ရှေးဟောင်းမိစ္ဆာနတ်ဘုရားရဲ့ ခေါ်သံလား... မိစ္ဆာနတ်ဘုရား တစ်ကျော့ပြန် ပေါ်လာခြင်းလား...
Vol. 14 Ch. 170
ယခုအချိန်တွင် ကျန်းယီမင်သည် တစ်စက္ကန့်တောင် ထပ်မစောင့်နိုင်တော့ပေ။ သူသည် ဤပဟေဠိကို အမြန်ဆုံးဖော်ထုတ်နိုင်မည့် နည်းလမ်းကိုသာ ရှာဖွေချင်နေတော့သည်။
“ဆရာ... ဒါက ကျွန်တော်တို့ စူးစမ်းသင့်တဲ့ အရာမျိုးတကယ်ပဲ ဟုတ်ရဲ့လား...”
“ဒါပေါ့... ဒါက ငါတို့ဂိုဏ်းကို ပြန်လည်နိုးထလာစေပြီး အစွမ်းထက်လာစေမယ့်အရာပဲ... ငါတို့ဂိုဏ်း အခုအချိန်မှာ အလိုအပ်ဆုံးအရာလည်း ဖြစ်တယ်...”
ကျန်းယီမင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် သူစမ်းကြည့်သင့်သည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
သူ့စနစ်က သူ့ကို အကျိုးကျေးဇူးများစွာ ရအောင် ကူညီပေးခဲ့သည်။ အပြင်လူများရဲ့အမြင်တွင် ဤနည်းလမ်းမှာ တားမြစ်ချက်တစ်ခုလို ဖြစ်နေနိုင်သော်လည်း သူြအမြင်တွင်မူ စမ်းသပ်ကြည့်ရန် ထိုက်တန်လှပေသည်။
“ဟုတ်တယ်... ဆရာ ပြောတာကိုပဲ နားထောင်ကြရအောင်... ကျွန်တော်အရင်ကလည်းပြောဖူးတယ် မဟုတ်လား... ဆရာ ကျွန်တော့ကို ငရဲပြည်ဆီ ခေါ်သွားတုန်းက ဘယ်လောက်တောင် ရတနာတွေ အများကြီး ယူလာပေးခဲ့သလဲဆိုတာ စီနီယာအကိုတို့ကို ထပ်ပြောပြနေဖို့ မလိုတော့ဘူး ထင်တယ်နော်...”
အမှန်အတိုင်းပြောရလျှင် ဟွမ်းချောင်ယုသည် သူမဆရာရဲ့ဆုံးဖြတ်ချက်ကို သံသယဝင်နေခြင်း မဟုတ်ပေ။ သို့သော် ဂိုဏ်းရဲ့ မိန်းကလေးတပည့် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့်အလျောက် သူမအတွေးမှာ ယောကျာ်းလေးတပည့်များနှင့် မတူဘဲ တခြားတစ်ဖက်သို့ ရောက်နေခြင်းဖြစ်သည်။ သူမ စိုးရိမ်နေသည့် တစ်ခုတည်းသော အချက်မှာ ဤအရာကို လုပ်ဆောင်ခြင်းကြောင့် သူမဆရာသည် ကျင့်စဉ်မှားပြီး စိတ်နတ်ဆိုးဝင်သွားမလား ဆိုသည်ပင်ဖြစ်သည်။
အစွမ်းထက်သည့်ခွန်အားမှာ ကောင်းသည့်အရာ ဖြစ်သော်လည်း ၎င်းကို မှန်ကန်သည့်လမ်းစဉ်မှသာ ရရှိသင့်သည်ဟု သူမယူဆသည်။ သူတို့တွင် အဖိုးလင်းဆိုသည့် သင်ခန်းစာတစ်ခုရှိခဲ့ဖူးသည် မဟုတ်ပါလား....။
ကျန်းယီမင်က တားမြစ်ထားသည့် နည်းလမ်းများကို သုံးပြီး ခွန်အားမြှင့်တင်သည်ထက် ဂိုဏ်းတွင်တပည့်အနည်းငယ်သာ ကျန်တော့သည့် အရင်ခေတ်ကို ပြန်ရောက်သွားလျှင်ပင် သူမက ပို၍ကျေနပ်မိမည်ဖြစ်သည်။
“တပည့်တို့... ဒါနဲ့ပတ်သက်ပြီး စိတ်အေးအေးထားကြပါ... ငါက ဂိုဏ်းရဲ့အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး လုပ်ဆောင်တာပါ... ဂိုဏ်းတိုးတက်မှုအတွက် အကျိုးရှိမယ့် အရာဆိုရင်တော့ ငါ စမ်းကြည့်ရမှာပဲ...” ကျန်းယီမင်က ပြုံးလျက် ပြောလိုက်သည်။
“မင်းတို့ ဒါကိုစိတ်ပူမနေကြပါနဲ့... အခု အားလုံးထွက်သွားလို့ ရပြီ... မင်းတို့ဒီမှာရှိနေလည်း အများကြီးကူညီနိုင်မှာ မဟုတ်ဘူး... ငါ့ဘာသာ ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလားဆိုတာ အရင်ကြည့်လိုက်ဦးမယ်... မင်းတို့အားလုံးက ငါတို့ဂိုဏ်းရဲ့ အရေးကြီးတဲ့လူတွေ ဖြစ်နေပြီဆိုတော့ အချိန်မဖြုန်းဘဲသွားပြီး ကျင့်ကြံကြတော့... ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့က ငါတောင် လွယ်မယ့်အလုပ်တော့ မဟုတ်ဘူး...”
ဂူလင်းဖေးက ခေါင်းညိတ်လိုက်သည်။ သူတို့ဆရာသည် သူ့စွမ်းဆောင်ရည်များကို လက်တွေ့ သက်သေပြခဲ့ပြီးသားဖြစ်သဖြင့် မည်သည့် ကန့်ကွက်မှုမျှ မရှိကြပေ။ တပည့်များ ထွက်သွားပြီးနောက် ကျန်းယီမင်သည် ပန်းချီလိပ်အတွင်းရှိ အိပ်မက်ဆန်သောနယ်ပယ်ထဲသို့ တစ်ဖန်ပြန်လည် အာရုံစိုက်လိုက်သည်။
၎င်းမှာ သူ ယခင်ကကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ဆင်တူနေသည်။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ် သို့မဟုတ် ထိုနယ်ပယ်ထဲမှ အသံပြောခဲ့သလို မိစ္ဆာနတ်ဘုရားတစ်ပါးဝိညာဉ် ဖြစ်နိုင်ပေသည်။ မိစ္ဆာနတ်ဘုရား နိုးထလာမည့်နေ့တွင် သက်ရှိအားလုံးကို သူ့အရှိန်အဝါအောက်တွင် တုန်ရင်သွားအောင် လုပ်ဆောင်ချင်နေပုံရသည်။
သို့သော် ထိုသူ့ခွန်အားမှာ ငရဲပြည်တွင် သူတွေ့ခဲ့သည့် ကွမ်မင်မင်းကြီးနှင့် သိပ်ကွာမည်မဟုတ်ဟု သူ ခန့်မှန်းလိုက်သည်။
'စကားမစပ်... သူ့စနစ်ကပေးထားသည့် အဓိကတာဝန်က ဘာကြောင့် အခုထိမပြီးသေးတာလဲဟ...'
ထိုအရာကို တွေးမိတော့ ကျန်းယီမင်ဇဝေဇဝါ ဖြစ်သွားရသည်။ ပုံမှန်ဆိုလျှင် တာဝန်ပြီးသည်နှင့် စနစ်က ဆုလာဘ်ပေးရမည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ အခြေအနေက ပုံမှန်မဟုတ်ပေ။ သူသည် လျှို့ဝှက်နယ်မြေတွင်ရှုံးနိမ့်ခဲ့ပြီး ယခုအခါ ခန္ဓာကိုယ်လည်း ပြန်ကောင်းနေပြီဖြစ်သော်လည်း ဘာကြောင့် ဆုလာဘ်မရသေးသနည်း...။ သို့ဆိုလျှင် သူသည် စနစ်၏သတ်မှတ်ချက်များကို မပြည့်မီသေးလို့လား...။
'ကြည့်ရတာ သူ့ခွန်အားကို ထပ်မံမြှင့်တင်ပြီး လျှို့ဝှက်နယ်မြေကို နောက်တစ်ကြိမ် ထပ်မံစိန်ခေါ်ရဦးမည် ထင်တယ်...'
ပန်းချီလိပ်ထဲမှအသံများ ပျောက်ကွယ်သွားပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပေ။ ဤနေရာတွင် အချိန်ပြည့်စောင့်နေစရာ မလိုတော့သဖြင့် သူ့အဓိကရည်မှန်းချက်ဖြစ်သော ပိုမိုအစွမ်းထက်လာစေရန်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
တပည့်အများစုမှာ လေ့ကျင့်ရေးကွင်းတွင် ကျင့်ကြံနေကြသည်။ ကျန်းယီမင်သည် ဆေးခန်းမမှ ကျင့်ကြံမှုကို အထောက်အကူပြုသည့် ဆေးလုံးတချို့ကိုယူကာ သူ့ခြံဝန်းဆီသို့ ပြန်လာခဲ့သည်။ ဂိုဏ်းချုပ်ဖြစ်သလို ဂိုဏ်းရဲ့အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမားဖြစ်သည့်အတွက် သူ့ခြံဝန်းမှာ တခြားသူများထက် ပို၍ကောင်းမွန်လှသည်။
သူသည် တံခါးပိတ်ကျင့်ကြံခြင်းကို ထပ်မံ လုပ်ဆောင်ရန် ပြင်လိုက်သည်။ သို့သော် ဒီအတိုင်း ကျင့်ကြံနေလျှင် တိုးတက်မှုက နှေးကွေးနေမည်ကို သူသိနေသည်။ ကြီးမားသည့် အခွင့်အရေးတစ်ခုခု ရှိမှသာ သူနှင့် သူ့တပည့်များ အရှိန်အဟုန်ဖြင့် တိုးတက်နိုင်မည် ဖြစ်သည်။ ထိုအချက်ကို တွေးမိတော့ ကျန်းယီမင်စိတ်ကူးများက ယောင်ချာချာ ဖြစ်လာပြန်သည်။
"ဘုရားရေ... ဒါတော့ မဖြစ်သေးပါဘူး... စနစ်နဲ့ တခြားဟာတွေကိုပဲ အားကိုးနေရတာက တကယ့်ကို သက်သောင့်သက်သာရှိလွန်းနေပြီ...."
ယခုမူ သူသည် စနစ်တကျကျင့်ကြံပြီး ခွန်အားမြှင့်တင်ရန် အချိန်တန်ပြီဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် မည်မျှပင်လျင်မြန်သည့် နည်းလမ်းများရှိပါစေ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကိုတော့ ကျော်လွှား၍မရနိုင်ပေ။ ကျန်းယီမင်သည် ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ပြီး မျက်လုံးမှိတ်ကာ အလေးအနက် စတင်ကျင့်ကြံတော့သည်။
လေ့ကျင့်ရေးကွင်းတွင်မူ တပည့်အားလုံးမှာလည်း ကြိုးစားအားထုတ်နေကြသည်။ လင်းယွင်ဂိုဏ်းတွင် ယခုအခါ တပည့်ဦးရေ အတော်အတန်များပြားနေပြီ ဖြစ်သည်။ ထို့ပြင် သူတို့အားလုံးမှာ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင်ွစဥ်ကို သင်ယူထားကြသဖြင့် တိုးတက်မှုနှုန်းနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ အရင်ကထက် သိသိသာသာကောင်းမွန်လာကြသည်။ ထုိအရာမှာ မထူးဆန်းပေ။
တပည့်အသစ်များကို ရွေးချယ်သည့် ဂူလင်းဖေးမှာ မျက်စိစူးရှသလို ပါရမီရှင်များကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ယခု လင်းယွင်ဂိုဏ်းအတွက် ပါရမီရှင်ဟုတ်မဟုတ် ဆိုသည်မှာ သိပ်မအရေးကြီးတော့ပေ။ ကျန်းယီမင်ရဲ့ တာဝန်အောင်မြင်မှုများကြောင့် ရရှိထားသည့် ဂိုဏ်း၏အဆင့်မြှင့်တင်မှုများကြောင့် ပါရမီသာမန်ရှိသူများပင် အခြားသူများ၏မျက်စိတွင် ပါရမီရှင်များအဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။