အခန်း (၄၂၄-၄၂၆)
Vol. 29 Ch. 424-426
အခန်း(၄၂၄) လျှို့ဝှက်ချက်ကို ထုတ်ဖော်ခြင်း
စီးဝူယာ့က ဒူးထောက်လျက် ဖြစ်သွားသည့်အခါ အားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့က အလိုရှိလျှင် ဝင်ပါနိုင်မှန်း သိကြလေသည်။ သူတို့က ဘေးလူများကဲ့သို့သာ ကြည့်နေကြသည်။
တွမ့်မူရှန်းက သူ့ဆီ ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ “ရှစ်စွင်း ကျွန်တော်က သူ့ကို လွှတ်ပေးခဲ့တာပါ။ သူက ယုံနဉ်မင်းသမီးအပေါ် အကြွေးတင်နေတော့ ကျွန်တော်လည်း များများမတွေးမိလိုက်ဘူး။ သူ့ကို နှုတ်ဆက်စကားပြောဖို့ အခွင့်အရေးပေးချင်ခဲ့ရုံပါ”
လုကျိုးက မုတ်ဆိတ်သပ်ကာ အားလုံးကို ကြည့်လိုက်သည်။ သူက စီးဝူယာ့သည် မည်မျှပင်ပန်းနွမ်းလျနေကြောင်း မြင်လိုက်ရသည့်အခါ စိတ်ထဲ အံ့အားသင့်သွားမိသည်။ သူက သင်္ချာမေးခွန်းများသည် စီးဝူယာ့အား ထိုမျှအထိ နှိပ်စက်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။ ထိုအရာပေါ် မူတည်၍ စီးဝူယာ့က မည်မျှ ဇွဲကြီးကြောင်း သိနိုင်သည်။ ထိုစဉ် လုကျိုးက မျှော်နန်းဆောင်အိုကြီးမှ အကြီးအကဲသုံးဦးကို ကြည့်ကာ မေးလိုက်သည် “သူမ အခြေအနေရော ဘယ်လိုလဲ”
ဟွားဝူတောက်၊ ဖန်လီထန်းနှင့် လန်လော့တို့က လုကျိုးအား သူတို့သုံးသပ်မှုကို တင်ပြလိုက်ကြသည်။
လက်ရှိအခြေအနေကို နားလည်ပြီးနောက် လုကျိုးက အဖြစ်အပျက်ကို သေချာသိသွားသည်။ လက်ရှိ သူ့တွင် အရေးပေါ် ကုသရေးကတ် နှစ်ကတ်နှင့် အဆင့်မြင့် ကုသရေးကတ် နှစ်ကတ် ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ့အနေနှင့် သူမကို ကယ်လိုလျှင်ပင် ပြဿနာမဟုတ်ပေ။ သို့သော်လည်း သူက သူမကို လွယ်လွယ်လေး ကယ်မည် မဟုတ်ပေ။ သူက မေးလိုက်၏ “မင်းက ငါ့ကို တောင်းဆိုနေတာလား”
စီးဝူယာ့က ပြောလိုက်သည်။
“ရှစ်စွင်း သူမကိုကယ်ပေးဖို့ တောင်းဆိုပါတယ်။ တကယ်လို့ အခွင့်အရေး နည်းနည်းပဲ ရှိတယ်ဆိုရင်တောင် ကျေးဇူးပြုပြီး သူမကို ကယ်ပေးပါ”
“ ငါ သူမကို ဘာလို့ကယ်သင့်တာလဲဆိုတဲ့ အကြောင်းအရင်းတစ်ချက်ပေးကြည့်” လုကျိုးက ပြောလိုက်သည်။
“ … ”
လုကျိုး၏ စကားများက စီးဝူယာ့နှင့် တခြားလူများအား ကြောင်အမ်းသွားစေသည်။
ငါ မင်းဆရာဆိုတာ သတ်မှတ်ပြီး မင်းကို လျန့်စီရင်စု အရှုပ်အထွေးတွေကြားမှာ ကူညီခဲ့ပေမဲ့ မင်းက သစ္စာဖောက်ပဲ … မင်းက ငါ့ကို ဒီလိုလာဆက်ဆံရဲတယ်ပေါ့
တကယ်လို့ ငါ့ဘာသာ ဂုဏ်သတင်း ထိန်းမထားရင် လူအများရှေ့ ငါ့ဘာသာ အရှက်ရလိမ့်မယ် …
စီးဝူယာ့က မတုံးအပေ။ သူက ရှစ်စွင်း၏ စကားများကို နားလည်လေသည်။ သူက ရှစ်စွင်းသည် ဆရာဖြစ်နေ၍ ယုံနဉ်အား ကယ်တင်ပေးသင့်ကြောင်း မည်သို့ပြောထွက်မည်နည်း။
သူ့ကိုယ်သူ မျက်နှာဖြတ်ရိုက်သလို ဖြစ်မနေဘူးလား …
ကြည့်ရတာ ရှစ်စွင်းက သူမကို ကယ်တင်ပေးဖို့ အကြောင်းအရင်း မရှိသလို သူမကို ကယ်ပေးဖို့လည်း တာဝန်မရှိဘူး …
သူက တွေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ ရှစ်စွင်းရဲ့ တောင်းဆိုချက်က ဘာများလဲ”
လုကျိုးက စီးဝူယာ့၏ မေးခွန်းကို တန်းမဖြေပေ။ ထိုအစား သူက အခန်းထဲ လျှောက်သွားလိုက်၏။
အခြားလူများက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
“အဲဒါအတွက် စောပါသေးတယ်။ အကြီးအကဲသုံးယောက်လုံးက သူမကို မကယ်နိုင်တော့ဘူးလို့ ပြောထားတော့ ငါ့ကို တောင်းဆိုရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး” သူ့စကားအဆုံးတွင် တံခါးဖွင့်ကာ အခန်းထဲ ဝင်သွားသည်။
စီးဝူယာ့က ချက်ချင်း ခြေကြွကာ လုကျိုးနောက်မှ လိုက်သွားလိုက်သည်။
အခြားလူများက အပြင်ဘက်မှ စောင့်နေကြသည်။
အခန်းထဲ ဝင်လာပြီးနောက် လုကျိုးနှင့် စီးဝူယာ့က ခုတင်ပေါ် မျက်လုံးမှိတ်လျက်သား လဲလျောင်းနေသည့် ယုံနဉ်မင်းသမီးကို မြင်လိုက်ရသည်။ သူမ ကြည့်ရသည်မှာ အားနည်းဖျော့တော့နေပြီး နှုတ်ခမ်းများပင် ခြောက်သွေ့မှုကြောင့် အက်ကွဲနေသည်။
စီးဝူယာ့က ထိုအရာကို မြင်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့အတွေးများက စကားဖြင့် ထုတ်ဖော်ပြောဖို့ ရှုပ်ထွေးလွန်းလှသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းအသာယမ်းလိုက်သည်။
“ဒီမိန်းကလေးက မင်းကို ဘာများသဘောကျပါ့လိမ့်။ သူမက ဒီလောက်အထိတောင် လုပ်ပေးရတယ်ဆိုတော့ ”
“ … ” စီးဝူယာ့က ယုံနဉ်ကို ကြည့်လိုက်ရင်း အသက်ရှုရခက်လာသလို ခံစားလိုက်ရသည်။ သူ့ရင်ဘတ်ပေါ် ဝန်ထုပ်ကြီးတစ်ခု ပစ်တင်ထားသလို ဖြစ်၏။ သူက အတိတ်မှ မြင်ကွင်းများကို ပြန်လည်စဉ်းစားလာမိသည်။ သူတို့က လရောင်နှင့် နှင်းများကို အတူတူကြည့်ခဲ့ကြပြီး တစ်ယောက်၏ ကဗျာကို တစ်ယောက်က အဆုံးသတ်ခဲ့ပြီး အတိတ်နှင့် လက်ရှိအကြောင်း ဆွေးနွေးခဲ့ကြသည်။ သူ အရွယ်ရောက်လာလာသည့်အခါ အတွေ့အကြုံ လိုအပ်မှုကြောင့် အမျိုးသမီးများနှင့် ပတ်သက်လာသည့်အခါ ဗလာအခြေအနေသာ ဖြစ်နေသည်။ သို့သော်လည်း သူ သဘောပေါက်သွားသည့်အခါ နောက်ကျလွန်းသွားခဲ့လေပြီ။
ကိစ္စများက ထင်ထားသလို ဖြစ်မလာတတ်ပေ။
နန်းတော်ထဲတွင် တစ်ယောက်၏ အလိုအတိုင်း လိုက်နေခဲ၏။ စီးဝူယာ့က ယုံနဉ်အပေါ် ချစ်ကျွမ်းဝင်သည်ဟု မထင်ထားမိပေ။ သို့သော်လည်း ယုံနဉ်က သူ့အတွက် သူမအသက်အပါအဝင် အရာအားလုံးကို လျစ်လျူရှုသည်ကို မြင်လိုက်ရသည့်အခါ မသိသလို ဟန်မဆောင်နိုင်တော့ပေ။ သူ့ရှစ်စွင်း ပြောသည်က အမှန်ဖြစ်၏။
သူမအသက်ကို ပေးဆပ်ရအောင်အထိ သူက ဘာများထိုက်တန်နေလို့လဲ ….
လုကျိုးက ခုတင်ဆီ လျှောက်လာကာ ယုံနဉ်၏ သွေးကြောများကို စမ်းကြည့်လိုက်သည်။ ခဏအတွင်း သူက စမ်းသပ်မှု ပြီးဆုံးသွားလေ၏။ အကြီးအကဲသုံးယောက် ပြောသည်က အမှန်ဖြစ်လေသည်။ စွမ်းအင်ဓားက သူမ၏အတွင်းအင်္ဂါများကို ပျက်စီးစေခဲ့လေသည်။
သူ့အစပိုင်း ကောက်ချက်ချမှုအရ သာမန်စွမ်းအင်ဓားဖြင့် ထိခိုက်ခဲ့သည်ဆိုလျှင် ပြန်လည်အနားယူရုံဖြင့် ပြန်ကောင်းလာနိုင်သည်။ သို့သော်လည်း ထိုစွမ်းအင်ဓားတွင် တိုက်စားနိုင်စွမ်း ပါဝင်နေပုံပေါ်၏။ ထို့ကြောင့် ယခုလို ဖြစ်လာရခြင်း ဖြစ်သည်။ သူမ၏ ဒဏ်ရာနှင့် အဆိပ်က သေသွားစေနိုင်တာ ဖြစ်၏။
လုကျိုးက ကျောပြန်မတ်လိုက်ပြီး မုတ်ဆိတ်သပ်လိုက်ကာ “သူမကို ကယ်နိုင်သေးတယ်”
စီးဝူယာ့က ပျော်ရွင်သွားလေသည်။ သူက ဒူးထောက်ကာ တောင်းဆိုတော့မည့်ဆဲဆဲတွင် လုကျိုးက ထုတ်မေးလာ၏။
“ မှတ်ဉာဏ်သလင်းကျောက် ဘယ်မှာရှိနေမှန်း မင်း တကယ်မသိဘူးလား”
“ရုန်ရှီ ဒါမှမဟုတ် ရှန်ပေမှာပါ … ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာကတည်းက ပြောသမျှစကားတိုင်းက အမှန်တွေပါ။ တကယ်လို့ အလိမ်အညာပါရင် မိုးကြိုးပစ်ပါစေ” စီးဝူယာ့က ပြောလိုက်သည်။
ပြောရလျှင် မှတ်ဉာဏ်စည်းပိတ်ခဲ့သူမှာ ကျိထျန်းတောက်သာ ဖြစ်၏။ တခြားလူများ ဘယ်နေရာမှာ ရှိနေမှန်း မသိသည်က ဖြစ်နိုင်လေသည်။
“ လျန့်စီရင်စုမှာ မင်းရဲ့ တိုက်ပွဲအစီအစဉ်က အသေးစိတ်ကျတယ်။ တကယ်လို့ ယွီကျန့်ဟိုင်သာ အဲဒီမှာ ရှိနေရင် ငရဲဂိုဏ်း အနိုင်ရမှာ … ယွီကျန့်ဟိုင်က ဘာလို့ ရောက်မလာတာလဲ သိချင်မိသား” လုကျိုးက ပြောလိုက်သည်။
“နဂိုအစီအစဉ်အတိုင်းဆိုရင် တာ့ရှစ်ရှိုးလည်း ရောက်လာဖို့ပါ။ အဲဒီနောက် ကျွန်တော်က ဖြစ်နိုင်ခြေတွေကို တွေးမိပြီး ကြိုတင်ကာကွယ်မှုတချို့ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ။ ရှန်းလဲ့က ဖြစ်နိုင်ခြေထဲက တစ်ခုပေါ့။ တာ့ရှစ်ရှိုး ဘာမှမဖြစ်သရွေ့ ငရဲဂိုဏ်းက အနှေးနဲ့အမြန် အနိုင်ရလာမှာပါ”
စီးဝူယာ့က ပြောလိုက်သည်။
“ ယွီကျန့်ဟိုင်ဆီမှာ အံ့ဖွယ်မြို့တော်ကို ဆွဲချဖို့ နည်းလမ်းရှိမယ် ထင်လား” လုကျိုးက မေးလိုက်သည်။
“အံ့ဖွယ်မြို့တော်ကို ဆွဲချဖို့ မလိုပါဘူး”
“အဲလောက်တောင် ယုံကြည်ချက်ရှိတယ်လား ”
စီးဝူယာ့က အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း သူက ပြောလိုက်သည်။
“လျိုကုက အရည်အချင်းမပြည့်မီတဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ။ ကျွန်တော်တို့ သူ့ကို ရင်ဆိုင်တာ သင့်တော်ပါတယ် ”
“အရည်အချင်းမရှိတဲ့ ဘုရင်တဲ့လား” လုကျိုးက နန်းတော်အရေးကိစ္စများကြား ဝင်ပါလေ့မရှိပေ။ ယခင်က သူ ဧကရာဇ်ယုံရှို့နှင့် သိကျွမ်းစဉ်အခါက ဧကရာဇ်ယုံရှို့သည် အကောင်းဆုံး ဧကရာဇ် မဟုတ်လျှင်ပင် တတ်စွမ်းသည်ထက် ပိုကြောင်း သိခဲ့၏။
လျိုကုက ဘာလို့ အရည်အချင်းမရှိတဲ့ ဘုရင် ဖြစ်သွားရတာလဲ …
“လျိုကုက နန်းတက်ပြီးတဲ့နောက် ခုံရုံးအစည်းအဝေးတွေ မတက်သလို တိုင်းပြည်ကိုလည်း ဂရုမစိုက်ဘူး။ သူက ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့အကြောင်းပဲ လိုက်လံရှာဖွေနေတာ … သူက ဒဏ္ဍာရီလာမျိုးနွယ်တွေ ပျောက်ကွယ်သွားတဲ့ ကိစ္စရဲ့ နောက်ကွယ်ကြိုးကိုင်သူပဲ”
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ ချန်းဟွမ်ကို စီးနင်းလိုက်ရင် သက်တမ်းနှစ်ထောင်အထိ နေနိုင်တယ်လို့ မှတ်တမ်းထဲမှာ ဖော်ပြထားတယ်။ ချန်းဟွမ်ကို ရှာဖို့ လျိုကုက ယွီလုံရွာက လူတွေအားလုံးကို သတ်ဖြတ်ခဲ့ပြီးတော့ တစ်ရွာလုံးကို သွေးချောင်းစီးစေခဲ့တယ်။ အဲဒီနောက်က သူက ချန်းဟွမ်ကိုရှာဖို့ အလောင်းတွေကို မြစ်ထဲ ဆယ်စုနှစ်ကြာတဲ့အထိ မြှုပ်ခဲ့သေးတယ်။
ပွင့်ချပ်ကိုးလွှာအဆင့် လျှို့ဝှက်ချက်ကို ရှာဖို့ သူက မြို့အများစုမှာ အဆုံးသတ်ဆယ်ပါး အစီအရင်တွေ ခင်းပြီးတော့ ကျင့်ကြံသူတွေကို အသက်ရှင်ရက်နဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ အဲကြားထဲမှာ သေဆုံးခဲ့ရတာလည်း မနည်းမနောပဲ။ မဟူရာစစ်သည်တော်တွေကို ရှုစုရန်မြို့ တိုက်ခိုက်ခိုင်းတာလည်း သူပဲ … လန်လော့က မဟူရာစစ်သည်တော် ဖြစ်ခဲ့ဖူးတယ်ဆိုတော့ သူ့ကို မေးကြည့်လို့ ရပါတယ်။ ပြီးတော့ သံဇဉ်ကိုးသွယ်မြစ်က ရွာသားတွေရဲ့ အလောင်းတွေကလည်း … ”
“တော်ပြီ” လုကျိုးက ဖြတ်ပြောလိုက်သည်။ သူက စီးဝူယာ့ကို ဘာကိုပြောနေမှန်း သိလေသည်။ စီးဝူယာ့က လျိုကုသည် မည်မျှရက်စက်ကာ အရည်အချင်းမရှိကြောင်း ပြောဖို့ ကြိုးစားနေခြင်း ဖြစ်၏။ သူက ယခင်နွေဦးစံအိမ်တိုက်ပွဲကတည်းက ပြောနိုင်လေသည်။ သူ့အား ဆက်ပြောပြနေဖို့ မလိုတော့ပေ။ လျိုကုက ဒုတိယမင်းသား လျိုဟွမ် သေဆုံးမှုကိုပင် ဂရုစိုက်သည့်သူ မဟုတ်ချေ။ သူက မည်မျှနှလုံးသားမဲ့ကာ ရက်စက်ကြောင်း ရှင်းလင်းလှသည်။
“မင်းက ကမ္ဘာကြီးဆီ အပြောင်းအလဲတွေ သယ်ဆောင်လာတဲ့ သူရဲကောင်းကြီး ဖြစ်ချင်နေတာလား”
လုကျိုးက မေးလိုက်သည်။
“ကျွန်တော်ဆီမှာ အဲလိုရည်မှန်းချက်မျိုး မရှိပါဘူး။ အဲဒါက တာ့ရှစ်ရှိုးရဲ့ စိတ်ကူးပါ … ကျွန်တော်က တစ်ခုကိုပဲ နားလည်ချင်တာပါ“ စီးဝူယာ့က ပြောလိုက်သည်။
“ဘာများလဲ” လုကျိုးက စီးဝူယာ့အား မထူးမခြားနား ကြည့်လိုက်သည်။
စီးဝူယာ့က မော့ကြည့်လာကာ “တာ့ယန်ရဲ့ တော်ဝင်မိသားစုက ဘာကြောင့်များ အဲလောက်အကြာကြီး အာဏာရှိနေလဲဆိုတာ ကျွန်တော် သိချင်တယ်။ ပြီးတော့ တာ့ယန်တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိချင်တယ်”
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက စီးဝူယာ့သည် ယွီကျန့်ဟိုင်အကြောင်း သို့မဟုတ် မှတ်ဉာဏ်သလင်းကျောက်အကြောင်း ထည့်ပြောလာလိမ့်မည်ဟု ထင်နေခဲ့သည်။ စီးဝူယာ့က တော်ဝင်မိသားစုအပေါ် အာရုံစိုက်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စီးဝူယာ့က အဲဒါကြောင့် နန်းတော်ထဲ ဆရာအဖြစ် ဝင်ခဲ့တာလား … စီးဝူယာ့ဆီမှာ ဘာလို့ အဲလိုအတွေးတွေ ရှိနေတာလဲ
စီးဝူယာ့က လုကျိုးသည် သူ့စကားကို မယုံကြည်မှန်း သိဟန်ဖြင့် ပြောလိုက်သည်။
“ပွင့်ချပ်ရှစ်လွှာအဆင့်နဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်တွေက မလုံလောက်သေးဘူး …” သူက ခဏရပ်လိုက်ပြီး “ တကယ်လို့ ကျွန်တော့်ကို မယုံရင် မဟူရာကွန်ယက်က တစ်ယောက်ယောက်ကို ဒီသတင်းလာပို့ခိုင်းလိုက်မယ်”
လုကျိုးက ပြောလိုက်သည် “မင်းက အဖြေကို ရှာတွေ့သွားရင် ဘာလုပ်မှာလဲ”
ထိုစဉ် ယုံနဉ်က ချောင်းအသည်းအသန် ဆိုးလာသည်။
ထိုအရာကို မြင်ပြီး စီးဝူယာ့က ချက်ချင်း ဝပ်တွားကာ အလျင်စလို ပြောလိုက်သည်။
“ရှစ်စွင်း ကျေးဇူးပြုပြီး သူမကို ကယ်ပေးပါ ”
…
(၄၂၅)
ယုံနဉ်က သေရမှာလား
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“တစ်မိုးအောက်မှာ ငါတစ်ယောက်ပဲ သူ့ကို ကယ်တင်နိုင်တာ “ သူက လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်လေ၏။ သူ့လက်ထဲ၌ အရေးပေါ်ကုသရေးကတ်က ပေါ်လာတော့သည်။ သူက သူ့လက်ဖဝါး မှောက်လိုက်သည့် အချိန်တွင် စွမ်းအင်လှိုင်းတို့က ယုံနဉ်၏ ခန္ဓာကိုယ်ထဲသို့ မိုးမခမျှင်များပမာ ဝင်ရောက်သွားသည်။ အရေးပေါ်ကုသရေးကတ်က သုံးဆယ်ရာခိုင်နှုန်း ကုသသည့် အာနိသင်ရှိသည်။
“ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း မဟာကရုဏာလှေ “
စီးဝူယာ့က ထိုမြင်ကွင်းကို လေ့လာပြီး အနည်းငယ် ထိတ်လန့်သွား၏။ သို့သော် သူ၏ ရှစ်စွင်းသည့် လျန့်စီရင်စု၏ မြို့အတွင်းတွင် ပေတစ်ရာခန့်မြင့်မားသော ရွှေရောင်ဗုဒ္ဓခန္ဓာကို ဆင့်ခေါ်ခဲ့တာကို ပြန်တွေးမိချိန်၌ သူ၏ ရှစ်စွင်းသည် ကုသခြင်းနည်းလမ်းတွင်လည်း ကျွမ်းကျင်တာ ဖြစ်သင့်သည်ဟု ခံစားမိလိုက်သည်။ ယခုအချိန်၌ သူသည် မကြာသေးခင်က တာ့ရှစ်ရှိုး၏ စကားများကို ပြန်တွေးမိသွားသည်။ ထိုစဉ်က သူသည် စဉ်းစားဆင်ခြင်နေခဲ့ပြီး မသေချာမရေရာ ဖြစ်နေခဲ့၏။ သို့သော် ယခုမူ သူ၏ ရှစ်စွင်းက မဟာအကန့်အသတ်ကို ကျော်လွှားရန် နည်းလမ်းတစ်ခု ရှာတွေ့တာ ဖြစ်လောက်သည်ဟူသော ယုံကြည်စိတ်တို့က တိုးလာသည်။ မဟုတ်လျှင် မဟာအကန့်အသတ်နား နီးနေသော သူ၏ ရှစ်စွင်းသည် စွန့်ပစ်ခံဉာဏ်ရည်ကို လက်တစ်ဖက်ဖြင့် ထုတ်ဖော်လျက် ရှန်းလဲ့ကို တစ်ချက်ထဲဖြင့် မည်သို့ အနိုင်ယူနိုင်မည်နည်း။ သူ၏ ရှစ်စွင်းသည် ရူနန်၏ အထွဋ်အမြတ်ယဇ်ပုလ္လင်၌ တစ်ချက်တည်းဖြင့် ခုန်ယွမ်းကို မည်ကဲ့သို့ သတ်ဖြတ်နိုင်မည်နည်း။ ယုံနဉ်ကို ကုသပေးနေသော စွမ်းအားကို သူကြည့်နေစဉ် သူ၏ မျက်လုံးက ထိတ်လန့်မှုများဖြင့် တောက်လာတော့သည်။
ခဏကြာပြီးနောက် လုကျိုးသည် ကုသပေးပြီးသွားသည့်အချိန် လက်ဝါးကို ပြန်ရုပ်လိုက်သည်။ သူ၏ တွက်ချက်မှုအရ ထိုကတ်သည် သူမ၏ အသက်ကို ဆွဲဆန့်နိုင်ရန် လုံလောက်လောက်သည်။ သူမ ပြုလုပ်ရန် လိုအပ်သည်က အနားယူပြီး ပြန်လည်ကုစားရန် ဖြစ်သည်။
ယုံနဉ်က ချောင်းဆိုးလျက် သတိလစ်နေသေးသည်။ သူမ၏ နှုတ်ခမ်းထောင့်ကနေ သွေးများ စီးကျလာ၏။
“ဟမ် “ လုကျိုးက ထူးဆန်းနေမှန်း ရှာတွေ့သွားသည်။ သူက ရပ်တန့်လိုက်ပြီးနောက် သူမ၏ သွေးကြောကို ထပ်စမ်းလိုက်သည်။ သူက ယုံနဉ်၏ အတွင်းကလီစာထဲသို့ ကနဦးချီအချို့ ပို့လိုက်တော့သည်။
ထိုစဉ် တောင်ဘက်မျှော်နန်းရှိ အခန်းအပြင်ဘက်တွင် ကျန်သည့် သူများက စောင့်နေလေ၏။
ကျောင်းယွဲ့က စိတ်မအေးနိုင်ဘဲ လမ်းလျှောက်နေတော့သည်။
“ဝူရှစ်ကျဲ့ လမ်းလျှောက်တာရပ်ပြီး အနားယူသင့်ပြီ၊ အလွန်အကျွံမလုပ်သင့်ဘူး “
ကျူးဟုန်ကုန်းက ပြော၏။
“ပါးစပ်ပိတ်ထား “ ကျောင်းယွဲ့က ဖြတ်ပြောလိုက်၏။
“အခုပါးစပ်ပိတ် “
ထိုစဉ် တိတ်ဆိတ်နေသော ဟွားယွဲ့ရှင်းက ပြောလိုက်၏။ “အရင်တုန်းက နန်းတော်ထဲမှာ မင်းသမီးယုံနဉ်ကို ကျွန်မတွေ့ခဲ့ဖူးသေးတယ်၊ သူက စိတ်နေသဘောထားကောင်းမွန်ပြီး ငြိမ်းချမ်းရေးကို နှစ်ခြိုက်တယ်၊ နှိမ့်ချတတ်တဲ့ သူတစ်ယောက်ပဲ၊ သူက ဘာ့ကြောင့်များ တစ်စုံတစ်ယောက်ရဲ့ နယ်ရုပ်အဖြစ် အသုံးချခံရတာလဲ “ သူမက ခေါင်းခါပြီး သက်ပြင်းချလိုက်တော့သည်။
ဟွားဝူတောက်က ပြောလိုက်သည်။ “လူတစ်ယောက်အဖို့ နန်းတော်နံရံထဲမှာ ဒီလိုကိစ္စကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းအဲ့ဒီမှာ တစ်နှစ်လောက်နေခဲ့တာ၊ မော့လီရဲ့ တိုက်ပွဲအတွင်း မင်းဆွဲသွင်းခံရလုနီးပါး ဖြစ်ခဲ့တာပဲမလား “
“အကြီးအကဲဟွား ပြောတာမှန်ပါတယ် “
“ငါ ပြောနိုင်တာကတော့ ကောင်းကင်ဘုံက သူမအတွက် ရက်စက်တာပဲ “ဟွားဝူတောက်က သက်ပြင်းချလိုက်၏။
“တတ်နိုင်တာ ဘာမှမရှိတော့ဘူးလား “
“ရလဒ်က မှုန်မှိုင်းလွန်းနေတယ်၊ အဆိပ်က သူမ ကလီစာတွေထဲ ဝင်ရောက်သွားပြီဆိုတော့ နက်နဲတဲ့ ကျင့်ကြံဆင့်တစ်ခုတည်းနဲ့ ကျော်လွှားနိုင်တဲ့အရာမဟုတ်ဘူး “ ဟွားဝူတောက်က ပြောလိုက်သည်။
ထိုစဉ် ဘေးနားတွင် အရက်သောက်နေသော ဖန်လီထျန်းက ပြောလိုက်၏။ “နတ်ဘုရားကုသရေးနဲ့ ကျင့်ကြံသူကတော့ သူမအတွက် အသက်ဆွဲဆန့်ပေးနိုင်လောက်တယ် “
လန်လော့က ဖန်လီထျန်းကို ကြည့်ပြီး ပြောလိုက်၏။ “လောင်ဖန်း မင်းပြောတာကို ထောက်ခံမိတာ ရှားပါးလွန်းတယ် “
မျှော်နန်းဆောင်ကြီး၏ အကြီးအကဲသုံးယောက်က ထိုမျှ သေချာနေသောကြောင့် ကျန်သည့်သူများက သူတို့ကို သံသယမဝင်ပေ။
ယုံနဉ်သည် သေရန် ကံပါနေပုံပေါ်၏။ ယင်းက မျိုချရန် ခက်ခဲလွန်းသော ဆေးတစ်တောင့်ပဲ ဖြစ်သည်။
ရှောင်ယွမ်အာသည် သူတို့သုံးယောက်ကို ကြည့်ပြီး အထင်တသေး ပြောလိုက်၏။ “အစ်မ ယုံနဉ်က လှတာပဲ၊ သူ မသေဘူး၊ သေချာတယ် “
အကြီးအကဲသုံးယောက်က ထိုမိန်းကလေးနှင့် ပြိုင်မငြင်းတော့ပေ။ ကြည့်ရတာ လူတစ်ယောက်ရဲ့ အသက်ကို ဆုံးဖြတ်ပေးတဲ့ အချိန် ငါ ငယ်ရွယ်တုန်းက ငါက ပြိုင်ဘက်ကင်းခဲ့တဲ့ ပုံပဲ။
“ရှစ်စွင်းက တစ်ခုခုမလုပ်နိုင်ဘူးလား “ ကျောင်းယွဲ့သည် လက်တွေ့ကို လက်ခံနိုင်ရန် ခက်ခဲနေလေ၏။
“ကုသခြင်းနဲ့ သတ်ဖြတ်ခြင်းဆိုတာ မတူညီတဲ့ ပညာရပ်နှစ်ခုပဲ၊ ဒီအုတ်ခဲလိုပေါ့ “
ဟွားဝူတောက်က လက်တစ်ဖက်မြှောက်လိုက်၏။ အနားရှိ အုတ်ခဲတစ်လုံးက သူ့လက်ဆီ ပျံသန်းလာတော့သည်။ သူ၏ စွမ်းအင်ဖြင့် ၎င်းကို ရစ်ဝဲလိုက်၏။
ဘန်း။
အုတ်ခဲက အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားသည်။
ဟွားဝူတောက်သည် သူ၏ စွမ်းအင်ဖြင့် ၎င်းတို့ကို ဆက်လက်မျောလွင့်နေစေကာ သူ့လက်ဝါးဆီသို့ ဆွဲယူလိုက်သည်။
ထိုပြသမှုသည် သူ၏ ပရိသတ်ကို မှင်တက်သွားစေသည်။
ယင်းက ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပိုင်စွမ်းအားပေါ် ထိန်းချုပ်မှု၏ စစ်ဆေးခြင်းပဲ ဖြစ်သည်။
ဟွားဝူတောက်သည် အပိုင်းအစများကို အုတ်ခဲတစ်ခဲသဏ္ဌာန် စုစည်းပြီးနောက် သူ၏ တိကျသော ထိန်းချုပ်မှုကို ပြသလိုက်၏။
ကျန်သည့်သူများသည် ဟွားဝူတောက် ပြောပြနေသည့်အရာကို နားလည်ပုံပေါ်၏။ အုတ်ခဲ ပြိုကွဲသွားသည့်အခါ ကျင့်ကြံသူတစ်ယောက်က နက်နဲသည့်ကျင့်ကြံဆင့်ရှိပင်လျှင် အုတ်ခဲကို မူလအနေအထားအတိုင်း ပြန်ရအောင် လုပ်ဖို့က မဖြစ်နိုင်ပေ။
အုတ်ခဲသည် အကြမ်းထည်ဥပမာသာ ဖြစ်၏။ တိကျသည့် ထိန်းချုပ်မှုဖြင့်တောင် သူသည် ၎င်း၏ အသွင်သဏ္ဌာန်ကိုသာ ထိန်းထားနိုင်၏။
ဟွားဝူတောက်က သူ့လက်ကို ရုတ်တရက် ဖျစ်ညှစ်လိုက်သည်။
ဂျွတ်။
အုတ်ခဲစများက မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။
“အခု နားလည်သွားပြီလား “
“နားလည်ပါပြီ၊ သင်ခန်းစာအတွက် ကျေးဇူးပါ “ကျောင်းယွဲ့က ပြော၏။
လန်လွန်းနှင့် ဖန်လီထျန်းက ဟွားဝူတောက် ပြသတာကို ကြည့်တောင်မကြည့်ပေ။ သူတို့က တံခါးကိုသာ ကြည့်နေ၏။ အကြီးအကဲ သုံးယောက်က ရှင်းပြပြီးနောက် ကျန်သည့်သူများသည် ရှုံးနိမ့်သွားပုံပေါ်၏။ သူတို့၏ ခေါင်းများငုံ့ထားလျက် စိတ်ဓာတ်ကျနေပုံပေါ်သည်။
လုကျိုးသည် ယုံနဉ်၏ ခန္ဓာကိုယ်ထဲသို့ ကနဦးချီအချို့ ထပ်ထည့်လိုက်သည်။ သိပ်မကြာခင်က အရေးပေါ် ကုသခြင်းကတ်သည် သူမဒဏ်ရာ၏ သုံးဆယ်ရာခိုင်နှုန်းကို ကုသပေးခဲ့တာ သေချာ၏။ သို့သော် ထူးဆန်းသည့် အရာက သူမ၏ ခန္ဓာကိုယ်ထဲ စွမ်းအင်များက ထပ်ခါတလဲလဲ ပြိုကွဲပြီး ကုသပေးသည့် အတွင်းကလီစာများကို စတင်စားသုံးသွားတာပဲ ဖြစ်သည်။ ထူးဆန်းလိုက်တဲ့ စွမ်းအင်ပဲ။
မဖြစ်နိုင်တာ။ အစောတုန်းက ငါ့ရဲ့ ကိုယ်ပိုင်စွမ်းရည်အကြောင်း ကြွားလုံးထုတ်နေခဲ့တာ။ အခု ငါ့ကို ပြန်ကိုက်နေပြီလား။
လုကျိုးသည် သူ၏ အဆင့်မြင့် အရေးပေါ်ကုသခြင်းကတ်ကို မှတ်မိသွား၏။ သူတို့တွေကို တစ်ခါတည်း မကုသနိုင်ဘူးဆိုရင် စွမ်းအင်က ပျံ့သွားပြီး ယုံနဉ်ရဲ့ ကလီစာတွေကို တိုက်စားသွားမှာလား၊ ဆိုလိုတာက အဆင့်မြင့် အရေးပေါ်ကုသခြင်းကတ်က အသုံးမဝင်တာပဲ။ တစ်ရာရာခိုင်နှုန်း ကုသနှုန်းရှိတဲ့ အရေးပေါ်ကုသခြင်းကတ်ကို ဘယ်နေရာမှာ ရှာရမှာလဲ။ သူက မချင့်မရဲ ဖြစ်သွား၏။
“ရှစ်စွင်း “ စီးဝူယာ့က သူ၏ ရှစ်စွင်း အတွေးနစ်နေတာကို မြင်သောအခါ ဇဝေဇဝါဖြင့် ခေါ်လိုက်သည်။
ယင်းက လုကျိုးကို လက်ရှိဆီသို့ ပြန်ဆွဲခေါ်လိုက်၏။ လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။ “အပြင်မှာ စောင့်နေ “
“ဟုတ်ကဲ့ ရှစ်စွင်း “ စီးဝူယာ့က လှည့်ထွက်သွားပြီး အခန်းအပြင်ဘက်၌ လိမ်လိမ်မာမာ စောင့်နေသည်။
လုကျိုးက လက်ဖဝါးကို မြှောက်လိုက်သည်။ ယုံနဉ်က မတ်မတ် ထိုင်နေလေ၏။
လုကျိုးက ကျင့်ကြံဆင့်သည့် နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသည်။ သူမ၏ ဒဏ်ရာများကို ဖိနှိပ်ထားရန် သူ၏ ကနဦးချီအားလုံးကို သုံးပြီး နည်းလမ်းတစ်ခု စဉ်းစားရန် ကြိုးစားနေ၏။ ခဏကြာပြီးနောက် သူ့လက်ဖဝါးကနေ သူမ၏ ခန္ဓာကိုယ်ထဲသို့ ကနဦးချီများ သွင်းပေးလိုက်၏။ သူ၏ ကနဦးချီသည် သူမ၏ ချီသွေးကြောများထဲသို့ ရေစီးဆင်းသည့် ပမာ စီးဝင်သွားသည်။
ကနဦးချီထောက်ပံ့ပေးမှုဖြင့် ယုံနဉ်သည် ပိုကောင်းလာပုံပေါ်သည်။
လုကျိုးက ကနဦးချီစီးဆင်းမှုကို တိုးမြှင့်လိုက်သည်။ ထိုစဉ် သူက သူ၏ ကနဦးချီဆီသို့ တဟုန်ထိုးလာနေသည့် ရုံနင်၏ အတွင်းကလီစာများထဲရှိ ထူးဆန်းသော စွမ်းအားကို ခံစားမိလိုက်သည်။ ယင်းကသူ၏ ကနဦးချီကို သူမ၏ ခန္ဓာကိုယ်ထဲ မဝင်နိုင်အောင် ပိတ်ဆို့နေပုံပေါ်၏။
“အဆောင်စည်းတံဆိပ်ရဲ့ စွမ်းအားလား၊ ကောင်းကင်အကျော်အမော် အဇာဋာများ ဂိုဏ်းလား “
လုကျိုးက ရေရွတ်ပြောလိုက်သည်။ သူက သူမကို လက်ချောင်းဖြင့် ထိလိုက်၏။ လျန်းစီရင်စုအတွင်းရှိ တိုက်ပွဲက ဖရိုဖရဲ ဖြစ်လွန်း၏။ သူသည် ယုံနဉ်က သူမ၏ စွမ်းအင်ဓားသွားကို အသုံးပြုပုံကိုတောင် မမြင်လိုက်ရပေ။ ယုံနဉ်သည် အဇာဋာအကျော်အမော်များဂိုဏ်း၏ စည်းပိတ်ခြင်း အဆောင်ကို အသုံးပြုလိမ့်မည်ဟု မထင်ထားပေ။ သူ၏ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံဆင့်ဖြင့် စည်းပိတ်အဆောင်ကို ဖြေရှင်းဖို့က ခက်ခဲလှသည်။ ထို့အပြင် သူ၏ ကနဦးချီစွမ်းအင် ပံ့ပိုးပေးမှုက လျော့ပါးလုနီးပါး ဖြစ်နေသည်။
သူ့လက်ဖဝါးကို ဖယ်ရှားတော့မည့်အချိန်တွင် အဆောင်စည်းတံဆိပ်၏စွမ်းအားက သူမ၏ ချီသွေးကြောများ၏ ဆန့်ကျင်ဘက်တွင် ရှိသော သူ၏ ကနဦးချီများကို စားသုံးနေသည်။
လုကျိုးက အလိုလိုပင် ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာစာလိပ်၏ စွမ်းအားကို လှည့်ပတ်လိုက်၏။ ရွှေရောင်ရောင်ခြည်သည် ချက်ချင်းပင် အပြာရောင်အဖြစ် ပြောင်းလဲသွားလျက် သူ၏လက်ဖဝါးထဲ၌ လှည့်ပတ်နေတော့သည်။ ယခုအခေါက်တွင် မရင်းနှီးသော သင်္ကေတများက လုကျိုး၏ စိတ်ထဲ ပေါ်လာသည်။
လှုပ်ရှားစရာမလိုဘဲ နေရာအများအပြားကို သွားပြီး အပြန်အလှန် အနေနဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းတယ်။ ဒါက ဒြပ်မဲ့တည်ရှိမှုစွမ်းအားပဲ။
“ကောင်းကင်ကျမ်းစာစွမ်းအားလား “ လုကျိုးသည် သူ၏လက်ဖဝါးကို အလိုလိုလှုပ်ရှားလိုက်မိသည်။ သူသည် အဆောင်စည်းတံဆိပ်၏ စွမ်းအားကို တိုက်ခိုက်ချင်ရုံမျှသာဖြစ်သည်။ ထို့ကြောင့် သူ၏ ထူးကဲစွမ်းအားများများစားစားကို မသုံးခဲ့ချေ။ သူ့စွမ်းအားအပြည့်၏ ဆယ်ပုံတစ်ပုံသာ သုံးခဲ့သည်။
အပြာရောင်ကြာပွင့်သည် သူ့လက်ဖဝါးထဲ၌ ပေါ်လာ၏။ ကြာပန်းပြာတို့သည် ထွန်းလင်း တောက်ပလာတော့သည်။ သူ၏ လက်ဖဝါးက အသက်ဓာတ်တို့ဖြင့် ပြည့်နေသည့် အဆောင်စည်းတံဆိပ်၏ စွမ်းအားသည် အပြာရောင်ကြာပွင့်ကြောင့် ချက်ချင်း ချေဖျက်ခံလိုက်ရသည်။
မကြာခင်၌ အပြာရောင်ကြာပွင့်သည် ယုံနဉ်၏ ခန္ဓာကိုယ်ထဲဝင်သွားပြီးနောက် သူတို့က ရုတ်တရက် ပြန့်ကားသွားသည်။ အပြာရောင်ကြာပွင့်က ကြီးမားလာ၏။ တစ်မီတာ၊ နှစ်မီတာ၊ သုံးမီတာ၊ ဆယ်မီတာ သူတို့က ပတ်ဝန်းကျင်ဆီ ဖြာထွက်နေသည်။ တောင်ဘက်မျှော်နန်းတွင် ခြေကုပ်ရယူပြီး ပြန့်ကားထွက်တော့မည့်ပမာ ထင်ရသည်။
ဝှစ်။
ထိုစဉ် တောင်ဘက်မျှော်နန်း၏ ခန်းမနားတစ်ဝိုက် ညှိုးရော်နေသော အပင်တချို့သည် အရွက်များပေါက်လာပြီး ပန်းပွင့်များ ပွင့်လန်းလာသည်မှာ လူတိုင်းကို အံ့ဩသွားစေ၏။
“ဘာတွေဖြစ်နေတာလဲ “
“အဲဒီ ပန်းအိုးတွေကို ကြည့်ဦး “
…
အခန်း(၄၂၆)
သံသယများ
တောင်ဘက်မျှော်နန်းဆောင်မှ လူများက တိတ်ဆိတ်ကုန်ကြသည်။
လူငယ်တပည့်များက အတွေ့အကြုံနည်းပြီး ထိုအရာကို စိတ်လှုပ်ရှားစရာကောင်းမှန်း သိလာကြသည်။ သူတို့က နက်နဲသည့် ကျင့်ကြံဆင့်အုတ်မြစ် ရှိထားသူတိုင်း ရရှိနိုင်လိမ့်မည်ဟု ထင်လာကြသည်။
အချုပ်အားဖြင့် မျှော်နန်းဆောင်အိုကြီးမှ အကြီးအကဲသုံးယောက်က ကြီးထွားစိုပြေလာသော သစ်ရွက်များနှင့် ပန်းပွင့်များကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြလေသည်။
ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း၏ ကရုဏာလှေ၊ တောက်ပကြေးမုံ၊ ဗုဒ္ဓ၏ ကျောင်းဆောင် သို့မဟုတ် တာအိုမေ့ပျောက်ခြင်းထိန်းသိမ်းမှုတို့က သစ်ပင်များ၊ ပန်းများကို ဤမျှမြန်မြန် ကြီးထွားစေနိုင်မည် မဟုတ်ပေ။ အပင်များက အလျင်အမြန် ကြီးထွားလာနေသည်။ သူတို့က ကုမုဒြာ ပွင့်လန်းလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလိုမျိုး ဖြစ်လေသည်။
ထိုစဉ် အားလုံးက ယုံနဉ် ရှိရာ အခန်းဆီ လှည့်ကြည့်လာကြသည်။ သူတို့က ဒီရေအလား စီးဆင်းလာသည့် အသက်ဓာတ်တစ်ခုကို ခံစားမိလိုက်ကြသည်။ ထိုအရာက နွေဦးလေပြေလေးအလား အေးမြသွားစေသည်။
အထူးသဖြင့် ပြန်လည်သုံးသပ်ရေးဂူမှ ထွက်လာခါစ ဖြစ်သည့် စီးဝူယာ့အတွက် ဖြစ်လေသည်။ သူက ပင်ပန်းနေခဲ့သော်လည်း ယခုအခါ ထိုထူးခြားအံ့ဖွယ်စွမ်းအားအောက်တွင် သူ့ပင်ပန်းမှုများက လွင့်ပြယ်သွားလေပြီ။ သူက မျက်မှောင်ကြုတ်ကာ အံ့ဩတကြီး ဖြစ်နေမိ၏။ သူက သူ့ရှစ်စွင်းသည် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီဟု သံသယဝင်လာမိခဲ့သည်။
သူ့ရှစ်စွင်း၏ အပြုအမူများကြောင့် ဖြစ်စေ သို့မဟုတ် သူ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာပြီး ရရှိထားသည့် အချက်အလက်များကြောင့် ဖြစ်စေ အားလုံးက ရှစ်စွင်းသည် ကန့်သတ်ချက်ကို ကျော်လွန်နိုင်သွားကြောင်း ပြသနေလေ၏။ အမှန်တရားက သူ ထိလုနီးပါးအထိ နီးကပ်လွန်းလှသည်။ သို့သော် မည်သူကမှ ဝန်ခံဖို့ သတ္တိမရှိကြပေ။ အကြောင်းမှာ ထိုသို့အရာမျိုး ဝန်ခံလိုက်ခြင်းက အမှန်တရားကို ငြင်းနေခြင်းနှင့် အတူတူ ဖြစ်၏။
စီးဝူယာ့က အတွေးများနေသည်။ သူသည် သူ့ဘာသာ သံသယစက်ဝန်းအတွင်း ပိတ်မိနေလေ၏။
နွေဦးလေပြည်လို စွမ်းအားက လျော့ကျသွားလေသည်။
အားလုံးက အိုးထဲရှိ လန်းဆန်းနေသည့် အပင်များကို ကြည့်မိလိုက်ကြသည်။
နေနှင့် မျက်နှာချင်းဆိုင်ရှိနေသည့် ပန်းများက အရောင်အသွေး စုံလင်လာကြသည်။
အားလုံးက နွေဦးရောက်လာသလို ခံစားချက် ရလိုက်မိ၏။
“စောစောလေးက အခန်းထဲမှာ အပြာရောင်ကြာပွင့် လွင့်မျောနေတာကို မြင်လိုက်ကြလား” ဖန်ကျုံးက မျက်လုံးပွတ်ကြည့်ကာ သူ မြင်လိုက်သည့်အရာအား တုန်တုန်ယင်ယင်အသံဖြင့် အတည်ပြုလိုက်သည်။
“ငါက ငါ့ဘာသာ လျှောက်မြင်နေတယ် ထင်နေတာ။ မင်း ပြောလိုက်မှ တကယ်ကြီး အပြာရောင်ကြာပွင့်လား” ကျိုးကျစ်ဖုန်းကပါ ပြောလာသည်။
“ တကယ်ကို ကောင်းတယ် … ငါ အိပ်မက်ကနေ နိုးထလာသလိုပဲ။ ငါ ပျံနေပြီ … တစ်ယောက်ယောက် ငါ့ကို ဆွဲဆိတ်ကြပါဦး .. အား ငါ တကယ်ကြီး ပြောတာ မဟုတ်ဘူး”
“ ဆက်ပြောနေရင် ပါးစပ်ပေါက် ပိတ်ရိုက်ပစ်မယ်” ရှောင်ယွမ်အာက သူတို့အား စိုက်ကြည့်လာသည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ချက်ချင်း တိတ်သွားကြ၏။
အားလုံးက တင်းတင်းပိတ်ထားသည့် အခန်းတံခါးကိုသာ ဆက်ကြည့်နေကြသည်။
……………
အခန်းရှိ အားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။
လုကျိုး၏ နတ်ဒေဝါဦးတည် နယ်ပယ်အဆင့်၏ ချီစွမ်းအားက ကုန်ခမ်းသွားလေပြီ။ သို့သော်လည်း သူက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားကို လေးပုံတစ်ပုံမျှသာ အသုံးပြုခဲ့သည်။
သူက ယုံနဉ်သည် ပိုကောင်းလာကြောင်း သတိပြုမိလိုက်သည်။ သူမ၏ ပါးပြင်များက ယခုအခါ ကျန်းမာသည့် အရိပ်အယောင်သမ်းနေပြီ ဖြစ်၏။
“အလုပ်ဖြစ်တယ်လား” အဆောင်စည်းတံဆိပ်၏ စွမ်းအားက ပျက်စီးသွားလျှင်ပင် သူမက မကြာခင် နှိုးထလာသင့်သည် မဟုတ်ပေ။ လုကျိုးက သူ့လက်ဝါးသူ ကြည့်လိုက်မိသည်။ အခုလေးတင် ဖြစ်သွားခဲ့သည့် အရာအားလုံးကို သေချာမြင်လိုက်ရသည်။ ဧရာမ အပြာရောင်ကြာပွင့်ကြီး ပေါ်ထွက်လာခဲ့ပြီး မပျောက်ကွယ်သွားခင် ကြီးမားလာခဲ့သေးသည်။
“ကောင်းကင်ကျမ်းရဲ့ လေးခုမြောက်စွမ်းအားက ကုသရေးလား ”
လုကျိုးက ယုံနဉ်၏ သွေးကြောများအား ထပ်မံ စမ်းသပ်လိုက်သည်။ သူက သူမအတွင်းရှိ အဆောင်စည်းတံဆိပ် စွမ်းအားသည် ပျောက်ကွယ်သွားကြောင်း သေချာအောင် အတည်ပြုလိုက်၏။ တိုက်စားနေသည့် အဆိပ်သည်လည်း ပျောက်သွားလေပြီ။
သူမကို ကုသပြီးသွားတာလား …
လုကျိုးက ယုံကြည်ဖို့ အခက်တွေ့နေမိသည်။ သူက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ပြဿနာကြီးကြီးမားမား မရှိကြောင်း သေချာအောင် လုပ်ပြီးနောက် သူက လက်နောက်ပစ်လျက် အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။
အခန်းတံခါး ဖွင့်လိုက်သည့်အခါ လုကျိုးက အားလုံး၏ မျက်နှာအထက်မှ အမူအရာအသီးသီးကို မြင်လိုက်ရသည်။ သူတို့အကြည့်များထဲ စိတ်ရှုပ်ထွေးကာ တုန်လှုပ်နေသည့် အရိပ်အယောင်ကို မြင်နေရသည်။
သူတို့က ဘာလို့ ဒီလိုဖြစ်နေတာလဲ … ငါ့သင်္ချာမေးခွန်းတွေကြောင့် အဲလိုဖြစ်ကုန်တာလား။
သူက အတွေးများကို စိတ်ထဲတွင်သာ ထားလိုက်သည်။ သူက လက်နောက်ပစ်လျက် “ သူက အနားယူပြီးရင် ပြန်ကောင်းလာလိမ့်မယ်”
ထို့နောက် သူက တောင်ဘက် မျှော်နန်းဆောင်မှ ထွက်သွားလေသည်။
စီးဝူယာ့က ထိုအရာကို ကြားသည့်အခါ တစ်ခုခု တွေးမိပြီး အခန်းအတွင်း ပြေးသွားလိုက်သည်။ အခြားလူများက ကြောင်အမ်းနေဆဲ ဖြစ်၏။
မျှော်နန်းဆောင်အိုကြီးမှ အကြီးအကဲသုံးယောက်သည် ယုံနဉ်အား ကယ်တင်ဖို့ မဖြစ်နိုင်ကြောင်း ယုံကြည်ထားကြသည်။ အလွန်ဆုံး သူမအသက်ကို ဆွဲဆန့်ထားရုံမျှသာ တတ်နိုင်လိမ့်မည်။
မျှော်နန်းသခင်က သူမ အနားယူပြီးရင် ပြန်ကောင်းလာလိမ့်မယ်လို့ ပြောခဲ့တာ ဘာအဓိပ္ပာယ်လဲ … အဲလိုဆို သူမက ပြန်ကောင်းလာပြီး အားဖြည့်ဖို့ပဲ လိုတော့တာပေါ့
လုကျိုး ထွက်သွားပြီးသည့်နောက်တွင် အားလုံးက အခန်းထဲ ရောက်လာကြသည်။
စီးဝူယာ့က ခုတင်နား ပထမဆုံး ရောက်လာသူ ဖြစ်၏။ သူက လေဟုန်ဖြင့် ပြေးလာကာ ယုံနဉ်ဘေးနား ရပ်လိုက်သည်။ သူမ၏ အသားရည် ကောင်းလာသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲ ပျော်ရွင်မှုတစ်ခု ထွက်ပေါ်လာသည်။ သူက သူမသွေးကြောများကို စမ်းသပ်ကြည့်လိုက်သည်။ သူ့လက်ချောင်းများက သူမသွေးကြောများအပေါ် ရောက်သွားသည့်အခါမှ စည်းပိတ်ခံထားရမှန်း သတိပြုမိကာ ရပ်တန့်လိုက်သည်။
“ငါ လုပ်ပေးမယ်” ဖန်လီထန်းက သေရည်ခရားကို ဖန်ကျုံးဆီ ပစ်ပေးလိုက်ပြီး လျှောက်လှမ်းလာသည်။ သူက အင်္ကျီလက်ကို မတင်ကာ သူမ၏ ချီအား စမ်းသပ်လိုက်သည်။ သူ့ချီစွမ်းအားက ယုံနဉ်ဆီ ဝင်ရောက်သွားလေ၏။
တခြားလူများက ရလဒ်ကို စောင့်ဆိုင်းရင်း ဖန်လီထန်းအား ကြည့်နေကြသည်။
ဖန်လီထန်း၏ အမူအရာက ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီးနောက် မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ သူ့မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်ကို အတိုင်းသား မြင်နေရသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …
“လောင်ဖန် သူမက ဘယ်လိုလဲ” ဖန်ကျုံးက သူ့ဆီ ရောက်လာကာ မေးလိုက်သည်။
“ မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဖန်လီထန်းက ဆက်တိုက်ရေရွတ်နေသည်။
အားလုံးက ခေါင်းခါလိုက်ကြသည်။
သူက မဖြစ်နိုင်ဘူးဆိုတာ ဘာကိုပြောချင်တာလဲ …
လန်လော့က ရှေ့တိုးလာလေ၏။ သူက လက်ဝါးကို အသာမြှောက်ကာ ချီစွမ်းအား ထည့်သွင်းလိုက်သည်။ သူ့ချီစွမ်းအား ကျရောက်သွားသည့်အခါ သူ့လှုပ်ရှားမှုများက ဖန်လီထန်းထက် ပို၍ချောမွတ်လေသည်။ သို့သော်လည်း တစ်ဝက်တစ်ပျက်တွင် သူက ပို၍ နှေးကွေးလာလေ၏။ သို့သော် သူ့မျက်နှာအထက်မှ ငွေရောင်မျက်နှာဖုံးဖြင့် မည်သူကမှ သူ့အမူအရာကို မမြင်နိုင်ကြပေ။ သူက နောက်တစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။
“ထူးဆန်းတယ်”
ဟွားဝူတောက်လည်း သူ့ဘာသာ မထိန်းနိုင်တော့ဘဲ စမ်းသပ်လိုက်တော့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲသုံးယောက်အား သံသယဖြစ်စရာ မရှိပေ။
အခြားလူများက အကြီးအကဲသုံးယောက်ကို ကြည့်ကာ အဖြေကို စောင့်နေကြသည်။
“အကြီးအကဲတို့ သူမက ဘယ်လိုနေသေးလဲ”
ဟွားဝူတောက်က ပြန်ဖြေတော့မည့်ဆဲဆဲတွင် ဖန်လီထန်းက ထလာကာ “ တစ်ခုခုတော့ တစ်ခုခုပဲ”
သူက အခန်းမှ အလျင်အမြန် ပြန်ထွက်သွားပြီး တစ်ချက်တည်းဖြင့် ပေသုံးရာလောက် ခုန်လိုက်၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
အခြားလူများက ခေါင်းရှုပ်သွားကြသည်။
ဒါက အကြီးအကဲတစ်ယောက် ပြုမူရမဲ့ပုံလား … အရှက်မရှိလိုက်တာ။
လန်လော့က ခေါင်းခါလိုက်သည်။ သူလည်း လက်နောက်ပစ်ကာ အခန်းမှ ထွက်လာလိုက်သည်။ သူက အမြဲတမ်းလိုလို အဖွဲ့နှင့် တစ်သီးတခြားနေလေ့ရှိ၏။
အခြားလူများက သူ့အား မတားရဲကြပေ။ ထို့နောက် သူတို့က လန်လော့ အခန်းမှ ထွက်သွားသည်ကိုသာ ကြည့်နေကြရသည်။ သူသည်လည်း သိပ်မကြာခင် ပျောက်ကွယ်သွားလေ၏။
သူတို့က ဟွားဝူတောက်ကိုသာ လှည့်ကြည့်လိုက်ကြသည်။ သူတို့က ယခင်အမှားမှ သင်ယူကာ ဟွားဝူတောက် လှည့်မထွက်သွားစေနိုင်ရန် တန်းစီ၍ ကာရပ်လိုက်ကြသည်။
“အကြီးအကဲဟွား သူမ ဘယ်လိုနေသေးလဲ”
ဟွားဝူတောက်က ချောင်းဟန့်လိုက်သည်။ သူ့မျက်နှာအထက် သဘာဝမဆန်သည့် အမူအရာမျိုး ရှိနေပြီး “အခု သူမ အဆင်ပြေနေပြီ”
ထိုအရာကို ကြားပြီးသည့်နောက်တွင် စီးဝူယာ့က သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြစ်ပေါ်လာသည့် စိတ်သက်သာရာရမှုကို ခံစားမိလိုက်သည်။
“အကြီးအကဲဟွား ပြောတော့ သူမကို ကယ်လို့ မဖြစ်နိုင်ဘူးဆို” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ငါကလား ”
“မဟုတ်ဘူးလား”
“အဲလိုတော့ မထင်ဘူး” ဟွားဝူတောက်လည်း အခန်းထဲမှ ထွက်သွားလေသည်။
ဤတစ်ကြိမ် မည်သူကမှ သူ့ကို မတားကြပေ။
အကြီးအကဲသုံးယောက် ထွက်သွားပြီးသည့်နောက်တွင် တခြားလူများက မျက်လုံး ဝှေ့ကြည့်လိုက်ကြသည်။
“ရှစ်စွင်းက လုပ်နိုင်ပါတယ်လို့ပြောပါတယ်” ရှောင်ယွမ်အာက ပြောလိုက်သည်။
ကျောင်းယွဲ့က ခေါင်းညိတ်ကာ “ကောင်းပြီ … သူမကို အေးဆေးနားပါစေ”
အခြားလူများလည်း အခန်းမှ ထွက်လာလိုက်ကြသည်။
………….
ထိုစဉ်
လုကျိုးက အရှေ့ဘက်မျှော်နန်းဆောင်ဆီ ပြန်မသွားပေ။ သူက တောင်အနောက်ဘက်မှ တောအုပ်အတွင်း သွားလိုက်၏။ သူက ခြောက်သွေ့နေသည့် သစ်ပင်ကို တွေ့သည့်အချိန် နောက်ဆုံး အတွေ့အကြုံကို အမှတ်ရလိုက်သည်။
သူက လက်ကို အသာမြှောက်ကာ ….
ကောင်းကင်ကျမ်း၏ စာသားများ စွမ်းအားက သူ့စိတ်ထဲ ထွက်ပေါ်လာသည်။
လှုပ်ရှားစရာ မလိုဘဲ နေရာများစွာအထိ သွားကာ အကျိုးမြတ်ကို ရလဒ်အဖြစ် ခူးဆွတ်လိုက်သည်။
သူ့လက်ဝါးတွင် အပြာဖျော့ဖျော့ အလင်းရောင်လေးနှင့် အပြာရောင်ကြာပွင့်ငယ်လေး ပေါ်ထွက်လာသည်။
လုကျိုးက ထူးခြားအံ့ဖွယ် စွမ်းအား ထွက်ပေါ်မှုကို ဖိနှိပ်ထားသည်။ သူက လက်ဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရင်း ဖြည်းဖြည်းချင်းစီ ထွက်အောင် လုပ်လိုက်သည်။
သူ့လက်ဝါးမှ အပြာရောင်ကြာပွင့်လေး ထွက်လာပြီး ခြောက်သွေ့နေသည့် သစ်ပင်ဆီ ရောက်ရှိသွားသည်။ ထို့နောက် ခြောက်သွေ့နေသည့် သစ်ပင်က သိသိသာသာ အသက်ပြန်ရှင်လာသည်။ အရွက်များ၊ ပန်းမာန်များဖြင့် စိမ်းလန်းလာသည်။ သူက အံ့ဖွယ်စွမ်းအားကို ဖြည်းဖြည်းစီ သုံးနေသည့်အတွက် သစ်ပင်က မရပ်တန့်ခင် အနည်းငယ်သာ ကြီးထွားလိုက်သည်။
ဤသည်က လုကျိုး၏ အတွေးကို အတည်ပြုပေးလိုက်သည်။