← Chapters

အဆင့် ၂၅မှ ပြိုင်ဘက်...

Vol. 13 Ch. 156

အဆင့် ၂၅မှ ပြိုင်ဘက်...

Vol. 13 Ch. 156

"ဆရာက အဆင့် ၂၅ကိုတောင် ရောက်နေပြီ... ဘုရားရေ... ငါတို့နဲ့ ဆရာ့ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းနေတာပဲမဟုတ်လား...."

ဂူလင်းဖေးလေသံမှာ အံ့သြချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။ လင်းယွင်ဂိုဏ်းတပည့်များ၊ အထူးသဖြင့် ဂူလင်းဖေးနှင့် ဟွမ်းချောင်ယုတို့ကဲ့သို့ ပထမမျိုးဆက်တပည့်များအတွက် လျှို့ဝှက်နယ်မြေတွင် ၁၄ ဆင့်အထိ ရောက်နိုင်ခြင်းမှာ အလွန်အထင်ကြီးစရာကောင်းသော အောင်မြင်မှု ဖြစ်သည်။ သို့သော် ဒါကလုံလောက်ပြီလား...။ မဟုတ်သေးပေ...။ ထိုအရာက လုံလောက်ဖို့ အဝေးကြီးလိုပါသေးသည်။

တခြားတပည့်များကလည်း သူတို့ဆရာရဲ့စွမ်းအားကိုကြည့်ပြီး အံ့သြတကြီးအော်ဟစ်နေကြသည်။ လင်းယွင်ဂိုဏ်းသို့ မဝင်ရောက်မီက မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦး အနီးကပ်တိုက်ခိုက်သည်ကို ကြည့်ရှုခွင့်ရဖို့ဆိုသည်မှာ သူတို့စိတ်ကူးတောင် မယဉ်ရဲခဲ့သည့်အရာတစ်ခုဖြစ်သည်။ ကျန်းယီမင်သည် အစီအရင်ထဲတွင်ရပ်နေပြီး လျှို့ဝှက်နယ်မြေ၏ အရှိန်အဝါပြောင်းလဲလာတာကို ဖြည်းဖြည်းချင်း ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် ရုတ်တရက် အေးစိမ့်သောခံစားချက်တစ်ခု ပေါ်လာသည်။

'ဒီတစ်ခါ ပြိုင်ဘက်ကဘယ်သူလဲ... ဘာလို့ တစ်ဖက်လူက ဒီလောက်တောင်ရင်းနှီးနေရတာလဲ...'

စိတ်ဝိညာဉ်စွမ်းအားများ စုစည်းလာပြီးနောက် သူ့ရှေ့တွင် ပြိုင်ဘက်ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ပြိုင်ဘက်ပုံရိပ်ကို ကြည့်ပြီး ကျန်းယီမင် မှင်တက်သွားသည်။ ဒီအရှိန်အဝါက အရမ်းကို ရင်းနှီးလွန်းနေသည်။ သို့သော် သူသည် တစ်ဖက်လူရဲ့အင်အားကို စစ်ဆေးလို့ မရပေ။

'ကြည့်ရသည်မှာ ဒီတစ်ခါသည် ကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်... ဒါပေမယ့် ဘယ်အဆင့်မှာလဲဟ... တစ်ဖက်လူက သူ့ရှေ့မှာတင် သူ့အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တယ်ဆိုတာကတော့ မယုံနိုင်စရာပဲ... မဟုတ်ဘူး... တစ်ခုခု မှားနေပြီ...'

ကျန်းယီမင်သည် သူ့ရှေ့ရှိကျင့်ကြံသူ၏ မျက်နှာမှာ တဖြည်းဖြည်း ရှင်းလင်းလာပြီး ခန္ဓာကိုယ်နှင့် အဝတ်အစားများပါ လူတိုင်းရှေ့တွင်ပေါ်လာတာကို ကြည့်နေမိသည်။ ဒီတစ်ခါ သူ့ရဲ့ပြိုင်ဘက်က သူကိုယ်တိုင်ပင်ဖြစ်သည်။ ကျန်းယီမင်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့ရှေ့က လူသည် သူနှင့် အဝတ်အစား အဆင်တူဝတ်ထားရုံတင်မကဘဲ အစီအရင်ထဲတွင်ရပ်နေသည့် နောက်ထပ်ကျန်းယီမင် အစစ်တစ်ယောက်လိုပင်ဖြစ်နေသည်။

စင်အောက်ရှိ တပည့်များလည်း အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ တစ်ဖက်လူပုံရိပ် ရှင်းလင်းလာကတည်းက သူတို့၏နှလုံးသားထဲတွင် အဖြေတစ်ခုရှိနေခဲ့သည်။ ယခုအခါ လင်းယွင်ဂိုဏ်းဂိုဏ်းချုပ် ကျန်းယီမင်နှင့် အတူတူပင်ဖြစ်သော ဒုတိယမြောက် ကျန်းယီမင်ပေါ်လာခြင်းက သူတို့ရဲ့ အတွေးကို အတည်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်။

"ဟူး..."

ကျန်းယီမင် နှစ်ယောက်စလုံးသည် စက်ဝိုင်းပုံစင်မြင့်ပေါ်တွင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း ပတ်ချာလည်လျှောက်နေကြသည်။ တစ်ယောက်စီက တိုက်ကွက်စတင်ရန် အားနည်းချက်ကိုသာ ရှာဖွေနေကြခြင်းဖြစ်သည်။ ကျန်းယီမင်က သူ့ကိုယ်သူပြန်ကြည့်ရင်း တိုက်ခိုက်မည့်နည်းလမ်းကို ဦးနှောက်ထဲတွင် ရှာဖွေနေသည်။

'ဒါက တကယ့်ပြဿနာကြီးပဲ... နှစ်ယောက်လုံးက ကျင့်စဥ်အတူတူပဲ သင်ထားတာလေ... နှစ်ယောက်လုံးမှာ ကျင့်စဉ်အတူတူနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေရှိနေတာ... တစ်ဖက်လူရဲ့တိုက်ကွက်ကို သူ ဘယ်လိုဖြေရှင်းရမလဲ...'

"သူတို့တိုက်ခိုက်ကြတဲ့အခါ ဘယ်သူက ငါတို့ရဲ့ ဆရာအစစ်လဲဆိုတာ ခွဲခြားနိုင်မှာမဟုတ်တော့ဘူး..."

ယဲ့ယွမ်ဖန်က သူ့ခေါင်းကိုကုတ်ရင်း မယုံနိုင်သလို ပြောလိုက်သည်။ တကယ်တမ်းတွင် နှစ်ယောက်လုံးက သူတို့ရဲ့ ဆရာဖြစ်သည်။ ကျန်းယီမင်က ဆက်ပြီးမစောင့်ချင်တော့သဖြင့် သူ့စိတ်ဝိညာဉ်ကိုအရင်ဆုံး ခွဲထုတ်လိုက်သည်။ မိစ္ဆာသားရဲတွေ သို့မဟုတ် တခြားကျင့်ကြံသူတွေကို အနိုင်ယူဖို့ နည်းလမ်းရှာရတာ မခက်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်အနိုင်ယူဖို့ဆိုတာကတော့ လွယ်တဲ့ကိစ္စမဟုတ်ပေ။

တစ်ဖက်လူကလည်း သူ့စိတ်ဝိညာဉ်ကို တစ်ချိန်တည်းမှာပဲ ခွဲထုတ်လိုက်သည်။ နှစ်ဖက်လုံးက မူလစိန်ဝိညာဉ်သုံးခုစီ ခွဲထုတ်လိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် လူတိုင်းမျက်စိထဲတွင် လျှို့ဝှက်နယ်မြေအတွင်း၌ ဆရာရှစ်ယောက် ရှိနေသကဲ့သို့ဖြစ်နေသည်။

"ကျွန်တော့်ရဲ့ ဆရာတို့ရေ... ဆရာတို့ ဒီတိုင်းပဲ လက်သီးချင်းထိုးတိုက်လို့ မရဘူးလား... ဒီလိုကြီး လုပ်နေရင် ကျွန်တော့်အတွက် ဘယ်သူက ဘယ်သူလဲ ခွဲရခက်နေပြီဗျ...."

တစ်ချိန်တည်းမှာပင် ကျန်းယီမင်အားလုံးက တိုက်ခိုက်လိုက်ကြသည်။ ဖျက်စီးခြင်းလက်ချောင်းများက လေဟာနယ်ကို ထိုးဖောက်ကာ တစ်ယောက်ကိုတစ်ယောက် ဦးတည်သွားကြသည်။ ယခုအချိန်တွင် ကျန်းယီမင်မှာငိုချင်သော်လည်း မျက်ရည်မထွက်နိုင်သော အခြေအနေဖြစ်နေသည်။ ဘယ်လိုပဲ ကြည့်ကြည့် ပြိုင်ဘက်ကိုကြည့်ရသည်မှာ မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေရသလိုပင်ဖြစ်နေသည်။

ထို့အပြင် တစ်ဖက်လူသည် သူ့ကိုအတုခိုးနေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူသည် ကျန်းယီမင်နှင့် တစ်ချိန်တည်းမှာပင် တူညီသော ဆုံးဖြတ်ချက်များကို ချမှတ်နေခြင်းဖြစ်သည်။ တကယ်လို့ ဒီအတိုင်းသာဆိုရင် သူတို့တွေက တော်တော်လေး အလုပ်ရှုပ်ကြရဦးမည်။

ဖျက်စီးခြင်းလက်ချောင်းက လုံးဝအကျိုးသက်ရောက်မှုမရှိတာကို မြင်ရသောအခါ ကျန်းယီမင်က သူ့စိတ်ဝိညာဉ်များကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်သည်။ ဆက်ပြီးခွဲထားမည်ဆိုလျှင် သူ့အင်အားကို လျှော့ချရုံသာ ဖြစ်လိမ့်မည်။ သို့သော် ဤတစ်ကြိမ်တွင် တစ်ဖက်လူက ထိုသို့မလုပ်ခဲ့ပေ။ ထိုအစားပြိုင်ဘက်နှင့် သူ့စိတ်ဝိညာဉ်များက အရပ်လေးမျက်နှာမှ ချဉ်းကပ်လာကြသည်။

'ကောင်းပြီ... ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူ့တပည့်တွေက ဘယ်သူကရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ခွဲခြားနိုင်သွားတာပေါ့...'

လက်ရှိအခြေအနေအရ သူ အချိန်ဆွဲလို့မရပေ။ အခွင့်အရေးကို အရယူနိုင်စွမ်းတွင် သူသည် အကျွမ်းကျင်ဆုံးဖြစ်သည်။ အကယ်၍ သူသာ အနည်းငယ်ပေါ့ဆသွားလျှင် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ ထိုအရာကို တွေးမိရင်း ကျန်းယီမင်က ပျက်သုဥ်းခြင်းနယ်ပယ်ကို ထုတ်သုံးလိုက်သည်။

ဤစွမ်းရည်သည် သူ့ရဲ့အားအကောင်းဆုံး စွမ်းရည်ဖြစ်သည်။ ၎င်းက တိုက်ရိုက်ထိခိုက်မှု မပေးနိုင်သော်လည်း ရန်သူသာ သူ့နယ်ပယ်ထဲတွင် ပိတ်မိသွားလျှင် သူ့စိတ်ကြိုက်ကိုင်တွယ်နိုင်မည် ဖြစ်သည်။

"ဟမ့်... ငါတို့ နှစ်ယောက်လုံးက အတူတူပဲ... ဖျက်စီးခြင်းကျင့်စဥ်ကို သင်ထားတာပဲ... မင်းမှာရှိရင် ငါ့မှာ မရှိဘူးလို့ မင်းထင်နေတာလား..." ဟု ပြိုင်ဘက်က လေထဲတွင် အေးစက်စွာ ပြောလိုက်သည်။

ကျန်းယီမင်သည် သူ့အသံနှင့်အတူတူပင် နောက်တစ်ယောက်က သူ့ကို ဤသို့ပြောသည်ကို နားထောင်ရသည်မှာ အတော်လေးနေရခက်နေသည်။ သို့သော် ထိုစကားပြောပုံကက သူ ပုံမှန်စကားပြောတတ်သည့် ပုံစံဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

"ကြည့်ရတာ ဒီစမ်းသပ်မှုပြီးသွားရင် ငါ့ရဲ့ စကားပြောတဲ့အကျင့်ဆိုးကို ပြင်ရတော့မယ်...။ နေ့တိုင်း ဒီလိုစကားပြောနေရင် တခြားလူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေမှာပဲ..."

တစ်ချိန်တည်းမှာပင် တစ်ဖက်လူကလည်း ပျက်သုဥ်းခြင်းနယ်မြေကို ထုတ်သုံးလိုက်သည်။ နှစ်ဖက်လုံးက တူညီသောစွမ်းရည်ရှိနေခြင်းက ဘာကိုဆိုလိုသနည်း...။ မည်သူမျှ ထိုအရာကို အသုံးမပြုနိုင်ခြင်းကို ဆိုလိုခြင်းပင်ဖြစ်သည်။ တိုက်ပွဲအဆင့်အတန်းမှာ တပည့်များကိုမျက်စိလည်သွားစေသည်။ အဆင့်တစ်ခုစီမှ ရန်သူများမှာအားအကောင်းဆုံးဟု သူတို့ ထင်ခဲ့ကြသော်လည်း နောက်တစ်ဆင့်မှ ရန်သူများက သူတို့ကို ဘယ်တော့မှစိတ်ပျက်အောင် မလုပ်ခဲ့ပေ။

ထိုအရာက ကျန်းယီမင်အတွက် လက်ရည်အညီဆုံးပြိုင်ဘက် ဖြစ်သင့်သည်။ လက်ရည်ညီသည်ဟု ပြောလျှင်တောင် နည်းသေးသည်။ အမှန်တကယ်တော့ သူတို့မှာထပ်တူကျနေသည်ဟု ပြောရမည်။ ပျက်သုဥ်းခြင်းနယ်မြေနှစ်ခုလုံးကို တစ်ပြိုင်နက် အသက်သွင်းလိုက်သော်လည်း ထိုအချိန်တွင် နှစ်ဖက်လုံးက တစ်ယောက်ရဲ့နယ်ပယ်ထဲတွင် တစ်ယောက် ရှိနေသောကြောင့် နယ်ပယ်တိုက်ခိုက်မှုမှာ နှစ်ယောက်လုံးအတွက် အကျိုးသက်ရောက်သွားသည်။

ထိုအချက်က ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်လုံးက ကျန်းယီမင် ဖြစ်နေသည်မဟုတ်ပါလား...။ ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းကပဲ အင်အားတိုးလာမှာလဲ...။

"ကောင်းပြီ... ဒါဆိုလည်း မပြေးကြေးပဲ... ဒီပျက်သုဥ်းခြင်းနယ်မြေထဲမှာ ငါတို့နှစ်ယောက်လုံး စွမ်းအင်တွေစုပ်ယူလို့ မရဘူးဆိုတာ မင်းသိသားပဲ... ဒါဆိုရင် ဒီမှာပဲ အသေအလဲတိုက်ကြတာပေါ့... တစ်ယောက်ယောက် မသေမချင်းမနားကြေးပဲ..."

"ငါလည်း အဲဒီအတိုင်းပဲ..."

ထိုသို့ပြောပြီးနောက် နှစ်ဖက်လုံးက ပျက်သုဥ်ူခြင်းနယ်မြေနှစ်ထပ်ရဲ့ အားဖြည့်မှုကို ရရှိထားသော ပျက်သုဥ်းခြင်းလက်ဝါးကို ထုတ်သုံးလိုက်ကြသည်။ ဤခံစားချက်မှာ အမှန်တကယ်ပင်ဆန်းကြယ်လှသည်။

တစ်ဖက်လူထုတ်သုံးလိုက်သော ပျက်သုဥ်းခြင်းလက်ဝါးကို ကျန်းယီမင်ခံစားလိုက်ရသောအခါ သူ မှင်တက်သွားသည်။

အကြောင်းမှာ ၎င်းမှာ သူ့လက်ဝါးနှင့် အတိအကျ တူညီနေသောကြောင့်ဖြစ်သည်။ ဖွဲ့စည်းပုံ၊ ဖိအား သို့မဟုတ် ပါဝင်သောပျက်သုဥ်းခြင်းချီ အရှိန်အဝါမှာ လုံးဝထပ်တူကျနေသည်။ လက်ဝါးနှစ်ခု ထိပ်တိုက်တွေ့သောအခါ နှစ်ယောက်လုံးမှာ တစ်ခုခုနှင့် တိုက်မိသကဲ့သို့ အတော်လေးဝေးသော နေရာသို့ လွင့်ထွက်သွားကြသည်။

ပျက်သုဥ်းခြင်းလက်ဝါးဆိုသည်မှာ အခြေခံအားဖြင့် တိုက်စစ်သက်သက်အတွက်သာ ဖန်တီးထားသော တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည်။ ဤအဆင့်ရှိ တိုက်ကွက်တစ်ခုရှေ့မှောက်တွင် မည်သည့်အရာမျှ ပုန်းကွယ်လို့မရပေ။ အရာအားလုံးသည် လက်ဝါးအောက်တွင် သေလူများဖြစ်သွားရမည်ဖြစ်သည်။

သို့သော် နှစ်ဖက်လုံးက တူညီသော ပျက်သုဥ်းခြင်းလက်ဝါးကို သုံးနေလျှင်ကော...။ ဒါဟာ ကျန်းယီမင်အနေနဲ့ လက်ဝါးရဲ့ရိုက်ခတ်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။ ယခုအချိန်တွင် သူသည် ဘာဆက်လုပ်ရမည်ကို တကယ်ပင်ဝေခွဲမရ ဖြစ်နေတော့သည်။

All Chapters