← Chapters

အခန်း (၇၂၀-၇၂၁)

Vol. 43 Ch. 720-721

အခန်း (၇၂၀-၇၂၁)

Vol. 43 Ch. 720-721

Chapter 720

သားရေကြိုးနှင့် နှင်တံ ၃

လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊

“ဘာလို့ သားရေကြိုးတွေ၊ နှင်တံတွေလဲ”

“ဘာလို့လဲဆိုတော့ ရှင်က သံကြိုးတွေကို ဝါးမျိုနိုင်လို့လေ” ကီကီက တည်ငြိမ်စွာ ပြောသည်၊၊

လင်းရှန် “….”

“ခစ်ခစ်… စတာပါ မကြောက်ပါနဲ့”

ကီကီက တောက်ပစွာ ပြုံးလိုက်ပြီး “အစ်မချန်နဲ့ မြောင်လု၊ ရှုချင်းတို့က ပစ္စည်းတွေ ဝယ်ဖို့ မြို့ထဲ သွားကြတယ်၊၊ အခု ရေပြတ်လပ်မှုက အတော်လေးအရေးကြီးနေတယ်၊၊ တိတ်ဆိတ်မြို့တော်မှာ ရေအရင်းအမြစ်ပေါပေမဲ့ အမှောင်ကျူးကျော်မှုနှုန်းကလည်း တစ်နေ့ထက်တစ်နေ့တိုးလာနေတယ်၊၊ တကယ်လို့ ဒီအမှတ် (၂) မြို့တော်သာ တွင်းနက်အပြင်ဘက်မှာရှိမနေရင် သန္ဓေပြောင်းမှုတွေကြောင့် လူတွေ ဘယ်လောက်တောင် သေကုန်ကြမလဲ မသိဘူး”

“ဒါနဲ့ ရှင်းဂျီက ရှင့်ကို တိတ်ဆိတ်မြို့တော်ထဲ ဝင်ဖို့ စည်းရုံးသေးလား”

“အဲ့ဒါထက်တောင် ဆန့်ကျင်ဘက်ဖြစ်နေသေးတယ်”

လင်းရှန်သည် လက်ရန်းနားသို့ တိုးသွားကာ ညအမှောင်ထဲရှိ ဤကြီးမားသော ယန္တရားမြို့တော်ကြီး၏ အရိပ်ကို ငေးကြည့်ရင်း ပြောလိုက်သည်၊၊

“ရှင်းဂျီက ငါနဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေချင်တယ်၊၊ သူက ငါ့အပေါ်မှာ လောင်းကြေးထပ်ထားချင်တဲ့ သဘောပဲ၊၊ ဒါပေမဲ့ ဒါက ငါ့အတွေးနဲ့ ထပ်တူကျနေတယ်၊၊ အခု တိတ်ဆိတ်မြို့တော်က ဒီလောက်အထိ ဖွံ့ဖြိုးတိုးတတ်နေပြီဆိုတော့ ငါ့အတွက် အသုံးဝင်တာ နှစ်ခုပဲ ရှိတယ်၊၊ မြို့ထဲမှာ အေးအေးဆေးဆေး အိပ်နေဖို့ ဒါမှမဟုတ် ရထားကို အဆင့်မြှင့်ဖို့ မြို့ကြီးတစ်မြို့လုံးကို ဝါးမျိုပစ်ဖို့ပဲ၊၊ ဒါပေမဲ့ ဘယ်အရာကမှ လက်တွေ့မကျဘူးလေ”

ရထားဆောက်ဖို့ တိတ်ဆိတ်မြို့တော်ကို ဝါးမျိုပစ်မယ်ဆိုတဲ့ အတွေးကတော့ တကယ့်ကို အံ့ဩစရာပဲ၊၊

ရှင်းဂျီ၏ ဖော်ပြချက်မှာ အလွန်ပင် ထိရောက်လှသည်၊၊ တိတ်ဆိတ်မြို့တော်စနစ်တစ်ခုလုံးသည်လည်း လင်းရှန်၏ ယန္တရားစွမ်းအားနှင့်အလားတူပိုင်ဆိုင်ထားပြီး ၎င်း၏ ထုတ်လုပ်နိုင်စွမ်းမှာ ပို၍ပင် အားကောင်းပေသည်၊၊ လင်းရှန်အနေဖြင့် သံချပ်ကာဒရုန်းတစ်စင်းကို ထုတ်လုပ်ရန် ၁၅ မိနစ်ခန့် ကြာသော်လည်း တိတ်ဆိတ်မြို့တော်၏ စက်မှုစနစ်ကမူ အရင်းအမြစ်အားလုံးကို အသုံးပြုပါက ထိုအချိန်အတွင်း ဒရုန်းတစ်ထောင်ခန့် ထုတ်လုပ်နိုင်သည်၊၊

ထို့ကြောင့် ရှင်းဂျီသည် လင်းရှန်ကို သူ့အဖွဲ့အစည်းထဲ ဆွဲသွင်းမည့်အစား ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်၊၊ ပထမအချက်မှာ သူ၏ စွမ်းအားနောက်ကွယ်မှ အလားအလာကို စိတ်ဝင်စားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အကယ်၍ ကမ္ဘာ့စက်မှုစနစ်အားလုံး ပျက်စီးသွားခဲ့ပါက လင်းရှန်သည် လူသားမျိုးနွယ်ကို အခြေခံအဆင့်မှ ဂြိုဟ်အဆင့် ယဉ်ကျေးမှုသို့ လျင်မြန်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်မည့် သော့ချက်ဖြစ်သောကြောင့်ပင်၊၊

ဝန်ခံရလျှင် ရှင်းဂျီ၏ အမြော်အမြင်မှာ လင်းရှန်ထက်ပင် ပို၍ ဝေးကွာနေသည်၊၊ သူသာ ထည့်မပြောခဲ့လျှင် လင်းရှန်သည် ဤအချက်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ၊၊

“အဲ့ဒါလည်း ဟုတ်တာပဲ”

ကီကီက ခေါင်းညိတ်လိုက်သည်၊၊

“ဒါဆို လင်းရှန်… ကျွန်မတို့တွေ ကျင်းဟိုင်က ‘ကောင်းကင်အမိုးခုံးအဆင့်’ ရထားကို လုပြီး ဝမ်မိသားစုရဲ့ အရင်းမြစ်တွေကို အကုန်ယူပြီးမှ ထွက်ပြေးကြမလို့လား”

လင်းရှန်က ရယ်မောလိုက်သည်၊၊

“အဲ့ဒီလောက်တော့ မလွယ်ဘူး၊၊ အခု အခြေအနေအရ အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့တော်ကြားမှာ ဆက်နွှယ်မှုတွေ ရှိနေတာ သေချာတယ်၊၊ ကျိုးလီပြောခဲ့သလို အာရုဏ်ဦးမြို့တော်က အထက်အရာရှိတွေက အစွန်းရောက်အမှောင်ဂိုဏ်းနဲ့ ပေါင်းနေကြတယ်လေ… နောက်ပြီး ကျင်းဟိုင်က အာရုဏ်ဦးမြို့တော်အတွက် အရေးကြီးတဲ့ စက်မှုအခြေစိုက်စခန်းပဲ၊၊ ဂြိုဟ်ပတ်ရထားတွေ၊ လက်နက်စနစ်တွေ အကုန်လုံးက အဲ့ဒီမှာရှိတယ်၊၊ အဲ့ဒီလိုနေရာမျိုးမှာ ပစ္စည်းသွားလုဖို့ဆိုတာ အာရုဏ်ဦးမြို့တော်တင်မကဘဲ လင်းလုံအုပ်စုနဲ့ အနီရောင်ကမ္ဘာကိုပါ ရင်ဆိုင်ရမယ့် သဘောပဲ...”

“ဒါဆိုရင်...”

“ကိစ္စမရှိပါဘူး၊၊ စောင့်ကြည့်ရုံပေါ့”

လင်းရှန်က အကြောဆန့်လိုက်ရင်း “ဘာပဲဖြစ်ဖြစ် ဒီအကြံက ရှင်းဂျီဆီက လာတာပဲ၊၊ တိုက်ပွဲတွေဖြစ်လာရင်လည်း တိတ်ဆိတ်မြို့တော်က ရင်ဆိုင်ပေးလိမ့်မယ်၊၊ အခု အနီရောင်ကမ္ဘာကလည်း ငါတို့ကို မျက်စိကျနေသလို တွင်းနက် အမှတ် ၅ ကလည်း မငြိမ်မသက်ဖြစ်နေတယ်၊၊ ဒီတော့ ငါတို့က ရေစီးကြောင်းအတိုင်း လိုက်သွားရုံပဲ၊၊ တိတ်ဆိတ်မြို့တော်ရဲ့ စက်ရုံတွေကို သုံးပြီး အနန္တရထားကို အပြည့်အဝ တပ်ဆင်မယ်၊၊ ကျန်တာကတော့ ဖြစ်လာတဲ့အပေါ်မှာပဲ မူတည်တာပေါ့”

“အဲ့ဒါလည်း ဟုတ်သားပဲ...”

ကီကီက နှုတ်ခမ်းဆူကာ ခေါင်းညိတ်ပြပြီး လင်းရှန်နှင့်အတူ တိတ်ဆိတ်မြို့တော်ကို လှည့်ကြည့်လိုက်သည်၊၊ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်က လူတော်တော်များများဟာ သူတို့ရဲ့ အသိစိတ်ကို Cloud ပေါ် တင်ထားကြတယ်လို့ ကြားတယ်၊၊ အချို့မှာတော့ ကိုယ်ပိုင်အသိစိတ်မှတ်ဉာဏ်တွေ ရှိကြတယ်၊၊ ပေါင်းစည်းယာဉ်တန်းထဲက တချို့ ယာဉ်တန်းတွေမှာလည်း ကိုယ်ပိုင်အတွေးတွေ ရှိနေသလားလို့ ကျွန်မသတိထားမိတယ်...”

“သူတို့က တိတ်ဆိတ်မြို့တော်ထဲ ဝင်ချင်နေကြတာလို့ မင်းဆိုလိုတာလား”

“အင်း”

“နားလည်ပါတယ်”

လင်းရှန်က ပွင့်လင်းစွာ ပြန်ဖြေသည်၊၊

“ငါသာဆိုရင်လည်း ဝင်ချင်မှာပဲ၊၊ ကမ္ဘာပျက်ကပ်ရဲ့ ခြိမ်းခြောက်မှုတွေ နေရာတိုင်းမှာ ရှိနေတဲ့အချိန်မှာ ဒီလိုရွေ့လျားမြို့တော်ကြီးရဲ့ အကာအကွယ်ကို ရဖို့ဆိုတာ သာမန်လူတွေအတွက် အိပ်မက်တစ်ခုပဲလေ၊၊ ဒါက ပုံမှန်ပါပဲ”

သူက ကီကီကို ကြည့်လိုက်သည်၊၊

“အနန္တ ရထားထဲက တစ်ယောက်ယောက်ကလည်း အဲ့ဒီလို တွေးနေမှာကို မင်းစိုးရိမ်နေတာလား”

ကီကီက ခေါင်းခါလိုက်သည်၊၊

“မဟုတ်ပါဘူး၊၊ ဘယ်သူက ဘာပဲတွေးတွေး ကျွန်မနားလည်ပေးနိုင်ပါတယ်၊၊ ရှင်ကသာ...”

သူမက လင်းရှန်ကို ပြန်ကြည့်လိုက်ရာ သူမ၏ မျက်လုံးရွဲကြီးများက တောက်ပနေသည်၊၊

“ရှင် အရမ်းပင်ပန်းနေပြီလို့ ကျွန်မထင်တယ်၊၊ ဒါကြောင့် ရှင်းဂျီက ရှင့်ကို နေခဲ့ဖို့ ပြောရင် ရှင်များ စဉ်းစားမလားလို့...”

“အဲ့ဒီလိုတော့ မဖြစ်နိုင်ဘူး”

ကီကီ၏ စကားများထဲမှ နွေးထွေးမှုကို လင်းရှန် ခံစားလိုက်ရသည်၊၊ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး

“တိတ်ဆိတ်မြို့တော်က ယုံကျန်းဆိပ်ကမ်းမှာ ကောင်းကင်အကာအကွယ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်၊၊ ကမ္ဘာပျက်ဖို့ တစ်နှစ်တောင် မလိုတော့တဲ့ အချိန်မှာ ငါက ဘယ်လိုလုပ် ဒီအတိုင်း ထိုင်စောင့်နေနိုင်မှာလဲ၊၊ နောက်ပြီး ရှင်းဂျီ ပြောသလိုပဲ… ငါ့ကို တိတ်ဆိတ်မြို့တော်ရဲ့ ပုံကြမ်းတွေ အကုန်ပေးလိုက်ရင်တောင် ငါက တိတ်ဆိတ်မြို့တော် နောက်တစ်ခုပဲ ထပ်ဆောက်နိုင်မှာပဲ၊၊ ပြဿနာက တိတ်ဆိတ်မြို့တော်က တွင်းနက်နဲ့ သန္ဓေပြောင်းမွန်းစတားသတ္တဝါတွေကို မရင်ဆိုင်နိုင်သလို ကောင်းကင်အကာအကွယ်ကိုလည်း မဖောက်ထွက်နိုင်ဘူး...”

“ဖီးနစ်လည်း ဒါကို မဖြေရှင်းနိုင်ပါဘူး၊၊ ဒါဟာ တိတ်ဆိတ်မြို့တော်တစ်ခုတည်းရဲ့ ပြဿနာ မဟုတ်ဘူး” ကီကီက ချက်ချင်း တုံ့ပြန်သည်၊၊

“ဒါပေမဲ့... ငါ လုပ်နိုင်တဲ့ အရာတစ်ခုတော့ ရှိကောင်းရှိနိုင်တယ်”

“အဲ့ဒါ ဘာလဲ” ကီကီက သူ့ကို ကြည့်လိုက်သည်၊၊

လင်းရှန်၏ မျက်ဝန်းများက တောက်ပလာပြီး ဤကြီးမားသော ပျံသန်းနေသည့် မြို့တော်ကြီး၏ အင်ဂျင်များဆီသို့ ငေးကြည့်ကာ “လူသားမျိုးနွယ်ရဲ့ နည်းပညာတွေ အကုန်လုံးကို ပေါင်းစပ်ပစ်ဖို့ပဲ၊၊ တိတ်ဆိတ်မြို့တော်၊ အာရုဏ်ဦးမြို့တော်၊ ဖီးနစ်၊ ရှင်းဟွာ အကြီးစား စက်မှုလုပ်ငန်း၊ အာကာသအဆင့်စစ်တပ်၊ အဲ့ဒီနောက်မှာတော့...”

“စူးစမ်းလေ့လာဖို့ပဲ”

ညလေညင်းများက လင်းရှန်၏ စကားသံများကို ကြယ်စုံသော ကောင်းကင်ထဲသို့ သယ်ဆောင်သွားသည်၊၊ ကီကီသည် သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေပြီး နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်၊၊

ထိုအချိန်တွင် သူမ၏ မျက်ဝန်းထဲတွင် လွန်ခဲ့သော အချိန်များက မြင်ကွင်းတစ်ခု ဖျတ်ခနဲ ပေါ်လာသည်၊၊ လင်းရှန်၏ ကယ်တင်ခြင်းကို ခံရပြီး ရထားထဲတွင် ပေါင်မုန့်များ အငမ်းမရစားနေစဉ် လင်းရှန် မိသွားသည့် အချိန်ဖြစ်သည်၊၊ ထိုစဉ်က သူမက သူ၏ အနန္တရထား စီမံကိန်းကြီးမှာ မဖြစ်နိုင်ဟု ဒေါသတကြီးပြောဆိုခဲ့ဖူးသည်၊၊ သူမက အဆင့်မြင့်နည်းပညာများကို တန်းစီရွတ်ပြနေသော်လည်း လင်းရှန်သည် စိတ်မဆိုးသည့်အပြင် မှတ်စုစာအုပ်ထုတ်ကာ အလေးအနက်မှတ်သားနေခဲ့သည်၊၊

“လင်းရှန်”

“အင်း”

“ရှင်က တကယ်အံ့သြစရာပဲ”

“ဘယ်လောက်တောင် အံ့သြစရာကောင်းလို့လဲ”

ကီကီက လက်နှစ်ဖက်ကို အကျယ်ကြီး ဖြန့်ပြီး ရယ်လိုက်သည်၊၊

“ဒီလောက်ကြီးကို အံ့သြစရာကောင်းတာ”

လင်းရှန်က ပြုံးလိုက်ပြီး ဖိုတွန်သိုလှောင်ကိရိယာကို ထုတ်လိုက်သည်၊၊

“ဒါတွေ လုပ်ပြီးသွားရင် ငါက ဒီထက်တောင် ပိုအံ့သြစရာကောင်းလာဦးမယ်”

“အထဲမှာ ဘာတွေပါလဲ”

“စိတ်ဝင်စားဖို့ကောင်းတာတွေ ပါတယ်”

လင်းရှန်က ကီကီ၏ လက်ကို ဆွဲကာ ပြန်လျှောက်လာရင်း “အထဲမှာ လူပုံစံအရုပ်လေးတွေ လုပ်တဲ့ သင်ခန်းစာတွေ အများကြီးပါတယ်၊၊ မင်း စိတ်ဝင်စားမှာ သေချာတယ်”

ထိုစကားကို ကြားသောအခါ ကီကီ၏ မျက်နှာလေးနီရဲသွားပြီး ချက်ချင်း ရပ်လိုက်ကာ လင်းရှန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊

“ဘာ... ဘာလူပုံစံအရုပ်တွေလဲ၊၊ ရှင် ဘာတွေကြံစည်နေတာလဲ”

လင်းရှန်က လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်၊၊ “စက်ရုပ်အသေးလေးတွေနဲ့ နာနိုသံချပ်ကာတွေ၊ အာကာသအခြေစိုက်လက်နက်တွေလေ၊၊ မင်းစိတ်ဝင်မစားဘူးလား”

ထိုအခါမှ ကီကီသည် လင်းရှန်၏ နောက်ပြောင်မှုကို ခံလိုက်ရမှန်း သိသွားပြီး သူ့ကို မျက်စောင်းထိုးကာ ပါးဖောင်းလိုက်သည်၊၊

“စက်ရုပ်အသေးလေးတွေကို လူပုံစံအရုပ်လေးတွေလို့ ခေါ်ရလား၊၊ ရှင်က ကျွန်မကို ငတုံးထင်နေတာလား၊၊ ရှင့်ကို ရိုက်ပစ်လိုက်မှာနော်”

လင်းရှန်က အမြန်ပြေးရင်း အော်ပြောလိုက်သည်၊၊ “စက်ရုပ်အသေးလေးတွေကို လူပုံစံအရုပ်လို့ မခေါ်ရင် ဘာခေါ်ရမှာလဲ၊၊ အပိုင်းအစလေးတွေလို့ ခေါ်ရမှာလား”

ကြယ်စုံသော ကောင်းကင်အောက်တွင် လေပြေက ညင်သာစွာ တိုက်ခတ်နေပြီး ညှော်နံ့နှင့် အပင်များ၏ ရနံ့တို့မှာ ရောယှက်နေသည်၊၊ ရံဖန်ရံခါ ပျံသန်းရေးကိရိယာတစ်ခု ဖြတ်သန်းသွားသည့် အသံမှာ ပျားပိတုန်းတစ်ကောင်၏ တောင်ပံခတ်သံအလား သဲ့သဲ့မျှသာ ကြားရသည်၊၊

ယခုအချိန်လေးမှာ လင်းရှန် ပထမဆုံးထွက်ပြေးလာကတည်းက ရရှိခဲ့သော ရှားပါးသည့် ငြိမ်းချမ်းသော အခိုက်အတန့်လေးပင် ဖြစ်လေသည်၊၊

Chapter 721

ဘေးဒုက္ခများ ခေတ္တကင်းကွာချိန် ၁

ညဉ့်အမှောင်ယံသည် မှင်ရည်ကဲ့သို့ နက်မှောင်နေပြီး လုလင်တောအုပ်ကြီးအတွင်း၌ ဧရာမရွေ့လျားယန္တရားမြို့တော်ကြီး ရပ်တန့်ထားသည့် ပုံစံမှာ သံမဏိသတ္တဝါကြီးတစ်ကောင်နှင့် တူလှသည်၊၊ ထိုမြို့တော်သည် လေထဲတွင် ပျံသန်းနိုင်သည့် ခံတပ်ကြီးလည်း ဖြစ်သည်၊၊ မြို့တော်၏ အထက်ပိုင်းတွင် နီယွန်မီးရောင်များသည် ညကောင်းကင်အောက်တွင် စီးဆင်းနေကြသည်၊၊

မြို့ပြမြင်ကွင်းကို ရင်သပ်ရှုမောဖွယ် ဟိုလိုဂရမ်ရုပ်ပုံလွှာများ နီယွန်ကြော်ငြာများနှင့် အချက်အလက်ပြမျက်နှာပြင်များဖြင့် ဝန်းရံထားရာ တောက်ပသည့် အီလက်ထရောနစ် ဂလက်ဆီတစ်ခုအလားဖြစ်နေသည်၊၊ ၎င်းမှာ ဘေးပတ်ဝန်းကျင်ရှိ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသည့် မှောင်မည်းနေသောတောအုပ်နှင့် အလွန်ပင် ကွာခြားလှသည်၊၊ တောအုပ်အတွင်း သစ်ပင်ရိပ်များကြားတွင် နီရဲသောမျက်လုံးများ တစ်ချက်တစ်ချက် ဝင်းခနဲ ပေါ်လာတတ်ပြီး တိုးညင်းသောဟိန်းဟောက်သံများသည် ညလေပြေနှင့်အတူ လွင့်ပါသွားသည်၊၊ ဖုတ်ကောင်များစွာသည် တောအုပ်ထဲတွင် လှည့်လည်သွားလာနေကြသော်လည်း တိတ်ဆိတ်မြို့တော်၏ ကာကွယ်ရေးစနစ်ကြောင့် အတွင်းသို့ မဝင်ရောက်နိုင်ကြပေ၊၊

အဆင့်မြင့်နည်းပညာသုံး လမ်းမများပေါ်တွင် ချန်ဆီရွှမ်၏ ဖိနပ်သံများသည် သံမဏိကြမ်းပြင်ပေါ်၌ တဒေါက်ဒေါက် မြည်နေသည်၊၊ သူမသည် လက်ရှိပစ္စည်းစာရင်းကို စစ်ဆေးရန် တက်ဘလက်ပေါ်တွင် လက်ချောင်းများကို အလျှင်အမြန် ရွှေ့လျားနေသည်၊၊ မြောင်လု၊ ရှုချင်းနှင့် အဖွဲ့သည် သူမနောက်မှ လိုက်ပါလာကြပြီး စွန်းယုကျန်းသည်လည်း ပစ္စည်းဝယ်ယူရေးအဖွဲ့တွင် ပူးပေါင်းပါဝင်လာသည်၊၊

ဤနေရာရှိ အရောင်းအဝယ်အားလုံးကို တိတ်ဆိတ်မြို့တော်၏ ထောက်ပံ့ပို့ဆောင်ရေးစနစ်မှတစ်ဆင့် ပို့ဆောင်ပေးနိုင်သည်၊၊

တိတ်ဆိတ်မြို့တော်တွင် အမြဲတမ်းနေထိုင်ခွင့်ရသူများအပြင် ကျန်ရှိသူများမှာ ယာယီဒုက္ခသည်များ သို့မဟုတ် ဝင်ရောက်နေထိုင်ခွင့်လျှောက်ထားပြီး စစ်ဆေးခံနေရသူများသာဖြစ်ကြသည်၊၊ တိတ်ဆိတ်မြို့တော်တွင် နေထိုင်သူအဖြစ် လက်ခံရန် တင်းကျပ်သော စည်းကမ်းချက်များရှိသည်၊၊ အမြဲတမ်းနေထိုင်သူများအတွက် အခကြေးငွေ ပေးဆောင်ရန်မလိုသော်လည်း လူကြီးများသည် အလုပ်လုပ်နိုင်စွမ်းရှိရမည်ဖြစ်ပြီး ရာဇဝတ်မှုနှုန်း လျော့နည်းစေရန် စရိုက်လက္ခဏာ စစ်ဆေးမှုများကို ခံယူရသည်၊၊ အန္တရာယ်ရှိသော လူနေမှုပတ်ဝန်းကျင်သည် နေထိုင်သူများကို သန္ဓေပြောင်းလဲမှုများဖြစ်ပေါ်စေနိုင်သည်ဟု ရှင်းဂျီက ယုံကြည်ထားသည်၊၊ ထို့ကြောင့် ရာဇဝတ်မှုမှတ်တမ်းရှိသူ သို့မဟုတ် အကျင့်စာရိတ္တမကောင်းသူများကို မြို့ပြင်သို့ နှင်ထုတ်ရုံသာမက ပြင်းထန်သော ဥပဒေချိုးဖောက်မှုများ ရှိပါက ဒရုန်းများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရနိုင်သည်၊၊

၎င်းအပြင် အမြဲတမ်းနေထိုင်သူမဟုတ်သည့် အခြားသောအသက်ရှင်ကျန်ရစ်သူများသည် လစဉ် သွေးပဲစေ့များ ပေးဆောင်ရခြင်း သို့မဟုတ် ခိုလှုံခွင့်ရရှိရန် အလုပ်လုပ်ကြရသည်၊၊ ဤစနစ်မှာ အာရုဏ်ဦးမြို့တော်ထက် ပို၍စာနာမှုရှိသည်ဟု ဆိုနိုင်သည်၊၊ တိတ်ဆိတ်မြို့တော်သာ အမြဲတမ်းရွေ့လျားမနေပါက ခိုလှုံခွင့်တောင်းခံသူ ဦးရေမှာ အဆမတန်များပြားလာပေလိမ့်မည်၊၊ သို့သော် ယခုအချိန်တွင် အဓိကမြို့ဝန်းကျင်မှ အကာအကွယ်လာရောက်တောင်းခံသည့် အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ပိုမိုများပြားလာနေသည်၊၊

မြို့အတွင်း၌ ဇုန်အသီးသီး ခွဲခြားထားပြီး လမ်းတိုင်းတွင် ဒရုန်းများဖြင့် အသံတိတ်ကင်းလှည့်နေသည်၊၊ တိတ်ဆိတ်မြို့တော်သို့ ဝင်ရောက်သည်နှင့် မိမိတွင်ရှိသော သွေးပဲစေ့အားလုံးကို ဘဏ်၌ အပ်နှံထားနိုင်သည်၊၊ မျက်ဝန်းနှင့် အသံဖြင့်သာ ဖွင့်နိုင်သည့် အဆင့်မြင့်လုံခြုံရေးစနစ်သုံး အကောင့်တစ်ခုကို ရရှိမည်ဖြစ်သည်၊၊ ဤနည်းလမ်းသည် မြို့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများအကြား ကုန်သွယ်မှုကို လွယ်ကူစေသည်၊၊ အဆင့် ၁ သွေးပဲစေ့များကိုလည်း ကိန်းဂဏန်းအသေးစိတ် ခွဲခြားနိုင်သည့်အတွက် ရာဇဝတ်မှုနှုန်းကို ကျဆင်းစေသည်၊၊ ထို့ပြင် သွေးပဲစေ့အပ်နှံထားမှုအတွက် နေ့စဉ် အတိုးလည်း ရရှိသည်၊၊ ထို့ကြောင့် တိတ်ဆိတ်မြို့တော်သည် သုတေသနပြုလုပ်ရန်အတွက် သွေးပဲစေ့အမြောက်အမြားကို စုဆောင်းရရှိထားပြီး အာရုဏ်ဦးမြို့တော်နှင့် ဖီးနစ်အဖွဲ့အစည်းကဲ့သို့သော အဖွဲ့အစည်းကြီးများနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း အသုံးပြုသည်၊၊ ထိုမှတစ်ဆင့် ရုပ်ဝတ္ထုပစ္စည်းများ ကုန်ကြမ်းများနှင့် စက်ကိရိယာများအပြင် အခြားသော အကျိုးအမြတ်များစွာကိုလည်း ရရှိကြသည်၊၊

ထို့ကြောင့် ဤမြို့တော်သည် ကမ္ဘာပျက်ကပ်၏ အမှောင်ထုကြားတွင် စနစ်တကျရှိလှသော လွတ်လပ်သည့် နိုင်ငံငယ်လေးတစ်ခုအလားဖြစ်နေသည်၊၊

အပေါ်ကုန်းပတ် မြင့်မားသော မျှော်စင်ပေါ်တွင် လုရှင်းချန်သည် နေကာမျက်မှန်တပ်ကာ လက်ထဲတွင် လက်ဖက်ရည်ပူတစ်ခွက်ကို ကိုင်ထားသည်၊၊ အေးစက်သော လေထုထဲတွင် ရေငွေ့ဖြူလေးများ လွင့်ပျံနေပြီး သူသည် မျက်လုံးကို မှေးကာ ယန္တရားမြို့တော်၏ သံမဏိတိုင်ကြီးများကို ကြည့်ရင်း ပြုံးနေသည်၊၊ ဤနေရာသည် အနန္တ ရထားပေါ်ရှိ အခြေအနေများကို အချိန်မရွေး စောင့်ကြည့်နိုင်သည့်အပြင် စိတ်အေးလက်အေး အနားယူနိုင်သည့် နေရာကောင်းတစ်ခုလည်းဖြစ်သည်၊၊

ဘေးနားရှိ ကွက်လပ်တွင် အသက် ၁၀ နှစ်အရွယ် မာရှောင်ထန်းသည် မျက်နှာလေး နီရဲနေအောင် အားစိုက်ကာ သူ၏လက်ချောင်းထိပ်များမှ လျှပ်စစ်စီးကြောင်းများကို ထိန်းချုပ်ရန် ကြိုးစားနေသည်၊၊

“အာရုံစိုက်ထား စိတ်မလောနဲ့’’

လုရှင်းချန်သည် သူ၏မျက်မှန်ကို နှာခေါင်းထိပ်သို့ လျှော၍ ငုံ့ကြည့်ကာ ဆရာသခင်တစ်ဦး၏ လေသံဖြင့် သင်ကြားပေးနေသည်၊၊

“လျှပ်စီးဆိုတာ သဘာဝရဲ့ အားကောင်းတဲ့ စွမ်းအင်ပဲ၊၊ အထဲမှာ ကြမ်းတမ်းတဲ့ စွမ်းအင်တွေ ပါတယ်၊၊ စိတ်လောနေရင် ပရမ်းပတာပဲဖြစ်လိမ့်မယ်’’

မာရှောင်ထန်းသည် သွားကို တင်းတင်းစိထားပြီးနောက် နောက်ဆုံးတွင် လျှပ်စစ်စီးကြောင်းမှာ တည်ငြိမ်သွားကာ လျှပ်စစ်တန်းလေးတစ်ခု ဖြစ်ပေါ်လာသည်၊၊

“မဆိုးဘူး’’

လုရှင်းချန် ခေါင်းညိတ်ပြသည်၊၊

“ဆက်ပြီး လေ့ကျင့်ဦး’’

“အစ်ကိုကြီးလု… ကျွန်တော် ဘယ်အချိန်လောက်မှ အစ်ကို့လို တော်လာမှာလဲ’’

မာရှောင်ထန်းက မောဟိုက်စွာ မေးသည်၊၊

“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ…’’

“အဲ.. ဟုတ်ကဲ့ပါ ဆရာ’’

လုရှင်းချန် ကျေနပ်စွာ ခေါင်းညိတ်ပြီး လက်ဖက်ရည်ကို ခပ်ဖြည်းဖြည်းမော့သောက်ရင်း ပြန်ပြောလိုက်သည်၊၊

“အခြေခံကို အရင်ပိုင်နိုင်အောင် လုပ်ပါ၊၊ ဦးတည်ချက်ထားပြီး လေ့ကျင့်တာဟာ အသက်နဲ့ရင်းရတဲ့ အတွေ့အကြုံတွေကနေ တစ်ဆင့် တိုးတက်လာရတာမျိုးပဲ’’

မာရှောင်ထန်းသည် အံကြိတ်ကာ ဆက်လက်လေ့ကျင့်နေသည်၊၊

အနန္တရထား၏ အပြင်ဘက်တွင် လူအိုကြီးမို၏ တူသံသည် ပုံပျက်နေသော သံချပ်ကာပြားပေါ်၌ ကျယ်လောင်စွာမြည်နေသည်၊၊ လျန်လေးသည် လေဆာဖြတ်စက်ဖြင့် ပိတ်နေသော ဒရိုက်ရှပ်တစ်ခုကို ပြုပြင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် မီးပွားများ လွင့်စင်နေသည်၊၊

“ပတ်လမ်းစနစ်ပြဿနာက ကျနော်တို့ ထင်ထားတာထက် ပိုကြီးနေတယ်’’

လော့ယန်သည် စက်ပစ္စည်းတစ်ခုကို ကိုင်ကာ အနားသို့ ရောက်လာသည်၊၊ သူ၏ လက်ချောင်းထိပ်များအောက်တွင် ချို့ယွင်းနေသော ဝိုင်ယာကြိုးများမှာ ဟိုလိုဂရမ်ပုံရိပ်ဖြင့် နီရဲနေသည်၊၊

“တွင်းနက်ထဲကနေ လွတ်လာတာ တော်သေးတယ် မဟုတ်ရင် နောက်ထပ် မွန်းစတားလှိုင်းတွေနဲ့ တွေ့ရင် လက်နက်ခန်းတောင် ပွင့်လာမှာ မဟုတ်ဘူး၊၊ arc+ ကြိမ်နှုန်းမြှင့်စက်တွေရဲ့ တစ်ဝက်ကျော်ကလည်း ပျက်နေပြီ’’

“ပျက်တာရှိရင် ပြင်ရမှာပေါ့ တိတ်ဆိတ်မြို့တော်မှာ ပြုပြင်ရေး စက်ရုပ်တွေနဲ့ ပစ္စည်းတွေ အစုံရှိတယ်’’

လူအိုကြီးမိုက ချွေးများကို သုတ်လိုက်သည်၊၊

“ငါတို့ တတ်နိုင်တာကို အရင်လုပ်ကြတာပေါ့၊၊ ကပ္ပတိန်လင်းက တိတ်ဆိတ်မြို့တော်နဲ့ ညှိနှိုင်းပြီး ပြုပြင်ရေးတွေလုပ်မှာ သေချာတယ်’’

ရထားတွဲအတွင်း၌ လီယီသည် အခြားသူများနှင့်အတူ လဲကျနေသော ပစ္စည်းဗီဒိုများကို ပြန်လည်စီစဉ်နေသည်၊၊ သံလိုက်လမ်းကြောင်းပစ်လွှတ်မှုအတွင်း ပစ္စည်းများစွာ ပြန့်ကျဲသွားခဲ့သည်၊၊ ရထားတွဲ ၁၀ မှာ ဟာလာဟင်းလင်းဖြစ်နေပြီး ကလေးများအားလုံးသည် မြို့တော်ကြီးကို ငေးမောကြည့်ရှုရန် အပြင်ဘက်သို့ ထွက်သွားကြသည်၊၊

“အာကာသယာဉ်ကြီးက အကြီးကြီးပဲ’’

“ဝိုး… ဒီမြို့ကြီးက ပျံနိုင်တယ်ဟ’’

“ဟိုမှာ အမြောက်တွေ အများကြီးပဲ ငါတို့ မွန်းစတားတွေကို ကြောက်စရာမလိုတော့ဘူး’’

“ငါတို့ ဒီမှာပဲ ဆက်နေကြမှာလား’’

“မသိဘူးလေ၊၊ ဒါပေမဲ့ မေမေလီယီပြောတာတော့ အစ်ကိုလင်း ဘယ်သွားသွား… ငါတို့ လိုက်သွားရမယ်တဲ့’’

“အစ်ကိုလင်းရှန်က တကယ့်ကို တော်တယ်နော်… ဒေါက်တာတင်း’’

ကလေးအုပ်စုထဲမှ တို့တို့သည် အနားတွင် ရှိနေသည့် အပေါ်အင်္ကျီအဖြူဝတ်ထားသော တင်းကျန်းရီကို မော့ကြည့်ကာ မေးလိုက်သည်၊၊

တင်းကျန်းရီသည် သူမ လုပ်လက်စ အလုပ်များကို ခေတ္တရပ်နားကာ ကလေးများအကြားတွင် ရပ်ပြီး ရှေ့မှ နီယွန်မီးရောင်စုံများနှင့် တောက်ပနေသော ယန္တရားမြို့တော်ကြီးကို ငေးကြည့်နေသည်၊၊ သူမ၏ လက်များကို အင်္ကျီအိတ်ထဲ ထည့်ထားပြီး တည်ငြိမ်သော မျက်နှာအမူယာဖြင့်ရှိနေသည်၊၊ သူမ၏ မျက်မှန်ပေါ်တွင် ဒရုန်းများ၏ မီးအလင်းတန်းများ ဖြတ်သန်းသွားသည်ကို မြင်နေရသည်၊၊

“ဒါရိုက်တာတင်း… အပြင်ထွက်ပြီး အနားယူတာကို တွေ့ရခဲတာပဲ’’

ကလေးများကို ခေတ္တစောင့်ရှောက်ရန် ချန်ဆီရွှမ်က တာဝန်ပေးထားသော တာလို့သည် ထိုင်ခုံလေးပေါ်တွင် ထိုင်နေရာမှ မေးလိုက်သည်၊၊ တင်းကျန်းရီက တိတ်ဆိတ်မြို့တော်ကို စိုက်ကြည့်နေသည်ကို တွေ့ရသောကြောင့် ဖြစ်သည်၊၊

တင်းကျန်းရီက ခေါင်းအသာညိတ်ကာ “လင်းရှန်က ကျွန်မကို အနားယူခိုင်းလို့ပါ’’

ထို့နောက် သူမသည် အဝေးသို့ ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်၊၊

“လူသားတွေဟာ... သေးငယ်လှပေမဲ့ ကြံ့ခိုင်ကြတာပဲ’’

ရထားတွဲ ၄ တွင် ရှောင်ယွမ်သည် စိုက်ပျိုးရေးတွဲအတွင်း ဖိတ်စင်နေသော ရေများကို သုတ်နေသည်၊၊ လုချန်နှင့် အာမင်၊ လိုလိုအပါအဝင် လူငယ်အများစုသည် တိတ်ဆိတ်မြို့တော်သို့ လည်ပတ်ရန် ထွက်သွားကြသော်လည်း သူမကမူ တင်းကျန်းရီကို ကူညီရန်နှင့် ထောက်ပံ့ရေးကိစ္စများအတွက် ကျန်ရစ်ခဲ့သည်၊၊ အလုပ်များ လက်စသတ်သွားချိန်တွင် အပြင်ဘက်၌ တင်းကျန်းရီနှင့် ကလေးများကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်၊၊

All Chapters