အခန်း (၇၁၆-၇၁၇)
Vol. 43 Ch. 716-717
Chapter 716
ယန္တရားစစ်တပ် ၂
“ညီလေးလင်း...’’
ရှီတိယွမ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊
“မင်းပြောနေတဲ့ အရာက ရထားရော ဟုတ်သေးရဲ့လား’
“ဒါက ရထားလို့ ကျုပ်မပြောခဲ့ပါဘူး’’
လင်းရှန်က တည်ငြိမ်စွာ ပြန်ပြောသည်၊၊
“လက်ရှိ ကမ္ဘာ့အခြေအနေကို ကြည့်ရင် ယာဉ်တစ်စီးရဲ့ စွမ်းဆောင်ရည်က ဘက်စုံရှိဖို့ လိုအပ်တယ်’’
ချန်ဆီရွှမ်က ခေါင်းလှည့်ကာ သူ့ကို မျက်လုံးပြူးကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်၊၊
“ရှင်က ရေငုပ်ဖို့ပါ စီစဉ်နေတာလား’’
လင်းရှန်က လေသံနိမ့်ဖြင့် ပြန်ဖြေသည်၊၊
“တောင်အမေရိကကို အမြန်ဆုံးသွားဖို့ဆိုရင် သမုဒ္ဒရာပတ်လမ်းကနေ သွားရမယ်၊၊ အန္တရာယ်ရှိရင် အပေါ်တက်တာအပြင် အောက်ကို ငုပ်ဖို့လည်း လိုတာပေါ့’’
“အပေါ်တက်ဖို့က လွယ်ပေမဲ့ အောက်ဆင်းဖို့ကတော့ အနည်းငယ် ခက်ခဲလိမ့်မယ်’’
ကီကီကလည်း ဝင်ပြောသည်၊၊
“ကြယ်သင်္ဘောတောင် အောက်ကို မဆင်းနိုင်ဘူး၊၊ ဒါက ခက်ခဲပုံရတယ်’’
လင်းရှန်က မျှော်လင့်ချက်အပြည့်ဖြင့် ရှင်းဂျီကို ပြုံး၍ ကြည့်လိုက်သည်၊၊
ဤလူသည် လက်ရှိတွင် ကမ္ဘာ့အဆင့်မြင့်ဆုံး ယန္တရားပါရမီရှင်ဖြစ်ပြီး ယခုအခါ ကွမ်တမ်ဦးနှောက်နှင့်လည်း ပေါင်းစပ်ထားသူဖြစ်သည်၊၊ တိတ်ဆိတ်မြို့တော်သည် စတားဖလိ့စစ်တပ်နှင့် ရှင်းဟွာစက်မှုလုပ်ငန်းစုကြီး၏ အတိုင်းအတာကို မမှီသော်လည်း ဖန်တီးနိုင်စွမ်းနှင့် ပတ်သက်လျှင် ရှင်းဂျီသည် အသင့်တော်ဆုံးသူဖြစ်ကြောင်း လင်းရှန် သိပေသည်၊၊ ထို့ကြောင့် သူ၏ စိတ်ကူးကို ချက်ချင်း ချပြလိုက်ခြင်းဖြစ်သည်၊၊
ရှင်းဂျီသည် လင်းရှန်၏ စကားများကြောင့် တည်ငြိမ်နေရာမှ သူ၏ နှုတ်ခမ်းများမှာ ဖြည်းဖြည်းချင်း ပြုံးယောင်သန်းလာသည်၊၊
ထိုစဉ် ပြတင်းပေါက်အပြင်ဘက် အဝေးတစ်နေရာတွင် ငါးဖမ်းနေသော လူအိုကြီးက ရုတ်တရက် အသံသြသြဖြင့် ပြောလိုက်သည်၊၊
“စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးပဲ’’
“တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်’’
ရှင်းဂျီက လူအိုကြီးကို ပြန်ပြောလိုက်သည်၊၊
ထို့နောက် သူက လင်းရှန်ဘက်သို့ လှည့်ကာ ပြောသည်၊၊
“ဒါက သူ့ရဲ့ ငယ်ဘဝအိမ်မက်ပဲ၊၊ ဘက်စုံသုံး သင်္ဘောတစ်စီး… စီးပွားရေးအရ ကြည့်ရင်တော့ ဒီလိုယာဉ်မျိုးကို တည်ဆောက်ဖို့က အဓိပ္ပာယ်မရှိပါဘူး’’
“ဒါပေမဲ့ သူက... တိတ်ဆိတ်မြို့တော်ကို တည်ဆောက်ခဲ့သေးတာပဲ မဟုတ်လား’’
လင်းရှန်ကလည်း ပြတင်းပေါက်အပြင်ဘက်က လူအိုကြီး၏ ကျောပြင်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်၊၊
“လေကြောင်း၊ မြေပြင်၊ ရေကြောင်း သွားလာနိုင်တဲ့ မြို့တော်ကြီး… ဒီလောက် ကြီးမားတဲ့ လမ်းကြောင်းကြီးက အသုံးဝင်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး၊၊ ပိုက်ဆံရှိတာကတော့ တကယ်ကောင်းတယ်”
“နည်းပညာနဲ့ ပစ္စည်းတွေက အမြဲတိုးတက်နေတယ်’’
ရှင်းဂျီက မတ်တပ်ရပ်လိုက်ပြီး ပြောသည်၊၊
“ဥပမာ ကြယ်တာရာအဆင့်သံချပ်ကာက ဒါတွေကို လုပ်နိုင်နေပြီ၊၊ ပျံသန်းတာ၊ ရေငုပ်တာ၊ မြေပြင်အနေအထားအားလုံးသွားလာနိုင်တာအပြင် ပြင်းထန်တဲ့ ပစ်ခတ်စွမ်းအားတွေလည်း ရှိတယ်၊၊ ဒါပေမဲ့ ဒါက အရွယ်အစားပေါ်မှာ မူတည်နေတယ်၊၊ အရွယ်အစား ကြီးမားလေ ဘက်စုံစွမ်းဆောင်နိုင်ဖို့ ခက်ခဲတယ်၊၊ ဖီးနစ်အဖွဲ့အစည်းရဲ့ အလွန်ကြီးမားတဲ့ မီကာစီမံကိန်းလိုမျိုးပေါ့၊၊ ဒါကြောင့်ပဲ သူတို့က မီတာတစ်ရာလောက်ပဲ လုပ်နိုင်တာ မဟုတ်ရင် ကီလိုမီတာအဆင့်အထိ ဖြစ်နေမှာပဲ’’
“အဲဒါဆိုရင်တော့ အဆင့်မြင့် မွန်းစတားတွေကို တိုက်ရိုက်ရင်ဆိုင်နိုင်မှာပေါ့’’
လင်းရှန်က ပြောလိုက်သည်၊၊
“တိတ်ဆိတ်မြို့တော်မှာ အလတ်စား ဒါမှမဟုတ် အဲဒီထက်ကြီးတဲ့ ကြယ်သင်္ဘောတွေကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည်မရှိဘူး၊၊ ရထားကို ပြုပြင်ပေးမယ်ဆိုရင်တော့ မြေပြင်အနေအထားအားလုံး မောင်းနှင်နိုင်အောင်ပဲ ကူညီပေးနိုင်မယ်၊၊ ဒါပေမဲ့...’’
“လင်း’’
ရှင်းဂျီက လင်းရှန်ကို တည်ကြည်သော အပြုံးဖြင့် ကြည့်လိုက်သည်၊၊
“ကျင်းဟိုင်မှာ ကမ္ဘာ့အကြီးဆုံး ရထားလမ်းထုတ်လုပ်မှုလိုင်းရှိတယ်၊၊ အဲဒီမှာ မင်း အရမ်းစိတ်ဝင်စားမယ့် အရာတစ်ခုရှိတယ်ဆိုတာ ငါသိတယ်’’
“အဲဒါ ဘာလဲ’’
“အဲဒါက အာရုဏ်ဦးမြို့တော်နဲ့ လင်းလုံအုပ်စုတို့ ပူးပေါင်းပြီး တည်ဆောက်နေတဲ့ ရထားတစ်စီးပဲ၊၊ အင်း... ရထားပေါ့၊ ၅၀၀၀ မဂ္ဂါဝပ်ရှိတဲ့ ကြယ်တာရာမောင်းနှင်မှုအဆင့် နျူကလီးယား စွမ်းအင်အူတိုင်ပါဝင်ပြီး ပျံသန်းနိုင်တဲ့ အင်ဂျင်နဲ့ ကြယ်တာရာ ပန်ကာတွေ တပ်ဆင်ထားတယ်၊၊ absorbent စူပါကွန်ဒတ်တင်း လျှပ်စစ်သံလိုက် ရထားဘီးတွေလည်းပါတယ်၊၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်...’’
“၅၀၀၀ မဂ္ဂါဝပ် ဟုတ်လား၊၊ အဲဒီအရာကို ရထားလို့ ခေါ်နေတုန်းပဲလား’’
လင်းရှန်ပင် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသည်၊၊
လင်းလုံအုပ်စု၏ အမည်ကို ကြားသောအခါ လင်းရှန်နှင့် ချန်ဆီရွှမ်တို့ နှစ်ဦးလုံး ကီကီကို လှည့်ကြည့်လိုက်ကြသည်၊၊
ယခင်က ယိကျင်းမြို့မှာရှိစဉ် ထန်ယွမ်ဟုခေါ်သော အမျိုးသမီးကလည်း ကျင်းဟိုင်၌ ထာဝရအဆင့်ရထားကို တည်ဆောက်နေကြောင်း ပြောခဲ့ဖူးသည်၊၊ သို့သော် မည်သည့် ထာဝရအဆင့် ရထားက ၅၀၀၀ မဂ္ဂါဝပ် စွမ်းအင်အူတိုင်ကို သုံးမှာလဲ၊၊
“အာရုဏ်ဦးမြို့တော်က ထွက်ပြေးဖို့အတွက် ကြယ်သင်္ဘောတွေ တည်ဆောက်နေတာ မဟုတ်လား၊၊ သူတို့ ဘာကြောင့် ဒါကို လုပ်နေတာလဲ’’
အခြားတစ်ဖက်မှ ချီလီက မေးလိုက်သည်၊၊
“ဖီးနစ်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်အတိုင်းပါပဲ’’
ရွှန်းက ပြုံးလျက် ပြောသည်၊၊
“အာရုဏ်ဦးမြို့တော်ရဲ့ ကြယ်တာရာဆိပ်ကမ်းမှာ အလွန်ကြီးမားတဲ့ ယာဉ်တွေကို တည်ဆောက်နိုင်တဲ့ စွမ်းရည်မရှိဘူး၊၊ ဆိုက်ကပ်ဖို့ပဲ ရတယ်၊၊ ပြီးတော့ ရှင်းဟွာရဲ့ ကြယ်သင်္ဘောအခြေစိုက်စခန်းဖြစ်တဲ့ ယုံကျန်းဆိပ်ကမ်းကိုလည်း ဖီးနစ်အဖွဲ့အစည်းက သိမ်းထားတယ်၊၊ဒါကြောင့် သူတို့က ကျင်းဟိုင်ကတစ်ဆင့် အလတ်စားယာဉ်တွေကိုပဲ တည်ဆောက်နိုင်တယ်၊၊ ဒါပေမဲ့... ကြယ်သင်္ဘောတွေက လူဦးရေအကန့်အသတ်နဲ့ပဲ တင်ဆောင်နိုင်တယ်’’
“ဒါဆို သူတို့က ပျံသန်းနိုင်တဲ့ ရထားကို တည်ဆောက်ဖို့ စီစဉ်နေတာလား’’
ရှီတိယွမ်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒီလူတွေ ရူးသွားပြီလား’’
“သူတို့က တော်ကြပါတယ်’’
မိုနီကာက ရှီတိယွမ်၏ စကားကို တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး အတွေးနက်နေသည့် အသံဖြင့် ပြောသည်၊၊
“ကောင်းကင်အကာကွယ်ကို ဖောက်ထွက်နိုင်မလားဆိုတာကို ခဏဖယ်ထားရင် ပထမအချက်က သူတို့ တည်ဆောက်တဲ့ ကြယ်သင်္ဘောတွေက လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်ကိုပဲ တင်ဆောင်နိုင်မယ်၊၊ ကြီးမားတဲ့ စက်မှုလုပ်ငန်းစုတွေကလည်း ဖီးနစ်အဖွဲ့အစည်း လက်ထဲမှာရှိနေတယ်၊၊ အကယ်၍ အာရုဏ်ဦးမြို့တော်က ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော လူတွေကို ပြဿနာမရှာအောင် လုပ်ချင်ရင်တော့ အောက်ခြေလူတန်းစားတွေကို စိတ်အေးအောင် လုပ်ပေးနိုင်မယ့် စီမံကိန်းတစ်ခုရှိရမယ်၊၊ ကျွန်မ ထင်တာတော့ အဲဒါကို တည်ဆောက်ပြီးရင်တောင် လက်မှတ်ဈေးက သာမန်လူတွေ ဝယ်နိုင်တဲ့ အဆင့်မှာ ရှိမှာမဟုတ်ဘူး’’
“ကာတီယာ မိသားစုရဲ့ ဉာဏ်အထက်ဆုံး မိုနီကာ ပီသပါပေတယ်၊၊မင်းက ဖက်ဒရေးရှင်းရဲ့ နိုင်ငံရေးကို ကောင်းကောင်းနားလည်ပုံရတယ်’’
ရှင်းဂျီက ပြောလိုက်သည်၊၊
မိုနီကာက သူမ၏ မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး
“ကျွန်မကတော့ သူတို့ရဲ့ ရွံဖို့ကောင်းတဲ့ အတွေးအခေါ်တွေအတိုင်းပဲ စဉ်းစားလေ့ရှိတာပါ’’
ရှင်းဂျီက ရယ်မောလိုက်ပြီး “ပြောတာ ကောင်းတယ်’’
“အာကာသကြယ်ရထားလို့ အမည်ပေးထားတဲ့ အစီအစဉ်ကို အာရုဏ်ဦးမြို့တော်က ‘ကောင်းကင်အမိုးခုံးအဆင့်’ လို့ သတ်မှတ်ထားတယ်၊ ဒါက လူပေါင်းတစ်သန်းကျော် ဆံ့နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အလွန်ကြီးမားတဲ့ တည်ဆောက်ပုံမျိုးပဲ၊၊ ဒါပေမဲ့ တကယ်တမ်းတော့ ဒါကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က အာရုဏ်ဦးမြို့တော်အတွက် အရင်းအမြစ် သယ်ယူပို့ဆောင်ရေးယာဥ်အဖြစ် သုံးဖို့နဲ့ မြို့ရိုးတွေ၊ မြေအောက်မြို့တော်တွေနဲ့ ကြယ်သင်္ဘောတွေ ပျက်စီးသွားရင် လေးခုမြောက် နောက်ဆုံးအစီအစဉ်အနေနဲ့ သုံးဖို့ပဲ’’
“အတော်လေး ပြည့်ပြည့်စုံစုံထည့်စဉ်းစားထားတာပဲ’’
လင်းရှန်က လက်ပိုက်ကာ ခေါင်းညိတ်လိုက်သည်၊၊
“အကယ်၍ အာရုဏ်ဦးမြို့တော်နဲ့ မြေအောက်မြို့တော်တွေ ပျက်စီးသွားရင် သူတို့က ဒီရထားကို သုံးပြီး အမှောင်ထုထဲကနေ ထွက်ပြေးပြီး ဖီးနစ်အဖွဲ့အစည်းလိုပဲ နောက်ဆုံး အလောင်းအစားအတွက် အချိန်ဆွဲကြမှာပေါ့’’
“ဒါက ရှင်းဂျီနဲ့ ကျွန်တော် ယူဆချက်ပဲ’’
ရွှန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်သည်၊၊
“ဒါပေမဲ့ ကျွန်တော်တို့ ရထားတဲ့ အချက်အလက်အရတော့ ဒါရဲ့ တည်ဆောက်မှုက ၁၅ ရာခိုင်နှုန်းတောင် မပြီးသေးဘူး၊၊ မိုနီကာရဲ့ အမြင်က မှန်ပါတယ်၊၊ ဒီစီမံကိန်းရဲ့ နိုင်ငံရေးအရ အဓိပ္ပာယ်က လက်တွေ့အသုံးချနိုင်မှုထက် ပိုကြီးနေတယ်’’
“ဒါဆို သူတို့က တိတ်ဆိတ်မြို့တော်လိုမျိုး ပျံသန်းနိုင်တဲ့ မြို့တော်ကို လိုချင်နေတာလား’’
ချန်ဆီရွှမ်က ပြောသည်၊၊
“အင်း...’’
ရွှန်းက လေးနက်စွာ ပြောလိုက်သည်၊၊
“ကျွန်တော်တို့က အာရုဏ်ဦးမြို့တော်နဲ့ ပဋိပက္ခမဖြစ်ချင်ဘူး၊၊ ဒါပေမဲ့ အာရုဏ်ဦးမြို့တော်က ယုံကျန်းဆိပ်ကမ်းကို မျက်စိကျနေတယ်၊၊ ပြီးတော့ ဖီးနစ်က တပ်စွဲထားတဲ့ အင်အားတွေကလည်း တဖြည်းဖြည်း ဆုတ်ခွာနေတော့ ကျွန်တော်တို့ အဲဒီကို ရောက်တဲ့အခါ အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်အဖွဲ့အစည်းက လူတွေနဲ့ မတွေ့ဆုံဘဲ နေလို့မရဘူး’’
“လင်း’’
ရှင်းဂျီက လင်းရှန်ကို လှည့်ပြောလိုက်သည်၊၊
“ကျင်းဟိုင်ကို ရောက်တဲ့အခါ အဲဒီအရာကို သုံးပြီး မင်းလိုချင်တဲ့ အရာတစ်ခုကို ငါ ဖန်တီးပေးမယ်၊၊ မင်းအတွက် လက်ဆောင်လေးပေါ့ ဘယ်လိုလဲ’’
ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်၊၊
Chapter 717
ယန္တရားစစ်တပ် ၃
“အာရုဏ်ဦးမြို့တော်နဲ့ ပဋိပက္ခမဖြစ်ချင်ဘူးလို့ အခုလေးတင် ပြောနေတာ မဟုတ်လား’’
ကီကီက သူမ၏ မေးစေ့ကို လက်ဖြင့် ထောက်ကာ ရွှန်းနှင့် ရှင်းဂျီတို့ကို ကြည့်လိုက်သည်၊၊
“အဲဒီအရာကို ယူမယ်ဆိုရင် အာရုဏ်ဦးမြို့တော်ကို စစ်ကြေငြာတာနဲ့ အတူတူပဲ မဟုတ်လား’’
ရှင်းဂျီက မျက်လုံးမှေးကာ ပြုံးလိုက်သည်၊၊
“ဒါကို ရဖို့အတွက် အင်အားသုံးစရာမလိုပါဘူး၊၊ တကယ်တော့ ငါ အဓိကလိုအပ်တာက တည်ဆောက်ရေးပလက်ဖောင်းပဲ၊၊ တိတ်ဆိတ်မြို့တော်က သေးငယ်လွန်းသေးတယ်၊၊ လင်းရှန် လိုချင်တဲ့ အရာက ဒီထက် အများကြီး ပိုကြီးလိမ့်မယ်၊၊ ပြီးတော့ ငါက အာရုဏ်ဦးမြို့တော်နဲ့ ပဋိပက္ခဖြစ်မှာကို မကြောက်ပါဘူး၊၊ အမှန်အတိုင်း ပြောရရင် သူတို့က ငါတို့အတွက် ပြဿနာအကြီးကြီးတစ်ခု ဖန်တီးပေးခဲ့တာပဲ...’’
သူပြောလိုက်စဉ်မှာပင် ရှင်းဂျီ၏ မျက်လုံးများထဲရှိ နာနိုစနစ်များက ဖြည်းဖြည်းချင်း စုစည်းသွားပြီး ထက်ရှသော အရိပ်အယောင်များက သူ၏ အပြုံးနှင့်အတူ ပေါ်ထွက်လာကာ ခဏချင်းမှာပင် ပျောက်ကွယ်သွားသည်၊၊
မနက် ၄ နာရီ ၂၀ မိနစ်၊၊
ညလေညင်းများ စတင်တိုက်ခတ်လာပြီး ညစာစားပွဲ ပြီးဆုံးသွားသဖြင့် လူတိုင်း ခန်းမထဲမှ ထွက်ခွာကာ အပြင်ဘက် ကုန်းပတ်ပေါ်သို့ ဦးတည်သွားကြသည်၊၊ သို့သော် လင်းရှန်ကိုမူ ရှင်းဂျီက ကျန်နေခဲ့ရန် တောင်းဆိုခဲ့သည်၊၊
အပြင်သို့ ထွက်သွားသော လူအနည်းငယ်၏ မျက်နှာများမှာ ရှုပ်ထွေးနေကြသည်၊၊ အဘယ်ကြောင့်ဆိုသော် ရှင်းဂျီ၏ စကားများက အာရုဏ်ဦးမြို့တော်နှင့် အနီရောင်ကမ္ဘာကြားတွင် ကြီးမားသော ဆက်နွှယ်မှုရှိနေကြောင်း ဖော်ပြနေသောကြောင့် ဖြစ်သည်၊၊ ကျင်းဟိုင်သည် အာရုဏ်ဦးမြို့တော်၏ တွင်းနက်ကင်းစခန်းနှင့် စက်မှုအခြေစိုက်စခန်းကြီးဖြစ်သဖြင့် ထိုနေရာကို လုံခြုံစွာ ဖြတ်ကျော်ရန်မှာ မလွယ်ကူလှချေ၊၊
ထိုစဉ် ရှီတိယွမ်နှင့် နန်ကျင်းတို့က ဆွေးနွေးနေကြသည်၊၊ “တိတ်ဆိတ်မြို့တော်က ယုံကျန်းဆိပ်ကမ်းမှာ ဆိုက်ကပ်မှာဆိုတော့ ငါတို့က မြေမျက်နှာပြင်အနေထားမရွေး မောင်းနှင်မှုစနစ်ကို အဆင့်မြှင့်ပြီးမှ ကျင်းဟိုင်ကနေ မြောက်ဘက်ကို ဆက်သွားသင့်တာလား’’
“နှမြောစရာပဲ၊၊ ငါကတော့ ဒီထီးရိပ်အောက်မှာပဲ နေလို့ရမယ် ထင်နေတာ…. သူတို့က ဆက်မသွားတော့ဘူးပဲ’’
ချီလီက ရှီတိယွမ်တို့၏ စကားကို ကြားပြီး သက်ပြင်းချကာ ပြောလိုက်သည်၊၊
“ဒါက ဘာမှမဟုတ်ပါဘူး၊၊ သူတို့ရဲ့ ရည်မှန်းချက်ကလည်း အာကာသထဲကို ပျံသန်းဖို့ပဲ၊၊ အကယ်၍ နင်တကယ်နေချင်ရင်တော့ ဒီမြို့ထဲမှာပဲ နေလိုက်ပေါ့၊၊ ဒါဆို ဟိုဟိုဒီဒီ သွားနေစရာ မလိုတော့ဘူး’’
မိုနီကာက ပြောသည်၊၊
ချီလီက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒါဆိုလည်း ငါက နောက်ထပ် လအနည်းငယ်လောက်တော့ နေရောင်ကို မြင်ချင်သေးတယ်...’’
“ကပ္ပတိန်ချန်.. ရှင်ရဲ့ အကြံဉာဏ်ကရော’’
နန်ကျင်းက ချန်ဆီရွှမ်နှင့် သူမ၏ လူများကို လှည့်ကြည့်လိုက်သည်၊၊
ချန်ဆီရွှမ်က တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်၊၊
“ကျွန်မတို့လည်း အာရုဏ်ဦးမြို့တော်ထဲကို မဝင်ချင်ဘူး၊၊ အရင်က ဖက်ဒရေးရှင်းနဲ့ အငြင်းပွားမှုတွေ ရှိခဲ့တာကြောင့်ပဲ၊၊ ဒါပေမဲ့ လင်းရှန်ရဲ့ အဓိကစိုးရိမ်မှုက ယာဉ်ပြဿနာကို ဖြေရှင်းဖို့ပဲ၊၊ ဒါကြောင့် အဲဒီအချက်ကို ဘယ်တော့ အဆုံးသတ်နိုင်မလဲဆိုတာကိုပဲ ကြည့်ရမှာပါ’’
“အာ… တကယ်တော့ အခုချိန်မှာ တိတ်ဆိတ်မြို့တော် နောက်ကိုပဲ လိုက်ရမှာပဲ၊၊ လူတိုင်းရဲ့ ယာဉ်တွေကို ပြုပြင်ဖို့ အချိန်အတော်လိုနေတယ်၊၊ ဒီလောက်အကြာကြီး တိုက်ခိုက်ပြီးမှတော့ အနည်းဆုံး နှစ်ညလောက်တော့ ကောင်းကောင်း အနားယူသင့်တယ်’’
ကီကီက ပြောသည်၊၊
နန်ကျင်းလည်း ခေါင်းညိတ်လိုက်သည်၊၊
“မှန်တယ်’’
ထို့နောက် သူမက အခြားသူများကို ပြောလိုက်သည်၊၊
“ကျွန်မတို့ တစ်ယောက်ချင်းစီပြန်ပြီး ယာဉ်တန်းကိစ္စတွေကို အရင်ကိုင်တွယ်သင့်တယ်၊၊ တစ်ခုခုရှိရင် ဆက်သွယ်ရေးကနေတစ်ဆင့် ဆက်သွယ်ကြတာပေါ့’’
“ကောင်းပြီလေ’’
ချီလီက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး “ငါကတော့ ဒီယန္တရားမြို့တော်ထဲမှာ လမ်းလျှောက်ချင်သေးတယ်၊၊ ဖုတ်ကောင်တွေကြားထဲမှာ နေခဲ့ရတာ ကြာပြီ၊၊ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ’’
မိုနီကာက ခေါင်းညိတ်လိုက်ပြီး အခြားသူများကို အချက်ပြလိုက်ကာ တိမ်မျှော်စင်ဘက်သို့ တစ်ချက်ကြည့်ပြီးနောက် အမြန်ပင် လှည့်ထွက်သွားသည်၊၊
အထူးပြလုပ်ထားသောခန်းမအတွင်း၌မူ ရှင်းဂျီနှင့် လင်းရှန်တို့သာ ကျန်ရစ်ခဲ့သည်၊၊
ထိုစဉ် အမျိုးသမီးစက်ရုပ်တစ်ခုက ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ချဉ်းကပ်လာသည်၊၊ ထိုဗန်းပေါ်တွင် အရာနှစ်ခု ပါဝင်သည်၊၊ တစ်ခုမှာ ဒစ်ဂျစ်တယ်ရှင်သန်မှုအတွက် အသိစိတ်မှတ်ဉာဏ်ဖြစ်ပြီး နောက်တစ်ခုမှာ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ဖိုတွန်သိုလှောင်မှု ကိရိယာတစ်ခု ဖြစ်သည်၊၊
“ဒါတွေက ဘာလဲ’’
လင်းရှန်က ထိုအရာများကို ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်၊၊
“အထင်မမှားပါနဲ့၊၊ ဒါက အသိစိတ်မှတ်ဉာဏ်က အလွတ်ပါ၊၊ လက်ရှိ ကမ္ဘာပေါ်မှာ ထုတ်လုပ်နိုင်တဲ့ အကြီးဆုံးပမာဏရှိတဲ့ မှတ်ဉာဏ်ပဲ၊၊ ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု ကိရိယာကနေ အသိစိတ်ကို တင်လိုက်တာနဲ့ ဒါကို သုံးလို့ရပြီ၊၊ မင်း အရင်က အနီရောင်ကမ္ဘာအတွက် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု ကိရိယာတွေကို ထုတ်လုပ်ပေးနိုင်ခဲ့တာဆိုတော့ ဒါက မင်းအတွက် မခက်ခဲပါဘူး၊၊ နောက်ပြီး ဒါက မင်း အရမ်းစိတ်ဝင်စားမယ့် အရာလို့ ငါ ယုံကြည်တယ်’’
“ဘယ်လိုမျိုးလဲ’’
ရှင်းဂျီက မျက်ရိပ်ပြလိုက်သဖြင့် လင်းရှန်က လက်လှမ်း၍ ၎င်းကို ယူလိုက်ကာ သစ်သားစားပွဲပေါ်တွင် တင်လိုက်သည်၊၊
ချက်ချင်းပင် စားပွဲ၏ အာရုံခံစနစ်က လင်းလက်လာပြီး သိုလှောင်မှု ကိရိယာကို ဖတ်လိုက်သည်၊၊ ထို့နောက်တွင်တော့ ဟိုလိုဂရမ်မျက်နှာပြင်တစ်ခုသည် လေထုထဲတွင် ပေါ်လာသည်၊၊ လင်းရှန်က ၎င်းကို ကြည့်လိုက်သောအခါ ဒရုန်းပုံစံငယ်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်၊၊
မိုးကြိုးအကျဉ်းထောင်- အဆင့်မြင့် လျှပ်စစ်သံလိုက် ဒရုန်းမုန်တိုင်း၊၊
ပြင်းထန်သော လျှပ်စစ်စီးကြောင်းများကို ထုတ်လွှတ်နိုင်သည်၊၊
ဖျက်ဆီးသူ- အသေခံ ဗုံးခွဲသည့် ဒရုန်းအုပ်စု၊၊
ရေခဲပေါက်ကွဲမှု ၁၆၆- ဟီလီယံ အရည်ဖြန်းစက်ပါဝင်ပြီး ပစ်မှတ်ကို အေးခဲစေကာ တုန်ခါမှုစနစ်ဖြင့် တစ်စစီဖြစ်စေသည်၊၊
သံမဏိမိုး- အလွန်မြန်နှုန်းမြင့် စွမ်းအားသုံးတိုက်ခိုက်ရေးဒရုန်း - အဝေးထိန်းစနစ်ဖြင့် တစ်နာရီလျှင် မိုင်ပေါင်းများစွာ အရှိန်တင်ကာ ပစ်ခတ်နိုင်သည်၊၊
သံမဏိကန့်လန့်ကာ- မိုက်ခရိုဝေ့ဖ် ပလတ်စမာ ဒိုင်းကာ စက်ရုပ်၊၊
ကျည်ကာ သံချပ်ကာများ တပ်ဆင်ထားသည်၊၊
ထိုတိုက်ခိုက်ရေး ဒရုန်းများအပြင် အင်ဂျင်နီယာဒရုန်းများစွာလည်း ရှိသေးသည်၊၊
ပုရွက်ဆိတ် လုပ်သား-၇- နာနို 3D ပရင့်ထုတ်လုပ်ရေး စက်ရုပ်၊၊ သတ္တုအရည်များဖြင့် ၂၄ နာရီပတ်လုံး အဆက်မပြတ် တည်ဆောက်နိုင်သည်၊၊
သံမဏိသွေးကြော- ပိုက်လိုင်းနှင့် လျှပ်စစ်လမ်းကြောင်းသွယ်တန်းရေး စက်ရုပ် - စွမ်းအင်ကွန်ရက်ကို ကိုယ်တိုင်စီစဉ်နိုင်သည်၊၊
သန့်ရှင်းရေးသမား ၀၀၆- သန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်း ကိုင်တွယ်ရေး စက်ရုပ် - အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည် ပြုပြင်နိုင်သည်၊၊
ဟိုက်ဗ်အစောင့်ရှောက်- အဆောက်အဦး တည်ဆောက်ပုံ စောင့်ကြည့်ရေး၊၊
ငွေရောင်လွန်းပျံ-အယ်လ်ဖာ- သယ်ယူပို့ဆောင်ရေး စက်ရုပ် - သံလိုက်စွမ်းအင်ဖြင့် ကုန်ပစ္စည်းများကို အလိုအလျောက် တင်ချနိုင်သည်၊၊
ကင်းထောက် 03A - ရေဒါနှင့် အနီအောက်ရောင်ခြည် အမြင်အာရုံ၊၊
ဒရုန်းပုံစံငယ် အမြောက်အမြား၊ လုပ်ဆောင်ချက်အမျိုးမျိုးနှင့် စနစ်များစွာကို လင်းရှန် ရှေ့တွင် ပြသနေသည်၊၊ ၎င်းတို့ထဲတွင် ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးနိုင်သည့် စက်ရုပ်များပင် ပါဝင်သည်၊၊ ထိုစက်ရုပ်များမှာ လင်းရှန် ယခင်က အဖြူရောင်မြို့ အနောက်တောင်ဘက် ဘန်ကာတွင် တွေ့ခဲ့ရသည့် အမျိုးအစားများဖြစ်ကြသည်၊၊ ထိုကြီးမားသော ဒရုန်းအုပ်စုများကို အသုံးပြု၍ ရှင်းဂျီသည် မြေအောက်ဘန်ကာကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့ပြီး တိတ်ဆိတ်မြို့တော်၏ လုပ်ငန်းဆောင်တာများနှင့် လူပေါင်းတစ်သိန်း၏ နေထိုင်ရေးကို စနစ်တကျ စီမံနိုင်ခဲ့ခြင်း ဖြစ်သည်၊၊
လင်းရှန်၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ရှင်းဂျီက တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“ယန္တရားစွမ်းအားရှင်တစ်ယောက်အနေနဲ့ ငါ မင်းရဲ့ စွမ်းရည်တွေကို အကြိမ်ကြိမ်တွက်ချက်ကြည့်ဖူးတယ်၊၊ မင်းရဲ့ စွမ်းရည်တိုးတတ်မှု အကန့်အသတ်ကို ငါမသိပေမဲ့ မင်းအလိုအပ်ဆုံးကတော့ စမတ်ဦးနှောက်နဲ့ ချိတ်ဆက်ထားတဲ့ ဒရုန်းအုပ်စုကြီးပဲ ဖြစ်လိမ့်မယ်၊၊ မင်း အနောက်တောင်ဘန်ကာကို ဝင်လာတုန်းက ဒရုန်းတွေကို လေ့လာနေတာ ငါ သတိထားမိတယ်၊၊ ဒါကြောင့် ဒါက မင်း အလိုချင်ဆုံးအရာဖြစ်မယ်လို့ ငါ ခန့်မှန်းခဲ့တာပဲ’’
“ခန့်မှန့်ခံရတာ သိပ်ပြီးတော့ စိတ်ထဲ မကောင်းပေမဲ့ ခင်ဗျားကတော့ ခြွင်းချက်ပေါ့၊၊ ခင်ဗျားက လူမှမဟုတ်တာ’’
သူ့ရှေ့တွင် တောက်ပနေသော ပုံကြမ်းများကို ကြည့်ကာ လင်းရှန်က လေသံလေးလေးဖြင့် ပြောလိုက်သည်၊၊ တကယ်တော့ သူသည် ထိုပုံကြမ်းများကို တောင်းရန် ရည်ရွယ်ခဲ့သော်လည်း ရှင်းဂျီက သူ၏ ရည်ရွယ်ချက်ကို ပို၍ ကြိုတင်သိရှိပြီး ပြင်ဆင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ၊၊
ရှင်းဂျီက သူ့ကို ပြုံးလျက် ကြည့်နေပြီး
“အခု မင်းမှာ စမတ်ဦးနှောက် ရှိနေပြီဆိုတော့ အခု မင်းရဲ့ လိုအပ်ချက်အတိုင်း မင်းကိုယ်ပိုင်...’’
“ယန္တရားစစ်တပ်ကို ဖန်တီးနိုင်ပြီပေါ့’’