← Chapters

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃) ဓားနတ်ဆိုးပြန်ရောက်လာခြင်း

“အမှန်ပဲ အဲ့ဒီကျန့်ရှောင်ကျန်းလေ” ကျူးဟုန်ကုန်းက ပြောလိုက်တော့သည်။

စီးဝူယာ့က မျက်မှောင်ကျုံ့ပြီးပြောလိုက်တော့၏။ “ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းမှာ ခုနစ်ဂိုဏ်းပဲ ကျန်တယ်။ နှစ်ကြမ်ကျရှုံးပြီးတော့ သူတို့တွေ ဒီတစ်ခေါက် ပြင်ဆင်ဖို့ လိုအပ်တာတွေအားလုံး လုပ်ထားမယ်လို့ထင်တယ်။ ရှစ်စွင်းကကော လတ်တလောဘယ်လိုလဲ”

“သူက ပုံမှန်ပါပဲ။ ဒါပေမဲ့ ရှစ်စွင်း သူ့ရဲ့အခန်းထဲမှာ အချည်းနှီးနေနေတယ်လို့မခံစားမိဘူး။ သူ ဘာလုပ်နေမှန်း ဘယ်သူမှ မသိကြဘူး” ကျူးဟုန်ကုန်းကပြန်ပြောလိုက်၏။

“ဟမ် ...” စီးဝူယာ့က ကျူးဟုန်ကုန်းကို ကြည့်လိုက်သည်။

“ဒါက မင်းရဲ့ရှစ်စွင်းအပေါ် တွေးနေတဲ့သဘောလား”

“အမ်း...” ကျူးဟုန်ကုန်းက သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။

“အဲ့ဒီအဘိုးကြီးသုံးယောက်ရဲ့ကျင့်ကြံဆင့်ကကော ဘယ်လိုလဲ” စီးဝူယာ့ကမေးလိုက်၏။

“မပြောပါနဲ့တော့ဗျာ ... အဲ့ဒီလူ ဖန်လီထန်းက လူတစ်စု အုပ်စုဖွဲ့တိုက်ခိုက်တာ ခံရတယ်လေ။ ရှစ်စွင်းသာ ဘာမှမလုပ်ခဲ့ရင် သူ အခုလောက်ဆို သေနေလောက်ပြီ။ အကြီးအကဲဟွားက လိပ်ခွံခုခံမှုပဲတတ်ကျွမ်းတာ .... ဒါပေမဲ့သူက တိုက်ခိုက်တဲ့နေရာမှာ အသုံးမဝင်ဘူး။ အကြီးအကဲလန်က လှုပ်ရှားတာတော်ပြီး ငါးရှဉ့်တစ်ကောင်လို ချော်ထွက်နေတာ၊ ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်ကြပြီဆိုရင် သူတို့တွေက ဖန်လီထန်းနဲ့မယှဉ်နိုင်ဘူး” ယင်းက အမှန်ပဲဖြစ်သည်။ ဆိုရလျှင် ဖန်လီထန်းက ကောင်းကင်အဆင့်လက်နက် သေရည်ဘူးသီးခြောက်ကို ပိုင်ဆိုင်ထားလေ၏။ သူက စစ်မှန်သည့် တာအိုလက်ရွေးစင်တစ်ယောက်ဖြစ်သည်။

“ဒီလိုဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းက အန္တရာယ်များနေပြီ”

“အဲ့ဒီ ဟွားယွဲ့ရှင်းက မဆိုးဘူး သူက ပွင့်ချပ်သုံးလွှာနတ်လေးသျှင်တစ်ယောက်ဖြစ်လုနီးပါးပဲ”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“အရင်တုန်းကသာဆိုရင် ပွင့်ချပ်ငါးလွှာ ဒါမှမဟုတ် အဲ့ဒီထက်ကျင့်ကြံဆင့်ရှိတဲ့သူက အကူအညီကြီးဖြစ်စေမှာ ... ဒါပေမဲ့ အခုမတူတော့ဘူး။ အဟန့်အတားအနေနဲ့ ဆောင်ရွက်ဖို့က မလုံလောက်ဘူး။ ရွှေကြာကို ဖြတ်တောက်တဲ့ ကောလာဟလတွေနဲ့ ရှစ်စွင်းရဲ့ မဟာအကန့်အသတ် နီးကပ်လာတဲ့ ကောလာဟလတွေနဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက လောင်းကြေးထပ်ဖို့ ဆုံးဖြတ်နေလောက်ပြီ” စီးဝူယာ့က ပြောလိုက်၏။

“ဟမ် ... ဒါဆိုကျွန်တော်တို့ဘာလုပ်သင့်လဲ” ကျူးဟုန်ကုန်းက မေးလျက် အနည်းငယ် စိုးရိမ်ပူပန်သွားသည်။

“တာ့ရှစ်ရှိုး အကြောင်းကြားလိုက်” ယွီကျန့်ဟိုင်သည် စီးဝူယာ့၏စိတ်ထဲ ချက်ချင်း ပေါ်လာတာပဲဖြစ်သည်။ သူတို့သည် ယွီကျန့်ဟိုင်နှင့် မဟာကာကွယ်စောင့်ရှောက်သူလေးဦးသာ ပေါ်လာခဲ့လျှင် ဤအခြေအနေကိုပြောင်းပြန်လှန်နိုင်လိမ့်မည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ လျန်စီရင်စုက လူတွေက လို့လီကိုတိုက်ခိုက်နေပြီ ... တာ့ရှစ်ရှိုးနဲ့ တိုက်ပွဲဖြစ်နေတာ” ကျူးဟုန်ကုန်းက ပြောလိုက်၏။

စီးဝူယာ့က မျက်မှောင်ထပ်ကျုံ့သွားသည်။ ဒါက တကယ်တိုက်ဆိုင်တာလား။

“အာ့ရှစ်ရှိုးဆီက စကားကော” စီးဝူယာ့က မေးလိုက်၏။

“အင်း မရှိဘူး”

“…” စီးဝူယာ့၏တည်ငြိမ်သော အမူအရာက အနည်းငယ်မှုန်ကုပ်သွားလေ၏။ “တာ့ရှစ်ရှိုးက ထပ်ပြီးအကွက်ချခံရပြန်ပြီလို့ ငါထင်တယ်။ အာ့ရှစ်ရှိုးမရှိတော့ မိစ္ဆာဝေဟင်မျှော်နန်းမှ ငါပဲရှိပုံပဲ”

ကျူးဟုန်ကုန်းက ဆွံ့အသွား၏။ ဒီလိုပြောလို့ ရှစ်စွင်းရိုက်တာ ခံရမှာမစိုးရိမ်ဘူးလား။

“လောင်ပါ့ နှစ်ရက်အတွင်း ချုပ်ပြီးတော့ပဲဖြစ်ဖြစ် အကောက်ကြံပြီးတော့ပဲဖြစ်ဖြစ် ငါ့ရဲ့ ကျင့်ကြံဆင့်ကိုစည်းဖွင့်ပေးဖို့ ဖြောင့်ဖျရမယ်။ ဒါဘာပဲဖြစ်ဖြစ်...”

“ဪ ... ဟုတ်သား ချိရှစ်ရှိုးက ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူတစ်ယောက်ပဲ” ကျူးဟုန်ကုန်းက သူ့ပေါင်သူရိုက်ချလိုက်၏။

“အ ...”

နောက်ဆက်တွဲအနေဖြင့် ပြန်လည်သုံးသပ်ရေးဂူထဲတွင် ဝက်အော်သံတစ်သံက ထွက်လာသည်။ သူက သူ၏လက်ဝေ့အိတ်ကိုဝတ်ထားကြောင်းတွေ့သွားတော့သည်။

ထိုစဉ် ဝူရှန်းတောင်ပေါ်၌ ဖြစ်သည်။

မဟာမြိုင်တိုင်းပြည်သည် နွေဦးကို ဘယ်တော့မှ မသိသည့်တိုင်းပြည်ဖြစ်၏။ ဆောင်းရာသီတွင် အမြဲတမ်း ပိတ်မိနေပြီး မြေကြီးပေါ်၌ နှင်းဖြူဖြူတို့ဖြင့် အမြဲတမ်း ဖွေးဖွေးလှုပ်နေသည်။

သို့သော် ယနေ့တွင်မူ ဝူရှန်းတောင်သည်ရှားရှားပါးပါးနေရောင်ကိုကြိုလင့်နေသည်။

ရွှေရောင်အလင်းတို့သည် သန့်ရှင်းသည့်နှင်းဖြူဖြူများပေါ်ကျရောက်လာလျက် ရောင်ခြည်များ ဖြန့်ကျက်ထား၏။ ယင်းက ပန်းချီရေးခြယ်ထားသည့်ပမာထင်မှတ်ရသည်။

မုရှီးဂူသင်္ချိုင်းအပြင်ဖက်၌ ကျင့်ကြံသူတစ်စုက ကြိုးစားပမ်းစား တူးထုတ်ပြီး ကျောက်တံခါးကို တူးနေလေ၏။

“ဒီမှာ သောက်ရမ်းအေးတာပဲ။ မင်းတို့တွေ သတိထားဦး မြေပုံပေါ်က အမှတ်အသားက မှန်လောက်မှာပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာကျော်က ကမ္ဘာမြေကနေပျောက်ကွယ်သွားတဲ့ မုရှီးသင်္ချိုင်းလေ”

“ခေါင်းဆောင် တခြားမျိုးနွယ်ရဲ့သင်္ချိုင်းကိုတူးတာ ပထမဆုံးအကြိမ်ပဲ ကျွန်တော် စိတ်လှုပ်ရှားသွားပြီ”

“ပြောရမယ်ဆိုရင် မဟာနွယ်တိုင်းပြည်က တခြားမျိုးနွယ်ရဲ့အစိတ်အပိုင်း မဟုတ်ဘူး။ အနိုင်ရသူက ဘုရင်ဖြစ်လာပြီး အရှုံးသမားက စည်းမျဉ်းအပြင်ဖက်ရောက်တာပဲ။ သမိုင်းကြောင်းထဲမှာ မှတ်တမ်းတင်ခံရပြီးသား ပြန်ရေးနိုင်ဖို့က မဖြစ်နိုင်ဘူးလေ”

“မျိုးနွယ်တွေအကြောင်း ဘယ်သူက ဂရုစိုက်နေလို့လဲ။ ရှင်းမနေရင် ပိုကောင်းမယ်။ မဟုတ်ရင် အချည်းနှီး ဖြစ်သွားလိမ့်မယ်”

ကျွတ် ... ကျွတ်

လူငါးယောက်၏ အားစိုက်ထုတ်မှုဖြင့် ကျောက်တံခါးက တဂျိဂျိမြည်ကာ ပွင့်သွားသည်။

ငါးယောက်သားက မုရှီးသင်္ချိုင်းထဲသို့အမြန်ဝင်သွားလေ၏။

“ခေါင်းဆောင် အဲ့ဒါဘာလဲ”

သူတို့ထဲမှတစ်ယောက်က သူတို့ခေါင်းဆောင်ကိုဆွဲခေါ်လိုက်သည်။ သူသည် မုရှီးသင်္ချိုင်းရှေ့ရှိ အုတ်ဂူပေါ်တွင် ပေါ်လာသည့် ဝံပုလွေတစ်အုပ်ကို လက်ညှိုးထိုးပြလိုက်၏။

“ဝံပုလွေရိုင်းတွေလား”

“ဒါမကောင်းတဲ့လက္ခဏာပဲ ကျုပ်တို့တွေ ဒီကထွက်သွားသင့်ပြီ ဝံပုလွေတွေ စောင့်ကြပ်ပေးထားတဲ့ အုတ်ဂူတစ်ခုက မင်္ဂလာရှိတဲ့နေရာမဟုတ်ဘူးလို့ကြားတယ်”

“မင်း ကြောက်နေတာလား။ ကြောက်ရင် ထွက်သွားလိုက်လေ။ ငါ မင်းကို ရလာတဲ့ပစ္စည်းတွေမင်းကို ဝေစုပေးမယ်လို့ မထင်နဲ့”

ကျန်သည့်သူများသည် ရှေ့ဆက်သွားဖို့ကြောက်ရွံ့မနေပေ။ မုရှီးသင်္ချိုင်းထဲသို့ ဆက်လျှောက်သွားလိုက်၏။ သူတို့နောက်ဆုံးတော့ ဤနေရာသို့ ရောက်လာပြီဖြစ်လေရာ သူတို့ပန်းတိုင်ကို မရောက်မချင်း ထွက်သွားမှာမဟုတ်ပေ။ သူတို့က ဆက်လျှောက်သွားပြီးနောက် မှုန်မှိုင်းမှိုင်းဥယျာဉ်တစ်ခုထဲသို့ ဝင်သွား၏။ ပြီးနောက် သူတို့သည်ကြီးမားကျယ်ဝန်းသည့် ဧရိယာသို့ ရောက်သွားသည်။ အရိုးစုပုံက သူတို့ကို နှုတ်ခမ်းသပ်မိစေ၏။ သူတို့သည် တန်ဖိုးရှိသည့်ပစ္စည်းကို ရှာဖွေနေစဉ် ထောင်ချောက်မျာကိုလည်း သတိထားရမည်။

အချိန်တချို့ ရှာဖွေပြီးနောက် သူတို့သည် အရိုးခြောက်နှစ်ခုပေါ်၌ တန်ဖိုးရှိပစ္စည်းအချို့ကိုသာ ရှာတွေ့ခဲ့ပြီး ကျန်တာဘာမှမတွေ့ပေ။

“ခေါင်းဆောင်ကြည့်ဦး” သူတို့ထဲမှတစ်ယောက်သည် နောက်ထပ် တံခါးတစ်ချပ်ကို လက်ညှိုးထိုးပြလိုက်၏။ အပေါ်ကနေအလင်းက တောက်ပစွာဖြာကျနေသည်။

“ရှူး...” တံခါးရှေ့ရှိမြေပြင်ပေါ်၌ ဓားတစ်လက်ကို မြင်တွေ့သွားသောအခါ ခေါင်းဆောင်၏မျက်လုံးက တောက်ပသွားသည်။ သူက ရတနာများကို ကြည့်တတ်သည်။ သူပစ္စည်းတစ်ခုကို မျက်စိကျသွားစဉ် ဓား၏ ကြက်သွေးရောင်အလင်းကြောင့် ချက်ချင်း ဖမ်းစားခံလိုက်ရသည်။ သူက ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ ထုတ်ဖော်ပြောလိုက်၏။

“ကောင်းကင်အဆင့်”

“ကောင်းကင်အဆင့်လား” ကျန်သည့်သူများကလည်း ပျော်ရွှင်ကြည်နူးသွားကြသည်။

“ပွပေါက်တိုးတာပြီ ... ငါတို့ချမ်းသာပြီကွ”

ကောင်းကင်အဆင့်လက်နက်ဖြင့် သူတို့၏ကျန်သည့်ဘဝများကို ဘုရင်များပမာ နေထိုင်နိုင်တော့မည်။

သူတို့ငါးယောက်သားသည် ယခုကြမ်းပြင်ပေါ်ရှိဓားကြောင့်စွဲဆောင်ခံနေရသည်။ ဓားအနားသို့ ကပ်သည်ထက်ကပ်သွား၏။ ကျောက်တံခါးနားသို့ ရောက်သွားသည့်အချိန်တွင် ကြမ်းပြင်ပေါ်၌ တကွဲတပြားစီ ဖြစ်နေသော လက်နက်အချို့ကို တွေ့မြင်လိုက်ရ၏။ ခေါင်းဆောင်က မျက်မှောင်ကျုံ့သွားတော့သည်။ “လက်နက်ပုန်းတွေကို ဂရုစိုက် ... ငါတို့ရှေ့မှာ အရင် ငါတို့နဲ့အလုပ်တူတဲ့လူတစ်ချို့ရောက်လာလောက်တယ်”

“ရောင်းရင်းတွေလား ... သူတို့ဓားလား”

သူတို့ငါးယောက်အုပ်စု၏ခေါင်းဆောင်သည် လက်ခံနိုင်ဖွယ်ရှိသည့် ကျင့်ကြံဆင့်ဖြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူသည် အဝေးရှိပစ္စည်းတစ်ခုကို အလွယ်လေးရွေ့နိုင်သည်။ ကျောက်တံခါးနောက်၌ လျှို့ဝှက်ထောင်ချောက်များရှိနေမှာကို သူစိုးရိမ်မိ၏။ ထို့ကြောင့် သူက လက်တစ်ဖက်မြှောက်လျက် ပြုံးကာ ပြောလိုက်တော့သည်။

“ဘယ်သူပိုင်လဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ ... ဖေဖေ့ဆီလာလိုက်”

ဝှစ်

ဓားက လှုပ်ခါသွားသည်။ မြေပြင်ပေါ်၌လှုပ်ခါရုံမျှသာ လှုပ်သွားလေ၏။

“ဟမ် ... ငါ့ရဲ့ ဗြဟ္မာပင်လယ်နယ်ပယ်ကျင့်ကြံဆင့်နဲ့ အဲ့ဒါကို လှုပ်အောင်မလုပ်နိုင်တဲ့ပုံပဲ”

ငါးယောက်သားက တစ်စုံတစ်ခုလွဲချော်သွားတာကို ရှာတွေ့သွား၏။

“အင်း ကြည့်ကြသေးတာပေါ့” သူ့လက်ဖဝါးကို မြှောက်ကာ ကနဦးချီများစွာကို စွမ်းအင်အဖြစ် သိပ်သည်းလျက် ဓားဆီသို့ ပို့လွှတ်လိုက်သည်။ သူသည် အံကြိတ်လျက် အားစိုက်ထုတ်သုံးကာ ကနဦးချီကို သုံးလိုက်၏။

ဝှစ် ဝှစ် ဝှစ်

သက်တော်ရှည်ဓားက ပြင်းပြင်းထန်ထန်လှုပ်ခါလာသည်။

“သွားလိုက်တော့ ခေါင်းဆောင်”

“နည်းနည်းလေးပိုပြီး”

“ရောက်တော့မယ် .... ရောက်ခါနီးပြီ”

ကျန်သည့်သူလေးယောက်၏ကျင့်ကြံဆင့်ကအားနည်းသည်။ သူတို့က သူ့ကိုအားပေးရုံသာရှိသည်။ သူတို့၏ခေါင်းဆောင်က ဗြဟ္မာပင်လယ်နယ်ပယ်တွင် ရှိသည့်တိုင် မလှုပ်သည့်ဓားကို သူတို့ကြည့်နေမိ၏။ ဓားက အလွန်ထူးကဲသည့်ကောင်းကင်အဆင့်လက်နက်ဆိုတာကို သူတို့ ပိုတောင်ယုံကြည်သွားသည်။ ထိုအကြောင်းကိုတွေးမိချိန်၌ သူတို့ သွားရည်ကျလုနီးပါး ဖြစ်သွားသည်။

ဝှစ်

“လှုပ်သွားပြီ”

ဓားသွားသည် ကြက်သွေးရောင်အလင်းဖြင့် ရုတ်တရက်တောက်ပလာလျက်လေထဲတွင် ပျံဝဲနေကာ သူတို့ဆီသို့တိုးဝင်လာသည်။

ဝှစ်

ဓားအလင်းက လက်ခနဲပေါ်လာပြီးနောက် လူလေးယောက်၏လည်ပင်းကို ဖြတ်သွားသည်။

ဘန်း ... ဟူသောမြည်သံဖြင့် ဗြဟ္မာပင်လယ်နယ်ပယ်ကျင့်ကြံသူသည် နောက်သို့ ဒူးထောက်ကျသွားတော့၏။ ဓားကိုစေ့စေ့စပ်စပ်ကြည့်နေမိသည်။ သူ လှည့်ကြည့်လိုက်ရာ သူ၏ ရောင်းရင်းလေးဦးက သူ့ကို မျက်လုံးအပြူးသားဖြင့်ကြည့်နေတာကို တွေ့လိုက်ရ၏။ သူတို့၏လက်တစ်ဖက်ဖြင့် လည်ပင်းကို ဆုပ်ကိုင်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် သူ့ကို လက်ညှိုးထိုးနေကြသည်။

“ခေါင်းဆောင် ... မင်း ... မင်း...”

“ငါမဟုတ်ဘူး” သူ မရှင်းပြနိုင်သေးခင်

ထောက်

လေးယောက်က မြေပြင်ပေါ်ပြုတ်ကျသွားပြီး အသက်မရှူနိုင်တော့ပေ။ ဓားက ကျောက်တံခါးရှေ့၌ ပျံဝဲနေသည်။ ဓားက ပျံဝဲသွားပြီးနောက် ၎င်း၏ဓားဖျားထိပ်က မြေကြီးပေါ်စိုက်ဝင်သွားတော့သည်။

ဘန်း

ရေတွင်း၏အဖုံးကလည်း နှစ်ခြမ်းကွဲသွား၏။ ကွဲသွားသည်နှင့် ဓား၏အလင်းက ကြက်သွေးရောင်အလင်းဖြင့် ပိုတောင်တောက်ပလာသည်။

ဂူဖောက်သူခေါင်းဆောင်သည် ကျောချမ်းသွားတော့သည်။ သူ၏မျက်နှာ၌ ချွေးစေးများပြန်နေလျက် မျက်လုံးကိုပွတ်လိုက်မိ၏။ သူထင်ယောင်ထင်မှားဖြစ်နေပုံပေါ်သည်။ သူ့အကြည့်တို့ရွေ့လိုက်ချိန် ထိုပုံရိပ်ယောင်က တဖြည်းဖြည်းရုပ်လုံးပေါ်လာတော့သည်။

ပခုံးထိအောင် ဆံနွယ်ရှည်များကျနေသည့် အစိမ်းရောင်ဝတ်ရုံဖြင့် ဓားသမား ... တိတိရိရိမျက်နှာကျနှင့် အကြည့်တို့က တချိန်တည်းတွင် အေးစက်ပြီးနူးညံ့မှုရှိနေသည့်သူသည် သူ့ရှေ့တွင်ပေါ်လာသည်။

“မင်း ... မင်း ... မင်း...” ဂူဖောက်ခေါင်းဆောင်က ခြေနှစ်ဖက်ကြား၌ အနွေးစီးကြောင်းကို ခံစားမိလိုက်သည်။ သူမတားမြစ်နိုင် ... ဤကဲ့သို့အေးစက်သည့်နေရာ၌ ကျောချမ်းဖွယ်ကောင်းလှ၏။ သူ တုန်ယင်နေမိသည်။

ဝတ်ရုံစိမ်းနှင့်ဓားသမားက ပြောလိုက်သည်။ “မုရှီးသင်္ချိုင်းကို ခြေချလာသူမှန်သမျှသေရမယ်”

...

အခန်း (၄၃၄) သမိုင်းကြောင်း၌ အားအနည်းဆုံး ဓားနတ်ဆိုး

ဂူဖောက်သမားက ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူသာ ဖြစ်ပေသည်။ ယွီရှန်းရုန်ရှေ့တွင် သူက သူ့ကိုယ်သူ မခုခံနိုင်ပေ။ သူက ကောင်းကင်ဘုံကို တုန်လှုပ်စေသည့် ဓားနတ်ဆိုးအမည်ကို ကြားသာလျှင် ကြားဖူး၏။ သို့သော်လည်း သူ့ရှေ့က လူသည် ဓားနတ်ဆိုးကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု တွေးပင် မတွေးကြည့်ဖူးပေ။ သူက အကြောက်တရားဖြင့် ကျောက်ရုပ်နီးပါး ဖြစ်နေလေသည်။

ထိုမကောင်းဆိုးဝါးက သူ့အသက်များကို ယူဆောင်ဖို့ ပေါ်ထွက်လာသည်ဟု တွေးနေမိ၏။ လူသားများက အကြောက်တရား လွန်ကဲမှုအောက်တွင် လှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးသွားတတ်ကြသည်။ ဤသည်က ယခု ဂူဖောက်သမား ယခုကြုံတွေ့နေရသည့် အတွေ့အကြုံ ဖြစ်ပေသည်။

သူက ပါးစပ်ဟကာ သက်ညှာပေးဖို့ တောင်းဆိုချင်သော်လည်း ယွီရှန်းရုန်၏ အေးစက်စက် အမူအရာအောက်တွင် ဘာမှမပြောရဲပေ။ သူက မော့ကြည့်လိုက်သောအခါ ယွီရှန်းရုန်က သူ့ကို မကြည့်နေကြောင်း သတိပြုမိလိုက်သည်။ ထိုအစား ယွီရှန်းရုန်က အပြင်ဘက်သို့သာ လှမ်းကြည့်နေလေ၏။ သူက ယွီရှန်းရုန် စိတ်ထဲ ဘာတွေ တွေးနေလဲဟု သိချင်မိသည်။

ထိုစဉ် သူ့ရှေ့မှ လူသည် တစ္ဆေတစ်ကောင် မဟုတ်ကြောင်း သတိပြုမိသွားသည်။ ဤလူက မုရှီးဂူသင်္ချိုင်းတွင် ပုန်းအောင်းနေသည့် လူတစ်ယောက်သာ ဖြစ်၏။

ထိုစဉ် တောအုပ်အတွင်းမှ ဝံပုလွေအူသံများက ပြန့်နှံ့လာလေသည်။ ဝံပုလွေရိုင်း အူသံများက ဂူဖောက်သမား၏ အတွေးကို လက်ရှိသို့ ပြန်လည်ရောက်လာစေ၏။

ယွီရှန်းရုန်က ဂူဖောက်သမားအား လှည့်ကြည့်လာလေသည်။ သူက တိတ်ဆိတ်ငြိမ်သက်လျက် ဂူဖောက်သမားဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။

ဂူဖောက်သမားက နောက်ဆုံးတွင် ရေရွတ်နိုင်လိုက်သည်။

“ခင်ဗျား.. ခင်ဗျားက ဘယ်သူလဲ”

ယွီရှန်းရုန်က မြေပြင်ရှိ အလောင်း လေးလောင်းကို ကြည့်လိုက်သည်။ သူ့အာရုံက အပြင်ဘက်ရှိ နေရောင်ပေါ်သာ အာရုံစိုက်ထားလေသည်။ ဤသည်က မြင်ကွင်းကောင်းကောင်း ရှုခင်းတစ်ခု ဖြစ်၏။ နေမင်းက နွေဦးလိုမျိုး နွေးထွေးလှသည်။

“ကျယ်ကျယ်လောင်လောင် သုံးကြိမ်တိုင်တိုင် ဝပ်တွားဦးညွှတ်လိုက်”

ယွီရှန်းရုန်က ပြောလိုက်သည်။ သူ့အသံက ဓားတစ်ချောင်းလို ထက်ရှလှပြီး ယခင်က သူ့အကျင့်စရိုက်နှင့် အတော်လေး ကွဲပြားနေလေသည်။

ဂူဖောက်သမားက ပြန်လည် မတုံ့ပြန်ရဲပေ။ သူက မုရှီး ဂူသင်္ချိုင်းအတွင်းရှိ အရိုးစုကို သုံးကြိမ်တိုင်တိုင် ဝပ်တွားဦးညွှတ်လိုက်သည်။ ဝပ်တွားပြီးသည့်နောက်တွင် သူ့နဖူးက ထုံထိုင်းနေလေပြီ။ သူက ကျောမတ်မတ် ရပ်လိုက်သည့်အချိန် ဂူသင်္ချိုင်းအတွင်း သက်တော်ရှည်ဓား၏ ဝေ့ယမ်းသံက ပျံ့လွင့်လာသည်။

ဝှစ်..

သက်တော်ရှည်ဓားက ဂူဖောက်သမား၏ လည်ချောင်းကို ဖြတ်တောက်ပြီးနောက် ယွီရှန်းရုန်၏ ဓားအိမ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားလေသည်။ ဂူဖောက်သမား၏ ခန္ဓာကိုယ်က နေရာမှာတင် မလှုပ်မယှက် ဖြစ်သွားလေသည်။ သူ့မျက်လုံးများက အပြူးသား ဖြစ်နေပြီး သူ့လည်ပင်းအထက်တွင် သွေးနီမျဉ်း တစ်ကြောင်းသာ ရှိနေသည်။ ထိုနေရာမှ သွေးများစီးကျနေပြီး သူ့အပေါင်းအဖော်များ၏ သွေးအိုင်အတွင်းသို့ ပေါင်းစပ်သွားလေသည်။

ထိုသွေးအိုင်က ပွင့်လန်းနေသည့် မုရှီးနှင့်ပင် ဆင်တူနေသည်။ သူက မြေပြင်ပေါ် လဲကျသွားသည့်အခါ မုရှီးဂူသင်္ချိုင်း၏ ကျောက်တံခါးကလည်း ပိတ်သွားလေသည်။

အရာအားလုံးက အမှောင်ထုအတွင်း ပြန်လည်သက်ဆင်းသွားလေ၏။

…

ယွီရှန်းရုန်က ဝံပုလွေအုပ်ကို မော့ကြည့်လိုက်သည်။ ထိုဝံပုလွေအုပ်က အူနေဆဲ ဖြစ်၏။ သူတို့အသံများက ဘေးနားရှိ သစ်ကိုင်းများကိုပင် တုန်ခါသွားစေသောကြောင့် နှင်းများက ပြုတ်ကျလာသည်။

ယွီရှန်းရုန်က နေရောင်နှင့် မျက်နှာမူလိုက်ပြီး ပြုံးလိုက်ကာ

“မင်းတို့တွေပဲကိုး..”

အူး…

“ငါ အဆင်ပြေပါတယ်”

ဝူး..

“မင်းတို့တွေဆီပဲ ထားခဲ့တော့မယ်”

အူး..

“အဲဒါဆိုရင် အဆင်ပြေတယ်လို့ပဲ ယူဆလိုက်မယ်”

ယွီရှန်းရုန်က ဖြည်းဖြည်းချင်း လှည့်ထွက်သွားပြီးနောက် အရှေ့တောင်ဘက်ဆီ ဦးတည်လိုက်သည်။ ယွီရှန်းရုန်က နှင်းများကြား လမ်းလျှောက်ရသည့် ခံစားချက်ကို မခံစားရသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထို့ကြောင့် သူက ပျံသန်းမသွားပေ။ သူက နှင်းတောအတွင်း ဆက်လက် လမ်းလျှောက်လာပြီး တောင်တစ်လုံးရှေ့ ရောက်ရှိလာသည်။

ယွီရှန်းရုန်က သူ့ညာဘက်လက်ကို မြောက်လိုက်သည့်အခါ သူ့စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာသည်။

ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က သူ့လက်ဝါးအထက် မျောလွင့်နေပေသည်။ ထိုအရာတွင် ရွှေကြာ မရှိဘဲ ပွင့်ချပ်သုံးလွှာသာ လှည့်ပတ်နေလေ၏။ ပွင့်ချပ်သုံးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံဆင့်နဲ့ ဓားနတ်ဆိုး ဖြစ်၏။

သူက ထိုအဆင့်ကျင့်ကြံသူများကို အရေးပင် မလုပ်ခဲ့သည်မှာ ကြာညောင်းလှပြီ ဖြစ်သည်။ သူတို့က အားနည်းလွန်းလှသည်။ အားနည်းလွန်းသည်ကား သူ့အာရုံစိုက်ဖို့ မထိုက်တန်လောက်အောင်ပင် အားနည်းလွန်းသည်ဟု ထင်မိသည်။

ယခု သူက သမိုင်းကြောင်းမှာ အားအနည်းဆုံး ဓားနတ်ဆိုး ဖြစ်နေပြီလား..

သူက စိတ်ဝိညာဉ်သဏ္ဌန်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်ဆီ ပျံသန်းသွားကာ ဝူရှန်းတောင်ပတ်လည်ကို ငုံ့ကြည့်လိုက်သည်။ နေရာတိုင်းတွင် နှင်းများ ဖုံးလွှမ်းနေလေ၏။

ယွီရှန်းရုန်က အရှေ့တောင်ဘက်ဆီ ကြည့်လိုက်သည်။ သူက ကျောက်စိမ်းယဇ်ပလ္လင်မှ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာသော်လည်း ဤနေရာရောက်ဖို့ ငါးရက်တာ အချိန်ယူခဲ့ရသည်။ အကယ်၍ ပြန်သွားလိုလျှင် သူ၏ ပွင့်ချပ်သုံးလွှာကျင့်ကြံဆင့်ဖြင့် အနည်းဆုံး ဆယ်ရက်မက လိုအပ်လိမ့်မည်။

ဤသည်က ယွီရှန်ရုန် ငယ်စဉ်အခါက လျှောက်ခဲ့ရသော လမ်းကြောင်းနှင့်အတူတူ ဖြစ်ပေသည်။ ယခင်က သူသည် ကျင့်ကြံဆင့် မရှိခဲ့ချေ။ သို့သော်လည်း သူ့စိတ်ဆန္ဒနှင့် ရုပ်ပိုင်းခွန်အားတစ်ခုတည်းဖြင့်လုပ်နိုင်ခဲ့သည်။ သူ့ဦးတည်ချက်ကို ရောက်ဖို့အတွက် လများစွာ ကြာမြင့်ခဲ့လေသည်။ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်ထွက်လာကာ ထိုကုန်းမြေများကို ကြည့်လိုက်သည်။ ထို့နောက် သူက အရှေ့တောင်ဘက်စူးစူးဆီ ပျံသန်းသွားလေသည်။

…

နေဝင်သွားပြီး ညအခါ ရောက်လာလေသည်။ ပြန်လည်သုံးသပ်ရေးဂူအတွင်း စီးဝူယာ့က မေးခွန်းစာရွက်ကို ဘေးချထားလိုက်သည်။ ထို့နောက် သူက မျက်လုံးကို ပွတ်လိုက်၏။ သူက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ကမ္ဘာမှာ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတယ် ဆိုပေမဲ့ ရှစ်စွင်းက ဒီလိုမျိုး ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်ကများ ရှာတွေ့လာပါလိမ့်”

ယနေ့အထိ သူက ပထမဆုံး မေးခွန်းနှစ်ခုကိုသာ ဖြေရှင်းနိုင်ခဲ့သည်။ တခြားသော မေးခွန်းများအတွက်မူ အဖြေကို လုံးဝ ရှာမတွေ့ပေ။ ဤသည်က သူ့အား စိတ်ပျက်စေ၏။

ပြန်လည်သုံးသပ်ရေးဂူအတွင်း လရောင်က ထွန်းလင်းတောက်ပနေသည်။ လေထုထဲ ချွတ်ချွတ်ချက်ချက် အသံကို ကြားလိုက်ရ၍ စီးဝူယာ့က အလန့်တကြား ဖြစ်သွားလေသည်။

“ဘယ်သူလဲ”

စီးဝူယာ့က ဂူအဝဆီသို့ သွားကာ ရှာဖွေကြည့်လိုက်သည်။

အသံက အတော်လေး လျော့ပါးသွားသော်လည်း စီးဝူယာ့၏ အာရုံခံမှုအောက်မှ မလွတ်မြောက်ပေ။

“ကိုယ်တွင်းအသက်ရှုပုံ နည်းစနစ်လား..”

ကိုယ်တွင်းအသက်ရှုမှု နည်းစနစ်နှင့် ဆင်တူသည့် နည်းလမ်းကို ကျင့်ကြံထားသည့် ကျင့်ကြံသူများစွာက သူတို့၏ တာဝန်များ၌ လွယ်ကူချောမွေ့စေသည်။ နာမည်အတိုင်း ကျင့်ကြံသူက သူတို့၏ အတွင်းအင်္ဂါများထဲ အသက်ရှုသွင်းခြင်း ဖြစ်လေသည်။ သွင်ပြင်အရ သူက သေဆုံးသလို ဖြစ်နေလိမ့်မည်။ သို့သော်လည်း ဤအခြေအနေက အကြာကြီး မတည်ရှိနိုင်ပေ။ အကြောင်းမှာ အတွင်းအင်္ဂါများ ဒဏ်ရာဖြစ်စေနိုင်၍ ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ အဆင့်မြင့်ကျင့်ကြံသူများ၏ အာရုံစိုက်မှုမှ ရှောင်ရှားရန် ဖြစ်၏။

ထို့ကြောင့် ဂိုဏ်းကြီးများက သူတို့၏ အစီအရင်နှင့် အကာအကွယ်များအား အဆင့်မြင့်ထားကြခြင်း ဖြစ်သည်။

ကိုယ်တွင်းအသက်ရှုမှု နည်းစနစ်က ကျင့်ကြံနိုင်သည့် ကျင့်ကြံသူက သေမျိုးတစ်ယောက်လိုသာ ဖြစ်နေပေလိမ့်မည်။ ပထမဦးစွာ သူတို့က အကာအကွယ်ကို ဖြတ်သန်းနိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ အစီအရင်တစ်ခုခုနှင့် ကြုံတွေ့ရလျှင် အဖမ်းခံရလိမ့်မည်။

ရွှေနန်းဥယျာဉ်တောင်၏ အကာအရံက ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော်လည်း ဂုဏ်သတင်းအရ သာမန်ကျင့်ကြံသူများက မိစ္ဆာဝေဟင်မျှော်နန်းသို့ မကပ်ဝံ့ပေ။

ဘယ်သူကများ ဒီလောက် သတ္တိကောင်းနေတာလဲ။

တောအုပ်မှ ပြန်လည်သုံးသပ်ရေးဂူအဝဆီ ပုံရိပ်တစ်ခု ခုန်ထွက်လာသည်။ ထိုပုံရိပ်က သူ့ဘာသူ ထွက်ပေါ်လာပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်..”

စီးဝူယာ့က ထိုသူကို မြင်လိုက်သည့်အခါ အံ့ဩသွားလေသည်။

“ယဲ့ကျစ်ရှင်း.. မင်း ဘာလာလုပ်တာလဲ”

“ရှူး..”

ယဲ့ကျစ်ရှင်းက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက ပြန်လည်သုံးသပ်ရေးဂူအဝသို့ ရောက်ရှိလာကာ ဓားမြောင်တစ်ခုကို ထုတ်လိုက်သည်။

“ကျွန်တော် ဂိုဏ်းချုပ်ကို လာကယ်တာ”

“ခဏနေပါအုံး”

စီးဝူယာ့က လက်တစ်ဖက်မြောက်ကာ “မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ”

“ဂိုဏ်းချုပ် အချိန်က အရေးကြီးတယ်။ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မဟာမိတ်ဖွဲ့ထားတယ်။ အချိန်ကျလာတဲ့အခါ ဒီရွှေနန်းဥယျာဉ်တောင်မှာ သွေးချောင်းစီးရလိမ့်မယ်။ ဂိုဏ်းချုပ် ဒီမှာ ဆက်နေဖို့အတွက် အန္တရာယ်များလွန်းတယ်”

ယဲ့ကျစ်ရှင်းက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက စီးဝူယာ့၏ ကျင့်ကြံဆင့်သည် စည်းပိတ်ခံထားရကြောင်း သိလိုက်သည့်အခါ စီးဝူယာ့ကို ကယ်တင်ဖို့ ဆုံးဖြတ်ချက်သည် ပို၍ ခိုင်မာသွားလေသည်။

စီးဝူယာ့က ခေါင်းအသာခါကာ ပြောလိုက်လေသည်။

“မင်းက အချိန်မီ ရောက်လာတာပဲ။ ဂိုဏ်းကြီး ခုနှစ်ဂိုဏ်းအကြောင်းကို ပြောစမ်းပါအုံး”

“ဂိုဏ်းချုပ်..”

ယဲ့ကျစ်ရှင်းက သူ့ဓားမြောင်ကို အစိုးရိမ်ကြီးစွာ မြောက်လိုက်သည်။

“ဟမ်”

စီးဝူယာ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ့အသံက တိုးလျသော်လည်း အားကောင်းလှသည်။

“ယဲ့ကျစ်ရှင်း”

ယဲ့ကျစ်ရှင်းက ကြောင်အမ်းသွားလေသည်။ စီးဝူယာ့က ဆက်ပြောလိုက်၏။

“ငါ့အမိန့်ကို နာခံစမ်း”

“နားလည်ပါပြီ”

ယဲ့ကျစ်ရှင်းက တုန်လှုပ်သွားလေသည်။ သူက စီးဝူယာ့၏ အမိန့်ကို မနာခံဘဲ မနေဝံ့ပေ။

“မင်း ထွက်သွားတဲ့အခါမှာ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းရဲ့ ငါတို့လူတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ ဝှက်ဖဲအကြောင်း ရှာခိုင်းလိုက်”

စီးဝူယာ့က ပြောလိုက်သည်။

“နားလည်ပါပြီ။ ဒါပေမဲ့ ဂိုဏ်းချုပ်ကို ဘယ်လို သတင်းထပ်ပို့ရမလဲ”

ယဲ့ကျစ်ရှင်းက ညကောင်းကင်ယံမှ တောင်ကုန်းကို လှည့်ကြည့်လိုက်သည်။ သူက အကြိမ်တိုင်း ဤအခက်အခဲကို ဖြတ်ကျော်ရမည့်အကြောင်းကို တွေးကာ တုန်လှုပ်မိ၏။

“မိစ္ဆာဝေဟင်မျှော်နန်းကိုသာ စာတစ်စောင်ပို့လိုက်”

စီးဝူယာ့က ပြန်ဖြေလိုက်သည်။

“ဂိုဏ်းချုပ်”

ယဲ့ကျစ်ရှင်းက ရေရွတ်လိုက်သည်။

“ငါ ဆုံးဖြတ်ပြီးသွားပြီ”

စီးဝူယာ့က ပြောလိုက်သည်။

“သွားပြီးတော့ ခိုင်းတာသာ လုပ်လိုက်”

ယဲ့ကျစ်ရှင်းက စီးဝူယာ့သည် မည်မျှ လေးနက်ကြောင်း မြင်သည့်အခါ ဆက်လက် အချိန်မဖြုန်းဝံ့တော့ပေ။ သူက လှည့်ထွက်သွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားလေသည်။

ထိုစဉ် တွမ့်မူရှန်းက မြောက်ဘက် မျှော်နန်းဆောင်အပြင်ဘက်ရှိ သစ်ပင်ကြီးပေါ်တွင် ရပ်နေလေသည်။ သူက ပြန်လည်သုံးသပ်ရေးဂူကို ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

“ဒီတစ်ခါ လောင်စစ်နဲ့ လောင်ပါ့ကို စဉ်းစားပြီးတော့ မင်းကို ဒီတစ်ခါ ချမ်းသာပေးမယ်။ မင်းက အကူအညီ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ထို့နောက် သူက တောင်အောက်သို့ ဆင်းသွားလေသည်။ သူက နယ်ရှင်လှံဖြင့် အက်ကြောင်းတစ်ခုအတွင်း ထိုးစိုက်လိုက်ပြီး တောင်​စောင့်နတ်ပမာ မားမားမတ်မတ် ရပ်နေလေသည်။

...

အခန်း (၄၃၅)

မိုးသောက်ချိန်တွင် ဖြစ်သည်။ ပုံမှန်အတိုင်း လုကျိုးသည် အကြောဆန့်ကာ ရိုးရှင်းသည့် လေ့ကျင့်ခန်းတချို့ ပြုလုပ်လိုက်၏။ ပြီးနောက် အလေ့အကျင့်အတိုင်း သူ၏ကျန်ရှိသော သက်တမ်းကို စစ်ဆေးလိုက်သည်။ တစ်ရက်လျော့သွားပြီး အံ့အားသင့်စရာ မရှိပေ။ ပြီးနောက် သူသည် တံခါးဖွင့်ကာ လမ်းလျှောက်ထွက်လိုက်လေ၏။

လုကျိုးသည် အခန်းထဲမှ ထွက်ခါစ၌ ကျူးဟုန်ကုန်းက အပြင်ဘက်ကြမ်းပြင်ပေါ်တွင် ရှိနေတာကို တွေ့လိုက်ရ၏။

“ငြိမ်းချမ်းပါစေ ရှစ်စွင်း၊ သက်တော်ရာကျော်ရှည်ပါစေ။ မင်္ဂလာနံနက်ခင်းပါ ရှစ်စွင်း..”

“ဘာလဲ..”

လုကျိုးက မေးလိုက်၏။

“ရှစ်စွင်း မိစ္ဆာသုတ်သင်ရေး မဟာမိတ်က လွန်လွန်းသွားပြီ။ တပည့်တစ်ညလုံး စဉ်းစားနေတာ အစီအစဉ်ကောင်းတစ်ခုကို တွေးမိတယ်”

ကျူးဟုန်ကုန်းက ပြောလိုက်၏။

“ပြောကြည့်”

“ချီရှစ်ရှိုးက ပွင့်ချပ်ခြောက်လွှာကျင့်ကြံဆင့်ရှိတယ်။ သူ့မှာ ဒေါင်းမြီးယပ်တောင် ရှိခဲ့မယ် ဆိုရင် ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူတစ်ယောက်ကတောင် သူ့ကို ထိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့ရဲ့ကျင့်ကြံဆင့်ကို စည်းဖွင့်ပေးဖို့ ပြောချင်ပါတယ်”

ကျူးဟုန်ကုန်းက ပြန်ပြောလိုက်၏။

“မင်းက သူ့ကိုယ်စား တောင်းဆိုနေတာလား”

လုကျိုးသည် ယင်းကို တွေးထင်ထားပြီးသား ဖြစ်သည်။ ဆိုရလျှင် ကျူးဟုန်ကုန်းက စီးဝူယာ့နှင့် ဆက်ဆံရေးကောင်းသည်။ သူတို့က အမြဲတမ်း အဆင်ပြေ၏။

“ကျွန်တော် မလုပ်ရဲပါဘူး။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက ဒုက္ခရောက်နေတဲ့အချိန် ချီရှစ်ရှိုးက ရှေ့ထွက်ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ခံစားမိရုံပါ”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“ဖြောင့်မတ်ခြင်းလမ်းစဉ်က အဲဒီဂိုဏ်းတွေကို ငါ မဖြေရှင်းနိုင်ဘူးလို့ မင်းထင်နေတာလား”

“ဟမ်..”

ကျူးဟုန်ကုန်းက အံ့ဩသွားသည်။ သူက ထိတ်လန့်တုန်ယင်သွားကာ အမြန်ပြောလိုက်၏။

“ကျွန်တော် အဲလိုဆိုလိုတာ မဟုတ်ဘူး။ အဲလို မဆိုလိုဘူး”

လုကျိုးက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“မင်းမှာ မင်းရဲ့ဇင်အဝတ်အကာအကွယ်နဲ့ မင်းရဲ့လက်နက်အနေနဲ့ လက်ဝှေ့အိတ်ရှိနေတယ်။ မင်းမှာ မင်းရဲ့ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ရှိပေမဲ့ ပွင့်ချပ်တစ်လွှာမှတောင် မပေါက်သေးဘူး။ အဲဒီလူမိုက်အတွက် တောင်းပန်ဖို့ အချိန်ရှိရင် ကျင့်ကြံဖို့ အချိန်သုံးသင့်တယ်”

ကျူးဟုန်ကုန်းက အရိုအသေပေးလျက် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ရှစ်စွင်း..”

ကျူးဟုန်ကုန်းက ငိုချင်လာသည်။ ဒါ သူ ထင်ထားတဲ့ပုံအတိုင်း မဟုတ်ဘူးလေ။ သူ့ရဲ့ရှစ်စွင်းက သူ့အကြံဉာဏ်ကို ဖယ်ရှားပြီး သူ့ရဲ့ကျောထောက်နောက်ခံကို ချက်ချင်းဖျက်ဆီးလိုက်တာ။ သူက တခြားသူရဲ့ကိုယ်စား တောင်းပန်ပေးဖို့ မမီဘူး။

“မှတ်ဉာဏ်သလင်း ရှာမတွေ့မချင်း ပြန်လည်သုံးသပ်ရေးဂူမှာ နေရမယ်လို့ အဲဒီလူမိုက်ကို ပြောလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

မကြာမီ၌ စီးဝူယာ့သည် ထိုဆုံးဖြတ်ချက်ကို ကြားသိသွား၏။ သူက ကျောက်ခုံပေါ်တွင် ထိုင်ကာ စဉ်းစားနေလေ၏။

“သူ ဒီလောက်ခေါင်းမာနေမယ်ဆိုရင် ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်လို ခုခံကာကွယ်မှာလဲ”

ကျူးဟုန်ကုန်းက သက်ပြင်းချလျက် ခေါင်းခါကာ ပြောလိုက်တော့သည်။

“ကျွန်တော်လည်း ရွေးချယ်စရာမရှိဘူး။ ကျွန်တော် ထပ်ပြောမယ်ဆိုရင် ကျွန်တော်ပါ ဒီဂူကို အပို့ခံရလိမ့်မယ်”

“မင်းကိုလည်း အပြစ်တင်လို့ မရပါဘူးလေ။ ဒါနဲ့ စစ်ရှစ်ရှိုးဆီက သတင်းကြားသေးလား”

စီးဝူယာ့က မေးလိုက်၏။

“မကြားဘူး”

ကျူးဟုန်ကုန်းက ပခုံးတွန့်လိုက်သည်။ လိုအပ်ချိန်၌ မည်သူမျှ အားကိုးမရဟု သူ ရုတ်တရက် အားကိုးမိသွားသည်။

စီးဝူယာ့သည် လက်နောက်ပစ်ထားလျက် လမ်းလျှောက်လိုက်သည်။ ယခုက ဖြေရှင်းရန် ခက်ခဲသည့်အခြေအနေဟု သူတောင်ခံစားမိသည်။ အဆုံးကျ သူက လက်ဝေ့ယမ်းလျက် ပြောလိုက်၏။

“အခု မင်းပြန်သွားသင့်ပြီ။ တစ်ခုခု တွေးကြည့်အုံးမယ်”

ကျူးဟုန်ကုန်းက ခေါင်းညိတ်ပြီး ထွက်သွား၏။

ညတာသည် လေပြည်ညင်သာစွာ တိုက်ခတ်သည့်ပမာ ရောက်လာသည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်၏ ထူးကဲစွမ်းအားကို စစ်ဆေးလိုက်သည်။ သူသည် ဖန်လီထန်းကို ကုသပေးရန် စွမ်းအားသုံးပုံတစ်ပုံ သုံးခဲ့တာ ဖြစ်သည်။ ယင်းကို ပြန်လည်ဖြည့်တင်းရန် အနည်းဆုံးငါးရက် လိုအပ်သည်။ များများစားစား တွေးမနေဘဲ သူက မျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆက်လက်ဆင်ခြင်သုံးသပ်လိုက်၏။

သူ ဆင်ခြင်သုံးသပ်နေစဉ်၌ သူ အင်မတန် သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက်ကို ရရှိပြီး ဤခံစားချက်အတွင်း သူ့ကိုယ်သူ နှစ်ဝင်သွားသည်။

ကောင်းကင်ကျမ်းစာစာလိပ်၏ ထူးကဲသော သင်္ကေတများက လှုပ်ရှားလာသည်။ ယင်းသည် လုကျိုးကို ကောင်းကင်ကျမ်းစာစွမ်းအား၏ သုတ်ကို အမှတ်ရသွားစေသည်။ ထိုမတိုင်မီက သူသည် ထိုသင်္ကေတများကို မဖတ်နိုင်ခဲ့ပေ။ သို့သော် ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာစာလိပ်သည် အခြေခံဂါထာများ ဖွဲ့တည်ရန် ၎င်းတို့ကို အတူတကွ ပေါင်းစုလိုက်၏။ ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်သည် စာကြောင်းများ ဖွဲ့တည်ရန် သင်္ကေတပင်လယ်ကနေ အက္ခရာများ ရွေးလိုက်ပုံပေါ်၏။

သူ မသိလိုက်သေးခင် နက်ရှိုင်းစွာ ဆင်ခြင်သုံးသပ်သော အခြေအနေထဲ ထပ်ဝင်ရောက်သွား၏။

ယခင်နေ့ရက်များအတိုင်းပင် တွမ့်မူရှန်းသည် နယ်ရှင်လှံကို ကိုင်ဆောင်ထားလျက် တောင်ခါးပန်းတစ်ဝိုက်၌ လေ့ကျင့်နေသည်။ ယနေ့သည် ကျန်သည့်နေ့များကဲ့သို့ ငြိမ်းချမ်းနေလိမ့်မည်ဟု တွေးထင်နေစဉ် ရွှေနန်းဥယျာဉ်တောင်ခြေ၌ မီးညွှန့်များ တွေ့လိုက်ရသည်။

“ဟမ်..”

တွမ့်မူရှန်းက မျက်မှောင်ကြုတ်သွားလေ၏။ သူ၏ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌန်ကို အသက်သွင်းလိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်ဖြာထွက်မှုသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်နေပြီဖြစ်သည်။ ယင်းက ကျန်သည့်သူများကို သတိပေးလိုက်ခြင်းနှင့် ညီမျှသည်။

တောင်ဘက်မျှော်နန်းကနေ ပုံရိပ်အချို့က ပေါ်ထွက်လာပြီး‌ လေထဲ ပျံသန်းလာသည်။

လန်လော့၏ ကျင့်ကြံဆင့်က အနက်နဲဆုံးဖြစ်သည်။ သူက ပထမဆုံးရောက်လာသူလည်း ဖြစ်၏။ ခပ်မြင့်မြင့် ပျံသန်းလျက် တောင်ခြေကို ငုံ့ကြည့်လိုက်သည်။ သူ၏ငွေရောင်မျက်နှာဖုံးပေါ်ရှိ လရောင်က တောက်ပနေစဉ် သူက တွမ့်မူရှန်း၏ ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ကာ မေးလိုက်တော့သည်။

“ဒီကို ဂိုဏ်းကြီးခုနှစ်ဂိုဏ်း ရောက်လာတာလား”

“မသေချာဘူး။ ဒါပေမဲ့ အဲဒီမီးက ငါးညှီနံ့တစ်ခုခုတော့ တစ်ခုခုပဲ”

တွမ့်မူရှန်းသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလျက် ၎င်းကို ထပ်ကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို တောင်ခြေဆီသို့ ပို့လွှတ်လျက် ထိုလူများကို သတိပေးရန် ရည်ရွယ်လိုက်သည်။

ထိုစဉ် သူတို့ဘေး၌ ဟွားဝူတောက်က ပေါ်လာ၏။ သူက ပြောလိုက်သည်။

“ငါတို့ကို မျှားဖို့ သူတို့ရဲ့ထောင်ချောက်ထဲ မကျသွားနဲ့..”

“အင်း..”

တွမ့်မူရှန်းက ခေါင်းညိတ်လိုက်၏။ ဖန်လီထန်းက အတွေ့အကြုံက သူတို့အတွက် သာဓက ဖြစ်သွားလေရာ ယခုဆို သူတို့ပိုသတိထားနေကြပြီဖြစ်သည်။

ထိုစဉ် ဟွားယွဲ့ရှင်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်အပြင်ဘက်၌ ပေါ်လာသည်။ ခြေတစ်ဖက်ဖော့နင်းလျက် သူမသည် ပျံလွှားငှက်ပမာ ကျော့ရှင်းသည့် လှုပ်ရှားမှုများဖြင့် မျှော်နန်း၏ အမြင့်ဆုံးနေရာဆီ သွားလိုက်သည်။ သူမ၏လော့ယွဲ့လေးကိုင်းကို တင်းကျပ်စွာ ကိုင်ဆောင်ထား၏။ သွယ်လျပြီး မာကြောသော ရုပ်ထုနှင့် ဆင်တူသည်။

ဟွားဝူတောက်က သူမကို တစ်ချက်ကြည့်ပြီး အသံပို့လိုက်၏။

“ယွဲ့ရှင်း”

“အကြီးအကဲဟွား..”

“မင်း ဒီည ကင်းစောင့်ရမယ်”

“နားလည်ပါပြီ”

ဟွားယွဲ့ရှင်းသည် ယခုဆို ပွင့်ချပ်သုံးလွှာနတ်လေးရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူမ၏ အရည်အချင်းဖြင့် မြင့်မားသည့်နေရာတွင် ရှိနေပါက မည်သည့်နေရာကိုမဆို ထိမှန်အောင် ပစ်နိုင်သည်။ တစ်ညလုံး စောင့်ကြည့်ရန်အတွက် သူမက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

ထိုစဉ် အဝေး၌ မီးညွှန့်များ ဖြတ်ခနဲ ပေါ်လာပြန်၏။ ယခင်ကနှင့်မတူဘဲ မီးများက တစ်တန်းတည်း ဖွဲ့တည်လာပြီးနောက် ကြောက်မက်ဖွယ်အရှိန်ဖြင့် ရွှေနန်းဥယျာဉ်တောင်ဆီသို့ ကော်ဇော်နီပမာ ဦးတည်လာတော့သည်။ လေ၏အထောက်အပံ့ပေးမှုဖြင့် ရွှေနန်းဥယျာဉ်တောင်ဆီသို့ ဒီရေအလား ရောက်ချလာသည်။

“မီးတိုက်ခိုက်မှုလား”

တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို မြောက်လျက် အော်ပြောလိုက်သည်။

“ရာရာစစ”

“တွမ့်မူရှန်း အဆင်အခြင်မဲ့မလုပ်နဲ့”

ဟွားဝူတောက်သည် ခုန်တက်ကာ လှုပ်ရှားတော့မည့် တွမ့်မူရှန်းကို လှမ်းခေါ်ပြီးနောက် တားလိုက်၏။

“ကျုပ်တို့တွေ မီးလောင်ခွင့်ပေးထားရမှာလား”

တောင်ခြေတွင် အစတည်းက ညှိုးရော်နေသော သစ်ပင်ပန်းမာန်တို့ ရှိနေတာ ဖြစ်၏။ မကြာမီ၌ မီးသည် ရွှေနန်းဥယျာဉ်တောင်ကို ပျံ့လာတော့မည်။

ဟွားဝူတောက်က ခေါင်းခါပြီး ပြောလိုက်တော့သည်။

“ယွဲ့ရှင်း..”

“သူတို့ကို တွေ့တယ်”

မိစ္ဆာဝေဟင်မျှော်နန်းထိပ်၌ ဟွားယွဲ့ရှင်းသည် ရွှေရောင်စွမ်းအင်တို့ဖြင့် ရစ်ပတ်ထားသည့် လော့ယွဲ့လေးကိုင်းကို ကိုင်ဆောင်ထား၏။

ဝှစ် ဝှစ် ဝှစ်..

လော့ယွဲ့လေးကိုင်နားတွင် ရစ်ပတ်နေသော စွမ်းအင်တို့က သူမလောက်နီးနီး မြင့်လာသည်။ သူမသည် ညာလက်ဖြင့် လေးကြိုးကို ဆွဲလိုက်သည်။ သိပ်သည်းလွန်းသော စွမ်းအင်တို့က ပေါ်လာတော့သည်။ စွမ်းအင်များ ပေါ်လာချိန်၌..

ဘန်း..

စွမ်းအင်များတစ်စင်းကို ပစ်ခွင်းလိုက်၏။

ရွှေနန်းဥယျာဉ်တောင်နှင့်အဝေးတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ထိပ်ကို မြင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ ထိုအနောက်၌ လရောင်က ထွန်းလင်းတောက်ပနေ၏။

တောအုပ်ကို မီးရှို့နေသော ကျင့်ကြံသူအချို့သည် ထူးဆန်းသည့်အသံကို ကြားလိုက်ရသည်။

“တစ်ယောက်ယောက်က တောင်ပေါ်မှာ သူတို့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းပြီး ငါတို့ကို ခြောက်ဖို့ လုပ်ပြန်ပြီလား”

ဝှစ်..

သူတို့က မော့ကြည့်လိုက်ရာ သူတို့ဆီသို့ ဦးတည်လာ‌နေသော စွမ်းအင်မြားတစ်စင်းကို တွေ့လိုက်ရသည်။

ဖူး..

ယင်းသည် ကျင့်ကြံသူများထဲမှ တစ်ယောက်၏ ရင်ဘတ်ကို ထိုးထောက်သွားသည်။

ထိုလူက မျက်လုံးအပြူးသား ဖြစ်နေလေ၏။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းရှိရာဘက်သို့ မယုံနိုင်စွာ ကြည့်နေမိသည်။ ပြီးနောက် ကျယ်လောင်သည့်အသံဖြင့် နောက်ပြန်လှန်လဲကျသွား၏။

“နတ်.. နတ်လေးရှင်”

ကျန်သည့်သူများသည် ထိုအရာကို မြင်တွေ့သောအခါ ထိတ်လန့်သွား၏။

“မြန်မြန် အခု မြန်မြန် နောက်ဆုတ် မီးပြင်းနေပြီ နောက်ဆုတ်ကြရအောင်”

“နောက်ဆုတ်ကြမယ်”

သူတို့က လှည့်ထွက်သွားလိုက်ချိန် စွမ်းအင်မြားများစွာသည် မိစ္ဆာဝေဟင်မျှော်နန်းဆီကနေ သူတို့ဆီသို့ ပျံသန်းလာတော့သည်။

ဖူး ဖူး ဖူး..

အစောပိုင်းအဆင့် ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူသုံးယောက်က ထိမှန်သွားသည်။ သူတို့က မြေကြီးပေါ် ပြုတ်ကျသွားလျက် ခုခံနိုင်စွမ်း ကင်းမဲ့နေလေ၏။

ကျန်သည့်ကျင့်ကြံသူများကလည်း တကွဲတပြားဆီ ထွက်ပြေးသွားတော့သည်။

ထိုသို့တိုင် မီးက ရွှေနန်းဥယျာဉ်တောင်ဆီသို့ ဆက်လက်ပြန့်ကားနေသေးဆဲ ဖြစ်သည်။ လေသည် အောက်ဆီဂျင်ကို လိုအပ်သည့်မီးကို လောင်စာထည့်ပေးနေသည်။

မိစ္ဆာဝေဟင်မျှော်နန်းထိပ်၌ ဟွားယွဲ့ရှင်းက ပြောလိုက်၏။

“ကျွန်မက သူတို့ထဲက လေးယောက်ကို ရှင်းလိုက်တယ်။ ကျန်တဲ့သူတွေကို မတွေ့ရဘူး။ သူတို့ သေချာပုန်းနေကြတာ။ ရှင်းရှင်းလင်းလင်း မပစ်နိုင်ဘူး။ အများစုကတော့ ထွက်ပြေးသွားပြီ”

“ငါ သိပြီ”

ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။

“လူလိမ်လူညစ်တွေကတော့ လူလိမ်လူညစ်တွေပါပဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို သူတို့လုပ်နိုင်တာ ဒါအကုန်ပဲလား”

လန်လော့က ခေါင်းခါလိုက်၏။

တွမ့်မူရှန်းသည် မီးလျှံများကို ကြည့်ပြီး ပြောလိုက်သည်။

“မီးကို မမေ့နဲ့”

ဟွားဝူတောက်က ပြောလိုက်၏။

“ငါ့ကို ခွင့်ပြု”

သူက လေထဲ ခုန်တက်လိုက်၏။ သူ ဆင်းသက်သွားစဉ် ခြေလှမ်းတိုင်း၌ ရောင်ခြည်စက်ဝန်းများက ဖြာထွက်လာလေ၏။

All Chapters