စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်က ဒီလောက်တောင်အစွမ်းထက်တာလား...
Vol. 14 Ch. 162
ဟောက်ယွင်ဂိုဏ်းအကြီးအကဲဟာ ကျန်းယီမင်ကို ဒေါသထွက်စေမယ့်စကားတွေကို ဆက်တိုက် ပြောဆိုနေလိုက်သည်။ ထို့နောက်မှာတော့ အကြီးအကဲရဲ့ အစီအရင်ထဲကနေ မီးတောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမနဂါးကြီးတစ်ကောင် ပေါ်ထွက်လာတာကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်တဲ့အခါ ကျန်းယီမင်ရဲ့မျက်ခုံးတွေက အနည်းငယ်မြင့်တက်သွားလိုက်သည်။။
ထိုအရာကို ကြည့်ခြင်းအားဖြင့် အဖြေတစ်ခုကို သူ နားလည်သွားလိုက်သည်။ တကယ်တော့ လျှို့ဝှက်နယ်မြေထဲမှာပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မလုပ်နိုင်တာက သူတစ်ယောက်တည်း မဟုတ်ပေ။ ပြိုင်ဘက်ရဲ့ အစီအရင်ကလည်း ကောင်းကင်နဲ့မြေကြီးကြားက မီးဓာတ်တွေကိုစုပ်ယူဖို့ လိုအပ်သည်။ တကယ်လို့ အဆုံးမဲ့မီးဓာတ်တွေကို မစုပ်ယူနိုင်ဘူးဆိုရင် တစ်ဖက်လူဟာလည်း ကျန်းယီမင်လိုပဲ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို အစီအရင်ထဲကို ထည့်သွင်းပေးနေရမှာပဲဖြစ်သည်။
ထို့ကြောင့် ဒီတိုက်ပွဲမှာ သူတို့နှစ်ယောက်ဟာ တန်းတူနီးပါးအခြေအနေမှာ ရှိနေခဲ့ကြသည်။ အခုယှဉ်ပြိုင်ရမှာက စိတ်ဝိညာဉ်စွမ်းအားကို ဘယ်သူကပိုပြီး ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မလဲဆိုတာနဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေရဲ့ အဆင့်အတန်းသာ ဖြစ်တော့သည်။
“အိုး... မင်းရဲ့ဒီတိုက်ကွက်က မဆိုးဘူးပဲ...။ ငါ့ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေက ကမ္ဘာငယ်လေးတစ်ခုလို့ ပြောလို့ရပေမယ့်၊ မင်းထုတ်လိုက်တဲ့ မီးတောက်နဂါးက တစ်ကမ္ဘာလုံးကို လောင်ကျွမ်းစေနိုင်တဲ့ အရှိန်အဝါ အနည်းငယ်ရှိနေတာပဲ...”
ကျန်းယီမင်က လိမ်ပြောနေတာ မဟုတ်ခဲ့ပေ။ သူ့တပည့်တွေထဲမှာ ဟွမ်းချောင်ယုက သူ့ရဲ့လမ်းပြမှုအောက်မှာ တော်တော်လေးကြောက်စရာကောင်းနေပြီဖြစ်ပေမယ့်၊ အခုသူ့ရှေ့က ဟောက်ယွင်ဂိုဏ်း အကြီးအကဲ ထုတ်လွှတ်လိုက်တဲ့အရှိန်အဝါနဲ့ ယှဉ်ရင်တော့ ကွာဟချက် ရှိနေသေးသည်။ ကျန်းယီမင်စိတ်ထဲကနေ အမိန့်ပေးလိုက်တာနဲ့ သူ့လက်ထဲမှာ ရှည်လျားတဲ့ဓားတစ်လက် ပေါ်လာခဲ့သည်။
လက်နက်တွေဆိုတာ ပြင်ပပစ္စည်းတွေ ဖြစ်တာကြောင့် သူကတခြားသူတွေကို ရှာခိုင်းလို့ရသလို၊ ကိုယ်တိုင်လည်း ရှာလို့ရနိုင်သည်။ သို့သော် ငရဲပြည်မှာသူရခဲ့တဲ့ ထူးဆန်းတဲ့ကျင့်စဥ်ကို သင်ယူပြီးနောက်မှာတော့ သူကစိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး သူ့ဘာသာသူ လက်နက်ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
“လာစမ်း... စမ်းကြည့်လိုက်ရအောင်...”
ပျက်သုဥ်းခြင်းနယ်မြေရဲ့ ပံ့ပိုးမှုနဲ့ သူကျင့်ကြံထားတဲ့ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ရဲ့ အကူအညီကြောင့် ကျန်းယီမင်ရဲ့အစွမ်းရော၊ စိတ်ဝိညာဉ်စွမ်းအားသိုလှောင်မှုပါ ပြိုင်ဘက်ထက် သာလွန်နေသည်။ ထိုသို့ထိတောင် မီးတောက်နဂါးဆီကနေ ထွက်ပေါ်လာတဲ့ဖိအားက တော်တော်လေး ပြင်းထန်နေဆဲဖြစ်သည်။ သူတွေးနေတုန်းမှာတင် မီးတောက်နဂါးက သူ့ရှေ့ကိုရောက်လာခဲ့သည်။
ထိုနဂါးက ဧရာမပါးစပ်ကြီးကို ဖွင့်လိုက်ပြီး မီးတောက်လှိုင်းကြီးတစ်ခုကို သူ့ဆီတိုက်ရိုက် မှုတ်ထုတ်လိုက်တော့သည်။ ကျန်းယီမင်ကတော့ ဒီအတိုင်းထိုင်ကြည့်ပြီး အသေခံမယ့်လူမဟုတ်ပေ။ သူက လက်ထဲကဓားရှည်နဲ့ စက်ဝိုင်းပုံစံအသာလေး ဆွဲလိုက်တဲ့အခါ ပျက်သုဥ်းခြင်းချီနဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ဓားဖျားမှာစုစည်းသွားခဲ့သည်။
ထိုစွမ်းအားတွေက ပုံသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲပြီး အားကောင်းစွာထွက်ပေါ်လာသည်။ ကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအား လှိုင်းနှစ်ခုထိပ်တိုက်တွေ့သွားခဲ့သည်။ တစ်ခုက အဆုံးမဲ့ပျင်သုဥ်းခြင်းချီတွေ ပါဝင်နေပြီး နောက်တစ်ခုကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ မီးစွမ်းအားချီတွေ ပါဝင်နေသည်။
သို့သော် ကျန်းယီမင်က ခုခံဖို့သက်သက်ပဲ အာရုံမစိုက်ခဲ့ပေ။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး စိတ်ဝိညာဉ်စွမ်းအားတွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ရှေ့က မီးတောက်လှိုင်းကြီးကို ရင်ဆိုင်ရင်း သူ့ဓားဖျားမှာတော့ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေ အပြည့်ပါနေသည်။ သူ့ရဲ့အစီအစဉ်က နဂါးရဲ့လည်ချောင်းကို တိုက်ရိုက်ထိုးဖောက်ပြီး အမြစ်ဖြတ်ပစ်ဖို့ပဲဖြစ်သည်။ ဒီလိုသတ္တဝါမျိုးကို သူ အကြာကြီးအရှင်မထားလိုပေ။
“ဟမ့်... မသိနားမလည်တဲ့ကောင်လေး... ငါ့ရဲ့ဒီမီးတောက်နဂါးထဲမှာ ဘယ်လောက်အထိ စွမ်းအားတွေရှိလဲဆိုတာ မင်းမသိဘူးထင်တယ်... မင်းလိုလူမျိုးက မီးပုံထဲတိုးတဲ့ ပိုးဖလံမျိုးပဲ... ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ....”
ကျန်းယီမင်က မီးနဂါးရဲ့ခန္ဓာကိုယ်ထဲကို ဝင်လိုက်တာနဲ့ သူ့ပတ်ဝန်းကျင်ကအပူချိန်က သိသိသာသာ မြင့်တက်လာတာကို ခံစားလိုက်ရသည်။ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ရဲ့ အကာအကွယ်နဲ့ သူ့ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားတွေ ပတ်ထားပြီး မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ရဲ့ အကူအညီပါရမှသာ သူက မီးနဂါးထဲမှာ အနိုင်နိုင်လှုပ်ရှားနိုင်ခဲ့သည်။
ဟောက်ယွင်ဂိုဏ်းက နှစ်အတော်ကြာ အင်အားမတိုးတက်ခဲ့ပေမယ့် ဂိုဏ်းဟောင်းတစ်ခုအနေနဲ့တော့ သူတို့တွင် ချီးကျူးစရာအရည်အချင်းအချို့ ရှိနေပါသေးသည်။
‘ဒါပေမဲ့ ဒါကအကုန်ပဲဆိုရင်တော့ စိတ်မကောင်းဘူး... ဒီလောက်လေးနဲ့ သူ့ကိုသတ်နိုင်မယ်လို့ တွေးနေတာကတော့ စိတ်ကူးယဉ်နေတာပဲ...’
နဂါးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အကြီးအကဲကလည်း တုံ့ပြန်မှုမြန်ဆန်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ ကျန်းယီမင်ရဲ့ ပတ်ပတ်လည်မှာ မီးတောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်အများကြီး ပေါ်လာပြီး သူ့ကိုဖမ်းချုပ်ဖို့ ကြိုးစားနေခဲ့သည်။
“ဟားဟားဟား... မင်းလိုဦးနှောက်မရှိတဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး... ငါ့ရဲ့အစီအရင်ထဲကို တိုက်ရိုက်တိုးဝင်လာတာလား... ဒါရဲ့အကျိုးဆက်ကို မင်းတကယ်ပဲ မသိတာလား...”
ထိုလူက မောက်မာစွာရယ်မောလိုက်သည်။ သူက ကျန်းယီမင်ကို မီးနဂါးထဲကနေ ပြန်ထုတ်လိုက်ဖို့ ရည်ရွယ်ချက်မရှိပေ။ ထိုအစား ကျန်းယီမင်ကို သားကောင်တစ်ကောင်လို သဘောထားပြီး ဒီကြောက်စရာကောင်းတဲ့ လေဟာနယ်ထဲမှာတင် ခြေဖျက်ပစ်ချင်နေခဲ့သည်။
“ဟင်... ပြီးခဲ့တဲ့တိုက်ပွဲက မင်းကို သင်ခန်းစာမပေးခဲ့ဘူးလား... ငါက ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲဝင်မယ့် လူမျိုးလို့ ထင်နေတာလား...”
ပတ်ဝန်းကျင်က ပြင်းထန်တဲ့အပူချိန်ကြောင့် ကျန်းယီမင် အနည်းငယ်သက်သောင့်သက်သာ မရှိဖြစ်လာသည်။ သို့သော် သူ့ရဲ့ရုပ်ခန္ဓာကိုယ်က ထိုထက်ပိုပြီး ခက်ခဲနာကျင်တဲ့ ပတ်ဝန်းကျင်တွေကိုတောင် တောင့်ခံခဲ့ပြီးပြီဖြစ်ကာ ဒီလောက်အခက်အခဲလေးက သူ့ကို ဘာမှမလုပ်နိုင်ပေ။
“ပျက်သုဥ်းခြင်းလက်ဝါး...”
ကျန်းယီမင်ရဲ့ရည်ရွယ်ချက်က မီးတောက်နဂါးရဲ့ ခန္ဓာကိုယ်ထဲမှာတင် ပျက်သုဥ်းခြင်းလက်ဝါးကို တိုက်ရိုက်ထုတ်သုံးဖို့ဖြစ်သည်။ သူ့ရဲ့ လက်ရှိမွေးဖွားခြင်းအဆင့်အင်အားနဲ့ဆိုရင် ပျက်သုဥ်းခြင်းလက်ဝါးရဲ့ စွမ်းအားက သာမန်လူတွေ စိတ်ကူးလို့ရတဲ့အရာမဟုတ်ပေ။
“ဟားဟားဟား... မင်းက တကယ်ကိုယုံကြည်မှု လွန်ကဲနေတာပဲ ကောင်လေး... မင်း ဒီမှာမင်းရဲ့ လက်ဝါးတိုက်ကွက်ကို သုံးလိမ့်မယ်ဆိုတာ ငါ ကြိုသိပြီးသားပါ... မင်းက အရမ်းတိုက်ချင်နေမှတော့ ငါ အဆုံးထိဧည့်ခံပေးရတာပေါ့...”
ဟောက်ယွင်ဂိုဏ်း အကြီးအကဲကလည်း အခုဆိုရင် မွေးဖွားခြင်းအလယ်အလတ်အဆင့်မှာ ရှိနေသည်။ အလောင်းကောင်တစ်ခုဖြစ်ခဲ့ပြီး လျှို့ဝှက်နယ်မြေထဲမှာ ပြန်ပေါ်လာတဲ့သူက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကို ဘယ်မှာကျွမ်းကျင်အောင် လုပ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ပုံရော၊ တိုက်ခိုက်ရေးစွမ်းရည်တွေကို ထုတ်သုံးပုံကပါ ကျန်းယီမင်ရဲ့စိတ်ကူးထက် အများကြီး သာလွန်နေသည်။
“လာစမ်း... မင်းက လက်ဝါးတိုက်ကွက်တွေနဲ့ ကစားရတာ ဝါသနာပါတာလား... ငါလည်း ဆော့ပေးရသေးတာပေါ့...”
ကျန်းယီမင်ရဲ့မျက်လုံးတွေ အနည်းငယ်တုန်လှုပ်သွားသည်။ စွမ်းအင်တွေ အမြောက်အမြားပါဝင်နေတဲ့ ရိုးရှင်းပေမယ့် အားပါတဲ့လက်ဝါးရိုက်ချက်ကို သူ ခံစားလိုက်ရသည်။ ထိုအဘိုးကြီးက လူအင်အား အမြောက်အမြားနဲ့ သူ့ဂိုဏ်းကိုလာတိုက်တုန်းက၊ ထိုအချိန်ကသိပ်မသန်မာသေးတဲ့ သူ့တပည့်အနည်းငယ် တည်ဆောက်ထားတဲ့ ဂိုဏ်းအစီအရင်ကို ထိုလက်ဝါးတိုက်ကွက်နဲ့ပဲ ရင်ဆိုင်ခဲ့တာဖြစ်သည်။
အခုတော့ ထိုအကြီးအကဲဟာ မွေးဖွားခြင်းအလယ်အလတ်အဆင့် အင်အားရှိနေပြီဖြစ်တာကြောင့် ထိုလက်ဝါးရဲ့စွမ်းအားက ပိုပြီးကြောက်စရာကောင်းမှာ သေချာသည်။
“ကောင်းပြီ... မင်းလိုအဘိုးကြီးက တကယ်ကို မယုတ်မာရရင် မနေနိုင်ဘူးပဲ... ဒါဆို ဒီနေ့ မင်းရဲအပေါစား လက်ဝါးတိုက်ကွက်က ငါ့ကို ဘယ်လိုမှမယှဉ်နိုင်ဘူးဆိုတာ ပြပေးရတာပေါ့...”
“အိုး... ကောင်လေး... မင်းက တကယ်ကို မောက်မာတာပဲ... ငါ တတ်တာဒါအကုန်ပဲလို့ မင်းတကယ် ထင်နေတာလား...”
ထိုသို့ပြောပြီးနောက် ဟောက်ယွင်ဂိုဏ်းအကြီးအကဲနဲ့ ကျန်းယီမင်တို့ရဲ့လက်ဝါးချင်း ထိပ်တိုက်ရိုက်ခတ်လိုက်တော့သည်။ ဒီတစ်ကြိမ်မှာတော့ နှစ်ဖက်လုံးက သူတို့ရဲ့ အရိုးရှင်းဆုံးကျင့်စဥ်တွေကိုပဲ အသုံးပြုနေကြသည်။ သူတို့ရဲ့လှုပ်ရှားမှုတွေမှာ အပိုအလုပ်တွေ မပါခဲ့ပေ။ ဒီလက်ဝါးရိုက်ချက်တွေကြားတွင် တခြားတစ်ယောက်ယောက်သာ ရှိနေပါက လဲကျသွားပြီး ပြန်ထနိုင်မှာ မဟုတ်တော့ပေ။