← Chapters

အခန်း (၇၂၆-၇၂၇)

Vol. 43 Ch. 726-727

အခန်း (၇၂၆-၇၂၇)

Vol. 43 Ch. 726-727

Chapter 726

အနက်ရောင်ဖယောင်းတိုင် ထိန်းချုပ်သူ ၁

[ထုတ်လုပ်မှု အောင်မြင်သည်၊၊ ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှု +၂၀]

လက်ရှိ ယန္တရားထုတ်လုပ်မှုအဆင့် ၅ (၂၀၆၀/၃၀၀၀)

အလွိုင်းအစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသွားသည့် အသံများနှင့်အတူ လင်းရှန်၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်လုပ်သား-၇ တည်ဆောက်ရေးစက်ရုပ်တစ်ရုပ် ပေါ်ထွက်လာခဲ့သည်၊၊ စနစ်စတင်ပွင့်လာသည်နှင့်အမျှ စက်ရုပ်၏ အချက်အလက်မျက်နှာပြင်တွင် မီးလင်းလာပြီး စနစ်ဖိုင်များ စတင်လာသည်၊၊ ထို့နောက်တွင်တော့ စက်ရုပ်၏ ချိန်းဘီးများ စတင်လည်ပတ်ကာ အနီးရှိ စီတန်းရပ်တန့်နေသည့် အခြားစက်ရုပ် ၁၀ ရုပ်ရှိရာသို့ ဦးတည်သွားသည်၊၊

“နောက်ထပ် စက်ရုပ် ၅၀ လောက် ထပ်လုပ်ပြီးရင်တော့ ယန္တရားထုတ်လုပ်မှုက အဆင့် ၆ ကို တက်သွားလောက်ပြီ”

၁၃ တွဲမြောက် လက်နက်တွဲအတွင်း၌ လင်းရှန်သည် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန်အတွက် စွမ်းအင်ကို အပြည့်အဝမြှင့်တင်ထားသည်၊၊ တစ်ချိန်တည်းမှာပင် ဤစက်ရုပ်များသည် အနာဂတ်တွင် များစွာအသုံးဝင်လာလိမ့်မည်ဖြစ်သည်၊၊ သူတည်ဆောက်လိုက်သည့် စက်ရုပ်တစ်ရုပ်ချင်းစီတိုင်းသည် သူ၏ ထိန်းချုပ်နိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်စေလေသည်၊၊ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နျူကလီးယားစွမ်းအင်နှင့် စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တံ့ကွင်းတို့ ပေါင်းစပ်လိုက်ပါက အကန့်အသတ်မရှိအောင် အစွမ်းထက်လာမည် ဖြစ်သည်၊၊

လင်းရှန် ခေါင်းမော့ကြည့်လိုက်ရာ ထိုအချိန်တွင် လျှပ်စီးသိန်းငှက် ၂၀၀၀ ဒရုန်း အစီး ၄၀ သည် ရထားတွဲအတွင်းရှိ လေထဲ၌ ပျံသန်းနေပြီး လင်းရှန်၏ အမိန့်အတိုင်း စနစ်တကျလှုပ်ရှားနေကြသည်၊၊ ၎င်းတို့၏ ပါလာစမာရောင်ခြည်လက်နက်များသည် စွမ်းအင်များကို တဖြည်းဖြည်းစုစည်းနေကြရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်၊၊

“‘မိုးကြိုးအကျဉ်းထောင်’ နဲ့ ‘ရေခဲပေါက်ကွဲမှု ၁၆၆’ လိုမျိုး အထူးလုပ်ဆောင်ချက်ပါတဲ့ ဒရုန်းတွေကို ထပ်ပြီး ထုတ်လုပ်သင့်တယ်၊၊ အဲ့ဒါမှ ပိုပြီးတော့ အဆင်ပြေပြေသုံးလို့ရမယ်၊၊ ဪ... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးအတွက် သံမဏိမိုးနဲ့ ‘သံမဏိကန့်လန့်ကာ’ တွေကိုလည်း လုပ်ရဦးမယ်...”

“ဒီ ‘ဖျက်ဆီးသူ’ ကတော့... ထားလိုက်ပါတော့”

ပုံကြမ်းများကို စစ်ဆေးပြီးနောက် လင်းရှန်သည် ၎င်းကို ထုတ်လုပ်ရန် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားလိုက်သည်၊၊ အဓိကမှာ ကုန်ကျစရိတ်များပြားလွန်းခြင်းကြောင့် ဖြစ်သည်၊၊ ယခုလိုအချိန်တွင် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများထက် လုပ်ဆောင်ချက်မျိုးစုံပါသည့် ဒရုန်းများကို ထုတ်လုပ်ခြင်းက ပို၍ တွက်ခြေကိုက်ပေလိမ့်မည်၊၊ စက်ရုပ်များပိုရှိလျှင် ဂရေ့စ်အနေဖြင့် သူ၏ ပုံစံထုတ်ချက်များအတိုင်း အနန္တရထား၏ အတွင်းနှင့် အပြင်ကို ပြုပြင်ပြောင်းလဲရန် ပို၍ လွယ်ကူမည်ဖြစ်သည်၊၊

လင်းရှန်သည် ထုတ်လုပ်ရေးလုပ်ငန်းတွင် အာရုံစိုက်နေစဉ် အိပ်ပျော်နေသည့် ကီကီကို ဘေးတွင် ခဏချထားလိုက်သည်၊၊ ထိုကလေးမလေးက သူ့ကို တွယ်ကပ်နေပါက အာရုံများထွေပြားနိုင်သောကြောင့် ဖြစ်သည်၊၊

ယခုအချိန်သည် ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သော်လည်း ဤမိန်းကလေးငယ်လေးက သူ့ကို ဖက်တွယ်ထားချိန်တွင် သူသည် သူမကို နမ်းချင်စိတ်များ ခဏခဏဖြစ်ပေါ်နေရသဖြင့် ထုတ်လုပ်မှုစွမ်းရည်မှာ ကျဆင်းနေရသည်၊၊

“မတူညီတဲ့ ဒရုန်းနှစ်စီးကို တစ်ပြိုင်တည်း ထုတ်လုပ်ကြည့်ရအောင်...”

လင်းရှန်သည် စိတ်အားထက်သန်စွာဖြင့် လက်နှစ်ဖက်လုံးကို အသုံးပြုကာ ထုတ်လုပ်မှုကို စတင်လိုက်သည်၊၊ သူ၏ စိတ်ဝိညာဉ်သည် ယန္တရားနှလုံးသား၏ လုပ်ဆောင်ချက်များအတွင်းသို့ စီးဝင်သွားပြီး ကုန်ကြမ်းပစ္စည်းများစွာနှင့်အတူ လေထုထဲတွင် ကခုန်နေသကဲ့သို့ ခံစားနေရသည်၊၊ ပုံကြမ်းများအတိုင်း တွက်ချက်မှုယူနစ်များ၊ ပတ်လမ်းပြားများ၊ တာဘိုဂျက်အင်ဂျင်ငယ်များနှင့် လေဆာရေဒါများအဖြစ် ပုံပေါ်လာလေသည်၊၊

တိကျလှသည့် စက်ယန္တရားများနှင့် စနစ်များကိုကြည့်ရင်း လင်းရှန်၏ စိတ်အစဉ်သည် ဒရာကာမာ ရေခဲချောက်ကမ်းပါးရှိ ယူနစ် ၀၁ စက်ယန္တရားကြီးကို ပထမဆုံးထိတွေ့ခဲ့ရစဉ်က ခံစားချက်ကို ပြန်လည်အမှတ်ရသွားသည်၊၊ လူသားတို့၏ ခန့်ညားလှသော ယန္တရားတည်ဆောက်ပုံများကို မြင်တွေ့ရချိန်တွင် ဖြစ်ပေါ်လာသည့် ထိုခံစားချက်မှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်၊၊

ဇီ...

ထိုစဉ် ဆက်သွယ်ရေးစက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်၊၊

“ညီလေးလင်း... ညီလေးလင်းရေ”

ဟူလုရှို့က သူ့ကို ခေါ်လိုက်တိုင်း လင်းရှန်သည် လမ်းထောင့်တွင် ဖောက်သည်ရှာနေသည့် အကျင့်ပျက်ပွဲစားများကိုသာ ပြေးမြင်နေမိသည်၊၊ သူသည် ချက်ချင်းပင် ဆက်သွယ်ရေးခလုတ်ကို နှိပ်လိုက်ပြီး ပြန်ထူးလိုက်သည်၊၊

“ဘာကိစ္စလဲ”

“ငါ မင်းအတွက် ပစ္စည်းကောင်းတစ်ခု တွေ့ထားတယ်၊၊ စိတ်ဝင်စားလား”

“အဲ့ဒါက ဘာလဲ”

တင်း တင်း~

အချက်အလက်တစ်ခုပေါ်လာသည်၊၊ လင်းရှန်သည် အိပ်ပျော်နေသည့် ကီကီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းကို ဖွင့်ကြည့်လိုက်သည်၊၊

ဟူလုရှို့သည် ရွှေသွားကြီးဖြဲကာ ဟိုလိုဂရမ်မျက်နှာပြင်တွင် ပေါ်လာပြီး သူ့နောက်ရှိ အရာတစ်ခုကို လက်ညှိုးထိုးပြနေသည်၊၊

“ဒီကောင်ကြီးကို မြင်လား၊၊ သောက်ရမ်းလန်းတယ်မလား”

လင်းရှန် သေချာကြည့်လိုက်ရာ ‌ဟူလုရှို့သည် လေဆိပ်တစ်ခုတွင် ရပ်နေပြီး သူ၏ နောက်တွင် ကြီးမားသော သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးတစ်စီး ရှိနေသည်၊၊

လင်းရှန်သည် ၎င်းကို ချင်းရွှေမြို့တွင် မြင်တွေ့ခဲ့ဖူးသော Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘောအမျိုးအစားဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်၊၊ သို့သော် ယခုယာဉ်မှာမူ အပျက်အစီးမရှိဘဲ အကောင်းတိုင်းရှိနေခြင်းပင် ဖြစ်သည်၊၊

“ဖက်ဒရေးရှင်းရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောကို ခင်ဗျား ဘယ်လိုရလာတာလဲ”

လင်းရှန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်၊၊

“မဟုတ်ပါဘူး”

ဟူလုရှို့က လေးနက်သောအမူယာဖြင့် ရှင်းပြသည်၊၊

“ဒါက ဖက်ဒရေးရှင်းက သုံးမရတော့လို့ စွန့်ပစ်ထားတာကို စစ်ဘက်သုံးကနေ အရပ်ဘက်သုံးအဖြစ် ပြောင်းထားတာပဲ၊၊ မှောင်ခိုပစ္စည်း မဟုတ်ဘူးနော်… ဒီယာဉ်ရဲ့ ကိုယ်ထည်တစ်ခုလုံးကို တိုက်တေနီယမ်နဲ့ တန်စတင်အလွိုင်းတွေနဲ့ လုပ်ထားတာပဲ၊၊ တွင်းနက်ထဲက စွမ်းအားရိုက်ခတ်မှုတွေကြောင့်တောင် ပျက်ကျမှာ မဟုတ်ဘူး၊၊ အပြင်ဘက် သံချပ်ကာမှာ အစင်းရာလေးတွေ နည်းနည်းပါတာကလွဲရင် ဘာပြဿနာမှ မရှိဘူး၊၊ ဖက်ဒရေးရှင်းစံနှုန်းမီ Dragon MK-III အမျိုးအစား အကြီးစားသယ်ယူပို့ဆောင်ရေးသင်္ဘောပဲ၊၊ တန်ချိန် ၁၁၀၀၀ ရှိတယ်၊၊ ကုန်တင်ခန်းက ဘောလုံးကွင်း သုံးကွင်းစာလောက် ဆန့်တယ်”

“စွန့်ပစ်ပစ္စည်းဟုတ်လား၊၊ အာရုဏ်ဦးမြို့တော်က လူတွေ ရူးကုန်လို့ ဒီလောက် အကြီးစားယာဉ်ကြီးကို စွန့်ပစ်ရမှာလား”

လင်းရှန်က ရယ်မောရင်း ပြောလိုက်သည်၊၊

“ခဗျား ပြောချင်တာကို တည့်ပဲ ပြောတော့… ကျုပ်မှာ အပိုစကားတွေ နားထောင်ဖို့ အချိန်မရှိဘူး”

“နေဦး... နေဦး...”

ဟူလုရှို့က အသည်းအသန်တားလိုက်ပြီး ဟိုလိုဂရမ်မျက်နှာပြင်အနားသို့ တိုးကပ်ကာ ခပ်တိုးတိုးပြောလာသည်၊၊

“ညီလေးလင်း... မင်းက ယန္တရားတွေ ရှာခိုင်းထားတယ် မဟုတ်လား၊၊ ဒီယာဉ်ရဲ့ ပိုင်ရှင်က အကောင်ကြီးကြီးတစ်ယောက်ပဲ၊၊ သူက ဒီယာဉ်နဲ့ ဖက်ဒရေးရှင်းဆီက မြေအောက်မြို့တော်မှာ နေရာတစ်ခု လဲချင်နေတာဟ… ငါလည်း အဲ့ဒီအချိန်က ကြောင်သွားတယ်၊၊ ခင်ဗျား ရူးနေလားလို့ မေးလိုက်မိတယ်၊၊ ဖက်ဒရေးရှင်းက ပစ္စည်းကို ဖက်ဒရေးရှင်းနဲ့ ပြန်လဲမလို့လား… ခင်ဗျားကပဲ ရူးလား ဒါမှမဟုတ် ဖက်ဒရေးရှင်းက လူတွေကပဲ ပိုရူးလားပေါ့၊၊ နောက်တော့မှ သူတို့က ဒါကို သွေးပဲ‌‌စေ့တွေနဲ့ လဲချင်မှန်း သိရတယ်၊၊ ဒါပေမဲ့ ဖီးနစ်နဲ့ တခြားအဖွဲ့အစည်းကြီးတွေကလွဲရင် ဘယ်သူက ဒီလိုပစ္စည်းမျိုးကို ယူရဲမှာလဲ… ဘယ်သူကရော တတ်နိုင်မှာလဲ”

“အဲ့ဒါနဲ့ ငါလည်း ညီလေးလင်းဆိုရင်တော့ ယူရဲမှာပဲလို့ တွေးပြီး မင်းဆီ ပြေးလာတာပေါ့... ဟဲဟဲ”

ထိုစကားကို ကြားသောအခါ လင်းရှန် ခဏစဉ်းစားသွားရသည်၊၊ သူက ရှင်းဂျီကို အကူအညီ တောင်းထားခြင်း မဟုတ်ပါလား၊၊ ရှင်းဂျီကပဲ ဒီလူလည်ပွဲစား ဟူလုရှို့ကို ခိုင်းလိုက်ခြင်းလော၊၊

သို့သော် သူ ချက်ချင်းပင် သဘောပေါက်သွားသည်၊၊ ဤဟူလုရှို့သည် တိတ်ဆိတ်မြို့တော်သို့ ရောက်သည်နှင့် အဖြူရောင်မြို့မှ ရလာသမျှ အမှိုက်များကို တွင်းနက်က ရလာသည့် ရတနာတွေပါဟုဆိုပြီး လျှောက်ပြောကာ လိမ်ညာရောင်းချနေသူဖြစ်သည်၊၊ သူသည် တိတ်ဆိတ်မြို့တော်ရှိ အသက်ရှင်ကျန်ရစ်သူများ အစည်းအဝေးတွင် လေလုံးထွားကာ ပစ္စည်းများကို လေလံတင်ရောင်းချခဲ့ပြီး အာခီစိုင်း၌ လမ်းကြေးကောက်ခဲ့စဥ်ကထက် သွေးပဲစေ့ရာဂဏန်းအထက်ကို တစ်ညတည်းနှင့်ပင် ရှာဖွေနိုင်ခဲ့သူဖြစ်သည်၊၊

ထို့နောက် ရှင်းဂျီက လင်းရှန်အား အခြေအနေကို ရှင်းပြလိုက်သည်၊၊ ရှင်းဂျီ၏ အမြင်တွင် ဟူလုရှို့သည် လင်းရှန်၏ ပေါင်းစည်းယာဉ်တန်းတွင် ပါဝင်သူတစ်ဦးဖြစ်သောကြောင့် သူ့ကို အမြတ်ထုတ်မှုဖြင့် အခွန် ၈၀ ရာခိုင်နှုန်း ရိုက်လိုက်ရာ ဟူလုရှို့သည် ငမွဲဘဝသို့ ပြန်ရောက်သွားရရှာသည်၊၊

ရှင်းဂျီသည် ယန္တရားပစ္စည်းများ စုဆောင်းသည့်အလုပ်ကို ဟူလုရှို့အား တိုက်ရိုက်ပေးလိုက်ခြင်းသည် တိတ်ဆိတ်မြို့တော်နှင့် ပေါင်းစည်းရထား၏ ဆက်ဆံရေးကို လျှို့ဝှက်ထားချင်သောကြောင့် ဖြစ်နိုင်သည်ဟု လင်းရှန်လည်း တွေးမိသည်၊၊

လင်းရှန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဟူလုရှို့ကို တိုက်ရိုက်မေးလိုက်သည်၊၊

“ဈေးက ဘယ်လောက်လဲ”

ဟူလုရှို့က လင်းရှန်ကို လက်တစ်ဖက်ထောင်ပြလိုက်သည်၊၊

“အဆင့် ၁ သွေးပဲစေ့ ၅ သောင်း၊၊ ဒါက မှောင်ခိုဈေးထက် တစ်ဝက်လောက် သက်သာတာနော်၊၊ ပြီးတော့ သုံးနှစ် အာမခံလည်း ပေးဦးမှာ”

“နှုတ်ဆက်ပါတယ်” လင်းရှန်က ပြောလိုက်သည်၊၊

Chapter 727

အနက်ရောင်ဖယောင်းတိုင် ထိန်းချုပ်သူ ၂

“နေ.. နေပါဦး”

ဟူလုရှို့က ဆက်သွယ်ရေးကို ဖြတ်တောက်တော့မည့် လင်းရှန်ကို အလျင်အမြန် တားလိုက်သည်၊၊

“ညီလေးလင်း... ငါပြောလို့ မပြီးသေးဘူးလေ၊၊ အဲ့ဒီသွေးပဲစေ့ ၅ သောင်းကို... ငါပဲ စိုက်ထုတ်ပေးမှာပါ”

“ခဗျား ဘာကိုဆိုလိုတာလဲ”

လင်းရှန်က မျက်မှောင်ကြုတ်၍ မေးသည်၊၊

ဟူလုရှို့က သူ၏ ရင်ဘတ်ကို ခပ်ပြင်းပြင်းထုလိုက်ပြီးနောက် “ငါက ငယ်ငယ်ကတည်းက ကျေးဇူးသိတတ်တဲ့သူပါ၊ ဒီယာဉ်ကြီးက ငါ့အသက်ကို ညီလေးလင်းကယ်ခဲ့တဲ့ ကျေးဇူးအတွက် ဒီလူရဲ့ လက်ဆောင်ပါ၊၊တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး”

လင်းရှန် ရယ်မောလိုက်မိသည်၊၊ ဟူလုရှို့၏ ရည်ရွယ်ချက်ကို သူ ချက်ချင်းပင် သိလိုက်ရသည်၊၊

“သွေးပဲစေ့ ၅ သောင်းလား”

“တစ်ပြားမှ မလိုပါဘူး”

“ကျုပ်ကို အလကားပေးမယ်ပေါ့”

“ဟုတ်တယ်လေ”

“ကောင်းပြီ... ကျေးဇူးပဲ”

လင်းရှန်က ဝတ်ကျေတန်းကျေပြောလိုက်ပြီး ဖုန်းချမည့်ဟန် ပြုလိုက်သည်၊၊

ဟူလုရှို့၏ မျက်နှာ ချက်ချင်းပျက်သွားပြီး “ဟို... ညီလေးလင်း... ကျုပ်အရင်က ဘာလုပ်ခဲ့လဲ မှတ်မိသေးလား”

“လမ်းကြေးကောက်တာလား”

“အဲ့ဒါ မဟုတ်ဘူးလေ...”

ဟူလုရှို့က ယာဉ်ကြီးကို လက်ညှိုးထိုးပြရင်း “ဒီလိုကောင်မျိုးကို ငါမောင်းခဲ့ဖူးတာ မမေ့နဲ့ဦး၊၊ ဘယ်ကုန်းပတ်မှာ အိမ်သာဘယ်နှလုံးရှိတယ်ဆိုတာအထိ ငါအကုန်သိတယ်”

လင်းရှန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်၊၊ ဟူလုရှို့သည် သူ့အဖွဲ့ထဲတွင် ပါဝင်ချင်သောကြောင့် ယခုလို ဇာတ်လမ်းဆင်နေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်၊၊

“ကောင်းပြီ... ဒါဆိုရင် ဒီနေ့ကစပြီး ကုန်းပတ်တိုင်းက ခဗျားရဲ့ ထိန်းချုပ်မှုအောက်ရောက်သွားပြီ”

လင်းရှန်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်၊၊

ဟူလုရှို့ ဝမ်းသာအားရဖြစ်သွားသော်လည်း လင်းရှန်၏ နောက်ထပ်စကားကြောင့် ဆွံ့အသွားလေသည်၊၊

“ကုန်းပတ်မန်နေဂျာပေါ့”

ထိုနောက် ဆက်သွယ်ရေးပြတ်တောက်သွားသည်၊၊

“ကုန်းပတ်မန်နေဂျာ... အဲ့ဒါက ဘာကိုဆိုလိုတာလဲ”

ဟူလုရှို့က ဘေးနားရှိ ဆန်းချန်ကို မေးလိုက်သည်၊၊

ဆန်းချန်က သေတ္တာထဲရှိ သွေးပဲစေ့များကို ရေတွက်နေရင်း “ရှင်ပဲ အိမ်သာဘယ်နှလုံးရှိမှန်း သိတယ်ဆို… အဲ့ဒါကြောင့် ရှင့်ကို အိမ်သာဆေးတဲ့ အလုပ်ကို တာဝန်ပေးလိုက်တာပေါ့”

“ဘာ”

ဟူလုရှို့တစ်ယောက် ပေါက်ကွဲလုမတတ် ဖြစ်သွားလေသည်၊၊

…

အခြားတစ်ဖက်ရှိ ၁၃ တွဲမြောက် ရထားတွဲအတွင်း၌ အေးစက်သောအသံတစ်ခု လင်းရှန်၏ နားထဲသို့ တိုးဝင်လာသည်၊၊

“အဲ့ဒီလူက ရှင့်ကို ကပ်တွယ်ဖို့ ကြိုးစားနေတာပဲ”

သူ လှည့်ကြည့်လိုက်ရာ ဘယ်အချိန်က နိုးနေမှန်းမသိသည့် ကီကီက ကြမ်းပြင်ပေါ်တွင် မှောက်လျက်သားဖြင့် သူ့ကို စိုက်ကြည့်နေသည်၊၊

“ငါ သိပါတယ်၊၊ သွေးပဲစေ့ ၅ သောင်းဆိုတာက သူလေလုံးထွားနေတာပဲ… သူ့မျက်နှာက မိုးကောင်းကင်ထက်တောင် ပိုထူသေးတယ်၊၊ တကယ်လို့ သူသာ အဲ့ဒီလောက်ရှိရင် တိတ်ဆိတ်မြို့တော်ရဲ့ မြို့တော်ဝန်ဖြစ်နေလောက်ပြီ”

“ဒါဆိုရင် ရှင်မယူဘူးပေါ့”

“ယူမှာပေါ့၊၊ ဘာလို့ မယူရမှာလဲ”

လင်းရှန်က ပြုံးရင်း ပြောသည်၊၊

“ဒီလို အလကားရတဲ့ လက်ဆောင်မျိုးက ခဏခဏရမှာ မဟုတ်ဘူး”

ပြီးပြည့်စုံသည့် အခြေအနေရှိသော တန်ချိန် တစ်သောင်းခွဲ တင်ဆောင်နိုင်သည့် သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးသည် ကမ္ဘာပျက်ကပ်၏ ဝေဟင်ထက်တွင် အန္တရာယ်များလှသော်လည်း အလွန်မြင့်မားသော တန်ဖိုးရှိပေသည်။ ကံကောင်းမှုသာ လုံလောက်မည်ဆိုလျှင် ဤယာဉ်ကို စီးနင်းလိုက်ပါခြင်းက အာရုဏ်ဦးဗဟိုစင်တာဆီသို့ တိုက်ရိုက်ရောက်ရှိသွားစေနိုင်သည်။ သို့သော်လည်း ဖက်ဒရေးရှင်း၏ ကြားဖြတ်ဟန့်တားခြင်း သို့မဟုတ် ပစ်ချခြင်းကို မခံရဖို့ လိုအပ်သလို… ထူးဆန်းသည့် သတ္တဝါများနှင့် မတွေ့ဆုံရန်… သို့မဟုတ် အမှောင်အမှတ်အသားမခံရရန်လည်း လိုအပ်ပေသည်။

“သူက ငါ့ကို ကျေးဇူးတင်အောင်လုပ်ပြီး ငါ့နောက် လိုက်ချင်နေတာပဲ”

“အခု သူက တိတ်ဆိတ်မြို့တော်မှာ ရှိနေတာပဲ၊၊ ဘာလို့ ရှင့်နောက်လိုက်ချင်ရတာလဲ”

ကီကီက သူမ၏ ဆံပင်ရှည်များကို လက်ဖြင့် ကစားရင်း မေးလိုက်သည်၊၊

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“အဲ့ဒီလူက မအဘူး၊၊ ရှင်းဂျီက သူ့ကို သဘောမကျဘူးဆိုတာ သူ သိတယ်၊၊ အာရုဏ်ဦးမြို့တော်ကိုလည်း သူ မသွားရဲဘူး၊၊ အဲ့ဒါကြောင့် သူက သူ့အတွက် လမ်းစတစ်ခု ကြိုရှာထားတာပဲ”

“ဪ... ဒါနဲ့ ရှင်က ဘာလို့ ကျွန်မကို ချထားလိုက်တာလဲ”

“ဟူလုရှို့က...”

လင်းရှန် စကားစပြတ်သွားသည်၊၊ ကီကီက စကားလမ်းကြောင်း ပြောင်းလိုက်မှန်း သူ သိလိုက်ရသည်၊၊ သူမက လက်ပိုက်ကာ သူ့ကို စိုက်ကြည့်နေသည်၊၊

“ကျွန်မက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့လား”

“···”

လင်းရှန်လည်း အခြေအနေမဟန်တော့မှန်း သိလိုက်သဖြင့် အမြန်ရှင်းပြလိုက်သည်၊၊

“မင်း အိပ်နေတာကို မနှိုးချင်လို့ပါ”

“ဟွန်း” ကီကီက နှာခေါင်းရှုံ့လိုက်သည်၊၊

“လူလိမ်ကောင်”

သူမ ထရပ်လိုက်သည်၊၊

“ကျွန်မလည်း ရှင့်ကို မတွယ်ကပ်ချင်ပါဘူး၊၊ နေရတာ သက်တောင့်သက်သာမရှိဘူး”

ထိုစကားကို ကြားသောအခါ လင်းရှန် ခေါင်းငုံ့ကြည့်မိသွားသည်၊၊

“အဲ့ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊၊ ဒီတစ်ခါ ငါဘာမှမတုံပြန်ခဲ့ပါဘူးနော်”

သူ ပြောပြီးမှ စကားမှားသွားမှန်း သိလိုက်သည်၊၊

ဒီရှင်းပြချက်က ငါ့ပါးငါပြန်ရိုက်သလို ဖြစ်မနေဘူးလားဟ…

ကီကီက လင်းရှန်၏ လှုပ်ရှားမှုကို ကြည့်ကာ အံကြိတ်လိုက်သည်၊၊

“ရှင် ဘာတွေပြောနေတာလဲ”

လင်းရှန် ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ် ဆက်သွယ်ရေးစက်မှ အရေး‌တကြီးအသံတစ်ခု ထွက်ပေါ်လာသည်၊၊

“လင်းရှန်... ကျိုးလီဘက်မှာ အခြေအနေတစ်ခုဖြစ်နေပြီ”

၎င်းမှာ မိုနီကာ၏အသံဖြစ်သည်၊၊ ထိုအသံကို ကြားသည်နှင့် လင်းရှန်နှင့် ကီကီတို့ ချက်ချင်းတည်ငြိမ်သွားကြပြီး ဘုရင်မ မိုနီကာရထားရှိရာသို့ အပြေးသွားလိုက်ကြသည်၊၊

ထိုနေရာသို့ ရောက်သောအခါ မိုနီကာ၏ အဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် ရထား၏ ဘေးတစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေကြသည်ကို တွေ့လိုက်ရသည်၊၊ နံပါတ် ၁ ရထားတွဲ၏ အပြင်ဘက်တွင် စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသည့် အဖွဲ့ဝင်အချို့က အမျိုးသားတစ်ဦးကို လျှပ်စစ်သေနတ်ဖြင့် ထိန်းချုပ်ထားကြသည်၊၊ မိုနီကာသည် သူမ၏ လက်ထဲရှိ ထူးဆန်းသော ကိရိယာတစ်ခုကို စစ်ဆေးနေသည်၊၊

လင်းရှန် လျှောက်လာသည်ကို မြင်သောအခါ မိုနီကာက သူမလက်ထဲရှိ ကိရိယာကို လင်းရှန်ထံ လှမ်းပေးလိုက်သည်၊၊

“စိတ်ဝင်စားဖို့ကောင်းတဲ့ စက်ပဲ၊၊ ကျွန်မ မမှားဘူးဆိုရင် ဒါက ကျိုးလီကို ရှာဖို့ သူတို့ သုံးတဲ့ ပစ္စည်းပဲ”

လင်းရှန် ၎င်းကို လှမ်းယူလိုက်ပြီး မြေပြင်ပေါ်ရှိ လူကို ကြည့်လိုက်သည်၊၊ ထိုလူမှာ အသက် ၃၀ ကျော်ခန့် ရှိပြီး ပိန်ပိန်ပါးပါးနှင့် ဖြူဖျော့ပုံစံရှိနေသည်၊၊ သူသည် မှောင်မိုက်သော နေရာများတွင် အကြာကြီးနေထိုင်ခဲ့ရသူတစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်၊၊ ထိုလူက ခေါင်းမော့ရန် ကြိုးစားသော်လည်း အစောင့်က လျှပ်စစ်သေနတ်ဖြင့် ဖိထားသဖြင့် တုန်တက်သွားကာ သတိလစ်သွားသည်၊၊

“သူက အလင်းဗျာဒိတ်တော်ဂိုဏ်းသားလား”

ကီကီက လက်ပိုက်ပြီး မေးလိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်ထဲကို သူဘယ်လိုရောက်လာတာလဲ၊၊ ဘယ်သူမှ မသိလိုက်ဘူးလား”

“ဘာလို့လဲဆိုတော့… ဒီလူက ကျိုးလီလိုပဲ ဖြစ်နေလို့ပေါ့...”

လင်းရှန်က ကိရိယာကို စကင်ဖတ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်၊၊

“ရေဒါတွေနဲ့ အရိပ်တွေက သူ့ကို လုံးဝရှာမတွေ့နိုင်ဘူး”

ပြောပြောဆိုဆိုဖြင့် လင်းရှန်က ရထား၏ မီးမောင်းကို ထိုလူ၏ အပေါ်မှ ဖယ်ခိုင်းလိုက်ရာ ထိုလူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး တစ်ဝက်ခန့် ပျောက်ကွယ်သွားသကဲ့သို့ဖြစ်သွားသည်၊၊

“ဟုတ်တယ်၊၊ ဒါပေမဲ့ ဒီလူက အတွေ့အကြုံမရှိသေးတဲ့သူပဲ ဖြစ်ရမယ်၊၊ သူ အနားကပ်လာတဲ့အချိန်မှာ သူ့နှလုံးခုန်သံက အရမ်းမြန်နေတယ်”

မိုနီကာက ခပ်တိုးတိုးပြောသည်၊၊

လင်းရှန်သည် ကိရိယာကို စစ်ဆေးပြီးနောက် ၎င်းမှာ စိတ်ဝိညာဉ်တုန်ခါမှုတိုင်းတာသည့် ကိရိယာနှင့် ဆင်တူကြောင်း တွေ့ရှိရသည်၊၊ သူသည် ၎င်းကို ဖြုတ်ကြည့်လိုက်ရာ အတွင်း၌ သွေးပဲစေ့အပြင် အနက်ရောင်အရည်များ ပါဝင်သည့် ဖန်ပြွန်ငယ်တစ်ခုကိုလည်း တွေ့ရသည်၊၊ ထိုအရည်မှာ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်၊၊

လင်းရှန်က ထိုဖန်ပြွန်ကို ကိုင်ကြည့်ရင်း “ဒါက ထောက်လှမ်းရေးကိရိယာတစ်ခုဆိုတာ သေချာတယ်၊ ဒါပေမဲ့ ဘယ်လို အလုပ်လုပ်သလဲဆိုတာတော့ မသိသေးဘူး၊၊ ကျိုးလီရဲ့ ကိုယ်ပေါ်မှာလည်း ဘာခြေရာခံစက်မှ မရှိဘူး၊၊ အဲ့ဒါဆိုရင်...”

“အဲ့ဒီ အနက်ရောင်ဖယောင်းတိုင်က ကျိုးလီရဲ့ တည်နေရာကို ခြေရာခံနိုင်တာဖြစ်နိုင်မလား”

ကီကီက ခန့်မှန်းလိုက်သည်၊၊

“ဖြစ်နိုင်တယ်”

လင်းရှန်က သတိလစ်နေသည့်လူကို ကြည့်လိုက်သည်၊၊

“ဒါဆို မေးစရာရှိတာက ဒီလူနဲ့ ကျိုးလီက အတူတူပဲလား၊၊ အနက်ေရာင်ဖယောင်းတိုင်က တစ်ခုတည်းရှိတာလား၊၊ ဒါမှမဟုတ် လူအများကြီးပေါ်မှာ သုံးလို့ရတာလား”

“သူ့ကိုပဲ တိုက်ရိုက်မေးကြည့်လိုက်လေ”

မိုနီကာက ရထားရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်၊၊

“ဟိုလူကတော့ တစ်ခုခုကို သိသွားပုံပဲ၊၊ အခု သူ အတော်လေးပျာယာခတ်နေတယ်”

All Chapters