လျှို့ဝှက်ဆန်းပြားသောသူရဲ့ ကျေးဇူးတုံ့ပြန်လက်ဆောင်... အပြောင်းအလဲပေါင်း ထောင်သောင်း...
Vol. 14 Ch. 165
ထိုသူ့စကားများကို နားထောင်ပြီးနောက် တပည့်အနည်းငယ်မှာ ဝေခွဲမရဖြစ်သွားကြသည်။ ထိုသူရဲ့ အစောပိုင်းကအမူအရာနှင့် ယခုအမူအရာမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။ အစပိုင်းတွင် အကူအညီတောင်းခံနေသည့်ပုံစံမျိုး ဖြစ်သော်လည်း ယခုမူ လုံးဝပြောင်းလဲသွားကာ သူ့လက်ထဲတွင် အလွန်ဂုဏ်ယူစရာကောင်းသည့် အရာတစ်ခုရှိနေပြီး ၎င်းကို တစ်ဖက်လူအားသိစေချင်သည့် ပုံစံမျိုးဖြစ်နေသည်။
“လူကြီးမင်း... ဒါဆို အခုပဲထွက်သွားတော့မလို့လားဗျ...”
ထိုသူ၏စကားကို ကြားလိုက်ရသဖြင့် ဂူလင်းဖေးသည် ထိုသူမှာ သူလာသည့်ရည်ရွယ်ချက် ပြီးမြောက်သွားပြီဖြစ်၍ ထွက်ခွာရန်ပြင်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် လင်းယွင်ဂိုဏ်းမှ လူများမှာမူ အနည်းငယ်ဇဝေဇဝါ ဖြစ်နေကြဆဲပင်ဖြစ်သည်။ ဤသူပေးအပ်ခဲ့သည့်အရာမှာ အတော်လေးကောင်းမွန်ပုံရသော်လည်း ၎င်းက ဂိုဏ်းအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ယူဆောင်လာပေးနိုင်မလား ဆိုသည်မှာမူ ပဟေဠိတစ်ခုဖြစ်နေဆဲဖြစ်သည်။
ဤအချိန်တွင် ကျန်းယီမင်သည် သူ့လက်ထဲမှ ပန်းချီလိပ်ထဲတွင် စိတ်နှစ်နေဆဲပင်ဖြစ်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည်းဖြည်းချင်းထည့်သွင်းလိုက်ပြီးနောက် လှပသည့်ပန်းချီကားတစ်ချပ်မှာ သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူသည်လည်း ယခုထိဤအရာရဲ့အလုပ်လုပ်ပုံကို ကောင်းကောင်းနားမလည်သေးပေ။
သို့သော် ဘာပဲဖြစ်ဖြစ် ဤအရာထဲတွင် တစ်ခုခုတော့ပုန်းကွယ်နေသည်မှာ သေချာလှသည်။ ကျန်းယီမင်သည် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး ဗုဒ္ဓတစ်ပါးကဲ့သို့ လေထဲတွင်လွင့်ပျံနေသည်။
“ကြည့်ရတာ အဲဒီလူပြောတာ မှန်ပုံပဲ... ဆရာက ဒီထဲကနက်နဲမှုကို နားလည်သွားပြီထင်တယ်...”
သူတို့ဆရာရဲ့ အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ တပည့်များစိတ်ထဲတွင် အတိုင်းမသိဝမ်းသာသွားကြသည်။ သူတို့ဆရာက ဤကဲ့သို့အခြေအနေမျိုး ရောက်သွားသည်ကို သူတို့တစ်ကြိမ်ထက်မက မြင်ဖူးခဲ့ကြသည်။ ယေဘုယျအားဖြင့် သူတို့ဆရာ အဆုံးစွန်ထိုးထွင်းသိမြင်မှု ရရှိသွားပြီးနောက်တွင် ဂိုဏ်းတစ်ခုလုံး တိုးတက်လာမည့်အရာများ နောက်ဆက်တွဲပါလာလေ့ရှိသည်။
“မင်းတို့ရဲ့ဆရာကတော့ တကယ့်ကိုရှားပါးတဲ့ ပါရမီရှင်ပဲ... လင်းယွင်ဂိုဏ်းရဲ့တပည့်တွေ ဖြစ်ရတာ မင်းတို့ တကယ်ကံကောင်းတယ်...”
ပန်းချီလိပ်လာပေးသည့်သူသည် ကျေနပ်သည့် အမူအရာဖြင့် လှည့်ထွက်ကာ ထွက်ခွာရန်ပြင်လိုက်သည်။
“ငါ အစကတည်းက ရှန့်ကွမ်းမိသားစုနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိခဲ့တာ။ မင်းတို့ဆရာက ငါ့ကို အများကြီးကူညီခဲ့တာဆိုတော့ ငါကလည်း ကျေးဇူးပြန်ဆပ်ရမှာပေါ့... အမှန်အတိုင်းပြောရရင် ဒီထူးဆန်းတဲ့ပန်းချီလိပ်ကို ဖြေရှင်းနိုင်တဲ့သူကို တွေ့လိုက်ရလို့ ငါ တကယ်ဝမ်းသာမိတယ်... ဒါက ငါ့ရင်ထဲမှာ နှစ်အတော်ကြာအောင် စွဲထင်နေခဲ့တဲ့ အနာဟောင်းတစ်ခုပဲ... အခုတော့ ငါနဲ့အမြင်တူတဲ့သူကို နောက်ဆုံးတော့တွေ့ခဲ့ပြီဆိုတော့ ဒီခရီးက တကယ်ကိုတန်ပါတယ်...”
တပည့်များက ဒါကိုကြားလိုက်ရသည့်အခါမှ တစ်ဖက်လူရဲ့လာရောက်မှုမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသွားခြင်းဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ဤသို့ပြောပြီးနောက် ထိုသူသည် ပြတ်ပြတ်သားသားပင် ထွက်ခွာသွားတော့သည်။ ၎င်းကိုမြင်လိုက်ရသည့် လင်းယွင်ဂိုဏ်းတပည့်များလည်း သူ့ကို ဆက်မဆွဲထားတော့ဘဲ လွှတ်ပေးလိုက်ကြသည်။
ကျန်းယီမင်သည် ပန်းချီကားထဲတွင် စိတ်နှစ်နေဆဲဖြစ်သည်။ သူရှေ့မှအရာဝတ္ထုမှာ ဝေဝါးဝေဝါး ပေါ်လာသည်။ ထိုမြင့်မားလှသည့် တောင်တန်းကြီးရဲ့အလယ်တွင် တစ်ခုခုရှိနေသည်မှာ သူ လုံးဝသေချာသွားသည်။ ထို့နောက် သူ့ပုံရိပ်သည် ရုတ်တရက် ဆင်းသက်လာကာ ဂိုဏ်းချုပ်ထိုင်ခုံပေါ်သို့ ကျရောက်သွားသည်။
“ဒီအရာက မရိုးရှင်းဘူး... ဒါက တကယ့်ကိုကြီးမားတဲ့ လက်ဆောင်ပဲ... ဟိုလူရော ဘယ်မှာလဲ...”
ကျန်းယီမင်က ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ ထိုသူကို ရှာသော်လည်း မတွေ့တော့ပေ။
“အဲဒီလူက ခုနတင်ပဲဇွတ်ထွက်သွားတာ ဆရာ... ကျွန်တော်တို့လည်း သူ့ကိုမတားနိုင်တော့လို့ လွှတ်လိုက်ရတယ်...”
“သူက ဒီလောက်တောင် အလောတကြီးထွက်သွားတာလား... ကဲလေ... သူ့စိတ်ကို ငါတို့ခန့်မှန်းရခက်ပါတယ်... ထားလိုက်ပါတော့...”
“ဆရာ... သူမထွက်သွားခင် ထူးဆန်းတဲ့စကားတွေ အများကြီး ပြောသွားသေးတယ်... ဒီပန်းချီလိပ်က ငါတို့ဂိုဏ်းထဲက အရာတစ်ခုနဲ့ ဆက်စပ်နေတယ်တဲ့...”
“အဲဒီအရာ...”
ကျန်းယီမင်သည် စိတ်ဝင်စားသွားကာ ခေါင်းကို ကုတ်ရင်း စဉ်းစားနေမိသည်။ သူသည် ဂိုဏ်းချုပ်ထိုင်ခုံမှထကာ စတင်တွေးတောလိုက်သည်။ ထိုသူမှာ အလွန်ထူးဆန်းလှသဖြင့် ဤပန်းချီလိပ်မှာ ဗေဒင်တွက်ခြင်း သို့မဟုတ် အနာဂတ်ဟောကိန်းထုတ်ခြင်းနှင့် ဆက်စပ်နေနိုင်သည်ဟု သူတွေးလိုက်မိသည်။
ကျန်းယီမင်သည် ခဏတာရပ်တန့်သွားပြီးနောက် ဂိုဏ်းရဲ့ခန်းမဆောင်ထဲတွင်ရှိနေသည့် ဗေဒင်တွက်သည့်အချပ်ပြားကို ကြည့်လိုက်သည်။ ဒါက ထိုသူပြောသည့်အရာ ဖြစ်ရမည်။ သူ့ဂိုဏ်းတွင် ဤအရာမှလွဲ၍ ဗေဒင်ပညာနှင့်ပတ်သက်သည့် အခြားအရာ မရှိပေ။
ထိုအရာကို တွေးမိတော့ ကျန်းယီမင် အလွန်စိတ်လှုပ်ရှားသွားသည်။ သူ တစ်ခုခုကိုဖော်ထုတ်နိုင်သည့် အကြိမ်တိုင်းတွင် ရတနာများစွာ ရရှိလေ့ရှိသည် မဟုတ်ပါလား...။ လျှို့ဝှက်နယ်မြေ ဖြစ်စေ၊ စနစ်ကပေးသည့် ဆုလာဘ်များဖြစ်စေ၊ သူ့တာဝန်တိုင်းမှာ ဖော်ထုတ်ခြင်းများနှင့် ဆက်စပ်နေလေ့ရှိသည်။
ကျန်းယီမင်သည် ထရပ်လိုက်ကာ ပန်းချီလိပ်ကို ဇီဝေကြယ်တာရာ နတ်ဘုရားပညာရပ်ရဲ့ ဗေဒင်ချပ်ပြားထဲသို့ထည့်သွင်းလိုက်သည်။ ထိုအခါ တစ်ဂိုဏ်းလုံးရဲ့ခန်းမကြီးမှာ ဝေဝါးသွားကာ အိပ်မက်ဆန်လာသည်။ ခုနက ကျန်းယီမင်ရဲ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည့်မြင်ကွင်းမှာ ယခုမူ လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာတော့သည်။
“ဆရာ... ဒါက ဘာကိုဆိုလိုတာလဲ...”
“နတ်ဘုရားလျှို့ဝှက်ချက်တွေက အမြဲတမ်း ပြောင်းလဲနေတတ်တယ်။ ငါ မှားမသွားဘူးဆိုရင် ဒီပန်းချီလိပ်ထဲမှာ ဝှက်ထားတဲ့ သတင်းအချက်အလက်တွေက မကြာခင်မှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာတော့မယ်ဆိုတာကို ပြနေတာပဲ... တကယ်လို့ ငါတို့က အဲဒီထဲက အခွင့်အရေးကို ဆုပ်ကိုင်နိုင်မယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီးရလိမ့်မယ်...”
ကျန်းယီမင်က ခေါင်းကို အနည်းငယ်ညိတ်ရင်း ပြောလိုက်သည်။ ယခင်တစ်ခါ သူ့တပည့် တုန်းမီ၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့စဉ်ကလည်း လိပ်နက်နယ်မြေတွင် နှစ်ပေါင်းများစွာမှ တစ်ကြိမ်သာ ဖြစ်ပေါ်သည့်အဖြစ်အပျက်နှင့် ကြုံခဲ့ရခြင်းကြောင့်ပင်ဖြစ်သည်။ ယခုမူ ဇီဝေကြယ်တာရာနတ်ဘုရားပညာရပ်ဖြင့် ဗေဒင်တွက်ချက်မှုရလဒ်အရ ဤအရာမှာ သူတို့ဂိုဏ်းအတွက် အကျိုးကျေးဇူးများစွာ ယူဆောင်လာပေးမည့် အဖြစ်အပျက်တစ်ခုဖြစ်ပေလိမ့်မည်။
သို့သော် ကျန်းယီမင်နှင့် သူ့တပည့်များက ထိုဟောကိန်းကို ခံစားကြည့်လိုက်သည့်အခါ ကြီးမားသည့် အရှိန်အဝါတစ်ခုကိုလည်း တွေ့ရှိလိုက်ကြသည်။ ကြီးမားသည်ဟု ပြောသည်ထက်... ၎င်းမှာ ရန်လိုမှုများနှင့် ပြည့်နှက်နေသည်ဟုပြောလျှင် ပိုမှန်လိမ့်မည်။ ဤပန်းချီလိပ်မှာ ထိုတစ်ခုတည်း မဟုတ်ဘဲ အခြားများစွာရှိနေနိုင်သေးသည်။
ကျန်းယီမင်သည် ထိုအရှိန်အဝါကို ပထမဆုံးခံစားမိသူ ဖြစ်သည်။ သူ့နှလုံးသားမှာ ရုတ်တရက်တုန်လှုပ်သွားရသည်။ ဤလောကတွင် သွေးထွက်သံယို မရှိဘဲ ရတနာရရှိနိုင်သည့် အခွင့်အရေးမျိုးမှာ လူမိုက်ရဲ့အိပ်မက်သာဖြစ်ပေလိမ့်မည်။ သူသည် ဒီနေရာနှင့် ပြင်ပလောကကြားကဆက်နွယ်မှုကို ခံစားနေရသည်။ ဤနေရာတွင် တစ်ခုခုရှိနေသည်မှာ သူ လုံးဝသေချာသည်။
'မဟုတ်ဘူး...'
ရုတ်တရက်ပေါ်လာသည့် အရှိန်အဝါက ပိုမို အားကောင်းလာသည်။ ပန်းချီလိပ်ကြောင့် သီးခြားဖြစ်ပေါ်နေသည့်ကမ္ဘာထဲသို့ တစ်ယောက်ယောက်က အဆက်မပြတ်ဝင်ရောက်လာနေသည်ကို သူခံစားနေရသည်။ ထို့ပြင် ပန်းချီကားထဲက တောင်တန်းများနှင့် မြစ်ချောင်းများကြားတွင် တစ်စုံတစ်ခုက သူတို့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပုံရသည်။ သို့သော် မည်သူကမျှခုခံရန် စိတ်ကူးမရှိကြဘဲ ၎င်းမှာဇိမ်ခံနေရသည့် ခံစားချက်မျိုးဟုပင် ထင်မှတ်နေကြသည်။
“ဒီထဲမှာ တစ်ခုခုရှိနေတာ သေချာတယ်...”
ဤသို့တွေးမိပြီးနောက် ကျန်းယီမင်သည် ဆက်လက်မခုခံတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့အစား သူ့ကိုယ်တွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များကိုပါ ပေးအပ်လိုက်သည်။
“ငါက... ကောင်းကင်နဲ့မြေကြီးရဲ့ မိစ္ဆာနတ်ဘုရားတွေထဲက တစ်ပါးပဲ... တကယ်လို့ မင်းတို့က ငါ့ကို ဒီလောကထဲပြန်လာနိုင်အောင် ကူညီပေးမယ်ဆိုရင် ငါ မင်းတို့ကို အကြီးအကျယ်ပြန်လည် ကျေးဇူးဆပ်ပါ့မယ်...”
လူတိုင်းနားထဲတွင် ခန့်ညားထည်ဝါလှသည့် အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံထဲတွင် လောကကြီးအပေါ် နာကျည်းချက်များ ပါဝင်နေသယောင်ဖြစ်နေသည်။ ၎င်းမှာ လူတစ်ယောက်ရဲ့ နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသည့် ဟိန်းဟောက်သံနှင့် ငိုညည်းသံပင်ဖြစ်သည်။
“ဟွန်း... ငါ့ရဲ့ခန့်မှန်းချက်က မမှားဘူး...။ ဒီပန်းချီလိပ်က တကယ်ကိုမရိုးရှင်းဘူးပဲ...”
ကျန်းယီမင်မျက်နှာတွင် ပြုံးယောင်သန်းလာသည်။ ဤအရာက သူ့ကို စိတ်မပျက်စေခဲ့ပေ။ အကယ်၍ ထိုသူပြောသည်မှာ မလိမ်ညာဘူးဆိုလျှင် သူသည် ကောင်းကင်နှင့် မြေကြီးရဲ့ မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်ပေလိမ့်မည်။ သူယူဆောင်လာပေးနိုင်သည့် အကျိုးကျေးဇူးများမှာ သူတို့စိတ်ကူးကြည့်နိုင်သည်ထက် ပိုပေလိမ့်မည်။ ၎င်းမှာ ငရဲပြည်မှ ရရှိခဲ့သည့် အရာများထက်ပင် နိမ့်ကျမည် မဟုတ်ပေ။