← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇) ဆေးရည်၏လျှို့ဝှက်ချက်

တနည်းအားဖြင့် စတုတ္ထမြောက်ကောင်းကင်ကျမ်းစာစွမ်းအားက ကုသရေးစွမ်းအားပဲဖြစ်သည်။ သို့သော် သာမန်ကုသခြင်းနည်းလမ်းများနှင့်ယှဉ်လျှင်ပိုထိရောက်ပြီး ပိုပြီးအားဖြည့်ပေးနိုင်၏။

လုကျိုးသည် သူ၏ခန့်မှန်းချက်ကိုအတည်ပြုပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

ဟုတ်ပြီ ... နောက်ထပ်ကောင်းကင်ကျမ်းစာ စွမ်းအားတွေထပ်ရှိဦးမလား။ လုကျိုးက သူ့ဖာသာသူ တွေးပြီး ပုရပိုက်ဟောင်းကိုကြည့်ရန်အရှေ့ဖက်မျှော်နန်းသို့ပြန်လိုက်တော့၏။

သူသည် ပုရပိုက်ပုံကြမ်းကိုမြင်တွေ့ချိန်၌ သူသည် မြေပုံပေါ်၌ စီရင်စုကိုးခုကိုရှာတွေ့သွားသောအခါ ထိတ်လန့်သွားလေ၏။

အနောက်တောင်ဘက်ရှိ ယီခရိုင်၊ အရှေ့ဖက်ရှိ ချင်နှင့်ယန်စီရင်စု၊ မြောက်ဖက်ရှိ ကျိနှင့်ယန်စီရင်စု၊ အနောက်မြောက်ရှိယုံစီရင်စု၊ အနောက်အရပ်ရှိလျန့်စီရင်စု၊ ဗဟိုဧရိယာရှိ ယွီနှင့်ကျင်းစီရင်စုတို့ ဖြစ်သည်။ တာ့ယန်၏စီရင်စုကိုးခု၏မြေပုံက ယခုသူ့ရှေ့တွင်ရှိနေပြီဖြစ်သည်။

အမ်း ... ဒါက စီရင်စုကိုးခုမှာ တကွဲတပြားဆီရှိနေတဲ့ ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်ရဲ့သဲလွန်စလား။

စီရင်စုကိုးခုဖြန့်ကျက်ထားသည့်ဧရိယာက ကြီးမားလွန်းလှသည်။ လုကျိုး၌ ရထားလုံးပျံသို့မဟုတ် ပိအန်းကဲ့သို့ စီးတော်သားရဲရှိမနေလျှင် စီရင်စုကိုးခုဆီသွားခြင်းထက် ကောင်းကင်ကို တက်လှမ်းရသည်က ပိုလွယ်ပေမည်။

လုကျိုးသည် လူသားများနေထိုင်ရာအရပ်တွင် ပိတ်မိနေလျှင် ပြဿနာများစွာ ကြုံတွေ့ရမှာ မဟုတ်ပေ။ သို့သော်ငြား သူသည် တောအုပ်များနှင့် သဲကန္တာရကဲ့သို့ လူသူမနေထိုင်သည့်နေရာသို့ ခြေချမိသည်နှင့် အန္တရာယ်များမှာသေချာသည်။ ယွီရှန်းရုန်၏ ကျင့်ကြံဆင့်ဖြင့်တောင် သူ့အဖို့သူ့ဓားနှင့် ဝူရှန်းတောင်ပေါ်သို့ရောက်ရန်အချိန်အတော်ကြာယူရသည်။

ပုံကြမ်း၏ကျန်သည့်နေရာများက ဗလာဖြစ်နေသေးသည်။

သို့သော် မြေပြင်အနေအထားအရ လုကျိုးသည် ရုန်ရှီက အနောက်အရပ်တွင်ရှိပြီး ယုံပေ့က မြောက်အရပ်တွင်ရှိကြောင်းပြောနိုင်၏။ ယင်းတို့က ကျန်သည့်မျိုးနွယ်များ၏မြေပဲဖြစ်သည်။

ပုရပိုက်ပုံကြမ်းသည် လုကျိုးရှေ့၌ ပျံဝဲနေစဉ် သူက ၎င်းကိုဆက်လက်လေ့လာလိုက်သည်။ သူ ထင်ထားသည်ထင်ပိုကြီးမား၏။ စားပွဲက၎င်းအတွက်ဆန့်ရုံလောက်သာရှိသည်။ ဗလာဖြစ်နေသည့် အပိုင်းများစွာကို မြင်ချိန်၌ သူမျက်မှောင်ကျုံ့မိသွား၏။ "ဒီနေရာက ဘာတွေလဲ” ကျိထျန်းတောက်ကတောင် ရုန်ရှီနှင့်ယုံပေ့ကိုသာသွားခဲ့ဖူး၏။ အချိန်အများစု၌ သူသည် တာ့ယန်၌ ရှိနေခဲ့သည်။ ကျိထျန်းတောက်သည် ရုန်ရှီနှင့်ယုံပေ့ကိုကျော်လွန်ပြီးနေရာများများစားစားမသိပေ။

ခဏကြာပြီးနောက် လုကျိုးသည် ပုရပိုက်ပုံကြမ်းဟောင်းကို ပြန်ချပြီး ထပ်မကြည့်တော့ပေ။ စီးဝူယာ့၏စကားများကို တွေးလျက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။

"အဲဒီလူရဲ့စိတ်နေ သဘောထားနဲ့ယုံကြည်လို့မရဘူး”

“အပြင်မှာ တယောက်ယောက်ရှိလား”

ဝှစ် ...

အရှေ့ဘက်မျှော်နန်းအပြင်ဖက်၌ လူရိပ်တစ်ခုပေါ်လာသည်။

“အမိန့်ရှိပါ ရှစ်စွင်း" ရှောင်ယွမ်အာဖြစ်နေသည်။

“မင်ရှစ်ရင်ကို စာတစ်စောင်ပို့လိုက် ... မဟူရာကွန်ယက်အကြောင်း သူ့ကို စုံစမ်းခိုင်းလိုက်”

လုကျိုးက ပြောလိုက်၏။

“ဪ ဒါပေမဲ့ တပည့်တို့တွေက မဟူရာကွန်ယက်အဖွဲ့ဝင်တွေကို ဘယ်လိုရှာမှာလဲ”

ရှောင်ယွမ်အာက ပြောပြီးခေါင်းကုတ်လိုက်သည်။

“ပြန်လည်သုံးသပ်ရေးဂူ”

“နားလည်ပါပြီ” ရှောင်ယွမ်အာက လှည့်ထွက်သွားတော့၏။

ထိုစဉ် သွမ့်လင်းအခွဲရှိ ကျောင်းတော်သားဂူရှေ့တွင်ဖြစ်သည်။

သွမ့်လင်းအခွဲတပည့်များစွာက ဂူဝင်ပေါက်၌ အရိုအသေပေးနေ၏။ သူတို့က မိုးခြိမ်းသံတမျှ ကျယ်လောင်လှသောအသံဖြင့်ပြောလိုက်သည်။ “တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အတွက် ဝမ်းသာပါတယ် ဂိုဏ်းချုပ်”

ဝှစ်

ကျောက်တံခါး ပွင့်သွားပြီးနောက် ကျောင်းတော်သားဂူထဲကနေ အဘိုးအိုတစ်ဦး ထွက်လာလေ၏။ သူက စွမ်းအင်များ ပြည့်နေပုံမပေါ်။ အမှန်တကယ်တွင် သူက အားအင်ကုန်ခန်းနေပုံပေါ်၏။ သို့သော်ငြား သူ၏အကြည့်က စူးရှနေသည်။ သူ၏အဆင့်အတန်းနှင့်ဂုဏ်သရေကို မည်သူမျှ သံသယမဖြစ် ... ထိုလူက သွမ့်လင်းအခွဲ၏ဂိုဏ်းချုပ် ချန်းယန်ပဲဖြစ်၏။

“ငါ ချန်ကျန်းအကြောင်း သိတယ်”

ထိုစဉ် ပထမဆုံးတပည့်ရှောက်ကျင်းဟန်သည် ရှေ့တစ်လှမ်းတိုးပြီးနောက် သုန်မှုန်စွာပြောလိုက်၏။

“ဂိုဏ်းချုပ် မိစ္ဆာဝေဟင်မျှော်နန်းက လွန်လွန်းသွားပြီ။ ဓားနတ်ဆိုးယွီရှန်းရုန်က ကောင်းကင်ကျွန်းကို ကျော်ပြီး ဂိုဏ်းခေါင်းဆောင်ကို သတ်သွားပါတယ်။ ဒါ့အပြင် အဇာဋာအကျော်အမော်များဂိုဏ်းရဲ့ ဟုန်ချူအခွဲရဲ့ မဟာအကြီးအကဲ၊ ကောင်းကင်ကံကြမ္မာဘုရားကျောင်းရဲ့ကျောင်းထိုင်နဲ့ တခြားသူတွေလည်း ယွီရှန်းရုန်သတ်တာခံလိုက်ရပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်း ဖျက်ဆီးခြင်း မခံရသရွေ့ ကျွန်တော်တို့တွေလည်းဘယ်တော့မှ ငြိမ်ငြိမ်နေရမှာမဟုတ်ပါဘူး။ ဒါကြောင့် ရွေးချယ်စရာမရှိဘဲ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခိုင်းမိတာပါ”

ချန်းယန်သည် ကျန်သည့်သူများကို ကြည့်ပြီးမေးလိုက်တော့၏။ “မိစ္ဆာဝေဟင်မျှော်နန်းလား။ လူဆိုးကြီးကျိက မသေသေးဘူးလား”

ရှောက်ကျင်းဟန်က လတ်တလောဖြစ်ပျက်သမျှကိစ္စရပ်များကို ချန်းယန်အားပြောပြလိုက်၏။ သူသည် ယွီရှန်းရုန်သည် ကျန့်ယွမ်ရှန်းကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကြောင်းနှင့် ရွှေနန်းဥယျာဉ်တောင်၏ တစ်ဝက်နီးပါးအပင်များ ညှိုးရော်သွားကြောင်းကိုပြောခဲ့သည်။

ရှောက်ကျင်းဟန်၏စကားများကိုကြားပြီး ချန်ယန်းက မျက်မှောင်အနည်းငယ်ကျုံ့ပြီး ပြောလိုက်တော့၏။

“မိစ္ဆာကြီးကျိရဲ့ မဟာအကန့်အသတ်ကနီးနေပြီ သူ့ရဲ့ အထွတ်အထိပ်ကျင့်ကြံဆင့်ကို ဘယ်လိုများထိန်းထားနိုင်တာလဲ”

“ဂိုဏ်းချုပ်ကြီးရဲ့စကားကိုအကြောင်းပြန်ပါတယ် .... မိစ္ဆာကြီးကျိက ရွှေနန်းဥယျာဉ်တောင်ရဲ့ အရံအတားကို စုပ်ယူပြီးသူ့ရဲ့ခွန်အားကိုထိန်းထားတာပါ။ လက်ရှိအရံအတားမရှိတော့ဘူး။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ဂိုဏ်းခုနစ်ခုက မိစ္ဆာသုတ်သင်ရေးမဟာမိတ်တစ်ခု ဖွဲ့ထားပါတယ်။ ကျွန်တော်တို့တွေ ပြင်ဆင်မှု လုပ်ထားသရွေ့ ရွှေနန်းဥယျာဉ်တောင်ကို ဖြေရှင်းဖို့ အခွင့်အရေးကောင်းတစ်ခု ရှိမှာပါ” ရှောက်ကျင်းဟန်က ပြောလိုက်၏။

ချန်းယန်က ခေါင်းခါကာ ပြောလိုက်တော့သည်။ “ဂိုဏ်းကြီးဆယ်ဂိုဏ်းက ရွှေနန်းဥယျာဉ်တောင်ကို ဝိုင်းတိုက်ခိုက်ပြီး နှစ်ကြိမ်ကျရှုံးခဲ့တယ်လို့ ငါ ကြားတယ်”

“ဂိုဏ်းချုပ်ကြီး သူတို့ပထမဆုံးနှစ်ခေါက်ကြိုးပမ်းမှုမှာ မှားယွင်းတွက်ချက်မိတာပါ။ ဒီတစ်ခေါက် မဟာမိတ်က သူတို့အချိန်ယူပြီးပြင်ဆင်နေပါပြီ။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပြီး ကျင့်ကြံခြင်းလောကထဲမှာ ခြေကုပ်ရယူဖို့ ကြိုးစားသင့်ပါတယ်”

ရှောက်ကျင်းဟန်က ပြော၏။ ဂိုဏ်းချုပ်ကြီး မလှုပ်ရှားတာကို မြင်သောအခါ သူကပြောလိုက်၏။

"မဟုတ်ရင် ကျွန်တော်တို့တွေ ဂိုဏ်းချုပ်ရဲ့သေခြင်းတရားအတွက် လက်စားမချေဘဲ နေရတော့မှာလား”

ရှောက်ကျင်းဟန်စကား၏နောက်ဆုံးအပိုင်းသည် ချန်းယန်၏အတွေးများနှင့် တူသည်။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း .... ယင်းက ရှေးယခင်ကာလတည်းက ကမ္ဘာကြီး၏နည်းလမ်းပဲဖြစ်သည်။

ချန်ယန်းသည် အတိတ်တုန်းကဖြစ်ပျက်ခဲ့သမျှကို လျစ်လျူရှုထားနိုင်၏။ သို့သော် ကျင့်ကြံခြင်းလောက၌ ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းရှိသည်။ ရှင်သန်ရန်အတွက် အကိုက်ညီဆုံးနည်းလမ်းက အမြဲတမ်းရှိနေ၏။ သို့သော် သူ မည်သည်ကို တတ်နိုင်မည်နည်း။

ချန်းယန်က သက်ပြင်းသဲ့သဲ့ချလျက်ပြောလိုက်၏။

"ငါ့ရဲ့ကျင့်ကြံဆင့်က ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အထိ ယိုယွင်းနေပြီးပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေက ပါရမီမြင့်တယ်။ သူတို့ကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ”

“ဂိုဏ်းချုပ်ကြီး ဒါကိုကြည့်သင့်ပါတယ်” ရှောက်ကျင်းဟန်က လက်ဝေ့ယမ်းလိုက်၏။

တပည့်နှစ်ယောက်သည် လူအုပ်ကြီး၏နောက်ကနေ တစ်စုံတစ်ခုကို သယ်လာ၏။ ယင်းကို အနီရောင်အဝတ်ဖြင့် ကာထားသည်။

ရှောက်ကျင်းဟန်က အကာကို ဖယ်လိုက်၏။ ဂိုဏ်းချုပ်ကြီးရှေ့မှောက်၌ ဆေးရည်များရှိနေသည်။

“ဒါဘာတွေလည်း” ချန်းယန်က မျက်မှောင်ကျုံ့သွားတော့သည်။

“ကမ္ဘာဦးမိစ္ဆာဆေးရည်တွေပါ”

“….”

ချန်ယန်းတစ်ဦးတည်းသာ ထိတ်လန့်သွားတာဖြစ်၏။ ကျန်သည့်သူများက တည်ငြိမ်နေပုံပေါ်သည်။

ကမ္ဘာဦးမိစ္ဆာဆေးရည်သည် ကျင့်ကြံခြင်းလောကထဲ၌ တားမြစ်ထားသည့်အရာဖြစ်၏။ ထိုဆေးရည်ကို သုံးစွဲခြင်းဖြင့် လူတစ်ယောက်၏ကျင့်ကြံဆင့်ကို အထွတ်အထိပ်ထိ မြှင့်တင်နိုင်သော်ငြား နောက်ဆက်တွဲက ပြင်းထန်လှသည်။ စိတ်ခွန်အား အားနည်းသည့်သူများသည် ဆေးရည်ကြောင့် လှည့်စားခံရပြီး ဆင်ခြင်နိုင်စွမ်းအားနည်းကာ စိတ်ရူးပေါက်သွားလျက် အကြမ်းပတမ်း သတ်ဖြတ်တော့၏။ ဆေးရည်ကိုသုံးစွဲပြီးနောက် အသုံးပြုသူသည် အင်မတန် မောပန်းနွမ်းနယ်သည့် အတွေ့အကြုံကို ရရှိလိမ့်မည်။ သူ၏ကျင့်ကြံဆင့်က လျော့ကျသွားနိုင်ခြေလည်း ရှိ၏။ ဘေးထွက်ဆိုးကျိုးသည် လျစ်လျူရှုနိုင်ဖို့ရာ ကြီးမားလွန်းနေ၏။

ချန်းယန်သည် ကမ္ဘာဦးမိစ္ဆာဆေးရည်ကို ရှုပ်ထွေးသောအကြည့်များဖြင့် စိုက်ကြည့်လိုက်၏။ သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်တော့သည်။

“ရာရာစစ” … ဒါက သူ့ကို အသက်စွန့်ဖို့ ပြောနေတာပဲ မဟုတ်ဘူးလား။

ရှောက်ကျင်းဟန်က ချက်ချင်း ဒူးထောက်လိုက်တော့သည်။ ကျန်သည့်တပည့်များကလည်း မြေပြင်ပေါ် ဒူးထောက်လိုက်ကြသည်။

“ဂိုဏ်းချုပ်ကြီး ... ကျွန်တော်တို့မှာ တခြားရွေးစရာမရှိပါဘူး။ ဘယ်လိုအပြစ်ပေးမှုကိုမဆို လက်ခံဖို့လိုလားပါတယ်။ ဂိုဏ်းထဲက ဂိုဏ်းချုပ်ကြီးရဲ့တပည့်တွေအတွက် ကျေးဇူးပြုပြီး စဉ်းစားပေးပါ” ရှောက်ကျင်းဟန်သည် မြေပြင်ပေါ် သုံးကြိမ်သုံးခါတိုင်တိုင် ဦးတိုက်လိုက်၏။ ဦးတိုက်သံ သုံးသံက လေထဲပေါ်ထွက်လာသည်။

ကျန်သည့်သူများကလည်း ကန်တော့လိုက်ကြသည်။

တပည့်ပေါင်းရာချီ တပြိုင်နက်တည်း ဦးတိုက်နေသောမြင်ကွင်းက အထင်ကြီးစရာကောင်းလှပေ၏။ လေထဲမြည်သံများ ပေါ်ထွက်လာသည်။

ချန်းယန်၏ ရင့်ရော်နေသောမျက်နှာက ရှုံ့တွသွား၏။ သူ၏အတွေးများရှုပ်ထွေးကုန်သည်။ အမှန်တကယ်ပင် သူ၏မဟာအကန့်အသတ်က လျင်မြန်စွာချဉ်းကပ်လာနေ၏။ သူသည် ကျောင်းတော်သားဂူထဲ၌ သူ၏နေ့ရက်များကို ငြိမ်းချမ်းစွာကုန်ဆုံးနေသင့်သည်။ သူ၏ကိုယ်ပိုင်ကျန်းမာရေးကို ထိန်းလျက် ခမ်းနားသော ရိုးရာဓလေ့ဖြင့် မြှုပ်နှံခံရမည့်နေ့ကို စောင့်နေရမှာပဲဖြစ်သည်။ ပြီးနောက်သူက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ဤဘဝကြီးကနေ လွတ်မြောက်သွားလိမ့်မည်။ သို့သော် ချန်းကျန်း၏သေခြင်းတရားကြောင့် သူ မငြိမ်းချမ်းနိုင်တော့ပေ။

ချန်းယန်က ရှောက်ကျန်းဟန်ဆိုလိုတာကို နားလည်သည်။ လူတိုင်းက သေရမည်။ သူ၏မဟာအကန့်အသတ်က နီးလာနေပြီဖြစ်၏။ သူမသေခင်ထိုအခွင့်အရေးကိုသုံးပြီး သူတို့အတွက် ကောာင်းချီးတစ်ခု အဘယ်ကြောင့်မချီးမြှင့်ပဲနေရမည်နည်း။ အမှန်တကယ်တွင် ချန်းကျန်း သေဆုံးကြောင်း သိသွားချိန်၌ ထိုအတွေးက သူ့စိတ်ထဲပေါ်လာသည်။ သို့သော် ဆုံးဖြတ်ချက်ချရန် စွမ်းအားမရှိခဲ့ချေ။ သူက အကြပ်ရိုက်နေပြီး သူ၏ဒူးထောက်ကန်တော့နေသော တပည့်များကိုကြည့်နေမိ၏။ နောက်ဆုံးတွင် နက်ရှိုင်းသော လေသံဖြင့်ပြောလိုက်သည်။

“လုံလောက်ပြီ”

လူတိုင်းက ချက်ချင်းရပ်တန့်လိုက်၏။

ချန်းယန်က လက်ဝှေ့ယမ်းလိုက်တော့သည်။ သူ့လက်ထဲသို့ဆေးရည်တစ်ပုလင်းက ရောက်လာသည်။

“ငါ မင်းတို့ပြောတာကိုစဉ်းစားမယ် ဒါပေမဲ့ ....” သူက ဆက်မပြောတော့ဘဲ ခဏရပ်လိုက်၏။

“ငါတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို သုတ်သင်တဲ့နေရာမှာ ဂရုစိုက်ရမယ်။ ပြောရရင် သွမ့်လင်းအခွဲက အဓိကဂိုဏ်းတွေနဲ့ မယှဉ်နိုင်ဘူး”

ရှောက်ကျင်းဟန်က အပျော်လွန်သွား၏။ သူကပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ကြီး ... မိစ္ဆာသုတ်သင်ရေးမဟာမိတ်က ကျွန်တော်တို့အောင်မြင်ဖို့အာမခံနိုင်တဲ့ အစီအစဉ်တစ်ခု တွက်ချက်ပြီးသွားပြီ။ ကျွန်တော်တို့လုပ်ဖို့လိုတာ သူတို့နဲ့ပူးပေါင်းဖို့ပါပဲ။ အချိန်ကျလာရင် ကမ္ဘာဦးမိစ္ဆာဆေးရည်ကိုတောင် မလိုတော့တာဖြစ်နိုင်တယ်”

ချန်းယန်က ရှောက်ကျင်းဟန်ကို တချက်ကြည့်လိုက်၏။ တစ်ခွန်းမှထပ်မပြောဘဲ အင်္ကျီလက်ကို အသာဝေ့လျက်ဂူထဲသို့ပြန်ဝင်သွားသည်။

“ဂရုစိုက်ပါ ဂိုဏ်းချုပ်ကြီး”

….

အခန်း(၄၂၈)

စုတ်ပြဲခြင်း

ချန်းယန်က ဂူဆီ ပြန်ရောက်လာသည်။

သွမ့်လင်းအဖွဲ့ခွဲ၏ တပည့်များက ထရပ်လိုက်ကြသည်။

ပထမတပည့် ရှောက်ကျင်းဟန်က ယခု အဖွဲ့ခွဲ၏ စီမံမှုကို တာဝန်ယူထားရလေပြီ။ အကြီးအကဲများက တံခါးပိတ် ကျင့်ကြံနေစဉ် သူက တာဝန်ယူရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

“အာ့ရှစ်ရှိုး … ကျွန်တော်တို့ ဂိုဏ်းခေါင်းဆောင်ကို ရွှေကြာဖြတ်တောက်တဲ့ သဘောတရားအကြောင်း လှမ်းအကြောင်းကြားသင့်တယ်မလား” တစ်ယောက်က မေးလိုက်သည်။

ရှောက်ကျင်းဟန်က ခေါင်းခါလိုက်ရင်း “ တကယ်လို့ ငါတို့တွေ ပြောပြရင်တောင် ငါတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ရင်ဆိုင်ပြီးမှပဲ လုပ်နိင်လိမ့်မယ် … ခေါင်းဆောင်ရဲ့ ကန့်သတ်ချက်က နီးကပ်လာပြီဆိုတော့ ရွှေကြာကို ဖြတ်တောက်လိုက်တာက သူ့သေခြင်းတရားကို ပိုစောသွားစေနိုင်တယ်။ ယခုအထိ ရှင်လာဖို့ကို သွမ့်လင်းအဖွဲ့ခွဲက အတော်လေး လုပ်ပေးခဲ့ရတယ်”

ရှောက်ကျင်းဟန်ရှေ့ ရပ်နေသည့် ပင်မတပည့်က ခေါင်းညိတ်လိုက်သည်။

ရှောက်ကျင်းဟန်က ဆက်ပြောလိုက်သည် “ ပြီးတော့ သွမ့်လင်းအဖွဲ့ခွဲက တပည့်တွေကိုလည်း သူတို့ရွှေကြာဖြတ်တောက်ဖို့ ခွင့်မပြုဘူး။ ဒါက ငါတို့ ကျင့်ကြံရေးလောကထဲ ပြန်လည်ရပ်တည်နိုင်ဖို့ အခွင့်အရေး ဖြစ်နေနိုင်တယ်”

…………

ညဘက်တွင်

မိစ္ဆာဝေဟင်မျှော်နန်းအတွင်း အရာအားလုံး တိတ်ဆိတ်နေသည်။

မြောက်ဘက် မျှော်နန်းဆောင်အောက် တောင်တစ်ဝက်တွင် ရှိသည့် တောင်စောင်းကျောက်တုံးပေါ်တွင် အကြီးအကဲသုံးယောက်က လမင်းကို မော့ကြည့်နေကြသည်။

“ မျှော်နန်းသခင်က ဘယ်လိုလုပ်နိုင်ခဲ့မှန်း ငါ တကယ် နားမလည်သေးဘူး … စွမ်းအင်ဓားထဲမှာ အဆောင်ကျိန်စာ ပါဝင်နေတာလေ။ အဇဋာအကျော်အမော်များ ဂိုဏ်းက ပညာရှင်တောင် အဲဒီကျိန်စာကို ဖယ်ရှားဖို့ အခက်တွေ့လိမ့်မယ်” ဖန်လီထန်းက ပြောရင်း ကျောက်တုံးကို မှီလိုက်သည်။

ဟွားဝူတောက်ကလည်း ပြောလိုက်၏။

“အကြီးအကဲဖန် နားမလည်ရင် ကျုပ် ဘယ်လိုလုပ် နားလည်ပါ့မလဲ။ ကျုပ် ယုံနဉ်မင်းသမီးရဲ့ ချီသွေးကြောရှစ်ခုအထိ ထပ်ကာထပ်ကာ စစ်ဆေးထားတာ။ သူမရဲ့ ပျက်စီးသွားတဲ့ ချီသွေးကြောတွေကတောင် မှော်ဆန်ဆန် ပြန်ကောင်းသွားပြီ”

နှစ်ယောက်သားက ငွေရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် လန်လော့ကို ကြည့်လိုက်သည်။

လန်လော့က လရောင်ကို ကြည့်ကာ လက်နောက်ပစ်ရင်း “ ကျုပ်က မျှော်နန်းသခင်လောက် အသက်မကြီးသေးဘူးဆိုပေမဲ့ ကိုယ့်ဘာသာ ဗဟုသုတပြည့်စုံတယ်လို့ ထင်တယ်။ ဒါပေမဲ့ အရင်တုန်းက ဒီလိုထူးခြားတဲ့ နည်းလမ်းမျိုး တစ်ခါမှ မမြင်ဖူးဘူး”

“လောင်လန် … မင်းက ဒဏ်ရာအပြင်းအထန် ရထားပြီးတော့ ကိုယ့်ဘာသာ ဖောက်ခွဲခဲ့တာတောင် အသက်ဆက်ရှင်ခဲ့တာ မဟုတ်ဘူးလား” ဖန်လီထန်းက မေးလိုက်သည်။

လန်လော့က သူ့အား စိုက်ကြည့်လိုက်၏။

ဖန်လီထန်းက လန်လော့အား ဆက်စနောက်ဖို့ မလုပ်တော့ဘဲ ပြောလိုက်သည်။

“မျှော်နန်းသခင်က ငါတို့ဆီကနေ သူ့အင်အားကို ဝှက်ထားတယ် ထင်လား”

ဟွားဝူတောက်က ခေါင်းခါလိုက်ကာ “အပေါ်ယံမှာတော့ မျှော်နန်းသခင်ရဲ့ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ရဲ့ တာအိုအသွင်ပြောင်းအဆင့် ရှိနေပေမဲ့ သူက ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ်မှာ ရှိနေတုန်းလို့ ကျုပ် ထင်တယ် ”

“အမှန်ပဲ … မျှော်နန်းသခင်ရဲ့ စွမ်းအားက နက်နဲလွန်းတယ်။ ဒါပေမဲ့ မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီးသားလို့ မတွေးဘဲနဲ့ကို မနေနိုင်ဘူး” ဖန်လီထန်းက ရယ်မောရင်း ပြောလိုက်သည်။

လန်လော့နှင့် ဟွားဝူတောက်တို့က ဖန်လီထန်းအား တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံးက ထိုအတွေးမျိုး တွေးမိနေသည်မှာ ကြာလှပြီဖြစ်၏။ သို့သော်လည်း သူတို့က စိတ်ရှုပ်ထွေးနေကြသည်။

မျှော်နန်းသခင်က မိစ္ဆာဝေဟင်မျှော်နန်းကို ဆန့်ကျင်နေတဲ့ အင်အားစုအားလုံကို ရင်ဆိုင်မဲ့အစား နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ပဲ ရှိသေးတယ်လို့ ဘာလို့ ဟန်ဆောင်နေရတာလဲ …

သူက အဲဒီအင်အားစုတွေ ကြီးထွားလာဖို့တောင် ခွင့်ပြုပေးထားတော့ အခု အဲဒီအင်အားစုတွေ မိစ္ဆာသုတ်သင်ရေးမဟာမိတ်ဆိုပြီး ဖွဲ့ထားကြပြီလေ

“ပွင့်ချပ်ကိုးလွှာလား … မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ မျှော်နန်းသခင်က ရွှေကြာဖြတ်တောက်တဲ့ နည်းလမ်းကို မျှဝေပေးထားတာဆိုတော့ သူလည်း ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ နည်းလမ်းရှာနေတုန်းဆိုတာ ပြနေတာပဲ”

“မင်း ပြောတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ယုံနဉ်မင်းသမီးအဖြစ်အပျက်ကို ဘယ်လိုရှင်းပြမှာလဲ” ဖန်လီထန်းက မေးလိုက်သည်။

လန်လော့က ဖန်လီထန်းကို ကြည့်လိုက်ပြီးနောက် အသာပျံသန်းသွားလိုက်သည်။ သူက လက်နောက်ပစ်ကာ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပျံသန်းသွားလေ၏။ သူ့စကားများကို ချန်ထားခဲ့သည် “ငါ အကြောင်းအရင်းကို သိရင်တောင် မင်းကို မပြောပြဘူး ”

“အကြီးအကဲဟွား မင်းရော ဘယ်လိုလဲ” ဖန်လီထန်းက ဟွားဝူတောက်ကို ကြည့်လာသည်။

“ စိတ်မပူနဲ့ … ငါက မင်းထက် အသက်ကြီးပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ မင်းတစ်ယောက်တည်းကပဲ စကားပြောလို့ သက်တောင့်သက်သာအဖြစ်ဆုံးပဲ”

ဟွားဝူတောက်က အနည်းငယ် အံ့အားသင့်သွားသည်။

ဒါက ဘာလို့ ခြိမ်းခြောက်မှုနဲ့ တူနေပါ့လိမ့် …

သူလည်း ထရပ်ကာ ပြောလိုက်သည်။

“ကျုပ်လည်း လုပ်စရာလေး ရှိသေးလို့။ ဟွားယွဲ့ရှင်းက ပွင့်ချပ်သုံးလွှာအဆင့် တက်ဖို့ လုပ်နေတာဆိုတော့ သူမကို ကြည့်ပေးရဦးမယ်”

“လောင်ဟွား … ဒါက မင်းငယ်ရွယ်မှုရဲ့ မိုက်မဲမှုလား” ဖန်လီထန်းက ရယ်လိုက်သည်။

ဟွားဝူတောက်က ရှက်ရွံ့သွားဟန်ဖြင့် သူ့ခြေထောက်အောက် ပါကွားစက်ဝန်းကို အသက်သွင်းကာ မမြင်နိုင်လောက်သည့် နှုန်းဖြင့် ထွက်သွားလေသည်။

ဖန်လီထန်း တစ်ယောက်တည်းသာ ကျန်နေခဲ့၏။ သူက လမင်းကြီးကို ကြည့်နေရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

“ တကယ်လို့ ငါသာ နှစ်၂၀၀ လောက်ငယ်နေရင် ….”

သူက အောက်မှ အသံကြားလိုက်ရ၍ စကားကို အဆုံးသတ်လိုက်သည်။

ရွပ်

ဖန်လီထန်း၏ အကြည့်က ပြောင်းလဲသွားပြီး ကျောက်တုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း

သူက ပျံသန်းကာ ခက်ထန်စွာ ပြောလိုက်သည်။

“ဒီမြေကို ဘယ်သူ ကျူးကျော်ရဲတာလဲ”

ထို့နောက် သူက လက်စည်းတံဆိပ်ကို အနီးအနားတောအုပ်ဆီ ပစ်လွှတ်လိုက်သည်။

ဘန်း

လက်စည်းတံဆိပ်က တောအုပ်အတွင်း ကျရောက်သွားကာ ပျောက်ကွယ်သွားလေသည်။

အသံများလည်း ရပ်တန့်သွားလေ၏။

“မြန်လိုက်တဲ့ အလျင် ” ဖန်လီထန်းက သစ်ပင်ထိပ်ဖျားဆီ ပျံသန်းသွားလိုက်သည်။ သူက မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။ သူက သူ့ကျင့်ကြံဆင့် အပြည့်အဝ ပြန်မရသေးသည့်အပြင် ပါမာကြောင့် ဒဏ်ရာရထားသော်လည်း သူ့နှာခေါင်းအောက်မှ ကျင့်ကြံသူများ အလွယ်တကူ ထွက်ပြေးနိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ရွပ်

“တွေ့ပြီ” ဖန်လီထန်းက သူ့သေရည်ဘူးသီးခြောက်ကို ထုတ်ကာ ပစ်လိုက်သည်။ သူက တောင်ခြေဆီ လျှပ်စီးလိုအလျင်ဖြင့် ခုန်ဆင်းလာသည်။ သို့သော်လည်း သူ တောင်ခြေကို ရောက်သည့်အခါ ဆက်မလိုက်တော့ဘဲ ရပ်တန့်လိုက်၏။ သူက အတွေ့အကြုံများသည့်လူ ဖြစ်ပေသည်။

“မျှားခေါ်ဖို့ ကြိုးစားနေတာလား … အဲလိုဖြစ်မှာ မဟုတ်ဘူးကွ” ဖန်လီထန်း စကားအဆုံးတွင် သူက မစောင့်ဆိုင်းဘဲ လှည့်ထွက်သွားလေသည်။

ထိုစဉ် လေထဲ အသံတစ်သံ ပျံ့လွင့်လာသည်။

“လောင်ချန်းပေ့ ကျုပ်တို့ စကားစမြည်ပြောရအောင်လား ”

“ဟမ်” ဖန်လီထန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက တောအုပ်ကို လှည့်ကြည့်လာပြီး “မင်းက ဘယ်သူလဲ ”

“ကျုပ်က ကျန့်ချိုက်အဖွဲ့ခွဲက ဖုန်းလျူပါ”ဖုန်းလျူက သစ်ပင်နောက်မှ ထွက်လာသည်။

“ဖုန်းလျူလား”ဖန်လီထန်းက ထိုနာမည်ကို တစ်ခါမှ မကြားဖူးပေ။ သူက မှတ်ဉာဏ်များကို ပြန်လည်စစ်ဆေးပြီးသည့်နောက်တွင်ပင် ထိုလူကို တစ်ခါမှ မကြားဖူသလို မသိခဲ့ဖူးကြောင်း သေချာသွားသည်။

သူက သရော်ပြုံးဖြင့် “ဒါက ရွှေနန်းဥယျာဉ်တောင် … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပိုင်နက်ပဲ။ မင်း တတ်နိုင်သမျှ မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ။ တကယ်လို့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေ လက်ထဲ ဖမ်းမိသွားခဲ့ရင် မင်းဆီ ဘယ်လိုကံကြမ္မာကျရောက်လာလာ ငါ့တာဝန် မဟုတ်ဘူး ”

ဖုန်းလျူက ဦးညွှတ်ကာ “ ကျုပ်ဆရာ ကျန့်ချိုက်အဖွဲ့ခွဲရဲ့ ခေါင်းဆောင် ဖုန်းချင်းဟယ်က လောင်ချန်းပေ့နဲ့ အများကြီးတွေ့ဖူးပါတယ်”

“မင်းက ဖုန်းချင်းဟယ် တပည့်လား”

“ဟုတ်ပါတယ်”

ကျန့်ချိုက်အဖွဲ့ခွဲသည် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ ဖြစ်ခဲ့ဖူးသည်။ ကျင့်မင်တာအိုဂိုဏ်း၏ ရွှေရောင်နေ့ရက်များအတွင်း သူတို့က ဆက်ဆံရေးကောင်းရှိခဲ့ကြ၏။

ဖန်လီထန်းက မြေပြင်ပေါ် ဆင်းလာကာ ဖုန်းလျူအား လေ့လာလိုက်သည် “မင်းက ငါနဲ့ ဘာကိစ္စများ ရှိလို့လဲ ”

ဖုန်းလျူက စရှင်းပြတော့မည့်ဆဲဆဲတွင် ဖန်လီထန်းက ဖြတ်ပြောလိုက်သည်။ “အတိုချုံးပြော …. ငါ့အချိန်က အဖိုးတန်တယ် ”

ဖုန်းလျူက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက ဖြောင့်မတ်ခြင်း လမ်းစဉ်ဂိုဏ်း၏ သဘောတရားများအကြောင်း ပြောကာ ကျင့်မင်တာအိုဂိုဏ်းသည် ယွီကျန့်ဟိုင်၏ လက်ချက်ဖြင့် ပျက်စီးသွားကြောင်း ပြောဖို့ ပြင်ဆင်ထားခဲ့သည်။

ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဖြစ်၍ ဖန်လီထန်းက သူ့ရန်သူများနှင့်အတူတကွ နေထိုင်နေခြင်း ဖြစ်လေသည်။ သူက ဖန်လီထန်းသည် သူ့အား အခွင့်အရေးမပေးဘဲ နေလိမ့်မည်ဟု မထင်ထားမိပေ။

သူက စိတ်ပြန်ထိန်းကာ ပြောလိုက်သည် “လောင်ချန်းပေ့ ဖြောင့်မတ်ခြင်းလမ်းစဉ်ဂိုဏ်းက မိစ္ဆာသုတ်သင်ရေး မဟာမိတ်ကို ဖွဲ့စည်းထားပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဖျက်ဆီးခံရမှာ အနှေးနဲ့ အမြန်ပါပဲ ”

ဝှစ်

ဖန်လီထန်းက ရုတ်ခြည်းဆိုသလို သေရည်ဘူးသီးခြောက်ဖြင့် ကောက်ပစ်လိုက်သည်။ ထိုအရာက ရွှေရောင်တောက်ပလာလေ၏။

ဖုန်းလျူက လက်နှစ်ဖက်ဖြင့် တားဆီးလိုက်ရသည်။

ဘန်း

ဖုန်းလျူက ခြေပြန်မထိန်းနိုင်ခင် နောက်သုံးလှမ်းဆုတ်လိုက်ရသည် “လောင်ချန်းပေ့က အရင်ကလို အားကောင်းနေတုန်းပဲ။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်လည်း ပြန်ကောင်းသွားပြီကိုး … ဒါပေမဲ့ ခင်ဗျားရဲ့ အတွင်းဒဏ်က ပြင်းထန်နေတုန်းပဲ”

ဖန်လီထန်းက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက ဖုန်းချင်းဟယ်၏ တပည့်တွင် နက်နဲသည့် ကျင့်ကြံဆင့်မျိုး ရှိလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သို့သော်လည်း သူ့အမူအရာက အပြောင်းအလဲမရှိပေ။

“ ငါနဲ့ မိစ္ဆာဝေဟင်မျှော်နန်းကြား လာရန်တိုက်တာလား ”

“မိစ္ဆာလမ်းစဉ်က ရက်စက်တယ်။ သုတ်သင်ခံရဖို့ ထိုက်တန်တယ်။ ယွီကျန့်ဟိုင်က စီရင်စုကိုးခုလုံးမှာ သောင်းကြမ်းနေပြီးတော့ လူတွေက အခက်အခဲတွေ ကြုံတွေ့နေရတယ်။ လောင်ချန်းပေ့ …”

“မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်” ဖန်လီထန်းက ပြောလိုက်သည်။

“ကောင်းပြီ … ကျုပ် တောင်းဆိုချင်တာက ခင်ဗျား ကတိကို ဖြည့်ဆည်းဖို့ပါပဲ။ လောင်ချန်းပေ့ …. ကျုပ်ဆရာက ကျင့်မင်တာအိုဂိုဏ်းကို ကူညီပေးခဲ့တာကိုတွေကို မှတ်မိဦးမယ် ထင်ပါတယ်” ဖုန်းလျူက ပြောလိုက်သည်။

ဖန်လီထန်းက တိတ်ဆိတ်လျက်သာ ရှိနေသည်။

ဖုန်းလျူက ဦးညွှတ်ကာ “အမှန်အတိုင်းပြောရရင် ဖုန်းပင်းက ကျုပ်အမြွှာညီငယ်လေးပါ။ သူက လျန့်စီရင်စုထဲ မိစ္ဆာအိုကြီးကျိနဲ့ ဆုံပြီးတော့ ကျင့်ကြံဆင့် ပျောက်သွားခဲ့တယ်။ သူက အခုအမှိုက်လို ဖြစ်နေပြီ။ ကျုပ် တောင်းဆိုချက်က မလွန်ပါဘူး။ မိစ္ဆာဝေဟင်မျှော်နန်း တပည့်တွေထဲက တစ်ယောက်ကို ရွေးပြီး ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်လိုက်ပါ … အဲဒါဆိုရင် ကျုပ်ဆရာနဲ့ ခင်ဗျားကြားမှာ ရှိနေတဲ့ ကျေးဇူးကြွေးက ကြေသွားပြီ။ ခင်ဗျား သဘောကရော … ”

…

အခန်း (၄၂၉)

မင်း ငယ်လွန်းသေးတယ်

ဖန်လီထန်းက ပြော၏။

“ဖုန်းချင်းဟယ်နဲ့ ငါ့ကိစ္စက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘာဆိုင်လို့လဲ”

“ခင်ဗျားက ကျုပ်ဆရာရဲ့ကျေးဇူးကြွေးကို လျစ်လျူရှုတော့မှာလား”

ဖုန်းလျူက မေးလိုက်၏။ ဖန်လီထန်းသည် အပြုသဘောဖြင် တုံ့ပြန်လာမှာကို သူ စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်သည်။ ဆိုရလျှင် ဖန်လီထန်းက မိစ္ဆာလမ်းစဉ်ထဲ ဝင်သွားပြီဖြစ်၏။

သို့သော် ဖန်လီထန်းသည် ကျိမင်တာအိုဂိုဏ်းမှ ဖြစ်၏။ သူသည် ဂိုဏ်း၏အကြီးမြတ်ဆုံး လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အကြွေးပြန်မဆပ်တာက သူ့သဘာဝမဟုတ်ပေ။ သူ့ကို စတုတ္ထမင်းသား ကယ်ခဲ့စဉ်က သူသည် အသက်ကြွေးပြန်ဆပ်ရန်အတွက် နယ်စပ်၌ နှစ်ပေါင်းများစွာ နေပေးခဲ့သည်။ အဆုံးတွင် ဖန်လီထန်းက ပြောလိုက်၏။

“မင်းလို အငယ်တစ်ယောက်က ငါ့ကို ပြောပိုင်ခွင့်မရှိဘူး။ ငါ ဖုန်းချင်းဟယ်နဲ့ တွေ့ချင်တယ်”

“စီစဉ်ပေးလို့ ရပါတယ် လောင်ချန်ပေ့ ဒီလမ်းပါ။ ကျေးဇူးပြုပြီး..”

သူတို့နှစ်ယောက်သည် အရှေ့တောင်အရပ်ဆီသို့ သွားလိုက်၏။

လေးနာရီခန့် ကြာသွားပြီးနောက် ညတာက ပိုတောင် မှောင်မည်းလာသည်။

သူတို့ ပျံသန်းနေစဉ် ဖုန်းလျူက မေးလိုက်တော့သည်။

“လောင်ချန်ပေ့ လောင်ချန်ပေ့ရဲ့ အထောက်အထား ရပ်တည်ချက်နဲ့ဆိုရင် ဂိုဏ်းခုနှစ်ဂိုဏ်းကို အလွယ်တကူ ဝင်လို့ ရတာပဲ။ အနည်းဆုံးတော့ အကြီးအကဲတစ်ယောက် ဖြစ်မှာပဲ။ ဘာကြောင့် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်မှ ဖြစ်မှာလဲ”

“ငါ သဘောကျလို့လေ”

“မိစ္ဆာကြီးကျိရဲ့ ကျင့်ကြံဆင့်က ကြောက်ဖို့ကောင်းလောက်အောင် နက်နဲတယ် ဆိုပေမဲ့ သူက ကောင်းကင်ရဲ့ဆန္ဒကို မဖီဆန်နိုင်သေးဘူး။ ဒါ့အပြင် သူ့အသက်အရွယ်နဲ့ ကျင့်ကြံမှုရွှေကြာကို မဖြတ်တောက်နိုင်ဘူး”

ဖုန်းလျူက ပြောလိုက်၏။

ဖန်လီထန်းက သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်တော့သည်။

“အဲဒီနည်းလမ်းအကြောင်း မင်းသိတယ်လား”

“ရွှေကြာကို ဖြတ်တောက်တဲ့နည်းက ကျင့်ကြံခြင်းလောကတစ်ခုလုံး ပြန့်နေပြီးပြီ။ လူတိုင်း အဲဒီအကြောင်း သိကြတယ်”

ဖုန်းလျူက ပြန်ပြောလိုက်သည်။

ဖန်လီထန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။

“ငါသာ မင်းဆိုရင် တံခါးပိတ် ကျင့်ကြံပြီး ရွှေကြာကို ဖြတ်တောက်နဲ့နည်းလမ်းကို လေ့လာနေမှာပဲ။ ငါ ပွင့်ချပ်ကိုးလွှာအဆင့်မှာ ရှိနေရင် မိစ္ဆာဝေဟင်မျှော်နန်းကို ငါ စောင့်ကြပ်ပေးတာကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး”

“အချိန်က လူကို မစောင့်ဘူး။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့က ကြာလွန်းတယ်။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ရတနာတွေနဲ့ ကျင့်စဉ်တွေ အများကြီးရှိတာ ဂိုဏ်းတိုင်းနီးပါးက အဲဒါတွေကို လုယက်ချင်နေတယ်”

ဖုန်းလျူသည် သူ၏ရည်ရွယ်ချက်အကြောင်း နောက်ဆုံးတော့ ရိုးရိုးသားသား ပြောလာပုံပေါ်၏။ အဆုံးတွင် မိစ္ဆာဝေဟင်မျှော်နန်းကို ဆွဲချခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်က သူတို့၏စိတ်ဓာတ်ခွန်အားဖြစ်နေသည်။ ယင်းက ဖြောင့်မတ်ခြင်း သို့မဟုတ် မိစ္ဆာလမ်းစဉ်နှင့် ဘာမှမသက်ဆိုင်ပေ။ သူတို့၏ အစစ်အမှန် ရည်ရွယ်ချက်က ကျိထျန်းတောက်ကို ဆွဲချလျှင် သူတို့သည် ဆယ်နှစ်ကျော် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရုံသာ ဖြစ်၏။ သူတို့က သေကြေပျက်စီးမှု ပြင်းထန်ချိန်၌ မိစ္ဆာဝေဟင်မျှော်နန်းကို ဆွဲချရန် အဘယ်ကြောင့် စိတ်လိုက်မာန်ပါ ဖြစ်နေရသနည်း။ ကမ္ဘာကြီးရှိ ခိုက်ရန်ဖြစ်မှုများ အငြင်းပွားမှုများသည် လောဘကြောင့် ဖြစ်လာတာပဲ ဖြစ်သည်။

ဖုန်းလျူက ရုတ်တရက် ပျံသန်းတာကို ရပ်လိုက်၏။ သူက လေထဲ ပျံဝဲနေစဉ် ပြောလိုက်သည်။

“လောင်ချန်ပေ့..”

“ဟမ်..”

“ကျန့်ချိုက်အဖွဲ့ကို ဘာကြောင့် မဝင်တာလဲ။ ကျွန်တော်တို့ရှစ်စွင်းကလည်း လောင်ချန်ပေ့သာ ကျွန်တော်တို့ဆီ ဝင်မယ်ဆိုရင် ပထမအကြီးအကဲနေရာက လောင်ချန်ပေ့ဟာပဲ”

ဖုန်းလျူက ပြော၏။

ဖန်လီထန်းသည် ထိုလူငယ်၏မောက်မာထောင်လွှားမှုကို ရုတ်တရက် ရှာတွေ့သွား၏။ သူက ပြောလိုက်သည်။

“ငါ ပြောလိုက်တာကို မင်း နားမလည်ဘူးလား”

“နားမလည်ပါဘူး”

“ငါ ဖုန်းချင်းဟယ်ကို တွေ့တာနဲ့ မင်းသိလိမ့်မယ်”

ဖန်လီထန်းက ပြောလိုက်၏။

“ကျုပ်ရဲ့ရှစ်စွင်းကို ခင်ဗျားတွေ့ခွင့် မရမှာ စိုးရိမ်မိတယ်”

ဝှစ် ဝှစ် ဝှစ်..

ကျင့်ကြံသူတစ်ရာကျော်သည် သစ်ပင်ပေါ်ကနေ ရုတ်တရက် ပေါ်လာ၏။

သူတို့က လေးများကို ကိုင်ဆောင်လျက် တချို့ကဆို သူတို့ခေါင်းထက်၌ ပျံဝဲနေကြသည်။

“ထောင်ချောက်တစ်ခုလား”

ဖန်လီထန်းက မျက်မှောင်ကြုတ်လိုက်လေ၏။ သူသည် ကျန့်ချိုက်အဖွဲ့၏ ဖုန်းလျူသည် ထိုသို့နိမ့်ကျသည့် နည်းလမ်းများ သုံးလိမ့်မည်ဟု မထင်ထားပေ။

ဖုန်းလျူက လေထဲ နောက်ဆုတ်သွားသည်။ သူက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“ကျုပ်မှာ ရွေးချယ်စရာမရှိဘူး။ ခင်ဗျားကို ပြန်လှည့်ဖို့ ဖျောင်းဖျချင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက ငြင်းတယ်ဆိုမှတော့ ဒီနေရာမှာ မြှုပ်နှံခံရမယ်”

ဖန်လီထန်းသည် သူ၏သေရည်ဘူးသီးခြောက်ကို ကိုင်ဆောင်လျက် ဆင်းသက်လိုက်သည်။ သူက အလယ်တွင် ရှိနေလျက် ဘက်ပေါင်းစုံမှ ကျင့်ကြံသူများ ဝိုင်းတာ ခံထားရသည်။

“ဖုန်းချင်းဟယ်က အမှန်အမှားကို ခွဲခြားတတ်တဲ့လူတစ်ယောက်လို့ ငါထင်ခဲ့တာ။ ငါမှားသွားတဲ့ပုံပဲ”

ဖန်လီထန်းသည် သူ့လက်ထဲ သေရည်ဘူးသီးခြောက်ကို မြောက်လျက် တစ်ကျိုက်သောက်လိုက်၏။ ခဏအတွင်းတွင် သေရည်ဘူးသီးခြောက်ကို အပြောင်ရှင်းလိုက်၏။ သူ၏အဝတ်အစားများသည် သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာသည့် သေရည်များကြောင့် စိုကုန်၏။

ဖုန်းလျူက ပြောလိုက်သည်။

“မိစ္ဆာလမ်းစဉ်ကလူတွေနဲ့ ကျင့်ဝတ်အကြောင်း ပြောနေတာ အသုံးမဝင်ဘူး။ ပြောချင်တာ အားလုံး ပြောခဲ့ပြီးပြီ။ ခင်ဗျားက အထွတ်အထိပ်ကာလမှာ မရှိတော့ဘူး။ ခင်ဗျားငြိမ်ငြိမ်လေး အညံ့ခံလိုက်ရင် အလောင်းက အကောင်းအတိုင်းကျန်မယ်”

ဖန်လီထန်းက ဘူးသီးခြောက်ကို မြောက်လိုက်သည်။ သေရည်ဘူးသီးခြောက်က ရွှေရောင်ပြောင်းလဲသွားပြီး သူ့နားတစ်ဝိုက် ရစ်ပတ်နေ၏။

“မင်းပြောတာ မှန်တယ်။ ငါက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး အကောင်းဆုံးအခြေအနေမှာ ရှိမနေဘူး။ ဒါတောင်မှ..”

သူက ခဏတာရပ်တန့်လိုက်၏။ သူက နားစည်ကွဲလောက်သည့်အသံဖြင့် ပြောနေစဉ် သူ၏အသံက နက်ရှိုင်းလာတော့သည်။

“ငါက မင်းတို့လိုကောင်တွေ တွန်းပို့တာ ခံရလောက်တဲ့အထိ အားမနည်းသေးဘူး”

ဖုန်း..

ဖန်လီထန်းသည် မြေပြင်ပေါ် ခြေဆောင့်နင်းလျက် မီးမြားတစ်စင်းပမာ လေထဲသို့ ပျံတက်သွား၏။ သူက သတိမပေးဘဲ တိုက်ခိုက်ကာ သူ၏သေရည်ဘူးသီးခြောက်သည် တောက်ပသည့် ရွှေရောင်အလင်းဖြင့် မျက်စိကျိန်းစေတော့သည်။ အလင်းက ပိုမိုကြီးမားလာပြီး သူ့နား ရစ်ဝဲလိုက်၏။

ဖုန်း ဖုန်း ဖုန်း..

ကျင့်ကြံသူတစ်ဒါဇင်ခန့်သည် နောက်ဆုတ်သွားပြီး ရွှေရောင်ဘူးသီးခြောက်ဖြင့် ထိသွားကြသည်။ သူတို့က လေထဲ သွေးအန်ကုန်၏။

“ယစ်မူးခြင်းကမ္ဘာ.. ဒါကို ဘယ်လို လုပ်လိုက်တာလဲ”

ဖုန်းလျူက အော်ဟစ်လိုက်၏။

“အံ့ဩဖို့ကောင်းတဲ့ ကျင့်ကြံဆင့်ပဲ။ သူ့ကို ပစ်ကြဟေ့”

အဝေးရှိ လေးသည်တော်များစွာသည် စွမ်းအင်မြားတို့ဖြင့် ဖန်လီထန်းကို ချိန်ရွယ်ကြသည်။ မြားတို့သည် ဖန်လီထန်းထံသို့ ကြယ်တံခွန်များပမာ ရွာသွန်းကျလာ၏။

ဝှစ် ဝှစ် ဝှစ်..

ဖန်လီထန်းသည် သူ၏ရွှေရောင်ဘူးသီးခြောက်ကို ထပ်မံမြောက်လိုက်၏။ သူ ခုန်ဆင်းလိုက်သည်။

ဖုန်း ဖုန်း ဖုန်း..

ဖန်လီထန်းနားတစ်ဝိုက် သေရည်ဘူးသီးခြောက်က လည်ပတ်နေပြီးနောက် စွမ်းအင်မြားအားလုံးကို ဖယ်ရှားလိုက်သည်။

“ရှေ့ဆက်မယ်”

ဖုန်းလျူက အမိန့်ပေးလိုက်သည်။

“တောင်တန်းပေါ် သောက်သုံးခြင်း”

ဖန်လီထန်းက ဆင်းသက်ပြီး ရုတ်တရက် ဘေးသို့ ပစ်လိုက်၏။ သူသည် လျှပ်ပြက်သည့်အရှိန်ဖြင့် စွမ်းအင်မြားများ ကျရောက်သည့်နေရာကနေ ထွက်ခွာလာပြီးနောက် သူ၏ဘူးသီးခြောက်က ချက်ချင်းပင် အနားရှိ ကျင့်ကြံသူနှစ်ယောက်ကို ချေမှုန်းလိုက်၏။

ဖုန်း ဖုန်း..

နှစ်ယောက်လုံးက နောက်သို့ လွှင့်ထွက်သွားသည်။ သူတို့၏ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်သည် မပျောက်ကွယ်ခင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေ၏။ ဖန်လီထန်းက ရယ်မောပြီး ပြောလိုက်၏။

“ငါ ဒီလိုမျိုး လွတ်လွတ်လပ်လပ် မပြုမူရတာ ကြာခဲ့ပြီ။ ဖုန်းချင်းဟယ်မှာ ရှိတာ ဒါအကုန်ပဲ ဆိုရင် မင်းတို့ စိတ်ပျက်မှာ စိုးရိမ်မိတယ်”

“ဒါ အစပဲ ရှိသေးတယ်”

ဖုန်းလျူက လက်ဝေ့ယမ်းလိုက်၏။ ဘက်ပေါင်းစုံကနေ ဖန်လီထန်းကို ကျင့်ကြံသူ ဆယ်ယောက်ကျော်က တိုက်ခိုက်လာသည်။ သူက အလယ်တွင် ရှိနေသောကြောင့် ဘက်ပေါင်းစုံမှ ဖိအားကို ခံစားနေရ၏။ သူက တိုက်ခိုက်နေစဉ် သူ့ရင်ဘတ်က ပူလောင်လာလျက် သူ၏ဒဏ်ရာဟောင်းများကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားထိန်းနေရ၏။ ပြီးနောက် သူက ပြောလိုက်သည်။

“စစ်မြေပြင်ပေါ် သောက်သုံးခြင်း”

ဝှစ်..

ဖန်လီထန်းသည် ကျောက်ဆောင်ကြီးတစ်ခုပမာ ရုတ်တရက် ဆင်းသက်လာ၏။ သူ၏ခြေထောက်က မြေပြင်ပေါ် ထိသွားချိန် လေထဲ၌ ဖုန်းဟူသော အသံကျယ်ကြီးက ပေါ်ထွက်လာ၏။ တိုက်ကွက်များကို ရှောင်တိမ်းပြီးနောက် သူ၏ရွှေရောင်ဘူးသီးခြောက်ကို ထပ်မံ ပစ်ထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း..

ရွှေရောင်ဘူးသီးခြောက်သည် အင်မတန် မြန်ဆန်စွာ ရွေ့လျားနေလျက် လေထဲတွင် ရွှေရောင်စက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်၏။ ကျင့်ကြံသူတစ်ဒါဇင်ခန့်သည် နောက်ချက်ချင်းဆုတ်လိုက်၏။

“သူ အစွမ်းထက်လိုက်တာ”

“သူ ဒဏ်ရာရထားတာ မဟုတ်ဘူးလား။ ဘာကြောင့် ဒီလောက် အစွမ်းထက်နေတာလဲ”

ကျင့်ကြံသူများက နောက်ဆုတ်နေစဉ် သူတို့သည် ဖန်လီထန်းကို ထိတ်လန့်နေသောအမူအရာဖြင့် စေ့စေ့စပ်စပ် ကြည့်လိုက်၏။

“ဒါက မိစ္ဆာသုတ်သင်ရေး မဟာမိတ်ရဲ့အစီအစဉ် မှန်တယ်ဆိုတာ ပြသနေတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသေရမယ်”

ဖုန်းလျူက ကျင့်ကြံသူများကို ထပ်မံအမိန့်ပေးလိုက်၏။

“လေးသည်တော်တို့ ပစ်သာပစ် မရပ်နဲ့”

ဝှစ် ဝှစ် ဝှစ်..

စွမ်းအင်မြား တစ်ဒါဇင်ခန့်က ဖန်လီထန်းထံ ကျရောက်သွားစဉ် ဖုန်းလျူ၏အသံတို့က ဖျော့တော့သွား၏။

ဖန်လီထန်းသည် ဖုန်းလျူကို ကြည့်နေစဉ် သူ၏ခန္ဓာကိုယ်ထဲကနေ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ဘန်း ဘန်း ဘန်း..

စွမ်းအင်မြားတို့က ပြိုကွဲသွားသည်။ ဖန်လီထန်းက ဖုန်းလျူဆီသို့ ပျံသန်းသွား၏။

“တာ့ရှစ်ရှိုး နောက်ဆုတ်..”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် လက်အုပ်ချီလျက် ချိပ်ပိတ်ခြင်းအဆောင်များ ဖွဲ့တည်လိုက်သည်။

လေထဲ၌ ချိပ်ပိတ်ခြင်းသင်္ကေတများ ရုတ်တရက် ပြည့်လာလေ၏။

ဖန်လီထန်းက ရွေးချယ်စရာ မရှိတော့ဘဲ နောက်ဆုတ်လိုက်ရသည်။ သူက အောက်ဆင်းလျက် မော့ကြည့်လိုက်သည်။

“ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ တန်ဖိုးကြီး စွမ်းအင်ချိပ်ပိတ်မှုလား”

ကွန်ဖြူးရှပ်ဂိုဏ်း၏ တန်ဖိုးကြီးစွမ်းအင်ချိပ်ပိတ်မှုသည် တန်ဖိုးကြီးစွမ်းအားတစ်မျိုးဖြစ်၏။ သူတို့ ပြုလုပ်သည်က စွမ်းအင်များကို ချိပ်ပိတ်မှုအဖြစ် သိပ်သည်းကာ သင်္ကေတများအဖြစ် ဖွဲ့တည်လိုက်တာပဲ ဖြစ်သည်။ ၎င်းက တာအိုချိပ်ပိတ်မှုသည် စုတ်ချက်များ ပိုလိုအပ်သော်ငြား တာအိုအဆောင် ချိပ်ပိတ်မှုနှင့် ဆင်တူ၏။

၎င်းတို့က လေထဲတွင် ကခုန်နေလေ၏။ သူတို့က စည်းချက်ကျကျ သိပ်သည်းလာပြီး ဖန်လီထန်းဆီ တိုးဝင်သွား၏။

“ပိတ်ဆို့လိုက်”

ရွှေရောင်ဘူးသီးခြောက်က သူ့ရှေ့လေထဲ ပျံဝဲနေကာ လျင်မြန်စွာ လည်ပတ်နေ၏။

ချိပ်ပိတ်ခြင်းသင်္ကေတတို့က ဆက်လက်တိုက်ခိုက်နေလျက် ရွှေရောင်ဘူးသီးခြောက်က သူတို့ကို ဖယ်ရှားနေတော့သည်။

ဘန်း ဘန်း ဘန်း..

ပွတ်တိုက်သံများက အဆုံးမသတ်ပုံရကာ စွမ်းအင်လှိုင်းကယက်များကလည်း နေရာအနှံ့ မြင်နေရသည်။

သက်ရောက်မှုကြောင့် ဖန်လီထန်း၏လက်က ထုံကျင်လာ၏။ ထိုစဉ် ဖုန်းလျူသည် သူ့လက်ထဲတွင် ဓားဖြင့် ဖန်လီထန်းဆီသို့ တိုးဝင်သွား၏။ တစ်ချိန်တည်းတွင် သူ၏ ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်..

“တန်ဖိုးကြီးစွမ်းအင်ဓား..”

ဖုန်းလျူ၏လက်ထဲရှိ ဓားနားတစ်ဝိုက် စွမ်းအင်လှိုင်းတို့ ရစ်ပတ်နေလျက် တောက်ပနေသော ရွှေရောင်ဓားအသွင် ပြောင်းလဲသွား၏။ ထိုဓားသည် ဖန်လီထန်းဆီ ကျည်ဆန်တစ်တောင့်ပမာ တိုးဝင်သွားသည်။ ဖန်လီထန်းက လက်ဝေ့ယမ်းလိုက်၏။ ရွှေရောင်ဘူးသီးခြောက်က အနည်းငယ် မြင့်တက်သွား၏။ သူက လက်နှစ်ဖက်ကို ပူးကပ်လိုက်တော့သည်။

ဘန်း..

ဖန်လီထန်းက ဓားကို လက်နှစ်ဖက်ကြား ညှပ်ဖမ်းလိုက်၏။ သို့သော်ငြား ဓား၏ဖိအားကြောင့် တွန်းခံလိုက်ရသည်။ သူက သူ့ခြေထောက်တွင် စွမ်းအင်ကို ရစ်ပတ်ထားလျက် နောက်ဆုတ်နေစဉ် အရာဖျော့ဖျော့နေရာ ကျန်ရစ်ခဲ့၏။ နောက်ဆုံးတွင် လှုပ်ရှားတာ ရပ်တန့်သွားသောအခါ စွမ်းအင်ဓားသည် သူနှင့် ပေတစ်ဝက်မျှသာ ကွာတော့သည်။ သူ၏ရွှေရောင်ဘူးသီးခြောက်က သူ့ကို ရစ်ပတ်ထားသေးဆဲ ဖြစ်ကာ ဝင်လာသည့် စွမ်းအင်မြားများကို ဖယ်ရှားနေတော့သည်။

“ငါ့ကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားနေတာလား”

“ခင်ဗျားက မိစ္ဆာကြီးကျိလိုပဲ အသက်ကြီးနေပြီ။ ကျိမင်တာအိုဂိုဏ်းရဲ့ ပထမဆုံးလက်ရွေးစင်က ကျုပ်လို ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူတစ်ယောက်ကိုတောင် မထိန်းထားနိုင်ဘူး။ အဲဒီမိစ္ဆာကြီးအတွက် ခင်ဗျားအတွက်ကို ဘာကြောင့် စွန့်လွှတ်ရမှာလဲ”

“ဟေ့ကောင် မင်း ငယ် ပါသေးတယ်ကွာ”

All Chapters