အခန်း (၁၉၆-၁၉၉)
Vol. 14 Ch. 196-199
အခန်း (၁၉၆) - အမျိုးသမီးနှစ်ဦး၏ တာအိုဆွေးနွေးပွဲ (လော့ချန်ယွီ Vs နတ်မိမယ် ဖုန်းလင်) (အပိုင်း ၆)
~'ဒီလူက ယွင်ကျန်းဂိုဏ်းကိုတောင် လာခဲ့တာလား'
ထိုသို့ တွေးတောကာ ..လော့ချန်ကုန်းက တာအိုဆရာ ရှုဟိုင်ကို ပြောလိုက်သည်။
"တကယ်လို့ တာအိုဆရာ ရှုဟိုင် သာ အမည်မှန်ကို ထုတ်ပြောလိုက်မယ် ဆိုရင်... ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ် ကိုယ်တိုင် လာကြိုပြီး ဖိတ်ခေါ်လိမ့်မယ် ထင်တယ်ဗျ... ဟုတ်တယ်မလား"
တာအိုဆရာ ရှုဟိုင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြန်ဖြေ၏။
"ကျွန်တော် ကြားတာက တာအိုရောင်းရင်း လော့ချန်ယွီနဲ့ နတ်မိမယ် ဖုန်းလင်တို့ တာအိုအကြောင်း ဆွေးနွေးကြမယ် ဆိုလို့ လာကြည့်တာပါ... ယွင်ကျန်းဂိုဏ်းကို အနှောင့်အယှက် မပေးချင်ပါဘူး... ဒီမှာပဲ မိတ်ဆွေတို့နဲ့အတူ ကြည့်တာက ပိုကောင်းပါတယ်"
ခဏရပ်ပြီးနောက် တာအိုဆရာ ရှုဟိုင်က စုယွီကို ကြည့်ပြီး မေးလိုက်သည်။
"ဒါက အနှောင့်အယှက် ဖြစ်စေမှာတော့ မဟုတ်ဘူးမလား"
စုယွီက "ဟဲဟဲ" ဟု ရယ်မောလိုက်ပြီး "မဖြစ်ပါဘူးဗျာ" ဟု ပြန်ဖြေလိုက်သည်။
မကြာမီ သူတို့အားလုံး တင်ပျဉ်ခွေ ထိုင်လိုက်ကြ၏။
စုယွီက ယဉ်ကျေးမှု အရ စတင် စကားပြောလိုက်သည်။
"တာအိုဆရာ ရှုဟိုင် လုပ်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်စကား မပြောရသေးဘူး... တာ့ယွဲ့မြို့တော် ဈေးကွက် က သားရဲဒီရေလှိုင်းတုန်းက ခင်ဗျား ကူညီပေးခဲ့တာတွေ အတွက် ကျွန်တော့်အစ်မ ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ"
"ဒါပေမဲ့ သားရဲဒီရေလှိုင်း ပြီးသွားတဲ့ အချိန်ထိ အခွင့်အရေး မရခဲ့လို့ပါ"
"တာအိုဆရာ ရှုဟိုင် စိတ်ချပါ... တကယ်လို့ ကျွန်တော့်အစ်မသာ စိတ်ဝင်စားတယ် ဆိုရင်... ခင်ဗျားအကြောင်း ကောင်းတာတွေ ချည်းပဲ ပြောပေးပါ့မယ်"
တာအိုဆရာ ရှုဟိုင် - "..."
ကျွန်တော့်အစ်မက စိတ်ဝင်စားတယ်... ခင်ဗျား အကြောင်း ကောင်းတာတွေ ပြောပေးမယ်..
ဘာကို ဆိုလိုတာလဲ။
အတွေးများ ခေါင်းထဲတွင် ယောက်ယက်ခတ်သွားပြီး တာအိုဆရာ ရှုဟိုင်၏ မျက်နှာတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်လာတော့သည်။
'သူ ပြောတာ သူ့ရဲ့ ဆွေမျိုးအစ်မ စုဇီ ကို ပြောတာလား... ယွင်ကျန်းဂိုဏ်းက ချန်ပိုင်နဲ့ စုဇီက ပဋိပက္ခ ဖြစ်နေကြတာ မဟုတ်ဘူးလား'
'တာအိုရောင်းရင်း စု... တစ်ခုခုများ အထင်လွဲနေတာလား... ငါ့ရဲ့ တကယ့် ပစ်မှတ်က...'
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် လူနှစ်ဦး ရောက်ရှိလာကြ၏။ မော့ကြည့်လိုက်သောအခါ ကျန်းမိသားစု မှ ကျန်းပိုင်ယွီ နှင့် ဟွမ်မိသားစု မှ ဟွမ်ရှန်းယီတို့ ဖြစ်နေကြ၏။
ကျန်းပိုင်ယွီနှင့် ဟွမ်ရှန်းယီတို့ ရောက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ တာအိုဆရာ ရှုဟိုင်ကို တွေ့လိုက်ရ၏။ သူတို့၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြပြီး အလျင်အမြန် လျှောက်လှမ်းလာကြ၏။
တာအိုဆရာ ရှုဟိုင် အနားသို့ ရောက်သောအခါ နှစ်ဦးစလုံး ရိုသေစွာ ဂါရဝပြုလိုက်ကြ၏။
"တာအိုဆရာ ရှုဟိုင်ကို ဂါရဝပြုပါတယ်... ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး"
တာအိုဆရာ ရှုဟိုင်သည် ထိုင်လျက်သားပင် ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်ပြီး "အော်... ကျန်း နဲ့ ဟွမ် ပါလား" ဟု နှုတ်ဆက်လိုက်သည်။
ကျန်းပိုင်ယွီသည် ဟွမ်ရှန်းယီကို ဆွဲခေါ်ပြီး တာအိုဆရာ ရှုဟိုင်နှင့် မလှမ်းမကမ်းတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြ၏။ ထို့နောက် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြ၏။ သူတို့၏ အပြုအမူတွင် မျက်နှာလိုမျက်နှာရ ပြုလုပ်ခြင်းနှင့် မြှောက်ပင့်ခြင်း အရိပ်အယောင်များ ထင်ရှားစွာ ပေါ်လွင်နေ၏။ တာအိုဆရာ ရှုဟိုင်၏ အဆင့်အတန်းသည် မည်သူ့ကိုမဆို ဒူးထောက် ခယစေနိုင်လောက်အောင် မြင့်မားသည် မဟုတ်ပါလော။
သူတို့ သတိမထားမိလိုက်သည်မှာ ဟွမ်ရှန်းယီ၏ မျက်လုံးများပင်။ သူမသည် တာအိုဆရာ ရှုဟိုင်ကို ကြည့်နေပြီး ထိုအကြည့်များထဲတွင် စွဲလမ်းနှစ်သက်ခြင်းနှင့် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်များ ပါဝင်နေ၏။
သူမ၏ နှလုံးသားသည် သမင်ငယ်လေး တစ်ကောင်ကဲ့သို့ တဒိန်းဒိန်း ခုန်နေပြီး စိတ်ကူးယဉ်မှုများသည် ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်ပေါ်နေသည်။ သူမ၏ မျက်နှာလေးသည် တဖြည်းဖြည်း နီရဲလာပြီး မျက်လုံးများက ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ တောက်ပနေ၏။
တာအိုဆရာ ရှုဟိုင်...
တာ့ယွဲ့နန်းတော်မှ အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ တပည့်ရင်း... ကျန်းပိုင်ယွီထက်ပင် သာလွန်သော ပါရမီရှင်...
တကယ်လို့သာ သူနဲ့ အတူတူ ရှိခွင့်ရမယ် ဆိုရင်...
ဟွမ်ရှန်းယီ၏ အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာပြီး အသိစိတ်အာရုံထဲတွင် အနီရောင် အလင်းတန်းများ စိမ့်ဝင်စ ပြုလာတော့သည်။
ဘေးနားရှိ စုယွီနှင့် လော့ချန်ကုန်းတို့သည် ထူးဆန်းသော အခြေအနေကို သတိထားမိလိုက်ကြပြီး ဟွမ်ရှန်းယီကို အံ့ဩစွာ လှမ်းကြည့်လိုက်ကြ၏။
စုယွီသည် ဟွမ်ရှန်းယီထံမှ ထူးခြားသော အရှိန်အဝါ တစ်မျိုးကို ခံစားလိုက်ရသည်။ ဤအရှိန်အဝါမျိုးကို တိရစ္ဆာန်များ မိတ်လိုက်ရာသီတွင် တွေ့ရလေ့ ရှိသည်။
သို့သော် စုယွီသည် ဟွမ်ရှန်းယီနှင့် ကျန်းပိုင်ယွီတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ တာအိုဆရာ ရှုဟိုင်ကို စူးစိုက်ကြည့်နေပြီး မျက်နှာနီရဲနေသော ဟွမ်ရှန်းယီဘက်သို့ အကြည့်ရွှေ့လိုက်သည်။ ထို့နောက် အကြည့်လွှဲကာ "ချင်ယွင် စင်မြင့်" ဘက်သို့သာ အာရုံစိုက်လိုက်လေတော့သည်။
ဒါ သူ့ကိစ္စမှ မဟုတ်သည်ကိုး။
"ဝုန်း..."
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက်... ယွင်ကျန်းဂိုဏ်း ဂိတ်တံခါး အပြင်ဘက် အဝေးတစ်နေရာမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု လျင်မြန်စွာ ရောက်ရှိလာတော့သည်။ ဆယ်စက္ကန့် အတွင်းမှာပင် ပျံသန်းရေး လှေ တစ်စင်း ပေါ်ထွက်လာတော့သည်။
"ရွှစ်... ရွှစ်... ရွှစ်..."
လှေပေါ်မှ လူသုံးဦး ဆင်းသက်လာကြ၏။
အရှေ့ဆုံးတွင် ကြွက်သားအဖုအထစ်များနှင့် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး ရှိနေပြီး လက်ကို ဝှေ့ယမ်းကာ ပျံသန်းရေး လှေကို သိမ်းဆည်းလိုက်သည်။ သူ၏ အကြည့်သည် ယွင်ကျန်းဂိုဏ်း ပင်မတံခါးဝသို့ ရောက်ရှိသွား၏။
ထိုအမျိုးသားက ပြုံးလိုက်ပြီး ဘေးနားရှိ ဆွဲဆောင်မှုရှိသော ဂျူနီယာညီမလေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ညီမလေး... ဒီနေ့ လူတွေ အများကြီး ရောက်နေကြတယ်... တကယ်လို့ မင်းသာ ရှုံးသွားရင် ငါတို့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် သိက္ခာကျပြီသာ မှတ်ပေတော့"
နတ်မိမယ် ဖုန်းလင်သည် ပန်းရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဖြူဝင်းသွယ်လျသော ခြေတံများကို လှစ်ဟပြသထား၏။ ဆံပင်နက်ရှည်များသည် ပခုံးထက်တွင် ဝဲကျနေပြီး ခါးတွင် အနီရောင် ခါးပတ်တစ်ခု စည်းနှောင်ထား၏။ ဂါဝန်ကွဲကြောင်းမှတဆင့် သူမ၏ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်မှုသည် ပြီးပြည့်စုံစွာ ပေါ်လွင်နေ၏။
နတ်မိမယ် ဖုန်းလင်သည် နှုတ်ခမ်းနီနီလေးများကို အနည်းငယ် ဟလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။
"တာအိုအကြောင်း ဆွေးနွေးတာပဲလေ... ရှုံးတယ် ဆိုတာ အရှက်ရစရာ မဟုတ်ပါဘူး"
"တကယ်လို့ ဂျူနီယာညီမလေး လော့ သာ ကျွန်မကို အရှုံးပေးအောင် လုပ်နိုင်မယ် ဆိုရင် ဝမ်းသာမိမှာပါ... ကျွန်မ စိုးရိမ်တာက သူမရဲ့ စွမ်းရည်တွေက တခြား ယွင်ကျန်းဂိုဏ်းသားတွေလိုပဲ အသုံးမကျ ဖြစ်နေမှာကိုပါပဲ"
ပြောပြီးသည်နှင့် နတ်မိမယ် ဖုန်းလင်သည် ဦးဆောင်၍ ရှေ့ဆက်လျှောက်လှမ်းသွား၏။ သူမ၏ ကိုယ်နေဟန်ထားသည် ကျော့ရှင်းလှပပြီး ခြေလှမ်းများသည် မြေကြီးနှင့် မထိသကဲ့သို့ ပေါ့ပါးနေ၏။
လူ့လောကသို့ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးအလားပင်။
အကြီးအကဲ ထျန်းဖူ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး မျက်နှာ အနည်းငယ် သုန်မှုန်သွားသည်။
နတ်မိမယ် ဖုန်းလင်၏ စကားများသည် လှပလွန်းလှသဖြင့် သူ့တွင် ပြန်ပြောစရာ စကားမရှိ ဖြစ်သွားရ၏။ သူတို့နှစ်ဦး၏ စကားများကို ယှဉ်ကြည့်လျှင် သူတို့၏ စွမ်းရည် ကွာခြားချက်ကို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။
ဘေးနားရှိ ရွှီဝမ်ရှန်း ၏ မျက်လုံးများ အရောင်လက်သွားပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ဆရာ... ဒုတိယ အစ်မ ပြောတာ မှန်ပါတယ်"
ထို့နောက် ရွှီဝမ်ရှန်းသည် နတ်မိမယ် ဖုန်းလင်၏ နောက်မှ လိုက်ပါသွားပြီး ယွင်ကျန်းဂိုဏ်း အတွင်းသို့ ဝင်ရောက်သွား၏။ အကြီးအကဲ ထျန်းဖူ တစ်ယောက်တည်းသာ မဲမှောင်သော မျက်နှာထားဖြင့် ကျန်ရစ်ခဲ့၏။
နတ်မိမယ် ဖုန်းလင် ရောက်လာသည်ကို မြင်သောအခါ ချင်ယွင် စင်မြင့် အောက်ခြေရှိ ကျင့်ကြံသူ ထောင်သောင်းချီသော လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ အထူးသဖြင့် အမျိုးသား ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့အားလုံးသည် နတ်မိမယ် ဖုန်းလင်၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာနှင့် နတ်မိမယ်ကဲ့သို့သော အရှိန်အဝါကို ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် ငေးမောကြည့်ရှုနေကြ၏။
အမျိုးသမီး ကျင့်ကြံသူ အချို့ပင်လျှင် နတ်မိမယ် ဖုန်းလင်၏ ဖမ်းစားမှုကို ခံလိုက်ရပြီး သူမ စင်မြင့်ပေါ်သို့ တက်လှမ်းသွားပုံကို တွေဝေငေးမောစွာ ကြည့်ရှုနေကြ၏။
တောင်အောက်မှ စုယွီသည်လည်း နတ်မိမယ် ဖုန်းလင်ကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားပြီး အံ့အားသင့်သွားရ၏။
စုယွီ.. ကြိတ်၍ အံ့ဩမိသွား၏။
'ဒီမိန်းမ... အရင် ပါရမီရှင်များ ဆုံစည်းပွဲတုန်းက မရှိခဲ့တဲ့ သဘာဝ ညှို့ဓာတ် တစ်ခု ပိုလာသလိုပဲ... ကောင်းကင် ဖီးနစ် နန်းတော် အပျက်အစီးနယ်မြေကနေ ရလာတာများလား'
ညှို့ဓာတ်ဟူသည် အမျိုးမျိုး ကွဲပြားတတ်စမြဲ ဖြစ်၏။ စုယွီသည် လှပသော အမျိုးသမီးများနှင့် နတ်မိမယ်များကို များစွာ တွေ့ကြုံဖူးသည်။
သို့သော် ယခု ဖုန်းလင်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာမူ အပြင်းထန်ဆုံး ဖြစ်၏။ အလွန်ပင် အထင်ကြီးဖွယ်ရာ ကောင်းလှသည်။ သူမကို မြင်လိုက်ရုံမျှဖြင့် အံ့ဩမှင်သက်သွားစေနိုင်ပြီး ရင်ခုန်သံများပင် မြန်ဆန်သွားစေနိုင်၏။
စုယွီ သတိထားလိုက်ပြီး အကြည့်ကို ချက်ချင်း လွှဲဖယ်လိုက်သည်။ "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို မောင်းနှင်လိုက်ရာ ချက်ချင်းပင် စိတ်အစဉ် ကြည်လင်သွားပြီး ဗလာကျင်းသွား၏။ ဖုန်းလင်ကို မြင်ရသော်လည်း ယခင်ကကဲ့သို့ အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများ မဖြစ်ပေါ်တော့ပေ။
'ဒီမိန်းမ... ငါ့ကိုတောင် လှည့်စားမလို ဖြစ်သွားတယ်'
စုယွီ ကိုယ့်ကိုယ်ကို တိတ်တဆိတ် ဆူပူလိုက်မိ၏။
ထို့နောက် စုယွီသည် ဘေးနားရှိ လူများကို ကြည့်လိုက်သည်။ စုတင်းပန်းသည် လုံးဝ ဖမ်းစားခံထားရပြီး နတ်မိမယ် ဖုန်းလင်ကို တွေဝေငေးမောစွာ ကြည့်နေ၏။ လော့ချန်ကုန်း၏ အကြည့်သည်လည်း နတ်မိမယ် ဖုန်းလင်အပေါ်တွင် စွဲကပ်နေသော်လည်း သူ့မျက်လုံးများသည် သန့်ရှင်းနေပြီး လက်ထပ်ဖို့သာ စဉ်းစားနေပုံ ရသည်။
တာအိုဆရာ ရှုဟိုင်မှာမူ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး မကြာမီ ပြင်းထန်စွာ ကြုတ်သွား၏။ သူ၏ အကြည့်များ ကြည်လင်လာပြီး နတ်မိမယ် ဖုန်းလင်ကို ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။ သူ တီးတိုး.. ရေရွတ်လိုက်လေ၏။
"စွမ်းအားကြီးလိုက်တဲ့ ညှို့ဓာတ်ပါလား"
ကံကောင်းလို့ သူက မိစ္ဆာလိပ် သင်ပေးထားတဲ့ ရှေးဟောင်း ကျင့်စဉ်ကို ကျင့်ကြံထားလို့သာ စိတ်တည်ငြိမ်နေရသည်။ မဟုတ်လျှင် သူလည်း ပါသွားလောက်ပြီပင်၊
တိုက်ဆိုင်စွာပင် တာအိုဆရာ ရှုဟိုင်သည် စုယွီ၏ အကြည့်နှင့် ဆုံမိသွား၏။
သူ ကြောင်သွားသည်။ စုယွီက နတ်မိမယ် ဖုန်းလင်ရဲ့ ညှို့ဓာတ်ကို မခံရဘူးလား။
ထိုအခိုက်အတန့်၌၊ ပခုံးပေါ်မှ မိစ္ဆာလိပ်က တီးတိုး.. ပြောလိုက်သည်။
"မင်း ဘာတွေ တွေးနေတာလဲ... သူက မင်းထက်တောင် အရင် သတိဝင်နေတာ"
"ဒါ ပုံမှန် ဟုတ်ရဲ့လား"
တာအိုဆရာ ရှုဟိုင် ပြန်ပြောစရာ စကားမရှိ ဖြစ်သွား၏။ ပုံမှန် ဟုတ်ရဲ့လားတဲ့။ သူက အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကောင်းကင်ဘုံက ရွေးချယ်ခံရသူ ၊ နည်းလမ်းပေါင်းစုံ ပိုင်ဆိုင်ထားသူ ဖြစ်ပါလျက်နှင့် အခြေခံတည်ဆောက်ခြင်း (၄) ဆင့်မြောက် ကျင့်ကြံသူလောက် မကောင်းဘူးတဲ့လား။
ချင်ယွင် စင်မြင့်ပေါ်တွင်... နတ်မိမယ် ဖုန်းလင် အပေါ်သို့ တက်လှမ်းလာရင်း ချိုမြစွာ.. ရယ်မောလိုက်သည်။
"ဂျူနီယာညီမလေး လော့... ငါ ရောက်နေပြီလေ... မင်း မထွက်လာသေးဘူးလား"
သူမ၏ ရယ်သံသည် ရွှေရောင် ငှက်ဝါလေး၏ တေးသံကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှပြီး ယွင်ကျန်းဂိုဏ်း တောင်တန်းများအကြားတွင် ပဲ့တင်ထပ်သွား၏။
"ဝီ..."
နောက်တစ်ခဏတွင် ယွင်ကျန်းဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာမှ မိုးထိအောင် မြင့်မားသော ဓားချီ တစ်ခု ထွက်ပေါ်လာတော့သည်။ အဖြူရောင် ဓားအလင်းတန်း တစ်ခုသည် မိုးကြိုးပစ်သကဲ့သို့ ကောင်းကင်ယံကို ထိုးခွဲလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အဖြူရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ချင်ယွင် စင်မြင့်ပေါ်သို့ ရောက်ရှိလာတော့သည်။
သူမ၏ အမြန်နှုန်းသည် လျင်မြန်လွန်းလှသဖြင့် လူတိုင်း အသက်ရှူမှားသွားကြရ၏။ နတ်မိမယ် ဖုန်းလင်ပင်လျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရ၏။
အခန်း (၁၉၇) - ယွင်ရှန်းဈေး ပျက်စီးခြင်းနှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း (အပိုင်း ၁)
~"ဝီ..."
ချင်ယွင် စင်မြင့်ထက်တွင် လော့ချန်ယွီနှင့် နတ်မိမယ် ဖုန်းလင်တို့ နှစ်ဦးစလုံး ဆင်းသက်လိုက်ကြ၏။ နောက်တစ်ခဏတွင် ကောင်းကင်ကို ထိုးခွဲမတတ် မြင့်မားသော ဓားချီနှင့် ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များ ထိပ်တိုက် တွေ့ဆုံသွားကြလေတော့သည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး၏ အသွင်အပြင်များ ပြောင်းလဲသွားလေ၏။
သူမတို့နှစ်ဦးသည် (၁၀) ပေခန့် ကွာဝေးသော နေရာတွင် ရပ်နေကြပြီး အရှိန်အဝါများသည် တဖြည်းဖြည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာတော့သည်။
ဤအချိန်တွင် လော့ချန်ယွီသည် "တာအိုဓား" တစ်လက်၏ လူသားပုံစံအသွင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေ၏။ သူမ၏ မိုးထိအောင် မြင့်မားသော ဓားချီ မှ ထွက်ပေါ်လာသည့် ထက်ရှသော အရှိန်အဝါသည် စင်မြင့်အောက်ရှိ ကျင့်ကြံသူ အားလုံး၏ မျက်နှာများကို ပြောင်းလဲသွားစေ၏။
တစ်ဖက်တွင်မူ နတ်မိမယ် ဖုန်းလင်သည် ကောင်းကင်ဖီးနစ် တစ်ကောင်အသွင် ပြောင်းလဲသွားသကဲ့သို့ ရှိနေ၏။ သူမ၏ ကိုယ်ခန္ဓာမှ အဆုံးအစမဲ့ မီးတောက်များ ထွက်ပေါ်လာပြီး နားကွဲမတတ် စူးရှသော အော်သံကြီးနှင့်အတူ မီးဖီးနစ်ငှက်ကြီး တစ်ကောင်သည် မရေမတွက်နိုင်သော ဓားချီများဆီသို့ ဦးတည်သွားလေတော့သည်။
"ဝုန်း..."
ကြောက်မက်ဖွယ် စွမ်းအားကြီး နှစ်ခု ထိပ်တိုက် တွေ့ဆုံလိုက်ရာ မြေကြီးတစ်ခုလုံး သိမ့်ခါသွား၏။
မြေကြီးကိုသာမက အောက်ဖက်ရှိ ကျင့်ကြံသူ အားလုံး၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များကိုပါ ရိုက်ခတ်သွားစေ၏။
လော့ချန်ယွီရော နတ်မိမယ် ဖုန်းလင်ပါ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ကြသေးပေ။
သို့သော် ချင်ယွင် စင်မြင့်ထက် ကောင်းကင်ယံတွင်မူ... ဓားချီ ထောင်ပေါင်းများစွာ ပေါ်ထွက်လာပြီး ၎င်းတို့၏ ကြောက်မက်ဖွယ် အလင်းရောင်သည် ကောင်းကင်တစ်ဝက်ခန့်ကို လွှမ်းခြုံထား၏။
တစ်ဖက်တွင်လည်း အဆုံးအစမဲ့ မီးတောက်များသည် မီးဖီးနစ်ငှက် ထောင်ပေါင်းများစွာအသွင် ပြောင်းလဲကာ ယှဉ်ပြိုင် တိုက်ခိုက်နေကြ၏။
ဤသည်ကား လော့ချန်ယွီ၏ "သတ္တုဓာတ် ဝိညာဉ်အမြစ် အခြေခံ" နှင့် နတ်မိမယ် ဖုန်းလင်၏ "အခြေခံ အုတ်မြစ်" တို့ ထိပ်တိုက် တွေ့ဆုံခြင်းပင် ဖြစ်၏။
တောင်အောက်ခြေတွင်...
တာအိုဆရာ ရှုဟိုင် သည် လော့ချန်ယွီနှင့် နတ်မိမယ် ဖုန်းလင်တို့၏ တာအိုလမ်းစဉ်များ ထိပ်တိုက် တွေ့ဆုံနေသည်ကို ကြည့်ရှုရင်း မျက်နှာထား လေးနက်သွား၏။ သူ၏ မျက်ခွံများ တဆတ်ဆတ် လှုပ်ရှားနေလေ၏။
"လော့ချန်ယွီက ဖီးနစ်နန်းတော် အပျက်အစီးနယ်မြေထဲကနေ ရှေးဟောင်း ဓားတာအို အမွေအနှစ် ကို ရရှိခဲ့တာလား... ဒီအရှိန်အဝါက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်"
"ပြီးတော့ နတ်မိမယ် ဖုန်းလင်... သူမက မူလက လေဓာတ် ဝိညာဉ်အမြစ် ကို ကျင့်ကြံတာ မဟုတ်ဘူးလား... ဘာလို့ အခု မီးဓာတ် ဝိညာဉ်အမြစ် ကို ပြောင်းကျင့်လိုက်သလို ဖြစ်နေရတာလဲ... ပြီးတော့ ဖီးနစ်နန်းတော်ရဲ့ အမွေအနှစ်ကို ကျင့်ကြံနေပုံရတယ်... သူမရဲ့ အရှိန်အဝါက လော့ချန်ယွီထက် လုံးဝ မလျော့ဘူး"
နှစ်ဖက်စလုံး၏ တာအိုသိုင်းကွက်များသည် ဆင့်ကဲ ပြောင်းလဲနေပြီး ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ ဒါက သူတို့၏ တာအိုအခြေခံများ၊ အာရုံသိစိတ်များ၊ စိတ်ဆန္ဒများနှင့် အမွေအနှစ်များကို ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပေသည်။
ချင်ယွင် စင်မြင့်အောက်ရှိ ကျင့်ကြံသူ အားလုံးသည် ဤပြောင်းလဲမှုများမှတဆင့် ဉာဏ်အလင်းများ ရရှိနိုင်ကြ၏။
ဒါက စစ်မှန်သော "တာအို ဆွေးနွေးပွဲ" ပင် ဖြစ်၏။
သာမန် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းမျိုး မဟုတ်ပေ။
ဤယှဉ်ပြိုင်မှု နည်းလမ်းသည် ရှေးခေတ်ကာလက အလွန် ခေတ်စားခဲ့ပြီး၊ အထူးသဖြင့် ဂိုဏ်းကြီးများနှင့် မိသားစုကြီးများကြားတွင် မိမိတို့၏ ကျင့်ကြံခြင်းကို စမ်းသပ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ခဲ့၏။ အခြားသော ပါရမီရှင်များနှင့် ဆွေးနွေးယှဉ်ပြိုင်ရင်း တစ်ဖက်သားထံမှ အသိပညာများ ရယူနိုင်သလို၊ မိမိ၏ အားနည်းချက်များကိုလည်း ရှာဖွေတွေ့ရှိနိုင်၏။
ဤနည်းလမ်းသည် မိမိကိုယ်ကို ပျက်စီးစေနိုင်သည် သို့မဟုတ် အသက်အန္တရာယ် ရှိနိုင်သော်လည်း၊ ပါရမီရှင်များကြား ယှဉ်ပြိုင်မှုသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ရလဒ်များ ထွက်ပေါ်လာလေ့ ရှိပေသည်။
"ဝုန်း..."
တစ်ချိန်တွင်... နှစ်ဦးသား၏ တာအိုအရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ချင်ယွင် စင်မြင့်ပေါ်ရှိ ပုံရိပ်နှစ်ခုသည် ရုတ်တရက် လှုပ်ရှားလိုက်ကြ၏။ မိုးထိအောင် မြင့်မားသော အဖြူရောင် ဓားကြီးနှင့် ဖီးနစ်ငှက်ကြီးတို့ ထိပ်တိုက် တွေ့ဆုံပြီး ရစ်ပတ်သွားကြ၏။ ဓားတာအို သိုင်းကွက်ကြောင့် ကောင်းကင်နှင့် မြေကြီး တိတ်ဆိတ်သွားသော်လည်း၊ မီးတောက်များမှတဆင့် ပြန်လည် မွေးဖွားလာသော ဖီးနစ်ငှက်သည် တောမီးအလား တားဆီးမရ ဖြစ်နေ၏။
"ဝီ..."
တတိယအဆင့် အဆင့်မြင့် အခင်းအကျင်း တစ်ခု အသက်ဝင်လာတော့သည်။ စွမ်းအားကြီးမားသော အခင်းအကျင်း စွမ်းအင်သည် ချင်ယွင် စင်မြင့်၏ အရပ်ရှစ်မျက်နှာကို ပိတ်ဆို့လိုက်ပြီး၊ သိုင်းကွက် နှစ်ခု တိုက်မိရာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲ စွမ်းအားများကို စုပ်ယူလိုက်ကာ အပြင်သို့ မပျံ့နှံ့စေရန် တားဆီးလိုက်သည်။
"သူတို့က အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်ပဲ ရှိသေးတာလေ... ဒါပေမဲ့ တုပ အမြုတေ အဆင့် တွေထက်တောင် ပိုသန်မာကြတယ်"
တောင်အောက်ခြေတွင် စုယွီသည် လော့ချန်ယွီကို အဓိကထား ကြည့်ရှုရင်း လေးနက်သော မျက်နှာထားဖြင့် ကောက်ချက်ချလိုက်သည်။ လော့ချန်ယွီ၏ အားကောင်းသော ရွှေရောင် ချီ အရှိန်အဝါကို ခံစားလိုက်ရသောအခါ သူ မနာလို ဝန်တိုစိတ် အနည်းငယ် ဖြစ်ပေါ်လာမိ၏။
'တာအိုရောင်းရင်း လော့ ကျင့်ကြံထားတဲ့ ရွှေဓာတ် ဝိညာဉ်အမြစ် ကျင့်စဉ်က မသေးလှဘူး... တကယ်လို့သာ...'
သို့သော် စုယွီ သက်ပြင်း ခပ်ဖွဖွ ချလိုက်မိသည်။ ဒါက အပျက်အစီးနယ်မြေကနေ သူမ ရရှိခဲ့တဲ့ ကံတရား ဖြစ်မှာပါ။
အကယ်၍သာ ထိုကျင့်စဉ်ကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါက သူ၏ "ဓာတ်ကြီးငါးပါး ကျင့်စဉ်" ကို အဆုံးစွန်ထိ ပြီးပြည့်စုံစေနိုင်မည် ဖြစ်၏။ ထို့အပြင် ဓာတ်ကြီးငါးပါးကို တပြိုင်နက်တည်း ကျင့်ကြံအားထုတ်မည့် ရည်မှန်းချက်ပန်းတိုင်နှင့်လည်း ခြေတစ်လှမ်း ပိုမိုနီးစပ်သွားမည်မှာ အသေအချာပင်။
သို့သော် မိမိ၏ ပင်မကျင့်စဉ်ကို လိုလိုလားလား လဲလှယ်ပေးမည့်သူ ရှိလာနိုင်မည် မဟုတ်။
လော့ချန်ယွီနှင့် နတ်မိမယ် ဖုန်းလင်တို့ ယွင်ကျန်းဂိုဏ်းတွင် ယှဉ်ပြိုင် တိုက်ခိုက်နေကြစဉ်... ဂိုဏ်းတံခါးနှင့် ဝေးကွာသော ယွင်ရှန်းဈေး အပြင်ဘက်တွင်မူ...
"ရွှစ်... ရွှစ်... ရွှစ်..."
လူရိပ်အများအပြားသည် ယွင်ရှန်းဈေး အတွင်းသို့ ဝင်ရောက်လာကြပြီး တွေ့သမျှ လူတိုင်းကို သတ်ဖြတ်နေကြ၏။
ယွင်ရှန်းဈေးရှိ ကျင့်ကြံသူ အများစုသည် ယွင်ကျန်းဂိုဏ်းမှ ပါရမီရှင် နှစ်ဦး၏ စကားစစ်ထိုးပွဲကို သွားရောက် ကြည့်ရှုနေကြသော်လည်း၊ သာမန် ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူ အချို့ ကျန်ရှိနေသေး၏။
သူတို့သည် ငှားရမ်းထားသော ဝိညာဉ်စိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်၏။ ဝိညာဉ်ရေ ဖျန်းခြင်း၊ မြေဆွခြင်း၊ ပေါင်းသင်ခြင်းနှင့် ပိုးမွှား ဖယ်ရှားခြင်းများကို ပြုလုပ်နေကြ၏။
သို့သော် နောက်တစ်ခဏတွင်...
ပြင်ပ ကျင့်ကြံသူ အုပ်စု ရောက်ရှိလာပြီး ကိုယ်ဖော့ပညာများကို အသုံးပြုကာ ရိပ်ခနဲ ချဉ်းကပ်လာကြ၏။ သာမန် ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများ ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် သိုင်းကွက်များနှင့် မှော်လက်နက်များသည် သူတို့အပေါ်သို့ ကျရောက်လာလေတော့သည်။
"အ..."
"ဒုန်း..."
သာမန် ကျင့်ကြံသူများသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ အသက်ဆုံးရှုံးသွားကြရ၏။
ယွင်ရှန်းဈေး၏ လယ်ကွင်းပြင် အဝေးတစ်နေရာတွင် ရှိနေသော ကျင့်ကြံသူများသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ကြ၏။ လှည့်ကြည့်လိုက်သောအခါ အရပ်လေးမျက်နှာမှ ဝင်ရောက်လာပြီး ရက်စက်စွာ သတ်ဖြတ်နေသော ကြောက်မက်ဖွယ် လူရိပ်များကို တွေ့လိုက်ရသဖြင့် သူတို့၏ မျက်နှာများ သွေးရောင် ဖျော့သွားကြ၏။
"မကောင်းတော့ဘူး... တစ်ယောက်ယောက် ဈေးကို တိုက်ခိုက်နေပြီ... ပြေးကြ... ပြေးကြဟေ့" လူတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ပြေးကြ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က တိုက်ခိုက်လာပြီ"
"အား... အား... မသတ်ပါနဲ့... ကျွန်တော် အညံ့ခံပါ့မယ်... အ..."
နှေးကွေးစွာ ပြေးသော သူများသည် အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။
အသက်ချမ်းသာပေးရန် တောင်းပန်ခြင်း၊ ဒူးထောက် အညံ့ခံခြင်းများ ပြုလုပ်သော်လည်း အသက်မရှင်နိုင်ကြချေ။
"ဒုန်း..."
အမျိုးမျိုးသော သိုင်းကွက်များ ကျရောက်လာပြီး ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြ၏။ လွန်ခဲ့သော ခဏက လယ်ကွင်းထဲတွင် အတူတကွ အလုပ်လုပ်နေကြသူများသည် ယခုအခါ မြေပြင်ပေါ်တွင် အလောင်းကောင်များ အဖြစ် လဲလျောင်းနေကြတော့၏။
"ဝှစ်...ဝှစ်...ဝှစ်..."
မိမိတို့၏ ဝိညာဉ်ဆေးပင်များကို ပြုစုပျိုးထောင်နေသော ကျင့်ကြံသူ အများအပြားသည် ကြောက်လန့်တကြားဖြင့် အရပ်လေးမျက်နှာသို့ ထွက်ပြေးကြ၏။ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဈေးကွက် အတွင်းပိုင်းသို့ ဝင်ရောက်ရန် ကြိုးစားကြ၏။
အဘယ်ကြောင့်ဆိုသော် ရန်သူများသည် အပြင်ဘက် အရပ်မျက်နှာ အသီးသီးမှ တိုက်ခိုက်လာကြသောကြောင့် ဈေးကွက် အစွန်အဖျားရှိ ကျင့်ကြံသူ အများအပြား သေဆုံးခဲ့ကြရပြီ ဖြစ်၏။
ယခု သူတို့အတွက် တစ်ခုတည်းသော ရှင်သန်လမ်းမှာ ဈေးကွက် အတွင်းပိုင်းသို့ ဝင်ရောက်ပြီး ထိုနေရာတွင် ရှိနေသော ယွင်ကျန်းဂိုဏ်း အကြီးအကဲများနှင့် စွမ်းအားကြီး ကျင့်ကြံသူများ၏ အကာအကွယ်ကို ရယူရန်ပင် ဖြစ်လေတော့သည်။
အခန်း (၁၉၈) - ယွင်ရှန်းဈေး ပျက်စီးခြင်းနှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း (အပိုင်း ၂)
~သူတို့ ထွက်ပြေးနေစဉ်တွင် အချို့သော ကျင့်ကြံသူများသည် ပြင်းထန်စွာ နောင်တရမိကြ၏။
သူတို့သည် ငှားရမ်းထားသော ဝိညာဉ်စိုက်ခင်းများကို စွန့်လွှတ်ရန် မလိုလားကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအထဲတွင် သူတို့၏ ပိုင်ဆိုင်မှု အားလုံး သို့မဟုတ် ကြီးမားသော အစိတ်အပိုင်းများ ပါဝင်နေသောကြောင့် ဖြစ်၏။
တကယ်လို့များ ယွင်ရှန်းဈေးကနေ ထွက်ခွာသွားပြီးမှ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ ယွင်ကျန်းဂိုဏ်းတို့ရဲ့ ပဋိပက္ခ သတင်းက မမှန်ဘူး ဆိုရင်ကော...။
ပြန်လာတဲ့အခါ သူတို့ရဲ့ ဝိညာဉ်စိုက်ခင်းတွေ ရှိချင်မှ ရှိတော့မှာ။ ဒါဆိုရင် သူတို့ မွဲပြီပေါ့။
ဒါပေမဲ့... ဘယ်သူ ထင်မှာလဲ။
ယွင်ကျန်းဂိုဏ်းက ပါရမီရှင် နှစ်ဦး ဆွေးနွေးပွဲ စတင်လိုက်ရုံ ရှိသေးတယ်... ယွင်ရှန်းဈေးကို ရန်သူအင်အားစုကြီး ဝင်ရောက် စီးနင်းလိုက်ပြီတဲ့။
ယွင်ရှန်းဈေး အတွင်း၌...
"မကောင်းတော့ဘူး... တစ်ယောက်ယောက်က ဈေးကွက်ကို တိုက်ခိုက်တော့မယ်... ဘယ်သူလဲ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်လား"
စတုတ္ထအကြီးအကဲ လီကျိုးဇီ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွား၏။
ထိုစဉ်၊ ယွင်ရှန်းဈေး အတွင်းသို့ ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ အရပ်လေးမျက်နှာမှ ဝင်ရောက်လာပြီး လှောင်အိမ်တစ်ခုအလား ပိတ်ဆို့ကာ လူတိုင်းကို ပိတ်မိသွားစေရန် ရည်ရွယ်ထားပုံရ၏။
လီကျိုးဇီသည် အံ့အားသင့်သလို ဒေါသလည်း ထွက်မိ၏။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က တရားနည်းလမ်း မကျလိုက်တာ။
ယွင်ကျန်းဂိုဏ်းကို အတိအလင်း စိန်ခေါ်ထားပြီးမှ တိတ်တဆိတ် လူစုပြီး ယွင်ရှန်းဈေးကို တိုက်ခိုက်တာလား။
"သေချင်နေကြတာပဲ... သေချင်နေကြတာပဲ"
"ငါတို့ ယွင်ကျန်းဂိုဏ်းက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို ကြောက်နေတယ်လို့ ထင်နေကြတာလား"
လီကျိုးဇီ ဒေါသထွက်နေ၏။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ စက္ကူအဆောင် တစ်ခု ပေါ်လာသည်။ နောက်တစ်ခဏတွင် အဆောင်သည် အသက်ဝင်သွားပြီး ပြာအဖြစ် ပြောင်းလဲသွား၏။
ဒါက "မိခင်နှင့် ကလေး အဆောင်" ဖြစ်၏။
ဒုတိယအဆင့် အရည်အသွေးမြင့် အဆောင်ဖြစ်ပြီး အတွဲလိုက် လာခြင်းပင်။
ကလေးအဆောင် အသက်ဝင်ပြီး ပြာဖြစ်သွားသည်နှင့် တပြိုင်နက် မိခင်အဆောင်သည်လည်း ပြာဖြစ်သွားမည်။
မိုင် (၁၀၀) ပတ်လည် အတွင်း အာရုံခံနိုင်ပြီး အချက်ပေးရန် အကောင်းဆုံး အဆောင် တစ်ခုတည်း။
ဂိုဏ်းသို့ သတင်းပို့ပြီးနောက် လီကျိုးဇီသည် "ဈေးကွက် ကာကွယ်ရေး အခင်းအကျင်း" ထိန်းချုပ်ရေး အလံကို ထုတ်ယူလိုက်ပြီး လေးနက်စွာ အမိန့်ပေးလိုက်သည်။
"ယွင်ကျန်းဂိုဏ်း တပည့်အပေါင်းတို့... အခင်းအကျင်း အပြင်ဘက်က ရန်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြ"
ရန်သူကို အပြင်ဘက်တွင် တားဆီးထားနိုင်သမျှ ကာလပတ်လုံး ဂိုဏ်းမှ စစ်ကူ ရောက်လာသည်အထိ တောင့်ခံထားနိုင်မည် ဖြစ်၏။
အဲဒီအချိန်ကျရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ကောင်တွေ သေပြီသာမှတ်။
"ဝီ..."
လီကျိုးဇီသည် ထိန်းချုပ်ရေး အလံကို အသုံးပြုပြီး ဈေးကွက် ကာကွယ်ရေး အခင်းအကျင်းနှင့် ယွင်ကျန်းဂိုဏ်း စခန်း ကာကွယ်ရေး အခင်းအကျင်းတို့ကို အသက်သွင်းလိုက်သည်။
သို့သော် သူ အပြင်ထွက်ပြီး ယွင်ကျန်းဂိုဏ်း တပည့်များကို မစုစည်းနိုင်မီမှာပင် အပြင်ဘက်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခု ထွက်ပေါ်လာတော့သည်။
ဈေးကွက်၏ ပင်မလမ်းမကြီးပေါ်တွင်...
လူတစ်ယောက်သည် ယွင်ကျန်းဂိုဏ်း စခန်းနှင့် မလှမ်းမကမ်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေ၏။ ဒုတိယအဆင့် ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်း အသက်ဝင်လာသည်ကို ကြည့်ပြီး သူသည် လက်ဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ နှေးကွေးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မျက်စိတစ်မှိတ် အတွင်းမှာပင် လက်ဝါးကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။
တောက်ပသော အပြာရောင် ချီ အလင်းတန်းသည် မျက်စိကျိန်းမတတ် လင်းလက်နေပြီး အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ပျံ့နှံ့သွားလေတော့သည်။
တစ်ခဏချင်း အတွင်းမှာပင်...
ဈေးကွက် အတွင်းရှိ ကျင့်ကြံသူ အားလုံး၏ မျက်နှာများ သွေးရောင် ဖျော့သွားကြ၏။ စခန်း ကာကွယ်ရေး အခင်းအကျင်း အတွင်းရှိ စတုတ္ထအကြီးအကဲ လီကျိုးဇီ အပါအဝင် ဖြစ်၏။ သူ့မျက်နှာသည် သွေးဆုတ်သွားပြီး မျက်လုံးများထဲတွင် အံ့ဩမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
"အ... အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးလား"
လီကျိုးဇီ၏ ဦးနှောက်များ ခြောက်ခြားသွားပြီး ခဏတာ အေးခဲသွားမိ၏။
ဒီအရှိန်အဝါက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က အရှင်သခင် ပိုင်ယွဲ့ မဟုတ်ဘူး။
တာ့ယွဲ့စီရင်စု အတွင်းရှိ အခြား အင်အားစုများ သို့မဟုတ် လေလွင့် ကျင့်ကြံသူများကို စဉ်းစားကြည့်သော်လည်း ဤအရှိန်အဝါနှင့် ကိုက်ညီသူ တစ်ဦးမျှ မရှိပေ။ စိမ်းသက်နေသော အရှိန်အဝါ တစ်ခုဖြစ်၏။
ဒီလူက ဘယ်သူလဲ...။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က မဟုတ်ဘဲ တခြား အင်အားစုက လာတိုက်တာလား။ လီကျိုးဇီ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။
"ဝုန်း..."
လီကျိုးဇီ၏ ကြောက်လန့်တကြား အကြည့်အောက်မှာပင် အပြင်ဘက်မှ လူသည် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အခင်းအကျင်း အလံတိုင်များ တစ်ခုပြီးတစ်ခု ကျိုးပဲ့ကုန်ကြ၏။
ယွင်ကျန်းဂိုဏ်း စခန်း၏ ကာကွယ်ရေး အခင်းအကျင်း ပျက်စီးသွားခဲ့တော့၏။
အခင်းအကျင်းကို အဓိက တာဝန်ယူထားသူ ဖြစ်သည့် အားလျော်စွာ လီကျိုးဇီသည် အပြင်ဘက်မှ လူ လက်ဝါးရိုက်လိုက်သည့် အချိန်ကတည်းက နောက်ဆုတ် ထွက်ပြေးနေပြီ ဖြစ်၏။
အခင်းအကျင်း ပျက်စီးသွားချိန်တွင် လီကျိုးဇီသည် စခန်းမှ လွတ်မြောက်ရုံ ရှိသေးသည်။ စိတ်ဝိညာဉ် ထိခိုက်သွားသဖြင့် သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။
"အ..."
"ရှူး..."
လီကျိုးဇီ၏ စိတ်ထဲတွင် ပြင်းထန်စွာ နာကျင်နေပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။ အေးစက်သော လေကို ရှူသွင်းလိုက်ပြီး အံကြိတ်ကာ ဆက်လက် ထွက်ပြေး၏။ အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦး ဝင်ရောက် စွက်ဖက်နေသည့်အတွက် ဈေးကွက်ထဲတွင် ဆက်နေလျှင် သေလမ်းသာ ရှိပေမည်။ ဂိုဏ်းသို့ ပြန်လည် ထွက်ပြေးနိုင်မှသာ အသက်ရှင်နိုင်မည် ဖြစ်၏။
"ဘုရားရေ... ပြေးမှ ဖြစ်မယ်"
လီကျိုးဇီ ကြောက်လန့်တကြား ဖြစ်နေပြီး ဘာကိုမှ နှမြောမနေတော့ပေ။
နောက်တစ်ခဏတွင်...
"ရွှစ်..."
လီကျိုးဇီ၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အမြန်နှုန်း မြှင့်တင်သည့် အဆောင်များ၊ ကာကွယ်ရေး အဆောင်များ၊ လျှို့ဝှက် နည်းစနစ်များနှင့် ကိုယ်ဖော့ပညာများကို အကုန်ထုတ်သုံးလိုက်သည်။ သူ၏ အမြန်နှုန်းသည် မျက်စိတစ်မှိတ် အတွင်း နှစ်ဆ တိုးတက်သွား၏။
သို့သော် အပြာရောင် ချီ လှိုင်းကြီး တစ်ခု ဆင်းသက်လာသောအခါ...
လေဓားသွားများသည် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးကို ဖြတ်သန်း တိုက်ခတ်သွားလေတော့သည်။
ထို မှော်လေဓားသွားများသည် လီကျိုးဇီ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကြ၏။ ချက်ချင်းပင် အရည်အသွေးမြင့် ဒုတိယအဆင့် ကာကွယ်ရေး အဆောင်များ ပျက်စီးသွားပြီး၊ သူ၏ ထိပ်တန်း ကာကွယ်ရေး မှော်လက်နက်သည်လည်း စက္ကူရုပ်ကလေး တစ်ရုပ်အလား အလွယ်တကူ ကြေမွသွားလေတော့သည်။
နောက်ဆက်တွဲ ပါသွားသည်မှာ လီကျိုးဇီ၏ ခန္ဓာကိုယ်ပင် ဖြစ်ချေသည်။
"ဗွမ်း..."
အသားစများ လေထဲတွင် ပေါက်ကွဲထွက်သွားပြီး လေဓားသွားများ၏ မွှမွှကြေအောင် ခုတ်ဖြတ်မှုကို ခံလိုက်ရကာ သွေးမြူမှုန်များအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားလေတော့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့တော့၏။
ယွင်ကျန်းဂိုဏ်း စခန်းရှေ့ လမ်းမပေါ်တွင် ရပ်နေသော ထိုလူသည် မျက်စိရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေ၏။ ထို့နောက် သူ၏ အကြည့်သည် စခန်းဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြန်သည်။ အမြုတေဖွဲ့စည်းခြင်း အဆင့် ချီ များ အသက်ဝင်လာပြီး ကောင်းကင် တစ်ခုလုံး တောက်ပသော အပြာရောင် အလင်းတန်းများ လွှမ်းခြုံသွားကာ အဆုံးအစမဲ့ လေဓားသွားများ ဖြတ်သန်း တိုက်ခတ်သွားလေတော့သည်။
"အုန်း..."
မြေကြီး တုန်ခါသွား၏။
ရှေ့ရှိ ယွင်ကျန်းဂိုဏ်း စခန်း အဆောက်အဦးများနှင့် အတွင်းရှိ ကျန်ရစ်နေသော တပည့်များသည် လေဓားသွားများ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်တွင် အပိုင်းပိုင်း ပြတ်တောက်ကာ ပျက်စီးသွားကြလေတော့သည်။
သိုင်းကွက် တစ်ကွက်တည်းဖြင့် စခန်း အတွင်းရှိ သက်ရှိအားလုံး မျိုးတုန်းသွားခဲ့ပြီး မည်သူမျှ အသက်မရှင် ကျန်ရစ်ခဲ့ချေ။
ထိုအခိုက်အတန့်ဝယ်၊ ကမ္ဘာလောကကြီး တိတ်ဆိတ်သွား၏။
ထိုအရာများ အားလုံး ပြုလုပ်ပြီးနောက် သူသည် ဂရုမစိုက်သော အကြည့်ဖြင့် လှည့်ထွက်လိုက်ပြီး "ကောင်းကင်သိုင်းကျမ်း မျှော်စင်" ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်သိုင်းကျမ်း မျှော်စင် အတွင်းတွင်... အဆင့်နိမ့် ပထမအဆင့် ကာကွယ်ရေး အခင်းအကျင်းဖြင့် ကာကွယ်ထားသော အရောင်းခုံနောက်မှ အဘိုးအိုသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ ထိုလူ၏ အကြည့်သည် ကောင်းကင်သိုင်းကျမ်း မျှော်စင် အပေါ်သို့ ကျရောက်လာသောအခါ သူလည်း ပြန်လည် ကြည့်လိုက်သည်။