← Chapters

ပြိုင်ဘက်အသစ်ရောက်လာခြင်း... ဘာလို့မင်းလဲ...

Vol. 13 Ch. 160

ပြိုင်ဘက်အသစ်ရောက်လာခြင်း... ဘာလို့မင်းလဲ...

Vol. 13 Ch. 160

သို့သော် အခုချိန်က ဒါတွေကို ငြင်းခုံနေရမယ့် အချိန်မဟုတ်ပေ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဆရာဟာ အစီအရင်ရဲ့အလယ်မှာ ရပ်နေဆဲဖြစ်တာကြောင့်ဖြစ်သည်။ လက်ရှိမှာ ကျန်းယီမင်ဟာလည်း အနည်းငယ် စိုးရိမ်စိတ်ဝင်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အရင်ပြိုင်ဘက်က မရိုးရှင်းခဲ့ပေ။ နောက်တစ်ဆင့်ကိုတက်လိုက်ရင် ဘယ်လိုအဆင့်ရှိတဲ့ ရန်သူနဲ့ ထပ်တွေ့ရမလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။

စာအုပ်ကို သိမ်းဆည်းပြီးနောက် ကျန်းယီမင်ဟာ ခဏတာတုံ့ဆိုင်းသွားပေမယ့် ကျောက်တိုင်ပေါ်ကို သူ့လက်ပြန်တင်လိုက်သည်။ တပည့်တွေဟာ သူတို့ဆရာရဲ့လုပ်ရပ်ကို မြင်တဲ့အခါ အကုန်လုံးငြိမ်ကျသွားကြသည်။ လျှို့ဝှက်နယ်မြေထဲက ဆရာ့ရဲ့ တိုက်ပွဲတွေဟာ သူတို့အတွက် သင်ခန်းစာယူစရာတွေ အများကြီးပေးနိုင်ခဲ့သည်။ ဆရာ့ရဲ့တိုက်ခိုက်ပုံစံပဲ ဖြစ်ဖြစ်၊ သူရင်ဆိုင်ရတဲ့ ပြိုင်ဘက်တွေပဲ ဖြစ်ဖြစ်၊ သူလုပ်သမျှအရာတိုင်းဟာ သင်ယူဖို့ ထိုက်တန်သည်။

လျှို့ဝှက်နယ်မြေထဲကလေထုဟာ ရုတ်တရက် ပူပြင်းလာခဲ့သည်။

'ဘာတွေ ဖြစ်နေတာလဲ...'

ပူလောင်တဲ့ ခံစားချက်တင်မကဘဲ လေထဲမှာ ရင်းနှီးနေတဲ့ အနံ့အသက်တစ်ခုကိုပါ သူ ရလိုက်သည်။

"ဟမ့်... လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား... မင်း ငါ့ကို မှတ်မိသေးရဲ့လား..."

'ဒီရင်းနှီးနေတဲ့အသံ...'

ပြိုင်ဘက်ရဲ့အသံကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်ဟာ သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ အမြန်ရှာဖွေလိုက်သည်။

'နေဦး... နေဦး... အဖြေနဲ့ နီးကပ်လာပြီလို့ သူခံစားရတယ်...'

ရင်းနှီးနေတဲ့ပုံရိပ်ကို မြင်လိုက်ရတဲ့အခါ အဖြေက သူ့လျှာဖျားလေးတင် ရှိနေပါတော့သည်။ ထိုလူက ဟောက်ယွင်ဂိုဏ်းကလာပြီး ပြဿနာလာရှာတုန်းက သူသတ်ခဲ့တဲ့အကြီးအကဲဖြစ်သည်။ ဒီလျှို့ဝှက်နယ်မြေထဲမှာ ဒီလိုပြိုင်ဘက်မျိုး ရှိနေလိမ့်မယ်လို့ သူ တစ်ခါမှမတွေးခဲ့မိပေ။ သူ့လက်နဲ့သေဖူးတဲ့လူက အခု သူ့ရှေ့မှာပြန်ပေါ်လာသည်။

"ဟမ့်၊ မင်းက လျှို့ဝှက်နယ်မြေက ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ... ငါ မင်းကို တစ်ခါသတ်ဖူးပြီးပြီဆိုတော့ ဒုတိယအကြိမ်သတ်ဖို့လည်း ဝန်မလေးဘူး..." ဟု ကျန်းယီမင်က အေးစက်စွာပြောလိုက်သည်။

တစ်ဖက်လူက တကယ်ပဲ မွေးဖွားခြင်းအဆင့်မှာ ရှိနေသည်။ ဒါပေမဲ့ ထိုအရာကအရင်တုန်းကဖြစ်သည်။ ထိုအချိန်တုန်းက ကျန်းယီမင်က အခြေတည်စိတ်ဝိညာဥ်အဆင့်မှာပဲ ရှိသေးတာကြောင့် ရန်သူကိုထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ခဲခဲ့တာ ဖြစ်သည်။ သို့သော် အခုချိန်တွင် သူဟာ မွေးဖွားခြင်းအလယ်အလတ်အဆင့်ကို ရောက်နေပြီဖြစ်တဲ့အပြင် သူ့ရဲ့ခွန်အားကလည်း လုံးဝတည်ငြိမ်နေသည်။ တစ်ဖက်လူရဲ့ကျင့်ကြံမှုက သူ့ရှေ့မှာ ဘာမှ မဟုတ်တော့ပေ။

"ဟမ့်၊ မင်းက ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား... ငါ့ရဲ့ အခုအင်အားက အရင်တုန်းကလိုပဲလို့ မင်း ထင်နေတာလား..." ဟု ထိုလူက ရက်စက်တဲ့ မျက်နှာပေးနဲ့ ဖြည်းဖြည်းချင်းပြောလိုက်သည်။

သူ့စကားတွေထဲမှာ နက်ရှိုင်းတဲ့နာကျည်းမှုတွေ ပြည့်နေသည်။

"အရင်တုန်းက ငါက အခြေတည်စိတ်ဝိညာဥ်အဆင့်မှာပဲ ရှိသေးပေမယ့် မင်းက မွေးဖွားခြင်းကနဦးအဆင့်မှာ ရှိနေခဲ့တာ...။ ဒါတောင် မင်း ငါ့လက်မှာသေခဲ့ရတာပဲ...။ ဒီတစ်ခါရလဒ်က ထူးခြားသွားမယ်လို့ မင်း တကယ်ထင်နေတာလား..."

ထိုနေ့ကအဖြစ်အပျက်ကို ကြုံဖူးတဲ့စင်အောက်က တပည့်တွေလည်း စိုးရိမ်သွားကြသည်။ ဒီတစ်ခါ ပြိုင်ဘက်က အရင်တုန်းကဂိုဏ်းမှာလာပြီး ရုတ်ရုတ်သဲသဲလုပ်ခဲ့တဲ့ ဟောက်ယွင်ဂိုဏ်းအကြီးအကဲဆိုတာ သူတို့မှတ်မိနေသည်။ ထိုအချိန်တုန်းက သူဟာ ဟောက်ယွင်ဂိုဏ်းရဲ့နံပါတ်တစ် မွေးဖွားခြင်းကျင့်ကြံသူအဖြစ် လင်းယွင်ဂိုဏ်းကို အရှိန်အဝါကြီးကြီးနဲ့ရောက်လာပြီး လင်းယွင်ဂိုဏ်းကို ပြာဖြစ်အောင်လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သည်။

ကျန်းယီမင် ထိုပွဲမှာနိုင်ခဲ့ပေမယ့် အနိုင်ရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရသည်။ ထို့အပြင်ထိုအချိန်တုန်းက ကျန်းယီမင်ဟာ ဟွမ်ယွမ်ဆေးလုံးကို သောက်ခဲ့ရသလို၊ ဂိုဏ်းအစီအရင်ရဲ့ အကူအညီကိုလည်း ယူခဲ့ရသေးသည်။ အခု လျှို့ဝှက်နယ်မြေထဲမှာတော့ သူ့မှာဘာအကာအကွယ်မှမရှိသလို၊ တခြား မှော်ရတနာတွေလည်း မရှိပေ။

တကယ်လို့ တစ်ဖက်လူနဲ့ ထိပ်တိုက်တိုက်မယ်ဆိုရင် သူက တစ်ဖက်လူထက်အသာရဖို့ မသေချာပေ။ ကျန်းယီမင်က သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ပြီး တစ်ဖက်လူရဲ့ခွန်အားကို စမ်းသပ်ကြည့်လိုက်သည်။ တစ်ဖက်လူကလည်း ကျန်းယီမင် သူ့ကို စမ်းသပ်နေတာကို ခံစားမိလိုက်သည်။

"ဟမ့်၊ ငါ မှတ်မိသလောက်ဆိုရင် မင်းနာမည်က ကျန်းယီမင်မဟုတ်လား... ငါ့ကို စမ်းသပ်မနေပါနဲ့တော့.... ငါက မွေးဖွားခြင်းအလယ်အလတ်အဆင့်မှာ ရှိနေတာ..."

ထိုသို့ပြောပြီးနောက် အဘိုးကြီးက ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်နဲ့ အမှတ်အသားတစ်ခု ပြုလုပ်လိုက်သည်။

"ကောင်းကင်တစ်ခွင် မီးထောင်သောင်းလောင်မြိုက်ခြင်း..."

ဒါဟာ ဟော်ယွင်ဂိုဏ်းရဲ့တိုက်ခိုက်ရေးစွမ်းရည် ဖြစ်သလို၊ အရင်တုန်းက သူတို့တိုက်ခဲ့စဉ်က သုံးခဲ့တဲ့ စွမ်းရည်လည်းဖြစ်သည်။

"ဟမ့်... အဘိုးကြီး... မင်းက အရင်ကရှုံးဖူးတဲ့ တိုက်ကွက်နဲ့ပဲ လက်ရှိ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား... ဒါဆို ငါပြောပြမယ်... မင်းရဲ့ဒီတိုက်ကွက်က အလကားပဲ...."

ကျန်းယီမင်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ သူ့လက်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေက ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်မှာပဲ လင်းယွင်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲက အရှိန်အဝါတွေ ထပ်မံပြောင်းလဲသွားပြန်သည်။ ခုနက ကျန်းယီမင် နှစ်ယောက်တိုက်တုန်းကတော့ ပျက်သုဥ်းခြင်းစွမ်းအားတွေကိုသာ တပည့်တွေခံစားခဲ့ရသည်။

သို့သော် အခုတော့ သူတို့ဆရာရဲ့ ပျက်သုဥ်းခြင်းချီတင်မကဘဲ ဟောက်ယွင်ဂိုဏ်းအကြီးအကဲဆီက ထွက်ပေါ်လာတဲ့ မီးစွမ်းအားချီကိုပါ ခံစားနေရသည်။ထိုအရာဟာ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်ဆီကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေဖြစ်သည်။

"လာစမ်းပါ... အဘိုးကြီး... မင်းရဲ့မီးထောင်သောင်း လောင်မြိုက်ခြင်းဆိုတာက ဘယ်လောက်စွမ်းလဲဆိုတာ ငါကြည့်ချင်သေးတယ်..."

ထိုသို့ပြောပြီးနောက် ကျန်းယီမင်ရဲ့နောက်ကနေ ဧရာမအနက်ရောင်လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး အပေါ်ကမီးတောက်တွေနဲ့ ပြင်းထန်စွာရိုက်ခတ်လိုက်ပါတော့သည်။ အမှန်အတိုင်းပြောရရင် မီးထောင်သောင်းလောင်မြိုက်ခြင်းက တကယ်ကို အစွမ်းထက်သာ်။ ကျင့်ကြံသူရဲ့အဆင့် မြင့်လာလေလေ၊ ဒီတိုက်ကွက်ရဲ့စွမ်းအားကလည်း ဆတိုးတက်လာလေလေဖြစ်သည်။

အရင်တုန်းက ကျန်းယီမင်ရင်ဆိုင်ခဲ့ရတဲ့ အကြီးအကဲက မွေးဖွားခြင်းကနဦးအဆင့်မှာပဲရှိခဲ့သည်။ အခုတော့ ဒီပြိုင်ဘက်ကလျှို့ဝှက်နယ်မြေကနေ ဖန်တီးထားတဲ့ ပုံရိပ်တစ်ခုပဲဖြစ်သည်။ သို့သော် ဒီပြိုင်ဘက်ရဲ့အင်အားကတော့ မွေးဖွားခြင်းအလယ်အလတ်အဆင့်ကို ရောက်နေသည်။ သူကကျန်းယီမင်ထက်တောင် အနည်းငယ်ပိုသန်မာနေသလိုဖြစ်နေသည်။

"ဒုန်း...."

ကောင်းကင်နဲ့မြေကြီးကြားက ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါနှစ်ခု ပြင်းထန်စွာထိပ်တိုက်တွေ့သွားတဲ့အခါ လူတိုင်းအံ့သြတကြီးအော်ဟစ်လိုက်ကြသည်။ တကယ်တော့ သူတို့ဟာ ဒီလောက်အထိအစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ချင်း ထိပ်တိုက်တွေ့တာကို တစ်ခါမှမမြင်ဖူးကြပေ။ ခုနက ဂိုဏ်းချုပ်နှစ်ယောက် တိုက်တုန်းတွင် အားလုံး မြင်ဖူးနေကျစွမ်းရည်တွေသာဖြစ်သည်။

သို့သော် အခုတော့ မီးဓာတ်သုံးကျင့်ကြံသူတစ်ယောက်ပါလာပြီဆိုတော့ အခြေအနေက မရိုးရှင်းတော့ပေ။ ပျက်သုဥ်းခြင်းချီနဲ့ ကြောက်မက်ဖွယ် မီးတောက်တွေဟာ လေထဲမှာဆုံစည်းသွားပြီး ပေါက်ကွဲထွက်သွားခဲ့သညွ။ ပေါက်ကွဲမှုရဲ့ ရိုက်ခတ်မှုလှိုင်းတွေက လေထဲမှာလှိုင်းတံပိုးကြီးတွေလို တစ်ခုနဲ့တစ်ခု ပြန်လည်ရိုက်ခတ်နေလိုက်သည်။

ဒါဟာ ကျင့်ကြံခြင်း အဆင့်မြင့်ပညာရှင် နှစ်ယောက်ရဲ့ ထိပ်တိုက်တွေ့မှုတစ်ခုဖြစ်သည်။ တပည့်တွေ အားလုံး အနည်းငယ်ကြောက်လန့်သွားကြသည်။ တကယ်လို့ သူတို့သာ ထိုစင်မြင့်ပေါ်မှာ ရှိနေမယ်ဆိုရင် အခုလောက်ဆို ပြာဖြစ်နေလောက်ပြီဖြစ်သည်။

"ဒီကောင်စုတ်လေး... မင်းက အစွမ်းတော့ရှိသားပဲ... မင်း ငါနဲ့ အဆုံးထိကစားချင်တယ်ဆိုမှတော့ ဒါကို မြည်းစမ်းကြည့်လိုက်ဦး..."

ကျန်းယီမင် နောက်ဆုံးတော့ နားလည်သွားသည်။ လျှို့ဝှက်နယ်မြေရဲ့ အရေးကြီးဆုံးအချက်က ပြိုင်ဘက်ဟာ သူ့ကိုခြောက်လှန့်ဖို့အတွက် စိတ်ပညာနည်းလမ်းတွေကို အဆက်မပြတ်သုံးနေသည်။ ခုနက နောက်ထပ်သူ့လိုမျိုးပဲ၊ အခုလည်း သူသတ်ခဲ့ပြီးသားဖြစ်တဲ့ ဟောက်ယွင်ဂိုဏ်းအကြီးအကဲကို ပြန်ခေါ်ထုတ်လာတာမျိုးဖြစ်သည်။

သူတို့ရဲ့ ခွန်အားတွေကို မြှင့်တင်ပေးထားရုံတင်မကဘဲ ကျန်းယီမင်ရဲ့စိတ်ထဲက ကြောက်ရွံ့မှုကိုလည်း သူတို့က ဆွပေးနိုင်ကြသည်။ ဒါဟာ လျှို့ဝှက်နယ်မြေရဲ့ တကယ့်စွမ်းအားဖြစ်သည်။ ဒါကြောင့်ပဲ လူတစ်ယောက်ချင်းစီအလိုက် လျှို့ဝှက်နယ်မြေထဲမှာ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေက ကွဲပြားနေမှာဖြစ်သည်။ သူတို့ ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် တူညီကြမှာမဟုတ်ပေ။

All Chapters