတို့ဆရာ ထိုအရာကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေကြသည်။ သို့သော် ကျန်းယီမင်၏လုပ်ရပ်က လူတိုင်းမျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။ သူသည် မိုးကြိုးဝိညာဉ်ရှေ့တွင် မလှုပ်မယှက်ရပ်နေခဲ့သည်။
"ဆရာ ရူးသွားပြီလား... ဆရာက မိုးကြိုးရဲ့စွမ်းအားကို သူ့ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ခုခံဖို့ ကြံနေတာ မဟုတ်ပါဘူးနော်...."
"မဟုတ်ဘူး... မဖြစ်နိုင်တာ...။ ဒါက သာမန်လူတစ်ယောက် တောင့်ခံနိုင်တဲ့စွမ်းအားမျိုး မဟုတ်ဘူး..."
သူ့ဆရာရဲ့ အားအကောင်းဆုံးအခြေအနေကို မြင်ဖူးခဲ့သော တုန်းမီပင်မှင်တက်သွားသည်။ သူတို့ဆရာမှာ မြင့်မားသောကျင့်ကြံမှုရှိရုံတင်မကဘဲ အလွန်အစွမ်းထက်သော ရုပ်ခန္ဓာရှိကြောင်း သူတို့သိထားကြသည်။ သို့သော် မိမိခန္ဓာကိုယ်ကို အားအကောင်းဆုံးစွမ်းအင်နှင့် တိုက်ရိုက်ထိတွေ့စေခြင်းက သေကြောင်းတရားကို ဖိတ်ခေါ်နေသလိုပင်ဖြစ်သည်။
"အား..."
လူတိုင်း အတွေးကိုယ်စီဖြစ်နေကြစဉ်မှာပင် ကျန်းယီမင်သည် အလင်းရောင်လုံးကြီးအတွင်း နစ်မြုပ်သွားခဲ့သည်။ မိုးကြိုးဝိညာဉ်သည် အဆင့်တက်ဘေးဒုက္ခရဲ့ ကောင်းကင်မိုးကြိုးလောက် မပြင်းထန်သော်လည်း သူ့စွမ်းအားမှာ အလွန်အထင်ကြီးစရာ ကောင်းနေဆဲဖြစ်သည်။
"ဆရာ... ဆရာက ရှောင်ဖို့စိတ်ကူးရှိပုံမရဘူး...။ ဆရာ ဒီတစ်ခါ ဘာကိုနားလည်သဘောပေါက်သွားတာလဲ..."
မိုးကြိုးများ ဝန်းရံခြင်းခံထားရသော ကျန်းယီမင်ကို တပည့်များ ကြည့်နေကြသည်။ သူတို့ဆရာပုံရိပ်မှာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေသဖြင့် သူတို့အံ့သြသွားကြသည်။ ထို့အပြင် သူတို့ဆရာသည် ဘယ်လိုမှ မသက်မသာဖြစ်တာကို ခံစားရပုံမပေါ်ဘဲ သူ့အရှိန်အဝါမှာ ပိုမိုအားကောင်းလာခဲ့သည်။
"ဒါ မဟုတ်သေးဘူး...။ ဆရာ... ဆရာက မိုးကြိုးဝိညာဉ်ရဲ့ စွမ်းအင်တွေကို ဝါးမြိုနေတာပဲ..."
ဂူလင်းဖေးက ခုနတင်ကမှ ကြမ်းတမ်းနေခဲ့သော မိုးကြိုးဝိညာဉ်သည် ယခုအချိန်တွင် တိတ်ဆိတ်သွားတာကို ခံစားလိုက်ရသည်။ မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော သူ့မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များရှိနေသည်။ ကျန်းယီမင်က သူ့လက်ကို ဝန်းရံနေသောမိုးကြိုးစွမ်းအင်များကို ကြည့်လိုက်ပြီး လက်ကို အသာအယာဝှေ့ယမ်းကာ စုပ်ယူထားသမျှ စွမ်းအင်အားလုံးကို တစ်ဖက်လူထံသို့ ပြန်ပစ်လွှတ်လိုက်သည်။
မိုးကြိုးဝိညာဉ်သည် တစ်ခုခုမှားယွင်းနေပြီကို ခံစားလိုက်ရသည်။ ဘာကြောင့်ဆို သူ့ရှေ့ကလူသားက သူ့တိုက်ကွက်ကို သူ့ထံပြန်ပို့နိုင်တာကြောင့်ဖြစ်သည်။ ကျန်းယီမင်သည် အလွန်ဝမ်းသာသွားသည်။ ဘာပဲဖြစ်ဖြစ် သူသည် ဒီကျင့်စဉ်ဘယ်လိုအလုပ်လုပ်သည်ကို နောက်ဆုံးတွင် နားလည်သွားသည်။
သူသည် တစ်ဖက်ရန်သူကို အခွင့်အရေးအများကြီး ပေးခဲ့ပြီးပြီဖြစ်သည်။ တစ်ဖက်ရန်သူက ထိုအရာကို ကောင်းကောင်း အသုံးမချနိုင်မှတော့ သူ လက်စွမ်းပြတာကို အပြစ်မတင်ပါနဲ့တော့လို့သာ တွေးလိုက်တော့သည်။ ကျန်းယီမင်ပုံရိပ်မှာ တစ်ဖက်သို့ ပျံတက်လိုက်သည်။