← Chapters

အခန်း(၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း(၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅)- တတိယ အလွှာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် လက်ရှစ်ဖက် ဓားလွယ် နှံကောင်ရုပ်သေး ဖန်တီးခြင်း (အပိုင်း ၃)

သို့သော် စုယွီ၏ မျက်ခွံများ တဆတ်ဆတ် လှုပ်ခတ်နေသည်။ သစ်သားဝိဉာဉ် နတ်ဘုရား ဝါးမြို အဆောင်လက်ဖွဲ့ ကို ရင်ဆိုင်ရချိန်ကပင် ဤကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုး မရရှိခဲ့ဖူးပေ။

"ဆက်ရေးဆွဲကြတာပေါ့..."

လဝက်ခန့် ကြာပြီးနောက်...

ယခင်က ရရှိထားသော အင်းကုန်ကြမ်းပစ္စည်း (၄၇) ခုလုံးကို အသုံးပြုပြီးသည့်နောက်တွင်တော့၊ စုယွီသည် နောက်ထပ် အင်မော်တယ် လက်ညှိုးအဆောင်လက်ဖွဲ့ နှစ်ရွက်ကို ထပ်မံ အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေ၏။

ထိုအချိန်အတောအတွင်း၌ပင်...

စုယွီသည် နေ့စဉ်ရက်ဆက် ဝိညာဉ်အမြစ် ငါးပါး ကျင့်စဉ် ကို မပျက်မကွက် ကျင့်ကြံအားထုတ်ခဲ့ရာ၊ နောက်ဆုံးတွင် သူ၏ ကုန်းကျင်း ကောင်းကင်ဓားသိုင်းအား အခြေခံတည်ဆောက်ခြင်း ပထမအဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

ဤဓားသိုင်းကျင့်စဉ်သည် သဘာဝကျစွာပင် အခြေခံတည်ဆောက်ခြင်းအတွက် အုတ်မြစ်တစ်ခု ဖြစ်ပေါ်လာစေပြီး၊ စုယွီ၏ ဒန်တျန် အတွင်း၌ ရွှေရောင်ဓားငယ်လေး ပုံသဏ္ဍာန်ရှိသော ထိပ်တန်း အခြေခံတည်ဆောက်ခြင်း မျိုးစေ့ တစ်ခုအဖြစ် ဖွဲ့စည်းသွားလေ၏။

ထိုအချိန်မှစ၍...

စုယွီ၏ ဒန်တျန်သည် ဝင်ရိုးစွန်း ငါးခုအဖြစ် ကွဲပြားသွားတော့သည်။ သူ၏ သစ်ဓာတ် ဝိညာဉ်အမြစ် ပေါ်တွင် ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်နှင့် တူသော အခြေခံတည်ဆောက်ခြင်း မျိုးစေ့တစ်ခု ကြီးထွားလာပြီး၊ ၎င်းထံမှ ရှေးဟောင်း အငွေ့အသက်များ ပျံ့လွင့်နေသည်။

မြေဓာတ် ဝိညာဉ်အမြစ်ပေါ်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ လွှမ်းခြုံထားသည့် အခြေခံတည်ဆောက်ခြင်း မျိုးစေ့တစ်ခု ဖြစ်တည်နေသည်။

ရေဓာတ် ဝိညာဉ်အမြစ် ပေါ်တွင် ရေခဲမျိုးစေ့ တစ်စေ့ တည်ရှိနေပြီး၊ မျက်စိဖြင့် မမြင်နိုင်သော အေးစက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ မီးဓာတ် ဝိညာဉ်အမြစ် ပေါ်တွင်တော့ ဖီးနစ်ငှက်တစ်ကောင်သည် အရပ်မျက်နှာ အားလုံးကို လွှမ်းမိုးကြည့်ရှုနေသယောင် ရှိသည်။

နောက်ဆုံးတွင် ရွှေဓာတ် ဝိညာဉ်အမြစ်ပေါ်၌ ကုန်းကျင်း အရှိန်အဝါများ ပြည့်နှက်နေသော ရွှေရောင်ဓားသဏ္ဍာန် အခြေခံတည်ဆောက်ခြင်း မျိုးစေ့လေး တစ်ခု တွဲလဲခိုနေလေ၏။

ဓာတ်ကြီးငါးပါး အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတော့၏။

ရွှေဓာတ် ဝိညာဉ်အမြစ်၏ အခြေခံတည်ဆောက်ခြင်း ချီစွမ်းအင်သည် အားနည်းနေသေးသော်လည်း၊ စုယွီသည်.. ကုန်းကျင်း ကောင်းကင်ဓားသိုင်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားသည့် ခဏ၌ပင် သူ၏ အရှိန်အဝါ တစ်ခုလုံး ထပ်မံ ပြောင်းလဲသွားသယောင် ခံစားလိုက်ရသည်။ ယခင်က သူ၏ အရှိန်အဝါသည် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ယခုအခါတွင်မူ ဖရိုဖရဲ ဖြစ်ခြင်း ကိုယ်တိုင်နှင့် တူနေတော့သည်။ နက်ရှိုင်းလွန်း၍ ခန့်မှန်းရခက်သော်လည်း၊ ကြီးမားသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိလေ၏။

ကံမကောင်းစွာဖြင့် ဓာတ်ကြီးငါးပါးလုံး အခြေခံတည်ဆောက်ခြင်း အောင်မြင်သွားသော်လည်း၊ သစ်နှင့် မြေ၊ ရေခဲနှင့် မီး တို့ အနည်းငယ် ပေါင်းစပ်မိသည်မှလွဲ၍၊ ကျန်သော ဝိညာဉ်အမြစ် သုံးခု၏ ချီစွမ်းအင်များကို ပေါင်းစပ်ရန် စုယွီ မစွမ်းဆောင်နိုင်သေးပေ။ ဓာတ်ကြီးငါးပါးလုံး၏ ချီစွမ်းအင်များကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ဖို့ဆိုသည်မှာ ဝေလာဝေးပင်။

"ဓာတ်ကြီးငါးပါး ပေါင်းစပ်ခြင်း..."

စုယွီ သက်ပြင်းတစ်ချက် ဖွဖွမှုတ်ထုတ်လိုက်မိသည်။ ယခင်က တာအိုဆရာ ရှုယွီကို ဝိညာဉ်အမြစ် များစွာ တွဲဖက်ကျင့်ကြံခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စုံစမ်းခိုင်းဖူးသည်။ သို့သော် တာအိုဆရာ ရှုယွီ ရောက်လာသောအခါ သတင်းကောင်း တစ်စုံတစ်ရာ ပါမလာခဲ့ချေ။

သိသာထင်ရှားသည်မှာ အင်အားကြီး ဂိုဏ်းများသည် ဝိညာဉ်အမြစ်များစွာ တွဲဖက်ကျင့်ကြံခြင်းဆိုင်ရာ ကျင့်စဉ်များ သို့မဟုတ် အမွေအနှစ် သတင်းအချက်အလက်များကို တန်ဖိုးထား လျှို့ဝှက်ထားကြခြင်း ဖြစ်နိုင်၏။

သို့တည်းမဟုတ် ယနေ့ခေတ်တွင် ဝိညာဉ်အမြစ် များစွာ တွဲဖက်ကျင့်ကြံသူ ဟူ၍ မရှိသလောက် ရှားပါးသွားပြီး၊ အမွေအနှစ်များ ပြတ်တောက်သွားခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

ဤအရာများကို တွေးတောရင်း စုယွီ၏ စိတ်အာရုံသည် ရှေးဟောင်းခေတ် အင်မော်တယ် ဂိုဏ်းကြီးတစ်ခု ဖြစ်သော ‘ကောင်းကင်အင်မော်တယ် စံအိမ်’ ဆီသို့ ရောက်ရှိသွားပြီး စိတ်လှုပ်ရှားသလို ဖြစ်သွားသည်။ ကောင်းကင်အင်မော်တယ် စံအိမ်သည် တစ်ချိန်က သဘာဝ ဓာတ်ကြီးငါးပါး တာအိုခန္ဓာကိုယ် ပိုင်ဆိုင်သော အံ့မခန်း တာအိုသားတော် တစ်ပါးကို မွေးထုတ်ပေးခဲ့ဖူးသည် မဟုတ်ပါလော။

ထို့ကြောင့် ကောင်းကင်အင်မော်တယ် စံအိမ် တွင် ဓာတ်ကြီးငါးပါး ကျင့်ကြံခြင်းဆိုင်ရာ အမွေအနှစ်များ ရှိနေသင့်သည် မဟုတ်လား။

အထူးသဖြင့် ထို 'ကောင်းကင်ချိပ်ပိတ် တာအိုသားတော်' ၏ အမွေအနှစ်များ...

"ပြဿနာက... ကောင်းကင်အင်မော်တယ် စံအိမ် လို့ခေါ်တဲ့ အဲ့ဒီ ရှေးဟောင်း အင်မော်တယ် ဂိုဏ်းကြီးက ဘယ်နေရာမှာ ရှိနေတာလဲ ဆိုတာပါပဲ..."

စုယွီသည် တာအိုဆရာ ပင်းယွီ၏ အတွေ့အကြုံများနှင့် အမွေအနှစ်များကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။

သို့သော် ဤကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာ မတွေ့ရပေ။

"ဒါဆိုရင်တော့... ငါ့ဘာသာငါ ရှာမှ ဖြစ်တော့မယ်..."

စုယွီ မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်နေမိသည်။

ဤကဲ့သို့သော သတင်းအချက်အလက်များကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ ဆိုလျှင်၊ ရှေးဟောင်း အင်မော်တယ် ဂိုဏ်းအင်အားစုများ၏ အပျက်အစီးများထဲတွင် ကျန်ရစ်ခဲ့သော ရှေးဟောင်း မှတ်တမ်းများ ထဲတွင်သာ ရှိနိုင်ပေလိမ့်မည်။

"ရွှေကျောက်စိမ်း နတ်ဘုရားဂိတ် အပျက်အစီး ကတော့ အခု ယွင်ကျန်းဂိုဏ်း ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ... ဒါပေမဲ့ လက်ရှိ ယွင်ကျန်းဂိုဏ်း အခြေအနေကျတော့..."

စုယွီ ဂိုဏ်းမှ ထွက်ခွာပြီး ဆေးလုံးတောင် တွင် ကြိုးစားပမ်းစား ကျင့်ကြံနေသော လော့ချန်ယွီ ကို သတိရလိုက်မိသည်။

ယခုအခါ ယွင်ကျန်းဂိုဏ်းသည် ဂိုဏ်းချုပ်မျိုးဆက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ပထမအကြီးအကဲ တံခါးပိတ်ကျင့်ကြံသွားပြီးနောက် သူ၏ ရာထူးကို ဒုတိယအကြီးအကဲထံ လွှဲပြောင်းပေးခဲ့သည်။

ယွင်ရှန်းဈေးကွက်ကို ပြန်လည် တည်ဆောက်ခဲ့သည်။

သို့သော် စုမိသားစုသည် ဖယ်ကြဉ်ခံလိုက်ရသည်။ ယွင်ကျန်းဂိုဏ်း အနေဖြင့် စုမိသားစုကို တိုက်ရိုက် အရေးယူခြင်း မရှိသော်လည်း၊ ကန့်သတ်ချက်များစွာ ထားရှိခဲ့သည်။

ဆေးလုံးတောင်သို့ ဆေးဖော်စပ်ရန် လာရောက်သူ ဦးရေသည် သိသိသာသာ လျော့နည်းသွားသည်။

ကံကောင်းသည်မှာ စုမိသားစုသည် သားရဲ ဒီရေလှိုင်း ကာလအတွင်း တာ့ယွဲ့ မှောင်ခိုဈေးကွက် ၌ အတော်လေး စီးပွားဖြစ်ခဲ့သည်။ ထို့အပြင် စုယွီ၏ လက်ထဲတွင် လီမိသားစု ဆေးပညာရှင် ၏ အမွေအနှစ်များ ကျန်ရှိနေသေးသဖြင့် သူ၏ ကျင့်ကြံခြင်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးနိုင်သေးသည်။ ထို့ကြောင့် စုမိသားစုသည် တောင့်ခံနိုင်သေးသည်ဟု ဆိုရမည်။

ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ယွင်ကျန်းဂိုဏ်းမှ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ် အပျက်အစီး မှ ရရှိထားသော ရှေးဟောင်း မှတ်တမ်းများကို စုယွီ ဝင်ရောက် ဖတ်ရှုခွင့် ရနိုင်ဖို့က.. လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့်...

စုယွီ စဉ်းစားဟန်ဖြင့် တွေးတွေးဆဆ ရေရွတ်လိုက်သည်။

"မိတ်ဆွေလော့ ပြန်လည် ကောင်းမွန်လာဖို့ ဒါမှမဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီး ယွင်ကျန်းဂိုဏ်းကို ပြန်သွားနိုင်ဖို့ လိုအပ်နေသေးတာပဲ... တကယ်လို့ မိတ်ဆွေလော့သာ ယွင်ကျန်းဂိုဏ်းကို ထိန်းချုပ်နိုင်ခဲ့ရင်၊ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ် အပျက်အစီးက ရထားတဲ့ ရှေးဟောင်းကျမ်းစာတွေကို ငါ ငှားဖတ်လို့ ရနိုင်လောက်တယ်..."

"အဲ့ဒီအချိန်ကျရင် စုမိသားစု ကြုံတွေ့နေရတဲ့ အကျပ်အတည်းလည်း ပြေလည်သွားမှာပဲ..."

သူ အပေါ်သို့ မော့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

ကံကောင်းသည်မှာ...

လော့ချန်ယွီ၏ ပြန်လည်ကောင်းမွန်လာမှုသည် အဆင်ပြေချောမွေ့နေသည်။ မကြာသေးမီက သူ လျှို့ဝှက်ခန်းထဲသို့ ဆေးလုံးများ သွားပို့စဉ်၊ လော့ချန်ယွီသည် ချီစွမ်းအင်စုစည်းခြင်း အဋ္ဌမအဆင့် အထိ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်သို့ ပြန်ရောက်ရန် ဆယ်နှစ်ပင် ကြာတော့မည် မဟုတ်။

ဆယ်နှစ် ဆိုသော အချိန်ကာလသည် စုယွီအတွက် စောင့်ဆိုင်းရန် သိပ်မကြာလှပေ။

"ဒီကာလအတွင်းမှာ ငါ့ရဲ့ တာအိုခန္ဓာ ရုပ်သေးကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ၊ ခိုင်ရန်နန်းတော်၊ ဓားမြို့တော် ချင်မိသားစု၊ တာ့ယွဲ့ မှောင်ခိုဈေး ဒါမှမဟုတ် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်က ထျန်းရှု သိုင်းကျမ်းတိုက်ဆီ လွှတ်ပြီး သတင်းစုံစမ်းခိုင်းလို့ ရတာပဲ..."

"အသုံးဝင်တဲ့ သတင်းအချက်အလက် နည်းနည်းလေး ရှာတွေ့ရင်တောင် တန်ပါတယ်..."

အင်မော်တယ် လက်ညှိုးအဆောင်လက်ဖွဲ့ အတွက် အဆောင်လက်ဖွဲ့ ကုန်ကြမ်းများ ကုန်သွားပြီ ဖြစ်သဖြင့်၊ စုယွီသည် လီမိသားစု ဘိုးဘေးကြီး ချန်ခွန်းအိတ်ထဲတွင် ချန်ထားခဲ့သော ဒုတိယအဆင့် ထိပ်တန်း ဆေးဖက်ဝင် ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး ဒုတိယအဆင့် ထိပ်တန်း ဆေးလုံးများ ဖော်စပ်ခြင်း ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်လိုက်သည်။

လီမိသားစု ဘိုးဘေးကြီးသည် သူ့အတွက် ဒုတိယအဆင့် ဆေးလုံး ကုန်ကြမ်းပစ္စည်း အစုံလိုက် (၁၀၀၀) ကျော် ချန်ထားခဲ့ပြီး၊ အများစုမှာ ဒုတိယအဆင့် ထိပ်တန်း ကုန်ကြမ်းများ ဖြစ်ကြ၏။

ဤပမာဏသည် စုယွီ၏ ဒုတိယအဆင့် ထိပ်တန်း ဆေးပညာ ကျွမ်းကျင်မှုကို သိသိသာသာ တိုးတက်လာစေရန် လုံလောက်ပေသည်။

ဒီနေရာမှာတော့ လီမိသားစု ဘိုးဘေးကြီးဟာ ကျေးဇူးရှင်ကြီး တစ်ယောက်ပါပဲ။ တကယ့် လူကောင်းကြီးပါ။

မျက်တောင်တစ်ခတ် အတွင်းမှာပင်...

နောက်ထပ် ငါးနှစ် ကုန်လွန်သွားပြန်၏။

လွန်ခဲ့သော နှစ်နှစ်က စုယွီ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် ချီစွမ်းအင်များသည် အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့် သို့ ရောက်ရှိခဲ့သည်။ ဓာတ်ကြီးငါးပါး ကျင့်ကြံခြင်း၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင် ကုန်ကျမှုကြောင့် အဆင့်နိမ့် မှော်လက်နက် ရေခဲမီး ပုလဲ ထဲရှိ စွမ်းအားများ အကုန်အစင် ကုန်ခန်းသွားခဲ့ရသည်။

ထို့ကြောင့် စုယွီ၏ ကျင့်ကြံခြင်း အဆင့်တက်နှုန်းသည် ဒလဟော ထိုးကျသွားတော့သည်။ အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် သို့ ရောက်ရှိရန် အနည်းဆုံး နောက်ထပ် ရှစ်နှစ်၊ ကိုးနှစ်ခန့် ကြာမြင့်ဦးမည် ဖြစ်၏။

အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်

သို့ ရောက်ရန်ဆိုလျှင်တော့ ဆယ်နှစ်ကျော်ပင် ကြာကောင်း ကြာနိုင်၏။

ဒါ့အပြင် စုယွီ၏ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် သည် လွန်ခဲ့သော တစ်နှစ်က (၁၅) ဆင့်မြောက် အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ၎င်းသည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် နှင့် ယှဉ်နိုင်သော စွမ်းအား ဖြစ်၏။

ဒီနေ့မှာတော့...

နေလမင်းကျွန်း ပေါ်ရှိ အဆင့်သုံး ဂူစံအိမ် အတွင်း၌...

စုယွီသည် ဒုတိယအဆင့် ထိပ်တန်း ရုပ်သေးသားရဲ တစ်ကောင် ဖြစ်သည့် 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ကို ဖန်တီးနေသည်။ သူ၏ ချီစွမ်းအင်နှင့် ခွန်အား အားလုံးကို အသုံးပြုပြီးနောက်၊ သူ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် ဒုတိယအဆင့် အလယ်အလတ် 'ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖွင့်လှစ်ခြင်း ဆေးလုံး' တစ်လုံးကို မျိုချလိုက်ပြီး၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နှင့် ကိုယ်ပိုင် ကျင့်စဉ်များကို လည်ပတ်ကာ စွမ်းအား ပြန်လည် ဖြည့်ဆည်းလိုက်သည်။

အခန်း (၂၀၆) - တတိယ အလွှာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် လက်ရှစ်ဖက် ဓားလွယ် နှံကောင်ရုပ်သေး ဖန်တီးခြင်း - (အပိုင်း ၄)

~တစ်နာရီကျော်ခန့် ကြာပြီးနောက်...

ရုတ်တရက်...

"ဝုန်း..."

ရွှေရောင်အလင်းတန်း တစ်ခုသည် စုယွီ၏ စိတ်အာရုံထဲ၌ လင်းလက်လာပြီး ဉာဏ်အလင်းပွင့်သွားစေသည်။ သူ၏ ဝိညာဉ်သည် ရုပ်ခန္ဓာ၏ ချည်နှောင်မှုမှ လွတ်မြောက်သွားပြီး ဂူစံအိမ် အမိုးပေါ်သို့ ပျံတက်သွားသယောင် ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ဂူအတွင်း၌ ပြည့်နှက်နေသော ရေခဲနှင့် မီး စွမ်းအားများသည် သူ၏ ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်စွမ်း မရှိတော့ချေ။

ထို့အပြင် စွမ်းအားနှစ်ခု၏ အာဟာရဖြည့်တင်းပေးမှုကိုပါ သူ၏ ဝိညာဉ်က ခံစားနေရပြီး၊ ထိုခံစားချက်သည် အလွန်တရာ သက်ောင့်သက်သာ ရှိလှသည်။

ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်နှင့်အမျှ၊ ယခင်က ရွှေပုစဉ်းရင်ကွဲ ပိုးအိမ် အဆင့်သာ ရှိသေးသော သူ၏ ဝိညာဉ်သည် ယခုအခါ ပိုးအိမ်ကို ဖောက်ထွက်လာခဲ့တော့၏။

အသွင်ပြောင်းလဲခြင်း နှင့် ပြန်လည်မွေးဖွားခြင်း။

"ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် တတိယအလွှာ ကို ရောက်သွားပြီပဲ... ကျွမ်းကျင်မှုကလည်း တတိယအလွှာ အဆင့်ကို ရောက်သွားပြီ..."

စုယွီ ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ၏ ဝိညာဉ် ပြောင်းလဲသွားမှုကို သူ ကိုယ်တိုင် ခံစားမိနေသည်။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်အောက်တွင် သူ၏ ဝိညာဉ်သည် စစ်မှန်သော ရွှေပုစဉ်းရင်ကွဲ တစ်ကောင်အဖြစ် ပြောင်းလဲသွားသယောင် ရှိသည်။

သို့သော် ဤရွှေပုစဉ်းရင်ကွဲလေးသည် အားနည်းနေသေးသည်။

ထိုအချိန်၌ပင်...

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် တတိယအလွှာသို့ ရောက်ရှိသွားပြီးနောက်၊ ယခင်က ဖုံးကွယ်နေခဲ့သော ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ အမွေအနှစ် အချို့သည် သူတို့ဘာသာသူတို့ ပေါ်ထွက်လာကြ၏။

"ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်..."

စုယွီ၏ အသိစိတ်အာရုံသည် ဤအမွေအနှစ်ထဲတွင် နစ်မြောသွားသည်။ ဒါက ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်း ၊ သူတစ်ပါး၏ ဝိညာဉ်ကို တိုက်ခိုက်ခြင်း နှင့် လက်ကျန်ဝိညာဉ်ကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်ပြီး ပြန်လည်မွေးဖွားခြင်းတို့ကို ပြုလုပ်နိုင်သော ဝိညာဉ် လျှို့ဝှက်ကျင့်စဉ် တစ်ခု ဖြစ်၏။

အထူးသဖြင့် ခန္ဓာကိုယ် သိမ်းပိုက်ခြင်းနှင့် လက်ကျန်ဝိညာဉ်ဖြင့် ပြန်လည်မွေးဖွားခြင်း နည်းလမ်းတို့သည် စုယွီ၏ အသိစိတ်ကို တုန်လှုပ်သွားစေခဲ့သည်။

ဤလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများက ပြင်းထန်သော်လည်း...

အရန်အစီအစဉ် တစ်ခုအနေဖြင့် အသုံးပြုရန် တန်ဖိုးရှိလှသည်။

နောက်ဆက်တွဲ ဆိုးကျိုး ဆိုသည်မှာလည်း...

သာမန် ကျင့်ကြံသူများအတွက်သာ ဖြစ်၏။ စုယွီတွင် ကျင့်ကြံခြင်း အကန့်အသတ်များကို ချိုးဖျက်နိုင်သော ကျွမ်းကျင်မှု မျက်နှာပြင် ရှိနေသည် မဟုတ်ပါလော။ ကျွမ်းကျင်မှု အဆင့် မြင့်တက်လာသည်နှင့်အမျှ၊ သူသည် သဘာဝကျကျပင် အဆင့်ချိုးဖျက်နိုင်ပေလိမ့်မည်။

ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိနေမှတော့၊ ထွက်ပေါက်ဆိုတာ အမြဲ ရှိနေမှာပါပဲ။

ဤရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်သည် စုယွီ၏ အသက်ရှင်သန်နိုင်စွမ်း ကို အကြီးအကျယ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်၏။

ထို့အပြင်...

ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်ဖြင့် သူတစ်ပါး၏ ဝိညာဉ်နှင့် အသိစိတ်ကို တိုက်ခိုက်ခြင်းသည်လည်း ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်လက်နက်တစ်ခု ဖြစ်၏။

မှတ်သားထားသင့်သည်မှာ...

စုယွီ၏ လက်ရှိ ဝိညာဉ်နှင့် အသိစိတ် ကြံ့ခိုင်မှုသည် သူ၏ ချီစွမ်းအင်နှင့် ရုပ်ခန္ဓာ ခွန်အားထက် ကျော်လွန်နေပြီ ဖြစ်၏။ အသွင်ပြောင်းလဲပြီးနောက် သူ၏ ဝိညာဉ်ကြံ့ခိုင်မှုသည် သာမန် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့် ကျင့်ကြံသူများ၏ အသိစိတ်ထက်ပင် ပိုမို အားကောင်းနေပြီဟု သူ ခံစားမိသည်။

အကယ်၍ ရန်သူဘက်တွင် ဝိညာဉ်ကာကွယ်ရေး ရတနာ မရှိပါက၊ စုယွီ၏ ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ် တိုက်ခိုက်မှုသည် 'အတိုင်းအတာ မတူညီသော တိုက်ခိုက်မှု' တစ်ခုအလား ဖြစ်သွားပေလိမ့်မည်။

ခေတ္တမျှ ကြာပြီးနောက်...

စုယွီသည် ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်ကို သဘောပေါက် နားလည်သွားပြီးနောက်၊ သူ၏ ဝိညာဉ်သည် ရုပ်ခန္ဓာထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး ဦးနှောက်၏ နက်ရှိုင်းသော နေရာတွင် ရွှေပုစဉ်းရင်ကွဲလေး တစ်ကောင်အဖြစ် ခိုအောင်းလိုက်သည်။ ထူးဆန်းသော ရွှေရောင်အလင်း စွမ်းအားတစ်ခုသည် အကာအကွယ် အလွှာတစ်ခုအလား ပျံ့နှံ့သွားပြီး သူ၏ ဦးနှောက်နှင့် ဝိညာဉ်ကို ကာကွယ်ပေးထားလိုက်သည်။

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကြောင့်၊ အဆင့်မြင့် ကျင့်ကြံသူများ (ဥပမာ - တစ်ဝက် အမြုတေဖွဲ့စည်းခြင်းအဆင့်) ထံမှ ထွက်ပေါ်လာသော ဖိအားများသည် စုယွီအပေါ် သက်ရောက်မှု အကြီးအကျယ် လျော့နည်းသွားတော့သည်။

စုယွီ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသုံးပြုပြီး မြေနှင့် သစ် ကျင့်စဉ်ကို လည်ပတ်လိုက်သည့်အခါ...

ကြီးမြတ်သော လှည့်ပတ်ခြင်း တစ်ပတ် ပြည့်ပြီးနောက်၊ သူ၏ ကျင့်ကြံမှုနှုန်း သိသိသာသာ တိုးတက်လာသည်ကို တွေ့လိုက်ရသည်။

ယခင်က ရေခဲမီး ပုလဲ၏ အကူအညီ မပါဘဲ ကျင့်ကြံရာတွင် ပုံမှန်နှုန်းသို့ ပြန်ရောက်သွားပြီး၊ အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် သို့ ရောက်ရှိရန် ရှစ်နှစ်၊ ကိုးနှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းခဲ့သည်။

သို့သော် ယခု ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သောအခါ၊ ခုနစ်နှစ်ခန့်သာ ကြာမြင့်တော့မည်ဟု စုယွီ တွက်ချက်လိုက်မိသည်။

"လက်ရှစ်ဖက် ဓားသွား နှံကောင် ရုပ်သေးကို ဆက်လက် ဖန်တီးကြတာပေါ့..."

နှစ်ပေါင်းများစွာ မရပ်မနား ဖန်တီးခဲ့မှုနှင့် စုယွီ၏ ကျင့်ကြံခြင်းနှင့် ချီစွမ်းအင် ပိုမို အားကောင်းလာမှုတို့ကြောင့်၊ ရုပ်သေးဖန်တီးနှုန်းသည် တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။

ယခုအခါ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် တတိယအလွှာသို့ ရောက်ရှိသွားပြီး၊ ဝိညာဉ်နှင့် အသိစိတ် အသွင်ပြောင်းလဲကာ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်ထက်ပင် သာလွန်သွားပြီ ဖြစ်ရာ...

လက်ရှစ်ဖက် ဓားသွား နှံကောင် ရုပ်သေး ဖန်တီးနှုန်းသည် နောက်တစ်ကြိမ် သိသိသာသာ တိုးတက်သွားပြန်သည်။

ထိုသို့ဖြင့်...

ငါးလ မပြည့်မီ အချိန်အတွင်း...

စုယွီသည် တတိယအဆင့် အဆင့်နိမ့် လက်ရှစ်ဖက် ဓားသွား နှံကောင် မိစ္ဆာသားရဲ၏ အတွင်းဒဏ်မှ ဖန်တီးထားသော ရုပ်သေးအမြုတေကို ရုပ်သေးခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုပ်သေး၏ ခန္ဓာကိုယ်ထဲမှ ဖြာထွက်လာလေ၏။

"ဝုန်း..."

ထိုအခိုက်အတန့်တွင် ရုပ်သေး၏ လက်ရှစ်ဖက်သည် အေးစက်သော အလင်းရောင်များ တ‌စ်ချက် လက်သွားပြီး၊ ၎င်း၏ ထက်ရှမှုကို ထုတ်ဖော်ပြသလိုက်သည်။

သူကိုယ်တိုင် ဖန်တီးလိုက်သော ဤဒုတိယအဆင့် ထိပ်တန်း ရုပ်သေးသားရဲကို ကြည့်ရင်း၊ စုယွီ၏ ဦးရေပြားများ ကျဉ်ခနဲ ဖြစ်သွားပြီး ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

ဒီလောက် ထက်ရှတဲ့ အရှိန်အဝါက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်...။

ခေတ္တမျှ လေ့လာကြည့်ရှုပြီးနောက်၊ စုယွီ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ ဝမ်းသာပီတိ ဖြစ်မှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။

"သားရဲ ဒီရေလှိုင်းတုန်းက တစ်ဝက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို ခေါင်းဖြတ်သတ်နိုင်ခဲ့တဲ့ လက်ရှစ်ဖက် ဓားသွား နှံကောင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်... သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ အတွင်းဒဏ်ကို သုံးပြီး ဖန်တီးထားတဲ့ ဒီရုပ်သေးရဲ့ တိုက်ခိုက်နိုင်စွမ်းက တစ်ဝက် တတိယအဆင့် အဆင့်နိမ့် ရုပ်သေး လို့တောင် ခေါ်လို့ ရလောက်တယ်..."

ဘေးနားတွင် ရပ်နေသော အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်ရှိ တာအိုခန္ဓာ ရုပ်သေး နှင့် မူလ နဂါးမိကျောင်း ရုပ်သေး တို့ကို စုယွီ လှမ်းကြည့်လိုက်သည်။

စုယွီ၏ စိတ်အာရုံ လှုပ်ရှားသွားပြီး၊ နဂါးမိကျောင်း ရုပ်သေး ခန္ဓာကိုယ်ထဲမှ သူ၏ ဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ လက်ရှစ်ဖက် ဓားသွား နှံကောင် ရုပ်သေး ခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့လိုက်သည်။

ထို့နောက် တာအိုခန္ဓာ ရုပ်သေး နည်းစနစ်အား အသုံးပြုပြီး၊ လက်ရှစ်ဖက် ဓားသွား နှံကောင် ရုပ်သေးကို သူ၏ တာအိုခန္ဓာ ရုပ်သေးအသစ် အဖြစ် ပြောင်းလဲလိုက်သည်။

ပြီးစီးသွားသောအခါ၊ စုယွီ၏ ရှေ့မှောက်ရှိ လက်ရှစ်ဖက် ဓားသွား နှံကောင် ရုပ်သေး၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ ထိုမျက်လုံးများထဲမှ အေးစက်သော အကြည့်သည် စုယွီ၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေ၏၊

ဒီကောင်က တကယ်ကို အန္တရာယ်များတဲ့ ကောင်ပဲ။

သူသည် နဂါးမိကျောင်း ရုပ်သေးကို ချန်ခွန်းအိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး၊ သူ၏ ရုပ်သေးဝိညာဉ်ကို တာအိုခန္ဓာ ရုပ်သေးအသစ်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

သူ့ရှေ့ရှိ တာအိုခန္ဓာ ရုပ်သေးကို ကြည့်လိုက်သည်။ အရှည် (၁၀) ပေခန့် ရှိပြီး၊ (၁၀) ပေကျော် ရှည်လျားသော ဓားသွားလက်တံ ရှစ်ချောင်း ပါရှိ၏၊ စုယွီ ယခင်ကထက် ပိုမို ကျေနပ်အားရသွားသည်။ ဤရုပ်သေးကို တတိယအဆင့် 'ယောင်ကျင်းဟောင် ဝိညာဉ်ကျောက်တုံး'၏ အနှစ်သာရများ စုပ်ယူစေပြီး ပိုမို သန်မာလာစေရန် သူ ဆန္ဒရှိနေသည်။

တစ်ဝက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မလား။ သတ်တောင် သတ်နိုင်လောက်တယ်။

သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ၏ စွမ်းအင်များကို တာအိုခန္ဓာ ရုပ်သေး၏ အမြုတေထဲသို့ ပေါင်းစပ်ပေးလိုက်သည်။

စုယွီသည် တာအိုခန္ဓာ ရုပ်သေးကို ဘေးတစ်ဖက်သို့ သွားရောက်ထိုင်စေလိုက်သည်။ ယောင်ကျင်းဟောင် ဝိညာဉ်ကျောက်တုံး၏ အနှစ်သာရကို စုပ်ယူခိုင်းရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် ရုပ်သေးကို ပြန်မတ်တတ်ရပ်ခိုင်းလိုက်သည်။

နောက်တစ်ခဏတွင် တာအိုခန္ဓာ ရုပ်သေး၏ အသန်မာဆုံး ဓားသွားလက်တံ နှစ်ချောင်းသည် ထက်မြက်သော တံစဉ်များအလား မျက်စိကျိန်းမတတ် အေးစက်သော အလင်းရောင်များ ထုတ်လွှတ်လိုက်သည်။

"ခွပ်..."

တာအိုခန္ဓာ ရုပ်သေးသည် ၎င်း၏ အပြင်းထန်ဆုံး စွမ်းအားကို ထုတ်ဖော်လိုက်ပြီး၊ ဓားသွားလက်တံ နှစ်ချောင်းဖြင့် ယောင်ကျင်းဟောင် ဝိညာဉ်ကျောက်တုံးကြီးကို ရိုက်ချလိုက်သည်။ ယခင်က စုယွီ ဖြတ်တောက်၍ မရနိုင်ခဲ့သော ဝိညာဉ်ကျောက်တုံးကြီးသည် ယခုအခါ နှစ်ပိုင်း ကွဲသွားလေတော့သည်။

အခန်း (၂၀၇)- တတိယ အလွှာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် လက်ရှစ်ဖက် ဓားလွယ် နှံကောင်ရုပ်သေး ဖန်တီးခြင်း (အပိုင်း ၅)

~ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် အချိန်မဆိုင်းဘဲ တာအိုခန္ဓာ ရုပ်သေးကို အမိန့်ပေးလိုက်ပြီး၊ တတိယအဆင့် ယောင်ကျင်းဟောင် ဝိညာဉ်ကျောက်တုံးများကို အတုံးလိုက် အတုံးလိုက် ခုတ်ဖြတ်စေလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက်၊ ချန်ခွန်းအိတ် တစ်လုံး ပြည့်သည်အထိ ရရှိမှသာ သူ ရပ်တန့်လိုက်သည်။

ယောင်ကျင်းဟောင် ဝိညာဉ်ကျောက်တုံးများ အပြည့်ပါဝင်သော ဤချန်ခွန်းအိတ် ရှိနေသမျှ၊ ရုပ်သေးသည် ဤတတိယအဆင့် ဂူစံအိမ်ထဲတွင် အချိန်ပြည့် နေထိုင်စရာ မလိုတော့ပေ။ အပြင်ရောက်လျှင်လည်း ထိုကျောက်တုံးများမှ အနှစ်သာရကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ဆောင်နိုင်ပေသည်။

စုယွီသည် ရုပ်သေးကို သူ၏ ဒန်တျန် အတွင်း၌ သိမ်းဆည်းလိုက်ပြီး တွေးတောလိုက်မိသည်။

"အချိန်တန်ရင် ဒီရုပ်သေးကို အပြင်လွှတ်ပြီး ဓာတ်ကြီးငါးပါး ကျင့်ကြံခြင်း နည်းလမ်းတွေ ရှာခိုင်းရမယ်..."

ပြီးတော့...

အရင်းအမြစ် တွေ ဘယ်လို ထပ်ရှာမလဲ ဆိုတာကိုလည်း စဉ်းစားရဦးမည်။

နှစ်များစွာ ကုန်လွန်ခဲ့ပြီးနောက်၊ ယခင်မျိုးဆက် လီမိသားစု ဆေးပညာရှင် ချန်ထားခဲ့သော ဝိညာဉ်ကျောက်တုံး အများစုကို ကောင်းကင် အပျက်အစီး ခန်းမ မှ တာအိုဆရာ ရှုယွီထံမှ အင်းကုန်ကြမ်းပစ္စည်းများနှင့် လဲလှယ်လိုက်ပြီ ဖြစ်၏။ သို့သော် စုယွီ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းနှင့် အဆောင်လက်ဖွဲ့ ပညာ လေ့လာမှုများအတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်နေဆဲ ဖြစ်၏။

"ငါ့လက်ထဲမှာ ရှိနေတဲ့ ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးတွေနဲ့ အဆောင်လက်ဖွဲ့ တချို့ကို ရောင်းလိုက်ရင် ကောင်းမလား..."

"ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့တွေရောပေါ့..."

သူ ချန်ခွန်းအိတ်ကို စစ်ဆေးကြည့်လိုက်သည်။

အထဲတွင် ဒုတိယအဆင့် ဆေးလုံး ထောင်ပေါင်းများစွာနှင့် ဒုတိယအဆင့် အဆင့်နိမ့်၊ အလယ်အလတ် အဆောင်လက်ဖွဲ့ ရာပေါင်းများစွာ ရှိနေသည်။ အကယ်၍ အားလုံးကို ထုတ်ရောင်းလိုက်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းချီ ရရှိနိုင်လောက်သည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်နိုင်လျှင်တော့ အကောင်းဆုံးပင်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သူ အလိုအပ်ဆုံးမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်သောကြောင့်ပင်။

နေလမင်း ကျွန်း ..ဂူစံအိမ်မှ ထွက်ခွာပြီးနောက်...

နန်းဆောင်သို့ ပြန်ရောက်သောအခါ၊ ယွီခယ်အာသည် တိမ်တိုက်ကျား သုံးကောင်နှင့်အတူ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ကျားမကြီးသည် စုယွီကို မြင်လိုက်သည်နှင့် ခေါင်းကို ရိုသေစွာ ငုံ့လိုက်ပြီး မလှုပ်မယှက်ဘဲ တီးတိုး.. ဟိန်းသံပြုလိုက်သည်။

သို့သော် ကျန်ရှိနေသော ကျားကြီးနှစ်ကောင်ကမူ စုယွီကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သူ့ထံသို့ ခုန်အုပ်လာကြ၏။

"သွားစမ်း..."

စုယွီ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ပြင်းထန်သော ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ထိုသားရဲများကို နန်းဆောင် အပြင်ဘက်သို့ လွင့်ထွက်သွားစေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျားမကြီးသည် တိတ်ဆိတ်စွာပင် နောက်လှည့်ပြီး ထွက်ခွာသွားလေ၏။

"ဘုန်း..."

နန်းဆောင် တံခါးများ အလိုအလျောက် ပိတ်သွားသည်။ ကောင်းတယ်... ဒီကျားမကြီးက သူ့နေရာသူ သိသားပဲ။

ဒီနေ့ စုယွီ စိတ်ပျော်ရွှင်နေသဖြင့် ယွီခယ်အာ နှင့်အတူ ကျင့်ကြံခြင်း အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ချင်နေသည်။ သို့သော် ယွီခယ်အာ က တီးတိုး.. တားမြစ်လိုက်သည်။

"မလုပ်ပါနဲ့... မိတ်ဆွေလော့ က ဒီရက်ပိုင်း တိုးတက်မှု ကောင်းနေတယ်... တခါတလေ အပြင်ထွက်လာတတ်တယ်..."

ထိုစကားကြောင့် စုယွီ လျှို့ဝှက်ခန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။

‘ စောပါသေးတယ်။’

ထို့ကြောင့် သူတို့နှစ်ဦး အပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး၊ ဥယျာဉ်ဆောင် တစ်ခုတွင် လက်ဖက်ရည် ကျိုသောက်ကြ၏။

နှစ်များစွာ ကြာမြင့်ခဲ့သော်လည်း ယွီခယ်အာ သည် ယခင်ကကဲ့သို့ပင် လှပနေဆဲ။ အချိန်ကာလနှင့်အမျှ ပိုမို ရင့်ကျက်လာပြီး၊ သူမ၏ မိခင်ကဲ့သို့ အထက်တန်းကျကာ တည်ငြိမ်အေးချမ်းသော အလှတရားကို ပိုင်ဆိုင်လာသည်။

ထို့အပြင် စုယွီ တံခါးပိတ်ကျင့်ကြံနေစဉ် ကာလများတွင်၊ ယွီခယ်အာ သည် စုမိသားစု၏ ကိစ္စအဝဝကိုပါ ဝင်ရောက် စီမံခန့်ခွဲပေးခဲ့သည်။

ယွီခယ်အာ ဝင်ရောက်ကူညီပေးမှုကြောင့် စုဖုန်းး၊ စုယွင်နှင့် စုရိုဆုတို့ အတော်လေး သက်သာရာ ရသွားကြ၏။

သူမသည် ယွီမိသားစုတွင် ရှိစဉ်ကတည်းက သားရဲထိန်းကျောင်းခြင်း ခန်းမဆောင် များကို စီမံခန့်ခွဲခဲ့ဖူးသည့် အတွေ့အကြုံရှိသဖြင့်၊ ယခု စုမိသားစုကို စီမံခန့်ခွဲရာတွင်လည်း ထိရောက်မှု ရှိလှသည်။

ယခုအချိန်တွင် ညဉ့်နက်နေပြီ ဖြစ်၏။

လရောင်အောက်တွင် အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ယွီခယ်အာ၏ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းသည် နတ်မိမယ်လေး တစ်ပါးအလား ထင်မှတ်ရသည်။

သူမသည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သတ္တမအဆင့် သို့ ရောက်ရန် သိပ်မလိုတော့ပေ။

ယွီခယ်အာ သည် စုယွီအတွက် ဝိညာဉ်လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း ပြောလေ၏။

"မကြာသေးခင်ကမှ အစ်မ စုဇီ ပြောတယ်... တာအိုဆရာမ ထျဲမုန်ကျူး ရဲ့ ဂိုဏ်းတူညီအစ်မတွေ အကုန်လုံး ယွင်ကျန်းဂိုဏ်း ကနေ ထွက်လာကြပြီတဲ့... တချို့က သူတို့ မိသားစုဆီ ပြန်သွားကြပေမဲ့၊ တချို့ကျတော့ သွားစရာ နေရာမရှိကြဘူးတဲ့..."

"ဒါကြောင့် ငါက အစ်မ စုဇီ ကို ပြောလိုက်တယ်... သူတို့ကို စုမိသားစုဆီ ဖိတ်ခေါ်လိုက်ပါလို့..."

စုယွီ ခေတ္တမျှ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။

"ဘယ်သူလဲ..."

"တာအိုဆရာမ ထျဲမုန်ကျူး လေ... သူက မိဘမဲ့ တစ်ယောက်ပါ..."

"ဂိုဏ်းချုပ် ကုန်းစွန်းယီက ဒီကာလတွေမှာ သူ့ကို အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ပေမဲ့ သူက အမြဲ ငြင်းပယ်ခဲ့တယ်... နောက်ဆုံး သူတို့အားလုံး ယွင်ကျန်းဂိုဏ်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ထိပေါ့..."

"အခုတော့ တာအိုဆရာမ ထျဲမုန်ကျူး က အစ်မ စုဇီ ရဲ့ နန်းဆောင်မှာ ယာယီ တည်းခိုနေတယ်..."

"နောင်တစ်ချိန်ကျရင် မိတ်ဆွေလော့ ပြန်ကောင်းလာပြီး ယွင်ကျန်းဂိုဏ်းကို ပြန်သွားနိုင်တဲ့အခါ၊ သူတို့ ညီအစ်မတွေ ပြန်ဆုံစည်းနိုင်မှာပါ..."

စုယွီ သေချာ စဉ်းစားကြည့်လိုက်သည်။ လော့ချန်ယွီ စုမိသားစုတွင် ရောက်ရှိနေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း မည်သည့် ပြဿနာမှ မဖြစ်ပွားခဲ့ပေ။

နောက်ထပ် မထင်မရှား ဂိုဏ်းသား တစ်ယောက် ဖြစ်တဲ့ ထျဲမုန်ကျူး လောက်ကတော့ ကိစ္စမရှိလောက်ပါဘူးလေ။

"ထားလိုက်ပါတော့... ဒီလိုကိစ္စမျိုးတွေကို မင်းသဘောအတိုင်း ဆုံးဖြတ်ပါ..."

စုယွီ ခေါင်းညိတ်လိုက်သည်။ သူ့ရှေ့တွင် ထိုင်နေသော ယွီခယ်အာ သည် အေးချမ်းသော အပြုံးလေး ပြုံးပြလေ၏။

သူမသည် ဘယ်သောအခါမှ တစ်စုံတစ်ရာကို အတင်းအကျပ် တောင်းဆိုလေ့ မရှိ။

သူတို့နှစ်ဦးကြားရှိ ဤကဲ့သို့ ငြိမ်းချမ်းပြီး တည်ငြိမ်သော ဘဝလေးသည် အလွန် ပြီးပြည့်စုံနေပြီ ဖြစ်၏။

ညဉ့်နက်ပိုင်း ရောက်မှ သူတို့ နန်းဆောင်ထဲသို့ ပြန်ဝင်ခဲ့ကြသည်။

စုယွီသည် အကာအကွယ် အခင်းအကျင်းကို ဖွင့်လိုက်ပြီးနောက်၊ သူတို့နှစ်ဦး ကျင့်ကြံခြင်း တာအိုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြ၏။ ကျင့်ကြံခြင်း လမ်းခရီး၏ နက်နဲသော လျှို့ဝှက်ချက်များနှင့် ကျယ်ပြောလှသော သဘောတရားများကို အတူတူ ရှာဖွေရသည်မှာ နှစ်ဦးစလုံးအတွက် ပျော်ရွှင်စရာ ဖြစ်နေသည်။

ဒုတိယနေ့တွင်...

မိသားစု ခေါင်းဆောင် စုဖုန်းသည် လေးနက်သော မျက်နှာထားဖြင့် ရောက်ရှိလာသည်။ သူသည် ယွီခယ်အာ နှင့် ကိစ္စတစ်ခု ဆွေးနွေးရန် လာခြင်း ဖြစ်သော်လည်း၊ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသော စုယွီကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ စုဖုန်း၏ မျက်နှာထား အနည်းငယ် လျော့ပါးသွားပြီး ပြောလိုက်သည်။

"ယွီအာ... မင်း ထွက်လာတာ ကောင်းတာပေါ့..."

နန်းဆောင်၏ ဘေးခန်းမဆောင်တွင် စုယွီက စုဖုန်းကို ထိုင်ခိုင်းလိုက်ပြီး မေးလိုက်သည်။

"ပြောပါ မိသားစု ခေါင်းဆောင်..."

စုဖုန်းက လက်ကို ဝှေ့ယမ်းကာ ယွီခယ်အာ ကို ထွက်သွားခိုင်းလိုက်ပြီး လေးနက်စွာ ပြောလေ၏။

"အရေးပေါ် ကိစ္စတစ်ခု ရှိတယ်... ချန်မိသားစုက သတင်းစကား ပေးပို့လာတယ်... ဟွမ်မိသားစု က သူတို့ရဲ့ အရင်းအမြစ် နယ်မြေ သုံးခုကို သိမ်းပိုက်လိုက်ပြီတဲ့... သူတို့အားလုံး အနောက်ဘက် ရေစီးမြို့တော်မှာ ပိတ်မိနေကြပြီ... ဒါပေမဲ့ ဟွမ်မိသားစုက အခုထိ ဝင်မတိုက်သေးဘူး..."

သူ စုယွီကို ကြည့်ကာ လေးလံသော လေသံဖြင့် ဆက်ပြောသည်။

"ငါ သံသယရှိတာက... ဟွမ်မိသားစု ပစ်မှတ်ထားနေတာက ချန်မိသားစုကို မဟုတ်ဘူး... ငါတို့ စုမိသားစုကို ဖြစ်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟွမ်မိသားစုက လှုပ်ရှားလာပြီလား..."

ကွမ်လန်တောင်မှ ဟွမ်မိသားစုသည် အခင်းအကျင်း ပညာရပ်တွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။

အကယ်၍ သူတို့သာ ချန်မိသားစုကို အမှန်တကယ် တိုက်ခိုက်မည် ဆိုပါက၊ ချန်မိသားစု၏ ဒုတိယအဆင့် အခင်းအကျင်းများဖြင့် မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။

ဒါဆိုရင် ဘာလို့ ဟွမ်မိသားစုက ဝင်မတိုက်သေးတာလဲ။

ပြီးတော့ ချန်မိသားစုက ဘယ်လိုလုပ်ပြီး စုမိသားစုဆီ အကူအညီတောင်းဖို့ လူလွှတ်နိုင်ခဲ့တာလဲ။

အခြေအနေကို လေးလေးနက်နက် တွေးတောပြီးနောက် စုယွီ မေးလိုက်သည်။

"ကျန်းမိသားစု ရော... ဘာထူးလဲဗျ…”

All Chapters