အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အခန်း (၂၀၈)- တတိယ အလွှာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် လက်ရှစ်ဖက် ဓားလွယ် နှံကောင်ရုပ်သေး ဖန်တီးခြင်း (အပိုင်း ၆)
~စုဖုန်း ခေါင်းခါလိုက်သည်။
"ငါလည်း သေချာတော့ မသိသေးဘူး... ဟွမ်မိသားစု လှုပ်ရှားတာ အရမ်း ရုတ်တရက်ဆန်လွန်းတယ်... ကျန်းမိသားစု ဘက်က လှုပ်ရှားမှု ရှိမရှိ ဆိုတာကိုတော့ မသိရသေးဘူး..."
စုဖုန်းသည် စုယွီဘက်သို့ လှည့်ကြည့်ပြီး တိုးညှင်းသော လေသံဖြင့် မေးလိုက်သည်။
"ငါတို့ ဘယ်လို ကိုင်တွယ်ကြမလဲ..."
စုယွီ၏ မျက်မှောင်များ ပြေလျော့သွားပြီး ပြောလိုက်သည်။
"မိသားစုအနေနဲ့ ဒီကိစ္စကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး... ဆေးလုံးတောင်ကို လုံခြုံအောင် ကာကွယ်ထားနိုင်တာကတင် အောင်မြင်မှုတစ်ခု ဖြစ်နေပြီ..."
"ဟူး..."
ခေတ္တမျှ ကြာပြီးနောက်၊ စုဖုန်း သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး ထွက်ခွာသွားလေ၏။
အမှန်ပါပဲ။
သူတို့ စုမိသားစုသည် ချန်မိသားစုထက် အနည်းငယ်မျှသာ ပိုမို သန်မာရုံ ရှိသေးသည်။ ဒီလိုကိစ္စမျိုးကို သူတို့ ဘယ်လိုလုပ် ဝင်ရောက် စွက်ဖက်နိုင်ပါမည်နည်း။ ကိုယ့်စည်းစိမ် ကိုယ် လုံခြုံအောင် ကာကွယ်ဖို့တောင် မနည်း ရုန်းကန်နေရသည် မဟုတ်ပါလော။
စုဖုန်း ထွက်သွားပြီးနောက်၊ ယွီခယ်အာ က ပြောလေ၏။
"ငါတို့ တိတ်တဆိတ် သွားကြည့်ကြမလား... မိတ်ဆွေချန် ဆုံးပါးသွားတာ နှစ်တွေ ကြာခဲ့ပြီ ဆိုပေမဲ့... ဘာပဲပြောပြော ချန်မိသားစုက သူ့ရဲ့ သွေးရင်းသားရင်းတွေပဲလေ..."
(မိတ်ဆွေချန်- ချန်စီစီကို ပြောတာပါ။)
စုယွီက ခေါင်းအနည်းငယ် ခါယမ်းကာ ငြင်းဆန်လိုက်သည်။
ထိုနေ့ ညနေခင်းတွင်...
ရိပ်ခနဲ လှုပ်ရှားသွားသော ပုံရိပ်တစ်ခုသည် စုမိသားစု၏ ကာကွယ်ရေး အခင်းအကျင်း အောက်ခြေမှတဆင့် တိတ်တဆိတ် ထွက်ခွာသွားပြီး ဆေးလုံးတောင်မှ ဝေးရာသို့ ဦးတည်သွားလေ၏။ အတော်လေး ဝေးကွာသော နေရာရောက်မှသာ ပျံသန်းသော သားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီး၊ ၎င်းကို စီးနင်းကာ အရှေ့ဘက် အရပ်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။
နာရီအနည်းငယ် အတွင်းမှာပင် ချန်မိသားစု၏ အနောက်ဘက် ရေစီးမြို့တော်အား လှမ်းမြင်လိုက်ရသည်။
တာအိုခန္ဓာ ရုပ်သေးသည် အမွှေးနက် သိမ်းငှက်ကို သားရဲထိန်းအိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံမှ ပျောက်ကွယ်သွားပြီး အောက်ဘက်ရှိ သစ်တောအုပ် ထူထပ်သော နေရာသို့ ဆင်းသက်လိုက်သည်။ ထို့နောက် နှစ်ပေခန့်သာရှိသော 'လက်ရှစ်ဖက် ပုစဉ်းရင်ကွဲ' ပုံသဏ္ဍာန်သို့ ပြောင်းလဲလိုက်ပြီး၊ အနောက်ဘက် ရေစီးမြို့တော်ဆီသို့ တိုးလျှိုး ချဉ်းကပ်သွားလေ၏။
နောက်တစ်နေ့တွင်...
အရုဏ်ဦး အလင်းရောင် ဖြာကျလာသည်နှင့်အမျှ၊ သစ်တောတစ်ခုလုံးကို ထူထဲသော မြူခိုးများ လွှမ်းခြုံထားပြီး၊ အစိမ်းရောင် သစ်ရွက်များပေါ်တွင် နှင်းစက်များ တွဲခိုနေကြ၏။ ငှက်ကလေးများ၏ တေးသီသံများ ပဲ့တင်ထပ်နေသော်လည်း၊ မြူခိုးများကြားသို့ လမ်းမှား ဝင်ရောက်သွားသော တောကောင်ငယ်လေးများမှာမူ ပြန်လမ်းမရှိ ပျောက်ကွယ်သွားကြရရှာသည်။
အနောက်ဘက် ရေစီးမြို့တော်မှ မိုင်ပေါင်းများစွာ ဝေးကွာသော ဤတောင်ကြားတွင်၊ မြူခိုး အခင်းအကျင်းတစ်ခုသည် ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားပြီး၊ ၎င်း၏ အတွင်း၌ မှော်လက်နက် နန်းတော် တစ်ခု တည်ရှိနေသည်။
ချန်ပိုင်လိုင်သည် ကျင့်ကြံခြင်းမှ နိုးထလာပြီး နန်းတော် အပြင်ဘက်သို့ ထွက်လာသည်။ အပြင်ဘက်တွင် ယွင်ကျန်းဂိုဏ်း မှ အတွင်းစည်း ဂိုဏ်းသား အချို့သည် စောစီးစွာ နိုးထနေကြပြီး ကျင့်ကြံနေကြ၏။
ချန်ပိုင်လိုင်၏ ပုကွကွနှင့် အရုပ်ဆိုးသော ပုံပန်းသဏ္ဍာန် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ သူတို့အားလုံး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မတ်တတ်ရပ်လိုက်ကြ၏။
"ဂိုဏ်းတူအစ်ကိုကြီး ချန်..."
"အစ်ကိုကြီး..."
ချန်ပိုင်လိုင် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး မေးလိုက်သည်။
"အပြင်ဘက် အခြေအနေ ဘယ်လိုလဲ..."
အနည်းငယ် ၀ဖြိုးသော ဂိုဏ်းသားတစ်ဦးက ရိုသေစွာ ဖြေကြားလေ၏။
"ဘာသတင်းမှ မထူးသေးပါဘူး... ဟွမ်မိသားစုက အနောက်ဘက် ရေစီးမြို့တော် အပြင်ဘက်မှာ 'သဲလွှာတစ်ထောင် အခင်းအကျင်း' ကို ခင်းကျင်းထားပါတယ်... အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် တစ်ပါး ပေါ်မလာသရွေ့၊ ဘယ်သူမှ ဟွမ်မိသားစုရဲ့ သတ်ဖြတ်ခြင်း အခင်းအကျင်းထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး..."
ချန်ပိုင်လိုင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"သူတို့ကို လျှော့မတွက်နဲ့... စုယွီက အခုဆိုရင် ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ဆရာ ဖြစ်နေပြီ... ဒီအခင်းအကျင်းကို ဖျက်ဆီးဖို့အတွက် ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့တွေကို သူ သေချာပေါက် ရေးဆွဲနိုင်စွမ်း ရှိတယ်..."
"ဒါ့အပြင် ယွီခယ်အာ ကလည်း ဒုတိယအဆင့် ထိပ်တန်း သားရဲထိန်းကျောင်းသူ တစ်ယောက် ဖြစ်နေသလို၊ စုဇီ ၊ ထျဲမုန်ကျူး တို့လို လူတွေလည်း ရှိနေသေးတယ်... စုမိသားစုက လုံးဝ အားနည်းတဲ့ အဖွဲ့အစည်း မဟုတ်ဘူး..."
ဝဖြိုးသော ဂိုဏ်းသားနှင့် အခြား ဂိုဏ်းသားများ အလျင်အမြန်ပင် မြှောက်ပင့် ပြောဆိုလိုက်ကြ၏။
"ဟုတ်ကဲ့... ဟုတ်ကဲ့... အစ်ကိုကြီးရဲ့ တွေးခေါ်မြော်မြင်မှုက တကယ်ကို ပြည့်စုံလွန်းပါတယ်... ကျွန်တော်တို့ လေးစားပါတယ်..."
ခေတ္တမျှ ကြာပြီးနောက်၊ ဝဖြိုးသော ဂိုဏ်းသားက တွန့်ဆုတ်စွာဖြင့် တီးတိုး.. မေးလိုက်သည်။
"အစ်ကိုကြီး... စုမိသားစုက တကယ်ပဲ ပေါ်လာပါ့မလား... အခု သူတို့မှာ လော့ချန်ယွီ ရဲ့ ကျောထောက်နောက်ခံလည်း မရှိတော့ဘူးလေ... ဒီနှစ်ပိုင်းတွေမှာ သူတို့ တော်တော်လေး ငြိမ်ကုပ်နေခဲ့ကြတာ... သူများကိစ္စကို ဝင်ပါရဲပါ့မလား..."
"ကျွန်တော့်အမြင်တော့... ဂိုဏ်းချုပ်ကို တိုက်ရိုက် အမိန့်ထုတ်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား..."
ချန်ပိုင်လိုင် သူ့ကို စူးစူးရဲရဲ ကြည့်လိုက်ရာ၊ ဝဖြိုးသော ဂိုဏ်းသား ချက်ချင်း ပါးစပ်ပိတ်သွားပြီး ခေါင်းငုံ့ကာ ငြိမ်သက်သွားသည်။
ချန်ပိုင်လိုင် ပြောလိုက်၏။
"တကယ်လို့ သူတို့ကို ဖြေရှင်းရတာ အဲ့ဒီလောက် လွယ်ကူနေရင်၊ ငါတို့ ဘာလို့ ကိုယ်တိုင် လှုပ်ရှားစရာ လိုမလဲ..."
"သွား... အနောက်ဘက် ရေစီးမြို့တော်ကို စောင့်ကြည့်ထား... သတင်းထူးရင် ချက်ချင်း လာပြော..."
ထိုမိုက်မဲသော ဂိုဏ်းသားများကို မောင်းထုတ်လိုက်ပြီးနောက်၊ ချန်ပိုင်လိုင် ဆေးလုံးတောင် ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ့မျက်နှာထားသည် ပုပ်သိုးသွားသည်။ တာ့ယွဲ့ ဈေးကွက် တွင် ခံစားခဲ့ရသော အရှက်တရားနှင့် သွေးကြွေးများကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။
ယွင်ကျန်းဂိုဏ်း အနေဖြင့် စုမိသားစုကို တိုက်ရိုက် ဝင်ရောက် စွက်ဖက်၍ မရပေ။ တာ့ယွဲ့နန်းတော် မှ တာအိုဆရာ ရှုဟိုင် နှင့် ကောင်းကင်အပျက်အစီး ခန်းမမှ တာအိုဆရာ ရှုယွီတို့နှင့် ဆက်ဆံရေးကို အတိုင်းအတာ တစ်ခုအထိ ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
သို့သော် အကယ်၍ စုမိသားစုကသာ သူတို့ကိစ္စကို ဝင်ရောက် စွက်ဖက်လာခဲ့လျှင်၊ အခြေအနေက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
ဒါဆိုရင် စုမိသားစုက ပြဿနာကို ကိုယ်တိုင် ရှာဖွေလိုက်တာပဲ ဖြစ်သွားမည်။ ထိုအခါကျမှ သူတို့ဘက်က စုမိသားစုကို တုံ့ပြန်တိုက်ခိုက်လျှင် မည်သူကမျှ ဘာမှ ပြောနိုင်တော့မည် မဟုတ်ပေ။
ဒါပေမဲ့ စောနက ဂိုဏ်းသား ပြောသလိုမျိုး... စုမိသားစုက တကယ်ပဲ ဝင်မပါဘဲ ရှောင်နေခဲ့ရင်ရော...
ချန်ပိုင်လိုင်၏ မျက်ဝန်းများသည် ပိုမို အုံ့မှိုင်းသွားသည်။ အကြိမ်ကြိမ် အထပ်ထပ် စဉ်းစားပြီးနောက်၊ သူ့အကြည့်က ဟွမ်မိသားစု အပေါ်သို့ ရောက်ရှိသွားသည်။
"တကယ်လို့ အဲ့ဒီအဆင့်ထိ ရောက်လာရင်တော့... ငါတို့ ခေါင်းစဉ်တပ်စရာ ဓားစာခံ တစ်ကောင် ရှာရတော့မှာပေါ့..."
သို့သော်...
ချန်ပိုင်လိုင် ယွီမိသားစု ကို စဉ်းစားမိလိုက်သော်လည်း၊ ယွီမိသားစု၏ အင်အားနှင့် ရေတွက်၍ မရနိုင်သော ထိန်းချုပ်ထားသည့် သားရဲကောင်ရေကို တွေးမိသောအခါ ထိုအကြံကို ဖျက်သိမ်းလိုက်သည်။ ယွီမိသားစုသည် ကိုင်တွယ်ရ လွယ်ကူသည် မဟုတ်။ ယခုအချိန်သည် ယွီမိသားစုနှင့် ပြဿနာဖြစ်ရမည့် အချိန် မဟုတ်ပေ။
ယွီမိသားစု ဘိုးဘေးကြီး ကိုယ်တိုင် ဝင်မပါရင်တောင်မှ၊ ယွီမိသားစုသည် ကျောက်မည်းတောင် ကို ထိန်းချုပ်ထားသရွေ့ သူတို့ကို ဖြိုခွင်းနိုင်စွမ်း ရှိမည် မဟုတ်။
ဒါကြောင့် တခြား ဓားစာခံ တစ်ကောင် ရှာရပေမည်။
"ဟွမ်မိသားစု... ဟွန်း... သူတို့က တော်တော်လေး ရည်မှန်းချက်ကြီးတာပဲ..."
ချန်ပိုင်လိုင်သည် မကြာသေးမီက ထွက်ပေါ်နေသော ဟွမ်မိသားစု အကြောင်း ကောလာဟလများကို သတိရလိုက်ပြီး၊ သူ့မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
ဟွမ်မိသားစုမှ ဟွမ်ရှန်းယီ သည် မကြာသေးမီက ရဲရင့်သော ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ သူမသည် ကျန်းမိသားစုကို စွန့်ပယ်ပြီး၊ မိစ္ဆာဂိုဏ်းမှ တာအိုဆရာ ရှုဟိုင် ဘက်သို့ ကူးပြောင်းကာ၊ လိုအပ်လျှင် ကိုယ်လုပ်တော်အဖြစ်ပင် နေထိုင်သွားမည်ဟု ဆိုခဲ့သည်။
သူမ အောင်မြင်၊ မအောင်မြင် ဆိုသည်ကိုတော့ သတင်းမကြားရသေးပေ။ သို့သော် အနည်းဆုံးတော့ ဟွမ်ရှန်းယီသည် မိစ္ဆာဂိုဏ်း၏ မှောင်ခိုဈေးကွက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သို့သော် ချန်ပိုင်လိုင်၏ အမြင်တွင်တော့ ဟွမ်ရှန်းယီ၏ မရေရာသော ဂုဏ်သတင်းကြောင့်၊ သူတို့ အိမ်မက်မက်နေကြခြင်းသာ ဖြစ်လိမ့်မည်။
ချန်ပိုင်လိုင်သည် သတင်းစောင့်ရန် မှော်လက်နက် နန်းတော်ထဲတွင် ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်အတောအတွင်း...
တာအိုခန္ဓာ ရုပ်သေး တစ်ကောင်သည် အနောက်ဘက် ရေစီးမြို့တော်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေသည်။ အနီးသို့ ရောက်သည်နှင့် ရပ်တန့်လိုက်သည်။ ရှေ့မှ ကောင်းကင်နှင့် မြေကြီး အခြေအနေမှာ တစ်ခုခု မှားယွင်းနေသည်။
"အခင်းအကျင်း တစ်ခု ရှိနေတယ်... ပြီးတော့ ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်း ဖြစ်နေတယ်..."
သူ လမ်းကြောင်းပြောင်းပြီး ကွေ့သွားသော်လည်း၊ မကြာမီ တဖန် ရပ်တန့်လိုက်ရပြန်သည်။
ရှေ့နားတွင် တစ်စုံတစ်ရာ ပုံမှန် မဟုတ်သလို ခံစားရသည်။
သူ ချုံပုတ်များကြားတွင် ဝပ်လိုက်ပြီး၊ ဧရိယာတစ်ခုလုံးကို စောင့်ကြည့်ရင်း သစ်တောထူထပ်သော နေရာမှတဆင့် တိတ်တဆိတ် ချဉ်းကပ်သွားသည်။
"အသက်ရှူသံ ထိန်းချုပ်ခြင်း အခင်းအကျင်းလား... ဖုံးကွယ်ခြင်း အခင်းအကျင်းလား... ဒါဆို ဟွမ်မိသားစုဝင်တွေ အဲ့ဒီမှာ ပုန်းနေကြတာ ဖြစ်နိုင်တယ်..."
အနီးရှိ သစ်တောအုပ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားပြီးနောက်၊ တာအိုခန္ဓာ ရုပ်သေးသည် ကျောက်တုံးအက်ကွဲကြောင်း တစ်ခုကြားတွင် ပုန်းအောင်းလိုက်သည်။
"ဒီအခင်းအကျင်းက... သေချာပေါက် ထောင်ချောက်ပဲ..."
တာအိုခန္ဓာ ရုပ်သေး၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ တစ်ချက် လက်သွားပြီး မဟာဗျူဟာ တစ်ခုကို စဉ်းစားလိုက်သည်။
"ဟွမ်မိသားစုက ဘာလို့ ရုတ်တရက်ကြီး ချန်မိသားစုကို တိုက်ခိုက်ရတာလဲ... ပြီးတော့ ဘာလို့ စုမိသားစုကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေရတာလဲ..."
"ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ်ဘက်က လူတွေများလား... တကယ့် လောဘကောင်တွေပဲ..."
တာအိုခန္ဓာ ရုပ်သေး အသက်ပြင်းပြင်း ရှူလိုက်သည်။ ကျင့်ကြံခြင်း အသစ်ပြန်စရန် တံခါးပိတ် ကျင့်ကြံနေသော လော့ချန်ယွီကို သတိရလိုက်မိသည်။ သူမ အဆင်သင့် ဖြစ်ဖို့ အချိန်အတိုင်းအတာ တစ်ခု စောင့်ရဦးမည်။
အကယ်၍ လော့ချန်ယွီသာ အမြုတေဖွဲ့စည်းခြင်းအဆင့် သို့ ရောက်ရှိပြီး ယွင်ကျန်းဂိုဏ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့လျှင်၊ ယွင်ကျန်းဂိုဏ်းရှိ လူအားလုံးသည် လူပြက်များသာ ဖြစ်သွားပေလိမ့်မည်။
ကောင်းကင်နှင့် မြေကြီး ပိုက်ကွန်သဖွယ် ဖြစ်နေသော အနောက်ဘက် ရေစီးမြို့တော်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ ကျောက်တုံးအက်ကွဲကြောင်းထဲမှ လျင်မြန်စွာ ထွက်ခွာကာ ကွမ်လန်တောင် ဆီသို့ ဦးတည်သွားလိုက်သည်။
မင်းတို့အားလုံးက ခြုံခိုတိုက်ခိုက်ရတာ ဒီလောက်ကြိုက်နေမှတော့... မင်းတို့အိမ်ကို ဘယ်သူ စောင့်ရှောက်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့...။
နှစ်ရက် ကြာပြီးနောက်...
ပျံသန်းသော သားရဲတစ်ကောင်ကို စီးနင်းထားသော ဟွမ်မိသားစုဝင် တစ်ဦးသည် အနောက်ဘက် ရေစီးမြို့တော် အပြင်ဘက်သို့ ရောက်ရှိလာပြီး၊ ထိတ်လန့်တကြား အော်ဟစ်လေ၏။
"ပထမ အကြီးအကဲ... ဒုတိယ အကြီးအကဲ... တတိယ အကြီးအကဲ... မိသားစုခေါင်းဆောင်က အကြီးအကဲ အားလုံးကို အိမ်ပြန်လာဖို့ အမိန့်ပေးလိုက်ပါတယ်... ကွမ်လန်တောင် အပြင်ဘက်မှာ ကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲ 'လက်နှစ်ဖက် ပုစဉ်းရင်ကွဲ' ပေါ်လာပါတယ်... ပဉ္စမ အကြီးအကဲက အသတ်ခံလိုက်ရပါပြီ... တခြားလူ အများကြီးလည်း ခေါင်းဖြတ် အသတ်ခံလိုက်ရပါတယ်... ဘိုးဘေးကြီးနဲ့ မိသားစုခေါင်းဆောင်တောင်မှ ပူးပေါင်းတိုက်ခိုက်တာတောင် ဒဏ်ရာအပြင်းအထန် ရပြီး မနည်း လွတ်မြောက်ခဲ့ရတာပါ..."
"ကျွန်တော်တို့ ဒီမှာ စုမိသားစုကို ဆက်ပြီး ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေလို့ မရတော့ပါဘူး... အဲ့ဒီ မိစ္ဆာသားရဲကို ရှင်းပစ်ဖို့ အမြန်ဆုံး ပြန်မှ ဖြစ်ပါမယ်..."
ဖုံးကွယ်ခြင်း အခင်းအကျင်း အတွင်း၌ ရှိနေသော ဟွမ်မိသားစုဝင်များ၏ မျက်နှာများသည် ဤသတင်းကို ကြားလိုက်ရသည်နှင့် ချက်ချင်း ပြောင်းလဲသွားကြ၏။
"ကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲ ဟုတ်လား..."
"ပဉ္စမ အကြီးအကဲ သေပြီလား..."
"လက်နှစ်ဖက် ပုစဉ်းရင်ကွဲ..."
မိစ္ဆာဂိုဏ်း ၏ မှောင်ခိုဈေးကွက်တွင် ဖြစ်ပွားခဲ့သော သားရဲ ဒီရေလှိုင်းကြီးကို ကြုံတွေ့ခဲ့ရဖူးသူများ အားလုံး မျက်နှာ သွေးရောင် ဖျော့သွားကြ၏။ တတိယအဆင့် အဆင့်နိမ့် လက်နှစ်ဖက် ပုစဉ်းရင်ကွဲ မိစ္ဆာသားရဲကြီး သောင်းကျန်းခဲ့သော မြင်ကွင်းသည် သူတို့၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပြန်လည် ပေါ်လာသည်။
တစ်ဝက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို မျက်တောင်တစ်ခတ် အတွင်းမှာ သတ်ဖြတ်ပစ်ခဲ့တာလေ။
ဘေးနားမှာ ရှိနေတဲ့ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာတောင် အသက်မရှင်ခဲ့ဘူး။
တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။
အခု ဟွမ်မိသားစု အိမ်တော် အပြင်ဘက်မှာ နောက်ထပ် လက်နှစ်ဖက် ပုစဉ်းရင်ကွဲ တစ်ကောင် ထပ်ပေါ်လာတာလား။
ဟွမ်မိသားစု ပထမအကြီးအကဲ၏ မျက်လုံးများထဲတွင် လူသတ်လိုသော အရိပ်အယောင်များ တစ်ချက် လက်သွားသည်။ မိစ္ဆာသားရဲ ဟု ကြားလိုက်ရသည်နှင့် သူ ဒေါသတကြီး မေးလိုက်သည်။
"ယွီမိသားစု လက်ချက်လား..."
သို့သော် သတင်းလာပို့သူက ခေါင်းကို တွင်တွင်ခါရင်း ပြောသည်။
"အဲ့ဒါကို မသေချာသေးပါဘူး... မိစ္ဆာသားရဲက ကျွန်တော်တို့ နေအိမ်ကို ပိတ်ဆို့ထားပြီး အပြင်ထွက် စုံစမ်းလို့ မရအောင် လုပ်ထားပါတယ်... ကျွန်တော် အပြင်ထွက်နိုင်ဖို့တောင် လူအများကြီး အသေခံခဲ့ရတာပါ..."
ဟွမ်မိသားစု ပထမအကြီးအကဲ အံကိုကြိတ်လိုက်ပြီး အနောက်ဘက် ရေစီးမြို့တော်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ ထို့နောက် အခင်းအကျင်း အလံများ အားလုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး ကြေညာလိုက်သည်။
"သွားကြစမ်း... အိမ်ကို ချက်ချင်း ပြန်မယ်..."
သူသည် သဲလွှာတစ်ထောင် အခင်းအကျင်း အလံတစ်စုံကို သိမ်းဆည်းလိုက်ပြီး၊ လှေပျံတစ်စင်းကို ထုတ်ယူကာ လူအားလုံးနှင့်အတူ ကွမ်လန်တောင် သို့ ပြန်လည် ထွက်ခွာသွားလေ၏။
ထိုအချိန်အတောအတွင်း...
တာအိုခန္ဓာ ရုပ်သေးသည် ကွမ်လန်တောင်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော တောင်ထိပ်တစ်ခုပေါ်တွင် ပုန်းအောင်းနေသည်။ သက်မဲ့ပစ္စည်းတစ်ခုအလား မြေကြီးအောက်တွင် ဖုံးကွယ်ထားပြီး၊ သားကောင်များ ပြန်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေ၏။
ဟွမ်မိသားစုကို အမြစ်ပြတ် သုတ်သင်ပစ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် မရှိသော်လည်း၊ ဟွမ်မိသားစု အနေဖြင့် မထိပါးသင့်သော ပြဿနာတစ်ခုကို သွားရောက် ထိပါးမိပြီ ဆိုတာကိုတော့ သိသွားအောင် လုပ်နိုင်သည်ဟု သူ သေချာသည်။
ဟွမ်မိသားစု... မင်းတို့က လော့ပန်း တို့၊ ပိုင်ယန် မိစ္ဆာလမ်းစဉ် တို့လို ခြေဗလာနဲ့ လျှောက်သွားနေတဲ့ မိစ္ဆာကောင်တွေ မဟုတ်ဘူးလေ။
ဘယ်အရာမဆို လုပ်ရင်... ပေးဆပ်ရမယ့် တန်ကြေးဆိုတာ ရှိစမြဲပဲ...။
အခန်း (၂၀၉)- အံ့မခန်း ခွန်အားနှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးကို ရှာဖွေခြင်း
~နောက်တစ်နေ့တွင် နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းထက်သို့ ခုန်ပျံတက်လာပြီး၊ ၎င်း၏ တောက်ပသော အလင်းရောင်များသည် မြူနှင်းများကို ဖောက်ထွင်းကာ သစ်တောအုပ် ထူထပ်သော နေရာသို့ ကျရောက်လာလေ၏။ မြေပြင်တစ်ခုလုံးကို မြူခိုးများ ဝိုးတဝါး ရစ်ပတ်လွှမ်းခြုံထား၏။
"ရွှီ..."
အလင်းရောင်များ တောက်ပနေသော လှေပျံတစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းလာသည်။
၎င်း၏ ကာကွယ်ရေး အခင်းအကျင်းကို ဖွင့်ထားပြီး အလွန်မြင့်မားသော အမြင့်တွင် ပျံသန်းနေကာ၊ မဝေးတော့သော ကွမ်လန်တောင်ဆီသို့ မြားတစ်စင်းအလား ဦးတည်သွားနေခြင်း ဖြစ်၏။
လှေပျံပေါ်တွင်...
ကွမ်လန်တောင် ဟွမ်မိသားစု၏ ပထမ၊ ဒုတိယ နှင့် တတိယ အကြီးအကဲတို့သည် လှေဦးပိုင်းတွင် ရပ်နေကြ၏။ သူတို့၏ မျက်မှောင်များ တွန့်ချိုးနေပြီး မျက်နှာထားများမှာ သတိကြီးစွာထားနေရသည့် ပုံစံဖြင့် အောက်ဘက်ရှိ မြေပြင်ကို စောင့်ကြည့်နေကြ၏။ သူတို့၏ ဝိညာဉ်အာရုံ ဖြင့် အသက်ရှူသံတိုင်းတွင် အောက်ဘက်ရှိ သစ်တောများနှင့် တောင်ကြားများကို အသေးစိတ် ဇကာစစ် ရှာဖွေနေကြခြင်း ဖြစ်၏။
ကွမ်လန်တောင် နှင့် နီးကပ်လာလေလေ၊ သူတို့၏ စိတ်အာရုံ စူးစိုက်မှုနှင့် စိုးရိမ်ပူပန်မှုတို့က ပိုမို မြင့်တက်လာလေလေ ဖြစ်၏။
သူတို့အားလုံးသည် တာ့ယွဲ့ မှောင်ခိုဈေးကွက်တွင် ဖြစ်ပွားခဲ့သော သားရဲ ဒီရေလှိုင်းကြီးမှ အသက်ရှင် လွတ်မြောက်လာခဲ့သူများ ဖြစ်ကြ၏။ ထိုစဉ်က တတိယအဆင့် အဆင့်နိမ့် 'လက်ရှစ်ဖက် ဓားသွား နှံကောင်' တစ်ကောင်သည် ရေတွက်၍ မရနိုင်သော လူအများကို သတ်ဖြတ်ပြီး ခေါင်းပြတ်များ ဘောလုံးလို လိမ့်နေအောင် လုပ်ဆောင်ခဲ့သည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ယခု သူတို့၏ အိမ်တံခါးဝတွင် ပေါ်လာသော လက်ရှစ်ဖက် ဓားသွား နှံကောင် သည်လည်း ထိုစဉ်ကကဲ့သို့ပင် ခြိမ်းခြောက်မှု ပေးနေလေ၏။
သူတို့၏ ဘိုးဘေးကြီး နှင့် မိသားစုခေါင်းဆောင်တို့ ပူးပေါင်းတိုက်ခိုက်တာတောင်မှ ဤသားရဲကို ယှဉ်ပြိုင်နိုင်ရန် မလုံလောက်လုနီးပါး ဖြစ်ခဲ့ရသည်။
ဤသတ္တဝါ မည်မျှ အင်အား ပြင်းကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
"အဲ့ဒီကောင် ဘယ်နားရောက်နေလဲ ရှာတွေ့ပြီလား..."
"ပြီးတော့... လူတွေရဲ့ ခြေရာလက်ရာရော တွေ့မိလား... တစ်ယောက်ယောက်က ဒီသားရဲကို ထိန်းချုပ်ပြီး ငါတို့လူတွေကို တိုက်ခိုက်ခိုင်းနေတာများလား..."
ဟွမ်မိသားစု ပထမအကြီးအကဲသည် ဝိညာဉ်အာရုံဖြင့် မည်သည့် သဲလွန်စမျှ ရှာမတွေ့သဖြင့် ပိုမို စိတ်မသက်မသာ ဖြစ်လာပြီး ဒေါသစိတ်များ ဝင်လာသည်။
တစ်ခုခုတော့ မှားနေပြီ... တစ်ခုခုတော့ လွဲနေပြီ... အဲ့ဒီကောင် ဘယ်ရောက်သွားတာလဲ။
"ဘာ အရိပ်အယောင်မှ မတွေ့ဘူး..."
"သူတို့ ထွက်ပြေးသွားတာများလား..."
ဒုတိယနှင့် တတိယ အကြီးအကဲတို့သည် အချင်းချင်း တီးတိုး တိုင်ပင်လိုက်ကြ၏။ ဒုတိယအကြီးအကဲ၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေပြီး၊ တတိယအကြီးအကဲကမူ တွန့်ဆုတ်စွာဖြင့် သုံးသပ်နေသည်။
ဟွမ်မိသားစု ပထမအကြီးအကဲသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ သူ၏ မျက်နှာထား လေးနက်နေပြီး အောက်ဘက် မြေပြင်ကို စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့်မှန်း အတိအကျ မပြောနိုင်သော်လည်း၊ သူ့ရင်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေပြီး အနည်းငယ် ထိတ်လန့်လာမိသည်။
"ငါတို့ မိသားစု နယ်မြေထဲ ရောက်တော့မယ်... ရောက်မှပဲ ဆက်ဆွေးနွေးကြတာပေါ့..."
ပထမအကြီးအကဲက တင်းမာသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ရွှီ..."
လှေပျံသည် လေထုကို ခွင်းလျက် ဒုတိယအဆင့် အထက်တန်းစား သားရဲတစ်ကောင်၏ ပျံသန်းနှုန်းနှင့် ညီမျှသော အရှိန်ဖြင့် ကွမ်လန်တောင် ဆီသို့ တိုးဝင်သွားလေ၏။
သို့သော် သူတို့ သတိမထားမိလိုက်သည်မှာ... ရှေ့ ကီလိုမီတာ အနည်းငယ်အကွာ တိမ်တိုက်များကြားတွင်၊ တစ်မီတာကျော် အရွယ်အစားရှိသော ကြောက်မက်ဖွယ်ရာ 'လက်ရှစ်ဖက် ဓားသွား နှံကောင် ရုပ်သေး'သည် ပုန်းကွယ် စောင့်ဆိုင်းနေကြောင်းပင်။ ၎င်းသည် အဆင့်မြင့် ကိုယ်ပျောက်အဆောင်လက်ဖွဲ့၊ အရှိန်အဝါဖုံးကွယ် အဆောင်လက်ဖွဲ့ နှင့် ပျံသန်းခြင်း အဆောင်လက်ဖွဲ့တို့ကို တပ်ဆင်ထားလေ၏။
လှေပျံ၏ အပြင်ဘက်ကို လွှမ်းခြုံထားသော ဒုတိယအဆင့် အထက်တန်းစား ကာကွယ်ရေး အခင်းအကျင်းကို ကြည့်ရင်း၊ ရုပ်သေးသည် တိတ်တဆိတ် ရေတွက်လိုက်သည်။
"ငါး..."
"လေး..."
"သုံး..."
"နှစ်..."
"တစ်..."
လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လှေပျံသည် ကောင်းကင်ယံကို ဖြတ်သန်းလာပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှေ့ရှိ တိမ်တိုက်ထဲသို့ တိုးဝင်လာတော့သည်။
နောက်တစ်ခဏတွင်...
"ဝုန်း..."
ရုတ်တရက် အဆောင်လက်ဖွဲ့ အလင်းတန်း နှစ်ခုသည် တိမ်တိုက်များကြားမှ ပစ်ခတ်ထွက်ပေါ်လာပြီး လှေပျံ၏ ကာကွယ်ရေး အလွှာပေါ်သို့ ကျရောက်သွားသည်။ ဒုတိယအဆင့် ထိပ်တန်း 'အခင်းအကျင်း ဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့'နှစ်ရွက်၏ ထူးခြားသော စွမ်းအားကြောင့် ဟွမ်မိသားစု အကြီးအကဲ သုံးဦး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြ၏။
"ဒုန်း..."
အဆောင်လက်ဖွဲ့ နှစ်ရွက် ပေါက်ကွဲသွားသည်နှင့် တပြိုင်နက်၊ လှေပျံ၏ ကာကွယ်ရေး အလွှာတွင် အပေါက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး အခင်းအကျင်း ဗဟိုချက်များ အများအပြား ပျက်စီးကုန်သည်။
ထိုအဖြစ်အပျက် ပြီးပြီးချင်းမှာပင်၊ သူတို့၏ မွေးညှင်းပေါက်များကို ထောင်ထသွားစေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု တိမ်တိုက်များကြားမှ ပေါက်ကွဲထွက်ပေါ်လာလေ၏။
ခြုံခိုတိုက်ခိုက်တာလား... အဲ့ဒီ လက်ရှစ်ဖက် ဓားသွား နှံကောင် က ခြုံခိုတိုက်ခိုက်ဖို့တောင် အစီအစဉ်ဆွဲတတ်နေတာလား...။
ဟွမ်မိသားစု ပထမအကြီးအကဲ ထိတ်လန့်တကြား ဖြစ်သွားပြီး မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ သူ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
"သတိထားကြ..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် အခင်းအကျင်း အလံများ သူ့ဘေးတွင် ပေါ်လာသည်။ အသက်ရှူချိန် တစ်ဝက်လောက်သာ အချိန်ရမယ်ဆိုရင်၊ သူ ကာကွယ်ရေး အခင်းအကျင်းတစ်ခု ခင်းကျင်းနိုင်ပေလိမ့်မည်။
သို့သော် တိမ်တိုက်ထဲတွင် ရှိနေသော သတ္တဝါသည် သာမန် ဒုတိယအဆင့် သားရဲ မဟုတ်ပေ။
၎င်းသည် တတိယအဆင့် အဆင့်နိမ့် ဓားသွား ပုစဉ်းရင်ကွဲ၏ ပစ္စည်းများကို အမြုတေအဖြစ် အသုံးပြု ဖန်တီးထားသော ဒုတိယအဆင့် ထိပ်တန်း ရုပ်သေးသားရဲ 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ဖြစ်ပေသည်။
အမြန်နှုန်းနှင့် သတ်ဖြတ်ခြင်း အတွက် နာမည်ကျော်ကြားလှသော သတ္တဝါပင်။
ဟွမ်မိသားစု ပထမအကြီးအကဲ အခင်းအကျင်း အလံများကို ထုတ်လိုက်သည့် ခဏ၌ပင်၊ မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းတစ်ခု သူ့မြင်ကွင်းကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်ယံတွင် ဓားသွားအရိပ်များ ပြည့်နှက်သွားပြီး၊ ဒုတိယနှင့် တတိယ အကြီးအကဲတို့၏ ခေါင်းများ လေထဲသို့ လွင့်စင်သွားသည်ကို သူ 'မြင်' လိုက်ရသည်။
ခေါင်းမရှိတော့သော ခန္ဓာကိုယ်နှစ်ခုမှ သွေးပူများ ပန်းထွက်လာသည်။ ထိုအချိန်ရောက်မှသာ ဟွမ်မိသားစု ပထမအကြီးအကဲသည် တိုက်ခိုက်သူအစစ်ကို မြင်လိုက်ရသည်။
တစ်မီတာကျော် အရွယ်အစားရှိပြီး၊ ကြောက်မက်ဖွယ် ရုပ်ဆင်းသွင်ပြင်နှင့် အန္တရာယ်ရှိသော ဓားသွားလက်တံ ရှစ်ချောင်း ပါရှိသည့် သတ္တဝါဆိုးကြီး...။
"ရွှပ်..."
သူ့ခေါင်းလည်း လေထဲသို့ လွင့်စဉ်သွားလေ၏။
ခေါင်းပြတ်မထွက်သွားမီ ခဏလေးအတွင်းမှာပင်၊ လက်ရှစ်ဖက် ဓားသွား နှံကောင်၏ ဓားသွားလက်တံ တစ်ချောင်းပေါ်တွင် သွေးစက်တစ်ခု စုစည်းနေပြီး၊ နောက်ဆုံးတွင် ဓားသွားထိပ်ဖျားမှ တောက်ခနဲ ကျဆင်းသွားသည်ကို သူ မြင်လိုက်ရသည်။
ဒါဟာ... ခေါင်းဖြတ်ခံလိုက်ရတဲ့ သူ့ကိုယ်ပိုင် သွေးစက်ပါလား။
တစ်ခဏ ရပ်တန့်ခြင်း နှင့် တိုက်ကွက် တစ်ကွက်...
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး မျက်တောင်တစ်ခတ် အတွင်း လုပ်ကြံခံလိုက်ရတော့၏။
တစ်ယောက်က အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့် ဖြစ်ပြီး၊ နှစ်ယောက်က အဋ္ဌမအဆင့် ရှိသူများ ဖြစ်ကြ၏။
မိမိ၏ လက်ရာရလဒ်ကို မြင်လိုက်ရသောအခါ၊ တာအိုခန္ဓာ ရုပ်သေးသည် ၎င်း၏ သတ္တုခန္ဓာကိုယ်ကြီးပင် 'သွေးဆူပွက်လာသလို' ၊ 'ခံစားချက်များ လှိုင်းထန်လာသလို' ခံစားလိုက်ရသည်။
တာအိုခန္ဓာ ရုပ်သေး ကိုယ်တိုင်ပင် ကြောက်လန့်သွားမိသည်။
"ကြောက်စရာ ကောင်းလိုက်တာ... ဒီအမြန်နှုန်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."
အလင်းနှင့် အရိပ် ကျောက်တုံး ကို အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုထားပြီး၊ တတိယအဆင့် အဆင့်နိမ့် ဓားသွား ပုစဉ်းရင်ကွဲ၏ ဓားသွားလက်တံများနှင့် အတွင်းဒဏ်တို့ဖြင့် အားဖြည့်ထားသဖြင့်၊ ဤသားရဲသည် ပြိုင်ဘက်ကင်း လျင်မြန်နေခြင်း ဖြစ်၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားသွားလက်တံများသည် ၎င်း၏ ပြိုင်ဘက်ကင်း သတ်ဖြတ်နှုန်းကို ပြသနေသည်။
တစ်ချိန်က တတိယအဆင့် အဆင့်နိမ့် ပုစဉ်းရင်ကွဲသည် တစ်ဝက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် လူသားကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်ခဲ့သည်။
ယခု ၎င်း၏ ခြုံခိုတိုက်ခိုက်မှုအောက်တွင်၊ ဟွမ်မိသားစုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးသည်လည်း ထိုနည်းတူစွာပင် ချက်ချင်း အသတ်ခံလိုက်ရတော့၏။
သူတို့ အခင်းအကျင်း မခင်းကျင်းရသေးခင်မှာပင်၊ ငရဲပြည်သို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီ ဖြစ်၏။
"ရွှီ..."
အံ့သြမှုသည် တစ်ခဏတာမျှသာ။ နောက်တစ်ခဏတွင် တာအိုခန္ဓာ ရုပ်သေးသည် နောက်တစ်ကြိမ် ကောင်းကင်သို့ ပျံတက်လိုက်သည်။
ရုတ်တရက် အပြောင်းအလဲများကြောင့် ကြောက်လန့်တကြား ထွက်ပြေးရန် ပြင်ဆင်နေကြသော လှေပျံပေါ်ရှိ ဟွမ်မိသားစု ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ပစ်မှတ်ထားလိုက်လေတော့သည်။
အခန်း (၂၁၀)- အံ့မခန်း ခွန်အားနှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးကို ရှာဖွေခြင်း (အပိုင်း ၂)
~လှေပျံအတွင်း၌ အေးစက်သော အလင်းရောင်များ တစ်ချက် လက်သွားသည်နှင့်အတူ၊ အသားစိုင်များ ပြတ်ရှသွားသံနှင့် သွေးပူများ ပန်းထွက်လာသံတို့ သဲ့သဲ့မျှ ထွက်ပေါ်လာလေ၏။
နောက်တစ်ခဏ၌ပင်...
လှေပျံပေါ်တွင် ရှိနေကြသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ ခေါင်းများသည် ကိုယ်နှင့်အိုးစားကွဲကာ ကြမ်းခင်းပြင်ပေါ်တွင် ဘောလုံးများအလား လိမ့်ဆင်းသွားကြတော့သည်။
ခေါင်းပြတ်အလောင်းများကြားတွင် တာအိုခန္ဓာ ရုပ်သေး သည် မားမားမတ်မတ် ရပ်နေသည်။ ၎င်း၏ ဓားသွားလက်တံ ရှစ်ချောင်း၏ ထိပ်ဖျားမှ နီစွေးစွေး သွေးစက်များ တတောက်တောက် ကျဆင်းနေဆဲ။ ၎င်းသည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ၊ မျက်ဝန်းများထဲတွင် အေးစက်သော လူသတ်အငွေ့အသက်များ ပြည့်နှက်နေသည်။
"ခြုံခိုတိုက်ခိုက်တာတဲ့လား..."
"တကယ့် သားကောင်က ဘယ်သူလဲဆိုတာ သူတို့ မသိရှာကြဘူး..."
၎င်းက ခပ်ထေ့ထေ့ ပြုံးလိုက်သည်။
ရုပ်သေးသည် အလောင်းများကို တစ်လောင်းချင်းစီ ရှာဖွေလိုက်ပြီး၊ မှော်လက်နက်များနှင့် ချန်ခွန်းအိတ် အားလုံးကို သိမ်းဆည်းလိုက်သည်။ သို့သော် ရရှိလာသော ပစ္စည်းများကို ချက်ချင်း စစ်ဆေးခြင်း မပြုပေ။
ဟွမ်မိသားစု ကျင့်ကြံသူများ၏ အလောင်း ဒါဇင်ပေါင်းများစွာကို ကြည့်ရင်း၊ ခေတ္တမျှ စဉ်းစားပြီးနောက် ၎င်းတို့ကို မဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့အစား... အလောင်းများကို ကောင်းကင်ယံမှတဆင့် အောက်ဘက်ရှိ သစ်တောအုပ် ထူထပ်သော နေရာသို့ တိုက်ရိုက် ပစ်ချလိုက်လေ၏။
ဒီနေ့ကစပြီး ဟွမ်မိသားစုကို နေ့တိုင်းနေ့တိုင်း ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ နေထိုင်သွားရအောင် ငါ လုပ်ပစ်မယ်။
ဟွမ်မိသားစုသည် တစ်ချိန်က စုမိသားစု အားနည်းနေချိန်တွင် အခွင့်ကောင်းယူကာ တိုက်ခိုက်ရန် ကြံစည်ခဲ့ဖူးသည်။ ထိုစဉ်က ကျန်းမိသားစု ၏ ပထမအကြီးအကဲနှင့် ပူးပေါင်းကာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ရှစ်ဦးဖြင့် စုမိသားစုကို မိစ္ဆာလမ်းစဉ် လိုက်နေသည်ဟူသော ခေါင်းစဉ်တပ်ပြီး မျိုးဖြုတ်ရန် ကြိုးစားခဲ့ဖူးသည်။
အကယ်၍သာ ယွီမိသားစု ဝင်ရောက် မကူညီခဲ့လျှင်၊ စုမိသားစုသည် ထိုစဉ်ကတည်းက ပျက်စီးသွားလောက်ပြီ ဖြစ်၏။
ဝဋ်မှာ အမြဲ ငရဲရှိသည် မဟုတ်ပါလော။ ကောင်းကင်တာအိုသည် မည်သူ့ကိုမျှ မျက်နှာသာပေးလေ့ မရှိပေ။
ယခုအချိန်သည်ကား... ဟွမ်မိသားစု အနေဖြင့် သူတို့ကို မည်သို့သော ကံကြမ္မာဆိုးက စောင့်ကြိုနေသည်ကို သိမြင်ရမည့် အချိန်ပင်တည်း။
အလောင်းများ အားလုံးကို ပစ်ချပြီးနောက်၊ လှေပျံအတွင်းရှိ သွေးစွန်းနေသည်များကို ရှင်းလင်းလိုက်သည်။ ထို့နောက် လှေပျံပေါ်တွင် ခတ်နှိပ်ထားသော ဝိညာဉ်အမှတ်အသားကိုပါ ဖျက်ဆီးပစ်လိုက်ပြီး၊ လှေပျံကို ထိန်းချုပ်ကာ အလျင်အမြန် သိမ်းဆည်းလိုက်တော့သည်။
"ဝူး..."
နောက်တစ်ခဏတွင် တာအိုခန္ဓာ ရုပ်သေးသည် အောက်ဘက်ရှိ သစ်တောအုပ်ထဲသို့ ဒိုင်ဗင်ထိုး ဆင်းသက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
*
ကွမ်လန်တောင် …
ဤနေရာသည် ကျယ်ပြန့်သော တောင်ကုန်းဒေသတစ်ခု ဖြစ်ပြီး၊ ဗဟိုချက်သို့ ရောက်လေ တောင်ကုန်းများက ပိုမို မြင့်မားခမ်းနားလေ ဖြစ်၏။ ကွမ်လန်တောင်၏ အလယ်ဗဟိုတွင် ကြီးမားသော တောင်ပေါ်ရေကန်ကြီးတစ်ခု တည်ရှိသည်။
ဟွမ်မိသားစု၏ ပိုင်နက်နယ်မြေသည် ထိုရေကန်ဘေးရှိ မတ်စောက်သော တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး၊ ၎င်း၏ အောက်ခြေတွင် ဒုတိယအဆင့် ဝိညာဉ်သွေးကြော တစ်ခု ရှိနေသည်။
တောင်ထိပ်ပေါ်မှ ရပ်ပြီး အောက်ဘက်ရှိ ကျယ်ပြောလှသော ရေကန်ကြီးကို စီးမိုးကြည့်လိုက်လျှင်၊ အလွန်တရာ သာယာလှပသော မြင်ကွင်းကို တွေ့မြင်ရပေမည်။
သို့သော် ယခုအချိန်တွင်မူ...
ဟွမ်မိသားစု၏ ဧည့်ခန်းမဆောင်ကြီး အတွင်း၌၊ မိသားစုခေါင်းဆောင် သည် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ဘေးတဖက်တချက်တွင် ထိုင်နေကြသော မိသားစု အကြီးအကဲများနှင့် ပြင်ပမှ ခေါ်ယူထားသော အကြီးအကဲများသည် တိတ်ဆိတ်ငြိမ်သက်နေကြ၏။ သူတို့၏ မျက်မှောင်များ တွန့်ချိုးနေပြီး၊ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရံဖန်ရံခါ ဖြတ်သန်းသွားတတ်သည်။
မိသားစု ဝင်ပေါက်ကို ပိတ်ဆို့ထားသော ထိုသားရဲသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်တောင်မှ ထိုအကောင်ကို နိုင်ပါ့မလား မသေချာပေ။
ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရနိုင်ခြေ များနေသည်။
တမြန်မနေ့က ထိုသတ္တဝါကို ဖြေရှင်းရန်အတွက် သူတို့၏ ဘိုးဘေးကြီးကိုယ်တိုင် ထွက်လာခဲ့သည်။ ဘိုးဘေးကြီးက စိတ်အာရုံဖြင့်ပင် သတ်ဖြတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း၊ ထိုသတ္တဝါက အခင်းအကျင်းအလံများကို ချက်ချင်း ဖျက်ဆီးပစ်ခဲ့သည်။ နောက်ဆုံးတွင် ထိတ်လန့်တကြားဖြင့် မိသားစုတွင် လက်ကျန်ရှိနေသော နောက်ဆုံး တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့အား အသုံးပြုပြီးမှသာ မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်မှစ၍ လူတိုင်းသည် မိသားစု ဝင်းအတွင်း၌သာ ပုန်းအောင်းနေကြရသည်။
တိုက်ပွဲ တစ်ကြိမ် ဖြစ်ပြီးနောက် မည်သူမျှ အပြင်မထွက်ရဲကြတော့။
ဟွမ်မိသားစုခေါင်းဆောင်သည် ခဏကြာသည်အထိ လမ်းဆက်လျှောက်နေမိသည်။ အပြင်ဘက် ကောင်းကင်ကြီး လင်းထိန်လာပြီး နေရောင်ခြည်များ ဖြာကျလာသည်ကို မြင်လိုက်ရမှသာ သူ ရပ်တန့်လိုက်ပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။
"သေကုန်ကြပြီလားကွာ... ဘာလို့ အခုထိ ပြန်မရောက်ကြသေးတာလဲ..."
အကြီးအကဲ အချို့ လန့်ဖျပ်သွားကြ၏။
ဟွမ်မိသားစု၏ စတုတ္ထအကြီးအကဲက အလျင်အမြန်ပင် နှစ်သိမ့်ပေးလိုက်သည်။
"စိတ်လျော့ပါ ခေါင်းဆောင်... ပထမအကြီးအကဲတို့က နည်းနည်း ကြန့်ကြာနေတာ နေမှာပါ... ရောက်ခါနီးလောက်ပါပြီ... ခဏလောက် ထပ်စောင့်ကြည့်ရအောင်ပါ..."
ဟွမ်မိသားစုခေါင်းဆောင် လေပူတစ်ချက် ရှူသွင်းလိုက်ပြီး၊ နှာခေါင်းရှုံ့ကာ သူ့နေရာတွင် ပြန်ထိုင်ရန် ပြင်လိုက်သည်။
ထိုအချိန်၌ပင်...
နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များရှိသည့် ကလန်အကြီးအကဲ တစ်ဦး ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး ကြောက်လန့်တကြား အော်ဟစ်လေ၏။
"ကပ်ဘေးပါပဲ... ကပ်ဘေးကြီးပါပဲ မိသားစုခေါင်းဆောင်... ပထမအကြီးအကဲတို့... သူတို့... သူတို့ရဲ့ ဝိညာဉ်ကမ္ပည်းပြားတွေ အကုန်လုံး ကွဲကုန်ပါပြီ..."
မိသားစုခေါင်းဆောင်၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားရသည်။ သူ ချက်ချင်း လှည့်ကြည့်လိုက်ပြီး အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ချီစွမ်းအင်တစ်ခု ပစ်ခွင်းလာသည်။
"ဘုန်း..."
"အ့..."
သတင်းလာပို့သော အကြီးအကဲသည် ချက်ချင်း နောက်သို့ လွင့်စဉ်သွားပြီး၊ သွေးအန်ကာ ခန်းမအပြင်ဘက်သို့ လွင့်ထွက်သွားလေ၏။
မိသားစုခေါင်းဆောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မိုက်ရိုင်းလိုက်တာ... ကောလာဟလတွေ လျှောက်လွှင့်နေတယ်..."
"သူ့ကို ထောင်ထဲ ထည့်ထားလိုက်..."
ချက်ချင်းပင် လူအချို့ ပေါ်လာပြီး ထိုအကြီးအကဲကို ဆွဲခေါ်သွားကြ၏။
ခန်းမထဲရှိ အကြီးအကဲ တစ်ဦးစီ၏ မျက်နှာထားများမှာ အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေကြသော်လည်း၊ အားလုံးသည် သိသိသာသာ တုန်လှုပ်နေကြ၏။ ထိုသတင်းလာပို့သော အကြီးအကဲသည် မည်သည့်တာဝန်ကို ယူထားသည်ကို သူတို့ သိကြ၏။ ထို့ကြောင့် ထိုစကားများသည် မုသားစကား မဖြစ်နိုင်ကြောင်းလည်း သူတို့ နားလည်ကြ၏။
သို့သော်၊...
ဒီစကားတွေက အရမ်း ကြောက်စရာ ကောင်းလွန်းသည်။
သူတို့ မယုံချင်ကြပါ၊
ပြီးတော့ ဒီလိုစကားမျိုးကို ဘယ်လိုလုပ် လူသိရှင်ကြား ဗြောင်ပြောထွက်ရဲရတာလဲ။
မိသားစုခေါင်းဆောင် ဒေါသထွက်တာ မဆန်းပါချေ။
မိသားစုခေါင်းဆောင်သည် ကျန်လူများကို လှည့်ကြည့်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းတို့ သွားလို့ရပြီ... ပထမအကြီးအကဲတို့ ပြန်ရောက်မှ ဆက်ဆွေးနွေးကြတာပေါ့..."
ကျန်ရှိနေသူများမှာ ဟွမ်မိသားစုက ငှားရမ်းထားသော နယ်ပယ်အသီးသီးမှ ကျင့်ကြံသူအလွတ်များ ဖြစ်ကြ၏။ သူတို့ထဲတွင် ဆေးပညာရှင်များ၊ အဆောင်လက်ဖွဲ့ ဆရာများ ပါဝင်ပြီး စုစုပေါင်း ငါးဦး ရှိသည်။
အားလုံးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသူများ ဖြစ်ကြ၏။
ယခုအခါ ထိုငါးဦးစလုံး၏ မျက်နှာများ သွေးရောင် ဖျော့နေပြီး၊ ကိုယ့်ကိုယ်ကိုယ် မနည်း ထိန်းသိမ်းထားရသည်။ မိသားစုခေါင်းဆောင်၏ စကားကို ကြားသောအခါ သူတို့ မတ်တတ်ရပ်လိုက်ကြပြီး တုန်ရီသော အသံများဖြင့် ပြောလေ၏။
"မိသားစုခေါင်းဆောင်... ကျွန်တော်တို့ ခွင့်ပြုပါဦး..."
ခန်းမဆောင်ကြီးထဲမှ ထွက်လာပြီးနောက်၊ သူတို့ငါးဦး၏ မျက်နှာများသည် စာရွက်တစ်ရွက်အလား ဖြူဆွတ်သွားကြ၏။
သူတို့ အချင်းချင်း ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။
ဟွမ်မိသားစုရဲ့ ပထမအကြီးအကဲနဲ့ တခြားသူတွေရဲ့ ဝိညာဉ်ကမ္ပည်းပြားတွေ အကုန် ကွဲကုန်ပြီတဲ့လား။
သောက်ကျိုးနည်းကွာ...
ဒါ အခြေအနေ မကောင်းတော့ဘူး။
ဟွမ်မိသားစုက ဘယ်လို သတ္တဝါမျိုးကိုများ သွားပြီး ရန်စမိလိုက်တာလဲ။ ပထမအကြီးအကဲတို့တောင် သေကုန်ပြီဆိုတော့... ဟွမ်မိသားစု တစ်ခုလုံး ကပ်ဘေးသင့်တော့မှာလား။
"မိတ်ဆွေတို့... ငါတို့..."
တစ်စုံတစ်ယောက်က ကျန်လူများထံသို့ တိတ်တဆိတ် အသံလွှင့်ကာ မေးလိုက်သည်။ အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
ပြေးကြစို့...။
ခန်းမဆောင်ကြီး အတွင်း၌...
ဧည့်သည် ငါးဦး ထွက်ခွာသွားပြီးနောက်၊ မိသားစုခေါင်းဆောင်၏ မျက်နှာထားသည် အလွန်အမင်း ဆိုးရွားသွားသည်။
သူ အံကိုကြိတ်ပြီး တီးတိုး.. ရေရွတ်လိုက်သည်။
"လူယုတ်မာတွေ..."
သူ့မျက်လုံးများသည် ပြူးကျယ်နေပြီး၊ ဖုံးကွယ်၍ မရနိုင်သော ကြောက်ရွံ့မှုများ မျက်နှာပေါ်တွင် အထင်းသား ပေါ်လာလေ၏။