တောင်တန်းရေမြေပန်းချီကား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း...
Vol. 14 Ch. 168
ရှေ့ကမြင်တွေ့နေရသည့် မြင်ကွင်းကြောင့် ကျန်းယီမင်ပင် ကြောင်အမ်းသွားရသည်။ အစွမ်းထက်သည့်ရန်သူနှင့် တွေ့ဆုံချိန် သို့မဟုတ် စိတ်ကူးတောင် မယဉ်ဖူးသည့်ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူသည် ယခုကဲ့သို့ တည်ငြိမ်မှုမပျက်ခဲ့ဖူးပေ။ ဘာပဲဖြစ်ဖြစ် မိမိတံခါးဝသို့ တစ်ယောက်ယောက်က လာခေါက်ပြီး ထိုသူက ဒိုင်းခနဲဒူးထောက်ကာ ကျေးဇူးရှင်ဟု အော်ဟစ်နေတာကို တွေ့လိုက်ရလျှင် မည်သူမဆို တည်ငြိမ်မှုပျက်သွားမည်သာဖြစ်သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်ကို ဒူးထောက်ခွင့်ပြုပါ... အကယ်၍ ဂိုဏ်းချုပ်က ဒါကိုလက်မခံဘူးဆိုရင် ကျွန်တော် ဒီနေရာကနေထမှာ မဟုတ်ဘူး...”
“ကဲ... ထပါ... ထပါ...။ မင်းရဲ့အရိုအသေကို ငါလက်ခံတယ်လို့ပဲ မှတ်ယူလိုက်တော့...။ ဒါပေမဲ့ အနည်းဆုံးတော့ အကျိုးအကြောင်းရှင်းပြဦးမှပေါ့...”
ကျန်းယီမင်သည် ခေါင်းကိုကုတ်ရင်း ရှေ့မှလူလတ်ပိုင်းအမျိုးသားကို ဆွဲထူလိုက်ရသည်။
“လင်းဖေး... သူ့ကို အထဲကိုအရင်ခေါ်သွားလိုက်ဦး... ငါ့ဂိုဏ်းရှေ့မှာ သူဒီလိုငိုယိုနေတာက ဂိုဏ်းရဲ့ပုံရိပ်ကို အနည်းငယ်ထိခိုက်စေတယ်...”
ကျန်းယီမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ အကယ်၍တစ်ဖက်လူက ရန်လာရှာခြင်းဖြစ်ပါက သူ့တွင်ကိုင်တွယ်ရန် နည်းလမ်းများစွာရှိသော်လည်း ယခုမူ ထိုသူကလင်းယွင်ဂိုဏ်းကပဲ သူ့ကို တစ်ခုခုလုပ်ထားသလိုမျိုး ပုံစံဖမ်းနေသဖြင့် အခက်တွေ့ရခြင်းဖြစ်သည်။ ဂူလင်းဖေးက ခေါင်းညိတ်ကာ ထိုသူကိုတွဲထူပြီး ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်သွားသည်။
“မင်း ငါတို့ဂိုဏ်းရှေ့မှာ စောင့်နေတာ ရက်အတော်ကြာပြီမဟုတ်လား...”
ဂူလင်းဖေးက ထိုသူကိုစပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ထိုသူသည် အနည်းငယ်နွမ်းနယ်နေပုံ ပေါ်သော်လည်း သူ့ကျောပြင်ကမတ်နေပြီး ခန္ဓာကိုယ်တွင်လည်း စိတ်ဝိညာဉ်စွမ်းအင်များ ဝန်းရံနေသည်။
သူသည်လည်း ကျင့်ကြံသူတစ်ယောက် ဖြစ်ဟန်ပုံပေါ်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် မာနကြီးကြသူများဖြစ်သည်။ ဤသူက ဘာကြောင့် လင်းယွင်ဂိုဏ်းရှေ့တွင် သည်းထန်စွာငိုကြွေးနေရသနည်း...။
“ဟူး... ပြောရမယ်ဆိုရင် ဒါတွေကရှန့်ကွမ်းမိသားစုကြောင့်ပါပဲ...”
ထိုသူက ပါးစပ်ဟလိုက်သည်နှင့် ကျန်းယီမင်သည် အခြေအနေထက်ဝက်ကျော်ကို ရိပ်မိသွားသည်။ ဤလူသည် ရှန့်ကွမ်းမိသားစုဖိနှိပ်မှုအောက်တွင် အချိန်အတော်ကြာဒုက္ခရောက်ခဲ့ရပုံရသည်။ ထို့ကြောင့် ကျန်းယီမင်ကိုယ်တိုင် ဦးဆောင်ကာ ရှန့်ကွမ်းမိသားစုကို အထိနာအောင်လုပ်ခဲ့ခြင်းအတွက် ကျေးဇူးတင်စကားလာပြောခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ကျေးဇူးတင်ရန်သက်သက်ဆိုလျှင် ယခုကဲ့သို့ပုံစံကြီးက အနည်းငယ်လွန်ကဲနေသလိုပင်ဖြစ်နေသည်။ ကျန်းယီမင်သည် ထိုသူစကားများကို နားထောင်ရန် အချိန်အများကြီးမရှိပေ။ သူက လက်ကာပြလိုက်ကာ ကျေးဇူးတင်ရန်သက်သက်ဆိုလျှင် ဤမျှနှင့် လုံလောက်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ...။ ဟဲဟဲ... ဂိုဏ်းချုပ်တို့လိုလူမျိုးက နေ့တိုင်းအလုပ်ရှုပ်နေမှာဆိုတော့ ကျွန်တော့်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်ဖို့ အချိန်မရှိဘူးဆိုတာ သိပါတယ်...။ ဒါကြောင့် လိုရင်းကိုပဲပြောပါတော့မယ်။ ကျွန်တော် ဘာကြောင့် ကျေးဇူးတင်ရသလဲဆိုတာကို သိပြီဆိုတော့ ကျွန်တော့်ရဲ့ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်ကို ဆက်သပါရစေ...”
'အို... ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်တဲ့လား...'
ဤအချက်က ကျန်းယီမင်ကို အနည်းငယ် စိတ်ဝင်စားသွားစေသည်။ သူ့အစွမ်းကို သူပြသပြီးသားဖြစ်သလို တစ်ဖက်လူကလည်း သူ့ကိုတွေ့ရန် အကြာကြီးစောင့်ဆိုင်းခဲ့ခြင်းဖြစ်ရာ ဤလက်ဆောင်မှာ သာမန်တော့ ဖြစ်ဟန်မတူပေ။
ပျောက်ဆုံးနေသည့် ကျင့်စဉ်တစ်ခုခုလား...။
သို့မဟုတ် ဆေးလုံးဖော်စပ်နည်း တစ်ခုခုလား...။
လင်းယွင်ဂိုဏ်းတွင် ထိုကဲ့သို့သော အရာများစွာရှိသော်လည်း ဤသူကသူ့အတွက် ပို၍စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုခုယူဆောင်လာနိုင်ပါက အသုံးဝင်နိုင်ပေသည်။ ထို့နောက် ထိုသူသည် သူ့အိတ်ကပ်ထဲမှ ရွှမ်စက္ကူတစ်ချပ်ကို ဖြည်းဖြည်းချင်းထုတ်ယူလိုက်သည်။ ဂိုဏ်းချုပ်ထိုင်ခုံတွင် ထိုင်နေသည့်ကျန်းယီမင်သည် မျက်မှောင်ကြုတ်ကာ သူ့တပည့်များကို ကြည့်လိုက်သည်။
ထိုသူသည် စက္ကူချပ်ကို ကျန်းယီမင်ထံကမ်းပေးလိုက်သည်။ ကျန်းယီမင်က လက်ခံရယူပြီးနောက် သေချာစွာစစ်ဆေးကြည့်လိုက်သည်။ ၎င်းစက္ကူပေါ်တွင် တောင်တန်းရေမြေပန်းချီကားတစ်ချပ်ကို ဆွဲထားသည်။ ကျန်းယီမင်သည် ယခင်ဘဝတွင်ပင် ဤကဲ့သို့သောအနုပညာပစ္စည်းများကို စိတ်မဝင်စားခဲ့ရာ ယခုဘဝတွင်ဆိုဖွယ်ရာမရှိပေ။
“အင်း... ဒီပန်းချီကားက... မဆိုးပါဘူး...”
သူက ကြောင်အမ်းအမ်းဖြင့် သူ့တပည့်များကို မော့ကြည့်လိုက်သည်။
“ဆရာ... ကျွန်တော့်ကိုစကားများတယ်လို့ မထင်ပါနဲ့။ ဒါပေမဲ့ ဒီလက်ရာက တကယ်တမ်းပြောရရင် အဆင့်မြင့်တယ်လို့ ပြောလို့မရပါဘူး...”
တုန်းမီနှင့်ဟွမ်းချောင်ယုတို့ နှစ်ဦးစလုံးမှာ ချမ်းသာသည့်မိသားစုများမှ ပေါက်ဖွားလာသူများဖြစ်ကြသည်။ သူတို့ကိုယ်တိုင် ပန်းချီမဆွဲတတ်လျှင်ပင် မိသားစုလွှမ်းမိုးမှုကြောင့် အနုပညာအကဲဖြတ်ခြင်းတွင်တော့ အတန်အသင့်နားလည်ကြသည်။
“ဟုတ်တယ် ဆရာ... တပည့်အမြင်အရဆိုရင် ဒီပန်းချီကားက အဆင့်နိမ့်ဆေးလုံးတစ်လုံးလောက်တောင် တန်ဖိုးမရှိပါဘူး...”
'မဖြစ်နိုင်တာ...'
ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူပြောသည့် လက်ဆောင်မှာ ဤပန်းချီကား သက်သက်တော့ မဟုတ်ချေလောက်ပေ။
“မင်းတို့ အရင်ထွက်သွားကြဦး... ငါ သေချာကြည့်လိုက်ဦးမယ်...”
ကျန်းယီမင်သည် ပန်းချီကားကို သူ့လက်နှစ်ဖက်ကြားတွင် ကိုင်ထားပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ထိုအထဲသို့ ဖြည်းဖြည်းချင်းစီးဝင်စေလိုက်သည်။
“ဟားဟားဟား... ပါရမီရှင်တွေရဲ့ဆရာ ဖြစ်ထိုက်ပေစွ....”
ထိုသူက အားရပါးရ ရယ်မောလိုက်သည်။
'မဟုတ်ဘူး... ဒါက ထင်သလောက် မရိုးရှင်းဘူး...'
ကျင့်စဉ်တွေလို စိတ်ဝိညာဉ်စွမ်းအင်ထည့်လိုက်ရုံနဲ့ ချက်ချင်း အကျိုးသက်ရောက်တာမျိုး မဟုတ်ဘဲ
ယခုခဏချိန်လေးတွင် ပန်းချီကားထဲက အရာအားလုံးမှာ လှုပ်ရှားနေသကဲ့သို့ ခံစားလိုက်ရပြီး အရာအားလုံးမှာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
'ဒါက ဘာကြီးလဲ...'
ကျန်းယီမင်မျက်စိရှေ့တွင် ပုံရိပ်အသစ်တစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ တောင်တန်းများနှင့်မြစ်ရေများကြားတွင် တစ်ခုခုပုန်းကွယ်နေသည်ကို သူခံစားနေရသည်။
'ဒါက ဘာကြီးလဲဟ...'
ကျန်းယီမင်သည် မျက်လုံးများကို တင်းတင်းပိတ်ကာ သူ့စိတ်ထဲမှပုံရိပ်များကိုသာ လိုက်ကြည့်နေမိသည်။
“ဆရာ ဘာလုပ်နေတာလဲ...”
“ဟားဟားဟား... မစိုးရိမ်ပါနဲ့... ကျွန်တော် ဒီအရာကို လေ့လာနေတာကြာပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်မလုံလောက်လို့ မဖြေရှင်းနိုင်ခဲ့တာ မင်းတို့ရဲ့ဆရာက ဒါကို တိုက်ရိုက်ဖြေရှင်းနိုင်ပြီဆိုတော့ ကျွန်တော် ဒီမှာဆက်နေဖို့ မလိုတော့ဘူး...”
ထိုသူကရယ်မောရင်း လက်ယှက်ကာ အရိုအသေပေးပြီး ထွက်ခွာရန်ပြင်လိုက်သည်။
“ဒီအရာက ကျွန်တော်တို့ဆရာ့ကို အန္တရာယ်မပေးနိုင်ဘူး မဟုတ်လား...”
“မပေးပါဘူး... စိတ်မပူပါနဲ့... တကယ်လို့ အန္တရာယ်ရှိမယ်ဆိုရင် မင်းတို့ဆရာ့ရဲ့ အခုအခြေအနေကို ကြည့်လိုက်လေ... မသိဘူးလား...”
သူပြောသည်မှာ မှန်သည်။ ယခုအချိန်တွင် ကျန်းယီမင်သည် နာကျင်နေသည့် ပုံစံမျိုး လုံးဝမရှိဘဲ တစ်ခုခုကို အဆုံးစွန်ထိုးထွင်းသိမြင်သွားသည့်အလား တည်ငြိမ်အေးချမ်းနေသည်။
“အံ့သြစရာပဲ... ဒါပေမဲ့ တစ်ခုလောက်မေးပါရစေ... ဒါက တကယ်တမ်းဘာကြီးလဲ...”
ဂူလင်းဖေးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါက စကားလုံးအနည်းငယ်နဲ့ ရှင်းပြလို့ရတဲ့ အရာမျိုးမဟုတ်ဘူး... အဲဒီထဲက အပြောင်းအလဲတွေနဲ့ ကောင်းကင်နဲ့မြေကြီးတို့ရဲ့ ဆက်နွယ်မှုကို ကိုယ့်ဘာသာကိုယ်ပဲ နားလည်အောင်ကြိုးစားရမှာ... ဒါပေမဲ့ စိတ်ချပါ... မင်းတို့ဆရာကတော့ ဒီထဲက နက်နဲမှုကို သေချာပေါက်ခန့်မှန်းနိုင်ပါလိမ့်မယ်... နောက်ပြီး မင်းတို့ဂိုဏ်းမှာ ငါအမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ အရာတစ်ခုရှိနေတယ်...”
သူပြောနေသည်မှာ လင်းယွင်ဂိုဏ်းခန်းမတွင် ရှိနေသည့် ဇီဝေကြယ်တာရာ နတ်ဘုရားပညာရပ်အကြောင်းပင် ဖြစ်သည်။
“မင်းတို့ဂိုဏ်းမှာ ဒီလိုရတနာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး... မင်းတို့ဆရာ ပန်းချီကားထဲက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်... ဟားဟားဟား... ငါတစ်ရက်လုံး စောင့်ခဲ့ရတာ မသေချာဘူးပဲ...”
“မင်းကိုယ်တိုင်လည်း ဒီထဲကနက်နဲမှုကို နားလည်နေတာပဲကို ဘာလို့ ကိုယ်တိုင်မဖြေရှင်းခဲ့တာလဲ...”
“ငါ ပြောပြီးပြီလေ... ဒီလို နတ်ဘုရားလျှို့ဝှက်ချက်တွေနဲ့ ဆက်နွယ်နေတဲ့ကိစ္စက လူတိုင်းဆုပ်ကိုင်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး... တကယ်လို့ သိချင်တယ်ဆိုရင်တော့ မင်းတို့ဆရာ ပြောပြမှာကိုပဲ စောင့်နေကြတော့...”