ဂိုဏ်း၏လျှို့ဝှက်နယ်မြေ...
Vol. 13 Ch. 151
ကျန်းယီမင်သည် သူ့နောက်ကွယ်မှ စူးစမ်းလိုသော အကြည့်များကို ခံစားနေရသည်။ လင်းယွင်ဂိုဏ်းသို့ ဝင်ရောက်လာပြီးကတည်းက နတ်ဘုရားတစ်ပါးကဲ့သို့ကျော်ကြားလှသော သူတို့ဆရာသခင် အမှန်တကယ် လက်စွမ်းပြတာကို သူတို့ မမြင်ဖူးကြသေးပေ။ ဂိုဏ်းလျှို့ဝှက်နယ်မြေတွင် မိမိကိုယ်တိုင်ကန့်သတ်ချက်များကို စိန်ခေါ်ခြင်းသည် တပည့်များကိုလှုံ့ဆော်ရန် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်သည်။
“လင်းဖေး... ဒီနေ့လေ့ကျင့်ရေးပွဲတွေ ဘယ်လိုလဲ...”
ကျန်းယီမင်က စင်မြင့်အောက်မှ ပြုံးလျက်မေးလိုက်သည်။
“ဆရာ... တပည့်တွေအားလုံးရဲ့ တိုးတက်မှုက စံတွေပါပဲ။ အရင်ကလေ့ကျင့်ပွဲတွေမှာ ပျမ်းမျှလောက်ပဲရှိတဲ့ တပည့်တွေတောင် အခုဆိုရင် ကိုယ့်ဘာသာကိုယ်ကျင့်ကြံနိုင်နေကြပြီ...”
ထိုအရာက ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုပင်ဖြစ်သည်။ သူက တာဝန်နှစ်ခုကို ဆက်တိုက်ပြီးမြောက်ခဲ့ပြီး အဓိကနှင့် အရန်တာဝန်နှစ်ခုလုံး၏ ဆုလာဘ်များက တပည့်များရဲ့ခွန်အားနှင့် ပါရမီကို တိုက်ရိုက် မြှင့်တင်ပေးခဲ့သည်။ ထို့အပြင် ပါရမီမြှင့်တင်ပေးသည့် ဆုလာဘ်များသည် ဘက်စုံတော်စေသည်။
ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရုံသာမက တိုက်ခိုက်ရေး၊ ဆေးဖော်စပ်ခြင်းနှင့် အခြားသော ပါရမီအားလုံးကိုပါ တစ်ပြိုင်နက် မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။ သူ့တွင်ရှိသော ကောင်းကင်ဘုရင်အဆင့်အခွင့်ထူးနှင့်ဆိုလျှင် လင်းယွင်ဂိုဏ်းမှတပည့်များ လျှပ်စီးကဲ့သို့ မြန်ဆန်စွာတိုးတက်မလာလျှင်မှသာ ထူးဆန်းနေပေလိမ့်မည်။
“ကောင်းပြီ... ဒါဆိုရင် ငါလေ့ကျင့်ဖို့ လျှို့ဝှက်နယ်မြေထဲ ဝင်တော့မယ်...။ တပည့်တချို့ကိုလည်း လိုက်ကြည့်ဖို့ ခေါ်ခဲ့လိုက်...”
မွေးဖွားခြင်းအဆင့်တစ်ယောက်၏ တိုက်ခိုက်တာကို ကြည့်ရှုခွင့်ရခြင်းသည် မည်သူမဆိုအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။
“ဟာ... ကောင်းတာပေါ့... ဆရာ...။ တပည့်သစ်တော်တော်များများက ဆရာ့ရဲ့ခွန်အားကို မြင်ချင်နေကြတာကြာပြီ...။ သွားကြစို့ ...”
ကျန်းယီမင်က လူတိုင်းကိုလျှို့ဝှက်နယ်မြေရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ အတွေးတစ်ချက်ဖြင့် နယ်မြေကို ဖွင့်လိုက်သည်။ ထို့နောက် ခြေဖျားလေးဖြင့် အသာအယာခုန်လိုက်ကာ လေထဲသို့ပျံတက်ပြီး လျှို့ဝှက်နယ်မြေအတွင်းတွင် ရပ်လိုက်သည်။ စင်မြင့်အတွင်းရှိ ကျောက်တိုင်သည် ထုံးစံအတိုင်းမြင့်တက်လာသည်။ ကျန်းယီမင်က အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ကျောက်တိုင်ပေါ်တွင် ပြင်ဆင်ထားသော လက်ဝါးရာပေါ်သို့ ဖိချလိုက်သည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။ တကယ်တော့ ဒီနေရာသို့ တပည့်အချို့ ရောက်ဖူးကြပြီးဖြစ်ကာ လျှို့ဝှက်နယ်မြေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ကောင်းကောင်းသိကြသည်။ နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် တစ်ဖက်မဟုတ်တစ်ဖက်က မသေမချင်း အနားယူလို့မရပေ။ အမှန်တကယ် သေဆုံးသွားခြင်းမဟုတ်သော်လည်း ထိုနာကျင်မှုရဲ့ခံစားချက်မှာ သာမန်လူများ မခံစားရဲသည့်အရာမျိုးဖြစ်သည်။
လျှို့ဝှက်နယ်မြေအတွင်း အဆင့်တစ်ခုစီ၌ ရင်ဆိုင်ရမည့်ရန်သူများမှာ မတူညီကြပေ။ ရန်သူထပ်နေသည်များ ရှိနိုင်သော်လည်း ရန်သူအင်အားမှာ တူညီမည်မဟုတ်ပေ။ ဥပမာအားဖြင့် ကျန်းယီမင်ရဲ့ တပည့်နှစ်ယောက် ရင်ဆိုင်ခဲ့ရသော ကျောက်ရုပ်ထုကြီးမှာ ကျန်းယီမင်မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။ သို့သော် ထိုမျိုးနွယ်စုဘုရင်ကို ရင်ဆိုင်ရလျှင်တော့ ကျန်းယီမင်အတွက်လည်း လွယ်ကူမည်မဟုတ်ပေ။
ကျန်းယီမင်သည် ပထမအဆင့်အနည်းငယ်မှ မိစ္ဆာများကို တရ်ချက်ထဲအနိုင်ယူလိုက်သည်။ ထိုကဲ့သို့ အားနည်းသောရန်သူများက သူ့ကိုဘာမှမလုပ်နိုင်ပေ။ အောက်တွင်ကြည့်နေသော တပည့်အချို့မှာ အံ့သြချီးကျူးနေကြသည်။ အကြောင်းမှာ သူတို့အမြင်တွင် ဤရန်သူများကို လက်ဝှေ့ယမ်းရုံဖြင့် သတ်ဖြတ်နိုင်သူမှာ အလွန်စွမ်းအားကြီးသူလို့ ယူဆထားကြသောကြောင့်ဖြစ်သည်။ သို့သော် ကျန်းယီမင်ရဲ့ ပင်မတပည့်ကြီးများအတွက်မူ ဒါက သူတို့ဆရာအတွက် သွေးပူလေ့ကျင့်ခန်းတောင် မဟုတ်သေးမှန်း သိခားကြသည်။
ဆရာ့ခွန်အင်အားအရ ပထမအဆင့် ၂၀ အတွင်းရှိ ရန်သူများအားလုံးကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်မည်ဖြစ်သည်။ အဆင့်ချင်းကွာခြားမှုက အလွန်ကြီးမားလွန်းသည်။ ကျန်းယီမင် စစ်ဆေးကြည့်လိုက်ရာ လျှို့ဝှက်နယ်မြေတွင် အမြင့်ဆုံးစံချိန်တင်ထားသူမှာ ၁၄ ဆင့်အထိ ရောက်ခဲ့သော သူ့တပည့် ဂူလင်းဖေးသာဖြစ်သည်။ ဂူလင်းဖေးခန့်မှန်းချက်မှာ မှန်ကန်နေသည်။ အဆင့် ၂၀ အထိ ကျန်းယီမင်သည် ရန်သူများကို ဟင်းသီးဟင်းရွက်ခုတ်ထစ်နေသကဲ့သို့ အလွယ်တကူသတ်ဖြတ်နေသည်။
ခန္ဓာကိုယ်ကိုတောင် လှုပ်ရှားစရာမလိုဘဲ ရပ်နေရင်း ရန်သူ့ပုံရိပ်ပေါ်မလာခင်မှာပင် စိတ်ဝိညာဉ်စွမ်းအားကိုပစ်လွှတ်ကာ ပြာဖြစ်အောင်လုပ်ပစ်လိုက်သည်။ အဆင့် ၂၁ သို့ ရောက်သောအခါ ကျန်းယီမင်ရဲ့ မျက်လုံးများ ပွင့်လာသည်။ သူက စိတ်ဝိညာဉ်စွမ်းအားပြန်လည်စုဆောင်းရန် မျက်လုံးမှိတ်ထားခဲ့ခြင်းဖြစ်သော်လည်း အဆင့် ၂၁ သို့ ရောက်သည်နှင့် လေထုထဲရှိ အရှိန်အဝါများ ပြောင်းလဲသွားတာကို သူ ခံစားလိုက်ရသည်။
“ကြည့်လိုက်... ဆရာ... အလေးအနက်ထားလိုက်ပြီ...”
ကောင်းကင်နှင့် မြေကြီးကြားရှိ အရှိန်အဝါမှာ မသိမသာထူးခြားလာသည်ကို အားလုံးခံစားမိလိုက်ကြသဖြင့် စိတ်လှုပ်ရှားလာကြသည်။ အဆင့် ၂၁ သို့ ဝင်ရောက်ပြီးနောက် လျှို့ဝှက်နယ်မြေတစ်ခုလုံးရဲ့ ခက်ခဲမှုက အဆင့်တစ်ခုလုံးမြင့်တက်သွားခြင်း ဖြစ်သည်။ ရန်သူကို မမြင်ရသေးမီမှာပင် ကျန်းယီမင်က လှုပ်ရှားလိုက်သည်။ ထိုအခါမှသာ ရန်သူက အမှောင်ထဲမှ တိုက်ခိုက်လိုက်မှန်း အားလုံးသိလိုက်ကြသည်။
ကျန်းယီမင်က ထက်မြက်လှသော အရှိန်အဝါကို ခံစားမိနေသည်။ ခန္ဓာကိုယ်ကို အသာအယာလှည့်လိုက်ရုံဖြင့် သူ့မျက်နှာဆီသို့ တိုက်ရိုက်ထိုးဝင်လာသောဓားကို ရှောင်တိမ်းလိုက်သည်။ ထိုအရာက အမြန်နှုန်းကို အခြေခံပြီးတိုက်ခိုက်သည့် ဓားသမားတစ်ဦး ဖြစ်သည်။ ဓားချီများ မြင့်တက်လာသည်နှင့် ကျန်းယီမင်က ချက်ချင်းတုံ့ပြန်လိုက်ပြီး ဓားကိုရိုက်ချလိုက်သည်။
သို့သော် သူမျှော်လင့်ထားသလို မဟုတ်ဘဲ တစ်ဖက်ရန်သူက ဘာခုခံမှုမှမလုပ်ဘဲ ဓားကိုလက်ထဲက လွတ်ကျခွင့် ပေးလိုက်သည်။
‘ဒါက ထောင်ချောက်များလား...’
သို့သော် ရပ်တန့်ရန်နောက်ကျသွားပြီဖြစ်လို့ ကျန်းယီမင်က သူ့စိတ်ဝိညာဉ်ကို ခွဲထုတ်လိုက်သည်။ တစ်ဖက်လူက အလွန်မြန်ဆန်သော်လည်း ကျန်းယီမင်က စိတ်ဝိညာဉ်အမြောက်အမြားဖြင့် ရင်ဆိုင်နေသည့်အတွက် ဘယ်လောက်မြန်မြန် သူ့ဝိညာဉ်အားလုံးကို တစ်ပြိုင်နက်မဖျက်ဆီးနိုင်ပေ။
“ဆရာ အလေးအနက်ထားနေပြီ...။ သူ့စိတ်ဝိညာဉ်ကိုတောင် တိုက်ရိုက်ခွဲထုတ်လိုက်တယ်ဆိုတော့ ဒီရန်သူက တကယ်ကိုရင်ဆိုင်ရခက်ပုံပဲ...”
“ဟမ့်... ဒီလောက်ပဲလား...”
ကျန်းယီမင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ စိတ်ဝိညာဉ်တချို့က စင်မြင့်ထောင့်များကို နေရာယူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့် အပြန်အလှန် ဆက်သွယ်လိုက်ကြသည်။ သူက တစ်ဖက်လူကို ပိတ်လှောင်ရန် စိတ်ဝိညာဉ်စွမ်းအားများဖြင့် အကျဥ်းထောင်တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ မွေးဖွားခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အမြန်နှုန်းကို အဓိကမကျင့်ကြံထားသော်လည်း လုံလောက်နေပြီဖြစ်သည်။
“ဖျက်စီးခြင်းလက်ချောင်း...”
လျှို့ဝှက်နယ်မြေအတွင်း၌လည်း အဘိုးလင်းရဲ့နယ်မြေထဲတွင်ကဲ့သို့ပင် ပျက်သုဥ်းခြင်းချီစွမ်းအားကို စုပ်ယူလို့မရပေ။ သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ အတိုင်းအဆမရှိသော စိတ်ဝိညာဉ်စွမ်းအားများက ထိုပြဿနာကို ဖြေရှင်းပေးနိုင်သည်။ သူ့စိတ်ဝိညာဉ်များက ဖျက်စီးခြင်းလက်ချောင်းကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ကြသည်။
စင်အောက်ရှိ ကျန်းယီမင်တိုက်ကွက်ကို မမြင်ဖူးကြသော တပည့်များအားလုံး မှင်တက်သွားကြသည်။ ဒါက သူတို့တစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းမျိုး ဖြစ်သည်။ စင်အထက်တွင် ကျန်းယီမင်မှာ ရှေးဟောင်း မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်နေသည်။ သူရဲ့မရေမတွက်နိုင်သော ဖျက်စီးခြင်းလက်ချောင်းများက သူတို့မမြင်နိုင်သော ရန်သူနောက်သို့ လိုက်လံတိုက်ခိုက်နေကြသည်။
“ဒါက အဆင့် ၂၀ ကျော်ရဲ့ ခက်ခဲမှုလား...။ ဘာလို့ ခက်ခဲမှုက ဒီလောက်ကြီးခုန်တက်သွားရတာလဲ... အသည်းယားစရာကြီးပဲ...”
ဂူလင်းဖေး၊ ဟွမ်းချောင်ယုနှင့် မြေအောက်ကမ္ဘာတွင် ဆရာဖြစ်သူအစွမ်းကို မြင်ဖူးခဲ့သော တုန်းမီပင်လျှင် အံ့အားသင့်နေကြသည်။ အားလုံးက မှင်တက်နေကြသည်။ သူက အလွန်အစွမ်းထက်လွန်းသည်။ ထို့အပြင် သူတို့ဆရာသည် ထိုကဲ့သို့သော စွမ်းရည်ကို အလွန်လွယ်ကူစွာအသုံးပြုနိုင်နေခြင်း ဖြစ်သည်။