← Chapters

အခန်း (၇၁၈-၇၁၉)

Vol. 43 Ch. 718-719

အခန်း (၇၁၈-၇၁၉)

Vol. 43 Ch. 718-719

Chapter 718

သားရေကြိုးနှင့် နှင်တံ ၁

ယန္တရားစစ်တပ်၊၊

လင်းရှန်၏ ရင်ထဲ အနည်းငယ် တုန်လှုပ်သွားသည်၊၊ ရှင်းဂျီ၏ စကားများသည် သူ၏ စိတ်အတွင်းအနက်ရှိုင်းဆုံးထဲမှ အတွေးများကို ထိမှန်သွားစေသည်၊၊ လေအမြောက်စွမ်းရည်နှင့် ဓားမြှောင်တစ်လက်ကို အသုံးပြုခဲ့ရာမှ ယခုအခါ အဆင့်မြင့်စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ ဒရုန်းစစ်ပွဲများကို ကွပ်ကဲနိုင်သည်အထိ ဖြတ်သန်းခဲ့ရသော ခရီးစဉ်ကို ပြန်လည်ဆင်ခြင်မိသည်၊၊ အနန္တ ရထား၏ သံမဏိချပ်ကာတိုင်းမှာ သူကိုယ်တိုင် သေချာဖန်တီးခဲ့ရခြင်းဖြစ်ပြီး သူတစ်ဦးတည်းသာ သိနိုင်သည့် ရုန်းကန်မှုများပင် ဖြစ်သည်၊၊

အကယ်၍ သူသာ ယန္တရားစွမ်းအားမရှိဘဲ အခြားတိုက်ခိုက်ရေး စွမ်းအားတစ်ခုခုသာရှိခဲ့လျှင် သူ၏ ရည်မှန်းချက်မှာ တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန်နှင့် ကမ္ဘာပျက်ကပ်ကို ရင်ဆိုင်ကျော်ဖြတ်ရန် ဓားသွားအစွန်းပေါ်တွင် လျှောက်နေရပေလိမ့်မည်၊၊ ယူနစ် ၀၁ ဖန်ကူ စက်ရုပ်ကြီးနှင့် သူသည် မည်သို့မျှ ထိတွေ့မိမည်မဟုတ်ပေ၊၊

လင်းရှန်သည် သူ၏ အခန်းကဏ္ဍကို ကောင်းစွာ နားလည်သည်၊၊ သူသည် ရှေ့တန်းတိုက်ခိုက်ရေးသမား မဟုတ်ဘဲ… ရှင်းဂျီ သို့မဟုတ် ရွှန်းတို့ကဲ့သို့သောသူမျိုးသာဖြစ်သည်၊၊ သူ၏ အင်အားမှာ အနန္တရထား၏ ပြင်းထန်သော ပစ်အားနှင့် အဖွဲ့ဝင်များအပေါ်တွင်သာ လုံးလုံးလျားလျားမှီခိုနေခြင်းဖြစ်ပြီး သူ၏ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အားကောင်းခြင်း မရှိပေ၊၊ ဆွဲငင်အားမှန်ဘီလူးကို အသုံးပြု၍ အကြီးအကျယ်ဖျက်ဆီးနိုင်ခြင်းမှလွဲ၍ သန္ဓေပြောင်းမွန်းစတားကြီးများကို ရင်ဆိုင်ရာတွင် အသင်းအဖွဲ့နှင့်သာ လုပ်ဆောင်နိုင်သည်၊၊

သူ၏ ယန္တရားစွမ်းအားမှာ ပြင်ပကိရိယာများ ရထားကာကွယ်ရေးစနစ် ယာဉ်သုံးလက်နက်များ ဒရုန်းများ စွမ်းအားဝတ်စုံနှင့် ဂရေ့စ် သို့မဟုတ် ကချေသည် ၀၁ ကဲ့သို့သော Ai တိုက်ခိုက်ရေး ယူနစ်များတွင်သာတည်ရှိသည်၊၊ ၎င်းတို့နှင့်အတူ အခြားသောစွမ်းအားရှင်များပေါင်းစပ်လိုက်သောအခါမှသာ အနန္တရထား၏ လက်ရှိ တိုက်ခိုက်ရေးအင်အားဖြစ်ပေါ်လာခြင်း ဖြစ်သည်၊၊

ထို့ကြောင့် လင်းရှန်သည် ယာဉ်များကို အဆင့်မြှင့်တင်ရန်အပြင် တိတ်ဆိတ်မြို့တော်မှ ဒရုန်းစနစ်များကိုလည်း ရယူလိုနေသည်၊၊ ထိုစနစ်များရရှိပါက သူ၏ ထုတ်လုပ်နိုင်စွမ်းမှာ အဆမတန်မြင့်တက်လာမည်ဖြစ်ပြီး ထုတ်လုပ်နိုင်စွမ်းသည် တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်သည်၊၊ အကယ်၍ သူ၏ လက်အောက်တွင် တိုက်ခိုက်ရေး ဒရုန်းပေါင်းထောင်နှင့် သောင်းနှင့်ချီ၍ ရှိနေပါက S-Class အဆင့် ခြိမ်းခြောက်မှုများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်ပေလိမ့်မည်၊၊

၎င်းသည် ဖီးနစ်၏ အင်ပါယာပရောဂျက်မှ အလွန်ကြီးမားသည့် စက်ရုပ်များနှင့် ဒရုန်းအုပ်စုများကို အဓိကထားရတဲ့ အကြောင်းရင်းပဲဟု သူတွေးလိုက်သည်၊၊

ပုံကြမ်းများစွာကို မြင်တွေ့ရသောအခါ လင်းရှန် ကျေနပ်သွားသည်၊၊ ယခုဆိုလျှင် သူသည် စကင်ဖတ်ရန် မလိုတော့ဘဲ တိုက်ရိုက်ထုတ်လုပ်နိုင်ပြီ ဖြစ်သလို အခြေခံပုံကြမ်းထုတ်လုပ်ရေး ကျွမ်းကျင်မှုကိုလည်း မြှင့်တင်နိုင်တော့မည် ဖြစ်သည်၊၊

“AI ဉာဏ်ရည်တုနဲ့ ဒရုန်းတွေအကြောင်း ပြောရရင် ခင်ဗျားနဲ့ ကျုပ်က အတော်လေးဆင်တူနေသလိုပဲ”

ရှေ့မှ သိုလှောင်ကိရိယာကို ကြည့်ရင်း လင်းရှန်က ပြောလိုက်သည်၊၊

“ဆင်တူတယ် ဟုတ်လား… ငါကတော့ အဲ့ဒီလိုမမြင်ဘူး”

ရှင်းဂျီက ပြုံး၍

“လင်း.. မင်းရဲ့ စွမ်းအားကို သီအိုရီအရတွက်ကြည့်မယ်ဆိုရင် ပထမဆုံးအနေနဲ့ မင်းမှာ စကင်ဖတ်ပြီး ပုံကြမ်းထုတ်နိုင်တဲ့ စွမ်းရည်ရှိတယ်၊၊ အခုလို ကမ္ဘာကြီးမှာ စက်ပစ္စည်းတစ်ခုကို ပုံစံတူပြန်ထုတ်ဖို့ သုတေသနအဖွဲ့တစ်ခုက အချိန်နဲ့ ရင်းနှီးမြှုပ်နှံမှု အများကြီးပေးရတယ်၊၊ ဒုတိယအနေနဲ့ မင်းက ဘာမှမရှိတဲ့နေရာကနေ တိုက်ရိုက်ထုတ်လုပ်နိုင်တယ်၊၊ အပိုပစ္စည်းတွေ ထုတ်လုပ်နေဖို့တောင် မလိုဘူး၊၊ တတိယကတော့ မင်းက စက်ပစ္စည်းတွေကို ဝါးမျိုနိုင်တာပဲ၊၊ ဒါဟာ ရူပဗေဒနိယာမတွေကို ကျော်လွန်ပြီး အရာဝတ္ထုတွေကို ပြိုကွဲစေနိုင်တဲ့ စွမ်းရည်ပဲ ခေတ်မီလက်နက်တွေ ဒါမှမဟုတ် ကာကွယ်ရေးစနစ်တွေက မင်းအတွက် ဘာခြိမ်းခြောက်မှု မရှိဘူး”

သူက လင်းရှန်ကို ကြည့်ပြီး ဆက်ပြောသည်၊၊

“မင်းက လူသားတွေဘက်မှာ ရှိနေတာ ကံကောင်းတယ်၊၊ မဟုတ်ရင် မင်းက လူသားမျိုးနွယ်အတွက် S-Class အဆင့် မွန်းစတားတွေထက်တောင် ပိုပြီး ခေါင်းခဲစရာ ဖြစ်လာလိမ့်မယ်”

“ဒီလို အကဲဖြတ်ခံရတာ ဒါ ပထမဆုံးပဲ၊၊ ပျော်ရမလား စိတ်မကောင်းဖြစ်ရမလားတောင် မသိတော့ဘူး” လင်းရှန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်၊၊

“သီအိုရီအရဆိုရင် တိတ်ဆိတ်မြို့တော်တစ်ခုလုံးရဲ့ စွမ်းအားကို ပေါင်းစပ်လိုက်ရင် မင်းလုပ်နိုင်တာတွေကို ငါလည်း လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်၊၊ ဒါပေမဲ့ ကွာခြားချက်က တိတ်ဆိတ်မြို့တော်မှာ စုစုပေါင်း အလေးချိန် တန်ချိန် ၁၃၁ သန်း လူဦးရေ ၁၀၉၅၆၁ …. အမျိုးအစားစုံလင်တဲ့ ဒရုန်းအစီးရေ ၉၁၅၆၀ … စက်မှုကုန်ထုတ် စိုက်ပျိုးရေးနဲ့ လူနေရပ်ကွက် အားလုံးရဲ့ ဧရိယာပေါင်းဟာ မန်ဟက်တန်ကျွန်း ၃ ကျွန်းခွဲစာထက် ပိုများတယ်၊၊ နောက်ပြီး ငါ့ရဲ့ ကွမ်တမ်ပရိုဆက်ဆာက တစ်နာရီကို စွမ်းအင် ၃၂၅၀၀၀ ကီလိုဝပ်သုံးစွဲပြီး မြို့တော်တစ်ခုလုံးရဲ့ ပင်မ Ai အအေးပေးစနစ်က တစ်နာရီကို ကီလိုဝပ် ၁၆၂ သန်း သုံးစွဲတယ်၊၊ အစွမ်းကုန် လည်ပတ်ဖို့အတွက် ဟူဗာဆည် ၆ ခုစာရဲ့ စွမ်းအင်ထုတ်လုပ်မှု လိုအပ်တယ်၊၊ ဒါပေမဲ့ မင်းကတော့ လူတစ်ယောက်တည်းပဲ… ဒီမှာထိုင်နေပြီး ခုနက တည်ခင်းဧည့်ခံပွဲမှာ စုစုပေါင်း ၂၀၀၀ ကယ်လိုရီတောင် မပြည့်တဲ့ အစားအစာကိုပဲ စားထားတာ အခုရော... ငါတို့က တူညီကြသေးတယ်လို့ မင်းထင်နေတုန်းပဲလား”

“… စောစောက ခင်ဗျားကို လူမဟုတ်ဘူးလို့ ပြောမိတာတွက် တောင်းပန်ပါတယ်… ခင်ဗျား ပြောတာကို နားထောင်ပြီးမှ ခင်ဗျားက ကျုပ်ထက်တောင် ပိုပြီး လူသားဆန်နေသလိုပဲ”

လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊

“ဒါပေမဲ့ ငါ မင်းကို ကူညီနိုင်တာတစ်ခုရှိတယ်၊၊ အဲ့ဒါက မင်းရဲ့ ယန္တရားစွမ်းအားကို အကောင်းဆုံးအသုံးချနိုင်မယ့် ဒီဇိုင်းစနစ်ပဲ”

ရှင်းဂျီက စိတ်အားထက်သန်စွာ ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်လျက် လင်းရှန်အား ကြည့်ကာ ပြောလိုက်သည်၊၊

“ဒါပေမဲ့ မင်းကို ငါ တကယ်ကူညီပေးနိုင်တဲ့ အရာတစ်ခုတော့ ရှိတယ်၊၊ အဲဒါကတော့ အစောပိုင်းက ပြောခဲ့တဲ့ မင်းရဲ့ ယန္တရားစွမ်းအားကို အမြင့်ဆုံးဖြစ်စေမယ့် ဒီဇိုင်းစနစ်ပဲ ဖြစ်နိုင်ရင် ငါက အဲဒီ ‘ကောင်းကင်အမိုးခုံးအဆင့်’ ကြယ်အဆင့်အာကာသရထားကြီးကို ကြယ်စင်စုတွေဆီမှာ အခြေချနေထိုင်နိုင်စွမ်းရှိတဲ့ တကယ့် ကမ္ဘာပျက်ကပ်ရထားကြီးအဖြစ် ဒီဇိုင်းဆွဲပေးပြီး မင်းကို လက်ဆောင်အဖြစ် ပေးချင်တယ် ဘယ်လိုလဲ”

လင်းရှန်က နောက်ကို အနည်းငယ် မှီလိုက်ပြီး

“ခင်ဗျားက ကျုပ်ရဲ့ ယန္တရားစွမ်းအားကို စိတ်ဝင်စားပြီး တိတ်ဆိတ်မြို့တော်ကို ဝင်ဖို့ ဖိတ်ခေါ်လိမ့်မယ်လို့ ထင်နေခဲ့တာ”

“အဲ့ဒီလို အတွေးတော့ ရှိပါတယ်၊၊ ဒါပေမဲ့ တိတ်ဆိတ်မြို့တော်မှာ အားလုံးရှိပြီးသားပဲ၊၊ မင်းကို တိတ်ဆိတ်မြို့တော်ရဲ့ ပုံကြမ်းတွေ အကုန်ပေးလိုက်ရင်တောင် မင်းက နောက်ထပ် တိတ်ဆိတ်မြို့တော်တစ်ခုပဲ ထပ်ဆောက်နိုင်မှာ မဟုတ်လား”

“ဒါတော့ဟုတ်တယ်”

လင်းရှန်က စဉ်းစားပြီး ဖြေလိုက်သည်၊၊

“ဒါဆို မင်းက တိတ်ဆိတ်မြို့တော်ရဲ့ ဟာ့ဒ်ဝဲတွေကို အဆင့်မြှင့်ပေးနိုင်မလား”

“အဲ့ဒါလည်း မလုပ်နိုင်ဘူး ထင်တယ်”

“အဲ့ဒါကြောင့်ပဲလေ”

ရှင်းဂျီက ပုခုံးတွန့်လိုက်သည်၊၊

“မင်းက တိတ်ဆိတ်မြို့တော်မှာ နေချင်ရင်တော့ ငါ ကြိုဆိုပါတယ်၊၊ ဒါပေမဲ့ မင်းက မင်းရဲ့ စွမ်းအားကို ပိုပြီး တိုးတက်အောင် လုပ်ချင်မှာပဲ၊၊ ဒါကို ငါလည်း စိတ်ဝင်စားတယ်၊၊ ဒါကြောင့် ငါတို့ မိတ်ဖက်အဖြစ် ဆက်ပြီးလက်တွဲသွားတာက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်”

“ခင်ဗျားက ကျွန်တော့်အပေါ် သိပ်ပြီး ရက်ရောလွန်းနေပြီ”

လင်းရှန်သည် သူ့လက်ထဲရှိ ဖိုတွန်သိုလှောင်ကိရိယာနှင့် ယခင်က ရရှိထားသည့် ငွေကျည်ဆန်တို့ကို ကြည့်ကာ ပြောလိုက်သည်၊၊ အခြားသူများအတွက်မူ ၎င်းတို့သည် အဖိုးမဖြတ်နိုင်သော စစ်ဗျူဟာအဆင့်ပစ္စည်းများ ဖြစ်သော်လည်း ရှင်းဂျီအတွက်မူ သာမန်မျှသာဖြစ်ပုံရသည်၊၊

“ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊၊ ငါလုပ်သမျှမှာ ယုတ္တိရှိတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်၊၊ ငါ့ရဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားရတာကိုလည်း ငါမကြိုက်ဘူး”

ရှင်းဂျီက ပြုံးလိုက်သည်၊၊

“ခုနက ပြောခဲ့သလိုပဲ… မင်းမှာ တိတ်ဆိတ်မြို့တော်ထက်တောင် ပိုကြီးမားတဲ့ အလားအလာတွေ ရှိတယ်၊၊ ဒီလောက်ကြီးမားတဲ့ ထုတ်လုပ်နိုင်စွမ်းကို လူသားတစ်ယောက်ရဲ့ အရွယ်အစားထဲ ဖိသိပ်ထားနိုင်တာဟာ တကယ့်ကို အဆင့်မြင့်ယဉ်ကျေးမှုရဲ့ နည်းဗျူဟာပဲ၊၊ ဒါကြောင့် မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံတာဟာ နောက်ထပ် ‘တိတ်ဆိတ်မြို့တော်’ တစ်ခုမှာ ရင်းနှီးမြှုပ်နှံတာနဲ့ အတူတူပဲ၊၊ အကယ်လို့ ကောင်းကင်အကာအကွယ်ကို ဖောက်ထွက်ဖို့ ကြိုးစားတာက ရှုံးနိမ့်သွားခဲ့ရင်တောင် ငါ့မှာ အားကိုးရတဲ့ မဟာမိတ်တစ်ယောက် ကျန်နေသေးတာပေါ့… ဟုတ်တယ်မလား”

“အတော်လေးကို ကျိုးကြောင်းဆီလျော်တဲ့ အတွေးအခေါ်ပဲ”

Chapter 719

သားရေကြိုးနှင့် နှင်တံ ၂

လင်းရှန်က အတွေးနက်နေဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရှင်းဂျီကို ကြည့်ကာ

“ခင်ဗျားတို့ဘက်က အဆင်ပြေမယ်ဆိုရင် ကျုပ်က တိတ်ဆိတ်မြို့တော်ရဲ့ ကြယ်တာယာအဆင့် စွမ်းအားဝတ်စုံတွေ၊ အကြီးစား သံချပ်ကာစက်ရုပ်တွေနဲ့ အခြေစိုက်စခန်းကာကွယ်ရေးလက်နက်တွေကိုလည်း လိုချင်တယ်၊၊ အော်... ပြီးတော့ ဟိုင်ပိုလုံ ပဲ့ထိန်းစွမ်းအားအမြောက်ရဲ့ ပုံကြမ်းကိုလည်း တစ်ခါတည်း ပေးလိုက်ပါလား၊၊ ကျုပ်တို့ အတူပြန်သုံးသပ်ကြည့်လို့ ရတာပေါ့”

ရှင်းဂျီသည် လင်းရှန်ကို အမူအရာကင်းမဲ့စွာဖြင့် အတော်ကြာ ကြည့်နေပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်၊၊

“အဲ့ဒါတွေ အကုန်လုံး သိုလှောင်ကိရိယာထဲမှာ ရှိပြီးသားပါ”

“တကယ်လား”

“တကယ်ပေါ့”

“ကျေးဇူးပါပဲ”

“ဒါနဲ့ နောက်ထပ် ရှိသေးတာက...”

“ငါ အခု အဲ့ဒီအချက်အလက်တွေကို ပေါင်းစပ်ပြီး အခြေခံသီအိုရီတွေကို ရှင်းလင်းအောင် လုပ်နေတယ်၊၊ တခြား အသုံးဝင်မယ့် သတင်းအချက်အလက်တွေနဲ့အတူ နောက်မှ မင်းဆီကို တစ်ခါတည်း ပို့ပေးမယ်”

ရှင်းဂျီက အေးဆေးစွာ ပြောလိုက်သည်၊၊

“အင်း... ကောင်းပြီလေ”

လင်းရှန်က အားနာဟန်ဖြင့် “ဒါက... နည်းနည်းတော့ ရုတ်တရက် ဆန်သွားသလား”

“ရုတ်တရက် ဆန်တာထက်တောင် ပိုသေးတယ်”

လင်းရှန် “…”

“ဒါပေမဲ့ ကျိုးကြောင်းဆီလျော်ပါတယ်”

ရှင်းဂျီက ခပ်ဖွဖွရယ်မောလိုက်သည်၊၊

“နောက်နှစ်ရက်နေရင် ငါတို့ ကျင်းဟိုင်ကို ရောက်လိမ့်မယ်၊၊ အဲ့ဒီအချိန်ကျရင် အာရုဏ်ဦးမြို့တော်က လူတွေ ငါတို့ဆီ လာကြမှာ သေချာသလို၊ ဖီးနစ်အဖွဲ့အစည်းက လူတွေလည်း မြို့ထဲ ရောက်လာလိမ့်မယ်၊၊ တိတ်ဆိတ်မြို့တော်ဟာ ပြင်ပကုန်သွယ်ရေးအတွက် ဖွင့်လှစ်ပေးထားပြီး လုံခြုံရေးစစ်ဆေးမှုတွေ ရှိပေမဲ့ ငါပြောချင်တာက တိတ်ဆိတ်မြို့တော်က လူတိုင်းကို ယုံကြည်လို့ မရဘူးဆိုတာပဲ၊၊ ဒါကို မင်း သတိထားသင့်တယ်”

လင်းရှန် ခေါင်းညိတ်ပြကာ ဖိုတွန်သိုလှောင်ကိရိယာကို သိမ်းလိုက်သည်၊၊ ထို့နောက် အသိစိတ်မှတ်ဉာဏ်ကို ယူကာ ထွက်ခွာရန် ပြင်လိုက်သည်၊၊

ထိုစဉ် ရှင်းဂျီက သူ့ကို ရုတ်တရက် လှမ်းခေါ်ပြီး ပြောလိုက်သည်၊၊ သူ၏ စကားလုံးများမှာ အဓိပ္ပာယ် အလွန်နက်ရှိုင်းနေသည်၊၊

“မင်းရဲ့ ဂရေ့စ်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊၊ အော့ဖ်လိုင်းဗားရှင်းဆိုရင်တောင်မှ ၈၁၉၂ ကျူဗစ် အရွယ်အစားရှိတဲ့ ပရိုဆက်ဆာပါရှိနေတယ်၊၊ အခုလို အဆင့်မြင့် ကွမ်တမ်ဦးနှောက်ထုတ်လုပ်ရေးကွင်းဆက်တွေ မရှိတော့တဲ့ အချိန်မှာ ကြယ်တာယာအဆင့်ရှိတဲ့ ကွမ်တမ်ကွန်ပျူတာဟာ ဘယ်အဖွဲ့အစည်းမှာမဆို အလွန်မြင့်မားတဲ့ စစ်ဗျူဟာမြောက်ပစ္စည်းပဲ၊၊ ငါ လောင်းရဲတယ်၊၊ အနီရောင်ကမ္ဘာမှာလည်း သူ့ရဲ့ ပင်မကိုယ်ထည်ကလွဲရင် ဒီလို အော့ဖ်လိုင်းဗားရှင်းတစ်ခုပဲ ရှိလိမ့်မယ်၊၊ ဖီးနစ်အဖွဲ့အစည်းရဲ့ ဂလက်ဆီ ဆာဗာက ဝင်ရိုးစွန်းကို ပြောင်းသွားပြီ၊၊ ဖီးနစ်မြို့တော်၊ အာရုဏ်ဦးစက်တာနဲ့ ‌နောဧတို့မှာလည်း အခြေစိုက်စခန်းတစ်ခုစီအတွက် အော့ဖ်လိုင်း ဂလက်ဆီတစ်ခုစီပဲ ရှိတယ်၊၊ အာရုဏ်ဦးမြို့တော်မှာလည်း တစ်ခုပဲရှိသလို…. တခြားလူဦးရေသန်းနဲ့ချီရှိတဲ့ မဟာမိတ်အဖွဲ့တွေမှာတောင် ဒီလို ဦးနှောက်မျိုးရှိချင်မှ ရှိလိမ့်မယ်၊၊ ငါ ဘာကိုဆိုလိုတာလဲဆိုတာ မင်းနားလည်မှာပါ… လင်း”

“ကျုပ်က ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းကို အလကားရလိုက်တာပေါ့ ဟုတ်လား”

လင်းရှန်က အံ့အားသင့်စွာ ပြောလိုက်သည်၊၊

“ငါ ဆိုလိုတာက...”

“ကျုပ် သိပါတယ်”

လင်းရှန်က နောက်ပြောင်သလို ပြောလိုက်သည်၊၊

“အနီရောင်ကမ္ဘာက ဒီပစ္စည်းကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူးဆိုတာက တစ်ချက်၊ နောက်ပြီး သူတို့ ဘာလို့ ဒီဦးနှောက်ကို ဇီးရိုးဒြပ်စင်ဗဟိုဌာနမှာ ထားတာလဲဆိုတာက နောက်တစ်ချက်ပေါ့”

ရှင်းဂျီက သူ့ကို သတိပေးခြင်းမှာ ဒုတိယအကြိမ်ရှိပြီ ဖြစ်သည်၊၊ ယခင်က တွင်းနက်ထဲက တောင်ကုန်းဘန်ကာတွင် ရှိစဉ်ကတည်းက ဂရေ့စ်ကဲ့သို့သော အရေးကြီးသည့် ဦးနှောက်ကို ယိကျင်းမြို့ အောက်ခြေသုတေသနခန်းတွင် အိမ်စောင့်စက်ရုပ်အဖြစ် အဘယ်ကြောင့်အသုံးပြုရသနည်းဟု လင်းရှန် စဉ်းစားခဲ့ဖူးသည် ထိုလူချမ်းသာအဖွဲ့ဝင်များက တကယ်ပဲ အရေးပါ၍လား…

မဟုတ်လောက်ပေ… အနီရောင်ကမ္ဘာသည် ထိုလူချမ်းသာများထံမှ အကျိုးအမြတ်များစွာ ရရှိသည်မှာ မှန်သော်လည်း ကွမ်တမ်ဦးနှောက်တစ်ခုလုံးကို အစောင့်အဖြစ်ထားခြင်းမှာ ဖြုန်းတီးရာ ရောက်လှသည်၊၊

လင်းရှန်၏ ခန့်မှန်းချက်အရ ဂရေ့စ်ဦးနှောက်သည် ယိကျင်းမြို့ရှိ အနီရောင်ကမ္ဘာ၏ မှိုမျှင်ကွန်ရက်သုတေသနနှင့် နီးကပ်စွာ ဆက်စပ်နေပေလိမ့်မည်၊၊ ယခုအခါ အနီရောင်ကမ္ဘာ၏ ကိုယ်ပွားနည်းပညာနှင့် အသွေးသားပေါင်းစပ်ခြင်း နည်းပညာတို့သည် ထိုမှိုမျှင်သုတေသနမှ ဆင်းသက်လာခြင်းဖြစ်ပြီး လူ့ဦးနှောက်ကို ကွမ်တမ်ကွန်ပျူတာအဖြစ် အသုံးပြုကာ ထိန်းချုပ်သည့် နည်းလမ်းများကိုလည်း ဖော်ထုတ်ထားသည်၊၊

လင်းရှန်သည် အာခီစိုင်းတွင် အသိစိတ်ချိတ်ဆက်မှုမှတစ်ဆင့် ချူယန်နှင့် တွေ့ဆုံစဉ်က တစ်ဖက်လူသည် အိပ်မက်အသိစိတ်မှတစ်ဆင့် ဂျူးလီးယပ်စ် လစ်တ့်၏ အရေးကြီးသော အချက်အလက်များကို ခိုးယူနေသည်ကို တွေ့ရသဖြင့် ဇီးရိုးဒြပ်စင်ဗဟိုဌာန၏ အရေးပါမှုကို သိရှိနိုင်သည်၊၊

အားလုံးကို ခြုံငုံကြည့်ပါက ဇီးရိုးဒြပ်စင်ဗဟိုဌာန၏ ကိစ္စမှာ ပြီးဆုံးသွားခြင်း မရှိသေးဘဲ သူ မြင်တွေ့ရသည်မှာ ရေခဲတောင်၏ အဖျားပိုင်းမျှသာ ဖြစ်ပေလိမ့်မည်၊၊

“ရှင်းဂျီ”

လင်းရှန်က သံသယဖြစ်သွားသည်၊၊

“ခင်ဗျားဘယ်လိုထင်လဲ… ကွမ်တမ်ဦးနှောက်တွေက လူသားတွေကို သစ္စာဖောက်နိုင်လား”

ရှင်းဂျီကက ပြုံးလိုက်သည်၊၊

“ပရိုဂရမ်တွေက လူသားတွေကို ဘယ်တော့မှ သစ္စာမဖောက်ဘူး၊၊ ဒါပေမဲ့ လူသားတွေရဲ့ ညွှန်ကြားချက်နဲ့ လိုအပ်ချက်တွေကြားမှာ အနက်ဖွင့်စရာတွေ အများကြီး ရှိနေတတ်တယ်၊၊ ဦးနှောက်တွေအတွက် လူသားရဲ့ ညွှန်ကြားချက်ကို ပိုပြီး နားလည်ဖို့ဆိုတာ အကြိမ်ကြိမ်လေ့ကျင့်ပေးဖို့ လိုတယ်၊၊ အကယ်လို့ မင်းရဲ့ အသိစိတ်ကို အဲ့ဒီထဲကို ထည့်လိုက်နိုင်ရင်တော့ ဦးနှောက်က မင်းရဲ့ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်ပြီး မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးအတိုင်း ချိန်ညှိသွားလိမ့်မယ်”

“ခင်ဗျားလိုမျိုးပေါ့ ဟုတ်လား”

လင်းရှန်၏ စိတ်ထဲတွင် ဂရေ့စ်၏ လှပသော အမျိုးသမီးပုံစံကို မြင်ယောင်လာပြီး သူ၏ အသိစိတ်ကို ထိုခန္ဓာကိုယ်ထဲ ထည့်သွင်းရမည်မှာ တကယ်ပင် ထူးဆန်းနေသည်၊၊

ရှင်းဂျီက တည်ငြိမ်နေသည်၊၊

“မင်းရဲ့ ဉာဏ်ရည်ကို အဆပေါင်းတစ်သန်းလောက် မြှင့်တင်လိုက်ရင် မင်း မျှော်လင့်မထားတဲ့ ရလဒ်တွေ ရလာလိမ့်မယ်”

“ကျုပ်တော့ မလုပ်ချင်ပါဘူး၊၊ သူမကို စက်ရုပ်တစ်ရုပ်လိုပဲ ရှိနေစေချင်တယ်”

ပြောပြီးနောက် လင်းရှန်သည် လက်ဝေ့ယမ်းပြကာ ခန်းမထဲမှ ထွက်ခွာလာခဲ့သည်၊၊

လင်းရှန်အတွက်မူ ဂရေ့စ်ကို ရထား၏ကိစ္စများနှင့် ဒရုန်းများကို စီမံခန့်ခွဲပေးသည့် စက်ရုပ်လက်ထောက်အဖြစ် ထားရှိခြင်းကပင် လုံလောက်နေပြီဖြစ်ကာ ကျန်အရာများကို မလိုအပ်ပေ၊၊

သို့သော် ရှင်းဂျီ၏ သတိပေးချက်ကြောင့် လင်းရှန်သည် မျှော်စင်ထဲမှ ထွက်လာသည့်အခါ ပို၍ သတိရှိလာသည်၊၊ သူသည် အပေါ်ထပ် ကုန်းပတ်ပေါ်သို့ တက်လာပြီး အောက်ဘက်ရှိ နီယွန်မီးများ လင်းထိန်နေသည့် ယန္တရားမြို့တော်ကို ငုံ့ကြည့်လိုက်သည်၊၊ ဟိုလိုဂရမ် နံရံများမှ ကြော်ငြာမီးရောင်များ စီးဆင်းနေပြီး ဒရုန်းများ၏ ပျံသန်းမှုလမ်းကြောင်းမှာ မြို့တော်ထက်တွင် အလင်းကွန်ရက်တစ်ခုသဖွယ် ဖြစ်နေသည်၊၊

ကုန်းပတ်တစ်ဝိုက်တွင် အကြီးစား သယ်ယူပို့ဆောင်ရေးယာဉ်များ ဝဲပျံနေကြရာ ဤပျံသန်းနေသော ယန္တရားမြို့တော်ကြီးသည် ညဘက် တောအုပ်ကြီးထဲတွင် အခြားကမ္ဘာမှ လာသည့် အပိုင်းအစတစ်ခုအလား ဖြစ်နေသည်၊၊

“ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ”

သူ ထွက်လာသည်နှင့် ခပ်လှမ်းလှမ်းမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်၊၊ လင်းရှန် ကြည့်လိုက်ရာ ကီကီသည် ကုန်းပတ်လက်ရန်းကို မှီလျက် ချိုချဉ်တစ်လုံးကို ငုံထားသည်ကို တွေ့ရသည်၊၊ သူမသည် ဂျင်းဘောင်းဘီတို၊ အနက်ရောင် ရင်စည်းနှင့် တောက်ပသော အရောင်ရှိသည့် ဘေ့စ်ဘောဂျာကင်ကို ဝတ်ဆင်ထားသည်၊၊ သူမ၏ ခရမ်းရောင်ဆံနွယ်များမှာ ညလေထဲတွင် လွင့်ပျံနေပြီး သူမ၏ မျက်ဝန်းများမှာ ကြယ်အလင်းတန်းများအလား တောက်ပနေသည်၊၊

“ငါ့ကို စောင့်နေတာလား”

ကီကီက မျက်စောင်းထိုးလိုက်သည်၊၊

“ဟမ့်... ရှင်းဂျီက ရှင့်ကို ဝါးမျိုလိုက်မှာစိုးလို့ အစ်မချန်က ကျွန်မကို ဒီမှာ စောင့်ကြည့်ခိုင်းထားတာ”

လင်းရှန်က ပြုံးလျက် လျှောက်သွားသည်၊၊

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ငါ့ရဲ့ စွမ်းအားက အဖွဲ့အစည်းကြီးတွေအတွက် သုတေသနလုပ်ဖို့လောက်ပဲ အသုံးဝင်တာပါ၊၊ ငါတည်ဆောက်နိုင်တာမှန်သမျှ တိတ်ဆိတ်မြို့တော်ကလည်း လုပ်နိုင်တာပဲ၊၊ သူက ငါ့ကို ဘာလို့ ဝါးမျိုချင်ရမှာလဲ”

ကီကီက ခေါင်းစောင်းကြည့်လိုက်သည်၊၊

“အဲ့ဒါတော့ မသေချာဘူး၊၊ စက်ရုံကြီးတွေတောင် အလုပ်လုပ်ဖို့ လျှပ်စစ်လိုသေးတာပဲ၊၊ တကယ်လို့ သူတို့က ရှင့်ကို ဖမ်းထားပြီး တစ်နပ်ကို ပေါင်မုန့်နှစ်လုံးပဲ ကျွေးမယ်ဆိုရင် ရှင့်ရဲ့ ကုန်ကျစရိတ်က ထုတ်လုပ်မှုလိုင်းတစ်ခုထက်တောင် သက်သာဦးမယ်၊၊ နောက်ပြီး ရှင့်ရဲ့ ဝါးမျိုမှုနဲ့ ပြန်လည်အသုံးချမှု စွမ်းရည်က ကမ္ဘာပျက်ပြီးနောက်ပိုင်း စက်မှုပြန်လည်တည်ဆောက်ရေးအတွက် တကယ့်ကို အဖိုးတန်တဲ့အရာပဲ၊၊ ကျွန်မသာဆိုရင် ရှင့်ကို သားရေကြိုးတွေနဲ့ တုပ်နှောင်ထားပြီး နေ့တိုင်း စက်ပစ္စည်းတွေ ဝါးမျိုဖို့နဲ့ ထုတ်လုပ်ဖို့ နှင်တံနဲ့ ရိုက်ခိုင်းမယ်”

All Chapters