အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း(၄၃၀) တကယ်လို့ ငါသာ ငယ်တုန်းက အချိန်ကို နောက်ပြန်ဆုတ်နိုင်ခဲ့ရင်
ဖန်လီထန်း၏ လက်ဝါးက ရွှေရောင်တောက်ပလာပြီးနောက် အပူပေးထားသည့် သံမဏိတုံးပမာ အနီရောင်ပြောင်းသွားလေသည်။ သူက ဖုန်းလျူ၏ ဓားဖျားကို တင်းတင်းကိုင်ထားလိုက်သည်။ သူတို့၏ ကမ္ဘာဦးချီစွမ်းအားများနှင့် စွမ်းအင်များက ထိပ်တိုက် တွေ့ကုန်ကြသည်။
ရွှေရောင်သေရည်ဘူးသီးခြောက်က သူတို့ခေါင်းထက် ရောက်ရှိလာသည့် စွမ်းအင်မြားများကို ဖယ်ထုတ်လိုက်သောကြောင့် နားထဲ တဝီဝီအသံများ ပေါ်ထွက်လာသည်။
ဖန်လီထန်းက သူ့ဘာသာ ခြေငြိမ်အောင် ထိန်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအားများ ထွက်လာသောကြောင့် ရပ်တန့်သွားသည်။
ဘန်း
ဖုန်းလျူလည်း စွမ်းအားထိပ်တိုက်တွေ့မှုကြောင့် နောက်ပြန်ကန်ထွက်သွားသည်။ သူ့ဓားက လေထဲ ပျံဝဲနေ၏။ သူက အနည်းငယ် ကျွမ်းထိုးလိုက်ပြီးသည့်နောက်တွင် ခြေပြန်ထိန်းလာနိုင်သည်။ ထိုစဉ် သူက ဖန်လီထန်းအား ကြောက်လန့်စွာ ကြည့်လိုက်သည်။ ထိုထိပ်တိုက်တွေ့ဆုံမှုမှ သူ့လက်မောင်းက ထုံနေပြီး ခန္ဓာကိုယ်အတွင်း သွေးအဆီအနှစ်များ ပြောင်းပြန်ဖြစ်သွားသောကြောင့် ရင်ဘတ်မှ နာကျင်မှုကို ခံစားမိလာသည်။
“ ပိန်လှီနေသည့် ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် ကြီးသေးသည်” ဟု ဆိုရိုးရှိသည် မဟုတ်ပါလော။ (ဆင်ပိန်လျှင် ကျွဲလောက်ရှိ)
ထိုအချိန်တွင် ဖန်လီထန်း လက်ထဲ သေရည်ဘူးသီးခြောက် ပြန်လည်ရောက်ရှိလာသည်။
ဖန်လီထန်း ဝန်းကျင်တွင် ရွှေရောင်အလင်းများ တောက်ပလာပြီး ရောက်ရှိလာသည့် စွမ်းအင်မြားများအား ဆက်တိုက် ရှောင်တိမ်းနေသည်။ သူ့တွင် ကောင်းကင်အဆင့် လက်နက် ပိုင်ဆိုင်ထားသည့်အတွက် သူ့ဝန်းကျင်ရှိ ဓားသမား ကျင့်ကြံသူများစွာက မဆင်မခြင် မပြုမူရဲကြပေ။ သူတို့က လေထဲတွင် ဝိုင်းကာ ဟာကွက်ကိုသာ စောင့်နေကြ၏။
“ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ပြန်မကောင်းသေးဘူး။ ဒဏ်ရာအပြင်းအထန်လည်း ရထားသေးတယ်။ ဒါပေမဲ့ ဒီလောက်ကြာကြာထိန်းထားနိုင်တာ အမှန်တကယ် အံ့ဩစရာပဲ” ဖုန်းလျူ၏ အကြည့်များက ပို၍ အသက်ဝင်လာသည်။
ဖန်လီထန်းက သူ့သေရည်ဘူးသီးခြောက်ကို လှုပ်ခါလိုက်သည်။ ကံဆိုးစွာဖြင့် ဗလာကျင်းနေလေပြီ။ သူ့တွင် သောက်စရာ သေရည် မရှိတော့ပေ “ပျင်းစရာပဲ ”
“ စိတ်ဝင်စားဖို့ ကောင်းလာမှာပါ” ဖုန်းလျူက လက်ကို ထပ်ဝေ့လိုက်သည်။ ထိုစဉ် ဓားသမား ကျင့်ကြံသူများစွာက ဓားကိုင်လျက် ရှေ့တက်လာကြသည်။
“တကယ်လား” ဖန်လီထန်က သေရည်ဘူးသီးခြောက်ကို ထပ်မံပစ်လိုက်သည်။ သေရည်ဘူးသီးခြောက်က ယခင်ထက် ပိုမို တောက်ပလာသည်။
ဘန်း ဘန်း ဘန်း
ကျင့်ကြံသူများစွာက လွှင့်ထွက်ကုန်ကြသည်။ သို့သော်လည်း စွမ်းအင်မြားများက မရပ်တန့်သွားပေ။
“ဘယ်လိုဖြစ်ဖြစ် ခင်ဗျား ကြာကြာတောင့်မခံနိုင်ပါဘူး ”
သင်္ကေတ စည်းတံဆိပ်များက လိပ်ပြာများလို ထပ်မံ ထွက်ပေါ်လာသည်။
ကျန့်ချိုက်အဖွဲ့ခွဲမှ ကျင့်ကြံသူများက ဖန်လီထန်းအား အဘက်ဘက်မှ ဝိုင်းထားလိုက်ကြသည်။ သူတို့က လက်ဟန်များ ဆက်တိုက် ထုတ်ဖော်ကာ သူတို့ချီကို စုစည်းနေကြသည်။ စည်းတံဆိပ်များနှင့် စွမ်အားစည်းတံဆိပ်များက ဖန်လီထန်း ဝန်းကျင် ပိတ်ဆို့ကာဆီးထားသည်။
“စည်းတံဆိပ် အစီအရင်”
စည်းတံဆိပ်များက ယခင် ဖန်လီထန်းဆီ ပျံဝင်လာသည့်အရာများထက် ပိုအားကောင်းလေသည်။
ဖန်လီထန်း၏ သေရည်ဘူးသီးခြောက်က စည်းတံဆိပ်များကို ဆက်တိုက် ကာဆီးနေပြီး အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေသည်။ ထိုစဉ် သူက စတင်၍ ချောင်းဆိုးလာ၏။
ထိုအမူအရာကို မြင်ကာ ကျန့်ချိုက်အဖွဲ့ခွဲဘက်မှ တပည့်များ၏ မျက်နှာအထက် ပျော်ရွင်သွားသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။
ဤသည်က သူတို့အခွင့်အရေး ဖြစ်၏။
“တက်ကြ ”
ကျင့်ကြံသူပတ်လည်က သူတို့စည်းတံဆိပ်များဖြင့် ရှေ့တက်လာကြသည်။
ဖန်လီထန်းက အော်ပြောလိုက်သည် “ကမ်းကုန်အောင် အရက်မူး”
စည်းတံဆိပ်များ ကျရောက်လာသည့်အခါ သေရည်ဘူးသီးခြောက်က ရုတ်ချည်းဆိုသလို စွမ်းအားစည်းတံဆိပ်များစွာ ထုတ်လွှင့်လာသည်။ စွမ်းအားစည်းတံဆိပ်တိုင်းက သေရည်ဘူးသီးခြောက်ပုံစံမျိုး ဖြစ်ကာ အဘက်ဘက်သို့ ပျံ့လွှင့်သွားသည်။
ဘန်း ဘန်း ဘန်း
သေရည်ဘူးသီးခြောက် စည်းတံဆိပ်လား …
ဖုန်းလျူက မျက်မှောင်ကြုတ်လိုက်သည်။ သူက တိုက်ခိုက်မှုအလယ်တွင် ရှိနေသည့် ဖန်လီထန်းအား မကြည်မလင် ကြည့်လိုက်သည်။
ထိုစဉ် ဖန်လီထန်းက မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။ သူက တစ္ဆေတစ်ကောင်အလား ပတ်ဝန်းကျင်ထဲ လွှင့်ထွက်သွား၏။
ဝှစ် ဝှစ် ဝှစ်
ဘန်း ဘန်း ဘန်း
ကျင့်ကြံသူနှစ်ယောက်က နောက်ဆုတ်လိုက်ရပြီး သွေးအန်ကာ နေရာမှာတင် သေဆုံးသွားသည်။
သင်္ကေတစည်းတံဆိပ်များက ဖန်လီထန်းဆီ ဆက်တိုက် ပျံသန်းလာစဉ် သေရည်ဘူးသီးခြောက်၏ စွမ်းအားစည်းတံဆိပ်များဆီ ကျရောက်သွားသည်။ စွမ်းအင် ထိပ်တိုက်တွေ့ဆုံမှုက လေထဲ ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ အပြင်းအထန် လှိုင်းထန်သွားစေသည်။
ဖန်လီထန်းက အရက်မူးနေသည့်အလား ရှောင်တိမ်းလိုက်သည်။ သူက တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်နှင့် ဝင်တိုက်မိစဉ် သေရည်ဘူးသီးခြောက် စည်းတံဆိပ်က ထိုနေရာအတိုင်း လိုက်လံ တိုက်ခိုက်လာသည်။
အချိန်တစ်ခုကြာသည့်အထိ နှစ်ဖက်လုံးက တိုက်ပွဲအပြင်းအထန် ဆင်နွဲနေကြလေသည်။
ဖုန်းလျူက လေထဲ ပျံသန်းလာကာ အော်ပြောလိုက်သည် “သူ့ကို အနိုင်ပိုင်းကြ”
သူက ဖန်လီထန်းသည် အတွင်းဒဏ်ရာရထားကြောင်း သိလေသည်။ ထို့ကြောင့် သူတို့သာ သူ့ကို ထိန်းထားနိုင်သရွေ့ ပြဿနာ မရှိပေ။
ဘန်း ဘန်း ဘန်း
စည်းတံဆိပ်များက ပို၍ အကြိမ်များစွာ တိုက်ခိုက်လာသည်။
ဖုန်းလျူက ဖန်လီထန်းအား ဆက်ကြည့်နေ၏။
“စိတ်ဝိညာဉ်သဏ္ဌာန်”
ဝှစ်
ပွင့်ချပ်ခြောက်လွှာနှင့် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲ ပေါ်ထွက်လာသည်။
အခြားလူများကလည်း သူတို့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ကြသည်။
ဖုန်းလျူက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်နှင့် ဖန်လီထန်းအား ကြည့်လိုက်ကာ “အခုပဲ”
သူက ဓားကို လေထဲ ဝှေ့ယမ်းလိုက်သည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် သူ့ဓားနှင့်အတူ ဖန်လီထန်းရှေ့မှောက် တန်းရောက်သွားလေသည်။
ဖန်လီထန်းက သူ့ကျောဘက်မှ အေးစက်စက်ဖြစ်မှုကို ရုတ်ချည်း ခံစားမိလိုက်ပြီး လှည့်ကြည့်လာသည်။
“ ချိုးဖျက်စမ်း” ဖုန်းလျူက အော်ပြောလိုက်သည်။
ဖန်လီထန်းက သူ့သေရည်ဘူးသီးခြောက် စည်းတံဆိပ်ကို သူ့ရှေ့တွင် ကာဆီးလိုက်၏။
ဘုန်း
ဤတစ်ကြိမ် ဖန်လီထန်းက လွှင့်စင်သွားသည်။ သို့သော်လည်း သူက သိပ်ဝေးဝေးသို့ လွင့်စဉ်သွားခြင်း မဟုတ်ပေ။ သူက သေရည်ဘူးသီးခြောက်နှင့်အတူ မြေပေါ် ရောက်ရှိလာ၏။
စည်းတံဆိပ်များနှင့် သေရည်ဘူးသီးခြောက် စွမ်းအားစည်းတံဆိပ်က ပျောက်ကွယ်သွားလေသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
ကျန့်ချိုက်အဖွဲ့ခွဲမှ လူများကလည်း ကောင်းကင်မှ မြေပေါ် ကျရောက်သွားသည့် ဖန်လီထန်းအား ငုံကြည့်လိုက်ကြသည်။
ဖုန်းလျူ၏ တိုက်ကွက်က အောင်အောင်မြင်မြင် ကျရောက်လာသည်။
ဖန်လီထန်းက မြေပေါ်ကနေ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ရင်ဘတ်ထဲ တစ်ဆို့လာသလို ခံစားလိုက်ရသည်။ သူက ထူးထူးဆန်းဆန်း ရယ်လိုက်မိ၏။ သူက ဖုန်းလျူ၏ တိုက်ကွက်ကို မတားဆီးနိုင်၍ မဟုတ်ဘဲ သူက လိုက်မမီ၍ ဖြစ်လေသည်။ သူ့တွင် ပြန်လည်တိုက်ခိုက်ဖို့ အတွေ့အကြုံ၊ ဗဟုသုတအလုံအလောက် ရှိလေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က မလိုက်နိုင်ပေ။
“လောင်ချန်းပေ့ ခင်ဗျားရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့” ဖုန်းလျူက ဆင်းသက်လာသည်။ ညာဘက်လက်တွင် သူ့ဓားကို ကိုင်ထားရင်း ဖန်လီထန်းဆီ လျှောက်လှမ်းလာသည်။
ဖန်လီထန်းက ရယ်မောလိုက်လေသည်။ သူက လက်ထောက်ကာ ထလိုက်ပြီး “ ဖုန်းချင်းဟယ်မှာ မင်းလို တပည့်မျိုး ရှိတယ်ဆိုတော့ …”
ဖုန်းလျူက ဖန်လီထန်း၏ စကားထဲမှ နာကျည်းချက်ကို ခံစားမိလေသည်။ သူက လက်မြောက်လိုက်ပြီး ဖန်လီထန်းဆီ စည်းတံဆိပ်တစ်ခု ပစ်လွှတ်လိုက်သည်။
စည်းတံဆိပ်က ဖန်လီထန်းဆီ ကျရောက်သွား၏။
ဘုန်း
ဖန်လီထန်းက လက်ခတ်ကာ တားဆီးလိုက်သော်လည်း နောက်သို့ ယိုင်သွားလေသည်။
ဖုန်းလျူက ပြုံးလိုက်၏။
“ ကျင့်မင်တာအိုဂိုဏ်းရဲ့ ပထမ ပါရမီရှင် ဖန်လီထန်းလား … ခင်ဗျားက ဘာမှမဟုတ်ဘူးပဲ ”
ဖန်လီထန်းက နောက်ထပ် ချောင်းဆိုးလိုက်ရစဉ် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
ဘေးဘက်မှ တစ်ယောက်က ဝင်ပြောလိုက်၏။ “တာ့ရှစ်ရှိုး ကျုပ်တို့ အချိန်မဖြုန်းတာ ကောင်းလိမ့်မယ်။ အဖွဲ့ခွဲခေါင်းဆောင်က မြန်မြန် အဆုံးသတ်ခဲ့ဖို့ မှာထားတယ် ”
“ဘာမှအလျှင်လိုနေဖို့ မလိုဘူး။ ငါ သူ့လိုမျိုး အဆင့်နဲ့ တစ်ခါမှ မတိုက်ဖူးသေးဘူး။ သူက ပွင့်ချပ်ရှစ်လွှာအဆင့်လေ ” ဖုန်းလျူက ပြုံးလိုက်ပြီး သူ့ကိုယ်သူ ကျေနပ်နေဟန်ပေါ်သည်။
အားလုံးက လေးစားခံရဖို့၊ လူအများ ကြောက်ရွံ့လေးစားကြသည့် ပညာရှင်တစ်ယောက်ဖြစ်ဖို့ လိုလားကြသည်သာ ဖြစ်၏။
ဖုန်းလျူက ဖန်လီထန်းသည် ပြန်တိုက်ဖို့ရာ ရည်ရွယ်ချက် မရှိကြောင်း မြင်သည့်အခါ သူက လက်ကို ထပ်မြောက်လိုက်ပြီး နောက်ထပ် လက်စည်းတံဆိပ် ပစ်လွှတ်လိုက်သည်။
ဝုန်း
ဖန်လီထန်းက နောက်ကို ထပ်ယိုင်သွားလေသည်။
“လောင်ချန်းပေ့ တောင့်ခံမထားစမ်းပါနဲ့။ ခင်ဗျားရဲ့ ကြီးမြတ်လှတဲ့ စွမ်းအားကို အမြဲတမ်း မြင်ဖူးချင်ခဲ့တာ ”ဖုန်းလျူက ရယ်မောရင်း နောက်ထပ် လက်စည်းတံဆိပ်တစ်ခု ပစ်လွှတ်လိုက်သည်။
ဘန်း
ဖန်လီထန်းက ထပ်မံ လွှင့်ထွက်သွားပြန်သည်။
ဖုန်းလျူက ဖန်လီထန်းအား သူ့လက်စည်းတံဆိပ်ဖြင့် ဆက်လက် တိုက်ခိုက်နေသည်။
“မြင်လား … ဒါက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတဲ့ …” ဖုန်းလျူက ပညာရှင်တစ်ယောက်ကို နင်းခြေနိုင်သည့် ခံစားချက်မျိုးကို ရနေသည်။
ဖုန်းလျူက အချိန်အကြာကြီး ယူလွန်းနေသောကြောင့် တပည့်တစ်ယောက်က ထပ်ပြောလေသည်။
“တာ့ရှစ်ရှိုး ကျုပ်တို့ အချိန်ထပ်ဆွဲလို့ မဖြစ်တော့ဘူး”
ဖုန်းလျူက ခေါင်းညိတ်လိုက်ပြီးနောက် သူ့အကြည့်များက ပိုမို အေးစက်လာသည်။
ထိုစဉ် ကျန့်ချိုက်အဖွဲ့ခွဲမှ တပည့်များက ဖုန်းလျူကို ဝန်းရံရင်း လေထဲ ပျံသန်းလိုက်ကြသည်။ သူတို့က မြေပေါ် လဲကျနေသည့် ဖန်လီထန်းအား ငုံ့ကြည့်လိုက်ကြ၏။
ဖုန်းလျူက ပြောလိုက်သည်။
“လောင်ချန်းပေ့ … တကယ်လို့ အပြစ်တင်ချင်ရင် ဘက်မှားရွေးမိတာကိုပဲ အပြစ်တင်လိုက်တော့”
သူက ဓားကို မြောက်လိုက်သည့်အခါ စွမ်းအားများက ရစ်ပတ်လာလေသည်။ ထို့ကြောင့် ဓားက တုန်ခါသွားလေ၏။
ဖန်လီထန်းက နောက်ထပ် ချောင်းဆိုးလိုက်သည်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ့ရင်ဘတ်ထဲမှ အစိုင်အခဲကို ထုတ်လိုက်သည့်အခါ သွေးအန်လိုက်ရသည်။
ထို့နောက် သူက ကျန့်ချိုက်အဖွဲ့မှ တပည့်များအား ကြည့်လိုက်သည်။ သူက ကြယ်တာရာအပြည့် ကောင်းကင်အား ကြည့်ကာ ယခင်နေ့ရက်ဟောင်းများအား ပြန်လည်တွေးမိလာသည်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ငယ်ရွယ်စဉ်ကပုံကို ပြန်မြင်လာမိသည်။ သူက ဆက်တိုက် ရယ်မောလိုက်လေ၏။ သူ့ရယ်မောသံက လေထဲ နားကွဲလုမတတ် ပျံ့နှံ့သွားလေသည်။
ထို့နောက် ရုတ်ချည်းဆိုသလို သူက မြေပေါ် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ “ငါသာ လူငယ်ဘဝကို အချိန်နောက်ဆုတ်နိုင်ရင် မင်းတို့မျက်နှာပေါ်က သရော်ပြုံးတွေအကုန် ရှင်းထုတ်ပစ်မယ် ”
သူ့စွမ်းအင်ဗဟိုချက်မှ ချီစွမ်းအား ထွက်လာကာ စွမ်းအင်ဓားများအဖြစ် ပုံပေါ်လာပြီး အဘက်ဘက်သို့ ပျံ့လွှင့်သွားသည်။ စွမ်းအင်ဓားများက ကျင့်ကြံသူများဆီ မုန်တိုင်းအလား တိုးဝင်လာသည်။
“သွားပြီ … နောက်ဆုတ်ကြ” ဖုန်းလျူက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ရင်း အလျှင်အမြန် နောက်ဆုတ်လိုက်သည်။
ကျန့်ချိုက်အဖွဲ့မှ တပည့်များလည်း နောက်ဆုတ်လိုက်ကြသည်။
ဖန်လီထန်း၏ အကြည့်က စူးရှလာသည်။ သူက စွမ်းအင်ဓားများ ဝန်းရံထားလျက်ဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
ပွင့်ချပ်ရှစ်လွှာ ရွှေကြာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် …
သူက လက်တစ်ဖက်တွင် ရွှေရောင် သေရည်ဘူးသီးခြောက် ကိုင်ဆွဲရင်း သူ့အကြည့်များက ဖုန်းလျူထံ မြဲမြံနေလေသည်။
...
အခန်း (၄၃၁) မင်းရဲ့မျက်နှာပေါ်က မဲ့ပြုံးကိုသပ်ချ
ဖုန်းလျူ၏အမူအရာက ရုတ်ခြည်းပြောင်းလဲသွားတော့သည်။ သူက တုန်လှုပ်ပြီး ပျာယာခတ်သွား၏။ သူက တတ်နိုင်သမျှမြန်မြန် ထွက်သွားချင်သည်။ သို့သော် ဖန်လီထန်းက သူ့ဆီ ရောက်နေပြီး ဖြစ်သည်။ သူ့ရန်သူသည် တခါတုန်းက ကျင့်မင်တာအိုဂိုဏ်း၏ အကြီးမြတ်ဆုံးလက်ရွေးစင် ဖြစ်ခဲ့ကြောင်း မေ့လုနီးပါးဖြစ်ခဲ့သည်။ ထိုကဲ့သို့ တာအိုလက်ရွေးစင်တစ်ယောက်အဖို့ ဓားသိုင်း မကျွမ်းကျင်ဟု မထင်နိုင်ပေ။ လက်ရွေးစင်တစ်ယောက်သည် သူ့ကိုယ်သူစွမ်းအားကင်းမဲ့ခွင့် သို့တည်းမဟုတ် ခုခံမှုကင်းမဲ့ခွင့် ပြုမှာမဟုတ်ပေ။
ဖန်လီထန်းသည် ဖုန်းလျူဆီသို့ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပျံသန်းပြီး သူ၏စွမ်းအင်ဓားများကို ထုတ်လိုက်၏။
ဝှစ် ... ဝှစ် ... ဝှစ်
ဓားများသည် သစ်သီးကို လှီးဖြတ်နေသည့်ပမာ စွမ်းအင်ဓားများ၏ အကျယ်အဝန်း အတိုင်းအတာအတွင်းရှိ ကျင့်ကြံသူများသည် စွမ်းအင်ဓားများကြောင့် အလွယ်တကူ ထိခိုက်ကုန်သည်။ သူတို့ခြေများလက်များက အောက်ရှိ တောအုပ်များအပေါ် ပြုတ်ကျကုန်တော့သည်။
ကျင့်ကြံသူများသည် တတ်နိုင်သမျှ မြန်မြန် အဝေးသို့ ထွက်ပြေးသွားကြသည်။
ဖန်လီထန်းသည် ဖုန်းလျူကိုသာ ကြည့်နေ၏။ သူသည် ဖုန်းလျူနောက်လိုက်သွားသည်။
ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် ပွင့်ချပ်ခြောက်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို လိုက်နေခြင်းက ကလေးတစ်ယောက်နောက် လူကြီးတစ်ယောက်က လိုက်နေသည့်ပမာဖြစ်နေသည်။
ဖုန်းလျူသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုစိတ်ပျက်အားငယ်လာသည်။ သူ၏မျက်လုံးထဲ အကြောက်တရားများဖြင့် ပြည့်နေ၏။
စွမ်းအင်ဓားများသည် သူ၏နိုးထမှုတွင် မြေကမ္ဘာကို ပိပြားသွားစေသည်။ သစ်ပင်များက လဲပြိုကျပြီး ဒိုမီနိုပမာဖြစ်နေတော့၏။
“မဖြစ်နိုင်တာ” ဖုန်းလျူသည် အသံကအက်နေတော့၏။ ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် အစောတုန်းက သူသည် ဖန်လီထန်းကို အထင်တသေးကြည့်သည့်ပမာ ငုံ့ကြည့်နေလေ၏။
ဖန်လီထန်းက ပြောသည်။
“ငါရဲ့ရွှေရောင်သေရည်ဘူးသီးခြောက်ကို စည်း မဖွင့်ခဲ့တာ အတော်ကြာပြီ။ ဒီနေ့ မင်းကြောင့် ပြန်ဖွင့်ရမယ်”
ဝှစ်
ရွှေရောင်သေရည်ဘူးသီးခြောက်က ထွန်းလင်းတောက်ပလာပြီးနောက် ဖုန်းလျူဆီသို့ ဦးတည်သွားတော့၏။
ဖုန်း
ဖုန်းလျူသည် ရွှေရောင်သေရည်ဘူးသီးခြောက်က သူ့နား ရောက်လာချိန်၌ အော်ရန် အခွင့်အရေးတောင် မရခဲ့ပေ။
ဖန်လီထန်းရှေ့၌ တွင်းတစ်တွင်း ပေါ်လာလေ၏။ ဖန်လီထန်း၏မျက်နှာပေါ်ရှိအနီရောင်အလင်းက ယခုချိန်၌ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူ၏ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ် သဏ္ဌာန်သည်လည်း လေထဲအနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လွင့်ပြယ်သွားတော့၏။
ထောက်
ဖန်လီထန်းသည် တွင်းနက်ထဲ ပြုတ်ကျသွား၏။ အရာအားလုံးကတိတ်ဆိတ်သွားပြီး အမှောင်ထုသာ ကျန်ရစ်တော့သည်။
ထွက်ပြေးရန် ဒုက္ခများနေခဲ့သော ကျန့်ချိုက်တပည့်များသည် ပျောက်ကွယ်သွားသော စိတ်ဝိညာဉ်သဏ္ဌာန်ကို မယုံနိုင်ပုံဖြင့် ကြည့်နေလေ၏။ မည်သူမှ အနားမကပ်ရဲပေ။ သူတို့က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးသားဖြစ်၏။ အများစုသည် ဖန်လီထန်း၏စွမ်းအင်ဓားသွားများဖြင့် ရုတ်ခြည်းတိုက်ခိုက်မှုကြောင့် အသတ်ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများသည် သူတို့ အစောပိုင်းအင်အားစု၏ လက်တဆုပ်စာမျှသာ ရှိသည်။
“ပြန်သွားပြီး ဒီအကြောင်းကို ဂိုဏ်းချုပ်ဆီ သတင်းပို့ရအောင် ... တာ့ရှစ်ရှိုးက ဖန်လီထန်းကို ရင်ဆိုင်ရင်း တိုက်ပွဲထဲ သေသွားခဲ့ပြီ။ ဖန်လီထန်းက သူ့ရဲ့စွမ်းအင်ဗဟိုချက် ချီပင်လယ်ကို လောင်ကျွမ်းပစ်ခဲ့တာ”
“သွားကြမယ်” ကျန်ရှိသည့်ဂိုဏ်းသားများက ရှေ့ဆက်တိုးရလောက်သည်အထိ သတ္တိမရှိကြပေ။ သူတို့က လှည့်ထွက်သွားပြီး အမှောင်ထုထဲပျောက်ကွယ်သွား၏။
ထိုစဉ် ဖန်လီထန်းသည် တွင်းထဲ၌ အချိန်အတော်ကြာလှဲနေခဲ့သည်။ သူ့အချိန်အများစုကို တစ်နေရာပြီးတစ်နေရာ ရွေ့ပြောင်းသွားလာခဲ့၏။ ကောင်းကင်ကြီးက သူ၏စောင်၊ ကမ္ဘာမြေကြီးက သူ၏အိပ်ရာဖြစ်ခဲ့သည်။ သူသည် သက်သောင့်သက်သာမရှိသည့်ပတ်ဝန်းကျင်၌ အနားယူရတာ အသားကျနေပြီဖြစ်သည်။ သူ၏စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ကို ဖောက်ခွဲပစ်ခဲ့သော်ငြား သူ နောင်တမရပေ။
ကျန့်ချိုက်အခွဲ၏အစည်းအဝေးခန်းမထဲတွင်ဖြစ်သည်။
ဖုန်းချင်းဟယ်က သူ့တပည့်များ၏သတင်းပို့ချက်ကို နားထောင်ပြီး မျက်မှောင်ကျုံ့လိုက်၏။
“ဖုန်းလျူသေပြီလား” သူသည် ထိုစကားကို နားလည်နိုင်ရန် ခက်ခဲသွားသည်။
“တာ့ရှစ်ရှိုးနဲ့ ဖန်လီထန်းက သွေးတိုက်ပွဲ ဆင်နွှဲခဲ့တာ ... အဲ့ဒီအဖိုးကြီးက သူ့ရဲ့ချီပင်လယ်ကို ဖောက်ခွဲပစ်လိုက်မယ်လို့ ဘယ်သူကထင်မှာလဲ”
ဖုန်းချင်းဟယ်၏မျက်ခွံတို့က ထိန်းချုပ်မရအောင် တွန့်သွားတော့သည်။ သူသည် စိတ်တိုလွန်းသောကြောင့် လက်သီးများ ကျစ်ကျစ်ဆုပ်ထား၏။
ဘေးရှိအကြီးအကဲတစ်ယောက်က အရိုအသေပေးပြီးပြောလိုက်သည်။
“ဂိုဏ်းခွဲသခင် ... ကျွန်တော်တို့တွေ အခြေအနေကိုဦးစားပေးသင့်တယ်။ ဖန်လီထန်းက သူ့ရဲ့ချီပင်လယ်ကို ဖောက်ခွဲပစ်ခဲ့တာ။ ဆိုလိုတာက တိုက်ခိုက်နိုင်စွမ်းကင်းမဲ့သွားပြီပဲ။ ဟွားဝူတောက်က သတ္တိမရှိတဲ့လိပ်တစ်ကောင် ခုနစ်စဉ်ကြယ်စံအိမ်ကလူတွေက သူ့ကို အလွယ်တကူ ဖြေရှင်းနိုင်တယ်။ လန်လော့က ထျန်းကျင်းမြို့မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ။ အဇဋာအကျော်အမော်များဂိုဏ်းက သူ့ကိုဖြေရှင်းနိုင်တယ်။ သူတို့ရဲ့စည်းပိတ်ခြင်းအဆောင်က ကိုယ်ပျောက်တာအိုကို ရင်ဆိုင်နိုင်မယ်ဆိုရင် သူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ဟုန်ချူအခွဲ၊ သွမ့်လင်းအခွဲနဲ့ ကောင်းကင်ကံကြမ္မာဘုရားကျောင်းနဲ့ အမြုတေနှလုံးသားဂိုဏ်းက မိစ္ဆာကြီးကျိကိုဖြေရှင်းဖို့ ကျုပ်တို့နဲ့ပူးပေါင်းမှာ”
ထိုစကားများကို ကြားသောအခါ ဖုန်းချင်းဟယ်၏ဒေါသများက အတော်လျော့ပါးသွား၏။ သူက ပြောလိုက်သည်။
“ငါတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေကိုလျော့တွက်လို့မရဘူး။ တွမ့်မူရှန်းနဲ့ မင်ရှစ်ရင်ကို မိစ္ဆာကြီးကျိက တင်းကြပ်ထားခဲ့တာ။ ဒါပေမဲ့ သူတို့ကို ပေါ့ပေါ့သေးသေးမှတ်လို့မရဘူး။ အခု စီးဝူယာ့က သူတို့နဲ့ရှိနေပြီ။ ငါတို့ ဂရုစိုက်မှရမယ်”
“စီးဝူယာ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တစ်ယောက်ပဲ။ မိစ္ဆာကြီးကျိရဲ့စိတ်နေသဘောထားအရ စီးဝူယာ့က ကြင်ကြင်နာနာဆက်ဆံခံရမှာမဟုတ်ဘူး။ ယွီရှန်းရုန်ရဲ့ကံကြမ္မာက မသိရသေးဘူး။ ဒါပေမဲ့ သူပေါ်လာမယ်လို့ခံစားမိတယ်။ တခြားတပည့်တွေက အခြေအနေကို ပြောင်းလဲနိုင်လောက်တဲ့အထိ အစွမ်းမထက်ဘူး။ ယွီကျန့်ဟိုင်ကကော” ဖုန်းချင်းဟယ်သည် ယွီကျန့်ဟိုင်ကို အစိုးရိမ်ဆုံးဖြစ်သည်။ ဆိုရလျှင် ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင် မျှော်နန်း၏တပည့်ကြီး ဖြစ်သည်။ အပေါ်ယံတွင် သူက မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးမားဆုံး သစ္စာဖောက်ဖြစ်၏။ သို့သော်ငြား ကြည့်တတ်သည့်သူတိုင်းက ငရဲဂိုဏ်းက အစွမ်းထက်သည့်တိုင် မိစ္ဆာဝေဟင်မျှော်နန်းပေါ် လေးစားမှုတို့ကျန်သေးသည်။ ကျင့်ကြံခြင်းလောကထဲ၌ မဟာကာကွယ်စောင့်ရှောက်သူလေးဦးသည် မိစ္ဆာဝေဟင်မျှော်နန်းသခင်ကိုတွေ့သည့်အချိန်၌ အမြီးကုပ်ပြီးပြေးသည်ဟူသော သတင်းက ရှိနေလေ၏။
“စိတ်မပူနဲ့ ဂိုဏ်းခွဲသခင် ... ယွီကျန့်ဟိုင်က အခုတော်ဝင်မိသားစုနဲ့ တိုက်ခိုက်နေတာ။ သူ့အတွက် ကိစ္စတွေ ပိုခက်စေဖို့ အမြုတေနှလုံးသားဂိုဏ်းကလူတွေက လို့လီကိုသွားလိမ့်မယ်”
“လို့လီလား”
“ငရဲဂိုဏ်းက လျန်စီရင်စုကိုအနိုင်ရခဲ့ပြီး စတုတ္ထမင်းသားနဲ့လို့လီနဲ့လို့လန်က လက်ရွေးစင် နှစ်ထောင်ကို သတ်ဖြတ်ခဲ့တာ။ လို့လီရဲ့တော်ဝင်မိသားစုက အခု ယွီကျန့်ဟိုင်ကို ဆုတ်ဖြဲပစ်ချင်နေပြီ” အကြီးအကဲက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ဖုန်းချင်းဟယ်က မျက်မှောင်ကျုံ့သွား၏။ သူက ထပ်ပြောလိုက်သည်။
“အမြုတေနှလုံးသားဂိုဏ်းက လို့လီနဲ့ပူးပေါင်းလိုက်တာလား။ သီးခြားမျိုးနွယ်တွေက တခြားမျိုးနွယ်တွေပဲလေ။ သူတို့ရဲ့ပန်းတိုင်က တာ့ယန်ကို ဖရိုဖရဲဖြစ်အောင်လုပ်ချင်တာမလား”
ပြီးနောက် သူက သက်ပြင်းချပြီးနောက်ပြောလိုက်သည်။
“မဟာဂိုဏ်းခုနစ်ဂိုဏ်းကို အခု တားလို့မရတော့ဘူး။ ဟုန်ချူဂိုဏ်းခွဲတို့ရဲ့ ဂိုဏ်းချုပ်ကြီးကို တံခါးပိတ်ကျင့်ကြံနေရာကနေ ဆင့်ခေါ်လိုက်ပြီ။ ဖုန်းလျူသေပြီဆိုပေမဲ့ အချည်းနှီးမဟုတ်ဘူး”
သူတို့က ထပ်မံအကျိုးမဆောင်နိုင်လျှင် မိစ္ဆာဝေဟင်မျှော်နန်းဖျက်ဆီးခံရချိန်၌ ဝေစုကြီးကြီးမားမား ပိုရစရာအကြောင်း မည်ကဲ့သို့ ရှိတော့မည်နည်း။
ဖုန်းချင်းဟယ်က ထပ်ပြောလိုက်သည်။
“တိုက်ပွဲဖြစ်ရာဆီ တစ်ယောက်ယောက်လွှတ်လိုက်၊ ဖုန်းလျူရဲ့အလောင်းကိုရှာပြီး သင့်တော်သလို့ မြှုပ်ပေးလိုက်”
“နားလည်ပါပြီ”
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်းထဲတွင်ဖြစ်သည်။
လုကျိုးသည် အချိန်အတိုင်းအတာတစ်ခုအထိ ပုရပိုက်ပုံကြမ်းဟောင်းကိုကြည့်နေပြီး နောက်ဆုံးတွင် ရပ်တန့်သွား၏။ သူက တင်ပျဉ်ခွေချိတ်ထိုင်လျက် ကောင်းကင်ကျ မ်းစာကို လေ့လာရန်ထိုင်လိုက်တော့သည်။ လက်ရှိတွင်သူက ကောင်းကင်ကျမ်းစာလေးခုကို တတ်မြောက်ပြီးဖြစ်သည်။ ပထမက မိန့်ခွန်းစွမ်းအား အသံကျင့်စဉ်ဖြစ်ပြီး ဒုတိယက အသံတိတ်စွမ်းအား အစစ်အမှန်တိုက်ကွက်တစ်ကွက်ဖြစ်ကာ၊ တတိယက လွန်လေပြီးသော အသက်စွမ်းအားဖြစ်ပြီး တုပခြင်း ကျင့်စဉ်တစ်မျိုးဖြစ်ကာ စတုတ္ထက ဒြပ်မဲ့တည်ရှိမှု၏စွမ်းအား ကုသခြင်းကျင့်စဉ်ဖြစ်သည်။
သူသည် ပထမဆုံးစွမ်းအားသုံးခုကို ကြိမ်ဖန်များစွာသုံးခဲ့ပြီး သူတို့ကို အကြမ်းဖျင်း နားလည်သဘောပေါက်နေပြီဖြစ်သည်။ သို့သော် သူက စတုတ္ထနှင့်မရင်းနှီးသေးပေ။ ကုသခြင်းစွမ်းရည်နှင့် တူသော်ငြား အသက်ဓာတ်ကို ပြန်ဖြည့်ပေးနိုင်၏။ ထိုသို့သာဆိုလျှင် မျှော်နန်းဆောင်အိုကြီး၏ အဖွဲ့ဝင်များကို သူတို့၏ ကျင့်ကြံဆင့်များ လျင်မြန်စွာ ပြန်ကောင်းလာစေရန် ကူညီပေးနိုင်မည်လော။
လုကျိုးက ထိုအရေးကိစ္စကိုစဉ်းစားနေစဉ် ကျောင်းယွဲ့၏အသံက ပေါ်လာ၏။
“ရှစ်စွင်း ... စစ်ရှစ်ရှိုးဆီက စာပါ”
“ဖတ်လိုက်”
ကျောင်းယွဲ့က ကျယ်လောင်စွာ ဖတ်လိုက်သည်။ “ရှစ်စွင်း ကျွန်တော်နေရာအနှံ့မှာ ရွှေကြာကို ဖြတ်တောက်မဲ့သတင်း ဖြန့်ပြီးပါပြီ။ ဒါ့အပြင် မိစ္ဆာသုတ်သင်ရေးမဟာမိတ်အခုလှုပ်ရှားနေပြီဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကြွက်တွေကိုတောင်ပေါ်ကနေမောင်းထုတ်သင့်တယ်။ ပြီးတော့ သွမ့်လင်းအခွဲရဲ့ဂိုဏ်းချုပ်ကြီးကလည်း တောင်ပေါ်ကနေထွက်လာပြီ။ တခြားဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေကိုလည်း သတိထားရမယ်။ နောက်ဆုံးကတော့ မဟူရာကွန်ယက်အခွဲတစ်ခုကို တည်နေရာ ရှာနိုင်ခဲ့တယ်။ ဒီအကြောင်းကို ယဲ့ကျစ်ရှင်းနဲ့ ဆွေးနွေးခဲ့ပြီး ပိုသိရတာနဲ့ သတင်းပြန်ပို့ပါ့မယ်။ လေးစားသမှုဖြင့် မင်ရှစ်ရင်”
စာဖတ်ပြီးနောက် ကျောင်းယွဲ့ကပြောလိုက်၏။ "ရှစ်စွင်း အခု ဘာလုပ်သင့်လဲ”
လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။ "မိစ္ဆာမျှော်နန်းနဲ့ မဟာဂိုဏ်းဆယ်ဂိုဏ်းကြားက အငြိုးအတေးကို အဆုံးသတ်ဖို့ကျပြီ”
ထိုစဉ်အမျိုးသမီးတပည့်တစ်ယောက်က အရှေ့ဖက်မျှော်နန်းထဲသို့ လျှောက်လာလျက် တုန်ယင်နေ၏။
“မျှော်နန်းသခင် ... ပဉ္စ ... ပဉ္စမသခင်မလေး မ ... မကောင်းတော့ဘူး။ အကြီးအကဲဖန်း ... ဖန်းက ဒဏ်ရာရထားတယ်”
ကျောင်းယွဲ့က ထိတ်လန့်သွား၏။ သူက မေးလိုက်တော့သည်။
“ဒဏ်ရာပြင်းပြင်းထန်ထန်ရတာလား။ ဘယ်လိုဖြစ်တာလဲ”
“ကျ ... ကျွန်မ မသိဘူး”
ထိုစဉ် လုကျိုးသည် လက်နောက်ပစ်ထားလျက် အရှေ့ဖက်မျှော်နန်းသို့ထွက်လာ၏။ သူ၏အမူအရာက တည်ငြိမ်နေသော်ငြား စိတ်ထဲတွင်မူ ဇဝေဇဝါများ၊ သံသယဖြစ်မှုများရှိနေသည်။ အဖြစ်အပျက်၏ ချိန်သားကိုက်မှုက သံသယဖြစ်စရာကောင်းလွန်း၏။ မင်ရှစ်ရင်၏ စာပါအကြောင်းအရာကို တွေးမိသောအခါ ယင်းက ဂိုဏ်းခုနစ်ဂိုဏ်းနှင့် သက်ဆိုင်ရမည်ဟု တွေးမိသွားသည်။
ကျောင်းယွဲ့နှင့် အမျိုးသမီးတပည့်မလေးသည် လုကျိုးကို မြင်သောအခါ အရိုအသေ ပေးလိုက်၏။
“သူ ဘယ်မှာလဲ”
“တတိယသခင်လေးနဲ့ အဋ္ဌမသခင်လေးက တောင်အောက်ဆင်းသွားပါတယ်”
လုကျိုးက လက် ဝှေ့ယမ်းလိုက်သည်။ သူ၏ရင့်ရော်သောမျက်နှာက တည်ငြိမ်နေပုံ ပေါ်သော်ငြား မျက်ခုံနှစ်ဖက်ကြား၌ ဒေါသအရိပ်အယောင်ကို မြင်တွေ့ရပေ၏။
...
အခန်း (၄၃၂) မိစ္ဆာသုတ်သင်ရေး မဟာမိတ်
လုကျိုးက သူ ကူးပြောင်းလာလာချင်း ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ရင်ဆိုင်ရစဉ်အခါက ဖိအားအောက် ကျရောက်ခဲ့သည်ကို အမှတ်ရသွားလေသည်။ ထိုစဉ်က သူသည် ကျင့်ကြံဆင့် ပျောက်ဆုံးကာ ငမိုက်သားများကလည်း သူ့အတွေးများနှင့်သူ ရှိနေကြလေသည်။ သူ့အတွက် ခက်ခဲသည့် အချိန်တစ်ခု ဖြစ်ခဲ့၏။ သူက ဂိုဏ်းကြီးဆယ်ဂိုဏ်းကို အနိုင်ပိုင်းပြီးသည့်အချိန် လုကျိုးက အသုံးပြုပစ္စည်းကတ်များ ရလာပြီး ဖြောင့်မတ်ခြင်း လမ်းစဉ်ဂိုဏ်းများအား များများစားစား မတွေးမိတော့ချေ။
ကံဆိုးစွာဖြင့် မိစ္ဆာဝေဟင်မျှော်နန်းက အာရုံဖမ်းစားလွန်းဖွယ် ပစ်မှတ်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် လူအများက ရတနာများ ရှိနေသည်ကို သတိပြုမိပြီး တက်မက်လာသည့်လူများ ရှိနေသည်မှာ မရှောင်လွဲနိုင်ပေ။ ဖြစ်ချင်တော့ ထိုလူများက အတူတကွ ပူးပေါင်းကာ မဟာမိတ်ဖွဲ့လိုက်ကြသည်။ သူတို့က တရားမျှတရေးကို လက်ကိုင်ထားသည်ဟု ခံယူကာ ကမ္ဘာကြီးအား အရူးလုပ်ပြီး ဂုဏ်သတင်းကောင်းရဖို့ ကြိုးစားနေကြခြင်း ဖြစ်၏။
ထိုစဉ် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်တွင် ရပ်နေရင်း လက်နောက်ပစ်လျက် စောင့်ဆိုင်းနေသည်။ ခဏအကြာတွင် သူက တောင်ပေါ်တက်လာသည့် ထမ်းစင် သယ်ထားသော တွမ့်မူရှန်းနှင့် ကျူးဟုန်ကုန်းကို မြင်လိုက်ရသည်။
သူတို့က သူတို့ဆရာကို မြင်လိုက်ရသည့်အခါ ရပ်တန့်လိုက်ကြပြီး ဖန်လီထန်းအား မြေပြင်ပေါ် အသာချပေးလိုက်သည်။
“ရှစ်စွင်း”
သတင်းကို ကြားကာ အလျင်အမြန် ပြေးလာကြသည့် လန်လော့နှင့် ဖန်ကျုံးတို့ပင် ဖန်လီထန်း၏ အခြေအနေကို မြင်ပြီး မျက်မှောင်ကြုတ်သွားကြသည်။
လန်လော့က ဖန်လီထန်းနှင့် မကြာခဏ စကားများကာ ရန်စလေ့ရှိသော်လည်း သူတို့က ရဲဘော်ရဲဘက်များ ဖြစ်ကြလေသည်။ ယခု ဖန်လီထန်း၏ အခြေအနေကို မြင်သောအခါ မည်သို့ မအံ့ဩဘဲ ရှိမည်နည်း။
ဖန်ကျုံးက ပို၍ပင် တုန်လှုပ်နေသေးသည်။ သူတို့နှစ်ဦး တွေ့စဉ်ကတည်းက ဖန်လီထန်းက သူ့အား ကျင့်ကြံရေးတွင် အမျိုးမျိုး သင်ကြားလမ်းညွှန်ပေးခဲ့သည်။ ဖန်လီထန်းက ဘာကိုမှ မချန်ဝှက်ထားဘဲ သူ့အား စိတ်ရှည်လက်ရှည်ဖြင့် သင်ပေးခဲ့သည်။ သူ့အဖေပင် ဒီလိုမျိုး ကြင်ကြင်နာနာ မဆက်ဆံဖူးပေ။ ဤမြင်ကွင်းကြောင့် သက်ရောက်မှု မခံရသည်မှာ မဖြစ်နိုင်ပေ။
တစ်ဖက်တွင် တွမ့်မူရှန်းနှင့် ကျူးဟုန်ကုန်းတို့က စိတ်ခံစားချက် မပြင်းပြပေ။
“လောင်ဖန်..”
ဖန်ကျုံးက ဖန်လီထန်း၏ အသက်ရှုနှုန်းကို မစစ်ဆေးခင် အော်ခေါ်လိုက်သည်။
လန်လော့က ပြောလိုက်သည်။
“ငါ စစ်ဆေးပေးမယ်”
ဖန်ကျုံးကို ဘေးကို ကပ်ရပ်ပေးလိုက်သည်။ လန်လော့က ဖန်လီထန်း၏ ကိုယ်ပေါ် လက်ဝါးတင်ကာ စမ်းသပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“သူ့ချီပင်လယ် လောင်ကျွမ်းထားတဲ့ အရိပ်အယောင်ရှိတယ်။ သူက အစကတည်းက ဒဏ်ရာရနေတာအပြင် အခု ချီပင်လယ် လောင်ကျွမ်းထားတယ်။ လောင်ဖန် မင်း စိတ်ရော မှန်သေးလား”
တွမ့်မူရှန်းက ပြောလိုက်သည်။
“သူ့ကို တွေ့တုန်းက တောင်ခြေမှာ လဲနေတာ။ ကြည့်ရတာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တဲ့ပုံပဲ”
ကျူးဟုန်ကုန်းကလည်း ဒေါသထွက်စွာဖြင့် ဝင်ပြောလိုက်သည်။
“ဘယ်သူကများ မိစ္ဆာဝေဟင်မျှော်နန်းကို ကျူးကျော်ရဲတာလဲ။ အရှက်မဲ့လိုက်ကြတာ။ တကယ်လို့ ငါသာ သူတို့နဲ့တွေ့ရင် သူတို့ကို အပိုင်းပိုင်းအစစ ခြေမွှပစ်အုံးမယ်”
လန်လော့က လက်ဝါးကို ဆန့်ထုတ်ရင်း ကနဦးချီတချို့ကို ဖန်လီထန်း၏ ချီပင်လယ်အတွင်း ထည့်ပေးလိုက်သည်။ သူက သူ ကိုယ်တိုင်လည်း ဒဏ်ရာရရှိထားသည်ကို မေ့လျော့နေပုံပေါ်သည်။
ထိုအရာကို မြင်ကာ တခြားသူများက ဤသည်ကား လွန်ခဲ့သည့် နှစ်သုံးရာက ပေနက်လွှာတွင် ထိပ်ဆုံးရှိခဲ့သူနှင့် တစ်ဦးတည်းလားဟု သံသယဖြစ်လာကြသည်။ လန်လော့က ကုသရေးတွင် မဟုတ်ဘဲ သတ်ဖြတ်ရေးတွင် နာမည်ကျော်ကြားသည် မဟုတ်ပါလော။
ခဏအကြာတွင် လန်လော့က လက်ကို ပြန်ရုပ်လိုက်သည်။ သူက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
“သူ ချီပင်လယ် တစ်ဝက်နီးပါးလောက်က လောင်ကျွမ်းသွားပြီ။ သူ့အခြေအနေက သိပ်တော့ မဟန်ဘူး”
သူက လုကျိုးသည် ယုံနဉ်အား သေခြင်းကမ်းပါးမှ ပြန်လည်ခေါ်ဆောင်လာသည်ကို ရုတ်ခြည်း အမှတ်ရသွားကာ ပြောလိုက်သည်။
“မျှော်နန်းသခင်ပဲ သူ့ကို ကုပေးနိုင်လိမ့်မယ်”
အားလုံးက လုကျိုးအား မျှော်လင့်တကြီး လှည့်ကြည့်လိုက်ကြသည်။
လုကျိုးက ဖန်လီထန်း၏ ဒဏ်ရာများကို အကဲဖြတ်နေသည်။ တစ်ချိန်တည်းဆိုသလို သူက ကောင်းကင်ကျမ်း၏ လေးခုမြောက် စွမ်းအားက ချီပင်လယ် လောင်ကျွမ်းထားသည့်သူကို ကုသနိုင်ပါ့မလားဟု တွေးနေမိသည်။ သူက မသေချာသော်လည်း ကောင်းကင်ကျမ်း၏ ကုသရေးနည်းစနစ်ကို ထုတ်သုံးကြည့်ရုံမှအပ ရွေးချယ်စရာ မရှိပေ။
အရေးပေါ် ကုသရေးကတ်က ဖန်လီထန်း၏ နာကျင်မှုကို ဖြေလျော့ပေးနိုင်လျှင်ပင် သူ့ချီပင်လယ်အား ပြန်လည်ကောင်းမွန်စေဖို့ ခက်လိမ့်မည်။
လူတစ်ယောက်၏ ချီပင်လယ် ပျက်စီးသွားသည်နှင့် ကျင့်ကြံသူအဖြစ်မှ ရပ်တန့်သွားခြင်း ဖြစ်ပေသည်။ ဤသည်က ဖန်လီထန်း၏ ချီပင်လယ် ပျက်စီးသွားသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဤသည်က ဒုတိယအကြိမ် ဖြစ်၏။ သူ့ဒဏ်ရာဟောင်းများက မပျောက်ကင်းသေးခင် ဒဏ်ရာ ထပ်ရလာပြန်ပြီ ဖြစ်၏။ ထို့ကြောင့် သူ့ကို ကုသဖို့အတွက် မည်မျှ ခက်ခဲမည်ကို စိတ်ကူးကြည့်နိုင်သည်။
“နောက်ဆုတ်နေကြ”
လုကျိုးက ပြောလိုက်သည်။
လန်လော့၊ ဖန်ကျုံး၊ တွမ့်မူရှန်းနှင့် ကျူးဟုန်ကုန်းတို့က အလျင်စလို နောက်ဆုတ်ကာ လုကျိုးအတွက် လမ်းဖယ်ပေးလိုက်သည်။
လုကျိုးက ဖန်လီထန်းဆီ ရောက်လာကာ ညာဘက်လက်ကို အသာမြောက်လိုက်သည်။ သူ့အင်္ကျီလက်ဖျားခါလိုက်သည်နှင့် သူ့လက်ဝါးတွင် အပြာဖျော့ဖျော့ ကြာပွင့်တစ်ခု ပေါ်ထွက်လာသည်။
တခြားသူများက အသက်အောင့်လိုက်ကြ၏။ သူတို့က ရင်းနှီးပြီးသား မြင်ကွင်းကို ထပ်မံကြုံတွေ့လိုက်ရသည်။ သူတို့က လုကျိုး၏ လက်ဝါးမှ အပြာရောင်ကြာပွင့်၏ အသက်ဓာတ်သည် မည်မျှအားပြင်းကြောင်း ခံစားမိလေသည်။
လန်လော့က သူ၏ ငွေရောင်မျက်နှာဖုံးအောက်တွင် အကြည့်များ တောက်ပလာလေသည်။ သူက အပြာရောင် ကြာပွင့်အား တအံ့တဩ ကြည့်နေမိ၏။ သူတို့က လုကျိုး ယုံနဉ်ကို ကုသပေးစဉ်အခါက တံခါးပေါက်များ ပိတ်ထားသောကြောင့် အဖြစ်အပျက်ကို သေချာမမြင်ခဲ့ရပေ။ ယခုက သူတို့အတွက် ပထမဆုံးအကြိမ် ကိုယ်တိုင်မြင်တွေ့ဖူးခြင်း ဖြစ်၏။
အပြာရောင်ကြာပွင့်က ဒီရေလှိုင်းကဲ့သို့ ထွက်ပေါ်လာသည်။ အပြာရောင်ကြာပွင့်က သင့်တော်သည့် အရွယ်အစားသို့ ရောက်သည့်အခါ လုကျိုးက အသာတွန်းချလိုက်သည်။
အပြာရောင်ကြာပွင့်က ဖန်လီထန်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားကာ အမြစ်တွယ်သွားသည်။ အမြစ်မတွယ်သွားခင် အနည်းငယ် ဝေ့ပတ်သွားသည်။ ထို့နောက် အပြာရောင်စွမ်းအားလှိုင်းက ပတ်ဝန်းကျင်အား ပျံ့နှံ့သွားလေသည်။
အပြာရောင်ကြာပွင့်၏ ကုသနိုင်စွမ်းနှင့် အားပြင်းသည့် အသက်ဓာတ်က ဖန်လီထန်း၏ ချီပင်လယ်အား ကုသပေးသလို လက်ရှိဒဏ်ရာများလည်း အပါအဝင် ဖြစ်၏။ ၁၅မိနစ် ကြာပြီးနောက်တွင် အပြာရောင်ကြာပွင့်က လေထုထဲ ပျောက်ကွယ်သွားလေသည်။
ထိုစဉ် ဖန်လီထန်းက ချောင်းဆိုးလာသည်။
တခြားလူများက ပျော်ရွှင်သွားကြ၏။
“သူ နိုးလာပြီ”
ဖန်ကျုံးက အလျင်စလို ပြောရင်း ဖန်လီထန်းအား ကူပေးလိုက်သည်။ ဖန်လီထန်းက မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အမှောင်ထုမှ လွတ်မြောက်လာပြီး အလင်းကမ္ဘာထဲသို့ ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ သူက မျက်တောင်အနည်းငယ် ခတ်ကာ အသက်ရှင်ကြောင်း အတည်ပြုလိုက်သည်။ သူက ပတ်ပတ်လည်ကို ကြည့်ပြီးနောက် အားလုံး၏ မျက်နှာအထက် ပျော်ရွှင်ကာ စိတ်သက်သာရာရသွားသည့် အမူအရာများကို မြင်တွေ့လိုက်ရလေသည်။
“လောင်ဖန် … ခင်ဗျား ကျွန်တော်တို့ကို လန့်အောင် လုပ်နေတာပဲ။ ခင်ဗျား အဆင်ပြေရဲ့လား။ ခင်ဗျားကို ဒါ ဘယ်သူ လုပ်လိုက်တာလဲ။ ဒီမှာ မျှော်နန်းသခင်ရှိတာ ခင်ဗျား ကံကောင်းသွားတယ်။ မဟုတ်ရင် ခင်ဗျား သေနေလောက်ပြီ။ အဲလိုဆိုရင်တော့ ကျွန်တော်က ခင်ဗျားရဲ့အုတ်ဂူကိုပဲ ကြည့်နေရတော့မှာ”
ဖန်ကျုံးက ဖန်လီထန်း၏ ပခုံးအား ဖက်ရင်း ပြောလိုက်သောကြောင့် ဖန်လီထန်းက ထပ်မံ ချောင်းဆိုးသွားပြန်သည်။
ဖန်လီထန်း၏ စိတ်က ယခုအခါ ရှင်းလင်းနေပြီ ဖြစ်၏။ သူက ဖန်ကျုံး၏ စကားကို ကြားသည့်အခါ ပြောလိုက်သည်။
“အာ.. ပါးစပ်ပိတ်ထား ငါ မသေသေးပါဘူးကွ”
“မာကျောချင်ယောင်ဆောင်နေတာပဲ”
ဖန်ကျုံးက ဖန်လီထန်း၏ အပြုအမူကြောင့် အနည်းငယ် ဆွံ့အသွားလေသည်။ ဖန်လီထန်းက လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး။
“ဒါ မင်းကို ဘယ်သူ လုပ်လိုက်တာလဲ။ ငါတို့ကို ဘာမှစိုးရိမ်မနေဘဲ ပြောလို့ရတယ်”
ဖန်လီထန်းက အနည်းငယ် သက်ပြင်းလိုက်ပြီးနောက် လုကျိုးအား အဖြစ်အပျက်မှန်သမျှကို ပြောလိုက်သည်။
“ကျုပ်က ဖုန်းချင်းဟယ်နဲ့ တွေ့ပြီးတော့ ကိစ္စတွေ ဇစ်အမြစ်ထိအောင် သွားချင်ပေမဲ့ ဖုန်းလျူက လမ်းတစ်ဝက်မှာ သတ်ဖို့ ကြိုးစားခဲ့တယ်။ ဖုန်းချင်းဟယ်ရဲ့ ပထမတပည့် ဖုန်းလျူက ကလိမ်ကျတဲ့ စရိုက်မျိုးပဲ။ ကျုပ် တိုက်ခိုက်ခံရတုန်းက ကျုပ် ချီပင်လယ်ကို လောင်မြိုက်စေရုံကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒီနေ့ကစပြီးတော့ ဖုန်းချင်းဟယ်အပေါ် ကျုပ် အကြွေးကျေသွားပြီ”
လုကျိုး မျှော်လင့်ထားသည့်အတိုင်း ဖန်လီထန်းက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားပြီးနောက်တွင် ခြိမ်းခြောက်အကြပ်ကိုင်ခံလိုက်ရသည်။
“ခင်ဗျားရဲ့အကြွေးက ပေးပြီးပြီတဲ့လား”
တွမ့်မူရှန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
တခြားသူများအတွက် ဖန်လီထန်းက မီးစာကုန်သည့် မီးခြစ်ဆံလို ဖြစ်နေလေသည်။
“ဖုန်းချင်းဟယ်က ကျုပ် ကျင့်မင်တာအိုဂိုဏ်းက ထွက်လာချင်တုန်းက တိတ်တဆိတ် ကူညီဖူးတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်အသက်က တန်ဖိုးမှ မရှိတာ။ ကျုပ်ဒီနေ့အထိ အသက်ရှင်နေတာပဲ ဝမ်းသာလှပါပြီ”
ဖန်လီထန်းက ရယ်မောရင်း ပြောလိုက်သည်။
“သူတို့က ကျုပ်ကို သေပြီ ထင်နေကြတာလေ။ ကျုပ်က ငရဲကနေ မိစ္ဆာဝေဟင်မျှော်နန်းအထိ တက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”
တခြားသူများက ဖန်လီထန်းကို တအံ့တဩဖြင့် ကြည့်နေကြသည်။
ထိုစဉ် ဖန်လီထန်းက တစ်ယောက်ယောက် ကြည့်နေသည်ကို သတိထားမိကာ ကြည့်လိုက်သည့်အချိန် လုကျိုးက သူ့ကို ကြည့်နေလေ၏။ လုကျိုး၏ အမူအရာက ပုံမှန်နှင့်အတူတူသာ ဖြစ်နေသောကြောင့် သူ့အတွေးများကို ခန့်မှန်းဖို့ ခက်ခဲလှပေသည်။
“ခင်ဗျားက အကြွေးကျေသွားပြီလို့များ ထင်နေတာလား”
“မျှော်နန်းသခင် ဘာကို ပြောချင်တာလဲ”
“အကြီးအကဲဖန်း ခင်ဗျားက ဒီနှစ်တွေမှာ အလကား အချိန်ကုန်ဆုံးသွားခဲ့တဲ့ပုံပဲ။ ဒီလိုမျိုး ရိုးရှင်းတဲ့ သဘောတရားကို နားမလည်ဘူးလား”
လုကျိုးက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
“ကျုပ်ကို ရေဆိုးရေညစ်တွေ လောင်းချချင်နေတာ ဘယ်လောက်များတုန်း သိလား။ ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းကို တပ်မက်နေကြတဲ့သူတွေ ဘယ်လောက်များလဲ သိရဲ့လား”
ဖန်လီထန်းက ဆွံ့အနေမိ၏။ လုကျိုး၏ စကားများက အမှန်ဖြစ်၏။ အကယ်၍ သူက အကြွေးကျေပြီဟု ယူဆထားလျှင် ကျန့်ချိုက်အဖွဲ့ကရော အတူတူဟု ယူဆရမည်လား။
လုကျိုးက လက်နောက်ပစ်ကာ လှည့်ထွက်လိုက်သည်။ သူက ရွှေနန်းဥယျာဉ်တောင်ခြေကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကျန့်ချိုက်အဖွဲ့ခွဲရဲ့ ကျူးကျော်မှုကို မှတ်ထားမယ်”
ဒီလိုမျိုး ရန်ငြိုးထားတဲ့အတွက် ငါ့ကို လာပြီး အပြစ်မတင်နဲ့။ ကမ္ဘာကြီးမှာသာ အစီအစဉ်တကျ ရှိခဲ့မယ် ဆိုရင်တောင် မိစ္ဆာဝေဟင်မျှော်နန်းက ဒီလူတွေရဲ့ရန်စမှုကို သည်းမခံနိုင်ဘူး…
ကျူးဟုန်ကုန်းက ဝင်ပြောလိုက်သည်။
“ရှစ်စွင်း ပြောတာ မှန်တယ်”
“…”
တခြားသူများက ကျူးဟုန်ကုန်းကို ကြည့်လိုက်ကြသည်။ သူက လုကျိုး၏ အပြုအမူများကို အတုခိုးဖို့ ကြိုးစားသော်လည်း အရူးနှင့်သာ တူသွားလေသည်။ ရှောင်ယွမ်အာလို မဟုတ်ဘဲ ထိုစကားများကို သူ ပြောသည့်အခါ သဘာဝမကျပေ။
ဖန်လီထန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှမပြောတော့ပေ။
လုကျိုးက ပြောလိုက်သည်။
“ခင်ဗျားရဲ့ ချီပင်လယ်က အပြည့်အဝ ပြန်မကောင်းသေးဘူး။ အနားယူသင့်တယ်”
“ကျေးဇူးတင်ပါတယ်”
ဖန်လီထန်းက မတ်တပ်ရပ်ရင်း လုကျိုးအား ဦးညွှတ်လိုက်သည်။
လုကျိုးက သူ့ကောင်းကင်ကျမ်းစွမ်းအားသည် သုံးပုံတစ်ပုံ ကုန်ဆုံးသွားကြောင်း ခံစားမိလိုက်သော်လည်း ထိုက်တန်သည်ဟု ထင်မိသည်။ ဤသို့ဖြင့် သူက ကောင်းကင်ကျမ်း စွမ်းအားသည် ဒဏ်ရာများကို ကုသပေးနိုင်ကြောင်း အတည်ပြုနိုင်သွားသည်။ သို့သော်လည်း အကယ်၍ သူ့ပစ်မှတ်ကို အပြည့်အဝ ကုသပေးလိုလျှင် အနည်းဆုံး ထူးခြားအံ့ဖွယ် စွမ်းအား၏ နှစ်ဆ သို့မဟုတ် သုံးဆ လိုအပ်လိမ့်မည်။ ဤသည်က များပြားလွန်းလှ၏။
လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် သွေးကြောထောင်ပေါင်းများစွာ ရှိလေရာ ချီပင်လယ်က ကျင့်ကြံသူ တစ်ယောက်အတွက် တန်ဖိုးအရှိဆုံး ဖြစ်လေသည်။ ထို့ကြောင့် ကုသပေးဖို့ လွယ်ကူသည့် အလုပ်တော့ မဟုတ်ပေ။ အကယ်၍ သူ့တွင် ကောင်းကင်ကျမ်း စွမ်းအား မရှိပါက ဖန်လီထန်းသည် သူခံစားခဲ့သည့် ဒဏ်ရာများနှင် သေလူ ဖြစ်နေလောက်လေပြီ။
“သူ့ကို ပြန်ခေါ်သွားလိုက်တော့”
လုကျိုးက အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
ဖန်ကျုံးက ဖန်လီထန်းအား သူ့နေရာသို့ ပြန်ခေါ်သွားပေးသည်။
ထိုစဉ် ရှောင်ယွမ်အာက အရှေ့ဘက်မျှော်နန်းဆောင်မှ ပြေးလာလေသည်။ သူမက ဖန်ကျုံးသည် ဖန်လီထန်းကို ကူတွဲပေးထားကြောင်း မြင်သည့်အခါ သိချင်စွာဖြင့် မေးလိုက်သည်။
“ရှစ်စွင်း … အကြီးအကဲဖန်က ဘာဖြစ်တာလဲ”
“သူက သူ့တုံးအမှုကြောင့် ဒဏ်ရာရလာတာ။ သူ့ကို ဘာမှဂရုစိုက်စရာ မလိုဘူး”
လုကျိုးက ပြန်ဖြေလိုက်သည်။ ထိုအရာကို ကြားပြီး ဖန်လီထန်းက လဲကျမလို ဖြစ်သွားလေသည်။ သူ့ကို ငတုံးဟု ခေါ်သည်မှာ မျှော်နန်းသခင် ဖြစ်နေသည့်အတွက် ပြန်လည်မချေပနိုင်ပေ။ သူ လုပ်နိုင်သည်က ဖန်ကျုံး၏ ပခုံးထက် မှီကာ ပြောလိုက်ခြင်းသာ ဖြစ်၏။
“မြန်မြန်သာ လျှောက်စမ်းပါ”
“ဒီလို အခြေအနေနဲ့ မြန်မြန် လျှောက်နိုင်သေးလို့လား”
“ငါ ပြောတဲ့အတိုင်းသာ လုပ်စမ်းပါကွာ”
ဖန်လီထန်းက ချောင်းဆိုးရင်း ပြောလိုက်သည်။ နှစ်ဦးသား အလျင်အမြန်ဖြင့် မြင်ကွင်းမှာ ပျောက်ကွယ်သွားလေသည်။ တွမ့်မူရှန်းနှင့် ကျူးဟုန်ကုန်းက ဖန်လီထန်းသည် ဒဏ်ရာရပုံ မပေါ်၍ အနည်းငယ် အံ့ဩသွားကြသည်။
ကျူးဟုန်ကုန်းက မေးလိုက်၏။
“ရှစ်စွင်း .. လောင်ဖန်က ဟန်ဆောင်နေတာများလား”
“လျှောက်ပြောမနေစမ်းနဲ့”
လုကျိုးက သူ့အား စိုက်ကြည့်လိုက်သည်။
“ကျွန်တော် ကိုယ့်ဘာသာကိုယ် ရိုက်လိုက်ပါ့မယ်”
ဖြောင်း..
ကျူးဟုန်ကုန်းက သူ့ဘာသူ ပိတ်ရိုက်လိုက်၏။
လုကျိုးက ကျူးဟုန်ကုန်းအား လျစ်လျူရှုထားလေသည်။ သူက ရှောင်ယွမ်အာ စာတစ်စောင် ကိုင်လာကြောင်း သတိပြုမိသည့်အခါ မေးလိုက်သည်။
“ဒါက စာလား”
“ဒါက အရှက်မရှိတဲ့ ကျန်းအိုက်ကျန့်ဆီက စာပါ။ တပည့်ဖတ်ပြပါ့မယ်”
ရှောင်ယွမ်အာက စာကို ဖွင့်ဖတ်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ဖတ်ပြလိုက်သည်။
“လောင်ချန်ပေ့ ကျွန်တော် တင်ပြချင်တဲ့အရာ နှစ်ခု ရှိတယ်။ ပထမတစ်ခုက လျန့်စီရင်စုကနေ ရို့လီရဲ့လူတွေက ကောင်းကင်ကျုံးကို ကျော်ပြီး သူတို့ကို တိုက်ခိုက်လာတယ် ဆိုပြီးတော့ သတင်းပို့လာတယ်။ စီးဝူယာ့ မရှိတော့ ငရဲဂိုဏ်းက အတော်လေး အားနည်းသွားပုံပဲ။
ငရဲဂိုဏ်းက အခု ရို့လီအင်အားစုနဲ့ တိုက်ခိုက်နေရတယ်။ ကျွန်တော့်အမြင်တော့ သူတို့တွေ အချိန်တချို့တော့ ခုခံနိုင်အုံးမယ် ထင်တယ်။ ဒုတိယအနေနဲ့ မိစ္ဆာသုတ်သင်ရေး မဟာမိတ်ကို သတိထားပါ။ လောင်ချန်းပေ့ အသက်ရှင်ရမယ်နော်။ ကျွန်တော်အဝေးကနေ ပုန်းကွယ်ပြီး စောင့်ကြည့်နေပါ့မယ် နော်.. နော် နော်..”
“ထွီး.. ဒါက ဘယ်လိုတောင် အဆုံးသတ်ထားတာမျိုးလဲ”
ရှောင်ယွမ်အာက စာကို ဖြဲလိုက်ပြီးနောက် အံကြိတ်ကာ စာရွက်များအပေါ် တက်နင်းလိုက်သည်။ ကျူးဟုန်ကုန်းက ရှောင်ယွမ်အာကို ကြည့်ရင်း အနည်းငယ် ဆွံ့အမိနေသည်။ ကြည့်ရသည်မှာ သူ့တစ်ဘဝလုံး အနိုင်ကျင့်ခံရတော့မည် ဖြစ်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ထို့နောက် သူက အရှေ့ဘက်မျှော်နန်းဆောင်သို့ ပြန်သွားလေသည်။
“ရှစ်စွင်း ကောင်းကောင်း အနားယူပါ”
တပည့်သုံးယောက်လုံးက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။
ကျူးဟုန်ကုန်းက ပြောလိုက်၏။
“အဲဒီဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေက အတော်လေးကို အရှက်မဲ့လွန်းတယ်။ မဖြစ်သေးဘူး။ ငါတို့တွေ သူတို့နဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်”
“မင်းကလား..”
တွမ့်မူရှန်းက ကျူးဟုန်ကုန်းအား မကျေမနပ် ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။
“ဟုတ်တယ်”
ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်သည်။
“ငါ ချီရှစ်ရှိုးနဲ့ သွားပြောကြည့်ရမယ်။ သူက တစ်ခုခုတော့ စဉ်းစားပေးနိုင်မှာပဲ။ ငါ့ရဲ့လက်အိတ်တွေနဲ့ သူတို့အားလုံးကို သတ်ပစ်အုံးမယ်”
ကျူးဟုန်ကုန်းက အချိန်မဖြုန်းတော့ဘဲ ပြန်လည်သုံးသပ်ရေးဂူဝသို့ ရောက်ရှိလာလေသည်။ သူက အလျင်စလို အထဲ မဝင်သွားဘဲ ခေါင်းလေးပြူကာ အထဲသို့ ချောင်းကြည့်လိုက်၏။
“ထွက်သွား..”
စီးဝူယာ့၏ အေးစက်စက် လေသံ ထွက်ပေါ်လာသည်။
“ဟင် ချီရှစ်ရှိုး ဘာလို့ အခုထိ လေ့လာနေသေးတာလဲ”
“ငါ ပြောတာကို မကြားဘူးလား ထွက်သွား”
ကျူးဟုန်ကုန်းက ခနိုးခနဲ့ ရယ်မောလိုက်သည်။
“ကျွန်တော်က ဂူထဲမှာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ။ ခဏလေး နေပါအုံး ကျွန်တော်က အရေးကြီးကိစ္စကြောင့် ရောက်လာတာ။ ချီရှစ်ရှိုး … ဖြောင့်မတ်ခြင်းလမ်းစဉ်က မိစ္ဆာသုတ်သင်ရေး မဟာမိတ် ဖွဲ့ထားတယ်။ သူတို့က ရွှေနန်းဥယျာဉ်တောင်ကို ထပ်ပြီးတော့ ဝိုင်းတိုက်ခိုက်ဖို့ ကြံနေကြတယ်။ ပြန်လည်ချေမှုန်းဖို့ နည်းလမ်းလေး စဉ်းစားပေးပါအုံး”
“မိစ္ဆာသုတ်သင်ရေး မဟာမိတ်လား”
စီးဝူယာ့က လက်ထဲမှ စာရွက်ကို စားပွဲပေါ် တင်လိုက်ပြီးနောက် မျက်တွင်းဟောက်ပက်ဖြင့် ကြည့်လာလေသည်။
“ဘယ်သူက မင်းကို ပြောတာလဲ”
“ကျန်းရှောင်ကျန်းလို့ ခေါ်တဲ့လူကပဲ”
“ကျန့်အိုက်ကျန်း”
စီးဝူယာ့က မျက်မှောင်အနည်းငယ် ကြုတ်မိလိုက်သည်။ ကျန်းအိုက်ကျန့်၏ သတင်းများက ယုံကြည်စိတ်ချလို့ ရလေသည်။