ဂူလင်းဖေးရဲ့ အပြောင်းအလဲ... တပည့်အားလုံး အံ့အားသင့်သွားခြင်း...
Vol. 14 Ch. 172
လင်းယွင်ဂိုဏ်းမှာ ဂိုဏ်းချုပ်ကတင် မိစ္ဆာတစ်ကောင်လို ပါရမီရှင်ဖြစ်နေတာ မဟုတ်ပေ။ သူ့ရဲ့တပည့်တွေအားလုံးကလည်း တစ်ယောက်ချင်းစီ မိစ္ဆာတွေလို အစွမ်းထက်ကြသည်။ သူ ဂူလင်းဖေးကို ပေးထားတဲ့ကျင့်စဉ်ကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ တိုက်စစ်ကိုသာ အသားပေးထားတဲ့ ကျင့်စဉ်ဖြစ်သည်။အကယ်၍ ထိုကျင့်စဉ်ကိုသာ အောင်မြင်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် ရန်သူတွေရဲ့ဝိုင်းရံပိတ်ဆို့မှုကို အလွယ်တကူဖောက်ထွက်နိုင်မည်ဖြစ်သည်။
စိတ်ဝိညာဉ်ခန္ဓာကိုယ်ဖြစ်တဲ့ အဖိုးလင်းကတော့ စားသောက်ဖို့ မလိုပေ။ သူက ကျင့်ကြံခြင်းနဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူရင်း ကောင်းကင်နဲ့ မြေကြီးကြားက အပြောင်းအလဲတွေကိုပဲ ခံစားနေတတ်သည်။ သို့သော် သူဟာအပြင်ကိုထွက်ပြီး လင်းယွင်ဂိုဏ်းရဲ့ တပည့်တွေကို လမ်းညွှန်မှုတွေ ပေးလေ့ရှိသည်။ တစ်ဂိုဏ်းလုံးမှာ အတွေ့အကြုံပိုင်းဆိုရင် သူဟာ ကျန်းယီမင်ထက်တောင် ပိုပြီးဝါရင့်သည်။
“အဖိုးလင်း... ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ နံပါတ်တစ်တပည့်ကြီးပဲ... သူ့ရဲ့ခွန်အားကို အဘိုးဘယ်လိုမြင်လဲ...”
ဘေးကကြည့်နေတဲ့ တပည့်အသစ်တွေကတော့ အံ့သြလို့ မဆုံးပေ။ သူတို့က ဂိုဏ်းကိုရောက်ခါစဆိုတော့ ဂိုဏ်းချုပ်ရဲ့ခွန်အားကိုပဲ မြင်ဖူးကြတာဖြစ်ပြီး စီနီယာအစ်ကိုကြီး၊ အစ်မကြီးတွေရဲ့ အစွမ်းကိုမမြင်ဖူးကြသေးပေ။ အခု အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကို မြင်လိုက်ရတော့ သူတို့မျက်လုံးတွေ ပြူးထွက်မတတ် ဖြစ်နေကြသည်။ သူတို့နဲ့အဆင့်ချင်း မယှဉ်နိုင်သေးပေမဲ့ ဒီလိုပွဲမျိုးကနေ သင်ယူစရာတွေ အများကြီးရှိနေတာကြောင့်ဖြစ်သည်။
“ဟားဟား... ပြောနေဖို့တောင် လိုဦးမလား... မင်းတို့ စီနီယာအစ်ကိုကြီးရဲ့ အခုခွန်အားနဲ့ဆိုရင် ငါကိုယ်တိုင်တောင် သူ့ကိုအနိုင်ယူနိုင်မယ်လို့ အသေအချာမပြောရဲဘူး...”
“အဖိုးလင်းတောင် ဒီလောက်အထိ အကဲဖြတ်တယ်ဆိုရင် အစ်ကိုကြီးက ကျွန်တော်တို့ရှေ့မှာ ကျော်ဖြတ်ရမယ့်တောင်ကြီးတစ်လုံးပဲပေါ့...”
ဂူလင်းဖေးရဲ့တိုက်ခိုက်ပုံကို ကြည့်ပြီး အဖိုးလင်းကတော့ စိတ်ထဲကနေ ချီးကျူးနေမိသည်။ သူအရင်က ခန့်မှန်းခဲ့တာတွေက တကယ်ပဲ မှန်နေတာလား...။
အရင်က သူ ဂူလင်းဖေးကို ပြောပြဖူးတာ တစ်ခုရှိသည်။ အရင်တုန်းက အလွန်အစွမ်းထက်တဲ့ ဂူမိသားစုဆိုတာ ရှိခဲ့ဖူးသည်။ ထိုမိသားစုဟာ တခြားမိသားစုတစ်ခုနဲ့ ပဋိပက္ခဖြစ်ရာကနေ မိသားစုအကြီးတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ မျိုးဆက်အနည်းငယ်ပဲ ကျန်ရစ်ခဲ့သည်။
မျိုးဆက်ပြတ်မသွားအောင်လို့ သူတို့ရဲ့နာမည်ရင်းကို ဖျောက်ပြီး ဂူဆိုတဲ့နာမည်နဲ့ပဲ လောကထဲမှာ ကျင်လည်ခဲ့ကြသည်။ အဘိုးလင်းဟာ ထိုအကြောင်းကို ကြားဖူးရုံသာ ကြားဖူးခဲ့သည်။ တကယ့်ဂူ မိသားစုဝင်ကိုတော့ တစ်ခါမှမဆုံဖူးခဲ့ပေ။
သို့သော် သူ့ရှေ့ကဂူလင်းဖေးကို မြင်ရတဲ့အခါမှာတော့ သူ့ရဲ့ အတွေးတွေက နယ်ကျွံကုန်သည်။ အကယ်၍ ဂူလင်းဖေးသာ တကယ်ပဲထိုမျိုးဆက်ဖြစ်ခဲ့ရင် သူဟာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့မြေးကို ပြန်တွေ့ရသလို ဖြစ်လာနိုင်သည်။
“အစ်ကိုကြီး... အခုတလော ဂိုဏ်းအလုပ်တွေနဲ့ ရှုပ်နေတာ မဟုတ်ဘူးလား... ဘာလို့ တိုက်ခိုက်တဲ့နေရာမှာ တစ်စက်ကလေးတောင် လက်မနှေးသွားရတာလဲ...”
ဟွမ်းချောင်ယုက အံ့သြတကြီး မေးလိုက်သည်။
စီနီယာအစ်ကိုကြီးဟာ ဂိုဏ်းချုပ်တံခါးပိတ်ကျင့်ကြံနေချိန်မှာ ဂိုဏ်းအလုပ်တွေကို အကုန်တာဝန်ယူထားရသည်။ သူမကတော့ အစ်ကိုကြီးလက်ရည်ကျသွားပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ အရင်ဂိုဏ်းအဆင့်သတ်မှတ်ပွဲတုန်းကထက်တောင် အရှိန်အဝါက ပိုစူးရှလာပါသေးသည်။
“ညီမလေး... မင်းကတော့ နောက်နေပြန်ပြီ... အလုပ်ရှုပ်နေတာက ကျင့်ကြံခြင်းကို လျှော့ဖို့ အကြောင်းပြချက် မဟုတ်ပါဘူး...”
ပြောပြောဆိုဆိုနဲ့ပဲ ဂူလင်းဖေးက သူ့ညီလေးတစ်ယောက်ကို လက်သီးနဲ့ ထိုးလိုက်သည်။ ဂိုဏ်းထဲမှာ တုန်းမီရဲ့မိသားစုက ပေးထားတဲ့လျှို့ဝှက်နယ်မြေ ရှိနေတာကြောင့် သေလောက်တဲ့ဒဏ်ရာမျိုး မဟုတ်ရင် ကုသရေးရေကန်ကနေ ပြန်လည်ကုသနိုင်မယ်ဆိုတာ သူတို့သိကြသည်။
ဂူလင်းဖေးဟာ တိုက်ပွဲထဲမှာ ပိုပိုပြီးစိတ်ပါလာသည်။ သူဟာ လက်ကွက်တွေကို မြန်မြန်ဆန်ဆန် ဖော်ဆောင်ရင်း သိုင်းပညာနဲ့ ခန္ဓာကိုယ်ခွန်အားကို တစ်ပြိုင်နက်တည်း ထုတ်သုံးနေသည်။ ညီလေး၊ ညီမငယ်လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရပေမဲ့ သူဟာ လုံးဝအသာစီးရနေဆဲဖြစ်သည်။
“ညီမလေး... ဝန်ခံလိုက်စမ်းပါ... မင်းရဲ့အစ်ကိုကြီးက အမြဲတမ်းအစ်ကိုကြီးပဲဆိုတာ...”
“အစ်ကိုကြီး... ဆရာသင်ပေးထားတဲ့ ပထမဆုံးသင်ခန်းစာက မာနမကြီးဖို့လေ... အစ်ကိုကြီးတော့ မေ့သွားပြီထင်တယ်...”
ဟွမ်းချောင်ယုကလည်း အရှုံးမပေးဘဲ ပြန်လည် တိုက်ခိုက်နေသည်။ ဂူလင်းဖေးက ဟိန်းဟောက်လိုက်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်ဖို့ ပြင်လိုက်သည်။ သို့သော် ဝှစ်ခနဲဆိုတဲ့ အချိန်အတောအတွင်းမှာပဲ သူရိုက်ထုတ်လိုက်တဲ့ လက်ဝါးချက်က ဘာကြောင့်မှန်းမသိ အားနည်းသွားတာကို သူ သတိထားမိလိုက်သည်။ ဂွမ်းပုံကြီးကို သွားရိုက်လိုက်သလိုမျိုး ဘာအားမှ မပါတော့ပေ။
ထိုလက်ဝါးချက်ကို ခံယူဖို့ ပြင်နေတဲ့သူတောင် အံ့သြသွားပြီး...
“အင်... အစ်ကိုကြီး... အစ်ကိုကြီးရဲ့ဒီလက်ဝါးက အရင်လိုမပြင်းတော့ပါလား... ဘာဖြစ်တာလဲ... ကျွန်တော်တို့ကို တိုက်ရတာနဲ့တင် အားကုန်သွားတာလား...”
ပုံမှန်ဆိုရင်တော့ ဂူလင်းဖေးက ချက်ချင်းပြန်နောက်ရမည်ဖြစ်သည်။ သို့သော် အခုတော့ သူပြန်ပြောဖို့ အားတောင် မရှိတော့ပေ။ သူ့ရဲ့မျက်စိရှေ့မှာ အရာအားလုံး မှောင်အတိကျသွားသည်။
နောက်တစ်စက္ကန့်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသလို သူခံစားလိုက်ရသည်။ လေထဲမှာတောင့်ခံထားဖို့ သူ အစွမ်းကုန်ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်က သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ပေ။ သူ့မျက်စိရှေ့က ကမ္ဘာကြီးက မည်းမှောင်သွားပြီး ကြိုးပြတ်သွားတဲ့ စွန်တစ်ခုလို လေပေါ်ကနေ ပြုတ်ကျလာပါတော့သည်။
“အစ်ကိုကြီး... အစ်ကိုကြီး...”
ဟွမ်းချောင်ယုတို့အားလုံး တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်း သိလိုက်ကြသည်။ ခုနလေးတင်ပဲ စူးရှတဲ့အရှိန်အဝါတွေ ရှိနေတဲ့စီနီယာအစ်ကိုကြီးက ဘာလို့ ရုတ်တရက်ကြီးလေပေါ်က ပြုတ်ကျလာရတာလဲ...။
'အစ်ကိုကြီးမှာ သူတို့မသိတဲ့ရောဂါဝေဒနာတစ်ခုခု ရှိနေတာလား...'
“အစ်ကိုကြီးကို ကာကွယ်ကြ...”
ဘေးမှာကြည့်နေတဲ့ ရှန့်ကွမ်းချင်းယန်က အလင်းတန်းတစ်ခုလို ပြေးဝင်လာပြီး မြေပြင်ပေါ် မကျခင်မှာပဲ အစ်ကိုကြီးကိုဖမ်းလိုက်သည်။ လေ့ကျင့်ရေးကွင်းထဲက လူအားလုံးလည်း စိုးရိမ်တကြီးနဲ့စုရုံးလာခဲ့ကြသည်။
“အစ်ကိုကြီး... ဒါက ဘာဖြစ်တာလဲ...”
ဟွမ်းချောင်ယုက မယုံနိုင်ဘဲ ကြည့်နေမိသည်။ ဂူလင်းဖေးရဲ့မျက်နှာက ပြာနှမ်းနေပြီး မျက်လုံးတွေ ပိတ်နေကာ နှုတ်ခမ်းတွေကလည်း ဖြူဖျော့နေသည်။ ချွေးတွေကလည်း တရွဲရွဲနဲ့ ထွက်နေသည်။
“မဖြစ်နိုင်တာ... မင်းတို့ စီနီယာအစ်ကိုကြီးရဲ့ အခြေအနေက... ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး... သူ အခုလို ရုတ်တရက်ကြီးဖြစ်သွားရတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး...”
အဖိုးလင်းလည်း အပြေးအလွှားရောက်လာပြီး စစ်ဆေးကြည့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ့ကို အရင်ဆုံးအခန်းထဲ ပြန်ခေါ်သွားကြစို့... ငါ ကြည့်ပေးမယ်...”
လူအားလုံးကခေါင်းညိတ်လ်ုက်ပြီး သူတို့အစ်ကိုကြီးကို အခန်းထဲ ပြန်ပို့လိုက်ကြသည်။ ဟွမ်းချောင်ယုကတော့ စိုးရိမ်စိတ်ကြောင့် ရူးမတတ်ဖြစ်နေသည်။ အခန်းထဲရောက်တာနဲ့ သူမက အဖိုးလင်းကို အသည်းအသန် မေးပါတော့သည်။
“အဘိုးလင်း... အစ်ကိုကြီးရဲ့ အခြေအနေကို တစ်ခုခုသိလား... ဆေးတစ်ခုခုများ လိုမလား...”
ဂိုဏ်းထဲမှာ ဆေးပညာရှင်တွေ ရှိပေမဲ့လည်း အတွေ့အကြုံရင့်တဲ့ အဖိုးလင်းကိုပဲ သူမ ပိုအားကိုးမိနေသည်။ သို့သော် အဖိုးကြီးလင်းရဲ့အမူအရာက တစ်ခုခုကိုပြောဖို့ တွန့်ဆုတ်နေသလိုဖြစ်နေသည်။ သူ တစ်ခုခုကို သတိထားမိသွားပုံ ရသည်။
'စီနီယာအစ်ကိုကြီးဂူလင်းဖေး ဘာဖြစ်သွားတာလဲ...'