← Chapters

ဒါက ဘာကြီးလဲ... တစ်ခါမှ မမြင်ဖူးတဲ့ ရန်သူကြီးပါလား...

Vol. 14 Ch. 166

ဒါက ဘာကြီးလဲ... တစ်ခါမှ မမြင်ဖူးတဲ့ ရန်သူကြီးပါလား...

Vol. 14 Ch. 166

ပျစ်ချွဲနေသည့်သွေးများဆီမှ ထွက်ပေါ်လာသည့် ပုပ်စော်နံလှသော အနံ့အသက်များသည် ကျန်းယီမင်ခန္ဓာကိုယ်ထဲသို့ အပေါက်မှန်သမျှမှ တိုးဝင်လာသည်။ ထိုအနံ့ဆိုးသည် သူ့ဦးနှောက်ကို အနှောင့်အယှက်ပေးရုံတင်မကဘဲ ကိုယ်တွင်းမှ စိတ်ဝိညာဉ်စွမ်းအင်လည်ပတ်မှုကိုပါ အနည်းငယ် အဟန့်အတား ဖြစ်စေသည်။

‘ဒါက ဘာအကောင်ကြီးလဲဟ...’

ကျန်းယီမင်သည် အများကြီးစဉ်းစားမနေတော့ဘဲ သူ့လက်ထဲမှဓားကြီးဖြင့် လေထဲတွင် အဝိုင်းပုံစံတစ်ခုကို ရေးဆွဲလိုက်သည်။ ယခုတစ်ခါတွင်မူ သူ့ပစ်မှတ်မှာ ရန်သူ့လက်မဟုတ်ဘဲ ရန်သူ့ခေါင်းပင် ဖြစ်သည်။ ခုနက ရန်သူ့လက်တစ်ဝက်ကို ပိုင်းဖြတ်ခဲ့စဉ်က ဘာမှမခက်ခဲခဲ့ဘဲ တို့ဟူးတစ်တုံးကို လှီးလိုက်သလိုပင်ခံစားခဲ့ရသည်။ သို့ဆိုလျှင် ရန်သူ့ခေါင်းကို တိုက်ရိုက်ပိုင်းဖြတ်ရန်မှာလည်း သိပ်ခက်ခဲမည် မဟုတ်ပေ။

ရလဒ်မှာ ကျန်းယီမင်ထင်ထားသည့်အတိုင်းပင်။ သူ့လက်ထဲမှ ဓားကြီးသည် သံမဏိကိုတောင် ရွှံ့နွံကဲ့သို့ ဖြတ်တောက်နိုင်စွမ်းရှိပေသည်။ ဓားသွား ရောက်လေရာတွင် သက်ရှိမှန်သမျှသည် သေမင်းထံသို့ ပို့ဆောင်ခံရမည်သာဖြစ်သည်။ သူသည် လက်ရှိတွင် မွေးဖွားခြင်းအလယ်အလတ်အဆင့်မှာသာ ရှိသေးသော်လည်း အထောက်အကူပြုစွမ်းအားများက များပြားလှသည်။

ယခုဆိုလျှင် မွေးဖွားခြင်းနှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူ တိုက်ခိုက်နိုင်စွမ်း ရှိကောင်းရှိနိုင်ပေသည်။ ထို့နောက် ကျန်းယီမင်ဓားက လေကိုခွဲလိုက်သည့် စူးရှရှအသံကြီးတစ်ခုသာ ဂိုဏ်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ဝှစ်ခနဲဟူသော အသံတစ်ခုနှင့်အတူ ကြည့်ရုံနှင့်တင် ကြောက်လန့်စေသော ခေါင်းကြီးမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။

“ဆရာ... ဆရာ...၊ ပြီးသွားပြီလား။”

‘ဒါက (၂၉) ဆင့်မြောက်က ရန်သူလေ... ဒီလောက် လွယ်လွယ်လေးနဲ့ ပြီးသွားတာလား... သူတို့ဆရာကျန်းယီမင်မှာ အစွမ်းထက်လှသည်ဆိုသော်လည်း တကယ်ပဲ အဲ့လောက်ထိကြီးလား...’

ကျန်းယီမင်ကိုယ်တိုင်လည်း ဆွံ့အသွားမိသည်။ ချက်ချင်းဆိုသလိုပင် မြေပေါ်ကျနေသည့် ခေါင်းမှာ သွေးမြူများအဖြစ် ပျော်ဝင်သွားပြီးနောက် ဘီလူးကြီးရဲ့လည်ပင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြန်လည်စုစည်းသွားသည်။ အားလုံးရဲ့မျက်စိရှေ့မှာတင် ထိုကြောက်စရာကောင်းသည့် ခေါင်းကြီးမှာ အချိန်တိုအတွင်း ပြန်လည်ပေါင်းစည်းသွားခဲ့လေသည်။

ကျန်းယီမင်လည်း အနည်းငယ်အံ့သြသွားမိသည်။ တစ်ဖက်လူမှာ အရင်ကကျောက်ရုပ်ကဲ့သို့ပင် အဆက်မပြတ်ပြန်လည်ပေါင်းစည်းနိုင်သည့် စွမ်းရည်ရှိနေပုံရသည်။

“ဟွန်း... ဒါက အပေါစားလှည့်ကွက်လေးပဲ...။”

ရန်သူက အဆက်မပြတ် ပြန်လည်မွေးဖွားနိုင်သည်ဆိုပါက သူက အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲပစ်လိုက်ရုံသာရှိသည်။ ရန်သူက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုသည်ကို သူကြည့်ချင်သေးသည်။

ကျန်းယီမင်သည် သူ့ဓားကို ဝှေ့ယမ်းကာ ရန်သူ့ခေါင်းကို နောက်တစ်ခါထပ်ပိုင်းလိုက်ပြန်သည်။

သို့သော် ရန်သူ့ခေါင်းမှာ ထပ်မံပေါက်လာပြန်ပြီး သူ့ကိုယ်ထဲမှ အဆုံးမရှိသော အနက်ရောင်အရှိန်အဝါများက ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။ ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ထိုအရှိန်အဝါကို စမ်းသပ်ကြည့်လိုက်သည့်အခါ ရန်သူထုတ်လွှတ်လိုက်သော အရှိန်အဝါမှာ သူ့ခန္ဓာကိုယ်ကို တိုက်စားနိုင်စွမ်းရှိသည်ကို ခံစားလိုက်ရသည်။

‘မဟုတ်ဘူး... ဒါက ငါထင်ထားသလိုရိုးရိုးလေး မဟုတ်ဘူး...’

သူ ထုတ်လွှတ်လိုက်သည့် စိတ်ဝိညာဉ်စွမ်းအင်များကို ရန်သူက အဆက်မပြတ်ပြောင်းလဲပြီး ပြန်လည်အသုံးပြုနေသည်ကို သူခံစားလိုက်ရသည်။ တစ်နည်းအားဖြင့် ထိုမိစ္စာကြီးမှာ သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေခြင်းပင် ဖြစ်သည်။

‘ဟွန်း... ဒါပဲလား...’

ကျန်းယီမင်သည် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ရိပ်မိသွားသည်။ ယခုမူ သူကရန်သူကို အပိုင်းပိုင်းအစစဖြစ်သွားအောင်သာ ပိုင်းဖြတ်ပစ်ရန် လိုအပ်တော့သည်။ ထိုမိစ္ဆာကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးကို ထပ်မံပြုလုပ်လိုက်သည်။ ကျန်းယီမင်သည် ငရဲပြည်တွင်ပင် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ကောင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“သေစမ်း...”

ကျန်းယီမင်ပုံရိပ်မှာ လျင်မြန်လှသည်။ ဓားချက်အနည်းငယ်နှင့်တင် ရန်သူမှာအစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာတင် ထိုမိစ္ဆာမှာအသားနုတ်နုတ်စင်းသလို ဖြစ်သွားရလေသည်။ ရွံစရာကောင်းသည့် အနံ့အသက်များက ကျန်းယီမင်နှာခေါင်းဝတွင် ဝဲလှည့်နေသည်။

သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ရန်သူ့တိုက်ခိုက်မှုကို အစွမ်းကုန်ခုခံနေရသည်။ ရန်သူကို အသားပုံကြီးဖြစ်သွားအောင် ပိုင်းဖြတ်ပြီးနောက် ကျန်းယီမင်က သူ့စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ရန်သူကိုအမြန် ပတ်လိုက်သည်။

“ဒီလောက်အဆင့်နဲ့ ငါ့လမ်းကို တားချင်တာလား... ငါက ဒီလောကထဲကို အရာအားလုံးကို ပိုင်းဖြတ်ဖို့ ရောက်လာတာကွ...”

ကျန်းယီမင်က လှောင်ပြုံးပြုံးရင်း သူ့ဓားကြီးဖြင့် ခုတ်ချလိုက်သည်။ သူ့ကိုယ်တွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များမှာ ရန်သူကိုသတ်ဖြတ်ရန် အရှိန်အဟုန်ဖြင့် ပန်းထွက်လာသည်။ မိစ္ဆာကြီးမှာ သွေးမြူများ ဖြစ်သွားပြီဖြစ်သော်လည်း ကျန်းယီမင်ကို အသက်ချမ်းသာပေးရန် တောင်းပန်နေသကဲ့သို့ ငိုညည်းသံများ ထွက်ပေါ်နေဆဲပင်ဖြစ်သည်။

အောက်တွင်ရှိသော တပည့်များမှာလည်း ကြောင်ကြည့်နေမိကြသည်။

‘ဒါက ဘာကြီးပါလိမ့်...’

လူတိုင်းက အကယ်၍နောင်တွင် ဤကဲ့သို့သော ရန်သူမျိုးနှင့် တွေ့ဆုံပါက သူတို့ကိုယ်တိုင် အနိုင်ယူနိုင်ပါ့မလားဟုတွေးတောနေကြသည်။ ကျန်းယီမင် မတုံ့ပြန်နိုင်ခင်မှာပင် ဝိုင်းစက်နေသည့် စက်ဝန်းပြားထဲမှ ကျောက်တိုင်ကြီးမှာ မြေကြီးထဲသို့ ပြန်လည်နစ်ဝင်သွားသည်။ ကျန်းယီမင်မှာ မကောင်းသည့်ခံစားချက်တစ်ခု ရလိုက်သည်။

ဤကောင်မှာ အစောင့်သက်သက်သာဖြစ်ပုံရပြီး တကယ့်ရန်သူစစ်စစ်မှာမူ အနောက်တွင်ပုန်းကွယ်နေဆဲပင်။ သူ ဘာမှမလုပ်နိုင်ခင်မှာပင် သူ့အနောက်မှ အရှိန်အဝါတစ်ခုက တိုက်ခိုက်လိုက်သည်။ သူ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ပြင်းထန်သည့် တိုက်ပွဲများကို ဖြတ်သန်းလာရသဖြင့် ကျန်းယီမင်စွမ်းအားမှာ အရင်ကဲ့သို့ မကောင်းတော့ပေ။ ရုတ်တရက်တိုက်ခိုက်မှုကို ခံလိုက်ရသည့်အခါ သူသတိမကပ်နိုင်ဘဲ မြေပြင်ပေါ်သို့ လွင့်စဉ်သွားရသည်။

“အဟွတ်... အဟွတ်...”

သူသည် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပြန်ထရန် ကြိုးစားစဉ်မှာပင် တစ်ခုခုက သူ့ကိုမြေပြင်ထဲသို့ နစ်ဝင်သွားအောင် နင်းခြေလိုက်သလို ခံစားလိုက်ရသည်။

‘ဘယ်သူလဲ...’

ထိုကြောက်စရာကောင်းသည့် ဖိအားမှာ သူ့အပေါ်သို့ ပြိုကျလာသည့် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ပင်ဖြစ်နေသည်။ တစ်ခုခုက သူ့ကိုဖိထားသလို ခံစားရသည့်အပြင် သူ့နားထဲတွင် “သေစမ်း...” ဆိုသည့် အသံကြီးမှာ ခေါင်းလောင်းသံကဲ့သို့ တဟိန်းဟိန်း မြည်နေသည်။

ဒီအတိုင်း ဆက်သွားလျှင် သူသေမှာ သေချာတာကို ကျန်းယီမင် ကောင်းကောင်းသိလိုက်သည်။ သူ ချက်ချင်းပင် သူ့မူလစိတ်ဝိညာဉ်ကို ခွဲထုတ်လိုက်သည်။ သူ့စိတ်ကို ကြည်လင်အောင်ထားပြီးနောက် ပျက်သုဉ်းခြင်းဗုဒ္ဓကို ထုတ်ဖော်လိုက်သည်။

ရန်သူက ဘာပဲဖြစ်ဖြစ် သာမန်နည်းလမ်းများနှင့်ဆိုလျှင် သူ အနိုင်ရရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် သူ့ပျက်သုဉ်းခြင်းဗုဒ္ဓကိုသုံးကာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ဖန်တီးလိုက်ရသည်။

ထိုအခါ ပျက်သုဉ်းခြင်းဗုဒ္ဓမှာ အားလုံးရှေ့တွင် ပေါ်လာပြီး လက်ဝါးနှင့်ရိုက်ချလိုက်သည်။ ထိုအခါတော့မှ ကျန်းယီမင်လည်း အခွင့်အရေးရပြီး ပြန်ထနိုင်ခဲ့သည်။ သူပြန်ထလိုက်သည့် အချိန်မှာတော့ ဝိုင်းစက်နေသည့်အပြားကြီးမှာ အဆုံးမရှိကျယ်ပြန့်သွားသည်ကို တွေ့လိုက်ရသည်။ သူ့ရန်သူမှာ ငရဲပြည်တွင် သူမြင်တွေ့ခဲ့ရသည့် ယမမင်းနီးပါး ကြီးမားလှသည်။

သူ့ပျက်သုဉ်းခြင်းဗုဒ္ဓတောင်မှ ထိုရန်သူရဲ့ကြောက်စရာကောင်းလှသော ခန္ဓာကိုယ်ကြီးနှင့် ယှဉ်လိုက်လျှင် သေးငယ်နေသကဲ့သို့ပင်ဖြစ်နေသည်။ သူသည် တပည့်များကိုမမြင်ရတော့ပေ။ တပည့်များ အားလုံးမှာမူ ကောင်းကင်ပေါ်မှနေ၍ တိုက်ပွဲကြီးကို ငေးကြည့်နေကြရသည်။

“ဘုရားရေ...”

“ဒါ... ဒါက ဘာကြီးလဲ...”

လင်းယွင်ဂိုဏ်းတပည့်များမှာ စကားလုံးများ ပျောက်ဆုံးနေကြသည်။ သူတို့ရှေ့မှ ဧရာမပုံရိပ်ကြီးကိုသာ ကြောင်ကြည့်နေမိကြတော့သည်။

“ဆရာ့ရဲ့ ဧရာမဗုဒ္ဓရုပ်တုကြီးတောင် ဒီရန်သူ့ရှေ့မှာတော့... သေးနေသလိုပဲ...”

All Chapters