← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉) - ယွင်ရှန်းဈေး ပျက်စီးခြင်းနှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း (အပိုင်း ၃)

~အဝေးတစ်နေရာမှ... အပြင်ဘက်ရှိ လူသည် မျက်နှာ အနည်းငယ် သွေးရောင် ဖျော့သွားပြီး ကောင်းကင်သိုင်းကျမ်း မျှော်စင် ရှိရာဘက်သို့ ဦးညွှတ်လိုက်သည်။

သူသည် ရိုသေစွာဖြင့် အသံလွှဲ စကားပြောလိုက်သည်။

"စီနီယာ... ဒါက ကျွန်တော်တို့ ဖေးမိသားစုနဲ့ ယွင်ကျန်းဂိုဏ်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးပါခင်ဗျာ"

ကောင်းကင်သိုင်းကျမ်း မျှော်စင် အတွင်းရှိ အဘိုးအိုသည် မည်သို့မျှ ပြန်လည် တုံ့ပြန်ခြင်း မပြုပေ။

ကောင်းကင်သိုင်းကျမ်း မျှော်စင်နှင့် မသက်ဆိုင်လျှင် အပြင်ဘက်၌ ဖြစ်ပျက်နေသည်များကို သူတို့ အနေဖြင့် ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

ထိုအခါမှ အပြင်ဘက်ရှိ လူသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်မိ၏။

ကောင်းကင်သိုင်းကျမ်း မျှော်စင်က ဝင်မပါဘူး ဆိုရင်တော့ ကိစ္စမရှိပါဘူးလေ။

"ဝုန်း..."

ခဏအကြာတွင်...

အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးနှင့် စွမ်းအားကြီး ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ သတ်ဖြတ်မှုအောက်တွင် ယွင်ရှန်းဈေး တစ်ခုလုံး ကျိုးပျက် ပျက်စီးသွားလေတော့သည်။ ဈေးကွက်ထဲတွင် ကျန်ရှိနေသော ထောင်သောင်းချီသည့် ကျင့်ကြံသူ အားလုံး အသတ်ခံလိုက်ရပြီး လေထုထဲတွင် သွေးညှီနံ့များ လွှမ်းခြုံသွား၏။

ထို့အပြင် အပြင်ဘက်ရှိ ဝိညာဉ်သီးနှံများ အားလုံးကိုလည်း ဖေးမိသားစုမှ ဘုန်းကြီးများက ဖျက်ဆီးပစ်လိုက်ကြ၏။

ထိုလူများသည် ယွင်ရှန်းဈေးကို ဖျက်ဆီးပြီးနောက် ချက်ချင်းပင် ဆုတ်ခွာသွားကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားကြလေတော့သည်။

ယွင်ကျန်းဂိုဏ်း၊ ချင်ယွင် စင်မြင့်ထက်တွင်...

လော့ချန်ယွီနှင့် နတ်မိမယ် ဖုန်းလင်တို့၏ တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။ အဆုံးအစမဲ့ ဓားချီ များနှင့် မီးဖီးနစ်ငှက်ကြီးများသည် ဝေဟင်ယံတွင် ထိပ်တိုက် တွေ့ဆုံ တိုက်ခိုက်နေကြဆဲပင်။ မရေမတွက်နိုင်သော ဓားချီများ ကြေမွပျက်စီးကုန်သလို၊ ဖီးနစ်ငှက်များစွာလည်း အသတ်ခံနေရ၏။

သို့သော် သူတို့ ဆက်လက် မတိုက်ခိုက်နိုင်မီမှာပင်... လော့ချန်ယွီနှင့် နတ်မိမယ် ဖုန်းလင်တို့ နှစ်ဦးစလုံး၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ရပ်တန့်ကာ ယွင်ရှန်းဈေးဘက်သို့ လှမ်းကြည့်လိုက်ကြ၏။

ချင်ယွင် စင်မြင့်အောက်ရှိ စုယွီ၊ တာအိုဆရာ ရှုဟိုင်၊ ကျန်းပိုင်ယွီ၊ ဟွမ်ရှန်းယီ၊ အကြီးအကဲ ထျန်းဖူ၊ ရွှီဝမ်ရှန်းနှင့် အခြားသူများ၏ မျက်နှာများလည်း သွေးရောင် ဖျော့သွားကြ၏။

"အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးရဲ့ အရှိန်အဝါပဲ"

"သေစမ်း... တစ်ယောက်ယောက်က ယွင်ရှန်းဈေးကို ဝင်တိုက်နေပြီ"

တစ်နာရီခန့် ကြာမြင့်ပြီးနောက်...

ယွင်ကျန်းဂိုဏ်း တပည့်များ လုံခြုံရေး စစ်ဆေးပြီးသည့်နောက်... မျက်နှာဖုံးစွပ်ထားသော ရုပ်သေးကိုယ်ပွားနှင့် စုတင်းပန်းတို့ ယွင်ရှန်းဈေးသို့ ပြန်ရောက်လာကြ၏။ သူတို့သည် ပျ က်စီးနေသော စုမိသားစု၏ ဆေးဆိုင် ခန်းမဆောင် ရှေ့တွင် ယှဉ်တွဲ ရပ်နေကြသည်။

စုယွီ၏ မျက်နှာထားသည် ကောင်းမွန်ခြင်း မရှိလှပေ။ စုတင်းပန်းမှာမူ မျက်နှာ သွေးရောင် ဖျော့နေပြီး နဖူးပေါ်တွင် ချွေးစေးများ ပျံနေကာ ကပ်သီလေး အသက်ရှင် ကျန်ရစ်ခဲ့သည့် ခံစားချက်မျိုး ဖြစ်ပေါ်နေ၏။

သူ ကံကောင်းလို့ တတိယ ဘိုးဘေးကြီးနဲ့အတူ ယွင်ကျန်းဂိုဏ်းကို လိုက်သွားခဲ့လို့သာပေါ့... မဟုတ်ရင်...

စုတင်းပန်း အသက်ရှင်ခဲ့သော်လည်း... ဆေးဆိုင် ခန်းမဆောင်တွင် ကျန်ရစ်ခဲ့သော စုမိသားစုဝင်များနှင့် တပည့်များမှာမူ အသက်ရှင်ခွင့် မရလိုက်ကြချေ။

စုယွီ တီးတိုး.. ရေရွတ်လိုက်သည်။ "ဖီးနစ် သက်ဆင်း စီရင်စု ... ဖေးမိသားစု..."

ထိုလူများသည် ယွင်ရှန်းဈေးကို ဖျက်ဆီးပြီးနောက် သတင်းစကား တစ်ခု ချန်ထားခဲ့ကြ၏။ လော့ချန်ယွီသည် ဖီးနစ်နန်းတော် အပျက်အစီးနယ်မြေတွင် သူတို့၏ ဖေးမိသားစု ပါရမီရှင်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ထိုပါရမီရှင်သည် ဖေးမိသားစု၏ အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ သားဖြစ်ကြောင်း၊ ဤလက်စားချေမှုသည် အစပျိုးရုံသာ ရှိသေးကြောင်း ရေးသားထား၏။

ယွင်ကျန်းဂိုဏ်း မပျက်စီးမချင်း ဖေးမိသားစု ရပ်တန့်မည် မဟုတ်ဟုလည်း ခြိမ်းခြောက်ထား၏။

ဒါပေမဲ့...

မင်းတို့ ဖေးမိသားစုက လက်စားချေချင်ရင်လည်း ချေလေ... ဘာလို့ ငါ့ စုမိသားစုက လူတွေကို သတ်ရတာလဲ။

ပြီးတော့...

မူလက ဖီးနစ် သက်ဆင်း စီရင်စု၏ အဓိက အင်အားစု "သွေးဖီးနစ် အင်မော်တယ် ဂိုဏ်း" နှင့် တာ့ယွဲ့စီရင်စု၏ "တာ့ယွဲ့နန်းတော်" တို့ သဘောတူညီထားသည်မှာ... နှစ်ဖက်စလုံးမှ ပါရမီရှင်များ ဖီးနစ်နန်းတော် အပျက်အစီးနယ်မြေသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး၊ အတွင်းတွင် ဖြစ်ပျက်သမျှ အားလုံးသည် ကံတရားအတိုင်းသာ ဖြစ်စေရမည်။ ပြန်ထွက်လာပြီးနောက် လက်စားချေခြင်း မပြုရဟု သတ်မှတ်ထားသည် မဟုတ်ပါလော။

ပါရမီရှင်များ အချင်းချင်း တိုက်ခိုက်မိပြီးနောက် အခြေအနေများ ပိုမို ဆိုးရွားလာကာ နှစ်ဖက် အင်အားစုများ စစ်ဖြစ်မည့် အရေးကို တားဆီးရန်အတွက် ဖြစ်၏။

သို့သော် ယခုအခါ... ဖီးနစ်နန်းတော် အပျက်အစီးနယ်မြေတွင် လော့ချန်ယွီ၏ လက်ချက်ဖြင့် သေဆုံးသွားသော ဖီးနစ် သက်ဆင်း စီရင်စုမှ ပါရမီရှင်၏ နောက်ခံ အင်အားစုများသည်... စီရင်စုနှစ်ခုကို ဖြတ်ကျော်ပြီး တာ့ယွဲ့စီရင်စုသို့ လာရောက် လက်စားချေနေကြချေပြီ။

ဒါ ဘာသဘောလဲ...။

"ဟူး..."

စုယွီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စုတင်းပန်းကို ပြောလိုက်သည်။

"ငါတို့ မိသားစုဝင်တွေရဲ့ အလောင်းတွေကို ရှင်းလင်းပြီး... ပြန်သယ်သွား သင်္ဂြိုဟ်ကြရအောင်"

ထိုစကားကို ကြားသော် စုတင်းပန်း၏ မျက်လုံးများ ချက်ချင်း နီရဲလာတော့သည်။ ဆေးဆိုင် ခန်းမဆောင်တွင် ရှိနေခဲ့သော မိသားစုဝင်များကို တွေးမိပြီး အသံများ တုန်ယင်လာတော့သည်။

"ဟုတ်... ဟုတ်ကဲ့... တတိယ ဘိုးဘေးကြီး"

"တတိယ ဘိုးဘေးကြီး... ကျွန်တော် ဒီဆေးဆိုင် ခန်းမဆောင်ကို ရောက်နေတာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်... ဒါပေမဲ့... ဒါပေမဲ့..."

သူ ငိုကြွေးလိုက်မိ၏။

စုတင်းပန်းသည် မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် စုမိသားစု၏ ဆေးဆိုင် ခန်းမဆောင် အပျက်အစီးများကြားသို့ လျှောက်သွားလိုက်သည်။ ကျိုးပဲ့နေသော သစ်သားများနှင့် အုတ်ခဲများကို တူးဖော်လိုက်သောအခါ... အောက်တွင် သွေးများဖြင့် ရဲရဲနီနေသော ဆံပင်ဖြူ အဘိုးအို တစ်ဦးကို တွေ့လိုက်ရ၏။ ချွန်ထက်သော လက်နက်တစ်ခုဖြင့် နှလုံးကို ထိုးဖောက်ခံထားရပုံ ရ၏။

သေဆုံးသွားချိန်ထိ သူ၏ မျက်လုံးများ ပြူးကျယ်နေဆဲပင်။

"အဘိုး ကွမ်ထို ... ကျွန်တော် အဘိုးရဲ့ အလောင်းကို လာကောက်တာပါ... စိတ်မပူပါနဲ့... အဘိုးရဲ့ မြေးမလေး ရှောင်ချိုင်ကို ကျွန်တော် သေချာ စောင့်ရှောက်ပေးပါ့မယ် ခင်ဗျာ... ငြိမ်းချမ်းစွာ အနားယူပါတော့"

စုတင်းပန်းသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း အဘိုးအို၏ မျက်လုံးများကို ပိတ်ပေးလိုက်ပြီး ရုပ်အလောင်းကို သပ်ရပ်အောင် ပြုပြင်ကာ ချန်ကွန်းအိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် အပျက်အစီးများကြားသို့ ဆက်လက် လျှောက်လှမ်းသွားရာ နောက်ထပ် မိသားစုဝင် တစ်ဦး၏ အလောင်းကို တွေ့ရှိလိုက်ရပြန်သည်။

ဤလူသည် အလွန် ငယ်ရွယ်သေးပြီး ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော်လည်း၊ ယခုအခါ ခေါင်းပြတ်နေပြီး ခန္ဓာကိုယ်သာ ကျန်ရစ်တော့သည်။

"အား... ဇီပင်း ..."

စုတင်းပန်းသည် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် အော်ဟစ်လိုက်ပြီး မြေကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ခဏအကြာတွင် စုတင်းပန်း အသက်ရှူမှန်သွားပြီး မျက်ရည်များဖြင့် ဇီပင်း၏ အလောင်းကို သိမ်းဆည်းလိုက်သည်။

ဒါ သူ့ရဲ့ တပည့်လေးလေ။

ဆေးဆိုင် ခန်းမဆောင်က အလုပ်သင်လေး တစ်ယောက်သာ ဖြစ်ပေမယ့်... သူ့တပည့်ပဲ မဟုတ်ပါလော။

စုတင်းပန်းသည် ရင်းနှီးကျွမ်းဝင်သော မိသားစုဝင်များ၏ အလောင်းများကို တစ်လောင်းပြီး တစ်လောင်း တူးဖော် သိမ်းဆည်းလိုက်သည်။

နောက်ဆုံးတွင် မျက်လုံးများ နီရဲလျက် စုယွီထံသို့ ပြန်ရောက်လာပြီး ဝမ်းနည်းပက်လက် အသံဖြင့် ခေါ်လိုက်သည်။

"တတိယ ဘိုးဘေးကြီး..."

စုယွီသည် မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် တိုက်တွန်းလိုက်သည်။

"မင်း မိသားစုဆီ အရင်ပြန်နှင့်တော့... ပြီးတော့ ဂရုစိုက်ပါ"

စုတင်းပန်းသည် အားနည်းလွန်းလှသည်။ ချီစွမ်းအင် စုစည်းခြင်း (၈) ဆင့်မြောက်သာ ရှိသေးသူ ဖြစ်၏။ ဤအခြေအနေတွင် သူ ဘာမှ လုပ်နိုင်စွမ်း မရှိချေ။

စုယွီသည် စုတင်းပန်းကို ပြန်လွှတ်လိုက်ပြီးနောက် ယွင်ရှန်းဈေးရှိ ယွင်ကျန်းဂိုဏ်း စခန်းဆီသို့ ပျံသန်းသွားလိုက်သည်။ ထိုနေရာတွင် တာအိုဆရာ ရှုဟိုင်၊ လော့ချန်ကုန်းနှင့် အခြားသူများက ထိုနေရာမှာ စောင့်ဆိုင်းနေကြ၏။ ယွင်ကျန်းဂိုဏ်းချုပ်၊ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့သည် ပျက်စီးနေသော စခန်းကို အုံ့မှိုင်းသော မျက်နှာထားများဖြင့် ကြည့်ရှုနေကြ၏။

တာအိုဆရာ ရှုဟိုင်၏ ဘေးသို့ ရောက်သောအခါ စုယွီက အသံနိမ့်ဖြင့် မေးလိုက်သည်။

"တာ့ယွဲ့နန်းတော်က ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ"

ထိုအခါ၊ တာအိုဆရာ ရှုဟိုင် ခေတ္တမျှ စဉ်းစားပြီးနောက် တွန့်ဆုတ်စွာ ဖြေကြားလိုက်သည်။

"ကျွန်တော် ဂိုဏ်းကို သတင်းပို့လိုက်ပါ့မယ်... ဒါပေမဲ့ သူတို့ ဘာလုပ်မလဲ ဆိုတာတော့ ပြောရခက်တယ်"

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

"ဖီးနစ်နန်းတော် အပျက်အစီးနယ်မြေထဲမှာ အခွင့်အရေး လုရင်း သေသွားတဲ့ ဖေးမိသားစု ပါရမီရှင် အတွက်နဲ့... သူတို့က စီရင်စုနှစ်ခုကို ဖြတ်ကျော်ပြီး လာရောက် လက်စားချေကြတာလေ... ပြီးတော့ ကျွန်တော်တို့ တာ့ယွဲ့စီရင်စုက ကျင့်ကြံသူတွေ အများကြီးကိုပါ သတ်ဖြတ်သွားကြတာ... ဒါ မသင့်တော်ဘူး မဟုတ်လား”

အခန်း (၂၀၀) - ယွင်ရှန်းဈေး ပျက်စီးခြင်းနှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း (အပိုင်း ၄)

~"ဒါကြောင့် ကျွန်တော် ဂိုဏ်းကို သတင်းပို့လိုက်ပါ့မယ်"

တာအိုဆရာ ရှုဟိုင် က ဆက်လက် ပြောဆို၏။

"ဒါပေမဲ့ ခင်ဗျား သိထားသင့်တာက... ဒီကိစ္စက တခြား စီရင်စုတစ်ခုက အမြုတေဖွဲ့စည်းခြင်း အင်အားစုတွေ ပါဝင်ပတ်သက်နေတာလေ... ပြီးတော့ ဖေးမိသားစုက အခုလောလောဆယ် ယွင်ကျန်းဂိုဏ်းကိုပဲ ပစ်မှတ်ထားနေတာ... ဒါကြောင့် ဒီကိစ္စက သိပ်မရိုးရှင်းဘူးဗျ"

တာအိုဆရာ ရှုဟိုင်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ စုယွီ ရင်ထဲတွင် လေးလံသော သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိ၏။

'ဟူး...'

ကြည့်ရတာ တာ့ယွဲ့နန်းတော် ကို အားကိုး၍ မရနိုင်တော့သည်မှာ ထင်ရှားလှပေသည်။ မူလက စုယွီ မျှော်လင့်ထားသည်မှာ တာ့ယွဲ့နန်းတော် အနေဖြင့် တာ့ယွဲ့စီရင်စု အတွင်းရှိ အင်အားစုများ အားလုံးကို စုစည်းပြီး ဖေးမိသားစုကို ထိန်းချုပ်ပေးလိမ့်မည် ဟူ၍ ဖြစ်၏။

သို့သော် ယခုအခါတွင်မူ တာ့ယွဲ့နန်းတော်သည် သူထင်ထားသလောက် မြင့်မြတ်မနေကြောင်း ထင်ရှားသွားခဲ့တော့၏။

သူတို့သည် တာ့ယွဲ့စီရင်စု အတွင်းရှိ အခြား အင်အားစုများ ဒုက္ခရောက်နေခြင်းကို သိပ်ဂရုစိုက်ပုံ မရချေ။ သူတို့၏ ဂုဏ်သိက္ခာကို ထိပါးခံရခြင်း ရှိမရှိ ဆိုသည့် အချက်ကိုသာ အဓိကထား စိတ်ဝင်စားပုံ ရ၏။

တာအိုဆရာ ရှုဟိုင်သည် ယွင်ရှန်းဈေးတွင် နေ့ဝက်ခန့် နေထိုင်ပြီးနောက် မိစ္ဆာလိပ်နှင့်အတူ ပြန်လည် ထွက်ခွာသွားလေတော့သည်။ သူ ဂိုဏ်းကို အမှန်တကယ် သတင်းပို့ပါလိမ့်မည်။ သို့သော် သူ အမှန်အတိုင်း ပြောပြသွားခြင်း ဖြစ်၏။ တာ့ယွဲ့နန်းတော် ဝင်ရောက် စွက်ဖက်မည့် မျှော်လင့်ချက်မှာ အလွန် နည်းပါးလှပေသည်။

တာ့ယွဲ့နန်းတော် ဆိုသည်မှာ ယွင်ကျန်းဂိုဏ်း၏ ဖခင် မဟုတ်ချေ။ သူတို့နှင့် မသက်ဆိုင်လျှင် သဘာဝကျကျပင် ဝင်ရောက် စွက်ဖက်လိုခြင်း မရှိကြပေ။

မည်သို့ပင်ဆိုစေကာမူ အမြုတေဖွဲ့စည်းခြင်း အဆင့် အင်အားစု တစ်ခုနှင့် ရင်ဆိုင်ရခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ အကြီးအကဲ ထျန်းဖူ၊ နတ်မိမယ် ဖုန်းလင်၊ ရွှီဝမ်ရှန်းနှင့် အခြားသူများသည်လည်း ယွင်ရှန်းဈေး ဖြစ်စဉ် ဖြစ်ပွားပြီးသည်နှင့် ရောက်ရှိလာကြ၏။ တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် ပျံသန်းရေး လှေပေါ်တက်ကာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ တန်းမတ်စွာ ပြန်သွားကြ၏။

သူတို့သည်လည်း ဝင်ရောက် ပါဝင်မည့်ပုံ မပေါ်ချေ။

ယွင်ကျန်းဂိုဏ်း ဒုက္ခရောက်ခြင်း၊ ဖုန်းလော့ စီရင်စုမှ အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ ပစ်မှတ်ထားခံရခြင်းတို့သည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်အတွက် ကြီးမားသော အခွင့်အရေး တစ်ရပ်ပင် ဖြစ်၏။

ယွင်ကျန်းဂိုဏ်းသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့သောကြောင့် သူတို့၏ အုတ်မြစ် မည်မျှ ခိုင်မာသည်ကို မသိနိုင်ချေ။ တော်ရုံတန်ရုံတော့ တောင့်ခံနိုင်လိမ့်မည်ဟု ယူဆရသည်။

အကယ်၍ ဖေးမိသားစုကသာ ယွင်ကျန်းဂိုဏ်းကို အကြီးအကျယ် ထိခိုက်အောင် ပြုလုပ်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေမည်။

ထိုအချိန်ကျမှ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က သေချာပေါက် ဝင်ရောက် စွက်ဖက်ပေလိမ့်မည်။

ယွင်ကျန်းဂိုဏ်း ပြိုလဲသွားလျှင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သည် အကျိုးအမြတ် အများအပြား ရရှိမည် မဟုတ်ပါလော။

လောကကြီးသည် ဤမျှလောက်ပင် လက်တွေ့ဆန်လှပါတကား။

စုယွီသည် ယွင်ရှန်းဈေးတွင် နေ့ဝက်ခန့် နေထိုင်ခဲ့သော်လည်း ယွင်ကျန်းဂိုဏ်းမှ လူများ ဖေးမိသားစုကို လိုက်လံရှာဖွေသည်ကို မတွေ့ရချေ။ ယွင်ရှန်းဈေးမှ လူများပင်လျှင် ဆုတ်ခွာပြီး ယွင်ကျန်းဂိုဏ်း အတွင်းသို့ ပြန်ဝင်ကုန်ကြတော့၏။

ထိုအခြေအနေကို မြင်တွေ့ရသောအခါ စုယွီသည်လည်း ဤနေရာမှ ထွက်ခွာပြီး မိသားစု၏ ဆေးလုံးတောင်သို့ ပြန်လာခဲ့လိုက်သည်။

*

ဆေးလုံးတောင်... ပေထောင်ချီ နက်ရှိုင်းသော မြေအောက်ထဲတွင်... တတိယအဆင့် ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်းကြီးဖြင့် ဖုံးလွှမ်းထားသော ရေခဲနှင့် မီး ဂူစံအိမ်...

စုယွီသည် တင်ပျဉ်ခွေ ထိုင်ပြီး တရားမှတ်နေ၏။ နေ့စဉ် ကျင့်ကြံမှု ပြီးဆုံးသွားသောအခါ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ မျက်ဝန်းထဲမှ အရောင်များသည် တည်ငြိမ်နေ၏။

"ဟူး..."

ယခင်ကဆိုလျှင် ကျင့်ကြံပြီးတိုင်း စိတ်လက်ပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းမွန်နေတတ်သည်။

သို့သော် ယနေ့တွင်မူ စုယွီ၏ ရင်ထဲတွင် လေးလံသော ခံစားမှုကြီး တစ်ခု ရှိနေ၏။

"သူများကို အားကိုးတာက ဘယ်တော့မှ စိတ်မချရပါလား"

စုယွီ ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်မိ၏။ အကယ်၍သာ သူ့တွင် စွမ်းအား ရှိခဲ့လျှင်... ဖုန်းလော့ စီရင်စုမှ ဖေးမိသားစုသည် သူ၏ စုမိသားစု ဆေးဆိုင် ခန်းမဆောင်ကို လာရောက်တိုက်ခိုက်ပြီး မိသားစုဝင်များကို သတ်ဖြတ်သွားသည့် အတွက် အဆပေါင်း တစ်ထောင်မက ပြန်လည် ပေးဆပ်ခိုင်းလိုက်မည် ဖြစ်၏။

သို့သော် ဖေးမိသားစု ဆိုသည်မှာ ဖုန်းလော့ စီရင်စုမှ အားကောင်းမောင်းသန် ကျင့်ကြံသူ မိသားစုကြီး ဖြစ်၏။ အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦးပင် ရှိနေ၏။

သူတို့၏ အင်အား အတိအကျကိုလည်း မသိရှိရသေးပေ။

ယခင်ကဆိုလျှင် ဖုန်းလော့ စီရင်စုတွင် မည်သို့သော မိသားစုများ ရှိသည်ကိုပင် သူ မသိရှိခဲ့ချေ။

ဤမျှ ကြီးမားသော အင်အားစုကို သူ၏ လက်ရှိ အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်မျှဖြင့် ယှဉ်ပြိုင်ရန် ဆိုသည်မှာ... ကိုယ့်ကိုယ်ကို ဘယ်လောက်ပင် အထင်ကြီးကြီး မဖြစ်နိုင်ဘူး ဆိုတာ သူ ကောင်းစွာ သိရှိ၏။

သူသည် ရင်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ရုပ်သေးကိုယ်ပွားသည် ယွင်ကျန်းဂိုဏ်းမှ ပြန်လာနေပြီ ဖြစ်၏။ ဖေးမိသားစု ပေါ်ပေါက်လာသည့် အတွက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် ယွင်ကျန်းဂိုဏ်း ကိစ္စသည် ခေတ္တ ရပ်တန့်သွားခဲ့ပြီ။ သို့သော် ယွင်ရှန်းဈေး ပျက်စီးသွားသည့်အတွက် ယွင်ကျန်းဂိုဏ်း အနေဖြင့် ရှေ့လျှောက် အခက်အခဲများနှင့် ရင်ဆိုင်ရတော့မည်မှာ သေချာလှသည်။

အခြား အင်အားစုများက ဝင်ရောက် ပါဝင်ပြီး ယွင်ကျန်းဂိုဏ်းနှင့် ပူးပေါင်းကာ ဖေးမိသားစုကို ထောင်ချောက်ဆင် ဖမ်းဆီးခြင်း သို့မဟုတ် မောင်းထုတ်ခြင်းများ မပြုလုပ်မချင်း ဖြစ်၏။

သို့မဟုတ်ပါက ဖေးမိသားစု၏ ရက်စက်မှုကို ကြည့်ခြင်းအားဖြင့်... ယွင်ရှန်းဈေးကို ဖျက်ဆီးခြင်းသည် အစပျိုးရုံသာ ရှိဦးမည် ဖြစ်၏။

"ဆက်ပြီး ကျင့်ကြံရမယ်... အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး... အဆင့်နိမ့် မှော်ရတနာ ရေခဲမီးပုလဲရဲ့ စွမ်းအားရယ်၊ ဒီ တတိယအဆင့် နှစ်ထပ် ဂူစံအိမ်ရဲ့ သဘာဝ ဝိညာဉ်စွမ်းအင် အရင်းအမြစ်တွေရယ် ပေါင်းလိုက်ရင်... အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်အထိ ဝိညာဉ်စွမ်းအင် မလုံလောက်မှာကို ပူပန်စရာမလိုဘဲ တက်လှမ်းနိုင်မှာပါ"

"ပြီးတော့ ဒုတိယအဆင့် အထွတ်အထိပ် ဆေးပညာ ကို မြှင့်တင်ရမယ်... ဒုတိယအဆင့် အထွတ်အထိပ် ဆေးပညာရှင် ဖြစ်အောင် လုပ်ရမယ်... လက်ရှစ်ချောင်း က နှံကောင် ရုပ်သေးကို ဖန်တီးရမယ်... ဒုတိယအဆင့် အထွတ်အထိပ် အဆောင် အမျိုးမျိုးရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ရမယ်..."

စုယွီ ခံစားလိုက်ရသည်။ သူ၏ ရှေ့ဆက်ရမည့် အချိန်များသည် အစီအစဉ်များဖြင့် ပြည့်ကျပ်နေချေပြီ။

မြေကမ္ဘာသစ်သား ကျင့်စဉ် နှင့် ရေခဲမီး ကျင့်စဉ် များကိုလည်း ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်အောင် လုပ်ဆောင်ရဦးမည်။

ထို့အပြင် ဓာတ်ကြီးငါးပါး ပေါင်းစပ်ခြင်း၏ နက်နဲသော လျှို့ဝှက်ချက်များကိုလည်း လေ့လာရဦးမည် ဖြစ်၏။

အခြား အရာများကို တွေးပူနေရန် သူ့တွင် အချိန်မရှိတော့ချေ။

"ဖေးမိသားစုရဲ့ ဖိအားပေးမှုကြောင့် ယွင်ကျန်းဂိုဏ်း အတွင်းက ပဋိပက္ခတွေ ခဏလောက် ငြိမ်သက်သွားပါစေလို့ ဆုတောင်းပါတယ်"

ထိုအတွေးသည် စုယွီ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာတော့သည်။ ထို့နောက် "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို အသုံးပြုပြီး အတွေးများ အားလုံးကို ဖိနှိပ်လိုက်သည်။

သူသည် တစ်ဖက်ရှိ ကျောက်စိမ်းခုံမြင့်ဆီသို့ လျှောက်လှမ်းသွားပြီး ဒုတိယအဆင့် အထွတ်အထိပ် အဆောင်များကို ဆက်လက် ရေးဆွဲလိုက်သည်။

"သစ်သားဝိညာဉ် နတ်ဘုရားဝါးမြိုအဆောင်" နောက်ထပ် (၁၀၀)၊ (၂၀၀) ခန့် ရေးဆွဲရန် စိတ်ကူးထား၏။

ပြီးလျှင် ကျန်ရှိသော ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကုန်ကြမ်းများကို အသုံးပြုပြီး အခြား အဆောင်များကို လေ့ကျင့်ရပေမည်။

"ဒုတိယအဆင့် အထွတ်အထိပ် အဆောင် အမွေအနှစ်ထဲမှာ ထူးခြားတဲ့ ထိပ်တန်း အဆောင်နှစ်မျိုး ပါတယ်... တစ်ခုက 'မိုးကြိုး ကိုယ်ဖော့အဆောင်' တဲ့... တစ်ချပ်သုံးလိုက်တာနဲ့ မျက်စိတစ်မှိတ် အတွင်း မိုင် (၁၀၀) လောက် ထွက်ပြေးနိုင်တယ်... ထွက်ပြေးဖို့အတွက် အကောင်းဆုံး ရတနာပဲ"

"နောက်တစ်ခုက 'အင်မော်တယ် လက်ညှိုးအဆောင်' ... လက်ညှိုးတစ်ချောင်း ညွှန်လိုက်တာနဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေ ထွက်ပေါ်လာမယ်... တတိယအဆင့် အနိမ့်စား အဆောင်နဲ့တောင် ညီမျှတယ်... သာမန် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူ ဆိုရင် မသေတောင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ်"

"ဒါပေမဲ့ ဒီအဆောင်နှစ်မျိုးအတွက် ကုန်ကြမ်းတွေက နည်းနည်း ထူးခြားနေတယ်... သီးသန့် ရှာမှ ရမယ်"

စုယွီ စေ့စေ့ငုငု.. တွေးတောနေမိ၏။

မိုးကြိုးစွမ်းအင်ကို ထိန်းချုပ်နိုင်သော ဒုတိယအဆင့် အထွတ်အထိပ် သားရေ နှင့် ရွှေစွမ်းအင်ကို ထိန်းချုပ်နိုင်သော ဒုတိယအဆင့် အထွတ်အထိပ် သားရေ... ဤနှစ်မျိုး လိုအပ်၏။ ဤပစ္စည်းများဖြင့်မှသာ အဆိုပါ အဆောင်နှစ်မျိုး ရေးဆွဲရန် သင့်တော်သော စက္ကူ ပြုလုပ်နိုင်မည် ဖြစ်၏။

ဒါတွေက အရမ်း ရှားပါးပြီး အထူးတလည် ရှာဖွေမှ ရနိုင်မယ့် ပစ္စည်းတွေပင်။

"အချိန်ရရင် ကောင်းကင် အပျက်အစီးခန်းမက တာအိုရောင်းရင်း ရှုယွီကို အကူအညီတောင်းပြီး ရှာခိုင်းကြည့်ရမယ်"

အခန်း (၂၀၁) - ယွင်ရှန်းဈေးကွက် ပျက်စီးခြင်းနှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း

~အချိန်ကာလဟူသည် လျင်မြန်စွာ ကုန်ဆုံးလွယ်လှ၏။

ရက်အနည်းငယ် ကြာပြီးနောက်...

စုတင်းပန်း သည် ယွင်ရှန်းဈေးကွက် မှ ဆေးလုံးတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လမ်းခရီးတစ်လျှောက်လုံးတွင် ရုပ်သေးသခင်၏ ကိုယ်ပွားက သူ့နောက်မှ တိတ်တဆိတ် လိုက်ပါကာ အကာအကွယ် ပေးခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင်...

ယွင်ရှန်းဈေးကွက်ကြီး ပျက်စီးသွားပြီဟူသော သတင်းဆိုးသည် ယွင်ကျန်းဂိုဏ်း၏ နယ်မြေတစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့လေ၏။ ရေတွက်၍ မရနိုင်သော ကျင့်ကြံသူများသည် ဤသတင်းကြောင့် တုန်လှုပ်ခြောက်ခြား သွားကြရသလို၊ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ မိသားစုများနှင့် ဂိုဏ်းခွဲများသည်လည်း တရားခံကို သိလိုက်ရသောအခါ ကြောက်ရွံ့ထိတ်လန့်သွားကြရသည်။

တိုက်ခိုက်သူမှာ သူတို့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သော ပိုင်ယွဲ့ အင်မော်တယ် မြို့တော် မဟုတ်ဘဲ၊ ပြင်ပမှ ဝင်ရောက်လာသော အင်အားစု တစ်ခု ဖြစ်နေသောကြောင့်ပင်။ ထိုအင်အားစုကား ဝေးလံသီခေါင်သော ဖုန်းလော့နယ်မြေ မှ လာရောက်သည့် အမြုတေဖွဲ့စည်းခြင်း အဆင့် ရှိသော မိသားစုကြီး တစ်ခု ဖြစ်သည့် ဖေးမိသားစု ပင် ဖြစ်လေ၏။

ကျင့်ကြံသူ မိသားစုကြီးတစ်ခုက ဤမျှ ဝေးကွာသော အရပ်ဒေသမှ လာရောက်ပြီး ယွင်ကျန်းဂိုဏ်းကို တိုက်ခိုက်သည်တဲ့လား။

စုမိသားစုသည်လည်း အခြားသူများနည်းတူ အံ့သြထိတ်လန့်ကာ ဒေါသထွက်ခဲ့ရသည်။ ယွင်ရှန်းဈေးကွက်ကြီးကို ဖေးမိသားစုက မြေလှန်ဖျက်ဆီးလိုက်ခြင်းသည် သူတို့မိသားစု၏ ဆေးခန်းမဆောင်ကြီး ပျက်စီးသွားခြင်းနှင့် အတူတူပင် ဖြစ်၏။ ထို့အပြင် ထိုနေရာတွင် ရှိနေသော သူတို့၏ မိသားစုဝင် အများအပြားလည်း အသက်ဆုံးရှုံးခဲ့ရသည်။ ဤကဲ့သို့သော သွေးကြွေးမျိုးကို စုမိသားစု အနေဖြင့် မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။

သို့သော် တစ်ဖက်လူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် တစ်ပါး ဦးဆောင်သော ကျင့်ကြံသူ မိသားစုကြီးတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် နောက်ဆုံးတွင်တော့ စုမိသားစုဝင်များသည် သူတို့၏ ရင်ထဲမှ ပြင်းထန်သော နာကျည်းမှုနှင့် ဒေါသများကို အံကိုခဲ၍ ပြန်မျိုချလိုက်ကြရရှာသည်။

သေဆုံးသွားသူများကို မြေချသင်္ဂြိုဟ်ပြီးနောက်၊ စုယွီ သည် မိသားစုဝင်များကို ကြည့်ကာ ပြောလိုက်သည်။

"ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြ... ကျန်တဲ့ကိစ္စတွေ မေ့ထားလိုက်... မှတ်ထားပါ... အသက်ရှင်နေသရွေ့ အခွင့်အရေးဆိုတာ ရှိလာမှာပါ... အခုလက်ရှိ အခြေအနေမှာ မတတ်နိုင်သေးရင်တောင် နောက်ထပ် နှစ်တစ်ရာလောက် ကြာတဲ့အခါ လက်စားချေနိုင်မှာပါ..."

"မင်းတို့ ကိုယ်တိုင် မလုပ်နိုင်ရင်တောင်၊ အိမ်ထောင်တွေ များများပြု၊ ကလေးတွေ များများမွေးပြီး ကိုယ့်ရဲ့ မျိုးဆက်သစ်တွေကို ဒီတာဝန် လွှဲပေးလိုက်ကြ..."

နောက်တစ်နေ့တွင် စုယွီသည် မိသားစုဝင် အချို့ကို တာ့ယွဲ့ မှောင်ခိုဈေးကွက် သို့ စေလွှတ်လိုက်ပြီး၊ တာအိုဆရာ ရှုယွီ ထံသို့ သတင်းစကား ပါးလိုက်သည်။ ကုန်ကြမ်းပစ္စည်းများ ရှာဖွေရာတွင် သူ့ကို ကူညီပေးရန် အကူအညီတောင်းခံခိုင်းလိုက်ခြင်းပင်။

ထိုသို့ဖြင့် နောက်ထပ် တစ်လ ကုန်လွန်သွားပြန်၏။

နေလမင်း ကျွန်း ၊ ရေခဲနှင့် မီး ဓာတ်နှစ်ပါး ကျင့်ကြံရာ တတိယအဆင့် ဂူစံအိမ် အတွင်း...။

"ဂါး..."

မြေကမ္ဘာ မီးလျှံ မျောက်ဝံ ၏ ဟိန်းဟောက်သံကြီးနှင့်အတူ၊ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စတင် ခံစားနေရသည်။ (၁၅) မီတာခန့် မြင့်မားသော ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ဒုတိယအဆင့် အထက်တန်းစား သားရဲ ၏ အဆင့်တက် အဟန့်အတားကို ချိုးဖျက်လိုက်သည့် ခဏ၌ပင် ပြိုကျမတတ် ဖြစ်သွားလေ၏။

ဂျွတ်... ဂျွတ်... ဂျွတ်...

အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်၊ မြေကမ္ဘာ မီးလျှံ မျောက်ဝံသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ လက်မောင်းကြီးများဖြင့် ရင်ဘတ်ကို တဗုန်းဗုန်း ထုရိုက်နေသည်။

နောက်တစ်ခဏတွင် နာကျင်မှုကို ဆက်လက် သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကာ ဗီဇစိတ်အရ ခန္ဓာကိုယ်ကို ကွေးကွေးလေး လုပ်ထားလိုက်မိသည်။

နာကျင်လိုက်တာ... ခံစားရ ခက်လိုက်တာ...

အနီရောင် အမွေးအမျှင်များသည် မိစ္ဆာခန္ဓာကိုယ်ပေါ်မှ စတင် ကျွတ်ထွက်လာပြီး၊ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာလည်း စတင် ကျုံ့ဝင်သွားသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်များကမူ ပိုမို အားကောင်းလာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုစွမ်းအင်များသည် တတိယအဆင့် ဂူစံအိမ်၏ အကာအကွယ် အခင်းအကျင်းကိုပင် ဆက်တိုက် ရိုက်ခတ်နေလေ၏။

စုယွီသည် မြေပြင်ပေါ်တွင် ကွေးနေသော မျောက်ဝံ၏ ဘေးနားသို့ ရွှေ့သွားလိုက်ပြီး၊ ၎င်း၏ ကျောကုန်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ ထို့နောက် နတ်ဘုရားသစ်သား ချီစွမ်းအင်များကို လွှတ်ထုတ်ကာ မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။

ဤနည်းအားဖြင့်...

အဆင့်တက်ခြင်း ဖြစ်စဉ်သည် နာရီဝက်ခန့် ကြာမြင့်သွားခဲ့သည်။ ထိုအချိန်ရောက်မှသာ မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ ခန္ဓာကိုယ် ပြောင်းလဲမှု ပြီးဆုံးသွားလေ၏။

အနီရောင် အမွေးအမျှင်များ အားလုံး ကျွတ်ထွက်သွားခဲ့ပြီ။

ယခင်က (၁၅) မီတာခန့် ရှိသော မိစ္ဆာခန္ဓာကိုယ်ကြီးသည် ယခုအခါ (၉) မီတာခန့်သာ ကျန်တော့သည်။ လက်မောင်းနှင့် ရင်ဘတ်ပေါ်ရှိ ကြွက်သားများသည် သံမဏိများအလား ကျစ်လျစ်တင်းရင်းနေပြီး၊ သတ္တုရောင် တောက်နေသော ရွှေရောင်အလင်းများ ဖြာထွက်နေသည်။

မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ စွမ်းအင်သည် ဒုတိယအဆင့် အလယ်အလတ် အထွတ်အထိပ်မှ ဒုတိယအဆင့် အထက်တန်းစား သို့ အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။

ဂူစံအိမ်၏ အစွန်းတစ်ဖက်တွင်...

တစ်ပေခန့် အရွယ်အစားအထိ ကျုံ့ထားသော အမွှေးနက် သိမ်းငှက် သည် အသီးမရှိသော ဝိညာဉ်သစ်သီးပင်၏ အကိုင်းအခက်တစ်ခုပေါ်တွင် နားနေသည်။ ၎င်း၏ အေးစက်သော မျက်လုံးများဖြင့် မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ အဆင့်တက် ပြောင်းလဲမှုကို စောင့်ကြည့်နေခဲ့သည်။ မျောက်ဝံကြီး အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါမှ သက်ပြင်းချနိုင်တော့သည့်အလား ဝမ်းသာအားရ အော်မြည်သံလေး ပြုလိုက်လေ၏။

မြေကမ္ဘာ မီးလျှံ မျောက်ဝံသည် အဆင့်ချိုးဖျက်မှု အောင်မြင်သွားပြီးနောက်၊ စုယွီ၏ ရှေ့သို့ စိတ်လှုပ်ရှားစွာ ပြေးလာပြီး ၎င်း၏ ပြောင်းလဲသွားသော ရွှေရောင်အမွေးအမျှင်များကို ကြွားဝါပြသနေသည်။

ထို့နောက် မီးဓာတ်ကြွယ်ဝသော ဂူစံအိမ်၏ အခြားတစ်ဖက်သို့ ပြေးသွားကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

"ဝုန်း..."

မီးဓာတ် စွမ်းအင်များ၏ တုန်ခါမှုနှင့်အတူ၊ တတိယအဆင့် သဘာဝစွမ်းအင်များ၏ ပြင်းထန်သော ရိုက်ခတ်မှုများ စတင် ဖြစ်ပေါ်လာသည်။ ထိုစွမ်းအင်များသည် စည်းချက်ကျကျဖြင့် မြေကမ္ဘာ မီးလျှံ မျောက်ဝံထံသို့ တိုးဝင်သွားကြ၏။ ယခုအခါ မြေကမ္ဘာ မီးလျှံ မျောက်ဝံသည် မိစ္ဆာမျိုးနွယ်ဝင် တစ်ဦးကဲ့သို့ပင် ၎င်း၏ သွေးစည်းမျိုးဆက် အမွေအနှစ်ကို နိုးထစေပြီး ကိုယ်တိုင် ကျင့်ကြံနိုင်စွမ်း ရှိလာပြီ ဖြစ်၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။ သူ ဝမ်းသာအားရ တွေးလိုက်မိ၏။

"သူ့ဘာသာသူ ကျင့်ကြံနိုင်သွားပြီလား..."

"ဒါဆိုရင် သူ့ရဲ့ ကျင့်ကြံမှုနှုန်းက အများကြီး ပိုမြန်လာတော့မယ်... ဒုတိယအဆင့် ထိပ်တန်း အဆင့်ကို ရောက်ဖို့ အချိန် အများကြီး လျှော့ချနိုင်တော့မယ် ဆိုတဲ့ သဘောပေါ့..."

မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ စွမ်းအင်ကို နောက်တစ်ကြိမ် အာရုံခံလိုက်သောအခါ၊ စုယွီသည် ထိုသတ္တဝါထံမှ ကြီးမားသော ခြိမ်းခြောက်မှု အငွေ့အသက်တစ်ခုကို မမျှော်လင့်ဘဲ ခံစားလိုက်ရသည်။

အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် နှင့် ညီမျှသော ဒုတိယအဆင့် အထက်တန်းစား သားရဲအဖြစ် ရောက်ရှိသွားခြင်း နှင့် သွေးစည်းမျိုးဆက် ပြောင်းလဲသွားခြင်းတို့ကြောင့်၊ မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ ခွန်အားသည် အရည်အသွေးပိုင်းအရ ကြီးမားသော ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်သွားခဲ့တော့၏။

"မြေကမ္ဘာ မီးလျှံ မျောက်ဝံကို ရရှိခဲ့တာ နှစ်ငါးဆယ်ကျော် ကြာခဲ့ပြီပဲ... နတ်ဘုရားသစ်သား ချီစွမ်းအင်နဲ့ ဆယ်စုနှစ်များစွာ ပြုစုပျိုးထောင်ပေးခဲ့လို့ အခုဆိုရင် သူ့ရဲ့ သွေးစည်းမျိုးဆက်က ပြောင်းလဲပြီး အဆင့်မြှင့်တင်ခြင်း ခံလိုက်ရပြီ..."

စုယွီ ခေတ္တမျှ လေ့လာကြည့်ပြီးနောက် သုံးသပ်လိုက်သည်။ မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ သွေးစည်းမျိုးဆက်သည် သာမန် တတိယအဆင့် သားရဲများထက် ပိုမို သန်မာလိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။

မိစ္ဆာမျိုးနွယ်ဝင် စစ်စစ်များနှင့် ယှဉ်နိုင်မယှဉ်နိုင် ဆိုသည်ကိုတော့ မသိရသေးပေ။

"တကယ်လို့ သူသာ တတိယအဆင့် သားရဲ ဖြစ်သွားခဲ့ရင်..."

စုယွီ အသီးမရှိသော ဝိညာဉ်သစ်သီးပင်ပေါ်တွင် နားနေသည့် အမွှေးနက် သိမ်းငှက်ကို လှမ်းကြည့်လိုက်သည်။

အကယ်၍သာ သူ့တွင် တတိယအဆင့် အဆင့်နိမ့် ယဉ်ပါးသော သားရဲ နှစ်ကောင် ရှိလာခဲ့လျှင်၊ ဖေးမိသားစုကို တာ့ယွဲ့နယ်မြေ သို့ ခြေချမိခဲ့သည့်အတွက် နောင်တရသွားအောင် သူ လုပ်ရဲပြီ။

သူ့တွင် ဆေး ပညာရှင်၊ ရုပ်သေးသခင်၊ အဆောင်လက်ဖွဲ့ဆရာ ဆိုသည့် ဂုဏ်ပုဒ်များ ရှိသည့်အပြင်၊ တတိယအဆင့် အဆင့်နိမ့် သားရဲနှစ်ကောင်ပါ ထပ်ပေါင်းလိုက်လျှင်၊ ဖေးမိသားစုနှင့် ထိပ်တိုက်တွေ့ပါက ထိုလူများကို ဒီနယ်မြေမှာတင် ထာဝရ မြှုပ်နှံထားလိုက်နိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့်...။

နောက်ထပ် နှစ်ဝက်ခန့် ကြာပြီးနောက်...

စုဇီ ၏ ပေးစာမှတစ်ဆင့် စုယွီ သတင်းတစ်ခု သိလိုက်ရသည်။ လော့ချန်ယွီ သည် ဖေးမိသားစုကို ရှာဖွေရန် တစ်ကိုယ်တည်း ထွက်ခွာသွားခဲ့သည်။ ခြုံခိုတိုက်ခိုက်မှု တစ်ခုတွင် သူမသည် ဖေးမိသားစုမှ အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် တစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည် ဟူသတည်း။

စာကို ဖတ်ပြီးနောက် စုယွီ အချိန်အတော်ကြာအောင် ကြောင်အ နေမိသည်။

"သူ., တစ်ယောက်တည်း သွားပြီး ဒေါသတွေ ဖြေဖျောက်ခဲ့တာလား... အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် တစ်ပါးကိုတောင် ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ် ဟုတ်လား..."

သူမ ဘယ်လိုလုပ်ပြီး အဲ့ဒီလို လုပ်နိုင်ခဲ့တာလဲ။

စာကို ဆက်ဖတ်လိုက်သောအခါ စုယွီ၏ မျက်နှာ ရုတ်ချည်း ပျက်သွားသည်။

"လော့ချန်ယွီ ဒဏ်ရာအပြင်းအထန် ရသွားတယ်... သူ့ရဲ့ ဒန်တျန် ပျက်စီးသွားပြီတဲ့လား..."

စာထဲတွင် စုဇီ က လော့ချန်ယွီ၏ လက်ရှိ အခြေအနေကို ရေးသားထားသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ် ကုန်ဆုံးသွားပြီ ဖြစ်သလို၊ သူမ၏ ယခင်က လှပသော ရုပ်သွင်လည်း မရှိတော့ပေ။

"တကယ့် မိုက်မဲမှုပဲကွာ..."

"ဒီလို လုပ်ဖို့ လိုလို့လား... ကိုယ့်ရဲ့ ပါရမီနဲ့ ခွန်အားကို အသုံးချပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အရင်ချိုးဖျက်၊ ပြီးမှ ဖေးမိသားစုနဲ့ စာရင်းရှင်းရင် ပိုမကောင်းဘူးလား..."

စုယွီ တကယ်ကို ဒေါသထွက်လွန်းလို့ လော့ချန်ယွီ၏ မိုက်မဲမှုကို ဆဲရေးတိုင်းထွာပစ်ချင်စိတ် ပေါက်သွားမိသည်။

All Chapters