ကျန်းယီမင် လက်ရည်ပြပြီ...
Vol. 13 Ch. 152
သို့သော် လူတိုင်းအမြင်တွင် သူတို့ဆရာသည် အေးအေးဆေးဆေးရှိနေသည်ဟု ထင်ရသော်လည်း ဒါက အပေါ်ယံအသွင်အပြင်သာ ဖြစ်သည်။ လက်ရှိအချိန်တွင် ကျန်းယီမင်သည် အနည်းငယ်မျှပင် ပေါ့ဆလို့မရပေ။ အကြောင်းမှာ တစ်ဖက်လူ၏မြန်နှုန်းက အလွန်မြန်လွန်းနေသောကြောင့်ဖြစ်သည်။ ထို့အပြင် ယခုအချိန်အထိ သူသည်ရန်သူကို အကောင်အထည်ပင် မမြင်ရသေးပေ။ လျှို့ဝှက်နယ်မြေအတွင်းရှိ ရန်သူများအားလုံးသည် အစစ်အမှန်လူသားများကို အခြေခံထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီကမ္ဘာပေါ်တွင် ဤကဲ့သို့မြန်နှုန်းမျိုးကို ရောက်ရှိနိုင်သည့်ကျင့်ကြံသူ အမှန်တကယ်ရှိနေသည်မှာ အမှန်ပင်။
“ငါ့ရဲ့ ပျက်သုဥ်းခြင်းလက်ဝါးဒဏ်ကို ခံရပြီးရင် မင်း ဘယ်လောက်အထိ ထပ်ခုန်ပေါက်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့...။ ငါ့ရဲ့လက်ဝါးအောက်မှာ မင်း ပုန်းစရာနေရာမရှိစေရဘူး...”
ကျန်းယီမင်က အေးစက်စွာ ပြုံးလိုက်သည်။ ပျက်သုဥ်းခြင်းချီဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ချောင်းကြီးများက လေဟာနယ်ကို အဆက်မပြတ်ပိတ်ဆို့ထားလိုက်သည်။
“ဆရာက ပုံမှန်ထက်နည်းနည်းလေးပဲ အလေးအနက်ထားသေးတာ...။ တကယ်လို့ ဆရာသာအစွမ်းကုန် ထုတ်သုံးလိုက်ရင် ငါတို့တွေ ဒီမှာရပ်နေဖို့တောင် မလွယ်ဘူး ထင်တယ်...” ဟု ဂူလင်းဖေးက ဖြည်းညင်းစွာ ပြောလိုက်သည်။
အောက်တွင် ရပ်နေသောသူတို့ပင်လျှင် ဆရာဖြစ်သူဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားနေရသည်။ ကျန်းယီမင်က လက်ဖြင့် စည်းတံဆိပ်တစ်ခုကို ထပ်မံပြုလုပ်လိုက်သည်။ ထိုအခါ သူ့ရဲ့မူလစိတ်ဝိညာဥ် သုံးခုစလုံးမှာဝေဝါးသွားပြီး သူ့လှုပ်ရှားမှုတိုင်းသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားမျိုး ရှိနေသယောင် ဖြစ်လာသည်။
အမှန်တကယ်တမ်းတွင် ကျန်းယီမင်ကိုယ်တိုင်လည်း အနည်းငယ်အံ့အားသင့်နေမိသည်။ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးပြီးချင်း ဂိုဏ်းအခြေအနေကို အကြမ်းဖျင်းကြည့်ကာ ဤလျှို့ဝှက်နယ်မြေသို့ တိုက်ရိုက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့စွမ်းအားအစစ်အမှန်ကို သူကိုယ်တိုင် သေချာမသိသေးပေ။ သို့သော် လုံးဝတည်ငြိမ်သွားပြီဖြစ်သောသူ့အခြေခံက သူ့ကိုအဆင့်တက်နိုင်မည့် အခွင့်အရေး ပေးခဲ့ခြင်းဖြစ်သည်။ မွေးဖွားခြင်းအလယ်အလတ်အဆင့် စွမ်းအားမှာ သူယခင်က စိတ်ကူးထားသည်ထက်ပင် အများကြီးပိုအားကောင်းနေသည်။
ချက်ချင်းဆိုသလိုပင် ကျန်းယီမင်မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခုဖြတ်ပြေးသွားသည်။ သူက ရုတ်တရက်အံ့သြသွားသည်။
‘ဒါ မဖြစ်နိုင်ဘူး... သူက တစ်ဖက်ရန်သူကိုတားဆီးဖို့ လေဟာနယ်တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့တာလေ... ဒါဆို ဘယ်လိုလုပ်ပြီး ရန်သူကထွက်လာနိုင်သေးတာလဲ....’
ထိုအခါမှသာ သူထုတ်လွှတ်ထားသော ပျက်သုဥ်းခြင်းချီ လက်ချောင်းတချို့မှာ အဆက်မပြတ် ဖျက်စီးခံနေရတာကို သူသတိထားမိလိုက်သည်။ လေထဲတွင် ဓားသွားလှုပ်ရှားသွားသည့် အမြန်နှုန်းမှာ မြန်လွန်းသဖြင့် သူကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်းမြင်ရန် ခက်ခဲနေသည်။ သူ့တပည့်များအတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သို့သော် တပည့်များကလည်း ငွေရောင်အလင်းတန်းတစ်ခု လေထဲတွင်ဝေ့ယမ်းသွားပြီးနောက် သူတို့ဆရာဖန်တီးထားသော လက်ချောင်းကြီးများက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်ကို သတိပြုမိလိုက်ကြသည်။
ထိုအချိန်တွင် ဓားသမားသည် ကျန်းယီမင်ရှေ့သို့ ရောက်လာသည်။ ကျန်းယီမင်က သူ့မူလစိတ်ဝိညာဉ်များကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။ ထို့နောက် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို တံတိုင်းကြီးအဖြစ်ပြောင်းလဲကာ တစ်ဖက်လူကို တိုက်ခိုက်လိုက်သည်။
“ဟွတ်... ဟွတ်...”
ကျန်းယီမင် ပစ်လွှတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအားများ ဖြည်းညင်းစွာပျောက်ကွယ်သွားသောအခါမှသာ အစီအရင်အတွင်းရှိ လူသတ်သမားရဲ့ ပုံပန်းသဏ္ဍာန်ကို တပည့်များက ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ထိုလူမှာ အနက်ရောင်ဝတ်စုံကို တင်းကျပ်စွာဝတ်ဆင်ထားပြီး မျက်လုံးကိုသာ ဖော်ထားသည်။
ကျန်းယီမင်က မူလစိတ်ဝိညာဉ်တချို့ကို ခွဲထုတ်ကာ ဖျက်စီးခြင်းလက်ချောင်းကို တစ်ပြိုင်နက်သုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ချောင်းတစ်ခုချင်းစီတွင် ပါဝင်သောစွမ်းအားမှာ အနည်းငယ်လျော့နည်းသွားပြီး လူသတ်သမားအတွက် အခွင့်အရေးရသွားစေခဲ့သည်။
ယခုလေးတင် သူကစိတ်ဝိညာဉ်စွမ်းအား တံတိုင်းဖြင့် တစ်ဖက်လူကို တိုက်ရိုက်လွင့်ထွက်သွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။ ထိုအခါမှ ကျန်းယီမင် နားလည်သွားသည်။ သူသည် ရှုပ်ထွေးလှသော နည်းစနစ်များကို သုံးစရာမလိုပေ။ စိတ်ဝိညာဉ်စွမ်းအားကို နယ်ပယ်အကျယ်ကြီးအဖြစ် အသုံးပြုပြီး တစ်ဖက်လူကို ရှာဖွေလိုက်ရုံသာလိုအပ်သည်။ သူ့လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအားလှိုင်းတချို့မှာ အစီအရင်အတွင်းရှိ လူသတ်သမားဆီသို့ ပျံသန်းသွားသည်။
လူသတ်သမားက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ထဲရှိ ရှည်လျားသောဓားကိုပစ်ချကာ လက်အင်္ကျီထဲမှ ဓားမြှောင်တိုနှစ်လက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ပုံရိပ်မှာ လူတိုင်းရဲ့မျက်စိရှေ့မှ ပျောက်ကွယ်သွားပြန်သည်။
“ဓားရှည်က အားကောင်းပေမယ့် ဓားတိုကပိုအန္တရာယ်များတယ်...။ လူသတ်သမားက ဓားရှည်ကို စွန့်လွှတ်ပြီး ဓားတိုကိုသုံးလိုက်ပြီဆိုတော့ ဆရာတော့ နည်းနည်းအခက်တွေ့နိုင်တယ်...” ဟု ဂူလင်းဖေးက စိုးရိမ်တကြီးပြောလိုက်သည်။
သို့သော် ဆရာဖြစ်သူရဲ့စွမ်းဆောင်ရည်ကို တွေးမိသောအခါ ဤကဲ့သို့သောရန်သူကို နှိမ်နင်းရန်မခက်ခဲနိုင်မှန်း သူသိလိုက်သည်။ ကျန်းယီမင်သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းမည့်နည်းစနစ်မျိုးကို မသုံးတော့ပေ။ ထိုအစား မိမိကိုယ်ကိုဗဟိုပြု၍ စိတ်ဝိညာဉ်စွမ်းအားကို ပတ်ပတ်လည်သို့ ဝှေ့ယမ်းလိုက်သည်။ ရန်သူ့ပုံရိပ်မှာ လေထဲတွင်ပုန်းကွယ်နေသော်လည်း ဤတိုက်ခိုက်မှုကြောင့် တိုက်ရိုက်ပင် အောက်သို့ ကျဆင်းလာသည်။
“ဟူး... မျှော်လင့်ထားတဲ့အတိုင်း ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေက စမ်းသပ်ချက်တွေက မလွယ်ဘူးပဲ...။ အဆင့် ၂၀ ကျော်ပြီးရင် ရန်သူတွေရဲ့ခက်ခဲမှုက ဒီလောက်အထိ ခုန်တက်သွားလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး...”
အခုချိန်မှာတော့ ရန်သူက ခုခံနိုင်စွမ် မရှိတော့ပေ။ ခုနကလှုပ်ရှားမှုမှာ သူ့နောက်ဆုံး ကြိုးစားအားထုတ်မှုသာ ဖြစ်သည်။ ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် တစ်ဖက်ရန်သူ့ကျင့်စဉ်မှာ ချီးကျူးစရာကောင်းသည်။ ၎င်းမှာ သန့်စင်သောအမြန်နှုန်းကို အသုံးပြု၍ တစ်ချက်တည်းနှင့် လည်ပင်းကိုပစ်မှတ်ထား သတ်ဖြတ်သည့် နည်းလမ်းဖြစ်သည်။
သို့သော် တကယ်တမ်းတွင် တစ်ဖက်ရန်သူရဲ့ ခွန်အား၊ စိတ်ဝိညာဉ်စွမ်းအား ကျင့်ကြံမှုနှင့် တိုက်ပွဲဝင်နည်းစနစ်များမှာ သာမန်မျှသာဖြစ်သည်။ တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့လျှင် တစ်ဖက်ရန်သူက ရှုံးနိမ့်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းယီမင်က ရန်သူ့နည်းဗျူဟာကို ခန့်မှန်းမိသွားပြီးနောက် ရန်သူအတွက်လွတ်လမ်းမရှိတော့ပေ။
ထိုအရာက ရိုးရှင်းသော အခြေခံသဘောတရားဖြစ်သော်လည်း သူကိုယ်တိုင်ပင် အမှားအယွင်း ဖြစ်လုနီးပါးဖြစ်ခဲ့ရသည်။ ထို့ကြောင့် ကျန်းယီမင်သည် မဆိုင်းမတွဘဲ နောက်တစ်ဆင့်သို့ တက်ရန် တိုက်ရိုက်ရွေးချယ်လိုက်သည်။ လျှို့ဝှက်နယ်မြေတွင် သူသည် မိမိကန့်သတ်ချက်ကို အမြဲစိန်ခေါ်နေရမည်ဖြစ်သည်။ သူ့ကို သတ်ချင်နေသောရန်သူများသည် သူ့ကိုဘယ်တော့မှ သနားမည်မဟုတ်ပေ။
တပည့်များအားလုံးက မျက်လုံးပြူးသွားကြသည်။ သူတို့မှာ အများဆုံး အဆင့် ၁၀အထိသာ ရောက်ဖူးကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ လျှို့ဝှက်နယ်မြေထဲမှ ရန်သူများကို မြင်တွေ့ရရုံနှင့်ပင် သူတို့အတွက် အကြီးအကျယ် တိုးတက်မှုဖြစ်စေသည်။ ကျောက်တိုင်မှာ ဖြည်းဖြည်းချင်း ပြန်လည်နိမ့်ဆင်းသွားပြီး စက်ဝိုင်းပုံစင်မြင့်အလယ်တွင် အနက်ရောင်မြူခိုးများ စုစည်းလာသည်။
ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။ ယခင်အဆင့်များတွင်လည်း ဒီအနက်ရောင်မြူခိုးများကို သူမြင်ဖူးသော်လည်း ယခုအနက်ရောင်မြူခိုးထဲတွင် ပါဝင်သောစွမ်းအားမှာ အရင်အရာများနှင့် လုံးဝ နှိုင်းယှဉ်လို့မရပေ။
“ဟူး...”
ထို့နောက် အနက်ရောင်မြူခိုးအုပ်စုကြီးသည် သူ့ရှေ့တွင် ပေါ်လာရုံသာမက သူ့ပတ်ပတ်လည်တွင်ပါ ပျံ့နှံ့သွားသည်။
‘နေဦး... ဒီတစ်ခါမြူခိုးတွေက မြူခိုးသက်သက် မဟုတ်တော့ဘူး... ဒါက မိုးတိမ်တွေပဲ...’
မိုးတိမ်အမည်းရောင်များမှာ အဆက်မပြတ်ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် လူသားပုံသဏ္ဍာန်ဖြစ်လာသည်။
“ဪ... ဒါကိုး...”
ကျန်းယီမင်က ပြုံးလိုက်ပြီး ခြေဖျားလေးဖြင့် အသာအယာခုန်ကာ လေထဲသို့ပျံတက်လိုက်သည်။ သူက သူ့ရှေ့ရှိလူသားပုံသဏ္ဍာန် အနက်ရောင် တိမ်တိုက်ကို ကြည့်လိုက်သည်။
“ဟင်း... ဒါကို ညီမစာအုပ်ထဲမှာ ဖတ်ဖူးသလိုပဲ...” ဟု အောက်တွင်ရှိနေသော ဟွမ်းချောင်ယုက အံ့အားသင့်စွာပြောလိုက်သည်။
“ဟုတ်လား... အစ်မ တကယ်ပဲတစ်နေရာရာမှာ မြင်ဖူးတာဆိုရင် ကျွန်တော်တို့ကိုပြောပြပါဦးလား...”
“အင်း... ဒီအကောင့်ရဲ့နာမည်က... မိုးကြိုးဝိညာဉ်လို့ ထင်တာပဲ...”
“အစ်မ မှန်တယ်...။ အားလုံး ရယ်ချင်ရင်လည်း ရယ်လိုက်ပါ...၊ ဒါပေမဲ့ ကျွန်တော့်မိသားစုမှာတော့ ဒီလို မိုးကြိုးဝိညာဉ်တစ်ချို့ကို မွေးထားတယ်...”
“ညီလေးတုန်းမီ... မင်းပြောတာ တကယ်ကိုအံ့သြဖို့ကောင်းတာပဲ...။ မင်းတို့မိသားစုက ဒီလိုကြောက်စရာကောင်းတဲ့ သားရဲတွေကို ဘယ်လိုများ မွေးထားနိုင်တာလဲ...”
ဂူလင်းဖေးက နားမလည်နိုင်စွာ မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် တုန်းမိသားစုမှာ လျှို့ဝှက်ဆန်းကြယ်သောမိသားစုကြီး တစ်ခုဖြစ်ပြီး သူတို့ဘာတွေလုပ်နိုင်သည်ကို သူစိတ်ကူးပင်မယဉ်နိုင်ပေ။