← Chapters

မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်...

Vol. 14 Ch. 163

မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်...

Vol. 14 Ch. 163

“ဆရာက သူ့ကိုထိပ်တိုက်ရင်ဆိုင်တော့မယ်...”

ဂူလင်းဖေးရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ တောက်ပနေသည်။ သူက အခုလိုမျိုးရိုးရှင်းတဲ့ အားချင်းယှဉ်တဲ့တိုက်ပွဲမျိုးကို မြင်ချင်နေတာ ကြာခဲ့ပြီဖြစ်သည်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ကလည်း ဒီလိုခန္ဓာကိုယ်ပိုင်းဆိုင်ရာကျင့်စဉ်ကိုပဲ ကျင့်ကြံတာကြောင့် ဖြစ်သည်။ ဥပမာအရင်တုန်းက ဂိုဏ်းအဆင့်တက်ပွဲမှာ ကျန်းလေ့ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ကို သူ့ရဲ့ခန္ဓာကိုယ်အင်အားနဲ့ လက်သီးသက်သက်သုံးပြီး အသေရိုက်နှက်ခဲ့တာ သူ မှတ်မိနေဆဲဖြစ်သည်။

သူ့ဆရာက အခုလိုကြမ်းတမ်းတဲ့နည်းလမ်းကို သုံးပြီး ရန်သူကိုနှိမ်နင်းလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ အမှန်အတိုင်းပြောရရင် ဒါက သူ့ဆရာရဲ့စတိုင်နဲ့ သိပ်မတူသလိုဖြစ်နေသည်။ သို့သော် တကယ်တမ်းတော့ အဲဒါကဆန့်ကျင်ဘက်သာဖြစ်သည်။ တပည့်တွေမသိတာက သူတို့ဆရာရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟာ သူတို့အားလုံးထက် အများကြီးပိုပြီး ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေတယ်ဆိုတာ ဖြစ်သည်။

ဒါဟာ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကြောင့် ဖြစ်ပြီး၊ ဒီလိုခန္ဓာကိုယ်မျိုးက ဒီလောကမှာ အလွန်ရှားပါးသလို သူ့ဆရာရဲ့ဖွဲ့စည်းပုံကလည်း တကယ့်ကို လှည့်စားတာတစ်ခုလိုဖြစ်နေသည်။

“လာစမ်း... ငါ့ကို စမ်းကြည့်ချင်တာ မဟုတ်လား... ဒါဆိုရင်တော့ ငါ့ရဲ့တကယ့်ခွန်အားအစစ်ကို မြည်းစမ်းကြည့်စေရတာပေါ့...”

အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ဟောက်ယွင်ဂိုဏ်းအကြီးအကဲ ထိန်းချုပ်ထားတဲ့ မီးတောက်နဂါးရဲ့ခန္ဓာကိုယ်ထဲမှာ မဟုတ်တော့ပေ။ နှစ်ဖက်လုံးက အားရပါးရတိုက်ချင်နေကြတာကြောင့် အကြီးအကဲကလည်း မီးတောက်နဂါးကို ဘေးမှာပဲ ရပ်ကြည့်နေခိုင်းလိုက်သည်။

“ဒုန်း...”

လက်ဝါးချင်း ထိပ်တိုက်ရိုက်ခတ်မိပြီးနောက် ပုံရိပ်နှစ်ခုဟာ နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ တုန်ခါသွားပြီး မျက်လုံးတွေထဲမှာတော့ အံ့သြမှုတွေနဲ့ပြည့်နှက်နေခဲ့သည်။ နှစ်ဖက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ လက်ဝါးရိုက်ချက်ထဲက ရက်စက်မှုကို ခံစားလိုက်ရသလို၊ တစ်ဖက်လူမှာ ဒီလောက်အထိပြင်းထန်တဲ့ ခွန်အားမျိုး ဘယ်လိုရှိနေတာလဲဆိုတာကိုလည်း သိချင်နေကြသည်။

သို့သော် သူတို့တွေ အကြာကြီးတွေးမနေခဲ့ပေ။ ခဏတာ အံ့သြသွားပြီးနောက်မှာတော့ သူတို့ရဲ့ပုံရိပ်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ထပ်မံရောယှက် တိုက်ခိုက်ကြပြန်သည်။ အရင်တုန်းက ဟောက်ယွင်ဂိုဏ်းက လူအင်အားအများကြီးနဲ့ လင်းယွင်ဂိုဏ်းကို လာတိုက်တုန်းက၊ ဒီအကြီးအကဲက သူတို့ကြားက ကိစ္စက တစ်ယောက်ယောက်သေမှ ပြတ်မယ်လို့ ပြောခဲ့ဖူးသည်။

ရန်သူတွေဖြစ်ကြတဲ့အတိုင်း အခုပြန်ဆုံတဲ့အခါမှာလည်း တစ်ယောက်ကိုတစ်ယောက် အသေအလဲ သတ်ဖို့ ဝန်မလေးကြပေ။ ထို့ကြောင့် တစ်ယောက်သေမှပြတ်မယ်ဆိုတဲ့ စကားက အခုထိအတည်ဖြစ်နေဆဲဖြစ်သည်။ လူတိုင်းဟာ သူတို့နှစ်ယောက်ရဲ့ လက်ဝါးချင်းရိုက်လိုက်တဲ့ ကြောက်မက်ဖွယ်အသံတွေကို ကြားနေရသည်။ ထိုအသံတွေက စိတ်ဝိညာဉ်စွမ်းအားလှိုင်းနှစ်ခု ရိုက်ခတ်တဲ့အသံမျိုးနဲ့ မတူပေ။

စိတ်ဝိညာဉ်စွမ်းအားချင်းတိုက်တာက လူတွေကို ကြောက်လန့်စေရုံပဲရှိပေမယ့်၊ အခု သူတို့ရဲ့ ခန္ဓာကိုယ်ချင်း တိုက်ခိုက်နေတဲ့အသံတွေကတော့ ဘေးကကြည့်နေတဲ့သူတွေကို သေမင်းကသူတို့အသက်ကို လာနှုတ်တော့မလိုမျိုး ခံစားရေစခဲ့သည်။

“အမှန်အတိုင်းပြောရရင် ငါ ငရဲပြည်ကိုတစ်ခါ ရောက်ဖူးတယ်။ အဲဒီမှာတွေ့ခဲ့ရတဲ့ ငရဲခန်းတွေက တကယ်ကို မျက်စိနောက်စရာပဲ...။ ငါတောင် ကြည့်ရတာ မသက်သာဘူး... ငါသိချင်နေတာက... မင်းလို အသက်ရှင်စဉ်မှာ မကောင်းမှုတွေအများကြီး လုပ်ခဲ့တဲ့လူက အခုဘယ်ငရဲခန်းမှာ ရောက်နေပြီး ဘယ်လို အပြစ်ဒဏ်တွေခံနေရလဲ ဆိုတာပဲ...”

ကျန်းယီမင်အတွက်တော့ ဒီလိုမျိုးအစွမ်းကုန်ထုတ်တိုက်ရတဲ့တိုက်ပွဲက ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူပါဝင်ခဲ့ဖူးသမျှ တိုက်ပွဲတွေထဲမှာ အားအရဆုံးဖြစ်သည်။

“ဟမ့်... ငါက ငရဲသွားရမယ်... ဟုတ်လား... အဲဒါက မင်းရဲ့စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်လိမ့်မယ်...”

ဟောက်ယွင်ဂိုဏ်းအကြီးအကဲကတော့ ကျန်းယီမင်ရဲ့ဆွပေးတဲ့ စကားတွေကြောင့် တုန်လှုပ်မသွားခဲ့ပေ။

ကျန်းယီမင်သိတာကတော့ ဒီအကြီးအကဲရဲ့ လက်ရှိ မှတ်ဉာဏ်တွေထဲမှာ သူ့အပေါ်နာကျည်းမှုတွေပဲ ကျန်တော့မှာဖြစ်သည်။ အရင်တုန်းက ဒီအကြီးအကဲဟာ မွေးဖွားခြင်းအဆင့်မှာပဲ ရှိခဲ့တာဖြစ်ပြီး၊ ဟောက်ယွင်ဂိုဏ်းမှာလည်း သူ့အသက်ကိုဆွဲဆန့်ပေးနိုင်မယ့် အရာ ဘာမှမရှိခဲ့ပေ။ ထိုအချိန်တုန်းက ကျန်းယီမင်က သူ့ရဲ့နောက်ဆုံးဝိညာဉ်မျှင်လေးကိုပါ အစပျောက်အောင် ချေမှုန်းခဲ့သည်။

“ငါက တစ်သက်လုံးပွင့်လင်းမြင်သာစွာ ရှင်သန်ခဲ့တာ... ငါလုပ်ခဲ့သမျှအရာအားလုံးက မှန်ကန်တယ်... ငရဲသွားရမယ်ဟုတ်လား... တကယ်လို့ မင်းလိုလူယုတ်မာမျိုးရဲ့ လက်ချက်ကြောင့်သာ မဟုတ်ရင် ငါက အခုလောက်ဆိုနတ်ဘုရားတစ်ပါးအဖြစ် ကောင်းကင်ဘုံကို တက်လှမ်းနေပြီ...”

“ဟားဟားဟား... မင်းအသက်ကြီးပြီး ဝေဝေဝါးဝါး ဖြစ်နေတာလား... ငါက လူယုတ်မာဟုတ်လား... ငါ့လက်ချက်ကြောင့် မင်းဘဝပျက်သွားတယ်... ဟုတ်လား... အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းကို ပြန်သတိပေးရမလား... ဘယ်သူက ငါ့ဂိုဏ်းကို လူအင်အားနဲ့လာပြီး ပြဿနာလာရှာတာလဲ... တစ်ခါတင်မကဘူး... ပိုပိုပြီးတောင် ဆိုးလာသေးတယ်... ငါကငါ့ဂိုဏ်းကို ငါ ကာကွယ်တာပဲလေ... ငါက ဘယ်လိုလုပ် လူယုတ်မာဖြစ်သွားရမှာလဲ...”

“စကားတွေအများကြီး ပြောမနေနဲ့... မင်းမှာ တကယ်စွမ်းရည်ရှိရင် ငါ့ကိုအဆုံးထိတိုက်စမ်း...”

သူတို့နှစ်ယောက်ငြင်းခုံရင်း တိုက်ခိုက်နေတာကြောင့် လျှို့ဝှက်နယ်မြေထဲကလေထုက ပိုပြီး တင်းမာလာခဲ့သည်။ ကျန်းယီမင်နဲ့ အကြီးအကဲတို့ဟာ အပြန်အလှန်တိုက်ခိုက်နေကြသည်။ စိတ်ဝိညာဉ်စွမ်းအားတွေရဲ့ ပံ့ပိုးမှုကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေက ပိုပိုပြီးမြန်လာတာကြောင့် အောက်ကတပည့်တွေဟာ ပုံရိပ်ယောင်တွေကိုပဲ မြင်နေရတော့သည်။

တစ်ချိန်တည်းမှာပဲ ရိုက်ခတ်သံတွေနဲ့ စိတ်ဝိညာဉ်စွမ်းအားပေါက်ကွဲသံတွေက အဆက်မပြတ်ထွက်ပေါ်နေသည်။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ကြောက်မက်ဖွယ်ဖိအားတွေ လှိုင်းထနေခဲ့သည်။

“ဒုန်း... ဒုန်း... ဒုန်း...”

ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပွားပြီးနောက်မှာတော့ သူတို့နှစ်ယောက် နောက်ဆုံးမှာရပ်လိုက်ပြီး ဘေးကိုဆုတ်လိုက်ကြရသည်။ စင်ပေါ်က စိတ်ဝိညာဉ်စွမ်းအားတွေ ဖြည်းဖြည်းချင်းလွင့်ပြယ်သွားမှပဲ လူတိုင်းက အခြေအနေကိုမြင်နိုင်ပါတော့သည်။ လင်းယွင်ဂိုဏ်းတပည့်တွေအားလုံးက အခြေအနေကိုသိချင်လို့ လည်ပင်းတွေရှည်အောင် စောင့်ကြည့်နေကြသည်။

သူတို့ရဲ့စိတ်ထဲမှာတော့ သူတို့ဆရာဟာ ဘယ်တော့မှ မရှုံးနိမ့်တဲ့ဒဏ္ဍာရီတစ်ခုဖြစ်သည်။ ဒီတစ်ခါလည်း ဆရာပဲနိုင်မယ်လို့ သူတို့ အပြည့်အဝယုံကြည်နေကြသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ဟောက်ယွင်ဂိုဏ်းအကြီးအကဲက တောင့်ခံဖို့ခက်ခဲနေသည်။ သူက မနည်းရပ်နေရသလို၊ ပါးစပ်ထောင့်ကနေလည်း သွေးတွေ စီးကျနေခဲ့သည်။

သူ့ခန္ဓာကိုယ်အပြင်ပန်းမှာတော့ ဘာဒဏ်ရာမှမရှိပေမယ့်၊ ကျန်းယီမင်ရဲ့ လက်ဝါးရိုက်ချက်တိုင်းဟာ သူ့ရဲ့ အတွင်းကလီစာတွေကို ဖျက်ဆီးနေခဲ့တာဖြစ်သည်။ အကြီးအကဲက သူ့ပြိုင်ဘက်ကို ကြည့်လိုက်တဲ့အခါ ကျန်းယီမင်ရဲ့အသက်ရှုသံက အနည်းငယ်မူမမှန်ပေမယ့် အပြင်ပန်းမှာတော့ အရင်အတိုင်းတည်ငြိမ်နေဆဲဖြစ်သည်။ ကျန်းယီမင်ဟာ သူ့ရဲ့ လက်ဝါးရိုက်ချက်တိုင်းကို ပြန်တုံ့ပြန်နိုင်ခဲ့သည်။

အခုဆိုရင်အကြီးအကဲဟာ သူ့ရဲ့အတွင်းကလီစာတွေ တော်တော်လေးပျက်စီးနေပြီဆိုတာ သိနေပေမယ့်၊ ကျန်းယီမင်ကတော့ ဘာမှမဖြစ်သလိုမျိုး သူ့ရှေ့မှာရပ်နေတုန်းဖြစ်သည်။ ဒါက ကျန်းယီမင်က ဟန်ဆောင်ပြီး တောင့်ခံနေတာမဟုတ်ပေ။အကြီးအကဲက တကယ်ကိုမနိုင်နိုင်တဲ့ ပြိုင်ဘက်နဲ့ တွေ့နေခဲ့ရသည်။

ကျန်းယီမင်ဟာ လက်ဝါးရိုက်ချက်တိုင်းကိုခံယူခဲ့ပေမယ့် အဲဒီရိုက်ချက်တွေရဲ့အားကို တစ်ဝက်ကျော်လောက်အထိ သူကချေဖျက်ပစ်နိုင်ခဲ့သည်။ ထို့အပြင် သူ့ရဲ့ထူးဆန်းတဲ့ကျင့်စဉ်က တစ်ဖက်လူရဲ့ အင်အားကိုစုပ်ယူဖို့ ကူညီပေးနေခဲ့သည်။

“မင်း ငါနဲ့ အသေအလဲတိုက်ချင်သေးလား... မင်းမှာ အဲဒီလိုအတွေးရှိရင် ငါ အဆုံးထိလိုက်ပေးဖို့ အသင့်ပဲ...”

ကျန်းယီမင်က အေးစက်စွာ ပြောလိုက်သည်။ သို့သော် တစ်ဖက်လူမှာ အသိဉာဏ်ကျန်သေးရင်တော့ စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီးပဲ ဆက်တိုက်ပါလိမ့်မည်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ချင်း ဆက်ယှဉ်နေရင်တော့ သေဖို့ပဲရှိသောကြောင့်ဖြစ်သည်။

“ခွေးကောင်လေး... ခွေးကောင်... နဂါးထွက်သက် မီးလျှံ...”

ထိုသို့ပြောပြီးနောက် ဧရာမနဂါးကြီးဟာ လူတိုင်းရဲ့ မြင်ကွင်းထဲမှာ ထပ်မံပေါ်လာပြန်သည်။ သို့သော် ဒီတစ်ခါတော့ နဂါးတစ်ကောင်တည်းမဟုတ်တော့ပေ။ နဂါးကြီးသုံးကောင်ဟာ တစ်ပြိုင်နက်တည်း ကောင်းကင်ပေါ်ကို ပျံတက်သွားသည်။

“သွားစမ်း....”

ဟောက်ယွင်ဂိုဏ်းအကြီးအကဲက ဒေါသတကြီး ဟောက်လိုက်တဲ့အခါ နဂါးသုံးကောင်လုံးက သူတို့ရဲ့ခန္ဓာကိုယ်ထဲက မီးလျှံတွေကို တစ်ပြိုင်နက်တည်း မှုတ်ထုတ်လိုက်ပါတော့သည်။

“ဟမ့်... ဒါကပြောပလောက်တဲ့ အရာမဟုတ်ဘူး...”

ကျန်းယီမင်က စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ကို ဖြည်းဖြည်းချင်း လည်ပတ်စေလိုက်သည်။ ထိုကျင့်စဉ်ရဲ့အစွမ်းက ကျင့်ကြံသူရဲ့ခွန်အားကို မြှင့်တင်ပေးရုံတင်မကဘဲ အရေးကြီးဆုံးက တခြားလူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအားစီးဆင်းပုံကိုပါ ခံစားသိရှိနိုင်စေတာဖြစ်သည်။ အရင်တုန်းက ကျန်းယီမင်ဟာ ဒီကျင့်စဉ်ရဲ့နက်ရှိုင်းမှုကို သိပ်နားမလည်ခဲ့ပေ။

သို့သော် အခုသူ့လိုပဲ ကျင့်ကြံမှုအဆင့်တူညီတဲ့ ပြိုင်ဘက်နဲ့ တွေ့တဲ့အခါမှာတော့ ဒီကျင့်စဉ်ရဲ့ အစွမ်းထက်ပုံကို ရုတ်တရက်နားလည်သွားခဲ့သည်။

တပည့်တွေ အားလုံးလည်း သိချင်နေကြသည်။ သူတို့ဆရာက ရှေ့ကနေတိုးလာနေတဲ့ မီးတောက်တွေကို မြင်နေရပါလျက်နဲ့ ဘာလို့ဘာတုံ့ပြန်မှုမှ မလုပ်ဘဲ နေနေရတာလဲကို သိချင်နေမိကြသည်။

All Chapters